အခန်း ၁၅၈
Vol. 16 Ch. 158
အခန်း (၁၅၈) - ကောင်းကင်မိစ္ဆာမျိုးနွယ်စု၏ အင်အားအကြီးဆုံးသူ ရောက်လာခြင်း (၂)
သို့သော် ယခု သူတို့၏အကြီးအကဲက ဤလူသည် သူတို့မျိုးနွယ်စုအပေါ် ခြိမ်းခြောက်မှုများ ပေးစွမ်းနိုင်သည်ဟုပင် ပြောဆိုနေလေသည်။
ဤသည်မှာ တကယ်ကို မယုံနိုင်လောက်အောင် တုန်လှုပ်ဖွယ်ရာကောင်းလှပေ၏။
“အကြီးအကဲ... ခင်ဗျား အတွေးလွန်နေပြီ၊ သူ့ရဲ့တိုးတက်မှုအရှိန်က တကယ်ပဲ မြန်ဆန်တယ်ဆိုပေမဲ့ ဒီလောက်အထိတော့ မဖြစ်နိုင်လောက်ပါဘူး၊
ခင်ဗျား သိတဲ့အတိုင်းပဲ ကျွန်တော်တို့မျိုးနွယ်စုထဲမှာ ခင်ဗျားထက် စွမ်းအားကြီးမားတဲ့ ထိပ်တန်းသိုင်းပညာရှင်တွေ အများကြီးရှိနေတာပဲ။ သူတို့က ဒီကောင်လေးကို အလွယ်တကူ ဖြေရှင်းနိုင်မှာ သေချာတယ်”
သို့သော်လည်း ပဉ္စမအကြီးအကဲက ခေါင်းခါလိုက်သည်။
“မင်းတို့အတော်လေး ဉာဏ်တိမ်ကြတာပဲ၊ တကယ်တော့ ဒီစကြဝဠာထဲမှာ ငါတို့ထက် ပိုပြီးအားကောင်းတဲ့ ထိပ်တန်းသိုင်းပညာရှင်တွေ အများကြီးရှိတယ်။
သူတို့ရဲ့ မျိုးနွယ်စုတွေက စကြဝဠာမြစ်ကြီးထဲမှာ သဲလွန်စမရှိဘဲ ပျောက်ကွယ်သွားခဲ့ရတာ၊ ဒါမှမဟုတ် သူတို့ကိုယ်တိုင်က ဒီလောကကြီးကို မကာကွယ်ချင်တော့လို့ ဒီလိုအခြေအနေတွေ ဖြစ်လာခဲ့တာပဲ။
အကယ်၍ အဲဒီလူသာ ဒီနေ့ လောကတစ်ခုကို ကာကွယ်ပေးမယ်ဆိုရင် အဲဒီလောကက ဘယ်တော့မှ ဖောက်ထွင်းလို့မရနိုင်အောင် ဖြစ်သွားပြီး ဘယ်သူကမှ လာရောက်ကျူးကျော်နိုင်မှာ မဟုတ်တော့ဘူး”
“ငါတို့မြင်ခဲ့ရတဲ့ ကျိုးရီက အဲဒီလိုတည်ရှိမှုမျိုးပဲ။ သူ့ရဲ့ သွေးမျိုးဆက်စွမ်းအားက ဒီစကြဝဠာအတွင်းမှာရှိတယ် ထိပ်သီးတည်ရှိမှုတွေထဲက တစ်ခုဖြစ်လိမ့်မယ်လို့ ငါသံသယဝင်မိတယ်၊ တကယ်ကို ထိပ်တန်းအဆင့်ပဲ။
ဒီအဆင့်အတန်းက ကမ္ဘာဦးကာလမှာ လူသိများ ကျော်ကြားခဲ့ပေမယ့် အခုအချိန်မှာတော့ ဘယ်သူမှ မသိကြတော့ဘူး၊ ဘာလို့လဲဆိုတော့ အခုအချိန်မှာ သူတို့ကပျောက်ကွယ်နေပြီူ ငါတို့နဂါးမျိုးနွယ်စုတစ်ခုလုံးက စကြဝဠာကြီးတစ်ခုလုံးမှာ အင်အားအကြီးဆုံးမျိုးနွယ်စု ဖြစ်နေလို့ပဲ”
