← Chapters

အခန်း (၃၃၀၉-၃၃၁၂)

Vol. 145 Ch. 3309-3312

အခန်း (၃၃၀၉-၃၃၁၂)

Vol. 145 Ch. 3309-3312

အပိုင်း (၃၃၀၉)

ဘာသာပြန်သူ_တိမ်တိုက်

အခွင့်အရေးမှာ သူ့လက်ထဲမှ လွတ်ထွက်သွားပြီ ဖြစ်သည့်အတွက်ကြောင့် ယခုမှငိုနေ၍လည်း ထူးတော့လိမ့်မည်မဟုတ်မှန်းကို ထျန်ရှန်း သိနေသည်။ စိတ်ဝိဉာဉ်သားရဲကျွန်း၏ ယုံကြည်ခြင်းတံဆိပ်ပြားမှာ လုပ်ကြံဖန်တီးထားသည့် ဇာတ်လမ်းတစ်ပုဒ်ဖြစ်သည်ဟု ရန်ကိုင်အား ပြောပြထားပြီးသားပင်။ ယခုနေမှ ထိုဇာတ်လမ်းမှာ အမှန်ဖြစ်သည်ဟု သွားပြန်ပြောနေလျှင် ရန်ကိုင်၏မျက်နှာကို ဖြတ်ရိုက်လိုက်သလို ဖြစ်နေပေလိမ့်မည်။ ထျန်ရှန်းမှာ ထိုကဲ့သို့လုပ်ရလောက်သည်အထိ အရှက်မမဲ့သေးပေ။

သို့ပင်ဖြစ်လင့်ကစား ချီကွေ့၏ အာရုံခံစားနိုင်စွမ်းကိုမူ အထင်ကြီးမိပေသည်။ ကျင့်ကြံခြင်းအရ ယှဉ်လိုက်မည်ဆိုလျှင် ဧကရာဇ်ပထမအဆင့်သာဖြစ်ပြီး ထျန်ရှန်းမှာတော့ ဧကရာဇ်ဒုတိယအဆင့်ဖြစ်သည်။ အတွေ့အကြုံအရဆိုလျှင်လည်း တက်သစ်စကြယ်ပွင့်ဖြစ်သော ချီကွေ့ထက် ထျန်ရှန်းသည် ပို၍အတွေ့အကြုံရင့်ပေသည်။

သို့သော်ငြား တိုက်ပွဲမစခင် ချီကွေ့မှာ ရန်ကိုင်အသက်ရှင်လိမ့်မည်ဟု ပြောခဲ့သည်။ ထိုအချက်ကို ကြည့်ရုံဖြင့်ပင်လျှင် သူ၏အာရုံခံစားနိုင်စွမ်းမှာ ထျန်ရှန်းထက် ပိုမိုစူးရှကြောင်းကို မြင်တွေ့နိုင်၏။

ချီကွေ့က ပြန်၍ပြောလိုက်သည်။ “အခုက ကောက်ချက်ချဖို့ စောလွန်းသေးတယ်…” သူ့ခန့်မှန်းချက်မှန်ကန်သွားသည့်အတွက်ကြောင့် ဝမ်းသာနေမည့်အစား ချီကွေ့မှာတော့ ဘေးပတ်ဝန်းကျင်ကိုသာ တစ်ခုခုအား လိုက်ရှာနေသည့်ပုံစံမျိုးဖြင့် လှည့်ပတ်ကြည့်နေလေသည်။

ထိုစကားကိုကြားသော် ထျန်ရှန်း မျက်မှောင်ကျုံ့သွားခဲ့သည်။ ချီကွေ့ ဘာကိုပြောချင်လို့ ပြောချင်မှန်း သူနားမလည်ပေ။ မျက်စိမကန်းသည့်မည်သူမဆို ယခုတိုက်ပွဲတွင် ရန်ကိုင်နိုင်သွားပြီမှန်း ပြောနိုင်ကြပေလိမ့်မည်။ ဖုပိုနှင့် ရှုချန်ဖုန်းတို့မှာ အသက်ရှင်လျက် လွတ်မြောက်သွားလျှင်ပင် ကံကောင်းလွန်းနေပြီဟု ပြော၍ရပေရာ ဤတိုက်ပွဲအခြေအနေမှာ မည်ကဲ့သို့များ ပြောင်းလဲနိုင်ပါဦးမည်နည်း။

ထျန်ရှန်းသည် အသက်ရှင်ကျန်ရစ်နေသော ဧကရာဇ်အဆင့်ပညာရှင်များအား လှမ်း၍ကြည့်လိုက်ပြီး ခေါင်းခါလိုက်သည်။ ထိုလူများသည် သူတို့၏ဂိုဏ်းချုပ်နှင့် တော်ဝင်သခင်ကိုပင်လျှင် သွားမကူညီရဲကြပေ။ ရန်ကိုင်နှင့် ရှီဟွော့သည်သာ ဖုပိုနှင့် ရှုချန်ဖုန်းတို့အား ရှင်းပစ်လိုက်မည်ဆိုလျှင် ထိုလူများ ချက်ချင်းထွက်ပြေးသွားကြပေလိမ့်မည်။

(ချီကွေ့ ဘာကိုပြောချင်တာလဲ…) ထျန်ရှန်းမှာတော့ ဇဝေဇဝါဖြစ်နေသည်။

သူတို့စကားပြောနေစဉ် တိုက်ပွဲဖြစ်နေသည့်နေရာ၌ ပြောင်းလဲမှုတစ်ခု ဖြစ်ပေါ်လာခဲ့သည်။ ရန်ကိုင်သည် သတ်ဖြတ်လိုစိတ်အပြည့်ဖြင့် တောင်နဲ့မြစ်ခေါင်းလောင်းကို လက်ညှိုးထိုးကာ ညွှန်လိုက်လေရာ တောင်နဲ့မြစ်ခေါင်းလောင်းမှာ အလင်းတန်းတစ်ခုအသွင်သို့ ပြောင်းလဲသွားခဲ့ပြီး ဖုပိုအား ဖုံးအုပ်ရန် ကြိုးစားတော့သည်။

လောကတစ်ခုလုံးအား ဖိနှိပ်ပစ်နိုင်သည့်ဖိအားတစ်ရပ် ဖြာထွက်လာခဲ့လေသည်။

ရန်ကိုင်သည် ဖုပိုအား အေးစက်စက်အမူအယာဖြင့် စိုက်ကြည့်ရင်းမှ ပြန်ပြောလိုက်သည်။ “ဖုပို… ခင်ဗျားက ဒီလောက်အသေခံချင်နေမှတော့ ကျုပ်လည်း ခင်ဗျားခေါင်းကိုဖြတ်ပြီးတော့ မရဏကမ္ဘာဆီ ပို့ပေးရသေးတာပေါ့…”

ဖုပိုမှာတော့ တစ္ဆေဘုရင်ပုံစံဖြင့် တောင်နဲ့မြစ်ခေါင်းလောင်း၏ဖိအားကို ရှောင်တိမ်းရန် ကြိုးစားလိုက်သည်။ သို့သော်ငြား သူ မည်သို့ပင် လှုပ်ရှားရန် ကြိုးစားနေစေကာမူ တောင်နဲ့မြစ်ခေါင်းလောင်းအား လုံးဝရှောင်တိမ်းနိုင်ခဲ့ခြင်းမရှိသလို တားဆီးနိုင်ခဲ့ခြင်းလည်း မရှိပေ။ ဤရှေးဟောင်းမှော်ရတနာကြီးသည် သူ့နောက်သို့ ထပ်ကြပ်မကွာကို လိုက်နေခဲ့လေသည်။ ဖုပို မည်သည့်နေရာသို့ ထွက်ပြေးနေစေကာမူ မလွတ်မြောက်နိုင်ခဲ့။

(ငါသေတော့မယ်… ဒီတိုင်းဆို ငါသေတော့မယ်…)

ဖုပိုသည်သာ အကောင်းအတိုင်းရှိနေဦးမည်ဆိုလျှင်တော့ လွတ်မြောက်နိုင်ချေ ရှိပေသေးသည်။ သို့သော်ငြား ရန်ကိုင်နှင့် တိုက်ခိုက်ပြီးသည့်နောက် သူ့တစ်ကိုယ်လုံးမှာ သွေးချင်းနီနေခဲ့ပြီး ခေါင်းလောင်း၏ဖိအားကို ခုခံဖို့ရာ ခွန်အားမကျန်တော့ပေ။ တဖြည်းဖြည်း ဖိချလာနေသော ခေါင်းလောင်း၏ဖိအားအောက်ဝယ် သူ့အရိုးများပင်လျှင် တဂျွတ်ဂျွတ်မြည်လာသည်ကို ဖုပို အတိုင်းသားခံစားမိနေသည်။

“ရောင်းရင်းဝူ… ကျုပ်ကိုကယ်ပါဦး…” ဆက်၍တောင့်မခံနိုင်တော့သည့်အဆုံးတွင် ဖုပိုက ထအော်လေသည်။

ယခင်ကတည်းက စိတ်ပိုင်းဆိုင်ရာကြိုတင်ပြင်ဆင်ထားသော ရန်ကိုင်မှလွဲ၍ အခြားသူများမှာတော့ လုံးဝကို ဇဝေဇဝါဖြစ်သွားကြလေသည်။

ဖုပိုမှ ထိုကဲ့သို့ အော်ပြောပြီးပြီးချင်းမှာပင် လူစိမ်းတစ်ဦး ရုတ်တရက်ပေါ်လာပြီး ရန်ကိုင်အား လက်သီးဖြင့် ထိုးချလိုက်သည်။ ထိုအခိုက်အတန့်မှာပင် လောကနိယာမများ မငြိမ်မသက်ဖြစ်လာပြီး ကောင်းကင်နှင့်မြေပြင်တစ်ခွင်လုံးမှာလည်း တသိမ့်သိမ့်တုန်ခါလာခဲ့သည်။ ကောင်းကင်တစ်ခွင်လုံးကို လွှမ်းခြုံလုမတတ် ကြီးမားလွန်းလှသော လက်သီးကြီးတစ်လုံးသည်လည်း ရန်ကိုင်မျက်လုံးရှေ့တည့်တည့်၌ ပေါ်လာခဲ့လေ၏။

ထိုရုတ်တရက်အဖြစ်အပျက်သည် ထျန်ရှန်းနှင့် အခြားသူများကို ထိတ်လန့်တုန်လှုပ်သွားစေခဲ့လေသည်။

“ဒီတော့ သူတို့မှာ တကယ်ကြီး ဝှက်ဖဲတစ်ခု ရှိနေသေးတာပေါ့…” ချီကွေ့က အံကြိတ်၍ ပြောလိုက်သည်။ ထိပ်တန်းဂိုဏ်းနှစ်ဂိုဏ်းမှလူများနှင့်အတူ လိုက်လာစဉ် ထိုလူများဘက်၌ရှိနေသော လူအကုန်မဟုတ်သေးဟု ချီကွေ့ ခံစားနေခဲ့ရလေသည်။ ထိုလူများသည် တစ်ခုခုအား ဖုံးကွယ်ထားခဲ့သည်။ သို့သော်ငြား သူ့ကျင့်ကြံခြင်း နိမ့်နေသည့်အတွက်ကြောင့် သေချာအာရုံခံနိုင်ခဲ့ခြင်းမရှိဘဲ ဝိုးတိုးဝါးတားသာ ခံစားမိခဲ့ရသည်။

သူ့ရှေ့ရှိမြင်ကွင်းကို မြင်လိုက်ရပြီးသည့်နောက်တွင် သူ့မသိစိတ်ခံစားချက်မှာ မှန်ကန်နေကြောင်းကို ချီကွေ့ သဘောပေါက်သွားခဲ့သည်။ အင်အားစုနှစ်ခုမှ လွှတ်လိုက်သည့်လူများမှာ အကုန်မဟုတ်သေးဘဲ ပုန်းအောင်းနေသည့်ပညာရှင်တစ်ဦး ကျန်ရှိနေပေသေးသည်။

ထိုလူ၏တိုက်ကွက်ကို ကြည့်ကြည့်ရသလောက် ထိုလူသည်လည်း ဧကရာဇ်တတိယအဆင့်ပညာရှင်တစ်ဦး ဖြစ်ပေသည်။ သို့သော်ငြား ဖုပိုနှင့် ရှုချန်ဖုန်းတို့ကဲ့သို့ မဟုတ်ဘဲ သူတို့နှစ်ဦးထက်ပင် ပို၍အားကောင်းသည့်ပညာရှင်တစ်ဦး ဖြစ်သည်။ ထိုသို့သာမဟုတ်ပါက ဖုပိုနှင့်ရှုချန်ဖုန်းတို့၏ ဝှက်ဖဲတစ်ခု ဖြစ်နေလိမ့်မည်မဟုတ်ပေ။

ထိုမမျှော်လင့်ထားသည့်လက်သီးသည် ရန်ကိုင်မှ ဖုပိုအား လိုက်ဖမ်းနေစဉ် ဗြုန်းစားကြီး ပေါ်လာခဲ့ခြင်း ဖြစ်လေသည်။

လန်ဟဲ၏မျက်နှာလေး သွေးဆုတ်ဖြူလျော်သွားခဲ့သလို ချီကွေ့မှာလည်း ရင်တဒုန်းဒုန်းခုန်သွားခဲ့သည်။

နဂါးတစ်ပိုင်းအသွင်မှာ အားကောင်းလှပါသော်ငြား အမှောင်ထဲတွင် အချိန်အတန်ကြာအောင် ပုန်းအောင်း၍ အခြေအနေကို စောင့်ကြည့်နေသော ဧကရာဇ်တတိယအဆင့်ပညာရှင်တစ်ဦး၏ အလစ်ချောင်းတိုက်ခိုက်မှုမှာလည်း အလွန်ကိုမှ ကြောက်မက်ဖွယ်ကောင်းလှပေသည်။

ချီကွေ့သည် ထိုမြင်ကွင်းကိုကြည့်ရင်း အထင်အမြင်တသေးဖြင့် နှာခေါင်းရှုံ့နေလေသည်။ သူသည် တိုက်ခိုက်ရသည်ကို နှစ်ခြိုက်ပါသော်ငြား သူ့တွင် သူ့မာနတော့ ရှိနေပေသေးသည်။ ချီကွေ့သည် သူ၏သိုင်းနှလုံးသားကို ပိုမိုအားကောင်းစေရန် သိုင်းတာအိုအပေါ် နားလည်မှုကို ပိုမိုနက်ရှိုင်းလာစေရန်အတွက် သူ့ထက်ပိုမိုအားကောင်းသည့်လူများကိုသာ စိန်ခေါ်ပေသည်။

ဧကရာဇ်ဒုတိယအဆင့်ပညာရှင်တစ်ဦးလေးကို ရင်ဆိုင်ရန်အတွက် ထိုမျှများပြားလှသော ပညာရှင်များအား စေလွှတ်ခဲ့သည့်အချက်နှင့်ပင်လျှင် ထိပ်တန်းဂိုဏ်းနှစ်ဂိုဏ်းမှာ နိုင်ထက်စီးနင်းလုပ်ရာ ကျနေလေပြီ။ ယခုဆိုလျှင် ထိုလူများသည် ဧကရာဇ်တတိယအဆင့်ပညာရှင်တစ်ဦးကိုပင်လျှင် အလစ်ချောင်းကာ တိုက်ခိုက်စေခဲ့သည်။

အကုန်လုံး၏အကြည့်အောက်တွင်ပင် ဧရာမလက်သီးကြီးမှာ ရန်ကိုင်၏ ကျောပြင်တည့်တည့်သို့ သွားရောက်ထိမှန်လေ၏။ လူတိုင်းထင်ထားသည့်အတိုင်းပင် ရန်ကိုင်မှာ အချိန်မီတုံ့ပြန်နိုင်ခဲ့ခြင်းမရှိဘဲ လက်သီးချက်၏ထိမှန်ခြင်း ခံလိုက်ရလေသည်။

ပေါက်ကွဲသံအကျယ်ကြီးနှင့်အတူ ရန်ကိုင်ရပ်နေသည့် ဟင်းလင်းပြင်တစ်ခုလုံး တသိမ့်သိမ့်တုန်ခါသွားခဲ့သည်။ ရန်ကိုင်ကိုယ်တိုင်မှာလည်း လက်သီးချက်ကြောင့် တစ်စစီဖြစ်သွားသည့်အလား မြူခိုးထုအသွင်သို့ ပြောင်းလဲသွားခဲ့လေ၏။

ထိုအချင်းအရာကိုမြင်သော် လန်ဟဲတစ်ကိုယ်လုံး တုန်တုန်ရီရီဖြစ်သွားခဲ့ပြီး မြေပြင်ပေါ်သို့ ဖင်ထိုင်လျက် လဲကျလုမတတ် ဖြစ်သွားခဲ့သည်။ (သေသွားတာလား… ဘယ်လိုလုပ်ပြီး အဲ့လိုမျိုးဖြစ်သွားရတာလဲ… သူ ဒီလိုမျိုးသေလို့ မဖြစ်သေးဘူးလေ…)

ထိုအခိုက်အတန့်မှာပင်လျှင် ဖုပိုက ထအော်လေသည်။ “မင်း ဘယ်လောက်ပဲ အားကောင်းကောင်း နောက်ဆုံးတော့ ငါ့ထောင်ချောက်ထဲရောက်တာပဲ မဟုတ်ဘူးလား… ကောင်လေး… ဒါ ဒီဘုရင်ကို လာရန်စတဲ့အကျိုးဆက်ပဲ…”

