အခန်း ၃၆၆
Vol. 37 Ch. 366
အပိုင်း (၃၆၆)ထာဝရဧကရီ…
အချိန်များရွေ့ပြောင်း ကာလတိုက်စားသွားရာ နှစ်နှစ်တာမျှပင် ကုန်လွန်သွားခဲ့ချေပြီ။
နောက်ထပ်တစ်ကြိမ် နွေဦး နှစ်သစ်ကူးပွဲတော်သို့ ဆိုက်ရောက်လာခဲ့ရာ ဤနှစ်တွင် လီချင်းချိုး၏ အသက်ပင် ငါးဆယ့်တစ်နှစ် တင်းတင်း ပြည့်ခဲ့ပြီ ဖြစ်၏။
ဤနှစ်မှစ၍ ဂိုဏ်းအတွင်း၌ ဓမ္မညီလာခံအကြောင်း ပြန်လည်ပြောဆိုသံများ ဆူညံလာခဲ့သည်။ နောက်တစ်ကြိမ် ကျင်းပမည့် ဓမ္မညီလာခံအတွက် ငါးနှစ်မျှ လိုသေးသော်လည်း ပါဝင်ယှဉ်ပြိုင်လိုသည့် တပည့်များက ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်နေကြပြီ ဖြစ်သည်။
ဖေဖော်ဝါရီလဆန်းပိုင်းတွင် လီချင်းချိုး ဓားဂိုဏ်းသို့ ရောက်ရှိလာခဲ့ပြီး အဓိကရည်ရွယ်ချက်က စုန့်ချန်ရှန်းကို လာရောက်တွေ့ဆုံရန်ပင် ဖြစ်၏။
စုန့်ချန်ရှန်းသည် ဓားဂိုဏ်းသို့ ဝင်ရောက်ပြီးသည့်နောက် တပည့်များကို တစ်လလျှင် တစ်ကြိမ်သာ သိုင်းပညာသင်ကြားပေးသော်လည်း တပည့်များ၏ ဓားသိုင်းပညာရပ်များ သိသိသာသာ တိုးတက်လာခဲ့၏။ နှစ်နှစ်တာ ကာလအတွင်း ဓားဂိုဏ်း၌ သူမ၏ ဂုဏ်သတင်း အရှိန်အဝါမှာ ရှန်ယွဲ့နှင့် ကျန်းကျောက်ရှားတို့ထက်ပင် ကျော်လွန်သွားခဲ့ရာ တပည့်များအားလုံးက သူမ၏ ဓားသိုင်းပညာကို အစွမ်းအထက်ဆုံးဟု ယုံကြည်နေကြသည်။
ဂိုဏ်းချုပ်ကို ရှုံးနိမ့်ခဲ့ခြင်းက စုန့်ချန်ရှန်းအတွက် အရှက်ရစရာ မဟုတ်ဘဲ ဂုဏ်ယူစရာတစ်ခု ဖြစ်ခဲ့၏။
အနည်းဆုံးတော့ ချင်းရှောင်ဂိုဏ်း တပည့်များ၏ မျက်စိထဲ၌ လူတိုင်းက ဂိုဏ်းချုပ်နှင့် ယှဉ်ပြိုင်တိုက်ခိုက်ရန် အရည်အချင်း ပြည့်မီသည် မဟုတ်ချေ။
ယနေ့သည် စုန့်ချန်ရှန်းက ဓားဂိုဏ်းတပည့်များအား တရားဓမ္မနှင့် ဓားသိုင်းပညာ ဟောပြောပို့ချမည့် နေ့ရက် ဖြစ်သည်။ လီချင်းချိုး စင်္ကြံလမ်းထက်တွင် ရပ်တန့်၍ ရှေ့မှောက်ရှိ သိုင်းပညာစင်မြင့်ကို မျှော်ကြည့်လိုက်၏။ ရာနှင့်ချီသော ဓားဂိုဏ်းတပည့်များက ထိုနေရာတွင် တရားထိုင်နေကြပြီး စုန့်ချန်ရှန်းကတော့ သူတို့ရှေ့မှောက်ရှိ ပြာသာဒ်ဆောင်၏ အမိုးစွန်းထက်၌ ထိုင်နေသည်။ သူမ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာသော ဓားချီများက သိုင်းပညာစင်မြင့်တစ်ခုလုံးကို လွှမ်းခြုံထားသည်။
စုန့်ချန်ရှန်းမှတစ်ပါး အခြားသူတစ်ဦးမျှ လီချင်းချိုး ရောက်ရှိလာခြင်းကို သတိမပြုမိကြချေ။
