အခန်း ၁၆၀ (ဇာတ်သိမ်း)
Vol. 16 Ch. 160
အခန်း (၁၆၀) - စကြ၀ဠာ၏ အရှင်သခင် (၂)
“အခုချိန်ကစပြီး စကြ၀ဠာတစ်ခုလုံးက သူ့ရဲ့ချုပ်ကိုင်မှုအောက် ရောက်သွားနိုင်တယ်။ ဘယ်သူမှ သူ့ကို အနိုင်ယူနိုင်မှာမဟုတ်ဘူး။ သူက စကြ၀ဠာတစ်ခုလုံးမှာ အသန်မာဆုံးတည်ရှိမှု ဖြစ်လာလိမ့်မယ်။
အခုအချိန် သူ့ကို ချဉ်းကပ်ပြီး ဆက်ဆံရေးကောင်း တည်ဆောက်ထားနိုင်သူတိုင်းက နောက်ဆုံးမှာ အကျိုးအမြတ်တွေ ရလာလိမ့်မယ်။ သူ့ကို ဆန့်ကျင်တဲ့သူတိုင်းကတော့ နောင်တစ်ချိန်မှာ အဖြစ်ဆိုးနဲ့သေရမှာ သေချာတယ်။
ကောင်းကင်မိစ္ဆာမျိုးနွယ်စုက အခုချိန်မှာ မျက်နှာပျက်စရာ ဖြစ်နေပုံရပေမဲ့ တကယ့်လက်တွေ့မှာတော့ အဲဒီလိုမဟုတ်ဘူး။
သူတို့ရဲ့ လက်ရှိလုပ်ရပ်က အနာဂတ်မှာ ကြီးမားတဲ့ အကျိုးကျေးဇူးတွေကို ယူဆောင်လာပေးနိုင်လိမ့်မယ်၊ နောက်ထပ် ကပ်ကမ္ဘာတစ်ခုအထိ ရှင်သန်နိုင်ဖို့အခွင့်အရေးတောင် ရသွားနိုင်တယ်”
“ဟူး... သူက တကယ်ပဲ အဲဒီလောက်အထိ စွမ်းဆောင်နိုင်မှာလား”
အကြီးအကဲလိန် သက်ပြင်းချလိုက်မိသည်။
“ပဉ္စမအကြီးအကဲ သူ့အပေါ် အကဲဖြတ်တာ အရမ်းများလွန်မနေဘူးလား။ သူက ပါရမီရှင်တစ်ယောက်ဆိုတာကို ကျုပ် လက်ခံပေမဲ့ ဘယ်လောက်ပဲ ပါရမီရှင်ဖြစ်နေပါစေ ကျုပ်တို့နဂါးမျိုးနွယ်စုကိုတော့ ကျော်လွန်နိုင်မှာ မဟုတ်ပါဘူး။
နဂါးမျိုးနွယ်စုက စကြ၀ဠာတစ်ခုလုံးမှာ အသန်မာဆုံးမျိုးနွယ်စုပဲလေ။ ဒီစကြ၀ဠာထဲမှာ ဘယ်သူမှ ကျုပ်တို့ကို မနိုင်နိုင်ဘူး။ ကျုပ်တို့က ဘယ်လိုလုပ်ပြီး ရှုံးနိမ့်နိုင်မှာလဲ။
ကျုပ်တို့က ကောင်းကင်နဲ့ မြေကြီးကြားမှာ အသန်မာဆုံးတည်ရှိမှုမဟုတ်လား”
“မိုက်မဲလိုက်တာ... အဲဒီစကားတွေကို မင်း တကယ်ယုံနေတာလား”
