← Chapters

အခန်း (၃၃၀၅-၃၃၀၈)

Vol. 145 Ch. 3305-3308

အခန်း (၃၃၀၅-၃၃၀၈)

Vol. 145 Ch. 3305-3308

အပိုင်း (၃၃၀၅)

ဘာသာပြန်သူ_တိမ်တိုက်

ရန်ကိုင်ပစ်လွှတ်လိုက်သည့်လှံသည် ဧကရာဇ်အဆင့်ပညာရှင်၏ခန္ဓာကိုယ်ကို ဖောက်ဝင်၍ ဗြဟ္မာ့ကုန်းမြေမှ ထိပ်တန်းကျင့်ကြံသူများ ရှိနေရာဆီသို့ ဆက်လက်ပျံသန်းသွားခဲ့သည်။ လမ်းတွင် ပိတ်ရပ်နေသော ကျင့်ကြံသူများမှာ လှံတံ၏လမ်းရှေ့တွင် ပိတ်မရပ်ရဲသည့်အလား ချက်ချင်းဆိုသလို ဘေးဖယ်ပေးလိုက်ကြလေသည်။

ထိုမြင်ကွင်းကိုကြည့်ရင်း လူတိုင်း ခြေဖျားလက်ဖျားများ အေးစက်ကုန်ကြသည်။ သူတို့ဘဝတွင် ဤမျှ ရုပ်ခွန်အားကောင်းသည့်လူတစ်ဦးကို ပထမဦးဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်ပေသည်။

“တော်ဝင်သခင်…” လှံတံ၏ ထုတ်ချင်းပေါက် ထိုးစိုက်ခြင်း ခံထားရသော ဧကရာဇ်အဆင့်ပညာရှင်မှာ သူနှင့် ဆယ်မီတာခန့်အကွာတွင် ရှိနေသော ရှုချန်ဖုန်းဆီသို့ ခက်ခက်ခဲခဲဖြင့် လက်ကိုဆန့်ထုတ်လိုက်သည်။ သူ့ပါးစပ်မှ သွေးအပွက်ပွက်အန်ထွက်နေရင်းမှ နောက်ဆုံးမျှော်လင့်ချက်ကလေးကို ဆုပ်ကိုင်ရန် ကြိုးစားနေသည့်အလား ရှုချန်ဖုန်းဆီသို့ သူ့လက်ကို အားနည်းဖျော့တော့စွာဖြင့် ဆန့်ထုတ်လိုက်သည်။ သို့သော်ငြား သူ၏ကြိုးစားမှုမှာ အချည်းနှီးသည်သာ။ သူ့ခန္ဓာကိုယ်တစ်ခုလုံးမှာ တစ်ခဏအကြာ၌ ပျော့ခွေကျသွားခဲ့ပြီး မြေပြင်ပေါ်သို့ ရောက်သွားသည့်အခိုက်တွင် သူ့တစ်ကိုယ်လုံး ပေါက်ကွဲထွက်သွားခဲ့လေသည်။

တစ်ခဏလေးအတွင်းမှာပင် ရန်ကိုင်အား ယုံကြည်ချက်အပြည့်ဖြင့် လာရောက်တိုက်ခိုက်ခဲ့ကြသော ဧကရာဇ်အဆင့်ပညာရှင်ငါးဦးစလုံးမှာ ၎င်းတို့၏အစွမ်းအစအသီးသီးကိုပင် ထုတ်ပြခွင့်မရလိုက်ဘဲ ရန်ကိုင်၏ အလွယ်တကူ သတ်ဖြတ်ခြင်း ခံလိုက်ရလေသည်။

ထိုမြင်ကွင်းကိုကြည့်ရင်း ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်နေကြလေသည်။ လက်ကျန်ဧကရာဇ်အဆင့်ပညာရှင်များမှာလည်း အလွန်ကိုမှ ကြောက်ရွံ့နေကြလေ၏။

ရန်ကိုင်သည် တဝဲလည်လည် လည်ပတ်နေသော တောင်နဲ့မြစ်ခေါင်းလောင်းပေါ်တွင် ပေါ်လာခဲ့သည်။ လေအဝှေ့နှင့်အတူ ရန်ကိုင်၏ဆံပင်များမှာ တလူလူ လွင့်ပျံနေခဲ့သည်။ အောက်ဘက်ရှိလူများကို မာနတကြီးအမူအယာဖြင့် စိုက်ကြည့်ရင်းမှ အော်ပြောလိုက်သည်။ “ဒီရန် ဒီမှာရှိနေသေးတယ်… ဘယ်သူ တမလွန်ကိုသွားချင်သေးလဲ…” ထိုသို့ပြောနေရင်းမှ ရန်ကိုင်မှာ လူအုပ်ကြီးအား ဝေ့၍ ကြည့်လိုက်သည်။ သို့သော်ငြား မည်သူမျှ သူနှင့် အကြည့်ချင်းမဆုံရဲခဲ့ပဲ အကြည့်ရှောင်ဖယ်သွားကုန်ကြလေသည်။

မိုင်အနည်းငယ်ခန့်အကွာတွင် ရှိနေသော ထျန်ရှန်းနှင့် ချန်းရှိုယင်တို့မှာတော့ ထိုမြင်ကွင်းကိုကြည့်ရင်း ပါးစပ်အဟောင်းသား ဖြစ်နေကုန်ကြလေသည်။

ရန်ကိုင်သည် ဧကရာဇ်ဒုတိယအဆင့်ပညာရှင် တကယ်ကြီးရော ဟုတ်ပါလေရဲ့လော။ သူ့ကဲ့သို့သောလူမျိုးသည် မည်ကဲ့သို့များ ဧကရာဇ်ဒုတိယအဆင့်ပညာရှင်တစ်ဦး ဖြစ်နိုင်ပါမည်နည်း။ ဧကရာဇ်တတိယအဆင့်ပညာရှင်တစ်ဦးသည်ပင်လျှင် ရန်ကိုင်ယခုလုပ်သွားခဲ့သည့် အရာမျိုးကို မလုပ်နိုင်ပေ။ ဤလောကကြီးတွင် အဆင့်ကျော်၍ တိုက်ခိုက်နိုင်ကြသော လူအချို့ကို သူတို့သိကြပေသည်။ သူတို့ကိုယ်တိုင်သည်လည်း ထိုကဲ့သို့သောလူမျိုးကို မြင်ဖူးပေသည်။

ဗြဟ္မာ့ကုန်းမြေ၏ ယခင်တော်ဝင်သားတော်များ ဖြစ်ကြသော ကျန်းဟောင်နှင့် ကျန်းချန်၊ မရဏဂိုဏ်းချုပ်၏ တပည့် ယင်လဲ့ရှန်း၊ ရှုယဉ်သာမဟာဧကရာဇ်၏သား ယောင်စီနှင့် ချီကွေ့တို့မှာ ထိုကဲ့သို့သော လူစားများ ဖြစ်ကြသည်။ သူတို့သည် သူတို့ထက် ကျင့်ကြံခြင်းတစ်ဆင့်ပိုမြင့်ကြသော ရန်သူများကို တိုက်ခိုက်နိုင်ကြပြီး ကံကောင်းလျှင် သတ်ပင်သတ်နိုင်ကြသည်။ ထိုကဲ့သို့သောလူများမှာ ပါရမီရှင်များ ဖြစ်ကြပေသည်။

အချိန်သာ လုံလုံလောက်လောက်ရမည်ဆိုလျှင် ထိုတက်သစ်စကြယ်ပွင့်များသည် နောက်နောင်တွင် အားကောင်းလှသည့်ပညာရှင်များ ကျိန်းသေ ဖြစ်လာကြပေလိမ့်မည်။

သို့သော်ငြား ယခုမှသာလျှင် ပါရမီရှင်များကြား၌ပင် ကွာခြားချက်များ ရှိနေသေးကြောင်းကို ထျန်းရှန်နှင့် ချန်းရှိုယင်တို့ နားလည်သွားကြသည်။ ပါရမီရှင်များကြား သာမန်ပါရမီရှင်များနှင့် ကြောက်မက်ဖွယ်ကောင်းလှသော မွန်းစတားပါရမီရှင်များလည်း ရှိနေကြပေသည်။ ရန်ကိုင်သည် ဧကရာဇ်ဒုတိယအဆင့်ပညာရှင်တစ်ဦးဖြစ်ကာ သူသတ်လိုက်သည့်လူငါးဦးမှာ ဧကရာဇ်ပထမအဆင့်များ ဖြစ်ကြသည်။ ထို့အတွက်ကြောင့် ရန်ကိုင်မှာ သူ့ထက် ကျင့်ကြံခြင်းအဆင့်ပိုမြင့်သည့် ရန်သူများကို သတ်ပစ်နိုင်သည်ဟု မဆိုလိုပေ။ ထိုသို့ပင်ဖြစ်လင့်ကစား ရန်ကိုင်လုပ်ပြသွားသည့်အရာသည် ဧကရာဇ်ပထမအဆင့်ကျင့်ကြံသူတစ်ဦးမှ ဧကရာဇ်ဒုတိယအဆင့်ကျင့်ကြံသူတစ်ဦးအား သတ်နိုင်သည့်မြင်ကွင်းထက်ပင်လျှင် ပို၍ ထိတ်လန့်ဖွယ်ကောင်းနေလေသည်။

ကျန်းဟောင်၊ ကျန်းရှန်နှင့် ယင်လဲ့ရှန်းတို့အားလုံး ရန်ကိုင်လက်ချက်ဖြင့် သေသွားရသည်မှာ အဆန်းတော့မဟုတ်တော့ပေ။ ရန်ကိုင်သည် သူတို့ထက် အဆပေါင်းများစွာ ပိုမိုအားကောင်းနေသည်ကိုး။

လန်ဟဲ၏မျက်လုံးလေးများ မယုံကြည်နိုင်မှုတို့ဖြင့် တလက်လက် တောက်ပနေခဲ့သည်။ အစောပိုင်းက သူမပြောခဲ့သည့်စကားအပေါ် မတည်နိုင်ခဲ့သည့်အတွက်ကြောင့် သူမစိတ်ထဲ အပြစ်မကင်းသလို ခံစားခဲ့ရသည်။ ထို့နောက်တွင် ရန်ကိုင်အား ရန်သူပေါင်းများစွာမှ ဝန်းရံတိုက်ခိုက်နေသည်ကို မတ်တပ်ရပ်ကြည့်နေရုံသာ တတ်နိုင်ခဲ့လေသည်။

ရန်ကိုင်သည်သာ ကောင်းကင်ဝံပုလွေတောင်ကြားအပြင်ဘက်၌ သေသွားခဲ့ရမည်ဆိုလျှင် ထိုအဖြစ်အပျက်သည် လန်ဟဲအတွက်မူ ကျော်လွှားနိုင်ခြင်းမရှိသော စိတ်အနှောင်အဖွဲ့တစ်ခု ဖြစ်လာပေလိမ့်မည်။ သို့ပင်ဖြစ်လင့်ကစား သူမ၏ကျင့်ကြံခြင်းမှာ ချိတ်ပိတ်ခြင်း ခံထားရသည့်အတွက်ကြောင့် ရန်ကိုင်အား ကူညီပေးချင်သည်ဆိုလျှင်ပင် သွားမကူညီနိုင်ပေ။ ဤသည်မှာ သူမအတွက်မူ နှိပ်စက်ခံနေရသည်နှင့်ပင် တူနေပေသေးသည်။

သို့သော်ငြား ထိုအခိုက်အတန့်တွင် လန်ဟဲသည် ထျန်ရှန်းဘက်သို့လှည့်၍ ဒွိဟဖြစ်နေသည့်အမူအယာဖြင့် မေးလိုက်လေသည်။ “ဆရာ… သူအသက်ရှင်နိုင်ခဲ့မယ်ဆိုရင် ဆရာ့ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး နောင်တရမှာလား…”

ထိုစကားကိုကြားသော် ထျန်ရှန်း၏ခန္ဓာကိုယ် မသိမသာလေး တုန်ယင်သွားခဲ့သည်။ သူ့ဆုံးဖြတ်ချက်နှင့်ပတ်သက်၍ လန်ဟဲ မကျေမနပ်ဖြစ်နေကြောင်းကို သူသိသည်။ သို့သော်ငြား သူသည် ဆရာတစ်ဦးဖြစ်သည့်အလျောက် သူ့ဆုံးဖြတ်ချက်နှင့်ပတ်သက်၍ လန်ဟဲမှာ ဘာမှလာမပြောနိုင်ပေ။ ထို့အတွက်ကြောင့် ခပ်ပြတ်ပြတ်လေသံဖြင့်သာ ပြန်ပြောလိုက်သည်။ “အခုလိုမျိုးဆုံးဖြတ်ပြီးသွားပြီဆိုမှတော့ ငါ လုံးဝ နောင်တရမှာမဟုတ်ဘူး… ပြီးတော့ သူအသက်ရှင်နိုင်မယ်လို့ နင်ထင်လို့လား…”

ရန်ကိုင်မှာ ဧကရာဇ်ပထမအဆင့်ကျင့်ကြံသူငါးဦးအား တစ်ခဏလေးအတွင်း သတ်သွားနိုင်သည့်ဖြစ်ရပ်သည် ထျန်ရှန်းအား အတော်လေးကိုမှ ထိတ်လန့်သွားစေခဲ့လေရာ သူ့စိတ်ခံစားချက်များသည်ပင်လျှင် မတည်မငြိမ် ဖြစ်သွားခဲ့ရသည်။ ရန်ကိုင်သည် ကြယ်တာရာအစုအဝေးထဲရှိ ပါရမီရှင်များအနက် ထိပ်တန်းပါရမီရှင်တစ်ဦး ဖြစ်ပေသည်။ ဧကရာဇ်ဒုတိယအဆင့်ပညာရှင်တစ်ဦး ဖြစ်နေရုံနှင့်ပင်လျှင် ဤမျှအားကောင်းနေလေရာ ဧကရာဇ်တတိယအဆင့်သို့သာ ရောက်သွားခဲ့မည်ဆိုလျှင် ဤရန်ကိုင်ဆိုသည့်လူသည် လီဝူရီကဲ့သို့ အားကောင်းလာနိုင်ပေသည်။

သူတို့သည်သာ ထိုကဲ့သို့သောလူတစ်ဦးနှင့် မိတ်ဆွေဖွဲ့နိုင်မည်ဆိုလျှင် ကောင်းကင်ဝံပုလွေတောင်ကြားအတွက် အလွန်ကိုမှ အကျိုးရှိပေလိမ့်မည်။

ထို့အပြင် ယခုတစ်ကြိမ်၌ ရန်ကိုင်မှာ သူတို့ဆီမှ အကူအညီလာတောင်းခဲ့လေသည်။ သူတို့သည်သာ ရန်ကိုင်အား ကူညီပေးခဲ့လိုက်မည်ဆိုပါက ရန်ကိုင်နှင့် သူတို့ကြား ကောင်းမွန်သည့် ဆက်ဆံရေးတစ်ခု တည်ထောင်ပြီးသား ဖြစ်သွားပေလိမ့်မည်။ ထိုသို့ဖြစ်လာသည့်အခါ နောက်နောင် ကောင်းကင်ဝံပုလွေတောင်ကြား အန္တရာယ်တစ်ခုခုနှင့် ကြုံရမည်ဆိုလျှင် ရန်ကိုင်ဆီမှ သွားရောက်အကူအညီတောင်းနိုင်ပေသည်။ ထို့အတွက်ကြောင့် ရန်ကိုင်နှင့် မိတ်ဆွေဖွဲ့ခြင်းမှာ သူတို့အတွက် အလွန်ကိုမှ အကျိုးများလှသည့် ကိစ္စရပ်တစ်ခုဖြစ်သည်။

ထိုအကြောင်းကြောင့်ပင်လျှင် လန်ဟဲမှာ ယခုကဲ့သို့သော မေးခွန်းမျိုးကို မေးလာခြင်း ဖြစ်လေသည်။ သူတို့တွင် အနာဂတ်၌ ထိပ်တန်းပညာရှင်တစ်ဦး ဖြစ်လာမည့်လူတစ်ဦးနှင့် မိတ်ဆွေဖွဲ့နိုင်သည့်အခွင့်အရေးမျိုး ရှိခဲ့သည်။ သို့သော်ငြား ထျန်ရှန်းမှာ ထိုအခွင့်အရေးကို ပယ်ချပစ်ခဲ့လေသည်။ သို့ပင်ဖြစ်လင့်ကစား ရန်ကိုင်အနေဖြင့် ထိပ်တန်းပညာရှင်တစ်ဦး ဖြစ်လာဖို့ရာ ယနေ့အဖြစ်အပျက်မှ အသက်ရှင်လျက် လွတ်မြောက်နိုင်ရန် လိုအပ်ပေသေးသည်။

ယခုတစ်ကြိမ်တွင် မရဏဂိုဏ်းနှင့် ဗြဟ္မာ့ကုန်းမြေမှ ထိပ်တန်းပညာရှင်အားလုံး ရောက်ရှိလာကြခြင်းဖြစ်လေသည်။ အသတ်ခံလိုက်ရသည့်လူငါးဦးမှာ ဧကရာဇ်ပထမအဆင့်ပညာရှင်များ ဖြစ်ကြပါသော်ငြား ထိုလူငါးဦးအသတ်ခံလိုက်ရသည့်အတွက်ကြောင့် သူတို့၏စုပေါင်းခွန်အားမှာ လျော့ကျသွားခြင်း မရှိသေးပေ။ အကြောင်းမှာ သူတို့၏အင်အားစုထဲ ဧကရာဇ်တတိယအဆင့်သို့ရောက်နေသော ပညာရှင်နှစ်ဦး၊ ဧကရာဇ်ဒုတိယအဆင့်ပညာရှင်နှစ်ဦးနှင့် ဧကရာဇ်ပထမအဆင့်ပညာရှင်ဆယ်ဦးကျော်မက ကျန်ရှိနေသေးသည့် အတွက်ကြောင့်ပင်လျှင်။

