← Chapters

အခန်း (၃၃၁၃-၃၃၁၆)

Vol. 145 Ch. 3313-3316

အခန်း (၃၃၁၃-၃၃၁၆)

Vol. 145 Ch. 3313-3316

အပိုင်း (၃၃၁၃)

ဘာသာပြန်သူ_တိမ်တိုက်

မဟာဧကရာဇ်တစ်ပိုင်းဆိုသည့်အတိုင်း ခရမ်းရောင်ဝတ်ရုံဝတ်လူသည် ယခုကဲ့သို့သော အခြေအနေမျိုးနှင့် ရင်ဆိုင်နေရသည့်တိုင် တည်တည်ငြိမ်ငြိမ်ဖြင့်သာ ရှိနေလေသည်။ ချက်ချင်းဆိုသလို သူ၏ စိတ်စွမ်းအင်ကို သုံး၍ ပွင့်လန်းနေသည့် ကြာပန်းအား သူ၏ စိတ်စွမ်းအင်များကို ဆက်လက်မစုပ်ယူနိုင်တော့အောင် ပိတ်လှောင်ပစ်လိုက်လေသည်။

ထိုအခိုက်အတန့်မှာပင် ကြာပန်းအတွင်းမှ စက်သွားဓားတစ်ချောင်း ထွက်လာခဲ့ပြီး သူ့ဆီသို့ တိုးဝင်လာခဲ့သည်။

ထိုဓားကို မြင်လိုက်သည့်အခိုက် ခရမ်းရောင်ဝတ်ရုံဝတ်လူမှာ အန္တရာယ်အငွေ့အသက်ကို ခံစားလိုက်ရပြီး အလန့်တကြား ဆိုလိုက်လေ၏။ "ဝိညာဉ်အမျိုးအစား ဧကရာဇ်အဆင့်မှော်ရတနာလား"

ဝိညာဉ်အမျိုးအစား ဧကရာဇ်အဆင့်မှော်ရတနာ တစ်ခုသာဆိုလျှင် ထိုမျှ ထိတ်လန့်နေလိမ့်မည် မဟုတ်ပေ။ ခရမ်းရောင်ဝတ်ရုံဝတ်လူ၏ ကျင့်ကြံခြင်းအရ သူ့ဘဝတွင် အံ့အားသင့်ဖွယ်ရာပေါင်းများစွာကို မြင်တွေ့ခဲ့ဖူးပြီးသွားလေပြီ။ ဤလောကကြီးထဲတွင် သူအလွန်ကိုမှ လိုချင်လှသည့် ပစ္စည်းအချို့သာ ရှိပေသည်။

ခရမ်းရောင်ဝတ်ရုံဝတ်လူအား ထိတ်လန့်သွားစေသည့် အချက်မှာ ရန်ကိုင်သည် ဤဝိညာဉ်အမျိုးအစား ဧကရာဇ်အဆင့်မှော်ရတနာကို ဝိညာဉ်ပညာရပ်ထဲ ပြီးပြည့်စုံစွာ ဖုံးကွယ်ထားနိုင်သည့် အချက်ပင်။ ထိုကဲ့သို့လုပ်ဖို့ရာ မလွယ်လှပေ။

တစ်စုံတစ်ဦးသည် ရန်ကိုင်၏ ဝိညာဉ်ပညာရပ်ကို တားဆီးနိုင်ခဲ့မည်ဆိုလျှင်ပင် ထိုကြာပန်းထဲ သူတို့ မျှော်လင့်ထားခြင်း မရှိသော သေကွင်းသေကွက် တိုက်ကွက်တစ်ခု ရှိနေပေလိမ့်ဦးမည်။

[ဧကရာဇ်ဒုတိယအဆင့်လေးပဲ ရှိသေးတာကို သူ့စိတ်စွမ်းအင်က သာမန် ဧကရာဇ်တတိယအဆင့်တွေထက်တောင် ဘာဖြစ်လို့ ပိုပြီး အားကောင်းနေရတာလဲ]

အဆုံးမဲ့ကြာပန်းပွင့်လန်းခြင်းပညာရပ်ထဲ ရှိနေသည့် ဓားမှာ အခြားမဟုတ်။ ဝိညာဉ်ခွဲစက်သွားဓားသာ ဖြစ်လေသည်။ ရန်ကိုင်သည် အဆုံးမဲ့ကြာပန်းပွင့်လန်းခြင်းပညာရပ်နှင့် ဝိညာဉ်ခွဲစက်သွားဓားကို အတူတကွ ပေါင်းစပ်အသုံးပြုခဲ့ခြင်း ဖြစ်သည်။

ခရမ်းရောင်ဝတ်ရုံဝတ်လူသည် သူ မမျှော်လင့်ထားသည့် အချိန်မျိုးတွင် ဝိညာဉ်ခွဲစက်သွားဓား၏ တိုက်ခိုက်ခြင်း ခံလိုက်ရသည့်အလျောက် သူ့အနေဖြင့် သူ၏ မြင့်မားလှသော ကျင့်ကြံခြင်းကြောင့် ထိုတိုက်ခိုက်မှုကို တားဆီးနိုင်ခဲ့ပါသော်ငြား သူ့မြင်ကွင်းတစ်ခုလုံး မည်းမှောင်သွားခဲ့ပြီး အသိစိတ်ပင်လယ်တစ်ခုလုံးမှာလည်း ကသောင်းကနင်း ဖြစ်သွားခဲ့ရပေသေးသည်။

ကောင်းကင်ဖြတ်တောက်ခြင်းဓားချက်အား ဟုန်းလော့ကြယ်စီရင်စုကြီးထဲ၌ ရန်ကိုင် အသုံးပြုခဲ့သည်မှာ အမှန်တကယ်ကို နှမြောစရာကောင်းလှပေသည်။ ထိုအကြောင်းကြောင့် ရန်ကိုင်မှာ စိတ်စွမ်းအင်ကို အချိန်မီ ပြန်လည်ဖြည့်တင်းနိုင်ခဲ့ခြင်း မရှိခဲ့။ ထိုအကြောင်းကြောင့်ပင်လျှင် ဝိညာဉ်ခွဲစက်သွားဓား၏ စွမ်းအားအကုန်အစင်ကိုလည်း ထုတ်သုံးနိုင်ခဲ့ခြင်း မရှိပေ။ ထိုသို့သာမဟုတ်ပါက ခရမ်းရောင်ဝတ်ရုံဝတ်လူမှာ အနည်းဆုံး အနည်းငယ် ဒဏ်ရာရသွားရပေလိမ့်မည်။ သို့သော်ငြား ရန်ကိုင်၏ တိုက်ခိုက်မှု နှစ်ခုမှာ ခရမ်းရောင်ဝတ်ရုံဝတ်လူအား အံ့အားသင့်သွားအောင် လုပ်နိုင်ရုံသာ တတ်နိုင်ခဲ့သည်။

ထိုလူသည် ရန်ကိုင် ရင်ဆိုင်တိုက်ခိုက်ခဲ့ဖူးသော လူများအနက် အားအကောင်းဆုံးလူ ဖြစ်ပေသည်။ ကံကောင်းထောက်မစွာဖြင့် ပညာရှင်များအချင်းချင်း ရင်ဆိုင်တိုက်ခိုက်ကြရာဝယ် အနည်းငယ်လေးသော သတိလက်လွှတ်မှုသည်ကပင်လျှင် လုံလောက်နေလေပြီ။

ခရမ်းရောင်ဝတ်ရုံဝတ်လူ အသိပြန်မဝင်နိုင်သေးခင်မှာပင် ရန်ကိုင်နှင့် ကျောက်တုံးကိုယ်ပွားမှာ ခရမ်းရောင်ဝတ်ရုံဝတ်လူဆီသို့ ရောက်လာခဲ့လေသည်။ ရောက်သည်နှင့် တစ်ပြိုင်နက် ရန်ကိုင်မှာ သူ့လက်ကို ဝှေ့ယမ်းလျက် လဓားသွားများကို ခရမ်းရောင်ဝတ်ရုံဝတ်လူ၏ ရင်ဘတ်ဆီသို့ ပစ်လွှတ်လိုက်သည်။ တစ်ချိန်တည်း၌ ကျောက်တုံးကိုယ်ပွားသည်လည်း ၎င်း၏ လက်သီးဖြင့် ခရမ်းရောင်ဝတ်ရုံဝတ်လူ၏ ခေါင်းအား ထုချလိုက်လေသည်။ ရန်ကိုင်နှင့် ကျောက်တုံးကိုယ်ပွားမှာ လုံးဝကို အတိုင်အဖောက်ညီနေလေသည်။ ထိုသို့ဖြစ်သည်မှာလည်း အဆန်းတော့ မဟုတ်။ ကျောက်တုံးကိုယ်ပွား၏ ကိုယ်ထဲတွင် ရှိနေသည်မှာ ရန်ကိုင်၏ ဝိညာဉ်ကိုယ်ပွားပင် မဟုတ်လေလော။ ထိုအတွက်ကြောင့် အတူတကွတိုက်ခိုက်ရာ၌ အတိုင်အဖောက်ညီနေစေရန် တစ်ဦးနှင့်တစ်ဦး စကားနှင့် ဆက်သွယ်ပြောဆိုနေစရာ မလိုပေ။

ခရမ်းရောင်ဝတ်ရုံဝတ်လူ မည်မျှပင် အားကောင်းနေစေကာမူ လဓားသွားနှင့်တကွ ကျောက်တုံးကိုယ်ပွား၏ လက်သီးချက်ပါ ထိမှန်ခြင်းခံလိုက်ရမည်ဆိုလျှင် မသေလျှင်ပင် ဆိုးဆိုးရွားရွား ဒဏ်ရာရသွားပေလိမ့်မည်။

ထိုအခိုက်အတန့်ဝယ် ရန်ကိုင်၏ ရင်ထဲ အချက်ပေးခေါင်းလောင်းသံတို့ ဆူဝေသွားခဲ့ပြီး သူ့စိတ်ထဲ မကောင်းသည့် ခံစားချက်တို့ ရလိုက်လေသည်။

ရန်ကိုင်မှာ မျက်လုံးအပြူးသားဖြင့် ချက်ချင်းပြန်ဆုတ်လိုက်လေသည်။ ကျောက်တုံးကိုယ်ပွားမှာတော့ ၎င်း၏ ကြီးမားလွန်းလှသည့် ခန္ဓာကိုယ်ကြောင့် ပြန်ဆုတ်ဖို့ရာ အနည်းငယ် အခက်တွေ့နေခဲ့ရသည်။