သို့သော်ငြား သူ့ခမျာ ကောင်းကောင်းမပျော်နိုင်သေးခင်မှာပင် ဖုပို မျက်မှောင်ကျုံ့သွားခဲ့သည်။ ခေါင်းမော့၍ကြည့်လိုက်ရာ တောင်နဲ့မြစ်ခေါင်းလောင်းသည် သူ့အပေါ်သို့ အရှိန်အဟုန်ဖြင့် ကျဆင်းလာနေကြောင်းကို တွေ့လိုက်ရလေ၏။

တောင်နဲ့မြစ်ခေါင်းလောင်းဆီမှ ဖြာထွက်နေသည့်ဖိအားအောက်ဝယ် ဖုပိုမှာ တစ်ချက်ကလေးပင် မလှုပ်နိုင်တော့ပေ။ ထို့အတွက်ကြောင့် ပျာတီးပျာယာဖြင့် ထအော်လေ၏။ “ဘာတွေဖြစ်နေတာလဲ…”

ရန်ကိုင်အသတ်ခံလိုက်ရပြီဖြစ်လေရာ ဤတောင်နဲ့မြစ်ခေါင်းလောင်းသည် ဘာကြောင့်များ သူ့အား ဖိအားပေးနေရလေသေးသနည်း။ ဖုပိုမှာ စိုးရိမ်စိုးရိမ်နေမိသလို နောင်တလည်းရမိပေသည်။ ရန်ကိုင်တစ်စစီဖြစ်သွားသည်ကိုမြင်စဉ်က သူ့ခမျာ အလွန်ကိုမှ ဝမ်းသာအားရဖြစ်သွားကာ ထွက်ပြေးရန်ပင် မကြိုးစားတော့ပေ။ ထိုတစ်ခဏတာမျှ နှောင့်နှေးမှုသည် သူ့အား ထွက်မပြေးနိုင်အောင် ဖြစ်သွားစေခဲ့လေသည်။

ဖုပိုမှာ အသည်းအသန် ကြိုးစား၍ သူ့ခန္ဓာကိုယ်ကိုလှုပ်ရှားရန် ကြိုးစားလိုက်သည်။ သို့သော်ငြား သူထွက်မပြေးနိုင်သေးခင်မှာပင် ခေါင်းလောင်းသည် သူ့အပေါ်မှ ဖုံးအုပ်သွားခဲ့လေသည်။

ထိုအခါမှသာလျှင် ဗြုန်းစားကြီးပေါ်လာသော ပညာရှင်သည် လူလုံးထွက်ပြလာပြီး အော်ပြောလိုက်လေ၏။ “သတိထား…”

သို့ပင်ဖြစ်လင့်ကစား သူအော်ပြောသည်မှာ နောက်ကျသွားခဲ့လေပြီ။ ဖုပိုမှာတော့ တောင်နဲ့မြစ်ခေါင်းလောင်း၏ ဖုံးအုပ်ခြင်း ခံလိုက်ရလေပြီ။ ထိုအခိုက်အတန့်ဝယ် ခေါင်းလောင်းထဲဆီမှ အော်ဟစ်မြည်ကြွေးသံများ၊ တဖုန်းဖုန်းထုရိုက်သံများ ထွက်ပေါ်လာခဲ့သည်။ သို့သော်ငြား ထိုအသံဗလံများမှာ မကြာမီ တိတ်ဆိတ်သွားခဲ့လေသည်။

တောင်နဲ့မြစ်ခေါင်းလောင်း၏ ခေါင်းလောင်းသံမှာ အရာအားလုံးကို ဖိနှိပ်ပစ်နိုင်ပေသည်။ ဖုပိုမှာ ခေါင်းလောင်းထဲသို့ ရောက်နေပြီဖြစ်သည့်အတွက်ကြောင့် သူ့အခြေအနေမှာ ပို၍အဆင်မပြေတော့ပေ။ သူကိုယ်တိုင်သည်လည်း ခေါင်းလောင်းထဲမှ လွတ်မြောက်အောင် မလုပ်နိုင်သည့်အတွက်ကြောင့် အခြားသူများ လာကယ်မည်ကိုသာ စိတ်အေးအေးဖြင့် ထိုင်စောင့်နေတော့သည်။

“အချိန်ကုန်လွန်ခြင်းစည်းတံဆိပ်…” ထိုအခိုက်အတန့်ဝယ် အသံတစ်သံ ထွက်ပေါ်လာခဲ့ပြီး လူတိုင်း၏အကြည့်မှာလည်း အသံထွက်ပေါ်လာရာဆီသို့ ရောက်ရှိသွားခဲ့သည်။

ထိုအခါမှသာလျှင် တစ်စစီပေါက်ကွဲကာ သေသွားသည့်ပြီဖြစ်သော ရန်ကိုင်မှာ အသက်ရှင်နေသေးကြောင်းကို လူတိုင်း တွေ့ရှိလိုက်ရသည်။ လက်ရှိအချိန်တွင် ရန်ကိုင်သည် နဂါးလက်သည်းများဖြင့် ထူးဆန်းလှသည့်လက်ကွက်တစ်ခုကို ထုတ်ဖော်ရင်းမှ စကားလုံးအချို့ကို ရေရွတ်နေခဲ့သည်။ ထို့နောက် သူ့လက်ကို ရှေ့တည့်တည့်သို့ ဆန့်ထုတ်လိုက်လေ၏။

အချိန်ကုန်လွန်ခြင်းစည်းတံဆိပ်ပင်။

ရုတ်ချည်းဆိုသလို လောကကြီးတစ်ခုလုံး ရပ်တန့်သွားခဲ့သည်။ တစ်ခုခုမှားယွင်းနေပြီဖြစ်ကြောင်း အသစ်ပေါ်လာသည့်ပညာရှင် သဘောပေါက်သွားချိန် ရန်ကိုင်၏လက်ဝါးမှာ သူ့ရှေ့တည့်တည့်သို့ ရောက်နေခဲ့လေသည်။ ထိုလက်ဝါးချက်ကို အထင်သေး၍မရကြောင်း ခံစားမိနေသည့်အတွက် ထိုပညာရှင်သည် သွေးမြူတစ်ခုကို သူ့ပတ်လည်လည်၌ ဖန်တီး၍ သူ့လက်ဝါးကို ရှေ့သို့ တွန်းထုတ်လိုက်သည်။ တစ်ချိန်တည်းတွင် သူ့ကိုယ်သူ သွေးအလင်းတန်းတစ်ခုအသွင်သို့ ပြောင်း၍ နောက်သို့ ပြန်ဆုတ်သွားလေ၏။

သို့ပါသော်ငြား အချိန်ကုန်လွန်ခြင်းစည်းတံဆိပ်မှာ သွေးမြူအား ဖောက်ထွက်၍ အနည်းငယ်မျှပင် ရပ်တန့်သွားခဲ့ခြင်းမရှိဘဲ ရုတ်တရက်ပေါ်လာသည့် ပညာရှင်ဆီသို့ ဆက်လက်တိုးဝင်သွားလေသည်။

အချိန်ကုန်လွန်ခြင်းစည်းတံဆိပ်၏ ထိမှန်ခြင်း ခံလိုက်ရသည့်အခိုက် ထိုလူမှာ သွေးအပွက်ပွက် အန်ထွက်သွားခဲ့ရသည်။ တစ်ချိန်တည်း၌ အချိန်နိယာမများ၏ တိုက်စားမှုအောက်တွင် သူကိုယ်တိုင်မှာ နှစ်ပေါင်းများစွာ အိုစာသွားခဲ့ပြီး မီးခိုးရောင်ဆံပင်တို့မှာလည်း သူ့ခေါင်းထက် ပေါက်လာခဲ့လေ၏။

“အချိန်ကုန်လွန်ခြင်းစည်းတံဆိပ်… အဲ့ဒါ အချိန်မြစ်မဟာဧကရာဇ်ရဲ့ တိုက်ကွက် မဟုတ်ဘူးလား…” ချီကွေ့က ပါးစပ်အဟောင်းသားဖြင့် ထအော်လေသည်။

ထျန်ရှန်း၏နဖူးထက်တွင်လည်း ချွေးအေးများ ဝေ့သီနေခဲ့လေသည်။ “အကြီးအကဲချီ… အဲ့ဒါ အချိန်ကုန်လွန်ခြင်းစည်းတံဆိပ်ရဲ့တိုက်ကွက်ဆိုတာ သေချာလား…”

ချီကွေ့သည် ထျန်ရှန်းကိုကြည့်၍ ထိတ်လန့်တကြားဖြင့် ပြန်မေးလိုက်၏။ “တောင်ကြားသခင်ထျန်… ခင်ဗျားက ကျုပ်ထက်ပိုပြီး အသက်ကြီးတယ်လေ… အဲ့ဒါကို အဲ့တိုက်ကွက်အကြောင်း တစ်ခါမှ မကြားဖူးဘူးလား…”

ထျန်ရှန်းက ရှက်ရှက်ဖြင့် ပြန်ပြောလိုက်သည်။ “ကြားတော့ကြားဖူးပါတယ်… ဒါပေမယ့် အချိန်မြစ်မဟာဧကရာဇ်သေသွားတာ နှစ်ပေါင်းသောင်းနဲ့ချီနေပြီလေ… အဲ့ဒါကို ရန်ကိုင်က အဲ့တိုက်ကွက်ကို ဘယ်လိုလုပ်ပြီး သိနေရတာလဲ…”

ချီကွေ့က ပြန်ပြောလိုက်သည်။ “ကျုပ်က ဂျူနီယာပဲလေ… ဘယ်လိုလုပ်ပြီးသိမှာလဲ…”

ချီကွေ့ပြောသည်မှာ ယုတ္တိရှိသည်ဟု ထျန်ရှန်း ခံစားလိုက်ရလေသည်။ သူပင်မသိလေရာ ချီကွေ့က မည်သို့များ သိပါမည်နည်း။ သူကိုယ်တိုင်မှာလည်း ထိတ်လန့်လွန်းသည့်အတွက်ကြောင့် ယခုကဲ့သို့ စိတ်မတည်မငြိမ်ဖြစ်လာသည်ဟု ထျန်ရှန်း ထင်နေမိပေသည်။

အချိန်ကုန်လွန်ခြင်းစည်းတံဆိပ်မှာ အချိန်နိယာမများနှင့် ပတ်သက်နေသော သိုင်းပညာရပ်တစ်ခုဖြစ်လေရာ ရန်ကိုင်မှာ ထိုအရာကို မည်ကဲ့သို့များ အသုံးပြုနိုင်ရလေသနည်း။

ရန်ကိုင် ဤအတိုင်းလျှောက်နေခြင်းသာဖြစ်လျှင် သူ့အနေဖြင့် ထိုမျှ အံ့အားသင့်နေမိလိမ့်မည်မဟုတ်။ သို့သော်ငြား အသစ်ရောက်လာသည့်လူ၏ ပုံစံကိုကြည့်ရသလောက် ရန်ကိုင်ထုတ်သုံးလိုက်သည့်တိုက်ကွက်မှာ သူ့အပေါ် အမှန်တကယ် သက်ရောက်သွားသည့်ပုံပင်။ ထိုအကြောင်းကြောင့်ပင်လျှင် သူ့မျက်နှာမှာ နှစ်ပေါင်းများစွာ ပိုမိုအိုစာသွားခဲ့ခြင်းဖြစ်သည်။

တစ်နည်းဆိုရသော် ရန်ကိုင်ထုတ်သုံးလိုက်သည့် အချိန်ကုန်လွန်ခြင်းစည်းတံဆိပ်မှာ အမှန်ဖြစ်ပေသည်။ ရန်ကိုင်သည် အလွန်တရာကိုမှ နက်နဲဆန်းကြယ်လှသော နိယာမစွမ်းအားနှစ်မျိုးကို အသုံးပြုနိုင်သည်ဟူသော အချက်မှာလည်း အမှန်ဖြစ်နေခဲ့သည်။ အချိန်နိယာမနှင့် လေဟာနယ်နိယာမတို့ကို ကျွမ်းကျင်ထားလေရာ ရန်ကိုင်မှာ အလွန်ကိုမှ အံ့အားသင့်ဖွယ်ကောင်းနေလေပြီ။

လေဟာနယ်တာအိုကို ကျင့်ကြံဖို့ရာ ခက်ခဲလှသလို ကျွမ်းကျင်ဖို့ရာဆိုလျှင် ပိုလို့ပင် ခက်ခဲလှပါသော်ငြား ဤလောကကြီးထဲတွင် လေဟာနယ်တာအိုကို ကျွမ်းကျင်ထားသည့်လူအချို့ ရှိနေပေသေးသည်။ ဥပမာပြရသော် စိတ်ဝိဉာဉ်သားရဲကျွန်းမှ လီဝူရီသည် လေဟာနယ်တာအိုကို ကျွမ်းကျင်ထားသည့် ပညာရှင်တစ်ဦးဖြစ်ပေသည်။

သို့သော်ငြား အချိန်တာအိုနှင့် ပတ်သက်လာသော် ကျွမ်းကျင်သည့်လူမှာ အလွန်တရာကိုမှ ရှားပါးလွန်းလှသည်။ လွန်ခဲ့သည့်နှစ်ပေါင်းများစွာအတောအတွင်း အချိန်မြစ်မဟာဧကရာဇ်တစ်ဦးတည်းသည်သာ အချိန်တာအိုကို ကျွမ်းကျင်ခဲ့လေသည်။

အချိန်မဟာဧကရာဇ် စောစောသေသွားခဲ့သည့် အတွက်ကြောင့်သာ မဟုတ်ပါက အချိန်မြစ်မဟာဧကရာဇ်မှာ ကြယ်တာရာအစုအဝေး၏ အားအကောင်းဆုံးသော ရာထူးအတွက် ကောင်းကင်ဝါးမျိုခြင်းမဟာဧကရာဇ်ဖြစ်သော ဝူခွမ်းနှင့်ပင်လျှင် ယှဉ်ပြိုင်နိုင်ကြလိမ့်မည်ဟု လူပေါင်းများစွာက ယုံကြည်ကြလေသည်။

သို့သော်ငြား ထျန်ရှန်းအား ဇဝေဇဝါဖြစ်စေသည်မှာ ရုတ်တရက်ကြီးပေါ်လာသည့် ပညာရှင်အသစ်ပင်။ သေသေချာချာကြည့်လိုက်သည့်နောက် ထိုလူ၏ကျင့်ကြံခြင်းမှာ ဧကရာဇ်တတိယအဆင့်မှန်း ထျန်ရှန်းသေချာသွားသည်။ သို့သော်ငြား ထိုလူကို သူမသိပေ။ အရှေ့ဘက်နယ်မြေထဲ ထိုကဲ့သို့သောလူတစ်ဦး ရှိကြောင်းကို ထျန်ရှန်း လုံးဝမကြားဖူး။

သို့သော်ငြား ရန်ကိုင်ကမူ တစ်ဖက်လူ၏ထောင်ချောက်ထဲသို့ ကျသွားချင်ယောင်ဆောင်လျက် တစ်ဖက်လူ သူ့အား တိုက်ခိုက်လာမည်ကို စောင့်နေခဲ့သည်။

“ဝူဟန်… ဒီဘုရင် မင်းကို စောင့်နေခဲ့တာ… မင်း ဘာတွေ ဒီလောက်တောင် ကြာနေတာလဲ…” တစ်ဖက်လူအား ထိခိုက်သွားအောင် လုပ်ပြီးသည့်နောက်တွင် ရန်ကိုင်သည် ချက်ချင်းလက်ငင်း ထပ်မံတိုက်ခိုက်ခဲ့ခြင်းမရှိဘဲ ဝူဟန်ဆိုသည့်နာမည်ကို အော်ခေါ်၍သာ လှောင်ပြောင်ပြောဆိုလိုက်လေသည်။

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၃၃၁၀)

ဘာသာပြန်သူ_တိမ်တိုက်

ကောင်းကင်ဝံပုလွေတောင်ကြားမှ မိုင်တစ်သိန်းခန့်အကွာတွင် အလင်းတန်းတစ်ခုသည် ဥက္ကာခဲတစ်စင်းပမာ ပျံသန်းသွားနေခဲ့သည်။ သေချာအနီးကပ်ကြည့်လိုက်မည်ဆိုလျှင် ထိုအလင်းတန်းမှာ မျက်နှာနီနီနှင့် လူအိုကြီးတစ်ဦးဖြစ်ကြောင်းကို မြင်တွေ့နိုင်ပေလိမ့်မည်။

လက်ရှိအချိန်တွင် ဤလူအိုကြီးမှာ တစ်စုံတစ်ဦးအား ရှောင်တိမ်းနေသည့်အလား အစောတလျင်အမူအယာဖြင့် ကောင်းကင်ထက်တွင် ပျံသန်းနေရင်းမှ တစ်စုံတစ်ဦးကိုလည်း စိတ်ထဲမှနေကာ ကြိတ်ကာ ကျိန်ဆဲနေလေ၏။

ရုတ်တရက်ဆိုသလို လူအိုကြီးသည် တစ်ခုခုအား အာရုံခံမိသွားသည့်အလား တစ်ခုသောအရပ်ဆီသို့ လှမ်း၍ကြည့်လိုက်သည်။ ထို့နောက် ကြောင်အမ်းအမ်းအမူအယာဖြင့် “ဒီအရှိန်အဝါက… မဖြစ်နိုင်ဘူး…”

ထိုအခိုက်အတန့်မှာပင် လူအိုကြီး၏ရှေ့တည့်တည့်ရှိ ဟင်းလင်းပြင်မှာ စတင်၍ တွန့်လိမ်လာခဲ့လေသည်။ ထို့နောက်တွင် ဟင်းလင်းပြင်မှာ နှစ်ပိုင်းကွဲထွက်တော့မည့်အရိပ်အယောင်များ ပြသလာလေ၏။

