အခန်း ၃၆၄
Vol. 37 Ch. 364
အခန်း ၃၆၄ - ဆင်နတ်ဘုရားဝိဉာဉ်မျက်လုံး
လင်းရှောင်ဝင်းအတွင်းတွင် လင်းလင်ကျိုးနှင့် ဝမ်ဖုန်းတို့ ရှည်လျားသော စားပွဲတစ်ခု၏ ရှေ့တွင် အနေရခက်စွာ မတ်တတ်ရပ်နေကြသည်။
လီချင်းချိုးက ထိုင်ချလိုက်ပြီး သူတို့နှစ်ဦးအတွက် လက်ဖက်ရည် ငှဲ့ပေးလိုက်ပြီး …
"ထိုင်ကြပါ... အနေရခက်စရာ မလိုပါဘူး..."
ဤစကားကို ကြားသောအခါ ဝမ်ဖုန်းက အရင်ဆုံး ထိုင်လိုက်ပြီး လီချင်းချိုး၏ အပြုံးကို ပြန်လည် တုံ့ပြန်လိုက်သည်။
ထိုမြင်ကွင်းကို မြင်သောအခါ လင်းလင်ကျိုးလည်း အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီးမှ ထိုင်လိုက်သည်။
လီချင်းချိုးက လက်ဖက်ရည်ခွက် နှစ်ခွက်ကို သူတို့၏ ရှေ့သို့ တွန်းပေးလိုက်ပြီးနောက် လင်းလင်ကျိုးကို စူးစိုက်ကြည့်ကာ….
"မင်းမှာ ငါ့ကို မေးစရာတွေ အများကြီး ရှိနေပုံရတယ်... ပြောစရာရှိတာ ပြောလိုက်ပါ... ဒီမှာ တခြားသူ မရှိပါဘူး..." ဟု မေးလိုက်သည်။
ဝမ်ဖုန်းလည်း လင်းလင်ကျိုးကို မနေနိုင်ဘဲ ကြည့်လိုက်မိသည်။
ချင်းရှောင်ဂိုဏ်းသို့ ရောက်ရှိလာချိန်မှစ၍ ထိုကောင်လေး တစ်ခုခု လွဲနေကြောင်း သူ သတိပြုမိခဲ့သည်။ ဤကောင်လေးက မကြာခဏဆိုသလို စိတ်လွင့်နေတတ်ပြီး ပြောပြစရာ ပုံပြင်တစ်ပုဒ် ရှိနေပုံ ရသည်။
သူ့အကဲခတ်ချက်အရ လင်းလင်ကျိုးအနေနှင့် ချင်းရှောင်ဂိုဏ်းနှင့် ရန်ငြိုးရန်စ ရှိပုံ မရပေ။ သူ့ပုံစံက ခံစားချက်များမှာ ရှုပ်ထွေးနေပြီး တစ်စုံတစ်ခုကို ထိခိုက်ခံစားထားရသလို စိတ်ဓာတ်ကျနေသည်။ လင်းလင်ကျိုးက လီချင်းချိုး၏ အကြည့်ကို ရှောင်ဖယ်နေသော်လည်း ဆရာဖြစ်သူ၏ မှာကြားချက်ကို သတိရသွားသဖြင့် မိမိကိုယ်အတွက် မဟုတ်ဘဲ ဆရာဖြစ်သူအတွက် ဤအကြောင်းကို ဝှက်ထား၍ မဖြစ်ဟု ခံစားလိုက်ရသည်။
"ကျွန်တော့် ဆရာက လင်းရွှင်ဖုန်းပါ..."
လင်းလင်ကျိုးက အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီး လီချင်းချိုးကို စူးစူးရဲရဲ ကြည့်လျက် လေးနက်စွာ ပြောလိုက်၏။
ဤစကားကို ကြားသောအခါ လက်ဖက်ရည်ခွက်ကို ကောက်ကိုင်ရန် ပြင်နေသည့် လီချင်းချိုး ရုတ်တရက် ရပ်တန့်သွားသည်။
လင်းရွှင်ဖုန်းဆိုတာ ဘယ်သူလဲ….