ချက်ချင်းဆိုသလို တဖြိုးဖြိုးတဖျတ်ဖျတ် မြည်သံများနှင့်အတူ ခရမ်းရောင်ဝတ်ရုံဝတ်လူကို ဗဟိုပြုလျက် လျှပ်စီးစက်ကွင်းတစ်ခု ဘေးပတ်ဝန်းကျင်အနှံ့ ပြန့်ထွက်လာခဲ့သည်။ ထိုအခိုက်အတန့်မှာပင် ကောင်းကင်တစ်ခွင်လုံး မရေမတွက်နိုင်သော လျှပ်ပန်းလျှပ်နွယ်များဖြင့် ပြည့်နှက်သွားခဲ့လေ၏။

ခရမ်းရောင်ဝတ်ရုံဝတ်လူဆီသို့ တိုးဝင်လာနေသော လဓားသွားများမှာ ခရမ်းရောင်ဝတ်ရုံဝတ်လူဆီသို့ မရောက်သေးခင်မှာပင် လျှပ်စီးတန်းများ၏ ကြားဖြတ်တားဆီးခြင်းခံရပြီး ပျက်စီးသွားခဲ့ရသည်။

အချိန်မီ ပြန်မဆုတ်နိုင်ခဲ့သော ကျောက်တုံးကိုယ်ပွားမှာမူ လျှပ်စီးတန်းများ၏ ရိုက်ခတ်ခြင်းခံရကာ နတ်ပူးသည့်နှယ် တဆတ်ဆတ် တုန်ယင်နေလေ၏။

"မိုးကြိုးနိယာမတွေလား" ရန်ကိုင် မျက်လုံးမှေးစင်းသွားခဲ့လေသည်။ သူ့ပြိုင်ဘက်မှာ အမှန်တကယ်ကိုမှ ရင်ဆိုင်ရခက်သည့် ပြိုင်ဘက်တစ်ဦး ဖြစ်နေခဲ့သည်။

တာအိုသခင်အဆင့်ပညာရှင်များသည် နိယာမစွမ်းအားကို နားလည်နိုင်ပြီး ဧကရာဇ်အဆင့်ပညာရှင်များမှာတော့ နိယာမစွမ်းအားကို ထိန်းချုပ်နိုင်ကြသည်။ မဟာဧကရာဇ်အဆင့် ပညာရှင်များမှာမူ ထိုနိယာမစွမ်းအားများကို အမိန့်ပေးခိုင်းစေနိုင်ကြပေသည်။

ခရမ်းရောင်ဝတ်ရုံဝတ်လူမှာ မဟာဧကရာဇ်တစ်ပိုင်း ဖြစ်သည့်အတွက်ကြောင့် နိယာမများကို အသုံးချရာတွင် ကျွမ်းကျင်နေရပေလိမ့်မည်။ ထိုကဲ့သို့သော မိုးကြိုးနိယာမကို ကျွမ်းကျင်ထားသော လူတစ်ဦးနှင့် ရင်ဆိုင်ဖို့ရာမှာ အတော်လေးကိုမှ ခက်ခဲလှပေသည်။ အကြောင်းမှာ မိုးကြိုးသည် အလွန်တရာကိုမှ မြန်ဆန်လှပြီး အားကောင်းလွန်းလှသည့်အတွက်ကြောင့်ပင် ဖြစ်လေသည်။ လျှပ်စီးပင်လယ် ပေါက်ကွဲထွက်လာခဲ့ချိန် မီတာတစ်ထောင် ပတ်ဝန်းကျင်တစ်ခုလုံး သေခြင်းဇုန်အဖြစ်သို့ ပြောင်းလဲသွားခဲ့လေသည်။ ထိုသို့ဖြစ်လေရာ ရန်ကိုင်တို့မှာ ခရမ်းရောင်ဝတ်ရုံဝတ်လူအား မည်ကဲ့သို့များ တိုက်ခိုက်နိုင်ပါဦးမည်နည်း။

ကျောက်တုံးကိုယ်ပွားမှာ အောင်အောင်မြင်မြင် ပြန်ဆုတ်လာနိုင်ခဲ့ပေသည်။ ပြန်ဆုတ်လာနိုင်ခဲ့ပါသော်ငြား လျှပ်ပန်းလျှပ်နွယ်များမှာတော့ သူ့ကိုယ်အထက် ဖြိုးဖြိုးဖျတ်ဖျတ် လက်နေခဲ့သေးသည်။ ထို့နောက်တွင် မှုန်ကုပ်ကုပ်အမူအရာဖြင့် ခရမ်းရောင်ဝတ်ရုံဝတ်လူကို စိုက်ကြည့်လိုက်လေသည်။

မိုးကြိုးစက်ကွင်း၏ ကာကွယ်မှုကြောင့် ခရမ်းရောင်ဝတ်ရုံဝတ်လူမှာ ရန်ကိုင်နှင့် ကျောက်တုံးကိုယ်ပွား၏ တိုက်ခိုက်မှုကို အောင်မြင်စွာ တားဆီးနိုင်ခဲ့လေသည်။ နောက်ဆုံး အသိပြန်ဝင်လာချိန် ခရမ်းရောင်ဝတ်ရုံဝတ်လူမှာ အတော်လေးကိုမှ ဒေါသထွက်နေလေ၏။ အကြောင်းမှာ သူ့ကဲ့သို့သော မဟာဧကရာဇ်တစ်ပါးသည် ရန်ကိုင်ကဲ့သို့သော လူမျိုးနှင့် ရင်ဆိုင်ရာတွင် နိယာမစွမ်းအားကို ထုတ်သုံးလိုက်ရသည့်အတွက်ကြောင့်ပင်။ ထိုကဲ့သို့ပင် ထုတ်သုံးလိုက်ရလင့်ကစား တစ်ဖက်လူအား သေအောင် မသတ်နိုင်ခဲ့ပေ။ ထိုအတွက်ကြောင့် သူ့မာန ထိခိုက်သွားသည်ဟု ခံစားလိုက်ရကာ ရန်ကိုင်အား အေးစက်စက်အမူအရာဖြင့် စိုက်ကြည့်ရင်းမှ ကြုံးဝါးလိုက်လေ၏။ "ဒီဘုရင်ကို ရန်စတဲ့အတွက် မင်းနောင်တရစေရမယ်"

ထိုကဲ့သို့ပြောပြီးသည်နှင့် တစ်ပြိုင်နက် သူ့လက်ကို ဆုပ်ကိုင်လိုက်ရာ သူ့လက်ထဲ လျှပ်စီးကြာပွတ်တစ်ချောင်း ပေါ်လာခဲ့လေသည်။ ကြာပွတ်တစ်ချောင်းလုံးကို လျှပ်စီးဖြင့် ပြုလုပ်ထားခြင်းဖြစ်ပြီး ကြာပွတ်၏ အရောင်မှာ အစိမ်းရောင်တောက်နေခဲ့သည်။ မသိလျှင် လျှပ်စီးကြာပွတ်အား ကိုင်ထားသည့် ပုံစံမျိုး ပေါက်မနေဘဲ အဆိပ်ရှိလှသည့် အစိမ်းရောင်မြွေတစ်ကောင်ကို ကိုင်ထားသလိုပင် ထင်ရပေသည်။

ထို့နောက်တွင် သူ့လက်ကို မြှောက်လိုက်ရာ အစိမ်းရောင်ကြာပွတ်သည် မြွေလိမ်မြွေကောက်ပမာ ရန်ကိုင်ဆီသို့ အလွန်တရာကိုမှ မြန်ဆန်သည့် နှုန်းဖြင့် ပြေးဝင်လာလေ၏။

ရန်ကိုင်မှာ ချက်ချင်းပြန်ဆုတ်လိုက်ပါသော်ငြား မည်သို့ပင် ကြိုးစားနေစေကာမူ ကြာပွတ်၏ လက်မှ လွတ်မြောက်နိုင်ခြင်း မရှိကြောင်း တွေ့ရှိလိုက်ရသည်။

ကြာပွတ်နှင့် သူ့အကြား အကွာအဝေး တဖြည်းဖြည်း နီးကပ်လာသော် ရန်ကိုင်သည် မာန်ကိုသွင်း၍ ဧကရာဇ်ချီကို အရူးအမူး လှည့်ပတ်လိုက်သည်။ ထို့နောက်တွင် လောကကြီးတစ်ခုလုံးကို လှုပ်ခါသွားစေသည့်ပမာ ထင်မှတ်ရသော နဂါးဟိန်းသံနှင့်အတူ ရွှေရောင်အလင်းတန်းတစ်ခု ရန်ကိုင်၏ ပါးစပ်ထဲမှ ထွက်ပေါ်လာခဲ့လေ၏။

ကြာပွတ်နှင့် ရွှေရောင်အလင်းတန်းတို့ ထိသွားချိန် ခရမ်းရောင်ဝတ်ရုံဝတ်လူ၏ ထိတ်လန့်နေသည့် အကြည့်အောက်တွင် ကြာပွတ်မှာ စတင်၍ ပျက်စီးလာခဲ့လေသည်။ ရွှေရောင်အလင်းတန်းမှာ ဤလောကကြီးထဲရှိ အရာမှန်သမျှကို ဖြတ်တောက်ပစ်နိုင်သည့်အလား ကြာပွတ်အား နှစ်ပိုင်းကွဲထွက်သွားစေခဲ့သည်။

ထိုအချင်းအရာကို မြင်လိုက်သော် ခရမ်းရောင်ဝတ်ရုံဝတ်လူ မျက်ခုံးပင့်သွားခဲ့သည်။

ရန်ကိုင်တွင် နဂါးကလန်သွေးမျိုးဆက် ရှိနေမှန်း ခရမ်းရောင်ဝတ်ရုံဝတ်လူ သိပေသည်။ တစ်စပြင်ကန္တာရကြယ်စီရင်စုထဲ ထုတ်ပြသွားခဲ့သော တိုက်ကွက်များအပြင် ရန်ကိုင်သည် နဂါးတစ်ပိုင်းအသွင်ကိုလည်း အတန်ကြာအောင် ထိန်းထားနိုင်ပေသည်။

သို့ပါသော်ငြား နဂါးတစ်ပိုင်းသည် ဤမျှအားကောင်းလှသည့် တိုက်ကွက်မျိုးကို မည်ကဲ့သို့များ ထုတ်ဖော်နိုင်ရလေသနည်း။ ရန်ကိုင် ထုတ်ဖော်သွားသည်မှာ နဂါးကလန်သားတစ်ဦးမှ ထုတ်ဖော်သည့် တိုက်ကွက်ကဲ့သို့ပင် အားကောင်းနေခဲ့သည်။ ဘာတွေများ ဖြစ်နေလေသနည်း။