ထိုအချင်းအရာကိုမြင်သော် လူအိုကြီး မျက်လုံးမှေးစင်းသွားခဲ့ပြီး အံကြိတ်၍ ရေရွတ်လိုက်လေသည်။ “အဲ့ကောင်လေးက ဒီကိုတောင်ရောက်နေပြီလား… မြန်လိုက်တာ… ဒီကောင် ငါ့ကို သေတဲ့ထိ လိုက်ဖမ်းချင်နေတာလား…”

သူကိုယ်တိုင်မှာ အတော်လေးကိုမှ အားကောင်းလှပါသော်ငြား တစ်ဖက်လူ၏စွမ်းအားကို ကောင်းကောင်းသိပေသည်။ ထို့အတွက်ကြောင့် ထိုလူကို ရှင်းပစ်ဖို့ရာ သူ့အဖို့ အခက်တွေ့ရပေလိမ့်မည်။ ထို့နောက်တွင် လူအိုကြီးမှာ ဘေးပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်နေရင်းမှ အကြံတစ်ခုအား စဉ်းစားမိသွားခဲ့ပြီး ကောင်းကင်ဝံပုလွေတောင်ကြားရှိရာအရပ်ဆီသို့ ထွက်လာခဲ့လေသည်။

တစ်ခဏလေးအတွင်းမှာပင် ဟင်းလင်းပြင်အက်ကွဲကြောင်းတစ်ခု ပေါ်လာပြီး ထိုအက်ကွဲကြောင်းမှာ တဖြည်းဖြည်း ပြန့်ကားထွက်လာခဲ့ကာ ထိုထဲမှ လူနှစ်ဦး ထွက်လာခဲ့လေသည်။ ထိုနှစ်ဦးမှာ အမျိုးသားနှင့် အမျိုးသမီးတစ်ဦးဖြစ်သည်။

ဟင်းလင်းပြင်အက်ကွဲကြောင်းအပြင်သို့ ရောက်လာပြီးသည့်နောက် ဘေးပတ်ဝန်းကျင်ကို စစ်ဆေးကြည့်လိုက်သည့်အခါတွင် အမျိုးသားက သက်ပြင်းချ၍ ပြောလိုက်လေသည်။ “သူ ထပ်ပြီးထွက်ပြေးသွားပြန်ပြီ…”

အမျိုးသမီးက အံကြိတ်၍ ပြောလိုက်သည်။ “အဲ့သက်ကြားအိုကြီးက အရမ်းမြန်လွန်းတယ်… ငါတို့ သူ့ကို သတ်ဖို့လုပ်နေတာလည်းမဟုတ်ပါဘူး… ဘာလို့ ဒီလောက်တောင် ထွက်ပြေးချင်နေတာလဲမသိဘူး…”

ထိုလူက အော်ရယ်မောလျက် “ငါတို့က သူ့ကိုမသတ်ပေမယ့် သူ့ရဲ့လွတ်လပ်ခွင့်ကို ကန့်သတ်ပစ်တော့မှာလေ… ဒီတော့ သူကလည်း ဘယ်အဖမ်းခံချင်ပါ့မလဲ…”

အမျိုးသမီးသည် အမျိုးသားကိုကြည့်၍ နှာခေါင်းရှုံ့လိုက်လေသည်။ “နင် သူ့ဘက်ကနေ ကူပြောပေးနေတာလား… ဘာလဲ… နင် သူ့ကို တမင်တကာ လွှတ်ပေးလိုက်တာလား…”

အမျိုးသားက ခေါင်းခါလျက် “ဆရာကိုယ်တိုင်အမိန့်ပေးထားတာကို ငါ လွှတ်ပေးချင်ရင်တောင် လွှတ်ပေးလို့မရပါဘူး… အဲ့လိုအန္တရာယ်များတဲ့လူမျိုးကို ငါတို့ကိုယ်တိုင် စောင့်ကြည့်နေမှ… သူ့ရဲ့ရက်စက်ကြမ်းကြုတ်တဲ့ သဘာဝသာ ပြန်ပေါ်လာရင် အကုန်လုံး ပြဿနာတက်ကုန်မှာ…” တစ်ချက်မျှရပ်ပြီးသည့်နောက်တွင် အမျိုးသားက ပြုံး၍ “သူ့ဘာသာသူ တောင်ဘက်နယ်မြေမှာ နေနေရင်အကောင်း… အခု အရှေ့ဘက်နယ်မြေကိုလာပြီးတော့ ငါတို့ဆရာကလည်း သူ့ကိုတွေ့သွားပြီဆိုမှတော့ အခုချိန်ကနေစပြီး သူ စိတ်ဝိဉာဉ်သားရဲကျွန်းမှာပဲ နေရတော့မယ်…”

“အပိုတွေပြောမနေတော့နဲ့… သူ့နောက် မြန်မြန်လိုက်တော့… မဟုတ်ရင် လွတ်သွားလိမ့်မယ်…” အမျိုးသမီးက စိတ်မရှည်ဟန်ဖြင့် ပြောလိုက်သည်။

အမျိုးသားလည်း ခေါင်းညိတ်၍ သူ့လက်ကိုမြှောက်လိုက်ရာ လေဟာနယ်နိယာမတို့ အသက်ဝင်လာခဲ့ပြီး အက်ကွဲကြောင်းတစ်ခုပေါ်လာခဲ့လေသည်။ ထို့နောက် နှစ်ဦးသား အက်ကွဲကြောင်းထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားခဲ့လေသည်။

တစ်ခဏအကြာတွင် အက်ကွဲကြောင်းမှာ တဖြည်းဖြည်း ပြန်လည်ပျောက်ကွယ်သွားခဲ့လေသည်။

ကောင်းကင်ဝံပုလွေတောင်ကြားအပြင်ဘက်၌ ရန်ကိုင်သည် ဗလာနတ္တိပညာရပ်ကို အသုံးပြု၍ ဟင်းလင်းပြင်နှင့်ပေါင်းစပ်ကာ တစ်ဖက်လူ၏တိုက်ကွက်ကို အချိန်ကိုက် ရှောင်တိမ်းသွားခဲ့သည်။ ထို့နောက်တွင် အခွင့်အရေးကို အမိအရဖမ်းဆုပ်၍ အချိန်ကုန်လွန်ခြင်းစည်းတံဆိပ်ဖြင့် တစ်ဖက်လူကို ပြန်လည်တိုက်ခိုက်ခဲ့လေရာ ဝူဟန်မှာ သွေးအပွက်ပွက် အန်ထွက်သွားခဲ့ရသည်။ ရန်ကိုင်သည် လှောင်ပြုံးပြုံးရင်းမှ လှမ်းအော်ပြောလိုက်လေသည်။ “ဝူဟန်… ဒီဘုရင် ခင်ဗျားကိုစောင့်နေတာ… ခင်ဗျား ဘာတွေ ဒီလောက်တောင် ကြာနေရတာလဲ…”

ရန်ကိုင်အား အလစ်အငိုက် ချောင်းတိုက်ခိုက်လာခဲ့သည့်လူမှာ တစ်စပြင်ကန္တာရကြယ်စီရင်စုကြီး၏ ကြယ်စီရင်စုသခင်ဖြစ်သော ဝူဟန်မှလွဲ၍ အခြားမဟုတ်ပေ။

ဝူဟန်သည် ဧကရာဇ်ချီကိုလှည့်ပတ်၍ သူကိုယ်ထဲ သောင်းကျန်းနေသော အချိန်နိယာမများကို ထိန်းချုပ်နေရင်းမှ ပြန်အော်မေးလိုက်သည်။ “ငါ ဒီကိုရောက်နေမှန်း မင်းဘယ်လိုသိတာလဲ…”

ရန်ကိုင်မှာ သူ့အဖေကိုမသတ်သလို သူ့မိန်းမကိုလည်း မလုယူသွားပါသော်ငြား သူနှင့်ရန်ကိုင်ကြားတွင် မကျေချမ်းနိုင်သည့် ရန်ငြိုးရန်စများ ရှိနေပေသည်။ ရန်ကိုင်သည် တစ်စပြင်ကန္တာရကြယ်စီရင်စု၏ သန်းပေါင်းများစွာကွာဝေးသော ပိုင်နက်နယ်မြေများကို လုယူသွားခဲ့လေရာ ရန်ကိုင်၏လုပ်ရပ်မှာ ကြယ်စီရင်စုတစ်ခု၏ အုတ်မြစ်ကို ထိခိုက်သွားစေခြင်းမရှိသည့်တိုင် ဝူဟန်၏အနာဂတ်အပေါ်မူ သက်ရောက်သွားခဲ့ပေသည်။

ကြယ်စီရင်စုတစ်ခု အကောင်းအတိုင်းရှိနေခြင်း မရှိနေခြင်းသည် ဝူဟန်၏အနာဂတ်အပေါ် သက်ရောက်မှုရှိပေသည်။ ပျက်စီးနေသော ကြယ်စီရင်စုတစ်ခုမှာ ဝူဟန်၏ကိုယ်ထဲတွင်ရှိနေသော ကြယ်အမြုတေအား မတည်မငြိမ် ဖြစ်စေပေသည်။ ထိုအကြောင်းကြောင့် ဝူဟန်မှာ အေးအေးချမ်းချမ်းဖြင့် ကျင့်ကြံနိုင်လိမ့်မည်မဟုတ်။ အချိန်ကြာလာသည့်နောက်တွင် ထိုအဖြစ်အပျက်သည် ဝူဟန်၏ကျင့်ကြံခြင်းအား လျှောကျမသွားစေနိုင်ပါသော်ငြား ဝူဟန်အား အဆင့်သစ်တစ်ခုသို့ မရောက်အောင် နှောင့်ယှက်ဟန့်တားလာနိုင်ပေသည်။

ယခင်က ကြယ်တာရာရုံးတော်မှ ဝင်ရောက်ပါဝင်လိုက်သည့်အတွက်ကြောင့် ဝူဟန်မှာ ရန်ကိုင်အား လွှတ်ပေးခဲ့ရသည်။

ကြယ်တာရာရုံးတော်သည် ကြယ်စီရင်စုကိစ္စများနှင့် ပတ်သက်လာသော် ဝင်ပါနိုင်ပါသော်ငြား သူသည်သာ ရန်ကိုင်အား ကြယ်တာရာအစုအဝေးထဲ တိုက်ခိုက်မည်ဆိုလျှင် ကြယ်သံတမန်များအနေဖြင့် ဝင်ပါနိုင်လိမ့်မည်မဟုတ်ပေ။ သူသည်သာ ရန်ကိုင်အား ဤနေရာတွင် သတ်ပစ်နိုင်မည်ဆိုလျှင် ဆုံးရှုံးသွားသော သူ့ကြယ်စီရင်စု၏ ပိုင်နက်နယ်မြေများကို ပြန်လည်ရရှိနိုင်ရုံသာလျှင်မဟုတ် ဟုန်းလော့ကြယ်စီရင်စုကြီးကိုပါ နောက်တစ်ကြိမ်ကျူးကျော်ပြီး သူ၏ ယခင်အစီအစဉ်ကို အကောင်အထည်ဖော်နိုင်ပေလိမ့်မည်။

သူသည် တစ်စပြင်ကန္တာရကြယ်စီရင်စုကြီး၏ ကြယ်စီရင်စုသခင် ဖြစ်သည့်အလျောက် မရဏဂိုဏ်းနှင့်လည်း တစ်မျိုးတစ်ဖုံ ပတ်သက်ပေသည်။ ထိုအဖြစ်အပျက်ပြီးသွားသည့်နောက်တွင် ဝူဟန်သည် ကြယ်တာရာအစုအဝေးထဲသို့ ပြန်လာပြီး ဖုပိုကိုရှာကာ ရန်ကိုင်ကိုရှာထားရန် ပြောခဲ့သည်။

ကောင်းကင်သည် ဤကဲ့သို့သောလက်ဆောင်မျိုးကို သူ့ရှေ့တည့်တည့်သို့ အရောက်ပို့လာပေးလိမ့်မည်ဟု ဝူဟန် တကယ်ကိုမထင်ထားခဲ့ပေ။ မူလက တောင်ဘက်နယ်မြေထဲတွင်သာ ရှိနေသင့်သော ရန်ကိုင်သည် အရှေ့ဘက်နယ်မြေသို့ ရုတ်တရက်ကြီး ရောက်ချလာခဲ့သည်။ ချီမိသားစုခံတပ်မှာ ထိုအကြောင်းကို မရဏဂိုဏ်းအား အကြောင်းကြားခဲ့ပြီး မရဏဂိုဏ်းမှာ ဝူဟန်နှင့် ထိုကိစ္စကိုဆွေးနွေးကာ ယခုကဲ့သို့အစီအစဉ်မျိုးဖြင့် ရောက်ရှိလာခဲ့ကြခြင်း ဖြစ်လေသည်။

သို့သော်ငြား ဝူဟန် ဇဝေဇဝါဖြစ်သွားရသည်မှာ သူ ဤနေရာ၌ ပေါ်လာမည်ကို ရန်ကိုင်မှ ကြိုသိနေသည့်အချက်ပင်။

ရန်ကိုင်က ရယ်သွမ်းသွေးလျက် “တစ်စပြင်ကန္တာရကြယ်စီရင်စုထဲမှာ ဘာတွေဖြစ်သွားလဲဆိုတာကို ဖုပို ပုံမှန်အားဖြင့် သိစရာအကြောင်းမရှိဘူး… အခု သိနေရတယ်ဆိုတော့ ခင်ဗျား သူ့ကို ပြောပြထားလို့ပဲ ဖြစ်ရမှာပေါ့… အဲ့ဒါလေးကိုတောင်မှ မစဉ်းစားတတ်လို့ရှိရင် ဒီဘုရင်က အရူးဖြစ်သွားမှာပေါ့… သူက တစ်စပြင်ကန္တာရကြယ်စီရင်စုအကြောင်းကို သိနေတယ်ဆိုမှတော့ အခုကိစ္စမှာ ခင်ဗျားလည်း ပါနေရမှာပေါ့… ဒါပေမယ့် ခင်ဗျားကို မမြင်ရဘူး… ဒီတော့ ခင်ဗျား တစ်နေရာရာမှာ ပုန်းနေလို့ပဲ ဖြစ်ရမှာပေါ့… အဲ့ဒါကို ဒီဘုရင်က မစဉ်းစားတတ်စရာလား…”

ဖုပိုမှာ သူ့ဒေါသကို အချိန်အတန်ကြာအောင် အောင့်အည်းထားခဲ့ရလေသည်။ ဝူဟန်ကြောင့်သာမဟုတ်ပါက ရန်ကိုင်အား ရန်စလာရဲခဲ့မည်မဟုတ်ပေ။

(ဒါကြောင့်ကိုး…) ဝူဟန်မှာ တောင်နဲ့မြစ်ခေါင်းလောင်းအား ဒေါမာန်တကြီးဖြင့် လှမ်း၍ကြည့်လိုက်သည်။ သူ့စိတ်ထဲလည်း ဖုပိုအား ကြိတ်ကာ အပြစ်တင်နေမိတော့သည်။ ဖုပို ပါးစပ်သရမ်းခဲ့သည့်အတွက်ကြောင့်သာ မဟုတ်ပါက သူရှိနေကြောင်းကို ရန်ကိုင် သိသွားခဲ့ရလိမ့်မည်မဟုတ်ပေ။

(ဒီအမှိုက်ကောင်ကတော့ကွာ…) ဝူဟန်မှာ ဖုပိုအား စိတ်ထဲမှနေ၍ ကြိတ်ကာ ကျိန်ဆဲလိုက်လေ၏။

ထို့နောက်တွင် အလေးအနက်အမူအယာဖြင့် ရန်ကိုင်က ဆက်ပြောလိုက်လေသည်။ “ဒီဘုရင်ကို လာပြီးပြဿနာရှာတဲ့ မျိုးရိုးနာမည်ဖုနဲ့လူတွေအကုန်လုံး ဆိုးဆိုးရွားရွား အဆုံးသတ်ရလေ့ရှိတယ်… ဒီလိုပဲ မျိုးရိုးနာမည်ဝူနဲ့လူတွေလည်း အတူတူပဲ… ဝူဟန်… ဒီဘုရင် ခင်ဗျားအသက်ကို အရင်တုန်းက ချမ်းသာပေးခဲ့တယ်… ဒါပေမယ့် ခင်ဗျားက ကိုယ့်အသက်ကိုယ် တန်ဖိုးမထားဘဲ ဒီဘုရင်ကို လာပြီး ပြဿနာရှာရဲတယ်ဆိုမှတော့ ဒီဘုရင် ခင်ဗျားကို မသတ်ရဲဘူးလို့ ထင်နေတာလား…”

ထိုကဲ့သို့ ခြိမ်းခြောက်လိုက်ပြီးသည်နှင့်တစ်ပြိုင်နက် ရန်ကိုင်၏သတ်ဖြတ်လိုစိတ်တို့မှာ ဝူဟန်အား လွှမ်းခြုံသွားခဲ့လေသည်။ ဝူဟန်ကမူ မှုန်ကုပ်ကုပ်အမူအယာဖြင့် ပြန်ပြောလိုက်သည်။ “ငါ့ကိုသတ်နိုင်မယ်လို့ မင်းထင်နေတာလား…”

ရန်ကိုင်က မျက်ခုံးပင့်လျက် “ခင်ဗျားကြည့်ရတာ တော်တော်လေး ယုံကြည်ချက်ရှိနေတဲ့ပုံပဲ… ကျုပ်ခန့်မှန်းကြည့်မယ်… ခင်ဗျားအပြင် ဟိုလူလည်း ရောက်နေတယ်မလား…”

