အခန်း ၃၆၂
Vol. 37 Ch. 362
အခန်း (၃၆၂) လင်းလင်ကျိုး၏ အံ့အားသင့်မှု…..
စုန့်ချန်ရှန်းက လီချင်းချိုး၏ အကြံပြုချက်ကို သဘောတူလိုက်သည်။ လီချင်းချိုး အခုလို တိုက်ရိုက် တောင်းဆိုလိမ့်မည်ဟု မမျှော်လင့်ထားခဲ့သဖြင့် အံ့အားသင့်သွားရသည်။
လီချင်းချိုးက သူမကို ဤညတွင် အနားယူရန် ပြောလိုက်ပြီး နောက်တစ်နေ့ မွန်းတည့်ချိန်တွင် ချင်းရှောင်ဂိုဏ်းသားများ ရှေ့မှောက်၌ ထပ်မံ ယှဉ်ပြိုင်ကြရန် စီစဉ်လိုက်သည်။
စုန့်ချန်ရှန်းကလည်း လှည့်ကွက်များကို မကြောက်ရွံ့ဘဲ ထပ်မံ သဘောတူလိုက်သည်။
လီချင်းချိုးက ရှောင်ဝူချင်းကို သူမအတွက် တည်းခိုရန် နေရာစီစဉ်ပေးခိုင်းလိုက်ပြီးနောက် ကျူးယန်ကို ခေါ်ယူ၍ ဓားဂိုဏ်းအတွင်း၌ ယာယီ ယှဉ်ပြိုင်ရေးစင်မြင့်တစ်ခုကို နောက်တစ်နေ့ မွန်းတည့်ချိန် မတိုင်မီ အပြီးဆောက်လုပ်ရန် ညွှန်ကြားလိုက်သည်။
ကျူးယန် ဇဝေဇဝါဖြစ်သွားသော်လည်း ချက်ချင်းပင် အမိန့်အတိုင်း လုပ်ဆောင်ရန် ထွက်ခွာသွားခဲ့သည်။
လီချင်းချိုးက ကျန်းယွီချွန်း၊ ကျန်းကျောက်ရှားတို့ အပါအဝင် ဂိုဏ်း၏ အဆင့်မြင့် ပုဂ္ဂိုလ်များကိုလည်း နောက်တစ်နေ့တွင် ဓားဂိုဏ်းသို့ လာရောက်၍ တိုက်ပွဲကို ကြည့်ရှုရန် အကြောင်းကြားလိုက်သည်။
ထိုသတင်း လျင်မြန်စွာ ပျံ့နှံ့သွားသဖြင့် ခန်းမဆောင် အသီးသီးရှိ ဂိုဏ်းသားများအကြား စိတ်လှုပ်ရှားမှုများ ဖြစ်ပေါ်လာခဲ့သည်။
ဂိုဏ်းချုပ်နှင့် အခြားဂိုဏ်းများမှ အစွမ်းထက်သူများ၏ ယှဉ်ပြိုင်မှုမှာ အသေးအဖွဲ ကိစ္စ မဟုတ်ပေ။ ဂိုဏ်းအတွင်းရှိ ဂိုဏ်းသားအများစုမှာ ဂိုဏ်းချုပ်၏ လက်စွမ်းကို တစ်ခါမျှ မမြင်ဖူးခဲ့ကြသေးချေ။
နောက်တစ်နေ့ နံနက်ခင်းတွင် ဓားဂိုဏ်း ပတ်ဝန်းကျင်တွင် လူများ ပြည့်နှက်နေသည်။
ဓားဂိုဏ်း၏ အကြီးဆုံး တပည့် ဟန်လန်လည်း ပြန်လည် ရောက်ရှိနေပြီ ဖြစ်သည်။ သူသည် ဝမ့်ယင်းဂိုဏ်းနှင့် ဖြစ်ပွားခဲ့သော တိုက်ပွဲကြီးတွင် ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သဖြင့် ကုသရန်အတွက် စောစီးစွာ ပြန်လာခဲ့ခြင်း ဖြစ်သည်။ သူသည် လက်ရှိတွင် အလုံးစုံကို တာဝန်ယူထားပြီး ဂိုဏ်းသားများ ဓားဂိုဏ်းအတွင်းသို့ အလုအယက် ဝင်ရောက်လာခြင်းကို တားဆီးနေရသည်။
ဂိုဏ်းချုပ်က တိုက်ပွဲကို ကြည့်ရှုခွင့် မပေးကြောင်း ကြားသိလိုက်ရသောအခါ ဂိုဏ်းသားများက စိတ်ပျက်သွားကြသော်လည်း ထိုနေရာမှ မထွက်ခွာဘဲ စောင့်ဆိုင်းရန် ဆုံးဖြတ်လိုက်ကြသည်။
"ဂိုဏ်းချုပ်ရဲ့ စွမ်းအားနဲ့ဆိုရင် ဒီမှာပဲ ရှိနေရင်တောင် တိုက်ပွဲ စတင်ချိန်မှာ တစ်စုံတစ်ရာတော့ မြင်ရမှာပါ..."
