အခန်း ၃၆၅
Vol. 37 Ch. 365
အခန်း (၃၆၅) ကောင်းကင်၏ စွမ်းအားကို ရင်ဆိုင်ခြင်း
နွေဦးပွဲတော် နီးကပ်လာသည်နှင့်အမျှ ထိုက်ခွန်းတောင်တန်း တစ်ခုလုံး သက်ဝင်လှုပ်ရှား၍ ပျော်ရွှင်ဖွယ်ကောင်းသော အငွေ့အသက်များဖြင့် ပြည့်နှက်နေ၏။ အထူးသဖြင့် ယခုနှစ်တွင် ချင်းရှောင်ဂိုဏ်းက ဝမ့်ယင်းဂိုဏ်းကို အနိုင်ယူနိုင်ခဲ့ခြင်းမှာ သူတို့၏ သမိုင်းကြောင်းတစ်လျှောက် ကျင့်ကြံရေးဂိုဏ်းတစ်ခုကို ပထမဆုံးအကြိမ် အနိုင်ယူနိုင်ခဲ့ခြင်းပင် ဖြစ်သည်။
ဤတိုက်ပွဲက ချင်းရှောင်ဂိုဏ်းသည် လောကီကမ္ဘာကို လွှမ်းမိုးနိုင်ရုံသာမက ကျင့်ကြံရေးလောကတွင်ပင် ယှဉ်ပြိုင်နိုင်စွမ်း မြင့်မားကြောင်း သက်သေပြလိုက်နိုင်သည်။
ရှည်လျားလှသော တိုက်ပွဲဝင် လမ်းကြောင်းများကို ထောက်ရှုကြည့်လျှင် ဝမ့်ယင်းဂိုဏ်းကို တစ်နှစ်အတွင်း အနိုင်ယူနိုင်ခဲ့ခြင်းမှာ အလွန် အထင်ကြီးစရာ ကောင်းသော အောင်မြင်မှုတစ်ခု ဖြစ်ပေသည်။
လီချင်းချိုးသည်လည်း အလုပ်များလာခဲ့ပြီး ခန်းမဆောင် အသီးသီးမှ လူများက နေ့စဉ်နှင့်အမျှ သူ့ထံလာရောက်၍ အကူအညီ တောင်းခံကြသည်။
သူ့အမြင်တွင် အလျင်မြန်ဆုံး တိုးတက်နေသော ဌာနမှာ ကောင်းကင်လက်မှုပညာခန်းမ ဖြစ်သည်။ ချင်းရှောင်ဂိုဏ်း၏ ဤမျှ ရှည်လျားသော တိုက်ပွဲဝင် လမ်းကြောင်းကို အလျင်အမြန် ချီတက်နိုင်ခဲ့ခြင်းမှာ ကောင်းကင်လက်မှုပညာခန်းမက နေရာကူးပြောင်းရေး အစီအရင်များကို လျင်မြန်စွာ တည်ဆောက်နိုင်ခဲ့ခြင်းကြောင့် ဖြစ်၏။ လက်ရှိတွင် ကောင်းကင်လက်မှုပညာခန်းမမှာ ဌာနများအားလုံးတွင် ဂိုဏ်းသားအများဆုံး ရှိနေပြီး အခြားဌာနများကလည်း မည်သည့် ကန့်ကွက်သံမျှ မထွက်ရဲကြပေ။
အကြောင်းမှာ ကောင်းကင်လက်မှုပညာခန်းမ ပိုမို အားကောင်းလာလေ ချင်းရှောင်ဂိုဏ်း၏ ဖွံ့ဖြိုးတိုးတက်မှု ပိုမို မြန်ဆန်လာလေ ဖြစ်သောကြောင့်တည်း။
ကောင်းကင်လက်မှုပညာခန်းမရှိ ဂိုဏ်းသား အရေအတွက်မှာ ၁,၁၀၀ အထိ ရောက်ရှိလာခဲ့ပြီး ခံစားခွင့်များမှာလည်း အကောင်းဆုံး ဖြစ်သဖြင့် ဂိုဏ်းသားများစွာ အိပ်မက်မက်ရသော နေရာတစ်ခု ဖြစ်လာခဲ့သည်။
ရှောင်ဝူချင်းက ခြံဝင်းအတွင်းသို့ ရောက်ရှိလာပြီး အရိုအသေပေးကာ….
"ဂိုဏ်းချုပ်ကို အစီရင်ခံပါတယ်... ကျွန်တော်တို့ ဝမ်ဖုန်းကို ရှာမတွေ့ခဲ့ပါဘူး..." ဟု ဆို၏။
ထိန်းချူပ်ရေးခန်းမမှ ပေးပို့ထားသော ဂိုဏ်းသားစာရင်းကို ကိုင်ထားရင်း လီချင်းချိုးက….