ရန်ကိုင်လုပ်ပြသွားသည်မှာ အမှန်တကယ်ကိုမှ အထင်ကြီးဖွယ်ရာကောင်းလှပါသော်ငြား သူ၏အဆုံးသတ်မှာတော့ ပြောင်းလဲ၍မရသည့်အရာ ဖြစ်ပေသည်။

ထိုအမေးကိုကြားသော် လန်ဟဲ ပြောစရာစကား ပျောက်ရှသွားခဲ့သည်။ လက်ရှိအခြေအနေအရ ရန်ကိုင်အဖို့ အသက်ရှင်ဖို့ရာ အခွင့်အရေး သိပ်မရှိလှပေ။ ယနေ့တိုက်ပွဲသည် ရန်ကိုင်သေလျှင်သေ မသေလျှင် ထိပ်တန်းဂိုဏ်းနှစ်ဂိုဏ်း ပျက်စီးမှသာလျှင် အဆုံးသတ်ပေလိမ့်မည်။ သို့ပင်ဖြစ်လင့်ကစား မျက်လုံးရှိသည့်မည်သူမဆို မည်သည့်ဘက်က ပိုအားကောင်းကြောင်းကို ပြောနိုင်ကြပေသည်။

“သူအသက်ရှင်မယ်လို့ ကျုပ်လောင်းတယ်…” အသံတစ်သံ ဘေးဘက်ဆီမှ ရုတ်တရက် ထွက်လာခဲ့သည်။

တိုက်ပွဲအပေါ် သေချာအာရုံစိုက်နေကြသော ထျန်ရှန်းနှင့် ချန်းရှိုယင်တို့မှာ သူတို့နားသို့ အခြားလူတစ်ဦး ရောက်လို့ရောက်နေမှန်းကိုပင်လျှင် မသိလိုက်သည့်အတွက် ထိတ်လန့်တုန်လှုပ်သွားကုန်ကြလေသည်။ နှစ်ဦးလုံးမှာ တိုက်ပွဲအပေါ် အာရုံရောက်နေသည့်အတွက်ကြောင့် ဘေးပတ်ဝန်းကျင်ကို အသေအချာ အာရုံမစိုက်နိုင်ခဲ့ပါသော်ငြား သူတို့ပင် သတိမထားမိဘဲ ဤနေရာသို့ ချဉ်းကပ်လာနိုင်သည်ကိုကြည့်လျှင် တစ်ဖက်လူမှာလည်း ပေါ့သေးသေးလူတစ်ဦးမဟုတ်ကြောင်း သက်သေပြနေလေသည်။

သို့သော်ငြား အသံကိုကြားပြီးသည့်နောက်တွင် နှစ်ဦးစလုံး စိတ်သက်သာရာ ရသွားခဲ့ကြသည်။

အကြောင်းမှာ စကားပြောလိုက်သည့်လူသည် အားဟန်ကျောင်းတော်၏ လူငယ်မျိုးဆက်မှ အားအကောင်းဆုံးကျင့်ကြံသူဖြစ်သော ချီကွေ့ ဖြစ်နေသည့်အတွက်ကြောင့်ပင်။ ချီကွေ့၏ အနီရောင်မျက်လုံးနှင့် ဆံပင်များမှာ အလွန်ကိုမှ ခွဲခြားရလွယ်ကူပေသည်။ ထို့အပြင် သူသည် သွေးကိုမြင်သည်နှင့် တိုက်ပွဲကို ဆာလောင်တတ်သော သူတစ်ဦးလည်း ဖြစ်သည်။ အရှေ့ဘက်နယ်မြေထဲမှ လူငယ်မျိုးဆက်အတော်များများမှာ ချီကွေ့အား သိပ်၍ ကြည့်မရလှပေ။ မည်သူမျှလည်း ချီကွေ့၏ ပစ်မှတ်ထားခြင်း မခံရလိုပေ။

လန်ဟဲမှာ အမျိုးသမီးတစ်ဦးဖြစ်နေသည့်အတွက်ကြောင့်သာ မဟုတ်ပါက ချီကွေ့အနေဖြင့် ကောင်းကင်ဝံပုလွေတောင်ကြားသို့ လာပြီး သူမအား စိန်ခေါ်လောက်ပေသည်။

“အကြီးအကဲချီက သူ့ကို ဒီလောက်တောင် အထင်ကြီးနေတာလား…” ထန်ရှန်း မျက်ခုံးပင့်သွားခဲ့လေသည်။ ချီကွေ့သည် သူ့အတွက်မူ ဂျူနီယာတစ်ဦးသာ ဖြစ်ပေသည်။ ထျန်ရှန်းနှင့် အားဟန်ကျောင်းတော်၏ ကျောင်းသခင်တို့မှာ မျိုးဆက်တစ်ခုတည်းမှလူများ ဖြစ်ကြသည်။ သို့သော်ငြား ချီကွေ့မှာ ဧကရာဇ်အဆင့်ပညာရှင်တစ်ဦး ဖြစ်နေပြီဖြစ်သလို အားဟန်ကျောင်းတော်၏ အကြီးအကဲတစ်ဦးလည်း ဖြစ်နေပြီဖြစ်သည့်အတွက်ကြောင့် အနာဂတ်အဆင့်အတန်းမှာ ထျန်ရှန်းထက် ကျိန်းသေ ပိုမိုမြင့်မားပေလိမ့်မည်။ ထျန်ရှန်းတွင် ချီကွေ့အား ဂျူနီယာ သို့မဟုတ် တူလေးဟု ခေါ်ဖို့ရာ အရည်အချင်းမရှိတော့ပေ။ ထိုအကြောင်းကြောင့် ချီကွေ့အား အကြီးအကဲချီဟုသာ ခေါ်ရတော့သည်။

ချီကွေ့က ပုခုံးတွန့်၍ ပြန်မဖြေခဲ့။ ထို့အစား လန်ဟဲကိုကြည့်၍သာ မေးလိုက်သည်။ “ဂျူနီယာညီမလန်… သူသေမယ်လို့ နင်ထင်လား…”

လန်ဟဲက ခေါင်းခါ၍ ပြန်ပြောလိုက်သည်။ “မသိဘူး… ဒါပေမယ့် သူအသက်ရှင်ဖို့ မျှော်လင့်တာပဲ…”

ချီကွေ့သည် တိုက်ပွဲဖြစ်နေရာဆီသို့ ပြန်လှည့်ကြည့်လိုက်ရင်းမှ ပြုံး၍ ပြောလိုက်သည်။ “တောင်ကြားသခင်ထျန်… ကျုပ်တို့လောင်းကြမလား…”

ထျန်ရှန်း၏မျက်လုံးထဲ အလင်းတစ်ချက် ဖြတ်ပြေးသွားခဲ့သည်။ “ဘာကိုလောင်းမှာလဲ…”

ချီကွေ့က ပြုံးလျက် “ဘာကိုလောင်းရမှာလဲ… သူ…”

ထိုကဲ့သို့ပြောနေရင်းမှ ချီကွေ့ ရုတ်တရက် ရပ်သွားခဲ့သည်။ ထို့နောက် ခေါင်းခါ၍ ပြုံးကာ ပြန်ပြောလိုက်သည်။ “ထားလိုက်ပါတော့…”

ထျန်ရှန်းက ထပ်၍မေးလိုက်သည်။ “အကြီးအကဲချီက သူအသက်ရှင်မယ်လို့ ထင်နေတာလား…”

ချီကွေ့မှာ သူ့စကားကို ဆုံးအောင်ပြောမသွားပါသော်ငြား ချီကွေ့ဘာပြောရန် ကြိုးစားနေသလဲဆိုသည်ကို ထျန်ရှန်း ခန့်မှန်းမိပေသည်။ ချီကွေ့မှာ ရန်ကိုင်သေမလား အသက်ရှင်မလားဆိုသည်ကို အလောင်းအစားလုပ်လိုနေခြင်းဖြစ်သည်။

ချီကွေ့က သူ့ကိုယ်သူ လက်ညိုးထိုး၍ “ကျုပ်ရဲ့မသိစိတ်ကို ကျုပ်ယုံတယ်…”

ထျန်ရှန်းက ပြန်မေးလိုက်သည်။ “အဲ့ဒါဆို ဘာဖြစ်လို့ မလောင်းတာလဲ…” ထျန်ရှန်းမှာ အလောင်းအစားကို ကြိုက်သည့်လူတစ်ဦးတော့မဟုတ်။ သို့သော်ငြား ချီကွေ့ ဘာကြောင့် ရုတ်တရက်ကြီး စိတ်ပြောင်းသွားသလဲဆိုသည်ကိုတော့ သိချင်မိသည်။

ချီကွေ့က ပြုံးဖြီးလျက် “ဆင်တစ်ကောင်က ခြင်္သေ့အုပ်နဲ့ ရင်ဆိုင်နေတာလေ… ပုရွက်ဆိတ်ဖြစ်တဲ့ကျုပ်တို့က သူတို့သေမလားရှင်မလားဆိုတာကို ဘယ်လိုလုပ်ပြီးတော့ အလောင်းအစားနိုင်မယ့် အဆင့်အတန်းမျိုး ရှိမှာလဲ… ကျုပ်တို့ရဲ့တာဝန်က ဒီအတိုင်းရပ်ကြည့်နေဖို့ပဲ… ရှင်းရှင်းပြောရရင်တော့ ကိုယ့်နေရာကိုယ်သိသင့်တာပေါ့…”

ထိုစကားကိုကြားသော် ထျန်ရှန်း၊ ချန်းရှိုယင်နှင့် လန်ဟဲတို့ ချီကွေ့အား အံ့ဩတကြီးဖြင့် ကြည့်လိုက်ကြသည်။

ချီကွေ့မှာ အားဟန်ကျောင်းတော် လူငယ်မျိုးဆက်၏ အားကောင်းသော ကျင့်ကြံသူတစ်ဦးဖြစ်သလို အရှေ့ဘက်နယ်မြေထဲရှိ ပါရမီရှင်များကြားမှ အထူးချွန်ဆုံးပါရမီရှင်တစ်ဦးလည်း ဖြစ်ပေသည်။ ကြယ်တာရာအစုအဝေးတစ်ခုလုံးကို ထည့်တွက်မည်ဆိုလျှင်ပင် ချီကွေ့သည် ထိပ်တန်းပါရမီရှင်များကြား ပါပေသည်။ လူငယ်မျိုးဆက်ထဲ အရှေ့ဘက်နယ်မြေထဲတွင် ယောင်စီတစ်ဦးသည်သာ ချီကွေ့ထက် ပို၍အားကောင်းပေ၏။ သို့သော်ငြား ယောင်စီမှာ ရှုယဉ်သာမဟာဧကရာဇ်၏ သားဖြစ်သည့်အလျောက် ချီကွေ့ထက် ပို၍အားကောင်းသည်မှာ အဆန်းတော့မဟုတ်ပေ။

ထိုကဲ့သို့သောပါရမီရှင်များသည် ပုံမှန်အားဖြင့် မောက်မာဝံ့ကြွားကြပြီး သူတို့ကိုယ်သူတို့ အခြားသူထက် နိမ့်ကျသည်ဟု ဝန်ခံလိုစိတ်မရှိကြပေ။ သို့သော်ငြား လက်ရှိအချိန်၌ ချီကွေ့မှာ ရန်ကိုင်အား ဆင်တစ်ကောင်ဟုတင်စားသွားပြီး သူ့ကိုယ်သူမူ ပုရွက်ဆိတ်တစ်ကောင်ဟု ဖော်ပြသွားခဲ့သည်။

ကိုယ်တိုင်ကိုယ်ကျသာ မကြားလိုက်ရလျှင် ချီကွေ့ပါးစပ်မှ ယခုကဲ့သို့သောစကားမျိုး ထွက်လာသည့်အပေါ် သူတို့ လုံးဝ ယုံနိုင်ကြလိမ့်မည်မဟုတ်ပေ။ သို့သော်ငြား ချီကွေ့သည်သာ ပုရွက်ဆိတ်ဆိုလျှင် ကြယ်တာရာအစုအဝေးထဲရှိ အခြားသူများမှာ မည်သို့ဖြစ်သွားပါမည်နည်း။

ချီကွေ့သည် မျက်လုံးမှေးစင်းရင်းမှ ပြန်ပြောလိုက်သည်။ “တောင်ကြားသခင်ရန်… ကျုပ် သူ့ကို အရမ်းအထင်ကြီးလွန်းနေတယ်လို့ ထင်လား…”

ထိုအခါမှ ထျန်ရှန်းအသိပြန်ဝင်လာခဲ့ပြီး ပြုံး၍ ပြောလိုက်သည်။ “အကြီးအကဲချီ ကိုယ့်ကိုယ်ကို နှိမ့်ချလွန်းနေတာပါ…”

“နှိမ့်ချလွန်းနေတာ…” ချီကွေ့ ရေရွတ်လိုက်သည်။ လက်ရှိအချိန်တွင် သူ့ကိုယ်သူ နှိမ့်ချလွန်းနေသည့်ပုံစံ ပေါက်ပါသော်ငြား သူ၏မသိစိတ်ကို သူယုံပေသည်။ ရန်ကိုင် သူ့ဆုံးဖြတ်ချက်နှင့်ပတ်သက်၍ မေးမြန်းစဉ်က သူသည်သာ လှုပ်ရှားလိုက်မည်ဆိုလျှင် ထိုနေရာ၌ သူ့အသက်အား ဆုံးရှုံးသွားနိုင်သည်ဟု ခံစားခဲ့ရသည်။ ရန်ကိုင်မှ ဧကရာဇ်အဆင့်ပညာရှင်ငါးဦးအား လွယ်လင့်တကူသတ်ဖြတ်သွားသည်ကို မြင်ပြီးသည့်နောက် သူခံစားနေရသည့် ထိုခံစားချက်မှာ ပိုပို၍ကို အားကောင်းလာခဲ့လေသည်။

ထျန်ရှန်းက အထိတ်ထိတ်အလန့်လန့်ဖြင့် ပြန်မေးလိုက်သည်။ “အကြီးအကဲချီပြောချင်တာက ဒီနေ့ပျောက်ကွယ်သွားမယ့်လူတွေက ထိပ်တန်းဂိုဏ်းနှစ်ဂိုဏ်းကလူတွေလို့ ပြောတာလား…”

ချီကွေ့က ပြန်ပြောလိုက်သည်။ “ကျုပ် အဲ့လိုမျိုးမပြောပါဘူး… သူအသက်ရှင်မယ်လို့ပဲပြောတာ…” ချီကွေ့မှာ ဖုပို၊ ရှုချန်ဖုန်းတို့နောက် တောက်လျှောက် လိုက်လာခဲ့ခြင်းဖြစ်လေသည်။ ထိုသို့လိုက်လာရင်းမှ ထိုနှစ်ဦးနှင့်ပတ်သက်၍ တစ်ခုခုထူးခြားနေသည်ဟု သူ့စိတ်ထဲ ခံစားနေရသည်။ ကြည့်ရသလောက် ထိပ်တန်းဂိုဏ်းနှစ်ဂိုဏ်းမှာ သူမသိအောင် တစ်ခုခုဖုံးကွယ်ထားသည့်ပုံပင်။ သူတို့ပုံစံမှာ တစ်စုံတစ်ဦးမှ သူတို့အား ကျောထောက်နောက်ခံပေးထားသည့် ပုံစံမျိုး ပေါက်နေပေသည်။

သို့သော်ငြား ထိပ်တန်းဂိုဏ်းနှစ်ဂိုဏ်းမှာ ရန်ကိုင်နှင့် ရင်ဆိုင်ဖို့ရာအတွက် သူတို့၏ လူအင်အားအကုန်အစင်ကိုပင်လျှင် ထုတ်သုံးလေရာ သူတို့၌ ဝှက်ဖဲတစ်ခုခု ကျန်ရစ်နေသည်မှာ မည်ကဲ့သို့များ ဖြစ်နိုင်ပါမည်နည်း။

သို့ပင်ဖြစ်လင့်ကစား ရန်ကိုင်မှာတော့ ကျဉ်းထဲကျပ်ထဲအခြေအနေသို့ ရောက်နေသည်ဟု ပြော၍ရပေသည်။ သူ့အနေဖြင့် လွတ်မြောက်သွားနိုင်ခဲ့မည်ဆိုလျှင်ပင် အခြေအနေမှာတော့ ကောင်းမည်မဟုတ်။ ချီကွေ့ခန့်မှန်းထားသည်မှာတော့ နှစ်ဦးနှစ်ဖက်စလုံး ဆိုးဆိုးရွားရွား ထိခိုက်သွားကြရပေလိမ့်မည်။ သို့သော်ငြား ထိုစကားကိုတော့ ထုတ်မပြောခဲ့ပေ။

ထျန်ရှန်းက ပြန်၍ပြောလိုက်လေသည်။ “အကြီးအကဲချီခန့်မှန်းတာ မှန်မမှန် ကြည့်ကြတာပေါ့… ကျုပ်ကတော့ သူအသက်ရှင်မယ်လို့ မထင်ဘူး…” ဤသည်မှာ အလောင်းအစားမဟုတ်ပါသော်ငြား နှစ်ဦးစလုံးသည် ကိုယ့်အထင်အမြင်ကို ထုတ်ဖော်ပြောပြီးသွားခဲ့လေပြီ။ ရန်ကိုင်အသက်ရှင်မလား မရှင်ဘူးလားဆိုသည်ကိုမူ စောင့်ကြည့်ရုံသာ တတ်နိုင်ပေလိမ့်မည်။

သူတို့အချင်းချင်းစကားပြောနေကြစဉ် ရန်ကိုင်သည် တောင်နဲ့မြစ်ခေါင်းလောင်းပေါ်တွင် ရပ်နေရင်းမှ သူ့ပြိုင်ဘက်များအား အထင်အမြင်တသေးဖြင့် ဝေ့ကြည့်နေခဲ့သည်။ မည်သူမျှ သူ့အား လာရောက်စိန်မခေါ်ရဲကြပေ။