လီချင်းချိုးက စုန့်ချန်ရှန်းကို ကြည့်ရင်း သူ့စိတ်ထဲ၌ လောဘစိတ်များ နိုးကြားလာခဲ့သည်။
သူသည် တာအိုစနစ်ကို ထပ်မံခေါ်ယူ၍ စုန့်ချန်ရှန်း၏ ပုံရိပ်ကို ရှာဖွေကြည့်မိသည်။
【အမည် - စုန့်ချန်ရှန်း】
【လိင် - မ】
【အသက် - ၁၀၁ နှစ်】
【သစ္စာစောင့်သိမှု (ဂိုဏ်းချုပ်/ဂိုဏ်း) - ၇၂ / ၃၄ (အမြင့်ဆုံး ၁၀၀)】
【ကျင့်ကြံခြင်း ပါရမီ - ထူးကဲသာလွန်】
【ဉာဏ်ပညာ နားလည်နိုင်စွမ်း - အံ့မခန်း】
【ကံကြမ္မာ - မွေးရာပါ ဓားခန္ဓာ၊ မသေမျိုးကံကြမ္မာ၊ ထာဝရဧကရီ】
【မွေးရာပါ ဓားခန္ဓာ - မျိုးဆက်ပေါင်းများစွာ ဓားလမ်းစဉ်ကို ကျင့်ကြံ၍ ဓားချီများကို လက်ဆင့်ကမ်းလာခဲ့ခြင်းကြောင့် မွေးရာပါ ဓားခန္ဓာ ဖြစ်တည်လာပြီး ရုပ်ခန္ဓာကိုယ်အနေဖြင့် အဆုံးမဲ့ ဓားချီများကို ခံနိုင်ရည်ရှိသည်။】
【မသေမျိုးကံကြမ္မာ - ကောင်းကင်နှင့် မြေပြင် စတင်ဖြစ်တည်စဉ် နတ်သားရဲများ လောက၌ ကျင်လည်ကျက်စားချိန်က မသေမျိုးဟင်္သာငှက်တစ်ကောင်သည် မသေမျိုးအမွေးအတောင်တစ်ခုကို ချန်ထားခဲ့ရာ ထိုအမွေးအတောင်တွင် မသေမျိုးကံကြမ္မာ ကိန်းဝပ်နေသဖြင့် ဘေးဒုက္ခများကို အောင်မြင်စွာ ကျော်လွှားနိုင်သည်။】
【ထာဝရဧကရီ - မရေမတွက်နိုင်သော ဆင်းရဲဒုက္ခများကို ကြုံတွေ့ပြီးနောက် လောကီလူသားတို့၏ မဟာဧကရီ ဖြစ်လာလိမ့်မည်။ သူမ၏ ကံကြမ္မာ အသွင်ပြောင်းလဲသွားကာ အနာဂတ်မှနေ၍ အတိတ်ကို လွှမ်းမိုးနိုင်သည်။ အကယ်၍ မျှော်လင့်ချက်မဲ့သော အခြေအနေနှင့် ကြုံတွေ့ရပါက အနာဂတ်မှ မိမိကိုယ်တိုင် လာရောက်ကယ်တင်မည့် အခွင့်အရေးကို ရရှိလိမ့်မည်။】
အလွန် ခမ်းနားထည်ဝါလှပေစွ…..
ကျင့်ကြံခြင်းပါရမီနှင့် ဉာဏ်ပညာပိုင်းတွင် ချင်းရှောင်ဂိုဏ်း၌ သူမနှင့် နှိုင်းယှဉ်နိုင်သူ တစ်ဦးမျှ မရှိချေ။ ထို့ပြင် သူမ၌ ထူးခြားသော ကံကြမ္မာသုံးခုပင် ရှိနေသေး၏။
လီချင်းချိုးသည် မွေးရာပါ ဓားခန္ဓာကို ကူးယူရန် အလွန်ပင် ဆန္ဒပြင်းပြခဲ့မိသည်။ အဆုံးမဲ့ဓားချီဟူသော အချက်က အလွန်ပင် ကြောက်မက်ဖွယ် ကောင်းလှ၏။
သို့သော်လည်း သူ့ထံ၌ ဓားလမ်းစဉ်နှင့် ပတ်သက်သော ကံကြမ္မာ ရှိနေပြီဖြစ်ပြီး သူကိုယ်တိုင်လည်း ဓားလမ်းစဉ်တစ်ခုတည်းကိုသာ လျှောက်လှမ်းလိုသူ မဟုတ်သဖြင့် စိတ်ကို ထိန်းချုပ်လိုက်ရသည်။
ထာဝရဧကရီဟူသော ကံကြမ္မာက လီချင်းချိုးကို အကြောက်ဆုံး ဖြစ်စေခဲ့၏။ အကယ်၍ သူသည် ယခင်က စုန့်ချန်ရှန်းကို သတ်ဖြတ်ရန် ကြံစည်ခဲ့ပါက အနာဂတ်မှ စုန့်ချန်ရှန်းနှင့် ထိပ်တိုက်ကြုံတွေ့ရမည် မဟုတ်ပါလော...။ အနာဂတ်မှ စုန့်ချန်ရှန်းက မည်မျှ ကြောက်မက်ဖွယ် ကောင်းမည်ကို ခန့်မှန်းရန်ပင် ခက်ခဲလှသည်။