ထိုအပြင် အစောပိုင်းက ရန်ကိုင်၏ အော်သံသည် အစစ်အမှန်နဂါးတစ်ကောင်၏ ဟိန်းသံနှင့် မခြားပေ။ ခရမ်းရောင်ဝတ်ရုံဝတ်လူသည်ပင်လျှင် ထိုအော်သံကို ကြားပြီးသည့်နောက် အနည်းငယ် တုန်တုန်ယင်ယင် ဖြစ်သွားခဲ့ရသည်။

ဤသည်မှာ သူနားမလည်နိုင်သည့် အခြေအနေမျိုးနှင့် ပထမဦးဆုံး ကြုံရခြင်း ဖြစ်လေသည်။

သူ့စိတ်ထဲ ထိုအရာများကို တွေးရင်း ငေးကြောင်ကြောင်ဖြစ်နေစဉ်မှာပင် ကျောက်တုံးကိုယ်ပွားသည် မည်းနက်နေသော တူကြီးတစ်ချောင်းကို ကိုင်ရင်းမှ သူ့ဆီသို့ ခုန်ဝင်လာခဲ့လေသည်။ အနက်ရောင်တူကို လက်ဖြင့် တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ရင်းမှ ကျောက်တုံးကိုယ်ပွားသည် ခရမ်းရောင်ဝတ်ရုံဝတ်လူအား ထုချလိုက်လေ၏။

"နတ်ဆိုးချီလား" ခရမ်းရောင်ဝတ်ရုံဝတ်လူ၏ အကြည့်သည် တူတစ်ဝိုက်တွင် ရစ်သိုင်းနေသော နတ်ဆိုးချီဆီသို့ ချက်ချင်းရောက်ရှိသွားခဲ့သည်။ နတ်ဆိုးချီများ သူ့ဆီသို့ ပျံ့နှံ့လာသည့်အလျောက် သူ့ရင်ထဲရှိ စိတ်ဆန္ဒရိုင်းများမှာ စတင်၍ ရုန်းကြွလာလေ၏။

[နတ်ဆိုးမှော်ရတနာပဲ] အနက်ရောင်ဝတ်ရုံဝတ်လူသည် ထိုတူ၏ ဇစ်မြစ်ကို ချက်ချင်းသိသွားခဲ့လေသည်။ တူတစ်ဝိုက်တွင် ရစ်သိုင်းနေသော နတ်ဆိုးချီမှာ သန့်စင်လှလေရာ ဤနတ်ဆိုးမှော်ရတနာမှာ နတ်ဆိုးနယ်မြေမှ လာခြင်း ဖြစ်လောက်ပေသည်။ ထိုအပြင် ၎င်း၏ အရှိန်အဝါကို ကြည့်ကြည့်ရသလောက် ဤတူ တည်ရှိလာသည်မှာ အတော်လေးကိုမှ ကြာနေခဲ့လေပြီ။ ထိုအကြောင်းကြောင့် ဤတူသည် ရှေးဟောင်းနတ်ဆိုးမှော်ရတနာတစ်ခု ဖြစ်ရပေလိမ့်မည်။

[ဒီရှီဟွော့ ဒီနတ်ဆိုးတူကို ဘယ်ကနေ ရလာတာလဲ] ခရမ်းရောင်ဝတ်ရုံဝတ်လူ ဇဝေဇဝါဖြစ်နေရသည့် အချက်မှာ သူ့ပြိုင်ဘက်သည် ဤတူအား နတ်ဆိုးချီ အနည်းငယ်မျှပင် ကူးစက်ခံရခြင်းမရှိဘဲ မည်ကဲ့သို့ အသုံးပြုနေနိုင်သလဲဆိုသည့် အချက်ပင်။

ထိုအခိုက်အတန့်မှာပင် လျှပ်စီးစက်ကွင်း ပြန်ပေါ်လာခဲ့ပြီး ကျောက်တုံးကိုယ်ပွားကို လွှမ်းခြုံသွားခဲ့သည်။ ထို့နောက်တွင် လျှပ်စီးကြာပွတ် တစ်ခုသည်လည်း ထွက်ပေါ်လာခဲ့လေသည်။

ကျောက်တုံးကိုယ်ပွားမှာမူ ထိုကဲ့သို့သော တိုက်ကွက်မျိုးကို ရင်ဆိုင်နေရသည့်တိုင် အနည်းငယ်မျှပင် မမှုခဲ့ဘဲ နတ်ဆိုးတိုက်ပွဲတူကိုသာ တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ရင်း ခရမ်းရောင်ဝတ်ရုံဝတ်လူ၏ ခေါင်းအား ထုချနေခဲ့သည်။ မသိလျှင် ကျောက်တုံးကိုယ်ပွား၏ ပုံစံမှာ ခရမ်းရောင်ဝတ်ရုံဝတ်လူနှင့်အတူ သေရန် ဆုံးဖြတ်ထားသည့်အလား။ ထိုအပြင် လက်ရှိအခိုက်အတန့်၌ ကျောက်တုံးကိုယ်ပွား၏ ခန္ဓာကိုယ်တစ်ဝိုက်တွင် ဆန်းကြယ်သည့် စွမ်းအားတစ်ရပ် ရှိနေခဲ့သည်။ ထိုစွမ်းအားမှာ လျှပ်စီးများကို စုပ်ယူနေခဲ့လေရာ ကျောက်တုံးကိုယ်ပွားမှာ အစောပိုင်းကကဲ့သို့ ဒုက္ခရောက်နေခြင်း မရှိတော့ပေ။

ကောင်းကင်ဝါးမျိုခြင်း တိုက်ပွဲဥပဒေသအား ကျင့်ကြံထားသူတစ်ဦးသည် ဤလောကကြီးထဲရှိ မည်သည့်အရာကိုမဆို ဝါးမျိုပစ်နိုင်ပေသည်။ ကျောက်တုံးကိုယ်ပွားမှ ကောင်းကင်ဝါးမျိုခြင်းစက်ကွင်းကို အသက်သွင်းလိုက်သည့်နောက်တွင် ခရမ်းရောင်ဝတ်ရုံဝတ်လူ၏ လျှပ်စီးမုန်တိုင်းသည်ပင်လျှင် သူ့အား ဒုက္ခပေးနိုင်ခြင်း မရှိတော့ပေ။

ကျောက်တုံးကိုယ်ပွား၏ အကြောက်အရွံကင်းမဲ့သည့် ပုံသည် ခရမ်းရောင်ဝတ်ရုံဝတ်လူအား အမှန်တကယ်ကို ထိတ်လန့်သွားစေခဲ့လေသည်။ မသိလျှင် ကျောက်တုံးကိုယ်ပွား၏ ပုံစံမှာ သူ့အသက်ကို တန်ဖိုးမထားသည့်အလား။ ခရမ်းရောင်ဝတ်ရုံဝတ်လူကမူ မည်ကဲ့သို့များ ကျောက်တုံးကိုယ်ပွားနှင့်အတူ သေနိုင်ပါမည်နည်း။ သူသည် မဟာဧကရာဇ်တစ်ပါး ဖြစ်လာမည့်အချိန်ကို စောင့်ဆိုင်းနေခြင်းပင် ဖြစ်လေသည်။

လျှပ်စီးမုန်တိုင်း အသုံးမဝင်မှန်း သိလိုက်သည့်နောက်တွင် ခရမ်းရောင်ဝတ်ရုံဝတ်လူသည် လျှပ်စီးကြာပွတ်အား လှံတံတစ်ချောင်းအသွင်သို့ သိပ်သည်းလျက် ကျောက်တုံးကိုယ်ပွား၏ ရင်ဘတ်ဆီသို့ ပစ်လွှတ်လိုက်လေသည်။

ဘုန်းခနဲ မြည်သံနှင့်အတူ မီးပွားများ ပွင့်ထွက်လာခဲ့သည်။ တစ်ချိန်တည်းတွင်လည်း ကျောက်တုံးကိုယ်ပွားမှာ နောက်သို့ ဒယီးဒယိုင် ဆုတ်သွားခဲ့ရလေသည်။ သို့သော်ငြား သူ့ကိုယ်သူ တည်ငြိမ်သွားအောင် မလုပ်နိုင်သေးခင်မှာပင် လျှပ်စီးကြာပွတ်သည် ကျောက်တုံးကိုယ်ပွားဆီသို့ ရောက်လာပြီး ကျောက်တုံးကိုယ်ပွားအား တင်းတင်းကျပ်ကျပ် ရစ်ပတ်လိုက်သည်။ ထို့နောက်တွင် ခရမ်းရောင်ဝတ်ရုံဝတ်လူသည် အေးစက်စက်အမူအရာဖြင့် လက်ကွက်တစ်ခုကို ဖန်တီးလိုက်ရာ ကြာပွတ်မှာ အရောင်တလက်လက် တောက်ပလာခဲ့ပြီး လျှပ်ပန်းလျှပ်နွယ်တို့မှာလည်း ပြင်းပြင်းထန်ထန် တလက်လက် တောက်ပလာခဲ့လေတော့သည်။

ကျောက်တုံးကိုယ်ပွားမှာတော့ ဟိန်းဟောက်အော်ဟစ်ရင်းမှ ကောင်းကင်ဝါးမျိုခြင်း တိုက်ပွဲဥပဒေသကို အဆုံးအစွန်အထိ အသက်သွင်းကာ လျှပ်စီးစွမ်းအားကို စုပ်ယူ၍ တန်ပြန်တိုက်ခိုက်ရန် ကြိုးစားတော့လေသည်။

တစ်ချိန်တည်းတွင် အသံတစ်သံ ထွက်လာခဲ့သည်။ "နဂါးအသွင်ပြောင်းလဲခြင်း"

