← Chapters

အခန်း ၃၆၇

Vol. 37 Ch. 367

အခန်း ၃၆၇

Vol. 37 Ch. 367

အပိုင်း (၃၆၇) ဇီယန်ကျွန်းကို နှိမ်နင်းရန် တောင်ဘက်သို့ ချီတက်ခြင်း….

​“သွားပြီးတော့ စွန်းမော့ရှင်းကို ခေါ်လာခဲ့ချေ…”

​လီချင်းချိုး အမိန့်ပေးလိုက်သည်နှင့် ရှောင်ဝူချင်းလည်း ချက်ချင်းပင် နာခံ၍ ထွက်ခွာသွားခဲ့သည်။

​ဇီယန်ကျွန်းက အမှန်တကယ်ပင် ချင်းရှောင်ဂိုဏ်းတံခါးဝအထိ လာရောက်စိန်ခေါ်ရဲပေသည်...

​ယခင်ကဆိုလျှင် လီချင်းချိုးအနေဖြင့် သတိထားမိကောင်းထားနိုင်သော်လည်း ယခုအခါတွင်မူ ဇီယန်ကျွန်းကို အမှုထားတော့မည်မဟုတ်ချေ။

​ဇီယန်ကျွန်းသည် ဝမ်ယင်းဂိုဏ်းနှင့်ပင် နှိုင်းယှဉ်၍မရရာ လီချင်းချိုးအနေဖြင့် မည်သည်ကို စိုးရိမ်နေရတော့မည်နည်း။

​ယခုအခါ ချင်းရှောင်ဂိုဏ်း၌ ကောင်းကင်နေမင်းနယ်ပယ် မဟာကျင့်ကြံသူ သုံးဦးအထိ ရှိနေပြီ ဖြစ်၏။

​လူတစ်ဦးက ထိုနယ်ပယ်တခုလုံးကို လွှမ်းမိုးထားနိုင်ပြီး ကျန်နှစ်ဦးမှာလည်း ထိုနယ်ပယ်၏ နဝမအဆင့်တွင် ရှိနေကြရာ တူညီသောနယ်ပယ်အတွင်းရှိ ပြိုင်ဘက်အားလုံးကို အောင်မြင်စွာ နှိမ်နင်းနိုင်သည့် အစွမ်းထက်သော ခွန်အားများကို ပိုင်ဆိုင်ထားကြသည်။

လီချင်းချိုးသည် လင်းလင်ကျိုးအား ဇီယန်ကျွန်းက ဖမ်းဆီးသွားခြင်းကို ဆိုးဝါးသောအရာတစ်ခုအဖြစ် မမြင်ဘဲ ဆန့်ကျင်ဘက်အနေဖြင့် ကောင်းမွန်သောအရာတစ်ခုအဖြစ်သာ ရှုမြင်လိုက်သည်။

​သူသည် လင်းလင်ကျိုးအတွက် စိတ်မကောင်းဖြစ်မိသော်လည်း ၎င်းက သူ့ရဲ့ စစ်မှန်သော အတွေးပင် ဖြစ်၏။

​ယခုအခါ သူ့ထံ၌ ဇီယန်ကျွန်းကို အရေးယူရန်အတွက် တရားဝင်သော အကြောင်းပြချက်တစ်ခု ရှိလာခဲ့ပြီ ဖြစ်သည်။

​ဇီယန်ကျွန်းကို ဝါးမြိုလိုက်ခြင်းဖြင့် ချင်းရှောင်ဂိုဏ်းသည် ထျန်းမင်ပင်လယ်၏ အစိတ်အပိုင်းတစ်ခုကို သိမ်းပိုက်နိုင်မည်ဖြစ်ပြီး မိမိတို့၏ နယ်မြေကို တဖြည်းဖြည်း တိုးချဲ့သွားနိုင်ပေလိမ့်မည်။

​လီချင်းချိုးက အမြဲတစေ နယ်ပယ်တစ်ခု၏ အရှင်သခင်ဖြစ်လာရန် ရည်မှန်းချက်ကြီးမားခဲ့သော်လည်း ချင်းရှောင်ဂိုဏ်းက စတင်တည်ထောင်ခါစ အဆင့်တွင်သာ ရှိသေးသဖြင့် စိတ်ကို ထိန်းချုပ်ကာ လူမသိသူမသိသာ နေခဲ့ရသည်။

ချင်းရှောင်ဂိုဏ်း ပိုမိုအစွမ်းထက်လာသည်နှင့်အမျှ သူ့ရဲ့ ရည်မှန်းချက်များလည်း စတင်၍ ထိန်းမနိုင်သိမ်းမရ ဖြစ်လာခဲ့ပြီ ဖြစ်၏။

​ကျင့်ကြံခြင်းလမ်းစဉ်ဟူသည် လူသားနှင့် ဖြစ်စေ၊ သဘာဝတရားနှင့် ဖြစ်စေ တိုက်ခိုက်လုယူရခြင်းပင်။