လူတိုင်း တုတ်တုတ်မျှမလှုပ်သည်ကိုမြင်သော် ရန်ကိုင်က ပြုံးဖြီး၍ ပြောလိုက်လေသည်။ “ခင်ဗျားတို့က ဒီလောက်တောင်ကြောက်နေတယ်ဆိုမှတော့ ဒီဘုရင်ကပဲ အရင်လှုပ်ရှားပေးရသေးတာပေါ့…”

ထို့နောက်တွင် ရန်ကိုင်သည် မရဏဂိုဏ်းမှလူများအား သတ်ဖြတ်လိုစိတ်အပြည့်ဖြည့် လှမ်းကြည့်လိုက်လေသည်။

ရန်ကိုင်၏အကြည့်ကို သတိထားမိလိုက်သော် ဖုပို ကျောရိုးတစ်လျှောက် စိမ့်တက်သွားခဲ့ပြီး အလျင်အမြန် အော်ပြောလိုက်လေ၏။ “မင်းတို့အလံတိုင်တွေကို ထုတ်လိုက်ပေတော့…”

ထိုစကားကိုကြားသော် မရဏဂိုဏ်းမှ ဧကရာဇ်အဆင့်ပညာရှင်အားလုံး ၎င်းတို့၏သက်ဆိုင်ရာအလံတိုင်များကို အသီးသီးထုတ်ယူလိုက်ကြသည်။ ထိုအလံတိုင်များမှာ ဝိဉာဉ်တစ်သောင်းအလံတိုင်များနှင့် သွေးပင်လယ်အလံတိုင်များသာ ဖြစ်ကြလေသည်။

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၃၃၀၆)

ဘာသာပြန်သူ_တိမ်တိုက်

ထိုအခိုက်အတန့်ဝယ် အော်ဟစ်မြည်ကြွေးသံများနှင့်အတူ ကောင်းကင်တစ်ခွင်လုံး မည်းမှောင်သွားခဲ့သည်။ ကျယ်ပြောလှသော ပတ်ဝန်းကျင်ကြီး တစ်ခုလုံးမှာ အဆုံးမဲ့သွေးပင်လယ်အဖြစ်သို့ ပြောင်းလဲသွားသည့်အလား သွေးနီရောင် တောက်နေခဲ့လေ၏။ ထိုကြက်သွေးနီရောင် သွေးပင်လယ်ကြီးနှင့်အတူ သွေးနံ့တို့သည်လည်း တထောင်းထောင်း ထွက်ပေါ်လာခဲ့သည်။ သွေးပင်လယ်အကြားဝယ် ချောက်ချားဖွယ်ကောင်းလှသော ယင်ဝိညာဉ်များမှာ ကူးကလန်ခတ် သွားလာနေကြလေ၏။ ထိုယင်ဝိညာဉ်များ၏ သွေးပျက်ဖွယ်ကောင်းသည့် အော်ဟစ်သံများမှာ ကြားလိုက်ရသည့် လူတိုင်းအား ကြက်သီးမွေးညင်းထသွားအောင် လုပ်နိုင်ကြပေသည်။

ဧကရာဇ်အဆင့်ပညာရှင်များသည် ၎င်းတို့၏ ဝိညာဉ်တစ်သောင်းအလံတိုင်များနှင့် သွေးပင်လယ်အလံတိုင်များကို ထုတ်ယူပြီးကြလေပြီ။ အဆုံးမဲ့သွေးပင်လယ်ကြီးသည် ပတ်ဝန်းကျင်တစ်ခုလုံးအား သီးခြားကမ္ဘာတစ်ခုအဖြစ်သို့ ခွဲထုတ်ပစ်လိုက်သည်။ ထိုသီးခြားကမ္ဘာကြီးထဲတွင် ရန်ကိုင်မှာ အဘက်ဘက်၌ ကန့်သတ်ထားခံရပါသော်ငြား မရဏဂိုဏ်းမှ လူများမှာမူ သူတို့လုပ်ချင်တိုင်း လုပ်ခွင့်ရပေသည်။ မျှခြေမှာ တစ်ဖက်လူဘက်သို့ တိမ်းစောင်းသွားသည့်အတွက်ကြောင့် ရန်ကိုင် မည်မျှ အားကောင်းစေကာမူ အသက်ရှင်လွတ်မြောက်ဖို့ရာ မဖြစ်နိုင်တော့ပေ။

ထိုမြင်ကွင်းကို ကြည့်ရင်း လန်ဟဲ့မှာ ရင်တဒုန်းဒုန်း ခုန်သွားတော့သည်။ သူမ မြင်ရသလောက် ကောင်းကင်တစ်ခုလုံးမှာ အနီရောင်သန်းနေပြီး ရန်ကိုင်ကိုမူ မည်သည့်နေရာတွင်မျှ မတွေ့ရပေ။ ရန်ကိုင်၏ အရှိန်အဝါကိုပင်လျှင် အာရုံခံ၍ မရတော့။

သွေးပင်လယ် ဖြစ်ပေါ်လာသည့်နောက်တွင် ရှုချန်ဖုန်းသည် အေးစက်စက် အမူအရာဖြင့် သူ့လက်ကို ဝှေ့ယမ်းလိုက်၏။ ချက်ချင်းဆိုသလို ဗြဟ္မာကုန်းမြေမှ ဧကရာဇ်အဆင့်ပညာရှင်ပေါင်းများစွာသည် သွေးပင်လယ်ထဲသို့ တိုးဝင်ပျောက်ကွယ်သွားကုန်ကြလေသည်။ ထိုလူများသည် ဤအခိုက်အတန့်ကို အခွင့်ကောင်းယူ၍ ရန်ကိုင်အား တိုက်ခိုက်ရန် ကြိုးစားလိုကြခြင်း ဖြစ်သည်။

ပုံမှန်အားဖြင့် သွေးပင်လယ်ကို မရဏဂိုဏ်းသားများမှ ဖန်တီးထားခြင်း ဖြစ်သည့်အလျောက် ဗြဟ္မာကုန်းမြေမှ ကျင့်ကြံသူများအနေဖြင့် သွေးပင်လယ်ထဲသို့ ဝင်ခွင့်ရကြလိမ့်မည် မဟုတ်ပေ။ သူတို့သည်သာ ထိုအထဲသို့ ဝင်သွားလိုက်မည်ဆိုလျှင် ရန်ကိုင်ကဲ့သို့ပင် အဘက်ဘက်မှ ကန့်သတ်ခြင်း ခံရပေလိမ့်မည်။ သို့သော်ငြား လက်ရှိအချိန်တွင် ဗြဟ္မာကုန်းမြေမှ လူများနှင့် မရဏဂိုဏ်းမှ လူများမှာ အတူပူးပေါင်းထားခြင်းဖြစ်သည့်အလျောက် သွေးပင်လယ်ထဲသို့ ရောက်သည့်အခါတွင် မရဏဂိုဏ်းမှ လူများသည် ဗြဟ္မာကုန်းမြေမှ လူများ ရန်ကိုင်အား တိုက်ခိုက်ခွင့်ရနိုင်စေရန်အတွက် အခွင့်အလမ်းအမျိုးမျိုးကို ဖန်တီးပေးကြပေလိမ့်မည်။

တစ်ခဏအတွင်းမှာပင် မျှခြေမှာ ပြောင်းလဲသွားတော့သည်။ ယခုအချိန်တွင်တော့ တစ်ဖက်အဖွဲ့သည် ရန်ကိုင်၏ စွမ်းအားကို စူးစမ်းရန် ကြိုးစားလိုခြင်း မရှိကြတော့ပေ။ အစောပိုင်းက ရန်ကိုင်အား တိုက်ခိုက်ခဲ့ကြသည့် လူငါးဦးမှာ ဧကရာဇ်အဆင့်ပညာရှင်များ ဖြစ်ကြပါသော်ငြား ထိုလူအရေအတွက်မှာ ငါးဦးသာ ဖြစ်ပေသည်။ ယခုတစ်ကြိမ် တိုက်ခိုက်နေကြသည့် လူအရေအတွက်မှာ အယောက်သုံးဆယ်ကျော်မက ရှိနေပြီး ထိုလူများထဲ ဧကရာဇ်ဒုတိယအဆင့်သို့ ရောက်နေသည့် ပညာရှင်အတော်များများလည်း ပါဝင်နေခဲ့သည်။

ထိုမြင်ကွင်းကို အဝေးမှ လှမ်း၍ ရပ်ကြည့်နေသည့် လန်ဟဲ့မှာတော့ လက်သီးကို တင်းတင်းဆုပ်ကာ နှုတ်ခမ်းကို တင်းတင်းကိုက်ထားခဲ့သည်။ စိုးရိမ်မှုတို့မှာ သူမ၏ မျက်နှာအထက် အထင်းသား။

ချီကွေ့မှာလည်း အလွန်ကိုမှ စိတ်လှုပ်ရှားလာခဲ့လေသည်။ သူသည်သာ ယခု ရန်ကိုင် ကြုံတွေ့နေရသော တိုက်ပွဲမျိုးကို ကြုံတွေ့ရနိုင်မည်ဆိုလျှင် သေရမည်ဆိုလျှင်ပင် နောင်တရလိမ့်မည် မဟုတ်ပေ။ သို့ပင်ဖြစ်လင့်ကစား သူသည်သာ ရန်ကိုင်ကဲ့သို့ ထိပ်တန်းဂိုဏ်း နှစ်ဂိုဏ်းမှ ကျင့်ကြံသူအားလုံးကို တစ်ဦးတည်း ယှဉ်ပြိုင်တိုက်ခိုက်ရမည်ဆိုပါက လုံးဝကို လွတ်လမ်းမရှိဘဲ သေရလိမ့်မည်ဖြစ်ကြောင်းကိုတော့ ကျိန်းသေ သိနေခဲ့သည်။

ထိုအခိုက်အတန့်တွင် ကျယ်လောင်သည့် အော်ဟစ်သံတစ်သံ ထွက်ပေါ်လာခဲ့လေသည်။ "မလောက်လေးမလောက်စား ကောင်လေးကများ ဒီဘုရင်ကို လာပြီးတော့ ရာရာစစ၊ မင်းတို့အကုန်လုံး သေလိုက်ကြပေတော့"

ထိုအော်ဟစ်သံနှင့်အတူ ကျယ်လောင်သည့် ခေါင်းလောင်းသံနှင့်တကွ ချောက်ချားဖွယ်ရာကောင်းသည့် ဖိအားတစ်ရပ်သည် အဘက်ဘက်သို့ ပြန့်ထွက်လာခဲ့လေသည်။ အဆုံးမဲ့သွေးပင်လယ်ကြီးမှာလည်း လှိုင်းထန်လာခဲ့ပြီး နေရောင်အောက်သို့ ရောက်သည့် နှင်းပွင့်လေးများပမာ စတင်၍ အရည်ပျော်လာကုန်လေသည်။ သွေးပင်လယ်ကြီး အရည်ပျော်လာသည့်အလျောက် ကောင်းကင်အထက် သွေးရောင်မြူခိုးများ စတင်ဖြစ်ပေါ်လာတော့လေ၏။

တစ်ချိန်တည်း၌ သွေးပင်လယ်ထဲ ကူးခတ်နေကြသော ယင်ဝိညာဉ်များမှာလည်း ချောက်ချားဖွယ်ကောင်းစွာ အော်ဟစ်ရင်း ပျောက်ကွယ်သွားကုန်ကြရလေသည်။

ဒေါင်၊ ဒေါင်၊ ဒေါင်။

တောင်နှင့်မြစ်ခေါင်းလောင်းသည် ကိုးကြိမ်ကိုးခါတိုင်တိုင် မြည်ဟည်းသွားခဲ့လေသည်။ ခေါင်းလောင်းသံများသည် တစ်သံထက်တစ်သံ ပိုပို၍ အားကောင်းလာခဲ့လေသည်။ သွေးပင်လယ်ကို ဗဟိုပြု၍ ခေါင်းလောင်းသံများမှာ ဘေးပတ်ဝန်းကျင်အနှံ့ ရပ်တန့်မရသည့် အရှိန်အဟုန်ဖြင့် ပြန့်ထွက်လာခဲ့လေသည်။

ခေါင်းလောင်းသံကို ကြားလိုက်သည့်အခိုက် ထျန်ရှန်း၊ ချန်းရှိုယင်နှင့် ချီကွေ့တို့၏ မျက်နှာများ ဖြူရော်သွားခဲ့ကြပြီး ဧကရာဇ်ချီကို လှည့်ပတ်၍ သူတို့ကိုယ်သူတို့ အလျင်စလို ကာကွယ်လိုက်ကြလေသည်။ သို့ပင်ဖြစ်လင့်ကစား သူတို့၏ နားတစ်ခုလုံး အူထွက်သွားခဲ့ပြီး ခေါင်းများမှာလည်း ရီဝေဝေ ဖြစ်သွားခဲ့ကြရသည်။ သူတို့ ဖန်တီးထားသော ဧကရာဇ်ချီအကာအကွယ်ပေါ်တွင်ပင်လျှင် လှိုင်းတွန့်လေးများ ဖြစ်ပေါ်လာနေသည်ကို တွေ့ရှိလိုက်ရသည်။

အကုန်လုံးမှာ ကြောက်ရွံ့မှုကြောင့် မျက်လုံးအပြူးသား ဖြစ်နေကုန်ကြသည်။ တောင်နှင့်မြစ်ခေါင်းလောင်း မည်မျှ ကြောက်မက်ဖွယ်ကောင်းကြောင်းကို သူတို့ ကြားဖူးကြသည်။ ယခုအခါမှသာလျှင် တောင်နှင့်မြစ်ခေါင်းလောင်း၏ စွမ်းပကားကို လက်တွေ့ကြုံလိုက်ကြရခြင်း ဖြစ်ပေသည်။

ယွမ်ဒင်းမဟာဧကရာဇ်သည် ဤတောင်နှင့်မြစ်ခေါင်းလောင်း၏ ကျေးဇူးဖြင့် ဤလောကကြီးထဲရှိ အားအကောင်းဆုံးသော ပညာရှင်တစ်ပါး ဖြစ်လာနိုင်ခဲ့သည်မှာ အဆန်းတော့ မဟုတ်ပေ။ ဤရတနာများ မည်သည့်နေရာမှ အရင်းခံလာသလဲဆိုသည်ကို မည်သူမျှ မသိကြပါသော်ငြား ဤရတနာများမှ ထုတ်လုပ်နိုင်သည့် စွမ်းအားသည် ဧကရာဇ်အဆင့်မှော်ရတနာများမှ ထုတ်လုပ်နိုင်သည့် စွမ်းအားထက် အဆပေါင်းများစွာ ပိုပေသည်။

တစ်စုံတစ်ဦးသည်သာ ဤခေါင်းလောင်းသံ၏ ရိုက်ခတ်ခြင်းခံလိုက်ရမည်ဆိုလျှင် တိုက်ခိုက်နေစဉ်အတောအတွင်း ယာယီမျှ သတိလစ်သွားနိုင်ပေသည်။ ထိုကဲ့သို့သော ယာယီမျှ သတိလစ်သွားခြင်းသည် မိမိ၏ သေခြင်းရှင်ခြင်းကို အဆုံးအဖြတ်ပေးသွားနိုင်၏။

ခေါင်းလောင်းမှာ မြည်မနေတော့ပါသော်ငြား ထွက်ပေါ်လာပြီးသော ခေါင်းလောင်းသံများမှာမူ လုံးဝ ပျောက်ကွယ်သွားတော့မည် မဟုတ်သည့်အလား အဆက်မပြတ်ကို ပဲ့တင်ထပ်နေခဲ့လေသည်။

ထိုးဖောက်မရအောင် ခိုင်ခံ့မာကျောသယောင် ထင်မှတ်ရသော သွေးပင်လယ်ကြီးမှာလည်း ခေါင်းလောင်းသံ ထွက်ပေါ်လာပြီးသည့်နောက်တွင် စတင်၍ အငွေ့ပျံပြိုပျက်လာခဲ့ပြီး သွေးရောင်သည်ပင်လျှင် မှိန်ကျသွားခဲ့လေသည်။

အော်ညည်းသံများနှင့်အတူ မှုန်ကုပ်ကုပ် အမူအရာများဖြင့် လူပေါင်းများစွာ သွေးပင်လယ်ထဲမှ ဒယိမ်းဒယိုင် ထွက်လာကြသည်။ ထိုလူများ၏ မျက်နှာမှာ သွေးဆုတ်ဖြူရော်နေပြီး သွေးများကိုလည်း အဆက်မပြတ် အန်ထုတ်နေကြလေသည်။

ထိုလူများမှာ အခြားမဟုတ်။ သွေးပင်လယ်အလံတိုင်၏ ပိုင်ရှင်များဖြစ်ကြသော မရဏဂိုဏ်းမှ ဧကရာဇ်အဆင့်ပညာရှင်များသာ ဖြစ်ကြလေသည်။ သွေးအဆီအနှစ်သည် သူတို့အသုံးပြုသော အလံတိုင်များ၏ အုတ်မြစ်ဖြစ်သည်။ ရန်ကိုင်သည် သွေးပင်လယ်အား ဖျက်ဆီးပစ်လိုက်သည့်အတွက်ကြောင့် ထိုကျင့်ကြံသူများမှာ တန်ပြန်ဘေးထွက်ဆိုးကျိုးကို ခံစားနေကြရခြင်း ဖြစ်သည်။