ကျယ်လောင်သည့် နဂါးဟိန်းသံနှင့်အတူ ရန်ကိုင်၏ ခန္ဓာကိုယ်ကြီးမှာ လျင်မြန်စွာ ကြီးထွားလာခဲ့သည်။ ထျန်ရှန်းနှင့် အခြားသူများ၏ မှင်တက်ထိတ်လန့်နေသည့် အကြည့်အောက်တွင် မီတာသုံးရာခန့် အမြင့်ရှိသော နဂါးတစ်ပိုင်းအသွင် ပေါ်လာခဲ့လေသည်။ ယခုဆိုလျှင် ရန်ကိုင်၏ နဂါးခေါင်းမှာ ကောင်းကင်ကိုပင်လျှင် ထိလုမတတ် ဖြစ်နေခဲ့လေ၏။ နဂါးဦးချိုများမှာလည်း သူ့ခန္ဓာကိုယ် ကြီးထွားလာသည့်အလျောက် လိုက်လံကြီးထွားလာခဲ့ပြီး ယခုဆိုလျှင် ရန်ကိုင်၏ ကျောဘက်၌ နဂါးအမြီးတစ်ချောင်းပင် ရှိနေခဲ့သည်။

ထျန်ရှန်းနှင့် အခြားသူများမှာ ထိုမြင်ကွင်းကို ကြည့်ရင်း လုံးဝကို မယုံကြည်နိုင် ဖြစ်နေကြလေသည်။ ရန်ကိုင် ပြောင်းလဲသွားသည့် အသွင်ကို ကြည့်ရင်း သူတို့စိတ်ထဲ ကြီးစွာသောဖိအားကို ခံစားနေခဲ့ရလေရာ အသက်ကိုပင်လျှင် ကောင်းကောင်းမရှူနိုင် ဖြစ်နေကြရသည်။

ချီကွေ့၏ မျက်နှာအထက်ရှိ တိုက်ခိုက်လိုစိတ်တို့မှာလည်း ပျောက်ခြင်းမလှ ပျောက်ကွယ်နေခဲ့ပြီး ခါးသက်မှု စိတ်ဓာတ်ကျမှုတို့က အစားထိုးဝင်ရောက်နေလေ၏။ အကြောင်းမှာ သူမည်မျှ တုံးအကြောင်းကို ယခုမှသာလျှင် သဘောပေါက်သွားသည့်အတွက်ကြောင့်ပင်။ ရန်ကိုင်တို့ တိုက်ပွဲမစခင်က သူသည် ရန်ကိုင်အား စိန်ခေါ်ရန်အတွက် အလွန်ကိုမှ စိတ်အားထက်သန်ခဲ့သည်။ သို့သော်ငြား ယခု ရန်ကိုင်၏ စွမ်းအားကို မြင်တွေ့ပြီးသည့်နောက်တွင် သူ့အနေဖြင့် ဘာကိုမျှ ထပ်မံ၍ စမ်းသပ်စရာမလိုတော့မှန်း သဘောပေါက်လိုက်လေသည်။ ရန်ကိုင်သည်သာ စိတ်ရှိလျှင် သူ့အား အလွယ်လေး သတ်ပစ်နိုင်ပေသည်။

ရန်ကိုင်မှ လေဟာနယ်နိယာမများ၊ အချိန်နိယာမများနှင့် တောင်နှင့်မြစ်ခေါင်းလောင်းတို့အား အသုံးပြုသည်ကို မြင်ပြီးသည့်နောက်တွင် ရန်ကိုင်မှာ သူ့ခွန်အားအကုန်အစင်ကို ထုတ်သုံးပြီးသွားပြီဟု ချီကွေ့ ထင်ခဲ့လေသည်။ ရန်ကိုင်တွင် နဂါးတစ်ပိုင်းအသွင် ရှိနေသေးပါသော်ငြား ရန်ကိုင်၏ နဂါးတစ်ပိုင်းအသွင်မှာ မီတာအနည်းငယ်ခန့်သာ မြင့်လေရာ ချီကွေ့မှာ သိပ်၍ စိတ်ထဲမထားခဲ့ပေ။

သို့သော်ငြား ယခု ရန်ကိုင်၏ ခန္ဓာကိုယ်ကြီးမှာ မီတာသုံးရာခန့် အမြင့်ရှိနေလေပြီ။ မီတာသုံးရာခန့်အတွင်းသို့ ပြောင်းလဲသွားပြီးသည့်နောက် ရန်ကိုင် မည်မျှအားကောင်းသွားသလဲဆိုသည်ကို မသိရသေးပါသော်ငြား ထိုမီတာသုံးရာခန့် အမြင့်ရှိသော ခန္ဓာကိုယ်ကြီးကသည်ပင်လျှင် ရန်ကိုင်နှင့် ရင်ဆိုင်ရမည့် လူများအား ရှင်းပြမရသော ဖိအားကို ခံစားရစေပေသည်။

သို့သော်ငြား ဤမျှကြီးမားလှသော နဂါးတစ်ပိုင်းအသွင်သို့ ပြောင်းလဲနိုင်ဖို့ရာ ရန်ကိုင်၏ သွေးမျိုးဆက်သည် မည်မျှပင် သန့်စင်နေလေသနည်း။ ဟုန်းလော့ကြယ်စီရင်စုကြီးတွင် ရှိစဉ်က ရန်ကိုင်၏ မီတာနှစ်ရာခန့် အမြင့်ရှိသော နဂါးတစ်ပိုင်းအသွင်သည် ခရမ်းရောင်ဝတ်ရုံဝတ်လူအား အံ့အားသင့်စေခဲ့လေသည်။ သို့သော်ငြား မီတာသုံးရာနှင့် မီတာနှစ်ရာအကြားတွင် ကွာဟချက်ကြီးကြီးမားမား ရှိနေခဲ့သည်။

လက်ရှိ မီတာသုံးရာခန့် နဂါးတစ်ပိုင်းအသွင်သည် နဂါးအသွင်ပြောင်းလဲခြင်းပညာရပ်ကို ထုတ်သုံးလိုက်ပြီးသည့်နောက် ရန်ကိုင် အသွင်ပြောင်းလဲနိုင်သည့် အကန့်အသတ် ဖြစ်ပေသည်။ မဟာဧကရာဇ်တစ်ပိုင်းကဲ့သို့သော လူနှင့် ရင်ဆိုင်ရသည့်အခါမျိုးတွင် သူ့ခွန်အားကို ထိမ်ချန်ထား၍ မရမှန်း သိနေသည့်အတွက်ကြောင့် ခွန်အားအကုန်အစင်ကို ထုတ်သုံးလာခဲ့ခြင်း ဖြစ်သည်။ ရန်ကိုင်မှာ ကျောက်တုံးကိုယ်ပွားနှင့်အတူ လက်တွဲ၍ တစ်ဖက်လူအား ရင်ဆိုင်နေပါသော်ငြား တစ်ဖက်လူကို အနိုင်ယူနိုင်လိမ့်မည်ဟု ယုံကြည်ချက်မရှိပေ။ သူ သို့မဟုတ် ကျောက်တုံးကိုယ်ပွားသည်သာ ခရမ်းရောင်ဝတ်ရုံဝတ်လူနှင့် တစ်ဦးချင်း ရင်ဆိုင်ရမည်ဆိုပါက ရန်ကိုင်တို့ ကျိန်းသေကို ရှုံးပေလိမ့်မည်။

ဤသည်မှာ ဧကရာဇ်ဒုတိယအဆင့်ပညာရှင်တစ်ဦး ဖြစ်လာပြီးသည့်နောက် ရန်ကိုင် ပထမဦးဆုံးအကြိမ် စွမ်းအားကုန်ထုတ်သုံးကာ တိုက်ခိုက်ခြင်း ဖြစ်လေသည်။ ထိုအတွက်ကြောင့် သူ့ခွန်အား အကန့်အသတ် မည်သည့်နေရာတွင် ရှိနေမလဲဆိုသည်ကို ရန်ကိုင် ကိုယ်တိုင်လည်း သိချင်နေမိသည်။

ရန်ကိုင်မှ အရှေ့သို့ တိုးလာသည့်အခိုက် သူ့ခြေထောက်အောက်ရှိ မြေပြင်မှာ တသိမ့်သိမ့်ကို တုန်ခါလာခဲ့သည်။ ခရမ်းရောင်ဝတ်ရုံဝတ်လူမှာလည်း ရန်ကိုင်၏ အမြင်၌ ပုရွက်ဆိတ်တစ်ကောင်ပမာ သေးငယ်သွားတော့လေသည်။ ခရမ်းရောင်ဝတ်ရုံဝတ်လူ၏ လျှပ်စီးစက်ကွင်းသည် ရန်ကိုင်အား လာရောက်ထိမှန်နေခဲ့ပါသော်ငြား ရန်ကိုင်ကမူ လျှပ်စီးစက်ကွင်းအား လုံးဝကို မမှုခဲ့ပေ။

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၃၃၁၄)

ဘာသာပြန်သူ_တိမ်တိုက်

နဂါးကလန်သားများသည် အလွန်တရာကိုမှ မာကျောလှသည့် ခန္ဓာကိုယ်များကို ပိုင်ဆိုင်ကြပေသည်။ ခရမ်းရောင်ဝတ်ရုံဝတ်လူ၏ မိုးကြိုးနိယာမများမှာ အားကောင်းလှပါသော်ငြား လျှပ်စီးပင်လယ်သည် ရန်ကိုင်အား တားဆီးနိုင်ခဲ့ခြင်းမရှိပေ။

ရန်ကိုင်၏ ဧရာမခန္ဓာကိုယ်ကြီး ဝင်ရောက်လာသည်နှင့်တစ်ပြိုင်နက် လျှပ်စီးပင်လယ်မှာ မတည်မငြိမ် ဖြစ်လာခဲ့သည်။ ခရမ်းရောင်ဝတ်ရုံဝတ်လူမှာတော့ မိုးထိမတတ်မြင့်မားလှသော သားရဲကောင်ကြီးအား ထိပ်တိုက်မရင်ဆိုင်ရဲသည့်အလား အလင်းတန်းအသွင်သို့ပြောင်း၍ ချက်ချင်း ပြန်ဆုတ်သွားခဲ့သည်။

သို့ပင်ဖြစ်လင့်ကစား ရန်ကိုင်ကမူ ခရမ်းရောင်ဝတ်ရုံဝတ်လူအား အလွတ်မပေးခဲ့ဘဲ တောက်လျှောက်ကို လိုက်ဖမ်းနေ၏။ ထိုမြင်ကွင်းကိုကြည့်ရင်း ထျန်ရှန်းနှင့် အခြားသူများမှာ မယုံကြည်နိုင် ဖြစ်နေကြသည်။ ဧကရာဇ်ဒုတိယအဆင့်ပညာရှင်တစ်ဦးမှ လိုက်ဖမ်းနေသည့်အတွက်ကြောင့် မဟာဧကရာဇ်တစ်ပိုင်းအဆင့်ပညာရှင်တစ်ဦး ထွက်ပြေးနေရသည့်မြင်ကွင်းမှာ အလွန်ကိုမှ မယုံကြည်နိုင်ဖွယ်ကောင်းလှပေသည်။

