အခန်း ၃၇၀
Vol. 37 Ch. 370
အပိုင်း (၃၇၀) အဆင့်တက်ရန် အခွင့်အရေး…..
တစ်ခဏမျှ တုန်လှုပ်သွားပြီးနောက် ချန်ဟွေ့လန်က သူမ၏ သိုလှောင်အိတ်ထဲမှ မှော်ပစ္စည်းတစ်ခုကို အလျင်အမြန် ထုတ်ယူလိုက်ရာ ၎င်းက အနီရောင်ဖဲကြိုးရှည်ကြီးတစ်ခု ဖြစ်နေသည်။ထို့နောက် ဖဲကြိုးထဲသို့ မိမိ၏ ဝိညာဉ်စွမ်းအင်များကို ထည့်သွင်းလိုက်ပြီးနောက် မီးဖိုကြီးထဲသို့ ပစ်သွင်းလိုက်သည်။
“ မြန်မြန် ဆွဲလိုက်…”
“ငါ သေသေချာချာ မတွေးနိုင်တော့ဘူး…”
ယင်ကျင်းရှင်းတယောက် ရုပ်ပျက်ဆင်းပျက် လောင်ကျွမ်းနေပြီဖြစ်သော်လည်း သူမ တွေးတောနေရန် အချိန်မရှိချေ။ မျှော်လင့်ချက် တစ်စွန်းတစ်စ ရှိနေသေးလျှင်ပင သူ့ကို ကယ်တင်ရမည်သာ ဖြစ်သည်။
မီးတောက်များ ဝိုင်းရံနေသော ယင်ကျင်းရှင်းက အနီရောင်ဖဲကြိုးရှည်ကြီး ရောက်လာသည်ကို မြင်သောအခါ အမှန်တကယ်ပင် ငုံ့၍ ရှောင်တိမ်းလိုက်သည်။
မီးဖိုကြီး၏ အတွင်း၌ နေရာလွတ်အစီအရင် ရှိနေသဖြင့် အလွန်ပင် ကျယ်ပြန့်လှပေရာ ယင်ကျင်းရှင်းတယောက် ပင်လယ်ထဲသို့ ငုပ်လျှိုးသွားသလို ခံစားလိုက်ရသည်။
အနီရောင်ဖဲကြိုးကလည်း ဓာတ်ငါးပါးနှလုံးသားမီးတောက်များကို ထွင်းဖောက်ဝင်ရောက်နိုင်ခြင်းမရှိသဖြင့် ချန်ဟွေ့လန်အနေဖြင့် ယင်ကျင်းရှင်း မီးပင်လယ်ထဲ၌ လောင်ကျွမ်းနေသည်ကိုသာ ရပ်ကြည့်နေနိုင်တော့သည်။
အခုဆို ယင်ကျင်းရှင်း၏ အရေပြားများ ကွဲအက်လာခဲ့ပြီး အသားစများလည်း လျင်မြန်စွာ လောင်ကျွမ်းသွားခဲ့ပြီ ဖြစ်သည်။ ယင်ကျင်းရှင်း၏ မျက်နှာတခုလုံး မီးသွေးခဲအဖြစ် ပြောင်းလဲသွားသည်ကို မြင်သောအခါ ချန်ဟွေ့လန် အလွန်အမင်း ထိတ်လန့်သွားပြီး နောက်သို့ ဆုတ်သွားခဲ့သည်။
ပူလောင်နေသော အနီရောင်ဖဲကြိုးလည်း ကျုံ့ဝင်သွားပြီးနောက် မြေပြင်ပေါ်သို့ ပြုတ်ကျလာခဲ့သည်။
ချန်ဟွေ့လန် မြေပြင်ပေါ်သို့ လဲကျသွားခဲ့ပြီး သူမ၏ မျက်နှာတခုလုံး ဖြူရော်နေကာ ခန္ဓာကိုယ်တစ်ခုလုံး တုန်ယင်နေခဲ့ပြီး ဤအမှန်တရားကို လက်ခံနိုင်ခြင်း မရှိချေ။
ဂိုဏ်းချုပ်၏ တပည့်က သူမ၏ ဆေးဖော်စပ်သည့် မီးဖိုကြီးထဲတွင် သေဆုံးသွားခဲ့ပြီ ဖြစ်၏။ သူမအနေဖြင့် ဤအရာကို ဂိုဏ်းချုပ်ကို မည်သို့ ရှင်းပြနိုင်မည်နည်း…..ယ
ထိတ်လန့်မှုနှင့် မျှော်လင့်ချက်မဲ့မှုများကြားကနေ လူတစ်ဦးကို ရုတ်တရက် သတိရလိုက်မိပြီး သူ့ကို ရှာဖွေရန် ချက်ချင်း ထွက်ခွာသွားတော့သည်။
တစ်ဖက်တွင်…..
