အခန်း (၂၃၈၅-၂၃၈၆)
Vol. 239 Ch. 2385-2386
အခန်း (၂၃၈၅) - အဲ့ဒီလိုမျိုးမဟုတ်ဘူး၊ အလွန်အမင်း သာလွန်နေတာဖြစ်တယ်
ဖန့်ချန် သည် ပိတ်ကာထဲတွင် ဝမ်ကျန်း တစ်ဖန် ပြန်လည် မေ့မြောသွားသည်ကို ကြည့်ရင်း အတွေးနယ်ချဲ့ကာ ပြောလိုက်သည်။
“အဲ့ဒီတော့ နေမင်းခုနှစ်ပါးခန်းမ ရဲ့ စွမ်းအင်စုစည်းခြင်း အလယ်အဆင့် နံပါတ် (၁) သူတော်စင် ဆိုတာက ကိုးကြယ် သွေးစက်မျက်လုံး အသီး ကို လုယူဖို့အတွက် သူတို့ အသုံးပြုမယ့် ဗဟိုချက်မ ပေါ့။”
ဒီလို တွေးကြည့်လိုက်လျှင်လည်း ကျိုးကြောင်း ဆီလျော်ပါသည်။ အနည်းဆုံးတော့ သူမြင်တွေ့ခဲ့ရသည့် ဤစွမ်းအင်စုစည်းခြင်း အလယ်အဆင့် အဖွဲ့လိုက်မှာ ကိုးကြယ် သွေးစက်မျက်လုံး အသီး ကို လုယူနိုင်မည့် အခြေအနေမျိုးသို့ မရောက်ရှိသေးပေ။
သာ၍ အခြေအနေကောင်းခဲ့လျှင် ‘ရှန်ရှိုယွမ်’၊ ‘ရင်တန်’ နှင့် ‘ဖူယွင်ဖေး’ တို့သာ နောက်ဆုံးအဆင့်သို့ တက်လှမ်းမသွားဘဲ အလယ်အဆင့်တွင်သာ ရှိနေကြမည်ဆိုလျှင်၊ သူတို့ သုံးဦး အနေဖြင့် အရေးယူဆောင်ရွက်မည့် အခွင့်အလမ်းမှာ ‘တျန်ယိကျန့်’ တို့ထက်ပင် တစ်ဆင့် သာလွန်နေဦးမည် ဖြစ်သည်။
“အရှင်သခင်၊ နေမင်းခုနှစ်ပါး ရဲ့ စွမ်းအင်စုစည်းခြင်း အလယ်အဆင့် နံပါတ် (၁) သူတော်စင် က လောဘကြီးသောနတ်ဆိုး မျိုးနွယ်စုကပါ။ ဒီမျိုးနွယ်စုကတော့ နည်းနည်း ထူးခြားတယ်၊ မွေးလာကတည်းက အတွင်းကမ္ဘာကို မြိုချနိုင်စွမ်း ရှိကြတယ်။ သူတို့မျိုးနွယ်စုရဲ့ ကံကြမ္မာ နတ်ဘုရားစွမ်းရည် ‘ဟွမ်ချွမ် ခံတွင်းကြီး’ ( ငရဲပြည်၏ ခံတွင်းကြီး) က အတွင်းကမ္ဘာနဲ့ အဲ့ဒီထဲမှာ ရေးထိုးထားတဲ့ နတ်ဘုရားစွမ်းရည်တွေကို မြိုချပြီး ပေါင်းစပ်ပစ်နိုင်တဲ့ စွမ်းရည် ရှိတယ်လေ။”
လီဝူ ၏ မျက်နှာအမူအရာမှာ အနည်းငယ် လေးနက်သွားသည်။
ချီယန် သူတော်စင် က အံ့အားသင့်စွာဖြင့်
“အတွင်းကမ္ဘာကို မြိုချနိုင်တယ် ဒါဆိုရင် သူက မရှုံးနိုင်တော့ဘူးပေါ့ ကောင်းကင်ငါးပါး ထဲမှာ ဒီလိုမျိုး မျိုးနွယ်စုကို ရှိနေခွင့် ပေးထားသေးတာလား”
ဟု မေးသည်။
“မရှုံးနိုင်တာတော့ မဟုတ်ပါဘူး၊ တကယ်လို့သာ ဟုတ်ရင် လောဘကြီးသောနတ်ဆိုး မျိုးနွယ်စုက ကောင်းကင် ငါးပါး ကို တစ်ပေါင်းတည်း သိမ်းပိုက်ပြီးနေပြီပေါ့။ သူတို့မျိုးနွယ်စုက မျိုးဆက် ပွားဖို့ အလွန် ခက်ခဲတယ်၊ အခုထိ လူဦးရေက သန်း (၂၀) ဒါမှမဟုတ် (၃၀) လောက်ပဲ ရှိသေးတယ်၊ ကောင်းကင်ငါးပါး အတွက်တော့ ဒီအရေအတွက်က နည်းလွန်းအားကြီးတယ်။ ဒါကြောင့် ပိလော့အမြင့်ဆုံး မဟာမိတ် ထဲမှာ ပြစ်ဒဏ်ပေးနတ်ဆိုးမျိုးနွယ်စုက လောဘကြီးသောနတ်ဆိုး မျိုးနွယ်စုကို အသာစီး ရထားနိုင်တာပေါ့။”
လီဝူ က တည်ငြိမ်စွာဖြင့် ပြောသည်။
“သန်း (၂၀)၊ (၃၀) လား ဒါဆိုရင်တော့ အလွန်နည်းလွန်းတာပဲ၊ အောက်ခြေက ကျွန်စစ်သည်တွေ ဆိုရင်တောင်…… အဲ့ဒီလောက် နည်းမှာ မဟုတ်ဘူး……”
ချီယန် သူတော်စင် မှာ အံ့ဩ၍ အသက်ကို ရှိုက်သွင်းလိုက်မိသည်။ လောဘကြီးသော နတ်ဆိုး မျိုးနွယ်စု၏ အမွေဆက်ခံမှုက ဤမျှအထိ ခက်ခဲလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