“အဓိကကတော့ မင်းတို့ အနာဂတ်မှာ ဒီကောင်ကို ဘယ်တော့မှ ရန်သွားမစမိစေနဲ့။ သူ့ရဲ့စွမ်းအားက တကယ်ကို ကြီးမားလွန်းပြီး သူ့ရဲ့အလားအလာကလည်း လူတိုင်းရဲ့ စိတ်ကူးထက်ကို ကျော်လွန်နေတယ်။
တကယ်လို့ မင်းတို့ သူ့ကို မဆင်မခြင် သွားရန်စမိရင် အနာဂတ်မှာ အဖြစ်ဆိုးနဲ့သေရလိမ့်မယ်”
လူတိုင်းက ခေါင်းညိတ်လိုက်ကြသည်။ သူတို့ ယုံကြည်ချင်သည်ဖြစ်စေ၊ မယုံကြည်ချင်သည်ဖြစ်စေ အနည်းဆုံးတော့ သူတို့၏ ပဥ္စအအကြီးအကဲပြောသော စကားများသည် သူတို့အား ဒုက္ခပေးချင်၍မဟုတ်ကြောင်း သိထားကြသည်။
သို့မဟုတ်ပါက သူသည် ဤစကားများကို ပြောဆိုနေမည်မဟုတ်ပေ။ ထို့ကြောင့် သူတို့သည် ပဉ္စမအကြီးအကဲ၏ စကားများကို နားထောင်ရန်သာ ရွေးချယ်လိုက်ကြတော့သည်။
ကျိုးရီဘက်တွင်မူ။
ကျိုးရီသည် သူ၏ ကိုယ်ပိုင်စခန်းသို့ အလျင်အမြန် ပြန်ရောက်လာခဲ့သည်။
လီရွှန်ကျိုးနှင့် အခြားသူများမှာ ချက်ချင်းပင် ရှေ့သို့တိုးကာ အရိုအသေပေးလိုက်ကြ၏
“နတ်ဘုရားအင်ပါယာကျိုး”
သူတို့တစ်ယောက်ချင်းစီ၏ မျက်နှာတွင် အလွန်စိတ်လှုပ်ရှားနေသော အမူအရာများ ရှိနေကြသည်။ ယနေ့ဖြစ်ရပ်မှာ သူတို့အတွက် ကြီးမားသော ကောင်းချီးတစ်ခုဖြစ်ပြီး တုနှိုင်းမဲ့ ဂုဏ်ယူစရာတစ်ခုပင်။
ယနေ့မှစ၍ သူတို့၏ နောက်ကွယ်တွင် နတ်ဘုရားအင်ပါယာအဆင့် သိုင်းပညာရှင်တစ်ဦး ရှိလာပြီဖြစ်သည်။ ဤနည်းဖြင့် သူတို့သည်လည်း နတ်ဘုရားဧကရာဇ်အဆင့်သို့ ပိုမိုလွယ်ကူစွာ တက်လှမ်းလာနိုင်ပေလိမ့်မည်။
သူတို့အနေဖြင့် ဤဘဝတွင် နတ်ဘုရားဧကရာဇ်အဆင့် အဆင့်မြင့် သိုင်းပညာရှင်တစ်ဦး ဖြစ်လာရန် မဖြစ်နိုင်သော်လည်း သူတို့အတွက်တော့ ဤသည်က ကြီးမားသော ကောင်းခြင်းတစ်ခုပင်။
အတိတ်တုန်းကဆိုလျှင် သူတို့သည် နယ်မြေနတ်ဘုရားအဆင့်သို့ ရောက်ရှိနိုင်ရန်ပင် မသေချာခဲ့ပေ။
ကျိုးရီက ခေါင်းညိတ်ပြလိုက်သည်။
“ငါ ဒီကိုလာခဲ့တာက နတ်ဘုရားအင်ပါယာအဆင့်ကို တက်လှမ်းဖို့အတွက်ပဲ။ အခု ငါက အဲဒီအဆင့်ကို တက်လှမ်းပြီးသွားပြီဆိုတော့ ဒီမှာဆက်နေဖို့ မလိုအပ်တော့ဘူး။
ဒါကြောင့် ငါဒီကနေ ထွက်သွားတော့မှာမို့လို့ ကျန်တဲ့ကိစ္စတွေကိုတော့ မင်းတို့ဘာသာမင်းတို့ပဲ ကြည့်ကျက်ဖြေရှင်းကြတော့”
