← Chapters

အခန်း (၃၃၀၁-၃၃၀၄)

Vol. 145 Ch. 3301-3302

အခန်း (၃၃၀၁-၃၃၀၄)

Vol. 145 Ch. 3301-3302

အပိုင်း (၃၃၀၁)

ဘာသာပြန်သူ_တိမ်တိုက်

“ကျုပ်သိပြီ…” ချီဟိုင် ဒယိမ်းဒယိုင်ဖြစ်သွားခဲ့ပြီး သူ့မျက်နှာမှာလည်း ရုတ်ချည်း အိုစာသွားခဲ့လေသည်။ သို့သော်ငြား သူ့စိတ်ထဲတွင်တော့ ရန်ကိုင်အား ကြိတ်ကာ ကျိန်ဆဲနေလေ၏။ (ဒီလောက်အဖိုးတန်တဲ့ ဖီးနစ်မီးတောက်ကို သူနဲ့ သွားလေရာ မယူသွားဘဲနေမလား… လာပြီးတော့များ အကြောင်းပြချက်တွေပေးနေသေးတယ်… မကူညီချင်ဘူးဆိုရင်လည်း မကူညီချင်ဘူးပေါ့… ဘာတွေ ဝေ့လည်ကြောင်ပတ် လျှောက်ပတ်ပြောနေတာလဲ…)

ရန်ကိုင်က မျက်မှောင်ကျုံ့၍ “ပြီးတော့ အဆိပ်မိနေတဲ့လူက ခင်ဗျားရဲ့မိန်းမဆိုမှတော့ ကျုပ်အပေါ် မျှော်လင့်ချက်တွေအကုန်လုံးကို စုပုံမထားဘဲနဲ့ ခင်ဗျားဘာသာခင်ဗျား အဆိပ်ဖြေလို့ရမယ့်နည်းလမ်းတွေကိုလည်း လိုက်ရှာသင့်သေးတယ် မဟုတ်ဘူးလား…”

ချီဟိုင်က ဝမ်းနည်းတကြီးအမူအယာဖြင့် “ဖီးနစ်မီးတောက်နဲ့ပဲ ကယ်လို့ရမှာကို… အခြားနည်းလမ်းမှ ရှာလို့မရတော့တာ… အဲ့ဒါကြောင့်ပဲ ရောင်းရင်းရန် အရှေ့ဘက်နယ်မြေကို ရောက်နေတယ်ဆိုတဲ့အကြောင်း ကြားတာနဲ့ ချက်ချင်းပြေးလာခဲ့တာ… ဒါပေမယ့် ရောင်းရင်းရန်က အရမ်းမြန်လွန်းနေတော့ အမီမလိုက်နိုင်ဘူးဖြစ်သွားတယ်… ကံကောင်းစွာနဲ့ပဲ ရောင်းရင်းရန် ကောင်းကင်ဝံပုလွေတောင်ကြားဆီ ရောက်နေတယ်လို့ သတင်းကြားလို့ ပြေးလာခဲ့တာ…” တစ်ချက်မျှရပ်ပြီးသည့်နောက် ချီဟိုင်က ဆက်၍မေးလိုက်သည်။ “ရောင်းရင်းရန် စိတ်ဝိဉာဉ်သားရဲကျွန်းဆီ သွားလို့ရမယ့်နည်းလမ်းကို ရှာနေတယ်လို့ ဒီချီကြားတယ်…”

ရန်ကိုင်က ပြုံး၍ “ကျုပ်ကိစ္စနဲ့ပတ်သက်လာရင် ရောင်းရင်းချီက တကယ်ကို သေသေချာချာ သိထားတာပဲ…”

ရန်ကိုင် သူ့အပေါ် လှောင်ပြောင်နေသည်ကို ချီဟိုင် သတိထားမိပေသည်။ သို့သော်ငြား မသိချင်ယောင်ဆောင်လျက် မျက်နှာတည်ဖြင့် ပြန်ပြောလိုက်သည်။ “အဲ့လိုဆိုလို့ရှိရင် ဒီချီ ရောင်းရင်းရန်ကို ကူညီပေးလို့ရလောက်တယ်…”

ရန်ကိုင်က ပြန်မေးလိုက်သည်။ “စိတ်ဝိဉာဉ်သားရဲကျွန်းဆီကို ဘယ်လိုသွားရမလဲဆိုတာကို ရောင်းရင်းချီသိနေတာလား…”

ချီဟိုင်က ပြုံး၍ “သိထားတာတော့မဟုတ်ပါဘူး… ဒီချီက သားရဲရှာသူတစ်ယောက်ကို ဘယ်မှာရှာလို့ရမလဲ သိထားတယ်… သားရဲရှာသူတွေက စိတ်ဝိဉာဉ်သားရဲကျွန်းကလူတွေလေ… ဒီတော့ သူတို့ကိုသာ ရှာတွေ့မယ်ဆိုရင် စိတ်ဝိဉာဉ်သားရဲကျွန်းဆီကို ဘယ်လိုသွားရမလဲသိပြီ…”

ရန်ကိုင်၏အမူအယာ ပြောင်းလဲသွားလေ၏။ “အဲ့လူဘယ်မှာလဲ…”

ချီဟိုင်က ဂုဏ်ယူဝံ့ကြွားစွာ ပြုံးလျက် “သားရဲရှာသူရဲ့အလုပ်က ဒီလောကကြီးထဲမှာ ရှိနေတဲ့ အဖိုးတန်တဲ့သားရဲတွေကို စီနီယာသားရဲသခင်အတွက် လိုက်ရှာပေးဖို့ပဲ… အရှေ့ဘက်နယ်မြေထဲမှာ ရှားပါးတဲ့မွန်းစတားသားရဲတွေ ဘယ်နေရာမှာ အများဆုံးရှိမယ်လို့ ရောင်းရင်းရန်ထင်လဲ…”

ရန်ကိုင်က ချက်ချင်းပဲ ပြန်ပြောလိုက်သည်။ “ရှေးဟောင်းတောအုပ်ကြီးလား…”

ချီဟိုင်က လက်ခုပ်တီးလျက် “ဟုတ်တယ်… ရှေးဟောင်းတောအုပ်ကြီးထဲမှာ နတ်သားရဲတွေရဲ့ သွေးမျိုးဆက်ကို ပိုင်ဆိုင်ထားတဲ့ မွန်းစတားသားရဲတွေအများကြီးပဲ… ဒီတော့ သားရဲရှာသူတစ်ယောက်သာဆိုရင် အဲ့နေရာကို လုံးဝ ရှောင်ထွက်သွားမှာမဟုတ်ဘူး… ချီမိသားစုခံတပ်က ရှေးဟောင်းတောအုပ်ကြီးရဲ့ အပြင်ဘက်နားမှာရှိတာ… ဒီချီ အမှန်အတိုင်းပဲ ပြောလိုက်မယ်… အခုလောလောဆယ် ချီမိသားစုခံတပ်ထဲမှာ သားရဲရှာသူတစ်ယောက် ရှိနေတယ်…”

“တိုက်ဆိုင်လိုက်တာပါလား…” ရန်ကိုင်သည် ချီဟိုင်ကိုကြည့်၍ ပြန်မေးလိုက်သည်။ “ဒီတော့ ရောင်းရင်းချီက ကျုပ်ကို ရောင်းရင်းချီနဲ့အတူ ခင်ဗျားရဲ့ချီမိသားစုခံတပ်ဆီ ပြန်လိုက်ပြီးတော့ သားရဲရှာသူနဲ့ တွေ့စေချင်နေတာမလား… တစ်ချိန်တည်းမှာပဲ ခင်ဗျားမိန်းမကိုလည်း ကယ်စေချင်နေတာမလား… ဟုတ်တယ်မလား…”

ချီဟိုင်က လက်သီးဆုပ်လျက် “ကျုပ်မိန်းမကိုသာ ကယ်ပေးနိုင်မယ်ဆိုရင်တော့ ရောင်းရင်းရန်ကို ဒီချီ တကယ်ကျေးဇူးတင်မှာ…”

ရန်ကိုင်က ခေါင်းညိတ်၍ အမှုမထားသည့်ပုံစံမျိုးဖြင့် ပြန်ပြောလိုက်သည်။ “အဲ့မတိုင်ခင် ကျုပ် ရောင်းရင်းချီကို မေးစရာလေး နည်းနည်းပါးပါးရှိတယ်…”

ချီဟိုင်က အလေးအနက်အမူအယာဖြင့် ပြန်ပြောလိုက်သည်။ “မေးစရာရှိရင် မေးလေ ရောင်းရင်းရန်…”

ရန်ကိုင်က မေးလိုက်သည်။ “မရဏဂိုဏ်းနဲ့ ဗြဟ္မာ့ကုန်းမြေက ကျုပ်ကိုရှာနေတယ်ဆိုတာကို ရောင်းရင်းချီ သိတယ်မလား…”

“ကျုပ်လည်း ရောင်းရင်းရန်ကို အဲ့အကြောင်း အခုပဲပြောတော့မလို့…” ချီဟိုင်က အပြစ်မကင်းဟန်ဖြင့် “ဒီချီက ရောင်းရင်းရန်ကို တောက်လျှောက်လိုက်ရှာနေတာလေ… ဒီတော့ အရှေ့ဘက်နယ်မြေမှာရှိတဲ့ ဒီချီရဲ့လူတွေကို ရောင်းရင်းရန်ကိုလိုက်ရှာဖို့ အမိန့်ပေးထားပြီးသား… သူတို့ အခုလိုမျိုးလိုက်ရှာလို့ အခြားသူတွေလည်း သတိထားမိသွားတာ ဖြစ်လိမ့်မယ်… အခုဆိုရင် ထိပ်တန်းဂိုဏ်းနှစ်ဂိုဏ်းက အဲ့အကြောင်းကိုကြားပြီးတော့ ရောင်းရင်းရန်ကို အမဲလိုက်နေပြီ… တကယ်ကို အားနာပါတယ်ကွာ ရောင်းရင်းရန်…”

“အဲ့လိုလား…” ရန်ကိုင်ကမူ ပြုံး၍ ထပ်ပြောလိုက်လေသည်။ “ကျုပ် ရောင်းရင်းချီကို အမှန်အတိုင်းပဲပြောတော့မယ်… ကျုပ် အခု ကောင်းကင်ဝံပုလွေတောင်ကြားဆီရောက်လာတာ စိတ်ဝိဉာဉ်သားရဲကျွန်းဆီ ဘယ်လိုသွားလို့ရမလဲဆိုတာကို ရှာဖို့ပဲ… ဒါပေမယ့် တောင်ကြားသခင်ထန်က မရဏဂိုဏ်းနဲ့ ဗြဟ္မာ့ကုန်းမြေကို ကြောက်ပြီးတော့ ကျုပ်ကို မကူညီချင်ပေးဘူး… ရောင်းရင်းချီသာ ကျုပ်ကို ချီမိသားစုခံတပ်ဆီ ပြန်ခေါ်သွားမယ်ဆိုရင် ထိပ်တန်းဂိုဏ်းနှစ်ဂိုဏ်း ရောင်းရင်းချီရဲ့ခံတပ်ကို လာပြဿနာရှာမှာ မကြောက်ဘူးလား…”

ချီဟိုင်က ပြန်ပြောလိုက်သည်။ “ဒီချီရဲ့မိန်းမကိုသာ ကယ်နိုင်မယ်ဆိုရင် ဘယ်လောက်ပဲ စတေးရ စတေးရ ကိစ္စမရှိဘူး…”

ရန်ကိုင်က ခေါင်းညိတ်လိုက်လေသည်။ “ရောင်းရင်းချီရဲ့အချစ်ကိုတော့ ဒီရန် တကယ်လေးစားမိတယ်… ဒါပေမယ့် အဲ့လိုဆိုမှတော့ ကျုပ် နားမလည်တာ တစ်ချက်တော့ ရှိနေတယ်…”

ချီဟိုင် ကြောင်သွားလေ၏။ “ရောင်းရင်းရန် ဘာကိုနားမလည်တာလဲ…”

ရန်ကိုင်က ပြုံးဖြီးလျက် ဘေးပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရင်းမှ “ရောင်းရင်းချီက ကျုပ်ဆီကနေ အကူအညီတောင်းချင်တာမလား… အဲ့ဒါကို ဘာဖြစ်လို့ မရဏဂိုဏ်းတို့ ဗြဟ္မာ့ကုန်းမြေတို့နဲ့ ပူးပေါင်းထားတာလဲ… အခုဆိုလို့ရှိရင် ကျုပ်လမ်းကိုပိတ်ပြီးတော့ ဟိုလူတွေထောင်ချောက်ဆင်လို့ရအောင် ကျုပ်ကို သူတို့အတွက် အချိန်ဆွဲပေးနေတာ… ရောင်းရင်းချီ ကျုပ်ကို ရန်စမိလိုက်သလို ဖြစ်သွားမှာကို မကြောက်ဘူးလား… ကျုပ်ဘက်ကမကျေနပ်တော့လို့ရှိရင် ရောင်းရင်းချီရဲ့မိန်းမကို လုံးဝ ကယ်ပေးတော့မှာမဟုတ်ဘူးနော်…”

ချီဟိုင်၏မျက်နှာ မဆိုစလောက်ကလေး မဲ့သွားခဲ့လေသည်။ သို့သော်ငြား သူ့ဟန်အမူအယာကို အလျင်အမြန် ပြန်ထိန်း၍ မေးလိုက်လေ၏။ “ရောင်းရင်းရန်… မင်း ဒါ ဘာသဘောလဲ…”

ရန်ကိုင်ကမူ ချီဟိုင်အား ဂရုစိုက်မနေတော့ဘဲ ဘေးပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်၍ အော်ပြောလိုက်လေသည်။ “ရောက်နေပြီဆိုမှတော့ ဘာဖြစ်လို့ ငကြောက်တွေလို ပုန်းနေသေးတာလဲ…”

“ဟား ဟား ဟား…” အော်ရယ်သံတစ်သံ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။ “ခင်ဗျားတို့ရဲ့လှည့်ကွက်လေးတွေနဲ့ သူ့ကိုအရူးလုပ်နိုင်မှာမဟုတ်ဘူးလို့ ကျုပ်ပြောသားပဲ… ဒါပေမယ့် ခင်ဗျားတို့မှ ကျုပ်ကိုမယုံတာ… အခု ကြည့်… ဘယ်သူတွေအရှက်ကွဲကုန်ပြီလဲ…”

ထိုလူမှ ထိုကဲ့သို့ ပြောပြီးသွားသည်နှင့်တစ်ပြိုင်နက် တစ်ခုသောနေရာရှိ ဟင်းလင်းပြင်မှာ မဆိုစလောက်ကလေး တုန်ခါလာခဲ့ပြီး အနီရောင်ဆံပင်၊ အနီရောင်မျက်လုံးများကို ပိုင်ဆိုင်ထားသော လူငယ်လေးတစ်ဦး ရုတ်တရက်ပေါ်လာခဲ့လေသည်။

ရန်ကိုင်သည် ထိုလူငယ်လေးကိုကြည့်၍ မျက်မှောင်ကျုံ့ကာ မေးလိုက်၏။ “ချီကွေ့လား…”

ရန်ကိုင်မှာ ချီကွေ့အား မသိပေ။ သူတို့နှစ်ဦးမှာ ကြယ်ပျက်ပင်လယ်ထဲတွင် တစ်ကြိမ်သာတွေ့ခဲ့ဖူးခြင်းဖြစ်သည်။ သို့သော်ငြား ချီကွေ့ကိုမြင်လိုက်သည်နှင့် မည်သူမှန်း ရန်ကိုင် ချက်ချင်း မျက်မှန်းတန်းမိ၏။ ထိုလူငယ်လေးမှာ အားဟန်ကျောင်းတော်၏ ချီကွေ့မှလွဲ၍ အခြားမဟုတ်။ ချီကွေ့၏ရုပ်ရည်မှာ အတော်လေးကိုမှ ထူးခြားလွန်းလှသည့်အတွက်ကြောင့် သူ့အား မမှတ်မိဖို့ရာမှာ မလွယ်ကူလှပေ။

ချီကွေ့က အပြုံးကြီးပြုံးလျက် စားကောင်းသောက်ဖွယ်ရာတစ်ခုကို မြင်တွေ့လိုက်ရသော ဆာလောင်နေသည့် ဝံပုလွေတစ်ကောင်ပမာ။ “မင်းက တောင်ဘက်နယ်မြေမှ ရန်ကိုင်မလား…”

ပြောနေရင်းမှ သူ၏အနီရောင်မျက်လုံးထဲ အလင်းတစ်ချက် ဖြတ်ပြေးသွားခဲ့သည်။ သားကောင်ကိုမြင်လိုက်သည့် မုဆိုးတစ်ဦးပမာ အချိန်မရွေး လှုပ်ရှားချင်နေသည့်ပုံစံမျိုး ပေါက်နေခဲ့သည်။

“ကောင်လေး… မင်း မဟုတ်တရုတ်စကားတွေ ဆက်ပြောနေရင် ငါ မင်းပါးစပ်ကို ဆွဲဖြဲပစ်တော့မှာနော်…” ထိုစဉ် အေးစက်စက်လေသံနှင့်အတူ မှုန်ကုပ်ကုပ်လူအိုကြီးတစ်ဦး ချီကွေ့၏ဘေးနားတွင် ပေါ်လာခဲ့လေသည်။ ထိုလူအိုကြီးမှာ မရဏဂိုဏ်း၏ဂိုဏ်းချုပ်ဖြစ်သော ဖုပိုမှလွဲ၍ အခြားမဟုတ်။ ဖုပိုမှာ ချီကွေ့၏စီနီယာတစ်ဦး ဖြစ်သည့်အလျောက် ချီကွေ့မှာ ဧကရာဇ်အဆင့် ပညာရှင်တစ်ဦး ဖြစ်ပါသော်ငြား တက်သစ်စကြယ်ပွင့်တစ်ပွင့်သာ ဖြစ်နေပေသေးသည်။ ထို့အတွက်ကြောင့် ဖုပိုတွင် သူ့အား ယခုကဲ့သို့ ဆူပုဆုံးမဖို့ရာ အရှည်အချင်းရှိပေသည်။

