← Chapters

အခန်း ၃၆၃

Vol. 37 Ch. 363

အခန်း ၃၆၃

Vol. 37 Ch. 363

အခန်း (၃၆၃) လုံးဝ အထိမခံနိုင်ခြင်း

​လီချင်းချိုးက သူ့လူစုကို ခေါ်ဆောင်၍ ဓားဂိုဏ်းအတွင်းသို့ ဝင်ရောက်လာသဖြင့် လမ်းတစ်လျှောက်တွင် တွေ့ဆုံသမျှ ဓားဂိုဏ်းသားအားလုံးက သူ့ကို စိတ်လှုပ်ရှားစွာ ကြည့်ရှုနေကြသည်။ ရဲရင့်သော ဂိုဏ်းသားအချို့က ဂိုဏ်းချုပ် သေချာပေါက် အနိုင်ရလိမ့်မည်ဟုပင် အော်ဟစ်နေကြသည်။

​လင်းလင်ကျိုးနှင့် ဝမ်ဖုန်းတို့လည်း နောက်မှ လိုက်ပါလာကြပြီး လီချင်းချိုး၏ ဂုဏ်သတင်းကို ရှင်းလင်းစွာ ခံစားမိလိုက်ကြသည်။ ဤဂုဏ်သတင်းမှာ ချဉ်းကပ်ရန် ခက်ခဲသော ပုံစံမျိုး မဟုတ်ဘဲ ဂိုဏ်းသားများကပင် ထိုသို့ ရဲရဲဝံ့ဝံ့ ပြောဆိုရဲသည်ကို ကြည့်ခြင်းအားဖြင့် ကောလာဟလများက အမှန်ပင် ဖြစ်ကြောင်း သိသာလှသည်။

လီချင်းချိုးသည် ဂိုဏ်းချုပ် ဖြစ်သော်လည်း အခွင့်အရေးယူတတ်သူ မဟုတ်ဘဲ သာမန်ဂိုဏ်းသားများနှင့်ပင် စကားပြောဆိုနိုင်သူ ဖြစ်ရာ လူအများ၏ စိတ်နှလုံးကို ရရှိထားခြင်း ဖြစ်၏။

​လီချင်းချိုး ခြံဝင်းတံခါးမှတစ်ဆင့် ဖြတ်သန်းလျှောက်လှမ်းသွားရင်း ကျယ်ဝန်းလှသော လေ့ကျင့်ရေးကွင်းကို မြင်လိုက်ရသည်။ ကောင်းကင်လက်မှုပညာခန်းမမှ ဂိုဏ်းသားများမှာ အလုပ်ရှုပ်နေဆဲ ဖြစ်ပြီး မကြာမီ ပြီးစီးတော့မည့်ပုံပင်။

သတ်မှတ်ထားသော အချိန်မတိုင်မီ အချိန်များစွာ ကျန်ရှိနေသေးသဖြင့် လီချင်းချိုးက အလျင်စလို မလုပ်တော့ဘဲ ခန်းမဆောင် အကြီးအကဲများနှင့်အတူ ဂိုဏ်း၏ ဖွံ့ဖြိုးတိုးတက်ရေးအကြောင်း စကားစမြည် ပြောဆိုနေလိုက်သည်။

​ရှန်ယွဲ့နှင့် ကျန်းကျောက်ရှားတို့လည်း သူ့ထံသို့ ရောက်ရှိလာပြီး ရှန်ယွဲ့က သူ့ကို ကြည့်နေသော်လည်း စကားပြောရန် ချီတုံချတုံ ဖြစ်နေပုံ ရသည်။

​ရှန်ယွဲ့မှာ လီချင်းချိုးနှင့် ဓားမိစ္ဆာတို့ကြားရှိ ဆက်ဆံရေးက မည်သို့ ဖြစ်သည်ကို သိရှိလိုသလို ဓားမိစ္ဆာ သူ့ကို အသက်ချမ်းသာပေးခဲ့ခြင်းမှာ လီချင်းချိုး၏ အမိန့်ကြောင့်လားဆိုသည်ကို သိလိုနေခြင်း ဖြစ်သည်။

​လီချင်းချိုးသည် ဥပဒေသတစ်သောင်းဝိညာဉ်မျက်လုံးကို ပိုင်ဆိုင်ထားပြီး အမျိုးမျိုးသော ထူးခြားသည့် ခန္ဓာကိုယ် ပုံစံများနှင့် ပေါင်းစပ်ထားသဖြင့် အာရုံခံနိုင်စွမ်း အလွန် စူးရှလှသည်။

​လူအုပ်ကြီး၏ လေးစားအားကျကာ စိတ်အားထက်သန်သော အကြည့်များအကြားတွင် ရှန်ယွဲ့နှင့် လင်းလင်ကျိုးတို့၏ ရှုပ်ထွေးလှသော အကြည့်များမှာ ထင်ရှားစွာ ပေါ်လွင်နေသည်။

​ဤအချက်က သူ့ကို စိတ်ရှုပ်ထွေးစေသည်။

ဒီနှစ်ယောက် ဘာဖြစ်နေကြတာလဲ….

