အခန်း ၃၆၁
Vol. 37 Ch. 361
အခန်း (၃၆၁) အထွတ်အထိပ် ဓားဆန္ဒ
စုန့်ချန်ရှန်းက သူမအထက်တွင် ရှိနေသော ယန်ချင်းကို မျက်မှောင်ပင် မတွန့်ဘဲ ကြည့်လိုက်သည်။ တစ်ဖက်လူက သူမကို လှုံ့ဆော်နေသော်လည်း ထိုသို့သော အားနည်းသူမျိုး၏ လုပ်ရပ်ကြောင့် သူမ၏ စိတ်ကို လုံးဝ လှုပ်ခတ်နိုင်ခြင်း မရှိချေ။ သူမက ယန်ချင်းကို လျစ်လျူရှု၍ ခြေလှမ်းကို ရှေ့သို့ တိုးလိုက်ကာ ယန်ချင်းကို ကျော်ဖြတ်၍ တောင်ပေါ်သို့ တက်သွားခဲ့သည်။
ချင်းရှောင်တောင်သည် အဓိက တောင်ထွတ် ဖြစ်သော်လည်း ဘုရားဖူးများက ငါးပါးသော မူလနတ်ဘုရားတို့ကို ကိုးကွယ်ရန် တစ်နှစ်ပတ်လုံး တောင်ပေါ်သို့ တက်ရောက်လေ့ ရှိကြသည်။ ထို့ကြောင့် စုန့်ချန်ရှန်းတယောက် ချင်းရှောင်ဂိုဏ်း၏ ဂိုဏ်းဝတ်ရုံကို ဝတ်ဆင်ထားခြင်း မရှိသော်လည်း မည်သူမျှ သံသယ ဝင်ကြမည် မဟုတ်ပေ။
ဝင်ရောက်ခွင့် ရရှိသူများသည် စိစစ်မှုများကို ကျော်ဖြတ်ပြီးသူများ ဖြစ်ရမည်ဟု ဂိုဏ်းသားအများစုက ယုံကြည်ထားကြသည်။
စုန့်ချန်ရှန်း သူ့ကို လုံးဝ လျစ်လျူရှုသွားသည်ကို မြင်သောအခါ ယန်ချင်း ယွင်ချိုင်ကို သတိရသွားသည်။
သူ ယွင်ချိုင်ကို ရှုံးနိမ့်ခဲ့ပြီးနောက်ပိုင်း ထိုမိန်းမက သူ့ကို တည့်တည့်ပင် မကြည့်တော့ဘဲ တွေ့တိုင်း မျက်နှာလွှဲသွားလေ့ ရှိသည်။
ယွင်ချိုင်ကို လက်စားချေရန် အကြိမ်ကြိမ် စဉ်းစားခဲ့ဖူးသော်လည်း ယွင်ချိုင်ကို တွေ့လိုက်တိုင်း ရဲစွမ်းသတ္တိများမှာ ပျောက်ဆုံးသွားစမြဲပင်။
ယွင်ချိုင်ကို ရှုံးနိမ့်ခြင်းကပင် ရှက်စရာ ကောင်းနေပြီ ဖြစ်ရာ ဒုတိယမြောက် မိန်းမတစ်ယောက်က သူ့ကို အထင်သေးသွားခြင်းကို သူ မည်သို့ ခံနိုင်မည်နည်း။
"ရပ်စမ်း!"