ပဉ္စမအကြီးအကဲက လှောင်ပြုံးပြုံးလိုက်သည်။
“နှစ်ပေါင်းများစွာ ကြာလာတာနဲ့အမျှ ငါတို့ကိုယ်ငါတို့ ဒီကမ္ဘာမှာ အသန်မာဆုံးလို့ အမြဲတမ်း ကြွေးကြော်လာခဲ့ကြတယ်။ ဒါပေမဲ့ တကယ်တမ်းကျတော့ ဒီစကြ၀ဠာထဲမှာ ငါတို့ထက်ပိုပြီး ရှေးကျတဲ့ တခြားမျိုးနွယ်စုတွေ အများကြီးရှိခဲ့ဖူးတယ်။
အဲဒီအထဲမှာ ငါတို့ထက် ပိုအစွမ်းထက်တဲ့ မျိုးနွယ်စုတွေ ရှိခဲ့ပေမဲ့ နောက်ဆုံးတော့ သူတို့အားလုံး ပျက်စီးသွားခဲ့ရတယ်၊ ငါတို့ထက် အစွမ်းထက်တဲ့ မျိုးနွယ်စုတွေတောင် ပျက်စီးသွားကြသေးတာပဲ၊
ငါတို့မျိုးနွယ်စုက စကြ၀ဠာမှာ အသန်မာဆုံးဖြစ်ပြီး အချိန်အကြာကြီး ရှင်သန်နိုင်မယ်လို့ မင်းက ဘာလို့ထင်နေရတာလဲ။ ဒီကမ္ဘာမှာ ထာဝရဆိုတာ ဘယ်တော့မှ မရှိခဲ့ဘူး။
အရာရာက မှန်ကန်တဲ့ဘက်ကို ရွေးချယ်နိုင်သလား၊ မှားယွင်းတဲ့ဘက်ကို ရွေးချယ်မိသလား ဆိုတဲ့အပေါ်မှာပဲ မူတည်တယ်။ မှားယွင်းတဲ့ဘက်ကို ရွေးမိရင် အချိန်တိုအတွင်းမှာပဲ သေဆုံးသွားရလိမ့်မယ်။
မှန်ကန်တဲ့ဘက်ကို ရွေးချယ်နိုင်ရင်တော့ ထာဝရရှင်သန်နိုင်မှာပေါ့။ ဒါက ဒီစကြ၀ဠာထဲက စစ်ပွဲတွေရဲ့ စစ်မှန်တဲ့စည်းမျဉ်းပဲ။ ပြီးတော့ မှန်ကန်တဲ့သူကို ရှာတွေ့နိုင်ဖို့က အကြီးမားဆုံးသော့ချက်ပဲ။
ဆိုလိုတာက မှန်ကန်တဲ့သူကို ရှာတွေ့ရင် မင်းရဲ့မျိုးနွယ်စုက အကန့်အသတ်မရှိ ဆက်လက်ရှင်သန်နိုင်ပြီး စကြ၀ဠာမှာ အသန်မာဆုံးတည်ရှိမှုအဖြစ်တောင် ပြောင်းလဲသွားနိုင်တယ်။
ဒါပေမဲ့ မှန်ကန်တဲ့သူကို မရှာတွေ့ခဲ့ရင် နောက်ဆုံးရလဒ်က ဒီကမ္ဘာကြီးကနေ လုံးဝပျောက်ကွယ်သွားဖို့ပဲ။ နဂါးမျိုးနွယ်စုတောင် ဒီလိုကံကြမ္မာကို ရှောင်လွှဲနိုင်မှာမဟုတ်ဘူး။ ဒါက ဒီကမ္ဘာရဲ့ စစ်မှန်တဲ့ အရှိတရားပဲ”
“ဘာ...”