"ဟုတ်တယ်... ဂိုဏ်းချုပ်ရဲ့ ပြိုင်ဘက်က ဘယ်သူများ ဖြစ်မလဲဆိုတာ စိတ်ဝင်စားဖို့ ကောင်းတယ်..."
"စိတ်ကူးယဉ်လို့ မရနိုင်လောက်အောင် အစွမ်းထက်တဲ့သူ ဖြစ်မှာ သေချာတယ်..."
"ဓားမိစ္ဆာလို ချင်းရှောင်ဂိုဏ်းထဲကို ဝင်လာမယ့်သူ ဖြစ်နေမလား..."
"ဝမ့်ယင်းဂိုဏ်းနဲ့များ ပတ်သက်နေမလား..."
ဂိုဏ်းသားများက အပြန်အလှန် ဆွေးနွေးနေကြသဖြင့် ဟန်လန် သူတို့၏ စကားသံများကို ကြားနေရသည်။ သူကိုယ်တိုင်လည်း ဂိုဏ်းချုပ်၏ ပြိုင်ဘက် မည်သူ ဖြစ်မလဲဆိုသည်ကို သိရှိလိုစိတ်ဖြင့် စူးစမ်းနေမိသည်။
ထိုအချိန်တွင်...
လီချင်းချိုး လင်းရှောင်ခြံဝင်းတွင်းသို့ ဆွဲခေါ်ဆောင် ခံလိုက်ရပြီး မေးခွန်းများ အမေးခံနေရသည်။
လီတုန်းယွဲ့၊ လီစစ်ကျင်နှင့် ယွင်ချိုင်တို့ သူ့ရှေ့တွင် ထိုင်နေကြပြီး စိုးရိမ်တကြီးဖြင့် ကြည့်ရှုနေကြသည်။
ယွင်ချိုင်မှာ ယနေ့ ဓားဂိုဏ်းသို့ သွားရောက်ခဲ့ပြီး စုန့်ချန်ရှန်း၏ ကြောက်မက်ဖွယ်ကောင်းသော ဓားဆန္ဒကို ခြံစည်းရိုးအပြင်ဘက်မှတစ်ဆင့် မြင်တွေ့ခဲ့ရသည်။ ဓားဆန္ဒအပေါ်တွင်သာ ကြည့်လျှင် စုန့်ချန်ရှန်းက လီချင်းချိုးထက် များစွာ သာလွန်နေသည်။ထို့ကြောင့် သူမ လီချင်းချိုးအတွက် တကယ်ပင် စိုးရိမ်နေမိသည်။
"သူက ဝမ့်ယင်းဂိုဏ်းချုပ်ဆီကနေ ဓားကို အလွယ်တကူ လုယူခဲ့တဲ့သူနော်.."ဟု လီတုန်းယွဲ့က လီချင်းချိုးကို စူးစိုက်ကြည့်ရင်း ပြောလိုက်သည်။
ထိုအခါ လီချင်းချိုးက နှာမှုတ်၍ "ဝမ့်ယင်းဂိုဏ်းချုပ်က ဘာကောင်မို့လို့လဲ... သူ့ကိုတော့ ငါ အလွယ်လေး ရှင်းပစ်နိုင်ပါတယ်..."
ယွင်ချိုင်က…
"ဂိုဏ်းချုပ်... သူ့ရဲ့ ဓားစွမ်းအင်ကို အာရုံခံနိုင်ရဲ့လား..."
လီချင်းချိုးက ခေါင်းညိတ်ပြလိုက်သည်။ သူသည်လည်းဥပဒေသတစ်သောင်းဝိညာဉ်မျက်လုံးကို ပိုင်ဆိုင်ထားသဖြင့် အကုန်လုံးကို ရှင်းလင်းစွာ မြင်နိုင်ပေသည်။
"ရှင် သတိထားဖို့ လိုတယ်..." ဟု ယွင်ချိုင်က သတိပေးတော့ လီချင်းချိုး အားမလိုအားမရ ပြုံးလိုက်မိသည်။
"ငါ ဘယ်နှစ်ခါလောက် နိုင်ပြမှ မင်းတို့ ငါ့ကို အပြည့်အဝ ယုံကြည်မှာလဲ..."
