← Chapters

အခန်း ၃၆၉

Vol. 37 Ch. 369

အခန်း ၃၆၉

Vol. 37 Ch. 369

အပိုင်း( ၃၆၉) ယင်ကျင်းရှင်း၏ ရည်မှန်းချက်

​ကျိယာက ယင်ကျင်းရှင်း၏ အကြည့်များ အေးခဲသွားသည်ကို မြင်သောအခါ မိမိ၏ ဆေးဖော်စပ်သည့် မီးဖိုကြီး ပေါက်ကွဲတော့မည်ဟု ထင်မှတ်ကာ မသိစိတ်အရ လှည့်ကြည့်လိုက်မိသော်လည်း မည်သည့်ပုံမှန်မဟုတ်မှုကိုမျှ မတွေ့ရချေ။

သူ ယင်ကျင်းရှင်းကို ထပ်မံကြည့်လိုက်သည့် အခါတွင်မူ ယင်ကျင်းရှင်း အခန်းထဲသို့ လှမ်းလျှောက်သွားသည်ကိုသာ တွေ့လိုက်ရတော့သည်။

​“ဒီကောင်လေး စိတ်မကောင်းဖြစ်သွားတာလား…”

​ကျိယာက ယင်ကျင်းရှင်း၏ ကျောပြင်ကို ကြည့်ရင်း စိတ်ထဲ၌ စိုးရိမ်ပူပန်မှုများ ပြည့်နှက်လာခဲ့သည်။

​ယင်ကျင်းရှင်း၏ လက်ရှိ အခြေအနေက သူ့အား ယခင်က ယွမ်လီကို အမြဲတစေ သတိရစေခဲ့သည်။

​အမှန်တကယ် ဆိုရလျှင်မူ ယင်ကျင်းရှင်း ကြုံတွေ့နေရသော ပတ်ဝန်းကျင်မှာ ယခင်က ယွမ်လီထက်များစွာ ပိုမိုကောင်းမွန်လှပေသည်။ အနည်းဆုံးတော့ ကျိယာအနေဖြင့် ယင်ကျင်းရှင်းအပေါ် ကဲ့ရဲ့ရှုတ်ချသံများကို မကြားမိခဲ့ချေ။

​လူတိုင်းက ယင်ကျင်းရှင်းသည် စောစောနှင့် နောက်ကျသည်သာ ကွာခြားမည်ဖြစ်ပြီး သေချာပေါက် အောင်မြင်ကျော်ကြားလာလိမ့်မည်ဟု ယုံကြည်နေကြဆဲဖြစ်ကာ သူသည် ကောင်းမွန်သော အခွင့်အရေးကိုသာ စောင့်ဆိုင်းနေခြင်း ဖြစ်သည်ဟု ယူဆကြသည်။

​ထို့ပြင် ယင်ကျင်းရှင်းက ငယ်ရွယ်သေးသဖြင့် ယခုအချိန်တွင် သူ့ကို မည်သူမျှ ဖိအားပေး၍ ရှေ့သို့ ထွက်ခိုင်းမည် မဟုတ်ချေ။

​ကျိယာ ခေါင်းယမ်းလိုက်ပြီး မိမိအနေဖြင့် ယင်ကျင်းရှင်းအတွက် စိုးရိမ်နေရန် မလိုကြောင်းနှင့် ဤကောင်လေးအဖို့ စိတ်ထဲမှ အတားအဆီးကိုသာ ကျော်လွှားနိုင်ခြင်း မရှိသေးခြင်း ဖြစ်သည်ဟု ခံစားလိုက်ရသည်။

​ထူးကဲသာလွန်သော ပါရမီကို မပိုင်ဆိုင်မီ မိမိ၏ စိတ်ဓာတ်ကို အရင်ဆုံး ပျိုးထောင်နိုင်ခြင်းက ကောင်းမွန်သောအရာတစ်ခု ဖြစ်ပေသည်။

ကျိယာအနေနှင့် ​ယင်ကျင်းရှင်းနှင့် နှိုင်းယှဉ်လျှင် မိမိ၏ ကျင့်ကြံခြင်းအဆင့်ကို ပို၍ ဂရုစိုက်မိသည်။

ဝမ်ယင်းဂိုဏ်းနှင့် စစ်ပွဲပြီးဆုံးသွားသည့် အချိန်မှစ၍ မိမိ၏ ရုပ်ခန္ဓာကို လေ့လာနေခဲ့ခြင်း ဖြစ်၏။ သူသည် မိမိ၏ ဝိညာဉ်စွမ်းအင်များ အဆုံးစွန်သို့ မရောက်သေးဟု ခံစားရသဖြင့် ဆေးလုံးများကို အသုံးပြု၍ ရုပ်ခန္ဓာ၏ခွန်အားကို မြှင့်တင်ရန်နှင့် ၎င်းမှတစ်ဆင့် ဝိညာဉ်စွမ်းအင်ကို တိုးတက်စေရန် စမ်းသပ်ချင်နေသည်။