ထိုအရေအတွက်ကို ကောင်းကင် ငါးပါး လောကထဲတွင် ထားကြည့်လျှင် သာမန် မျိုးနွယ်စုများနှင့် နှိုင်းယှဉ်ရုံမက၊ ပုရွက်ဆိတ်အုံ လိုမျိုး နေရာတွေကနေ ဖမ်းဆီးလာသည့် ကျွန်စစ်သည်တွေထက်ပင် များစွာ လျော့နည်းနေသေးသည်။
ပြီးတော့ သူသိသည်မှာ ကောင်းကင် ငါးပါး အတွင်းတွင် လူဦးရေ အရေအတွက်သည် အလွန်အရေးကြီးသော တိုင်းတာမှု တစ်ခု ဖြစ်သည်။ လူဦးရေ လုံလောက်မှု မရှိလျှင် လုံလောက်သော အရင်းအမြစ်များ ရှိမည် မဟုတ်ပေ။ ထိုကြောင့် လောလာကြီးသော နတ်ဆိုး မျိုးနွယ်စုသည် အရင်းအမြစ် ကဏ္ဍတွင် အခြားသူတို့၏ အညှစ်ခံရနိုင်ဖွယ် အလွန် ရှိသည်။
“ဒါ့အပြင် လောဘကြီးသော နတ်ဆိုး မျိုးနွယ်စုက အတွင်းကမ္ဘာကိုလည်း စိတ်တိုင်းကျ မြိုချလို့ မရဘူး။ သူတို့မှာ ပြောစမှတ် ရှိတာတစ်ခုကတော့ တစ်သက်တာလုံးမှာ အတွင်းကမ္ဘာ (၃) ခုကိုပဲ မြိုချနိုင်တယ် တဲ့။ ဒါကလည်း ပါရမီ အပေါ် မူတည်သေးတယ်၊ ပါရမီ နိမ့်တဲ့သူတွေဆိုရင် တစ်သက်လုံးမှာ အတွင်းကမ္ဘာ (၁) ခု မြိုချနိုင်ရင်တောင် တော်တော်လေးကို ကံကောင်းနေပြီ။ သူတို့ မြိုချခံလိုက်ရတဲ့ အတွင်းကမ္ဘာရဲ့ တစ်ဝက်က သူတို့ရဲ့ အခြေခံအုတ်မြစ်အဖြစ် ပြောင်းလဲသွားတယ်။ သူတို့က အဲ့ဒီအတွင်းကမ္ဘာထဲက နတ်ဘုရားစွမ်းရည် တစ်ဝက်ကိုလည်း ရရှိသွားမှာပဲ။”
လီဝူ က စဉ်းစားကာ ပြောသည်။
“ဒီလိုဆိုရင် ပါရမီ ပိုကောင်းတဲ့ လောဘကြီးသောနတ်ဆိုး မျိုးနွယ်စု ဖြစ်လေလေ၊ မြိုချဖို့ ရည်ရွယ်ထားတဲ့ အတွင်းကမ္ဘာအပေါ်မှာ ပိုပြီး တောင်းဆိုမှု မြင့်မားလေလေ ဖြစ်မှာပဲ၊ လွယ်လွယ်နဲ့တော့ ပါးစပ် မဖွင့်ဘူးပေါ့။”
“အများဆုံး (၃) ခုပဲ မြိုချနိုင်တယ် ဒါဆိုရင်တော့ တော်သေးတာပေါ့၊ သိပ်ပြီး မရှုံးနိုင်တဲ့ အခြေအနေ မဟုတ်သေးဘူး၊ အဲ……”
ချီယန် သူတော်စင် မှာ စိတ်သက်သာရာ ရသွားသော်လည်း၊ အတွင်းကမ္ဘာ (၃) ခု မြိုချနိုင်သည်ကို တွေးမိလိုက်သောအခါ အလွန်ကိုပင် ကြောက်ခမန်းလိလိ ဖြစ်နေသေးသည်။ တကယ်လို့ အကြိမ်တိုင်းမှာ နတ်ဘုရားစွမ်းရည် တစ်ဝက်ကို လုယူနိုင်မယ်ဆိုရင်၊ အတွင်းကမ္ဘာ (၃) ခု မြိုချပြီးနောက်တွင် နတ်ဘုရားစွမ်းရည် အရေအတွက်က မည်မျှအထိ ရှိသွားမလဲ။
ဒီလူရှေ့မှာ ရှိနေတဲ့သူထက်တောင် ပိုသာလွန်နေမှာ မဟုတ်ဘူးလား။
“ဒါဆိုရင် လောဘကြီးသောနတ်ဆိုး မျိုးနွယ်စုက သန့်စင်သော အဆင့် အကန့်သက် ကိုကျော်လွန်ဖို့ ကြိုးစားစရာ မလိုတော့ဘူးပေါ့၊ အတွင်းကမ္ဘာတွေကို မြိုချလိုက်ရုံနဲ့ သူတို့ရဲ့ အတွင်းကမ္ဘာ အခြေခံအုတ်မြစ်က တိုးတက်လာမှာပဲ။ ဒါပေမဲ့ ဒီလုပ်ရပ်က ယင်သူတော်စင် တွေနဲ့ ဘာများ ကွာခြားလို့လဲ ကောင်းကင်ငါးပါး အတွင်းမှာ ဒီကိစ္စကို ဘာကန့်သတ်ချက်မှ မရှိဘူးလား”
ဖန့်ချန် က စဉ်းစားကာ မေးသည်။
“ယင်သူတော်စင် တွေက အဆင့်အတန်း မရှိတဲ့ အရာတွေ၊ လောဘကြီးသော နတ်ဆိုး မျိုးနွယ်စုကတော့ အထက်တန်းစား မျိုးနွယ်စု တွေလေ။”