ထိုစကားများကို ကြားပြီးနောက် အကြီးအကဲလိန် အကြီးအကျယ်တုန်လှုပ်သွားကာ ဆွံ့အသွားလေတော့သည်။
အားကြီးသူက အားနည်းသူကိုဝါးမျိုသည့် တောတွင်းဥပဒေသသည်သာ ဤကမ္ဘာကြီး၏ စစ်မှန်သောလည်ပတ်မှု စည်းမျဉ်းဖြစ်သည်ဟု သူ အမြဲထင်မှတ်ထားခဲ့သည်။ ဤကဲ့သို့သော အခြေအနေမျိုး ရှိနေမည်ဟု မမျှော်လင့်ထားခဲ့မိပေ။
ဤသီအိုရီသာ မှန်ကန်မည်ဆိုပါက ဤစကြ၀ဠာအတွင်း၌ မည်သည့်မျိုးနွယ်စုဖြစ်စေ၊ မည်မျှပင် အစွမ်းထက်နေပါစေ အဆုံးသတ်တွင် အရေးမပါတော့ပေ။
သူတို့အားလုံး၏ အနာဂတ်သည် အမြင့်မြတ်ဆုံးသော ထိပ်သီးအုပ်စိုးသူတစ်ဦးအပေါ်တွင်သာ မူတည်နေပေတော့မည်။ ဤအချက်က အရမ်းကို ကြောက်မက်ဖွယ်ကောင်းလွန်းလှသည် မဟုတ်လော။
“ပဥ္စမအကြီးအကဲ... အဲဒီကောင်လေးက အဲဒီလိုတည်ရှိမှုမျိုးလို့ ဆိုလိုချင်တာလား”
အကြီးအကဲလိန်၏ အသံများ တုန်ယင်နေသည်။
“သူက ဒီတစ်ကြိမ် အဲဒီနေရာအတွက် ကံကြမ္မာပါလာတဲ့သူဖြစ်ပြီး ကျုပ်တို့အားလုံး သူနဲ့ ဆက်ဆံရေးကောင်း တည်ဆောက်ထားနိုင်၊ သူ့ကို မှီခိုနိုင်မှသာ ဒီကောင်းကင်နဲ့မြေကြီးရဲ့ မဟာကပ်ဘေးကြီးကို ကျော်လွှားနိုင်မယ်လို့ ပြောချင်တာလား”
“မင်း ပြောတာမှန်တယ်။ အနည်းဆုံးတော့ ငါ့ရဲ့ လက်ရှိ အကဲခတ်မှုတွေအရဆိုရင် အဲဒီအတိုင်းပဲ”
ပဉ္စမအကြီးအကဲ မျက်လုံးများ ကျဉ်းမြောင်းသွားသည်။
“သူက အဲဒီနေရာအတွက် ကံကြမ္မာပါလာတဲ့သူ ဖြစ်ရမယ်လို့ ငါ ခံစားနေရပြီ။ ဘာလို့လဲဆိုတော့ သူက သာမန်ပါရမီရှင်မျိုးထက် ပိုလွန်းနေတယ်။ ပြီးတော့ အရင်က သူ့အကြောင်း ဘယ်သူမှ မသိခဲ့ကြဘူးလေ။
ဒီလိုလူမျိုးက တကယ့်ကို ထင်ထားတာထက် ကြောက်စရာကောင်းတဲ့ တည်ရှိမှုမျိုးပဲ။ အင်အားကြီးမားလွန်းပါတယ်ဆိုတဲ့ ရန်သူတွေထက်ကို ပိုကြောက်ဖို့ကောင်းတယ်။
ဘာလို့လဲဆိုတော့ မင်းက ဘာမှမသိထားလို့ပဲ။ သူ ဘယ်အချိန်မှာ လာတိုက်ခိုက်မယ်ဆိုတာ မသိသလို၊ သူ ဘယ်လောက်အထိ အစွမ်းထက်ပြီး ဘယ်လောက်ကြောက်စရာကောင်းလဲ ဆိုတာကိုလည်း မသိနိုင်ဘူး။