​ကျိယာသည် ရွီနင်း၊ ယွမ်လီနှင့် ကျောက်ကျိန်းတို့၏ ဖိနှိပ်ခြင်းကို ထာဝရ ခံမနေလိုချေ။ ထို့ပြင် ဟူယန်သည်လည်း အရှိန်အဟုန်ပြင်းစွာ တိုးတက်လာနေပြီး သူ့ရဲ့ ဖြောင့်မတ်ခြင်းချီများ ပို၍ အားကောင်းလာခဲ့ရာ သူ့ကိုပင် အကြောက်တရား ဖြစ်ပေါ်စေခဲ့ပြီ ဖြစ်သည်။

​ကျိယာ၏ ဤကဲ့သို့သော စိတ်ဓာတ်မျိုးက ချင်းရှောင်ဂိုဏ်း တပည့်အမြောက်အမြားတွင်လည်း ရှိနေကြ၏။ သူတို့၏ ဆရာသမားများက တိုက်တွန်းခြင်း မပြုလျှင်ပင် ပိုမိုအစွမ်းထက်လာစေရန်နှင့် အောင်မြင်ကျော်ကြားသော ပုဂ္ဂိုလ်များ ဖြစ်လာစေရန်အတွက် ကိုယ်တိုင် ကြိုးစားအားထုတ်လိုကြသည်။

……………………

နွေရာသီသို့ ရောက်ရှိလာခဲ့ရာ ယခုအခါ ဇူလိုင်လလယ်ပိုင်းသို့ ဆိုက်ရောက်လာခဲ့ပြီ ဖြစ်၏။

​ဓားမိစ္ဆာနှင့် ရှန်ယွဲ့တို့ လင်းလင်ကျိုးကို ခေါ်ဆောင်၍ ပြန်လည်ရောက်ရှိလာခဲ့ကြသည်။ ထိုလူသုံးဦး ပြန်လာသည့်အခါ လူမသိသူမသိ လာခဲ့ကြခြင်း မဟုတ်ချေ။ ဆန့်ကျင်ဘက်အနေဖြင့် သူတို့သည် ချင်းရှောင်တောင်ခြေမှနေ၍ တောင်ပေါ်သို့ လှမ်းတက်လာခဲ့ကြသဖြင့် သူတို့နှစ်ဦး လင်းလင်ကျိုးကို ဇီယန်ကျွန်းမှ ကယ်တင်လာနိုင်ခဲ့ပြီ ဖြစ်ကြောင်းကို တပည့်အမြောက်အမြားက သိရှိသွားကြတော့သည်။

​လမ်းတစ်လျှောက်တွင် လူအများ၏ အာရုံစိုက်ခြင်းကို ခံခဲ့ရပြီး ဂိုဏ်းတပည့်များက စိတ်လှုပ်ရှားမှုနှင့် အားကျစိတ်များ ပြည့်နှက်နေသော မျက်ဝန်းများဖြင့် စောင့်ကြည့်နေခဲ့ကြ၏။

​ဓားမိစ္ဆာကတော့ ယခင်အတိုင်း မည်သည့်အမူအရာမျှမပြဘဲ အေးစက်မြဲ အေးစက်နေခဲ့သည်။ သို့သော်လည်း ခန့်ညားသော ရုပ်သွင်နှင့် ဆံပင်ဖြူဖြူများက အမျိုးသမီးတပည့် အမြောက်အမြား၏ အာရုံကို ဆွဲဆောင်နေခဲ့သည်။

​ရှန်ယွဲ့သည်လည်း မိမိ၏ ဆရာသခင်ပီသသော အမူအရာကို ထိန်းသိမ်းထားပြီး မျက်နှာတွင် အပြုံးတစ်ခု ရှိနေကာ ရံဖန်ရံခါ၌ ရင်းနှီးသော တပည့်များကို ခေါင်းညိတ်ပြလေ့ ရှိသည်။

​လင်းလင်ကျိုးကမူ နောက်ဆုံးမှ လိုက်ပါလာခဲ့သော်လည်း စိတ်ကို တည်ငြိမ်အောင် မလုပ်နိုင်သေးချေ။ သူသည် အလွန်အရှက်ရနေပြီး မြေကြီးထဲသို့သာ တိုးဝင် ပျောက်ကွယ်သွားချင်မိတော့သည်။

​ဇီယန်ကျွန်းပေါ်တွင် ရှိစဉ်က ဓားမိစ္ဆာနှင့် ရှန်ယွဲ့တို့၏ အစွမ်းပြမှုကို တွေးမိရုံမျှဖြင့် တုန်လှုပ်သွားခဲ့ရသည်။

​ဤလူနှစ်ဦးက အလွန်ပင် အစွမ်းထက်လွန်းလှပေရာ ဇီယန်ကျွန်းတစ်ခုလုံးကိုပင် ဖိနှိပ်ထားနိုင်ခဲ့ကြသည်။ ဇီယန်ကျွန်းက သူတို့၏ ဘိုးဘေးကို ပြန်လည်အသက်သွင်းခဲ့လျှင်ပင် ဓားမိစ္ဆာ၏ လက်ချက်ကို မခံနိုင်ခဲ့ချေ။ သူတို့၏ ခွန်အားက လွှမ်းမိုးလွန်းလှပြီး မည်သူမျှ တားဆီးနိုင်ခြင်း မရှိခဲ့ချေ။