လီဝူ က ရှုပ်ထွေးသော အမူအရာဖြင့် ပြောသည်။
နားလည်သွားသည်။
ဖန့်ချန် နှင့် ချီယန် သူတော်စင် တို့ အားလုံး ချက်ချင်းပင် သဘောပေါက်သွားသည်။
“လီဝူ မင်းပြောတဲ့ လောဘကြီးသော နတ်ဆိုးမျိုးနွယ်စုရဲ့ ကံကြမ္မာ နတ်ဘုရားစွမ်းရည်က ‘ဟွမ်ချွမ် ခံတွင်းကြီး’ ဆိုရင်၊ အဲ့ဒီ နတ်ဘုရားစွမ်းရည်ရဲ့ အစွမ်းသတ္တိအကြောင်း မင်း သိလား ”
“မသိခဲ့ဘူး၊ ဒါပေမဲ့ ကြားဖူးတာကတော့ အခုလက်ရှိ လောဘကြီးသော နတ်ဆိုး မျိုးနွယ်စုရဲ့ ကောင်းကင်အရှင် က ဒီ နတ်ဘုရားစွမ်းရည် ကို အားကိုးပြီး သူ့ထက် ပါရမီ မညံ့တဲ့ သူ (၃) ဦးကို မြိုချဖူးတယ် တဲ့။ အခု ဒီ ကောင်းကင်အရှင် က ကောင်းကင် ငါးပါး လောကထဲမှာတော့ ထိပ်တန်း အကျဆုံး လူနည်းစုထဲမှာ ပါဝင်နေတာပဲ။”
လီဝူ က ခါးသီးစွာ ရယ်မော၍
“ဟို ဟော်ဆွေ့ဆိုတဲ့ အိုကြီးသာ သူ့ကို တွေ့ရင်တောင် ရိုသေလေးစားရမှာပဲ”
ဟု ပြောသည်။
“လောဘကြီးသော နတ်ဆိုး မျိုးနွယ်စုက တကယ်ပဲ အထင်သေးလို့ မရဘူးပဲ၊ ဒါပေမဲ့ ဖန့်ငရဲမင်းရဲ့ နည်းလမ်းတွေက တူညီတဲ့ အဆင့်ရှိသူတွေထက် အများကြီး သာလွန်နေပြီ၊ အဲ့ဒီ လောဘကြီးသော နတ်ဆိုး မျိုးနွယ်စုဝင်က အတွင်းကမ္ဘာ (၂) ခုကို အရင် မြိုချထားပြီးသား မဟုတ်ရင်တောင် ဖန့်ငရဲမင်း ရဲ့ ဖိနပ်တောင် တိုက်ပေးဖို့ မထိုက်တန်ပါဘူး။”
ချီယန် သူတော်စင် က စဉ်းစားကာ ပြောသည်။
“ဘယ်လိုပဲဖြစ်ဖြစ် အရှင်သခင်က သတိထားပြီး ဆက်ဆံဖို့ လိုတယ်၊ လောဘကြီးသော နတ်ဆိုး မျိုးနွယ်စုက တကယ်ပဲ ထူးဆန်းတဲ့ အရာတွေ ရှိနေတာပါ။ ဒီတစ်ခါ သူတို့ မငြိမ်သက်ခြင်း နယ်မြေ ကို လာတာကလည်း အတွင်းကမ္ဘာကို မြိုချဖို့ အကြံအစည် ရှိနေလို့ ဖြစ်ဖို့ များတယ်။
ဘာလို့လဲဆိုတော့ နေမင်းခုနှစ်ပါးခန်းမ ထဲမှာ လောဘကြီးသော နတ်ဆိုးမျိုးနွယ်စုက နေမင်းခုနှစ်ပါး ကျောင်းသားတွေရဲ့ အတွင်းကမ္ဘာကို မြိုချဖို့ တားမြစ်ထားတဲ့ စည်းကမ်းချက် ရှိနေလို့လေ။”
လီဝူ ၏ မျက်နှာအမူအရာမှာ လေးနက်နေသည်။
ဖန့်ချန် က -
“ဒါဆိုရင် ဒီ မငြိမ်သက်ခြင်း နယ်မြေ က သူတို့အတွက် အကောင်းဆုံး ရွေးချယ်မှု ဖြစ်သွားတာပေါ့။ သွေးရွာခန်းမ ဘက်မှာတော့ ဒီလို စည်းကမ်းတွေ မရှိပုံပဲ။ ပြီးတော့ သူ ဒီကိုလာရင် တွေ့ရမယ့် ပြိုင်ဘက်တွေကလည်း သာမန်လူတွေ မဟုတ်ဘူး၊ ဖြစ်နိုင်တာက……”
တစ်ခဏချင်းမှာပင် ဖန့်ချန် ၏ မျက်လုံးများ လှုပ်ရှားသွားသည်။
ကိုးကြယ် သွေးစက်မျက်လုံး အသီး က သူတို့အပေါ် ဒီလောက်အထိ ဆွဲဆောင်မှု ရှိနေတာလား။
‘လက်ရှစ်ဖက်နတ်ဘုရား’ ကလည်း လောဘကြီးသော နတ်ဆိုးမျိုးနွယ်စုဝင် ဖြစ်ပြီး၊ အဲ့ဒီလူရဲ့ ဝမ်းကွဲညီအစ်ကိုပဲ ဖြစ်သည်။
သူက ဒီကိစ္စအပေါ် အလွန် တက်ကြွနေပုံပဲ။
ကိုးကြယ် သွေးစက်မျက်လုံး အသီး အတွက်သက်သက်လား။
ဒါမှမဟုတ်
“အရှင်သခင်၊ ဘာများ တွေးမိလိုက်တာလဲ”
လီဝူ ကြောင်အသွားပြီးနောက် ချက်ချင်းပင် အံ့ဩတကြီးဖြင့် -
“သူတို့ရဲ့ ရည်ရွယ်ချက်က ကိုးကြယ် သွေးစက်မျက်လုံး အသီး မဟုတ်ဘူး ”
“ဖြစ်နိုင်ခြေ အများဆုံးပဲ။”