ဖုပို၏စကားကိုကြားသော် ချီကွေ့၏နှုတ်ခမ်း ကွေးတက်သွားလေသည်။ သို့သော်ငြား ဤအနီးအနားတွင် သူ့ဆရာရှိမနေသည့်အတွက်ကြောင့် ဘာမှတော့ ပြန်မပြောခဲ့ပေ။ ဖုပိုအား ဒေါသထွက်အောင် သွားလုပ်မိပါက သူပင် ဒုက္ခရောက်သွားရနိုင်ပေသည်။

“ဂိုဏ်းချုပ်ဖုပါလား…” ရန်ကိုင်သည် ဖုပိုအား ပြုံးကာ ကြည့်လိုက်သည်။

တကယ်ဆိုလျှင် ရန်ကိုင်အဖို့ ဖုပိုအား ယခုမှသာလျှင် ပထမဦးဆုံးအကြိမ် တွေ့ဖူးခြင်းမဟုတ်။ ယခင်က ရန်ကိုင်သည် မရဏဂိုဏ်းဆီသို့ အလည်သွားခဲ့ဖူးပေသည်။ သို့သော်ငြား ထိုစဉ်က သူနှင့်အတူ လွမ်ဖုန်းပါ ပါလာခဲ့သည်။ လွမ်ဖုန်းရှိနေသည့်အလျောက် ယင်လဲ့ရှန်းအား သတ်သွားသည့်လူမှာ ရန်ကိုင်မှန်းသိသည့်တိုင် ဖုပိုမှာ ရန်ကိုင်အား ဘာဆိုဘာမှ မလုပ်ရဲခဲ့ပဲ သူ့ဒေါသကို မျိုသိပ်ထားရုံသာ တတ်နိုင်ခဲ့သည်။ တကယ်တော့ ရန်ကိုင်နှင့်အတူရှိနေသည်မှာ ရှေးဟောင်းတောအုပ်ကြီးထဲမှ နတ်သားရဲတစ်ကောင်ပင် မဟုတ်လေလော။

ယခုတစ်ကြိမ်တွင်လည်း အထက်မှညွှန်ကြားချက်များကို ရရှိခဲ့သည့်အတွက်ကြောင့်သာ မဟုတ်ပါက ရန်ကိုင်အား အမဲလိုက်ရန် ကြိုးစားရဲခဲ့လိမ့်မည်မဟုတ်ပေ။ သို့သော်ငြား သူရရှိထားသည့် အချက်အလက်များနှင့် ညွှန်ကြားချက်များကြောင့် ဖုပိုမှာ ဘာကိုမှ စိတ်ပူနေစရာမလိုပဲ အေးအေးဆေးဆေး လှုပ်ရှားနိုင်လေပြီ။ ထိုအကြောင်းကြောင့်ပင်လျှင် ယခုကိစ္စကို အသုံးချ၍ ရန်ကိုင်နှင့် တစ်ခါတည်း စာရင်းရှင်းရန် ကြိုးစားနေခြင်းပင် ဖြစ်၏။

“ကောင်လေး… မင်းသတ္တိက မသေးပါလား… အရှေ့ဘက်နယ်မြေထဲမှာ ထပ်ပေါ်လာရဲတယ်ပေါ့ ဟုတ်လား…” ရန်ကိုင်အား မီးတောက်မတတ်အကြည့်ဖြင့် စိုက်ကြည့်ရင်းမှ ဖုပိုသည် အေးစက်စက်အမူအယာဖြင့် နှာခေါင်းရှုံ့လိုက်သည်။ ထိုအခိုက်အတန့်မှာပင် အားကောင်းလှသည့် ဧကရာဇ်အဆင့်ပညာရှင်များ တစ်ယောက်ပြီးတစ်ယောက် ပေါ်လာကြလေသည်။

ရန်ကိုင်ကမူ ထီမထင်ဟန်ဖြင့် ပြန်၍လှောင်ပြောင်လိုက်လေသည်။ “ဒီလောကကြီးက အကျယ်ကြီးပဲဟာကို… ဒီရန် ကိုယ့်ဘာသာကိုယ် ဘယ်သွားသွားပေါ့… ခင်ဗျားအပူပါလို့လား… အရှေ့ဘက်နယ်မြေကိုရော ကျုပ်က ဘာဖြစ်လို့ မလာရဲရမှာလဲ…”

ဖုပိုက လှောင်ပြုံးပြုံးလျက် “မင်းခွန်အားကလည်း မင်းပြောတဲ့စကားကို ထောက်ခံပေးနိုင်တဲ့အဆင့်မျိုး ရှိဖို့သာ ဆုတောင်းထားပေတော့ပေါ့ကွာ…”

ရန်ကိုင်ကပြုံး၍ “ဂိုဏ်းချုပ်ဖု… ကျုပ်ကိုရင်ဆိုင်ဖို့အတွက် ခင်ဗျားဂိုဏ်းကပညာရှင်တွေအကုန်လုံးကို ခေါ်လာတဲ့အကြောင်းကို အမျိုးသမီးဖုန်းကြားသွားပြီးတော့ ခင်ဗျားကို လာပြဿနာရှာမှာ မကြောက်ဘူးလား…”

ထိုစကားကိုကြားသည့်အခါ ဖုပို၏အမူအယာ ပြောင်းလဲသွားခဲ့သည်။ ရန်ကိုင်ပြောနေသည့်အမျိုးသမီးဖုန်းမှာ လွမ်ဖုန်းကိုဆိုလိုခြင်းဖြစ်မှန်း သူသိပေသည်။ သို့သော်ငြား ဂရုစိုက်မနေခဲ့ဘဲ နှာခေါင်းရှုံ့လျက် ပြန်၍ပြောလိုက်သည်။ “နတ်သားရဲတွေဆိုတာ ရှေးဟောင်းတောအုပ်ကြီးထဲက မွန်းစတားမျိုးနွယ်စုတွေပဲ… လူသားတွေရဲ့အရေးကိစ္စက သူတို့တွေဝင်ပါရမယ့်ကိစ္စမဟုတ်ဘူး… သူတို့ ငါ့ဆီကို လာရဲရင် ရှေးဟောင်းတောအုပ်ကြီးထဲ အသက်ရှင်လျက် ပြန်မသွားနိုင်အောင် ငါလုပ်ပေးလိုက်မယ်…”

ရန်ကိုင်က မေးစေ့ကိုပွတ်ရင်းမှ “ကြည့်ရတာ တစ်ယောက်ယောက်က ခင်ဗျားကို နောက်ခံပေးထားတယ်နဲ့တူတယ်… ခင်ဗျားရဲ့ဂိုဏ်းသားတွေလည်း ဒီနေရာကိုရောက်နေပြီဆိုမှတော့ ဗြဟ္မာ့ကုန်းမြေကလူတွေလည်း ရောက်လောက်ပြီပေါ့… ဟုတ်တယ်မလား…”

ထို့နောက် အခြားတစ်ဖက်သို့ လှည့်ကြည့်လိုက်ရာ ထိုအရပ်၌ လူဆယ်ဦးကျော်မက ရှိနေကြောင်း တွေ့လိုက်ရလေသည်။ ထိုလူများကို ဦးဆောင်လာသည့်လူမှာတော့ ဧကရာဇ်တတိယအဆင့် ပညာရှင်တစ်ဦး ဖြစ်လေသည်။ သို့သော်ငြား ဖုပိုနှင့်မတူသည်မှာ ထိုသက်လတ်ပိုင်းလူကြီးသည် ရှင်းပြမရသည့် ခံစားချက်မျိုးကို ပေးစွမ်းနေခြင်းပင်။

“ကောင်းတယ်…” ရန်ကိုင်က ရေရွတ်လိုက်သည်။ “ကျုပ်ကိုရင်ဆိုင်ဖို့အတွက်လေးနဲ့ ထိပ်တန်းဂိုဏ်းနှစ်ဂိုဏ်းက ဒီလောက်ပညာရှင်တွေအများကြီး ရောက်လာတာ တကယ်ကို ဂုဏ်ယူစရာပဲ… ဒါပေမယ့် ခင်ဗျားတို့ထဲက ဘယ်လောက်များများ ဒီနေရာကနေ အသက်ရှင်လျက် ထွက်သွားနိုင်မလဲဆိုတာကတော့ တကယ်ကို စဉ်းစားစရာပဲ…”

ရန်ကိုင်၏စကားကြောင့် ချီကွေ့ အံ့ဩတကြီးဖြစ်သွားခဲ့ပြီး မှတ်ချက်ပေးလိုက်လေသည်။ “မင်းက တကယ်ကိုမောက်မာတဲ့ကောင်ပါလားကွ… မင်းလောက်မောက်မာတဲ့ကောင်မျိုး ငါ တစ်ခါမှမတွေ့ဖူးဘူး…”

ရန်ကိုင်သည် ချီကွေ့ကိုကြည့်၍ “မရဏဂိုဏ်းနဲ့ ဗြဟ္မာ့ကုန်းမြေက ငါနဲ့သွေးကြွေးရှိလို့ ငါ့ကိုသတ်ဖို့ရောက်လာတာ ငါနားလည်နိုင်တယ်… ဒါပေမယ့် ချီကွေ့… မင်းက ဒီမှာ ဘာလာလုပ်နေတာလဲ…”

ချီကွေ့ကမူ ဝံ့ကြွားသည့်အမူအယာမျိုးဖြင့် ပြန်၍ပြောလိုက်သည်။ “ငါ့ကိုအထင်လာမမှားနဲ့… မင်းနဲ့ငါ့ကြားမှာ ဘာရန်ငြိုးရန်စမှ ရှိတာမဟုတ်ဘူး… ငါက သူတို့အဖွဲ့ထဲကလည်းမဟုတ်ဘူး… ငါ မင်းနဲ့ တိုက်ခိုက်ချင်လို့ ဒီအတိုင်း ဒီနေရာကို ရောက်လာခဲ့တာ… မင်းက အရှေ့ဘက်နယ်မြေက ငါ့ပြိုင်ဘက်တွေအကုန်လုံးကို သတ်သွားတာကို… ဒီတော့ ငါလည်း တိုက်ခိုက်ဖို့လူမှ မရှိတော့တာ…”

ရန်ကိုင်က ခေါင်းညိတ်လိုက်သည်။ “ပုံမှန်ဆိုရင်တော့ ငါ့အတွက် မင်းနဲ့လက်ရည်စမ်းပေးဖို့က ကိစ္စမရှိဘူ… ဒါပေမယ့် အခုက အချိန်ကောင်းမဟုတ်သေးဘူး…”

“အချိန်ကောင်းကောင်း မကောင်းကောင်း အရေးမကြီးဘူး… ငါတို့ ဆန္ဒသာရှိမယ်ဆိုရင် ကြိုက်တဲ့အချိန် ပြိုင်လို့ရတယ်…” ချီကွေ့က ဖြည်းဖြည်းချင်း ခေါင်းခါလိုက်သည်။

“မင်း ငါပြောတာကို အထင်လွဲနေပြီ…” ရန်ကိုင်က သက်ပြင်းချလျက် “ငါပြောချင်တာက အခြားတစ်နေ့မှာ ငါ မင်းနဲ့ တိုက်ခိုက်ပေးလို့ရတယ်… ဒါပေမယ့် မင်း ဒီနေ့မှာ ငါ့ကိုလာတိုက်ခိုက်မယ်ဆိုရင်တော့ ငါဘာကိုမှ အာမခံနိုင်မှာမဟုတ်ဘူးနော်…”

သူ့စကားကိုကြားသော် ချီကွေ့စိတ်လှုပ်ရှားသွားလေ၏။ “ဒီတော့ မင်းပြောချင်တာက ငါက မင်းပြိုင်ဘက်မဟုတ်ဘူးပေါ့…”

“မယုံရင်စမ်းကြည့်လိုက်လေ…” ရန်ကိုင်က ယဲ့ယဲ့လေးပြုံးလျက် ဘေးပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရင်းမှ “ကျုပ်ထွက်ပြေးလို့မရအောင် ခင်ဗျားတို့ ဒီနေရာမှာ ဟင်းလင်းပြင်ကို ပိတ်လှောင်နိုင်တဲ့ ထောင်ချောက်တစ်ခုကို ကြိတ်ပြီးတော့ စီစဉ်ထားတယ်မလား… ကျုပ်သိချင်နေမိတာကလေ ခင်ဗျားတို့ပြင်ဆင်နေတာတွေ အခုထိမပြီးသေးဘူးလား… အင်း… ဟင်းလင်းပြင်ကိုပိတ်လှောင်တဲ့အစီအရင်မျိုးဆိုတော့ အချိန်က တော်တော်လိုမှာပေါ့နော်… ခင်ဗျားတို့ အချိန်ထပ်လိုသေးလို့လား… လိုသေးရင် ကျုပ်စောင့်ပေးလို့ရတယ်နော်…”

(ဒီကောင် သူစောင့်ပေးမယ်လို့ ပြောလိုက်တာလား…)

ရန်ကိုင်၏ ရန်စစကားကိုကြားလိုက်သော် ထိပ်တန်းဂိုဏ်းနှစ်ဂိုဏ်းမှ ဧကရာဇ်အဆင့်ပညာရှင်များ ဒေါသူပုန်ထသွားကုန်ကြလေသည်။

(သူ့ကိုယ်သူ ဒီလောကကြီးမှာ ပြိုင်ဘက်ကင်းများ မှတ်နေတာလား… ဘာတဲ့… ဒီလောက်ဧကရာဇ်အဆင့်ပညာရှင်တွေအများကြီးရှေ့မှာတောင် လာပြီးတော့ ဂုဏ်မောက်ပြချင်နေသေးတယ်…)

သူတို့ ရန်ကိုင်အား ပူးပေါင်းတိုက်ခိုက်ဖို့ရာ အဆင်ပြေပါသော်ငြား ရန်ကိုင်မှ လေဟာနယ်တာအိုကို အသုံးချ၍ ထွက်ပြေးသွားခဲ့လျှင် သူတို့၏အကြံအစည်အားလုံး ရေစုန်မျောကုန်ရပေလိမ့်မည်။ ထိုအကြောင်းကြောင့်ပင်လျှင် ချီဟိုင်အား ရန်ကိုင်ကိုအချိန်ဆွဲထားရန် ပြောထားခဲ့ပြီး ကျန်သည့်လူများမှာ ရန်ကိုင်ထွက်မပြေးနိုင်စေရန်အတွက် ထောင်ချောက်တစ်ခုကို တိုးတိုးတိတ်တိတ် ခင်းကျင်းနေခဲ့ခြင်းဖြစ်သည်။

သို့သော်ငြား ရန်ကိုင်ကမူ သူတို့စိတ်ကြိုက် အချိန်ယူကာ ထောင်ချောက်ဆင်ရန်အတွက် ပြောလာနေခဲ့သည်။ သူ၏အကြီးမားဆုံးအားသာချက် ပျောက်ဆုံးသွားမည်ကို ဤရန်ကိုင်ဆိုသည့်လူ စိတ်မပူလေသလော။ သူ့အနေဖြင့် လေဟာနယ်တာအိုကိုသာ အသုံးမပြုနိုင်လျှင် ဤနေရာမှ မည်သည့်နည်းနှင့်မျှ ထွက်သွားနိုင်တော့လိမ့်မည်မဟုတ်ပေ။ ထွက်သွားလိုပါကလည်း ဤနေရာတွင်ရှိနေသော ဧကရာဇ်အဆင့်ပညာရှင်ပေါင်းများစွာကို သတ်ပြီးမှသာလျှင် ရပေလိမ့်မည်။ ဤနေရာရှိ ဧကရာဇ်အဆင့်ပညာရှင်အားလုံးကို သတ်ပစ်နိုင်သည်ဟု ထင်နေရလေအောင် သူ့ကိုယ်သူ မည်သူများ မှတ်နေလေသနည်း။ မဟာဧကရာဇ်များ မှတ်နေလေသလော။

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၃၃၀၂)

ဘာသာပြန်သူ_တိမ်တိုက်

[တကယ်ကို သတ္တိရှိတဲ့ကောင်ပါလား] ချီကွေ့သည် ရန်ကိုင်အား မယုံကြည်နိုင်ဟန် အထင်းသားဖြင့် ကြည့်ရင်းမှ စိတ်ထဲက ကြိတ်ကာ အထင်ကြီးနေမိလေသည်။ သူသည်သာ ရန်ကိုင်နေရာတွင်ဆိုပါက ယခုကဲ့သို့ ပမာမခန့်အမူအရာမျိုးဖြင့် နေရဲလိမ့်မည် မဟုတ်ပေ။ ရန်ကိုင်ကမူ ထွက်ပြေးရန် မကြိုးစားရုံမက အေးအေးဆေးဆေး မတ်တတ်ရပ်၍ပင် ထိပ်တန်းဂိုဏ်း နှစ်ဂိုဏ်းမှ ပညာရှင်များကို လှောင်ပြောင်ရန်စနေပေသေးသည်။ အသက်ရှင်ရသည်ကို သူငြီးငွေ့နေလေသလော။

ရှုချန်ဖုန်းက ပြန်၍ ပြောလိုက်လေသည်။ "မင်းထွက်ပြေးလို့ မရအောင် အစီအရင်ကို တစ်သီးတစ်သန့်ကြီး လိုက်ပြီး ခင်းကျင်းနေစရာမလိုဘူး၊ လေဟာနယ်တာအိုကို ကျွမ်းကျင်ထားလို့ မင်းကိုယ်မင်း လုံခြုံပြီလို့ မှတ်နေတာလား၊ ဒီလောကကြီးက အကျယ်ကြီး၊ ဒီလောကကြီးမှာ မင်းမသိသေးတဲ့ အရာတွေမှ အများကြီး၊ မင်းကိုယ်မင်း ဘာမှတ်နေတာလဲ"