“အဆင့်ကောင်းရဖို့အတွက် အတင်းကြီးမကြိုးစားနဲ့။ နည်းနည်းလောက် တိုက်ခိုက်ပြီး လေ့ကျင့်ကြည့်ကြ၊ တိုက်ပွဲအတွေ့အကြုံတွေနဲ့ ထိုးထွင်းသိမြင်မှုတချို့ကို အရယူရမယ်၊
အဲဒါက မင်းတို့ရဲ့ အနာဂတ်ကျင့်ကြံခြင်းလမ်းစဥ်မှာ အလျင်အမြန် အဆင့်တက်လှမ်းနိုင်ဖို့ ကူညီပေးနိုင်လိမ့်မည်။ တခြားအရာတွေ အများကြီးမတွေးနဲ့၊ အဲဒါက အချိန်ကုန်လွန်းတယ်”
“နားလည်ပါပြီ”
“ငါ အခု ဒီမှာ ပြဿနာတော်တော်များများ ရှာခဲ့တယ်ဆိုပေမဲ့ အခြားသူတွေက အခုကစပြီး ငါ့ကို သတိထားနေကြမှာမလို့ မင်းတို့ကို တိုက်ခိုက်ရဲမှာ မဟုတ်ဘူး။
ဒါပေမဲ့ မင်းတို့အနေနဲ့ ပေါ့ဆနေလို့မရဘူး။ မင်းတို့ကိုယ်တိုင်လည်း ရိုးရိုးသားသားနဲ့ ကြိုးစားအားထုတ်ရမယ်။ မင်းတို့ကိုယ်တိုင် ဖွံ့ဖြိုးတိုးတက်လာအောင် လုပ်ရမယ်၊ မဟုတ်ရင် ငါမရှိတဲ့အချိန်မှာ တိုက်ခိုက်ခံရရင် မင်းတို့အတွက် ရလဒ်ကောင်း ထွက်လာမှာမဟုတ်ဘူး”
ကျိုးရီသည် သာမန်လူများကို မကြောက်ပေ။ သာမန်လူများသည် သူ့အား သေချာပေါက် သတိထားနေကြမည်ဖြစ်သဖြင့် သူတို့အား ဒုက္ခပေးဝံ့မည်မဟုတ်ပေ။ သို့သော်လည်း ဤနေရာတွင် သာမန်အင်အားစုများသာ ပါဝင်သည်မဟုတ်ပေ။
ထိပ်တန်းမျိုးနွယ်စုများ၏ သြဇာလွှမ်းမိုးမှုနယ်ပယ်တွင် ရှိနေသော အင်အားစုအချို့လည်း ရှိသေးသည်။ ဤစကြဝဠာထဲတွင် ကောင်းကင်မိစ္ဆာမျိုးနွယ်စုထက် ပိုမိုအားကောင်းသော မျိုးနွယ်စုများ ရှိသေးသည်။
နဂါးမျိုးနွယ်စု မပါဝင်လျှင်ပင် ဖီးနစ်မျိုးနွယ်စု၊ ချီလင်မျိုးနွယ်စုနှင့် အခြားသော မျိုးနွယ်စုများ ရှိနေသေးပြီး ၎င်းတို့အားလုံးမှာ အလွန်ကြောက်မက်ဖွယ်ကောင်းလှသည်။
ဤလူများကို သွားရောက်ရန်စမိပါက ကောင်းမွန်သောနေ့ရက်များ ရှိလာမည်မဟုတ်ပေ။
၎င်းက သူတို့ကို ပျက်သုဉ်းခြင်းဆီသို့ ဦးတည်သွားစေနိုင်သည်။
“နတ်ဘုရားအင်ပါယာကျိုး... စိတ်ချပါ၊ ကျွန်တော်တို့ မှတ်ထားပါ့မယ်”
ကျိုးရီက ခေါင်းညိတ်ပြပြီးနောက် ချက်ချင်းထွက်ခွာလာခဲ့ကာ သူ၏ ကမ္ဘာငယ်လေးထဲသို့ ရောက်ရှိသွားတော့သည်။