ဖန့်ချန် ခေါင်းညိတ်လိုက်သည်။
“ဒီတစ်ခါ ကိုးကြယ် သွေးစက်မျက်လုံး အသီး ကြောင့် အရင်က မပေါ်လာတဲ့ သရဲတစ္ဆေ တွေ အကုန်လုံး ထွက်ပေါ်လာတော့မှာ။ သွေးရွာခန်းမ ဘက်က စွမ်းအင်စုစည်းခြင်း အလယ်အဆင့် သူတော်စင် တွေက ဘယ်လိုမှ ဆက်ပြီး ဝှက်ထားလို့ မရတော့ဘူး။ အဲ့ဒီအချိန်ကျရင် အားအကောင်းဆုံး စွမ်းအင်စုစည်းခြင်း အလယ်အဆင့် သူတော်စင် က ထင်ထင်ရှားရှား ပေါ်လာမှာ သေချာတယ်။
တိုက်တိုက်ဆိုင်ဆိုင်ပဲ၊ အဲ့ဒါက လောဘကြီးသော နတ်ဆိုးမျိုးနွယ်စုအတွက် အကောင်းဆုံး မြိုချဖို့ ပစ်မှတ်ပဲ။ သူတို့က ကိုးကြယ် သွေးစက်မျက်လုံး အသီး အတွက် လာတာ မဟုတ်ဘဲ၊ အတွင်းကမ္ဘာကို မြိုချဖို့ လာတာ ဖြစ်ဖို့ များတယ်။”
“သူတို့မှာ ဒီလို အကြံအစည် ရှိနေရင်၊ မငြိမ်သက်ခြင်း နယ်မြေ ရဲ့ ကောင်းကင်အရှင် တွေ မသိဘဲနဲ့တော့ မဖြစ်နိုင်ဘူး၊ သွေးရွာခန်းမ ဘက်မှာလည်း သက်ဆိုင်ရာ အစီအမံတွေ ရှိနေမှာပဲ။”
လီဝူ က တိုးတိုးလေး ရေရွတ်သည်။
“မင်းပြောတဲ့ လောဘကြီးသော နတ်ဆိုးမျိုးနွယ်စုက တစ်သက်မှာ အတွင်းကမ္ဘာ (၃) ခုပဲ မြိုချနိုင်တယ် ဆိုတာ၊ တကယ်လို့ လောဘကြီးသော နတ်ဆိုးမျိုးနွယ်စုက ဒီကိစ္စမှာ အချက်အလက်တွေကို အတုအယောင် လုပ်ထားရင်ကော ဥပမာ- သူတို့က တကယ်တမ်း (၄) ခု မြိုချနိုင်တာကို (၁) ခုကို အမြဲတမ်း ဝှက်ထားတာမျိုး ဒါမှမဟုတ် တကယ်တမ်း (၂) ခုပဲ မြိုချထားပြီး အပြင်ကိုတော့ (၃) ခု မြိုချပြီးပြီလို့ ကြေညာတာမျိုး ဒီလို အချက်အလက် ကွာဟမှုက အပြင်လူတွေကို မှားယွင်းတဲ့ ကောက်ချက်တွေ ချမိစေနိုင်တယ်။”
“ဒါမှမဟုတ် မငြိမ်သက်ခြင်း နယ်မြေ ဘက်က အဲ့ဒီလူအပေါ် အရမ်း ယုံကြည်မှု ရှိနေလို့ လောဘကြီးသော နတ်ဆိုးမျိုးနွယ်စုကို မကြောက်တာလည်း ဖြစ်နိုင်တာပဲ။”
“……”
လီဝူ အံ့ဩ၍ စကားမပြောနိုင်တော့ပေ။
ဖန့်ချန် အဆိုပြုလိုက်သည့် ပထမဆုံး အခြေအနေကို သူ အနည်းငယ် တွေးကြည့်လိုက်ရုံနှင့်ပင် ကြောက်စရာကောင်းလှသည်။
ဒီလိုကိစ္စ ဖြစ်နိုင်ခြေ ရှိသလား
မရှိလောက်ပေ၊ ဒါပေမဲ့ မဖြစ်နိုင်တာတော့ မဟုတ်ပေ။
သူကိုယ်တိုင် နားလည်ထားတဲ့ အရာအများစုက သူထင်သလောက် လွယ်ကူ ရိုးရှင်းမနေဘူးဆိုတာ သူ ရုတ်တရက် သဘောပေါက်သွားသည်။
“အချိန်တန်ရင် အရာအားလုံးက ရှင်းလင်းသွားလိမ့်မယ်။”
ဖန့်ချန် က တိုးတိုးလေး ရေရွတ်လိုက်သည်။
နောက်လာမည့် လအနည်းငယ်အတွင်း ဖန့်ချန်မှာ စိန်ခေါ်မည့်သူ မရှိတော့ပေ။ ကောင်းကင်ငါးပါး ဘက်မှလည်း သူ့ကို စိန်ခေါ်မည့်သူ မရှိသလို၊ သွေးရွာခန်းမ ဘက်မှ သူတော်စင် များလည်း ဝမ်ကျန်း ကိစ္စကြောင့် သူ့ကို စိန်ခေါ်မည့်သူ မရှိတော့ပေ။
လူတိုင်းက အဖိုးတန် ရတနာ တစ်ခုလို သဘောထားကြသည့် နံပါတ် (၁) နေရာကို သူက နောက်ထပ် လအနည်းငယ် ထိုင်နေခဲ့ပြန်သည်။
သွေးတိုက်ပွဲ စာရင်းဇယား တစ်ခုအောက်တွင် တစ်ယောက်တည်း ရပ်နေသည့် အရိပ်တစ်ခု ရှိနေသည်။
အနီးအနားမှ သူတော်စင် များမှာလည်း ဤသူ့ကို အနားမကပ်ရဲကြဘဲ မြွေပွေးကို ရှောင်သကဲ့သို့ အဝေးကြီးမှ ရှောင်နေကြသည်။