​အရေးအကြီးဆုံးမှာ ဂိုဏ်းမျိုးဆက် စာရင်းကို စစ်ဆေးကြည့်သည့်အခါ ထိုသူနှစ်ဦး၏ သစ္စာရှိမှု ကျဆင်းသွားခြင်း မရှိချေ။ အမှန်စင်စစ် အသစ်ရောက်ရှိလာသော လင်းလင်ကျိုး၏ သစ္စာရှိမှု အမှတ် ၉၀ အထိ မြင့်တက်သွားသည်ကို တွေ့ရသည်။

ဒီနောက်ကွယ်မှာ ဘာဇာတ်လမ်းတွေ ရှိနေလို့လဲ…..

​လီချင်းချိုးက စုန့်ချန်ရှန်းကို အနိုင်ယူပြီးနောက် သူတို့နှစ်ဦးနှင့် စကားပြောဆို၍ နားလည်မှုလွဲမှားခြင်းများကို ရှင်းလင်းရန် ဆုံးဖြတ်လိုက်သည်။

​သူသည် လက်ရှိ သစ္စာရှိမှုအဆင့်ကို ကြည့်၍ လှည့်ဖြားခံရမည်ကို အမြဲတမ်း သတိပေးနေသည်။ အဆင့်အမြင့်ဆုံး သစ္စာရှိမှုပင်လျှင် ကျဆင်းသွားနိုင်သည် မဟုတ်ပါလော။ သူသည် မိမိကို စိတ်ရှုပ်ထွေးစေသည့် ပြဿနာများကို ဖြေရှင်းရန် နောက်ကျသွားမည်ကိုလည်း မလိုလားချေ။

တဖြည်းဖြည်းနှင့်ဓားဂိုဏ်း၏ ဂိုဏ်းသားများ ပိုမို ရောက်ရှိလာကြသည်။

​ယနေ့အချိန်အထိ ဓားဂိုဏ်းမှာ ဂိုဏ်းသား ငါးရာအထိ တိုးချဲ့ထားပြီ ဖြစ်၏။ ဓားဂိုဏ်းမှာ အပြင်ဘက်တွင် စည်းကမ်း ချိုးဖောက်သော ဂိုဏ်းသားများကို အရေးယူရန် တာဝန်ယူထားရသည်။ ဂိုဏ်း၏ လှုပ်ရှားမှုများ ကျယ်ပြန့်လာသည်နှင့်အမျှ ဓားဂိုဏ်းအပေါ် သက်ရောက်သည့် ဖိအားများမှာလည်း သဘာဝအတိုင်း တိုးပွားလာသဖြင့် လူအင်အား တိုးချဲ့ရန် လိုအပ်လာသည်။ တစ်ချိန်တည်းမှာပင် ဓားဂိုဏ်းမှာ ဂိုဏ်းသားသစ်များကို ဓားပျံစီးနင်းသည့် အတတ်ပညာ သင်ကြားပေးရန်အတွက်လည်း ပုံမှန် စေလွှတ်လေ့ရှိရာ တာဝန်များ တစ်နေ့ထက်တစ်နေ့ တိုးပွားလာသည်။

​ကျူးယန်က ….

"ဂိုဏ်းချုပ်... ရှင့်လို အစွမ်းထက်တဲ့ ကျင့်ကြံသူတွေမှာ ကြီးမားလှတဲ့ ဖျက်ဆီးနိုင်စွမ်း ရှိကြပြီး သာမန် အစီအရင်တွေနဲ့ မတားဆီးနိုင်ပါဘူး... ကောင်းကင်နေမင်းနယ်ပယ်ရှိတဲ့သူတွေ ယှဉ်ပြိုင်ဖို့ အထူး အစီအရင်စင်မြင့်တစ်ခု ဆောက်လုပ်ဖို့ အကြံပြုပါရစေ... ဘယ်လို ထင်ပါသလဲ..."