လီတုန်းယွဲ့က မျက်မှောင် ကြုတ်လိုက်ပြီး….
"ကျွန်မတို့ အစ်ကိုကြီးကို မယုံကြည်တာ မဟုတ်ပါဘူး... အစ်ကိုကြီးကို ဂရုစိုက်လို့၊ စိုးရိမ်လို့ပါ... ဒါကြောင့် အစ်ကိုကြီး ဘယ်လောက်ပဲ အစွမ်းထက်ပါစေ ကျွန်မတို့ အမြဲတမ်း စိုးရိမ်နေမိမှာပဲ..." ဟု ဆိုလိုက်ရာ ထိုစကားက လီချင်းချိုးကို ဆွံ့အသွားစေပြီး တစ်ဖက်တွင်လည နွေးထွေးသွားစေသည်။
လီစစ်ကျင်မှာ မျက်တောင်ခတ်ရင်း စတုတ္ထမြောက် အစ်မတော်တယောက် အခြားသူများကို ဤမျှအထိ ချိုသာစွာ ပြောလေ့မရှိကြောင်း တွေးတောနေမိသည်။
လီတုန်းယွဲ့ကို ကြည့်ရင်း ယွင်ချိုင်မှာ သူမ အရင်က တစ်စုံတစ်ခုကို လျစ်လျူရှုမိခဲ့ကြောင်း ရုတ်တရက် သဘောပေါက်သွားသည်။
"စိတ်မပူကြပါနဲ့... ဒီတိုက်ပွဲအတွက် အပြည့်အဝ ယုံကြည်မှု ရှိပါတယ်... မင်းတို့ အားလုံး လာကြည့်ကြပါ... ကောင်းကင်နေမင်းနယ်ပယ်ရဲ့ စွမ်းအားကို အတွေ့အကြုံ ရသွားအောင် လုပ်ပေးမယ်..."
သူ ဤသို့ ပြောလိုက်သောအခါ အမျိုးသမီး သုံးဦးစလုံး အရှုံးပေးလိုက်ရသည်။ ထို့နောက်တွင် စုန့်ချန်ရှန်း၏ နောက်ခံအကြောင်းကို စတင် ဆွေးနွေးကြတော့သည်။
အချိန်များမှာ ဖြည်းဖြည်းချင်း ကုန်လွန်သွားပြီး…..
ဓားဂိုဏ်းသို့ရောက်လာသူ လူဦးရေ ပိုမို များပြားလာသည်။ ရှန်ယွဲ့နှင့် ကျန်းကျောက်ရှားတို့လည်း ရောက်လာကြသည်။ သူတို့သည် ဓားဂိုဏ်း၏ အဖွဲ့ဝင်များ ဖြစ်ကြသဖြင့် တိုက်ရိုက် ဝင်ရောက်နိုင်ခဲ့သည်။
သူတို့နှစ်ဦး ကျယ်ပြောလှသော လေ့ကျင့်ရေးကွင်း၏ အစွန်းတစ်နေရာသို့ ရောက်ရှိလာပြီး ကောင်းကင်လက်မှုပညာခန်းမမှ ဂိုဏ်းသားများ တိုက်ပွဲဝင်ပုံစံဖြင့် စီတန်းနေသည်ကို ကြည့်ရှုရင်း လာမည့် တိုက်ပွဲအကြောင်း ဆွေးနွေးနေကြသည်။
သူတို့သည် စုန့်ချန်ရှန်း၏ စွမ်းအားကို မြင်တွေ့ခဲ့ရပြီး ဖြစ်သော်လည်း လီချင်းချိုးကိုသာ ယုံကြည်နေဆဲ ဖြစ်သည်။ သူတို့အနေနှင့် ဤသည်မှာ တိုက်ပွဲကြီးတစ်ခု ဖြစ်လာမည်ဟု ထင်မြင်ကြသော်လည်း အောင်ပွဲခံမည့်သူမှာ လီချင်းချိုးသာ ဖြစ်လိမ့်မည်ဟု ယုံကြည်ထားကြသည်။
သူတို့နှစ်ဦး စကားပြောနေချိန်တွင် ရှန်ယွဲ့ ဘေးကို တစ်ချက် ကြည့်လိုက်တော့ မျက်လုံးများ ပြူးကျယ်သွားပြီး ခါးကဓားကို ချက်ချင်း ဆုပ်ကိုင်လိုက်သည်။