“ချီကွမ်းယိ နင်လည်း အဲ့ဒီ ‘ဝူရှီ’ ကို စိတ်ဝင်စားနေတာလား ”
အမျိုးသမီး တစ်ယောက်က ထိုအရိပ်နားသို့ ဖြည်းဖြည်းချင်း လျှောက်သွားကာ သွေးတိုက်ပွဲ စာရင်းဇယားကို အတူကြည့်လိုက်ပြီး ‘ဝူရှီ’ ဟူသော စာလုံးပေါ်တွင် အကြည့်ရောက်သွားသည်။
“ဒီ ‘ဝူရှီ’ က ငါသိထားတဲ့ နေမင်းခုနှစ်ပါး ကျောင်းသား တွေနဲ့ မတူဘူး။”
ချီကွမ်းယိ က စဉ်းစားကာ ပြောသည်။
“မတူဘူး တကယ်တော့ သူတို့ထက် ပိုသာလွန်နေတာပါ၊ ဒါပေမဲ့ ကောင်းကင် ငါးပါး မှာတော့ ဒါမျိုးက အမြဲတွေ့နေကျပါပဲ၊ ဘယ်လိုပဲဖြစ်ဖြစ် ဟိုဘက်က အခြေခံအုတ်မြစ်က မငြိမ်သက်ခြင်း နယ်မြေ ထက် အများကြီး သာလွန်တာကိုး။”
အမျိုးသမီးက ရယ်မောလိုက်သည်။
“အဲ့ဒီလိုမျိုး မဟုတ်ဘူး၊ အလွန်အမင်း သာလွန်နေတာ ပဲ။”
ချီကွမ်းယိ ခေါင်းခါလိုက်ပြီး သူ၏ မျက်လုံးများမှာ ပိုမို လေးနက်သွားတော့သည်။
အခန်း (၂၃၈၆) - သူက ငါနဲ့ တစ်တန်းတည်းပါပဲ
“အဲ့ဒါက…… အလွန်အမင်းကို သာလွန်နေတာဖြစ်တယ်လို့ ပြောတာလား ချီကွမ်းယိ၊ နင်က ဒီလိုစကားမျိုးကို ဘယ်တုန်းကမှ ပြောဖူးတာ မဟုတ်ဘူး မဟုတ်လား။
နင်ပြောတဲ့အတိုင်းဆိုရင်ဒီ ‘ဝူရှီ’ ဆိုတဲ့လူက နင်နဲ့ တစ်တန်းတည်း ဖြစ်နေတာပေါ့ တစ်ခေတ်တည်းမှာပဲ အခြားသူတွေထက် အလွန်အမင်း သာလွန်နေတာမျိုးလား ”
အမျိုးသမီး၏ မျက်လုံးထဲတွင် မယုံနိုင်စရာ အရိပ်အယောင်များ ဖြတ်ပြေးသွားသည်။ ချီကွမ်းယိ ၏ ပါးစပ်မှ ထိုစကားမျိုး ထွက်လာလိမ့်မည်ဟု သူမ လုံးဝ မထင်ထားခဲ့ပေ။
မျက်စိရှေ့တွင် ရှိနေသူမှာ ‘ချီထျန်’ မျိုးနွယ်စုမှ စစ်မှန်သော နံပါတ် (၁) ပါရမီရှင် ဖြစ်သည်။ ချီကွမ်း မျိုးရိုးကနေ ဆင်းသက်လာခဲ့၍သာ မငြိမ်သက်ခြင်း နယ်မြေ ထဲတွင် ရောက်နေရခြင်း ဖြစ်သည်။ မဟုတ်ပါက ချီထျန် မျိုးနွယ်စု၏ အခြေခံအုတ်မြစ်ဖြင့် ဆိုလျှင် သူသည် စွမ်းအင်စုစည်းခြင်း နောက်ဆုံးအဆင့်တွင် အခွင့်အရေးကို စောင့်ဆိုင်းရင်း ဤနေရာတွင် ရှိနေစရာ အကြောင်းမရှိပေ။
ကြာမြင့်စွာကတည်းက ကောင်းကင်သို့ ပျံတက်ပြီး နတ်ဘုရားစွမ်းရည်များဖြင့် နိဗ္ဗာန်ကို မျက်မှောက်ပြုနေလောက်ပြီ ဖြစ်သည်။
“ဟုတ်တယ်၊ သူက ငါနဲ့ တစ်တန်းတည်းပဲ။”
ချီကွမ်းယိ ခေါင်းညိတ်လိုက်ပြီး ပြောလိုက်သည်။
“ငါကတော့ အဲ့ဒီ လောဘကြီးသော နတ်ဆိုးမျိုးနွယ်စုဝင်ကို စောင့်နေမိတာ၊ အခုကြည့်ရတာတော့ ငါစောင့်နိုင်တဲ့ သူတော်စင် တစ်ယောက် ပိုတိုးလာပြန်ပြီပဲ။”
ဟု ဆိုသည်။
“ဒီတစ်ယောက်က ငါ့ရဲ့ သန့်စင်သော အဆင့် အကန့်သက် ကျော်လွန်ဖို့ အတွက် အကြီးအကျယ် အထောက်အကူ ဖြစ်လိမ့်မယ်လို့ ငါ့မှာ အာရုံခံစားမှု ရှိနေတယ်။”
“ဒါဆိုရင် နင်က ဒီတစ်ခါ ကိုးကြယ်သွေးစက်မျက်လုံးအသီး က သူ့အတွက်ပဲလို့ ထင်နေတာပေါ့ ”
အမျိုးသမီး၏ အမူအရာမှာ အနည်းငယ် ထူးဆန်းသွားသည်။
“ကိုးကြယ်သွေးစက်မျက်လုံးအသီး က ဘယ်သူ့အတွက်လဲ ဆိုတာက အဲ့လောက်ထိ အရေးကြီးလို့လား ”