လက်ရှိအချိန်တွင်တော့ ထိုပညာရှင်အားလုံးမှာ အလွန်တရာကိုမှ မယုံကြည်နိုင် ဖြစ်နေကြလေသည်။ သူတို့အတူ ပူးပေါင်းဖန်တီးထားသော သွေးပင်လယ်ကြီးကို ရန်ကိုင်မှ ဤကဲ့သို့သော နည်းလမ်းဖြင့် အလွယ်တကူ ဖျက်ဆီးပစ်သွားလိမ့်မည်ဟု ထင်ထားခဲ့ခြင်း မရှိပေ။ ထိုအတွက်ကြောင့် သူတို့သည်ပင်လျှင် တန်ပြန်ဘေးထွက်ဆိုးကျိုးကို ခံလိုက်ရပြီး ဒဏ်ရာအကြီးအကျယ် ရသွားခဲ့ကြရသည်။

သူတို့အား အကာအကွယ်ပေးထားမည့် သွေးပင်လယ်ကြီး မရှိတော့သည့်နောက်တွင် အခြားလူများမှာလည်း သွေးပင်လယ်ထဲ ပုန်းအောင်းနိုင်ခြင်း မရှိကြတော့ဘဲ အသီးသီး လူလုံးပေါ်လာကြကုန်လေ၏။ အချို့မှာ မရဏဂိုဏ်းမှ ဖြစ်ကြပါသော်ငြား အများစုမှာ ဗြဟ္မာကုန်းမြေမှ လူများ ဖြစ်ကြပေသည်။ ထိုလူများသည် လက်ရှိအချိန်၌ ရန်ကိုင်အား ဝန်းရံထားကုန်ကြလေသည်။

သို့ပင်ဖြစ်လင့်ကစား ထိုလူများသည်လည်း အတော်လေးကိုမှ အခြေအနေ ဆိုးဆိုးရွားရွား ဖြစ်နေကုန်ကြသည်။ လူပေါင်းများစွာတို့သည် နာကျင်မှုကြောင့် အော်ဟစ်ညည်းတွားနေကြလေသည်။ သွေးပင်လယ် ပျက်စီးသွားသည့်အတွက်ကြောင့် သူတို့အနေဖြင့် မည်သည့်ဘေးထွက်ဆိုးကျိုးကိုမျှ မခံစားခဲ့ရပါသော်ငြား ခေါင်းလောင်းသံ၏ အနီးကပ်ရိုက်ခတ်ခြင်း ခံလိုက်ရလေရာ သူတို့ ခံစားရမည့် ဒဏ်ရာများမှာလည်း ပေါ့သေးသေး ဖြစ်လိမ့်မည် မဟုတ်ပေ။

မိုင်ပေါင်းများစွာ အကွာ၌ ရှိနေသော ထျန်ရှန်းတို့ အဖွဲ့သည်ပင်လျှင် ခေါင်းလောင်းသံကြောင့် မူးဝေသလို ဖြစ်သွားကြရလေရာ ရန်ကိုင်၏ အနီးအနားတွင် ရှိနေသော ဗြဟ္မာကုန်းမြေမှ လူများဆိုလျှင်တော့ ပြောနေစရာပင် မလိုတော့ပေ။

လက်ရှိအခိုက်အတန့်တွင် မယုံကြည်နိုင်စရာ မြင်ကွင်းတစ်ရပ် ဖြစ်ပေါ်လာခဲ့လေသည်။ ဧကရာဇ်အဆင့်ပညာရှင် အယောက်နှစ်ဆယ်ကျော်သည် ရန်ကိုင်အား ဝန်းရံထားကြပါသော်ငြား အကုန်လုံးမှာ အရက်မူးနေသည့်အလား ဒယီးဒယိုင် ဖြစ်နေကြသည်။ မျက်နှာများမှာလည်း သွေးမရှိတော့သည့်ပမာ ဖြူရော်နေကြပြီး သူတို့ကိုယ်သူတို့ အတတ်နိုင်ဆုံး တည်ငြိမ်အောင်လည်း ကြိုးစားနေကြရလေသည်။ သို့သော်ငြား ထိုလူများ လူလုံးပေါ်လာသည်နှင့် တစ်ပြိုင်နက် ရန်ကိုင်၏ အေးစက်စက် အကြည့်သည် ထိုလူများဆီသို့ တမုဟုတ်ချည်း ရောက်ရှိလာခဲ့သည်။

"သွားပြီ" ရှုချန်ဖုန်း အလန့်တကြား ထအော်လေ၏။ "ပြန်ဆုတ်ကြပေတော့"

တစ်ချိန်တည်းတွင်လည်း ဖုပိုအား စိတ်ထဲမှနေကာ ကြိတ်ကာ ကျိန်ဆဲလိုက်လေ၏။ [စုတ်လိုက်တဲ့ ပညာရပ်ကွာ၊ သူတို့ဂိုဏ်းရဲ့ ထိပ်တန်းပညာရပ်တွေက ဒီလောက်တောင် စုတ်ပြတ်နေမယ်လို့ မထင်ထားဘူး၊ အခုတော့ ငါ့လူတွေပါ အကုန်သွားပြီ]

သို့ပင်ဖြစ်လင့်ကစား မရဏဂိုဏ်း၏ ပညာရပ်က စုတ်ပြတ်နေခြင်း မဟုတ်မှန်း ရှုချန်ဖုန်း သိနေခဲ့သည်။ ဧကရာဇ်အဆင့်ပညာရှင်ပေါင်းများစွာမှ အတူပူးပေါင်း ဖန်တီးထားသည့် သိုင်းပညာရပ်တစ်ခု ဖြစ်သည့်အလျောက် ဤသွေးပင်လယ်ကြီးသည် အလွန်ကိုမှ မာကျောခိုင်ခံ့လှပေသည်။ သူသည်သာ ထိုသွေးပင်လယ်ထဲသို့ ကျရောက်သွားမည်ဆိုပါက အလွယ်တကူ ပြန်ထွက်လာနိုင်လိမ့်မည် မဟုတ်ပေ။ ထိုအတွက်ကြောင့် သူ့အနေဖြင့် အပြစ်တင်လိုပါက ထိုမျှအားကောင်းလှသော ရတနာကို ပိုင်ဆိုင်ထားသည့် ရန်ကိုင်ကိုသာ အပြစ်တင်ရပေလိမ့်မည်။ တောင်နှင့်မြစ်ခေါင်းလောင်းဆီမှ ထွက်ပေါ်လာသော အသံလှိုင်းများသည် သွေးပင်လယ်၏ အိပ်မက်ဆိုးဖြစ်သည့်ပမာ ထိုအသံလှိုင်းများ ထွက်ပေါ်လာပြီးသည်နှင့် တစ်ပြိုင်နက် သွေးပင်လယ်မှာ မျက်တောင်တစ်ခတ်အတွင်း ပျက်စီးသွားခဲ့လေသည်။

ရန်ကိုင်က လှမ်းအော်ပြောလေသည်။ "မင်းတို့ ဘယ်သွားဖို့ လုပ်နေကြတာလဲ၊ ဒီနေ့ မင်းတို့အားလုံး ဒီမှာသေရမယ်ကွ"

ထို့နောက်တွင် လေဟာနယ်နိယာမများကို စုစည်း၍ မရေမတွက်နိုင်သော လဓားသွားများကို ဖန်တီးကာ အရပ်ရပ်သို့ ပစ်လွှတ်လိုက်လေသည်။

ဤနေရာရှိ ဟင်းလင်းပြင်မှာ တစ်သီးတခြား ခွဲထုတ်ထားခြင်း ခံရသည့်အတွက်ကြောင့် ရန်ကိုင်အနေဖြင့် တည်နေရာခုန်ကူးသည့် ပညာရပ်ကို အသုံးမပြုနိုင်ပါသော်ငြား ဤခွဲထုတ်ခံထားရသော ဟင်းလင်းပြင်ထဲတွင် ရှိနေသည့် လေဟာနယ်နိယာမများကို မထိန်းချုပ်နိုင်ဟုတော့ မဆိုလိုပေ။

တဝှစ်ဝှစ်မြည်သံများနှင့်အတူ သွေးများ ပန်းထွက်လာကုန်ကြလေသည်။ မိုးကြိုးပစ်ခံလိုက်ရသည့်အလား ဧကရာဇ်အဆင့်ပညာရှင်ပေါင်းများစွာဆီမှ အော်ဟစ်ညည်းတွားသံများ ကြောက်လန့်တကြား အော်ဟစ်သံများ ထွက်ပေါ်လာကုန်ကြသည်။ လောကကြီးထဲတွင် လဓားသွား မထိုးဖောက်နိုင်သည့် အရာဟူ၍ မရှိပေ။ ဧကရာဇ်ပထမအဆင့်ဖြစ်စေ ဒုတိယအဆင့်ဖြစ်စေ အကုန်လုံးမှာ လဓားသွားအား အနည်းငယ်မျှပင် ခုခံနိုင်ခြင်း မရှိခဲ့။ သူတို့ ဖန်တီးထားသော ဧကရာဇ်ချီအကာအကွယ်သည်ပင်လျှင် လဓားသွားအရှေ့၌ အလဟဿ ဖြစ်သွားကြရသည်။ လဓားသွား၏ ထိုးဖောက်ခြင်း ခံလိုက်ရသည့် မည်သူမဆို လခြမ်းကွေးပုံစံ ဒဏ်ရာတစ်ခုဖြင့် တမလွန်ဘဝသို့ အသက်ထွက်သွားကုန်ကြလေ၏။

ထိုအခိုက်အတန့်အတွင်း ဧကရာဇ်အဆင့်ပညာရှင်ပေါင်းများစွာသည် မြေပြင်ပေါ်သို့ တဘုန်းဘုန်း ပြုတ်ကျလာနေကုန်ကြလေသည်။

မျက်တောင်တစ်ခတ်အတွင်းမှာပင် ဧကရာဇ်အဆင့်ပညာရှင် ဆယ်ဦးကျော်မက သေဆုံးသွားခဲ့ကြကာ လက်ရှိအချိန်၌ ရန်ကိုင်၏ မီတာသုံးရာပတ်လည်တွင် မည်သည့်ရန်သူမျှ ရှိမနေတော့ပေ။

ထိုအခိုက်အတန့်ဝယ် တံတွေးမျိုချသံတစ်သံကို ကြားလိုက်ရသည့်အတွက်ကြောင့် ထျန်ရှန်းမှာ ခက်ခက်ခဲခဲဖြင့် လှည့်ကြည့်လိုက်ရာ တံတွေးမျိုချလိုက်သည့် လူမှာ ချီကွေ့ ဖြစ်နေကြောင်း တွေ့လိုက်ရလေသည်။ ပုံမှန်အားဖြင့် ချီကွေ့မှာ မိုက်ရူးရဲဆန်ပြီး မောက်မာဝံ့ကြွားသည့် လူတစ်ဦး ဖြစ်ပါသော်ငြား လက်ရှိအချိန်တွင်တော့ သူ့မျက်လုံးများမှာ ထိတ်လန့်မှုကြောင့် ပြူးကျယ်နေခဲ့လေသည်။

ထိုမြင်ကွင်းကို ကြည့်ရင်း ထျန်ရှန်းမှာ ရယ်ချင်ပက်ကျိ ဖြစ်သွားခဲ့သည်။ သို့သော်ငြား မရယ်နိုင်ခဲ့။ အကြောင်းမှာ သေသွားသည့် လူများမှာ ဧကရာဇ်အဆင့်ပညာရှင်များ ဖြစ်နေသည့်အတွက်ကြောင့်ပင်။ ထိုလူများမှာ လမ်းဘေးတွင် တွေ့ရသည့် ဂေါ်ဖီထုပ်များ မဟုတ်။ ဤလောကကြီး၏ ထိပ်တန်းအဆင့်ပညာရှင်များထဲ ပါဝင်ကြသော ဧကရာဇ်အဆင့်ပညာရှင်များ ဖြစ်ကြသည်။

ထျန်ရှန်း ကိုယ်တိုင်မှာလည်း ချီကွေ့ကဲ့သို့ပင် အလွန်ကိုမှ မယုံကြည်နိုင် ဖြစ်နေလေသည်။ ထို့နောက်တွင် ချန်းရှိုယင်မှာမူ ထိတ်လန့်မှု ကြောက်ရွံ့မှုတို့၏ လွှမ်းမိုးခြင်းခံလိုက်ရပြီ ဖြစ်နေကြောင်းကို သဘောပေါက်လိုက်၏။

ရန်ကိုင်နှင့် တွေ့စဉ်က ရန်ကိုင်မှာ ယဉ်ကျေးသိမ်မွေ့သည့် လူငယ်လေးတစ်ဦး ဖြစ်သည်ဟု ထျန်ရှန်း ထင်ခဲ့သည်။ အမျိုးမျိုးသော အခြေအနေ အကြောင်းကြောင်းကြောင့်သာ မဟုတ်ပါက ရန်ကိုင်နှင့် အမှန်တကယ်ကို မိတ်ဆွေဖွဲ့မိပေလိမ့်မည်။

သို့ရာတွင် ယခုမှသာလျှင် ရန်ကိုင် မည်ကဲ့သို့သော လူစားမှန်းကို ထျန်ရှန်း သဘောပေါက်သွားရတော့သည်။

လူငယ်လေးသည် ဧကရာဇ်အဆင့်ပညာရှင်များကို သားသတ်ရုံမှ ဝက်များပမာ မျက်တောင်တစ်ချက်ပင်မခတ်ဘဲ သတ်ပစ်သွားခဲ့သည်။ တစ်နည်းဆိုရသော် ထျန်ရှန်းမှာ ရန်ကိုင်နှင့် စကားပြောရင်း သဘောပင် မပေါက်လိုက်ဘဲ သေမင်းခံတွင်းမှ ပွတ်ကာသီကာလေး လွတ်မြောက်လာခဲ့ခြင်း ဖြစ်လေသည်။ ထိုကဲ့သို့ စဉ်းစားမိလိုက်သည့်အခိုက် ထျန်ရှန်း တစ်ကိုယ်လုံး တုန်တုန်ယင်ယင် ဖြစ်သွားခဲ့သည်။

သူ့မျက်စိအရှေ့တည့်တည့်မှာပင် ဧကရာဇ်အဆင့်ပညာရှင် ဆယ်ဦး မျက်တောင်တစ်ခတ်အတွင်း သေသွားရသည့် မြင်ကွင်းမျိုးကို မြင်တွေ့ရလိမ့်မည်ဟု ထျန်ရှန်း မျှော်လင့်ထားခြင်း လုံးဝ မရှိပေ။ ယခုဆိုလျှင် အစောပိုင်းက ရန်ကိုင် သတ်ပစ်ခဲ့သော ဧကရာဇ်အဆင့်ပညာရှင် ငါးဦးအပါအဝင် ရန်ကိုင် သတ်ပစ်ခဲ့သည့် ဧကရာဇ်အဆင့်ပညာရှင်အရေအတွက်မှာ တစ်ဆယ့်ငါးဦးခန့်အထိ ရှိလာခဲ့လေပြီ။ ထိုအပြင် ရန်ကိုင်မှာ ထိုတစ်ဆယ့်ငါးဦးကို အမွှေးတိုင်တစ်ချောင်းစာအတွင်း သတ်ပစ်သွားခဲ့ခြင်း ဖြစ်သည်။

မူလကမူ ဤနေရာသို့ ရောက်လာကြသည့် အဖွဲ့အစည်းနှစ်ခုမှ လူအရေအတွက်မှာ သုံးဆယ်ခန့် ရှိပါသော်ငြား ယခုမူ တစ်ဝက်လောက်မှာ သေကုန်ကြလေပြီ။ နောက်ဆုံး တိုက်ပွဲရလဒ် မည်သို့ပင် ဖြစ်နေစေကာမူ ထိပ်တန်းဂိုဏ်း နှစ်ဂိုဏ်းမှာ ဆိုးဆိုးရွားရွား ထိခိုက်သွားပြီဟု ပြော၍ရပေသည်။

ဧကရာဇ်အဆင့်ပညာရှင်များကို ပျိုးထောင်ဖို့ရာမှာ မလွယ်ကူလှပေ။ ထိပ်တန်းဂိုဏ်းတစ်ဂိုဏ်းဆိုလျှင်ပင် ဧကရာဇ်အဆင့်ပညာရှင်တစ်ဦးကို ပျိုးထောင်ဖို့ရာ မလွယ်ကူလှ။ ယခု ဧကရာဇ်အဆင့်ပညာရှင်ပေါင်းများစွာကို ဆုံးရှုံးလိုက်ရလေရာ ဖုပိုနှင့် ရှုချန်ဖုန်းတို့၏ ရင်ထဲ မည်ကဲ့သို့ ခံစားနေရမလဲဆိုသည်ကို ခန့်မှန်းကြည့်နိုင်ပေသည်။

ထျန်ရှန်းမှာ ထိုထိပ်တန်းပညာရှင်နှစ်ဦးအား လှမ်း၍ ကြည့်လိုက်ရာ သူထင်ထားသည့်အတိုင်း ထိပ်တန်းပညာရှင်နှစ်ဦးမှာ ရင်ထုမနာ ဖြစ်နေကြောင်းကို တွေ့လိုက်ရသည်။ အမြဲလိုလို တည်တည်ငြိမ်ငြိမ်ဖြင့် ရှိနေတတ်သော ရှုချန်ဖုန်းသည် ယခုဆိုလျှင် မျက်နှာကြီး သံပရာသီး ကိုက်ထားရသည့်ပမာ ဖြစ်နေပြီး ဖုပိုမှာတော့ အံကို တင်းတင်းကြိတ် လက်သီးကို တင်းတင်းဆုပ်ထားခဲ့လေ၏။

ယခုတိုက်ပွဲ ပြီးသွားသည့်နောက်တွင် ထိပ်တန်းဂိုဏ်း နှစ်ဂိုဏ်း၏ ခွန်အားမှာ သိသိသာသာကို လျော့ကျသွားလိမ့်မည်ဖြစ်ကာ ယခုအဖြစ်အပျက်မှ ပြန်လည်နာလန်ထူလာနိုင်ရန်အတွက် အနည်းဆုံး နှစ်ငါးရာခန့် အချိန်ယူရပေလိမ့်မည်။