​၎င်းက ထိုတိုက်ပွဲကြီးနှင့် ပတ်သက်၍ လင်းလင်ကျိုး၏ စိတ်ထဲ၌ ကျန်ရစ်နေသော ထင်မြင်ချက် ဖြစ်ပြီး အားလုံးက သတ်ဖြတ်မှုသက်သက်မျှသာ ဖြစ်၏။

​သူ စိုးရိမ်ခဲ့သော အရာတစ်ခုမျှ ဖြစ်မလာခဲ့ဘဲ သူ စုံစမ်းခဲ့သော သတင်းအချက်အလက်များကလည်း အဓိပ္ပာယ်မရှိ ဖြစ်သွားခဲ့ရသည်။

​သူသည် ချင်းရှောင်ဂိုဏ်းသို့ ပြန်လည်ရောက်ရှိလာသည့် အချိန်အထိ ဝေခွဲမရ ဖြစ်နေဆဲပင်။

​ချင်းရှောင်ဂိုဏ်း မည်မျှအထိ အစွမ်းထက်နေသနည်း...။

​ရှေ့မှ လှမ်းလျှောက်နေသော ရှန်ယွဲ့၏ စိတ်ထဲ၌လည်း အတွေးများစွာ ရှုပ်ထွေးနေခဲ့သည်။

​ဤခရီးစဉ်အတွင်း ဓားမိစ္ဆာ၏ အစွမ်းခွန်အားကို ကိုယ်တိုင် မြင်တွေ့ခဲ့ပြီး ယခင် ဓားမိစ္ဆာနှင့် ထိပ်တိုက်တွေ့စဉ်က မည်သို့မျှ မတတ်နိုင်ခဲ့သော်လည်း ယခုအခါ ပြင်ပလူတစ်ဦးအနေဖြင့် ဓားမိစ္ဆာ၏ တိုက်ခိုက်မှုကို စောင့်ကြည့်ခဲ့ရသည့်အခါ ၎င်း၏ ကြောက်မက်ဖွယ်ကောင်းမှုကို ပိုမို၍ ခံစားလိုက်ရသည်။

​ဇီယန်ကျွန်း၏ အစွမ်းထက်လှသော ဘိုးဘေးကြီးပင်လျှင် ဓားမိစ္ဆာ၏ ဓားချက်တစ်ချက်ကိုမျှ မခံနိုင်ခဲ့ချေ။

​၎င်းက အဓိပ္ပာယ်မရှိလွန်းလှသည်ဟု သူ ခံစားရသည်။

​ဤကဲ့သို့သော အစွမ်းထက်လှသည့် ပုဂ္ဂိုလ်ကြီးကို ဂိုဏ်းချုပ်က မည်သို့များ မိမိလက်အောက်သို့ သွတ်သွင်းနိုင်ခဲ့သနည်း...။

​ အသိစိတ်အရဆိုလျှင် ဓားမိစ္ဆာသည်လည်း မိမိကဲ့သို့ပင် ဂိုဏ်းချုပ်၏ လက်အောက်သို့ ရောက်ရှိလာခြင်း ဖြစ်ရမည်ဟု ထင်မြင်မိရာ ၎င်းက သူ့အား မျှော်လင့်ချက်မဲ့ခြင်းများကို ပိုမို ခံစားရစေသည်။

​သူ လီချင်းချိုးကို မည်သို့များ မီအောင် လိုက်နိုင်တော့မည်နည်း...။

​ယခုအခါ သူသည် လီချင်းချိုးနှင့် ချင်းရှောင်ဂိုဏ်းအပေါ် သစ္စာစောင့်သိနေပြီ ဖြစ်သော်လည်း စိတ်ထဲ၌ လီချင်းချိုးကို ထပ်မံစိန်ခေါ်လိုသည့် ဆန္ဒ ရှိနေဆဲပင်။

​ထိုလူသုံးဦး လင်းရှောင်ခြံဝင်းသို့ မရောက်မီမှာပင် သူတို့ ပြန်လည်ရောက်ရှိလာသည့် သတင်း ပျံ့နှံ့သွားခဲ့ချေပြီ။

​ယင်ကျင်းရှင်းက လူငယ်တစ်စုနှင့်အတူ စာသင်ခန်းထဲမှ လှမ်းထွက်လာခဲ့စဉ် အခြားတပည့်များက ရှန်ယွဲ့တို့ သုံးဦးအကြောင်းကို ပြောဆိုနေကြသည်ကို ကြားလိုက်ရသည်။

​သူ ပြုံးလိုက်မိ၏။ လင်းလင်ကျိုး ဖမ်းဆီးခံရသည့် ကိစ္စက သူ့ကို ကြာမြင့်စွာ စိုးရိမ်ပူပန်စေခဲ့သော်လည်း ယခုအခါ ဘေးကင်းသွားခဲ့ပြီ ဖြစ်သဖြင့် စိတ်သက်သာရာရသွားသည်။