ဝမ်ဖုန်းမှာ စူးစမ်းလိုစိတ်များဖြင့် ပြည့်နှက်နေ၏။ လီချင်းချိုး၏ လှုပ်ရှားမှုများ ရပ်တန့်သွားခြင်းက လီချင်းချိုးသည်လည်း လင်းရွှင်ဖုန်းကို သိရှိကြောင်း ထင်ရှားစွာ ပြသနေသည်။
လီချင်းချိုးက တည်ငြိမ်စွာဖြင့် …
"ပြောပြပါ... မင်း သူ့ကို ဘယ်လို သိတာလဲ... ပြီးတော့ သူ အခု ဘယ်မှာလဲ..." ဟု မေးလိုက်သည်။
လင်းရွှင်ဖုန်း၏ တည်နေရာကို ဤနည်းလမ်းဖြင့် သိရှိရလိမ့်မည်ဟု သူ ထင်မှတ်မထားခဲ့ချေ။ လင်းရွှင်ဖုန်း တစ်စုံတစ်ခု ဖြစ်သွားမည်ကိုသာ စိုးရိမ်နေမိသည်။
မည်သို့ဆိုစေ လင်းလင်ကျိုးက အခြေအနေ မကောင်းသည့် ပုံစံ ပေါက်နေသဖြင့် သူ့ကို မကောင်းသော တွေးတောမှုများ ဖြစ်ပေါ်စေသည်။
လင်းလင်ကျိုးက ဆရာဖြစ်သူနှင့် အတိတ်အကြောင်းကို အသေးစိတ် ပြန်လည် ပြောပြလိုက်ရင်း ပြောပြလေလေ ပို၍ စိတ်လှုပ်ရှားလာလေ ဖြစ်လာသည်။
သူ့ရဲ့ စိတ်လှုပ်ရှားမှုက လီချင်းချိုး လင်းရွှင်ဖုန်းအပေါ် မည်သည့် ရန်ငြိုးရန်စမှ မရှိကြောင်း သေချာသွားသောကြောင့် ဖြစ်သည်။ လင်းရွှင်ဖုန်းသည် လီချင်းချိုးအကြောင်း ပြောပြစဉ်က အပြစ်ရှိစိတ်ကို ဖော်ပြခဲ့ဖူးသည်။ ကလေးတစ်ယောက်ကို ဂိုဏ်းစီမံခန့်ခွဲခိုင်းပြီး ညီငယ်၊ ညီမငယ် ခြောက်ယောက်ကို စောင့်ရှောက်ခိုင်းခြင်းမှာ အလွန်အမင်း တောင်းဆိုလွန်းသည်ဟု သူ ခံစားခဲ့ရသည်။
ကလေးဘဝတွင် လင်းလင်ကျိုးမှာ ဤပုံပြင်များကို ကြားရသောအခါ လီချင်းချိုးကို လေးစားခဲ့သော်လည်း ကြီးပြင်းလာသောအခါတွင်မူ ထိုခံစားချက်များကို ပို၍ လျစ်လျူရှုလာခဲ့သည်။ သို့သော်လည်း ချင်းရှောင်ဂိုဏ်းသို့ ရောက်ရှိလာပြီး လီချင်းချိုးက ဂိုဏ်းကို မည်သို့ ဖွံ့ဖြိုးတိုးတက်အောင် ဦးဆောင်ခဲ့ကြောင်း ကြားသိရပြီး ဆရာဖြစ်သူ ပြောပြခဲ့သည့် လီချင်းချိုးအကြောင်း ပြန်တွေးမိချိန်တွင် ဤအစ်ကိုကြီးမှာ ငယ်စဉ်ကတည်းက အမှန်ပင် ထူးခြားသူ ဖြစ်ကြောင်း သဘောပေါက်သွားသည်။
ဖြစ်နိုင်သည်မှာ ကောလာဟလများက မှန်ကန်နေပေလိမ့်မည်။ အစ်ကိုကြီး၏ မသေမျိုးလမ်းကြောင်းမှာ အိပ်မက်ကနေ နားလည်သဘောပေါက်ခြင်းဖြင့် ရရှိခဲ့ခြင်း ဖြစ်သည်။
အကယ်၍ ဆရာသာ နောက်မှ ထွက်ခွာသွားခဲ့လျှင် သူ့ရဲ့ ဘဝလမ်းကြောင်းလည်း သေချာပေါက် ကွဲပြားနေပေလိမ့်မည်။
ဟုတ်ပေသည်၊ ဆရာထွက်ခွာသွားခြင်းက အစ်ကိုကြီးကို လှုံ့ဆော်ပေးလိုက်သဖြင့် မသေမျိုးလမ်းကြောင်းပေါ်သို့ ခြေချမိသွားခြင်းလည်း ဖြစ်နိုင်သည်။