ဝူဟန်၏အမူအယာ မဆိုစလောက်ကလေး ပြောင်းလဲသွားခဲ့ပြီး သူ့ဟန်အမူအယာကို ချက်ချင်းပြန်ထိန်းလိုက်ရင်းမှ နှာခေါင်းရှုံ့လိုက်လေသည်။ “မင်း ဘာအပိုစကားတွေ လာပြောနေတာလဲ…”

ရန်ကိုင်က ပြန်ပြောလိုက်သည်။ “အပိုစကားတွေပြောနေတယ် ဟုတ်လား…” ထိုသို့ပြောပြီးသည့်နောက်တွင် ရန်ကိုင်သည် ဘေးပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်၍ တစ်ခုသောနေရာအား စိုက်ကြည့်လိုက်ရင်းမှ ပြောလိုက်သည်။ “ဟေး… ခင်ဗျား ရောက်လာပြီဆိုမှတော့ ဘာဖြစ်လို့ ထွက်မလာသေးတာလဲ… ကျုပ် ခင်ဗျားကို မမြင်ဘူးလို့များ မှတ်နေတာလား…”

(အခြား ပုန်းနေတဲ့လူတစ်ယောက် ရှိနေသေးတာလား…) ထျန်ရှန်း၊ ချန်းရှိုယင်နှင့် ချီကွေ့တို့ မင်သက်သွားကုန်ကြလေသည်။

ဝူဟန် ရုတ်တရက်ပေါ်လာသည့်ကိစ္စနှင့် ပတ်သက်၍ သုံးဦးစလုံးမှာ အမှန်တကယ်ကို အံ့အားသင့်နေရလေသည်။ တကယ်တော့ ဝူဟန် မည်သည့်နေရာမှလာသလဲဆိုသည်ကို သူတို့မသိသလို ဝူဟန်၏နာမည်ကိုလည်း တစ်ခါမှမှ မကြားဖူးလေပဲ။

သို့ပင်ဖြစ်လင့်ကစား ဝူဟန်ကို သူတို့မသိသည်မှာ သိပ်၍ယုတ္တိမရှိလှပေ။ တကယ်တော့ ဧကရာဇ်တတိယအဆင့်ပညာရှင်တစ်ဦးသည် ဘယ်နေရာကမှန်းမသိ အကြောင်းအရင်းမရှိ ပေါ်လာလိမ့်မည်မဟုတ်ပေ။ ထိုကဲ့သို့သောကျင့်ကြံခြင်းအား ပိုင်ဆိုင်ထားသည့်လူများသည် နာမည်ကျော်ကြားသည့်ပုဂ္ဂိုလ်များ ဖြစ်ကြသည်။ သို့သော်ငြား ဝူဟန်ဆိုသည့်နာမည်ကို သူတို့ တစ်ခါမှ မကြားဖူးသလို တစ်ခါမှလည်း မမြင်ဖူးကြပေ။

သို့ပင်ဖြစ်လင့်ကစား နောက်ထပ် ထပ်မံအံ့အားသင့်စရာ ကိစ္စတစ်ခု ထပ်ရှိနေပြန်လေ၏။ ဝူဟန်ရောက်လာပြီးသည့်နောက်တွင် ရန်ကိုင်သည် တစ်ခုသောနေရာအား စိုက်ကြည့်နေရင်းမှ အခြားလူတစ်ဦးအား ထပ်၍ခေါ်နေခဲ့သည်။ မသိလျှင် ထိုနေရာ၌ အခြားသောပညာရှင်တစ်ဦး ပုန်းအောင်းနေသည်ကို သေချာသိနေသည့်အလား။

ပုန်းနေသည့်လူမှာ ပေါ်မလာသေးပါသော်ငြား ထိုလူသည် ဝူဟန်ထက် ပို၍အားကောင်းလိမ့်မည်ဟု ထျန်ရှန်းတို့အားလုံး ခံစားနေကြရသည်။ တကယ်တော့ နောက်ဆုံးမှပေါ်လာသည့်လူသည် အားအကောင်းဆုံးဖြစ်သင့်သည်မဟုတ်ပေလော။

ဝူဟန်၊ ဖုပိုနှင့် ရှုချန်ဖုန်းတို့မှာ ဧကရာဇ်တတိယအဆင့်ပညာရှင်များဖြစ်ကြသည်။ ထိုသို့ဖြစ်လေရာ ပုန်းနေသည့်လူမှာ မည်သည့်အဆင့်ပညာရှင်များ ဖြစ်မည်နည်း။ ရုတ်တရက်ဆိုသလို လူတိုင်း၏စိတ်ထဲ ကြောက်မက်ဖွယ်ရာအတွေးတစ်ခု ပေါ်လာခဲ့သည်။ ထိုကဲ့သို့စဉ်းစားမိလိုက်သည့်အခိုက် ထျန်ရှန်းနှင့်ချီကွေ့မှာ အကြည့်ချင်းဖလှယ်လိုက်ကြလေ၏။ နှစ်ဦးသား၏အကြည့်ထဲ ကြောက်ရွံ့မှုတို့ကို အတိုင်းသား မြင်နေရသည်။

“တကယ်ကြီး အခြားတစ်ယောက်ရှိနေတာပဲ…” လန်ဟဲမှာ ထိုအရပ်ဆီသို့ မယုံကြည်နိုင်ဟန်ဖြင့် စိုက်ကြည့်နေရင်းမှ သူမ၏ပါးစပ်ကို အလန့်တကြား အုပ်မိလိုက်သည်။

ဟင်းလင်းပြင်မှာ စတင်၍ လှုပ်ခါလာခဲ့ပြီး လူတစ်ဦးမှာ ဗြုန်းစားကြီးပေါ်လာခဲ့သည်။ ထိုလူသည် ရွှေရောင်သရဖူနှင့် ခရမ်းရောင်ဝတ်ရုံကို ဝတ်ဆင်ထားခဲ့လေ၏။ တစ်ချိန်တည်းတွင် ထိုလူသည် ဘေးပတ်ဝန်းကျင်တစ်ခုလုံးကို ထီမထင်သည့်ပုံစံမျိုးဖြင့် ကြည့်နေလေသည်။ သူ့အကြည့်မှာ နတ်ဘုရားတစ်ပါးမှ သာမန်သေမျိုးများကို စိုက်ကြည့်နေသည့်ပမာ။

ထိုလူမှာ သူ့ခွန်အားကို ထုတ်မပြခဲ့သလို ဤနေရာတွင်ရှိနေသော လူတိုင်းသည်လည်း သူ့ကျင့်ကြံခြင်းအား မမြင်နိုင်လင့်ကစား သူ့အားမြင်လိုက်သည့်လူတိုင်း သူသည် ဤနေရာတွင်ရှိနေသည့် မည်သူ့ထက်မဆို ပို၍အားကောင်းသည်ဟု ခံစားမိကြပေလိမ့်မည်။

“မဟာဧကရာဇ်တစ်ပိုင်းလား…” ထျန်ရှန်း အလန့်တကြားဆိုလိုက်သည်။ ချက်ချင်းဆိုသလို သူ၏နဖူးထက် ချွေးအေးများ ဝေ့သီလာတော့လေသည်။ ချီကွေ့သည်လည်း အထိတ်ထိတ်အလန့်လန့်ဖြင့် တံတွေးတစ်လုပ်မျိုချမိလိုက်လေ၏။

လန်ဟဲသည် သူမဆရာဘက်သို့လှည့်၍ “မဟာဧကရာဇ်တစ်ပိုင်းဆိုတာ… ဆရာဘာကိုပြောတာလဲ…”

ဤသည်မှာ သူမအဖို့ ထိုကဲ့သို့သောနာမည်ကို ပထမဦးဆုံးအကြိမ် ကြားဖူးခြင်းဖြစ်လေသည်။ သူမသည် ဧကရာဇ်အဆင့်ပညာရှင်တစ်ဦးဖြစ်လင့်ကစား ဧကရာဇ်ပထမအဆင့်သာ ရှိပေသေးသည်။ ထို့အတွက်ကြောင့် သူမ၏ဆရာကဲ့သို့ ဗဟုသုတကြွယ်ဝခြင်း မရှိသေးပေ။

ထျန်ရှန်းနှင့် ချီကွေ့တို့မှာ ခရမ်းရောင်ဝတ်ရုံနှင့်လူအပေါ်သို့သာ အာရုံအပြည့်အဝရောက်ရှိနေသည့်အတွက်ကြောင့် လန်ဟဲ ဘာပြောလို့ ပြောလိုက်လဲဆိုသည်ကိုပင် မကြားလိုက်ရပေ။

ချန်းရှိုယင်က သက်ပြင်းချလျက် ကောင်းကင်စိတ်အာရုံမှတစ်ဆင့် ရှင်းပြလိုက်လေသည်။ “ဟဲလေး… ဒီလောကကြီးမှာ ဧကရာဇ်တတိယအဆင့်ပညာရှင်တွေထက် အားကောင်းပြီးတော့ မဟာဧကရာဇ်တွေထက် အားနည်းတဲ့ လူတစ်ဖွဲ့ရှိတယ်… အဲ့လူတစ်ယောက်ချင်းစီတိုင်းက အရမ်းကိုအားကောင်းတယ်… သူတို့က မဟာဧကရာဇ်ဖြစ်ဖို့ ခြေတစ်လှမ်းလောက်ပဲ လိုကြတော့တာ… အဲ့လူတွေကို မဟာဧကရာဇ်တစ်ပိုင်းတွေလို့ ခေါ်တယ်… မဟာဧကရာဇ်တွေကို ထည့်မတွက်ဘူးဆိုရင် ဒီလောကကြီးထဲမှာ အဲ့လူတွေက အားအကောင်းဆုံးပဲ…”

လန်ဟဲက အထိတ်ထိတ်အလန့်လန့်ဖြင့် “ဒီလောကကြီးထဲမှာ အဲ့လိုလူမျိုးတွေရှိသေးတာလား…”

ဤသည်မှာ မဟာဧကရာဇ်တစ်ပိုင်းဆိုသည့်နာမည်ကို သူမ ပထမဦးဆုံးအကြိမ် ကြားဖူးခြင်း ဖြစ်လေသည်။

ချန်းရှိုယင်က ခေါင်းညိတ်လိုက်သည်။ “ဟုတ်တယ်… အဲ့လိုလူတွေ အတော်များများရှိတယ်… ဥပမာပြောရရင် စီနီယာလီဝူရီကိုသိတယ်မလား… စီနီယာလီဝူရီက မဟာဧကရာဇ်တစ်ပိုင်းတွေထဲမှာ အားအကောင်းဆုံးပဲ…”

လန်ဟဲက ခေါင်းညိတ်လိုက်သည်။ သို့သော်ငြား မကြာမီတွင် သိချင်စိတ်ဖြင့် ပြန်၍မေးလိုက်လေ၏။ “မဟာဧကရာဇ်တစ်ပိုင်းတွေ အများကြီးရှိတယ်ဆိုရင် ဘာဖြစ်လို့ ကျွန်မက သူတို့အကြောင်းကို တစ်ခါမှ မကြားဖူးရတာလဲ…”

ချန်းရှိုယင်က စိတ်ရှည်ရှည်ဖြင့် ရှင်းပြလိုက်သည်။ “သူတို့ အဲ့အဆင့်ကိုရောက်သွားပြီဆိုတာနဲ့ သူတို့အတွက် တိုးတက်ဖို့ အခွင့်အလမ်းမရှိတော့ဘူး… တိုးတက်ချင်တယ်ဆိုရင်တော့ မဟာဧကရာဇ်တစ်ပါးကို စိန်ခေါ်ပြီးတော့ အဲ့မဟာဧကရာဇ်ရဲ့နေရာကို လုယူရမှာပဲ ရမှာ… ဒါကြောင့်ပဲ အတော်များများက အဲ့လိုအခွင့်အရေးရောက်လာမယ့်နေ့ကို စောင့်ဆိုင်းရင်းနဲ့ သူတို့ဘာသာသူတို့ အေးအေးဆေးဆေး တိတ်တဆိတ်နဲ့ပဲ ကျင့်ကြံနေကြတော့တာ… ဒါကြောင့်ပဲ အဲ့လိုလူတွေကို ဒီလောကကြီးမှာ သိပ်မြင်ရလေ့မရှိတော့တာ… ချွင်းချက်တွေတော့ ရှိတာပေါ့… ဥပမာ စီနီယာလီဝူရီတို့လို လူမျိုးတွေပေါ့…”

လန်ဟဲ ခေါင်းလေးငုံ့သွားခဲ့လေသည်။ ထို့နောက် ဒေါမာန်တကြီးဖြင့် ထအော်ပြောလေ၏။ “ဒါဆို ဒါက တမင်သက်သက် အနိုင်ကျင့်နေတာပေါ့…”

ဧကရာဇ်ဒုတိယအဆင့်သာ ရှိသေးသော ရန်ကိုင်နှင့် ရင်ဆိုင်ရန်အတွက် အရှေ့ဘက်နယ်မြေထဲတွင် ရှိ‌နေသော ထိပ်တန်းဂိုဏ်းနှစ်ဂိုဏ်းသည် ၎င်းတို့၏လူအင်အားအကုန်အစင်ကို စေလွှတ်ခဲ့သည်။ ထိုမျှသာလျှင်မဟုတ်သေး ဧကရာဇ်တတိယအဆင့်သို့ ရောက်နေသော ဝူဟန်သည်လည်း ရုတ်တရက်ပေါ်လာပြီး ရန်ကိုင်အား အလစ်အငိုက်ချောင်း၍ တိုက်ခိုက်ခဲ့လေသည်။ ယခုဆိုလျှင် မဟာဧကရာဇ်တစ်ပိုင်းပင်လျှင် ပေါ်လာခဲ့လေသည်။

ရန်ကိုင်သည်သာ လူသိရှင်ကြား ထုတ်မပြောခဲ့ပါက ထိုလူသည် ထိုနေရာတွင် တစ်ချိန်လုံး ပုန်းအောင်းနေရင်း ရန်ကိုင်အား အလစ်အချောင်းတိုက်ခိုက်နိုင်မည့် အခွင့်အရေးကို ကျိန်းသေ စောင့်ဆိုင်းနေပေလိမ့်မည်။

မဟာဧကရာဇ်တစ်ပိုင်း ရောက်ရှိလာပြီဖြစ်သည့်အတွက်ကြောင့် မဟာဧကရာဇ်တစ်ပါးကိုယ်တိုင် ရောက်မလာသေးသရွေ့ မည်သူမျှ ထိုလူအား ဖိနှိပ်နိုင်တော့လိမ့်မည်မဟုတ်ပေ။ ခရမ်းရောင်ဝတ်ရုံနှင့်လူမှာ ရန်ကိုင်အား တမင်တကာ အနိုင်ကျင့်နေခြင်းသာ ဖြစ်လေသည်။ ရန်ကိုင်ကြုံနေရသည့်အခြေအနေကို စဉ်းစားမိလိုက်သော် လန်ဟဲမှာ အတော်လေးကိုမှ ဒေါသူပုန်ထသွားခဲ့လေ၏။

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၃၃၁၁)

ဘာသာပြန်သူ_တိမ်တိုက်

ဖြစ်သာဖြစ်နိုင်လျှင် ယခုကဲ့သို့ ရပ်ကြည့်နေရမည့်အစား လန်ဟဲအနေဖြင့် အကျိုးဆက်များကို ဂရုစိုက်မနေဘဲ ရန်ကိုင်အား ကူညီပေးလိုက်ချင်မိပေသည်။

သို့ရာတွင် မဟာဧကရာဇ်တစ်ပိုင်းကဲ့သို့သော လူမျိုးကို အရှေ့ဘက်နယ်မြေထဲရှိ ထိပ်တန်းဂိုဏ်းသုံးဂိုဏ်းပင် ရန်စရဲလိမ့်မည်မဟုတ်ကြောင်း သူမသိနေခဲ့သည်။ ကောင်းကင်ဝံပုလွေတောင်ကြားကဲ့သို့သော ဂိုဏ်းလေးသာဆိုလျှင်တော့ ပြောနေစရာပင်မလိုပေ။ သူမသည်သာ ထိုလူအား ရန်စမိလိုက်မည်ဆိုပါက အကျိုးဆက်များသည် သူမခံနိုင်သည့် အရာမျိုး မဟုတ်ပေ။ လက်ရှိအခိုက်အတန့်တွင် လန်ဟဲစိတ်ထဲ ခါးသက်သက်ခံစားနေခဲ့ရပြီး ပထမဦးဆုံးအကြိမ်အဖြစ် ခွန်အားအပေါ် အလွန်ကိုမှ ဆာလောင်မိလာခဲ့လေသည်။

သူမသည်သာ လုံလောက်အောင် အားကောင်းနေမည်ဆိုလျှင် ယခုကဲ့သို့ ရပ်ကြည့်နေရမည့်အဖြစ်မျိုးနှင့်သာ ကြုံနေရလိမ့်မည်မဟုတ်ပေ။ သူမသည်သာ လုံလောက်အောင် အားကောင်းခဲ့မည်ဆိုပါက ရန်ကိုင်အပေါ် တင်နေသည့်အကြွေးကို ပြန်ဆပ်နိုင်ပေလိမ့်မည်။ ကံမကောင်းစွာဖြင့် သူမသည် ဧကရာဇ်ပထမအဆင့်သာ ရှိနေပေသေးသည်။

ဤအဆင့်ကို ရောက်ရသည့်အပေါ် သူမကိုယ်သူမ ကံကောင်းသည်ဟု ထင်နေမိစဉ်မှာပင် သူမ၏အထင်မှာ လုံးဝကိုမှားယွင်းနေကြောင်း ယနေ့အဖြစ်အပျက်များက သက်သေပြသွားခဲ့သည်။ ဤလောကကြီးတွင် သူမထက် အဆပေါင်းများစွာ ပိုမိုအားကောင်းသော ကျင့်ကြံသူပေါင်းများစွာ ရှိနေကြပေသေးသည်။