​“စီနီယာရှန်က တကယ်ကို အစွမ်းထက်တာပဲ... သူက ဘာမဆို လုပ်နိုင်တယ်...”ဟု ယင်ကျင်းရှင်း စိတ်ထဲမှ ကျိတ်၍ တွေးလိုက်မိသည်။

​သူသည် ရှန်ယွဲ့ကို အမြဲတစေ အလွန်အစွမ်းထက်သူဟု ယူဆထားခြင်း ဖြစ်သည်။ အဆုံး၌ ယခင်က ဝမ်ယင်းဂိုဏ်း၏ မိစ္ဆာတွင်းထဲမှ မိမိကို ကယ်တင်ခဲ့သူမှာလည်း ရှန်ယွဲ့ပင် မဟုတ်ပါလော...

​သို့သော်လည်း ရှန်ယွဲ့နှင့် လျှို့ဝှက်ဆန်းကြယ်သော စီနီယာကြီးတစ်ဦးတို့ ပူးပေါင်း၍ ဇီယန်ကျွန်းတစ်ခုလုံးကို နှိမ်နင်းခဲ့ပြီး သူတို့အား ဒူးထောက်အသနားခံစေခဲ့သည်ဟူသော သတင်းကို ကြားရသည့်အခါ တုန်လှုပ်သွားရသည်။

လွန်ခဲ့သော နှစ်လအတွင်း ဇီယန်ကျွန်းနှင့် ပတ်သက်သော သတင်းများ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာခဲ့ရာ ဇီယန်ကျွန်း၏ အစွမ်းက ဝမ်ယင်းဂိုဏ်းထက် မနိမ့်ကျကြောင်းနှင့် ရှန်ယွဲ့တို့ နှစ်ဦးတည်းကပင် ထိုဇီယန်ကျွန်းကို ဖိနှိပ်နိုင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

​၎င်းက မည်မျှအထိ အစွမ်းထက်လှသနည်း...

​ယင်ကျင်းရှင်း အလွန်ပင် အားကျစိတ်များ ဖြစ်ပေါ်လာချေပြီ။

​မသေမျိုးကျင့်ကြံခြင်းလမ်းစဉ် ရှိကြောင်း သိရှိရသည့် အချိန်မှစ၍ ယင်ကျင်းရှင်း၏ ရည်မှန်းချက်များ တဖြည်းဖြည်း ကြီးထွားလာခဲ့ခြင်း ဖြစ်သည်။ အထူးသဖြင့် ချင်းရှောင်ဂိုဏ်းသို့ ရောက်ရှိလာပြီးသည့်နောက် ဂိုဏ်းတပည့်များက သူသည် နောင်တစ်ချိန်တွင် ဓမ္မညီလာခံတွင် ပထမရရှိလိမ့်မည်ဖြစ်ကြောင်းနှင့် စီနီယာအစ်ကိုကြီး ယွမ်လီနှင့်ပင် ရင်ဘောင်တန်းနိုင်လိမ့်မည်ဖြစ်ကြောင်း ချီးမွမ်းပြောဆိုကြသည့် အခါတိုင်း သူ့ ရည်မှန်းချက်များ ပို၍ မြန်ဆန်စွာ ကြီးထွားလာခဲ့သည်။

​အခြားသူများက စစ်မှန်သည်ဖြစ်စေ၊ မစစ်မှန်သည်ဖြစ်စေ... သူသည် ပိုမိုအစွမ်းထက်လိုပြီး အခြားသူအားလုံးထက် ပို၍ စွမ်းဆောင်နိုင်လိုခြင်း ဖြစ်၏။

​သူ့ဘေးပတ်ပတ်လည်ရှိ တပည့်များက ရှန်ယွဲ့၏ အောင်မြင်မှုများကို စိတ်လှုပ်ရှားစွာ ပြောဆိုနေကြသည်ကို နားထောင်ရင်း ယင်ကျင်းရှင်း၏ စိတ်ထဲမှ မီးတောက်များ ပို၍ တောက်လောင်လာခဲ့သည်။

​ဆရာသခင်က သူ့ကို အလောမကြီးရန် ပြောကြားခဲ့ပြီး ဂိုဏ်းတူမောင်နှမများကလည်း သူ ကြီးပြင်းလာသည့်အခါ သေချာပေါက် ပါရမီရှင်တစ်ဦး ဖြစ်လာလိမ့်မည်ဟု ပြောဆိုကြသည်။

​ကြီးပြင်းလာသည့် အခါ….

​ကြီးပြင်းလာရန်အတွက် နှစ်ပေါင်းမည်မျှ စောင့်ဆိုင်းရဦးမည်နည်း...

​ဆယ်နှစ်လား... သို့မဟုတ် အနှစ်နှစ်ဆယ်လား...