အကြောင်းမှာ သူတို့၏ ဆရာက သူတို့နှစ်ဦး လမ်းခွဲရခြင်းမှာ အလွန် မနှစ်မြို့ဖွယ်ကောင်းကြောင်း၊ အစ်ကိုကြီးက သူ့ကို ဆက်နေရန် ဖိအားပေးခဲ့ကြောင်း ပြောပြခဲ့ဖူးသည်။
လင်းရွှင်ဖုန်း ထျန်းချင်းမသေမျိုးဂိုဏ်းသို့ ဝင်ရောက်သွားပြီ ဖြစ်ကြောင်း ကြားသိလိုက်ရသောအခါ လီချင်းချိုး စိတ်အေးသွားခဲ့သည်။
သူ့ဆရာသည်လည်း သာမန်လူမဟုတ်ဘဲ မသေမျိုးပုံစံဖြင့် မိုးပြာနဂါးနယ်မြေသို့ပင် သွားရောက်နိုင်သူ ဖြစ်သည်။ လမ်းတစ်လျှောက်တွင် စွန့်စားခန်းများစွာ ကြုံတွေ့ခဲ့ရပေလိမ့်မည်။
သူ့ဆရာ သေဆုံးသွားခြင်း မဟုတ်ကြောင်း အတည်ပြုပြီးနောက် လီချင်းချိုးက ဂိုဏ်းမျိုးဆက် စာရင်းကို ဆွဲထုတ်၍ လင်းလင်ကျိုး၏ ကိုယ်ရေးအချက်အလက်ကို ပြန်လည် စစ်ဆေးလိုက်သည်။
【နာမည် - လင်းလင်ကျိုး】
【ကျား/မ - ကျား】
【အသက် - ၂၅ နှစ်】
【သစ္စာစောင့်သိမှု (ဂိုဏ်းချုပ်/ဂိုဏ်း) - ၉၁/၈၂ (အများဆုံး တန်ဖိုး ၁၀၀)】
【ကျင့်ကြံခြင်း ပါရမီ - အရည်အချင်းမရှိ】
【နားလည်နိုင်စွမ်း - သာမန်】
【ကံကြမ္မာ - ဝိညာဉ်အမြင်၊ သစ္စာရှိ၍ ဖြောင့်မတ်ခြင်း】
【ဝိညာဉ်အမြင် - ကောင်းကင်နှင့် မြေကြီးရှိ အရာအားလုံးကို သိမြင်နိုင်သော အတွင်းပိုင်းမှ ထွက်ပေါ်လာသည့် အထူးအမြင်အာရုံ】
【သစ္စာရှိ၍ ဖြောင့်မတ်ခြင်း - ငယ်စဉ်က ကြုံတွေ့ခဲ့ရသော အတွေ့အကြုံများကြောင့် စိတ်ခံစားချက် အလွန် နုနယ်ပြီး မိမိ ဂရုစိုက်သူများအတွက် အသက်ကိုပင် စွန့်လွှတ်ရဲသူ ဖြစ်သည်။】
ဆင်နတ်ဘုရားဝိညာဉ်မျက်လုံး….
လီချင်းချိုးမှာ ဤကံကြမ္မာကို အလွန် စိတ်ဝင်စားနေသော်လည်း မည်သို့ အသုံးချရမည်ကို မသိရှိသေးပေ။
သို့သော်လည်း လင်းလင်ကျိုးကလည်း သူ့ရဲ့ ညီငယ် ဖြစ်သဖြင့် သူ့ကို အထူး ဂရုစိုက်ပေးရမည်သာ ဖြစ်သည်။
လင်းလင်ကျိုး၏ သစ္စာစောင့်သိမှုနှင့် စကားလုံးများကို ကြည့်ခြင်းအားဖြင့် သူနှင့် လင်းရွှင်ဖုန်းကြားရှိ ဆရာတပည့် ဆက်ဆံရေးမှာ အမှန်တကယ် စစ်မှန်ကြောင်း သိသာနေသည်။
ဝမ်ဖုန်းမှာ လင်းလင်ကျိုးက လီချင်းချိုး၏ ညီငယ် ဖြစ်နေလိမ့်မည်ဟု လုံးဝ ထင်မှတ်မထားခဲ့ချေ။ သူသည် လီချင်းချိုး၏ စွမ်းအားကို ကိုယ်တိုင် မြင်တွေ့ခဲ့ပြီး ဖြစ်ရာ ဝမ့်ယင်းဂိုဏ်းချုပ်ထက်ပင် ပိုမို အစွမ်းထက်သော ကြီးမြတ်သူ ဖြစ်ကြောင်း သိရှိလိုက်ရသည်။