“ငါ ကောင်းကင်မိစ္ဆာမျိုးနွယ်စုရဲ့ မဟာအကြီးအကဲကို သတ်ခဲ့တယ်။ ငါ့အထင် သူတို့က ဒီအတိုင်း လွှတ်ထားမှာမဟုတ်ဘူး၊ ငါ ကြိုတင်ပြင်ဆင်ထားသင့်ပုံရတယ်၊ မဟုတ်ရင် အနာဂတ်မှာ ရုတ်တရက်တစ်ခုခုဖြစ်လာရင် စကြဝဠာတစ်ခုလုံး ကပ်ဘေးဖြစ်လိမ့်မယ်”
မည်သို့ပင်ဆိုစေ ကောင်းကင်မိစ္ဆာမျိုးနွယ်စုကဲ့သို့ ထိပ်တန်းမျိုးနွယ်စု ၁၀ ခု စာရင်း၀င် တည်ရှိမှုများက သေချာပေါက် ရိုးရှင်းမည် မဟုတ်ပေ။
ကျိုးရီသည် ဤသို့တွေးတောပြီးနောက် ချက်ချင်းပင် စတင်ကျင့်ကြံလိုက်သည်။ ပြဿနာများကို ဖြေရှင်းရန် အကောင်းဆုံးနည်းလမ်းမှာ မိမိ၏ ကိုယ်ပိုင်စွမ်းအားများ ပိုမိုအားကောင်းလာစေဖို့ရာ ကြိုးစားအားထုတ်ခြင်းပင်။
မိမိ၏စွမ်းအားက လုံလောက်အောင် အားကောင်းနေသရွေ့ ပြဿနာအားလုံးကို ဖြေရှင်းနိုင်သည်။
အခြားတစ်ဖက်က မည်မျှပင် စွမ်းအားကြီးမားစေကာမူ သူ့အပေါ် မည်သည့်ခြိမ်းခြောက်မှုမျှ မဖြစ်စေနိုင်တော့သည့်အခါ သူသည် ထိုအရာအားလုံးကို ဂရုစိုက်နေရန် လိုတော့မည်မဟုတ်ပေ။
သူ ကျင့်ကြံခြင်းကို စတင်တော့မည့်အချိန်မှာပင် စွမ်းအားတစ်ခုက ဤလောကအတွင်း ရုတ်တရက်ရောက်ရှိလာခဲ့ရာ သူ၏မျက်လုံးများ ချက်ချင်း ကျဉ်းမြောင်းသွားတော့သည်။
ဤစွမ်းအားက အလွန်တရာ ကြီးမားလှပေသည်။ သာမန် နတ်ဘုရားအင်ပါယာအဆင့် သိုင်းပညာရှင်တစ်ဦးထက်ပင် ပို၍ အားကောင်းနေသည်။ ၎င်းက နတ်ဘုရားအင်ပါယာအဆင့်၏ အထွတ်အထိပ်တွင်ရှိသော တည်ရှိမှုတစ်ခုနှင့် တူနေသည်။
သို့သော် ဤအဆင့်ရှိသော တည်ရှိမှုတစ်ခုက သူ့အားရှာဖွေရန် ဤနေရာသို့ အဘယ်ကြောင့် ရုတ်တရက်ရောက်လာရသည်ကို သူ နားမလည်နိုင်သေးပေ။ ဤသည်မှာ အနည်းငယ် ယုတ္တိမရှိသကဲ့သို့ ခံစားနေရသည်။
ကျိုးရီ ဤပြဿနာကို မတွေးတောရသေးခင်မှာပင် တစ်ဖက်လူက ရောက်ရှိလာခဲ့ပြီဖြစ်သည်။ တစ်ဖက်လူက နတ်ဘုရားအင်ပါယာအထွတ်အထိပ် သိုင်းပညာရှင်တစ်ဦးဖြစ်သည့်အတွက် ဤလောကတွင် သူ့အား တားဆီးနိုင်သောအရာမရှိပေ။
ကျိုးရီအနားသို့ ရောက်ရှိလာရန် အတွေးတစ်ချက်မျှဖြင့် အလွယ်တကူ စွမ်းဆောင်နိုင်ပေသည်။
