အခန်း ၁၅၅
Vol. 16 Ch. 155
အခန်း (၁၅၅) - ပြိုင်ဘက်ကင်း နတ်ဘုရားအင်ပါယာ (၁)
ကျိုးရီ၏ စွမ်းအင်များ နိုးကြားလာသည်နှင့်အမျှ အလွန်အားကောင်းလှသော မိုးကြိုးစွမ်းအင်များအားလုံးကို အရူးအမူးစုပ်ယူပစ်လိုက်ရာ သူ၏စွမ်းအားများသည်လည်း တဖြည်းဖြည်း ကြီးထွားလာတော့သည်။
မကြာမီမှာပင် ယခင်က တစ်ကြိမ်တစ်ခါမျှ မရောက်ဖူးသေးသော အဆင့်သစ်တစ်ခုသို့ သူ တက်လှမ်းသွားလေပြီ။
သူ့ထံမှ ထွက်ပေါ်လာသော အငွေ့အသက်များက ပတ်၀န်းကျင်ကို ရိုင်းစိုင်းကြမ်းတမ်းစွာ ရိုက်ခတ်လာပြီး စွမ်းအားများလည်း သိသိသာသာ တိုးပွားလာသည်။ ပတ်ဝန်းကျင်ရှိ လေထုပင်လျှင် သူ၏ ဖိအားကြောင့် တုန်ခါသွားရ၏။
ခန္ဓာကိုယ်မျက်နှာပြင်မှနေ၍ အလွန်စူးရှတောက်ပသော ရွှေရောင်အလင်းတန်းများ ဖြာထွက်လာသည်။ အခြားသူများ၏ အမြင်တွင် ဤရွှေရောင်အလင်းတန်းကား မယုံနိုင်လောက်အောင် ကြောက်မက်ဖွယ်ကောင်းသော တည်ရှိမှုတစ်ခုပင်။
အဘယ်ကြောင့်ဆိုသော် ဤသည်မှာ သူအဆင့်တက်လှမ်းတော့မည်ကို လူတိုင်း ခန့်မှန်းမိသောကြောင့်ဖြစ်သည်။ တစ်ကြိမ် အောင်မြင်သွားသည်နှင့် ဤလောကတွင် နတ်ဘုရားအင်ပါယာအဆင့် သိုင်းပညာရှင်တစ်ဦး ပေါ်ထွက်လာမည်ဖြစ်၏။
ထို့အပြင် ဤနတ်ဘုရားအင်ပါယာအဆင့် သိုင်းပညာရှင်မှာ အလွန်တရာ ပါရမီထူးသူတစ်ဦးလည်း ဖြစ်နေသောကြောင့်ပင်။
သူ၏ အနာဂတ်သည် နတ်ဘုရားအင်ပါယာအဆင့်တွင်သာ ကန့်သတ်နေမည်မဟုတ်ဘဲ လောကအထွတ်အထိပ်ဆီသို့ ဆက်လက်တက်လှမ်းနိုင်ပေလိမ့်မည်။
“ကျစ်၊ ဒီတစ်ယောက်က လူရောဟုတ်ရဲ့လား၊ ဘယ်လိုလုပ် ဒီလောက်တောင် အစွမ်းထက်နေရတာလဲ၊ ဘာလို့ သူ့စွမ်းအားက ဒီအဆင့်ထိ တက်လှမ်းသွားရတာလဲ။ ရှေးခေတ်ကတည်းက ဒီအဆင့်မရောက်ခင် ကပ်ဘေးဖြတ်ကျော်ရာမှာ ကျရှုံးခဲ့တဲ့သူတွေ အများကြီးရှိပေမဲ့ သူကတော့ လွယ်လွယ်လေး အောင်မြင်သွားတယ်”
လူအုပ်ကြီးထဲမှ အံ့ဩတုန်လှုပ်စွာ ရေရွတ်သံများ ထွက်ပေါ်လာသည်။
“ဒီကောင်ရဲ့ ကောင်းကင်ကံကြမ္မာမိုးကြိုးက ငါတို့ထက်ပိုပြီး ကြောက်စရာကောင်းနေပုံရပေမဲ့ ကပ်ဘေးဖြတ်ကျော်ရာမှာ သူ အောင်မြင်သွားတုန်းပဲ။