ယန်ချင်း အော်ဟစ်လိုက်တော့ စုန့်ချန်ရှန်းက ရပ်တန့်လိုက်ပြီး ခေါင်းကို အနည်းငယ် လှည့်၍ မျက်လုံးထောင့်မှလှမ်းကြည့်လိုက်သည်။
ချက်ချင်းပင် ကြောက်မက်ဖွယ်ကောင်းလောက်အောင် ပြင်းထန်လှသော ဖိအားကြီး ယန်ချင်းကို ဖုံးလွှမ်းသွားသဖြင့် သူ့အမူအရာ သိသိသာသာ ပြောင်းလဲသွားသည်။ သူ့ခန္ဓာကိုယ်တစ်ခုလုံး အေးစက်သွားပြီး ရေခဲဂူထဲတွင် ရှိနေလို ခံစားလိုက်ရသည်။ ဘဝတွင် တစ်ခါမျှ မကြုံဖူးသေးသော ကြောက်ရွံ့မှုများလည်း သူ့ရင်ထဲတွင် ပေါက်ကွဲထွက်လာတော့သည်။
သူသည် လှုပ်ရှားနိုင်ခြင်း မရှိတော့ဘဲ စိတ်ဝိညာဉ်ကို မရေမတွက်နိုင်သော ထက်မြက်သည့် ဓားများဖြင့် အချုပ်အနှောင် ခံထားရသလို ဖြစ်သွားပြီး ဝိညာဉ်အသိအာရုံသည်လည်း အေးခဲသွားခဲ့သည်။
ယန်ချင်း ဓားမိစ္ဆာ၏ ဓမ္မပုံရိပ် နယ်မြေကို သတိရသွားပြီး သူ့မျက်နှာပေါ်တွင် စိတ်ပျက်အားငယ်သည့် အရိပ်အယောင်များ ပေါ်ထွက်လာတော့သည်။
…………
လီချင်းချိုးက လင်းရှောင်ခြံဝင်းအတွင်း ထိုင်၍ ယင်ကျင်းရှင်း၏အချက်အလက်များကို စစ်ဆေးကြည့်နေသည်။
သူသည် ယင်ကျင်းရှင်း၏ ကိုယ်ရေးအချက်အလက်ကို တွေ့လိုက်ရချိန်တွင် ၎င်းကို နှိပ်လိုက်ရာ ယင်ကျင်းရှင်း၏ ကိုယ်ပိုင် စာမျက်နှာမှာ သူ အရင်က မဟာကံကြမ္မာ ခန္ဓာကိုယ်ကံကြမ္မာကို ရှာဖွေစဉ်က တွေ့ခဲ့ရသည့် အတိုင်းပင် ဖြစ်နေသည်ကို မြင်လိုက်ရမှသာ စိတ်အေးသွားတော့သည်။
နာမည် တူနေသော်လည်း လူမှားနေခြင်းမျိုးဖြစ်မည်ကိုလည်း စိုးရိမ်နေခဲ့မိသည်။
ကံကောင်းထောက်မစွာဖြင့် ရှန်ယွဲ့၏ လုပ်ဆောင်ချက်က ယုံကြည်ရသည်။
ရှန်ယွဲ့နှင့် ကျန်းကျောက်ရှားတို့ လေး၊ ငါးနှစ်ခန့် ဂိုဏ်းနှင့်ဝေးကွာနေခဲ့သဖြင့် အခုအချိန်မှစ၍ သူတို့ကို ထပ်မံ စေလွှတ်တော့မည် မဟုတ်ဘဲ သူတို့၏ ကျင့်ကြံခြင်းကိုသာ အာရုံစိုက်စေတော့မည် ဖြစ်သည်။
ကျင့်ကြံခြင်း အဆင့်မှာ အရေးအကြီးဆုံး အချက် ဖြစ်ပြီး လီချင်းချိုးအနေနှင့် သူတို့ကို ဂိုဏ်း၏ ထိပ်တန်း အဆင့်မှ ကျဆင်းသွားစေလိုခြင်း မရှိချေ။
ယင်ကျင်းရှင်းကို ကျင့်ကြံပေးရန် အစီအစဉ်တစ်ခုပင် စတင် တွေးတောနေခဲ့မိသည်။
ပထမဦးစွာ တုနှိုင်းမဲ့ ယန်စွမ်းအား ခန္ဓာကိုယ်ကို ဖွင့်လှစ်ပေးရမည် ဖြစ်ပြီး ၎င်းကို စောစီးစွာ ဖွင့်လှစ်နိုင်လေ ယင်ကျင်းရှင်း၏ ပါရမီ ပိုမို ကြီးမားလာလေ ဖြစ်လာပေမည်။ လက်ရှိတွင် ယင်ကျင်းရှင်းက ကျင့်ကြံခြင်း ပါရမီနှင့် နားလည်နိုင်စွမ်း အလွန် နိမ့်ကျနေသဖြင့် အရင်းအမြစ်များ ပေးအပ်ခြင်းမှာ အချည်းနှီးသာ ဖြစ်ပေမည်။