ရန်ကိုင်က မျက်လုံးမှေးစင်းလျက်... "တော်ဝင်သခင်ရှု၊ ခင်ဗျား ပြောသွားတာက စိတ်ဝင်စားစရာပဲ၊ ဒီတော့ ခင်ဗျား ဒီနေရာတစ်စိတ်တစ်ပိုင်း ချိတ်ပိတ်လိုက်ပြီလို့ ကျုပ်ယူဆလို့ ရပြီပေါ့နော်"

ရှုချန်ဖုန်းက ပြုံး၍ ပြန်ပြောလိုက်သည်။ "မင်းကြိုးစားကြည့်လို့ ရတယ်"

ရန်ကိုင်လည်း ခေါင်းညိတ်ပြီး ကြိုးစားကြည့်လိုက်လေသည်။ လေဟာနယ်နိယာမများကို ထိန်းချုပ်ရန် ကြိုးစားကြည့်လိုက်သည့်နောက်တွင် သူ့ဘေးပတ်ဝန်းကျင်သည် ချိုးဖျက်၍ မရသော လိုဏ်ဂူတစ်လုံးသဖွယ် ဖြစ်နေပြီဖြစ်ကြောင်းကို သတိပြုမိသွားခဲ့သည်။ ရန်ကိုင်အနေဖြင့် ထိုနေရာအတွင်းတွင် ရှိနေသော လေဟာနယ်နိယာမများကို ထိန်းချုပ်နိုင်ပါသော်ငြား တည်နေရာခုန်ကူး၍တော့ မရတော့ပေ။

အပေါ်ယံတွင် တည်ငြိမ်နေသည့်တိုင် သူ့စိတ်ထဲတွင်တော့ ကြိတ်ကာ ထိတ်လန့်နေမိလေသည်။

ဤနေရာ အနီးတစ်ဝိုက်တွင် အစီအရင်တစ်ခု ခင်းကျင်းထားသည့် မည်သည့်သဲလွန်စကိုမျှ ရန်ကိုင် မတွေ့ရပေ။ ထိုသို့ဖြစ်လေရာ ထိုလူများသည် ဤဟင်းလင်းပြင်တစ်ဝိုက်ကို မည်ကဲ့သို့ သီးခြားခွဲထုတ်ပစ်နိုင်ရပါသနည်း။ ရန်ကိုင်အနေဖြင့် တည်နေရာခုန်ကူးသည့် စွမ်းအင်ကိုပင်လျှင် အသုံးမပြုနိုင်တော့ပေ။

တစ်ဖက်လူဘက်တွင် လေဟာနယ်တာအိုကို ကျွမ်းကျင်ထားသည့် ပညာရှင်တစ်ဦးများ ရှိနေလေသလော။ လေဟာနယ်တာအိုကို ကျွမ်းကျင်ထားသူများသည်သာ ရန်ကိုင်ပင် မသိလိုက်ဘဲ ဤဟင်းလင်းပြင်တစ်ဝိုက်ကို သီးခြားခွဲထုတ်ပစ်နိုင်ပေလိမ့်မည်။ သို့သော်ငြား ထိုသို့ မဖြစ်နိုင်ပေ။ လေဟာနယ်တာအိုကို ကျင့်ကြံဖို့ရာ အလွန်ကိုမှ ခက်ခဲလှပြီး ကျွမ်းကျင်ဖို့ရာဆိုလျှင်တော့ ပို၍ပင် ခက်ခဲပေသေးသည်။ မဟာဧကရာဇ်ရာထူးကို ဝူခွမ်းနှင့်အတူ ယှဉ်ပြိုင်ခဲ့သော ရှန်းယုကျုသည်ပင်လျှင် ဟင်းလင်းပြင်အက်ကြောင်းထဲသို့ ရောက်ရှိသွားပြီးသည့်နောက်တွင် ထိုနေရာမှ နှစ်ပေါင်းသောင်းနှင့်ချီတိုင်အောင် ပြန်မထွက်လာနိုင် ဖြစ်ခဲ့ရသည်။ ရန်ကိုင်ကြောင့်သာလျှင် နောက်ဆုံး ထိုနေရာမှ လွတ်မြောက်လာခဲ့ရခြင်း ဖြစ်ပေသည်။ မရဏဂိုဏ်း သို့မဟုတ် ဗြဟ္မာကုန်းမြေတွင် လေဟာနယ်တာအိုကို ကျွမ်းကျင်ထားသူတစ်ဦး ရှိနေမည်ဆိုလျှင်လည်း ထိုလူသည် ယခုအချိန်လောက်ဆိုလျှင် နာမည်ကျော်ကြားနေလောက်ပေပြီ။ လူမသိသူမသိ ဖြစ်နေတော့လိမ့်မည် မဟုတ်။

မည်မျှပင် စဉ်းစားနေစေကာမူ အဖြေရှာမရသည့်အတွက်ကြောင့် ရန်ကိုင်လည်း ဆက်၍ စဉ်းစားမနေတော့ပေ။ ထိုအပြင် ရန်ကိုင်သည် တည်နေရာခုန်ကူးခြင်းစွမ်းအင်ကို သုံး၍ ထိုလူများ၏ လက်မှ ထွက်ပြေးရန် စီစဉ်ထားခြင်းမှ မဟုတ်လေဘဲ။

"မင်းမသေခင် နောက်ဆုံးပြောသွားချင်တဲ့စကား ရှိသေးလား" ဖုပိုသည် ရန်ကိုင်အား အေးစက်စက်အမူအရာဖြင့် စိုက်ကြည့်လိုက်ရင်းမှ သတ်ဖြတ်လိုစိတ် အပြည့်ဖြင့် ပြောလိုက်သည်။ သူနှင့် ရန်ကိုင်အကြားရှိ ရန်ငြိုးရန်စမှာ ဗြဟ္မာကုန်းမြေနှင့် ရန်ကိုင်အကြားရှိ ရန်ငြိုးရန်စနှင့် မတူပေ။ ဗြဟ္မာကုန်းမြေမှ လူများ ရန်ကိုင်အား ရှင်းပစ်ချင်ရခြင်းမှာ သူတို့၏ တော်ဝင်သားတော် နှစ်ပါးကို ရန်ကိုင်မှ ကျယ်ပြန့်ပင်လယ်ထဲ သတ်ပစ်လိုက်သည့်အတွက်ကြောင့် ဗြဟ္မာကုန်းမြေမှာ မျက်နှာပျက်ရသလို ၎င်းတို့၏ တက်သစ်စကြယ်ပွင့် နှစ်ပွင့်ကိုလည်း ဆုံးရှုံးလိုက်ရသည့်အတွက်ကြောင့်ပင် ဖြစ်ပေသည်။

ရန်ကိုင်မှ မရဏဂိုဏ်းမှ လူအချို့ကို သတ်ပစ်သွားခဲ့ပါသော်ငြား ဖုပို ရန်ကိုင်အား သတ်ပစ်ချင်ရသည့် အဓိကအကြောင်းအရင်းမှာ ထိုအကြောင်းကြောင့် မဟုတ်ပေ။ အဓိက အကြောင်းအရင်းမှာတော့ တစ်စပြင်ကန္တာရကြယ်စီရင်စုထဲ ဖြစ်သွားသည့် ကိစ္စနှင့် ပတ်သက်နေပေသည်။

တစ်စပြင်ကန္တာရကြယ်စီရင်စုထဲရှိ မရဏဂိုဏ်းသည် ကြယ်တာရာအစုအဝေးထဲရှိ မရဏဂိုဏ်းနှင့် အတူတူသာလျှင် ဖြစ်လေသည်။ ကြယ်တာရာအစုအဝေးထဲတွင် ရှိနေသော မရဏဂိုဏ်းကို တစ်စပြင်ကန္တာရကြယ်စီရင်စုထဲမှ တက်လာသည့် ထိပ်တန်းပညာရှင်များမှ တည်ထောင်ထားကြခြင်း ဖြစ်လေသည်။ ထိုအကြောင်းကြောင့် ထိုဂိုဏ်းနှစ်ဂိုဏ်းမှာ ခွဲခြား၍ မရပေ။ သို့သော်ငြား မကြာသေးခင်က ရန်ကိုင်သည် တစ်စပြင်ကန္တာရကြယ်စီရင်စုကြီးထဲရှိ မရဏဂိုဏ်းကို စိစိညက်ညက်‌ကြေအောင် ဖျက်ဆီးပစ်ခဲ့သည်။ တပည့်အားလုံးနီးပါးလည်း အသတ်ခံလိုက်ရလေ၏။ ဖုပို ထိုအကြောင်းကို ကြားလိုက်စဉ် ဒေါသထွက်လွန်းသဖြင့် သတိလစ်လုမတတ်ပင် ဖြစ်သွားခဲ့သည်။ ထိုအပြင် ရန်ကိုင်သည် ယင်လဲ့ရှန်းနှင့် ဟွာဖေးချန်တို့ကိုပါ သတ်ပစ်သွားလေရာ သူတို့အကြားရှိ ရန်ငြိုးရန်စမှာ မည်သည့်အခါမျှ ကျေအေးနိုင်တော့လိမ့်မည် မဟုတ်သည့် ရန်ငြိုးရန်စအဖြစ်သို့ ပြောင်းလဲသွားတော့လေသည်။

ထိုအကြောင်းကြောင့်ပင်လျှင် ဖုပိုမှာ ရန်ကိုင်နှင့် နတ်သားရဲ လွမ်ဖုန်းအကြားရှိ ဆက်ဆံရေးကို ဂရုစိုက်မနေတော့ခြင်း ဖြစ်သည်။ ယခင်ကသာဆိုလျှင် ဖုပိုအနေဖြင့် လွမ်ဖုန်းအား ကြောက်နေရသည့်အတွက်ကြောင့် သူ၏ ဒေါသကို မျိုသိပ်ထားလိမ့်မည် ဖြစ်ပါသော်ငြား တစ်စပြင်ကန္တာရကြယ်စီရင်စုထဲရှိ ကိစ္စဖြစ်ပြီးသည့်နောက်တွင် သူ့အနေဖြင့် ဆက်၍ သည်းမခံနိုင်တော့ဘဲ ရန်ကိုင်ကို သတ်ကာ လက်စားချေရန် ဆုံးဖြတ်လိုက်တော့သည်။

သူပြောခဲ့သကဲ့သို့ပင် ဤကိစ္စမှာ လူသားများအကြားရှိ ကိစ္စဖြစ်ပေသည်။ သူ့အနေဖြင့် လွမ်ဖုန်းကို ကြောက်နေလိမ့်မည် မဟုတ်ပါသော်ငြား နတ်သားရဲများသည် ရှေးဟောင်းတောအုပ်ကြီးထဲရှိ မွန်းစတားမျိုးနွယ်စုဝင်များ ဖြစ်ကြသည့်အလျောက် လူသားကိစ္စများထဲ ဝင်ရှုပ်လာခဲ့မည်ဆိုလျှင် အခြားသူများမှာ နတ်သားရဲများကို တားဆီးထားကြပေလိမ့်မည်။

"နောက်ဆုံး ဘယ်သူ အသက်ရှင်မလဲဆိုတာကိုတောင် သိရသေးတာ မဟုတ်သေးဘူး၊ ဂိုဏ်းချုပ်ဖု၊ ခင်ဗျား ကိုယ့်ကိုယ်ကိုယ် အရမ်းအထင်ကြီးလွန်းနေတယ်လို့ မထင်ဘူးလား" ရန်ကိုင်သည် ဖုပိုအား တစ်ချက်လှမ်းကြည့်လိုက်ပြီးသည့်နောက်တွင် ချီဟိုင်ဘက်သို့ ပြန်လှည့်၍ စိတ်ပျက်ပျက်ဖြင့်... "မင်း ဘာဖြစ်လို့ ဒီလိုတွေ လုပ်နေရတာလဲ၊ သူတို့တွေ ငါ့ကိုသတ်လို့ရအောင် ကူညီပေးလိုက်ရုံနဲ့ ငါ့ဆီကနေ ဖီးနစ်မီးတောက်ကိုလုပြီးတော့ မင်းမိန်းမကို ကယ်လို့ရမယ်လို့ ထင်နေတာလား"

ရုတ်တရက်ဆိုသလို ချီဟိုင်က ခက်ထန်ကြမ်းကြုတ်သည့် အမူအရာဖြင့်..."သူသေသွားပြီ၊ အဲဒါ မင်းကြောင့်ပဲ၊ ငါဒီနေ့ မင်းကိုမသတ်နိုင်ရင် ငါ့ဒေါသ လုံးဝပြေနိုင်မှာ မဟုတ်ဘူး"

ထိုစကားကို ကြားသော် ဖုပိုက ဝင်ရောက်ထောက်ခံလိုက်လေသည်။ "ပြောတာ တော်တယ် ငါ့တပည့်"

ရန်ကိုင်က မျက်ခုံးပင့်လျက်... "ဒီတော့ မင်းက မရဏဂိုဏ်းထဲကို ဝင်လိုက်တာကိုး၊ ဒါကြောင့်ပဲ ဧကရာဇ်အဆင့်ကို ရောက်နေတာ၊ ဒါပေမဲ့ ချီဟိုင် မင်းမှားနေပြီ"

ချီဟိုင်က လက်သီးတင်းတင်းဆုပ်၍ အံကြိတ်ကာ ပြန်ပြောလိုက်သည်။ "ငါဘာမှမမှားဘူးကွ"

ရန်ကိုင်က ပြန်ပြောလိုက်သည်။ "မင်းမိန်းမ သေတာ ငါနဲ့ဘာမှမဆိုင်ဘူး၊ သူသေသွားတာ မင်းလိုလူမျိုးကို လူမှားပြီး လက်ထပ်မိလိုက်လို့ပဲ"

"အပိုတွေ လာပြောမနေနဲ့" ချီဟိုင်က ဒေါမာန်တကြီးဖြင့် ပြန်အော်လေသည်။ "မင်း သူ့ကိုကယ်နိုင်တယ်၊ ငါမင်းကိုလည်း သူ့ကိုကယ်ပေးဖို့ တောင်းဆိုတယ်၊ ဒါပေမဲ့ မင်း လုံးဝမကယ်ပေးဘူး၊ မသိချင်ယောင်ပဲဆောင်နေတယ်၊ အခုသူ သေသွားပြီ၊ အဲဒါ မင်းအပြစ်ပဲ"

ရန်ကိုင်က ပြန်၍ ပြောလိုက်သည်။ "ဒီတော့ မင်းပြောပုံအရဆိုရင် လောကကြီးမှာ စွမ်းအားရှိတဲ့လူတွေတိုင်းက မင်းမိန်းမကို မကယ်ဘဲနဲ့ ဒီအတိုင်းပဲ ကြည့်နေလို့ မင်းရဲ့ ရန်သူတွေပေါ့ ဟုတ်လား၊ ချီဟိုင် မင်းခေါင်းရော ကောင်းသေးရဲ့လား"

ချီဟိုင်က ပြန်၍ ပြောလိုက်သည်။ "အခြားသူတွေ ငါ့မိန်းမကို ကယ်နိုင်မကယ်နိုင် ငါမသိဘူး၊ ဒါပေမဲ့ မင်းကတော့ ကျိန်းသေကယ်နိုင်တယ်"

ရန်ကိုင်က ခေါင်းခါ၍ သက်ပြင်းချလိုက်သည်။ "အဲဒီကိစ္စအတွက်နဲ့ မင်းကငါ့ကို လာရန်ငြိုးထားနေတာလား၊ မင်းမိန်းမ တကယ်ကို လူမှားပြီး လက်ထပ်လိုက်တာပဲ၊ သူအသက်ရှင်နေသေးဦးမယ်ဆိုရင်တောင် ငါသူ့ကို ကယ်မှာမဟုတ်ဘူး၊ ဒီအတိုင်းပဲ အသေခံခိုင်းလိုက်မှာ၊ ဘာလို့လဲဆိုတော့ သူ့လိုလူတစ်ယောက်အတွက် မင်းလိုလူမျိုးကို လက်ထပ်ပြီး အသက်ရှင်နေရတာထက် သေသွားတာက ပိုပြီးတော့တောင် ကောင်းဦးမှာကို"

"မင်းသောက်ပါးစပ်ကို ပိတ်ထားလိုက်စမ်း" ချီဟိုင်၏ အမူအရာမှာ ပိုပို၍ ကြောက်မက်ဖွယ်ကောင်းလာလေသည်။

ရန်ကိုင်က အနာပေါ်ထပ်၍ ဆားထပ်ဖြူးပေးလိုက်သည်။ "ကိုယ့်မိန်းမကိုယ်တောင် မကယ်နိုင်ဘဲနဲ့ အခြားလူကို လိုက်ပြီးတော့ အားကိုးနေသေးတာ၊ မင်းကိုယ်မင်း ယောက်ျားလို့များ ခေါ်ရဲသေးတယ် ဟုတ်လား"

ချီဟိုင်မှာ ဒေါသလည်းထွက် ရှက်လည်းရှက်သည့် လေသံဖြင့် အော်လေ၏။ "ငါမင်းကို သတ်မယ်"

သူမိန်းမ၏ သေဆုံးမှုသည် ချီဟိုင်အတွက်တော့ ဝမ်းအနည်းရဆုံး ကိစ္စတစ်ခု ဖြစ်ပေသည်။ သူ့မိန်းမ သေသွားသည့် ကိစ္စရပ်မှာ ချီဟိုင်၏ ရင်ထဲ လုံးဝပြေပျောက်နိုင်ခြင်း မရှိသော အထုံးတစ်ခုပမာ ဖြစ်နေခဲ့လေသည်။ ထိုသို့သာမဟုတ်ပါက မရဏဂိုဏ်းထဲသို့ မရရအောင် ဝင်ခဲ့လိမ့်မည် မဟုတ်ပေ။ သူ့ဘာသာသူဆိုလျှင် ရန်ကိုင်အား သတ်နိုင်လိမ့်မည် မဟုတ်မှန်း သိနေခဲ့သည်။ မရဏဂိုဏ်းနှင့် ရန်ကိုင်အကြားတွင် ရန်ငြိုးရန်စများ ရှိသည်ကို ချီဟိုင် သိထား၏။ ထိုအကြောင်းကြောင့်ပင်လျှင် မရဏဂိုဏ်း၏ စွမ်းအားကို သုံး၍ ရန်ကိုင်အပေါ် လက်စားချေနိုင်ရန်အလို့ငှာ မရဏဂိုဏ်းထဲသို့ မရရအောင် ဝင်ခဲ့ခြင်း ဖြစ်လေသည်။