အရင်းအမြစ်များ မရှိပါက အဝေးသို့ လျှောက်လှမ်းရန် ခက်ခဲလှသဖြင့် ပိုမိုများပြားသော အရင်းအမြစ်များကို ရရှိနိုင်ရန်အတွက် ဂိုဏ်းတစ်ခုသည် အစဉ်မပြတ် နယ်မြေချဲ့ထွင်နေရမည် ဖြစ်သည်။

မကြာမီအချိန်အတွင်းမှာပင် ရှောင်ဝူချင်းက စွန်းမော့ရှင်းကို ခေါ်ဆောင်၍ ပြန်လည်ရောက်ရှိလာခဲ့သည်။

​လင်းလင်ကျိုးအား ဇီယန်ကျွန်းက ဖမ်းဆီးသွားကြောင်း လီချင်းချိုး ပြောပြလိုက်သောအခါ စွန်းမော့ရှင်း၏ အမူအရာမှာ တစ်မုဟုတ်ချင်း ပျက်ယွင်းသွားခဲ့ပြီး ချက်ချင်းပင် အလွန်အမင်း ကြောက်ရွံ့သွားခဲ့သည်။

​“ဂိုဏ်းချုပ်... ဒီကိစ္စက ကျွန်တော်နဲ့ ဘာမှမပတ်သက်ပါဘူး...”

​စွန်းမော့ရှင်း ချက်ချင်းပင် ဒူးထောက်လိုက်သည်။ သူသည် ချင်းရှောင်ဂိုဏ်းအတွင်း၌ အလွန်အဆင်ပြေစွာ နေထိုင်နေရသူ ဖြစ်သည်။

ချင်းရှောင်ဂိုဏ်းက ဝမ်ယင်းဂိုဏ်းကို အောင်နိုင်ခဲ့သည့် အချိန်မှစ၍ ချင်းရှောင်ဂိုဏ်းနောက်သို့ လိုက်ရန် ပိုမို သန္နိဋ္ဌာန်ချမှတ်ထားခဲ့သည်။

​သူ့အမြင်အရ ယခုအခါ ချင်းရှောင်ဂိုဏ်းသည် ဇီယန်ကျွန်းထက်ပင် ကျော်လွန်နေပြီ ဖြစ်၏။

​ဇီယန်ကျွန်း၏ ကျွန်းအရှင်မှတစ်ပါး ဇီယန်ကျွန်းပေါ်တွင် ယွမ်လီနှင့် ယှဉ်ပြိုင်နိုင်မည့်သူ မည်သူမျှ မရှိဟု သူ တွေးမိသည်။

​လီချင်းချိုးကလည်းa သူ့ကို ယုံကြည်ခဲ့သည်။ အကြောင်းမှာ သူ့ရဲ့ သစ္စာစောင့်သိမှုအမှတ် အလွန်မြင့်မားနေပြီ ဖြစ်သောကြောင့်ပင်။ သူ့ကို ဤနေရာသို့ ခေါ်ယူရခြင်း၏ အကြောင်းရင်းမှာ ဇီယန်ကျွန်းက ချင်းရှောင်ဂိုဏ်းအတွင်းသို့ မည်သို့ ထိုးဖောက်ဝင်ရောက်လာခဲ့သည်ကို သိရှိနိုင်ရန်အတွက်သာ ဖြစ်သည်။

​လီချင်းချိုးက စွန်းမော့ရှင်းကို အတန်ကြာအောင် နှစ်သိမ့်ပေးခဲ့ရပြီး ထိုအခါမှသာ စွန်းမော့ရှင်းသည်လည်း လီချင်းချိုးက သူ့ကို ဒုက္ခပေးရန် ရည်ရွယ်ချက်မရှိကြောင်း ယုံကြည်သွားခဲ့သည်။

​စွန်းမော့ရှင်းက သူသိသမျှ အရာအားလုံးကို အကုန်အစင် ပြောပြခဲ့သည်။

​အတန်ကြာပြီးနောက်...

​လီချင်းချိုးက စွန်းမော့ရှင်းကို ပြန်ခွင့်ပေးရန် ပြင်လိုက်စဉ်တွင် စွန်းမော့ရှင်းက ခဏမျှ ဝေခွဲမရဖြစ်နေပြီးမှ ….

“ဂိုဏ်းချုပ်... ကျွန်တော် ထင်တာတော့ ဇီယန်ကျွန်းက ဟွမ်ယွမ်ကျမ်းစာကို မျက်စိကျနေတာ ဖြစ်လိမ့်မယ်... ဂိုဏ်းချုပ်တစ်ယောက်တည်းပဲ ဟွမ်ယွမ်ကျမ်းစာ အပြည့်အစုံကို သိတာမို့လို့ သူတို့က ဂိုဏ်းချုပ်ကို ဇီယန်ကျွန်းအထိ ကိုယ်တိုင်လာစေချင်တာ နေမှာ... အကယ်၍ သူတို့က ချင်းရှောင်ဂိုဏ်းကိုပဲ ပစ်မှတ်ထားတာဆိုရင် ဒီလောက် စောစောစီးစီး လှုပ်ရှားမှာ မဟုတ်ဘူး...”