ထိုအချက်ကို နားလည်ထားသည့်အတွက်ကြောင့်သည်ပင်လျှင် ဖုပိုနှင့် ရှုချန်ဖုန်းတို့ မျက်နှာပျက်နေကြခြင်း ဖြစ်ပေသည်။ လက်စားပြန်ချေနိုင်ရန်အလို့ငှာ ဤနေရာသို့ လာရောက်ခဲ့ပါသော်ငြား လက်စားပြန်မချေနိုင်သေးခင်မှာပင် သွေးကြွေးအသစ်မှာ ဖြစ်ပေါ်လာခဲ့ရသည်။ ထိုအပြင် သူတို့၏ လက်အောက်ငယ်သားပေါင်းများစွာ အသတ်ခံလိုက်ရသည့်အတွက်ကြောင့် ရန်ကိုင်အား သတ်ပစ်လိုက်နိုင်မည်ဆိုလျှင်ပင် အကျိုးမရှိတော့ပေ။ သေသွားသည့် လူမှာ အသက်ပြန်မရှင်လာနိုင်တော့လေရာ သူတို့၏ ဆုံးရှုံးမှုများကို မည်သည့်နည်းနှင့်မျှ ဖာထေးနိုင်တော့လိမ့်မည် မဟုတ်။

ထိုမျှများပြားလှသော ဧကရာဇ်အဆင့်ပညာရှင်များကို သတ်သွားသည့် လူမှာမူကား လူငယ်မျိုးဆက်မှ ဧကရာဇ်ဒုတိယအဆင့်ပညာရှင်တစ်ဦးသာ ဖြစ်ပေသည်။ ထိုလူသည် လူရော ဟုတ်လေရဲ့လော။

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၃၃၀၇)

ဘာသာပြန်သူ_တိမ်တိုက်

လေခွင်းသံများနှင့်အတူ လက်ကျန် ဧကရာဇ်အဆင့်ပညာရှင်အားလုံး ရန်ကိုင်လက်မှ ထွက်ပြေးကြတော့လေသည်။ အကုန်လုံးမှာ ထိတ်လန့်နေရာမှ အသိပြန်မဝင်နိုင်ကြသေးပေ။ သူတို့ကိုယ်သူတို့လည်း သေမင်းခံတွင်းမှ ကပ်သီလေးလွတ်မြောက်လာသည်ဟု ခံစားနေကြရသည်။

ရန်ကိုင်မှာ ထိုလူများအား မသတ်ချင်သည် မဟုတ်။ အစောပိုင်းက ထိုလူများ၏ နေရာကို ရှာမတွေ့ခဲ့သည့်အတွက်ကြောင့်သာ ဖြစ်လေသည်။ သွေးပင်လယ်မှာ ရန်ကိုင်ကြောင့် ပျက်စီးသွားခဲ့ပါသော်ငြား သူ မမြင်နိုင်သည့် နေရာအချို့ ရှိနေပေသေးသည်။ ထိုလူများသည် ထိုနေရာများတွင် ပုန်းအောင်းနေကြခြင်း ဖြစ်လေ၏။

ရန်ကိုင်မှာ ထိုလူများအား အာရုံစိုက်မနေခဲ့ဘဲ ဖုပိုဆီသို့သာ လှမ်းကြည့်၍ ပြုံးဖြီးပြလိုက်သည်။

အကြည့်ချင်းဆုံသွားသည့်အခိုက်တွင် စိတ်ညစ်နေသည့် ဖုပိုမှာ စတင်၍ စိုးရိမ်လာရတော့သည်။ [ဒီကောင် ငါ့ကိုသတ်ချင်နေတာလား၊ ငါ့ကိုသတ်ဖို့ စဉ်းစားရဲတယ်၊ ဟုတ်လား]

ဖုပိုမှာ မယုံကြည်နိုင် ဖြစ်သွားလေသည်။

သူသည် မရဏဂိုဏ်း၏ ဂိုဏ်းချုပ်ဖြစ်ကာ ဧကရာဇ်တတိယအဆင့်ပညာရှင်တစ်ဦး ဖြစ်သည်။ ထိုသို့ဖြစ်လေရာ ဧကရာဇ်ဒုတိယအဆင့်သာ ရှိသေးသော ကောင်စုတ်လေးတစ်ကောင်သည် သူ့အား သတ်ဖို့ရာ မည်သို့များ စဉ်းစားရဲရလေသနည်း။ ဖုပိုမှာ ရှက်ရှက်ကြောင့် ဒေါသထွက်လွန်းသွားကာ အော်ရယ်ချင်စိတ်များပင် ပေါက်လာရသည်။

ထိုစဉ် သူ့မျက်လုံးထဲ တစ်ခုခု လက်သွားခဲ့လေသည်။ မူလက အဝေးတစ်နေရာတွင် ရပ်နေသော ရန်ကိုင်မှာ ပျောက်ခြင်းမလှ ပျောက်ကွယ်သွားခဲ့ပြီး သူ့ဆီသို့ တဟုန်ထိုး ပြေးဝင်လာလေ၏။

ဖုပိုသည် အေးစက်စက်အမူအရာဖြင့် အနက်ရောင်ချီတို့ ရစ်သိုင်းနေသော အလံတိုင်တစ်ခုကို ထုတ်ယူလိုက်သည်။ မရဏဂိုဏ်း၏ ဂိုဏ်းချုပ်ဖြစ်သည့်အလျောက် သူ့တွင်လည်း ကိုယ်ပိုင် ဝိညာဉ်တစ်သောင်းအလံတိုင် ရှိပေသည်။ ဖုပိုသည် ဤအလံတိုင်ကို လွန်ခဲ့သော နှစ်ပေါင်း နှစ်‌ထောင်ကျော်ခန့်ကတည်းက သန့်စင်ထားခဲ့ခြင်းဖြစ်လေရာ ဤအလံတိုင်သည် ဧကရာဇ်အဆင့် ရှိသင့်ရှိထိုက်သည့် အကန့်အသတ်ကို ရောက်ရှိနေခဲ့လေပြီ။

ဖုပိုသည် အနည်းငယ်မျှပင် တုံ့ဆိုင်းမနေခဲ့ဘဲ အလံတိုင်ကို ထုတ်ယူပြီးသည်နှင့် တစ်ပြိုင်နက် သူ့ခန္ဓာကိုယ်နှင့် ပေါင်းစပ်လိုက်လေရာ မူလကတည်းက အုံ့မှိုင်းမှိုင်း ဖြစ်နေသော ဖုပို၏ အရှိန်အဝါမှာ ယခင်ကထက် ပို၍ ချောက်ချားဖွယ်ကောင်းလာတော့သည်။

တစ်ချိန်တည်း၌ ဖုပို၏ ခန္ဓာကိုယ်ကြီးမှာလည်း အပြောင်းအလဲကြီး ပြောင်းလဲသွားခဲ့လေသည်။ မူလက သာမန်လူတစ်ဦးထက် ပို၍ အရပ်ပုသော ဖုပို၏ ခန္ဓာကိုယ်မှာ ရုတ်တရက်ဆိုသလို မီတာသုံးဆယ်ခန့် အမြင့်ရှိသော မွန်းစတားကောင်ကြီးတစ်ကောင်အသွင်သို့ ပြောင်းလဲသွားခဲ့လေ၏။ သူ့မျက်နှာမှာ တစ္ဆေသရဲတစ်ကောင်ပမာ ချောက်ချားဖွယ်ကောင်းလာခဲ့ပြီး သွားများမှာလည်း ချွန်ထက်လာခဲ့သည်။ ဦးချိုနှစ်ချောင်းသည်လည်း နဖူးအထက်မှ ထိုးထွက်လာခဲ့ကာ သူ့လက်နှစ်ဖက်စလုံးမှာလည်း ရှည်မျောမျောနှင့် ခြောက်ကပ်ကပ် ဖြစ်လာလေ၏။ လက်သည်းများသည်ပင်လျှင် အဆိပ်ရှိနေသည့်အလား မည်းနက်သွားကုန်လေသည်။

"တစ္ဆေဘုရင် ပြောင်းလဲခြင်းလား" ထိုမြင်ကွင်းကို ကြည့်ရင်း ထျန်ရှန်း၏ မျက်လုံးများ စတင်၍ တုန်ယင်လာသည်။ ဖုပိုမှာ တိုက်ပွဲပင် မစရသေးခင်မှာပင် သူ့ဝှက်ဖဲအား ချက်ချင်းဆိုသလို ထုတ်သုံးလာလိမ့်မည်ဟု ထျန်ရှန်း မထင်ထားခဲ့ပေ။

သို့သော်ငြား တစ်ချက်မျှ စဉ်းစားကြည့်ပြီးသည့်နောက် ဖုပို ထိုကဲ့သို့လုပ်သည်မှာလည်း အဆန်းမဟုတ်ကြောင်း သဘောပေါက်သွားခဲ့ရသည်။ ရန်ကိုင် ထုတ်ပြသွားသည့် စွမ်းအားမှာ အလွန်ကိုမှ ကြောက်မက်ဖွယ်ကောင်းလှလေရာ သူသည်သာ ဖုပို၏ နေရာတွင်ဆိုပါကလည်း ထိုကဲ့သို့သော ရန်သူမျိုးနှင့် ရင်ဆိုင်ရမည်ဆိုလျှင် ဝှက်ဖဲအား ချက်ချင်းထုတ်သုံးမိပေလိမ့်မည်။

တစ္ဆေဘုရင်၏ အရှိန်အဝါမှာ အလွန်ကိုမှ ကြောက်မက်ဖွယ်ကောင်းလှပေသည်။ ဖုပို ရှူထုတ်နေသည့် နှာငွေ့တိုင်းဟာလည်း ချောက်ချားဖွယ်ကောင်းလှကာ အားနည်းသည့် လူများဆိုလျှင် ထိုနှာငွေ့နှင့် ထိရုံဖြင့်ပင်လျှင် သေသွားရနိုင်ပေသည်။ တစ္ဆေဘုရင်ဆီမှ ထွက်ပေါ်နေသည့် အရှိန်အဝါကြောင့် ပတ်ဝန်းကျင်တစ်ခုလုံးဟာလည်း ယခင်ကထက်ကို အ‌ဆပေါင်းများစွာ ပိုမိုအေးစက်လာသယောင် ထင်မှတ်ရလေသည်။

ဖုပိုမှာ တစ္ဆေဘုရင်သို့ အသွင်ပြောင်းပြီးသွားသည်နှင့် ချက်ချင်းဆိုသလို ရန်ကိုင်မှာ ဖုပိုဆီသို့ ရောက်လာပြီး အနန္တဓားဖြင့် ဖုပိုတည့်တည့်ကို ခုတ်ချလိုက်လေသည်။

ဖုပိုမှာမူ ဓားချက်ကို ရှောင်တိမ်းမည့် အရိပ်အယောင်မပြဘဲ ရန်ကိုင်အား အေးစက်စက်အကြည့်ဖြင့် စိုက်ကြည့်ရင်းဖြင့်သာ သူ့လက်ကို အသာအယာမြှောက်၍ ဓားချက်ကို ခုခံလိုက်သည်။

ထန်းခနဲ မြည်သံနှင့်အတူ မီးပွားများ ပွင့်ထွက်လာခဲ့သည်။ သူ့လက် အနည်းငယ်နာကျင်သွားသည်ကို သတိပြုမိလိုက်သော် ရန်ကိုင် အံ့အားသင့်သွားခဲ့လေသည်။ အနန္တဓားဖြင့် ဖုပိုအား ခုတ်ရာတွင် ရန်ကိုင်မှာ သူ့ခွန်အားအကုန်အစင်ကို ထုတ်မသုံးခဲ့ပေ။ သူသာ အားကုန်ထုတ်သုံး၍ ခုတ်လိုက်မည်ဆိုလျှင် အခန့်မသင့်ပါက အနန္တဓား ကျိုးသွားနိုင်ပေသည်။ ဤအနန္တဓားမှာ ချင်မိသားစု၏ အမွေခံမှော်ရတနာတစ်ခု ဖြစ်သည်။ ချင်ယု ဧကရာဇ်အဆင့်သို့ ရောက်လာပြီးသည့်နောက် ဤဓားကို ချင်မိသားစုဆီသို့ ပြန်ပေးမည်ဟု ရန်ကိုင် ကတိပေးထားခဲ့လေသည်။ ထိုအကြောင်းကြောင့် အနန္တဓားသည်သာ သူ့ကြောင့် ကျိုးသွားခဲ့မည်ဆိုလျှင် ချင်ကျောက်ယန်အား ရှင်းပြရခက်နေပေလိမ့်မည်။

သို့သော်ငြား တိုက်ခိုက်ရာတွင် ရန်ကိုင်မှာ သူ့ခွန်အားအကုန်အစင်ကို ထုတ်မသုံးခဲ့သည့်တိုင် သူ့တိုက်ကွက်သည် သာမန်လူအများစု ခုခံဖို့ရာ မဖြစ်နိုင်သည့် တိုက်ကွက်မျိုး ဖြစ်ပေသည်။ သို့သော်ငြား ဖုပိုကမူ သူ၏ တိုက်ကွက်အား လွယ်လင့်တကူ ခုခံပြသွားခဲ့သည်။ ထိုအကြောင်းကြောင့် ရန်ကိုင်မှာ လူအိုကြီးအသွင် ပြောင်းသွားသော မွန်းစတားကောင်ကြီး၏ ခွန်အားကို တစ်ဖန်ပြန်လည် သုံးသပ်ရတော့သည်။

ထိုတိုက်ခိုက်မှုကို ခုခံပြီးသည့်နောက်တွင် ဖုပိုသည် အနည်းငယ်မျှပင် နှောင့်နှေးနေခြင်း မရှိဘဲ ကျန်လက်သည်းတစ်ဖက်ဖြင့် ရန်ကိုင်၏ ရင်ဘတ်တည့်တည့်သို့ ထိုးချလိုက်လေသည်။ ရန်ကိုင်မှာ နဂါးတစ်ပိုင်းဖြစ်ပါသော်ငြား ထိုလက်သည်း၏ စွမ်းအားကို အထင်မသေးရဲပေ။ ထိုအတွက်ကြောင့် ချက်ချင်းပဲ နောက်သို့ ပြန်ဆုတ်သွားလေ၏။

မိုင်ပေါင်းများစွာခန့်အကွာတွင် ရှိနေသော လန်ဟဲ့က အလန့်တကြား ထအော်လေ၏။ "အစ်ကိုရန်၊ အနောက်မှာ သတိထား"

ရန်ကိုင်မှာ လက်သည်းအား ရှောင်တိမ်းရန် အလုပ်ရှုပ်နေချိန် သူ့အနောက်မှ ပုံရိပ်တစ်ခု ရုတ်တရက်ပေါ်လာသည်ကို လန်ဟဲ့ မြင်လိုက်ရသည်။ ထိုလူမှာ အလွန်မြန်သည့်အတွက်ကြောင့် ရပ်ကြည့်နေသူများသည်ပင်လျှင် ထိုလူ ရန်ကိုင်အနောက်၌ ပေါ်မလာခင်အထိ ထိုလူအား သတိမထားမိခဲ့ပေ။

ထိုလူမှာ အခြားမဟုတ်။ ဗြဟ္မာကုန်းမြေ၏ တော်ဝင်သခင်ဖြစ်သော ရှုချန်ဖုန်းသာ ဖြစ်လေသည်။

သူ့လက်ထဲရှိ အနက်ရောင်ဓားမှာ အရောင်တလက်လက် တောက်နေခြင်း မရှိ။ ရှုချန်ဖုန်းသည် အနက်ရောင်ဓားကို ကိုင်စွဲရင်းမှ ရန်ကိုင် တည့်တည့်သို့ ထိုးချနေခဲ့သည်။ သူ၏ တိုက်ကွက်မှာ ဖုပိုလောက် အားကောင်းခြင်း မရှိပါသော်ငြား ထိုဓားချက်သာ ထိမှန်ခြင်းခံလိုက်ရမည်ဆိုလျှင် ရန်ကိုင် ဆိုးဆိုးရွားရွား ဒဏ်ရာရသွားနိုင်ပေသည်။

ဧကရာဇ်တတိယအဆင့် ပညာရှင်နှစ်ဦးသည် မူလကတည်းက ကြိုတင်ဆွေးနွေးတိုင်ပင်ထားသည့်အလား ရန်ကိုင်အား အရှေ့ရော အနောက်ရောမှ တစ်ပြိုင်တည်း တိုက်ခိုက်လာခဲ့ကြသည်။ ဤကဲ့သို့သော တိုက်ခိုက်မှုမျိုးကို ဤလောကကြီးထဲ၌ ရှောင်နိုင်သည့် လူဆို၍ အနည်းငယ်လောက်သာ ရှိပေလိမ့်မည်။

ထိုအခိုက်အတန့်မှာပင် ရန်ကိုင်မှ သူ့လက်ကို ဝှေ့ယမ်းချလိုက်ရာ သူ့အနောက်ဘက်၌ ပုံရိပ်တစ်ခု ပေါ်လာခဲ့လေသည်။ ထိုပုံရိပ်မှာ သာမန်လူတစ်ဦးနှင့် ဆင်တူပြီး လူတစ်ရပ်စာခန့် အမြင့်ရှိသော ကျောက်တုံးများဖြင့် ဖွဲ့စည်းထားသည့် ကျောက်တုံးလူသားတစ်ဦး ဖြစ်ပေသည်။ ၎င်း၏ ထူးခြားလှသော ပုံပန်းသွင်ပြင်အပြင် ထိုကျောက်တုံးလူသား၏ ခန္ဓာကိုယ်တစ်ဝိုက်၌ မီးတောက်များလည်း လောင်မြိုက်နေလေ၏။