"ဘာဖြစ်လို့လဲ..." ဟု ကျန်းကျောက်ရှားက မျက်မှောင် ကြုတ်၍ မေးလိုက်ပြီး ရှန်ယွဲ့ ကြည့်နေသည့် နေရာသို့ လှမ်းကြည့်လိုက်သည်။
ဓားမိစ္ဆာက တံခါးဝရှေ့တွင် မတ်တတ်ရပ်၍ လေ့ကျင့်ရေးကွင်းကို အဝေးမှ ငေးကြည့်နေသည်။
ဓားမိစ္ဆာက ရှန်ယွဲ့ကို တစ်ချက် ကြည့်လိုက်သော်လည်း အံ့ဩခြင်း မရှိပေ။ အမှန်တကယ်တွင် ရှန်ယွဲ့ ပြန်ရောက်လာသည်ကို သူ သိရှိခဲ့သည်။ သူ အလွန် အံ့ဩသွားပြီး ရှန်ယွဲ့ကို သွားရှာရန် တွေးခဲ့သော်လည်း အခွင့်အရေး မရခဲ့ချေ။
ရှန်ယွဲ့၏ ဓားစွမ်းအင် ပြောင်းလဲသွားကြောင်းကိုလည်း အာရုံခံမိသည်။
သူသည် ရှန်ယွဲ့တယောက် အတ္တကင်းမဲ့ဓားဆန္ဒကို ကျွမ်းကျင်သွားပြီဟု သံသယ ဝင်နေသည်။
ဤသည်မှာလည်း သူ စောစီးစွာ ရောက်လာရသည့် အကြောင်းရင်း ဖြစ်သည်။ သူသည် ကောင်းကင်လက်မှုပညာခန်းမမှ ဂိုဏ်းသားများကို ကြည့်နေသည်ဟု ထင်ရသော်လည်း အမှန်တကယ်တွင်မူ ရှန်ယွဲ့ကို စောင့်ကြည့်နေခြင်း ဖြစ်သည်။
"ဒီလူက ဓားမိစ္ဆာပဲ..." ရှန်ယွဲ့ အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီး တိုးတိုးလေး ရေရွတ်လိုက်မိသည်။
ဤသည်မှာ ချင်းရှောင်ဂိုဏ်း ဖြစ်သည်။ လီချင်းချိုး ရှိနေသဖြင့် ဓားမိစ္ဆာကို ကြောက်ရွံ့ခြင်း မရှိသောကြောင့် ဓားမိစ္ဆာနှင့် ဆက်ဆံရေးကို မဖုံးကွယ်ခဲ့ပေ။ ထိုစကားကို ကြားပြီးနောက် ကျန်းကျောက်ရှားက ဓားမိစ္ဆာကို မျက်စိထောင့်ကနေ ကြည့်လိုက်သည်။
သူတို့တွေ ဓားမိစ္ဆာအနားသို့ မသွားကြဘဲ တစ်ဦးကိုတစ်ဦး အကဲခတ်နေကြသည်။
ရှန်ယွဲ့မှာ ဓားမိစ္ဆာ ဘာကြောင့် ဤနေရာတွင် ရှိနေသလဲဟု အလွန် စူးစမ်းနေမိသည်။
စုန့်ချန်ရှန်းနှင့်အတူ လိုက်လာခြင်းများ ဖြစ်မလား။
အချိန်ကုန်လွန်လာသည်နှင့်အမျှ ဓားဂိုဏ်း၏ ဂိုဏ်းသားများ ပိုမို ရောက်ရှိလာပြီး မကြာမီမှာပင် အချို့သူများက ဓားမိစ္ဆာကို သတိပြုမိသွားကြသည်။ ဝမ့်ယင်းဂိုဏ်း၏ နောက်ဆုံးတိုက်ပွဲတွင် ပါဝင်ခဲ့သော ဓားဂိုဏ်းသားများမှာ စိတ်လှုပ်ရှားသွားပြီး ဓားမိစ္ဆာအကြောင်း စတင် ပြောဆိုလာကြသည်။
ရှန်ယွဲ့နှင့် ကျန်းကျောက်ရှားတို့လည်း ဓားမိစ္ဆာ၏ စွမ်းဆောင်ရည်အကြောင်း မကြာမီ သိရှိသွားခဲ့သည်။
သောင်းကျန်းသော ကျင့်ကြံသူများကို တစ်ကိုယ်တည်းဖြင့် ချေမှုန်းနိုင်ခဲ့သူမှာ ဓားမိစ္ဆာ ဖြစ်နေ၏….