​ဤနှစ်တွင် အသက်ခုနစ်နှစ် ပြည့်တော့မည့် ယင်ကျင်းရှင်းအနေဖြင့် ထပ်မံ၍ မစောင့်ဆိုင်းနိုင်တော့ချေ။

​ဂိုဏ်းအတွင်း၌ ပါရမီရှင် အမျိုးမျိုး ရှိနေကြပြီး သူသည်လည်း သူတို့၏ သမိုင်းကြောင်းများကို အမြဲ ကြားသိနေရသည်။ထို့ကြောင့် ထပ်မံ၍ မစောင့်ဆိုင်းလိုတော့သလို အခြားသူများ၏ ခြေရာအတိုင်းလည်း မလိုက်လိုတော့ချေ။

​ယင်ကျင်းရှင်းက ဝတ်ရုံအင်္ကျီအတွင်း၌ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ပြီး လူအုပ်ထဲမှ တိတ်တဆိတ် ထွက်ခွာကာ အခြားလမ်းကြောင်းတစ်ခုဆီသို့ ဦးတည်လိုက်တော့သည်။

​အမွှေးတိုင်တစ်တိုင် ကုန်ဆုံးလောက်သည့် အချိန်ပြီးနောက်...

​ယင်ကျင်းရှင်းတယောက် ကျင့်ကြံရေးခန်းမ၏ တံခါးဝသို့ ရောက်ရှိလာခဲ့ပြီး အသက်ကို ပြင်းပြင်းရှူကာ အတွင်းသို့ လှမ်းဝင်လိုက်သည်။

​သူသည် ဤနေရာသို့ အကြိမ်အမြောက်အမြား လာဖူးသဖြင့် တံခါးစောင့်တပည့်များက သူ့ကို မှတ်မိကြပြီး နွေးထွေးစွာ နှုတ်ဆက်ကြသည်။

​သူသည် ဂိုဏ်းချုပ်၏ တပည့်ဟူသော အဆင့်အတန်းကြောင့် မာနထောင်လွှားခြင်း မရှိဘဲ တံခါးစောင့်တပည့်နှစ်ဦးနှင့် စကားအနည်းငယ် ပြောဆိုပြီးမှသာ ခြံဝင်းအတွင်းသို့ လှမ်းဝင်ခဲ့သည်။

​ကျင့်ကြံရေးခန်းမက ဂိုဏ်း၏ ဆေးလုံးများကို တာဝန်ယူရသော နေရာဖြစ်သဖြင့် ဂိုဏ်းတပည့်များ အမြဲတစေ အဝင်အထွက် ပြုလုပ်နေကြသည်။

​“မင်း ဒီနေရာကို ဘယ်လိုဖြစ်ပြီး ရောက်လာတာလဲ…”

​ရွှီနင်းက ရုတ်တရက် ယင်ကျင်းရှင်းကို တားဆီးလိုက်ပြီး မျက်မှောင်ကြုတ်၍ မေးမြန်းလိုက်သည်။

​ယင်ကျင်းရှင်း မော့ကြည့်လိုက်သည့်အခါ ၎င်းက မိမိ၏ ဂိုဏ်းတူအစ်မကြီး ဖြစ်နေသည်ကို တွေ့ရသဖြင့် ချက်ချင်းပင် ထိတ်လန့်သွားခဲ့သည်။

​သူသည် အမြဲတစေ အေးစက်သော မျက်နှာထား ရှိသည့် ဤအစ်မကြီးကို အမြဲ ကြောက်ရွံ့မိသဖြင့် အလျင်အမြန်ပင်….

“ကျွန်တော် ကစားဖို့အတွက် ဂိုဏ်းတူအစ်ကိုတစ်ယောက်ကို လာရှာတာပါ…”

ရွှီနင်းက သူ့ကို စူးစိုက်ကြည့်နေသဖြင့် သူမ၏ အကြည့်များကို မရင်ဆိုင်ရဲချေ။

​ခဏမျှကြာပြီးနောက် ရွှီနင်းက သူ့အနားမှ ဖြတ်ကျော်သွားခဲ့ပြီး စကားတစ်ခွန်းသာ ချန်ထားခဲ့သည်။

“ကစားတာကတော့ အကြောင်းမဟုတ်ပါဘူး... ဒါပေမဲ့ ပြန်ပေးဆွဲခံလိုက်ရတဲ့ နင့်ရဲ့ ဂိုဏ်းတူဦးလေးလိုတော့ အဖြစ်မခံနဲ့ဦး...”

​ယင်ကျင်းရှင်း ခေါင်းလှည့်ကြည့်လိုက်တော့ ရွှီနင်း၏ ပုံရိပ် လူအုပ်အတွင်း၌ ပျောက်ကွယ်သွားသည်ကို တွေ့လိုက်ရသည်။ ရုတ်တရက် သူ၏ စိတ်ထဲ၌ အတွေးတစ်ခု ပေါ်လာခဲ့၏။

​ဤဂိုဏ်းတူအစ်မကြီးက အပြင်ပန်းသာ အေးစက်နေပြီး အတွင်းစိတ်ကမူ နွေးထွေးကာ အစောက စကားလုံးများက သူ့အတွက် စိုးရိမ်ပေးခြင်း ဖြစ်ရမည် မဟုတ်ပါလော...