ထန်းခနဲ မြည်သံနှင့်အတူ ရှုချန်ဖုန်း၏ အနက်ရောင်ဓားမှာ ကျောက်တုံးလူသားအား သွားထိမှန်လေသည်။ ဤလောကကြီးထဲရှိ အမာကျောဆုံးသော သတ္တုများကိုပင်လျှင် ဖြတ်တောက်ပစ်နိုင်လောက်အောင် ထက်ရှလွန်းလှသော ရှုချန်ဖုန်း၏ ဓားမှာ ကျောက်တုံးလူသားအား အနည်းငယ်မျှပင် ထိခိုက်အောင် မလုပ်နိုင်ခဲ့ပေ။

ရှုချန်ဖုန်းမှာ သူ့အရှေ့ရှိ ကျောက်တုံးလူသားကို မျက်လုံးအပြူးသားဖြင့် ကြည့်နေရင်းမှ ကြောင်အမ်းအမ်း ဖြစ်နေခဲ့လေသည်။ သူ့ကိုယ်သူလည်း အိပ်မက်မက်နေသလို ခံစားနေရ၏။

[ဒါကြီး ဘယ်ကနေ ရောက်လာတာလဲ] သူ၏ တိုက်ခိုက်မှုကို ဤထူးဆန်းသည့် အရာမှ အလွယ်တကူ ခုခံပြသွားလိမ့်မည်ဟု မထင်ထားခဲ့ပေ။

ရန်ကိုင်၏ ကျောက်တုံးကိုယ်ပွားသည် ၎င်း၏ ရင်ဘတ်အား လာထိနေသော ဓားကို ငုံ့ကြည့်လိုက်သည်။ ထို့နောက် ရှုချန်ဖုန်းကို ပြန်ကြည့်၍ ချောက်ချားဖွယ်ကောင်းစွာ ပြုံးပြလိုက်လေ၏။

သူ့အရှေ့ရှိ အရာကြီးမှာ သက်ရှိတစ်ကောင်ဖြစ်နေလိမ့်မည်ဟု မထင်ထားသည့်အတွက်ကြောင့် ရှုချန်ဖုန်းမှာ ထပ်မံ၍ အံ့အားသင့်သွားခဲ့ရသည်။ သူ့စိတ်အထင်ပဲလား မပြောပြတတ်ပါသော်ငြား သူ့အရှေ့တွင် ရပ်နေသည့် ကျောက်တုံးလူသား၏ မျက်လုံးထဲ သာမန်လူတစ်ဦးကဲ့သို့ အသိဉာဏ်ရှိသည့် အရိပ်အယောင်အချို့ ဖြတ်ပြေးသွားသည်ကို ရှုချန်ဖုန်း သတိထားမိလိုက်လေသည်။ ရင်ဘတ်ပေါ် ဓားထောက်ခံထားရရင်းမှ ကျောက်တုံးကိုယ်ပွားသည် အရှေ့သို့ တဖြည်းဖြည်း တိုးလာခဲ့ရာ ရှုချန်ဖုန်းမှာလည်း အနောက်သို့ ဆုတ်သွားရလေ၏။

"နတ်သားရဲ" ကျောက်တုံးလူသားဆီမှ ထွက်ပေါ်နေသည့် နတ်သားရဲတစ်ကောင်၏ အရှိန်အဝါကို ခံစားမိလိုက်သော် ရှုချန်ဖုန်း အလန့်တကြား ထဆိုလိုက်သည်။ တစ်ဖက်လူ၏ ပုံစံကို သေသေချာချာ ကြည့်ကြည့်လိုက်ပြီးသည့်နောက် သူ့အရှေ့တွင် ရှိနေသည့် ကျောက်တုံးလူသားမှာ မည်ကဲ့သို့သော နတ်သားရဲမှန်း ရှုချန်ဖုန်း သိသွားတော့လေ၏။ [နတ်သားရဲ ရှီဟွော့ပဲ၊ လိပ်နက်ဂိုဏ်းကို ဖျက်ဆီးသွားတဲ့ နတ်သားရဲရှီဟွော့၊ ဒါပေမဲ့ သူက အရှေ့ဘက်နယ်မြေက ရှေးဟောင်းတောအုပ်ကြီးထဲမှာ ရှိနေရမှာလေ၊ ဘယ်လိုလုပ်ပြီး ဒီနေရာကို ရောက်နေရတာလဲ]

ရှုချန်ဖုန်း၏ စိတ်ထဲ မေးခွန်းများ တသီတတန်း ထွက်ပေါ်လာခဲ့သည်။ သို့သော်ငြား ထိုမေးခွန်းများ၏ အဖြေကို စဉ်းစားနေချိန် မရှိခဲ့ပေ။ အကြောင်းမှာ သူပြဿနာတက်နေပြီမှန်း သိနေသည့်အတွက်ကြောင့်ပင်။

ရှုချန်ဖုန်းမှာ ဧကရာဇ်တတိယအဆင့်ပညာရှင်တစ်ဦး ဖြစ်ပါသော်ငြား နတ်သားရဲတစ်ကောင်နှင့်တော့ မယှဉ်နိုင်သေးပေ။ ရှေးဟောင်းတောအုပ်ကြီးထဲတွင် နတ်သားရဲများ ရှိကြပြီး ထိုနတ်သားရဲများကို နတ်အရှင်များဟု ခေါ်ဆိုကြပေသည်။ ထိုနတ်အရှင်များ၏ လက်အောက်တွင် မွန်းစတားဘုရင် သုံးဆယ့်နှစ်ပါး ရှိနေကြသည်။ ရှုချန်ဖုန်းမှာ အများဆုံးမှ မွန်းစတားဘုရင်များနှင့်သာ အဆင့်တူပေသည်။

မွန်းစတားဘုရင်များသည်ပင်လျှင် ထိုနတ်အရှင်များ လက်အောက်၌ ခစားနေကြရလေရာ ရှုချန်ဖုန်းအနေဖြင့် သူ့အရှေ့တွင်ရှိနေသော နတ်အရှင်၏ ပြိုင်ဘက် မည်သို့များ ဖြစ်နိုင်ပါမည်နည်း။

[ဒါ ဒီကောင်ဆင်ထားတဲ့ ထောင်ချောက်လား၊ မဟုတ်ရင် နတ်သားရဲရှီဟွော့က ဒီနေရာမှာ ရုတ်တရက်ကြီး ဘယ်လိုလုပ်ပြီး ပေါ်လာရမှာလဲ၊ ဒါပေမဲ့ ဒါက ယုတ္တိလည်း မရှိသေးဘူး၊ နတ်သားရဲတွေ ရှေးဟောင်းတောအုပ်ကြီးထဲမှာပဲ နေနေပြီး ဒီမှာပေါ်မလာတာ ကြာနေကြပြီ၊ ပြီးတော့ အရှေ့ဘက်နယ်မြေက ဘယ်အင်အားစုနဲ့မှလည်း ပြဿနာမတက်အောင် နေနေတာ၊ သူတို့ဘာသာသူတို့ ရှေးဟောင်းတောအုပ်ကြီးထဲမှာ နေနေရင် ကိစ္စမရှိဘူး၊ ဒီနေရာမှာ ပေါ်လာရင် မဟာဧကရာဇ်နဲ့ ပြဿနာတက်သွားနိုင်မှာကို ဘာဖြစ်လို့ အလုပ်ရှုပ်ခံပြီး ဒီနေရာကို လာရမှာလဲ]

ထိုအတွေးများ သူ့ခေါင်းထဲ ဖြတ်ပြေးနေစဉ် ရှုချန်ဖုန်းမှာတော့ အထိတ်ထိတ်အလန့်လန့်ဖြင့် အနောက်သို့ အလျင်အမြန် ပြန်ဆုတ်လိုက်လေသည်။ ကျောက်တုံးကိုယ်ပွားမှာမူ ရှုချန်ဖုန်း အနောက်သို့ ပြေးမလိုက်ခဲ့ဘဲ ခေါင်းကို ခါလိုက်ရာ ၎င်း၏ ကိုယ်အထက်တွင် လောင်မြိုက်နေသော မီးတောက်များမှာ ယခင်ကထက် ပို၍ပြင်းထန်လာခဲ့လေ၏။ ထို့နောက်တွင် ရှုချန်ဖုန်းအား သေလူတစ်ဦးကို ကြည့်နေသည့်အလား အေးစက်စက်အကြည့်ဖြင့် စိုက်ကြည့်လိုက်လေရာ ရှုချန်ဖုန်းမှာလည်း ချက်ချင်းထွက်ပြေးချင်စိတ်များပင် ပေါက်လာခဲ့ရလေသည်။

မိုင်ပေါင်းများစွာခန့်အကွာတွင် ရှိနေသော ထျန်ရှန်းနှင့် အခြားသူများမှာ ထိုရုတ်တရက်ပြောင်းလဲမှုကြောင့် ကြောင်နေကြလေသည်။

လန်ဟဲ့မှ ရန်ကိုင်အား လှမ်း၍သတိပေးလိုက်စဉ် ထျန်ရှန်းမှာ ထိတ်လန့်သွားခဲ့ရသည်။ တကယ်တော့ သူမ၏ လုပ်ရပ်သည် ရှုချန်ဖုန်းအား ဒေါသထွက်သွားစေနိုင်သည် မဟုတ်ပေလော။ ရှုချန်ဖုန်းနှင့် ဖုပိုတို့သည်သာ ရန်ကိုင်အား သတ်ပစ်လိုက်နိုင်မည်ဆိုလျှင် ကောင်းကင်ဝံပုလွေတောင်ကြား ပြဿနာတက်ရပေလိမ့်မည်။ ထျန်ရှန်းတွင် ကောင်းကင်ဝံပုလွေတောင်ကြားအား စစ်မြေပြင် မဖြစ်ရလေအောင် ရှုချန်ဖုန်း၏ တောင်းဆိုချက်ကို ငြင်းပယ်နိုင်ပါသော်ငြား သူ့တပည့်ကိုသာ ရန်ကိုင်ဘက်မှ အကူအညီပေးခိုင်းလိုက်မည်ဆိုလျှင် တစ်ဖက်လူ သူတို့အပေါ် အပြစ်ရှာလာနိုင်ပေသည်။

သို့ပင်ဖြစ်လင့်ကစား လန်ဟဲ့မှာ အော်ပြောပြီးသွားပြီဖြစ်သည့်အတွက်ကြောင့် သူလုပ်နိုင်သည့်အရာ ဘာမျှ မရှိတော့။ ထျန်ရှန်း စိတ်ထဲ ထိုကိစ္စနှင့် ပတ်သက်၍ စိတ်ပေါက်ပေါက်ဖြစ်နေစဉ်မှာပင် ကျောက်တုံးကိုယ်ပွားသည် ဘယ်ကမှန်းမသိ ဗြုန်းစားကြီး ပေါ်လာခဲ့သည်။ ထို့နောက်တွင် ရှုချန်ဖုန်းမှာ အကြောက်အကန် ထွက်ပြေးတော့လေသည်။ ထိုပြောင်းလဲမှုများသည် ထျန်ရှန်းတို့အား လုံးဝကို ကြောင်သွားစေခဲ့လေ၏။

ချီဟိုင်မှာလည်း စစ်မြေပြင်ကို မျက်လုံးအပြူးသားဖြင့် ကြောင်ကြည့်နေလေသည်။ ကြည့်နေရင်းမှ ထျန်ရှန်းအား လှမ်း၍မေးလိုက်သည်။ "တောင်ကြားသခင်ထျန်၊ အဲဒါကြီး ဘယ်လိုပေါ်လာလဲ မြင်လိုက်လား"

ထျန်ရှန်းက ပြန်ပြောလိုက်သည်။ "သေချာမတွေ့လိုက်ဘူး"

ရန်ကိုင်မှ သူ့လက်အား ဝှေ့ယမ်းလိုက်ပြီးသည့်နောက်တွင် နတ်သားရဲရှီဟွော့ ပေါ်လာသည်ကိုသာ ထျန်ရှန်း သိထားသည်။ ထိုသို့ဖြစ်ရခြင်းမှာလည်း ရန်ကိုင် ကျွမ်းကျင်ထားသော လေဟာနယ်ပညာရပ်များနှင့် ပတ်သက်နေရလိမ့်မည်မှန်း သိနေခဲ့သည်။ ရန်ကိုင်မှာ လေဟာနယ်ပညာရပ်တစ်ခုခုကို သုံး၍ ရှီဟွော့အား အလွန်ကိုမှ ဝေးကွာသည့်နေရာမှ ဤနေရာသို့ တည်နေရာကူးပြောင်းပေးလိုက်ခြင်း ဖြစ်လောက်ပေသည်။

သို့သော်ငြား ဤနေရာရှိ ဟင်းလင်းပြင်မှာ ပိတ်လှောင်ထားခြင်း ခံရလေရာ ရန်ကိုင်မှာ ရှီဟွော့အား မည်ကဲ့သို့များ တည်နေရာကူးပြောင်းပေးနိုင်ရလေသနည်း။

သူသာလျှင် မဟုတ်။ ရှုချန်ဖုန်းမှာလည်း ထိုကဲ့သို့ အတွေးဝင်နေမိလေသည်။ ထိုသို့သာ တကယ်ကြီးဖြစ်နေမည်ဆိုလျှင်တော့ ဤတိုက်ပွဲမှာ အကျိုးမရှိတော့ပေ။ ရန်ကိုင်မှာ တစ်နေရာမှတစ်နေရာသို့ တည်နေရာ ခုန်ကူးနိုင်သေးသည့်အတွက်ကြောင့် လုံးဝကို ပြိုင်ဘက်ကင်းနေပြီဟု ပြော၍ရသည်။ သူ့အနေဖြင့် ရှုံးနိမ့်သွားမည်ဆိုလျှင်ပင် ဤနေရာမှ ထွက်ပြေးသွားနိုင်ပေသည်။

သို့ပင်ဖြစ်လင့်ကစား ရန်ကိုင်မှာ ဘာကြောင့်များ ရှုံးနိမ့်ရပါမည်နည်း။ ရှုချန်ဖုန်းမှာ ကျောက်တုံးကိုယ်ပွားကို ကျော်၍ ဖုပို၏ အခြေအနေကို လှမ်းကြည့်လိုက်သည်။ လက်ရှိအချိန်တွင်တော့ ဖုပိုမှာ ဇောချွေးများပြန်နေလေ၏။ အကြောင်းမှာ တစ္ဆေဘုရင်အသွင်ကို ထုတ်သုံးပြီးသည့်တိုင် ဖုပိုမှာ ရန်ကိုင်၏ ဖိနှိပ်ခြင်းခံနေရသည့်အတွက်ကြောင့်ပင်။

တစ္ဆေဘုရင်မှာ အားကောင်းလှပါသော်ငြား ၎င်း၏ စွမ်းအားမှာ အကန့်အသတ်ရှိပေသည်။ ရန်ကိုင်၏ နဂါးတစ်ပိုင်းပုံစံသည် တစ္ဆေဘုရင်ထက် အဆပေါင်းများစွာ ပိုမိုအားကောင်းလေ၏။ ဖုပိုသည်ပင်လျှင် ရန်ကိုင်အား မနိုင်လေရာ သူသည်လည်း အနိုင်ယူနိုင်လိမ့်မည် မဟုတ်။

ရန်ကိုင်သည် ဖုပိုအား အနန္တဓားဖြင့် အဆက်မပြတ်ကို ခုတ်နေခဲ့သည်။ ရန်ကိုင်၏ တိုက်ခိုက်မှုများမှာ ဖုပိုအား ဒဏ်ရာမရစေပါသော်ငြား ဖုပိုအတွက်တော့ အဆက်မပြတ် ခုခံနေရသည်မှာ ရှက်စရာကောင်းနေပေသည်။

ထိုအခိုက်အတန့်တွင် ရန်ကိုင်သည် အနန္တဓားကို ဝှေ့ယမ်းနေရင်းမှ လှောင်ပြုံးပြုံးကာ ပြောလိုက်လေ၏။ "ဘာကြောင့်မှန်းတော့ မသိဘူး၊ မျိုးရိုးနာမည်ဖုနဲ့ လူတိုင်း ကျုပ်ရဲ့ရန်သူတွေ ဖြစ်လာတာချည်းပဲ၊ ပြီးတော့ သူတို့ရဲ့အဆုံးသတ်တွေကလည်း ဘယ်တော့မှ ကောင်းလေ့မရှိဘူး"

ရန်ကိုင်မှာ နဂါးကျွန်းပေါ်ရှိ နဂါးကလန်၏ ဖုကလန်ကို ရည်ညွှန်းနေခြင်းသာ ဖြစ်လေသည်။

တကယ့်တကယ်ဆိုလျှင် နဂါးကျွန်းပေါ်၌ ရန်ကိုင်ထက် ပို၍အားကောင်းသည့် နဂါးများ ရှိကြသည်။ ကံမကောင်းစွာဖြင့် နဂါးကလန်သားများသည် သွေးမျိုးဆက်ဖိနှိပ်ခြင်း၏ ဆိုးကျိုးကို အကြီးအကျယ် ခံစားကြရသည်။ ရန်ကိုင်မှာ ရွှေနဂါးအမြုတေကို ပိုင်ဆိုင်ထားသည့်အတွက်ကြောင့် နဂါးကလန်သားများနှင့် ရင်ဆိုင်ရာတွင် အထက်စီးမှ ရင်ဆိုင်နိုင်ပေသည်။ အကြီးအကဲချုပ်နှင့် ဒုတိယအကြီးအကဲသည်ပင်လျှင် ရန်ကိုင်အား သတ်နိုင်လိမ့်မည် မဟုတ်ပေ။ ထိုအကြောင်းကြောင့်သာလျှင် ရန်ကိုင်မှာ နဂါးကျွန်းဆီသို့ ထပ်သွားရဲခြင်း ဖြစ်လေသည်။ ထိုစွမ်းအားသာ မရှိပါက နဂါးကျွန်းဆီသို့ သွားခြင်းသည် ကိုယ့်သေတွင်းကိုယ်တူးခြင်းသာ ဖြစ်လေသည်။