ချီကွမ်းယိ ၏ အသံမှာ အေးစက်နေပြီး ထိုပစ္စည်းအပေါ် လုံးဝ စိတ်မဝင်စားသလိုပင်။
“နင်ပြောတာလည်းတ်တာပါပဲ။”
အမျိုးသမီး ခေါင်းညိတ်ကာ ပြောလိုက်သည်။
“ဒီကာလအတွင်း တန်မျိုးနွယ်စု နဲ့ စီကုမျိုးနွယ်စုတို့က နင့်ကို လိုက်လံသတ်ဖြတ်တာကို ရပ်လိုက်ပြီလို့ ထင်ရပေမဲ့ နင်သတိထားဦး။ ဖြစ်နိုင်ရင် အမြန်ဆုံး အဆင့်တက်ပါ၊ နင့်ရဲ့ ပါရမီနဲ့ ဆိုရင် နောင်တစ်ချိန် ကောင်းကင်အရှင် အဆင့်ကို ရောက်ဖို့ မခက်ခဲပါဘူး၊ အမြဲတမ်း စောင့်နေစရာ မလိုပါဘူး။”
ဟု ဆိုသည်။
“ကောင်းကင်အရှင် ဖြစ်လာရင်ရော ဘာဖြစ်လာမှာလဲ”
ချီကွမ်းယိ ၏ မျက်လုံးထဲတွင် ထူးဆန်းသော အရောင်များ တောက်ပလာသည်။
“ကောင်းကင်အရှင် တွေကြားမှာလည်း အားကောင်းတာနဲ့ အားနည်းတာ ရှိတာပဲ။ ငါ လုပ်မယ်ဆိုရင်တော့ နံပါတ် (၁) ပဲ ဖြစ်ရမယ်။”
“နံပါတ် (၁)…… ဒီလမ်းက အရမ်းခက်ခဲတယ်၊ အခုလက်ရှိ တစ်ခေတ်တည်းသား တွေက နင့်ထက် အများကြီး အားနည်းနေပေမဲ့ နောက်ပိုင်းမှာ နင်နဲ့ တူညီတဲ့ ပါရမီရှင် တွေ ပေါ်မလာဘူးလို့ ဘယ်သူ အာမခံနိုင်မလဲ နင့်ထက်တောင် ပိုသာလွန်တဲ့သူတွေ ပေါ်လာနိုင်သေးတယ်။ နင်က နံပါတ် (၁) လမ်းကို လျှောက်မယ်ဆိုတာ ကိုယ့်တွင်းကိုယ် တူးနေတာနဲ့ အတူတူပဲ၊ ဘယ်အချိန်မဆို ထဲကျသွားနိုင်တယ်။”
အမျိုးသမီး မျက်မှောင်ကြုတ်လိုက်ပြီး -
“ငါ ပြောတာ မင်း နားထောင်မှာလား”
“ငါ နားမထောင်ဘူး။”
“ကောင်းပြီ၊ ဒါဆိုရင်တော့ ငါ မတားတော့ဘူး။ ဒီကောင်လေးက တစ်ခေတ်တည်းသား တွေထက် အလွန်အမင်း သာလွန်နေတယ်လို့ နင် ယူဆရင်၊ နောက်လာမယ့် တိုက်ပွဲကို ငါတို့ သွားကြည့်ကြရအောင်လား ”
အမျိုးသမီးက ပြုံး၍ မေးလိုက်သည်။
ချီကွမ်းယိ ခဏမျှ စဉ်းစားပြီးနောက် ခေါင်းညိတ်လိုက်သည်။
“ဖြစ်တယ်လေ။”
တစ်ချိန်တည်းမှာပင်။
‘နဂါးဖရုံသီး တစ်လုံး’ သည် သွေးရွာခန်းမ မှ စွမ်းအင်စုစည်းခြင်း အလယ်အဆင့် ၏ အဓိက အနှစ်သာရ ဖြစ်သော သူတော်စင် အဖွဲ့နှင့် အတူ စုဝေးနေသည်။ သို့သော် ယနေ့ ရှိနေသည့် သူတော်စင် များမှာ စွမ်းအင်စုစည်းခြင်း အလယ်အဆင့် သက်သက် မဟုတ်ပေ။
သွေးရွာခန်းမ မှ သူတော်စင် များမှာ အများအားဖြင့် မာနကြီးပြီး စည်းကမ်းမရှိသူများ ဖြစ်သည်။ မည်သူမျှ မည်သူ့ကိုမျှ အရှုံးမပေးကြပေ။ အဆင့်က ကိုယ့်ထက်သာနေလျှင်တောင် အမှန်တကယ် လက်ခံဖို့ မလွယ်ပေ။
အဘယ်ကြောင့်ဆိုသော် သူတော်စင် လမ်းစဉ်မှာ ရှည်လျားလွန်းသဖြင့် နောင်အခါတွင် မည်သို့ ဖြစ်လာမည်ကို မည်သူမျှ မသိနိုင်သောကြောင့် ဖြစ်သည်။ အားလုံးတွင် အခွင့်အရေး ရှိနေကြသည် မဟုတ်ပါလော။
သို့သော် ယနေ့တွင် ‘နဂါးဖရုံသီး တစ်လုံး’ အပါအဝင် သူတော်စင် များအားလုံးသည် အလွန်နက်နဲသော စွမ်းအားရှိပြီး ကမ္ဘာကြီး အဆင့်သို့ ရောက်ရှိနေသော အနီရောင်ဝတ်စုံနှင့် လူငယ်တစ်ယောက်ကို ဝန်းရံထားကြသည်။
သူတို့ ထိုလူငယ်ကို ကြည့်သည့် အကြည့်များမှာ အနည်းငယ် ရိုသေမှုများ ပါဝင်နေပြီး၊ ‘နဂါးဖရုံသီး တစ်လုံး’ တစ်ယောက်သာ သူ့နှင့် တန်းတူ ထိုင်နိုင်လေသည်။