​လီချင်းချိုး စဉ်းစားလိုက်ပြီး အဓိပ္ပာယ် ရှိကြောင်း သဘောတူလိုက်၏။ သူသည် အနာဂတ်တွင် နောက်ထပ် စုန့်ချန်ရှန်းတစ်ယောက်နှင့် ထပ်တွေ့ကောင်း တွေ့နိုင်သည်။

​ထို့အပြင် ယွမ်လီ၊ ရွှီနင်းနှင့် အခြားသူများ ပိုမို အစွမ်းထက်လာသည်နှင့်အမျှ သူတို့၏ တိုက်ပွဲဝင် ဖျက်ဆီးနိုင်စွမ်းမှာလည်း လျင်မြန်စွာ တိုးပွားလာနေသဖြင့် သင့်တော်သော အစီအရင်စင်မြင့်များ ဖန်တီးပေးရန် လိုအပ်လာသည်။

"ကောင်းတဲ့ အကြံပေးချက်ပါပဲ... ဝေထျန်းရှုံးနဲ့ တိုင်ပင်ပြီး နေရာရွေးချယ်လိုက်ပါ... သင့်တော်လား မသင့်တော်လား ငါ ကြည့်ပေးမယ်..." ဟု လီချင်းချိုးက တွေးတောရင်း ပြောလိုက်တော့ ကျူးယန်က ပြုံး၍ ခေါင်းညိတ်လိုက်သည်။

​စကားပြောနေရင်းဖြင့် အချိန်များမှာ လျင်မြန်စွာ ကုန်လွန်သွားသည်။

​မွန်းတည့်ချိန် နီးကပ်လာသောအခါ အစီအရင်ကြီး အပြီးသတ်သွားခဲ့သည်။ လူအများမှာ ကောင်းကင်ယံတွင် ပျံဝဲနေကြပြီး သူတို့မှာ အပျော်သဘော ပွဲလာကြည့်သော ဂိုဏ်းသားများ ဖြစ်ကြသည်။ သူတို့မှာ ဓားဂိုဏ်းသားများ မဟုတ်ကြသဖြင့် ဓားဂိုဏ်း၏ နယ်မြေအတွင်းသို့ တိုက်ရိုက် မဝင်ရောက်နိုင်ဘဲ ကောင်းကင်မြင့်တွင်သာ ပျံဝဲနေကြရသည်။

​အစီအရင် ပြီးစီးသွားသည်ကို မြင်သောအခါ လီချင်းချိုးက လေ့ကျင့်ရေးကွင်းဆီသို့ ခြေလှမ်းကျဲကြီးဖြင့် လျှောက်သွားလိုက်သည်။

​သူ မရောက်သေးမီမှာပင် စုန့်ချန်ရှန်း၏ ပုံရိပ် လေ့ကျင့်ရေးကွင်း အလယ်တွင် ရုတ်တရက် ပေါ်ထွက်လာသဖြင့် ဂိုဏ်းသားများ ဆူညံသွားကာ သူမအကြောင်း စတင် ဆွေးနွေးလာကြသည်။

​မိမိတို့ ဂိုဏ်းချုပ်နှင့် တိုက်ခိုက်မည့်သူက အမျိုးသမီးတစ်ဦး ဖြစ်နေသည်ကို မြင်သောအခါ ဂိုဏ်းသားများ အံ့အားသင့်သွားကြသည်။

​စုန့်ချန်ရှန်း၏ အရှိန်အဝါက လွန်စွာမှပင် တခြားကမ္ဘာမှ ရောက်လာသူတယောက်လို ထူးခြားနေသည်။ ရပ်နေရုံမျှနှင့်ပင် သာမန်လူမဟုတ်ကြောင်း ဖော်ပြနေသဖြင့် ဂိုဏ်းသားများမှာ တိုက်ပွဲ ကြည့်ရှုရန် ပိုမို စိတ်အားထက်သန်လာကြသည်။

လီချင်းချိုး စင်မြင့်ပေါ်သို့ ရောက်ရှိလာချိန်တွင် ကောင်းကင်လက်မှုပညာခန်းမမှ ဂိုဏ်းသားများက အစီအရင်ကို ချက်ချင်း စတင် အသက်သွင်းလိုက်သဖြင့် မ ရွှေရောင် အလင်းတံတိုင်းကြီးတခု သိုင်းပညာစင်မြင့်၏ အစွန်းတွင် ပေါ်ထွက်လာသည်။

​စုန့်ချန်ရှန်းက ၎င်းကို တစ်ချက်ကြည့်လိုက်ပြီး အထင်သေးသည့် အပြုံးဖြင့် …

"ဒီလို အစီအရင်မျိုးက ငါတို့ရဲ့ စွမ်းအားတွေကို မတားဆီးနိုင်ဘူး... ဒီမှာ တိုက်ခိုက်ဖို့ သေချာပြီလား..."