"ရှာမတွေ့ရင်လည်း ထားလိုက်ပါတော့... လူတိုင်းမှာ ကိုယ်ပိုင် ရည်မှန်းချက်တွေ ရှိကြတာပဲ..." ဟု ပြန်ပြောလိုက်သည်။
လီချင်းချိုးသည် သူနှင့် လင်းလင်ကျိုးတို့ အသိအမှတ်ပြုပြီးကတည်းက ဝမ်ဖုန်းကို မတွေ့ခဲ့ရချေ။ လင်းလင်ကျိုးက သူ့ကို လာရောက်တွေ့ဆုံ၍ ဝမ်ဖုန်းကို ရှာဖွေပေးရန် အကူအညီ တောင်းခံခဲ့သည်။
လီချင်းချိုးက လူများကို စေလွှတ်၍ ရက်အတော်ကြာ ရှာဖွေခိုင်းခဲ့သော်လည်း ယခုအချိန်အထိ ဝမ်ဖုန်းကို မရှာတွေ့ခဲ့ပေ။ ချင်းရှောင်ဂိုဏ်း၏ လက်ရှိ စွမ်းအားဖြင့်ပင် ဝမ်ဖုန်းကို မရှာတွေ့ခြင်းက ဝမ်ဖုန်းဘက်က ချင်းရှောင်ဂိုဏ်းကို တမင်တကာ ရှောင်တိမ်းနေခြင်း ဖြစ်ကြောင်း ပြသနေ၏။
ရှောင်ဝူချင်းက ခေါင်းညိတ်လိုက်ပြီးနောက် အခြားကိစ္စများကို ဆက်လက် ပြောဆိုလိုက်သည်။
သူ့အတွက် ဝမ်ဖုန်းဆိုသည်မှာ သေးငယ်သော ဇာတ်ကောင်တစ်ဦးသာ ဖြစ်သဖြင့် သူ ဂရုမစိုက်ပေ။
နောက်နှစ်မှ စတင်၍ ချင်းရှောင်ဂိုဏ်းသည် အနောက်ဘက်နယ်စပ်နှင့် အနောက်ဘက်သို့ ပိုမို ကျယ်ပြန့်သော နယ်မြေတစ်ခုလုံးကို စူးစမ်းလေ့လာမည် ဖြစ်ပြီး ဝမ့်ယင်းဂိုဏ်း ပိုင်ဆိုင်ခဲ့သော နယ်မြေအချို့ကို သိမ်းပိုက်မည် ဖြစ်သည်။
တစ်ချိန်တည်းမှာပင် လီချင်းချိုးက ထျန်းမင်ပင်လယ်အထက်တွင် ထောက်လှမ်းရေး ကွန်ရက်တစ်ခု တည်ဆောက်ရန်အတွက် လူများကို တောင်ဘက်သို့လည်း စေလွှတ်သွားမည် ဖြစ်၏။
အခြား ကျင့်ကြံရေး အင်အားစုများကို အကြီးအကျယ် ကျူးကျော်တိုက်ခိုက်ခြင်း သို့မဟုတ် ရန်သူ မဖွဲ့သရွေ့ ထောက်လှမ်းရေးမှာ အရေးအကြီးဆုံး ဖြစ်သည်။
လီချင်းချိုးက ပုံရိပ်ယောင် ပါရမီရှင်ကံကြမ္မာကို ပိုင်ဆိုင်ထားသော ရှဲ့ရှု ကို ဤကိစ္စတွင် ဦးဆောင်စေရန် စီစဉ်ထားသည်။ရှဲ့ရှုက အလွန် အစွမ်းထက်ပြီး သူ တာဝန်ယူရမည့် အချိန် ရောက်လာခဲ့ပြီ ဖြစ်သည်။
လီချင်းချိုးသည် နာမည်ရပြီး အောင်မြင်မှုများ ရရှိထားသော ဂိုဏ်းသားများကို အများကြီး အာရုံစိုက်မည် မဟုတ်ဘဲ သူတို့၏ ဓားကို မဆွဲထုတ်ရသေးသော ဂိုဏ်းသားများအပေါ်တွင်သာ အာရုံစိုက်လိုသည်။
ကံကောင်းထောက်မစွာဖြင့် ထိုသို့သော ဂိုဏ်းသားများစွာ ရှိနေသေး၏။
မျိုးဆက်တစ်ခုပြီးတစ်ခု ပြုစုပျိုးထောင်လာသည်နှင့်အမျှ ချင်းရှောင်ဂိုဏ်းသည် စည်ပင်ဝပြောလာပြီး ဩဇာလွှမ်းမိုးမှုများ ကျယ်ပြန့်လာခဲ့သည်။
ဟုတ်ပေသည်၊ အားနည်းချက်များလည်း ရှိနေ၏။ ဤဂိုဏ်းသားများ အစွမ်းထက်လာသည်နှင့်အမျှ အတွင်းပိုင်း အဖွဲ့အစည်းများ၏ စည်းရုံးခြင်းကို ခံရမည် သို့မဟုတ် ကိုယ်ပိုင် အဖွဲ့အစည်းများ တည်ထောင်လာကြမည် ဖြစ်သည်။