လီချင်းချိုးကတော့ ယင်ကျင်းရှင်း ကြီးပြင်းလာသည်အထိ မစောင့်လိုပေ။ သူသည် ယင်ကျင်းရှင်းကို ယွမ်လီထက်ပင် ပိုမို ထူးချွန်စေချင်ပြီး ယွမ်လီကိုပါ လှုံ့ဆော်ပေးနိုင်ရန် မျှော်လင့်ထားသည်။
ယွမ်လီ နိုးထလာပြီးနောက် ရွှီနင်း၊ ကျောက်ကျိန်း၊ ကျိယာနှင့် ဟူယန်တို့လည်း ကျင့်ကြံခြင်းအပေါ် ပိုမို အပြုသဘောဆောင်လာပြီး စွမ်းအားများလည်း လျင်မြန်စွာ တိုးတက်လာသဖြင့် တရားမျှတသော အတွင်းပိုင်း ယှဉ်ပြိုင်မှုများ လိုအပ်ကြောင်း သက်သေပြနေပေသည်။
ယင်ကျင်းရှင်းက အလွန် ငယ်ရွယ်သေးသဖြင့် လီချင်းချိုး သူ့ကို အတင်းအကျပ် မလုပ်လိုသော်လည်း အချိန်အကြာကြီးလည်း စောင့်မနေလိုပေ။
ထိုမတိုင်မီတွင် ယင်ကျင်းရှင်းအား စိတ်ဓာတ်ပိုင်းဆိုင်ရာ လမ်းညွှန်မှုများ ပေး၍ နိုးထလာမည့် အချိန်ကို မျှော်လင့်တကြီး စောင့်စားတတ်အောင် ပြုလုပ်ပေးရမည် ဖြစ်သည်။
ယင်ကျင်းရှင်းဘက်က အမှန်တကယ်ပင် ဆန္ဒမရှိပါက အလုပ်ရှုပ်သွားမည်ကိုလည်း လီချင်းချိုး စိုးရိမ်နေမိသည်။
အကယ်၍ ထိုသို့သာ ဖြစ်ပါက ယင်ကျင်းရှင်းကို အတင်းအကျပ်တွန်းအားပေးနေမည်မဟုတ်ပေ။ အဆိုးဆုံးအနေဖြင့် တုနှိုင်းမဲ့ ယန်စွမ်းအား ခန္ဓာကိုယ်ကံကြမ္မာကို ကူးယူ၍ မိမိကိုယ်တိုင် မီးလျှံများထဲသို့ ခုန်ဆင်းရုံသာ ရှိတော့သည်။
ညဉ့်နက်မှသာ လီချင်းချိုး လှိုဏ်ဂူသို့ ပြန်ရောက်လာသည်။
ရှန်ယွဲ့တို့ ပြန်ရောက်လာခြင်းက သူ့ကို စိတ်အလွန် ရွှင်လန်းစေခဲ့ပြီး လင်းချွမ်နှင့် နန်ကုန်းအာတို့နှင့်ပင် ခဏတာ စကားစမြည် ပြောဆိုဖြစ်ခဲ့သည်။
စစ်ပွဲ ပြီးဆုံးသွားပြီးနောက် ဝေထျန်းရှုံးက နောက်ဆက်တွဲ ကိစ္စများကို တာဝန်ယူကာ စောစီးစွာ ပြန်လည် ရောက်ရှိလာသော ချူကျင်းကတော့ ဂိုဏ်း၏ အတွင်းပိုင်း ရေးရာများကို ပြန်လည် စီစဉ်နေသည်။
တစ်နှစ်တာ ကုန်ဆုံးချိန်တွင် ဂိုဏ်း၏ အာရုံစိုက်မှုများက အပြင်ပိုင်း ကိစ္စများတွင်သာ ရှိနေသဖြင့် ဂိုဏ်း၏ ခန်းမဆောင် အသီးသီးတွင် ပြဿနာများစွာ ပေါ်ပေါက်လာခဲ့ရာ ချူကျင်းမှာ ယခုအခါတွင် သူတို့နှင့် ရှင်းလင်းမှုများ ပြုလုပ်နေသည်။
မွန်းတည့်ချိန်တွင် လီချင်းချိုး လင်းရှောင်ခြံဝင်းတွင်းသို့ ရောက်ရှိလာပြီး အချိန်အတော်ကြာ စောင့်ဆိုင်းနေသော ချူကျင်းက အခြေအနေများကို အစီရင်ခံခဲ့သည်။
အစွမ်းထက် မိသားစုဝင်များစွာက ဂိုဏ်း၏ ပဋိပက္ခများကို အခွင့်ကောင်းယူ၍ ခန်းမဆောင် ခေါင်းဆောင်များကို လာဘ်ထိုးကာ မိမိတို့၏ သားသမီးများကို နေရာသွင်းခဲ့ကြသည်။ အချို့မှာလည်း မိမိတို့၏ ရာထူးများကို အသုံးပြု၍ အကျိုးအမြတ်များ ရှာဖွေခဲ့ကြသလို အချို့မှာ စာကြည့်တိုက်အထိပင် လက်တံများ ဖြန့်ကျက်လာခဲ့သည်။