​သူသည် ငယ်ရွယ်သေးသဖြင့် သေချာရေရာစွာ မတွေးတောတတ်သေးဘဲ ရှေ့သို့သာ ဆက်လက်လျှောက်လှမ်းခဲ့ပြီး ခြေလှမ်းများ ပိုမို၍ မြန်ဆန်လာခဲ့သည်။

​သူသည် လူစည်ကားလှသော ခြံဝင်းများနှင့် ကွေ့ကောက်သော စင်္ကြံလမ်းများကို ဖြတ်ကျော်ပြီးနောက် တိတ်ဆိတ်လှသော ခြံဝင်းတစ်ခုသို့ ရောက်ရှိလာခဲ့၏။ထို့နောက် ပြာသာဒ်ဆောင်ငယ်တစ်ခု၏ ခန်းမဆောင်အတွင်းသို့ လှမ်းဝင်လိုက်ရာ ပူပြင်းလှသော အရှိန်အဟုန်များက သူ့ထံသို့ ရိုက်ခတ်လာခဲ့သည်။

​ခန်းမဆောင်အတွင်း၌ ကြီးမားလှသော မီးဖိုကြီးတစ်ဖို ရှိနေပြီး ၎င်း၏ ကြီးမားမှုက ဘေးနားရှိ သစ်ပင်ကြီးများကိုပင် သေးငယ်သွားစေသည်။

​ပြာလဲ့သော ဝတ်ရုံကို ဝတ်ဆင်ထားသည့် ချန်ဟွေ့လန်သည် ယခုအခါ ကလေးဆန်သော အမူအရာများ ကင်းစင်နေပြီ ဖြစ်၏။ သူမသည် အသက်နှစ်ဆယ်ကျော်အရွယ်မျှသာ ရှိသေးပုံရသော်လည်း ရင့်ကျက်သော အမျိုးသမီးတစ်ဦး၏ တည်ငြိမ်သောအမူအရာကို ပိုင်ဆိုင်ထားသည်။

​သူမသည် ကျင့်ကြံရေးခန်းမ၏ ဒုတိယခန်းမသခင်အဖြစ် ဂိုဏ်း၏ ဆေးလုံးများကို စီမံခန့်ခွဲရသော အာဏာကို ပိုင်ဆိုင်ထားသဖြင့် မည်သည့်ကြီးမြတ်သော မိသားစုမျှ သူမကို လာရောက်မဲမဆွယ်ရဲပေ။

​ချန်ဟွေ့လန် ခေါင်းလှည့်ကြည့်လိုက်သည့်အခါ ယင်ကျင်းရှင်းကို တွေ့ရသဖြင့်…

“ကျင်ရှင်းလေး... မင်း ဘာလို့ ဒီနေရာကို ထပ်ရောက်လာတာလဲ... ငါ မင်းကို ပြောပြီးပြီပဲ... မင်းက ဆေးဖော်စပ်ခြင်း ပညာကို သင်ယူဖို့ ငယ်ရွယ်လွန်းသေးတယ်... ငါပေးထားတဲ့ ဆေးဖော်စပ်ခြင်း ကျမ်းစာကို အရင်ဆုံး အလွတ်ကျက်ထား.. နောက်ပိုင်းကျရင် လိုအပ်လိမ့်မယ်...”

​ယင်ကျင်းရှင်းက မီးဖိုကြီး၏အနားသို့ လှမ်းလာခဲ့ပြီး ၎င်း၏ အောက်ဘက်တွင် တောက်လောင်နေသော မီးတောက်များကို ကြည့်ကာ စူးစမ်းလိုစိတ်ဖြင့်…

“စီနီယာချန်... ဒီမီးတောက်တွေကို ရေနဲ့ တကယ်ပဲ ငြှိမ်းသတ်လို့ မရဘူးလား...”

“ဒါပေါ့... ဒီအရာက သာမန်မီးတောက် မဟုတ်ဘူး... ဂိုဏ်းချုပ်ကိုယ်တိုင် ငါ့ကို သင်ကြားပေးခဲ့တဲ့ ဓာတ်ငါးပါးနှလုံးသားမီးတောက်လေ..... သူ့မှာ ဓာတ်ငါးပါးရဲ့ အစွမ်းသတ္တိတွေ ရှိနေပြီး ဖယ်ရှားဖို့အတွက် သီးသန့်နည်းလမ်း လိုအပ်တယ်...”

​ယင်ကျင်းရှင်းက အံ့အားသင့်စွာ ရေရွတ်လိုက်ပြီးနောက် မီးဖိုကြီးကို မော့ကြည့်ကာ….

“ဆေးဖော်စပ်တဲ့ မီးဖိုကြီးထဲမှာလည်း မီးတောက်တွေ ရှိနေတာလား... ဘာလို့ အရမ်း ပူပြင်းနေရတာလဲ... မထိရသေးရင်တောင် ကျွန်တော့်မျက်နှာ ပူလောင်နေပြီ...”