လီချင်းချိုးသည် ယခုအခါ စုန့်ချန်ရှန်းကို ချင်းရှောင်ဂိုဏ်းအပေါ် လုံးဝပုံအပ်လာအောင် မည်သို့ ပြုလုပ်ရမည်ကို စဉ်းစားနေ၏။
သူသည် ကောင်းမွန်သော နည်းလမ်းကို ရှာမတွေ့သေးချေ။ အဆုံး၌ စုန့်ချန်ရှန်းသည် သွေးကြွေးရန်ငြိုးမရှိ၊ ကြီးမြတ်သော မိသားစုမှ ဆင်းသက်လာသူဖြစ်ရာ ချင်းရှောင်ဂိုဏ်းသို့ ဝင်ရောက်ရန် အကြောင်းပြချက် မရှိချေ။ အကယ်၍ သူမကို အတင်းဓမ္မဖိအားပေးပါက အသက်နှင့်လဲ၍ ပြန်လည်တိုက်ခိုက်လာမည်ဖြစ်ရာ ၎င်းက ပို၍ ကြောက်စရာကောင်းပေလိမ့်မည်။
ထိုအခိုက်၌ ရှောင်ဝူချင်း နောက်ဘက်မှ အပြေးအလွှား ရောက်ရှိလာပြီး သူ့အနားတွင် ရပ်တန့်ကာ စိတ်ချင်းဆက်သွယ်၍ …
"ဂိုဏ်းချုပ်... လင်းလင်ကျိုး ပြန်ပေးဆွဲခံလိုက်ရပြီ..."
လီချင်းချိုး မျက်မှောင်ကြုတ်သွားပြီး ခေါင်းလှည့်ကြည့်ကာ အံ့အားသင့်စွာဖြင့်…
"ဂိုဏ်းအတွင်းမှာတင်လား..."
လင်းလင်ကျိုးသည် လီချင်းချိုး၏ ဂိုဏ်းတူညီငယ် ဖြစ်သော်လည်း လီချင်းချိုးကမူ သူ့ကို အထူးတလည်ဂရုပြုလေ့ မရှိချေ။ လင်းလင်ကျိုး၏ ပါရမီမှာ သာမန်မျှသာ ဖြစ်ပြီး သူ ကောင်းမွန်စွာ နေထိုင်သရွေ့ လောလောဆယ်တွင် သူ့ကို ပြုစုပျိုးထောင်ရန် တန်ဖိုးမရှိသေးဟု ယူဆထားသောကြောင့် ဖြစ်၏။
သို့သော်လည်း တစ်စုံတစ်ယောက်က လင်းလင်ကျိုးကို ပြန်ပေးဆွဲရဲလိမ့်မည်ဟု သူ ထင်မထားခဲ့ချေ။
၎င်းက အဓိပ္ပာယ်မရှိလွန်းလှပေ။
"မဟုတ်ပါဘူး... နန်ချူစီရင်စုမှာ ပြန်ပေးဆွဲခံလိုက်ရတာပါ... ဟူရှန်းအစောင့်အရှောက်တွေနဲ့အတူ တာဝန်တစ်ခု ထမ်းဆောင်နေတုန်း လမ်းမှာ တိုက်ခိုက်ခံခဲ့ရတာပါ... ဟူရှန်းအစောင့်အရှောက် ငါးယောက်လုံး ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားခဲ့တယ်... တိုက်ခိုက်တဲ့သူတွေက ချင်းရှောင်ဂိုဏ်းရဲ့ တပည့်တွေနဲ့ တူနေတယ်... သူ့ရဲ့ ချင်းရှောင်တံဆိပ်ပြားလည်း အပိုင်းပိုင်း ပြတ်သွားခဲ့ပြီး နန်ချူစီရင်စုက တောတစ်ခုထဲမှာ အပိတ်ခံလိုက်ရတာပါ..."
ရှောင်ဝူချင်းက အလောတကြီး ပြောလိုက်ပြီး စိတ်ချင်းဆက်သွယ်သည့် နည်းလမ်းကို ဆက်လက်အသုံးပြုနေ၏။
သူကိုယ်တိုင်လည်း ဤအရာက အဓိပ္ပာယ်မရှိဟု ခံစားရကာ မည်သူက ဤမျှ ရဲတင်းနေသနည်းဟု တွေးတောမိသည်။
လီချင်းချိုးက ခဏမျှ စဉ်းစားပြီးနောက်….