"ဒီနေ့ ဒီဘုရင် ခင်ဗျားကိုသတ်ပြီးတော့ မရဏဂိုဏ်းတစ်ခုလုံးကို ဒီလောကကြီးကနေ အမြစ်ဖြုတ်ပစ်မယ်" ရန်ကိုင်သည် ဖုပိုအား အနန္တဓားဖြင့် အဆက်မပြတ် ခုတ်နေရင်းမှ အော်ပြောလိုက်သည်။

ထိုစကားကိုကြားသော် ဖုပို၏ မျက်လုံးများ ရဲတက်လာခဲ့ပြီး ပြန်အော်ပြောလေ၏။ "ကောင်လေး၊ မင်း တစ်စပြင်ကန္တာရကြယ်စီရင်စုကြီးထဲက ငါတို့ဂိုဏ်းကို ဖျက်ဆီးပြီးသွားပြီ၊ ဒီနေ့ မင်းသေရင်သေ၊ မသေရင် ငါသေရမဲ့နေ့ပဲကွ”

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၃၃၀၈)

ဘာသာပြန်သူ_တိမ်တိုက်

ယင်လဲ့ရှန်း ရန်ကိုင်၏ သတ်ဖြတ်ခြင်း ခံလိုက်ရပြီးသည့်နောက် ဖုပိုမှာ လွမ်ဖုန်းကို ကြောက်နေရသဖြင့် ရန်ကိုင်အား လက်စားပြန်မချေရဲခဲ့ပေ။ သို့သော်ငြား တစ်စပြင်ကန္တာရကြယ်စီရင်စုထဲရှိ မရဏဂိုဏ်း ဖျက်ဆီးခံလိုက်ရကြောင်း ကြားပြီးသွားသည့်နောက်တွင်တော့ သူ့ဒေါသကို မထိန်းနိုင်တော့ပေ။

ရန်ကိုင်က မျက်လုံးမှေးစင်းလျက်... "တစ်စပြင်ကန္တာရကြယ်စီရင်စုထဲမှာ ဖြစ်သွားတာတွေကို ခင်ဗျားသိတယ်ပေါ့"

ရုတ်တရက် ရန်ကိုင်မှာ တစ်ခုခုအား စဉ်းစားမိသွားခဲ့လေသည်။ [မရဏဂိုဏ်း ငါ့ကိုလာပြီးတော့ တိုက်ခိုက်ရဲတာ အဆန်းမဟုတ်တော့ပါဘူး၊ ဒါကြောင့်ဖြစ်နေတာကိုး]

မပြောသင့်သည့် စကားကို ပြောလိုက်မိမှန်း သိလိုက်သော် ဖုပိုမှာ သူ့ပါးစပ်ကို ချက်ချင်းပြန်ပိတ်ထားလိုက်လေသည်။ သို့ပင်ဖြစ်လင့်ကစား သူ၏ တစ္ဆေဘုရင်ပုံစံမှာတော့ ယခင်ကထက်ကို ပို၍ ခက်ထန်ကြမ်းကြုတ်လာတော့လေ၏။ အစောပိုင်းက ရန်ကိုင်၏ အဆက်မပြတ်ဖိနှိပ်ခြင်း ခံရသည့်အတွက်ကြောင့် တောက်လျှောက်ကို ရှက်ရွံ့နေခဲ့ရသည်။ သို့သော်ငြား မကြာမီမှာပင် ရန်ကိုင်၏ တိုက်ခိုက်မှုများမှာ လျှင်မြန်ပါသော်ငြား သူ့အား ထိခိုက်အောင် မလုပ်နိုင်ကြောင်းကို သဘောပေါက်သွားခဲ့သည်။ တစ္ဆေဘုရင်အသွင်မှာ အလွန်ကိုမှ မာကျောကြံ့ခိုင်လှပေသည်။ ဧကရာဇ်ဒုတိယအဆင့်သာ ရှိသေးသော လူတစ်ဦးသည် သူ့အား မည်ကဲ့သို့များ ထိခိုက်အောင် လုပ်နိုင်ပါမည်နည်း။ ထိုအတွေးနှင့် ရန်ကိုင် သူ၏ ပြိုင်ဘက် ဖြစ်နိုင်တော့လိမ့်မည် မဟုတ်ဟု ဖုပို ယုံကြည်သွားတော့သည်။

ရန်ကိုင် သူ့ဓားအား နောက်တစ်ကြိမ် မြှောက်နေသည်ကို မြင်သော် ဖုပိုသည် နှာခေါင်းရှုံ့၍ ရှောင်မနေတော့ပေ။ ထိုအစား သူ့လက်ကို ဆန့်ထုတ်၍ ရန်ကိုင်၏ ဓားသွားကို လှမ်းဖမ်းကိုင်လိုက်သည်။ ထို့နောက် သူ့လက်ကို ဆောင့်ဆွဲလိုက်ရာ ရန်ကိုင်မှာ ကြောင်အမ်းအမ်းနှင့် ဖုပိုဆီသို့ ပါသွားလေ၏။

"ခွေးကောင်လေး၊ သေလိုက်ပေတော့" ဖုပိုက ပြုံးဖြီး၍ ရန်ကိုင်၏ ခေါင်းတည့်တည့်သို့ သူ့လက်ကို ဆန့်ထုတ်လိုက်သည်။

ရန်ကိုင်အား အနိုင်ယူနိုင်တော့မည်ဟု သူ့စိတ်ထဲ ထင်နေစဉ်မှာပင် ဘာကြောင့်မှန်းမသိ အချက်ပေးခေါင်းလောင်းသံတို့ ခေါင်းထဲ ဆူဝေသွားခဲ့သည်။ ခေါင်းမော့၍ ကြည့်လိုက်ရာ ရန်ကိုင်မှာ ပျာယာခတ်နေရမည့်အစား အဓိပ္ပာယ်ပါပါပြုံးရင်းမှ သူတည့်တည့်သို့ သူ့လက်ကို ဆန့်ထုတ်လာနေကြောင်း ဖုပို မြင်တွေ့လိုက်ရသည်။

တစ်ချိန်တည်းတွင် ရန်ကိုင်၏ အရှိန်အဝါ အပြောင်းအလဲကြီး ပြောင်းလဲသွားနေသည်ကိုလည်း သတိထားမိလိုက်သည်။ ထိုမျှသာလျှင် မဟုတ်သေး ရန်ကိုင်၏ အရေပြားအထက်တွင်လည်း အကြေးခွံများ ပေါ်လာပေသေးသည်။ ထိုအကြေးခွံများမှာ မြွေအကြေးခွံများနှင့် တူပါသော်ငြား မြွေအကြေးခွံများထက် ပို၍ထူးခြားနေလေ၏။

ဖုပို စိတ်ထဲ မယုံသင်္ကာဖြစ်နေစဉ်မှာပင် သူ့လက်ဝါး နာကျင်သွားသည်ကို ခံစားမိလိုက်သည်။ ဖုပို ပျာယာခတ်သွားခဲ့ပြီး သူ့လက်ကို အလျင်အမြန် ပြန်ဆွဲယူရင်းမှ အနန္တဓားကို တွန်းဖယ်၍ နောက်သို့ ခုန်ဆုတ်သွားသည်။

ထို့နောက် ခေါင်းငုံ့၍ ကြည့်လိုက်ရာ သူ့လက်ဝါးအထက်တွင် သွေးများယိုစီးကျနေသော အပေါက်များ ရှိနေကြောင်းကို တွေ့လိုက်ရသည်။

[ငါ ဒဏ်ရာရသွားတာလား] ဖုပိုမှာ သူ့မျက်လုံးသူ မယုံကြည်နိုင်ဖြစ်နေလေသည်။ သူ၏ တစ္ဆေဘုရင်ပုံစံ မည်မျှအားကောင်းကြောင်းကို အခြားမည်သူထက်မဆို ဖုပို ပိုသိပေသည်။ ထိုသို့ဖြစ်လေရာ ဤတစ္ဆေဘုရင်ပုံစံမှာ မည်ကဲ့သို့များ ဒဏ်ရာရသွားရလေသနည်း။ ထိုအပြင် သူရသွားသည့် ဒဏ်ရာများမှာ ရန်ကိုင်လက်ချောင်းကြောင့် ရသွားခဲ့ရခြင်း ဖြစ်သည်။

[သူဘယ်လိုလုပ်လိုက်တာလဲ] ဖုပိုမှာ နားမလည်နိုင်ဟန်ဖြင့် ရန်ကိုင်အား လှမ်း၍ကြည့်လိုက်ရာ မြင်လိုက်ရသည့် မြင်ကွင်းကြောင့် မျက်လုံးများ မှေးစင်းသွားခဲ့လေသည်။ အကြောင်းမှာ ရန်ကိုင်၏ ပုံစံသည် အပြောင်းအလဲကြီး ပြောင်းလဲသွားသည့်အတွက်ကြောင့်ပင်။

လက်ရှိအခိုက်အတန့်၌ ရန်ကိုင်၏ နဖူးအထက် ဦးချိုနှစ်ချောင်း ထိုးထွက်နေခဲ့ပြီး ရွှေရောင်အကြေးခွံများမှာ သူ့တစ်ကိုယ်လုံးကို ဖုံးလွှမ်းနေခဲ့သည်။ ရန်ကိုင်၏ လက်နှစ်ဖက်မှာလည်း သူ၏ တစ္ဆေဘုရင်ပုံစံနှင့် ဆင်တူသော ထက်ရှသည့် လက်သည်းတစ်စုံအသွင်သို့ ပြောင်းလဲနေခဲ့လေသည်။

ဖုပို၏ အရှိန်အဝါမှာ မှုန်ထိုင်းထိုင်းဖြစ်နေစဉ် ရန်ကိုင်၏ အရှိန်အဝါမှာတော့ မြင့်မြတ်ပြီး ကြီးကျယ်ခမ်းနားလှသည်။ ထိုအရှိန်အဝါနှစ်ခုမှာ တစ်ခုနှင့်တစ်ခု လုံးဝကို ဆန့်ကျင်ဘက်ပင်။

ရန်ကိုင်၏ ပုံစံကို စစ်ဆေးကြည့်ပြီးသည့်နောက် ဖုပို ရင်တုန်သွားခဲ့သည်။ တစ်ချိန်တည်းတွင်လည်း ကြောက်မက်ဖွယ်ရာ အတွေးတစ်ခုကို စဉ်းစားမိသွားရင်းမှ ရန်ကိုင်အား လက်ညှိုးထိုး၍ အထစ်ထစ်အငေါ့ငေါ့ဖြင့်... "မင်း မင်း မင်း"

ရန်ကိုင်မှာ အနန္တဓားကို ပြန်သိမ်းထားခဲ့ပြီး သူ့နဂါးလက်သည်းပေါ်တွင် ကပ်ပေနေသော သွေးများကို ခါပစ်နေခဲ့သည်။ ထို့နောက် ဖုပိုကို ကြည့်၍... "တိုက်တိုက်ဆိုင်ဆိုင်ပဲ ကျုပ်လည်း အသွင်ပြောင်းနိုင်တယ်၊ ခင်ဗျားပြောင်းထားတဲ့အသွင်နဲ့ ကျုပ်ပြောင်းထားတဲ့အသွင် ဘယ်အသွင်က ပိုပြီးတော့ အားကောင်းလဲ ပြိုင်ကြမလား"

ဖုပိုမှာ သူ့အထင်နှင့် ပတ်သက်၍ မယုံကြည်နိုင် ဖြစ်နေခဲ့လေသည်။ သို့သော်ငြား သူ့အရှေ့တည့်တည့်ရှိ မြင်ကွင်းသည် သူ့အထင် မှန်ကန်နေကြောင်းကို မီးမောင်းထိုး သက်သေပြနေခဲ့သည်။

"သူ" အခြားတစ်ဖက်တွင် ရှိနေသော ချီကွေ့မှာလည်း လုံးဝကို တုန်လှုပ်နေခဲ့လေသည်။ ထျန်ရှန်း၊ ချန်းရှိုယင်နှင့် လန်ဟဲ့တို့မှာလည်း အလားတူ မှင်တက်နေကြသည်။ အခြေအနေမှာ ထိုကဲ့သို့ ရုတ်တရက်ကြီး ပြောင်းလဲသွားလိမ့်မည်ဟု သူတို့အားလုံး မထင်ထားကြပေ။

မူလကမူ ရန်ကိုင်မှာ ဖုပိုအား သူ၏ အမြန်နှုန်းကိုသုံး၍ ဖိနှိပ်ထားနိုင်ခဲ့ပါသော်ငြား သူ့အနေဖြင့် ထိုနည်းလမ်းကိုသုံး၍ အချိန်အကြာကြီး ဖိနှိပ်နိုင်လိမ့်မည်မဟုတ်မှန်း လူတိုင်း သိနေကြသည်။ ရန်ကိုင် မည်မျှမြန်မြန် တိုက်ခိုက်နေစေကာမူ ဖုပိုအား ထိခိုက်အောင် မလုပ်နိုင်လေရာ ထိုနည်းလမ်းအတိုင်းသာ ဆက်တိုက်ခိုက်နေမည်ဆိုလျှင် ဖုပို ဒဏ်ရာရမသွားဘဲ ရန်ကိုင်သည်သာ အားကုန်၍ ဒုက္ခရောက်သွားပေလိမ့်မည်။ ဖုပိုမှ ရန်ကိုင်အား တစ်ချက်လောက် တိုက်ခိုက်ရုံဖြင့်ပင်လျှင် ရန်ကိုင် ဆိုးဆိုးရွားရွား ဒဏ်ရာရသွားနိုင်၏။

သူတို့အားလုံး ထိုအခြေအနေနှင့် ပတ်သက်၍ စိတ်ပူနေစဉ်မှာပင် အခြေအနေမှာ မျက်တောင်တစ်ခတ်အတွင်း ဤကဲ့သို့ ပြောင်းလဲသွားခဲ့သည်။

"သူက နဂါးနွယ်ဖွားလား" ချီကွေ့မှာ ခေါင်းအစခြေအဆုံး အေးစက်စက် ဖြစ်သွားခဲ့သည်။ ရန်ကိုင်သည် နဂါးနွယ်ဖွားတစ်ဦး ဖြစ်နေလိမ့်မည်ဟု မထင်ထားခဲ့ပေ။ တစ်နည်းဆိုရသော် ရန်ကိုင်မှာ နဂါးတစ်ပိုင်းဖြစ်ကာ နဂါးတစ်ကောင်၏ မျိုးဆက်လည်းဖြစ်၏။ ထိုသွေးမျိုးဆက်သည် အလွန်ကိုမှ အားကောင်းလှသည့် သွေးမျိုးဆက်တစ်ခုလည်း ဖြစ်ပေသည်။ နဂါးသွေးကြောကို ပိုင်ဆိုင်ထားသည့် မည်သူမဆို အခြားသူများထက် သာလွန်သည့် အနာဂတ်ကို ပိုင်ဆိုင်နိုင်ကြပေသည်။ ထိုအပြင် ရန်ကိုင်သည် လေဟာနယ်တာအိုကို ကျွမ်းကျင်ထားသလို တောင်နှင့်မြစ်ခေါင်းလောင်းကိုလည်း ပိုင်ဆိုင်ထားပေသေးသည်။ ဤသည်မှာ လူတိုင်းမျှော်လင့်နေသည့် တစ်သက်မှသာလျှင် တစ်ခါကြုံနိုင်လောက်မည့် အခွင့်အရေးမျိုး ဖြစ်ပါသော်ငြား ရန်ကိုင်ကမူ ထိုအခွင့်အရေး သုံးခုစလုံးကို တစ်ယောက်တည်း အပိုင်ရထားခဲ့သည်။

ချီကွေ့ကဲ့သို့သော လူမျိုးသည်ပင်လျှင် ရန်ကိုင်အပေါ် မနာလိုဖြစ်မိသွားခဲ့သည်။ ကောင်းကင်မှာ သက်ရှိများအပေါ် ဘာကြောင့်များ မမျှတရလေသလဲဟုလည်း သူ့စိတ်ထဲ အပြစ်တင်နေမိလေသည်။ ထို့နောက် အစောပိုင်းက ရန်ကိုင်အား မဆင်မခြင် သွားစိန်ခေါ်မိခဲ့သည်ကို စဉ်းစားမိလိုက်သော် ချွေးစေးပြန်သွားတော့လေ၏။

ရန်ကိုင် ထုတ်ပြသွားသည့် ခွန်အားအရ ရန်ကိုင်သည်သာ သူ့အား သတ်ချင်လျှင် တစ်ချက်တည်းနှင့် တန်းသတ်နိုင်ပေသည်။

"ငါလခွမ်း" ဖုပိုလည်း ခါးသက်သက်အမူအရာဖြင့် ကြိတ်ကာ ကျိန်ဆဲနေခဲ့သည်။ ရန်ကိုင်ကို ကျိန်ဆဲနေခြင်းတော့ မဟုတ်။ ရန်ကိုင်အား လာရောက်ရန်စခိုင်းသည့် လူကို ကျိန်ဆဲနေခြင်းသာ ဖြစ်ပေသည်။ ထိုလူမှာ ရန်ကိုင်သည် နဂါးနွယ်ဖွားဖြစ်သည်ဟူသော အချက်ကို မပြောပြခဲ့ပေ။ ထိုအချက်ကိုသာ ကြိုသိထားမည်ဆိုလျှင် ဖုပိုမှာ ရန်ကိုင်အား လာရောက်တိုက်ခိုက်ရဲခဲ့လိမ့်မည် မဟုတ်ပေ။