စွန်းမော့ရှင်းသည်လည်း ဟွမ်ယွမ်ကျမ်းစာကြောင့်သာ ချင်းရှောင်ဂိုဏ်း ဤမျှ ကြီးထွားလာရခြင်း ဖြစ်သည်ဟု အမြဲတစေ ခံစားနေရသူ ဖြစ်၏။ သူသည် ဟွမ်ယွမ်ကျမ်းစာကို နားမလည်နိုင်သော်လည်း ၎င်းကို ကျင့်ကြံခြင်းဖြင့် ပို၍ မျှော်လင့်ချက် ရှိလာခဲ့သည်။

သူသည်လည်း ဟွမ်ယွမ်ကျမ်းစာ အပြင်သို့ ပေါက်ကြားသွားခြင်းကို မလိုလားချေ။ ဤကဲ့သို့သော ကျင့်စဉ်မျိုး အခြားဂိုဏ်းများ၏ လက်ထဲသို့ ကျရောက်သွားပါက ပိုမိုကြီးမားသော ဘေးဒုက္ခများကို သေချာပေါက် သယ်ဆောင်လာမည်ဖြစ်ပြီး အစွမ်းထက်သော ပုဂ္ဂိုလ်ကြီးများက ဤကျင့်စဉ်ကို လုယူရန်အတွက် သွေးချောင်းစီး သတ်ဖြတ်မှုများကို မလွှဲမသွေ ပြုလုပ်ကြလိမ့်မည်ကို သူ သိနေသည်။

​“ငါ အဲဒါကို သေချာ စဉ်းစားပါ့မယ်...”

​လီချင်းချိုးက ပြန်လည်ဖြေကြားလိုက်ပြီး ၎င်းကို ကြားသောအခါ စွန်းမော့ရှင်းလည်း မတ်တပ်ထရပ်၍ ဂါရဝပြုကာ လှည့်ထွက်သွားခဲ့သည်။

​သူ တောင်အောက်သို့ ဆင်းသွားပြီးသည့်နောက် လီချင်းချိုးက နောက်ဆုံးတွင် ရှောင်ဝူချင်းအား လင်းရှောင်ခေါင်းလောင်းကို တီးခတ်ရန် ညွှန်ကြားလိုက်သည်။

​သူသည် ခဏမျှ ချီတုံချတုံ ဖြစ်နေပြီးနောက် ထိုလူနှစ်ဦးကိုပါ ဖိတ်ခေါ်ရန် ရှောင်ဝူချင်းအား ထပ်မံ အမိန့်ပေးလိုက်သည်။

​မကြာမီအချိန်အတွင်းမှာပင် ချင်းရှောင်ဘိုးဘေး အပါအဝင် ခန်းမအသီးသီးမှ အဆင့်မြင့်အဖွဲ့ဝင်များမှာ တစ်ဦးပြီးတစ်ဦး ရောက်ရှိလာကြတော့သည်။

​ယွမ်လီ၊ ကျောက်ကျိန်း၊ ကျိယာ၊ ရွှီနင်းနှင့် ယွင်ချိုင်…..

​ရွှီနင်းမှတစ်ပါး အခြားသူအားလုံးက အစည်းအဝေးသို့ ပါဝင်ခွင့်ရသည့်အတွက် အလွန်ပင် စိတ်လှုပ်ရှားနေကြသည်။

​၎င်းက သူတို့သည်လည်း ဂိုဏ်း၏ အဆင့်မြင့်အဖွဲ့ဝင်များအဖြစ် တရားဝင် ဖြစ်လာခဲ့ပြီ ဖြစ်ကြောင်း သက်သေပြနေခြင်းပင်။

​ယွမ်လီ ရောက်ရှိလာသည်နှင့် ဝေထျန်းရှုံး သူ့ကို ဆွဲခေါ်၍ မိမိ၏ ဘေးတွင် ထိုင်စေကာ နေထိုင်မှုနှင့် ကျင့်ကြံခြင်း တိုးတက်မှုအခြေအနေများကို စတင်မေးမြန်းနေခဲ့ရာ အခြားသူများအတွက်တော့ ဤအရာက ရိုးအီနေချေပြီ။

“ကြီးမားတဲ့ ကိစ္စတစ်ခုခု ဖြစ်ပွားလို့လား...”

လူအများအပြား ရောက်ရှိနေသည်ကို မြင်သောအခါ ယန်ကျွယ်တိန်က သိချင်စိတ်ဖြင့် မေးမြန်းလိုက်သည်။

​လီချင်းချိုးက …

“လူအားလုံး စုံတဲ့အခါကျမှ တစ်ခါတည်း ပြောကြတာပေါ့... ဒုတိယမြောက် တိုက်ပွဲစတော့မယ်...”