"ဒီကိစ္စကို ရွှယ်ကျင်းကိုပဲ ကိုင်တွယ်ခိုင်းလိုက်ပါ..."
ပြောပြီးသည်နှင့် ဂိုဏ်းချုပ်တံဆိပ်ပြားကို ရှောင်ဝူချင်းထံ လွှဲအပ်ပေးလိုက်သည်။
"ဟုတ်ကဲ့ပါ..."
ရှောင်ဝူချင်း ချက်ချင်းပင် ထွက်ခွာသွားခဲ့ပြီး နောက်ဘက်တံခါးမှ တဆင့် ပျောက်ကွယ်သွားတော့၏။
လီချင်းချိုးလည်း တာအိုစနစ်ကို ခေါ်ယူ၍ လင်းလင်ကျိုး၏ ပုံရိပ်ကို ရှာဖွေကြည့်လိုက်ပြီးမှ စိတ်အနည်းငယ် သက်သာရာရသွားခဲ့သည်။
တစ်ဖက်လူက လင်းလင်ကျိုးကို ပြန်ပေးဆွဲခြင်း ဖြစ်သဖြင့် သူတို့တွင် လျှို့ဝှက်ချက်တစ်ခု ရှိနေရမည်ဖြစ်ရာ သူ့ကို လွယ်လွယ်နှင့် သတ်ဖြတ်မည် မဟုတ်ချေ။
ဂိုဏ်းချုပ်တစ်ဦးအနေဖြင့် လီချင်းချိုးသည် ယွမ်လီ သို့မဟုတ် ကျောက်ကျိန်းတို့လို ချင်းရှောင်ဂိုဏ်းအတွက် အရေးကြီးသော အခန်းကဏ္ဍတွင် ရှိမနေပါက လူတစ်ဦးတည်းအတွက်နှင့် ကိုယ်တိုင်လှုပ်ရှားမည် မဟုတ်ပေ။
ဤအတွေးအခေါ်က ရက်စက်သည်ဟု ထင်ရသော်လည်း ၎င်းက လီချင်းချိုး၏ စစ်မှန်သော အတွေးပင်။
သံယောဇဉ်ပိုင်းအရဆိုလျှင် သူသည် မိမိ၏ ဂိုဏ်းတူမောင်နှမများအတွက်သာ အသက်နှင့်လဲ၍ စွန့်စားလိမ့်မည်။ လင်းလင်ကျိုးက ဂိုဏ်းတူညီငယ် ဖြစ်သော်လည်း သူတို့အကြားက သံယောဇဉ်မှာ ထိုအဆင့်အထိ မရောက်သေးချေ။
လင်းရွှမ်ဖုန်းက တပည့်တစ်ဦးကို လက်ခံခဲ့ခြင်းကြောင့် လီချင်းချိုးအနေဖြင့် အပိုတာဝန်တစ်ခုကို ထမ်းဆောင်ရန် မဖြစ်နိုင်ချေ။
ထို့ကြောင့် စုန့်ချန်ရှန်း၏ သိုင်းပညာသင်ကြားမှုကို ဆက်လက်စောင့်ကြည့်နေခဲ့၏။
စုန့်ချန်ရှန်း၏ ဓားသိုင်းပညာရပ်မှာ အမှန်တကယ်ပင် မြင့်မားလှပြီး လီချင်းချိုးကိုယ်တိုင်ပင် အကျိုးကျေးဇူး အနည်းငယ် ရရှိခဲ့သည်။
နာရီဝက်ခန့် စောင့်ဆိုင်းပြီးနောက် စုန့်ချန်ရှန်းက တရားဟောခြင်းကို အဆုံးသတ်လိုက်သည်။
စုန့်ချန်ရှန်း ရုတ်တရက် ထရပ်ကာ အမိုးပေါ်မှ ပျောက်ကွယ်သွားခဲ့သည်နှင့်လီချင်းချိုးလည်း သူမ၏ ခြံဝင်းဆီသို့ လှမ်းလျှောက်လာခဲ့သည်။
အကြီးဆုံးတပည့် ဟန်လန် အပါအဝင် ဓားဂိုဏ်းတပည့်များကတော့ ယခင်က ရရှိခဲ့သော ဉာဏ်အလင်းများထဲ၌ နတ်မြောနေကြဆဲဖြစ်ရာ ဂိုဏ်းချုပ်ရောက်ရှိလာခြင်းကို မည်သူမျှ သတိမပြုမိကြချေ။
ခြံဝင်းအချို့ကို ဖြတ်ကျော်ပြီးနောက် စုန့်ချန်ရှန်း၏ ခြံဝင်းသို့ လီချင်းချိုး ရောက်ရှိလာခဲ့ရာ စုန့်ချန်ရှန်းက သူ့ကို ကျောခိုင်း၍ စောင့်ဆိုင်းနေသည်ကို တွေ့လိုက်ရသည်။
"မိန်းကလေးစုန့်... ကျွန်တော် လာနှောင့်ယှက်တာကို စိတ်မရှိပါနဲ့..."