ရှန်ယွဲ့ကတော့ အားလုံးထဲတွင် အံ့ဩရဆုံးသူ ဖြစ်ခဲ့ပြီး ချက်ချင်းပင် ဖြစ်နိုင်ခြေများကို တွေးတောမိသည်။
ဓားမိစ္ဆာက သူ့ကို မသတ်ခဲ့ရုံသာမက ဤအခွင့်အရေးကိုပါ ပေးအပ်ခဲ့ခြင်းမှာ လီချင်းချိုးကြောင့်များ ဖြစ်နေမလား။
ဤအခိုက်တွင် ရှန်ယွဲ့မှာ လင်းလင်ကျိုး ချင်းရှောင်ဂိုဏ်းသို့ ပထမဆုံးအကြိမ် ရောက်လာစဉ်ကလို စိတ်ရှုပ်ထွေးနေလေတော့သည်။
သူ့စိတ်ထဲတွင် လီချင်းချိုးမှာ ပိုမို နက်နဲဆန်းကြယ်လာသည်။
ငါးနှစ်ခန့် ဝေးကွာနေခဲ့သော်လည်း သူနှင့် လီချင်းချိုးကြားရှိ ကွာဟချက်မှာ လျော့ကျသွားခြင်း မရှိချေ။ အရာအားလုံးမှာ လီချင်းချိုး၏ မျက်လုံးထဲတွင်သာ ရှိနေသလို ခံစားရပြီး လီချင်းချိုးအပေါ် လေးစားမှုများ ဖြစ်ပေါ်လာသည်။
ရှောင်ဝူချင်းက ယင်ကျင်းရှင်းကို ခေါ်ဆောင်လာသည်။ ယင်ကျင်းရှင်းမှာ ဂိုဏ်းချုပ်၏ တပည့် ဖြစ်ရခြင်းနှင့် မရင်းနှီးသေးချေ။ လူအများ စုရုံးနေသည်ကို မြင်သောအခါ ရှောင်ဝူချင်း၏ လက်ကို မသိစိတ်ကြောင့် ဆုပ်ကိုင်ထားလိုက်သည်။
ထိုအခါ ရှောင်ဝူချင်းက ရယ်မော၍… "စိတ်မပူပါနဲ့... မင်းရဲ့ ဆရာက ကမ္ဘာပေါ်မှာ အစွမ်းထက်ဆုံးသူပဲ..." ဟု နှစ်သိမ့်လိုက်သည်။
ယင်ကျင်းရှင်းက ပြန်မဖြေခဲ့သော်လည်း ရှန်ယွဲ့တို့ကို မြင်လိုက်ရသောအခါ မျက်လုံးများတောက်ပသွားပြီး ချက်ချင်းပင် သူတို့ဆီသို့ ပြေးသွားတော့သည်။
ဓားဂိုဏ်း၏ အပြင်ဘက်……
လင်းလင်ကျိုးနှင့် ဝမ်ဖုန်းတို့ သစ်ပင်အောက်တွင် ရပ်နေကြပြီး ဓားဂိုဏ်း၏ တံခါးဝရှေ့ရှိ လူအုပ်ကြီးကို ကြည့်ရှုရင်း စိတ်ခံစားချက်များ ကွဲပြားနေကြသည်။
လင်းလင်ကျိုးမှာ စိတ်ရှုပ်ထွေးနေဆဲ ဖြစ်ပြီး စိတ်ခံစားမှုများ ရောထွေးနေကာ ချင်းရှောင်ဂိုဏ်းတွင် မည်သို့ ဆက်လက် နေထိုင်ရမည်ကို မသိတော့ချေ။
ဝမ်ဖုန်းကတော့ ဝန်ထုပ်ဝန်ပိုးများ မရှိဘဲ ပျော်ရွှင်ရန်အတွက်သာ ရောက်လာခြင်း ဖြစ်သည်။
"ချင်းရှောင်ဂိုဏ်းက ဝမ့်ယင်းဂိုဏ်းလောက် မကြီးမားပေမဲ့ ဒီမှာရှိတဲ့ သက်ဝင်မှုက အလွန် ရှားပါးပြီး လူတိုင်းမှာ မျှော်လင့်ချက်တွေ ပြည့်နှက်နေကြတယ်..."