ချူကျင်း ပြုစုထားသော ပြစ်မှုစာရင်းကို ကြည့်ရင်း လီချင်းချိုး မျက်မှောင် ကြုတ်လိုက်မိသည်။
တစ်ဦးချင်းစီ၏ ငွေကြေးခိုးယူမှုများက သေးငယ်သည်ဟု ထင်ရသော်လည်း ပေါင်းလိုက်လျှင် ပမာဏ ကြီးမားလှသည်။ သူ ဂိုဏ်းထဲတွင် အမြဲ ရှိနေပါလျက်နှင့် ဤလူများ ဤမျှအထိ ရဲတင်းစွာ လုပ်ဆောင်ရက်ကြသည်။
လီချင်းချိုးကို အံ့အားသင့်သွားစေသည်မှာ ကျူးမိသားစုဝင်များထဲမှ မည်သူမျှ ဤအတွင်းပိုင်း သန့်စင်ရေးတွင် မပါဝင်ခြင်း ဖြစ်ပြီး အရင်က သတိပေးချက်များက ထိရောက်မှု ရှိခဲ့ပုံ ရသည်။
"ဂိုဏ်းချုပ်...ဟူရှန်းအစောင့်အရှောက် အရေအတွက်ကို တိုးချဲ့လိုက်ရမလား..." ဟု ချူကျင်းက ရုတ်တရက် မေးမြန်းလိုက်သည်။
ဟူရှန်းအစောင့်အရှောက်မှာ လက်ရှိတွင် လူ ၅၀ သာ ရှိပြီး ချူကျင်း ဦးဆောင်၍ ဂိုဏ်း၏ အတွင်းပိုင်း စုံစမ်းစစ်ဆေးမှုများကို တာဝန်ယူထားရသည်။ ဤဂိုဏ်းသားများမှာ လီချင်းချိုးအပေါ် အလွန် သစ္စာရှိကြပြီး လီချင်းချိုးကလည်း အရင်းအမြစ်များစွာ ပံ့ပိုးပေးထားသဖြင့် လူတစ်ဝက်ခန့်က ဝိညာဉ်အသိအာရုံအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်ကာ အားနည်းသူများပင်လျှင် မူလအားဖြည့်နယ်ပယ်၏ နဝမအဆင့်တွင် ရှိနေကြသည်။
လီချင်းချိုးက ….
"ဟူရှန်းအစောင့်အရှောက်ဆိုတာ အရေအတွက် မဟုတ်ဘူး၊ အရည်အချင်းပဲ..." ဟု ပြန်ဖြေလိုက်ပြီး ချူကျင်းကို အဓိပ္ပာယ်ပါသော အကြည့်ဖြင့် တစ်ချက် ကြည့်လိုက်သည်။
ချူကျင်း ခေါင်းငုံ့၍ နောက်ထပ် စကားမဆိုတော့ပေ။
လီချင်းချိုးက လက်ထဲက စာအုပ်ကို ဖတ်ပြီးနောက်….
"ဂိုဏ်းရဲ့ စည်းမျဉ်းအတိုင်းပဲ ဘယ်သူ့ကိုမှ မညှာတာဘဲ ရှင်းပစ်လိုက်..." ဟု ဆိုလိုက်သည်။
"ဟုတ်ကဲ့!"
ချူကျင်းက ချက်ချင်းပင် အမိန့်ကို လက်ခံလိုက်ပြီး စားပွဲပေါ်ရှိ စာအုပ်ကို သိမ်း၍ ထွက်ခွာသွားလေသည်။
သူ ထွက်ခွာသွားပြီးနောက် လီချင်းချိုးက…
"သူတို့က ငါ့ထက်တောင် ပိုပြီး ယူသွားကြသေးတယ်... သူတို့လို လူတွေက သေသင့်တယ်..." ဟု ရေရွတ်လိုက်လေသည်။
ဂိုဏ်း ပိုမို အားကောင်းလာသည်နှင့်အမျှ လီချင်းချိုးအပေါ် ကန့်သတ်ချက်များမှာလည်း ပိုမို များပြားလာသည်။ သူ လိုချင်သလောက် မယူနိုင်တော့သည့်အပြင် အထက်လူကြီးများကလည်း ကိုယ်ကျင့်တရားနှင့် စိတ်ခံစားမှုများကို အသုံးပြု၍ သူ့ကို ခြိမ်းခြောက်လာကြပြီး လူတိုင်းကလည်း တိုင်တန်းမှုများ ပြုလုပ်နေကြသဖြင့် လီချင်းချိုးမှာ ပိုမို တောင်းဆိုရန် ဝန်လေးလာသည်။ ဤသည်ကလည်း သူ ချစ်ခင်သည့် ဂိုဏ်းသားများကို လွတ်လပ်စွာ ကျင့်ကြံခွင့် မပေးနိုင်တော့ဘဲ အကောင်းဆုံး အခြေအနေသို့သာ ပြောင်းရွှေ့ပေးနိုင်တော့သည်။