ယနေ့တွင် ရန်ကိုင်အား ဤနေရာ၌ ထောင်ဖမ်းနိုင်ခဲ့သည်။ ထိပ်တန်းပညာရှင်ပေါင်းများစွာ ဤနေရာ၌ စုဝေးနေလေရာ ရန်ကိုင် ထွက်ပြေးနိုင်ခြေ လုံးဝမရှိပေ။ ရန်ကိုင်အား သူ့လက်ဖြင့် သတ်ပစ်နိုင်ဖို့ရာမှာ ချီဟိုင်၏ အကြီးမားဆုံး ဆန္ဒဖြစ်ပေသည်။ ရန်ကိုင်၏ လှောင်ပြောင်ထေ့ငေါ့စကားများကြောင့် ဒေါသထွက်လာပြီးသည့်နောက်တွင် ချီဟိုင်မှာ ရန်ကိုင်အား ကိုယ်တိုင်ကိုယ်ကျ ရင်ဆိုင်ရန်သာ ဆုံးဖြတ်လိုက်တော့သည်။

ပြောပြီးသွားသည်နှင့် တစ်ပြိုင်နက် ချီဟိုင်သည် သူ့လက်ကို ဝှေ့ယမ်း၍ အနက်ရောင်အလံတိုင်တစ်ခုကို ထုတ်ယူလိုက်သည်။ အနက်ရောင်အလံတိုင် ပေါ်လာသည်နှင့် တစ်ပြိုင်နက် ယင်ချီတို့ လိမ့်ထွက်လာခဲ့ပြီး အော်ဟစ်မြည်ကြွေးသံများဟာလည်း ထွက်ပေါ်လာခဲ့လေသည်။ ချီဟိုင် ထုတ်ယူလိုက်သည့် အရာမှာ မရဏဂိုဏ်း၏ ဝိသေသမှော်ရတနာ နှစ်ခုအနက် တစ်ခုဖြစ်သော ဝိညာဉ်တစ်သောင်းအလံတိုင်သာ ဖြစ်လေသည်။

ရန်ကိုင်ကမူ ချီဟိုင်အား သေလူတစ်ဦးကို ကြည့်နေသည့်ပမာ အေးစက်စက် အကြည့်ဖြင့် စိုက်ကြည့်နေလေ၏။

သူနှင့် ချီဟိုင်အကြား ရန်ငြိုးရန်စများ မရှိကြပေ။ သို့သော်ငြား တစ်ဖက်လူသည် သူ့အား ရန်သူအဖြစ် သတ်မှတ်လာသည့်အတွက်ကြောင့် ရန်ကိုင်သည်လည်း ချီဟိုင်အပေါ် ညှာတာပေးနေလိမ့်မည် မဟုတ်ပေ။ ဧကရာဇ်ပထမအဆင့်ကျင့်ကြံသူ တစ်ဦးလောက်ကို ရန်ကိုင်အနေဖြင့် လက်ဖျောက်တစ်ချက်တည်းဖြင့် သတ်ပစ်နိုင်ပေသည်။

သို့သော်ငြား ဝိညာဉ်တစ်သောင်းအလံတိုင်ကို ထုတ်ယူပြီးသည့်တိုင် ချီဟိုင်မှာ ရန်ကိုင်အား ချက်ချင်းမတိုက်ခိုက်သေးဘဲ အလံတိုင်ကိုသာ မျက်လုံးအပြူးသားဖြင့် ကြည့်နေလေသည်။ အကြောင်းမှာ လက်ရှိအချိန်တွင် အလံတိုင်ထဲမှ ဝိုးတိုးဝါးတား ပုံရိပ်တစ်ခု ရုတ်တရက် ပေါ်လာသည့်အတွက်ကြောင့်ပင် ဖြစ်လေသည်။

ထိုပုံရိပ်မှာ အမျိုးသမီးတစ်ဦးနှင့် တူပေသည်။ အမျိုးသမီးမှာ ဝိညာဉ်တစ်ကောင်နှင့် တူပါသော်ငြား သူမပုံစံမှာ အခြားသော ဝိညာဉ်များကဲ့သို့ မဟုတ်ပေ။ သူမ၏ မျက်နှာမှာ ဖြူလျော်နေပါသော်ငြား သူမပုံစံကို ကြည့်ရသလောက် မသေခင်က အတော်လေးချောမောလှပသည့် အမျိုးသမီး ကျိန်းသေ ဖြစ်ခဲ့ရပေလိမ့်မည်။ အပြုအမူမှာလည်း သိမ်မွေ့နေခဲ့လေရာ ကြောက်မက်ဖွယ်ရာကောင်းသည့် အရှိန်အဝါသည်ပင်လျှင် သူမ၏ စွဲမက်ဖွယ်ကောင်းမှုကို ဖုံးကွယ်နိုင်ခြင်း မရှိပေ။

"ဟမ်" ရန်ကိုင်အား တိုက်ခိုက်ရန် ကြံနေသည်ကို အေးအေးဆေးဆေး ထိုင်ကြည့်နေသော ဖုပိုမှာ ထိုရုတ်တရက် အဖြစ်အပျက်ကို မြင်လိုက်သော် သူ့မျက်နှာအမူအရာ ပြောင်းလဲသွားခဲ့လေသည်။ ချီဟိုင်၏ အလံတိုင်ထဲမှ ထွက်လာသည့် ပုံရိပ်ကို ကြည့်ရင်းမှ ဖုပို ရေရွတ်လိုက်သည်။ "ယင်စိတ်ဝိညာဉ်လား"

ကျင့်စဉ်သိုင်းပညာရပ်များအကြား မရဏဂိုဏ်းမှ လူများမှာ ယင်ဝိညာဉ်များနှင့် အမြဲတစေ ထိတွေ့နေရလေသည်။ ဝိညာဉ်တစ်သောင်းအလံတိုင်ကို သန့်စင်ဖို့ရာ ဝိညာဉ်များကို လိုအပ်ပြီး ပိုပို၍ ဝိညာဉ်များကို စတေးလေ အလံတိုင်မှာ ပိုပို၍ အားကောင်းလာလေပင်။

ဝိညာဉ်များမှ ယင်ဝိညာဉ်များကို သန့်စင်ဖို့ရာ လွယ်ကူပေသည်။ သို့သော်ငြား သန်းနှင့်ချီသော ယင်ဝိညာဉ်များထဲမှ ယင်စိတ်ဝိညာဉ်တစ်ခုကို ရဖို့ရာမှာမူ အလွန်ကိုမှ ခက်ခဲလှသည်။ အကြောင်းမှာ ယင်ဝိညာဉ်အများစုသည် ကိုယ်ပိုင်အသိဉာဏ်အား ပိုင်ဆိုင်ထားခြင်း မရှိသည့်အတွက်ကြောင့်ပင်။ ထိုယင်ဝိညာဉ်များ မသေခင်က မည်မျှပင် အားကောင်းစေခဲ့ကာမူ သေဆုံးသွားပြီးသည့်နောက်တွင် မရဏဂိုဏ်းမှ တပည့်များ၏ စတေးခြင်းခံရပြီး ထိုတပည့်များ ပေးသည့် အမိန့်အတိုင်းသာ လိုက်လံလုပ်ဆောင်တတ်တော့သော မကျေချမ်းနိုင်သည့် တစ္ဆေများ ဖြစ်လာကြတော့လေသည်။

သို့သော်ငြား ယင်စိတ်ဝိညာဉ်များမှာမူ လုံးဝ မတူကွဲပြားသည့် တည်ရှိမှုမျိုး ဖြစ်ကြသည်။ ယင်စိတ်ဝိညာဉ်များမှာ ယင်ဝိညာဉ်များသာ ဖြစ်ကြပေသည်။ ယင်ဝိညာဉ်များနှင့် မတူသည်မှာတော့ ရုပ်ခန္ဓာကိုယ် ပိုင်ဆိုင်ထားခြင်း မရှိသည့်တိုင် သူတို့တွင် ကိုယ်ပိုင်စဉ်းစားတွေးတောနိုင်သည့် အသိဉာဏ် ရှိနေကြသည်။ ထိုအကြောင်းကြောင့်ပင်လျှင် ယင်စိတ်ဝိညာဉ်များကိုသာ လုံလောက်သည့် အရင်းအမြစ်များ ပေးလိုက်မည်ဆိုပါက ပိုမိုအားကောင်းလာနိုင်ကြလေ၏။

ဝိညာဉ်တစ်သောင်းအလံတိုင်အား ယင်စိတ်ဝိညာဉ်တစ်ကောင်မှ ထောက်ခံပေးထားခဲ့မည်ဆိုလျှင် ထိုအလံတိုင်၏ ခွန်အားမှာ အကြီးအကျယ် တိုးတက်လာနိုင်ပေလိမ့်မည်။ သို့သော်ငြား ယင်စိတ်ဝိညာဉ်တစ်ကောင် ပေါ်လာနိုင်ခြေမှာလည်း အလွန်ကိုမှ နည်းပါးလှပေသည်။ မရဏဂိုဏ်းထဲတွင် မြောက်များလှစွာသော ဝိညာဉ်တစ်သောင်းအလံတိုင်များ ရှိနေကြပါသော်ငြား အနည်းငယ်တွင်သာ ယင်စိတ်ဝိညာဉ်များ ရှိနေကြလေသည်။ ထိုယင်စိတ်ဝိညာဉ် ရှိနေသည့် အလံတိုင်တိုင်းကို ဂိုဏ်းထဲတွင်ရှိနေသော ဧကရာဇ်အဆင့်ပညာရှင်များမှ အဖိုးတန်ရတနာတစ်ခုအဖြစ် သဘောထားကြလေသည်။

လက်ရှိအချိန်တွင် ချီဟိုင်၏ ဝိညာဉ်တစ်သောင်းအလံတိုင်ထဲ၌ ယင်စိတ်ဝိညာဉ်တစ်ကောင် ရှိနေသည့်အပေါ် ဖုပိုမှာ မယုံကြည်နိုင် ဖြစ်နေလေသည်။ ထိုအပြင် ထိုယင်စိတ်ဝိညာဉ်မှာ သူတွေ့ခဲ့ဖူးသော မည်သည့်ယင်စိတ်ဝိညာဉ်ထက်မဆို ပို၍ ထူးခြားပေသည်။ ထိုယင်စိတ်ဝိညာဉ်ကို မြင်ပြီးသည့်နောက် ဖုပိုမှာ အံတကြိတ်ကြိတ် ဖြစ်လာခဲ့သည်။ သူ အသစ်လက်ခံလိုက်သော တပည့်တွင်သာ ဤကဲ့သို့သော ယင်စိတ်ဝိညာဉ်မျိုး ရှိနေမှန်း ကြိုသိခဲ့ပါလျှင် သူ့အနေဖြင့် ထိုဝိညာဉ်တစ်သောင်းအလံတိုင်ကို ချီဟိုင်ဆီ မထားခဲ့ဘဲ သူ့အတွက်သာ သုံးပေမည်။ ယခုမူ ထိုအလံတိုင်မှာ ချီဟိုင်ကဲ့သို့သော လူမျိုး၏ လက်ထဲသို့ ရောက်သွားသည့်အတွက်ကြောင့် အလဟဿ ဖြစ်သွားခဲ့လေပြီ။

သို့သော်ငြား ထိုယင်စိတ်ဝိညာဉ်သည် ပေါ်လာပြီးသည့်နောက်တွင် ရန်ကိုင်အား မတိုက်ခိုက်ခဲ့သေးပေ။ ထိုအစား ချီဟိုင်ကိုသာ လှည့်ကြည့်လာခဲ့သည်။ အသက်ဓာတ်အား ဆုံးရှုံးသွားခဲ့ပြီ ဖြစ်သော ထိုယင်စိတ်ဝိညာဉ်၏ မျက်လုံးများမှာ လူသားတစ်ဦး၏ မျက်လုံးများပမာ ဉာဏ်ရှိသည့် အရိပ်အယောင်တို့ဖြင့် တလက်လက် တောက်ပနေလေသည်။

ချီဟိုင်းမှာမူ ထိုယင်စိတ်ဝိညာဉ်ကို ကြည့်ရင်း တစ်ကိုယ်လုံး တောင့်တောင့်ကြီးဖြစ်ကာ တုန်တုန်ယင်ယင် ဖြစ်လာလေ၏။ ထို့နောက် သူ့လက်ကို ဆန့်ထုတ်၍ ယင်စိတ်ဝိညာဉ်၏ ဝိုးတိုးဝါးတား ဖြစ်နေသော မျက်နှာလေးကို လှမ်းထိရင်းမှ တုန်ယင်နေသော လေသံဖြင့် မေးလိုက်လေသည်။ "ရှိုးရှိုး၊ နင်လား"

ရန်ကိုင် မျက်နှာပျက်သွားခဲ့ပြီး မယုံကြည်နိုင်ဟန်ဖြင့်... "မင်း သူ့ဝိညာဉ်ကို တကယ်ကြီး သန့်စင်ပစ်လိုက်တာလား"

ဤနေရာတွင်ရှိနေသည့် လူများသည် ယင်စိတ်ဝိညာဉ်တစ်ကောင် မသေခင် မည်ကဲ့သို့ပုံစံမျိုး ရှိသလဲဆိုသည်ကို သိလိမ့်မည် မဟုတ်ပါသော်ငြား စဉ်းစားတတ်သည့် မည်သူမဆို ဤနေရာတွင် ရှိနေသော ချီဟိုင်မှ ရှိုးရှိုးဟုခေါ်လိုက်သည့် ယင်စိတ်ဝိညာဉ်သည် သူ၏ မိန်းမဖြစ်ကြောင်းကို ကျိန်းသေ ပြောနိုင်ကြပေလိမ့်မည်။

သို့သော်ငြား ချီဟိုင်မှာ သူ့မိန်းမ၏ ဝိညာဉ်ကိုပင်လျှင် စတေးပစ်လိုက်လိမ့်မည်ဟု မည်သူမျှ မထင်ထားကြပေ။ ထိုသို့သာမဟုတ်ပါက သူ့မိန်းမ၏ ဝိညာဉ်မှာ ဤအလံတိုင်ထဲမှ ဘာကြောင့်များ ရုတ်တရက် ထွက်လာရပါမည်နည်း။

ချီဟိုင်၏ လုပ်ရပ်သည် အလွန်ကိုမှ အသည်းမာလှပေသည်။ မရဏဂိုဏ်းမှ လူများသည်ပင်လျှင် သူ့အား အထင်အမြင်တသေးဖြင့် ကြည့်လာကြသည်။ သူတို့အနေဖြင့် သူတို့၏ အလံတိုင်များကို ပိုမိုအားကောင်းလာစေဖို့ရာ ဝိညာဉ်များကို စတေးပစ်လိုက်မည်ဖြစ်ပါသော်ငြား သူတို့၏ မိသားစုဆွေမျိုးများ ချစ်ရသူများ၏ ဝိညာဉ်ကိုမူ ထိုသို့လုပ်လိမ့်မည် မဟုတ်ပေ။

"ငါနားလည်သွားပြီ" ဖုပိုမှာ ယခုမှသာလျှင် တစ်ခုခုကို နားလည်သွားသည့်အလား သူ့အမူအရာ ပြောင်းလဲသွားခဲ့လေသည်။ [ငါတို့ဂိုဏ်းက သိုင်းပညာရပ်တွေကို သုံးပြီး ဝိညာဉ်တစ်သောင်းအလံတိုင်ကို သန့်စင်ခွင့်ရဖို့အရေး သူတို့ မိသားစုတစ်ခုလုံး ငါတို့ မရဏဂိုဏ်းအပေါ် သစ္စာရှိပါမယ်လို့ အနူးအညွတ်နဲ့ လာပြီးတောင်းဆိုတာ ဒါကြောင့်ကိုး၊ သူ့မိန်းမရဲ့ ဝိညာဉ်ကို သူ့ဘေးနားမှာ ထားချင်နေတာကိုး]

လူတစ်ဦး သေဆုံးသွားပြီးသည့်နောက်တွင် သူတို့၏ ဝိညာဉ်သည် လျင်မြန်စွာ ပျောက်ကွယ်သွားပေလိမ့်မည်။ သို့သော်ငြား မရဏဂိုဏ်း၏ သိုင်းပညာရပ်များမှာ သေဆုံးသွားသော ဝိညာဉ်များကို ဝိညာဉ်တစ်သောင်းအလံတိုင်ထဲသို့ ထည့်သိမ်းထားနိုင်ပေသည်။ သို့သော်ငြား ထိုကဲ့သို့သော ဝိညာဉ်များသည် ဆိုးရွားသည့် အဆုံးသတ်များနှင့် ကြုံလေ့ရှိကြရပေသည်။ တကယ်တော့ ထိုဝိညာဉ်မှာ ပျောက်ကွယ်သွားခြင်း မရှိသည့်တိုင် အဆိုးမြင်ခံစားချက်များနှင့် ဝိညာဉ်တစ်သောင်းအလံတိုင်ထဲ ထာဝရ ပိတ်မိနေရတော့လိမ့်မည် မဟုတ်ပေလော။ ထိုအပြင် ပြန်လည်ဝင်စားနိုင်မည့် အခွင့်အရေးကိုလည်း ဆုံးရှုံးလိုက်ရမည်ဖြစ်ကာ အခြားသော ယင်ဝိညာဉ်များ၏ ဝါးမျိုခြင်းပင် ခံသွားရကောင်း ခံသွားရနိုင်ပေသည်။

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၃၃၀၃)

ဘာသာပြန်သူ_တိမ်တိုက်

နောက်ဆုံးတွင်တော့ ချီဟိုင်မှာ ရှိုးရှိုး၏ မျက်နှာကို မထိနိုင်ခဲ့ပေ။ ရှိုးရှိုးတွင် ဘဝရုပ်ခန္ဓာ မရှိလေရာ ချီဟိုင်အနေဖြင့် သူမ၏ မျက်နှာကို မည်ကဲ့သို့များ ထိနိုင်ပါမည်နည်း။ ချီဟိုင်၏ လက်မှာ ရှိုးရှိုး၏ မျက်နှာကို ဖောက်ထွက်သွားခဲ့လေသည်။