လီချင်းချိုးက ခြံဝင်းအတွင်းသို့ လှမ်းဝင်ကာ ပြုံး၍ မေးလိုက်သည်။ သူ့ အမူအရာက မိမိဂိုဏ်းမှ တပည့်များကို ဆက်ဆံသကဲ့သို့ နူးညံ့သိမ်မွေ့လှသည်။
စုန့်ချန်ရှန်း လှည့်ကြည့်ကာ ခြံဝင်းအလယ်ရှိ ကျောက်စားပွဲဆီသို့ လှမ်းလျှောက်သွားခဲ့ပြီး လီချင်းချိုးကလည်း သူမနောက်မှ လိုက်ပါသွားသည်။
သူတို့နှစ်ဦး ထိုင်လိုက်ပြီးနောက် စုန့်ချန်ရှန်းက လီချင်းချိုးကို စူးစိုက်ကြည့်နေသဖြင့် ခေါင်းနားပန်းကြီးသွားရသည်။
"မိန်းကလေးစုန့်... ကျွန်တော့်ကို ဘာလို့ အဲဒီလို ကြည့်နေရတာလဲ..." ဟု လီချင်းချိုးက ဝေခွဲမရစွာ မေးလိုက်၏။
စုန့်ချန်ရှန်းက….
"နင့်ကို မသေမျိုးကျင့်ကြံခြင်း နည်းလမ်းတွေ သင်ပေးခဲ့တဲ့ ဆရာတစ်ယောက် တကယ်ပဲ မရှိဘူးလား..."
ချင်းရှောင်ဂိုဏ်း၌ နှစ်နှစ်တာ နေထိုင်ပြီးနောက် သူမသည်လည်း ဂိုဏ်း၏ အတိတ်သမိုင်းကို အနည်းငယ် နားလည်လာခဲ့ပြီး ကြောက်မက်ဖွယ်ကောင်းသော အချက်တစ်ခုကို ရှာဖွေတွေ့ရှိခဲ့သည်။
ချင်းရှောင်ဂိုဏ်း၏ ကျင့်ကြံရေးအရင်းအမြစ်များက တစ်နှစ်ထက်တစ်နှစ် စုဆောင်းလာခဲ့ခြင်း ဖြစ်ရာ လီချင်းချိုးအနေဖြင့် ပိုမိုအစွမ်းထက်လာနိုင်သည်ဟု ဆိုလိုခြင်း ဖြစ်သည်။ အကယ်၍ သူသာ ကောင်းကင်ဓားဂိုဏ်း၌ မွေးဖွားခဲ့ပြီး သူမလို ကျင့်ကြံရေးအရင်းအမြစ်များကို ရရှိခဲ့မည်ဆိုပါက ယခုအခါ လီချင်းချိုး မည်မျှ ကြောက်စရာကောင်းနေမည်ကို သူမ မတွေးရဲချေ။
လီချင်းချိုးက ခေါင်းယမ်းလိုက်ပြီး….
"အကယ်၍ တကယ်သာ ရှိခဲ့မယ်ဆိုရင် ကျွန်တော်တို့ ဘာလို့ ဒီလိုနေရာမျိုးမှာ ခေါင်းငုံ့ခံနေမလဲ... မိန်းကလေးလည်း သိတဲ့အတိုင်း မြောက်ဘက်မှာ မိစ္ဆာနယ်မြေ ရှိနေပြီး အချိန်မရွေး တောင်ဘက်ကို ချီတက်လာနိုင်တယ်..."
စုန့်ချန်ရှန်းက ခေါင်းညိတ်၍…
"အဲဒါကို ငါ သိပါတယ်... ငါတို့ ကောင်းကင်ဓားဂိုဏ်းလည်း ကိုးပြည်ထောင်နယ်မြေကနေ ဆင်းသက်လာတာပဲ... မိစ္ဆာနယ်မြေကို ကြောက်ရွံ့လို့ မိုးပြာနဂါးနယ်မြေကို ပြောင်းရွှေ့ခဲ့ကြတာ... နင် ဒါကို သိနေရက်နဲ့ ဘာလို့ ဒီနေရာမှာပဲ နေနေရတာလဲ... ချင်းရှောင်ဂိုဏ်းရဲ့ အခုရှိတဲ့ ခွန်အားနဲ့ မိစ္ဆာနယ်မြေကို တားဆီးဖို့ မဖြစ်နိုင်ဘူး... နင်က တကယ်ကို အစွမ်းထက်ပေမဲ့ မိစ္ဆာတွေရဲ့ ဝိုင်းရံမှုကို ခံရရင် အသက်ရှင်ဖို့ အခွင့်အရေး နည်းလိမ့်မယ်... နင် ဘာကို လိုချင်နေတာလဲ... ကိုးပြည်ထောင်နယ်မြေရဲ့ တစ်ခုတည်းသော ဆွဲဆောင်မှုက ထိုက်ကျွယ်မဟာမိတ်အဖွဲ့ရဲ့ အမွေအနှစ်ပဲ ဖြစ်ပြီး အဲဒါကိုလည်း နင် ရရှိပြီးသား ဖြစ်ရမယ်..."