တစ်ခါတလေတစ်ခါတလေ မင်း သေဆုံးရတော့မယ့် အချိန်ကို ရောက်လာရင်တောင် မင်းကို ဘယ်သူက ဒီလိုလုပ်သွားလဲဆိုတာကို သိလိုက်ရမှာမဟုတ်ဘူး။ ဒီလို ကြောက်စရာကောင်းတဲ့ တည်ရှိမှုမျိုးကို ရင်ဆိုင်နေရချိန်မှာ သူ့ကို ထူးခြားတဲ့သူမဟုတ်ဘူးလို့ပြောရင်... အဲဒီစကားကို မင်းကိုယ်တိုင်ရော ယုံနိုင်ပါ့မလား”
ထိုစကားများကို ကြားပြီးနောက် အကြီးအကဲလိန်က ပြတ်သားစွာ တုံ့ပြန်လိုက်သည်။
“အကြီးအကဲပြောတာ မှန်ပါတယ်။ ဒီကောင်လေးက တကယ်ကို ထူးခြားလွန်းတဲ့ ပါရမီရှင်ပဲ။ အရင်က သူ့သတင်းကို တစ်ခါမှ မကြားခဲ့ဖူးပေမဲ့ ကြားလိုက်ရတဲ့အချိန်မှာတော့ သူက ဒီကမ္ဘာကြီးရဲ့ ထိပ်တန်းတည်ရှိမှုတွေထဲက တစ်ယောက်ဖြစ်နေပြီ။
အခုချိန်မှာ ဘယ်သူမှ သူ့ကို ထိခိုက်အောင် မလုပ်နိုင်တော့ဘူး”
“ဒါကြောင့် အခုချိန်ကစပြီး ငါတို့ သူ့နဲ့ ဆက်ဆံရေးကောင်းတည်ဆောက်နိုင်ဖို့ ကြိုးစားရမယ်။ ကံကောင်းတာက ငါတို့ဆီမှာ သူ့ကိုရွေးချယ်ခဲ့တဲ့ မိုးပြာနဂါးလေး ရှိနေတာပဲ။ ဘာပဲဖြစ်ဖြစ် မိုးပြာနဂါးက မြင့်မြတ်သားရဲပဲလေ။
အဲဒီကောင်လေးရဲ့ ထူးချွန်တဲ့ပါရမီကို သိသွားပြီး သူ့စိတ်ဆန္ဒအလျောက် သွားရှာချင်ခဲ့တာ ဖြစ်လိမ့်မယ်။ ဒါကြောင့် အခုချိန်မှာ ငါတို့ထဲက ဘယ်သူမှ တဇွတ်ထိုး မလုပ်သင့်ဘူး။
သူ နောက်ဆုံးမှာ ဘာလုပ်မလဲဆိုတာကို စောင့်ကြည့်ပြီးမှ နောက်ထပ်ဆုံးဖြတ်ချက်တွေ ချကြတာပေါ့။ အဲဒီတော့မှ အနာဂတ်မှာ ဘာဆက်လုပ်သင့်လဲဆိုတာကို ဆုံးဖြတ်ရမယ်”
“အကြီးအကဲ ပြောတာ လုံးဝမှန်ကန်ပါတယ်။ ဒီအမိန့်ကို ချက်ချင်း လက်ဆင့်ကမ်းလိုက်ပါ့မယ်။ သူနဲ့ လက်ခံတွေ့ဆုံမယ့်သူတွေကိုလည်း စကားမှားမပါဖို့ သတိပေးထားလိုက်ပါ့မယ်”
…
တစ်ဖက်တွင်မူ ကျိုးရီသည် ဤကမ္ဘာကြီး၏ နက်နဲသော လျှို့ဝှက်ချက်များကို အဆက်မပြတ် ရှာဖွေလေ့လာနေဆဲဖြစ်သည်။
ဤကမ္ဘာအတွင်း၌ လုံးဝကွဲပြားခြားနားသော အခြားအရာတစ်ခု ရှိနေသည်ကို သူ အာရုံခံမိနေလေ၏။ ဤအဆင့်သို့ မရောက်ရှိမီက ဤသို့သောခံစားချက်မျိုး မရှိခဲ့ဖူးသော်လည်း ယခု နတ်ဘုရားအင်ပါယာအဆင့်သို့ ရောက်ရှိလာချိန်တွင်မူ ဤထူးခြားသော ခံစားချက်ကို အပြည့်အဝ ခံစားလာခဲ့ရပြီဖြစ်သည်။