လင်းရှောင်ခြံဝင်းအတွင်း၌ လီချင်းချိုးက ရှန်ယွဲ့၏ အစီရင်ခံစာကို နားထောင်နေသည်။
ကျန်းယွီချွန်း၊ ဝေထျန်းရှုံး၊ ကျန်းကျောက်ရှား၊ ချင်းရှောင်ဘိုးဘေးနှင့် ယွမ်လီတို့လည်း ထိုနေရာ၌ ရောက်ရှိနေကြပြီး သူတို့အားလုံး အတော်လေး အံ့အားသင့်နေကြပုံရသည်။ အကြောင်းမှာ ရှန်ယွဲ့တို့၏ ခရီးစဉ်မှာ အလွန်ပင် ချောမွေ့လွန်းလှသောကြောင့်ပင်။
ဓားမိစ္ဆာနှင့် လင်းလင်ကျိုးတို့က တစ်ဖက်၌ ထိုင်နေကြပြီး မည်သူမျှ စကားမဆိုကြချေ။
“ဟွမ်ယွမ်ကျမ်းစာကို မျက်စိကျနေတဲ့အပြင် ဇီယန်ကျွန်းက ကျုပ်တို့ကိုလည်း အတော်လေး သတိထားနေတာပါ... သူတို့က ကျုပ်တို့ ဆက်လက်ကြီးထွားလာမှာ မလိုလားဘူး... ဒါ့ကြောင့် ပြင်ပမှာ လေ့ကျင့်ရေးဆင်းနေတဲ့ တပည့်တွေကို သိမ်းသွင်းဖို့အတွက် ကိုးပြည်ထောင်နယ်မြေကို လူတွေ လွှတ်ခဲ့တာ... သူတို့က အလွန် ရက်ရောတာကြောင့် လူတချို့ မြှူဆွယ်ခံလိုက်ရတာ မဆန်းပါဘူး...”
ရှန်ယွဲ့က ဇီယန်ကျွန်း၏ ရည်ရွယ်ချက်များကို ဖွင့်ဟပြောပြလိုက်သည်။
လီချင်းချိုးသည် မိမိဂိုဏ်းမှ တပည့်များ သစ္စာဖောက်ခြင်းအတွက် အံ့အားသင့်ခြင်း သို့မဟုတ် ဒေါသထွက်ခြင်း မရှိချေ။
သူ မည်မျှပင် များများလုပ်ပေးသည်ဖြစ်စေ၊ မည်မျှပင် ကောင်းကောင်းလုပ်ပေးသည်ဖြစ်စေ မကျေနပ်သူများနှင့် နာကြည်းသူများ အမြဲတမ်း ရှိနေမည်သာ….
ပြဿနာကို ဖြေရှင်းနိုင်သရွေ့ အားလုံး အဆင်ပြေပေသည်။
လီချင်းချိုးက ရယ်မော၍….
“ကောင်းပါတယ်... နောက်ဆိုရင် ငါတို့က ဇီယန်ကျွန်း ပတ်ဝန်းကျင်က ရေပြင်ကိုပါ သိမ်းပိုက်လို့ ရသွားတာပေါ့...”
ဝေထျန်းရှုံးက…
“ဒီလိုမျိုး အပြန်အလှန် လှုပ်ရှားနေတာက အချိန်အရမ်း ကုန်ပြီးတော့ အပြောင်းအလဲတွေလည်း သေချာပေါက် ဖြစ်လာစေနိုင်တယ်... ဇီယန်ကျွန်းနဲ့ ငါတို့ရဲ့ ပဋိပက္ခက ဆက်လက်ဖြစ်ပွားနေမှာ ဖြစ်လို့ ငါတို့ ပေါ့ဆနေလို့ မရဘူး...”
လီချင်းချိုးက ခေါင်းညိတ်လိုက်ပြီးနောက် ဝေထျန်းရှုံးကို…
“ခင်ဗျား အဖွဲ့ကို ဦးဆောင်မလား...”
ဝေထျန်းရှုံးသည် ကျင့်ကြံခြင်းအဆင့် အမြင့်ဆုံး အခြေအနေသို့ ပြန်လည်မရောက်ရှိသေးသော်လည်း လက်ရှိ စွမ်းဆောင်ရည်များကပင် လုံလောက်နေပြီ ဖြစ်သည်။ လီချင်းချိုးအနေဖြင့် သူ့ရဲ့ ကျင့်ကြံခြင်းအဆင့်ကို ပြန်လည်ရရှိစေရန် ကူညီပေးခြင်းထက် အခြားသော ပါရမီများကို အသုံးချနိုင်လိမ့်မည်ဟု မျှော်လင့်ထားခြင်း ဖြစ်၏။
အဆုံး၌ ချင်းရှောင်ဂိုဏ်းတွင် ကောင်းကင်နေမင်းနယ်ပယ် သုံးဦးအထိ ရှိနေပြီဖြစ်ရာ ဝေထျန်းရှုံးကို မလိုအပ်တော့ချေ။
ဝေထျန်းရှုံက သူ့ကို စူးစိုက်ကြည့်ကာ …
“မင်းက တကယ်ပဲ ငါ့ကို လိုအပ်တဲ့နေရာတိုင်း တွန်းပို့နေတော့မှာလား... ငါက နွားလား... မြင်းလား...”