"တိုက်ပွဲက အရမ်းကြီး ဖြစ်လာမှာ မဟုတ်ပါဘူး... ဒီအစီအရင်က ဓားဂိုဏ်းရဲ့ အဆောက်အအုံတွေကို ဖျက်ဆီးမိမှာ စိုးလို့ကြိုတင်စီစဉ်လိုက်ရုံပါ..."

​ဤစကားကို ကြားသောအခါ စုန့်ချန်ရှန်း မျက်မှောင်ကြုတ်၍ သူမ၏ အေးစက်လှပသော မျက်နှာပေါ်တွင် မကျေမနပ် ဖြစ်မှုများ ပေါ်ပေါက်လာသည်။

​လီချင်းချိုး သူမကို လုံးဝ အရေးမစိုက်သည်မှာ သိသာလှသည်။

​ဝုန်း….

ထိုစဉ် ​စုန့်ချန်ရှန်း၏ ကိုယ်ခန္ဓာမှ ကြောက်မက်ဖွယ်ကောင်းသော ဓားစွမ်းအင်များ ပေါက်ကွဲထွက်လာသဖြင့် သိုင်းပညာစင်မြင့် ပတ်ပတ်လည်ကို ဝန်းရံထားသည့် ရွှေရောင် အလင်းတံတိုင်းပင် အကြီးအကျယ် လှုပ်ခါသွားသည်။ ချင်းရှောင်တောင်လည်း တုန်ခါသွားပြီး ကြောက်မက်ဖွယ် ဓားစွမ်းအင်များကြောင့် လူတိုင်း ဖိအားကို ခံစားလိုက်ရကာ ကောင်းကင်တွင် ပျံဝဲနေသော ဂိုဏ်းသားများမှာ ထိတ်လန့်သွားသဖြင့် ပြုတ်ကျလုနီးပါး ဖြစ်သွားသည်။

ဓားစွမ်းအင်များမှာ မီးတောင်ပေါက်ကွဲသကဲ့သို့ ပေါက်ကွဲထွက်လာသဖြင့် စုန့်ချန်ရှန်း၏ အဖြူရောင် ဝတ်ရုံမှာလည်း လေထဲတွင် ပြင်းထန်စွာ လွင့်ပျံနေသည်။

​ဓားမိစ္ဆာက မျက်မှောင် ကြုတ်လိုက်ပြီး စုန့်ချန်ရှန်း၏ စွမ်းအားကြောင့် အံ့အားသင့်နေပုံ ရသည်။

​လီချင်းချိုး…

"မင်းရဲ့ ဓမ္မပုံရိပ်နယ်မြေကို ဖွင့်လိုက်ပါ..." ဟု ဆိုလိုက်သည်။

​စုန့်ချန်ရှန်းက မျက်ခုံးပင့်လိုက်ပြီး….

"နင့်ကို ရင်ဆိုင်ဖို့ အဲဒါ မလိုပါဘူး..." ဟု တုံ့ပြန်လိုက်သည်။

​သူမ စကားမဆုံးမီမှာပင် ပြင်းထန်သော လေပြင်းတစ်ခု သူမဆီသို့ တိုးဝင်လာပြီး သူမ၏ ဆံပင်များကို လွင့်ပျံသွားစေသည်။ ထိုအခါ သူမ၏ မျက်ဝန်းများ ပြူးကျယ်သွားပြီး လက်သီးတစ်လုံးက သူမ၏ အမြင်အာရုံကို လွှမ်းခြုံသွားလေသည်။

​လီချင်းချိုး သူမ၏ ရှေ့တွင် ရပ်နေပြီး သူ့လက်သီးက သူမ၏ နှာခေါင်းဖျားမှ သုံးစင်တီမီတာအလိုတွင် ရပ်တန့်နေသည်။

​ဤအခိုက်တွင် စုန့်ချန်ရှန်းမှာ ဘဝတွင် ပထမဆုံးအကြိမ်အဖြစ် ကြောက်ရွံ့မှုကို ခံစားလိုက်ရပြီး ရင်ခုန်သံများ ထိန်းချုပ်မရအောင် မြန်ဆန်လာ၏။

​ ဤလက်သီးချက်သာ သူမဆီသို့ ရောက်ရှိလာပါက ချက်ချင်းပင် အစိတ်စိတ်အမွှာမွှာ ဖြစ်သွားလိမ့်မည်ဟု ခံစားလိုက်ရသည်။