ဧကရာဇ်ဒုတိယအဆင့်များသည် ဧကရာဇ်ပထမအဆင့်များထက် ပိုမိုအားကောင်းကြသလို မဟာဧကရာဇ်တစ်ပိုင်းများသည်လည်း ဧကရာဇ်တတိယအဆင့်များထက်လည်း ပို၍အားကောင်းကြပေသည်။ ထို့အပြင် မဟာဧကရာဇ်တစ်ပိုင်းများထက်ပင် ပို၍အားကောင်းသော မဟာဧကရာဇ်များလည်း ရှိနေကြပေသေးသည်။ ဤလောကကြီးထဲ မဟာဧကရာဇ်များထက် ပိုမိုအားကောင်းသော တည်ရှိမှုများ ရှိနေကြလေသေးသလော။ ထိုအကြောင်းကို စဉ်းစားမိလိုက်သည့်အခိုက် လန်ဟဲ အတွေးနက်သွားခဲ့ပြီး စိတ်ဓာတ်ကျချင်မိသလို ဖြစ်သွားခဲ့သည်။ ရန်ကိုင်သည်လည်း ယခုတစ်ကြိမ်တွင် ပြဿနာတက်ပြီဟု သူမစိတ်ထဲ တွေးမိလိုက်တော့လေသည်။

မဟာဧကရာဇ်တစ်ပိုင်းပင် ပေါ်လာပြီဖြစ်လေရာ ရန်ကိုင် အသက်ရှင်စရာလမ်းစ မရှိတော့ပေ။ သို့ပင်ဖြစ်စေကာမူ ထိုကဲ့သို့သောလူတစ်ဦးသည် ရန်ကိုင်အား ဘာကြောင့် တိုက်ခိုက်ချင်နေရသလဲဆိုသည်ကို သူမ နားမလည်ပေ။ သူမအနေဖြင့် ရန်ကိုင်နှင့် မကြာခဏ တွေ့ဆုံဖူးခြင်း မရှိပါသော်ငြား ရန်ကိုင်သည် ကောက်ကျစ်ဉာဏ်များသည့် လူတစ်ဦးမဟုတ်မှန်းတော့ ပြောနိုင်ပေသည်။ ထိုသို့ဖြစ်လေရာ လူပေါင်းများစွာမှာ ဘာကြောင့်များ ရန်ကိုင်အား သေစေချင်နေရလေသနည်း။ ထို့အပြင် ရန်ကိုင်၏ပြိုင်ဘက်များမှာ အချိန်နှင့်အမျှ ပိုပို၍ အားကောင်းလာနေခဲ့သည်။

ခရမ်းရောင်ဝတ်ရုံဝတ်လူသည် ရန်ကိုင်အား မျက်နှာသေအမူအယာဖြင့် စိုက်ကြည့်ရင်းမှ ခေါင်းညိတ်လိုက်သည်။ “ငါရောက်နေမှန်း မင်းသိသွားတာ ဒီဘုရင် တကယ်ကို အထင်ကြီးမိတယ်… ယန်ယန် မင်းကို ဒီလောက်တောင် မျက်နှာသာပေးနေတာ အဆန်းတော့လည်းမဟုတ်ပါဘူးလေ…”

(ယန်ယန်… အဲ့လူက ဘယ်သူလဲ…) ထျန်ရှန်းနှင့်အခြားသူများ ဇဝေဇဝါဖြစ်သွားကြပြန်လေသည်။ ဝူဟန်ဖြစ်စေ ခရမ်းရောင်ဝတ်ရုံဝတ်လူဖြစ်စေ သူတို့အနေဖြင့် ထိုလူများကို ပထမဦးဆုံးအကြိမ်အဖြစ် မြင်ဖူးကြားဖူးခြင်းဖြစ်သည်။ သို့ပင်ဖြစ်လင့်ကစား ခရမ်းရောင်ဝတ်ရုံဝတ်လူမှာ ယန်ယန်ဟူသည့်နာမည်ကိုပါ ထပ်ပြောလာခဲ့သည်။ ထိုနာမည်ကိုလည်း သူတို့မသိပေ။

ထျန်ရှန်းနှင့်အခြားသူများမှာ အတော်လေးကိုမှ ကူကယ်ရာမဲ့နေကြလေသည်။ ရုတ်တရက်ဆိုသလို ဤလောကကြီးထဲတွင် သူတို့မသိသေးသည့် အကြောင်းအရာများစွာ ရှိနေသေးသည်ဟု ခံစားလိုက်ရလေသည်။ ထျန်ရှန်းသည် ကောင်းကင်ဝံပုလွေတောင်ကြား၏ တောင်ကြားသခင်ဖြစ်တော့ရော ဘာအရေးနည်း။ ချီကွေ့သည်လည်း အားဟန်ကျောင်းတော်လူငယ်မျိုးဆက်၏ ထိပ်တန်းပညာရှင်တစ်ဦး ဖြစ်နေလျှင်ရော ဘာအရေးနည်း။ သူတို့နှစ်ဦးစလုံးသည် သူတို့ရှေ့တွင်ရှိနေသည့်လူများ ဘာတွေပြောလို့ ပြောနေမှန်းကိုပင် နားမလည်နိုင်ကြ။

ရန်ကိုင်က နှာခေါင်းရှုံ့လိုက်လေသည်။ “ဒီပတ်ပတ်လည်က ဟင်းလင်းပြင်တစ်ခုလုံးက ပိတ်လှောင်ထားခံရတာ… ဒါပေမယ့် အစီအရင်တစ်ခုကို ခင်းကျင်းထားတဲ့ ဘာသဲလွန်စကိုမှ ကျုပ်မတွေ့ဘူး… မရဏဂိုဏ်းကလည်း အဲ့လိုမလုပ်နိုင်သလို ဗြဟ္မာ့ကုန်းမြေကလည်း အဲ့လိုမလုပ်နိုင်ဘူး… ဝူဟန်ကလည်း အဲ့လိုလုပ်နိုင်လောက်တဲ့ထိ အားမကောင်းသေးဘူး… ဒီတော့ သေချာစဉ်းစားကြည့်လိုက်မယ်ဆိုရင် အခုလိုမျိုးလုပ်နိုင်တာ ခင်ဗျားတစ်ယောက်ပဲရှိတော့တာလေ…”

ရန်ကိုင်ပတ်ပတ်လည်ရှိ ဟင်းလင်းပြင်မှာ ပိတ်လှောင်ထားခံရလေသည်။ ရန်ကိုင်အနေဖြင့် လေဟာနယ်နိယာမကိုထိန်းချုပ်၍ သူ၏တိုက်ခိုက်ရေးပညာရပ်များကို အသုံးပြုနိုင်သေးပါသော်ငြား တည်နေရာခုန်ကူးသည့်ပညာရပ်ကိုမူ အသုံးမပြုနိုင်တော့ပေ။ သာမန်လူတစ်ဦးသည် ဟင်းလင်းပြင်တစ်ခုလုံးအား ပိတ်လှောင်ပစ်နိုင်လိမ့်မည်မဟုတ်ပေ။ ဝူဟန် ဤနေရာတွင် ရုတ်တရက်ပေါ်လာသည်ကို မြင်ပြီးသည့်နောက် ဤလူသည်လည်း ဤနေရာသို့ ရောက်နေရလိမ့်မည်မှန်း ရန်ကိုင်ခန့်မှန်းမိသွားခဲ့သည်။ တကယ်တော့ ဝူဟန်နှင့် ခရမ်းရောင်ဝတ်ရုံဝတ်လူမှာ တစ်မျိုးတစ်ဖုံ ပတ်သက်နေကြသည်မဟုတ်ပေလော။

ဝူဟန်နှင့်သူ့ကြားရှိ ရန်ငြိုးရန်စများနှင့် ယှဉ်လိုက်သော် ရန်ကိုင်မှာ ခရမ်းရောင်ဝတ်ရုံဝတ်လူကို ပို၍လန့်မိပေသည်။ အကြောင်းမှာ ခရမ်းရောင်ဝတ်ရုံဝတ်လူသည် ရန်ကိုင်၏လောကဓာတ်လုံးနှင့် တောင်နဲ့မြစ်ခေါင်းလောင်းကို လိုချင်နေသည့်အတွက်ကြောင့်ပင်။ ယခင်တစ်ကြိမ်က ယန်ယန်၏ကာကွယ်ပေးမှုကြောင့်ဖြစ်သလို အဆင့်နိမ့်ကြယ်စီရင်စုထဲတွင် ရှိနေသည့်အတွက်ကြောင့် ခရမ်းရောင်ဝတ်ရုံဝတ်လူမှာ ရွေးချယ်စရာမရှိဘဲ ပြန်ဆုတ်သွားခဲ့ရသည်။ ယခု ကြယ်တာရာအစုအဝေးဆီသို့ ရောက်လာပြီဖြစ်လေရာ ဤလူသည် ဤအခွင့်အရေးကို လုံးဝ လက်လွတ်ခံတော့လိမ့်မည်မဟုတ်ပေ။

ရန်ကိုင် လှည့်ပတ်ကြည့်နေသည်ကိုမြင်သော် ခရမ်းရောင်ဝတ်ရုံဝတ်လူက ပြောလိုက်သည်။ “လိုက်ရှာမနေနဲ့… ယန်ယန် ဒီမှာမရှိဘူး… ဒီတော့ သူ မင်းကို ကာကွယ်ပေးနိုင်မှာမဟုတ်ဘူး…”

ထိုစကားကိုကြားသော် ရန်ကိုင်က အော်ရယ်မောလျက် “ခင်ဗျား နားလည်မှုလွဲနေပြီ… ကျုပ် ယန်ယန်ကို ရှာနေတာမဟုတ်ဘူး… ခင်ဗျား ဒီဟင်းလင်းပြင်ကို ဘယ်လိုပိတ်လှောင်ပစ်လိုက်လဲဆိုတာကို လိုက်ပြီး ကြည့်နေတာ…”

“မင်းသိချင်တာလား…” ခရမ်းရောင်ဝတ်ရုံဝတ်လူက ရန်ကိုင်အား စိုက်ကြည့်လိုက်သည်။

“ခင်ဗျား ပြောပြမှာမို့လို့လား…”

“ကြည့်ရတာ ငါတို့ စကားကောင်းကောင်း ပြောလို့ရမယ့်ပုံပဲ…”

“ခင်ဗျား ဘာတွေပြောချင်နေတာလဲ… ကျုပ်ကတော့ ဒီမှာ စကားပြောစရာ သိပ်မရှိဘူးလို့ ထင်တာပဲ…”

“ငါတို့နှစ်ယောက်စလုံးမှာ ကိုယ်လိုချင်တာတွေ အသီးသီးရှိနေကြတာလေ… ဒီတော့ ငါတို့ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ စကားကောင်းကောင်းပြောလို့ရတာပေါ့…”

ထိုစကားကိုကြားသော် ရန်ကိုင်သည် ပြုံး၍ သူ့လက်နှစ်ဖက်ကို ပွတ်သပ်လိုက်သည်။ ထို့နောက် လောကဓာတ်လုံး သူ့လက်ထဲပေါ်လာခဲ့ပြီး ပြောလိုက်လေ၏။ “ခင်ဗျား ဒါကို လိုချင်နေတာလား…”

ခရမ်းရောင်ဝတ်ရုံဝတ်လူ မျက်လုံးမှေးစင်းသွားခဲ့ပြီး ရန်ကိုင်လက်ထဲရှိ လောကဓာတ်လုံးကို မမှိတ်မသုန် စိုက်ကြည့်လိုက်သည်။

ထိုစဉ် ရန်ကိုင်သည် လောကဓာတ်လုံးကို ပြန်သိမ်း၍ ခေါင်းတခါခါဖြင့် ပြောလိုက်သည်။ “ခင်ဗျားကို စိတ်ပျက်မိသွားစေမလားတော့ မသိပေမယ့် ရှင်းရှင်းပြောရလို့ရှိရင် ဒါက လေဟာနယ်တာအိုကို ကျွမ်းကျင်ထားတဲ့ လူတွေလက်ထဲမှာပဲ အသုံးဝင်တာ… ကျုပ် ဒါကို ခင်ဗျားဆီပေးလိုက်မယ်ဆိုရင်တောင် ခင်ဗျား သုံးနိုင်မှာမဟုတ်ဘူး…”

ထိုအကြောင်းကြောင့်သာလျှင် ယန်ယန်မှာ လောကဓာတ်လုံးကို ရန်ကိုင်ဆီသို့ ပေးခဲ့လိုက်ခြင်း ဖြစ်ပေသည်။ ဤအရာသည် ပိုင်ရှင်အား လောကစွမ်းအားကို နားလည်နိုင်အောင် ကူညီပေးနိုင်ပေသည်။ ထိုအကြောင်းကြောင့် ယန်ယန်သည်သာ ဤအရာကို အသုံးပြုနိုင်မည်ဆိုလျှင် ရန်ကိုင်ကိုပေးမနေဘဲ သူမဘာသာသူမ သိမ်းထားပေလိမ့်မည်။

ထိုသို့ပင်ဖြစ်လင့်ကစား ဤအရာသည် ယန်ယန်နှင့် ရန်ကိုင်ရှေ့တွင်ရှိနေသော ခရမ်းရောင်ဝတ်ရုံဝတ်လူအတွက် အသုံးဝင်နေပေသေးသည်။ နှစ်ဦးစလုံးမှာ ထိပ်တန်းပညာရှင်များ ဖြစ်ကြသည့်အလျောက် သူတို့သည်သာ လောကဓာတ်လုံးကို လေ့လာနိုင်မည်ဆိုလျှင် လောကစွမ်းအားနှင့်ပတ်သက်သည့် တစ်ခုခုအား နားလည်သွားကောင်း နားလည်သွားနိုင်ပေသည်။

ထိုအကြောင်းကြောင့် ခရမ်းရောင်ဝတ်ရုံဝတ်လူမှာ သံကို ပူတုန်းထုရန် ဆုံးဖြတ်လိုက်လေသည်။ “ယန်ယန်နဲ့ငါက အသိအကျွမ်းတွေပဲ… ဒီလောက်ကြီးရင်းနှီးတဲ့မိတ်ဆွေတွေမဟုတ်ပေမယ့် အချင်းချင်းမတည့်ကြတဲ့လူတွေလည်း မဟုတ်ဘူး… သူ့မျက်နှာကိုထောက်ထားပြီးတော့ ငါ မင်းကို မမျှမတမဆက်ဆံချင်ဘူး… မင်းတောင်းဆိုချင်တဲ့အရာကိုပြောလိုက်… ငါလက်သင့်ခံနိုင်တဲ့ဘောင်အတွင်းကဆိုရင် ကျိန်းသေ ငြင်းမှာမဟုတ်ဘူး…”

ထိုစကားကိုကြားသော် ဝူဟန် ပျာယာခတ်သွားခဲ့ပြီး အလန့်တကြား ဆိုလိုက်လေသည်။ “ဆရာ…”

ခရမ်းရောင်ဝတ်ရုံဝတ်လူမှာ ရန်ကိုင်အပေါ် အလွန်ကိုမှ ရက်ရောနေသည့်အပေါ် ဝူဟန်စိတ်ထဲ ဒေါသထွက်မိသည်။ မည်သို့ပင်ဖြစ်နေစေကာမူ ယခုအခိုက်အတန့်တွင် သူတို့ဘက်မှ အသာရနေသည် မဟုတ်ပေလော။ ထိုသို့ဖြစ်လေရာ ဘာကြောင့်များ ရန်ကိုင်အား ဖိအားမပေးဘဲ ယခုကဲ့သို့ အလျှော့ပေးကာ ပြောနေရလေသနည်း။ ရန်ကိုင်ဘက်မှသာ လွန်လွန်ကျူးကျူး တောင်းဆိုလာခဲ့မည်ဆိုလျှင် မည်ကဲ့သို့များ လုပ်ပါမည်နည်း။

ဝူဟန်စိတ်ထဲ ထိုကိစ္စနှင့်ပတ်သက်၍ နားမလည်နိုင်ဖြစ်နေသလို ထျန်ရှန်းနှင့်အခြားမတူအံ့အားသင့်နေကြသည်။

ဤသည်မှာ မဟာဧကရာဇ်တစ်ပိုင်းအဆင့် ပညာရှင်တစ်ဦး၏ ကတိစကားဖြစ်ပေသည်။ ရန်ကိုင်သည်သာ ခေါင်းညိတ်လိုက်မည်ဆိုလျှင် ထိုကဲ့သို့ အားကောင်းလှသည့် ပညာရှင်တစ်ဦး၏ အထောက်အပံ့ကို ရရှိပေလိမ့်မည်။ ရန်ကိုင်လက်ထဲရှိဓာတ်လုံးမှာ မည်ကဲ့သို့သော အရာမျိုး ဖြစ်သလဲ။ မဟာဧကရာဇ်တစ်ပိုင်းသည် ထိုအရာကို ဘာကြောင့်များ ဤမျှ အသည်းအသန် လိုချင်နေသလဲဆိုသည်ကို သူတို့မသိပါသော်ငြား သူတို့သည်သာ ရန်ကိုင်နေရာတွင်သာဆိုပါက ချက်ချင်း ခေါင်းညိတ်သဘောတူမိလိုက်ပေလိမ့်မည်။