လီချင်းချိုးက သက်ပြင်းချ၍…
“ကျုပ်တို့မှာ လူပိုမရှိဘူးလေ... ရှန်ယွဲ့က ကျင့်ကြံဖို့ အချိန်လိုသေးတယ်... ဓားမိစ္ဆာကလည်း အစွမ်းထက်တဲ့ လက်နက်တစ်ခု ဖြစ်လို့ သူ့အဆင့်အတန်းနဲ့ မတန်တဲ့ အလုပ်တွေကို အမြဲတမ်း ခိုင်းနေလို့မှ မရတာ... ဒါ့အပြင် သူက အချိန်မရွေး အဆင့်တက်ဖို့ အခွင့်အရေး ရလာနိုင်သေးတယ်...”
အဆင့်တက်ရန် အခွင့်အရေး…..
ဝေထျန်းရှုံး ကြက်သေသေသွားသလို အခြားသူများလည်း တအံ့တဩ ဖြစ်သွားကြသည်။
လီချင်းချိုး ဆိုလိုသည်က သာမန်အဆင့်ငယ်တစ်ခု တက်ခြင်းကို မဟုတ်ကြောင်း သူတို့ သိကြသည်။
ဓားမိစ္ဆာကိုယ်တိုင်လည်း အံ့အားသင့်သွားခဲ့သည်။
သူ အချိန်မရွေး အဆင့်တက်နိုင်ကြောင်း လီချင်းချိုး မည်သို့သိနေရသနည်း...
သူ့ ရင်ထဲ၌ လှိုင်းဂယက်လေးတစ်ခု ထလာခဲ့သည်။ လီချင်းချိုး၏ နေရာတွင် ဝင်ရောက်ခံစားကြည့်လိုက်ပါက မိမိအနေဖြင့် ထိန်းချုပ်မှု လွတ်ကင်းသွားမည်ကို စိုးရိမ်သဖြင့် တစ်ဖက်လူကို သေချာပေါက် အဆင့်တက်ခွင့်ပြုမည် မဟုတ်ချေ။ သို့သော်လည်း လီချင်းချိုးကတော့ သူ့အား အဆင့်တက်ရန် အချိန်ပေးလိုသည်။ ဤကဲ့သို့သော သဘောထားကြီးမှုက သူ့အား မိမိ၏ နားလည်နိုင်စွမ်း နည်းပါးမှုအပေါ် ရှက်ရွံ့သွားစေသည်။
အမှန်တကယ်တော့ လီချင်းချိုးက ဓားမိစ္ဆာ ကောင်းကင်နေမင်းနယ်ပယ်၏ နဝမအဆင့်သို့ ရောက်ရှိနေပြီဖြစ်ပြီး ပိုမိုမြင့်မားသော နယ်ပယ်တစ်ခုသို့ အဆင့်တက်တော့မည်ဟု ခံစားရသဖြင့် ဤသို့ ပြောဆိုလိုက်ခြင်းမျှသာ ဖြစ်ကြောင်း သူ မသိခဲ့ချေ။
ဓားမိစ္ဆာ အဆင့်တက်မည်ကို သူ စိုးရိမ်သလားဟု ဆိုလျှင် သူ့ စိတ်ထဲ၌ ထိုကဲ့သို့သော အတွေးမျိုး အမှန်တကယ် မရှိခဲ့ချေ။
ပထမအချက်မှာ ဓားမိစ္ဆာ၏ သစ္စာစောင့်သိမှု တိုးတက်လာနေခြင်းကြောင့် ဖြစ်ပြီး ဒုတိယအချက်က ဓားမိစ္ဆာအနေဖြင့် အချိန်တိုအတွင်း အဆင့်တက်ရန် ခက်ခဲလိမ့်မည်ဟု ခံစားရသောကြောင့်ပင်။
အကယ်၍ ဓားမိစ္ဆာသာ အချိန်မရွေး အဆင့်တက်နိုင်သည်ဆိုပါက သူ့အနေဖြင့် ဓားမိစ္ဆာကို မည်သို့ ဖိနှိပ်ထားနိုင်မည်နည်း။
လီချင်းချိုးက ဓားမိစ္ဆာ အလွန်အမင်း ပင်ပန်းနွမ်းနယ်နေမည်ကို မလိုလားရုံမျှသာ ဖြစ်ပြီး ၎င်းက သူ့အား ဂိုဏ်းနှင့် အလှမ်းဝေးသွားစေမည်ကို စိုးရိမ်သောကြောင့်ပင်။ သူ့စိတ်ထဲ၌ ဓားမိစ္ဆာက ချင်းရှောင်ဂိုဏ်း၏ အဖွဲ့ဝင်တစ်ဦးအဖြစ် အမြဲတမ်း ရှိနေမည်သာ ဖြစ်သည်။
ဝေထျန်းရှုံးကတော့ ပိုမိုနက်နဲစွာ တွေးတောလိုက်ချေပြီ။
အကယ်၍ ဓားမိစ္ဆာသာ ပိုမိုမြင့်မားသော နယ်ပယ်သို့ အဆင့်တက်သွားခဲ့မည်ဆိုလျှင်…
အသက်ရှူနှုန်းများ မြန်ဆန်လာခဲ့ပြီး ချက်ချင်းပင်…
“ကောင်းပြီ... ဇီယန်ကျွန်းကိစ္စကို ငါ ရှင်းပေးမယ်... ဇီယန်ကျွန်းကို အမြစ်ပြတ်ချေမှုန်းပေးမယ်လို့ ငါ အာမခံတယ်... ဒါပေမဲ့ တပည့်တချို့ ခေါ်သွားဖို့ လိုတယ်...”