​ဤမြင်ကွင်းက ကြည့်ရှုသူအားလုံးကို အံ့အားသင့်သွားစေသည်။ သူတို့တွေ လီချင်းချိုး၏ လှုပ်ရှားမှုကို မမြင်လိုက်ရဘဲ တစ်မုဟုတ်ချင်းမှာပင် လီချင်းချိုးက စုန့်ချန်ရှန်း၏ ရှေ့သို့ ရောက်ရှိလာပြီး သူမ၏ ဓားစွမ်းအင်ကို ဖိနှိပ်ထားလိုက်ခြင်း ဖြစ်သည်။

​စုန့်ချန်ရှန်း၏ အံ့ဩနေသော အမူအရာကို ကြည့်ခြင်းအားဖြင့် သူတို့နှစ်ဦးက တစ်နယ်ပယ်တည်းမှ ပြိုင်ဘက်များ မဟုတ်ကြောင်း ရှင်းလင်းစွာ သိသာလှသည်။

​လီချင်းချိုးက အမူအရာမဲ့စွာဖြင့်….

"အခု မင်းရဲ့ ဓမ္မပုံရိပ်နယ်မြေကို ဖွင့်နိုင်ပြီလား..." ဟု မေးလိုက်သည်။

​စုန့်ချန်ရှန်း မော့ကြည့်လိုက်တော့ လီချင်းချိုး၏ မျက်နှာတစ်ဝက်ကိုသာ မြင်လိုက်ရသည်။ ကျန်တစ်ဝက်ကိုတော့ သူ့လက်သီးက ဖုံးကွယ်ထားသည်။

​လီချင်းချိုး၏ အကြည့်များက အလွန် အေးစက်နေပြီး အရင်ကလို နွေးထွေးမှုမျိုး မရှိတော့သဖြင့် သူမကို ထိတ်လန့်သွားစေသည်။

ထိုစဉ် ​တစ်မုဟုတ်ချင်းပင် လောကကြီးတခုလုံး ပြောင်းလဲသွားပြီး လီချင်းချိုးနှင့် စုန့်ချန်ရှန်းတို့ တိမ်ပင်လယ်အထက်သို့ ရောက်ရှိသွားကြပြီး အပေါ်တွင် ကောင်းကင်ပြာကြီး ရှိနေကာ သူတို့၏ အပေါ်ဘက်တွင်မူ တောင်တန်းများက ပြောင်းပြန် တွဲလောင်းကျနေသည်။

​သေချာ ကြည့်လိုက်သောအခါ ထိုပြောင်းပြန် တွဲလောင်းကျနေသော တောင်များပေါ်တွင် ကြယ်တာရာများကဲ့သို့ တောက်ပနေသည့် ထက်မြက်လှသော ဓားများဖြင့် ပြည့်နှက်နေသည်ကို တွေ့ရသည်။

​ချင်းရှောင်ဂိုဏ်းမှ လူပေါင်းရာကျော်လည်း ထိုနယ်မြေထဲသို့ ဆွဲခေါ်ခြင်း ခံလိုက်ရသည်။ သူတို့မှာ အပြင်ဘက်မှ ကြည့်ရှုသူများ ဖြစ်ကြသည်။ စုန့်ချန်ရှန်း၏ ဓားဆန္ဒကြောင့် သူတို့ လှုပ်ရှားနိုင်ခြင်း မရှိတော့ဘဲ ကောင်းကင်တွင် တွဲလောင်းကျနေသည့် ဓားတောင်များကိုသာ မှင်တက်စွာ ကြည့်နေကြရသည်။

​ဓားမိစ္ဆာလည်း ထိုနေရာတွင် ရှိနေသည်။ သူက မျက်ခုံးပင့်လိုက်ပြီး စုန့်ချန်ရှန်းကို အဓိပ္ပာယ်ပါသော အကြည့်ဖြင့် ကြည့်လိုက်သည်။

​ရှန်ယွဲ့နှင့် ကျန်းကျောက်ရှားတို့လည်း ကောင်းကင်ကို မော့ကြည့်နေကြရာ ရှန်ယွဲ့၏ ခံစားချက်မှာ အရှုပ်ထွေးဆုံး ဖြစ်နေခဲ့သည်။