ရန်ကိုင်၏ခန္ဓာကိုယ်ကြီးမှာ အလွန်တရာကြီးမားလှပါသော်ငြား သူ့လှုပ်ရှားမှုများမှာ နှေးကွေးနေခြင်းမရှိ။ သို့ပင်ဖြစ်လင့်ကစား ခရမ်းရောင်ဝတ်ရုံဝတ်လူမှာ ရန်ကိုင်ထက် ပိုမြန်နေခဲ့သည်။ ထိုသို့ဖြင့် ရန်ကိုင်နှင့် ခရမ်းရောင်ဝတ်ရုံဝတ်လူတို့မှာ အတန်ကြာသည်အထိ ကြောင်နှင့်ကြွက် လိုက်တမ်းပြေးတမ်း ကစားနေကြလေသည်။

ကျောက်တုံးကိုယ်ပွားသည်လည်း ရပ်မနေခဲ့ဘဲ ၎င်း၏နတ်ဆိုးတိုက်ပွဲတူကို ကိုင်စွဲရင်းမှ ရန်ကိုင်နှင့်အတူ အတိုင်အဖောက်ညီညီ ခရမ်းရောင်ဝတ်ရုံဝတ်လူအား တိုက်ခိုက်ကြလေသည်။ ရန်ကိုင်နှင့် ကျောက်တုံးကိုယ်ပွားမှာ ခရမ်းရောင်ဝတ်ရုံဝတ်လူအား တန်ပြန်တိုက်ခိုက်ခွင့်မရစေရန် အဆက်မပြတ်ကို ဖိအားပေးတိုက်ခိုက်နေခဲ့သည်။

ထိုသို့ပင် တိုက်ခိုက်နေနိုင်လင့်ကစား ရန်ကိုင်မှာ ဝမ်းသာနေခြင်းမရှိခဲ့။ ခရမ်းရောင်ဝတ်ရုံဝတ်လူမှာ တောက်လျှောက်ကို ခုခံနေခဲ့ရပါသော်ငြား သူ့ပုံစံမှာ လုံးဝကို ပျာယာခတ်နေခြင်းမရှိ။ တည်တည်ငြိမ်ငြိမ်သာ ရှိနေလေသည်။

“ချုပ်နှောင်လိုက်စမ်း…” တိုက်ခိုက်နေရင်းမှ ရန်ကိုင်က ရုတ်တရက် အော်ဟစ်လိုက်သည်။ လေဟာနယ်နိယာမတို့ အသက်ဝင်လာခဲ့ပြီး လျင်မြန်စွာပျံသန်းနေသော ခရမ်းရောင်ဝတ်ရုံဝတ်လူမှာလည်း နွံအိုင်တစ်ခုထဲသို့ ကျသွားသည့်ပမာ သူ့လှုပ်ရှားမှုများ နှေးကျသွားခဲ့လေသည်။ သူ့ပတ်ပတ်လည်ရှိဟင်းလင်းပြင်မှာ အလွန်တရာကိုမှ မာကျောလာခဲ့လေရာ သူ့ခမျာ ရုန်းလေရုန်းလေ ပို၍ လှုပ်ရှားရခက်လာလေပင် ဖြစ်နေလေ၏။

သူရုန်းကန်နေစဉ်မှာပင် ကျောက်တုံးကိုယ်ပွား၏တူသည် သူ့ဆီသို့ ရောက်ရှိလာခဲ့သည်။

ထိုအခိုက်အတန့်တွင် ထိုတိုက်ခိုက်မှုကို မရှောင်နိုင်တော့မှန်း ခရမ်းရောင်ဝတ်ရုံဝတ်လူ သိလိုက်လေသည်။ သူသည် လေဟာနယ်တာအိုကို ကျင့်ကြံထားပါသော်ငြား ရန်ကိုင်ပြောခဲ့သကဲ့သို့ပင် အကြမ်းဖျင်းလောက်ကိုသာ နားလည်ထားခြင်းဖြစ်သည်။ သူ့ကျင့်ကြံခြင်းမှာ ရန်ကိုင်ထက်ပို၍ အားကောင်းပါသော်ငြား သူ့ဘေးပတ်ပတ်လည်ရှိ ဟင်းလင်းပြင်မှာ တင်းတင်းကြပ်ကြပ်ကို ပိတ်လှောင်ထားခြင်း ခံနေရလေ၏။ သူ့အနေဖြင့် ထိုကဲ့သို့သော ချုပ်နှောင်မှုမျိုးမှ ရုန်းထွက်ရန် အချိန်တစ်ခဏလေးသာ လိုပါသော်ငြား ထိုတစ်ခဏလေးသည် သူ၏သေခြင်းရှင်ခြင်းကို ဆုံးဖြတ်ပေးသွားနိုင်ပေသည်။

ချက်ချင်းပဲ ခရမ်းရောင်ဝတ်ရုံဝတ်လူသည် ဧကရာဇ်ချီကို အရူးအမူးလှည့်ပတ်၍ လျှပ်စီးတန်းများကို အဖက်ဖက်သို့ ပစ်လွှတ်လိုက်သည်။ တစ်ချိန်တည်းတွင် ဘဲဥပုံစံ လျှပ်စီးလှိုင်းတစ်ခု သူ့ရှေ့တည့်တည့်၌ ပေါ်လာခဲ့လေ၏။

“ဘုန်း” ခနဲမြည်သံနှင့်အတူ နတ်ဆိုးတိုက်ပွဲတူသည် လျှပ်စီးဒိုင်းကာအား သွားရောက်ထိမှန်လေရာ လျှပ်စီးဒိုင်းကာတစ်ခုလုံး ပျက်စီးသွားခဲ့ရသည်။ တစ်ချိန်တည်းတွင်လည်း ကျောက်တုံးကိုယ်ပွားမှာ ပြန်ကန်ထွက်လာသည့်အားကြောင်း နောက်သို့ လွင့်စင်ထွက်သွားခဲ့လေ၏။ ထို့အပြင် ကျောက်တုံးကိုယ်ပွား၏ ကိုယ်ပေါ်၌ လျှပ်ပန်းလျှပ်နွယ်များလည်း တဖျတ်ဖျတ်ကို လက်နေခဲ့လေသည်။

ရန်ကိုင်မှာမူ ခရမ်းရောင်ဝတ်ရုံဝတ်လူအား အသက်ရှူချိန်ပင်မပေးဘဲ သူ့လက်ဖြင့် ခရမ်းရောင်ဝတ်ရုံဝတ်လူကို လှမ်းဖမ်းဆုပ်လိုက်လေသည်။

“သေလိုက်ပေတော့…”

လေဟာနယ်နိယာမစွမ်းအားတို့ လှုပ်ခတ်လာခဲ့ပြီး အားကောင်းလှသည့် သတ်ဖြတ်လိုစိတ်တို့လည်း ဖြာထွက်လာခဲ့လေသည်။

သို့သော်ငြား ချက်ချင်းဆိုသလို ရန်ကိုင်၏အမူအယာ အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့လေသည်။ လျှပ်စီးတန်းတစ်ခုသည် ရန်ကိုင်၏ နဂါးလက်သည်းအား ဖောက်ထွက်လာခဲ့ပြီးသည့်နောက် အလွန်တရာကိုမှ မြန်ဆန်သည့်နှုန်းဖြင့် အပေါ်သို့ တက်သွားခဲ့လေ၏။

ရန်ကိုင်လည်း မော့ကြည့်လိုက်ရာ ထိုအလင်းတန်းသည် လူတစ်ဦးအသွင်သို့ ပြောင်းလဲသွားကြောင်းကို တွေ့လိုက်ရလေသည်။ လက်ရှိအချိန်၌ ခရမ်းရောင်ဝတ်ရုံဝတ်လူ၏ လက်ထဲ သံလျှပ်ကဲ့သို့သော မှော်ရတနာတစ်ခု ရှိနေခဲ့သည်။ ထိုမှော်ရတနာမှာ လက်တစ်မောင်းအရွယ်အစားခန့်သာ ရှိပါသော်ငြား အထင်သေး၍တော့ မရပေ။ မှော်ရတနာပတ်လည်တွင် လက်နေသော လျှပ်စီးများမှာ ပုံမှန်လျှပ်စီးများကဲ့သို့ အစိမ်းရောင်မဟုတ်ဘဲ နေ့အလင်းရောင်ပမာ အဖြူရောင်တောက်နေလေသည်။ ထို့အပြင် ထိုမှော်ရတနာပေါ်၌ ရွှေရောင်သွေးအချို့လည်း ကပ်ပေနေသေး၏။

ရန်ကိုင်မှာ သူ့လက်ကိုဖြန့်၍ ငုံ့ကြည့်လိုက်ရာ သူ့လက်ဝါးပေါ်တွင် အပေါက်ကြီးတစ်ပေါက် ရှိနေကြောင်း တွေ့လိုက်ရသည်။ ရွှေရောင်သွေးများမှာ ထိုအပေါက်မှ အောက်သို့ စီးကျနေလေသည်။ သို့သော်ငြား ရန်ကိုင်၏ အားကောင်းလှသော ပြန်လည်ကုသနိုင်စွမ်းကြောင့် ထိုအပေါက်မှာ သူ့အလိုလို ပြန်ပိတ်နေခဲ့သည်။

“ခင်ဗျားကိုသတ်ဖို့ တကယ်ခက်တာပဲ…” ရန်ကိုင်သည် သူ့လက်ကိုခါရင်းမှ ခရမ်းရောင်ဝတ်ရုံဝတ်လူကို ကြည့်၍ ပြောလိုက်သည်။

ကျောက်တုံးကိုယ်ပွားနှင့် အတူပူးပေါင်း၍ သူ့ခွန်အားအကုန်အစင်ကို ထုတ်သုံးကာ တိုက်ခိုက်ခဲ့သည့်တိုင် ရန်ကိုင်မှာ ခရမ်းရောင်ဝတ်ရုံဝတ်လူကို အနိုင်မယူနိုင်ခဲ့ပေ။ ထိုအချက်ကိုကြည့်ရုံဖြင့်ပင်လျှင် မဟာဧကရာဇ်တစ်ပိုင်းအဆင့်ပညာရှင်မှာ မည်မျှကြောက်မက်ဖွယ်ကောင်းကြောင်းကို မြင်တွေ့နိုင်ပေသည်။ မဟာဧကရာဇ်တစ်ပိုင်းသည်ပင်လျှင် ဤမျှအားကောင်းနေမည်ဆိုပါက မဟာဧကရာဇ်ဆိုလျှင် မည်မျှပင် အားကောင်းလိုက်လေမည်နည်း။ ရန်ကိုင်မှာ မဟာဧကရာဇ်ဖြစ်လာနိုင်မည့်တစ်နေ့ကို မျှော်လင့်စောင့်စားနေမိလေ၏။