အာဏာရလာသည်နှင့်အမျှ အကျိုးအမြတ်နှင့် အာဏာ ပိုမို ရရှိရန် ကြိုးပမ်းလာကြမည် ဖြစ်ရာ ဂိုဏ်း၏ အတွင်းပိုင်း ဖွဲ့စည်းပုံအပေါ် သက်ရောက်မှု ရှိလာပေမည်။
နာမည်များစွာမှာ လီချင်းချိုး၏ နားထဲသို့ ရောက်ရှိလာပြီး ဤလူများက ရှောင်ဝူချင်းကို အခက်တွေ့အောင် စတင် ပြုလုပ်လာကြ၏။ အထူးသဖြင့် တိုက်ပွဲကြီး ပြီးဆုံး၍ ဆုလာဘ်များ ခွဲဝေပေးပြီးနောက် ရှောင်ဝူချင်းကို အခက်တွေ့အောင် လုပ်သူများ ပိုမို များပြားလာသည်။
ဆုလာဘ်များကို ခွဲဝေပေးပြီးပြီ ဖြစ်သော်လည်း လီချင်းချိုးက နှစ်သစ်ကူးပြီးနောက် ရွှမ်ရှင်းခန်းမတွင် အစည်းအဝေးတစ်ခု ကျင်းပ၍ အောင်မြင်မှု ရရှိခဲ့သော ဂိုဏ်းသားများကို လူမြင်ကွင်းတွင် တစ်ဦးချင်း ဆုချီးမြှင့်ရန် စီစဉ်ထားသည်။ သို့မှသာ ဂိုဏ်းသားများက သူတို့၏ ကြိုးစားအားထုတ်မှုများအတွက် အသိအမှတ်ပြုခံရကြောင်း သိရှိနိုင်မည် ဖြစ်၏။
ဤအရာအားလုံးမှာ လီချင်းချိုးအတွက် ပျော်ရွှင်ဖွယ်ကောင်းသော ပြဿနာတစ်ခုပင် ဖြစ်သည်။ ကျင့်ကြံခြင်းကို နှောင့်နှေးစေသော်လည်း ချင်းရှောင်ဂိုဏ်း အမှန်တကယ် ပိုမို အားကောင်းလာနေကြောင်းကို သူ ခံစားသိရှိနိုင်သည်။ ယခုနှစ်တွင် ဝိညာဉ်အသိအာရုံအဆင့်သို့ ရောက်ရှိလာသော ဂိုဏ်းသားသစ် အရေအတွက်က ယမန်နှစ်ကထက် ဆယ်ဆမျှ ပိုများလာရာ ချင်းရှောင်ဂိုဏ်းမှာ အံ့ဩစရာ ကောင်းလောက်အောင် လျင်မြန်စွာ တိုးတက်လာသည့် ကာလထဲသို့ ဝင်ရောက်လာပြီ ဖြစ်ကြောင်း သက်သေပြနေပေသည်။
ရှောင်ဝူချင်းက မေးခွန်းများ မေးမြန်းပြီးချိန်တွင် နာရီဝက်ခန့် ကုန်လွန်သွားခဲ့ပြီ ဖြစ်၏။
လီချင်းချိုးက မတ်တတ်ထရပ်လိုက်ပြီး မသေမျိုးဂူသို့ ပြန်မသွားဘဲ ယင်ကျင်းရှင်းကို သွားရောက် ကြည့်ရှုလိုက်သည်။
လီချင်းချိုး ဤတပည့်ငယ်လေးအပေါ် မျှော်လင့်ချက် ကြီးကြီးမားမား ထားရှိထားသည်။
ဖျက်ဆီးမရသောအရှင်သခင်ခန္ဓာကိုယ်က ယွမ်လီကို တောက်ပစေခဲ့ပြီး ဝမ့်ယင်းဂိုဏ်းနှင့် တိုက်ပွဲတွင် အဓိက အခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။ ထို့ကြောင့် တုနှိုင်းမဲ့ ယန်စွမ်းအား ခန္ဓာကိုယ် ကို မည်သို့ မမျှော်လင့်ဘဲ နေနိုင်မည်နည်း။
လီချင်းချိုး အလုပ်များနေသည်သာမက အခြားသော ခန်းမ အကြီးအကဲများမှာလည်း အလွန် အလုပ်များနေကြသည်။
ခန်းမဆောင်များ ခွဲဝေလိုက်သည်နှင့်အမျှ သူတို့အပေါ် သက်ရောက်သည့် ဖိအားများက လွန်ခဲ့သော ဆယ်နှစ်က လီချင်းချိုး ကြုံတွေ့ခဲ့ရသည်နှင့် တူညီနေသည်။ လီချင်းချိုးက ဂိုဏ်းသားများကို ပြုစုပျိုးထောင်နေသလို သူတို့ကလည်း ထိုသို့ပင် ပြုလုပ်နေကြသည်။
ချင်းရှောင်ဂိုဏ်း ရှေ့သို့ တိုးတက်လာသည်နှင့်အမျှ အာဏာဖွဲ့စည်းပုံကိုလည်း အဆက်မပြတ် မြှင့်တင်နေသည်။