မဟာဧကရာဇ်တစ်ပိုင်းကဲ့သို့သော အားကောင်းလှသည့် ပညာရှင်တစ်ဦး၏ အကာအကွယ်ကို ရရှိထားမည်ဖြစ်လေရာ ရန်ကိုင်အနေဖြင့် ကြယ်တာရာအစုအဝေးထဲ ခေါင်းမော့ရင်ကော့ လမ်းလျှောက်နိုင်လေပြီ။ မည်သူမျှ သူ့အား ရန်စရဲလိမ့်မည်မဟုတ်။

လန်ဟဲသည်ပင်လျှင် ရန်ကိုင် ထိုကမ်းလှမ်းချက်ကို သဘောတူလိုက်ပါစေဟု ကြိတ်ကာ မျှော်လင့်နေမိလေသည်. တကယ်တော့ ရန်ကိုင်၏အသက်သည် အဖိုးတန်ရတနာတစ်ခုထက် ပို၍ အရေးကြီးသည် မဟုတ်ပေလော။

“ခင်ဗျား တကယ်ပြောနေတာလား…” ရန်ကိုင်သည် ခရမ်းရောင်ဝတ်ရုံဝတ်လူအား ယဲ့ယဲ့လေးပြုံးကြည့်ရင်းမှ မေးလိုက်သည်။ “ခင်ဗျား ဒီလောက်ထိသဘောကောင်းနေမယ်လို့ ကျုပ်မထင်ထားဘူး…”

ခရမ်းရောင်ဝတ်ရုံဝတ်လူက ပြန်ပြောလိုက်သည်။ “မင်းနဲ့ ဒီဘုရင် အခုမှ နှစ်ကြိမ်ပဲ တွေ့ဖူးသေးတာလေ… အဲ့ဒါကို မင်းက ဒီဘုရင်အကြောင်းကို ဘယ်လိုလုပ်ပြီး သေချာသိမှာလဲ…”

ရန်ကိုင်က ခေါင်းညိတ်လိုက်သည်။ “ဟုတ်တယ်နော်…” ထို့နောက် ရုတ်တရက် ရန်ကိုင်သည် ဝူဟန်ကို လက်ညှိုးထိုး၍ “ကျုပ် တစ်စပြင်ကန္တရကြယ်စီရင်စုကြီးကို လိုချင်တယ်ဆိုရင်ရော…”

ထိုစကားကိုကြားသော် ဝူဟန်က ထအော်လေသည်။ “ခွေးသူတောင်းစား… မင်း ကိုယ့်အကြောင်းကိုယ်သိနော်… မဟုတ်တရုတ်တွေ လာတောင်းဆိုမနေနဲ့… မင်းကိုယ်မင်း ဘယ်သူထင်နေတာလဲ… မင်းကများ…”

သူ့စကားကို ဆုံးအောင်မပြောနိုင်သေးခင်မှာပင် ခရမ်းရောင်ဝတ်ရုံဝတ်လူက ရုတ်တရက် ကောက်တားလိုက်သည်။ “အဲ့ဒါကိုပေးဖို့က နည်းနည်းခက်တယ်ဆိုပေမယ့် ငါ မင်းရဲ့ဆန္ဒကို ဖြည့်ဆည်းပေးလို့ရတယ်…”

ဝူဟန် ပါးစပ်အဟောင်းသားဖြစ်သွားခဲ့ပြီး ခရမ်းရောင်ဝတ်ရုံဝတ်လူအား ငေးကြောင်ကြောင်အမူအယာဖြင့် လှမ်းကြည့်လိုက်လေသည်။ သူကြားလိုက်သည့်စကားအပေါ် အလွန်ကိုမှ မယုံကြည်နိုင်ဖြစ်နေလေသည်။

(ဘာ… သူသဘောတူလိုက်တာ… ဒီလိုတောင်းဆိုမှုမျိုးကို ဘယ်လိုလုပ်ပြီး သဘောတူနိုင်ရတာလဲ…)

ထိတ်လန့်နေရာမှာ အသိပြန်ဝင်လာပြီးသည့်နောက်တွင် ရန်ကိုင်လက်ထဲရှိ ဓာတ်လုံးအား ခရမ်းရောင်ဝတ်ရုံဝတ်လူ မည်မျှလိုချင်နေသလဲဆိုသည်ကို ဝူဟန် သဘောပေါက်သွားခဲ့ပြီး သူ့ရင်ထဲ စတင်၍ ကြောက်ရွံ့လာမိတော့လေသည်။ ခရမ်းရောင်ဝတ်ရုံဝတ်လူမှာ ထိုကဲ့သို့သောတောင်းဆိုမှုမျိုးကိုပင်လျှင် သဘောတူနိုင်လေရာ ထိုဓာတ်လုံးမှာ သူ့အတွက် မည်မျှအရေးပါကြောင်းကို ပြသနေခဲ့သည်။

ဝူဟန်မှာ စတင်၍ ထိတ်လန့်လာတော့သည်။ ခရမ်းရောင်ဝတ်ရုံဝတ်လူသည်သာ ရန်ကိုင်၏တောင်းဆိုချက်ကို တကယ်ကြီးသဘောတူလိုက်မည်ဆိုလျှင် သူ၏ကြယ်စီရင်စုအမြုတေကို ရန်ကိုင်ဆီသို့ ပေးအပ်လိုက်ရပေလိမ့်မည်။ ကြယ်စီရင်စုအမြုတေသာ မရှိတော့လျှင် ဝူဟန်သည် သာမန်ဧကရာဇ်တတိယအဆင့်ပညာရှင်တစ်ဦးသာ ဖြစ်သွားပေတော့မည်။ သူ့အနာဂတ်သည်လည်း ဝိုးတိုးဝါးတား ဖြစ်လာရပေလိမ့်မည်။ ထို့အတွက်ကြောင့် ဝူဟန်မှာ သွေးဆုတ်ဖြူလျော်နေသည့်မျက်နှာဖြင့် ရန်ကိုင်အား ဒေါမာန်တကြီး စိုက်ကြည့်လာတော့သည်။

ဝူဟန်မှာ ခရမ်းရောင်ဝတ်ရုံဝတ်လူကို သွားမမုန်းရဲခဲ့ပေ။ ထို့အတွက်ကြောင့် သူ့ဒေါသကို ရန်ကိုင်ဆီသို့သာ လှည့်လိုက်တော့လေသည်။ တစ်ချိန်တည်းတွင်လည်း သူ့ဆုံးဖြတ်ချက်နှင့်ပတ်သက်၍ နောင်တရနေမိသည်။ နောက်ဆုံးရလဒ်သည် ယခုကဲ့သို့ ဖြစ်မည်မှန်းသာ ကြိုသိခဲ့မည်ဆိုလျှင် ရန်ကိုင်ကို လာပြဿနာမရှာခဲ့ပေ။ တကယ်တော့ ရန်ကိုင်အား ပြဿနာရှာခြင်းသည် ကိုယ်ခြေထောက်ပေါ် ကျောက်တုံးကို ပစ်ပစ်ချနေခြင်းပင် မဟုတ်လေလော။ လက်ရှိအခိုက်အတန့််တွင် ဝူဟန်မှာ သူ့လုပ်ရပ်နှင့်ပတ်သက်၍ အမှန်တကယ်ကို နောင်တရနေမိသည်။ သို့သော်ငြား နောင်တအတွက် ဆေးရှိမနေခဲ့ပေ။

ဝူဟန်အပြင် ရန်ကိုင်သည်လည်း ကြောင်နေခဲ့သည်။ ခရမ်းရောင်ဝတ်ရုံဝတ်လူမှာ ဤကဲ့သို့သော တောင်းဆိုမှုမျိုးကိုပင်လျှင် သဘောတူလိမ့်မည်ဟု မထင်ထားခဲ့ပေ။

ထို့နောက်တွင် ရန်ကိုင်က အေးစက်စက်အမူအယာဖြင့် ထပ်၍စမ်းသပ်လိုက်သည်။ “သူ့ကို သေစေချင်တယ်ဆိုရင်ရော…”

ဒွိဟဖြစ်နေသည့်ဝူဟန်မှာ ထိုစကားကိုကြားသော် ပျာယာခတ်သွားတော့သည်။ နှုတ်ခမ်းကိုတင်းတင်းစေ့ထားရင်းမှ ရန်ကိုင်ကိုကြည့်လိုက် ခရမ်းရောင်ဝတ်ရုံဝတ်လူကို ကြည့်လိုက် လုပ်နေခဲ့လေသည်။ တစ်ချိန်တည်းတွင်လည်း အချိန်မရွေး ထွက်ပြေးနိုင်ရန်အတွက် ဧကရာဇ်ချီကို လှည့်ပတ်ထားလေ၏။ ခရမ်းရောင်ဝတ်ရုံဝတ်လူသည်သာ ရန်ကိုင်၏တောင်းဆိုချက်ကို သဘောတူလိုက်မည်ဆိုလျှင် သူသာထွက်မပြေးပါက သေရမည်ကို ထိုင်စောင့်နေသလို ဖြစ်သွားပေလိမ့်မည်။

ကံကောင်းစွာဖြင့် ရန်ကိုင်၏အမေးကို ကြားပြီးသည့်နောက်တွင် ခရမ်းရောင်ဝတ်ရုံဝတ်လူက မျက်မှောင်ကျုံ့၍ ခေါင်းခါလိုက်သည်။ “အဲ့ဒါကိုတော့ ငါမဖြည့်ဆည်းပေးနိုင်ဘူး… သူကလည်း ကြယ်တာရာရုံးတော်ကပဲ… အခြားတစ်ယောက်နဲ့ပြဿနာတက်ပြီးတော့ သူသေသွားရင် ကိစ္စမရှိဘူး… ဒါပေမယ့် ဒီဘုရင်ကိုယ်တိုင်ကတော့ အကြောင်းအရင်းမရှိဘဲ သူ့ကိုသွားသတ်လို့ အဆင်မပြေဘူး… မဟုတ်ရင် မဟာဧကရာဇ်တွေ ငါ့ကို အလွတ်ပေးမှာမဟုတ်ဘူး…”

(ကြယ်တာရာရုံးတော်…) ထိုစကားကိုကြားသော် ထျန်ရှန်း၊ ချီကွေ့နှင့် အခြားသူများမှာ ထိတ်လန့်မှုကြောင့် စတင်၍ တုန်တုန်ရီရီ ဖြစ်လာခဲ့လေသည်။ ယခုမှသာလျှင် ထိုအားကောင်းလှသည့်ပညာရှင်များ မည်သည့်နေရာမှ ရောက်လာရသလဲဆိုသည်ကို သူတို့ နားလည်သွားတော့သည်။ ထိုလူများသည် ကြယ်တာရာအစုအဝေး၏ အဆန်းကြယ်ဆုံးနှင့် အားအကောင်းဆုံးဟု နာမည်ကျော်ကြားနေသည့် ကြယ်တာရာရုံးတော်မှ ဖြစ်သည်ကိုး။

“ကျုပ်နားလည်ပြီ…” ရန်ကိုင် ခေါင်းညိတ်လိုက်လေသည်။

“မင်း ဘာနားလည်တာလဲ…” ခရမ်းရောင်ဝတ်ရုံဝတ်လူက မျက်မှောင်ကျုံ့၍ ပြန်မေးလိုက်လေသည်။

ရန်ကိုင်က ပြန်၍ပြောလိုက်သည်။ “ခင်ဗျားလည်း လေဟာနယ်တာအိုကို နည်းနည်းပါးပါး နားလည်ထားတယ်မလား…”

ခရမ်းရောင်ဝတ်ရုံဝတ်လူက မျက်ခုံးပင့်၍ ပြန်မေးလိုက်သည်။ “မင်း ဘာလို့ အဲ့လိုမျိုးထင်တာလဲ…”

ရန်ကိုင်က ပြုံး၍ ပြန်ပြောလိုက်သည်။ “ကျုပ် ခင်ဗျားကို ပြောပြီးသွားပြီလေ… ဒီဓာတ်လုံးကို လေဟာနယ်တာအိုကို ကျွမ်းကျင်ထားတဲ့လူတွေပဲ သုံးနိုင်တာ… ဒါပေမယ့် ခင်ဗျားက ဒီဓာတ်လုံးကို မရရအောင် ယူချင်နေတယ်… ပြီးတော့ ကျုပ်ဘက်က အခုလိုမျိုး လွန်လွန်ကဲကဲ တောင်းဆိုနေတာတောင် ခင်ဗျားက သဘောတူတယ်… အဲ့အချက်ကိုကြည့်လို့ရှိရင် ခင်ဗျား ကျုပ်ဓာတ်လုံးကို အသည်းအသန်လိုချင်နေတာ အသိသာကြီးပဲ… အဲ့လိုဆိုမှတော့ ခင်ဗျားမှာ ဒီဓာတ်လုံးကို အသုံးပြုနိုင်မယ့်နည်းလမ်း ရှိနေလို့ပဲ နေမှာပေါ့… အဲ့ဒါကြောင့်ပဲ ခင်ဗျား လေဟာနယ်တာအိုကို တတ်ထားရမယ်လို့ ကျုပ်ယူဆလိုက်တာ…”

တစ်ချိန်တည်းတွင်လည်း ရန်ကိုင်စိတ်ထဲ စိတ်ဓာတ်ကျချင်သလို ဖြစ်သွားခဲ့လေသည်။ ဤလောကကြီးထဲ လေဟာနယ်တာအိုကို ကျွမ်းကျင်ထားသည့်သူ အနည်းငယ်သာ ရှိလိမ့်မည်ဟု ထင်ခဲ့သည်။ သို့သော်ငြား လတ်တလောအတွင်း လေဟာနယ်တာအိုကို ကျွမ်းကျင်ထားသည့် လူနှစ်ဦးနှင့် လာတိုးခဲ့သည်။ တစ်ဦးမှာ ရှန်းယုကျုဖြစ်ပြီး အခြားတစ်ဦးမှာတော့ ခရမ်းရောင်ဝတ်ရုံဝတ်လူ ဖြစ်နေခဲ့လေသည်။

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၃၃၁၂)

ဘာသာပြန်သူ_တိမ်တိုက်

ခရမ်းရောင်ဝတ်ရုံဝတ်လူက ခေါင်းညိတ်လျက်... "မင်းရဲ့ သုံးသပ်နိုင်စွမ်းကိုတော့ ငါတကယ် အထင်ကြီးမိသွားပြီ"

ရန်ကိုင်က ပြုံးလျက်... "အခုလို ချီးကျူးပေးတာ ကျေးဇူးပဲ၊ ဒါပေမဲ့ ခင်ဗျား လေဟာနယ်တာအိုကို ကျွမ်းကျင်တဲ့အဆင့်အထိ ရောက်နေမယ်လို့တော့ ကျုပ်မထင်ဘူး၊ အများဆုံးမှ တတ်ရုံလေးလောက်ပဲ တတ်ထားမှာ"

"မင်းဘယ်လိုသိတာလဲ" ခရမ်းရောင်ဝတ်ရုံဝတ်လူ အနည်းငယ် အံ့အားသင့်သွားခဲ့သည်။ ရန်ကိုင် ပြောသကဲ့သို့ပင် သူသည် လေဟာနယ်တာအိုကို ကျင့်ကြံထားသည်။ သို့သော်ငြား တတ်ရုံလေးသာ တတ်ထားခြင်း ဖြစ်လေ၏။ ရှင်းရှင်းပြောရသော် လေဟာနယ်နိယာမ၏ အခြေခံလောက်ကို သိထားပါသော်ငြား ကျွမ်းကျင်ဖို့ရာတော့ အဝေးကြီး လို‌ပေသေးသည်။ သူ ပါရမီမပါခြင်း မဟုတ်။ သူကိုယ်တိုင်သည် မဟာဧကရာဇ်တစ်ပါးဖြစ်သည့်အတွက်ကြောင့် သူ၏ အရည်အချင်းမှာ နိမ့်ကျစရာ အကြောင်းမရှိပေ။ သို့သော်ငြား လေဟာနယ်တာအိုသည် လေ့လာရလွယ်ကူသည့် တာအိုမျိုး မဟုတ်။ လေဟာနယ်တာအိုကို ကျင့်ကြံဖို့ရာ ထိုမျှလွယ်ကူနေမည်ဆိုပါက ရှန်းယုကျုအနေဖြင့် ဟင်းလင်းပြင်အက်ကြောင်းထဲတွင် နှစ်ပေါင်းများစွာ ပိတ်မိနေခဲ့ရလိမ့်မည် မဟုတ်ပေ။ သို့သော်ငြား ထိုနေရာ၌ နှစ်ပေါင်းများစွာ ပိတ်မိနေပြီးသည့်တိုင် လေဟာနယ်တာအိုကို အခြေခံလောက်သာ နားလည်ခဲ့သည်ကိုကြည့်လျှင် လေဟာနယ်တာအိုကို နားလည်ဖို့ရာ မည်မျှခက်ခဲကြောင်း မြင်တွေ့နိုင်သည်။

"ခင်ဗျားသာ လေဟာနယ်နိယာမတွေကို တကယ်ကျွမ်းကျင်ထားမယ်ဆိုရင် ဒီနေရာကို ပြင်ပလောကကြီးကနေ သီးခြားခွဲထုတ်ပစ်ဖို့ ဒီလောက်တောင် အားစိုက်နေခဲ့ရမှာ မဟုတ်ဘူး၊ အဲဒီလိုမျိုးသာ ဖြစ်သွားခဲ့မယ်ဆိုရင် ကျုပ် ခင်ဗျားလက်ကနေလည်း လွတ်နိုင်တော့မှာ မဟုတ်ဘူး၊ ဒါပေမဲ့ ခင်ဗျားက အခုလိုမျိုးလုပ်ထားတယ်ဆိုမှတော့ ကျုပ်ရဲ့ လေဟာနယ်နိယာမတွေကို ဖိနှိပ်နိုင်မယ်လို့ ခင်ဗျား ယုံကြည်ချက်မရှိလို့ပဲပေါ့"