​သူသည် အရင်က ဓားမိစ္ဆာ၏ ဓမ္မပုံရိပ်နယ်မြေကို အာရုံခံမိဖူးရာ ယခုနယ်မြေမှာ ကောင်းကင်နေမင်းနယ်ပယ်ရှိ ကျင့်ကြံသူများ အားလုံး ပိုင်ဆိုင်သည့် ပညာရပ် ဖြစ်ပုံရ၏။

​လင်းလင်ကျိုးနှင့် ဝမ်ဖုန်းတို့လည်း ဓမ္မပုံရိပ်နယ်မြေကို ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်သဖြင့် တစ်ကိုယ်လုံး တုန်ရီ၍ မှင်တက်သွားကြသည်။

​ကျန်းယွီချွန်း၊ လီတုန်းယွဲ့၊ ကျူးယန်နှင့် ဂိုဏ်း၏ အဆင့်မြင့် ပုဂ္ဂိုလ်များကလည်း ဝမ့်ယင်းဂိုဏ်းနှင့် ဖြစ်ပွားခဲ့သည့် တိုက်ပွဲတွင် မပါဝင်ခဲ့ကြသဖြင့် ဤသည်မှာ သူတို့အတွက် ပထမဆုံးအကြိမ် ဖြစ်သည်။ သူတို့လည်း တည်ငြိမ်အောင် မနေနိုင်တော့ဘဲ ထူးကဲသော စွမ်းအားအပေါ် အလွန် အံ့ဩတုန်လှုပ်နေကြရသည်။

​လီချင်းချိုး မော့ကြည့်လိုက်တော့ စုန့်ချန်ရှန်း၏ ဓမ္မပုံရိပ်နယ်မြေက ဓားမိစ္ဆာထက် ပိုမို ကျယ်ပြောလှသော်လည်း သတ်ဖြတ်လိုစိတ်ပိုင်းတွင် ထိုမျှ မပြင်းထန်လှပေ။

​ချွမ်…..

​စုန့်ချန်ရှန်းက ဓားကို ဆွဲထုတ်လိုက်သည်။ သူတို့၏ ခြေထောက်များ တစ်ပြိုင်နက် မလှုပ်ရှားသော်လည်း သူတို့အကြားတွင် အကွာအဝေး အတော်အသင့် ဖြစ်ပေါ်သွားကာ ဓားသွားတစ်လျှောက် ဓားစွမ်းအင်များ လည်ပတ်နေသည်။ စုန့်ချန်ရှန်း ဓားကို ဆွဲထုတ်လိုက်သည်နှင့် နဂါးတစ်ကောင်နှင့်တူသော ဓားစွမ်းအင်များက လီချင်းချိုး၏ ဝတ်ရုံကို တိုက်ခတ်သွားသည်။

​"ဓားကို ထုတ်လိုက်..."

​စုန့်ချန်ရှန်းက လီချင်းချိုး၏ ခါးက ဓားကို ကြည့်၍ ပြောလိုက်သည်။

​လီချင်းချိုးသည် ထိုက်ကျွယ်နတ်ဓားကို ယူဆောင်မလာဘဲ လင်းရွှင်ဖုန်း ချန်ရစ်ခဲ့သော ထျန်းဟုန်ဓားကိုသာ ယူဆောင်လာခဲ့သည်။

ဝိဉာဉ်​သံမဏိဖြင့် ပုံဖော်ထားပြီးနောက် ထျန်းဟုန်ဓားမှာ ချင်းရှောင်ဂိုဏ်း ဖန်တီးနိုင်သည့် အဆင့်မြင့်ဆုံး မှော်လက်နက် ဖြစ်လာခဲ့ပြီ ဖြစ်သည်။

​လီချင်းချိုးက ပြုံး၍ ထျန်းဟုန်ဓားကို ဆွဲထုတ်ကာ စုန့်ချန်ရှန်းကို ချိန်ရွယ်၍….

"မင်းရဲ့ စေတနာအတွက် ကျေးဇူးတင်ပါတယ်... ဒါဆိုရင်တော့ ငါ တိုက်ပွဲကို အလေးအနက်ထားတော့မယ်... မင်းအတွက် အခွင့်အရေး တစ်ခါပဲ ရှိတယ်..."

