← Chapters

အခန်း (၂၃၈၉-၂၃၉၀)

Vol. 239 Ch. 2389-2390

အခန်း (၂၃၈၉-၂၃၉၀)

Vol. 239 Ch. 2389-2390

အခန်း (၂၃၈၉) - သူက လူယောင်ဆောင်ထားတဲ့ ဘီလူးတစ်ကောင်လား

“မဖြစ်နိုင်ပါဘူး၊ တကယ်ပဲ ဖန်ချန် ဆိုတဲ့ကောင် ဖြစ်နေတာလား”

ရင်တန့်က သူ၏ဘေးတွင်ရှိသော ရှန်ရှိုးယွမ်နှင့် ဖူယွင်ဖေးတို့ကို ကြည့်လိုက်ရာ သူ၏မျက်လုံးများထဲတွင် ထူးဆန်းသည့် အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။ သူတို့သည်လည်း သွေးရွာခန်းမသို့ ရောက်ရှိနေကြသည်။

သို့သော် ကိုးကြယ်သွေးစက်မျက်လုံးအသီးအတွက် ရောက်လာခြင်းမဟုတ်ဘဲ နေမင်းခုနှစ်ပါးခန်းမမှ ကျောင်းသားအများစုကဲ့သို့ပင် မိမိတို့၏ ကျင့်ကြံခြင်းကို ပွတ်တိုက်လေ့ကျင့်ရန် ရောက်လာကြခြင်း ဖြစ်သည်။ ဤကိစ္စနှင့် ကြုံတွေ့ရခြင်းမှာလည်း အချိန်ကိုက် တိုက်ဆိုင်သွားခြင်းသာ ဖြစ်သည်။

“ဖြစ်နိုင်သလို၊ မဖြစ်နိုင်တာလည်း ဖြစ်နိုင်တယ်။ သူက နေမင်းခုနှစ်ပါးခန်းမက ကျောင်းသား ဟုတ်မဟုတ်တောင် မသေချာဘူး။ ဒါပေမဲ့ ဖန့်ကျီးရဲ့ ဒီတစ်ကွက်ကတော့ ဖန်ချန်ကို ပြဿနာတွေ အများကြီး တက်စေမှာ အသေအချာပဲ”

ဟု ရှန်ရှိုးယွမ်က ရယ်မော၍ ပြောသည်။

ရင်တန့်နှင့် ဖူယွင်ဖေးတို့မှာ ခဏတာ တွေးတောလိုက်ပြီးနောက် အကြောင်းရင်းကို သဘောပေါက်သွားကြပြီး မနေနိုင်ပြောလိုက်သည်။

“ဒီဖန့်ကျီးရဲ့ စိတ်ကလည်း အတော်ကို နက်နဲတာပဲ။ သွေးရွာခန်းမကို ရောက်တဲ့အထိ ဖန့်ချန်ကို အရင်ဆုံး မသိမသာနဲ့ ဖိနှိပ်ဖို့ မေ့မသွားဘူး။ ဘာလို့လဲ၊ သူလည်းပဲ ဖန်ချန်က သူ့အတွက် ခြိမ်းခြောက်မှု ဖြစ်လာနိုင်တယ်လို့ ခံစားမိနေတာလား”

ဟု ခံပြင်းစွာ ပြောလိုက်ကြသည်။

“မသေချာဘူး။ ဖန့်ကျီးက အတော်ကို မောက်မာတဲ့လူဆိုတော့ အဆင့်တူ သူတော်စင်တွေထဲမှာ သူ့ကို ယှဉ်နိုင်မယ့်သူ မရှိဘူးလို့ ခံယူထားတာ။ ဖန့်ချန်က ဒီနှစ်တွေအတွင်းမှာ အရမ်းကို ထူးချွန်ထက်မြက်နေလို့ သူ့ကို သင်ခန်းစာပေးချင်ရုံ သက်သက်ပဲ ဖြစ်မှာပါ”

ဟု ရှန်ရှိုးယွမ်က ဆိုသည်။

“ဒီကောင်က အခု ‘ဇန်ထျန်တောင်’ လို့ နာမည်ပေးထားတော့ သူကိုယ်တိုင် အဆင့်တူတွေထဲမှာ ပြိုင်ဘက်ကင်းတယ်လို့ တကယ်ကြီး ထင်နေတာလား”

ဟု ယင်းတန့်က မနေနိုင်ဘဲ တီးတိုးရေရွတ်လိုက်သည်။

ရှန်ရှိုးယွမ်နှင့် ဖူယွင်ဖေးတို့က သူ့ကို တစ်ပြိုင်နက်တည်း ကြည့်လိုက်ကြသည်။

“သူ့ကို တိုက်ခိုက်လို့ မနိုင်ရုံတင်မကရင် ငါတို့ သုံးယောက်ကလည်း အခုဆိုရင် စွမ်းအင်စုစည်းခြင်း အလယ်အဆင့်မှာပဲ ရှိနေမှာပေါ့၊ နောက်ဆုံးအဆင့်ထိ ရောက်လာမှာ မဟုတ်ဘူး”

ဟု ပြောသည်။

“ အင်း၊ အဲ့ဒါလည်း အမှန်ပဲ”

ဟု ရင်တန့်က နှုတ်ခမ်းမဲ့၍ ဖြေသည်။

ထိုအချိန်တွင် နေမင်းခုနှစ်ပါးခန်းမမှ ကျောင်းသားအများစုမှာ ဖန့်ချန်ကို သိလိုစိတ်ပြင်းပြသည့် မျက်လုံးများဖြင့် အကဲခတ်ကြည့်ရှုနေကြသည်။ သွေးရွာခန်းမမှ သူတော်စင်များကလည်း အချင်းချင်း ဆက်သွယ်ကာ ဖန့်ချန်နှင့် ပတ်သက်သည့် အချက်အလက်များကို ဝေမျှနေကြသည်။

“ဖန့်ချန် ဒီကောင်က လွန်ခဲ့တဲ့နှစ်တွေက နာမည်ကြီးခဲ့တာ အမှန်ပဲ”