သူ့ရဲ့ အနာဂတ်စွမ်းအားက ငါတို့ထက် အများကြီး သာလွန်သွားတော့မယ်”
“ဒီစကြဝဠာထဲမှာ အခုချိန်ကစပြီး အရာရာပြောင်းလဲသွားတော့မှာပဲ။ ဒီလိုပါရမီရှင်တစ်ယောက် ရှိနေမှတော့ ဒီလောကမှာ သူ့ကို ဘယ်သူကများ ဆက်ပြီးတားဆီးနိုင်ဦးမလဲ။ ဘယ်သူမှ သူ့ကို ထိန်းချုပ်နိုင်တော့မှာမဟုတ်ဘူးလို့ ထင်တယ်”
လူတိုင်းနီးပါး သက်ပြင်းချသံများနှင့်အတူ စိုးရိမ်မကင်းဖြစ်နေကြသည်။
ဤအခိုက်အတန့်တွင် ရေတွက်၍မရနိုင်သော လူအများမှာ ထိတ်လန့်တုန်လှုပ်နေကြသော်ငြား စိတ်လှုပ်ရှား ဝမ်းသာနေသူများလည်း ရှိပေသည်။
ဥပမာအားဖြင့် လီရွှန်ကျိုးနှင့် သူ့လူများပင်။
“ကောင်းလိုက်တာ။ အရှင်ကျိုးက နောက်ဆုံးတော့ အဲဒီအဆင့်ကို တက်လှမ်းသွားနိုင်ခဲ့ပြီ။ အခုကစပြီး ငါတို့ ဘာကိုမှ စိတ်ပူစရာမလိုတော့ဘူး။ ငါတို့ကို ကာကွယ်ပေးမယ့် စွမ်းအားကြီးတဲ့တည်ရှိမှုကြီး ရှိနေမှတော့ ဘယ်သူက အနိုင်ကျင့်ရဲတော့မှာလဲ”
လီရွှန်ကျိုး၏ မျက်လုံးများထဲတွင် မျှော်လင့်ချက်ရောင်ခြည်များ တောက်ပနေသည်။
“ဟုတ်တယ်၊ ငါတို့ နှစ်တွေအကြာကြီး သည်းခံခဲ့ရပြီး နောက်ဆုံးတော့ အောင်မြင်သွားခဲ့ပြီ။ ကံကောင်းလို့ ငါတို့ကမ္ဘာကနေ ဆရာ့လို စွမ်းအားကြီးတဲ့ တည်ရှိမှုမျိုး ပေါ်ထွက်လာတာ။
မဟုတ်ရင် ငါတို့က စကြဝဠာကြီးတစ်ခုလုံးမှာ ပင်လယ်ထဲက ရေတစ်ပေါက်လိုပဲ ဖြစ်နေမှာ၊ ပြီးတော့ ဒီစကြဝဠာထဲကဘယ်သူမဆို ငါတို့ကို အနိုင်ကျင့်လို့ ရနေလိမ့်မယ်”
ဘေးမှလူများကလည်း ဝမ်းသာအားရ ထောက်ခံလိုက်ကြသည်။
နောက်ဆုံးတွင်တော့ ဆက်တိုက်ဆိုသလို ရိုက်ခတ်နေသော ကောင်းကင်မိုးကြိုးများ၏ တိုက်ခိုက်မှုအောက်၌ ကျိုးရီသည် နတ်ဘုရားအင်ပါယာအဆင့်သို့ အပြည့်အဝ ရောက်ရှိသွားလေပြီ။
ကျိုးရီသည် လေကို ခပ်ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်သည်။
ဤနေရာသို့ လာရောက်ခြင်းသည် တကယ်ကို မှန်ကန်သောရွေးချယ်မှုတစ်ခု ဖြစ်ပုံရသည်။ သို့မဟုတ်ပါက နတ်ဘုရားအင်ပါယာအဆင့်သို့ တက်လှမ်းရန် ယခုလိုအခွင့်အရေးမျိုး ရရှိလိမ့်မည်မဟုတ်ပေ။