“မင်းရဲ့နဂါးသွေးကြောက ထူးဆန်းတာပဲ…” ခရမ်းရောင်ဝတ်ရုံဝတ်လူသည် ရန်ကိုင်အား မျက်လုံးမှေးစင်းကာ စိုက်ကြည့်ရင်းမှ သူ့မှော်ရတနာပေါ်တွင် ကပ်ပေနေသော ရွှေရောင်သွေးများကို လျှာဖြင့်မြည်းကြည့်လိုက်သည်။ ထို့နောက် သူ့အမူအယာ အပြောင်းလဲကြီး ပြောင်းလဲသွားတော့လေသည်။

ရန်ကိုင်သည် နဂါးနွယ်ဖွားတစ်ဦးမှန်း ခရမ်းရောင်ဝတ်ရုံဝတ်လူ သိပါသော်ငြား ရန်ကိုင်၏သွေးမျိုးဆက်မှာ သန့်စင်ခြင်းမရှိဟု ထင်ခဲ့သည်။ သို့သော်ငြား သန့်စင်သည့်သွေးမျိုးဆက်ကို ပိုင်ဆိုင်ထားခြင်းမရှိသော နဂါးနွယ်ဖွားတစ်ဦးသည် မီတာသုံးရာခန့်အမြင့်ရှိသော နဂါးတစ်ပိုင်းအသွင်သို့ ပြောင်းလဲနိုင်သည်မှာ အမှန်တကယ်ကိုမှ မယုံကြည်နိုင်စရာ ကောင်းလှပေသည်။ သူသိသလောက်ဆိုလျှင် သွေးသန့်နဂါးများအတွက် ၎င်းတို့အသွင်ပြောင်းနိုင်သည့်ပုံစံမှာ ပိုကြီးလေ သွေးမျိုးဆက်မှာ ပို၍သန့်စင်လေပင်။

သူကိုယ်တိုင်သည်လည်း အဆင့်ရှစ်နဂါးတစ်ကောင်နှင့် သိကျွမ်းခဲ့ဖူးသည်။ သို့သော်ငြား ထိုနဂါးမှာ မီတာနှစ်ရာခန့်အမြင့်ရှိသော နဂါးတစ်ကောင်အသွင်သို့သာ ပြောင်းနိုင်သည်။ အဆင့်ရှစ်နဂါးတစ်ကောင်သည် နဂါးကျွန်းပေါ်တွင် အတော်လေးကိုမှ အားကောင်းသည့် နဂါးတစ်ကောင်ဖြစ်လေရာ နဂါးတစ်ပိုင်းအောက် နိမ့်ကျစရာအကြောင်း လုံးဝမရှိပေ။

အနည်းဆုံး မီတာသုံးရာခန့် အလျားရှိသော နဂါးအသွင်သို့ ပြောင်းနိုင်ဖို့ရာ အဆင့်ကိုးနဂါးတစ်ကောင်ဖြစ်နေရန် လိုအပ်ပေသည်။

ခရမ်းရောင်ဝတ်ရုံဝတ်လူသည် ဤမှော်ရတနာအားကိုးဖြင့် ရန်ကိုင်၏လက်မှ ဖောက်ထွက်၍ ရန်ကိုင်ကိုပင်လျှင် ဒဏ်ရာရသွားအောင် လုပ်နိုင်ခဲ့ပါသော်ငြား ရန်ကိုင်၏နဂါးသွေးကို မြည်းကြည့်ပြီးသည့်နောက်တွင် ရန်ကိုင်၏နဂါးသွေးမှာ မသန့်စင်ပါသော်ငြား ထိုသွေးထဲတွင် ကိန်းအောင်းနေသည့် စွမ်းအားမှာ အခြားသောနဂါးများ၏ သွေးထက် ပို၍အားကောင်းနေကြောင်းကို တွေ့ရှိလိုက်ရသည်။

(ဘာတွေဖြစ်နေတာလဲ… ဒီနဂါးတစ်ပိုင်းရဲ့သွေးက သူ့ဘိုးဘေးတွေဆီ စပြီးတော့ ဦးလှည့်နေတာလား…)

ခရမ်းရောင်ဝတ်ရုံဝတ်လူ အတွေးထဲနစ်မျောနေစဉ် ရန်ကိုင်က ရုတ်တရက် ကောက်မေးလိုက်လေသည်။ “ကျုပ်သွေး ဘယ်လိုနေလဲ…”

ထိုစကားကိုကြားလိုက်သော် ခရမ်းရောင်ဝတ်ရုံဝတ်လူ တစ်ခုခုမှားယွင်းနေမှန်း သတိပြုမိသွားခဲ့သည်။ သူ့ပါးစပ်ထဲတွင်ရှိနေသည့် နဂါးသွေးမှာ ရုတ်တရက်ဆိုသလို ထက်ရှသည့်အရှိန်အဝါကို ထုတ်လွှတ်လာခဲ့လေ၏။ ထို့အတွက်ကြောင့် ခရမ်းရောင်ဝတ်ရုံဝတ်လူမှာ အနည်းငယ်မျှပင် တုံ့ဆိုင်းမနေရဲတော့ပဲ အစောပိုင်းကမြည်းလိုက်သော သွေးများကို ချက်ချင်းပြန်ထွေးထုတ်လိုက်ရာ ထိုသွေးများသည် လက်ရှိအချိန်တွင် အလွန်တရာကိုမှ သေးငယ်လှသော ဓါးသွားလေးများအသွင်သို့ ပြောင်းလဲနေကြောင်းကို တွေ့ရှိလိုက်ရသည်။

ထိုအချင်းအရာကိုမြင်လိုက်သည့်အခိုက် ခရမ်းရောင်ဝတ်ရုံဝတ်လူ ဇောချွေးပြန်သွားတော့လေသည်။ ရန်ကိုင်သည် သူ့ကိုယ်ထဲမှ ထွက်သွားပြီးပြီဖြစ်သော သွေးစက်အား ယခုကဲ့သို့ မည်ကဲ့သို့များ ထိန်းချုပ်နိုင်သလဲဆိုသည်ကို လုံးဝ နားမလည်နိုင်ပေ။

မဆင်မခြင်မနေရဲသည့်အတွက်ကြောင့် ချက်ချင်းပဲ လျှပ်စီးစွမ်းအားကို အသက်သွင်း၍ သူ့မှော်ရတနာတစ်ဝိုက်တွင် ကပ်ပေနေသော သွေးများကို ခါထုတ်ပစ်လိုက်လေ၏။

ထို့နောက် သက်ပြင်းချ၍ပြောလိုက်သည်။ “ရန်ကိုင်… ဒီဘုရင် မင်းကို မဖိနှိပ်ချင်ဘူး… မင်းက အတော်လေးအားကောင်းတယ်ဆိုပေမယ့် ငါ့ကိုအနိုင်ယူဖို့တော့ မလုံလောက်သေးဘူး… ဒီတော့ ဒီဘုရင်ပြောထားတာက အရင်အတိုင်းပဲ ရှိနေသေးတယ်… မင်းသာ အဲ့ဓာတ်လုံးကို ငါ့ကိုပေးမယ်ဆိုရင် ငါချက်ချင်းထွက်သွားပေးမယ်… မင်း နောက်ပိုင်း ငါ့ဆီကနေ အကူအညီတစ်ခုခုလိုတယ်ဆိုရင်လည်း ဒီဘုရင် မင်းကို ငြင်းမှာမဟုတ်ဘူး…”

ရန်ကိုင်ကမူ လှောင်ပြုံးပြုံး၍ ပြန်ပြောလိုက်လေသည်။ “လိုချင်တာလား… လိုချင်ရင် လာယူလေ… ယူနိုင်တယ်ဆိုရင်တော့ ဒီဓာတ်လုံးက ခင်ဗျားအပိုင်ပဲ… မယူနိုင်ဘူးဆိုရင်တော့ ခင်ဗျားကို အသေရိုက်သတ်လို့ ကျုပ်ကို လာအပြစ်မတင်နဲ့…”

“မင်းက ငါ့ကိုသတ်ချင်နေတာလား…” ခရမ်းရောင်ဝတ်ရုံဝတ်လူ၏အမူအယာ ထူးဆန်းသွားခဲ့လေသည်။ မသိလျှင် သူ့ကြည့်ရသည်မှာ မယုံကြည်နိုင်စရာတစ်ခုခုအား ကြားလိုက်ရသည့်အလား။

“ခင်ဗျားကိုသတ်ဖို့ ဘယ်လောက်ခက်လဲ ကြည့်ရသေးတာပေါ့…” ရန်ကိုင်သည် အသက်ကိုပြင်းပြင်းရှူသွင်း၍ သူ့လက်ကို မြှောက်လိုက်လေသည်။ ချက်ချင်းဆိုသလို တောင်နဲ့မြစ်ခေါင်းလောင်းမှာ ရန်ကိုင်၏လက်ထဲဆီသို့ ပျံသန်းလာခဲ့လေ၏။ ထို့နောက်တွင် ရန်ကိုင်သည် ခေါင်းလောင်းကိုဆုပ်ကိုင်၍ ခရမ်းရောင်ဝတ်ရုံဝတ်လူအား ရိုက်ချလိုက်လေသည်။

ခရမ်းရောင်ဝတ်ရုံဝတ်လူမှာ အတွေ့အကြုံကြွယ်ဝလှသည့်လူ ဖြစ်ပါသော်ငြား ရန်ကိုင်၏လုပ်ပုံကိုမြင်သော် နှုတ်ခမ်းကြီးမဲ့သွားခဲ့လေသည်။

အလွန်ကိုမှအဖိုးတန်လှသော မဟာဧကရာဇ်များပင် တပ်မက်နေရသည့် ရှေးဟောင်းမှော်ရတနာတစ်ခုသည် ယခုကဲ့သို့သော နည်းလမ်းဖြင့် အသုံးချခြင်း ခံနေရသည်။ ထိုအကြောင်းကြောင့် ဤတောင်နဲ့မြစ်ခေါင်းလောင်းမှာ မထိုက်သင့်သည့်လူတစ်ဦး၏ လက်ထဲသို့ ရောက်သွားသည်ဟုပင် ခရမ်းရောင်ဝတ်ရုံဝတ်လူ ခံစားလိုက်ရသည်။