ဟု ‘လုယေကျွင်း’ က တီးတိုးရေရွတ်သည်။

‘နဂါးဖရုံသီးတစ်လုံး’ ၏ မျက်လုံးများထဲတွင် အလင်းရောင်တစ်ခု ဖြတ်ပြေးသွားသည်။ အကယ်၍ သူသာ ဖြစ်မည်ဆိုပါက သူ နားလည်ပေးနိုင်ပါသည်။ သွေးရွာခန်းမ၏ ယခင် စွမ်းအင်စုစည်းခြင်း အလယ်အဆင့် နံပါတ် (၁) ဖြစ်သည့်အတွက် ထိုသူနှင့် ပတ်သက်သည့် တိုက်ပွဲမှတ်တမ်း အနည်းငယ်ကို သူ ကြားဖူးသည်။

တစ်ဖက်လူမှာ နေမင်းခုနှစ်ပါးခန်းမတွင် ဆက်တိုက်အနိုင်ရကာ နံပါတ် (၁) ဖြစ်လာခဲ့ပြီး ထိပ်ဆုံး (၃) ဦးကိုလည်း နောက်ဆုံးအဆင့်သို့ အလျှင်အမြန် ကျင့်ကြံအောင် ဖိအားပေးနိုင်ခဲ့သူ ဖြစ်သည်။ အကယ်၍ သူသာလျှင် ဖန့်ချန်ကို အနိုင်ယူနိုင်မည့်သူ ဖြစ်ပါကလည်း ယုတ္တိရှိပေသည်။

အကြောင်းမဲ့ ပေါ်လာသည့် အမည်မသိလူတစ်ယောက်ကသာ သူ့ကို အနိုင်ယူသွားပါက စကားပင် ပြောမထွက် ဖြစ်ရလိမ့်မည်။

သို့သော် ဤသူတော်စင်အုပ်စုမှာ ‘ချန်ချန်၏ မိန်းမ’ သည် ‘ဇန်ထျန်တောင်’ ၏ စကားကို ကြားပြီးနောက် သူမ၏ မျက်လုံးများ ပိုမိုတောက်ပသွားသည်ကို သတိမထားမိကြပေ။

……

“ငါ့နာမည်က ‘ဝူရှီ’ ပါ”

ဟု ဖန်ချန်က အေးဆေးစွာ ရယ်မော၍ ပြောသည်။

‘ဇန်ထျန်တောင်’ က

“အို… မင်းက ဝန်မခံချင်ရင်လည်း နေပါစေ၊ မင်းနဲ့ငါ တိုက်ပွဲကတော့ ဖြစ်ကိုဖြစ်ရမှာပဲ။ နည်းနည်းစောဖြစ်လည်း ဘာမှမဖြစ်ပါဘူး။ ငါ့အမြင်မှာတော့ မင်းက နေမင်းခုနှစ်ပါးခန်းမက ကျောင်းသားတွေထက် အများကြီး ပိုတော်တာ အမှန်ပဲ။

သူတို့ကတော့ အမှိုက်တွေလို့ ခေါ်ရမှာပေါ့၊ မင်းကတော့ အဲ့ဒီအမှိုက်အဆင့်ကနေ အနည်းငယ် လွတ်မြောက်လာနိုင်တဲ့သူပဲ”

ဟု ဆိုသည်။

“……”

နေမင်းခုနှစ်ပါးခန်းမမှ ကျောင်းသားများရော၊ သွေးရွာခန်းမမှ သူတော်စင်များပါ ‘ဇန်ထျန်တောင်’ ၏ စကားကြောင့် တုန်လှုပ်သွားကြသည်။ ထိတ်လန့်ပြီးနောက် နေမင်းခုနှစ်ပါးခန်းမမှ ကျောင်းသားများမှာ ဒေါသထွက်လွန်းသော်လည်း တစ်ဖက်လူကို ဘာမှလုပ်နိုင်စွမ်း မရှိကြပေ။ သူတို့နှစ်ဦးကြားက စွမ်းအား ကွာဟချက်မှာ အလွန်ပင် ကြီးမားလွန်းလှသည်။

ထိုအချိန်တွင် သွေးရောင်မြူများမှာ လုံးဝ ပျောက်ကွယ်သွားပြီ ဖြစ်သည်။

‘ဇန်ထျန်တောင်’ က အေးဆေးစွာဖြင့် -

“မြန်မြန်အဆုံးသတ်ကြရအောင်၊ ငါ့ရဲ့ အစစ်အမှန် ပစ်မှတ်က တခြားလူတစ်ယောက်ပဲ”

ဟု ဆိုသည်။

စကားဆုံးသည်နှင့် အတွင်းကမ္ဘာထဲရှိ နတ်ဘုရားစွမ်းရည်အမှတ်အသား (၂၀) နီးပါးမှာ တောက်ပသော အလင်းရောင်များဖြင့် ရုတ်တရက် ပေါက်ကွဲထွက်လာသည်။ ကြောက်မက်ဖွယ်ကောင်းသော နတ်ဘုရား စွမ်းအင်စီးကြောင်းမှာ ရပ်တန့်နိုင်ခြင်းမရှိသော အရှိန်အဟုန်ဖြင့် ဖန့်ချန်ထံသို့ လှိုင်းလုံးကြီးများကဲ့သို့ ရိုက်ခတ်လာသည်။

ထိုအချိန်တွင်မှ နေရာ၌ ရှိနေသည့် စွမ်းအင်စုစည်းခြင်း အလယ်အဆင့် သူတော်စင်များအားလုံး ‘ဇန်ထျန်တောင်’ နှင့် မိမိတို့ကြားက ကွာဟချက်ကို အမှန်တကယ် နားလည်သွားကြသည်။

“ဒီအရှိန်အဝါက တကယ်ကို ကြောက်ဖို့ကောင်းတာပဲ၊ စွမ်းအင်စုစည်းခြင်း နောက်ဆုံးအဆင့် သူတော်စင်တောင် ဒီလောက်ထိ အခြေခံစွမ်းအား မရှိလောက်ဘူး မဟုတ်လား ”

ဟု နတ်ဘုရားစွမ်းအား အမှတ်အသား (၁၀) ကျော်ကို ရေးထိုးထားသည့် ထူးချွန်သူအချို့မှာ ထိတ်လန့်စွာဖြင့် ရေရွတ်လိုက်ကြသည်။