အရင်းအမြစ်ခန်းမအတွင်းတွင် ဂိုဏ်းသားများစွာ ခန်းမကြီးရှေ့တွင် စုရုံးနေကြပြီး အတွင်းဘက်သို့ လက်ညှိုးထိုး၍ အမူအရာ အမျိုးမျိုး ပြသနေကြသည်။
ချူကျင်း၊ လင်းလင်ကျိုးနှင့် အစောင့်အရှောက် သုံးဦးတို့က အဓိက ခန်းမဆောင်အတွင်းတွင် ရပ်နေကြပြီး ဂိုဏ်းသား အမျိုးသားတစ်ဦးက သူတို့ကို တစ်စုံတစ်ခု ရှင်းပြနေသည်။
ခန်းမ အကြီးအကဲ ယန်ကျွယ်တိန်က ဒုတိယ ခန်းမသခင်များ၊ အကြီးအကဲများနှင့်အတူ ဘေးတွင် ရပ်နေကြပြီး အားလုံးမှာ ခက်ထန်သော အမူအရာများ ရှိနေကြသည်။
"ကောင်းပြီ... တော်လောက်ပြီ... မင်း အပြစ်မရှိရင် ဂိုဏ်းက မင်းရဲ့ နာမည်ကို ရှင်းလင်းပေးလိမ့်မယ်... သူတို့နဲ့ လိုက်သွားလိုက်ပါ!"
ယန်ကျွယ်တိန်က ထိုဂိုဏ်းသား၏ စကားကို အသံနက်ကြီးဖြင့် ကြားဖြတ် ပြောလိုက်ရာ ထိုဂိုဏ်းသား စိတ်ပျက်အားငယ်သွားတော့သည်။
အစောင့်အရှောက်များ၏ ဖမ်းဆီးခေါ်ဆောင်ခြင်းကို ခံရသည့်အတွက် မျှော်လင့်ချက် မရှိတော့ချေ။
စကားပိုမပြောတော့ဘဲ ချူကျင်းက အင်္ကျီလက်ကို ခါလိုက်သည်နှင့် အစောင့်အရှောက် နှစ်ဦးက ထိုဂိုဏ်းသား၏ လက်မောင်းများကို ချက်ချင်း ဆုပ်ကိုင်၍ ဆွဲခေါ်သွားကြသည်။
လင်းလင်ကျိုးက စိတ်ထဲမှ….
"ဒီအရှင်ချူက တော်တော်လေး စွမ်းတာပဲ... ခန်းမဆောင် အကြီးအကဲကိုတောင် မျက်နှာသာ လုံးဝ မပေးဘူး..." ဟု တွေးလိုက်မိသည်။
လီချင်းချိုးက သူ့ကို ဟူရှန်းအစောင့်အရှောက်အဖွဲ့တွင် တာဝန်ချထားပေးခဲ့သည်။ သူသည် အရင်က ဟူရှန်းအစောင့်အရှောက်အဖွဲ့ကို သေးငယ်သည်ဟု ထင်ခဲ့သော်လည်း မကြာသေးမီက သူတို့နောက်သို့ လိုက်ပါပြီးနောက်တွင် ဟူရှန်းအစောင့်အရှောက်အဖွဲ့တွင် ကြီးမားလှသော အာဏာရှိကြောင်းကို နားလည်လာခဲ့သည်။
ဤသည်က လီချင်းချိုးအပေါ် ပိုမို ကျေးဇူးတင်သွားစေပြီး သူ့ရဲ့ အစ်ကိုကြီးက သူ့ကို တကယ်ပင် ယုံကြည်ရသူတစ်ဦးအဖြစ် သတ်မှတ်ထားကြောင်း ခံစားမိစေသည်။
ဟူရှန်းအစောင့်အရှောက်အဖွဲ့မှ ဂိုဏ်းသားများ အားလုံးက အရည်အချင်း မြင့်မားသူများ ဖြစ်ကြသော်လည်း လင်းလင်ကျိုးကတော့ ကျင့်ကြံခြင်း စတင်ခါစသာ ရှိသေးသည်ဟု ဆိုကာ သူ့ကို ခွဲခြားဆက်ဆံခြင်း မပြုကြပေ။ ဆန့်ကျင်ဘက်အနေဖြင့် သူတို့က လင်းလင်ကျိုးကို အလွန် သဘောကျကြသဖြင့် မျက်နှာပန်းလှနေသလို ခံစားရသည်။
ဟူရှန်းအစောင့်အရှောက်များက လီချင်းချိုးအပေါ် အလွန် မြင့်မားသော သစ္စာစောင့်သိမှု ရှိကြပြီး အနည်းဆုံး ၉၄ မှတ်အထိ ရှိသဖြင့် ထိုသစ္စာစောင့်သိမှုကို သူ့ထံသို့လည်း သဘာဝကျကျ ဖြန့်ကျက်ပေးကြသည်။ ထို့အပြင် လင်းလင်ကျိုး၏ ပုံပြင်က တကယ်ကိုထိရှ ခံစားရစေသဖြင့် လင်းလင်ကျိုးအပေါ် အလွန် သဘောကျကြသည်။