သို့သော်ငြား ဤနည်းလမ်းမှာ အမှန်တကယ်ကိုမှ အလုပ်ဖြစ်လှပေသည်။ ခရမ်းရောင်ဝတ်ရုံဝတ်လူမှာ အားကောင်းလှသည့်တိုင် ထိုကဲ့သို့သောတိုက်ခိုက်မှုမျိုးကို လျစ်လျူရှု၍မရပေ။ သူသာ ခေါင်းလောင်း၏ ရိုက်ခတ်ခြင်း ခံလိုက်ရမည်ဆိုပါက မသေလျှင်ပင် ဆိုးဆိုးရွားရွား ဒဏ်ရာရသွားရပေလိမ့်မည်။

ကျဉ်းထဲကြပ်ထဲ အခြေအနေသို့ ရောက်နေလင့်ကစား ခရမ်းရောင်ဝတ်ရုံဝတ်လူမှာ တည်တည်ငြိမ်ငြိမ်ဖြင့်သာ ရှိနေခဲ့လေသည်။ သူ့လက်ထဲရှိမှော်ရတနာကို အပေါ်သို့ ကိုင်မြှောက်လိုက်ပြီးသည့်နောက်တွင် ထိုမှော်ရတနာထဲမှ မိုးကြိုးနဂါးတစ်ကောင် ပျံထွက်လာခဲ့ပြီး ရန်ကိုင်ရင်ဘတ်ဆီသို့ တိုးဝင်သွားခဲ့လေ၏။

မိုးကြိုးနဂါး သူ့ဆီသို့ မရောက်သေးခင်မှာပင် ရန်ကိုင်မှာ သေခြင်းတရားအငွေ့အသက်တို့ကို ခံစားလိုက်ရသည်။ ခရမ်းရောင်ဝတ်ရုံဝတ်လူမှာ မဟာဧကရာဇ်တစ်ပိုင်း ဖြစ်သည့်အတွက်ကြောင့် သူထုတ်သုံးလာသော မှော်ရတနာများမှာ အထင်သေး၍မရပေ။ သူအသုံးပြုနေသော မှော်ရတနာကို သူ၏အသက်စွမ်းအင်နှင့်တကွ မိုးကြိုးနိယာမများကိုသုံး၍ သန့်စင်ခဲ့ခြင်း ဖြစ်ရပေလိမ့်မည်။ ထိုကဲ့သို့သောမှော်ရတနာမျိုးမှ ထွက်ပေါ်လာသည့် တိုက်ခိုက်မှုမျိုးကို မဟာဧကရာဇ်တစ်ပါးပင်လျှင် သတိထားရပေလိမ့်မည်။

ခရမ်းရောင်ဝတ်ရုံဝတ်လူအသုံးပြုနေသည့် မှော်ရတနာမှာ မည်ကဲ့သို့သော မှော်ရတနာမျိုးဖြစ်သလဲ။ ထိုမှော်ရတနာထဲမှ ထွက်ပေါ်လာသည့် မိုးကြိုးမှာ မည်ကဲ့သို့သောမိုးကြိုးမျိုးဖြစ်သလဲ ဆိုသည်ကို ရန်ကိုင်မသိပါသော်ငြား သူ၏မသိစိတ်ကိုတော့ ယုံကြည်ပေသည်။ ခရမ်းရောင်ဝတ်ရုံဝတ်လူမှာ အပေါ်ယံတွင် တည်ငြိမ်နေလင့်ကစား သူ့စိတ်ထဲတွင်တော့ ရန်ကိုင်အပေါ် အတော်လေးကိုမှ နာကြည်းမုန်းတီးနေရပေလိမ့်မည်။ ထို့အတွက်ကြောင့် သူ့ခွန်အားကို အနည်းငယ်မျှပင် ထိန်ချန်ထားလိမ့်မည်မဟုတ်ပေ။

ယခုတစ်ကြိမ်တိုက်ကွက်သည် ခရမ်းရောင်ဝတ်ရုံဝတ်လူ၏ အစွမ်းကုန်တိုက်ကွက်ပင် ဖြစ်လောက်ပေသည်။ ရန်ကိုင်သည်သာ ဤတိုက်ကွက်ကို ခုခံနိုင်ခဲ့မည်ဆိုပါက ခရမ်းရောင်ဝတ်ရုံဝတ်လူနှင့် ဆက်လက်တိုက်ခိုက်နိုင်ဖို့ရာ အခွင့်အရေးရှိပေသည်။ ထိုသို့သာမဟုတ်လျှင်တော့ နေရာတွင်ပင် ပွဲချင်းပြီး သေသွားရပေလိမ့်မည်။

ထိုအခိုက်အတန့်တွင် ရန်ကိုင်မှာ လုံးဝကို စိတ်ပိုင်းဖြတ်လိုက်သည့်အလား သူ့အမူအယာ အေးစက်သွားခဲ့လေသည်။ ထို့နောက်တွင် တောင်နဲ့မြစ်ခေါင်းလောင်းကို မြေပြင်ညီအတိုင်း ကိုင်၍ တိုးဝင်လာနေသည့် မိုးကြိုးနဂါးဆီသို့ ရိုက်ချလိုက်လေသည်။

နောက်ဆုံးတွင် မိုးကြိုးနဂါးနှင့် ခေါင်းလောင်းတို့ ထိပ်တိုက်တွေ့သွားခဲ့ပြီး မိုးကြိုးသံတမျှ ကျယ်လောင်သည့် ပေါက်ကွဲသံကြီး ထွက်ပေါ်လာခဲ့လေသည်။ ထိုပေါက်ကွဲမှုမှ ထွက်ပေါ်လာသည့် ပေါက်ကွဲသံကြီးသည် လူတိုင်း၏ရင်အစုံကိုပါ တုန်ခါသွားစေခဲ့လေသည်။

ချက်ချင်းဆိုသလို လူတိုင်း၏အကြည့်မှာ ကောင်းကင်ပေါ်သို့ ရောက်ရှိသွားခဲ့သည်။

လက်ရှိအချိန်တွင် ခရမ်းရောင်ဝတ်ရုံဝတ်လူ၏ မှော်ရတနာထဲမှ အဖြူရောင်အလင်းတန်းတစ်ခု အဆက်မပြတ် ထွက်ပေါ်လာနေခဲ့ပြီး ထိုအလင်းတန်းမှာ ရန်ကိုင်အား သွားရောက်ထိမှန်နေခဲ့လေသည်။ ရန်ကိုင်မှာ ခရမ်းရောင်ဝတ်ရုံဝတ်လူထက် အဆပေါင်းများစွာ ပိုမိုကြီးမားနေသည့်တိုင် လက်ရှိအချိန်တွင်တော့ လူကောင်သေးသေးလေးသာဖြစ်သော ခရမ်းရောင်ဝတ်ရုံဝတ်လူမှ အသာစီးရနေခဲ့လေသည်။

ခရမ်းရောင်ဝတ်ရုံဝတ်လူ၏မှော်ရတနာမှာ အဆက်မပြတ် ထွက်ပေါ်လာနေသော မိုးကြိုးများသည် ရန်ကိုင်အား နောက်သို့ အဆက်မပြတ် ဆုတ်နေစေခဲ့လေသည်။ ရန်ကိုင်မှာ ထိုမိုးကြိုးအား တားဆီးဖို့ရာ အလွန်ကိုမှ အားစိုက်ထားရသည့်အလား သူ့မျက်ခုံးများ ကျုံ့နေသလို နဖူးကြောကြီးများလည်း ထောင်တက်နေခဲ့သည်။ လျှပ်စီးမှာ ရန်ကိုင်တို့အား လွှမ်းခြုံသွားခဲ့လေရာ ရန်ကိုင်နှင့် တောင်နဲ့မြစ်ခေါင်းလောင်းကိုပင် လုံးဝမတွေ့ရတော့ပေ။

ခရမ်းရောင်ဝတ်ရုံဝတ်လူသည် လျှပ်စီးများကို အဆက်မပြတ် ထုတ်လွှတ်နေရင်းမှ ပြောလိုက်လေသည်။ “ရန်ကိုင်… မင်း အကောင်းပြောနေတုန်း လက်ခံသင့်တယ်နော်… ဒီဘုရင် မင်းကို မသတ်ချင်ဘူး… ဒါပေမယ့် ငါ မင်းကို မသတ်နိုင်တာမဟုတ်ဘူး… ဒီဘုရင် မင်းကို နောက်ဆုံးအခွင့်အရေးတစ်ခုပေးမယ်… ပြန်မပြောခင် သေချင်လား စဉ်းစား…”

“ကျုပ်…” ရန်ကိုင်၏ ခက်ထန်ခြောက်ကပ်သည့်အသံ ထွက်ပေါ်လာခဲ့သည်။ လျှပ်စီးသံများကြားဝယ် ရန်ကိုင်၏အသံအကျယ်ကြီးမှာ ကျယ်လောင်စွာ ထွက်ပေါ်လာခဲ့လေသည်။ ဖိအားအောက်ဝယ် ရန်ကိုင်လက်ခံတော့မည်အထင်ဖြင့် ခရမ်းရောင်ဝတ်ရုံဝတ်လူမှာ ဝမ်းသာသွားခဲ့ပါသော်ငြား ရန်ကိုင်ဆက်ပြောလာသည့်စကားလုံးသည် သူ့အတွေးများကို ပြတ်တောက်သွားစေခဲ့လေသည်။ “ကျုပ် ငြင်းတယ်…”

ချက်ချင်းဆိုသလို ခရမ်းရောင်ဝတ်ရုံဝတ်လူ၏မျက်နှာ သုန်မှုန်သွားတော့လေ၏။

ထိုကဲ့သို့ အော်ပြောလိုက်ပြီးသည့်နောက်တွင် လျှပ်စီးအားလုံးမှာ တဖျတ်ဖျတ်လှုပ်ခါလာခဲ့ပြီး ပမာဏမှာ သိသိသာသာကို လျော့ကျသွားခဲ့သည်။ ရန်ကိုင်၏ မီတာသုံးရာခန့်အမြင့်ရှိသော ခန္ဓာကိုယ်ကြီးသည် လျှပ်စီးပင်လယ်ထဲမှ ပြန်လည်ထွက်ပေါ်လာခဲ့လေ၏။ ထို့နောက်တွင် ရန်ကိုင်သည် ရှေ့သို့ ဒယီးဒယိုင်ဖြင့် လျှောက်လာရင်းမှ သူ့လက်ထဲတွင် ရှိနေသော တောင်နဲ့မြစ်ခေါင်းလောင်းအား နဂါးလက်သည်းဖြင့် အဆက်မပြတ် ထုရိုက်တော့လေသည်။