“ယွမ်လီတော့ မရဘူးနော်... သူက ကြီးပြင်းဖို့ အချိန်လိုသေးတယ်... သူရဲ့ ကျင့်ကြံခြင်းကို နှောင့်နှေးစေလို့ မဖြစ်ဘူး...”
ကျောက်စားပွဲရှည်ကြီး၏ ထောင့်တွင် ထိုင်နေသော ယွမ်လီက ကျေးဇူးတင်သော မျက်ဝန်းများဖြင့် ဆရာသခင်ကို ကြည့်လိုက်သည်။
သူသည် တိုက်ပွဲဝင်ရန် ငြင်းဆန်မည်မဟုတ်သော်လည်း ယခုအချိန်တွင် ကျင့်ကြံခြင်းအပေါ်၌သာ အမှန်တကယ် အာရုံစိုက်ထားလိုခြင်း ဖြစ်သည်။
သူသည် ဝိညာဉ်အသိအာရုံနယ်ပယ်၌ ပြိုင်ဘက်ကင်း ဖြစ်နေခြင်းကို မကျေနပ်တော့ဘဲ ပိုမိုမြင့်မားသော နယ်ပယ်ကို စိန်ခေါ်ချင်နေပြီဖြစ်သည်။
“ဒါပေါ့... ငါက ကျောက်ကျိန်း၊ ကျိယာနဲ့ ဟူယန်တို့ကို လိုချင်တာ...”ဟု ဝေထျန်းရှုံးက ပြန်လည်ဖြေကြားလိုက်သည်။
ကောင်းတယ်... သူက ငါ့ရဲ့ တပည့်သုံးယောက်လုံးကို တစ်ပြိုင်နက်တည်း အလိုရှိနေတာလား...
လီချင်းချိုး ထပ်မံတွေးတောကြည့်လိုက်တော့ ဤတပည့်သုံးဦးကလည်း အမှန်တကယ်ပင် လေ့ကျင့်မှုများ လိုအပ်နေကြောင်း သဘောပေါက်လိုက်သည်။ ဝေထျန်းရှုံးနောက်သို့ လိုက်ပါသွားခြင်းက သူတို့ကို ပိုမိုတိုးတက်လာစေနိုင်ပေလိမ့်မည်။
ထို့ကြောင့် ခေါင်းညိတ်၍ သဘောတူလိုက်သည်။
ကျန်းယွီချွန်းက ….
“ဂိုဏ်းတူအစ်ကိုကြီး... တောင်ဘက် ခရီးစဉ်မှာ ဂိုဏ်းနဲ့ ထိပ်တန်းမိသားစုတွေရဲ့ အင်အားကို သေချာပေါက် အသုံးချနိုင်ပါတယ်... လက်ရှိ လူအင်အားနဲ့ ဇီယန်ကျွန်းကို သိမ်းပိုက်ဖို့ဆိုတာ မဖြစ်နိုင်သေးဘူးလေ...”
အနောက်ဘက်ရှိ အန္တရာယ်များသော နယ်မြေများနှင့် အခြားဝေးကွာသော နေရာများသို့ စူးစမ်းလေ့လာရန်နှင့် လေ့ကျင့်ရေးဆင်းရန် သွားရောက်နေကြသော တပည့်ပေါင်း သောင်းနှင့်ချီ ရှိနေသဖြင့် တောင်ဘက်သို့ ထပ်မံချီတက်ရမည့် ဖိအားက အတော်လေး ကြီးမားလှသည်။ ယခင်က လီချင်းချိုး တပည့်များကို အမြောက်အမြား လက်ခံသည်ကို ဆန့်ကျင်ခဲ့ဖူးသော ကျန်းယွီချွန်းသည် ယခုအခါ ဂိုဏ်းတွင် လူအင်အား နည်းပါးနေပြီဟု ခံစားနေရသည်။
ချင်းရှောင်ဘိုးဘေးက…
“အမှန်ပဲ... အဲဒါ ဖြစ်နိုင်တယ်... ချင်းရှောင်ဂိုဏ်းနဲ့ ပတ်သက်နေတဲ့ မိသားစုတွေ အများကြီး ရှိပြီး သူတို့ဆီမှာလည်း လူအင်အား အများကြီး ရှိတယ်... ဒီအင်အားကို မဖြစ်မနေ အသုံးချရမယ်... အကယ်၍ သူတို့ကို ကိုးပြည်ထောင်နယ်မြေမှာ ဒီအတိုင်း ထားလိုက်ရင် ပြသာနာတွေ ဖြစ်လာနိုင်တယ်...”