တစ်ဖက်လူ၏ စွမ်းအင်အရှိန်အဝါမှာ သူတို့ထက် အဆပေါင်းများစွာ သာလွန်နေသည်။ အချို့မှာမူ စိတ်ထဲတွင် တိတ်တဆိတ် တွက်ချက်ကြည့်ကြရာ ထိတ်လန့်ဖွယ် ကောင်းသော ရလဒ်တစ်ခုကို ရရှိလိုက်သည်။ ဤ ‘ဇန်ထျန်တောင်’ ငြိမ်သက်စွာ ရေးထိုးထားသည့် နတ်ဘုရားစွမ်းရည် အမှတ်အသားမှာ (၂၀) မရှိလျှင်ပင် (၂၀) နီးပါး ရှိနေလိမ့်မည် ဖြစ်သည်။

အမျိုးသမီး၏ မျက်လုံးများထဲတွင် သက်ပြင်းချသည့် အရိပ်အယောင် ပေါ်လာသည်။

"လောဘကြီးသော နတ်ဆိုးမျိုးနွယ်စုမှသာ မျိုးရိုးဗီဇရဲ့ အားသာချက်ကို အသုံးပြုပြီး အတွင်းကမ္ဘာ (၃) ခုကို စားသုံးခြင်းပြီး ကိုယ်ပိုင်မဟုတ်တဲ့ ဒီနတ်ဘုရာစွမ်းရည် အမှတ်အသားတွေကို ရရှိနိုင်မှာပဲ”

“သူတို့က အတွင်းကမ္ဘာတွေကို စားနိုင်ပေမဲ့ ကန့်သတ်ချက်တွေ အများကြီး ရှိပါတယ်။ ဖန့်ကျီးလိုမျိုး လုပ်နိုင်တဲ့သူက လောဘကြီးသော နတ်ဆိုး မျိုးနွယ်စုထဲမှာတောင် ရှားပါးပါတယ်”

ဟု ချီကွမ်းယိက ရယ်မော၍ ပြောသည်။

အမျိုးသမီးက -

“နင် အခုထိတော့ ‘ဝူရှီ’ ဆိုတဲ့လူက ဒီလိုလူမျိုးရဲ့ ပြိုင်ဘက် ဖြစ်လာနိုင်မယ်လို့ မထင်တော့ဘူးမလား”

ဟု မေးသည်။

“ပြောရခက်တယ်၊ ငါ့ရဲ့ ကြိုတင်သိမြင်မှုက မှားခဲပါတယ်”

ဟု ချီကွမ်းယိက အေးဆေးစွာ ဆိုသည်။

“သူက ငါ့ကို အကြိမ်ပေါင်းများစွာ ကယ်တင်ခဲ့ပြီးပြီ၊ ငါ ဘာလို့ သူ့ကို မယုံရမှာလဲ။”

“ဒါလည်း ဟုတ်တာပါပဲ၊ အရင်က တန်မျိုးနွယ်စုနဲ့ စီကုမျိုးနွယ်စုက နင့်ကို တိုက်ခိုက်ဖို့ ပြင်ဆင်တုန်းကလည်း နင်က ကြိုသိမြင်ပြီးတော့ ဒီကို အရင်ရောက်လာခဲ့တာလေ”

ဟု အမျိုးသမီးက နားလည်သလိုဖြင့် ခေါင်းညိတ်လိုက်သည်။

တစ်ချိန်တည်းမှာပင် ‘လက်ရှစ်ဖက်နတ်ဘုရား’ ၏ မျက်လုံးများထဲတွင် အနည်းငယ်သော အပြုံးတစ်ခု ပေါ်လာသည်။

“တိုက်ပွဲ ပြီးဆုံးသွားပြီ။”

သူ၏ ညီဝမ်းကွဲမှာ ဤအချိန်တွင် သူ၏ စွမ်းအားကို ဝှက်ထားစရာ မလိုတော့ပေ။ တိုက်ပွဲ ပြီးဆုံးသွားပြီလား တစ်ကွက်တည်းနဲ့လား ဝမ်ကျန်း၊ တျန်ယိကျန့် စသည့် ကောင်းကင်အရှင်၏ အမွေး ဆက်ခံသူများမှာ အမူအရာ တည်တင်းသွားပြီး မျက်လုံးများထဲတွင် မယုံကြည်နိုင်သည့် အရိပ်အယောင်များ ပေါ်လာသည်။ ဖန့်ကျီးက အတော်ကို သန်မာသည်မှာ မှန်သော်လည်း ဤမျှလောက်အထိ ဖြစ်နိုင်ပါ့မလား။

ထိုအချိန်တွင် ဖန့်ကျီး၏ နည်းလမ်းများကို အနက်ရှိုင်းဆုံး ခံစားရသူမှာ ဖန့်ချန်ပင် ဖြစ်သည်။ အကြောင်းမှာ သူသည် အဆင့်တူ သူတော်စင်တစ်ဦးထံမှ ခြိမ်းခြောက်မှုကို ပထမဆုံးအကြိမ် ခံစားလိုက်ရခြင်းကြောင့် ဖြစ်သည်။ တစ်ဖက်လူမှာ အမှန်တကယ် သန်မာလှသည်။

ထိုကြောက်မက်ဖွယ်ကောင်းသော နတ်ဘုရား စွမ်းအင်စီးကြောင်းမှာ အနည်းဆုံး နတ်ဘုရားစွမ်းရည် အမှတ်အသား (၂၀) ဖြင့် တည်ဆောက်ထားခြင်း ဖြစ်သည်။

သူသာလျှင် ဖမ်းဆီးခေါ်ယူ ခြင်း နည်းလမ်းကို နားမလည်မီကဆိုလျှင် သူ၏ နတ်ဘုရားစွမ်းရည် အမှတ်အသား အရေအတွက်မှာလည်း တစ်ဖက်လူနှင့် တူညီနေမည်ဖြစ်သည်။ ထိုအချိန်တွင် သူတို့နှစ်ဦး တိုက်ခိုက်ခဲ့ကြမည်ဆိုလျှင် အမှန်တကယ်ပင် သွေးထွက်သံယို ဖြစ်မည့် တိုက်ပွဲတစ်ခု ဖြစ်လာမည်ဖြစ်သည်။ ထို့နောက် သူသည် အတွင်းကမ္ဘာ၏ အဆုံးမဲ့ စွမ်းအားဖြင့် အနိုင်ရရှိသွားမည် ဖြစ်သည်။