လင်းလင်ကျိုးနှင့် ဂိုဏ်းချုပ်ကြားက ဆက်ဆံရေးကို ကြည့်ခြင်းအားဖြင့် လင်းလင်ကျိုး၏ ကျင့်ကြံခြင်းကလည်း အနှေးနှင့်အမြန် မီလာမည်ကို သူတို့ အားလုံး သိရှိထားကြသည်။
အရင်းအမြစ်ခန်းမမှ အထွက်တွင် ချူကျင်းက ရုတ်တရက် လင်းလင်ကျိုးကို လှည့်ကြည့်၍ ….
"ဒီနေ့အတွက် ဖြေရှင်းစရာ ကိစ္စတွေ အများကြီး ကျန်နေသေးတယ်... မင်း အရင်ပြန်ပြီး ကျင့်ကြံနေလိုက်ပါ... မင်းအတွက် ကျင့်ကြံခြင်းက အရေးအကြီးဆုံးပဲ..." ဟု ဆို၏။
လင်းလင်ကျိုးက ခေါင်းညိတ်လိုက်ပြီးနောက် ချူကျင်းနှင့် အစောင့်အရှောက် သုံးဦးတို့ကို အရိုအသေပေးကာ ခြံဝင်းဆီသို့ လျှောက်လှမ်းသွားလိုက်သည်။
အပြန်လမ်းတွင် လမ်းတစ်လျှောက်ရှိ ရှုခင်းများနှင့် သွားလာနေသော ဂိုဏ်းသားများကို ကြည့်ရင်း ကျေနပ်နေမိပြီး အိပ်မက်မက်နေသကဲ့သို့ပင် ခံစားနေရ၏။
ထျန်းချင်းမသေမျိုးဂိုဏ်းတွင် ရှိစဉ်က သူ့ရဲ့ အဆင့်အတန်းမှာ ချင်းရှောင်ဂိုဏ်းရှိ အစေခံ ဂိုဏ်းသားတစ်ဦးထက်ပင် နိမ့်ကျနေခဲ့သော်လည်း ယခုအခါတွင်မူ လီချင်းချိုးက သူ့ကို ကောင်းကင်ယံသို့ တိုက်ရိုက် မြှင့်တင်ပေးလိုက်ပြီ ဖြစ်ရာ သူ မည်သို့ စိတ်လှုပ်ရှားမှု မရှိဘဲ နေနိုင်မည်နည်း။
မကြာခင် သိုင်းပညာစင်မြင့်တစ်ခုကို ဖြတ်ကျော်သွားရာ လူရာဂဏန်းခန့် စုရုံးနေကြပြီး စည်ကားလှသော မြင်ကွင်းတစ်ခုကို တွေ့လိုက်ရ၏။ စင်မြင့်ဆီသို့ အာရုံစိုက် ကြည့်လိုက်တော့ တိုက်ခိုက်နေသူ နှစ်ဦးစလုံး အလွန် ငယ်ရွယ်ကြသည်ကို တွေ့လိုက်ရသည်။
ရှောင်ဝူမင်နှင့် လီရှို့မင်တို့ တိုက်ခိုက်နေကြခြင်း ဖြစ်၏။
ထိုနှစ်ဦးက မန္တန်များကို အဆက်မပြတ် အသုံးပြုနေကြပြီး သူတို့၏ ပုံရိပ်များ ယှက်နွှယ်နေသဖြင့် ကြည့်ရှုသူများကို မျက်စိလျှမ်းသွားစေသည်။
သူတို့နှစ်ဦးစလုံးက သီးခြား လမ်းကြောင်းတစ်ခုခုကို အထူးပြု ကျင့်ကြံထားခြင်း မရှိဘဲ ရိုးရာကျင့်ကြံသူများ ဖြစ်ကြ၏။ သူတို့၏ တိုက်ပွဲများမှာ ကြည့်ရှုသူများအတွက် အလွန် မျက်စိပဒသာဖြစ်စေသည်။
လင်းလင်ကျိုးက တိုက်ပွဲကို ကြည့်ရှုရန် လူအုပ်ကြီး၏ နောက်ဘက်သို့ သွားရောက်ကာ မိတ်ဆက်စကားများကို နားထောင်နေလိုက်သည်။
မကြာမီပင် ထိုလူနှစ်ဦး မည်သူမည်ဝါဖြစ်ကြောင်းကို သူ သိရှိသွားသည်။ လီရှို့မင်က သူ့ရဲ့ တူသား ဖြစ်နေသည်။ လီစစ်ဖုန်းက သူ့အပေါ် အလွန် ဖော်ရွေသဖြင့် လီစစ်ဖုန်းအပေါ် ကောင်းမွန်သော အထင်အမြင် ရှိထားသည်။
သူတို့နှစ်ဦးစလုံးက အစ်ကိုကြီး ကိုယ်တိုင် သင်ကြားပေးထားသော တပည့်များ ဖြစ်ကြောင်း သိရှိလိုက်ရသောအခါ လီချင်းချိုးကို ပို၍ပင် လေးစားသွားမိသည်။