ဂိုဏ်းအတွင်းရှိ ကျူး၊ ချင်၊ ကု စသည့် နာမည်ကြီး မိသားစုများအားလုံး အပြင်ဘက်သို့ ထွက်ခွာသွားကြပြီ ဖြစ်သည်။ သူတို့သည် ချင်းရှောင်ဂိုဏ်းကို မှီခိုရုံသာမက မိမိတို့၏ မိသားစုအတွင်း၌လည်း ကျင့်ကြံရေးအင်အားများကို စတင်စုဆောင်းနေကြပြီ ဖြစ်သည်။
ဓားဂိုဏ်းနှင့် အမှောင်ခန်းမက အဆိုပါ မြင့်မြတ်သော မိသားစုများကို အမြဲတစေ စောင့်ကြည့်နေခဲ့ပြီး အကယ်၍ တစ်စုံတစ်ယောက်ကသာ ဟွမ်ယွမ်ကျမ်းစာကို ခွင့်ပြုချက်မရှိဘဲ သင်ကြားပေးခဲ့မည်ဆိုပါက လီချင်းချိုးအနေဖြင့် မည်သည့်ညှာတာမှုကိုမျှ ပြသမည်မဟုတ်ချေ။
လီချင်းချိုးက ခဏမျှ စဉ်းစားပြီးနောက် …
“ခင်ဗျားတို့ မြင့်မြတ်တဲ့ မိသားစုတွေကို တောင်ဘက်ကို ပြောင်းရွှေ့ဖို့ အစီအစဉ်တစ်ခု ဆွဲထားလိုက်ကြပါ... အချိန်ကျရင် ငါ့ကို ပြပါဦး...”
ကျန်းယွီချွန်းက အမိန့်နာခံလိုက်ပြီး ချင်းရှောင်ဘိုးဘေးက မုတ်ဆိတ်ကို သပ်၍ ပြုံးလိုက်သည်။
လီချင်းချိုး မည်မျှပင် အစွမ်းထက်သည်ဖြစ်စေ အခြားသူများ၏ အမြင်များကို နားထောင်ပေးနိုင်စွမ်း ရှိရာ ၎င်းက သူ လီချင်းချိုးကို အလေးစားဆုံး အချက်ပင် ဖြစ်သည်။ လီချင်းချိုးသည် အလွန်အာဏာရှင်ဆန်ပြီး အဆင့်မြင့်အရာရှိများကို ဆုံးဖြတ်ချက်ချခွင့် မပေးကြောင်း ပြောဆိုသံများစွာ ထွက်ပေါ်နေသော်လည်း သူ့အမြင်အရ လီချင်းချိုး၏ အာဏာရှင်ဆန်သော လုပ်ရပ်များက မှန်ကန်နေခြင်းသာ ဖြစ်သည်။
လီချင်းချိုး၏ သဘောထားက ပိုမို၍ ထိရောက်မှု ရှိသည်။ အကယ်၍ ကိစ္စရပ်များက အရေးပေါ်မဟုတ်ပါက အခြားသူများကို စကားပြောဆိုခွင့် ပေးလေ့ရှိသည်။
ဤကိစ္စများကို ဆွေးနွေးပြီးနောက် လီချင်းချိုးက လင်းလင်ကျိုးကို ကြည့်ကာ …
“အခုကစပြီး ကျင့်ကြံခြင်းကို ကြိုးကြိုးစားစား လုပ်ပါ... အစွမ်းခွန်အား လုံလောက်ပြီဆိုမှ ဂိုဏ်းထဲကနေ ထွက်သွားပါ...”