"ကျွန်တော် ဘာမှ မလိုချင်ပါဘူး... ကျွန်တော်က ဒီမြေပေါ်မှာ မွေးဖွားခဲ့ပြီး ကောင်းကင်နဲ့ မြေပြင်ရဲ့ ကောင်းချီးကို ရရှိထားတာ ဖြစ်လို့ ဒီမြေကို ကာကွယ်ဖို့ တာဝန်ရှိတာ သဘာဝကျပါတယ်... ဟုတ်ပါတယ်... အကယ်၍ ကျွန်တော့်မှာ အရည်အချင်း မရှိတော့ရင် ဂိုဏ်းတပည့်တွေကို ခေါ်ပြီး ထွက်သွားမှာပါ... ဒါပေမဲ့ ကျွန်တော်တို့ မကြိုးစားဘဲနဲ့ ရလဒ်ကို ဘယ်လိုသိနိုင်မလဲ..."
စုန့်ချန်ရှန်းက သူ့ကို နက်နက်ရှိုင်းရှိုင်း ကြည့်ကာ နှာခေါင်းရှုံ့လိုက်ပြီး…
"နင်က ငါ့ထက်တောင် ပိုပြီး မာနကြီးသေးတယ်..."
လီချင်းချိုးက ပြုံးလိုက်ပြီး သိုလှောင်အိတ်ထဲမှ ကြိုတင်ပြင်ဆင်ထားသော ဝိညာဉ်ဝိုင်တစ်အိုးကို ထုတ်ယူလိုက်သည်။
စုန့်ချန်ရှန်းက ငြင်းဆန်ခြင်းမရှိဘဲ သူ ဝိုင်ငှဲ့နေသည်ကို ကြည့်နေခဲ့၏။
"မိန်းကလေးစုန့်... ကောင်းကင်ဓားဂိုဏ်းအကြောင်း ကျွန်တော့်ကို ပြောပြပေးနိုင်မလား..." ဟု လီချင်းချိုးက စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။
လီစစ်ဖုန်းက စုန့်ချန်ရှန်းနှင့် ဆက်သွယ်ရန် ကြိုးစားခဲ့သော်လည်း စုန့်ချန်ရှန်းက စုန့်ခယ်ကျန့်၏ အမည်ကို ပြောသော်လည်း တွေ့ဆုံရန် ငြင်းဆန်ခဲ့သည်။
"ကောင်းကင်ဓားဂိုဏ်းက မိုးပြာနဂါးနယ်မြေရဲ့ မြောက်ဘက်ပိုင်းမှာ တည်ရှိတာ... လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်ထောင်က တည်ထောင်ခဲ့ပြီး တပည့်ပေါင်း ငါးသိန်းကျော် ရှိတယ်... မိုးပြာနဂါးနယ်မြေတစ်ခုလုံးကို ခြုံကြည့်ရင် အခြေခံပိုင်းအရ ကောင်းကင်ဓားဂိုဏ်းက ဒုတိယတန်းစား ဂိုဏ်းတစ်ခု ဒါမှမဟုတ် အဲဒီထက် ပိုနိမ့်တဲ့အဆင့်လို့ပဲ သတ်မှတ်နိုင်တယ်... ဒါပေမဲ့ သူ့ရဲ့ အစွမ်းကတော့ ပါရမီရှင်တွေ အဆက်မပြတ် ထွက်ပေါ်လာတာ ဖြစ်ပြီး ပြိုင်ဘက်ကင်း ပါရမီရှင်တွေက သူတို့ရဲ့ ဓားတွေကို သုံးပြီး ကောင်းကင်ဓားဂိုဏ်းရဲ့ နယ်မြေကို တိုးချဲ့ခဲ့ကြတာ..."