သူသည် အသစ်ရောက်ရှိလာသူ ဖြစ်သော်လည်း ချင်းရှောင်ဂိုဏ်းအပေါ် အလွန် ကောင်းမွန်သော အထင်အမြင်များ ရှိနေသည်။
လင်းလင်ကျိုး ဘာမှ ပြန်မဖြေခဲ့ပေ။ သူသည် ဆရာသခင်နှင့် ဆရာသခင် ပြောခဲ့သော စကားများကိုသာ တွေးတောနေသည်။
သူသည် ယခုဆို ကံအဆိုးဆုံးသူဟုမခံစားရတော့ပဲ တကယ်တမ်းတော့ ကံအဆိုးဆုံးသူမှာ ဆရာသာ ဖြစ်သည်။
ဆရာသခင်သာ ချင်းရှောင်ဂိုဏ်းတွင် ရှိနေပါက လက်ရှိ အခြေအနေမှာ ထျန်းချင်းမသေမျိုးဂိုဏ်းတွင် ရှိစဉ်ကထက် ပိုမို ကောင်းမွန်နေမည်မှာ အသေအချာပင်။
သူ ချင်းရှောင်ဂိုဏ်းအကြောင်း အနည်းငယ် သုတေသန လုပ်ထားပြီး ဂိုဏ်း၏ မသေမျိုးကျင့်ကြံခြင်းမှာ လင်းရွှင်ဖုန်း ထွက်ခွာသွားပြီးနောက်မှ စတင်ခဲ့ကြောင်း သိရှိရသည်။
ချင်းရှောင်ဂိုဏ်းကို လီချင်းချိုး လက်ခံရယူပြီးနောက် မကြုံစဖူးသော ဖွံ့ဖြိုးတိုးတက်မှု လမ်းကြောင်းသို့ ဦးဆောင်ခဲ့သည်။ သူသည် တိုက်ပွဲများကို ကျွမ်းကျင်စွာ ဖြတ်သန်းခဲ့ပြီး မိစ္ဆာများနှင့် သားရဲများကို ချေမှုန်းကာ အခက်အခဲများကို ကျော်ဖြတ်ခဲ့သည်။ ထိုဒဏ္ဍာရီများကို ကြားရုံနှင့်ပင် လင်းလင်ကျိုး၏ သွေးများ ဆူပွက်လာသည်။
သူ့တွင် သံသယများလည်း ရှိနေသည်။
လီချင်းချိုး ကျင့်ကြံနည်းများကို လင်းရွှင်ဖုန်း ထွက်မသွားခင်က ရရှိခဲ့ခြင်းလား သို့မဟုတ် ထွက်သွားပြီးနောက်မှလား။
သူကတော့ လင်းရွှင်ဖုန်းထွက်သွားပြီးနောက်ပိုင်းမှသာ လီချင်းချိုး ကျင့်ကြံခြင်းနည်းလမ်းများ ရရှိခဲ့ခြင်းမျိုး ဖြစ်စေချင်သည်။ မဟုတ်ပါက လီချင်းချိုးက လင်းရွှင်ဖုန်းကို အလွန်တရာ စိတ်ပျက်သွားစေလိမ့်မည်။
လင်းလင်ကျိုး အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီး ပို၍ စိတ်ပျက်လာသလို ခံစားနေရသည်။
သူသည် မသေမျိုးကျင့်ကြံခြင်းကို လက်လွှတ်လိုက်ပြီ ဖြစ်သည်။ မူလက ဤနေရာသို့ပြန်လာ၍ အစ်ကို၊ အစ်မများဖြစ်သော လီချင်းချိုးတို့နှင့်အတူ ပန်းစိုက်ကာ ဘဝကို ဖြတ်သန်းချင်ခဲ့သည်။ သို့သော် နောက်ဆုံးတွင် ထိုအစ်ကိုများနှင့် အစ်မများမှာ သူ လေးစားရသော မသေမျိုး ကျင့်ကြံသူများ ဖြစ်လာခဲ့ပြီး သူကတော့ သာမန်လူသား ဖြစ်နေခဲ့သည်။
သူသည် အခုအချိန်တွင် လီချင်းချိုးတို့ကို သွားတွေ့ရန် ရဲစွမ်းသတ္တိ မရှိတော့ပေ။
"ဂိုဏ်းချုပ် ရောက်ရှိလာပါပြီ!"