​ဤစကားကို ကြားသောအခါ စုန့်ချန်ရှန်းက မျက်မှောင် ကြုတ်လိုက်ပြီး ညာဘက်ခြေကို နောက်သို့ ဆုတ်ကာ တိုက်ခိုက်ရန် အနေအထား ပြင်လိုက်သည်။ ဓားသွားမှာ သူမ၏ ပါးပြင်နှင့် ကပ်လျက် ရှိနေပြီး သူမ၏ အေးစက်သော ပုံရိပ်ကို ထင်ဟပ်နေသည်။

​ဤအခိုက်တွင် လီချင်းချိုး၏ နောက်ကွယ်၌ ဧရာမ ငွေရောင် ဓားအရိပ်ကြီးတစ်ခု ပေါ်ထွက်လာပြီး ဓားစွမ်းအင် ထောင်ပေါင်းများစွာက ဓားအရိပ်ကြီးဆီသို့ စီးဝင်သွားသည်။

​ဤဓားချက်ကို မြင်လိုက်ရချိန်တွင် စုန့်ချန်ရှန်း၏ အမူအရာမှာ အကြီးအကျယ် ပြောင်းလဲသွားပြီး သူမ လှုပ်ရှား၍ မရတော့ကြောင်း ထိတ်လန့်တကြား တွေ့ရှိလိုက်ရသည်။

သူမ၏ ခြေထောက်နှင့် စိတ်ဝိညာဉ်မှာ ချည်နှောင်ခံထားရသလို ဖြစ်နေသည်။

ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ...

​ဤသည်မှာ သူမ၏ ဓမ္မပုံရိပ်နယ်မြေ မဟုတ်ပါလော၊ လီချင်းချိုး သူမကို မည်သို့ ဖိနှိပ်နိုင်မည်နည်း။

​သူမ ဒုတိယအကြိမ် မစဉ်းစားတော့ဘဲ ချက်ချင်းပင် ဓားကို ဝှေ့ယမ်းလိုက်ရာ ပြင်းထန်သော မုန်တိုင်းကဲ့သို့ ဓားစွမ်းအင်များက လီချင်းချိုးထံသို့ တိုးဝင်သွား၏။ အဝေးမှ ကြည့်နေသည့် ရာဂဏန်းမျှသော ကြည့်ရှုသူများမှာ ဓားစွမ်းအင်၏ ပြင်းထန်မှုကြောင့် သူတို့၏ ဝိညာဉ်များပင် ထွက်သွားတော့မည့်အလား ခံစားလိုက်ရသည်။

ထိုစဉ် ​လီချင်းချိုး၏ နောက်ကွယ်တွင် ဓားအရိပ်ကြီးတစ်ခု ရုတ်တရက် ပေါ်ထွက်လာသည်။

​ နတ်ဘုရားစွမ်းရည်ဓားသိုင်း၏ တတိယမြောက် ဓားချက်…

​ဤဓားချက်မှာ ပြင်းထန်လှပြီး တားဆီး၍ မရနိုင်ပေ။

ထို့ကြောင့် စုန့်ချန်ရှန်း၏ ကြမ်းတမ်းလှသော ဓားစွမ်းအင်များ အပိုင်းပိုင်း ဖြစ်သွားတော့သည်။ ဧရာမ ဓားအရိပ်ကြီး သူ့ဆီသို့ ပြေးဝင်လာသည်ကို မြင်သောအခါ သူမ ဓားသိုင်းများကို အမြန်ဆုံး အသုံးပြုလိုက်ရ၏။ ဓားအရိပ် ထောင်ပေါင်းများစွာက အရပ်မျက်နှာ အနှံ့အပြားမှ တိုက်ခိုက်နေသော်လည်း လီချင်းချိုး၏ ဧရာမ ဓားအရိပ်ကြီးကို မည်သို့မျှ မလှုပ်ခါနိုင်ပေ။

​ဝုန်းးးး

​လောကကြီးတခုလုံး ပြိုကွဲသွားပြီး ​လူတိုင်း လက်တွေ့လောကသို့ ပြန်ရောက်လာကြသည်။ သိုင်းပညာစင်မြင့်ကို ဝန်းရံထားသည့် အစီအရင် အလင်းတံတိုင်း ကွဲအက်သွားပြီး ပြင်းထန်လှသော လေပြင်းများ တိုက်ခတ်လာကာ မြေပြင်ရှိ ကျောက်ခဲများမှာလည်း ပန်းများနှင့်အတူ လွင့်စင်သွားကြသည်။

​စုန့်ချန်ရှန်းမှာ ဓားကို ကိုင်ထားရင်း သုံးလှမ်းခန့် နောက်သို့ ဆုတ်သွားကာ သွေးတစ်လုတ် အန်ထုတ်လိုက်သည်။ သူမ၏ အကြည့်များက လီချင်းချိုးထံတွင် စူးစိုက်နေပြီး မယုံနိုင်ဖြစ်နေ၏။

သူမ ရှုံးသွားခဲ့ပြီ….​လုံးလုံးလျားလျား ရှုံးနိမ့်သွားခြင်း ဖြစ်သည်။

​လုံးဝ အကာအကွယ်မဲ့ ရှုံးနိမ့်ခြင်း….