​ဤစကားလုံးများက လူတိုင်းကို တုန်လှုပ်သွားစေခဲ့သည်။ ဝမ်ယင်းဂိုဏ်းကို အောင်နိုင်ခဲ့ခြင်းက ချင်းရှောင်ဂိုဏ်း၏ ယုံကြည်မှုကို မြှင့်တင်ပေးခဲ့သော်လည်း ကျင့်ကြံရေးဂိုဏ်းများကြား ဖြစ်ပွားသော စစ်ပွဲများမှာ ရက်စက်ကြမ်းကြုတ်လှ၏။

ဝမ်ယင်းဂိုဏ်းနှင့် ဖြစ်ပွားခဲ့သော စစ်ပွဲအတွင်း ချင်းရှောင်ဂိုဏ်းဘက်က ဂိုဏ်းတပည့် အမြောက်အမြားကို ဆုံးရှုံးခဲ့ရသည်။

​ကျန်းကျောက်ရှား၊ ရှန်ယွဲ့နှင့် ယွင်ချိုင်တို့က ယခင်တိုက်ပွဲများတွင် ပါဝင်ခွင့်မရခဲ့သည့်အတွက် နောင်တရနေကြသဖြင့် ယခုအခါတွင် စမ်းသပ်လိုစိတ်များ ပြင်းပြနေကြပြီ ဖြစ်၏။

​အချိန်ကြာလာသည်နှင့်အမျှ ကျောက်စားပွဲရှည်ကြီး၏ ဘေးပတ်ပတ်လည်၌ လူအများအပြား ဝင်ထိုင်လာကြပြီး နောက်မှ ရောက်လာသူများက အခြားသူများ ရယ်မောခြင်း သို့မဟုတ် စကားပြောဆိုခြင်း မရှိကြသည်ကို မြင်သောအခါ စကားပင် မဟရဲကြချေ။

ဓားမိစ္ဆာနှင့် စုန့်ချန်ရှန်းတို့ကို ရှောင်ဝူချင်း ခေါ်ဆောင်၍ ရောက်ရှိလာသောအခါ လူတိုင်း အံ့အားသင့်သွားကြသော်လည်း ချက်ချင်းပင် သဘောပေါက်သွားကြတော့သည်။

​ဤလူနှစ်ဦးသည် လင်းရှောင်ခြံဝင်း တိုင်ပင်ဆွေးနွေးပွဲသို့ တက်ရောက်ရန် အမှန်တကယ်ပင် အရည်အချင်း ပြည့်မီကြပေသည်။

​စုန့်ချန်ရှန်း၏ မျက်နှာတွင် မကျေနပ်သော အရိပ်အယောင်များ ရှိနေ၏။ သူ မလာရောက်လိုသော်လည်း လီချင်းချိုးက ဖိတ်ကြားခြင်းဖြစ်ကြောင်း ရှောင်ဝူချင်းက ပြောသဖြင့် စဉ်းစားပြီးနောက် ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။

​ဓားမိစ္ဆာကတော့ ဘာကိုမျှ ဂရုမစိုက်ချေ။ သူသည် လီချင်းချိုးထံ လက်နက်ချခဲ့သည့် အချိန်မှစ၍ ကျေးကျွန်တစ်ဦးကဲ့သို့ အစေခံမည် ကြိုတင်ပြင်ဆင်ထားခဲ့ပြီး ဖြစ်သည်။

​သူ့ရဲ့ ရည်မှန်းချက်က ပိုမိုအစွမ်းထက်လာစေရန် ဖြစ်ပြီး ထိုအခါမှသာ လီချင်းချိုးကို ထပ်မံစိန်ခေါ်နိုင်မည် ဖြစ်ပေသည်။

လီချင်းချိုးကို ကျော်လွန်သွားနိုင်သည့် အခါမှသာ လွတ်လပ်ခွင့်ကို ပြန်လည်ရရှိနိုင်ပေလိမ့်မည်။

​သို့သော်လည်း ယုံကြည်မှုများ လျော့ပါးနေခဲ့ပြီ ဖြစ်၏။

​စိတ်ကူးယဉ်မှုကြောင့်လားတော့မသိ၊ လီချင်းချိုးကို မြင်ရသည့် အခါတိုင်း သူတို့ကြားက ကွာဟချက် ပိုမိုကျယ်ပြန့်လာသည်ဟု ခံစားနေရသည်။

​သူ ပိုမိုအစွမ်းထက်လာစဉ်မှာပင် လီချင်းချိုးသည်လည်း ပိုမိုအစွမ်းထက်လာနေပြီး မိမိထက်ပင် ပိုမိုမြန်ဆန်သောနှုန်းဖြင့် တိုးတက်နေကြောင်း သူ သိသည်။

​လီချင်းချိုးက စုန့်ချန်ရှန်းနှင့် ဓားမိစ္ဆာတို့ကို သူ့ ဘယ်ဘက်အခြမ်းတွင် ထိုင်ရန် လက်ဟန်ပြလိုက်သည်။သူသည် သူတို့အတွက် သီးသန့်နေရာ ချန်ထားပေးခဲ့ပြီး ကျန်းယွီချွန်းနှင့် ကျန်းကျောက်ရှားတို့ကိုပင် သူတို့၏ နေရာများကို ရွှေ့ခိုင်းလိုက်သည်။