ချီဟိုင်မှာ အလွန်ကိုမှ ဝမ်းနည်းနာကျင်နေသည့် အမူအရာဖြင့် မေးလိုက်လေသည်။ "ရှိုးရှိုး၊ တကယ်ကြီး နင်လား"

ဤသည်မှာ သူ့မိန်းမကို ယခုကဲ့သို့သော ပုံစံမျိုးဖြင့် ပထမဦးဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်သည့်ပုံပင်။ ချီဟိုင် မရဏဂိုဏ်းထဲသို့ ဝင်လိုသည့် အကြောင်းအရင်းနှစ်ချက် ရှိပေသည်။ ပထမတစ်ချက်မှာ မရဏဂိုဏ်း၏ စွမ်းအားကို သုံး၍ ရန်ကိုင်အပေါ် လက်စားပြန်ချေနိုင်ရန် ဖြစ်သည်။ ဒုတိယတစ်ချက်မှာတော့ မရဏဂိုဏ်း၏ ပညာရပ်များကို သုံး၍ သူ့မိန်းမ၏ ဝိညာဉ်ကို ထိန်းသိမ်းထားလိုခြင်းပင် ဖြစ်လေသည်။ ချီဟိုင်မှာ ရှိုးရှိုး၏ ဝိညာဉ်ကို ဝိညာဉ်တစ်သောင်းအလံတိုင်ထဲ၌ အောင်မြင်စွာ ထိန်းသိမ်းထားနိုင်ခဲ့ပါသော်ငြား သူ့မိန်းမမှာ အသိဉာဏ်ရှိသည့် ယင်စိတ်ဝိညာဉ် တစ်ကောင်ဖြစ်နေသည်ဟူသော အချက်ကို ယခုအချိန်မတိုင်ခင်အထိ ချီဟိုင်မှာ မသိခဲ့ပေ။

ရှိုးရှိုးက ပြုံး၍ ပြောလိုက်လေသည်။ "ကျေးဇူးပြုပြီးတော့ အမှားတွေ ထပ်မလုပ်ပါတော့နဲ့"

ထိုစကားကို ကြားသော် ချီဟိုင် ကြောင်သွားခဲ့သည်။ [အမှား၊ ငါဘာအမှားတွေ လုပ်လိုက်မိလို့လဲ]

သူ့မိန်းမ အပြင်သို့ ထွက်လာပြီးပြီးချင်း ပထမဦးဆုံးပြောသည့် စကားမှာ ထိုစကား ဖြစ်နေလိမ့်မည်ဟု ချီဟိုင် မထင်ထားခဲ့ပေ။

ထို့နောက်တွင် ထိုအမျိုးသမီးသည် ရန်ကိုင်ဘက်သို့ လှည့်၍ လှမ်းကြည့်လိုက်သည်။ ရန်ကိုင်အား ကျော့ရှင်းစွာ ဦးညွှတ်လိုက်ပြီးသည့်နောက် တောင်းဆိုလိုက်လေ၏။ "ကျေးဇူးပြုပြီး သူ့ကို ခွင့်လွှတ်ပေးပါနော်၊ သူအရင်တုန်းက ဒီလိုမျိုးမဟုတ်ပါဘူး"

ယင်စိတ်ဝိညာဉ်တစ်ကောင် ဖြစ်လာပြီးသည့်နောက်ပိုင်း သူမ ရရှိထားသည့် အားကောင်းလှသော အာရုံခံစားနိုင်စွမ်းကြောင့်လား မသိရ။ ချီဟိုင်သည်သာ ဤနေရာ၌ ရန်ကိုင်အား တိုက်ခိုက်ခဲ့မည်ဆိုလျှင် ကျိန်းသေ သေရလိမ့်မည်ဟု သူမ စိတ်ထဲ ခံစားနေရလေသည်။ ထိုအကြောင်းကြောင့်ပင်လျှင် အလံတိုင်ထဲမှ ထွက်လာပြီး သူမ ယောက်ျား၏ အသက်ကို လာရောက်ကယ်ဆယ်ခြင်းပင် ဖြစ်သည်။

ရန်ကိုင်သည်လည်း ရှိုးရှိုးအား လှမ်း၍ ကြည့်လိုက်သည်။ ထို့နောက် စိတ်ထဲမှာ ကြိတ်ကာ သက်ပြင်းချလိုက်လေ၏။ သတ်ဖြတ်လိုစိတ်တို့မှာ ဒီရေလှိုင်းလုံးပမာ ပြန်လည်ပျောက်ကွယ်သွားပြီးသည့်နောက်တွင် ခေါင်းညိတ်၍ ပြောလိုက်လေသည်။ "သူ မသေချင်ရင် ငါကလည်း သူ့ကို မသေခိုင်းပါဘူး"

"ကျေးဇူးအများကြီးတင်ပါတယ်" ရှိုးရှိုး ကျေးဇူးတင်တကြီးဖြင့် ဦးညွှတ်လိုက်လေသည်။

တစ်ခဏမျှ တိတ်ဆိတ်နေပြီးသည့်နောက်တွင် ရန်ကိုင်က ပြောလိုက်သည်။ "ကျုပ် ခင်ဗျားကို တကယ်မကူညီပေးနိုင်တာ"

ထိုစဉ်က လျို့ယန်မှာ ဖီးနစ်မီးတောက်ကို စားသုံးပစ်ခဲ့သည်။ ထို့နောက်တွင် ဖီးနစ်ဥတစ်လုံးအသွင်သို့ ပြောင်းသွားပြီး ထိုဖီးနစ်ဥကို ကျိုဖုန်းမှ စိတ်ဝိညာဉ်သားရဲကျွန်းဆီသို့ ယူသွားခဲ့လေသည်။ ထိုအကြောင်းကြောင့်ပင်လျှင် ရန်ကိုင်မှာ ဤအမျိုးသမီးကို မကယ်တင်ပေးနိုင်ခြင်းပင် ဖြစ်၏။

ရှိုးရှိုးက ပြုံး၍ ပြန်ပြောလိုက်သည်။ "ကျွန်မတို့ရဲ့ သေခြင်းရှင်ခြင်းက ကိုယ့်ကံတရားပေါ်မှာပဲ မူတည်နေတာလေ၊ ဒီတော့ ကိစ္စမရှိပါဘူး"

"ရှိုးရှိုး" ချီဟိုင်က တုန်တုန်ယင်ယင် လေသံဖြင့် အော်ခေါ်လိုက်သည်။

ရှိုးရှိုးသည် ချီဟိုင် အနားတွင် ပတ်လည်လှည့်နေပြီးသည့်နောက် ချီဟိုင်၏ မျက်နှာကို သူမ၏ လက်ဖြင့် ပွတ်သပ်၍ ပြောလိုက်လေ၏။ "ချီမိသားစုခံတပ်ဆီ ပြန်သွားပေတော့၊ မဟုတ်ရင် ငါနင့်ကို ခွင့်လွှတ်မှာ မဟုတ်ဘူးနော်"

"ဒါပေမဲ့" ချီဟိုင်မှာ ရန်ကိုင်အား တစ်ချက်လှမ်း၍ ကြည့်လိုက်လေသည်။ ချီဟိုင် ရန်ကိုင်အပေါ် မရရအောင် ပြန်လက်စားချေလိုခြင်း ဖြစ်သည်။ သို့သော်ငြား ဤအခိုက်အတန့်ရောက်မှ ရှိုးရှိုးထွက်လာပြီး သူ၏ လုပ်ရပ်အပေါ် အပြစ်တင်နေရုံမက သူ့အား ဤနေရာမှ ထွက်သွားရန်ပင် ပြောနေခဲ့လေရာ ချီဟိုင်မှာ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ အကျပ်ရိုက်သွားတော့လေသည်။

"ပြန်သွားတော့" ရှိုးရှိုးက ထပ်ပြောလိုက်သည်။ ယခုတစ်ကြိမ်တွင်တော့ သူမ၏ လေသံမှာ ယခင်နှင့်မတူ အနည်းငယ် မာနေခဲ့လေသည်။ သူမ၏ မျက်လုံးထဲ တောင်းတသည့် အရိပ်အယောင်တို့ ဖြတ်ပြေးသွားခဲ့ပါသော်ငြား ထိုစကားကို ပြောပြီးသွားသည်နှင့်တစ်ပြိုင်နက် ယတိပြတ် ဆုံးဖြတ်ချက်ချလိုက်သည့်အလား သူမ၏ ခန္ဓာကိုယ်မှာ စတင်၍ တောက်ပလာခဲ့သည်။

ချီဟိုင်က အထိတ်ထိတ်အလန့်လန့်ဖြင့် ထမေးလေ၏။ "ရှိုးရှိုး၊ နင်ဘာဖြစ်နေတာလဲ"

ရှိုးရှိုးမှာ ချီဟိုင် အရင်းနှီးဆုံးသော အပြုံးမျိုးကို ပြုံးပြလိုက်သည်။ ထိုသို့ပြုံးပြီးသည့်နောက် တစ်ပြိုင်နက်တည်းမှာပင် သူမ၏ ခန္ဓာကိုယ်မှာ အရောင်တလက်လက် တောက်ပလာခဲ့ပြီး မရေမတွက်နိုင်သော အလင်းစက်ကလေးများအသွင်သို့ ပေါက်ကွဲပျောက်ကွယ်သွားခဲ့လေသည်။

ထိုအချင်းအရာကို မြင်သော် ဖုပိုမှာ နှလုံးသွေးယိုကျသလို ခံစားလိုက်ရသည်။ ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲပစ်နိုင်သော ယင်စိတ်ဝိညာဉ်မျိုးကို သူတစ်ခါမျှ မတွေ့ခဲ့ဖူးပေ။ ရှိုးရှိုးမှာ ယင်စိတ်ဝိညာဉ်တစ်ကောင် ဖြစ်သည့်အတွက်ကြောင့် သူ့ဂိုဏ်းအတွက်မူ အဖိုးမဖြတ်နိုင်သည့် ရတနာတစ်ပါး ဖြစ်ပေသည်။ မူလကမူ ယခုကိစ္စပြီးသွားသည့်နောက်တွင် ချီဟိုင်ဆီမှ မည်သည့်နည်းလမ်းကိုသုံးကာ ထိုယင်စိတ်ဝိညာဉ်ကို လုယူလျှင်ကောင်းမလဲ စဉ်းစားထားခဲ့ပါသော်ငြား ထိုအတွေး သူ့ခေါင်းထဲ ဖြတ်ပြေးပြီးသွားသွားချင်းမှာပင် ထိုအခွင့်အရေးကို ဆုံးရှုံးသွားခဲ့ရသည်။

ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲပစ်နိုင်သော ယင်စိတ်ဝိညာဉ်မျိုးကို သူတစ်ခါမျှ မတွေ့ဖူးပေ။ ထိုအချက်ကို ကြည့်လျှင် ဤရှိုးရှိုးဆိုသည့် ယင်စိတ်ဝိညာဉ် မည်မျှအားကောင်းကြောင်းကို မြင်တွေ့နိုင်လေ၏။ သူ့ဂိုဏ်းထဲရှိ ယင်စိတ်ဝိညာဉ်များမှာ ထိုကဲ့သို့ မလုပ်နိုင်ကြ။

တစ်နေ့နေ့ကျလျှင် သူ့အပိုင် ဖြစ်လာတော့မည်ဟု တွေးထားသော ရတနာတစ်ပါးကို ဆုံးရှုံးလိုက်ရသည့်အတွက်ကြောင့် ဖုပို၏ မျက်နှာကြီးမှာ သုန်မှုန်နေခဲ့သည်။

ပျာယာခတ်နေသည့် ချီဟိုင်မှာ သူ့လက်ကို ဆန့်ထုတ်၍ အလင်းစက်ကလေးများကို မရမက လိုက်ဖမ်းလေသည်။ သို့သော်ငြား သူ၏ ကြိုးစားမှုများမှာ အချည်းနှီးသာ ဖြစ်ခဲ့ရသည်။ တစ်ခဏအကြာ၌ အလင်းစက်လေးများ အားလုံး ပျောက်ကွယ်သွားကုန်ပြီး ချီဟိုင်မှာလည်း မြေပြင်ပေါ်သို့ ဝမ်းနည်းတကြီး အမူအရာဖြင့် ဒူးထောက်ကျသွားခဲ့သည်။ ထို့နောက် လက်သီးကို တင်းတင်းဆုပ်ရင်းမှ ယူကျုံးမရ ဖြစ်နေသည့် လေသံဖြင့် ကောင်းကင်ပေါ်သို့ ထအော်လေ၏။ ယခုဆိုလျှင် သူ့မိန်းမ၏ အသက်မှာ အမှန်တကယ်ကို ပြီးဆုံးသွားခဲ့ရလေပြီ။

မုန်တိုင်းမလာသေးခင်မှာပင် ပတ်ဝန်းကျင်တစ်ခုလုံးမှာ ရုတ်ချည်း တိတ်ဆိတ်သွားခဲ့သည်။

တစ်ခဏအကြာ၌ ရန်ကိုင်သည် သက်ပြင်းချ၍ ချီဟိုင်ကို ကြည့်ကာ မေးလိုက်လေ၏။ "မင်းဘာလုပ်မှာလဲ"

ချီဟိုင်မှာ ငေးကြောင်ကြောင် အမူအရာဖြင့် ရန်ကိုင်အား လှည့်ကြည့်လာခဲ့သည်။ သူ့အကြည့်မှာမူ ယခင်နှင့် မတူတော့ပေ။ ယခင်က မုန်းတီးမှုတို့ဖြင့် ပြည့်နေသော သူ့အကြည့်မှာ ယခုဆိုလျှင် မည်သည့်ခံစားချက်မျှ မရှိတော့ဘဲ ဟာလာဟင်းလင်းကြီး ဖြစ်နေလေ၏။ တစ်ချိန်တည်းတွင်လည်း ရှိုးရှိုး၏ နောက်ဆုံး ပြောသွားသော စကားများမှာ သူ့နားထဲ ပဲ့တင်ထပ်နေခဲ့သည်။ နောက်ဆုံးတွင်တော့ ချီဟိုင်မှာ ခေါင်းတခါခါဖြင့် ထရပ်၍ ထိုနေရာမှ စိတ်ပျက်လက်ပျက်ဖြင့် ထွက်လာခဲ့လေ၏။

"အမှိုက်ကောင်" ဖုပို နှာခေါင်းရှုံ့လိုက်သည်။ သူသည် ချီဟိုင်၏ ဆရာ ဖြစ်ပါသော်ငြား ချီဟိုင်အား ဤနေရာတွင် မနေခိုင်းခဲ့ပေ။ ချီဟိုင်တွင် တိုက်ခိုက်လိုစိတ် လုံးဝမရှိတော့ပေ။ ထို့ကြောင့် သူ့အား ဤနေရာ၌ အတင်းအကျပ်နေခိုင်းမည်ဆိုလျှင်ပင် တိုက်ပွဲအပေါ် အနည်းငယ်မျှပင် အကျိုးပြုနိုင်လိမ့်မည် မဟုတ်။ ထိုအကြောင်းကြောင့် ဖုပိုမှာလည်း ချီဟိုင်အား သွားခွင့်သာ ပေးထားလိုက်လေသည်။

တစ်ခဏလေးအတွင်းမှာပင် ချီဟိုင်၏ ပုံရိပ်သည် အားလုံး၏ မြင်ကွင်းမှ ပျောက်ကွယ်သွားခဲ့လေသည်။

ထိုနေရာမှ မိုင်ပေါင်းများစွာ ဝေးကွာသော တောင်တစ်လုံးပေါ်၌ လူသုံးဦး ရှိနေကြလေသည်။ ထိုလူသုံးဦးမှာ ထျန်ရှန်း၊ ချန်းရှိုယင်နှင့် လန်ဟဲ့တို့မှလွဲ၍ အခြား မဟုတ်ကြပေ။

တောင်ကြားအပြင်ဘက်တွင် ထိပ်တန်းပညာရှင်ပေါင်းများစွာ ရုတ်တရက် ပေါ်လာကြသည့်အဖြစ်ကို ကောင်းကင်ဝံပုလွေတောင်ကြားမှ လူများ မသိစရာအကြောင်း မရှိပေ။ ထိုသတင်းကို ကြားပြီးသည့်နောက်တွင် ထျန်ရှန်းနှင့် ချန်းရှိုယင်မှာ လာရောက်စစ်ဆေးကြည့်ကြလေ၏။ လန်ဟဲ့သည်လည်း လိုက်လာခဲ့သည်။ သို့သော်ငြား ထျန်ရှန်းမှာ လန်ဟဲ့အား အခြားမည်သည့်နေရာသို့ သွားခွင့်မပေးဘဲ သူ့ဘေးနားတွင်သာ နေစေခဲ့သည်။

မရဏဂိုဏ်းနှင့် ဗြဟ္မာကုန်းမြေမှ လူများ ယခုကိစ္စအား ကိုင်တွယ်ပုံနှင့် ပတ်သက်၍ ထျန်ရှန်းနှင့် ချန်းရှိုယင်တို့မှာ အတော်လေးကိုမှ ကြိတ်မနိုင်ခဲမရ ဖြစ်ကြရသည်။ ရှုချန်ဖုန်းသည် ဂိုဏ်းကာကွယ်ရေးအစီအရင်ကို အသက်သွင်း၍ ရန်ကိုင်အား ဂိုဏ်းထဲတွင် ပိတ်လှောင်ပစ်ရန် ပြောခဲ့သည်။ ထျန်ရှန်းမှာ ငြင်းလိုက်ပြီးသည့်နောက်တွင် ရှုချန်ဖုန်းမှာ မကျေမနပ် ဖြစ်သွားခဲ့ပါသော်ငြား ထျန်ရှန်းအား ဆက်၍ ဖိအားပေးမနေခဲ့ပေ။