သူသည် လင်းလင်ကျိုးအတွက် ဝမ်းသာနေမိသည်။ ဤနောက်ခံနှင့်ဆိုလျှင် လင်းလင်ကျိုးမှာ နောင်တွင် ချင်းရှောင်ဂိုဏ်း၌ ခြေကုပ်ယူနိုင်ပေလိမ့်မည်။
လင်းလင်ကျိုး စကားပြောပြီးသွားချိန်တွင် တစ်နာရီခန့် ကုန်လွန်သွားခဲ့ပြီဖြစ်သည်။
လီချင်းချိုးလည်း အလွန် အထိခိုက်ခံစားရပြီး သူတို့၏ ဘဝခရီးလမ်းမှာ ဤမျှ ရှည်လျားလိမ့်မည်ဟု ထင်မှတ်မထားခဲ့ချေ။
ဂျုနီယာ ညီငယ်က သူ့တပည့်ကို ကိုးပြည်ထောင်နယ်မြေသို့ ပြန်ရောက်လာအောင် ကူညီပေးခဲ့ခြင်းမှာ တကယ့်ကို ကံကြမ္မာပင် ဖြစ်ပြီး သူကိုယ်တိုင်ပင် ကံကောင်းလှသည်ဟု ခံစားမိသည်။
"ညီငးလေး... ဒီခုချိန်ကစပြီး ချင်းရှောင်ဂိုဏ်းမှာပဲ နေတော့... ငါ့ရဲ့ ဝန်ထုပ်ဝန်ပိုးတွေကို ဝေမျှပေးပါ..." ဟု လီချင်းချိုးက တိုက်ရိုက်ပင် ပြောလိုက်သည်။
"ညီလေး" ဟု တိုက်ရိုက် ခေါ်ဆိုလိုက်ခြင်းကို ကြားလိုက်ရသောအခါ လင်းလင်ကျိုး၏ မျက်လုံးများ ချက်ချင်းပင် နီရဲလာတော့သည်။ စိတ်ထဲတွင် တိုးဝှေ့လာသော ခံစားချက်များကို ဖိနှိပ်လိုက်ပြီး "ကျွန်တော့်မှာ ဝိညာဉ်အမြစ် မရှိတဲ့အတွက် အစ်ကိုကြီးရဲ့ ဝန်ထုပ်ဝန်ပိုးတွေကို ဝေမျှပေးနိုင်မယ် မထင်ဘူး..." ဟု ဆိုလိုက်သည်။
လီချင်းချိုးက နှာမှုတ်၍ "ဝိညာဉ်အမြစ် မရှိရင် ဘာဖြစ်လဲ... မင်းက ငါ့ရဲ့ ညီလေးပဲလေ.. အဲဒါဆိုရင် လုံလောက်ပြီ... နောက်မှ မင်းရဲ့ တခြား အစ်ကိုကြီးတွေ၊ အစ်မတွေနဲ့ လာတွေ့ခိုင်းမယ်... ပြီးတော့ ငါတို့ရဲ့ ဂိုဏ်းဘိုးဘေးလည်း ရှိနေသေးတယ်..." ဟု ဆိုလိုက်သည်။
လင်းလင်ကျိုးမှာ အံ့ဩဝမ်းသာ ဖြစ်သွားပြီး မည်သို့ ပြန်ဖြေရမည်ကိုပင် မသိတော့ချေ။
ဤအချက်ကို မြင်သောအခါ ဝမ်ဖုန်းက ထိုင်ရာမှ ထ၍ "ဂိုဏ်းချုပ်... ကျွန်တော်တို့ အရင် ပြန်တော့မယ်... နောက်ထပ် အနှောင့်အယှက် မပေးတော့ဘူး..." ဟု ဆိုသည်။
လီချင်းချိုးက ခေါင်းညိတ်၍ ပြုံးလျက် "မင်းတို့ရဲ့ ကြိုးစားအားထုတ်မှုကို ငါ သိပါတယ်... ချင်းရှောင်ဂိုဏ်းက မင်းတို့ကို မတရား ဆက်ဆံမှာ မဟုတ်ပါဘူး..." ဟု ဆိုသည်။
ထိုအခါ ဝမ်ဖုန်းက လက်ကို ဝှေ့ယမ်း၍ လှည့်ထွက်သွားတော့သည်။
ထို့နောက် လီချင်းချိုးက ဂိုဏ်းချုပ် တံဆိပ်ပြားကို ထုတ်၍ ကျန်းယွီချွန်းတို့ကို ခေါ်လိုက်သည်။
လင်းလင်ကျိုး ပိုမို အနေရခက်လာပြီး အစ်ကို၊ အစ်မများက သူ့ကို မည်သို့ ဆက်ဆံမည်ကို မသိရှိသဖြင့် စိုးရိမ်နေမိသည်။
ထိုအချိန်တွင်ပင်…..