​ထိုလူနှစ်ဉီးက အနည်းငယ် မကျေမနပ် ဖြစ်သွားခဲ့သော်လည်း ၎င်းက ဓားမိစ္ဆာနှင့် သူ့အဖော် ဖြစ်သည်ကို မြင်သောအခါ စိတ်သက်သာရာ ရသွားကြတော့သည်။

ကောင်းကင်နေမင်းနယ်ပယ်မှ ထိုမဟာဆရာသခင်ကြီးနှစ်ဦးက မည်သည့်အရာကို ကိုယ်စားပြုသည်ကိုသိနေသည့်အပြင်

ချင်းရှောင်ဂိုဏ်းကို မည်မျှအထိ ကူညီနိုင်သည်ကိုလည်း သူတို့ သိကြသဖြင့် မိမိတို့နေရာမှ ဖယ်ပေးရခြင်းက ထိုက်တန်သည်ဟု ယူဆလိုက်ကြသည်။

​လူအားလုံး စုံလင်သွားသောအခါ လီချင်းချိုးက ဇီယန်ကျွန်း၏ ခြိမ်းခြောက်မှုများကို ပြန်လည်ပြောပြခဲ့ရာ လူတိုင်း မျက်မှောင်ကြုတ်သွားကြတော့သည်။

​ချင်းရှောင်ဘိုးဘေးက…

“ချင်းချိုး... သူက မင်းရဲ့ ဂိုဏ်းတူညီငယ်ပဲ... သူ သေသွားမှာကို ငါတို့ ဒီအတိုင်း ကြည့်မနေနိုင်ဘူး... ဒါပေမဲ့ မင်း ဇီယန်ကျွန်းကို ကိုယ်တိုင်သွားဖို့ လုံးဝမဖြစ်နိုင်ဘူး... ငါပဲ ချင်းရှောင်ဂိုဏ်းကိုယ်စား သွားလိုက်ရမလား...”

​ကျန်းကျောက်ရှားက စိတ်ပျက်လက်ပျက်ဖြင့်….

“ဘိုးဘေး... သူတို့က ဂိုဏ်းတူအစ်ကိုကြီးကိုပဲ ပစ်မှတ်ထားနေတာ ထင်ရှားနေတာကို... ဘိုးဘေးသွားရင် ဘာထူးမှာလဲ... နောက်ထပ် ဓားစာခံတစ်ယောက် တိုးသွားတာပဲ ရှိမှာပေါ့...”

အခြားသူများကလည်း အမျိုးမျိုးသော အကြံပြုချက်များကို ဝိုင်းဝန်းပြောဆိုကြသော်လည်း လီချင်းချိုးကိုယ်တိုင် သွားရောက်ဖို့တော့ မည်သူမျှ သဘောမတူကြချေ။

​လီချင်းချိုးက အလွန်အစွမ်းထက်သော်လည်း ဇီယန်ကျွန်းကလည်း လူမသိသူမသိသော ကျင့်ကြံရေးဂိုဏ်းတစ်ခု ဖြစ်ရာ သူတို့တွင် မည်သည့်လျှို့ဝှက်နည်းလမ်းများ ရှိနေမည်ကို မည်သူသိနိုင်မည်နည်း။

သူတို့အနေနှင့် လီချင်းချိုး ဘေးဒုက္ခနှင့် ကြုံတွေ့ရမည်ကို မလိုလားကြချေ။

ရှန်ယွဲ့က …

“ကျွန်တော် သွားပါ့မယ်... လင်းလင်ကျိုးကို သေချာပေါက် ကယ်တင်ခဲ့ပါ့မယ်...”

​ရွှီနင်း၊ ကျန်းကျောက်ရှား၊ ယွမ်လီနှင့် ကျောက်ကျိန်းတို့ အားလုံးကလည်း တိုက်ပွဲဝင်ရန် တောင်းဆိုခဲ့ကြသည်။

​ကျိယာသည်လည်း စတင်၌ တိုက်ပွဲဝင်ရန် ဆန္ဒပြုလိုသော်လည်း ဤလူများက အလျင်အမြန် စကားဆိုလိုက်ကြသည်ကို မြင်သောအခါ မိမိအနေဖြင့် အခွင့်အရေးရလိမ့်မည်မဟုတ်ကြောင်း သဘောပေါက်၍ လက်လျှော့လိုက်ရတော့သည်။

​ဓားမိစ္ဆာကတော့ မည်သည့်အမူအရာမျှ မပြဘဲ တည်ငြိမ်နေခဲ့ပြီး စုန့်ချန်ရှန်းကမူ နှာခေါင်းရှုံ့လိုက်၏။ သူတို့၏ မျက်စိထဲ၌ ဤအရာက သေးငယ်သော ကိစ္စတစ်ခုမျှသာ ဖြစ်သည်။

​“ငါသာ မင်းတို့အတွက် ဇီယန်ကျွန်းကို ဖျက်ဆီးပေးမယ်ဆိုရင် ချင်းရှောင်ဂိုဏ်းမှာ ငါ နေရမယ့်အချိန်ကို ငါးနှစ်အထိ လျှော့ပေးနိုင်မလား...” ဟု စုန့်ချန်ရှန်းက မေးမြန်းလိုက်ရာ သူမ၏ လေသံက အခြားသူများ၏ အသံများကို ချက်ချင်းပင် ဖုံးလွှမ်းသွားခဲ့သည်။