လင်းလင်ကျိုးလည်း ရှက်ရွံ့စွာဖြင့် ခေါင်းညိတ်လိုက်သည်။
လီချင်းချိုးအနေဖြင့် သူ အတော်လေး ဒုက္ခရောက်ခဲ့ရသည်ကို မြင်တွေ့ရသော်လည်း ညီအစ်ကိုနှစ်ဦးကြားက သံယောဇဉ် မနက်ရှိုင်းလှသဖြင့် သူ့အား ဝေဖန်ရန် နှောင့်နှေးနေမည် မဟုတ်ချေ။
ထိုစဉ် ခြံဝင်းအတွင်းသို့ လူရိပ်တစ်ဦး လေထဲမှ ရုတ်တရက် ထွက်ပေါ်လာခဲ့ရာ ၎င်းက ရှောင်ဝူချင်း ဖြစ်နေခဲ့သည်။ သူသည် ဂါရဝပင် မပြုနိုင်တော့ဘဲ အလောတကြီးဖြင့်…
“ဂိုဏ်းချုပ်... ယင်ကျင်းရှင်း ဒုခန်းမသခင်ချန်ရဲ့ ဆေးဖော်စပ်တဲ့ ဖိုကြီးထဲကို ခုန်ချသွားပါတယ်... သူက...”
ဤအရာကို ကြားသောအခါ လူတိုင်း အလွန်အမင်း တုန်လှုပ်သွားကြတော့သည်။ ရှန်ယွဲ့နှင့် လင်းလင်ကျိုးတို့က ချက်ချင်း ထရပ်လိုက်ကြပြီး ရှန်ယွဲ့က အမြန်ဆုံး လှုပ်ရှားကာ ထိုနေရာမှ ပျောက်ကွယ်သွားခဲ့သည်။
လီချင်းချိုးကိုယ်တိုင်လည်း ကြက်သေသေသွားခဲ့သည်။ သူသည် ယင်ကျင်းရှင်းအား မီးတောက်များကို ပိုမိုဂရုစိုက်ရန် ညွှန်ကြားခဲ့သော်လည်း ယင်ကျင်းရှင်းတယောက် မီးဖိုကြီးထဲသို့ ခုန်ချသွားလိမ့်မည်ဟု ထင်မထားခဲ့ချေ။
ချန်ဟွေ့လန်၏ မီးဖိုကြီးကို သူ မြင်ဖူးသည်။ အခန်းအပြင်ဘက်မှပင် ၎င်း၏ ပူလောင်မှုကို ခံစားရနိုင်ပြီး သာမန် ကလေးတစ်ယောက်ဆိုလျှင် ၎င်း၏အနားသို့ သေချာပေါက် ကပ်ရဲမည် မဟုတ်ချေ။
သူ မတော်တဆ ပြုတ်ကျသွားခြင်းလား... သို့မဟုတ် တမင်တကာ ပြုလုပ်ခြင်းလား...
ယင်ကျင်းရှင်းသည် ယခုကာလအတွင်း ကျင့်ကြံရေးခန်းမသို့ မကြာခဏ သွားရောက်လေ့ရှိကြောင်းကို သူ သိသည်။
အကယ်၍ ပထမအချက်သာ မှန်ကန်ပါက ယင်ကျင်းရှင်းတယောက် ဘေးဒုက္ခမှတစ်ဆင့် ကံကောင်းခြင်းများ ရရှိလာနိုင်သည်ဟု ဆိုနိုင်ပေသည်။
အကယ်၍ ဒုတိယအချက်သာ မှန်ကန်မည်ဆိုပါက လီချင်းချိုးအနေဖြင့် ယင်ကျင်းရှင်းကို ပြန်လည်အကဲဖြတ်ရန် လိုအပ်ပေလိမ့်မည်။
ဤကောင်လေးသည် အသက်ခုနစ်နှစ်သာ ရှိသေးသော်လည်း ဤမျှအထိ ရဲတင်းနေသည် မဟုတ်ပါလော...
ပြန်လည်တွေးတောကြည့်သည့်အခါ ယင်ကျင်းရှင်းက သူ့ရှေ့တွင် အမြဲတစေ အလွန်လိမ်မာပြီး တည်ငြိမ်နေလေ့ရှိရာ ၎င်းက သူ့ရဲ့စစ်မှန်သော ဗီဇ မဟုတ်နိုင်ကြောင်း သဘောပေါက်လိုက်သည်။
“မင်း ဘာလို့ ထိုင်နေသေးတာလဲ... သွားမကြည့်တော့ဘူးလား...”
ချင်းရှောင်ဘိုးဘေးက ထရပ်၍ လီချင်းချိုးကို တိုက်တွန်းလိုက်သည်။
ကျန်းယွီချွန်း၊ ဓားမိစ္ဆာ၊ ကျန်းကျောက်ရှားနှင့် ယွမ်လီတို့ကလည်း လီချင်းချိုးကို ကြည့်လိုက်ကြပြီး သူ မည်သည့်အတွက်ကြောင့် မလှုပ်မရှား ရှိနေသနည်းဟု တွေးတောနေကြသည်။
လီချင်းချိုး မော့ကြည့်လိုက်တော့ မိုးကုတ်စက်ဝိုင်းတွင် မည်းမှောင်နေသော တိမ်တိုက်များ စုဝေးလာသည်ကို မြင်လိုက်ရသည်။
“အဲဒီကို သွားစရာ မလိုဘူး... ခဏနေရင် ခင်ဗျားတို့အားလုံး မြင်ရပါလိမ့်မယ်...”