အဘယ်ကြောင့်ဆိုသော် ဤလူငယ်မှာ ကောင်းကင်အရှင် ရှန်းကျောက် ၏ ပဉ္စမမြောက် တပည့် ဖြစ်ပြီး၊ အငယ်ဆုံး တပည့်လည်း ဖြစ်သောကြောင့်တည်း။
ငယ်ရွယ်စဉ်ကတည်းက သွေးရွာခန်းမ ၏ စွမ်းအင်စုစည်းခြင်း အစောပိုင်းအဆင့် နံပါတ် (၁) ဖြစ်ခဲ့ဖူးသလို၊ အလယ်အဆင့် နံပါတ် (၁) ကိုလည်း ရရှိခဲ့သည်။ ထို့အပြင် အသက်စွမ်းအင် နှင့် ကမ္ဘာတည်ဆောက်ခြင်း အဆင့်များတွင်လည်း အလွန်ကောင်းမွန်သော ရလဒ်များ ရရှိခဲ့သူ ဖြစ်သည်။
‘နဂါးဖရုံသီး တစ်လုံး’ သည် သူ့နှင့် နှိုင်းယှဉ်လျှင် အခြေခံအုတ်မြစ်တွင် အနည်းငယ် လိုအပ်နေသေးသည်။
‘လုယေကျွင်း’ က သူတော်စင် များအား ပြုံးစစဖြင့် ကြည့်လိုက်ပြီး ပြောလိုက်သည်။
“မင်းတို့ ဒီလောက်ထိ ကြောက်ရွံ့တုန်လှုပ်မနေကြပါနဲ့၊ ငါက ဘာကောင်မှ မဟုတ်ပါဘူး။ ခဏနေရင် ငါ့ရဲ့ အနာဂတ် ဂျူနီယာညီမလေး ရောက်လာလိမ့်မယ်၊ သူ့ရဲ့ နည်းလမ်းတွေကိုသာ မင်းတို့ မြင်ရရင် အခုထက် ပိုပြီး ကြောက်လန့်သွားလိမ့်ဦးမယ်။”
ဟု ပြောသည်။
သူတော်စင် များမှာ တုန်လှုပ်သွားကြသည်။ အနာဂတ် ဂျူနီယာညီမလေး ကောင်းကင်အရှင် ... ရှန်းကျောက် က ဆဋ္ဌမမြောက် တပည့်ကို လက်ခံဖို့ ရည်ရွယ်ထားတာလား။ သို့သော် သူတို့ကို အံ့ဩစေသည်မှာ ဒါမဟုတ်ပေ။
‘လုယေကျွင်း’ က သူ့ကိုယ်သူ ဤအနာဂတ် ဂျူနီယာညီမလေးထက် အားနည်းကြောင်း ဝန်ခံလိုက်ခြင်း ဖြစ်သည်။ ထိုလူတွင် မည်မျှ ကြောက်မက်ဖွယ်ကောင်းသော နည်းလမ်းများ ရှိနေပါသလဲ။
‘နဂါးဖရုံသီး တစ်လုံး’ က စဉ်းစားကာ
“လုအစ်ကိုကြီး၊ ဒီတစ်ခါ ‘ဝူရှီ’ ဆိုတဲ့လူရဲ့ စွမ်းအားက ကျွန်တော်တို့ ခန့်မှန်းထားတာထက် ကျော်လွန်နေတယ်၊ အစီအစဉ်က ဘာမှ အမှားမဖြစ်နိုင်ဘူးလား”
ဟု မေးသည်။
“ဘာအမှား ဖြစ်နိုင်မှာလဲ”
‘လုယေကျွင်း’ က ရယ်မောလိုက်သည်။
“အချို့သော သူတွေက ကောင်းကင်မှာ ဇာတ်ပို့ပဲ ဖြစ်နေရမှာ။ ဒီတစ်ခါ အစီအစဉ်မှာ အနည်းငယ် ပြောင်းလဲသွားပေမဲ့ ထိန်းချုပ်နိုင်တဲ့ အတိုင်းအတာထဲမှာပါပဲ။ အဲ့ဒီ လောဘကြီးသော နတ်ဆိုးမျိုးနွယ်စုဝင် က ဒီလို အခွင့်အရေးမျိုးကို လက်လွတ်ခံမှာ မဟုတ်ဘူး၊ ပေါ်လာမှာ သေချာပါတယ်။”
ဟု ဆိုသည်။
ခဏရပ်ပြီးနောက် ‘လုယေကျွင်း’ က ‘နဂါးဖရုံသီး တစ်လုံး’ ကို ကြည့်၍ ပြောလိုက်သည်။
“မင်းက တကယ်ပဲ ‘ဝူရှီ’ ရဲ့ ပြိုင်ဘက် မဟုတ်ဘူးလို့ ထင်နေတာလား ”
ဟု မေးသည်။
အနီးအနားမှ သူတော်စင် များမှာ ထူးဆန်းသော မျက်လုံးများဖြင့် ကြည့်ကြသည်။ အရင်က ‘နဂါးဖရုံသီး တစ်လုံး’ သည် တမင် အရှုံးပေးလိုက်ခြင်း ဖြစ်သည်ဟု သူတို့ ထင်ခဲ့ကြသည်။ သို့သော် ဝမ်ကျန်း ကိစ္စပြီးနောက်တွင်တော့ အရာရာသည် ထင်သလောက် မရိုးရှင်းကြောင်း သူတို့ သဘောပေါက်သွားသည်။
‘နဂါးဖရုံသီး တစ်လုံး’ သည် အမှန်တကယ်ပင် ရှုံးနိမ့်သွားခြင်း ဖြစ်နိုင်ချေ များသည်။
‘နဂါးဖရုံသီး တစ်လုံး’ စကား မပြောခင်မှာပင် ‘လုယေကျွင်း’ က ရယ်မောလိုက်သည်။