​လူတိုင်းက သူမကို ကြည့်လိုက်ကြပြီး အချို့က မျက်မှောင်ကြုတ်သွားကြကာ အချို့ကမူ ဝမ်းသာအားရ ဖြစ်သွားကြသည်။

​သူမသာ လှုပ်ရှားမည်ဆိုပါက ဇီယန်ကျွန်းကို သေချာပေါက် နှိမ်နင်းနိုင်လိမ့်မည်ဟု လူတိုင်း တွေးမိကြသော်လည်း အချို့လူများက ဂုဏ်ပြုမှုများ ရရှိနိုင်မည့် ဤအခွင့်အရေးကို လက်လွတ်မခံလိုကြချေ။

​လီချင်းချိုးက သူမကို ကြည့်ကာ….

“ဒါဆိုရင် ထားလိုက်ပါတော့... ချင်းရှောင်ဂိုဏ်းက နောက်ထပ် ငါးနှစ်အတွင်း မိန်းကလေးစုန့်ကို လိုအပ်နေသေးတယ်...”

​ဤအရာကို ကြားသောအခါ စုန့်ချန်ရှန်း၏ မျက်နှာတွင် မကျေနပ်သော အရိပ်အယောင်များ ပေါ်ထွက်လာခဲ့သည်။

​ယွင်ချိုင်က သူမကို ကြည့်လိုက်ပြီးနောက် လီချင်းချိုးကို ထပ်မံကြည့်ကာ တစ်စုံတစ်ခု မှားယွင်းနေသည်ဟု ခံစားလိုက်ရသည်။

​လီစစ်ကျင်၏ မျက်နှာတွင် မျှော်လင့်ချက်များ ရှိနေပြီး လီတုန်းယွဲ့ကတော့ ပြုံးနေခဲ့သည်။

​“ဒါဆိုရင် ကျုပ် သွားပါ့မယ်...”

​ဓားမိစ္ဆာ စကားဆိုလိုက်ချေပြီ။

လီချင်းချိုး သူတို့ကို ခေါ်ယူရခြင်းမှာ စကားနားထောင်ရန်သက်သက် မဟုတ်ဘဲ စုန့်ချန်ရှန်းဘက်က လှုပ်ရှားခြင်းမရှိပါက မိမိကသာ လှုပ်ရှားရမည် ဖြစ်ကြောင်း သူ သိနေသောကြောင့်ပင်။

ဝေထျန်းရှုံးက….

“သူ့ကို သွားခွင့်ပြုတာက အကောင်းဆုံးပဲ... သူ့ရဲ့ ရဲရဲတောက် သတ်ဖြတ်လိုစိတ်နဲ့ဆိုရင် ဇီယန်ကျွန်းရဲ့ ထောင်ချောက်ထဲကို သေချာပေါက် ကျရောက်မှာ မဟုတ်ဘူး...”

​ဓားမိစ္ဆာက သူ့ကို တစ်ချက် စောင်းငဲ့ကြည့်လိုက်သော်လည်း ဝေထျန်းရှုံးက မမြင်ချင်ယောင်ဆောင်နေခဲ့သည်။

​လီချင်းချိုးက….

“ဒါဆိုရင် ဓားမိစ္ဆာနဲ့ ရှန်ယွဲ့တို့ အတူတူ သွားကြပါ... သူတို့ရဲ့ ပထမဆုံး တာဝန်က လင်းလင်ကျိုးကို ကယ်တင်ဖို့ ဖြစ်ပြီး ဒုတိယ တာဝန်ကတော့ ဇီယန်ကျွန်းကို ဖျက်ဆီးပစ်ဖို့ပဲ...”

ဤအမိန့်ကို ကြားသောအခါ ရှန်ယွဲ့က ပြုံးလိုက်ပြီး ကျန်းကျောက်ရှားက မကျေမနပ် ဖြစ်သွားကာ ယွမ်လီ၊ ယွင်ချိုင်နှင့် အခြားသူများလည်း နောင်တရသွားကြတော့သည်။

​လီချင်းချိုး ဆုံးဖြတ်ချက် ချမှတ်ပြီးသည်ကို မြင်သောအခါ အခြားသူများကလည်း ထပ်မံ၍ စကားမဆိုကြတော့ချေ။

​လီချင်းချိုးက ဓားမိစ္ဆာနှင့် ရှန်ယွဲ့တို့ကို ယနေ့တွင်ပင် စတင်ထွက်ခွာရန် ပြောကြားခဲ့သဖြင့် နှစ်ဦးစလုံး ထွက်ခွာသွားကြတော့သည်။

​သူတို့ ထွက်ခွာသွားပြီးသည့်နောက် လီချင်းချိုးက ရောက်ရှိနေသူအားလုံးကို ကြည့်ကာ ….