ဤနယ်ပယ်သို့ တက်လှမ်းရန်အတွက် လုံလောက်သော နက်ရှိုင်းသည့်ထိုးထွင်းသိမြင်မှုများ လိုအပ်လေသည်။
ဤကဲ့သို့ ထိပ်တန်းသိုင်းပညာရှင်များ ပြည့်နှက်နေသည့် နေရာမျိုးတွင်သာ ထိုသို့သော ထိုးထွင်းသိမြင်မှုမျိုးကို ရရှိနိုင်သည်။ သို့မဟုတ်ပါက နတ်ဘုရားအင်ပါယာအဆင့်သို့ တက်လှမ်းရန် အလွန်ရှည်လျားသော အချိန်တစ်ခုကို စောင့်ဆိုင်းရပေလိမ့်မည်။
ယခုမူ သူ၏ရည်မှန်းချက်ပန်းတိုင်ဆီသို့ ရောက်ရှိရန် ကြီးမားသောခြေလှမ်းတစ်လှမ်း လှမ်းနိုင်ခဲ့လေပြီ။
ယခု နတ်ဘုရားအင်ပါယာအဆင့်သို့ အောင်အောင်မြင်မြင် တက်လှမ်းနိုင်ခဲ့ပြီဖြစ်ရာ ဤလောကတွင် သူ့အား ယှဉ်ပြိုင်တိုက်ခိုင်နိုင်မည့်သူ အလွန်နည်းပါးသွားပြီဖြစ်သည်။
နောက်ဆုံးတွင် သူ ဤစကြဝဠာအတွင်း လွတ်လပ်စွာ သွားလာလှုပ်ရှားနိုင်ပြီဖြစ်သည်။
ကောင်းကင်မိစ္ဆာမျိုးနွယ်စု၏ မဟာအကြီးအကဲထံသို့ အကြည့်ရောက်သွားချိန်တွင် မဟာအကြီးအကဲ၏ရင်ထဲ၌ ချက်ချင်းပင် ထိတ်လန့်သွားပြီး မလုံခြုံသောခံစားချက်တစ်ခု ဝင်ရောက်လာသည်။
သူသည် နဂါးမျိုးနွယ်စု၏ ပဉ္စမအကြီးအကဲနှင့် ပြင်းထန်စွာ တိုက်ခိုက်နေသည်ကိုပင် အသာစီးမရနိုင် ဖြစ်နေခဲ့သည်။
ယခု မိမိ၏စွမ်းအင်အဆင့်နှင့် ထပ်တူညီသော ပြိုင်ဘက်တစ်ဦး ရုတ်တရက် ထပ်တိုးလာသောအခါ သူ ကျရှုံးရန် သေချာနေပြီမဟုတ်လော။
ပညာရှိတို့မည်သည် အကျိုးမရှိသောအရှုံးကို လက်မခံပေဟူသော လမ်းစဉ်ကို လိုက်နာလျက် တစ်ဖက်လူအား ချက်ချင်းပင် ဂါ၀ရပြုကာ ပြောလိုက်သည်။
“ဒီနေ့ဖြစ်ခဲ့သမျှ အရာအားလုံးက နားလည်မှုလွဲတာပါ။ ဒီနေရာမှာ အရှင်ကျိုးကို ကျွန်ုပ် တောင်းပန်ပါတယ်။ ကျေးဇူးပြုပြီး အရှင် အမျက်မထွက်ပါနဲ့။ ဒီနေ့ကိစ္စနဲ့ ပတ်သက်ပြီး အရှင့်ကို ကျွန်ုပ် ရှင်းပြပါ့မယ်။
ပထမဆုံးအနေနဲ့ ဒီအသုံးမကျတဲ့ကောင် နှစ်ကောင်ကိုတော့… အရှင့်ကို တောင်းပန်တဲ့အနေနဲ့ သေချာပေါက် သတ်ပစ်ပါ့မယ်”
ထိုသို့ပြောပြီးနောက် အကြီးအကဲလင်နှင့် ကောင်းကင်မိစ္ဆာဧကရာဇ်တို့အား ချက်ချင်းပင် ရိုက်ချလိုက်ရာ နေရာမှာပင် ပွဲချင်းပြီးသေဆုံးသွားကြသည်။