ရန်ကိုင် နဂါးသွေးမျိုးဆက်အား ပိုင်ဆိုင်ထားသည်မှာ မည်မျှကြာနေပြီဖြစ်သလဲဆိုသည်ကို ဖုပို မသိသည့်တိုင် ယခုကိစ္စတွင် နဂါးကလန်မှာ ပါဝင်ပတ်သက်နေသည် ဖြစ်သည့်အတွက်ကြောင့် ဖုပိုမှာ ရန်ကိုင်အား ရန်စချင်တိုင်း ရန်မစရဲတော့ပေ။ ယခုကိစ္စတွင် နဂါးကလန် ပါဝင်လာမလားဆိုသည်ကို မည်သူမျှ မပြောနိုင်ကြ။ နဂါးကလန်သာ ပါဝင်လာခဲ့မည်ဆိုလျှင်တော့ မရဏဂိုဏ်း ဆယ်ဂိုဏ်းရှိမည်ဆိုလျှင်ပင် ဆယ်ဂိုဏ်းစလုံး အမြစ်ပြတ်ရှင်းလင်းခံရပေလိမ့်မည်။

ထိုအခါမှသာလျှင် ထိုအခိုက်အတန့်တွင် သူ့အား ရန်ကိုင်ကို လာရောက်တိုက်ခိုက်ခိုင်းခဲ့သော လူသည် ရန်ကိုင်၏ ခွန်အားနှင့် နောက်ခံကိုလည်း သိထားရပေလိမ့်မည်။ အကြောင်းမှာ သူတို့သည် တစ်စပြင်ကန္တာရကြယ်စီရင်စုထဲ၌ ရန်ကိုင်နှင့် တိုက်ခိုက်ခဲ့ဖူးသည်ဟု ပြောခဲ့သည့်အတွက်ကြောင့်ပင်။ ထိုသို့သာမဟုတ်ပါက သူ့အား ဗြဟ္မာကုန်းမြေမှ လူများနှင့် ရန်ကိုင်အား တိုက်ခိုက်ခိုင်းခဲ့လိမ့်မည် မဟုတ်ပေ။

ယခု သေချာပြန်စဉ်းစားကြည့်လိုက်သည့်နောက် သူတို့အားလုံး အရူးလုပ်ခံလိုက်ရခြင်းဖြစ်ကြောင်း သဘောပေါက်သွားခဲ့သည်။ ယခုကဲ့သို့ လူအင်အားအကုန်သုံးကာ တိုက်ခိုက်ခြင်းသည် အင်အားစုနှစ်ခုစလုံးအား ထိခိုက်သွားပေနိုင်သည်။ သူ၏ ဝှက်ဖဲသည်ပင်လျှင် လက်ရှိအခြေအနေမှ သူ့အား မကယ်တင်ပေးနိုင်တော့ပေ။

တစ္ဆေဘုရင်အသွင်သည် အလွန်ကိုမှ အားကောင်းလှလိမ့်မည်ဖြစ်ပါသော်ငြား အရာရာမှာ အကန့်အသတ်နှင့် ရှိပေသည်။ နဂါးနွယ်ဖွားတစ်ကောင်နှင့် ရင်ဆိုင်ရသော် သူ၏ တစ္ဆေဘုရင်အသွင်မှာလည်း ဘာမျှမတတ်နိုင်တော့ပေ။

ဆယ်မီတာခန့် အမြင့်ရှိသော နဂါးတစ်ပိုင်းအသွင်သည် မသန့်စင်သည့် သွေးမျိုးဆက်ကို ပိုင်ဆိုင်ထားသော နဂါးနွယ်ဖွားအတွက် အံ့ဩဖွယ်ရာ သွေးမျိုးဆက်နိုးထခြင်း ဖြစ်ပေသည်။

လက်ရှိအခိုက်အတန့်၌ ဖုပိုမှာ ချက်ချင်းလှည့်ပြေးချင်စိတ်များပင် ဖြစ်ပေါ်နေခဲ့သည်။ ရန်ကိုင်သည်သာ မီတာသုံးရာခန့် အမြင့်ရှိသော နဂါးတစ်ပိုင်းအသွင်သို့ ပြောင်းနိုင်သည့် အကြောင်းကိုသာ သိသွားခဲ့မည်ဆိုလျှင် သူမည်သို့များ နေပါဦးမည်နည်း။

ဖုပို ငေးကြောင်ကြောင်ဖြစ်နေစဉ်မှာပင် ရန်ကိုင်မှာမူ စတင်လှုပ်ရှားနေခဲ့လေပြီ။ ရန်ကိုင် မည်ကဲ့သို့လှုပ်ရှားလို့ လှုပ်ရှားလိုက်မှန်းမသိ။ သူ့ဆီသို့ လေပြင်းများ တဟူးဟူးတိုက်ခတ်လာသည်ကိုသာ ဖုပို ခံစားမိလိုက်သည်။ ထို့နောက် ခေါင်းမော့ကြည့်လိုက်ရာ ရန်ကိုင်မှာ သူ့လက်တည့်တည့်သို့ နဂါးလက်သည်းဖြင့် ထိုးစိုက်လာကြောင်းကို တွေ့လိုက်ရ၏။

ဖုပိုမှာ ပျာယာခတ်သွားခဲ့ပြီး သူ့လက်ဖြင့် ရန်ကိုင်၏ နဂါးလက်သည်းကို ကောက်ကာလိုက်သည်။ လက်သည်းချင်း ထိသွားသည့်အခိုက် ဖုပို နာကျင်စွာ ထအော်လေ၏။ သူ့လက်ပေါ်တွင်လည်း သွေးသံတရဲရဲ အပေါက်အသွင်များ ထပ်မံဖြစ်ပေါ်လာခဲ့သည်။

သို့ပင်ဖြစ်လင့်ကစား ရန်ကိုင်မှာ ထိုမျှနှင့် မပြီးသေး။ ဖုပိုကို ဆွဲကုတ်လိုက် ကန်ကျောက်လိုက်စသဖြင့် တိုက်ကွက်မျိုးစုံကို သုံး၍ တိုက်ခိုက်တော့လေသည်။ ဧကရာဇ်အဆင့်ပညာရှင်များ ဖြစ်နေလင့်ကစား ရန်ကိုင်တို့မှာ သမာရိုးကျ ဧကရာဇ်အဆင့်ပညာရှင်များကဲ့သို့ တိုက်ခိုက်ခြင်းမရှိဘဲ ရုပ်ခွန်အားကို သုံး၍သာ တိုက်ခိုက်နေကြလေသည်။

ဖုပိုမှာတော့ နာကျင်စွာအော်ဟစ်ရင်းမှ ရန်ကိုင်၏ တိုက်ကွက်များကို အလူးအလဲ ခုခံနေခဲ့ရသည်။

ဘုန်း၊ ဘုန်း၊ ဘုန်း။

တဘုန်းဘုန်းမြည်သံများနှင့်အတူ ဧရာမ မွန်းစတားကောင်ကြီးနှစ်ကောင်သည် မြေပြင်အထက် လုံးထွေးသတ်ပုတ်နေခဲ့လေသည်။ သူတို့၏ လှုပ်ရှားမှုများမှာ အလွန်ကိုမှ မြန်ဆန်လှသည့်အတွက်ကြောင့် အခြားသူများမှာ ဘာကိုမျှ သေသေချာချာ မမြင်နိုင် ဖြစ်နေကြသည်။ သတ်ပုတ်နေဆဲအတောအတွင်း သွေးများမှာလည်း အဆက်မပြတ်ကို စီးကျနေခဲ့လေ၏။

တစ်ခဏအကြာ၌ မွန်းစတားကောင်ကြီးနှစ်ကောင်စလုံး လူချင်းခွဲလိုက်ကြသည်။

ရန်ကိုင်၏ နဂါးတစ်ပိုင်းအသွင်မှာ မူလပုံစံအတိုင်း အေးအေးဆေးဆေး အကောင်းအတိုင်းသာ ရှိနေပေသေးသည်။ သို့သော်ငြား သူနှင့် မီတာပေါင်းများစွာခန့်အကွာတွင် ရပ်နေသည့် တစ္ဆေဘုရင်မှာတော့ အမောတကော အသက်ရှူရင်း တစ်ကိုယ်လုံး သွေးချင်းနီနေခဲ့သည်။ မီတာသုံးဆယ်ခန့် အမြင့်ရှိသော တစ္ဆေဘုရင်၏ တစ်ကိုယ်လုံးမှာ သွေးများဖြင့် စိုရွှဲနေလေ၏။ ၎င်း၏ ချောက်ချားဖွယ်ရာကောင်းသည့် မျက်နှာနှင့်ပါ ပေါင်းလိုက်သော် တစ္ဆေဘုရင်ပုံစံမှာ အတော်လေးကိုမှ ကြောက်မက်ဖွယ်ရာ ကောင်းသွားတော့သည်။ ထိုအပြင် ဖုပို၏ ညာဘက်လက်မောင်းမှာလည်း အရိုးများ ကျိုးထားသည့်အလား ပျော့ခွေကျနေခဲ့လေသည်။

တစ္ဆေဘုရင်မှာ အလွန်တရာကိုမှ မာကျောလှသည့် အရေပြားနှင့် ကြံ့ခိုင်လှသော ကြွက်သားများကို ပိုင်ဆိုင်ထားပေသည်။ သူတို့သည်သာ ယခုကဲ့သို့ မျက်မြင်ကိုယ်တွေ့မကြုံရလျှင် တစ္ဆေဘုရင် ယခုကဲ့သို့သော အဖြစ်မျိုးနှင့်ကြုံရသည်ကို ယုံနိုင်ကြလိမ့်မည် မဟုတ်ပေ။

သို့သော်ငြား တစ္ဆေဘုရင်အား ယခုကဲ့သို့ ဖြစ်သွားအောင်လုပ်သည်မှာ နဂါးတစ်ပိုင်းဖြစ်နေလေရာ ထိုကိစ္စနှင့်ပတ်သက်၍ မည်သူမျှ ဘာမျှမပြောနိုင်ကြပေ။

"အကြီးအကဲချီက တကယ်ကို အမြင်စူးရှတာပဲ၊ ဒီထျန်သခင် အထင်ကြီးသွားပြီ" ထျန်ရှန်း သက်ပြင်းချလိုက်လေသည်။ ရန်ကိုင် အသက်ရှင်လိမ့်မည်ဟု ချီကွေ့ ပြောစဉ်က ထျန်ရှန်းမှာ မယုံခဲ့ပေ။ တကယ်တော့ ရန်ကိုင်အား တိုက်ခိုက်နေကြသည့် လူများမှာ ထိပ်တန်းဂိုဏ်းနှစ်ဂိုဏ်းမှ ပညာရှင်အားလုံးပင် မဟုတ်ကြလေလော။ သာမန် ဧကရာဇ်တတိယအဆင့်ပညာရှင်တစ်ဦးသည်ပင်လျှင် ဤလူအုပ်ကြီးလက်မှ လွတ်မြောက်နိုင်လိမ့်မည် မဟုတ်လေရာ ဧကရာဇ်ဒုတိယအဆင့်သာ ရှိသေးသော ရန်ကိုင်သာဆိုလျှင်တော့ ပြောနေစရာပင် မလိုတော့ချေ။

သို့သော်ငြား တိုက်ပွဲရလဒ်ကို မည်သည့်ဘက်တွင် လူပိုများလဲဟူသော အချက်မှ ဆုံးဖြတ်ပေးသွားခြင်း မဟုတ်။ ရန်ကိုင်၏ မယုံကြည်နိုင်စရာ စွမ်းရည်များနှင့် နည်းလမ်းများသည် သူ့အား ဝန်းရံထားသော ဧကရာဇ်အဆင့်ပညာရှင် တစ်ဝက်ခန့်လောက်ကို သတ်ပစ်သွားခဲ့သည်။ လက်ကျန် ဧကရာဇ်အဆင့်ပညာရှင်များမှာလည်း ရန်ကိုင်အား ထိပ်တိုက်မရင်ဆိုင်ရဲကြတော့ဘဲ ထွက်ပြေးကုန်ကြပေသည်။

ရှုချန်ဖုန်း၏ အလစ်ချောင်းတိုက်ခိုက်မှုမှာ အမှန်တကယ်ကိုမှ ကောင်းမွန်လှပါသော်ငြား ရှီဟွော့ကြောင့် သူ့အစီအစဉ် ပျက်စီးသွားခဲ့ရသည်။ ရန်ကိုင်၏ နဂါးတစ်ပိုင်းအသွင်မှာလည်း ဖုပို၏ တစ္ဆေဘုရင်အသွင်ကို အလွယ်တကူ ဖိနှိပ်ထားနိုင်ခဲ့လေသည်။

ဖုပိုအနေဖြင့် ဤတိုက်ပွဲအား နိုင်စရာအကြောင်းမရှိ။ ဤနေရာမှ အသက်ရှင်လျက် ထွက်သွားနိုင်မလားဆိုသည်မှာပင် မေးခွန်းထုတ်စရာ ဖြစ်လာလေပြီ။ ထိုသို့ဖြစ်လေရာ ရှုချန်ဖုန်းကရော မည်သို့များ ဖြစ်နေပြီနည်း။

ထျန်ရှန်းမှာ ရှုချန်ဖုန်းဘက်သို့ လှမ်း၍ကြည့်လိုက်ရာ မြင်လိုက်ရသည့် မြင်ကွင်းကြောင့် ကြောင်သွားခဲ့သည်။ အကြောင်းမှာ ရှုချန်ဖုန်းမှာလည်း ဖုပိုကဲ့သို့ပင် ကျဉ်းထဲကျပ်ထဲ အခြေအနေသို့ ရောက်နေသည့်အတွက်ကြောင့်ပင်။ ဧကရာဇ်တတိယအဆင့်ပညာရှင်တစ်ဦး ဖြစ်သည့်အလျောက် ရှုချန်ဖုန်းမှာ အားကောင်းလှပါသော်ငြား သူ့ခွန်အားသည် နတ်သားရဲ ရှီဟွော့အား ယှဉ်နိုင်သည့် အဆင့်တွင်တော့ ရှိမနေခဲ့ပေ။ မီးလောင်နေသည့် ကျောက်တုံးလူသားသည် လွန်ခဲ့သော နှစ်ပေါင်းများစွာက လိပ်နက်ဂိုဏ်းအား ဖျက်ဆီးသွားခဲ့သော ကြောက်မက်ဖွယ်ရာ နတ်သားရဲ ဖြစ်ပေသည်။ ထိုကဲ့သို့သော ရန်သူမျိုးနှင့် ရင်ဆိုင်နေရသော် ရှုချန်ဖုန်းမှာ လုံးဝကို ကံဆိုးသွားပြီဟု ပြော၍ရသည်။ တိုက်ပွဲစသည့်အချိန်မှစ၍ ရှုချန်ဖုန်းမှာ တောက်လျှောက်ကို ခုခံနေခဲ့ရပြီး တစ်ချက်ကလေးပင် ပြန်မတိုက်နိုင်ခဲ့ပေ။ ခုခံရာတွင်သာ အပြည့်အဝ အာရုံစိုက်ထားသည့်တိုင် ရှုချန်ဖုန်းမှာ အန္တရာယ်များသည့် အခြေအနေထဲသို့ ရောက်နေခဲ့သည်။ သူ၏ စုတ်ပျက်နေသော ပုံစံမှာ အစောပိုင်းက ကျော့ရှင်းသပ်ရပ်လှသည့် မူလပုံစံနှင့် လုံးဝကို ကွဲပြားခြားနားနေခဲ့လေသည်။ ဆံပင်တစ်ခုလုံးမှာလည်း ဖွာကြဲလန်နေခဲ့လေရာ တော်ဝင်သခင်နှင့်ပင် မတူတော့ဘဲ သူတောင်းစားတစ်ဦးနှင့်ပင် တူနေတော့သည်။ ဤပုံစံအတိုင်းသာ ဆက်သွားမည်ဆိုလျှင် ရှုချန်ဖုန်းအနေဖြင့် အနှေးနှင့်အမြန်ဆိုသလို အသတ်ခံရပေလိမ့်မည်။

ထိုမြင်ကွင်းကို ကြည့်ရင်း ထျန်ရှန်းမှာ ထူးခြားသည့် ခံစားချက်တစ်မျိုးကို ရနေခဲ့လေသည်။ တိုက်ပွဲမစခင်က ရန်ကိုင် ဒုက္ခရောက်လိမ့်မည်ဟု ထင်ထားခဲ့ပါသော်ငြား အမျိုးမျိုးသော အဖြစ်အပျက်များသည် သူ့အား လုံးဝကို မှင်တက်သွားစေခဲ့သည်။

ယခုဆိုလျှင် ယနေ့သေရမည့် လူသည် ရန်ကိုင် မဟုတ်တော့ဘဲ ဖုပိုနှင့် ရှုချန်ဖုန်းဖြစ်သည်ဟုသာ ပြောရပေတော့မည်။ ထိုအခိုက်အတန့်တွင် လန်ဟဲ့ မေးခဲ့သည့် မေးခွန်းကို ထျန်ရှန်း ပြန်သတိရသွားခဲ့သည်။ ရန်ကိုင် ယနေ့အသက်ရှင်လျက် လွတ်မြောက်နိုင်ခဲ့လျှင် သူ့ဆုံးဖြတ်ချက်နှင့် ပတ်သက်၍ နောင်တရမည်လားဟူသည့် မေးခွန်းပင်။

သူ နောင်တရမည်လား။ ကျိန်းသေကို နောင်တရပေလိမ့်မည်။ ယခုမူ ထျန်ရှန်း၏ စိတ်ထဲ ခါးသက်သက် ခံစားနေခဲ့ရလေပြီ။ ယခုကဲ့သို့ဖြစ်မည်မှန်းသာ ကြိုသိခဲ့လျှင် ရန်ကိုင်နှင့် ကျိန်းသေ ဆက်ဆံရေးကောင်းတစ်ခု ထူထောင်ခဲ့ပေသည်။

All Chapters