လီချင်းချိုးအနေနှင့် ကပ်ပါးကောင်များကို လုံးဝ မရှင်းလင်းနိုင်ကြောင်းကိုလည်း နားလည်ထားသည်။ တစ်သုတ်ကို သတ်ပစ်လိုက်လျှင်လည်း နောက်ထပ် တစ်သုတ် ပေါ်လာဦးမည်သာ ဖြစ်သည်။
ဤသည်မှာ ဂိုဏ်းချုပ်တစ်ယောက်၏ တာဝန် ဖြစ်သဖြင့် အခြေအနေနှင့်အညီ ဂိုဏ်း၏ ဝန်ထမ်းဖွဲ့စည်းပုံကို အမြဲတမ်း ပြင်ဆင်နေရပေမည်။
အနာဂတ်တွင် ကြုံတွေ့ရမည့် အတွင်းအပြင် ပြဿနာများအတွက် ကိုယ်ပိုင်စွမ်းအားများကို အရင်ဆုံး မြှင့်တင်ထားရမည် ဖြစ်ပြီး မည်သည့် အင်အားစုကမှ သူ့ကို ဝါးမျိုမသွားစေရန် အခိုင်မာဆုံး နေရာတွင် ရှိနေရပေမည်။
မည်သို့ပင်ဖြစ်စေ လီချင်းချိုး စိတ်ကြည်လင်နေဆဲပင်။ လူများစွာ၏ သစ္စာရှိမှု ကျဆင်းလာမည် ဖြစ်ကြောင်း သူ သိရှိထားပြီး စိတ်ခံစားမှုများကြောင့် လမ်းလွဲသွား၍ မရပေ။ အရာအားလုံး၏ အမှန်တရားကို သူ သေချာပေါက် မြင်နိုင်ရမည်။
ထိုနေ့တွင်ပင် ဓားမိစ္ဆာ ပြန်လည် ရောက်ရှိလာပြီး လီချင်းချိုးကို အခြေအနေများကို အကျဉ်းချုပ် အစီရင်ခံခဲ့သည်။ သူသည် ဝမ့်ယင်းဂိုဏ်း၏ ကိုးဦးမြောက် အကြီးအကဲများ ပိုင်ဆိုင်သည့် သိုလှောင်အိတ် နှစ်လုံးကို စားပွဲပေါ် တင်ပေးလိုက်သဖြင့် လီချင်းချိုး အံ့ဩသွားရသည်။
ဓားမိစ္ဆာမှာ ချီးကျူးစရာ အခွင့်အရေးပင် မပေးဘဲ ထွက်ခွာသွားသည်။ သူ့ကို ကျောခိုင်း၍ ထွက်ခွာသွားပုံကို ကြည့်ရင်း လီချင်းချိုးက ဓားလမ်းစဉ်ကျင့်ကြံသူများက တကယ်ကို အသုံးဝင်ကြောင်း တွေးမိလိုက်သည်။
ဓားလမ်းစဉ်ကျင်ကြံသူတိုင်းတွင် စွမ်းရည်ကိုယ်စီရှိပြီး ထိရောက်မှု ရှိသည်။
ချင်းရှောင်ဂိုဏ်းရှိ ခန်းမဆောင်များအားလုံးတွင် ဓားဂိုဏ်းမှာ အတွင်းပိုင်း ပြဿနာ အနည်းဆုံး ဖြစ်ရာ ဤအချက်ကပင် သက်သေပြနေပေသည်။
လီချင်းချိုး ဂိုဏ်းချုပ်တံဆိပ်ပြားကို ထုတ်၍ သိုလှောင်အိတ်များကို စစ်ဆေးရန် ကျန်းယွီချွန်းကို ခေါ်ဖို့ ပြင်လိုက်သော်လည်း တစ်ခဏမျှ ချီတုံချတုံ ဖြစ်ပြီးနောက် တံဆိပ်ပြားကို သိုလှောင်အိတ်ထဲသို့ ပြန်ထည့်လိုက်သည်။ သူ အမြဲတမ်း ဤမျှ ရက်ရောနေ၍ မဖြစ်ပေ။
သူ အမြဲတမ်း ပေးကမ်းနေ၍ မဖြစ်ရသလို ဂိုဏ်း၏ ဖွံ့ဖြိုးတိုးတက်မှုကလည်း သူ တစ်ဦးတည်းအပေါ် မူတည်နေ၍ မရပေ။
လီချင်းချိုးသည် ကိုးဦးမြောက် အကြီးအကဲ၏ သိုလှောင်အိတ် နှစ်လုံးကို ယူ၍ နန်ကုန်းအာထံသို့ သွားရောက်ကာ အကူအညီ တောင်းရန် ပြင်ဆင်လိုက်သည်။
အခြား တစ်ဖက်တွင်….