ရှောင်ဝူမင်နှင့် အပေါင်းအပါတို့၏ နောက်ခံကို မသိရှိပါက သူတို့မှာ အလွန် အစွမ်းထက်ပုံ ရသဖြင့် ဂိုဏ်းအတွင်းမှ အဆင့်မြင့် ဂိုဏ်းသားများဟု သူ ထင်မှတ်မိပေလိမ့်မည်။
ချွင်! ချွင်! ချွင်...
လီရှို့မင်က လျင်မြန်စွာ ခုန်ပျံ၍ ပျံသန်းလာသော ဓားမြောင်အချို့ကို ရှောင်တိမ်းကာ ယှဉ်ပြိုင်ရေးစင်မြင့်၏ အစွန်းသို့ ဆုတ်ခွာသွားလိုက်၏။
သူ လှည့်ရန် ပြင်လိုက်ချိန်မှာပင် ရှောင်ဝူမင်က မြွေပွေးတစ်ကောင်ကဲ့သို့ သူ့ ဘေးတွင် ရုတ်တရက် ပေါ်လာပြီး ဓားမြောင်ငယ်လေးကို သူ့ လည်ပင်းရှေ့တွင် ချိန်ရွယ်ထားလိုက်သည်။
ထိုအခါ လီရှို့မင်၏ ခန္ဓာကိုယ် ရုတ်တရက် တောင့်တင်းသွားသည်။
ရှောင်ဝူမင်က အမူအရာမဲ့စွာဖြင့်… "မင်း ရှုံးသွားပြီ..." ဟု ဆိုလိုက်သည်။
ဤစကားကို ကြားသောအခါ လီရှို့မင်က အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီးနောက် မချိပြုံး ပြုံး၍ "မင်း နိုင်သွားပြန်ပြီ..."
ထိုအခါ ရှောင်ဝူမင်၏ နှုတ်ခမ်းများ ကွေးညွှတ်သွားပြီး လက်ကို ပြန်ရုတ်လိုက်သည်။
သူတို့နှစ်ဉီးက ကောင်းမွန်သော ဆက်ဆံရေး ရှိကြပြီး မကြာခဏ ယှဉ်ပြိုင်လေ့ ရှိကြသည်။ သူက လီရှို့မင်ထက် အသက် နှစ်ဆယ်ခန့် ပိုကြီးသဖြင့် အနိုင်ရမှ ဖြစ်မည် ဖြစ်ပြီး လီရှို့မင်ကလည်း သူ့ကို ရှုံးနိမ့်ခြင်းကြောင့် စိတ်ဓာတ်ကျမည် မဟုတ်ချေ။ သူတို့နှစ်ဦး အနိုင်အရှုံး ပေါ်သွားချိန်တွင် ကြည့်ရှုသူများထံမှ စိတ်အားထက်သန်သော အော်ဟစ်အားပေးသံများ ပေါက်ကွဲထွက်လာသည်။
လင်းလင်ကျိုးမှာ အားကျစွာဖြင့် ကြည့်ရှုနေပြီး သူတို့လောက် ဘယ်တော့များမှ ကျွမ်းကျင်လာမလဲဟု တွေးတောနေမိသည်။
ဟွမ်ယွမ်ကျမ်းစာနှင့် ပတ်သက်သည့် ကောလာဟလများကို ပြန်တွေးမိချိန်တွင် သူ့မျက်ဝန်းများက လိုလားတောင့်တမှုများဖြင့် တောက်ပလာသည်။
သူ လှည့်၍ ထွက်ခွာသွားချိန်တွင် ခြေလှမ်းများ ပိုမို မြန်ဆန်လာသည်။
ပေပေါင်းများစွာ အကွာရှိ တောအုပ်အစွန်းတွင် ဂိုဏ်းသားနှစ်ဦးက လင်းလင်ကျိုး၏ ကျောပြင်ကို စူးစိုက်ကြည့်နေကြသည်။
"သူက ဂိုဏ်းချုပ်ရဲ့ ညီငယ်လား..." အရပ်ပု၍ ဝဖြိုးသော အမျိုးသား ဂိုဏ်းသားတစ်ဦးက တိုးတိုးလေး မေးလိုက်သည်။
အခြား ဂိုဏ်းသားဖြစ်သူ ပိန်ပါးသော အမျိုးသမီး ဂိုဏ်းသားက အမူအရာမဲ့စွာဖြင့် "ဟုတ်တယ်... အဲဒါ သူပဲ... သူ့ရုပ်ကို မှတ်ထား..." ဟု ဆို၏။ အရပ်ပု၍ ဝဖြိုးသော အမျိုးသား ဂိုဏ်းသားက ခေါင်းညိတ်လိုက်ပြီး သူတို့နှစ်ဦးစလုံးက လင်းလင်ကျိုးကို မကောင်းသော ရည်ရွယ်ချက်များဖြင့် ကြည့်နေကြသည်။
………………..