​“ဒါပေါ့... ဒီမီးဖိုကြီးက အတွင်း၌ မီးပင်လယ်ကြီး ရှိနေတဲ့ ကျယ်ပြန့်တဲ့ ကောင်းကင်မှော်ပစ္စည်းတစ်ခုလေ…မီးတောက်တွေကလည်း ဓာတ်ငါးပါနှလုံးသားမီးတောက်တွေ... အကယ်၍ အသက်ရှင်နေတဲ့ လူတစ်ယောက်သာ အတွင်းထဲကို ပြုတ်ကျသွားရင် ခဏလေးနဲ့ ပြာအဖြစ် ပြောင်းလဲသွားလိမ့်မယ်... ဒါကြောင့် ဝေးဝေးမှာ နေပြီး ကိုယ့်ကိုယ်ကိုယ် ဒဏ်ရာမရအောင် သတိထားပါ...” ဟု ချန်ဟွေ့လန်က သတိပေးစကား ထပ်လောင်းပြောကြားလိုက်သည်။

​သူမသည် ယင်ကျင်းရှင်း မိုက်မဲသောအရာကို ပြုလုပ်လိမ့်မည်မဟုတ်ဟု ယုံကြည်သော်လည်း သူ့အား ဤနေရာနှင့် ဝေးဝေးတွင် နေစေရန်အတွက် တမင်တကာ ခြောက်လှန့်ခြင်းသာ ဖြစ်သည်။

​အမှန်တကယ်တော့ ယင်ကျင်းရှင်း ကျင့်ကြံရေးခန်းမကို သဘောကျခြင်းက ကျင့်ကြံရေးခန်းမအတွက် ကောင်းမွန်သောအရာတစ်ခု ဖြစ်၏။ အထူးသဖြင့် ယင်ကျင်းရှင်းသည် ဂိုဏ်းချုပ်၏ တပည့်ဖြစ်ပြီး ရှန်ယွဲ့နှင့် ကျန်းကျောက်ရှားတို့ ဆင်းရဲဒုက္ခများစွာကို ကျော်ဖြတ်၍ ခေါ်ဆောင်လာခဲ့ရသူ ဖြစ်ရာ နောင်တစ်ချိန်တွင် အဆင့်အတန်း သေချာပေါက် မြင့်မားပေလိမ့်မည်။ သူ ကျင့်ကြံရေးခန်းမနှင့် ရင်းနှီးခြင်းက နောင်တစ်ချိန်တွင် ကျင့်ကြံရေးခန်းမကို သေချာပေါက် ကူညီပေးနိုင်လိမ့်မည် ဖြစ်၏။ ၎င်းက ချန်ဟွေ့လန်အနေဖြင့် ယင်ကျင်းရှင်းကို စိတ်ကြိုက် အဝင်အထွက် ပြုလုပ်ခွင့် ပေးထားရခြင်း၏ အကြောင်းရင်းလည်း ဖြစ်သည်။

​“ကြောက်စရာကောင်းလိုက်တာ... ဒါဆိုရင် ကျွန်တော် တကယ် သတိထားရမယ်... စီနီယာချန် စိတ်ချပါ... ကျွန်တော် ဒီအတိုင်းပဲ ကြည့်နေတာပါ... ကျွန်တော်က ကျင့်ကြံခြင်းနဲ့ ဆေးဖော်စပ်ခြင်း ပညာရပ်တွေအပေါ် စူးစမ်းချင်လို့ပါ...”

ထိုအခါ ​ချန်ဟွေ့လန်က အားပေးစကား ဆိုလိုက်သည်။ သူမသည်လည်း ယင်ကျင်းရှင်း၏ ကျင့်ကြံခြင်းလမ်းစဉ် အဆင်မပြေဖြစ်နေကြောင်း ကြားသိထားသော်လည်း အခြားသူများကဲ့သို့ပင် လီချင်းချိုး၏ ဆုံးဖြတ်ချက်ကို ယုံကြည်ရန် ရွေးချယ်ထားခြင်း ဖြစ်သည်။ သူတို့နှစ်ဦး ခဏမျှ စကားပြောဆိုခဲ့ကြသော်လည်း ယင်ကျင်းရှင် ပြန်လည်ထွက်ခွာခြင်း မရှိသေးချေ။

သူက မီးဖိုကြီး၏ အဖုံးပွင့်သွားမည့် အချိန်အထိ စောင့်ဆိုင်းလိုပြီး ဆေးလုံးများ ထွက်ပေါ်လာသည်ကို မြင်တွေ့လိုကြောင်း ပြောဆိုလေသည်။

​ချန်ဟွေ့လန်က တစ်ရက်နှင့် တစ်ည စောင့်ဆိုင်းရမည်ဟု ပြောလျှင်ပင် သူက စောင့်ဆိုင်းလိုသည်ဟု ဆိုသဖြင့် သူမလည်း သူ့သဘောအတိုင်းသာ လွှတ်ထားလိုက်ရတော့သည်။

​နာရီဝက်ခန့် ကုန်လွန်သွားပြီးနောက် ချန်ဟွေ့လန်က….