ယခုအချိန်တွင်မူ သူသည် နတ်ဘုရားစွမ်းရည် အရေအတွက် အနည်းငယ်တွင်ပင် အသာစီးရနေသေးသည်။ ဤကဲ့သို့သော တိုက်ပွဲမျိုးတွင် အသာစီးရသည့် အချက်လေးတစ်ခုကပင် အရာအားလုံးကို ဆုံးဖြတ်သွားလိမ့်မည်။

နောက်တစ်စက္ကန့်တွင်။

တူညီစွာပင် ကြက်သီးထဖွယ်ကောင်းသော နတ်ဘုရား စွမ်းအင်စီးကြောင်းတစ်ခု ထွက်ပေါ်လာသည်။ စွမ်းအင်လှိုင်းနှစ်ခု လေဟာနယ်တွင် တိုက်မိသွားကြပြီး အနိုင်အရှုံးကို ခွဲခြား၍ မရနိုင် ဖြစ်သွားသည်။

ထိုမြင်ကွင်းကြောင့် နေရာရှိ သူတော်စင်များအားလုံး မျက်လုံးအပြူးသား ဖြစ်သွားကြသည်။ အထူးသဖြင့် ဖန့်ကျီးကို ကောင်းကောင်းသိသည့် ‘လက်ရှစ်ဖက်နတ်ဘုရား’ မှာ ထိတ်လန့်ပြီး မယုံကြည်နိုင်အောင် ဖြစ်သွားရသည်။ ဖန့်ချန်နှင့် ယခင်က တိုက်ခိုက်ဖူးသည့် သူတော်စင်များမှာလည်း ဖန့်ချန်၏ ယခင် တိုက်ပွဲတိုင်းတွင် မိမိတို့အားလုံးကို အစွမ်းကုန် မတိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်းကို ယခုမှသာ သဘောပေါက်သွားကြသည်။

တစ်ခါတစ်ရံ မောပန်းစွာဖြင့် အနိုင်ရရှိသွားသည်မှာလည်း ဟန်ဆောင်မှုသက်သက်သာ ဖြစ်နေသည်ကို သူတို့ မြင်လိုက်ရသည်။

“ကောင်းကင်ငါးပါး ထဲမှာ ဘယ်တုန်းက ဒီလိုလူမျိုး ပေါ်လာတာလဲ”

ဟု ‘လုယေကျွင်း’ ၏ မျက်လုံးများထဲတွင် အံ့ဩမှုများ ပြည့်နှက်သွားသည်။

ရှန်ရှိုးယွမ်နှင့် ရင်တန့်တို့မှာ အချင်းချင်း ကြည့်လိုက်ကြပြီး အရင်က အချိန်စော၍ အဆင့်တက်ကာ ဖန့်ချန်နှင့် တိုက်ခိုက်ခြင်းကို ရှောင်ရှားခဲ့ခြင်းမှာ အလွန်မှန်ကန်သော ဆုံးဖြတ်ချက် ဖြစ်ကြောင်းကို ရုတ်တရက် သဘောပေါက်သွားကြသည်။

“သူက လူယောင်ဆောင်ထားတဲ့ ဘီလူးတစ်ကောင်လား”

ဟု ရင်တန့်က မနေနိုင်ဘဲ တီးတိုးဆဲဆိုလိုက်သည်။

“သူက ဖန့်ချန် မဖြစ်နိုင်ပါဘူး။ လူသားမျိုးနွယ်စုမှာ ဒီလို အခြေခံစွမ်းအား မရှိနိုင်ဘူး။ ဖန့်ကျီးက လောဘကြီးသော နတ်ဆိုး မျိုးနွယ်စုဝင်မို့ အတွင်းကမ္ဘာကို စားနိုင်တာ။ လူသားမျိုးနွယ်စုမှာ ဘာရှိလို့လဲ”

ဟု ဖုယွင်ဖေးက ရုတ်တရက် ပြောလိုက်သည်။

ထိုစကားထွက်ပေါ်လာသည်နှင့် သူတော်စင်အားလုံး တိတ်ဆိတ်သွားကြသည်။ အလားတူ အတွေးများမှာ သူတော်စင်အသီးသီး၏ စိတ်ထဲတွင် ပေါ်ပေါက်လာသည်။ သူတို့လည်း ဤ ‘ဝူရှီ’ မှာ ဖန့်ချန် ဖြစ်နိုင်မည်ဟု မထင်ကြတော့ပေ။ တစ်ဖက်လူမှာ အနည်းဆုံး အင်အားကြီးမျိုးနွယ်စုမှ ဆင်းသက်လာသူသာ ဖြစ်ရမည်။

……

‘ဇန်ထျန်တောင်’ ၏ မျက်လုံးများထဲတွင် အံ့ဩမှု အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။

“စိတ်ဝင်စားဖို့ ကောင်းတယ်၊ မင်းက တော်တော်တော်တာပဲ။”

သူ၏ စိတ်အလိုအတိုင်း အတွင်းကမ္ဘာထဲရှိ အကြောက်ရဆုံး နတ်ဘုရားစွမ်းရည် အမှတ်အသားမှာ ရုတ်တရက် ပေါက်ကွဲထွက်လာသည်။ တစ်ခဏချင်းမှာပင် လေဟာနယ်ကိုပင် ဆုတ်ဖြဲလိုက်သည့် အပေါက်ကြီးတစ်ခု ပေါ်လာပါတော့သည်။

အခန်း (၂၃၉၀) - နောက်ဆုံးမှာတော့ နောင်တတချို့ ကျန်ရစ်ခဲ့မှာပဲ

လောဘကြီးသော နတ်ဆိုးမျိုးနွယ်စု ၏ မျိုးနွယ်စုကံကြမ္မာဆိုင်ရာ နတ်ဘုရားစွမ်းရည် ဟွမ်ချွီတွင်းနက် စွမ်းရည်။