​လီချင်းချိုးတွင် ပိုမိုမြင့်မားသော ကျင့်ကြံခြင်းအဆင့် ရှိသည့် လက္ခဏာကို သူမ မမြင်တွေ့ခဲ့ရသဖြင့် အဘယ်ကြောင့် ရှုံးနိမ့်ရမှန်း သူမ နားမလည်နိုင်ပေ။

​သို့သော်လည်း လီချင်းချိုး၏ ဓားကို ရင်ဆိုင်ရချိန်တွင် သူမ၏ ဓားစွမ်းအင် အလွန် အားနည်းသွားပြီး သူမ၏ ဓားသိုင်းများမှာလည်း အသုံးမဝင် ဖြစ်သွားရသည်။

​လီချင်းချိုးက ဓားကို ပြန်သိမ်း၍ ထျန်းဟုန်ဓားကို ဓားအိမ်ထဲသို့ ထည့်လိုက်သည်။

"တစ်ယောက်ယောက်ကို ခေါ်ပြီး ထိန်းချုပ်ရေးခန်းမမှာ မှတ်ပုံတင်ခိုင်းလိုက်မယ်..." ဟု ဆို၍ လှည့်ထွက်သွားလေတော့သည်။

​ကြည့်ရှုသူ အားလုံး မှင်တက်သွားကြပြီး ကြာမြင့်စွာ စိတ်လှုပ်ရှားမှုများ မပျောက်ကွယ်နိုင် ဖြစ်နေကြသည်။

​သူတို့တွေ ဂိုဏ်းချုပ်က ပြိုင်ဘက်ကို လက်သီးတစ်ချက်ဖြင့် ဖိနှိပ်လိုက်သည်ကို မြင်ခဲ့ရပြီး၊ ထို့နောက် ထူးဆန်းသော လှည့်ကွက်တစ်ခုထဲသို့ ဆွဲခေါ်ခံလိုက်ရသည်။ ချက်ချင်းပင် ဂိုဏ်းချုပ်က ထိုလှည့်ကွက်ကို ဓားတစ်ချက်ဖြင့် ဖျက်ဆီးပစ်လိုက်ပြီး ပြိုင်ဘက်ကို ပြင်းထန်စွာ ဒဏ်ရာရရှိစေခဲ့သည်။

နှစ်ချက်တည်း…

​ဂိုဏ်းချုပ်၏ စွမ်းအားက ကျန်းယွီချွန်း အပါအဝင် အနီးဆုံးရှိသူများကိုပင် အံ့ဩသွားစေသည်။

​စုန့်ချန်ရှန်း၏ ဓားစွမ်းအင်မှာ ကောင်းကင်ကြီး တစ်ခုလုံးကိုပင် ပြိုကျစေနိုင်လောက်အောင် ပြင်းထန်လှသည်။

​သို့သော်လည်း အစွမ်းထက်လှသော စုန့်ချန်ရှန်းပင်လျှင် လီချင်းချိုး၏ ရှေ့တွင် လုံးဝ ကျရှုံးခဲ့ရသည်။

​မူလအားဖြည့်နယ်ပယ်ရှိ ဂိုဏ်းသားများပင်လျှင် နှစ်ဦးနှစ်ဖက်ကြားက စွမ်းအား ကွာဟချက် မည်မျှ ကြီးမားကြောင်းကို မြင်တွေ့နိုင်ပေသည်။

​"ယွီချွန်း... အစ်မကြီးစုန့်ကို ဧည့်ရိပ်သာဆောင်ဆီ ခေါ်သွားလိုက်..."

​လီချင်းချိုးက ကျန်းယွီချွန်းကို ညွှန်ကြားလိုက်ပြီးသည်နှင့် ထိုနေရာမှ ပျောက်ကွယ်သွားသည်။

စက္ကန့်အနည်းငယ်အကြာတွင် ဓားဂိုဏ်းအတွင်းမှ နားကွဲလုမတတ် ဟစ်အော်သံများ ပေါက်ကွဲထွက်လာရာ တောင်ပေါ်ရှိ ဂိုဏ်းသားများကိုပါ ဆွဲဆောင်လိုက်သလို အနီးအနားရှိ တောင်ထွတ်များမှ ဂိုဏ်းသားများပင် သူတို့၏ ဟစ်အော်သံများကို ကြားလိုက်ရသည်။

​

All Chapters