“ငါ့မှာ လုပ်စရာ ကိစ္စတစ်ခု ရှိသေးတယ်.. ခန်းမဆောင်ထဲက ဘာကိုမှ လျှောက်မထိနဲ့ဦး... ခဏနေရင် တခြားတပည့်တွေကို လာစောင့်ခိုင်းလိုက်မယ်...”

​“ဟုတ်ကဲ့ပါ... စီနီယာချန်...”

​ယင်ကျင်းရှင်းက ခေါင်းညိတ်လိုက်သဖြင့် လိမ္မာယဉ်ကျေးသော အမူအရာကြောင့် ချန်ဟွေ့လန် သူ့ခေါင်းကို မပုတ်ဘဲ မနေနိုင်တော့ချေ။

​ထို့နောက်တွင် ချန်ဟွေ့လန် ထွက်ခွာသွားလေသည်။

​ယင်ကျင်းရှင်းက သူမ ခြံဝင်းထဲမှ ထွက်ခွာသွားသည်ကို စောင့်ကြည့်လိုက်ပြီးနောက် ချက်ချင်းပင် လေထဲသို့ ခုန်တက်၍ မီးဖိုကြီး၏ အဖုံးကို ကန်ဖွင့်လိုက်သည်။

​သူသည် လီချင်းချိုး၏ လမ်းညွှန်မှုအောက်တွင် ကောင်းကင်ရွှေခန္ဓာကိုယ်ကျင့်စဉ်ကို တစ်နှစ်ခန့် လေ့ကျင့်ထားသူ ဖြစ်သဖြင့် ခန္ဓာကိုယ်၌ ခွန်အားအချို့ ရှိနေဆဲပင် ဖြစ်သည်။

​အသံကို ကြားရသောအခါ ခြံဝင်းထဲမှ ထွက်ခွာခါစ ချန်ဟွေ့လန်လည်း မသိစိတ်အရ ရပ်တန့်သွားခဲ့၏။ သူမ မျက်မှောင်ကြုတ်သွားပြီး ခဏမျှ ဝေခွဲမရ ဖြစ်နေပြီးမှ မိမိ၏ ဆေးဖော်စပ်ရာ ခန်းမဆောင်ဆီသို့ အလောတကြီး ပြန်လည်ပြေးဝင်လာခဲ့သည်။

သူမ အလျင်အမြန် လှမ်းဝင်လာခဲ့သော်လည်း ခန်းမဆောင်အတွင်းသို့ ရောက်ရှိသည့် အခါ ယင်ကျင်းရှင်း၏ ပုံရိပ်ကို မတွေ့ရတော့ချေ။ မီးဖိုကြီး၏ အဖုံး မြေပြင်ပေါ်သို့ ပြုတ်ကျနေပြီး ၎င်း၏ တံခါးဝမှ ထူထပ်လှသော မီးခိုးငွေ့များ ထွက်ပေါ်နေသည်ကိုသာ တွေ့လိုက်ရသည်။

​ရုတ်တရက် အဝတ်စတစ်ခု လွင့်ထွက်လာသည်ကို မြင်လိုက်ရသဖြင့် မျက်ဝန်းများ တစ်မုဟုတ်ချင်း ပြူးကျယ်သွားပြီး မီးဖိုကြီး၏အနားသို့ ပြေးသွားခဲ့တော့သည်။

ထို့နောက် လေထဲသို့ ပျံတက်၍ မီးဖိုကြီး၏ အတွင်းထဲသို့ ငုံ့ကြည့်လိုက်ရာ ရဲရဲတောက်လောင်နေသော မီးပင်လယ်အတွင်း၌ ရှိနေသည့် ယင်ကျင်းရှင်းကို တွေ့လိုက်ရသည်။

ယခုအခါ ယင်ကျင်းရှင်း၏ ခန္ဓာကိုယ် အများစုမှာ မည်းတူးနေခဲ့ပြီဖြစ်ပြီး ဆံပင်များနှင့် အဝတ်အစားများမှာလည်း ပြာအဖြစ် ပြောင်းလဲသွားခဲ့ချေပြီ။ ယင်ကျင်းရှင်းက သူမကို မော့ကြည့်ကာ ပြုံးပြနေခဲ့သည်။

ထိုအခိုက်အတန့်တွင် ထိုအပြုံးက အလွန်ပင် ကြောက်မက်ဖွယ်ကောင်းသဖြင့် ချန်ဟွေ့လန်ခင်မျာ ကောင်းကင်ကြီး ပြိုကျလာသလို ခံစားလိုက်ရပြီး မျက်လုံးများပင် ပြာဝေသွားသည်။

​ထိုအချိန်၌ သူမ၏ စိတ်ထဲတွင် အတွေးတစ်ခုသာ ကျန်ရှိတော့သည်။

​သွားပြီ…….

​သူမကြောင့် ဂိုဏ်းချုပ်ရဲ့ အငယ်ဆုံးတပည့်လေး သေဆုံးသွားခဲ့ချေပြီ…..

All Chapters