ဂိုဏ်းချုပ်က စုန့်ချန်ရှန်းကို နှစ်ချက်တည်းနှင့် အနိုင်ယူလိုက်သည့် သတင်း လျင်မြန်စွာ ပျံ့နှံ့သွားသည်။ စုန့်ချန်ရှန်း၏ ဓားစွမ်းအင်ကို ထိုက်ခွန်းတောင်တန်း တစ်လျှောက်လုံး အထိအတွေ့ ခံစားရသဖြင့် လူအများက ရန်သူ လာရောက် တိုက်ခိုက်သည်ဟု ထင်မှတ်နေကြသည်။
ဤတိုက်ပွဲအကြောင်း အမျိုးမျိုးသော ပုံပြင်များ ပေါ်ထွက်လာပြီး လီချင်းချိုး၏ ဂုဏ်သတင်းမှာလည်း အထွတ်အထိပ်သို့ ရောက်ရှိသွားတော့သည်။
ဓားဂိုဏ်း၏ ခြံဝင်းတစ်ခုတွင် စုန့်ချန်ရှန်းတယောက် ကုလားထိုင်ပေါ်တွင် တင်ပျဉ်ခွေ ထိုင်၍ ဒဏ်ရာများကို ကုသနေချိန်တွင် ဓားမိစ္ဆာမှာ ကျောက်စားပွဲတစ်ဖက်တွင် ထိုင်၍ အရက်သောက်နေသည်။စုန့်ချန်ရှန်း လီချင်းချိုး၏ အနိုင်ယူခြင်း ခံလိုက်ရသည်ကို မြင်ရသဖြင့် ဓားမိစ္ဆာ၏ ရင်ထဲတွင် ကြာမြင့်စွာ ဖိနှိပ်ထားသော ဒေါသများ နောက်ဆုံးတွင် ပျောက်ကွယ်သွားတော့သည်။
သူသည် အားနည်းသူ မဟုတ်ဘဲ လီချင်းချိုးနှင့် ရင်ဆိုင်ရချိန်တွင် လူတိုင်း ဤကဲ့သို့ပင် ဖြစ်ကြသည်ကို သူ နားလည်သွားသည်။
စုန့်ချန်ရှန်းက သာမန်လူ မဟုတ်ဘဲ ကောင်းကင်ဓားဂိုဏ်း၏ ထူးချွန်ဆုံး ပါရမီရှင် ဖြစ်ကာ အသက် တစ်ရာ မပြည့်မီမှာပင် ကောင်းကငနေမင်းနယ်ပယ်၏ နဝမအဆင့်သို့ ရောက်ရှိနေသူ ဖြစ်သည်။
မိုးပြာနဂါးနယ်မြေ တစ်ခုလုံးကို ကြည့်လိုက်လျှင် သူမသည် ထိပ်တန်း ပါရမီရှင်တစ်ဦး ဖြစ်ပြီး သူမ၏ ဒဏ္ဍာရီမှာလည်း အလွန် ကျယ်ပြန့်လှသည်။
စုန့်ချန်ရှန်း ရှုံးနိမ့်သွားချိန်က အမူအရာကို တွေးမိတိုင်း ဓားမိစ္ဆာ မရယ်ဘဲ မနေနိုင်တော့ချေ။
စုန့်ချန်ရှန်း မျက်မှောင် ကြုတ်လိုက်သဖြင့် ဓားမိစ္ဆာကလည်း အပြုံးကို ဖိနှိပ်လိုက်ပြီး ပုံမှန်အတိုင်း တည်ကြည်သော အမူအရာသို့ ပြန်ပြောင်းလိုက်သည်။
အချိန်အနည်းငယ် အကြာတွင်….
စုန့်ချန်ရှန်းက မျက်လုံးဖွင့်၍ ဓားမိစ္ဆာကို ကြည့်ကာ မေးလိုက်သည်။
"နင်လည်း သူနဲ့ လောင်းကြေး ထပ်ထားတာလား..."
လီချင်းချိုး၏ ဖိအားပေးခြင်း ခံလိုက်ရသည့် ဓားမိစ္ဆာက အသံတိုးတိုးဖြင့် ညည်းညူလိုက်သည်။
"သူ့ရဲ့ ကျင့်ကြံခြင်း အဆင့်က ဘယ်လောက်လဲ..."
"ကောင်းကင်နေမင်းနယ်ပယ်ရဲ့ ပထမအဆင့်..."