သို့သော်ငြား ရန်ကိုင် သူ့ဂိုဏ်းထဲမှ ထွက်ထွက်ချင်းမှာပင် ထိုလူများသည် ရန်ကိုင်အား ဝိုင်းဝန်းတိုက်ခိုက်ကြလိမ့်မည်ဟု ထျန်ရှန်း မထင်ထားခဲ့ပေ။ သူတို့အနေဖြင့် ရန်ကိုင်အား ထိုမျှ တိုက်ခိုက်ချင်နေလျှင် ရန်ကိုင် ခပ်လှမ်းလှမ်းသို့ ရောက်သွားမှ တိုက်ခိုက်၍လည်း ရပေသည်။ ဘာကြောင့်များ ဂိုဏ်းအပြင်ဘက်၌ တိုက်ခိုက်ရလေသနည်း။ ထိုကဲ့သို့ လုပ်လိုက်ခြင်းအားဖြင့် အပြင်လူများသာ ယခုအဖြစ်အပျက်ကို မြင်သွားခဲ့မည်ဆိုလျှင် ကောင်းကင်ဝံပုလွေတောင်ကြားသည်လည်း ယခုကိစ္စ၌ ပါဝင်သည်ဟု ထင်သွားကုန်ကြပေလိမ့်မည်။ သူ့ရင်ထဲ ဒေါသထွက်နေလင့်ကစား ကိုယ့်အကြောင်းကိုယ် သိထားသူပီပီ ထျန်ရှန်းမှာ ထိုလူများနှင့် သွားရောက်ငြင်းခုံနေခြင်း မပြုခဲ့ပေ။ ရွေးစရာမရှိတော့သည့်အဆုံး သူ့ဂိုဏ်း ယခုကိစ္စထဲ မပါသွားရလေအောင် အဝေးတစ်နေရာမှသာ လှမ်း၍ ကြည့်နေရလေ၏။

ချီဟိုင်နှင့် ရှိုးရှိုးတို့ ဖြစ်သွားသည့် ကိစ္စကို မြင်သော် ချန်းရှိုယင်က မှတ်ချက်ပေးလိုက်လေ၏။ "တကယ်ကို သစ္စာရှိတဲ့လူပါလား၊ ဒါပေမဲ့ သူလမ်းမှား ရောက်သွားတာ ဆိုးတာပဲ"

ထျန်ရှန်းသည် ချီဟိုင် ထွက်သွားသည်ကို ကြည့်ရင်းမှ ပြောလိုက်သည်။ "သူက ချီမိသားစုခံတပ်ကနဲ့ တူတယ်"

လန်ဟဲ့မှာလည်း ဒွိဟ ဖြစ်နေခဲ့လေသည်။ အမျိုးသမီးတစ်ဦး ဖြစ်သည့်အလျောက် နှလုံးသားရေးရာကိစ္စများနှင့် ပတ်သက်လာသော် စိတ်လှုပ်ရှားလွယ်ပေသည်။ ရှိုးရှိုး ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲလိုက်သည်ကို ကြည့်ရင်း လန်ဟဲ့မှာ ငိုလုမတတ် ဖြစ်သွားခဲ့သည်။ ရှိုးရှိုး မည်သူမှန်း သူမ မသိပါသော်ငြား ချီဟိုင်အပေါ် ရှိုးရှိုး၏ ချစ်ခြင်းမေတ္တာကိုတော့ သူမ ခံစားမိပေသည်။

ရှိုးရှိုးသည် ယခုရန်ငြိုးရန်စများကို အပြီးသတ်စေနိုင်ရန်အတွက် သူမကိုယ်သူမ ဖောက်ခွဲပစ်ရန် ရွေးချယ်ခဲ့သည်။ ထိုသို့သာမဟုတ်ပါက ချီဟိုင်မှာ ရန်ကိုင်အား ကျိန်းသေ တိုက်ခိုက်ပြီး သူ၏ အဆုံးသတ်မှာ ဆိုးရွားသွားရပေလိမ့်မည်။

လက်ရှိအခိုက်အတန့်တွင် လန်ဟဲ့မှာ ရန်ကိုင် ဘေးနားတွင် သွားရပ်နေပြီး ရန်ကိုင်နှင့်အတူ ရန်သူများကို ရင်ဆိုင်ချင်မိပေသည်။ သို့ပင်ဖြစ်လင့်ကစား ထျန်ရှန်းနှင့် ချန်းရှိုယင်တို့မှာ ထိုကိစ္စနှင့် ပတ်သက်၍ ကြိုတင်ပြင်ဆင်ပြီးသားလေပြီ။ လန်ဟဲ့ သူတို့အနောက်သို့ လိုက်လာသည်နှင့် တစ်ပြိုင်နက် လန်ဟဲ့၏ ကျင့်ကြံခြင်းကိုပါ ချိတ်ပိတ်ပစ်ထားလိုက်၏။ ထိုအကြောင်းကြောင့် လန်ဟဲ့မှာလည်း ကူကယ်ရာမဲ့စွာဖြင့် ရပ်ကြည့်နေရုံသာ တတ်နိုင်လေသည်။

တောင်ကုန်းလေးမှ မိုင်ပေါင်းများစွာ ဝေးကွာသောနေရာ၌ ရန်ကိုင်အား ဧကရာဇ်အဆင့်ပညာရှင်ပေါင်းများစွာမှ ဝန်းရံထားကြသည်။ သို့သော်ငြား ရန်ကိုင်မှာမူ အနည်းငယ်မျှပင် စိုးရိမ်ပူပန်နေခြင်း မရှိဘဲ တည်တည်ငြိမ်ငြိမ်ဖြင့်သာ ရှိနေလေ၏။ ရန်ကိုင်၏ ပုံစံကို ကြည့်ရင်း ထျန်းရှန်းနှင့် ချန်းရှိုယင်တို့ပင်လျှင် အံ့ဩတကြီး ဖြစ်သွားကြရသည်။

ရန်ကိုင်မှာ ချီကွေ့အား လှမ်းကြည့်၍ မေးလိုက်လေသည်။ "ချီဟိုင်ကတော့ ထွက်သွားပြီ၊ မင်းကရော ဘာလုပ်မှာလဲ"

ချီကွေ့မှာ ရန်ကိုင်အား ပြန်၍ စိုက်ကြည့်လိုက်သည်။ တစ်ချိန်တည်းတွင်လည်း သူ့ရင်ထဲ အချက်ပေးခေါင်းလောင်းသံတို့ ဆူဝေလာခဲ့လေသည်။ သူ၏ မသိစိတ်သည် သူ့အား ဤနေရာမှ မြန်မြန်ထွက်သွားရန် ရန်ကိုင်ကိုသာ တိုက်ခိုက်လိုက်ပါက ဆိုးဆိုးရွားရွား အဆုံးသတ်နှင့် ကြုံတွေ့ရလိမ့်မည်ဟု သတိပေးနေခဲ့လေသည်။

ထိုအတွေး သူ့ခေါင်းထဲ ပေါ်လာသော် ချီကွေ့မှာ ပျာယာကိုခတ်သွားရတော့သည်။ သူနှင့် ရန်ကိုင်သည် မျိုးဆက်တစ်ခုတည်းမှ တက်သစ်စကြယ်ပွင့်များ ဖြစ်ကြပေသည်။ အရှေ့ဘက်နယ်မြေတွင် သူသည် နာမည်ကျော်ပုဂ္ဂိုလ်တစ်ဦး ဖြစ်ပြီး ရန်ကိုင်သည် တောင်ဘက်နယ်မြေ၏ နာမည်ကျော်ပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်။ ရှုယာဉ်သာမဟာဧကရာဇ်၏ သားတော် ယောင်စီနှင့် တွေ့ရစဉ်ကပင်လျှင် ချီကွေ့မှာ ယခုကဲ့သို့သော အန္တရာယ်များသည့် အငွေ့အသက်မျိုးကို မခံစားခဲ့ရပေ။ သို့သော်ငြား ယခုအချိန်တွင်မူ ဘာကြောင့်မှန်း မသိရသော အကြောင်းအရင်းအချို့ကြောင့် သူ့အရှေ့တွင် ရပ်နေသော လူငယ်လေးနှင့် အကြည့်ချင်းဆုံလိုက်သည်နှင့် တစ်ပြိုင်နက် အချက်ပေးခေါင်းလောင်းသံတို့ သူ့ခေါင်းထဲ အဆက်မပြတ်ကို ဆူဝေလာတော့လေသည်။

လက်ရှိ ရန်ကိုင်၏ အခြေအနေအရ သူသာ တိုက်ခိုက်မည်ဆိုလျှင် သူ့ခွန်အားကို လုံးဝ ထိမ်ချန်ထားလိမ့်မည် မဟုတ်ပေ။ အကြောင်းမှာ သူ့ခွန်အားကို ထိမ်ချန်ထားလိုက်မည်ဆိုပါက အခန့်မသင့်လျှင် သူပြန်ရှုံးသွားရနိုင်သည့်အတွက်ကြောင့်ပင် ဖြစ်လေသည်။ ဧကရာဇ်အဆင့်ပညာရှင်ပေါင်းများစွာကို ရင်ဆိုင်ရမည်ဖြစ်လေရာ ရန်ကိုင်မှာ အားကုန်ထုတ်သုံးပေလိမ့်မည်။

[သူ့အားကုန်ထုတ်သုံးရင် ငါအသတ်ခံရမှာပေါ့] ချီကွေ့၏ မျက်နှာ ရှုံ့မဲ့သွားခဲ့လေပြီ။ သူ့စိတ်ထဲ ရန်ကိုင်၏ ခွန်အားအား သွားရောက်စမ်းသပ်လိုစိတ် မရှိတော့ဘဲ ပြန်၍သာ ပြောလိုက်သည်။ "ဟိုလင်မယားနှစ်ယောက်ရဲ့ ကိစ္စကိုမြင်ပြီးတော့ ငါတိုက်ခိုက်ချင်စိတ် မရှိတော့ဘူး၊ အခုတော့ ထားလိုက်တော့မယ်၊ မင်းအသက်ရှင်နိုင်ခဲ့မယ်ဆိုရင်တော့ နောက်ကျမှပဲ ထပ်တိုက်ကြတာပေါ့"

ထိုသို့ပြောပြီးသွားသည်နှင့် တစ်ပြိုင်နက် အစောပိုင်းက သူခံစားနေရသော အန္တရာယ်အငွေ့အသက်တို့ ပျောက်ခြင်းမလှပျောက်ကွယ်သွားခဲ့လေသည်။ ထိုအခါမှသာလျှင် ချီကွေ့မှာလည်း သက်ပြင်းချနိုင်တော့လေ၏။

ရန်ကိုင် ခေါင်းညိတ်ပြလိုက်သည်။ ချီကွေ့သည်သာ သူနှင့် မရမက တိုက်ခိုက်နေမည်ဆိုလျှင် ရန်ကိုင်မှာလည်း သူ့ခွန်အားကို ထိမ်ချန်ထားနိုင်လိမ့်မည် မဟုတ်ပေ။ ချီကွေ့ မည်မျှပင် အားကောင်းနေစေကာမူ ဧကရာဇ်ပထမအဆင့်ကျင့်ကြံသူတစ်ဦးသာ ဖြစ်သည့်အလျောက် ရန်ကိုင်၏ လက်ချက်ဖြင့် ကျိန်းသေ အသတ်ခံရနိုင်ပေသည်။ ရန်ကိုင်သည်သာ ချီကွေ့အား ဤနေရာ၌ သတ်မိလိုက်မည်ဆိုလျှင် ရန်ကိုင်သည် အရှေ့ဘက်နယ်မြေတွင် ရှိနေသော ထိပ်တန်းဂိုဏ်း သုံးဂိုဏ်းစလုံးကို ရန်စမိသွားသလို ဖြစ်သွားပေလိမ့်မည်။

ရန်ကိုင်မှာ လူပေါင်းများစွာနှင့် ထပ်မံ၍ ပြဿနာဖြစ်လိုစိတ် မရှိတော့။ ထိုအတွက်ကြောင့် ချီကွေ့၏ ဆုံးဖြတ်ချက်မှာ ရန်ကိုင် မျှော်လင့်ထားသည့် အရာသာ ဖြစ်လေသည်။

ဘေးပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်ပြီးသည့်နောက် ရန်ကိုင်က လှောင်ပြောင်ပြောဆိုလိုက်လေသည်။ "ဒီဘုရင် ဒီမှာ ရပ်နေတယ်လေ၊ ငါ့ကို သတ်မယ်ဆိုပြီးတော့ မင်းတို့ကောင်တွေက ဘာတွေ ရပ်လုပ်နေကြတာလဲ"

"ငါ့အရှေ့မှာ လာပြီး မောက်မာရဲနေတယ်ပေါ့ ဟုတ်လား၊ ဒီဘုရင် မင်းကိုဖမ်းမိတာနဲ့ မင်းဝိညာဉ်ကို ဆွဲထုတ်ပြီးတော့ သန့်စင်ပစ်မယ်" ဖုပိုက အေးစက်စက် အမူအရာဖြင့် နှာခေါင်းရှုံ့လိုက်ပြီးသည့်နောက် သူ့လက်ကို ဝှေ့ယမ်းလိုက်လေ၏။ "အဲဒီကောင်ကို သတ်"

ရှုချန်ဖုန်းမှာလည်း ပြတ်ပြတ်သားသား အမူအရာဖြင့် ပြောလိုက်လေသည်။ "သတ်"

ဧကရာဇ်အဆင့်ပညာရှင်များမှ ဧကရာဇ်ချီကို အသက်သွင်း၍ လှုပ်ရှားလိုက်သည်နှင့် တစ်ပြိုင်နက် ပတ်ဝန်းကျင်တစ်ခုလုံး အပြောင်းအလဲကြီး ပြောင်းလဲသွားတော့သည်။ တစ်ချိန်တည်းတွင် လူပေါင်းများစွာသည်လည်း လူချင်းခွဲ၍ ရန်ကိုင်အား ထွက်မပြေးနိုင်အောင် ဘက်ပေါင်းစုံမှ ဝန်းရံလိုက်ကြလေသည်။

ထိုအခိုက်အတန့်တွင် လူငါးဦးသည် ရန်ကိုင်ဆီသို့ တစ်ပြိုင်တည်း ပြေးဝင်လာကြသည်။

အရှေ့မှ ဦးဆောင်လာသည့် လူမှာတော့ လှံကို ကိုင်စွဲထားသော ဧကရာဇ်အဆင့်ပညာရှင်တစ်ဦး ဖြစ်ပေသည်။ တစ်ချိန်တည်းတွင် မရေမတွက်နိုင်သော လှံအရိပ်များမှာ ရန်ကိုင်ဆီသို့ အပေါ်စီးမှ ဆင်းကျလာခဲ့လေသည်။ ကျန်လေးဦးမှာလည်း ပိုးစုန်းကြူးများပမာ မည်သူက မည်သည့်နေရာမှ လှုပ်ရှားနေမှန်း မသိရလေအောင် လှုပ်ရှားနေကြလေသည်။

ထိုလူငါးဦးမှာ မတူကွဲပြားသည့် ဂိုဏ်းနှစ်ဂိုဏ်းမှ ဖြစ်ကြပါသော်ငြား ဧကရာဇ်အဆင့်ပညာရှင်များ ဖြစ်ကြသည်နှင့်အညီ ယခုမှသာလျှင် ပထမဦးဆုံးအကြိမ် အတူပူးပေါင်း တိုက်ခိုက်ဖူးသည့်တိုင် သူတို့၏ လှုပ်ရှားမှုများမှာ ငြိမ်သက်ချောမွေ့နေခဲ့လေသည်။

ထိုမြင်ကွင်းကို အဝေးမှ ရပ်ကြည့်နေကြသော ထျန်ရှန်းနှင့် ချန်းရှိုယင်တို့မှာ သက်ပြင်းသာချလိုက်ကြသည်။

ထိပ်တန်းဂိုဏ်းနှစ်ဂိုဏ်းသည် ရန်ကိုင်နှင့် ရင်ဆိုင်ရန်အတွက် ဤမျှ များပြားလှသော လူများအား ဘာကြောင့် စေလွှတ်လိုက်ရသလဲဆိုသည်ကို သူတို့နှစ်ဦး အမှန်တကယ်ကို နားမလည်ပေ။ ဖုပိုနှင့် ရှုချန်ဖုန်းတို့သည်ပင်လျှင် ဤနေရာသို့ ကိုယ်တိုင်ကိုယ်ကျ ရောက်လာကြသည်။ ထျန်ရှန်းနှင့် ချန်းရှိုယင်တို့အတွက်မူ ထိုလူငါးဦးမှာ ရန်ကိုင်အား ရှင်းပစ်ရန်အတွက် လုံလောက်နေလေပြီ။

သူတို့နှစ်ဦးသည်သာ ရန်ကိုင်နေရာတွင်ဆိုပါက ထိုလူငါးဦး၏ တိုက်ခိုက်မှုကို မည်သည့်နည်းနှင့်မျှ ခုခံနိုင်ခဲ့လိမ့်မည် မဟုတ်ပေ။ ထိုလူငါးဦး၏ လက်မှ အသက်ရှင်နိုင်ခဲ့မည်ဆိုလျှင်ပင် စိုးရိမ်စရာကောင်းလောက်အောင် ဒဏ်ရာရသွားရပေလိမ့်မည်။ ဤကဲ့သို့သော အခြေအနေမျိုးတွင် ပြင်းထန်သော ဒဏ်ရာရလိုက်ခြင်းသည် သေသွားခြင်းနှင့် ဘာဆိုဘာမျှ မခြားပေ။

ထိုသို့ဖြစ်လေရာ ထိပ်တန်းဂိုဏ်းနှစ်ဂိုဏ်းမှာ ဘာကြောင့်များ ယခုကိစ္စလေးအတွက်နှင့် ဧကရာဇ်အဆင့်ပညာရှင်ပေါင်း များစွာကို စေလွှတ်ရပါလေသနည်း။