“ဇီယန်ကျွန်းက ငါတို့ကို မျက်စိကျနေတာ ဖြစ်လို့ ငါတို့အနေနဲ့ ဒီအခြေအနေကို အခွင့်ကောင်းယူပြီး ထျန်းမင်ပင်လယ်ကို ခြေလှမ်းလှမ်းသင့်တယ်... ဌာနအားလုံး ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်ထားကြပါ... ငါတို့ နောက်ပိုင်းမှာ ပင်လယ်ပြင်ထက်မှာ မြို့တစ်မြို့ကို တည်ဆောက်ကြမယ်...”

​“ဟုတ်ကဲ့ပါ...”

​အဆင့်မြင့်အရာရှိကြီးများက တညီတညွတ်တည်း ပြန်လည်ဖြေကြားလိုက်ကြသည်။ ဝမ်ယင်းဂိုဏ်းနှင့် စစ်ပွဲကို ကြုံတွေ့ဖူးပြီး ဖြစ်သဖြင့် ခံတပ်များကို အလျင်အမြန် တည်ဆောက်၍ အမိန့်များကို နာခံရသော တိုက်ပွဲဝင်နည်းလမ်းကို ကျင့်သားရနေကြပြီ ဖြစ်ရာ ယခင်ကလို ဖိအားများကို ခံစားရခြင်း မရှိကြတော့ချေ။

​လီချင်းချိုးက ခန်းမဆောင်တစ်ခုချင်းစီသို့ တောင်ဘက်သို့ ချီတက်မည့် အသေးစိတ် ညွှန်ကြားချက်များကို ဆက်လက်ပြောကြားခဲ့ပြီး အမွှေးတိုင်တစ်တိုင် ကုန်ဆုံးလောက်သည့် အချိန်အထိ ပြောဆိုပြီးမှသာ လူအားလုံးကို ပြန်ခွင့်ပေးလိုက်သည်။

​သို့သော်လည်း ယွင်ချိုင် ကျန်ရစ်နေခဲ့သည်။

​သူတို့နှစ်ဦးတည်းသာ ကျန်ရှိတော့သည့် အချိန်တွင် လီချင်းချိုးက သူမကို ကြည့်ကာ စူးစမ်းလိုစိတ်ဖြင့် မေးမြန်းလိုက်သည်။

“မင်း ဘာလိုချင်လို့လဲ...”

​ယွင်ချိုင်က သူ့ကို စူးစိုက်ကြည့်ကာ …

“ကျွန်မကို အပြင်သွားပြီး အတွေ့အကြုံ ရှာဖွေခွင့် မပေးချင်ဘူးလား...”

​ချင်းရှောင်တောင်တွင်သာ နေထိုင်ရခြင်းက ပျင်းရိဖွယ်ကောင်းရုံသာမက ဂိုဏ်းအတွက် ဂုဏ်ပြုမှုများ ရရှိနိုင်မည့် အခွင့်အရေးလည်း နည်းပါးလှသည်။ ထို့ပြင် သူမသည်လည်း လောကအနှံ့ လျှောက်လှမ်း၍ ထူးခြားသော အဖြစ်အပျက်များနှင့် ကြုံတွေ့လိုသည့် ဆန္ဒ ရှိနေသည်။

​သူမ ကျင့်ကြံခြင်းကို အသည်းအသန် ကြိုးစားနေသော်လည်း ရှန်ယွဲ့၊ ကျန်းကျောက်ရှားနှင့် အခြားသူများက အပြင်ဘက်၌ ထူးခြားသော ကံကြမ္မာများနှင့် ကြုံတွေ့ခဲ့ရခြင်းကြောင့် မိမိကို မီလာနိုင်ခဲ့ကြခြင်း ဖြစ်ကြောင်း သူမ ရှာဖွေတွေ့ရှိခဲ့သည်။ ထို့ကြောင့် သူမသည်လည်း အပြင်လောကသို့ ထွက်၍ လောကကြီးကို ကြည့်ရှုလိုခြင်း ဖြစ်သည်။

​လီချင်းချိုးက သူမကို ကြည့်ကာ တည်ကြည်စွာဖြင့်….

“ငါ မင်းကို အပြင်ကို တကယ် မသွားစေချင်ဘူး... ပထမအချက်က မင်း တစ်ခုခု ဖြစ်သွားမှာကို ငါ စိုးရိမ်လို့ … ဒုတိယအချက်ကတော့ ငါ မင်းကို လိုအပ်လို့ပဲ... ငါ့ကို ကြည့်ပါဦး... ငါလည်း အပြင်ကို သွားခဲတာပဲ မဟုတ်လား...”

​လီချင်းချိုး၏ စကား ပထမပိုင်းကို ကြားသောအခါ ယွင်ချိုင်၏ မကျေနပ်မှုများ တစ်ဝက်ခန့် လျော့ပါးသွားခဲ့သော်လည်း သူမက နှုတ်ခမ်းစူ၍….

“ရှင်က အပြင်ကို သိပ်မသွားဘူး ဆိုပေမဲ့ အနည်းဆုံးတော့ အပြင်ကို သွားဖူးတာပဲ မဟုတ်လား...”