နှစ်သစ်ကူးပြီးနောက် ရွှမ်ရှင်းခန်းမတွင် အစည်းအဝေးများ ကျင်းပချိန်၌ ထူးချွန်သော စွမ်းဆောင်ရည်များ ပြသခဲ့သည့် ဂိုဏ်းသားများကို ဘွဲ့အမည်များ ပေးအပ်ချီးမြှင့်ခြင်းကို သောင်းနှင့်ချီသော တရားဝင် ဂိုဏ်းသားများက ကြည့်ရှုခဲ့ကြသည်။
သူတို့ထဲတွင် ကျောက်ကျိန်းက စစ်မှန်သောသခင် ဟူသော ဘွဲ့ကို ရရှိခဲ့သဖြင့် အကြီးမားဆုံးသော ရာထူးတိုးမြှင့်ခြင်းကို ခံရသည့် ဂိုဏ်းသား ဖြစ်လာခဲ့သည်။
ကျောက်ကျိန်းသည် ဝမ့်ယင်းဂိုဏ်းနှင့် တိုက်ပွဲတွင် ယွမ်လီပြီးလျှင် အထူးချွန်ဆုံး စွမ်းဆောင်နိုင်ခဲ့သဖြင့် ထိုသို့ ဆုချီးမြှင့်ခြင်းကို မည်သူမျှ ကန့်ကွက်ခြင်း မရှိကြပေ။ ရွှမ်ရှင်းခန်းမ အစည်းအဝေး ပြီးဆုံးပြီးနောက် ဂိုဏ်းသားအားလုံးအတွက် ဆုလာဘ်များကို ကြေညာခဲ့ရာ ဂိုဏ်းတစ်ခုလုံး၏ စိတ်ဓာတ်ရေးရာကို များစွာ မြှင့်တင်ပေးနိုင်ခဲ့သည်။
ထူးခြားသော စွမ်းဆောင်ရည် တစ်ခုခုကို ပြသနိုင်သရွေ့ အမွေအနှစ်များနှင့် မှော်လက်နက်များမှအစ မသေမျိုးဂူများ၊ ရှားပါးပြီး အဖိုးတန်သော ပစ္စည်းများနှင့် အာဏာအထိပင် အရာအားလုံးကို ရရှိနိုင်ပေသည်။
အစွမ်းထက်သော မိသားစု နောက်ခံ မရှိလျှင်ပင် မိမိ၏ ကြိုးစားအားထုတ်မှုဖြင့် ထင်ပေါ်ကျော်ကြားလာနိုင်ခြင်းမှာ ဂိုဏ်းသား အများစုအတွက် စိတ်လှုပ်ရှားစရာ ကောင်းသော အချက်ပင် ဖြစ်၏။
ဖေဖော်ဝါရီလ ရောက်မှသာ လီချင်းချိုး အနည်းငယ် အားလပ်ချိန် ရရှိသွားသည်။ ခန်းမဆောင် အသီးသီးအတွက် နှစ်သစ်ကူး တာဝန်များကို ထုတ်ပြန်ပြီးပြီ ဖြစ်ရာ သူသည် ကိုယ်ပိုင် ကျင့်ကြံခြင်းနှင့် တပည့်များကို ပြုစုပျိုးထောင်ခြင်းတွင်သာ အာရုံစိုက်ရန် စီစဉ်ထားသည်။
ချောက်ကမ်းပါးပေါ်တွင်…..