တစ်ခဏမျှ စဉ်းစားပြီးသည့်နောက်တွင် ခရမ်းရောင်ဝတ်ရုံဝတ်လူက ပြန်၍ပြောလိုက်သည်။ "မင်းက သေသေချာချာကို စဉ်းစားတတ်တာပဲ၊ ဒီတော့ မင်းအခု မှန်ကန်တဲ့ ဆုံးဖြတ်ချက်မျိုးချသင့်တယ်နော်၊ မင်းဘာပြောချင်လဲ"

ဤသည်မှာ ရန်ကိုင်မှ ချီဟိုင်နှင့် ချီကွေ့တို့အား မေးခဲ့သည့်မေးခွန်းမျိုး ဖြစ်ပေသည်။ သို့သော်ငြား မမျှော်လင့်ထားစွာပင် ခရမ်းရောင်ဝတ်ရုံဝတ်လူမှာ ဤကဲ့သို့သော မေးခွန်းကို ရန်ကိုင်အား ပြန်မေးလာခဲ့သည်။ ရန်ကိုင်မှ ထိုကဲ့သို့သောမေးခွန်းမျိုးကို မေးလိုက်သည့်အခါ ချီဟိုင်နှင့် ချီကွေ့တို့မှာ မှန်ကန်သည့် ဆုံးဖြတ်ချက်ကို ရွေးချယ်ခဲ့သည်။

ရန်ကိုင်က ပြုံးဖြီးလျက်... "ကျုပ်က ဘာပြောရမှာလဲ၊ ကျုပ်ပြောချင်တာကတော့"

ရုတ်တရက်ဆိုသလို ရန်ကိုင်၏ မျက်နှာ ခက်ထန်သွားခဲ့ပြီး... "လီးပဲ"

ထိုသို့ပြောပြီးသည့်နောက်တွင် ရန်ကိုင်သည် လေဟာနယ်နိယာမများကို ထိန်းချုပ်၍ ဧရာမ လဓားသွားတစ်စင်းကို ပစ်လွှတ်လိုက်လေသည်။ သို့ပင်ဖြစ်လင့်ကစား ရန်ကိုင်၏ ပစ်မှတ်မှာ ခရမ်းရောင်ဝတ်ရုံဝတ်လူ မဟုတ်ဘဲ ကျောက်တုံးကိုယ်ပွား၏ ပြိုင်ဘက်မဖြစ်သည့်အတွက်ကြောင့် အနောက်သို့ အဆက်မပြတ်ဆုတ်နေရသော ရှုချန်ဖုန်းသာ ဖြစ်လေသည်။

ရန်ကိုင်မှ ခရမ်းရောင်ဝတ်ရုံဝတ်လူနှင့် စကားပြောနေစဉ် ရှုချန်ဖုန်းမှာတော့ အသက်ပင် ကောင်းကောင်းမရှူရလောက်တော့သည့်အထိ ကျောက်တုံးကိုယ်ပွား၏ ဖိနှိပ်ခြင်း ခံနေခဲ့ရသည်။ ရှုချန်ဖုန်းမှာ အတော်လေးကိုမှ အားကောင်းလှပေသည်။ သို့သော်ငြား ကျောက်တုံးကိုယ်ပွားမှာ ရှီဟွော့၏ အမြုတေကို ဆက်ခံထားသလို ကျောက်တုံးဝိညာဉ်၏ ခန္ဓာကိုယ်ကိုလည်း ပိုင်ဆိုင်ထားခဲ့သည်။ ထိုသို့ဖြစ်လေရာ ရှုချန်ဖုန်းအနေဖြင့် ကျောက်တုံးကိုယ်ပွား၏ ပြိုင်ဘက်ဖြစ်နိုင်စရာ အကြောင်းမရှိပေ။ ရှုချန်ဖုန်းအနေဖြင့် ယခုအချိန်အထိ တောင့်ခံထားနိုင်ရခြင်းမှာ သူ၏ နက်ရှိုင်းလှသော အုတ်မြစ်ကြောင့်သာလျှင် ဖြစ်ပေသည်။ ရှုချန်ဖုန်းမှာ ခရမ်းရောင်ဝတ်ရုံဝတ်လူဆီမှလည်း အကူအညီလှမ်းတောင်းခွင့် မရခဲ့ပေ။ အကြောင်းမှာ ထိုသို့သာ လှမ်း၍ အကူအညီတောင်းလိုက်မည်ဆိုလျှင် တိုက်ပွဲအပေါ် အာရုံလွတ်၍ စောစောရှုံးနိမ့်သွားရနိုင်ပေသည်။

တစ်ချိန်တည်းတွင်လည်း ဝူဟန်း သူ့အား လာကူညီပါစေဟု မျှော်လင့်နေမိသည်။ သို့သော်ငြား ဝူဟန်းမှာ ရန်ကိုင်၏ အချိန်ကုန်လွန်ခြင်းစည်းတံဆိပ်၏ ထိမှန်ခြင်းခံရကာ အချိန်နိယာမ၏ တိုက်စားခြင်း ခံနေရသည်။ ထိုအပြင် ရန်ကိုင်၏ လွန်လွန်ကျူးကျူး တောင်းဆိုချက်များကို ကြားပြီးသည့်နောက် ဝူဟန်းမှာ အခြားမည်သည့်အရေးပေါ်မျှ အာရုံမစိုက်နိုင်တော့လေရာ ရှုချန်ဖုန်းကိုလည်း ကယ်ဖို့ရာ မစဉ်းစားမိတော့ပေ။

ထိုအကြောင်းအားလုံးကို စဉ်းစားမိသွားသော် ရှုချန်ဖုန်းမှာ သွေးပင်အန်လုမတတ် ဖြစ်သွားခဲ့ရသည်။

ထိုကဲ့သို့ အလွန်ကိုမှ ကျဉ်းကျပ်သည့် အခြေအနေမျိုးနှင့် ရင်ဆိုင်နေရစဉ် ရန်ကိုင်၏ လဓားသွား သူတည့်တည့်ဆီသို့ ပျံသန်းလာနေသည်ကို မြင်လိုက်ရလေသည်။

ထိုအချင်းအရာကို မြင်လိုက်သော် ရှုချန်ဖုန်း ကြိတ်ကာ ကျိန်ဆဲတော့လေသည်။ သူ၏ ဓားသွားထဲသို့ သူ၏ ဧကရာဇ်ချီကို ထည့်သွင်းရင်းမှ ရှိသမျှစွမ်းအားကို သုံး၍ တိုးဝင်လာနေသည့် လဓားသွားကို ကာကွယ်တားဆီးလိုက်သည်။ သို့သော်ငြား လဓားသွားအပေါ် အာရုံစိုက်နေချိန် ကျောက်တုံးကိုယ်ပွား၏ လက်သီးမှာ သူ့ဆီသို့ တိုးဝင်လာလေ၏။

[ငါတော့သွားပြီ] ဤသည်မှာ ရှုချန်ဖုန်း၏ စိတ်ထဲ နောက်ဆုံးပေါ်လာသည့် အတွေးဖြစ်ပေသည်။ သို့ပင်ဖြစ်လင့်ကစား အလကားသက်သက် အငြိမ်မခံလိုလေရာ သူ့ရင်ဘတ်ကို ဧကရာဇ်ချီဖြင့် အတတ်နိုင်ဆုံး ကာကွယ်ထားလိုက်သည်။ ထို့နောက်တွင်တော့ ကျောက်တုံးကိုယ်ပွား၏ လက်သီးမှာ သူ့ရင်ဘတ်တည့်တည့်အား လာရောက်ထိမှန်တော့လေ၏။

ဘုန်းခနဲမြည်သံနှင့်အတူ ရှုချန်ဖုန်း၏ ဧကရာဇ်ချီအကာအကွယ် ပျက်စီးသွားခဲ့ပြီး အရိုးများ ကျိုးကြေကုန်လေသည်။ မျက်လုံးနှစ်လုံးမှာလည်း အပြင်ဘက်သို့ ကျွတ်ထွက်တော့မည့်အလား ပြူးကျယ်ထွက်သွားခဲ့ပြီး ရှုချန်ဖုန်းသည်လည်း သွေးအပွက်ပွက်ကို အန်ထွက်တော့လေ၏။ ထို့နောက်တွင် ကျိုးပျက်သွားသည့် စွန်တစ်စင်းပမာ မီတာတစ်ထောင်ကျော်အကွာသို့ လွင့်စင်ထွက်သွားခဲ့ပြီးသည့်နောက် ဘုတ်ခနဲမြည်သံနှင့်အတူ မြေပြင်ပေါ်သို့ ပြုတ်ကျသွားခဲ့သည်။ ရှုချန်ဖုန်း သေလားရှင်သလားဆိုသည်ကိုမူ မည်သူမျှ မသိကြပေ။

ထိုရုတ်တရက် အလှည့်အပြောင်းသည် လူတိုင်း၏ ကျောရိုးတစ်လျှောက်ကို စိမ့်တက်သွားစေခဲ့လေသည်။

ယနေ့တွင် အရှေ့ဘက်နယ်မြေမှ ဧကရာဇ်တတိယအဆင့်ပညာရှင် နှစ်ဦး၏ ကျဆုံးခန်းကို ထျန်ရှန်းနှင့် အခြားသူများ မြင်တွေ့ခဲ့ရသည်။ တစ်ဦးမှာ တောင်နှင့်မြစ်ခေါင်းလောင်းထဲ ပိတ်မိနေပြီး ကျန်တစ်ဦးမှာတော့ ရှီဟွော့၏ လက်ချက်ကြောင့် သတိလစ်သွားခဲ့လေပြီ။ ဖုပိုမှာ အသက်ရှင်ကောင်း ရှင်နေသေးပါသော်ငြား ရှုချန်ဖုန်း အသက်ရှင်သေးလား မရှင်သေးလားဆိုသည်မှာတော့ ပြောရခက်သွားလေပြီ။

ကျောက်တုံးကိုယ်ပွားမှ ရှုချန်ဖုန်းအား အနိုင်ယူပြီးသည်နှင့် တစ်ပြိုင်နက် ရန်ကိုင်မှ လက်ကွက်တစ်ခုကို အလျင်စလိုထုတ်ဖော်လိုက်သည်။ ချက်ချင်းဆိုသလို ကျယ်လောင်သည့် ခေါင်းလောင်းသံနှင့်အတူ တောင်နှင့်မြစ်ခေါင်းလောင်းဆီမှ အရာအားလုံးကို ဖိနှိပ်ပစ်နိုင်သော ရှေးကျသည့် အရှိန်အဝါတစ်ခု ဖြာထွက်လာခဲ့လေသည်။ မိုင်ပေါင်းများစွာအကွာတွင် ရှိနေကြသော ကောင်းကင်ဝံပုလွေ‌တောင်ကြားမှ လူများသည်ပင်လျှင် ထိုဖိအားအောက်ဝယ် တုန်တုန်ယင်ယင် ဖြစ်စေမိသွားသည်။

ထို့နောက်တွင် တောင်နှင့်မြစ်ခေါင်းလောင်းသည် ကောင်းကင်ပေါ်သို့ ပြန်တက်လာခဲ့လေရာ ဖုပိုမှာလည်း လူလုံးပေါ်လာခဲ့လေသည်။ သို့သော်ငြား လက်ရှိအချိန်တွင်တော့ ဖုပို၏ ဒွါရခုနစ်ပေါက်မှ သွေးများစီးထွက်နေခဲ့ပြီး သူ့မျက်နှာမှာလည်း စက္ကူဖြူတစ်ရွက်ပမာ ဖြူရော်နေခဲ့သည်။ သူတစ်ကိုယ်လုံးမှာလည်း နတ်ပူးနေသည့်ပမာ တဆတ်ဆတ်ကို တုန်ယင်နေလေသည်။

တောင်နှင့်မြစ်ခေါင်းလောင်း အောက်ထဲ အဖုံးခံလိုက်ရရုံဖြင့် ဖုပို ဤကဲ့သို့အဖြစ်မျိုးနှင့် ကြုံရလိမ့်မည် မဟုတ်ပေ။ သို့သော်ငြား ရန်ကိုင်မှာ အားကောင်းသည့် ရန်သူတစ်ဦးနှင့် ရင်ဆိုင်ရတော့မည်ဖြစ်သည့်အတွက်ကြောင့် သူ၏ ဝှက်ဖဲအားလုံးကို ထုတ်သုံးလိုပေသည်။ ထိုအကြောင်းကြောင့်ပင်လျှင် ဖုပိုအား အရင်ဦးစွာ ရှင်းပစ်ရန် စဉ်းစားခဲ့ခြင်း ဖြစ်လေသည်။ ခရမ်းရောင်ဝတ်ရုံဝတ်လူနှင့် ရင်ဆိုင်နေရင်းမှ ဖုပိုကိုပါ ထပ်မံရင်ဆိုင်ရမည်ဆိုလျှင် အတော်လေးကိုမှ စိတ်ရှုပ်စရာကောင်းပေလိမ့်မည်။

ဖုပို ယခုကဲ့သို့အဖြစ်မျိုး ရောက်သွားရခြင်းမှာ ရန်ကိုင်မှ တောင်နှင့်မြစ်ခေါင်းလောင်း၏ စွမ်းအားအကုန်အစင်ကို အသက်သွင်းလိုက်သည့်အတွက်ကြောင့်ပင် ဖြစ်လေသည်။ ဤတိုက်ကွက်ကြောင့် ဖုပို သေသေမသေသေကို ရန်ကိုင် ဂရုမစိုက်။ ရန်ကိုင် လိုချင်နေသည်မှာ ဖုပို သူတို့အကြားတိုက်ပွဲတွင် ဝင်မပါစေရန်သာ ဖြစ်လေသည်။

ယခုကဲ့သို့အခြေအနေကို ကြည့်ရသလောက် ဖုပိုအနေဖြင့် ရန်ကိုင်တို့၏ တိုက်ပွဲထဲ လုံးဝ ဝင်ပါနိုင်တော့လိမ့်မည် မဟုတ်ပေ။ ခေါင်းလောင်းကို ပြန်ယူပြီးသည်နှင့် တစ်ပြိုင်နက် ရန်ကိုင်သည် ခေါင်းလောင်းကို ခရမ်းရောင်ဝတ်ရုံဝတ်လူဆီသို့ ပစ်လွှတ်လိုက်လေသည်။ တစ်ချိန်တည်း၌ ရန်ကိုင်နှင့် ကျောက်တုံးကိုယ်ပွားသည် ခေါင်းလောင်းအနောက်မှ ခရမ်းရောင်ဝတ်ရုံဝတ်လူဆီသို့ ပြေးဝင်သွားကြလေ၏။

ဤကဲ့သို့သော ရန်သူမျိုးနှင့် ရင်ဆိုင်ရသည့်အခါတွင် ဘာမျှမလုပ်ဘဲ ရပ်စောင့်နေခြင်းသည် သေရမည့်အချိန်ကို ထိုင်စောင့်နေခြင်းသာ ဖြစ်လေသည်။ ယခုကဲ့သို့သော တိုက်ပွဲမျိုးကို အသာစီးရနိုင်ရန်အတွက် ဦးစွာတိုက်ခိုက်ရမည်ဖြစ်ကြောင်းကို ရန်ကိုင် သိထားပေသည်။

"မင်းကများ" ရန်ကိုင် သူ့အပေါ် ယခုကဲ့သို့ တိုက်ခိုက်လာရဲလိမ့်မည်ဟု မထင်ထားသည့်အလျောက် ခရမ်းရောင်ဝတ်ရုံဝတ်လူမှာ ကြောင်သွားခဲ့လေသည်။ [ငါတို့ခွန်အားကွာခြားချက်ကို ဒီကောင် နားမလည်တာလား]

ရန်ကိုင် သူ့အား အော်ဆဲသည့် ကိစ္စနှင့်ပင်လျှင် ခရမ်းရောင်ဝတ်ရုံဝတ်လူမှာ သိပ်မကျေနပ်တော့။ မည်သူမျှ သူ့အား ယခုကဲ့သို့ အော်မဆဲခဲ့ဖူးပေ။ သို့ပါသော်ငြား ရန်ကိုင်ကဲ့သို့သော ကောင်စုတ်လေးကမူ သူ့အား အော်ဆဲလာခဲ့သည်။

အော်ဟစ်ပြောဆိုလိုက်ပြီးသည့်နောက်တွင် ခရမ်းရောင်ဝတ်ရုံဝတ်လူသည် လက်ဝါးတစ်ချက် ရိုက်ထုတ်လိုက်လေသည်။ ချက်ချင်းဆိုသလို လောကကြီးတစ်ခုလုံး တသိမ့်သိမ့်တုန်ခါလာခဲ့ပြီး တဝီဝီမြည်သံများ ထွက်ပေါ်လာခဲ့သည်။ အလွန်ပြင်းထန်သည့် ဖိအားအောက်ဝယ် လောကကြီးတစ်ခုလုံးမှာ ပျက်စီးပြိုကျတော့မည့်အလား။ လက်ဝါးချက်၏ စွမ်းအားမှာ မိုင်ပေါင်းများစွာခန့်အကွာတွင် ရှိနေသော ထျန်ရှန်းတို့ အဖွဲ့သားများကိုပင်လျှင် လောကကြီးတစ်ခုလုံး အဆုံးသတ်တော့မည့် ခံစားချက်မျိုးကို ရသွားစေခဲ့လေသည်။

ထျန်ရှန်းနှင့် ချန်းရှိုယင်တို့၏ မျက်နှာ တမုဟုတ်ချည်း ဖြူရော်သွားခဲ့သည်။ လန်ဟဲ့မှာတော့ သွေးတစ်ပွက်ထိုးအန်လိုက်ရလေ၏။ ချီကွေ့သည်သာ စစ်မြေပြင်အား မမှိတ်မသုန် စိုက်ကြည့်နေနိုင်သေးခြင်း ဖြစ်လေသည်။