ထိုအချိန်တွင် ကောင်းကင် ငါးပါး မှ သူတော်စင်များရော၊ သွေးရွာခန်းမမှ သူတော်စင်များပါ ‘ဇန်ထျန်တောင်’ သည် လောဘကြီးသော နတ်ဆိုးမျိုးနွယ်စု၏ အပြင်းထန်ဆုံး မျိုးနွယ်စုကံကြမ္မာဆိုင်ရာ နတ်ဘုရားစွမ်းရည်ကို အသုံးပြုလိုက်ပြီဖြစ်ကြောင်း ခန့်မှန်းမိလိုက်ကြသည်။

‘လက်ရှစ်ဖက်နတ်ဘုရား’ ၏ စိတ်ထဲတွင် တုန်လှုပ်မှုများ ဖြစ်ပေါ်နေသည်။ သူသည် မိမိ၏ ညီဝမ်းကွဲဖြစ်သူမှာ မျိုးနွယ်စုကံကြမ္မာဆိုင်ရာ နတ်ဘုရားစွမ်းရည်ကို အသုံးမပြုဘဲ နေမင်းခုနှစ်ပါးခန်းမမှ စွမ်းအင်စုစည်းခြင်း နောက်ဆုံးအဆင့် သူတော်စင်များကို အနိုင်ယူခဲ့သည်ကို ကိုယ်တိုင်မျက်မြင် ကြုံခဲ့ရဖူးသည်။ တစ်ဖက်လူ၏ အဆင့်သတ်မှတ်ချက်မှာလည်း နိမ့်ကျလှသည် မဟုတ်ပေ။

သို့သော် ယခုအချိန်တွင်မူ သူတို့၏ မူလအစကိုပင် မသိရှိရသေးသည့် စွမ်းအင်စုစည်းခြင်း အလယ်အဆင့် သူတော်စင်တစ်ဦးနှင့် ရင်ဆိုင်ရချိန်တွင် သူ၏ ညီဝမ်းကွဲမှာ ဟွမ်ချွီတွင်းနက် ဟူသော မျိုးနွယ်စုကံကြမ္မာဆိုင်ရာ နတ်ဘုရားစွမ်းရည်ကိုပင် ထုတ်သုံးလိုက်ရသည်တဲ့လား။

“မဖြစ်သေးဘူး ဒီနတ်ဘုရားစွမ်းရည်က အဲ့ဒီမိန်းကလေးအတွက် ကြိုတင်ပြင်ဆင်ထားတာ၊ အကယ်၍ သူသာ ရှေ့မှာရှိတဲ့ ဒီလူရဲ့ အတွင်းကမ္ဘာကို စားသုံးလိုက်မိရင် နောက်ဆုံးအခွင့်အရေးကို ဖြုန်းတီးလိုက်တာနဲ့ အတူတူပဲမဟုတ်လား ”

‘လက်ရှစ်ဖက်နတ်ဘုရား’ မှာ သတိလစ်မတတ် မျက်နှာပျက်ယောင်းသွားရသည်။ သို့သော် ခဏအကြာတွင် သူ၏ ညီဝမ်းကွဲမှာ မိုက်မဲသူမဟုတ်ကြောင်း ရုတ်တရက် သတိရသွားသည်။

“ဟုတ်ပြီ၊ ဒီကောင်လေးရဲ့ အခြေခံစွမ်းအားက… ငါတို့ ဒီတစ်ခေါက် ပစ်မှတ်ထားတဲ့သူတွေနဲ့ ယှဉ်ရင်တောင် မနိမ့်ကျတော့ဘူး။ သူ့ကို စားလိုက်တာပဲ ဖြစ်ဖြစ်၊ သူမကို စားလိုက်တာပဲ ဖြစ်ဖြစ် အတူတူပါပဲ!”

“တစ်ခုတည်းသော ကွာခြားချက်ကတော့ နောက်ဆက်တွဲကိစ္စတွေကို ဖြေရှင်းဖို့ လိုအပ်တာပဲ…”

ဤသို့ တွေးတောမိလိုက်သောအခါ ‘လက်ရှစ်ဖက်နတ်ဘုရား’ ၏ မျက်နှာမှာ ပြန်လည်ကြည်လင်လာသည်။ ဖန်ချန်၏ စွမ်းအားမှာ သူမျှော်လင့်ထားသည်ထက် ကျော်လွန်နေသဖြင့် အနည်းငယ် တုန်လှုပ်မိသော်လည်း ကိစ္စရပ်မှာ သူ၏ ထိန်းချုပ်မှုအောက်တွင် ရှိနေဆဲဖြစ်သည်။

ဖန်ချန်၏ ရှေ့မှ လေဟာနယ်မှာ နက်ရှိုင်းလှသော သားရဲကြီးတစ်ကောင်၏ ပါးစပ်ပေါက်ကဲ့သို့ ပြောင်းလဲသွားသည်။ ထိုအချိန်တွင် ကြောက်မက်ဖွယ်ကောင်းသော ဆွဲငင်အားကို အနီးအနားတွင် တိုက်ပွဲကို ကြည့်ရှုနေကြသည့် သူတော်စင်များပင် အနည်းငယ် ခံစားမိကြသည်။

မျက်မြင်ကိုယ်တွေ့ပင် ဖန်ချန်ရှိရာ အတွင်းကမ္ဘာမှာ သဲမှုန်များကဲ့သို့ တစ်လက်မချင်းစီ ဖြည်းဖြည်းချင်း ကွာကျနေပြီး ဟွမ်ချွီတွင်းနက် ၏ ဝါးမြိုခြင်းကို ခံရတော့မည့်အလား ဖြစ်နေသည်။

တိုက်ပွဲကို ကြည့်ရှုနေကြသည့် သူတော်စင်များမှာ ထိုမြင်ကွင်းကို မြင်လိုက်ရသည့်အခါ စိတ်လှုပ်ရှားလွန်း၍ နှလုံးခုန်သံများပင် ရပ်တန့်မတတ် ဖြစ်သွားကြသည်။

“ဝူရှီ တစ်ယောက်တော့ ဒီတစ်ခါ မရှုံးနိမ့်သွားပါစေနဲ့”

ဟု ဂွေ့မြန်နှင့် ရှဲ့ထူ တို့မှာ တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ တီးတိုးပြောလိုက်ကြသည်။