လီချင်းချိုးတယောက် ချောက်ကမ်းပါး၏ အစွန်းတွင် တင်ပျဉ်ခွေ ထိုင်နေပြီး ယင်ကျင်းရှင်းလည်း သူ့ဘေးတွင် တင်ပျဉ်ခွေ ထိုင်နေသည်။
လီချင်းချိုး၏ တခြားကမ္ဘာမှ လာသလို အမူအရာနှင့် ယှဉ်လိုက်လျှင် သေးငယ်သော ယင်ကျင်းရှင်းမှာ အတော်လေး ယုံကြည်မှု ကင်းမဲ့နေပုံ ရ၏။
သူသည် မူလချီစွမ်းအင် အနည်းငယ်ကို ကျင့်ကြံရရှိထားပြီ ဖြစ်သော်လည်း ပါရမီ အလွန် ညံ့ဖျင်းကြောင်းကို သူ ခံစားသိရှိနေသည်။ အထူးသဖြင့် အခြားသော အစ်ကို၊အစ်မများနှင့် ရင်းနှီးလာပြီးနောက် ပို၍ပင် ယုံကြည်မှု ကင်းမဲ့လာခဲ့သည်။
"မင်း နေကို ကြည့်ရတာ ကြိုက်တယ် မဟုတ်လား... စိတ်ဓာတ်ကျနေရင် ခေါင်းမော့လိုက်၊ စိတ်ကို ရှင်းလင်းထားပြီး မင်းရဲ့ ကျင့်ကြံခြင်းကို ဆက်လုပ်ပါ..."
လီချင်းချိုး၏ အသံက ယင်ကျင်းရှင်း၏ နားထဲသို့ ရောက်ရှိလာသည်။
ယင်ကျင်းရှင်းက မျက်လုံးဖွင့်၍ သူ့ကို ကြည့်ကာ….
"ဆရာ... ကျွန်တော့်ရဲ့ အကျင့်တွေက ထူးဆန်းတယ်လို့ မထင်ဘူးလား..." ဟု မေးလိုက်သည်။
ချင်းရှောင်ဂိုဏ်းသို့ ရောက်ရှိလာချိန်တွင် မည်သူကမျှ နေကို ကြည့်ရသည်ကို မကြိုက်ကြောင်း၊ အမှန်တကယ်တွင် အလွန် စူးရှလွန်းသည်ဟု ထင်ကြကြောင်း သူ တွေ့ရှိခဲ့သည်။ ဤအချက်က အရင်က ရှန်ယွဲ့တို့ သူ့ကို စကားပြောရန် အဘယ်ကြောင့် ချီတုံချတုံ ဖြစ်နေခဲ့ကြသည်ကို သတိရစေသည်။
"နည်းနည်းမှ မထူးဆန်းပါဘူး... ဆန့်ကျင်ဘက်အနေနဲ့ ဒါက မင်းရဲ့ ပါရမီ ဖြစ်နိုင်တယ်...ဘယ်လိုဖြစ်ဖြစ် သာမန်လူတွေက နေကို အချိန်အကြာကြီး တိုက်ရိုက် မကြည့်နိုင်ကြဘူး... အရာအားလုံးအတွက် နေဆိုတာ ကောင်းကင်ရဲ့ စွမ်းအားနဲ့ တူတယ်... ကောင်းကင်ရဲ့ စွမ်းအားကို တိုက်ရိုက် ကြည့်နိုင်တဲ့ မင်းက ထူးကဲတဲ့ ပါရမီ ရှိရမှာပေါ့..."
လီချင်းချိုး၏ စကားကြောင့် ယင်ကျင်းရှင်း၏ အမူအရာမှာ ပြောင်းလဲသွား၏။ ဤသည်မှာ အသိအမှတ်ပြုခံရပြီး လှုပ်ရှားသွားသည့် ခံစားချက်မျိုး ဖြစ်သည်။
"ဆရာ... ကျွန်တော့်မှာ တကယ်ပဲ ပါရမီ ရှိတာလား..." ယင်ကျင်းရှင်းက ပျော်ရွှင်စွာ မေးလိုက်ပြီး နောက်ဆုံးတွင် သက်ဝင်လှုပ်ရှားသော သဘာဝကို ပြသလာသည်။
လီချင်းချိုးက မျက်လုံးဖွင့်၍ နေကို စူးစိုက်ကြည့်ကာ….
"ဒါပေါ့ ရှိတာပေါ့... မင်းရဲ့ အလားအလာကို ငါ အသိဆုံးပဲ... ဘာလို့လဲဆိုတော့ ငါလည်း နေကို ကြည့်ရတာ ကြိုက်လို့ပဲ..." ဟု ဆိုလိုက်၏။ ထိုအခါ ယင်ကျင်းရှင်း၏ မျက်ဝန်းများ ပြူးကျယ်သွားပြီး အကြည့်များတွင် အံ့ဩမှုများ ပြည့်နှက်နေတော့သည်။