“မင်းတို့က တကယ်ပဲ ‘ဝူရှီ’ က နဂါးဖရုံသီး ကို နိုင်သွားတယ်လို့ ထင်နေတာလား အဲ့ဒီတုန်းက ဖြစ်ရပ်က ကောင်းကင်ငါးပါး ဘက်က တမင်တကာ သရုပ်ဆောင်ထားတဲ့ ပြဇာတ်တစ်ခုပဲ။”
ဟု ဆိုသည်။
“ဘာ”
“တကယ်လား”
သူတော်စင် များ အားလုံး ချက်ချင်းပင် သဘောပေါက်သွားသည်။ အခြားသူသာ ပြောလျှင် သူတို့ သံသယ ဝင်မိမည် ဖြစ်သော်လည်း ‘လုယေကျွင်း’ ပြောသောကြောင့် ယုံကြည်မှု ပိုများသွားကြသည်။ ‘နဂါးဖရုံသီး တစ်လုံး’ ၏ မျက်လုံးထဲတွင် အံ့ဩမှု တစ်ချက် ဖြတ်ပြေးသွားသည်။ အခြားသူများက သူ့စွမ်းအားကို မသိကြသော်လည်း မျက်စိရှေ့ကလူက သူ့ကို အနိုင်ယူဖို့ မဖြစ်နိုင်မှန်း မသိဘဲ မနေနိုင်လောက်ပေ။
‘လုယေကျွင်း’ သည် ရုတ်တရက် ထရပ်လိုက်ပြီး ပြုံးရွှင်စွာဖြင့် -
“ငါ့ရဲ့ အနာဂတ် ဂျူနီယာညီမလေး ရောက်လာပြီ၊ အားလုံးပဲ၊ သူ သွေးတိုက်ပွဲ (၃၀၀) အထိ ဘယ်လို တိုက်ခိုက်သွားမလဲ ဆိုတာကို အတူတူ ကြည့်ကြရအောင်”
ဟု ပြောသည်။
ရောက်လာပြီလား သူတော်စင် များမှာ လေးစားသမှုဖြင့် ပြင်ဆင်လိုက်ကြသည်။
ထိုအချိန်တွင် ‘လက်ရှစ်ဖက်နတ်ဘုရား’ တို့ စုဝေးနေသည့် ဧည့်ခန်းဆောင်ထဲသို့ အမူအရာမဲ့နေသော လူငယ်တစ်ယောက် လျှောက်ဝင်လာသည်။
သူ ရောက်လာသောအခါ စွမ်းအင်စုစည်းခြင်း အလယ်အဆင့် သူတော်စင် များမှာ အလိုအလျောက်ပင် ထရပ်လိုက်ကြသည်။
‘ကြက်သားဟင်းရည်’ ပင်လျှင် စိတ်အားထက်သန်စွာဖြင့် -
“ညီလေး၊ နောက်ဆုံးတော့ ရောက်လာပြီပဲ။”
ဟု ဆိုသည်။
“ညီလေး၊ မတွေ့ရတာ ကြာပြီပဲ။”
‘လက်ရှစ်ဖက်နတ်ဘုရား’ က ရယ်မော၍ ထရပ်သည်။ အခြား အမူအရာမဲ့နေသော စွမ်းအင်စုစည်းခြင်း နောက်ဆုံးအဆင့် သူတော်စင် တစ်ဦးလည်း အပြုံးတစ်ခုကို ဖန်တီး၍ ကြိုဆိုသည်။
“ငါ့မှာ နာမည် ရှိတယ်။”
လာသူက အေးစက်စွာ ပြောသည်။ လူတိုင်းက သူ့နာမည်ကို ချက်ချင်း ကြည့်လိုက်ကြသည်။
‘ဇန်ထျန်တောင်’ ( - ကောင်းကင်ကို ခုတ်ဖြတ်မည့်ဓား)။
“ညီလေးရဲ့ နာမည်ကလည်း မဆိုးဘူးပဲ။”
‘လက်ရှစ်ဖက်နတ်ဘုရား’ က ရယ်မော၍ -
“ငါ့နာမည်လိုပဲ ဝင့်ကြွားနေတာပဲ။”
‘ဇန်ထျန်တောင်’ ၏ မျက်နှာပေါ်တွင် အပြုံး အရိပ်အယောင်မျှ မရှိသေးဘဲ အေးစက်စွာပင် -
“ဟိုလူ ရောက်လာပြီလား”
ဟု မေးသည်။
‘လက်ရှစ်ဖက်နတ်ဘုရား’ စကား မပြောခင်မှာပင် ဝမ်ဟို က ရှေ့ကို တိုး၍ ပြောလိုက်သည်၊
“‘ဇန်ထျန်တောင်’၊ ကျွန်တော့်အစ်ကိုကြီးက မင်းကို ကူညီဖို့အတွက် အခု အရမ်း ဒဏ်ရာ ရထားတယ်၊ မင်းပဲ ‘ဝူရှီ’ ကို လက်စားချေပေးဖို့ တိုက်ခိုက်ပေးပါ”
ဟု ဆိုသည်။
“ဝူရှီ”
‘ဇန်ထျန်တောင်’ မျက်မှောင်ကြုတ်လိုက်ပြီး မေးလိုက်သည်။
“အဲ့ဒါ ဘယ်သူလဲ”
ဟု မေးသည်။
‘လက်ရှစ်ဖက်နတ်ဘုရား’ က ဝမ်ဟို ကို တစ်ချက်ကြည့်ပြီးနောက် ရယ်မော၍ -
“ညီလေး၊ အသေးအဖွဲ ကိစ္စလေးတစ်ခုပါ။”
ပြောပြီးနောက် ‘ဝူရှီ’ ၏ တိုက်ပွဲ အောင်မြင်မှုများကို အကျဉ်းချုပ် ပြောပြလိုက်သည်။
“ဒါ အသေးအဖွဲ ကိစ္စ မဟုတ်ဘူး၊ သူ့ရဲ့ အတွင်းကမ္ဘာက ဘယ်လို အခြေခံမျိုးလဲ ဆိုတာကို ငါ အရမ်း သိချင်တယ်။”
‘ဇန်ထျန်တောင်’ ၏ မျက်လုံးများမှာ အနည်းငယ် တောက်ပလာသည်။