ဝမ်ဟိုမှာ လက်သီးကို တင်းတင်းဆုပ်ကာ စိတ်လှုပ်ရှားစွာဖြင့် တီးတိုးရေရွတ်သည်။

“အစ်ကိုကြီး၊ သူ အဝါးမြိုခံရတော့မှာ”

ဝမ်ကျန်းမှာ ရုတ်တရက် သက်ပြင်းကြီးချလိုက်သည်။ သူ့ကို အလွယ်တကူ အနိုင်ယူသွားခဲ့သော သူတော်စင်မှာ ယခုအခါတွင် အခြားသူတော်စင်တစ်ဦး၏ ဝါးမြိုခြင်းကို ခံရတော့မည်ဖြစ်သည်။ နေမင်းခုနှစ်ပါးခန်းမမှ စွမ်းအင်စုစည်းခြင်း အလယ်အဆင့် ထိပ်ဆုံး (၁၀) ဦးစာရင်းဝင် နတ်ဘုရားအရှင်၏ အမွေဆက်ခံသူဖြစ်သည့် သူသည် မိမိနှင့် ‘ဇန်ထျန်တောင်’ တို့ကြားက ကွာဟချက်မှာ ချောက်ကမ်းပါးကြီးသဖွယ် ကြီးမားလိမ့်မည်ဟု မတွေးတောဝံ့ပေ။

အမျိုးသမီးမှာ စိတ်အေးလက်အေး ရှိနေသည့် ချီကွမ်းယိကို ကြည့်လိုက်သည်။

“နင် သဘောကျနေတဲ့ သူတော်စင်တစ်ယောက်က ဟွမ်ချွီတွင်းနက် ဆိုတဲ့ ဒီမျိုးနွယ်စုကံကြမ္မာဆိုင်ရာ နတ်ဘုရားစွမ်းရည်ကို တားဆီးနိုင်မှာ မဟုတ်ဘူး။ ဒါက သူတော်စင်တစ်ယောက်ရဲ့ စွမ်းအားအဆင့်ကို ကျော်လွန်နေပြီ၊ ဒါက အင်အားကြီး မျိုးနွယ်စုတွေရဲ့ အနှစ်သာရပဲ။ နင့်ရဲ့ ချီထျန် ကြီးမားသော ကျောက်စာမှတ်တမ်း ကလည်း ဒီနှစ်တွေအတွင်းမှာ သွေးရွာခန်းမက ထိပ်တန်း ထူးချွန်သူတွေကို အနိုင်ယူခဲ့ဖူးတာပဲမဟုတ်လား”

“တိုက်ပွဲက မပြီးဆုံးသေးဘူး၊ ဘာမဆို ဖြစ်လာနိုင်တယ်”

ချီကွမ်းယိမှာ အေးဆေးတည်ငြိမ်နေဆဲဖြစ်သည်။ သူသည် တိုက်ပွဲကို အာရုံစူးစိုက်စွာ ကြည့်ရှုနေပြီး အခြားသူများကဲ့သို့ တိုက်ပွဲရလဒ်ကို ကြိုတင်ဆုံးဖြတ်မထားပေ။ ‘ဝူရှီ’ မှာ အလွယ်တကူ ရှုံးနိမ့်သွားလိမ့်မည်ဟု သူ မထင်သလို၊ ‘ဝူရှီ’ မှာ ‘ဇန်ထျန်တောင်’ ကို အလွယ်တကူ အနိုင်ယူနိုင်လိမ့်မည်ဟုလည်း မထင်ပေ။

အမျိုးသမီးမှာ မျက်မှောင်ကြုတ်လိုက်သည်။

“တိုက်ပွဲက မပြီးသေးဘူးလား”

သူမ၏ မျက်စောင်းထိုး ကြည့်လိုက်ရာ ဖန့်ချန်၏ အတွင်းကမ္ဘာမှာ တစ်လက်မချင်းစီ ကွာကျနေပြီး အတွင်းကမ္ဘာ၏ အနှစ်သာရမှာ ဝိညာဉ်ခန္ဓာကိုယ်မှ ထွက်ခွာသွားသကဲ့သို့ ဟွမ်ချွီတွင်းနက် ထံသို့ စုပ်ယူခြင်း ခံနေရသည်ကို မြင်လိုက်ရသည်။

တစ်ဖက်တွင်မူ။

‘လုယေကျွင်း’ မှာ ဟွမ်ချွီတွင်းနက် ဆိုသည့် နတ်ဘုရားစွမ်းရည်ကို မြင်လိုက်ရသည့်အခါ အမူအရာ ပြောင်းလဲသွားပြီး ဒေါသတကြီး ဆဲဆိုလိုက်သည်။

“သောက်ကျိုးနည်း ‘ဇန်ထျန်တောင်’၊ သူက အတွင်းကမ္ဘာ တစ်ခုစာလောက်ကို ထပ်စားနိုင်သေးတယ် သူ ဒီတစ်ခါ မင်းရဲ့ အတွင်းကမ္ဘာကို စားဖို့ ကြံစည်နေတာ ”

စကားဆုံးသည်နှင့် သူသည် ‘ချန်ချန်၏ မိန်းမ’ ကို ကြည့်လိုက်သည်။

‘ချန်ချန်၏ မိန်းမ’ က အေးဆေးစွာဖြင့် -

“ဒါက ငါတို့ ကြိုတွက်ထားပြီးသား မဟုတ်ဘူးလား။ သူသာ အတွင်းကမ္ဘာတစ်ခု ထပ်စားနိုင်မနေရင် သူ ဒီကို ရောက်လာမှာ မဟုတ်ဘူး။ ငါတို့ကလည်း ဒီအခွင့်အရေးကို အသုံးချပြီး သူ့ကို သတ်ပစ်ချင်နေကြတာပဲလေ”

“ဒါပေမဲ့ သူက အခု ဒီကောင်လေးရဲ့ အတွင်းကမ္ဘာကို ရွေးလိုက်ပြီ။ အကယ်၍ သူသာ အောင်မြင်သွားရင် မင်း သူ့နဲ့ နောက်တစ်ခါ ထပ်တိုက်ရတဲ့အခါ… မင်းမှာ အနိုင်ရဖို့ အခွင့်အရေး မရှိတော့ဘူး”