ဝုန်း။
နတ်ဘုရားအဆင့်စွမ်းအားမှာ ယုံမှားသံသယဖြစ်ဖွယ်မရှိလောက်အောင် ကြီးမားလှပေသည်။ ပေါ့ပေါ့ပါးပါး ရိုက်ချက်တစ်ချက်ကြောင့် ထိုနှစ်ဦးမှာ သနားညှာတာရန် တောင်းဆိုချိန်ပင် မရလိုက်ဘဲ ချက်ချင်းပင် ပြာမှုန့်များအဖြစ်သို့ ပြောင်းလဲကာ လေလွင့်ပျောက်ကွယ်သွားလေတော့၏။
ထိုကြောက်မက်ဖွယ်ကောင်းသော စွမ်းအားက ထိုနေရာရှိ လူတိုင်းကို တုန်လှုပ်သွားစေသော်လည်း သူတို့ကို ပို၍ ကြောက်ရွံ့သွားစေသည်မှာ တစ်ဖက်လူ၏ ပြတ်သားသော လုပ်ရပ်ပင်။
မိမိနှင့် အဆင့်တူ သိုင်းပညာရှင်နှစ်ဦး၏ တစ်ပြိုင်နက်တည်း တိုက်ခိုက်ခြင်းကို ရှောင်လွှဲနိုင်ရန်အတွက် သူ၏ အဆင့်မြင့်မျိုးနွယ်၀င်နှစ်ဦးကို တစ်ကြိမ်တည်းဖြင့် မျက်နှာတစ်ချက်မပျက်ပဲ သတ်ပစ်ခဲ့သည်။
ဘုရင်ကိုကယ်ရန် နယ်ရုပ်များကိုစတေးသည့် ဤနည်းဗျူဟာမှာ အလွန်ရက်စက်လွန်းလှသည်။
ဤစကြဝဠာထဲတွင် သူ့ထက် ပို၍ ယုတ်မာရက်စက်သူကို ရှာတွေ့ရန် မဖြစ်နိုင်လောက်ပေ။ သို့သော်လည်း ကြီးကျယ်သော အောင်မြင်မှုများကို ရရှိသူများသည် များသောအားဖြင့် အသေးအဖွဲကိစ္စများကို ဂရုမစိုက်တတ်ကြပေ။
ဤနည်းဖြင့် သူသည် ယနေ့ ဤဘေးအန္တရာယ်မှ အမှန်တကယ် လွတ်မြောက်သွားနိုင်ကောင်း လွတ်မြောက်သွားနိုင်လေ၏။
သို့သော် ယခုမှစ၍ အခြားသူများသည် သူ့အပေါ် မည်သည့်ယုံကြည်မှုမျှ ရှိတော့မည်မဟုတ်ဘဲ သူ၏ ကိုယ်ပိုင်မျိုးနွယ်စုဝင်များပင်လျှင် ယုံကြည်တော့မည်မဟုတ်ပေ။
ဤကိစ္စကြောင့် သူတို့၏ မျိုးနွယ်စုပင် ပြိုကွဲသွားနိုင်ပြီး ယခုမှစ၍ စည်းလုံးညီညွတ်မှုအားလုံး ပျောက်ဆုံးသွားနိုင်သည်။
ကျိုးရီသည် သူ၏ရက်စက်မှုကို မြင်တွေ့လိုက်ရသော်ငြား တည်ငြိမ်အေးဆေးစွာ လျစ်လျူရှုထားသည်။
တစ်ဖက်လူ လှုပ်ရှားသည်ဖြစ်စေ မလှုပ်ရှားသည်ဖြစ်စေ သူ့အတွက်တော့ အားလုံးအတူတူပင်။ အဘယ်ကြောင့်ဆိုသော် တစ်ဖက်လူက သူ့အား စတင်တိုက်ခိုက်ခဲ့သည့် အခ်န်ကတည်းက သူ၏ရင်ထဲ၌ အသေသတ်ရန် ဆုံးဖြတ်ပြီးဖြစ်သောကြောင့်ပင်။