"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ... မဖြစ်နိုင်တာ!"
"သူက လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကမှ အတိဒုက္ခ ဖြတ်ကျော်ခဲ့တာ... မင်း သွားမေးကြည့်လိုက်ပါ..."
စုန့်ချန်ရှန်းခင်မျာ မိုးကြိူးအပစ်ခံလိုက်ရသလို မှင်တက်သွားတော့သည်။
သူမသည် ကောင်းကင်နေမင်း နယ်ပယ်သို့ ရောက်ရှိခါစသူ တစ်ယောက်၏ တစ်ချက်တည်းနှင့် အနိုင်ယူခြင်း ခံလိုက်ရတာလား။
မိုးပြာနဂါးနယ်မြေက ထိုသူနှစ်ဦးပင်လျှင် ဤမျှအထိ အစွမ်းထက်လိမ့်မည် မဟုတ်ချေ...
ဓားမိစ္ဆာက သူမကို ကြည့်၍ ….
"ဒါနဲ့... သူက ဒီနှစ်ဆို ၄၈ နှစ်ပဲ ရှိသေးတယ်..."
စုန့်ချန်ရှန်း၏ မျက်ဝန်းများ ပြူးကျယ်သွားပြီး လက်သီးများကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်မိသည်။ သူမ ပါးစပ်ဟလိုက်သော်လည်း သံသယ ဖြစ်ဖွယ် စကားလုံးများ မထွက်ပေါ်လာနိုင်တော့ချေ။
အသက် ၄၈ နှစ်တွင် ကောင်းကင်နေမင်းနယ်ပယ်သို့ ရောက်ရှိခြင်းမှာ ထူးခြားလှသည် မဟုတ်သော်လည်း ထိုအရွယ်တွင် သူမကို တစ်ချက်တည်းနှင့် အနိုင်ယူနိုင်ခြင်းကတော့ ကြောက်မက်ဖွယ် ကောင်းလွန်းသည်။
စုန့်ချန်ရှန်းမှာ ဘဝတွင် တစ်ခါမျှ မကြုံဖူးသော ထိခိုက်မှုကို ခံစားလိုက်ရပြီး အကြီးအကျယ် စိတ်ရှုပ်ထွေးသွားတော့သည်။
အရင်က ဝမ်းသာအားရ ဖြစ်နေခဲ့သည့် ဓားမိစ္ဆာလည်း သူမ၏ အခြေအနေကို ကြည့်ပြီး စိတ်အနှောင့်အယှက် ဖြစ်လာသည်။
သူ ဘာများ ဝမ်းသာစရာ ရှိနေလို့လဲ…
သူသည် စုန့်ချန်ရှန်းထက် ပိုမို ပြင်းထန်သော ရှုံးနိမ့်မှုကို ခံစားခဲ့ရသူ မဟုတ်ပါလော။
မိုးပြာနဂါးနယ်မြေတွင် ပါရမီရှင်များ ပြည့်နှက်နေပြီး သူနှင့် စုန့်ချန်ရှန်းတို့မှာလည်း ၎င်းတို့ထဲတွင် ပါဝင်သည်။ သူတို့သည် မည်သူ့ကိုမျှ အရှုံးမပေးလိုကြဘဲ မိမိကိုယ်ကိုယ် အစွမ်းထက်ဆုံးဟု ထင်မှတ်နေသူများ ဖြစ်ကြ၏။
ဓားမိစ္ဆာမှာ အရင်က ရှုံးနိမ့်ခဲ့ဖူးသော်လည်း လီချင်းချိုးနှင့် တွေ့ဆုံပြီးနောက်ပိုင်းတွင် မိမိကိုယ်ကိုယ် သံသယ ဝင်လာမိတော့သည်။
သူတို့ နှစ်ဦးစလုံး တိတ်ဆိတ်သွားကြသည်။
နှင်းများမှာ ထပ်မံ၍ ကျဆင်းလာပြီး ပိုမို ထူထပ်လာသဖြင့် လူများ၏ စိတ်ဓာတ်နှင့်အတူ လောကကြီးတစ်ခုလုံးကိုပါ မြေမြှုပ်ပစ်တော့မည့်အလား ဖြစ်နေ၏။
နှစ်ကုန်ခါနီးတွင် ဝေထျန်းရှုံး နောက်ဆုံးတွင် ပြန်လည် ရောက်ရှိလာသည်။ သူ တစ်ယောက်တည်း မဟုတ်ဘဲ ဂိုဏ်းသား အများအပြားလည်း ပြန်လည် ရောက်ရှိလာ၏။ လီချင်းချိုးက တိုက်ပွဲ အတွေ့အကြုံ မရှိသေးသော ဂိုဏ်းသားများကို စေလွှတ်၍ သူတို့၏ တာဝန်များကို ဆက်ခံစေခဲ့သည်။ မည်သို့ပင်ဆိုစေ တာဝန်များကို ကြီးကြပ်ရန်အတွက် ယုံကြည်စိတ်ချရသော ဂိုဏ်းသားများကို ခံစစ်စခန်း အသီးသီးတွင် ချန်ထားခဲ့သည်။