ဓားမိစ္ဆာ ဓားဂိုဏ်းသို့ ပြန်ရောက်ပြီး ကိုယ်ပိုင် ခြံဝင်းထဲသို့ ဝင်သွားခဲ့သည်။
ခြံဝင်းထဲသို့ ဝင်လိုက်သည်နှင့် ခြေလှမ်း ရပ်တန့်၍ ခေါင်းလှည့်ကြည့်လိုက်တော့ ခြံစည်းရိုးပေါ်တွင် ရပ်နေသည့် အဖြူရောင် ဝတ်စုံနှင့် အမျိုးသမီးတစ်ဦးကို သူ မြင်လိုက်ရသည်။
ထိုသူမှာ အခြားသူ မဟုတ်ဘဲ စုန့်ချန်ရှန်း ဖြစ်နေသည်။
စုန့်ချန်ရှန်းကို မြင်သောအခါ ဓားမိစ္ဆာက မျက်မှောင် ကြုတ်၍ ….
"မင်း ဒီမှာ ဘာလုပ်နေတာလဲ..."
စုန့်ချန်ရှန်းက သူ့ကို ငုံ့ကြည့်၍ ရယ်မောလိုက်ပြီး…
"မိုးပြာနဂါးနယ်မြေ တစ်ခုလုံးမှာ ကျော်ကြားတဲ့ ဓားမိစ္ဆာက ဂိုဏ်းငယ်လေးတစ်ခုကို အမှုထမ်းဖို့ ဆန္ဒရှိလိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး... လီချင်းချိုးနဲ့ လီပိုင်... သူတို့နှစ်ယောက်က တစ်ယောက်တည်း ဖြစ်နေတာလား..."
"မင်း အခုချက်ချင်း ထွက်သွားတာ ပိုကောင်းမယ်... ပြဿနာ မတက်ချင်ရင်ပေါ့..."
"ဘာလဲ... ငါ လီပိုင်ကို မယှဉ်နိုင်ဘူးလို့ ထင်နေတာလား..."
"ငါ ဒီမှာ ရပ်နေတာကိုပဲ ကြည့်လေ.. ဘယ်လိုထင်လဲ..."
ဓားမိစ္ဆာ၏ အကြည့်ကို ရင်ဆိုင်ရချိန်တွင် စုန့်ချန်ရှန်း တိတ်ဆိတ်သွားသည်။
သူတို့နှစ်ဦး အရင်ကတည်းက အကြိမ်ကြိမ် ထိပ်တိုက်တွေ့ဆုံခဲ့ဖူးပြီး တစ်ဦးနှင့်တစ်ဦး အနိုင်အရှုံး မပေါ်ခဲ့ပေ။ စုန့်ချန်ရှန်းမှာ မိမိကိုယ်ကိုယ် ဓားမိစ္ဆာထက် ပိုအစွမ်းထက်သည်ဟု ခံစားနေရသော်လည်း သူ့ကို အနိုင်ယူနိုင်လိမ့်မည် မဟုတ်ကြောင်းကိုတော့ သိရှိထားသည်။
စုန့်ချန်ရှန်းက…
"ငါ ရောက်လာနှင့်ပြီးသား ဖြစ်လို့ ငါ သူ့ကို စိန်ခေါ်ကြည့်မယ်... နင် ကြည့်ချင်လား..." ဟု ဆိုလိုက်သည်။
ဤစကားကို ကြားသောအခါ ဓားမိစ္ဆာက မျက်ခုံးပင့်၍ …
"မင်းရဲ့ ချန်ရှန်းဓားဆန္ဒ အထွတ်အထိပ် ရောက်သွားပြီလား..."
စုန့်ချန်ရှန်းက ယုံကြည်မှု ရှိစွာဖြင့် ပြုံးလိုက်ပြီး စကားဖြင့် ပြန်မဖြေပေ။
သူတို့နှစ်ဦးမှာ ထပ်မံ၍ တိတ်ဆိတ်သွားပြန်သည်။
အချိန်အတော်ကြာပြီးနောက်…
ဓားမိစ္ဆာက…
"မင်းအတွက် စိန်ခေါ်စာ ပို့ပေးရမလား..."