‘လုယေကျွင်း’ ၏ မျက်နှာမှာ ဒေါသကြောင့် ပြာနှမ်းသွားသည်။

“ဒီတစ်ခေါက် အစီအစဉ်ကတော့ ဒီကောင်ကြောင့် ပျက်စီးရတော့မှာပဲ”

“အနာဂတ် အစ်ကိုကြီးရယ်၊ အဲ့လို မပြောပါနဲ့။ ‘ဝူရှီ’ က ‘ဇန်ထျန်တောင်’ ကို အနိုင်ယူနိုင်လိမ့်မယ်လို့ ငါ ယုံကြည်တယ်”

‘ချန်ချန်၏ မိန်းမ’ မှာ မာန်မာနအပြည့်ဖြင့် လည်ပင်းကို မော့ကာ ‘ဇန်ထျန်တောင်’ ကို အထင်သေးသည့် အရိပ်အယောင်ဖြင့် ကြည့်လိုက်သည်။

“ဒီလိုလူမျိုးက ဘာမှလည်း မတော်ပါဘူး။ လောဘကြီးသော နတ်ဆိုးမျိုးနွယ်စုက ဖြစ်ပါလျက်နဲ့ အတွင်းကမ္ဘာကိုတောင် ကောင်းကင်အရှင် အဆင့်ထိ မမြှင့်တင်နိုင်သေးဘူး၊ တကယ်ကို အသုံးမကျတဲ့လူပဲ”

“……”

‘လုယေကျွင်း’ မှာ မိမိ၏ အနာဂတ် ညီမငယ်ကို ထူးဆန်းစွာ ကြည့်လိုက်မိသည်။ သူမ ဘာလို့များ ‘ဝူရှီ’ ကို ဒီလောက်ထိ ယုံကြည်နေရတာလဲ။

ဤအချိန်တွင်။

ဖန်ချန်မှာ ဟွမ်ချွီတွင်းနက် ၏ ဖိအားကို တည်ငြိမ်စွာ ခံစားနေသည်။ တစ်ဖက်လူမှာ အမှန်တကယ်ပင် လေးစားထိုက်သော ပြိုင်ဘက်ဖြစ်သည်။ စွမ်းအင်စုစည်းခြင်း အလယ်အဆင့်တွင် သူနှင့် စွမ်းအားအခြေခံ အလွန်နီးစပ်သည့် ပထမဆုံးသော ပြိုင်ဘက်ဖြစ်သည်။ ကောင်းကင် ငါးပါးမှ အင်အားကြီး မျိုးနွယ်စုများထဲတွင် လောဘကြီးသော နတ်ဆိုးမျိုးနွယ်စုမှသာ ထိုကဲ့သို့သော သူမျိုးကို မွေးထုတ်ပေးနိုင်လိမ့်မည်။ ထို့နောက်တွင်မူ မငြိမ်သက်သောဒေသမှ ချီထျန်မျိုးနွယ်စုဝင် ချီကွမ်းယိ ဖြစ်ပေလိမ့်မည်။

အတွင်းကမ္ဘာထဲတွင်။

ချီယန်သူတော်စင် မှာ ထိတ်လန့်တကြား အော်ဟစ်နေသည်။

“ဘာဖြစ်တာလဲ အတွင်းကမ္ဘာရဲ့ အနှစ်သာရတွေ မြန်မြန်ဆန်ဆန် စီးဆင်းပျောက်ဆုံးနေတယ်၊ ဖန့်ငရဲမင်းက ဘာလို့ ပြန်မတိုက်ခိုက်တာလဲ ”

သူသည် ကောင်းကင်တစ်ခုလုံး ပြည့်နှက်နေသော အနှစ်သာရများမှာ တံခါးပေါက်ဘက်သို့ လျင်မြန်စွာ စီးဆင်းပျောက်ဆုံးနေသည်ကို မြင်လိုက်ရသည်။

“ဘာကို တုန်လှုပ်နေတာလဲ အရှင်သခင် မှာ အစီအစဉ်ရှိတယ်။ ဒီတစ်ခေါက် ပြိုင်ဘက်က အတော်ကို သန်မာတယ်။ အရှင်သခင်က အဆင့်တူ သူတော်စင်တစ်ဦးနဲ့ တွေ့ဖို့ မလွယ်ဘူး။ နောက်ထပ် နည်းနည်းလောက် ကြည့်နေရတာ ဘာဖြစ်လဲ”

လီဝူမှာမူ အေးဆေးတည်ငြိမ်နေသည်။ အကြောင်းမှာ ဖန်ချန်သည် လူသားမျိုးနွယ်စု၏ မျိုးနွယ်စုကံကြမ္မာဆိုင်ရာ နတ်ဘုရားစွမ်းရည်ကို ထုတ်မသုံးရသေး၍ ဖြစ်သည်။

……

‘ဇန်ထျန်တောင်’ မှာ အတွင်းကမ္ဘာ၏ အနှစ်သာရများ သူ၏ထံသို့ အရှိန်အဟုန်ဖြင့် စီးဝင်လာသည်ကို ကြည့်ကာ အနည်းငယ် ကဲ့ရဲ့လိုက်သည်။

“‘ဟွမ်ချွီတွင်းနက်’ က ငါ့ထက် အခြေခံစွမ်းအား နိမ့်ကျတဲ့ သူတော်စင်တွေကို ဖိနှိပ်ထားနိုင်တယ်။ မင်းက သန်မာတာ အမှန်ပဲ၊ ဒါပေမဲ့ အခုဆို မင်းမှာ အတွင်းကမ္ဘာရဲ့ စွမ်းအားကို မသုံးနိုင်တော့သလို မင်းရဲ့ နတ်ဘုရားစွမ်းရည်တွေကိုလည်း အသုံးမပြုနိုင်တော့ဘူး။ မင်းကိုယ်တိုင် အဝါးမြိုခံလိုက်ရတာကို ငေးကြည့်နေရုံပဲ ရှိတော့မှာ။ အမှန်တော့…”

သူသည် အကြည့်စောင်းကာ သူတော်စင်များအကြားတွင် ‘ချန်ချန်၏ မိန်းမ’ ကို ရှာဖွေလိုက်သည်။