ဤသည်မှာ နတ်ဘုရားအင်ပါယာအဆင့် ရှိသူများသာ သိမြင်နိုင်သော ထူးခြားသည့် လျှို့ဝှက်ချက်တစ်ရပ် ဖြစ်ကောင်းဖြစ်နိုင်ပေသည်။
ကျင့်ကြံခြင်းလမ်းစဉ်၏ အထွတ်အထိပ်ကို တက်လှမ်းလိုသော သူ၏ ပြင်းပြသည့်ဆန္ဒများက နက်နဲလှသော စကြ၀ဠာ၏ လျှို့ဝှက်ချက်များကို ဆက်လက်တူးဖော်ရန် တွန်းအားပေးနေလေသည်။
မည်သို့ပင်ဖြစ်စေ ဤလောကသည် မဟာနယ်မြေသုံးထောင်အတွင်း၌သာ တည်ရှိပြီး စကြ၀ဠာကြီးတစ်ခုလုံး၏ စစ်မှန်သော အထွတ်အထိပ်နေရာကို ကိုယ်စားမပြုပေ။
မရပ်မနား ဆက်လက် ရှာဖွေလေ့လာသွားမှသာ ဤစကြ၀ဠာ၏ အမှန်တကယ် နက်နဲသော လျှို့ဝှက်ချက်များကို ဖော်ထုတ်နိုင်မည်ဖြစ်ပြီး ထိုအခါကျမှသာ သူသည် ယခုထက် ပိုမိုအစွမ်းထက်လာနိုင်မည်ဖြစ်သည်။
နတ်ဘုရားအင်ပါယာအဆင့်၏ အထက်တွင် ပိုမိုအစွမ်းထက်သော အဆင့်တစ်ခု ရှိနေသင့်သည်ဟု ကျိုးရီ ခံစားနေရသော်လည်း အပြည့်အဝ ရှာဖွေဖော်ထုတ်နိုင်ခြင်းမရှိသေးပေ။
သို့သော် လုံလောက်အောင် ကြိုးစားအားထုတ်နေသရွေ့ ထိုအဆင့်ကို သေချာပေါက် ရှာဖွေနိုင်မည်ဟု ယုံကြည်ထား၏။
ကျိုးရီက သူ၏ဝိညာဉ်အာရုံကို ဤကမ္ဘာကြီး၏ အပြင်ဘက်သို့ ဖြန့်ကြက်ရန် စတင်ကြိုးပမ်းလိုက်သည်။ သူသည် ဤကမ္ဘာ၏ ကန့်သတ်ချက်များကို ဖောက်ထွက်ကာ နက်ရှိုင်းသော ဟင်းလင်းပြင်အထိ ဆက်လက်စူးစမ်းလိုနေသည်။
ထိုအချိန်တွင် ကျိုးရီ၏ ကြီးမားလှသော ဝိညာဉ်စွမ်းအင်များက ကမ္ဘာကြီးတစ်ခုလုံးကို အပြည့်အဝ ဖုံးလွှမ်းသွားခဲ့လေပြီ။
ကျိုးရီသည် သူ၏ နတ်ဘုရားဝိညာဉ်အာရုံကို ဟင်းလင်းပြင်တစ်ခွင် ဖြန့်ကြက်ကာ အဆက်မပြတ် စူးစမ်းလေ့လာ ဆန်းစစ်နေခဲ့ရာ မကြာမီမှာပင် စကြ၀ဠာတစ်ခုလုံးရှိ နက်နဲလှသော လျှို့ဝှက်ချက်များအားလုံးကို အပြည့်အဝ ဖော်ထုတ်သိမြင်နိုင်ခဲ့လေသည်။
ယင်းကို အခြေခံ၍ ကမ္ဘာကြီးတစ်ခုလုံးကို တုန်လှုပ်ချောက်ချားသွားစေမည့်၊ ကာလတစ်လျှောက်လုံး လွှမ်းမိုးအုပ်စိုးနိုင်သည့် အတုမရှိသော မဟာကျင့်စဉ်တစ်ရပ်ကို ဖန်တီးနိုင်ခဲ့သည်။