"ဒါပေါ့... မဟုတ်ရင် ငါက မကောင်းတဲ့ ရည်ရွယ်ချက်နဲ့ လာသလို ဖြစ်နေလိမ့်မယ်... ဒီတိုက်ပွဲကို လျှို့ဝှက်စွာပဲ တိုက်ခိုက်ကြတာပေါ့..."
"ကောင်းပြီ..."
နောက်ထပ် စကားမဆိုတော့ဘဲ ဓားမိစ္ဆာက လှည့်ထွက်သွားသည်။
အချိန်အနည်းငယ် ကြာပြီးနောက် လင်းရှောင်ဝင်းအတွင်း၌…..
လီချင်းချိုးတယောက် စုန့်ချန်ရှန်းအတွက် လက်ဖက်ရည် ငှဲ့ပေးနေချိန်တွင် သူမကို ကြည့်ရင်း အနေရခက်နေသည်။
ဤလူမှာ ချင်းရှောင်ဂိုဏ်းထဲသို့ မည်သူမျှ မသိအောင် ဝင်လာနိုင်ခဲ့ပြီး သူကိုယ်တိုင်ပင် လုံးဝ မသိရှိခဲ့ပေ။
ယခု စုန့်ချန်ရှန်း သူ့ရှေ့တွင် ရပ်နေသဖြင့် သူမကို အလွန် ရှင်းလင်းစွာ မြင်နေရသည်။
ဤအမျိုးသမီး၏ အရှိန်အဝါမှာ မရှိသလောက် ဖြစ်သော်လည်း ခန္ဓာကိုယ်ထဲရှိ ဓားစွမ်းအင်များကတော့ အလွန် ကြောက်မက်ဖွယ်ကောင်းပြီး ကောင်းကင်နေမင်းနယ်ပယ်၏ နဝမအဆင့်ရှိ ဓားမိစ္ဆာထက်ပင် သာလွန်နေသည်။
ဓားစွမ်းအင် တစ်ခုတည်းကိုသာ ကြည့်လျှင် လီချင်းချိုးမှာ သူမ၏ ပြိုင်ဘက် မဟုတ်ပေ။
သူ့တသက်တာတွင် ဤမျှ သန့်စင်ပြီး အစွမ်းထက်သော ဓားစွမ်းအင်မျိုးကို တစ်ခါမျှ မတွေ့ဖူးခဲ့ချေ။ ဤဓားစွမ်းအင်သာ ပေါက်ကွဲထွက်လာပါက မည်မျှ ကြောက်မက်ဖွယ်ကောင်းမည်ကို စိတ်ကူးကြည့်ရန်ပင် ခက်ခဲလှသည်။
အနှီအမျိုးသမီးတဉီးတည်းကပင် ထိုက်ခွန်းတောင်တန်း တစ်ခုလုံးကို အချိန်တိုအတွင်း ပြားပြားဝပ်သွားအောင် ဖျက်ဆီးပစ်နိုင်ပေမည်။
စုန့်ချန်ရှန်း ပေါ်လာခြင်းက လီချင်းချိုးအတွက် သတိပေးချက်တစ်ခု ဖြစ်ခဲ့သည်။ သူသည် ဝေထျန်းရှုံး၏ ကောင်းကင်စက်ဝန်းငယ်အစီအရင်ကိုအားကိုးနေခဲ့မိသော်လည်း သေချာ စစ်ဆေးကြည့်လိုက်လျှင် ဝေထျန်းရှုံးမှာ ကောင်းကင်နေမင်းနယ်ပယ်တွင် အစွမ်းထက်သူဟု မသတ်မှတ်နိုင်ပေ။
"ငါ နင့်ကို လီချင်းချိုးလို့ ခေါ်ရမလား ဒါမှမဟုတ် လီပိုင် လို့ ခေါ်ရမလား..."
စုန့်ချန်ရှန်းက လီချင်းချိုးကို စိတ်ဝင်တစားဖြင့် မေးမြန်းလိုက်သည်။
"လီပိုင်... အဲဒီနာမည်ကို ဘယ်လိုလုပ် သိတာလဲ..."
လီချင်းချိုး အံ့ဩတကြီး မေးလိုက်သည်။
စုန့်ချန်ရှန်းနဲ့ ကျိုးလင်ဟွမ်းတို့ တစ်ဦးနှင့်တစ်ဦး သိနေကြတာလား။
စုန့်ချန်ရှန်းက ရယ်မော၍….