​ “ဒီလို လုပ်ကြမလား... နောင်ကျရင် ငါ အပြင်ကို တာဝန်တွေနဲ့ သွားတဲ့အခါ မင်းကို တစ်ခါတည်း ခေါ်သွားပေးမယ်... ဟုတ်ပြီလား...”

​“တကယ်လား... ကျွန်မကို နောက်နေတာ မဟုတ်ဘူးနော်...”

ထိုအခါ ယွင်ချိုင်၏ မျက်လုံးများ လင်းလက်သွားပြီး စိတ်လှုပ်ရှားစွာ မေးမြန်းလိုက်သည်။

​“ဒါပေါ့... ငါ မင်းကို ဘယ်တုန်းက ညာဖူးလို့လဲ...”

​“စိတ်ချပါ... ကျွန်မ ရှင့်အတွက် ဝန်ထုပ်ဝန်ပိုး သေချာပေါက် ဖြစ်စေမှာ မဟုတ်ပါဘူး...”

​ယွင်ချိုင်က သူမ၏ လက်သီးများကို ကျစ်ကျစ်ပါအောင် ဆုပ်၍ စိတ်လှုပ်ရှားစွာ ဆိုလိုက်၏။

​လီချင်းချိုးက ပြုံး၍ ခေါင်းညိတ်လိုက်ပြီး သူမအား အားပေးစကား အနည်းငယ် ထပ်မံပြောကြားကာ ပြန်ခွင့်ပေးလိုက်သည်။

​လီချင်းချိုး သူမကို အပြင်ထွက်၍ အတွေ့အကြုံ ရှာဖွေခွင့် မပြုရခြင်း၏ အကြောင်းရင်းမှာ ဥပဒေသတစ်သောင်းဝိညာဉ်မျက်လုံးက ဂိုဏ်းတံခါးကို စောင့်ကြပ်ရန်အတွက် အလွန် သင့်တော်သည်ဟု ခံစားရသောကြောင့်ပင်။

ထို့နောက်တွင် ချင်းရှောင်ဂိုဏ်း၏ ဘေးကင်းမှုမှာ မျက်လုံးတစ်စုံတည်းအပေါ်တွင်သာ မှီခို၍မရနိုင်ကြောင်း တွေးမိသွားခဲ့သည်။

​သူသည်လည်း မတ်တပ်ထရပ်၍ မသေမျိုးဂူဆီသို့ လှမ်းလျှောက်လာခဲ့သည်။

​သူ့ရဲ့ ကျင့်ကြံခြင်းအဆင့်က ကောင်းကင်နေမင်းနယ်ပယ်၏ ဒုတိယအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သော်လည်း ကျေနပ်ခြင်းမရှိဘဲ အနည်းငယ်ပင် နှေးကွေးနေသည်ဟု ခံစားနေရသည်။

သူသည် ဓားမိစ္ဆာနှင့် စုန့်ချန်ရှန်းတို့၏ ကျင့်ကြံခြင်းအဆင့်ကို အလျင်အမြန် မီချင်နေ၏။

​ခွန်အားချင်း လုံးဝမယှဉ်နိုင်သော အခြေအနေမျိုးကို ငြီးငွေ့နေပြီ…

​သူသည် မိမိ၏ ကျင့်ကြံခြင်းအဆင့်ဖြင့် ရန်သူများကို အလွယ်တခြေ နှိမ်နင်းနိုင်လိုသည်။

​နောက်ရက်များတွင် အခြားဂိုဏ်းမှ တပည့်များက ဇီယန်ကျွန်းကို ကူညီ၍ လင်းလင်ကျိုးကို ပြန်ပေးဆွဲခဲ့ကြသည့် သတင်းများ အလျင်အမြန် ပျံ့နှံ့သွားခဲ့သည်။

ဇီယန်ကျွန်းက လီချင်းချိုးကို တစ်နှစ်အတွင်း လာရောက်ကယ်တင်ရန် တောင်းဆိုခဲ့သည့် သတင်းကိုပါ ကြားရသောအခါ ချင်းရှောင်ဂိုဏ်း တပည့်များ အလွန်ပင် ဒေါသထွက်သွားကြတော့သည်။

​ဇီယန်ကျွန်းဟူသော အမည်သည် ချင်းရှောင်ဂိုဏ်း တပည့်များ၏ လောကအတွင်းသို့ ဤသို့ဖြင့် ဝင်ရောက်လာခဲ့ပြီး သူတို့အား ဇီယန်ကျွန်းအပေါ် ရန်လိုမုန်းတီးစိတ်များ ဖြစ်ပေါ်စေခဲ့၏။

​ဂိုဏ်းအနေဖြင့် တောင်ဘက်သို့ ချီတက်ရန် အစီအစဉ်များ ရှိကြောင်း ကြားရသောအခါ တပည့်အမြောက်အမြားမှာ ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ရန် စိတ်အားထက်သန်နေကြပြီ ဖြစ်သည်။ သူတို့က ကျော်စောမှုအတွက်သာမက မိမိတို့၏ အနာဂတ်အတွက်ပါ ကြီးမားသော အောင်မြင်မှုများကို ရရှိလိုကြချေသည်။

All Chapters