လန်ဟဲ့မှာလည်း အလန့်တကြား ထအော်မိလေသည်။ မကြည့်ရက်တော့သည့်အဆုံး ချက်ချင်းပဲ မျက်လုံးလေးပိတ်၍ အကြည့်လွှဲလိုက်လေ၏။

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၃၃၀၄)

ဘာသာပြန်သူ_တိမ်တိုက်

လှံ လေကိုထိုးခွင်းသံနှင့်အတူ စိုးရိမ်တကြီးအော်ဟစ်သံများ ဖြတ်ခနဲ ထွက်ပေါ်လာခဲ့သည်။ ထျန်ရှန်းနှင့် ချန်းရှိုယင်တို့မှာ တိုက်ပွဲဖြစ်နေသည့်နေရာအား မျက်လုံးအပြူးသားဖြင့် ကြောင်ကြည့်နေကြလေသည်။

လန်ဟဲမှာလည်း တစ်ခဏမျှ ထိတ်လန့်တုန်လှုပ်နေပြီးသည့်နောက် အလျင်စလို မျက်လုံးဖွင့်ကြည့်လိုက်လေ၏။

အစောပိုင်းက ရန်ကိုင်ဒုက္ခရောက်တော့မည်ဟု တွေးလျက် မကြည့်ရက်သည့်အတွက်ကြောင့် မျက်လုံးကိုပိတ်ထားခဲ့သည်။ သို့သော်ငြား ထွက်ပေါ်လာသည့်အော်သံများမှာ ရန်ကိုင်၏အော်သံမဟုတ်။ ထို့အတွက်ကြောင့် မျက်လုံးဖွင့်ကြည့်လိုက်ရာ သူမတစ်သက် မမေ့မည့် မြင်ကွင်းတစ်ခုကို မြင်တွေ့လိုက်ရသည်။

ရန်ကိုင်မှာ သူမူလရပ်နေသည့်ခဲ့သည့်နေရာတွင် ရှိမနေတော့ပေ။ ထို့အစား လှံကိုကိုင်ဆွဲထားသော ကျင့်ကြံသူတစ်ဦးရှေ့၌ ရောက်နေခဲ့သည်။ သတ်ဖြတ်လိုစိတ်တို့ တလှိုင်လှိုင် ဖြာထွက်နေရင်းမှ ရန်ကိုင်သည် ထိုကျင့်ကြံသူ၏ နဖူးတည့်တည့်ကို လက်ဝါးဖြင့် ရိုက်ချလိုက်လေသည်။

ရန်ကိုင်၏လက်ဝါး ထိမှန်သွားသည့်အခိုက် လှံကိုင်စွဲထားသော ကျင့်ကြံသူ၏နဖူး ချိုင့်ဝင်သွားခဲ့သည်။ ချိုင့်ဝင်သွားခဲ့ပြီးသည့်နောက် သူ့ခေါင်းတစ်ခုလုံး ပေါက်ကွဲထွက်သွားသည်ကို လန်ဟဲ အတိုင်းသား မြင်နေရလေသည်။

(ဘာတွေဖြစ်သွားတာလဲ…) လန်ဟဲ၏ခေါင်းထဲ မေးခွန်းတစ်ခု ပေါ်လာခဲ့သည်။ အစောပိုင်းက မျက်လုံးပိတ်ထားသည့်အတွက်ကြောင့် ရန်ကိုင်မှ ဧကရာဇ်အဆင့်ကျင့်ကြံသူများ၏ ပူးပေါင်းတိုက်ခိုက်မှုအား မည်ကဲ့သို့ရှောင်တိမ်းသွားပြီး ရန်သူရှေ့သို့ ရောက်သွားသလဲဆိုသည်ကို မပြောနိုင်ခဲ့ပေ။ သို့ပင်ဖြစ်လင့်ကစား ထိုသို့လုပ်ဖို့ရာ လွယ်ကူလိမ့်မည်မဟုတ်မှန်းတော့ သိပေသည်။ သူမ၏ဆရာနှင့် သူ့မိန်းမသည်ပင်လျှင် ထိုသို့မလုပ်နိုင်ကြပေ။ ထိုမျှ များပြားလှသော ကျင့်ကြံသူများ၏ ပူးပေါင်းတိုက်ခိုက်မှုနှင့် ရင်ဆိုင်ရသည့်အခါမျိုးတွင် ဧကရာဇ်ဒုတိယအဆင့်ကျင့်ကြံသူတစ်ဦးမှာ အသည်းအသန်ခုခံရုံသာ တတ်နိုင်ပေလိမ့်မည်။ ပြန်တိုက်ဖို့ရာဆိုလျှင် ဝေလာဝေးစွ။

သို့သော်ငြား ရန်ကိုင်ကမူ ထိုကဲ့သို့ ကျဉ်းထဲကျပ်ထဲအခြေအနေမျိုးမှ အန္တရာယ်ကင်းကင်းနှင့် လွတ်မြောက်နိုင်ခဲ့သည့်အပြင် တစ်ဖက်လူတစ်ဦးကိုပါ သေရွာသို့ ပြန်ပို့ပေးလိုက်နိုင်သည်။ ရန်ကိုင်၏ပုံစံကို ကြည့်ရသလောက်လည်း ပုရွတ်ဆိတ်တစ်ကောင်ကို သတ်လိုက်ရသည့်ပမာ အေးအေးဆေးဆေးသာ ရှိနေလေသည်။

(အဲ့ဒါ ဧကရာဇ်ပထမအဆင့်ကျင့်ကြံသူတစ်ယောက်လေ… ဘယ်လိုလုပ်ပြီး ဒီလောက် အလွယ်တကူသေသွားရတာလဲ…) အကုန်လုံးမှာ လုံးဝကို မယုံကြည်နိုင်စရာ ကောင်းနေသည်ဟု လန်ဟဲ ခံစားနေရသည်။ သူမသည်လည်း ဧကရာဇ်ပထမအဆင့်ကျင့်ကြံသူတစ်ဦး ဖြစ်သည့်အလျောက် ဧကရာဇ်ပထမအဆင့်ကျင့်ကြံသူတစ်ဦး မည်မျှအားကောင်းကြောင်း သိပေသည်။ သို့သော်ငြား လောကကြီးထဲရှိ မြောက်မြားလှစွာသော လူပေါင်းများစွာ၏ လေးစားအားကျခြင်း ခံရသော ထိပ်တန်းအဆင့်ကျင့်ကြံသူတစ်ဦးမှာ မျက်တောင်တစ်ခတ်အတွင်းမှာပင် ရန်ကိုင်၏ သတ်ဖြတ်ခြင်း ခံလိုက်ရ၏။

ထိုအခိုက်အတန့်ဝယ် လန်ဟဲမှာ တုန်တုန်ရီရီဖြစ်သွားခဲ့သလို ကြက်သီးမွေးညင်းလည်း ထသွားခဲ့ရသည်။ တစ်ချိန်တည်း၌ သူမ၏မျက်ဝန်းလေးများမှာလည်း တဖျတ်ဖျတ်ကို တောက်ပလာတော့လေသည်။ ယခုကဲ့သို့မျိုးသာဆိုလျှင် ရန်ကိုင်အနေဖြင့် အလွယ်တကူ အသတ်ခံရလိမ့်မည်မဟုတ်ပေ။

လှံကိုင်စွဲထားသည့်လူ အလွယ်တကူအသတ်ခံလိုက်ရသည်ကိုမြင်ပြီးသည့်နောက် ကျန်လေးဦး အထိတ်ထိတ်အလန့်လန့် ဖြစ်သွားကြသည်။ သို့သော်ငြား တစ်ခဏမျှသာလျှင် ဖြစ်ပေသည်။ ချက်ချင်းဆိုသလို အသိပြန်ဝင်လာကြပြီး ရန်ကိုင်အား ပူးပေါင်း၍ တိုက်ခိုက်လိုက်ကြသည်။

ထိုအချင်းအရာကိုမြင်သည့်အခါ ရန်ကိုင်က ရယ်သွမ်းသွေးလျက် “ခင်ဗျားတို့က ဒီလောက်တောင် ငရဲသွားချင်နေတယ်ဆိုမှတော့ ဒီဘုရင်ကလည်း ပို့ပေးရသေးတာပေါ့…”

ထို့နောက်တွင် ဧကရာဇ်အဆင့်လှံကို သူ့လက်ထဲသို့ လှမ်းဆွဲယူလိုက်လေသည်။ ထို့နောက် မည်သည့်သိုင်းပညာရပ်ကိုမှ အသုံးပြုခဲ့ခြင်းမရှိဘဲ လှံအား ရှေ့တည့်တည့်သို့ ထိုးချလိုက်လေသည်။

ရန်ကိုင်မှ လှံအား ထိုးချလိုက်ရာအရပ်တွင် မည်သူမျှ ရှိမနေကြပေ။ သို့သော်ငြား ရန်ကိုင်၏လှံထိပ်ဖျားမှာ ဟင်းလင်းပြင်အတားအဆီးကို ထိုးဖောက်သွားသည့်အလား လှံထိပ်ဖျား၌ လူတစ်ဦးမှာ တိုက်တိုက်ဆိုင်ဆိုင်ကို ပေါ်လာခဲ့လေ၏။

ထိုလူမှာတော့ အခြားမဟုတ်။ ရန်ကိုင်၏ဘေးမှနေ၍ ရန်ကိုင်အား တိုက်ခိုက်ရန်ကြံနေသော မရဏဂိုဏ်းမှ အကြီးအကဲတစ်ဦးသာ ဖြစ်လေသည်။ သို့သော်ငြား ထိုနေရာသို့ရောက်သည်နှင့်တစ်ပြိုင်နက် ထိုအကြီးအကဲမှာ ငေးကြောင်ကြောင်ဖြစ်နေစဉ်မှာပင် သေခြင်းတရားအရှိန်အဝါတို့ သူ့ခန္ဓာကိုယ်အား ရစ်သိုင်းလာသည်ကို ခံစားမိလိုက်လေသည်။ ထို့အတွက်ကြောင့် အထိတ်ထိတ်အလန့်လန့်ဖြင့် သူ့လက်ထဲရှိ သွေးနီရောင်အလံတိုင်ကို ဝှေ့ယမ်းကာ ဖောက်ခွဲပစ်လိုက်လေသည်။ ဤသည်မှာ သူ၏ အဖိုးတန်မှော်ရတနာတစ်ခုဖြစ်သော သွေးပင်လယ်အလံတိုင်ဖြစ်လေသည်။ သွေးမြူများကို အကာအကွယ်ယူ၍ အကြီးအကဲမှာ ချက်ချင်းပြန်ဆုတ်ရန် ကြိုးစားလိုက်သည်။

သို့သော်ငြား ခြေတစ်လှမ်းပင် မလှမ်းရသေးခင်မှာပင် သူ့ရင်ဘတ်နေရာဆီမှ နာကျင်မှုကို ခံစားမိလိုက်ရသည့်အတွက်ကြောင့် အလျင်စလို ခေါင်းငုံ့ကြည့်လိုက်ရာ သူ့ရင်ဘတ်နေရာတွင် အပေါက်တစ်ပေါက်ရှိနေကြောင်းကို တွေ့လိုက်ရလေသည်။ ထိုအပေါက်ကိုကြည့်ရင်း အကြီးအကဲမှာ အလွန်တရာကိုမှ မယုံကြည်နိုင်ဖြစ်နေသည့်အလား သူ့ခန္ဓာကိုယ်မှာ တဆတ်ဆတ်တုန်ရီလာခဲ့ပြီး မျက်လုံးများမှာလည်း ပြူးကျယ်လာနေခဲ့လေသည်။

သွေးများမှာမူ ထိုအပေါက်ထဲဆီမှ အဆက်မပြတ်ကို စီးထွက်နေခဲ့လေ၏။

“မဟုတ်ဘူး…” အကြီးအကဲမှာ ထိတ်လန့်တကြား ထအော်ဟစ်လိုက်လေသည်။ ရန်ကိုင်သည် သွေးပင်လယ်အလံတိုင်၏ အကာအကွယ်ကို သာမန်လှံတစ်ချက်လေးဖြင့် မည်ကဲ့သို့များ ထိုးဖောက်၍ သူ့အား ယခုကဲ့သို့ သတ်ပစ်နိုင်ရလေသနည်း။

အကြီးအကဲမှာ ဘာတွေဖြစ်လို့ ဖြစ်သွားမှန်းကို နားမလည်နိုင် ဖြစ်နေစဉ်မှာပင် သူ့ခန္ဓာကိုယ်ကြီးသည် ကောင်းကင်ပေါ်မှ အသက်မဲ့စွာဖြင့် မြေပြင်ပေါ်သို့ ပြုတ်ကျသွားခဲ့လေသည်။

ထိုလူအား တိုက်ကွက်တစ်ကွက်ဖြင့် သတ်ပြီးသည့်နောက်တွင် ရန်ကိုင်သည် လှံကို ချက်ချင်းပြန်ဆွဲယူ၍ အခြားတစ်ဖက်သို့ ထပ်၍ ထိုးချလိုက်လေသည်။ ရန်ကိုင်၏လှံချက်များမှာ သာမန် ဤအတိုင်း ဝှေ့ယမ်းနေသော လှံချက်များသာ ဖြစ်ပေသည်။

လေခွင်းသံနှင့်အတူ ရန်ကိုင်၏လှံချက်သည် သူ့အား နောက်ဘက်ဆီမှ အလစ်ချောင်းတိုက်ခိုက်ရန် ကြံနေသော တတိယလူ၏ခေါင်းအား ဖောက်ထွက်သွားခဲ့လေသည်။

ဤဧကရာဇ်အဆင့်လှံသည် ရန်ကိုင်လက်ထဲသို့ ရောက်ရှိလာပြီးသည့်နောက် အသက်ဝင်လာသည့်အလား ယခုဆိုလျှင် လှံချက်တစ်ချက်ချင်းစီတိုင်းသည် ရန်သူတစ်ဦးချင်းစီကို တမလွန်ဘဝသို့ အရောက်ပို့ပေးနေခဲ့လေသည်။ သို့ပင်ဖြစ်လင့်ကစား ရန်ကိုင်အသုံးပြုနေသော လှံချက်များမှာ လုံးဝကို သာမန်လှံချက်များဖြစ်သလို ဤလှံသည်လည်း ရန်ကိုင်မသန့်စင်ရသေးသော လှံတစ်ချောင်းဖြစ်ပေသည်။

ရန်ကိုင်၏တိုက်ကွက်များမှာ ထိုမျှနှင့်ပင် မပြီးဆုံးသေးပေ။ ရန်ကိုင်သည် လှံတံ၏ အဖျားနားကို ကိုင်၍ ဘေးပတ်ပတ်လည်သို့ ဝှေ့ယမ်းချလိုက်လေ၏။ လက်ရှိအချိန်တွင် လေးယောက်မြောက်လူသည် ရန်ကိုင်ဆီသို့ ရှေ့တည့်တည့်မှ ပြေးဝင်လာနေပေသည်။

မူလက ငါးဦးအတူပေါင်း၍ ရန်ကိုင်အား တိုက်ခိုက်ခဲ့ပါသော်ငြား ရန်ကိုင်မှာ မျက်တောင်တစ်ခတ်အတွင်း သုံးဦးစလုံးကို သတ်ပစ်ခဲ့သည်။ လက်ရှိအချိန်၌ လေးဦးမြောက်လူမှာ သူ့ဆီသို့ တိုးဝင်လာနေသော လှံချက်ကို မြင်ပြီးသည့်နောက် အလွန်ကိုမှ ထိတ်လန့်သွားခဲ့လေရာ သူ့တိုက်ကွက်သည်ပင်လျှင် မသိလိုက်မသိဘာသာဖြင့် အားပျော့သွားခဲ့လေသည်။ တစ်ချိန်တည်းတွင် ထိုလူမှာ တိုက်ခိုက်ရန် စဉ်းစားမနေတော့ဘဲ ဧကရာဇ်ချီကိုလှည့်ပတ်၍ သူ့ကိုယ်သူ ကာကွယ်လိုက်သည်။

ထိုမျှသာလျှင်မဟုတ်သေးဘဲ ဒိုင်းကာတစ်ခုကို ထုတ်ယူ၍လည်း ရန်ကိုင်၏လှံချက် တိုးဝင်လာနေရာအရပ်ဆီသို့ ဒိုင်းကာကိုမြှောက်၍ ကာလိုက်လေ၏။

“ဘုန်း…”

လှံနှင့်ဒိုင်းကာ သွားတွေ့သည့်အခိုက်တွင် ကြယ်နှစ်လုံးဝင်တိုက်သည့်အလား အလွန်တရာကိုမှ ကျယ်လောင်သည့် ပေါက်ကွဲသံကြီး ထွက်ပေါ်လာခဲ့လေသည်။

အနီးအနားတွင်ရှိနေသည့် လူများ၏ နားစည်များမှာလည်း ပြင်းပြင်းထန်ထန်ကို တုန်ခါသွားကုန်ကြပြီး အကုန်လုံးမှာ သူတို့ရှေ့ရှိမြင်ကွင်းအား မျက်လုံးအပြူးသားဖြင့် ကြည့်နေကြလေ၏။ လှံတံ၏ရိုက်ခတ်ခြင်း ခံလိုက်ရပြီးသည့်နောက်တွင် ဒိုင်းကာမှာ အရောင်တလက်လက် တောက်ပလာခဲ့ပြီးသည့်နောက် တစ်စစီ ကွဲကြေပျက်စီးသွားလေသည်။