စုန့်ချန်ရှန်းက ကောင်းကင်ဓားဂိုဏ်းအကြောင်းကို တည်ငြိမ်သော လေသံဖြင့် စတင်မိတ်ဆက်ပေးခဲ့သည်။
လီချင်းချိုးကလည်း ဂရုတစိုက် နားထောင်ခဲ့ပြီး ကောင်းကင်ဓားဂိုဏ်း၏ သမိုင်းကြောင်းမှတစ်ဆင့် မိုးပြာနဂါးနယ်မြေအကြောင်းကိုလည်း အနည်းငယ် နားလည်လာခဲ့သည်။
စုန့်ချန်ရှန်း၏ ပြောပြချက်အရ မိုးပြာနဂါးနယ်မြေသည် ကျယ်ပြန့်လှပြီး မရေမတွက်နိုင်သော ကျင့်ကြံရေးဂိုဏ်းများရှိကာ အစွမ်းအထက်ဆုံး အင်အားစုကို မသေမျိုးဂိုဏ်းဟု သတ်မှတ်နိုင်ကြောင်း သိရသည်။
၎င်းက လင်းရွှမ်ဖုန်း ဝင်ရောက်ခဲ့သော ထျန်းချင်း မသေမျိုးဂိုဏ်းကို သတိရစေခဲ့သည်။
ထျန်းချင်းမသေမျိုးဂိုဏ်းက အလွန်ဝေးကွာလှသဖြင့် လောလောဆယ်တွင် လီချင်းချိုးအနေဖြင့် လင်းရွှမ်ဖုန်းကို ရှာဖွေရန် မဖြစ်နိုင်သေးချေ။ ထို့ပြင် လင်းရွှမ်ဖုန်းကလည်း လက်ရှိတွင် မည်သည့်ဒုက္ခမှ မရှိဘဲ သူ့ကို ကူညီမည့်သူပင် ရှိနေသဖြင့် သူ့ထံသို့ သွားရောက်ရန် မလိုသေးချေ။
အဓိကအကြောင်းအရင်းမှာ လီချင်းချိုးအနေဖြင့် ချင်းရှောင်ဂိုဏ်းကို ထျန်းချင်းမသေမျိုးဂိုဏ်း၏ မျက်စိထဲသို့ စောစောစီးစီး အရောက်မခံလိုခြင်းကြောင့် ဖြစ်၏။
ထို့နောက်တွင် လီချင်းချိုးတယောက် မနှစ်မြို့ဖွယ် သတင်းအချို့ကို သိရှိခဲ့ရသည်။
စုန့်ချန်ရှန်းက ဂိုဏ်းချုပ်၏ မြေးမဖြစ်သဖြင့် ဤကဲ့သို့သော အဆင့်အတန်းနှင့် သူမကို မိမိဂိုဏ်းထဲသို့ ဆွဲဆောင်ရန် အလွန်ပင် ခက်ခဲလိမ့်မည် ဖြစ်သည်။
တစ်နာရီခန့် စကားပြောဆိုပြီးနောက် ကောင်းကင်ဓားဂိုဏ်းအကြောင်းကို နက်နက်ရှိုင်းရှိုင်း နားလည်သွားခဲ့သည်။ စုန့်ချန်ရှန်းဘက်က ဆက်လက်စကားမပြောလိုတော့သည်ကို မြင်သောအခါ သူလည်း နှုတ်ဆက်၍ ထွက်ခွာခဲ့ရတော့၏။ စုန့်ချန်ရှန်းက လီချင်းချိုး ထွက်ခွာသွားသည်ကို ကြည့်ရင်း နှုတ်ခမ်းစွန်း၌ အပြုံးတစ်ခု ပေါ်လာကာ ရေရွတ်လိုက်သည်။
"နင့် ငါ့ကို သိမ်းသွင်းချင်ရင် နင့်ဂိုဏ်းရဲ့ အဆင့်အတန်းက အဝေးကြီး လိုပါသေးတယ်..."
နောက်ရက်များတွင် စုန့်ချန်ရှန်းက ဓားဂိုဏ်းတပည့်များအား သိုင်းပညာသင်ကြားပေးသည့် အခါတိုင်း လီချင်းချိုး သွားရောက်နားထောင်လေ့ရှိပြီး သူမနှင့် စကားစမြည် ပြောဆိုခဲ့၏။
သူသည် ကောင်းကင်ဓားဂိုဏ်းနှင့် မိုးပြာနဂါးနယ်မြေအကြောင်းကို ထပ်မံမမေးမြန်းတော့ဘဲ စုန့်ချန်ရှန်းနှင့် ဓားလမ်းစဉ်အကြောင်းကိုသာ ဆွေးနွေးခဲ့သည်။
မှန်ပေသည်... ဤမိန်းကလေးက ဓားသိုင်းရူးတစ်ယောက် ဖြစ်၏။ သူမ၏ ဝါသနာကို ဖြည့်ဆည်းပေးခြင်းက သစ္စာစောင့်သိမှုကို တိုးတက်စေနိုင်ပြီး နှေးကွေးသော်လည်း မျှော်လင့်ချက်တစ်ခုတော့ ရှိနေဆဲပင်။
ဤသို့ဖြင့် မေလလယ်သို့ ရောက်ရှိလာခဲ့ချေပြီ…..