"နင်က ထျန်းချင်းမသေမျိုးဂိုဏ်း ဂိုဏ်းချုပ်ရဲ့ အချစ်တော်လေးကို ကယ်တင်ခဲ့ပြီး ဓားမိစ္ဆာကို လက်အောက်ခံအောင် လုပ်ခဲ့တာလေ... ဒီအကြောင်းအရာ နှစ်ခုက မိုးပြာနဂါးနယ်မြေ တစ်ခုလုံးမှာ ပျံ့နှံ့နေပြီ... ငါ နင့်နာမည်ကို ကြားဖူးတာ သဘာဝကျတာပဲ... ဒါပေမဲ့ နင်က ဓာလမ်းစဉးကျင့်ကြံသူ ဖြစ်မယ်လို့တော့ မထင်ထားခဲ့မိဘူး..."
ဤသတင်းကို ကြားရသဖြင့် လီချင်းချိုး အံ့ဩသွားရပြီး သတင်းများ ဤမျှ မြန်ဆန်စွာ ပျံ့နှံ့သွားလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။
သူသည် ကျိုးလင်ဟွမ်း ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခြင်း ဖြစ်မည်ဟုပင် သံသယ ဝင်မိသည်။
စုန့်ချန်ရှန်းက….
"ကဲ... အဓိက အချက်ကို ပြန်သွားရအောင်... တိုက်ခိုက်ကြည့်ကြတာပေါ့... ဘယ်သူနိုင်နိုင် ရှုံးနိုင် အငြိုးအတေး မထားပါဘူး... ငါ ထွက်သွားပြီးရင် နင့်အကြောင်းကို ဘယ်သူ့ကိုမှ မပြောပြဘူး... ငါ သိတာက လီချင်းချိုးပဲ..လီပိုင် မဟုတ်ဘူး..."
ဤစကားကို ကြားပြီးနောက် လီချင်းချိုးက ချက်ချင်း သဘောတူခြင်း မရှိဘဲ ပေါ့ပေါ့ပါးပါး မေးလိုက်သည်။
"ချင်းရှောင်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်အနေနဲ့ကျုပ်နယ်မြေမှာ ကျုပ်ရှုံးနိမ့်သွားရင် ဆုံးရှုံးမှုကး ကြီးမားလိမ့်မယ်...ခင်ဗျား ရှုံးသွားရင် မိုးပြာနဂါးနယ်မြေကို ပြန်သွားရုံပဲလေ… ဘယ်သူကမှ ခင်ဗျားကို မှတ်မိနေမှာ မဟုတ်ဘူး... ဒါက တရားမျှတတယ်လို့ ထင်လား..."
ဤစကားကို ကြားသောအခါ ဓားမိစ္ဆာက လက်ဖက်ရည်ခွက်ကို ချက်ချင်း ကောက်ကိုင်၍ သောက်လိုက်သည်။
စုန့်ချန်ရှန်းက သူ့ကို ကြည့်၍….
"နင် ဘာလိုချင်တာလဲ... ဓားသိုင်းပဲ ဖြစ်ဖြစ် မှော်လက်နက်ပဲ ဖြစ်ဖြစ် ကြိုက်တာ ပြောလိုက်..."
စုန့်ချန်ရှန်းကို ချင်းရှောင်ဂိုဏ်းထဲသို့ ဝင်ရောက်လာအောင် တိုက်ရိုက် လုပ်ဆောင်ဖို့ လက်တွေ့မကျကြောင်း လီချင်းချိုး ခံစားလိုက်ရသော်လည်း စုန့်ချန်ရှန်းတွင် အလွန် ထူးကဲသော ကံကြမ္မာ တစ်ခုခု ရှိနေမည်မှာ သေချာသည်။
"ခင်ဗျား ရှုံးသွားရင် ချင်းရှောင်ဂိုဏ်းမှာ တပည့်အဖြစ် ၁၀ နှစ် နေပေးရမယ်၊ ဓားဂိုဏ်းသားတွေကို ဓားသိုင်း သင်ပေးရမယ်... ခင်ဗျား နိုင်သွားရင်တော့ ရှန်ယွဲ့နဲ့ ကျန်းကျောက်ရှားကို ခေါ်ပြီး ကောင်းကင်ဓားဂိုဏ်းဆီပို့ပေးမယ်..."
ဤစကားလုံးများက ဓားမိစ္ဆာကို အံ့ဩသွားစေသလို စုန့်ချန်ရှန်းကလည်း အံ့ဩသည့် အမူအရာ ပြသလာသည်။
ဤသည်မှာ ကြီးမားလှသော လောင်းကြေးတစ်ခုဖြစ်ပေသည်။