ဤကာလအတွင်း အချို့သော အစွမ်းထက် ထိပ်သီးကျင့်ကြံသူများသည် ကျိုးရီ၏ ဝိညာဉ်အာရုံ ဖြန့်ကျက်စူးစမ်းမှုကို အာရုံခံမိကြပြီး သူ၏ ကြီးမားလှသောရည်မှန်းချက်ကို နားလည်သဘောပေါက်ခဲ့ကြသော်လည်း မည်သူတစ်ဦးတစ်ယောက်ကမျှ ဝင်ရောက်နှောင့်ယှက် တားဆီးဝံ့ခြင်း မရှိခဲ့ပေ။
အကြောင်းမှာ ဤကြောက်မက်ဖွယ်ကောင်းလှသော စွမ်းအားကြီးထံမှ အသက်ရှူကျပ်လောက်အောင် ပြင်းထန်လှသည့် ဖိအားများကို သူတို့ ခံစားလိုက်ရသောကြောင့် ဖြစ်သည်။ ထိုစွမ်းအားကား သူတို့ မည်သို့မျှ ခုခံနိုင်စွမ်းမရှိလောက်အောင် အတိုင်းအဆမဲ့ ကြီးမားလွန်းလှပေသည်။
ဤသို့သော အထွတ်အထိပ်စွမ်းအားမျိုးကို အာရုံခံနိုင်စွမ်းရှိသူများမှာ သက်ဆိုင်ရာကမ္ဘာအသီးသီးရှိ အသန်မာဆုံးသော တည်ရှိမှုများသာ ဖြစ်ကြပြီး သူတို့၏ ကျင့်စဉ်လမ်းခရီးမှာလည်း လွယ်ကူချောမွေ့ခဲ့ခြင်းမရှိပေ။
သူတို့တစ်ဦးစီတိုင်းသည် အလွန်တရာမြင့်မားသော ဉာဏ်ရည်ဉာဏ်သွေးများကို ပိုင်ဆိုင်ထားကြသူများပီပီ အခြေအနေကို ရှင်းလင်းစွာ နားလည်ထားကြသည်။
ဤအချိန်မှစ၍ ကျိုးရီသည် စကြ၀ဠာတစ်ခွင်လုံးကို အပြည့်အဝ ထိန်းချုပ်လွှမ်းမိုးနိုင်ခဲ့ပြီး စကြ၀ဠာ၏ တစ်ဦးတည်းသော မဟာအရှင်သခင်အဖြစ် အခိုင်အမာ ရပ်တည်နိုင်သွားလေတော့သည်။
(ပြီးပါပြီ)
ကျေးဇူးတင်လွှာ
“အလောင်းမှတ်ဉာဏ်စနစ်” - ကျိုးရီ စာစဉ် ပြီးဆုံးပါပြီ။ အဆုံးထိ လိုက်ပါအားပေးခဲ့ကြတဲ့ စာဖတ်သူ တစ်ဦးတစ်ယောက်စီတိုင်းကို ကျေးဇူးတင်ပါတယ်ဗျ။
ဒါက ကျွန်တော်တို့ B&B Translation Team ရဲ့ ဒုတိယမြောက် မှတ်တိုင်တစ်ခုပေါ့ဗျာ။
လက်ရှိမှာလည်း ကျွန်တော်တို့ Team အနေနဲ့ Genre အစုံ စာစဉ်ကောင်းလေးတွေကို ကြိုးစားတင်ဆက်ပေးနေပါတယ်။ စာစဉ်သစ်လေးတွေ ထွက်ဖို့လည်း ရှိပါတယ်။
စမ်းသပ်ဖတ်ရှုပေးကြပါ။ အကြိုက်တွေ့တာလေးများ ပါခဲ့ရင် အားပေးကြဖို့ တောင်းဆိုပါရစေ။
ကျေးဇူးတင်စွာဖြင့်။
B&B Translation Team