ဖုပိုနှင့် ရှုချန်ဖုန်းတို့ဆီမှ သက်ပြင်းရှိုက်သံများမှာလည်း အစီအရီ ထွက်ပေါ်လာကြသည်။ နှစ်ဦးစလုံးမှာ ထိုမြင်ကွင်းကိုကြည့်ရင်း အလွန်ကိုမှ မယုံကြည်နိုင်ဖြစ်နေကြရာ ကိုယ့်လျှာကိုယ် ပြန်ကိုက်မိလုမတတ်ပင် ဖြစ်နေကုန်ကြလေသည်။ ရန်ကိုင်လက်ထဲရှိလှံတံကို ရန်ကိုင်မှ မသန့်စင်ရသေးမှန်း နှစ်ဦးစလုံး သိနေကြသည်။ ထို့အတွက်ကြောင့် ရန်ကိုင်သည် တိုက်ကွက်တစ်ခုချင်းစီတိုင်းအား သူ၏ရုပ်ခွန်အားကိုအသုံးပြု၍ တိုက်ခိုက်နေခြင်းဖြစ်လေသည်။ ဧကရာဇ်အဆင့်အကာအကွယ်မှော်ရတနာတစ်ခုကိုပင်လျှင် တိုက်ကွက်တစ်ကွက်တည်းဖြင့် တစ်စစီပျက်စီးသွားအောင် လုပ်နိုင်ရလေအောင် ရန်ကိုင်၏ရုပ်ခွန်အားမှာ မည်မျှပင် အားကောင်းနေလေသနည်း။

“ပြန်ဆုတ်…” ရှုချန်ဖုန်းက လှမ်းအော်ပြောလိုက်သည်။ ဖြစ်သာဖြစ်နိုင်လျှင် သူတို့ဘက်မှလူသုံးဦးအား ရန်ကိုင်မှ မသတ်ခင်တည်းက သူအနေဖြင့် လှမ်းအော်မိလိုက်ပေလိမ့်မည်။ သို့သော်ငြား ရန်ကိုင်လှုပ်ရှားသွားသည်မှာ အလွန်တရာကိုမှ မြန်လွန်းလှသည့်အတွက်ကြောင့် သူခမျာ အော်ချိန်ပင်မရလိုက်ဘဲ လူသုံးဦးမှာ သေသွားခဲ့ရသည်။

ထိုကဲ့သို့အော်ဟစ်ပြီးသည့်နောက်တွင် တစ်မီတာခန့်အလျားရှိနေသော ထောင့်မှန်စတုဂံပုံစံ အနက်ရောင်ဓါးအိမ်တစ်ခု ရှုချန်ဖုန်း၏ကျောဘက်တွင် ပေါ်လာခဲ့လေသည်။ ထိုဓါးအိမ်မှာ အတော်လေးကိုမှ ရိုးရှင်းလှသည့်တိုင် ၎င်းဆီမှ မိုးမြေတစ်ခုလုံးကို ဖျက်ဆီးလုမတတ်အရှိန်အဝါတို့ ဖြာထွက်နေလေ၏။

ထို့နောက်တွင် ရှုချန်ဖုန်းမှာ လက်ကွက်တစ်ခုကို ဖန်တီးလိုက်လေရာ ထိုဓါးအိမ်ထဲမှ အနက်ရောင်ဓါးအလင်းတန်းတစ်ခု ထွက်ပေါ်လာခဲ့ပြီး ရန်ကိုင်၏ရင်ဘတ်နေရာတည့်တည့်ဆီသို့ မျက်တောင်တစ်ခတ်အတွင်း ပြေးဝင်သွားလေ၏။ ရှုချန်ဖုန်းမှာ လေးယောက်မြောက်လူ ထွက်ပြေးနိုင်စေရန်အတွက် ရန်ကိုင်အား အာရုံလွှဲကာ အချိန်ဆွဲပေးနေခြင်း ဖြစ်ပေသည်။

ရှုချန်ဖုန်းမှာ အရှေ့ဘက်နယ်မြေထဲရှိ ထိပ်တန်းဂိုဏ်းသုံးဂိုဏ်းထဲမှ တစ်ဂိုဏ်း၏ ဂိုဏ်းချုပ်ဖြစ်ပါသော်ငြား ဧကရာဇ်အဆင့်ပညာရှင်များမှာ သူ့အတွက်ပင်လျှင် အဖိုးတန်နေဆဲ။ ရန်ကိုင်မှာ ဧကရာဇ်အဆင့်ပညာရှင်သုံးဦးအား အလွယ်တကူသတ်ဖြတ်သွားခဲ့သည်။ အသတ်ခံလိုက်ရသည့်ဧကရာဇ်အဆင့်ပညာရှင်နှစ်ဦးမှာ မရဏဂိုဏ်းမှဖြစ်ပါသော်ငြား ရှုချန်ဖုန်းမှာ ဧကရာဇ်အဆင့်ပညာရှင်တစ်ဦးအား ဆုံးရှုံးလိုက်ရသည့်အတွက်ကြောင့် အတော်လေးကိုမှ ရင်နာနေခဲ့ရသည်။ ထို့အတွက်ကြောင့် လေးယောက်မြောက်လူကို ရန်ကိုင်မှ ထပ်မသတ်နိုင်စေရန်အတွက် ယခုကဲ့သို့ လှုပ်ရှားလိုက်ခြင်းပင် ဖြစ်လေသည်။

သို့သော်ငြား ရန်ကိုင်သည် သာမန်လူတစ်ဦးမဟုတ်ပေ။ ရှုချန်ဖုန်း၏ အနက်ရောင်ဓါးအလင်းတန်းနှင့် ရင်ဆိုင်နေရသည့်တိုင် ရန်ကိုင်ကမူ ဂရုမစိုက်ဘဲ လေးယောက်မြောက်လူတည့်တည့်သို့သာ လှံတံကိုကိုင်စွဲ၍ ထိုးချလိုက်လေသည်။

“စွပ်…”

သွေးစိမ်းများ ပန်းထွက်လာခဲ့လေသည်။ ရန်ကိုင်၏လှံချက်ထဲရှိစွမ်းအားမှာ လေးယောက်မြောက်လူ၏ ခန္ဓာကိုယ်တစ်ခုလုံးကို တစ်စစီ ပေါက်ကွဲထွက်သွားစေခဲ့လေရာ သွေးမိုးများ ကောင်းကင်ပေါ်မှ ရုတ်ချည်း ဖြာကျလာကုန်ကြလေ၏။

တစ်ချိန်တည်းတွင်လည်း ကျယ်လောင်သည့် ခေါင်းလောင်းသံကြီးနှင့်အတူ ဒေါင်ခနဲမြည်သံတစ်သံ ထွက်ပေါ်လာခဲ့လေရာ လူတိုင်း၏နားစည်များမှာ ထိုခေါင်းလောင်းသံကြောင့် ပြင်းပြင်းထန်ထန် တုန်ခါသွားကုန်ကြရလေသည်။

သေသေချာချာ ကြည့်ကြည့်လိုက်သည့်နောက်တွင် ရှုချန်ဖုန်းမှာ သွေးအန်လုမတတ်ပင် ဖြစ်သွားခဲ့ရသည်။ လက်ရှိအချိန်၌ ရန်ကိုင်၏နောက်ဘက်တွင် လူအရပ်တစ်ဝက်စာခန့် အမြင့်ရှိသော ခေါင်းလောင်းကြီးတစ်လုံး ရှိနေခဲ့လေသည်။ ခေါင်းလောင်းပေါ်တွင် ထိုးထွင်းထားသော တောင်၊ မြစ်၊ ကျေးငှက်များနှင့် သားရဲများ၏ပုံရိပ်များမှာ လက်ရှိအချိန်၌ အသက်ရှိနေကြသည့်ပမာ ဖြည်းဖြည်းချင်း လှုပ်ရှားနေကြလေသည်။ တစ်ချိန်တည်းတွင် ရှေးကျသည့်အရှိန်အဝါတစ်ရပ်သည်လည်း ထိုခေါင်းလောင်းဆီမှ ဖြာထွက်နေခဲ့လေ၏။

ရှုချန်ဖုန်း၏ဓါးအလင်းတန်းမှာ ရန်ကိုင်ဆီသို့ ရောက်မသွားနိုင်ခဲ့ဘဲ ခေါင်းလောင်းအား သွားရောက်ထိမှန်ပြီး မမျှော်လင့်ထားသည့်အကျိုးဆက်များကို ဖြစ်ပေါ်လာစေခဲ့လေသည်။

“တောင်နဲ့မြစ်ခေါင်းလောင်း…” ဖုပို၏မျက်လုံးထဲ လောဘတကြီးအရိပ်အယောင်တို့ ဖြတ်ပြေးသွားခဲ့သည်။ အစောပိုင်းက ဧကရာဇ်အဆင့်ပညာရှင်နှစ်ဦးအား ဆုံးရှုံးလိုက်ရသည့်အပေါ် ရင်နာနေခဲ့ရသည်။ သို့သော်ငြား သူခံစားနေရသည့် ဝမ်းနည်းမှုအားလုံးမှာ ထိုခေါင်းလောင်းကိုမြင်လိုက်သည့်အခိုက် ပျောက်ချင်းမလှပျောက်ကွယ်သွားခဲ့ပြီး လောဘရမ္မက်တို့ကသာ သူ့ရင်ထဲ အစားထိုးဝင်ရောက်လာခဲ့လေသည်။

အကြောင်းမှာ လက်ရှိ သူ့ရှေ့တွင်ရှိနေသည့်ခေါင်းလောင်းသည် ယွမ်တင်းမဟာဧကရာဇ်အား မဟာဧကရာဇ်တစ်ပါးဖြစ်လာအောင် ကူညီပေးခဲ့သည့် ရတနာတစ်ပါး ဖြစ်သည့်အတွက်ကြောင့်ပင် ဖြစ်လေသည်။ ဤအရာကြီးသည် နာမည်ကျော် ရှေးဟောင်းမှော်ရတနာတစ်ခုဖြစ်သည့် တောင်နဲ့မြစ်ခေါင်းလောင်းပင် ဖြစ်လေသည်။

တောင်နဲ့မြစ်ခေါင်းလောင်းနှင့် ဖီးနစ်မီးတောက်ကို ရန်ကိုင်မှ ကြယ်ပျက်ပင်လယ်ထဲ၌ ရသွားသည့်အကြောင်းကို ဖုပိုမှ ကြားထားပါသော်ငြား ယခုကဲ့သို့ ကိုယ်တိုင်မမြင်ရသေးသရွေ့ မယုံခဲ့ပေ။

ခေါင်းလောင်းသံသည် တောင်နဲ့မြစ်များကို လှုပ်ခါစေနိုင်ပြီး ၎င်း၏ ဧကရာဇ်အရှိန်အဝါမှာတော့ ကောင်းကင်နှင့် မြေပြင်ကိုပင်လျှင် ဝရုန်းသုန်းကားဖြစ်သွားအောင် လုပ်နိုင်သည်ဟု ပြောစမှတ်ရှိကြသည်။ ထို့အပြင် တောင်နဲ့မြစ်ခေါင်းလောင်းမှာ ဤလောကကြီးထဲရှိ အရာမှန်သမျှကို ဖိနှိပ်ပစ်နိုင်သည်ဟူသော ကောလဟာလများလည်း ရှိနေပေသေးသည်။ အစောပိုင်းကထွက်ပေါ်လာသည့် အသံကို ကြည့်ရသလောက် ထိုကောလဟာလများမှာ အမှန်ဖြစ်လောက်သည့်ပုံပင်။ တစ်စုံတစ်ခု၏ ထိမှန်ခြင်း ခံလိုက်ရရာမှ ထွက်ပေါ်လာသည့် ခေါင်းလောင်းသံသည်ပင်လျှင် ထိုမျှ အံ့ဩဖွယ်ကောင်းနေလေရာ ခေါင်းလောင်းကိုသာ ကိုယ်တိုင်ကိုယ်ကျ အသက်သွင်းလိုက်မည်ဆိုလျှင် မည်မျှပင် အားကောင်းလိုက်လေမည်နည်း။

ထိုအခိုက်အတန့်ဝယ် ဖုပို၏မျက်လုံးများ နီရဲလာတော့လေသည်။ သူသည်သာ တောင်နဲ့မြစ်ခေါင်းလောင်းကို ရနိုင်မည်ဆိုလျှင် မဟာဧကရာဇ်ရာထူးကို ဝင်ရောက်ယှဉ်ပြိုင်နိုင်ကာ ယွမ်တင်းမဟာဧကရာဇ်အသစ် ဖြစ်လာနိုင်ပေသည်။

ထိုအခိုက်အတန့်တွင် လူတစ်ဦးမှာတော့ ကြောက်လန့်တကြားအမူအယာဖြင့် အလျင်စလို ပြန်ဆုတ်နေခဲ့သည်။ ထိုလူမှာ ရန်ကိုင်အား တိုက်ခိုက်ရန် ကြိုးစားခဲ့သော ငါးယောက်မြောက်လူမှလွဲ၍ အခြားမဟုတ်ပေ။ ရှုချန်ဖုန်းသတိပေးသည်မှာ လေးယောက်မြောက်လူအတွက် နောက်ကျသွားခဲ့သည့်အလျောက် ငါးယောက်မြောက်လူတစ်ဦးသည်သာ အသက်ရှင်လျက် ထွက်ပြေးနိုင်ခဲ့သည်။ လက်ရှိအချိန်တွင် ထိုလူမှာ ကြောက်လန့်တကြားအမူအယာဖြင့် ဗြဟ္မာ့ကုန်းမြေအဖွဲ့သားများရှိရာဆီသို့ နောက်ပင်လှည့်မကြည့်ဘဲ ထွက်ပြေးနေခဲ့လေသည်။

အစောပိုင်းက ဧကရာဇ်အဆင့်ပညာရှင်ငါးဦးသည် ရန်ကိုင်အား သတ်နိုင်မည်ဟု အထင်ရောက်လျက် ယုံကြည်ချက်ရှိသည့်အမူအယာများဖြင့် ရန်ကိုင်အား တိုက်ခိုက်လာခဲ့ကြသည်။ သို့သော်ငြား သူတို့မထင်ထားသည်မှာတော့ ရန်ကိုင်မှ သူတို့ထဲမှလေးဦးအား မျက်တောင်တစ်ခတ်အတွင်း ပြန်သတ်လိုက်မည်ဟူသော အချက်ပင်။ သူတို့၏ပူးပေါင်းတိုက်ခိုက်မှုသည် ရန်ကိုင်ရှေ့တွင် ကလေးကစားစရာသာသာ ဖြစ်နေခဲ့လေသည်။ ထိုအကြောင်းကြောင့် ယခုအချိန်မျိုးတွင် ပြန်ဆုတ်ခြင်းသည် အကောင်းဆုံးဖြစ်ကြောင်းကို ငါးယောက်မြောက်လူ နားလည်သွားတော့လေ၏။

သို့သော်ငြား ကံမကောင်းသည်မှာတော့ သူ့အနေဖြင့် ဗြဟ္မာ့ကုန်းမြေအဖွဲ့သားများ ရှိနေရာဆီသို့ မရောက်နိုင်သေးခင်မှာပင် ရန်ကိုင်၏အော်ဟစ်သံကို ကြားလိုက်ရလေသည်။ ထို့နောက်တွင် လေခွင်းသံတစ်သံကိုပါ ကြားလိုက်ရလေ၏။

ထွက်ပြေးနေသည့်ငါးယောက်မြောက်လူ မျက်နှာတစ်ပြင်လုံး သွေးဆုတ်ဖြူလျော်သွားခဲ့ပြီး နောက်သို့လှမ်းကြည့်လိုက်လေရာ ရန်ကိုင်မှ တစ်ခုခုအား ပစ်လိုက်သည့်ပုံစံမျိုး လုပ်ထားကြောင်း တွေ့လိုက်ရသည်။ ရန်ကိုင်လက်ထဲ၌ အစောပိုင်းကရှိနေခဲ့သော ဧကရာဇ်အဆင့်လှံတံကိုမူ မည်သည့်နေရာတွင်မှ မတွေ့ရတော့ပေ။ ထို့အစား အလင်းတန်းတစ်ခုသည်သာ သူ့ကျောပြင်တည့်တည့်ဆီသို့ အရှိန်အဟုန်ပြင်းစွာ ပျံသန်းလာနေသည်ကို ငါးယောက်မြောက်လူတွေ့လိုက်ရသည်။

(ဒီအရူးကောင်ကတော့ကွာ…) ငါးယောက်မြောက်လူသည် ရန်ကိုင်အား စိတ်ထဲမှ ကြိတ်ကာ ကျိန်ဆဲလိုက်လေသည်။ သူ့ဆီသို့ တိုးဝင်လာနေသည့် အလင်းတန်းမှာ အခြားမဟုတ်ဘဲ ရန်ကိုင်ပစ်လွှတ်လိုက်သည့်လှံတံဖြစ်ကြောင်းကို ထိုလူသိနေပေသည်။

အလင်းတန်းမရောက်လာသေးခင်မှာပင် ထိုးခွင်းလာနေသည့်လေခွင်းသံသည် ထိုလူအား အလွန်ကိုမှ ကြောက်ရွံ့တုန်လှုပ်သွားစေခဲ့လေသည်။ အလင်းတန်းပျံသန်းလာနေသည့်နှုန်းမှာ အလွန်တရာကိုမှ မြန်လွန်းလှသည့်အတွက်ကြောင့် သူ့အနေဖြင့် ရှောင်ဖို့ရာ မဖြစ်နိုင်။ ပြန်လည်၍ ခုခံဖို့ရာလည်း မဖြစ်နိုင်သည့်အလျောက် အော်ဟစ်၍သာ အကူအညီတောင်းရတော့လေသည်။ “တော်ဝင်သခင်… ကျုပ်ကိုကယ်ပါဦး…”

သူ့ဘက်မှ ထိုကဲ့သို့ အော်ပြောပြီးပြီးချင်းမှာပင် အလွန်ပြင်းထန်သည့်အားတစ်ရပ် သူ့ကျောကုန်းအား လာရောက်ထိမှန်သည်ကို ခံစားလိုက်ရသည်။ ထို့နောက် ကျောပြင်တစ်ခုလုံး စူးအောင့်တက်သွားခဲ့ပြီး သူကိုယ်တိုင်သည်လည်း အလွန်မြန်ဆန်သည့်နှုန်းနှင့်အတူ ဗြဟ္မာ့ကုန်းမြေအဖွဲ့သားများရှိရာဆီသို့ လွင့်စင်ထွက်သွားခဲ့လေသည်။ တစ်ချိန်တည်း၌ လှံတစ်ချောင်းသည် သူ့ရင်ဘတ်ဆီမှ ထုတ်ချင်းပေါက် ထွက်လာခဲ့လေ၏။

All Chapters