ကျိုးရီသည်လည်း သူ့အား တားဆီးရန် သို့မဟုတ် ရှောင်တိမ်းရန် မကြိုးစားခဲ့ပေ။ တစ်ဖက်လူက ရောက်လာပြီဖြစ်ရာ သူ ထွက်ပြေး၍ မရနိုင်တော့ပေ။
ထွက်ပြေးနေမည့်အစား ဤနေရာတွင် တည်ငြိမ်စွာ ထိုင်နေပြီး တစ်ဖက်လူက မည်သူနည်း၊ ဤနေရာသို့ ဘာလာလုပ်သနည်းဆိုသည်ကို စောင့်ကြည့်ခြင်းက ပိုကောင်းပေလိမ့်မည်။
ရောက်လာသူမှာ သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးပင်။ ထိုသူက သက်လတ်ပိုင်းအရွယ်ဟု ထင်ရသော်လည်း သူ၏ အသက်အစစ်အမှန်မှာ သေချာပေါက် နှစ်တစ်ထောင်ကျော်နေပြီဖြစ်သည်။
သူ၏စွမ်းအားမှာ အလွန်တရာ ကြီးမားနက်ရှိုင်းလှသည်။ ၎င်းက လူတစ်ဦးကို အင်မတန်မွန်းကြပ်သွားစေနိုင်သည်အထိ ကြောက်မက်ဖွယ်ကောင်းလှပေသည်။
ကျိုးရီသည် နတ်ဘုရားအင်ပါယာအဆင့် အစဦးအဆင့်တွင် ရှိနေသော်လည်း တစ်ဖက်လူ၏ ကိုယ်တွင်းရှိ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်ကို ခံစားလိုက်ရချိန်တွင် သူ့ရင်ထဲ၌ အနည်းငယ် တုန်ယင်သွားမိသည်။
“ကောင်းကင်မိစ္ဆာမျိုးနွယ်စုရဲ့ ထိပ်တန်းသိုင်းပညာရှင်တစ်ယောက်လား”
သူက မချင့်မရဲဖြင့် မေးလိုက်ပြီး တစ်ဖက်လူကို စမ်းသပ်ကြည့်လိုက်သည်။
တစ်ဖက်လူက ခပ်အေးအေးပင် ပြုံးလျက် ခေါင်းညိတ်ပြလိုက်၏။
“စကြဝဠာကြီးတစ်ခုလုံးရဲ့ ထိပ်တန်းသိုင်းပညာရှင်တွေထဲက တစ်ယောက်ပီသပါပေတယ်။ တကယ်ကို စွမ်းအားကြီးတာပဲ။
ငါက ချိုင်ကျွင်းပါ၊ ကောင်းကင်မိစ္ဆာမျိုးနွယ်စုရဲ့ ခေါင်းဆောင်ပေါ့။ ငါ ဒီကိုလာတာက မင်းနဲ့ ကိစ္စတစ်ခု ဆွေးနွေးချင်လို့ပါ”
ကျိုးရီက တည်ငြိမ်စွာပင် ပြန်လည်တုံ့ပြန်လိုက်သည်။
“အကယ်၍ ခင်ဗျားက ကျွန်တော့်ကို သတ်ဖို့လာတာဆိုရင် တိုက်ရိုက်သာ လှုပ်ရှားလိုက်ပါ၊ အချိန်ကုန်ခံနေဖို့မလိုဘူး။ ဒါပေမဲ့ ခင်ဗျား ကျွန်တော့်ကိုရှာဖို့ ဒီကိုလာတာက သတ်ဖို့အတွက်တော့ မဟုတ်ဘူးလို့ ခံစားမိတယ်”
“မင်းပြောတာ မှန်တယ်။ ငါသာ မင်းကို တကယ်သတ်ချင်ရင် ဒီမှာ မင်းနဲ့ အချိန်ဖြုန်းနေမှာမဟုတ်ဘူး။ ငါ ဒီကိုလာတာက မင်းနဲ့ ကိစ္စအချို့ ဆွေးနွေးဖို့အတွက်ပဲ”