တစ်ဖက်လူ သေချာပေါက် ခြွင်းချက်မရှိ သေရပေမည်။
တစ်ခုတည်းသော ကွာခြားချက်မှာ အစောပိုင်းက သူ၏စွမ်းအားက ယခုလောက် မအားကောင်းသေးသဖြင့် တိုက်ပွဲမှာ အလွန်ခက်ခဲနိုင်ပြီး နဂါးမျိုးနွယ်စု၏ အကူအညီကို လိုအပ်နိုင်ခြင်းဖြစ်သည်။
သို့သော် ယခု သူ့တွင် ထိုလိုအပ်ချက်မရှိတော့ပေ။ သူ့ကိုယ်ပိုင်စွမ်းအားဖြင့်ပင် တစ်ဖက်လူကို အလွယ်တကူ သတ်ဖြတ်နိုင်ပြီဖြစ်သည်။
တစ်ဖက်လူကို ဤမျှ အလွယ်တကူ သတ်ဖြတ်နိုင်နေပြီဖြစ်ရာ အဘယ်ကြောင့် အသက်ရှင်ခွင့် ပေးထားရမည်နည်း။
သားဖောက်ရန်အတွက် မွေးဖြူထားရမည်လော။
“အခု စကားနည်းနည်းလောက် ပြောလိုက်ရုံနဲ့ မင်းကို ငါက အသက်ချမ်းသာပေးမယ်လို့ ထင်နေတာလား။ မင်း တွေးတာ သိပ် ကလေးဆန်လွန်းမနေဘူးလား။ ငါ့ကို ဘာလို့ မှတ်နေတာလဲ။ ပြီးတော့ မင်းတို့ကိုယ်မင်းတို့ရော ဘာမှတ်နေတာလဲ။
မင်းဘက်က အရင်စတိုက်ခဲ့တဲ့အတွက် ငါတို့ကြားမှာ ဖျောက်ဖျက်လို့မရတဲ့ ရန်ငြိုးရှိနေပြီ။
မင်းလို အသုံးမကျတဲ့ကောင်က စကားနည်းနည်းလောက် ပြောလိုက်ရုံနဲ့ လွတ်မြောက်ခွင့်ရမယ်လို့တွေးနေတာက သိပ်လွယ်လွန်းတယ်လို့ မထင်ဘူးလား”
ကျိုးရီ၏အသံမှာ အေးစက်ခက်ထန်နေသည်။
နဂါးမျိုးနွယ်စု၏ ပဉ္စမအကြီးအကဲက ရယ်မောရင်း ဝင်ပြောလိုက်သည်။
“တကယ်ပဲ၊ ပြောတာသိပ်ကောင်းတယ်။ ဒီကောင်လေးက ငါ့အကြိုက်ပဲ။ ဟားဟား...”
“သားရဲမျိုးနွယ်စုက ဘိုးတော်… အင်မော်တယ်ကြီး၊ စောစောက မင်းရဲ့ မာနတွေ ဘယ်ရောက်သွားပြီလဲ။ မျက်တောင်တစ်ခတ်အတွင်းမှာ ဘယ်လိုလုပ် ဒီလောက်တောင် သတ္တိကြောင်သွားရတာလဲ။
မင်းရဲ့အခုပုံစံနဲ့ မင်းမျိုးနွယ်စုကို ပြန်ပြီး ဦးဆောင်ချင်သေးတာလား။ ရယ်စရာကောင်းလွန်းတယ်လို့ မထင်ဘူးလား။ ငါသာ မင်းရဲ့ မျိုးနွယ်စုဝင်ဆိုရင် မင်းလို အမှိုက်ကောင်ကို အထင်သေးမိမှာပဲ။
မင်းမှာ သတ္တိရှိရင် ဒီနေ့ စိတ်ကြိုက်တိုက်ခိုက်ကြတာပေါ့။ ဘယ်သူက သာမလဲဆိုတာ တိုက်ရိုက်ဆုံးဖြတ်ကြရအောင်။ အလွန်ဆုံးမှ သေရုံပဲလေ၊ ဘာကြောက်စရာရှိလို့လဲ။ မင်းအဆင့်ကြီးနဲ့ ဒီလိုနေရာမှာ သေရမှာကို ကြောက်နေတာလား”