ရွှီနင်း၊ ကျောက်ကျိန်း၊ ကျိယာ၊ ဟူယန်တို့လည်း တစ်ယောက်ပြီး တစ်ယောက် ပြန်လည် ရောက်ရှိလာကြသည်။
ဤနေ့တွင် ဟူယန်နှင့် ဂိုဏ်းသားများက ဆရာဖြစ်သူကို သွားရောက် တွေ့ဆုံကြသည်။ ဆရာဖြစ်သူက သူတို့ကို ညီငယ်တစ်ဦးနှင့် မိတ်ဆက်ပေးခဲ့ပြီး လင်းလင်ကျိုး၏ ပုံပြင်ကို ကြားသိလိုက်ရသောအခါ သူတို့ အားလုံး ထိရှ ခံစားလိုက်ရသည်။
မသေမျိုးလမ်းကြောင်းကို ရှာဖွေရင်း လင်းရွှင်ဖုန်းသည် ချင်းရှောင်ဂိုဏ်းကို လွမ်းဆွတ်နေခဲ့ပြီး အခက်အခဲများစွာ ကြုံတွေ့ခဲ့ရပြီးနောက်မှသာ မသေမျိုးလမ်းကြောင်းကို ရရှိခဲ့ခြင်း ဖြစ်၏။
သူတို့သည် ငယ်စဉ်ကတည်းက ဆရာဖြစ်သူနှင့်အတူ မသေမျိုးလမ်းကြောင်းကို ကျင့်ကြံခဲ့ကြပြီး ယှဉ်ကြည့်လိုက်သောအခါ ပို၍ ကံကောင်းသည်ဟု ခံစားလိုက်ရသည်။
ဟူယန် တောင်လမ်းအတိုင်း ခြံဝင်းဆီသို့ ပြန်လျှောက်သွားခဲ့သော်လည်း သူ လမ်းလျှောက်နေရင်းနှင့် စိတ်ခံစားချက်များ လျော့နည်းသွားပြီး ရင်ထဲတွင် လစ်ဟာသွားသလို ခံစားလိုက်ရသည်။
တောင်လမ်း၏ ဘေးနှစ်ဖက်တွင် နှင်းများ တင်ကျန်နေပြီး ပတ်ဝန်းကျင်ရှိ သစ်ပင်များမှာလည်း နှင်းဖြူများဖြင့် ဖုံးလွှမ်းနေသည်။ သူသည် ရှေ့တွင် ခုန်ပေါက် ပြေးလွှားနေသော မိန်းကလေးတစ်ဦးကို မြင်ယောင်နေမိပြီး သူမက နောက်သို့ လှည့်၍ သူ့ကို လက်ပြနေသလို ထင်နေရသည်။
ပြီးခဲ့သည့် တစ်နှစ်အတွင်း တွမ့်ရှောင်ကျွမ်းကို မတွေးမိစေရန် အစွမ်းကုန် ကြိုးစားခဲ့ပြီး ဝမ့်ယင်းဂိုဏ်းကိုသာ အာရုံစိုက်ခဲ့သည်။
သို့သော်လည်း စစ်ပွဲ ပြီးဆုံး၍ ချင်းရှောင်တောင်သို့ ပြန်ရောက်လာချိန်တွင် အချိန်အကြာကြီး ဖိနှိပ်ထားခဲ့သော ခံစားချက်များ နောက်ဆုံးတွင် ပေါက်ကွဲထွက်လာတော့သည်။
တစ်နှစ်တာ ပြင်းထန်သော ယှဉ်ပြိုင်မှုက သူ့ကို ရင့်ကျက်စေခဲ့ပြီး အရင်ကလို ငယ်ရွယ်နုပျိုသော ကောင်လေး မဟုတ်တော့ပေ။
ဟူယန်သည် ထိုမိန်းကလေး ပျောက်ကွယ်သွားသည်အထိ စောင့်ကြည့်ပြီးမှ ရှေ့သို့ တိုးသွားလိုက်သည်။
သူ သိပ်မဝေးခင်မှာပင် တောင်တက်လာသော လူတစ်ဦးကို တွေ့လိုက်ရသည်။ထိုသူမှာ သူနှင့် ရင်းနှီးသော ကျူးချင်းလင်ပင် ဖြစ်သည်။
ကျူးချင်းလင်သည်လည်း စစ်ပွဲတွင် ပါဝင်ခဲ့ပြီး သူတို့နှစ်ဦး စစ်မြေပြင်နှင့် တာဝန်များတွင် တွေ့ဆုံခဲ့ကြသော်လည်း တစ်ခါမျှ စကားမပြောခဲ့ကြပေ။
ဟူယန်က ခေါင်းကို အနည်းငယ် ငုံ့၍ ကျူးချင်းလင်ကို ကျော်ဖြတ်သွားလိုက်သည်။
"နှစ်သစ်ကူးပြီးရင် ငါ မိသားစုနဲ့အတူ တောင်ဘက်ကို ခရီးသွားမယ်..."