“အားလုံး မြင်ရမယ်...”
အခြားသူများက သူ ဆိုလိုသည်ကို နားမလည်ကြချေ။
ယွမ်လီကတော့ တစ်စုံတစ်ခုကို သဘောပေါက်သွားပုံရပြီး မျက်နှာအမူအရာ ပြောင်းလဲသွားသည်။
……………………
ယန်ချင်း တောင်တက်လမ်းတစ်လျှောက်တွင် ရှုပ်ထွေးနေသော မျက်နှာထားဖြင့် လှမ်းလျှောက်နေခဲ့သည်။ ဓားမိစ္ဆာနှင့် ရှန်ယွဲ့တို့ ဇီယန်ကျွန်းကို နှိမ်နင်းရာတွင် ရရှိခဲ့သော အောင်ပွဲများအကြောင်းကို သူ ကြားသိခဲ့ရပြီး ဖြစ်သည်။
သူသည် ဝိညာဉ်ပင်လယ်မှ လာရောက်သူ ဖြစ်သဖြင့် ဝိညာဉ်ပင်လယ်နှင့် နှိုင်းယှဉ်လျှင် ဇီယန်ကျွန်းက အစွမ်းမထက်လှချေ။ သို့သော် ထိုသို့ဖြစ်လျှင်ပင် ဝိညာဉ်ပင်လယ်အနေဖြင့် ဇီယန်ကျွန်းကို နှိမ်နင်းရန် လူနှစ်ဦးတည်းကိုသာ စေလွှတ်ရန် ခက်ခဲပေလိမ့်မည်။ ချင်းရှောင်ဂိုဏ်းတွင် ပါရမီရှင်မ အများအပြား ရှိသည်ဟု သူ အစပိုင်းက ထင်မြင်ခဲ့သော်လည်း ယခုအခါ ချင်းရှောင်ဂိုဏ်းတွင် အစွမ်းထက်သော ပုဂ္ဂိုလ်များလည်း များစွာ ရှိနေကြောင်း သိလိုက်ရပြီ ဖြစ်သည်။
စုန့်ချန်ရှန်း၏ လက်ချက်ဖြင့် ရှုံးနိမ့်ပြီးနောက် ယန်ချင်း အပြင်သို့မထွက်ဝံ့ဘဲ အချိန်တစ်နှစ်ခန့် အထိ အနားယူကာ ပြန်လည်သက်သာလာအောင် ကုသခဲ့ရသည်။
ယခုအခါတွင် သူသည် မည်သူ့ကိုမျှ အမှန်တကယ် မစိန်ခေါ်ရဲတော့ချေ။ သူသည် သိုင်းပညာစင်မြင့်သို့ သွားရန်ပင် အနည်းငယ် တွန့်ဆုတ်နေမိပြီး မိမိ၏ နာမည်ကို ထုတ်ဖော်ခြင်း မရှိသေးသော ပါရမီရှင်တပည့်တစ်ဦး၏ လက်ချက်ဖြင့် ရှုံးနိမ့်သွားလိမ့်မည်ဟု အမြဲတစေ ခံစားနေရသည်။
ယနေ့တွင် ရှန်ယွဲ့တို့၏ အောင်မြင်မှုများအကြောင်းကို ကြားရသောအခါ ဓားသိုင်းပညာကို စိတ်ဝင်စားလာခဲ့ပြီး ဓားဂိုဏ်းသို့ သွားရောက်လည်ပတ်ရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။
ထိုစဉ် သူ့ဆီသို့ လှမ်းလျှောက်လာနေသော လူနှစ်ဦးကို ရုတ်တရက် တွေ့လိုက်ရသည်။သူတို့ထဲမှ တစ်ဦးမှာ ဒုခန်းမသခင် လီစစ်ဖုန်း၏သား လီရှို့မင် ဖြစ်ပြီး ဂိုဏ်းချုပ်ကိုယ်တိုင် လေ့ကျင့်ပေးထားသည့် ပါရမီရှင်တစ်ဦးဖြစ်ကာ ယခုအခါ ဝိညာဉ်အသိအာရုံနယ်ပယ်သို့ပင် ဝင်ရောက်နေပြီ ဖြစ်သည်။
အခြားတစ်ဦးမှာမူ ဂိုဏ်းချုပ်၏ အကြီးဆုံးမြေးတပည့် ရွှီယွီချုံး ဖြစ်၏။
ရွှီယွီချုံးသည် ယခုနှစ်မှ အသက်ဆယ့်ခြောက်နှစ်သာ ရှိသေးသော်လည်း နာမည်ကျော်ကြားနေပြီ ဖြစ်ပြီးမျိုးဆက်သစ်များအကြားတွင် ရေပန်းအစားဆုံး ဖြစ်သည်။