သို့ပင်ဖြစ်လင့်ကစား တစ်ခဏအကြာ၌ ချီကွေ့သည်လည်း တောင့်မခံထားနိုင်တော့ဘဲ သွေးတစ်ပွက်ထိုးအန်ပြီး သူ့မျက်နှာတစ်ပြင်လုံး ဖြူရော်သွားခဲ့သည်။

ထိုအချင်းအရာကို မြင်လိုက်သော် ဤနေရာမှ ရပ်ကြည့်နေမည်ဆိုလျှင်ပင် လုံခြုံမှုမရှိကြောင်း ထျန်ရှန်း သဘောပေါက်သွားခဲ့လေသည်။ ခရမ်းရောင်ဝတ်ရုံဝတ်လူ၏ စွမ်းအားသည် သူနားလည်နိုင်သည့် အကန့်အသတ်ကို ကျော်လွန်နေပေသည်။ တိုက်ပွဲသည် မိုင်ပေါင်းများစွာအကွာ၌ ဖြစ်နေသည့်တိုင် ထိုနေရာမှ ပြန့်ထွက်လာသည့် စွမ်းအင်သည် သူတို့အား သတ်ပစ်နိုင်ပေသေးသည်။

ထိုအကြောင်းကြောင့် ထျန်ရှန်းမှာ တုံ့ဆိုင်းမနေတော့ဘဲ ချန်းရှိုယင်အား အော်ပြောလိုက်လေ၏။ "ပြန်ဆုတ်ကြမယ်"

ထျန်ရှန်းနှင့် ချန်းရှိုယင်သည် လန်ဟဲ့ကို ခေါ်၍ အလျင်စလို ပြန်ဆုတ်သွားကြလေသည်။ ချီကွေ့သည်လည်း အလားတူ ကောင်းကင်ဝံပုလွေ‌တောင်ကြားဆီသို့ အလျင်အမြန် ပြန်ဆုတ်သွားခဲ့သည်။ ထို့နောက်တွင် ထျန်ရှန်းမှာ ဂိုဏ်းကာကွယ်ရေးအစီအရင်ကို ချက်ချင်းအသက်သွင်းလိုက်လေ၏။ ထိုအခါမှသာလျှင် အကုန်လုံး စိတ်အေးနိုင်တော့လေသည်။

ထို့နောက် ခေါင်းမော့၍ ကြည့်လိုက်ရာ ကောင်းကင်တစ်ခွင်လုံးကို ဖုံးလွှမ်းလုမတတ် ကြီးမားလှသော လက်ဝါးချက်ကြီးတစ်ခုသည် တောင်နှင့်မြစ်ခေါင်းလောင်းဆီသို့ တိုးဝင်သွားနေကြောင်းကို တွေ့လိုက်ရလေ၏။

ဒေါင်၊ ဒေါင်၊ ဒေါင်။

ခေါင်းလောင်းသံများ ညံမစဲအောင် ထွက်ပေါ်လာခဲ့လေသည်။ ခေါင်းလောင်းနှင့် လက်ဝါးချက်ကြီးမှာ တစ်ကြိမ်သာ ထိသွားပါသော်ငြား မရေမတွက်နိုင်သော ခေါင်းလောင်းသံများ ထွက်ပေါ်လာခဲ့သည်။ မသိလျှင် လက်ဝါးကြီးသည် ခေါင်းလောင်းအား အကြိမ်ဖန်ပေါင်းများစွာ တစ်ခဏလေးအတွင်း ရိုက်ခတ်သွားသည့်အလား။

ခေါင်းလောင်းအား ဗဟိုပြုလျက် လှိုင်းတွန့်လေးများသည် အဘက်ဘက်ဆီသို့ ဖြာထွက်လာခဲ့လေသည်။ အားကောင်းလှသောဖိအားအား တောင့်မခံနိုင်တော့သည့်အဆုံး ဟင်းလင်းပြင်သည်ပင် ပြိုကျလာတော့လေ၏။ ဖုပိုနှင့် ရှုချန်ဖုန်းတို့မှာတော့ တောင့်တောင့်ကြီး ဖြစ်နေပြီးသည့်နောက် ရုတ်တရက်ဆိုသလို တုန်တုန်ယင်ယင် ဖြစ်လာတော့လေသည်။ နှစ်ဦးစလုံးမှာ ခေါင်းလောင်းဆီမှ ဖြာထွက်လာသည့် လှိုင်းချက်များ၏ ရိုက်ခတ်ခြင်း ခံလိုက်ရခြင်း ဖြစ်လေသည်။

ကံကောင်း၍ အသက်ရှင်လျက် လွတ်မြောက်နေကြသော ဗြဟ္မာကုန်းမြေနှင့် မရဏဂိုဏ်းမှ ဧကရာဇ်အဆင့်ပညာရှင်များမှာမူ သူတို့၏ ခန္ဓာကိုယ်အလေးချိန်ကို မထိန်းနိုင်တော့သည့်အလား ကောင်းကင်ပေါ်မှ မြေပြင်ပေါ်သို့ တဖုန်းဖုန်း ပြုတ်ကျကုန်ကြလေသည်။

ဝူဟန်းမှာမူ အလွန်ကိုမှ ကြောက်ရွံ့တုန်လှုပ်နေသည့် အမူအရာဖြင့် ဧကရာဇ်ချီကို အရူးအမူးလှည့်ပတ်ရင်း သူ့ကိုယ်သူ ကာကွယ်ထားခဲ့ရသည်။ သို့သော်ငြား သေသေချာချာကြည့်လိုက်မည်ဆိုလျှင် သူ့ခန္ဓာကိုယ်ပတ်လည်၌ ရှိနေသော ဧကရာဇ်ချီအကာအကွယ်သည်ပင်လျှင် ပြင်းပြင်းထန်ထန် လှုပ်ခါနေကြောင်းကို မြင်တွေ့နိုင်ပေလိမ့်မည်။

ကောင်းကင်ဝံပုလွေ‌တောင်ကြား၏ ဂိုဏ်းကာကွယ်ရေးအစီအရင်ထက်လည်း လှိုင်းတွန့်များ ထွက်ပေါ်လာခဲ့လေသည်။ အချိန်ကြာလာသည်နှင့်အမျှ ပိုမိုများပြားသော လှိုင်းတွန့်များ ဖြစ်ပေါ်လာခဲ့သည်။ ထိုမြင်ကွင်းကိုကြည့်ရင်း အလျင်အမြန် ပြန်ဆုတ်လာခဲ့သည့်အပေါ် ထျန်ရှန်း ကြိတ်၍ စိတ်သက်သာရာရသွားခဲ့ရသည်။ ထိုသို့သာမဟုတ်ပါက သူတို့အားလုံး ဒုက္ခရောက်ကြရပေလိမ့်မည်။ ထျန်ရှန်းနှင့် ချန်းရှိုယင်တို့မှာ အဆင်ပြေကောင်း ပြေလိမ့်မည်ဖြစ်ပါသော်ငြား ဧကရာဇ်ပထမအဆင့်သာ ရှိသေးသော ချီကွေ့နှင့် လန်ဟဲ့တို့မှာတော့ အဆင်ပြေကြလိမ့်မည် မဟုတ်ပေ။

ခရမ်းရောင်ဝတ်ရုံဝတ်လူ၏ လက်ဝါးချက်မှာ နတ်ဘုရားတစ်ပါး၏ လက်ဝါးချက်ပမာ ထိုလက်ဝါးချက်အောက်ဝယ် ဤလောကကြီးထဲတွင် ရှိနေသော သက်ရှိအားလုံး ကြောက်ရွံ့တုန်လှုပ်သွားကုန်ကြရလေသည်။

အရာအားလုံးကို ဖိနှိပ်ပစ်နိုင်သည်ဟု နာမည်ကျော်ကြားနေသော တောင်နှင့်မြစ်ခေါင်းလောင်းသည်ပင်လျှင် ထိုလက်ဝါးချက်နှင့် ရင်ဆိုင်ရပြီးသည့်နောက်တွင် စတင်၍ တုန်ခါလာပြီးသည့်နောက် နောက်သို့ လွင့်စင်ထွက်သွားခဲ့လေ၏။ ခေါင်းလောင်းလွင့်ထွက်သွားပြီးသည့်နောက် လူနှစ်ဦး ပေါ်လာခဲ့လေသည်။

တောင်နှင့်မြစ်ခေါင်းလောင်း အားနည်းနေခြင်း မဟုတ်ပေ။ တကယ်တော့ ဤခေါင်းလောင်းသည် ရွမ်ဒင်းမဟာဧကရာဇ်မှ မဟာဧကရာဇ်တစ်ပါး ဖြစ်လာနိုင်စေရန်အတွက် အားကိုးခဲ့သည့် မှော်ရတနာတစ်ခုပင် မဟုတ်ပေလော။ ဤခေါင်းလောင်းမှာ ဖီးနစ်မီးတောက်အား နှစ်ပေါင်းနှစ်သောင်းကျော်ပင် ဖိနှိပ်ထားနိုင်ခဲ့လေရာ ခေါင်းလောင်းမှာ အားမနည်းကြောင်း သိသာလှသည်။ ထိုအစား ရန်ကိုင်၏ ခွန်အားသည်သာ အကန့်အသတ်နှင့် ရှိနေသည့်အတွက်ကြောင့် ခေါင်းလောင်း၏ စွမ်းအားအကုန်အစင်ကို မထုတ်ဖော်နိုင်ခြင်း ဖြစ်လေသည်။

ရန်ကိုင်၏ ကျင့်ကြံခြင်းသည်သာ ခရမ်းရောင်ဝတ်ရုံဝတ်လူနှင့် အဆင့်တူဖြစ်နေခဲ့မည်ဆိုလျှင် ခေါင်းလောင်း၏ စွမ်းအားမှာ ယခုထက် အဆပေါင်းများစွာ ပိုမိုမြင့်မားနေပေလိမ့်မည်။

လက်ဝါးတစ်ချက် ရိုက်ထုတ်လိုက်ပြီးသည့်နောက်တွင် ခရမ်းရောင်ဝတ်ရုံဝတ်လူသည် ရန်ကိုင်နှင့် ကျောက်တုံးကိုယ်ပွားတို့အား လက်ညှိုးဖြင့် ချိန်ရွယ်လိုက်လေသည်။ ထို့နောက်တွင် အလင်းတန်းနှစ်ခု ရန်ကိုင်တို့ဆီသို့ ပြေးဝင်သွားခဲ့လေ၏။

နှစ်ဦးစလုံးမှာ အားမနည်းသည့် လူများ ဖြစ်ကြသည့်အတွက်ကြောင့် ရန်ကိုင်နှင့် ကျောက်တုံးကိုယ်ပွားသည် ခရမ်းရောင်ဝတ်ရုံဝတ်လူနှင့် ရင်ဆိုင်ရာတွင် အလွန်ကိုမှ သတိထားနေခဲ့လေသည်။

ကျောက်တုံးကိုယ်ပွားမှ အော်ဟစ်ဟိန်းဟောက်လိုက်လေရာ ၎င်းကိုယ်အထက်တွင် တောက်လောင်နေသော မီးတောက်များမှာ ယခင်ကထက် ပိုမိုပြင်းထန်လာခဲ့သည်။ တစ်ချိန်တည်းတွင် ၎င်းခန္ဓာကိုယ်အရွယ်အစားမှာလည်း မီတာပေါင်းများစွာ ပိုမိုကြီးထွားလာခဲ့လေ၏။ ထို့နောက်တွင် ခါးကို ကုန်း၍ ကျောပြင်အထက်တွင် ရှိနေသော ဆူးချွန်များကို ပစ်လွှတ်လိုက်လေသည်။ ထိုသို့ဖြင့် မီးတောက်လောင်နေသော ကျောက်ဆူးချွန်များမှာ မိုးသီးမိုးပေါက်များသဖွယ် အလင်းတန်းဆီသို့ တိုးဝင်သွားခဲ့လေ၏။

လေခွင်းသံများနှင့်အတူ ကျောက်ဆူးချွန်များမှာ အဆက်မပြတ်ကို ပျံထွက်နေခဲ့သည်။ အလင်းတန်းနှင့် အတွေ့တွင်မူ အလွန်ကိုမှ အားကောင်းသယောင် ထင်မှတ်ရသော ကျောက်ဆူးချွန်များမှာ တောက်လျှောက်ကို ပြာကျကုန်လေသည်။ ကျောက်ဆူးချွန် အခုတစ်ရာကျော် ပစ်လွှတ်ပြီးသည့်နောက်မှသာလျှင် အလင်းတန်းနှစ်ခု ပျောက်ကွယ်သွားခဲ့လေ၏။

လက်ရှိအခိုက်အတန့်တွင် ယခင်က ကျောက်ဆူးချွန်များနှင့် ပြည့်နှက်နေခဲ့သော ကျောက်တုံးကိုယ်ပွား၏ ကျောပြင်ကြီးမှာ ပြောင်သလင်းခါနေခဲ့လေပြီ။ သို့ပင်ဖြစ်လင့်ကစား ကျောက်ဆူးချွန်အသစ်များမှာ တစ်ဖန်ပြန်လည် ထွက်ပေါ်လာနေခဲ့လေ၏။

ကျောက်တုံးကိုယ်ပွားမှ ကာကွယ်ပေးနေစဉ်အတောအတွင်း ရန်ကိုင်မှာ ရှေ့သို့ ပြေးထွက်သွားခဲ့လေရာ ယခုဆိုလျှင် ခရမ်းရောင်ဝတ်ရုံဝတ်လူနှင့် မီတာသုံးရာခန့်သာ ကွာဝေးတော့သည့် နေရာတစ်ခုဆီသို့ ရောက်နေခဲ့လေသည်။ ထိုအခိုက်အတန့်တွင် ရန်ကိုင်၏ ညာဘက်မျက်လုံးသည် ရုတ်တရက်ဆိုသလို ရွှေရောင်တဖျတ်ဖျတ် တောက်ပလာခဲ့ပြီး သူ၏ မျက်ဆံမှာလည်း ဒေါင်လိုက်အသွင်သို့ ပြောင်းလဲသွားခဲ့လေသည်။ ထို့နောက် ပွင့်လန်းနေသည့် ကြာဖူးတစ်ခု ရန်ကိုင်၏ မျက်လုံးထဲ ပေါ်လာခဲ့သည်။

[အဆုံးမဲ့ကြာပန်းပွင့်လန်းခြင်း]

ခရမ်းရောင်ဝတ်ရုံဝတ်လူမှာ ရန်ကိုင်အား အေးစက်စက်အကြည့်ဖြင့် လှမ်း၍ ကြည့်လိုက်ရာ သူ့မျက်လုံးထဲ ရုတ်တရက်ဆိုသလို ကြာဖူးတစ်ပွင့် ပေါ်လာခဲ့လေသည်။ ကြာဖူး သူ့မျက်လုံးထဲ ပေါ်လာသည်နှင့် တစ်ပြိုင်နက် ခရမ်းရောင်ဝတ်ရုံဝတ်လူ၏ စိတ်စွမ်းအင်များကို အရူးအမူးစုပ်ယူကာ လျင်မြန်စွာ ပွင့်လန်းလာတော့လေသည်။

တစ်ချိန်တည်းတွင်လည်း သူ့စိတ်အစုံမှာ အနည်းငယ်မျှ နာကျင်သွားသည့်အတွက်ကြောင့် ခရမ်းရောင်ဝတ်ရုံဝတ်လူ အနည်းငယ် ကြောင်အမ်းအမ်း ဖြစ်သွားခဲ့သည်။

သူ့အတွေ့အကြုံအရ ရန်ကိုင်သည် သူ့အပေါ် အားကောင်းသည့် ဝိညာဉ်ပညာရပ်တစ်မျိုးမျိုးကို အသုံးပြုလိုက်ခြင်းဖြစ်မှန်း သဘောပေါက်လိုက်လေသည်။ နှစ်ပေါင်းများစွာ အသက်ရှင်လာခဲ့လင့်ကစား ယခုကဲ့သို့သော ထူးဆန်းသည့် တိုက်ခိုက်မှုမျိုးကို ပထမဦးဆုံးအကြိမ် ကြုံဖူးခြင်းဖြစ်သည့်အလျောက် ခရမ်းရောင်ဝတ်ရုံဝတ်လူမှာလည်း အချိန်မီ တားဆီးနိုင်ခဲ့ခြင်း မရှိပေ။

ခရမ်းရောင်ဝတ်ရုံဝတ်လူသည် သူ့အသိစိတ်ပင်လယ်ထဲတွင် ရှိနေသော စိတ်စွမ်းအင်များကို အသုံးချ၍ ပွင့်လန်းလာနေသည့် ကြာဖူးကို ဖျက်ဆီးရန် ကြိုးစားလိုက်ပါသော်ငြား အချည်းနှီးသာဖြစ်ကြောင်း တွေ့လိုက်ရသည်။ သူ၏ စိတ်စွမ်းအင်ကို ပိုမိုတွန်းပို့လေ ကြာပန်းမှာ ပို၍လျင်လျင်မြန်မြန် ပွင့်လန်းလာလေပင်။ တဖြည်းဖြည်းနှင့် သူ့မြင်ကွင်းတစ်ခုလုံး မည်းမှောင်သွားခဲ့ပြီး အခြားဘာဆိုဘာကိုမျှ မမြင်နိုင်တော့ဘဲ ပွင့်လန်းလာနေသည့် ကြာပန်းကိုသာ မြင်တွေ့နေရတော့လေသည်။

All Chapters