လီချင်းချိုးက လင်းရှောင်ခြံဝင်းအတွင်း၌ ကျန်းယွီချွန်းက ဂိုဏ်း၏ အခြေအနေများကို လာရောက်အစီရင်ခံသည်ကို နားထောင်နေသည်။
လက်ရှိတွင် ချင်းရှောင်ဂိုဏ်း၏ မှတ်ပုံတင်ထားသော တပည့်အရေအတွက်မှာ ရှစ်သောင်းကျော် ရှိနေပြီဖြစ်ပြီး တပည့်ရင်း တစ်သောင်းသုံးထောင်နှင့် ဝိညာဉ်အသိအာရုံအဆင့် တပည့် လေးရာကျော် ရှိနေကာ အများစုမှာ လွန်ခဲ့သော နှစ်နှစ်အတွင်း အဆင့်တက်လာကြသူများ ဖြစ်သည်။
လက်ရှိတွင် နတ်ဘုရားစွမ်းရည် ရှိသော တပည့် လေးဦးသာ ရှိသေးသည်။ နတ်ဘုရားစွမ်းရည်ကို ကျင့်ကြံရန် သူတို့အတွက် အလွန်ခက်ခဲလှသဖြင့် နတ်ဘုရားစွမ်းရည်ရှိသော တပည့်တစ်ဦး ဖြစ်လာခြင်း၏ တန်ဖိုးကလည်း ပိုမိုမြင့်မားလာခဲ့သည်။
ရှောင်ဝူချင်း ရုတ်တရက် ခြံဝင်းတံခါးရှေ့တွင် ပေါ်လာသဖြင့် သူ အလောတကြီး ဖြစ်နေသည်မှာ ထင်ရှားလှနေသည်။
ကျန်းယွီချွန်း အစီရင်ခံနေဆဲဖြစ်သည်ကို မြင်သောအခါ သူက တံခါးဝ၌သာ ရပ်တန့်နေခဲ့သည်။
ကျန်းယွီချွန်းကလည ဂိုဏ်းတပည့်များ၏ အခြေအနေကို လျင်မြန်စွာ အစီရင်ခံပြီးနောက် ထွက်ခွာသွားခဲ့သည်။
ရှောင်ဝူချင်းက သူ့ကို ဂါရဝပြုပြီးနောက် လီချင်းချိုးကို ဦးညွှတ်ကာ ….
"ဂိုဏ်းချုပ်... ကြီးမားတဲ့ ဘေးဒုက္ခတစ်ခု ဖြစ်ပွားခဲ့တယ်.... လင်းလင်ကျိုးကို ပြန်ပေးဆွဲသွားတဲ့ တပည့်က တကယ်တော့ ထျန်းမင်ပင်လယ်ထဲက ဇီယန်ကျွန်းနဲ့ ဆက်စပ်နေတာ ဖြစ်ပါတယ်... လင်းလင်ကျိုးကို ဇီယန်ကျွန်းပေါ်မှာ ဖမ်းဆီးချုပ်နှောင်ထားတယ်... သူတို့က ခန်းမသခင် ရွှယ်ကျင်းဆီ တောင်းဆိုချက်တစ်ခု ပို့ထားကြတယ်… ဂိုဏ်းချုပ်ကိုယ်တိုင် ဇီယန်ကျွန်းကို လာရောက်ဖို့လည်း ပြောထားပါတယ်... အကယ်၍ တစ်နှစ်အတွင်း ဇီယန်ကျွန်းကို ရောက်မလာရင် လင်းလင်ကျိုးကို သတ်ပစ်မယ်လို့ ခြိမ်းခြောက်ထားပါတယ်..."
ဇီယန်ကျွန်း…..
လီချင်းချိုး မျက်မှောင်ကြုတ်သွားလေပြီ….
လင်းလင်ကျိုး၏ ကိစ္စဖြစ်ပွားပြီးနောက် သူသည် တပည့်များ၏ သစ္စာစောင့်သိမှုကို အထူးဂရုပြုခဲ့သည်။ သစ္စာစောင့်သိမှု အမှတ် ၁၀ အောက်ရှိသော တပည့်များကို စုံစမ်းစစ်ဆေးခဲ့ရာ လောကီဂိုဏ်းများမှ သူလျှိုအချို့ကိုသာ အများဆုံး တွေ့ရှိခဲ့ရသည်။
ဇီယန်ကျွန်းက မည်သည့်အချိန်က ချင်းရှောင်ဂိုဏ်းအတွင်းသို့ လက်လှမ်းဆန့်လာခဲ့သနည်း...