“ငါ့ရဲ့ နောက်ဆုံး အတွင်းကမ္ဘာကို စားသုံးဖို့ အခွင့်အရေးကို သူမအတွက် ချန်ထားတာ။ သူမက လက်ရှိ ကမ္ဘာမှာ လူငယ်မျိုးဆက်ထဲက မွေးရာပါ ကောင်းကင်အရှင် အဆင့်အတွင်းကမ္ဘာကို ပိုင်ဆိုင်ထားတဲ့ တစ်ဦးတည်းသော ထိပ်တန်း ပါရမီရှင်ပဲ။ သူမရဲ့ အတွင်းကမ္ဘာက ပိုပြီး အရသာရှိမှာ သေချာတယ်၊ ငါ့အတွက်လည်း ပိုပြီး အကျိုးရှိမှာပဲ”

‘ဇန်ထျန်တောင်’ သည် အကြည့်ကို ပြန်ရုတ်သိမ်းလိုက်ပြီး ဖန့်ချန်ကို အထင်သေးစွာ ကြည့်လိုက်သည်။

“နောင်တရစရာကောင်းပေမဲ့ မင်းရဲ့ အတွင်းကမ္ဘာကလည်း အတော်လေး တန်ဖိုးရှိတာပဲ။ ရှေးခေတ် ကောင်းကင်အရှင်တစ်ယောက် ပြောခဲ့ဖူးတယ်၊ လောကမှာ စုံလင်မှုဆိုတာ မရှိဘူးတဲ့၊ ဘယ်လိုပဲဖြစ်ဖြစ် နောင်တတချို့တော့ ကျန်ရစ်ခဲ့မှပဲ ဖြစ်မယ်။ ဒါမှပဲ ငါတို့လိုလူတွေက အပေါ်ကို တက်လှမ်းဖို့ အခွင့်အရေး ရမှာလေ”

‘ဇန်ထျန်တောင်’ ၏ စကားကြောင့် နေရာတွင် ရှိနေသော သူတော်စင်များအားလုံး ထိတ်လန့်တုန်လှုပ်သွားကြသည်။

ကောင်းကင်အရှင် အဆင့် အတွင်းကမ္ဘာ

တစ်ခဏချင်းမှာပင် အံ့ဩတုန်လှုပ်ခြင်း၊ မယုံကြည်နိုင်ခြင်းများဖြင့် ပြည့်နှက်နေသော အကြည့်ပေါင်းများစွာသည် ‘ချန်ချန်၏ မိန်းမ’ ထံသို့ ရောက်ရှိသွားသည်။

‘လုယေကျွင်း’ မှာ မနေနိုင်ဘဲ ဆဲဆိုလိုက်သည်။

“ဒီကောင်က ပါးစပ်သရမ်းပြီး မင်းရဲ့ ပါရမီကို တမင်သက်သက် ဖော်ထုတ်လိုက်တာပဲ”

“ဘာမှမဖြစ်ဘူး၊ ဘယ်လိုမှ ဝှက်ထားလို့မရဘူးလေ။ နောက်ပြီး သူကလည်း အသက်ရှင်တော့မှာ မဟုတ်ဘူး”

ဟု ‘ချန်ချန်၏ မိန်းမ’ က ဂရုမစိုက်စွာ ပြောသည်။

“အို… မင်းက တကယ်ပဲ ‘ရှောင်ယွီ’ ရဲ့ အတွင်းကမ္ဘာကို စားဖို့ လာတာကိုး”

ဟု ဖန်ချန်က တီးတိုးရေရွတ်သည်။

“မင်း ဘာပြောလိုက်တာလဲ”

‘ဇန်ထျန်တောင်’ မှာ မျက်မှောင်ကြုတ်လိုက်ပြီး သေချာ မကြားလိုက်ရပေ။

ဖန်ချန်မှာ နှုတ်ခမ်းကို ကွေးညွတ်ကာ ပြုံးလိုက်သည်။ တစ်ခဏချင်းတွင် သိုင်းသူတော်စင် ၏ နတ်ဘုရားစွမ်းရည် အမှတ်အသားမှ တောက်ပသော အလင်းရောင်များ ပေါက်ကွဲထွက်လာပြီး တစ်ဖက်လူကို ချက်ချင်း ဖုံးလွှမ်းသွားသည်။

ထိုအချိန်တွင် ဟွမ်ချွီတွင်းနက် ၏ စုပ်ယူခြင်းကို ခံနေရသော အတွင်းကမ္ဘာ၏ အနှစ်သာရများမှာ အဆပေါင်း ရာနှင့်ထောင်နှင့်ချီ၍ မြန်ဆန်သောနှုန်းဖြင့် ဖန့်ချန်၏ ခန္ဓာကိုယ်ထဲသို့ ပြန်လည် စီးဝင်လာသည်။

အတွင်းကမ္ဘာ တစ်ခုလုံးမှာ သူနှင့် တစ်သားတည်း ဖြစ်သွားသည်။

မိုးထိမတတ် မြင့်မားလှသော ကြောက်မက်ဖွယ်ကောင်းသည့် ခန္ဓာကိုယ်ကြီးမှာ လေဟာနယ်တွင် မတ်မတ်ရပ်တည်နေသည်။

‘ဇန်ထျန်တောင်’ အံ့အားသင့်နေစဉ်မှာပင် လေဟာနယ်ထဲမှ ကြီးမားလှသော လက်သီးဆုပ်ကြီးတစ်ခု ပြုတ်ကျလာသည်။

ဘုန်း

လက်သီးဆုပ်ကြီးက ‘ဇန်ထျန်တောင်’ ၏ အတွင်းကမ္ဘာကို ရိုက်ချိုးလိုက်သည်။

တစ်ဆက်တည်းမှာပင် ‘ဇန်ထျန်တောင်’ တစ်ကိုယ်လုံးကိုလည်း အမှုန့်အဖြစ် ကြိတ်ချေလိုက်သည်။

ကျန်ရစ်ခဲ့သော အတွင်းကမ္ဘာ အစိတ်အပိုင်းများမှာ လေဟာနယ်တွင် ပျံလွင့်နေပြီး ၎င်း၏ ပိုင်ရှင်မှာမူ အရိပ်အယောင်မျှပင် မကျန်တော့ပေ။

All Chapters