သူသည် မူလအားဖြည့်နယ်ပယ် အဋ္ဌမအဆင့်သို့ပင် ရောက်ရှိနေပြီ ဖြစ်သည်။ သူ့ရဲ့ ကျင့်ကြံခြင်းအရှိန်အဟုန်က အလွန်ပင် မြန်ဆန်လှပြီး ဆေးလုံးများကို သိပ်ပြီး မှီခိုလေ့မရှိကြောင်း ပြောဆိုကြရာ ထိုသို့သာ မဟုတ်ပါက ယခုထက်ပင် ပိုမိုမြန်ဆန်စွာ ကျင့်ကြံနိုင်ပေလိမ့်မည်။
ယန်ချင်း မျက်လွှာချလိုက်ပြီး လီရှို့မင်နှင့် ရွှီယွီချုံးတို့အနားမှ ဖြတ်ကျော်သွားခဲ့လေသည်။
သူသည် ဝိညာဉ်ပင်လယ်အတွင်း၌ နာမည်ကျော် ပါရမီရှင်တစ်ဦး ဖြစ်သော်လည်း ချင်းရှောင်ဂိုဏ်းအတွင်း၌ သိမ်ငယ်မှုကို ခံစားနေရသည်။
လီရှို့မင်နှင့် ရွှီယွီချုံးတို့၏ ပါရမီကို သာမန်မျက်စိဖြင့်ပင် ရှင်းလင်းစွာ မြင်တွေ့နိုင်ပေသည်။ သူတို့၏ ကျင့်ကြံခြင်းအရှိန်အဟုန်က အလွန်ပင် မြန်ဆန်လှသဖြင့် ယန်ချင်းသည်ပင် သူတို့၏ ပါရမီမှာ မိမိထက် မနိမ့်ကျဘဲ ပို၍ပင် အစွမ်းထက်နိုင်သေးသည်ဟု ခံစားနေရသည်။
“နေဦး... မင်း နာမည်က ယန်ချင်း မဟုတ်လား...”
လီရှို့မင်၏ အသံက ရုတ်တရက် ထွက်ပေါ်လာသဖြင့် ယန်ချင်း လန့်သွားပြီး ခြေလှမ်းများကို ရပ်တန့်လိုက်ရသည်။
သူသည် လှည့်ကြည့်လိုက်ပြီး မျက်မှောင်ကြုတ်ကာ မည်သည့်အတွက်ကြောင့် သူ့ကို ပြန်ခေါ်ရသနည်းဟု တွေးတောနေမိသည်။
လီရှို့မင်သည် ယခင်က ယန်ချင်းကို အတော်လေး အာရုံစိုက်ခဲ့ဖူးသည်။ အကြောင်းမှာ ယန်ချင်းသည် သိုင်းပညာစင်မြင့်ထက်၌ တိုက်ပွဲပေါင်းများစွာကို အနိုင်ရရှိခဲ့ပြီး သူ့ ပြိုင်ဘက်အားလုံးက ဝိညာဉ်အသိအာရုံနယ်ပယ်မှ ဖြစ်ကြသဖြင့် တပည့်ရင်းများအကြားတွင် အတော်လေး နာမည်ကျော်ကြားနေသောကြောင့်ပင်။
ယန်ချင်း ပြန်လည်ဖြေကြားရန် ပြင်လိုက်စဉ်မှာပင် တောင်တက်လမ်း ရုတ်တရက် စတင်တုန်ခါလာခဲ့သည်။ အတိအကျ ပြောရလျှင်မူ ချင်းရှောင်တောင်ကြီးတခုလုံး စတင်လှုပ်ခါလာခဲ့ခြင်း ဖြစ်သည်။
လီရှို့မင်နှင့် ရွှီယွီချုံးတို့လည်း အံ့အားသင့်သွားကြပြီး မသိစိတ်အရ လှည့်ကြည့်လိုက်ကြသည်။
တဖြည်းဖြည်းနှင့်ချင်းရှောင်တောင်၏ တုန်ခါမှုများ ပိုမိုပြင်းထန်လာခဲ့သည်။ သူတို့ မော့ကြည့်လိုက်သောအခါ ကောင်းကင်ယံ၌ မည်းမှောင်လိပ်တက်နေသော တိမ်တိုက်ကြီးများဖြင့် ဖုံးလွှမ်းနေသည်ကို တွေ့လိုက်ရပြီး လျှပ်စီးများ၏ အရိပ်အယောင်များကိုပင် မြင်တွေ့နေရပြီ ဖြစ်သည်။
“ဘာဖြစ်နေတာလဲ...”
ရွှီယွီချုံးက မျက်မှောင်ကြုတ်၍ မေးမြန်းလိုက်မိသည်။
ထိုက်ခွန်းတောင်တန်းများတွင် ငလျင်လှုပ်သည်ဟု သူ တစ်ခါမျှ မကြားဖူးခဲ့ချေ။