ကျူးချင်းလင်၏ အသံ ရုတ်တရက် နောက်မှ ထွက်ပေါ်လာသဖြင့် ဟူယန်၏ ခြေလှမ်း ရပ်တန့်သွားသည်။
ဟူယန်က နောက်သို့ လှည့်ကြည့်၍ အထက်က လှေကားထစ်ပေါ်မှ ကျူးချင်းလင်ကို ကြည့်လိုက်သည်။
ကျူးချင်းလင်ကလည်း သူ့ကို ငုံ့ကြည့်နေသည်။ သူမ၏ အမူအရာက အေးစက်ပြီး ပြုံးမနေပေ။ နှင်းမှုန်များက သူမပေါ်သို့ ကျရောက်လာပြီး မြူမှုန်များအဖြစ် ပြောင်းလဲသွားသဖြင့် သူမမှာ မသေမျိုးမိန်းကလေး တစ်ဦးကဲ့သို့ ဖြစ်နေပြီး ဤကမ္ဘာကြီးမှ ခုန်ထွက်သွားတော့မည့်အလား ရှိနေသည်။
ဟူယန် မည်သို့ ပြန်ဖြေရမည်ကို မသိတော့ပေ။ သူသည် အခြားသော မိန်းကလေးများနှင့် ဆက်ဆံရေး တည်ဆောက်ရန် စိတ်ဝင်စားမှု မရှိပေ။
ကျူးချင်းလင်က သူ့ကို စူးစိုက်ကြည့်၍…
"ငါ အပြင်မှာ သေသွားခဲ့ရင် နင် နည်းနည်းလောက် ဝမ်းနည်းမှာလား..." ဟု မေးလိုက်တော့…
ဟူယန် မျက်မှောင် ကြုတ်လိုက်မိသည်။ သူမက သူ့ကို လှုံ့ဆော်နေသည်ဟု ခံစားရပြီး ဒေါသ အနည်းငယ် ထွက်မိသည်။
ဤမြင်ကွင်းကို မြင်သောအခါ ကျူးချင်းလင်က တဖက်လှည့်၍ တောင်ပေါ်သို့ ဆက်လက် တက်သွားတော့သည်။
ဟူယန်၏ ထင်ယောင်ထင်မှား ဖြစ်မှုလား မသိရသော်လည်း သူမ၏ အကြည့်များမှာ သူ့အပေါ်တွင် ရှိနေသေးသည်ဟု ခံစားလိုက်ရသည်။ သူ ခေါင်းလှည့်လိုက်သည့်တိုင် သူမ၏ အကြည့်များက သူ့ထံတွင်သာ စူးစိုက်နေဆဲ ဖြစ်သည်။ သူသည် ကျူးချင်းလင် နှင်းမြူများအတွင်း ပျောက်ကွယ်သွားသည်အထိ ကြည့်နေလိုက်သည်။
ထို့နောက် ထိုအကြောင်းကို မစဉ်းစားတော့ဘဲ တောင်အောက်သို့ ဆက်လက် လျှောက်လှမ်းသွားလိုက်၏။
ဟူယန်သည် တွမ့်ရှောင်ကျွမ်းကို မတွေးမိစေရန် ကြိုးစားနေသည်။ သူသည် ပိုမို အစွမ်းထက်လာစေရန် ကြိုးစားပြီး ယွမ်လီလို သို့မဟုတ် ယွမ်လီထက်ပင် ပိုမို ယုံကြည်စိတ်ချရသူ ဖြစ်လာစေရန် ကြိုးစားသွားမည် ဖြစ်သည်။