“ဒေါင်… ဒေါင်… ဒေါင်…”

ခေါင်းလောင်းသံမြည်သွားတိုင်း မြည်သွားတိုင်း စက်ဝိုင်းပုံစံစွမ်းအင်လှိုင်းများ အဘက်ဘက်သို့ ပြန့်ထွက်လာခဲ့ပြီး အဖြူရောင်လျှပ်စီးများကို သွားရောက်ထိမှန်လေသည်။

တောင်နဲ့မြစ်ခေါင်းလောင်းအား ထုရိုက်နေရင်းမှ ရန်ကိုင်သည် တဖြည်းဖြည်း ရှေ့သို့ သွားနေခဲ့သည်။ အစပိုင်းတွင် ဒယီးဒယိုင်ဖြင့် သွားနေပါသော်ငြား တဖြည်းဖြည်း လမ်းလျှောက်သည့်နှုန်းဖြင့် သွားနိုင်ခဲ့သည်။ နောက်ဆုံးတွင်တော့ ပြေးပါ ပြေးလာနိုင်တော့လေ၏။

ရန်ကိုင်ခန္ဓာကိုယ်ပတ်လည်တွင် ရှိနေသော လျှပ်စီးများမှာ ရန်ကိုင်အား လုံးဝတားဆီးနိုင်ခြင်း မရှိတော့ချေ။ လက်ရှိအချိန်တွင် ရန်ကိုင်၏နဂါးအကြေးခွံများ အက်ကွဲနေပြီး သူ့ကိုယ်ထက် အက်ရာမရှိသည့်နေရာဟူ၍ မရှိတော့ပေ။ ထို့အပြင် သူ့တစ်ကိုယ်လုံးလည်း မီးကျွမ်းနံ့များဖြင့် ထောင်းထွက်နေခဲ့လေသည်။

ထိုအချင်းအရာကိုမြင်လိုက်သော် ခရမ်းရောင်ဝတ်ရုံဝတ်လူ၏အမူအယာ အပြောင်းလဲကြီး ပြောင်းလဲသွားတော့သည်။

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၃၃၁၅)

ဘာသာပြန်သူ_တိမ်တိုက်

ရန်ကိုင်အား အနားကပ်ခွင့် မပေးရဲသည့်အတွက်ကြောင့် ခရမ်းရောင်ဝတ်ရုံဝတ်လူသည် ဧကရာဇ်ချီကိုလှည့်ပတ်၍ လျှပ်စီး၏စွမ်းအားကို ချက်ချင်း မြှင့်တင်လိုက်လေရာ ရန်ကိုင်၏ခြေလှမ်းများ ရပ်တန့်သွားခဲ့ရသည်။ သို့ပင်ဖြစ်လင့်ကစား ရန်ကိုင်မှာ ယခုကဲ့သို့ဖြစ်လာမည်မှန်း ကြိုတင်မျှော်မှန်းထားသည့်အလား တောင်နဲ့မြစ်ခေါင်းလောင်းကိုမြှောက်၍ တိုးဝင်လာနေသည့်လျှပ်စီးအများစုကို ကာကွယ်ပစ်လိုက်သည်။ ထို့နောက် ကျန်လက်တစ်ဖက်ဖြင့် ရှေ့တည့်တည့်သို့ ရိုက်ချလိုက်လေ၏။

ဧရာမတောင်ကြီးတစ်လုံး ကောင်းကင်ပေါ်မှ ပြိုဆင်းကျလာသည့်အလား လေခွင်းသံများနှင့် ခြောက်ခြားဖွယ်ရာဖိအားတစ်ရပ် ပျံ့နှံ့လာခဲ့လေသည်။

ထို့နောက်တွင် မိုးခြိမ်းသံတမျှ ကျယ်လောင်သည့် အသံကျယ်ကြီးနှင့်အတူ ဧရာမလက်ဝါးရာကြီးတစ်ခု မြေပြင်ပေါ်၌ ထွက်ပေါ်လာခဲ့သည်။ လက်ဝါးရာကို ဗဟိုပြု၍ အက်ကြောင်းများမှာလည်း ဘေးပတ်ဝန်းကျင်အနှံ့ ပြန့်နှံ့သွားခဲ့သည်။ ခရမ်းရောင်ဝတ်ရုံဝတ်လူကိုမူ မည်သည့်နေရာတွင်မှ မတွေ့ရပေ။

တစ်ခဏအကြာ၌ ခရမ်းရောင်ဝတ်ရုံဝတ်လူမှာ ကောင်းကင်ထက်တွင် ပြန်ပေါ်လာခဲ့သည်။

သို့သော်ငြား သူ့ကိုယ်သူ တည်ငြိမ်အောင် မလုပ်နိုင်သေးခင်မှာပင် မီးတောက်လောင်နေသော ကျောက်တုံးကိုယ်ပွားသည် သူ့ဘေးဘက်မှပေါ်လာပြီး နတ်ဆိုးတိုက်ပွဲတူဖြင့် ထုချလာခဲ့လေသည်။ နတ်ဆိုးတိုက်ပွဲတူ ဖြတ်သန်းသွားရာလမ်းကြောင်းတစ်လျှောက်တွင် ရှိနေသော ဟင်းလင်းပြင်သည်ပင်လျှင် ပြိုကျပျက်စီးကုန်လေ၏။

ခရမ်းရောင်ဝတ်ရုံဝတ်လူသည် မာန်သွင်းအော်ဟစ်လိုက်ရင်းမှ သူ့လက်ထဲရှိမှော်ရတနာဖြင့် ကျောက်တုံးကိုယ်ပွားကို ချိန်ရွယ်လိုက်လေရာ ချက်ချင်းဆိုသလို လျှပ်စီးတန်းတစ်ခု ထွက်ပေါ်လာခဲ့ပြီး နတ်ဆိုးတိုက်ပွဲတူဆီသို့ တိုးဝင်သွားခဲ့သည်။ လျှပ်စီးတန်း၏ ထိမှန်ခြင်း ခံလိုက်ရသည့် နတ်ဆိုးချီများ မငြိမ်မသက်ဖြစ်လာခဲ့ပြီး ကျောက်တုံးကိုယ်ပွားမှာလည်း နောက်သို့ ဒယီးဒယိုင် ဆုတ်သွားခဲ့ရလေသည်။

ထိုအခိုက်အတန့်တွင် ရန်ကိုင်သည် ခရမ်းရောင်ဝတ်ရုံဝတ်လူအား ရွှေရောင်အလင်းတန်းတစ်ခုဖြင့် လှမ်းပစ်လိုက်လေသည်။ ထိုအလင်းတန်းသည် ဟင်းလင်းပြင်ကိုထိုးဖောက်၍ ခရမ်းရောင်ဝတ်ရုံဝတ်လူ၏ပုခုံးအား သွားရောက်ထိမှန်လေသည်။ ပြင်းထန်သည့်အားကြောင့် ခရမ်းရောင်ဝတ်ရုံဝတ်လူမှာ မီတာတစ်ထောင်ကျော်အကွာသို့ ကြိုးပြတ်သွားသည့်စွန်တစ်စင်းပမာ လွင့်စင်ထွက်သွားခဲ့ပြီးမှ သူ့ကိုယ်သူ တည်ငြိမ်အောင် ပြန်ထိန်းနိုင်လိုက်သည်။ လက်ရှိအချိန်တွင်တော့ သူ့ပုခုံးတစ်ခုလုံး သွေးချင်းနီနေခဲ့ပြီး ပုခုံးနေရာရှိ အသားစအချို့မှာလည်း ပျောက်ကွယ်နေခဲ့လေသည်။

တိုက်ပွဲစသည့်အချိန်မှစ၍ ယခုမှသာလျှင် ခရမ်းရောင်ဝတ်ရုံဝတ်လူ ပထမဦးဆုံးအကြိမ် ဒဏ်ရာရသွားခဲ့ရခြင်း ဖြစ်သည်။ ထိုဒဏ်ရာလေးမှာ မပြောပလောက်ပါသော်ငြား ခရမ်းရောင်ဝတ်ရုံဝတ်လူမှာ ယခင်ကကဲ့သို့ တည်တည်ငြိမ်ငြိမ်နေနိုင်ခြင်း မရှိတော့ပေ။ သူ့ပုခုံးထက်ရှိ ဒဏ်ရာမှ နာကျင်မှုကြောင့်လားမသိ သူ့မျက်နှာကြီးမှာ ယခင်ကထက်ပို၍ ခက်ထန်ကြမ်းကြုတ်နေခဲ့ကာ သူ့ကိုယ်ပတ်လည်တစ်ဝိုက်တွင် ရှိနေသော မိုးကြိုးနိယာမများမှာလည်း ပြင်းပြင်းထန်ထန်ကို လှုပ်ခါလာခဲ့လေသည်။

အနက်ရောင်တိမ်စိုင်တိမ်တိုက်များ ကောင်းကင်ထက်တွင် စုဝေးလာခဲ့လေသည်။

ယခင် ကြည်လင်လှသည့် ရာသီဥတုမှာ ပျောက်ချင်းမလှ ပျောက်ကွယ်သွားခဲ့ပြီး အမှောင်ထုက အစားထိုးဝင်ရောက်လာခဲ့သည်။ တစ်ချိန်တည်း၌ ထိုအမှောင်ထုထဲဝယ် ပြိုးပြိုးပြက်ပြက်လျှပ်စီးများ တဖျတ်ဖျတ်လက်လာခဲ့ပြီး မိုးခြိမ်းသံများမှာလည်း ညံမစဲအောင် ထွက်ပေါ်လာခဲ့လေသည်။

တိုက်ခိုက်မှုအောင်မြင်သွားပြီးသည့်နောက်တွင် ရန်ကိုင်မှာ ရှေ့သို့ ထပ်မံပြေးတက်သွားခဲ့သည်။ ကျောက်တုံးကိုယ်ပွားသည်လည်း သူ့ကိုယ်သူ တည်ငြိမ်အောင်လုပ်ပြီးသည့်နောက်တွင် ခရမ်းရောင်ဝတ်ရုံဝတ်လူဆီသို့ ဆန့်ကျင်ဘက်အရပ်ဆီမှ ပြေးဝင်သွားလေသည်။

ထိုသို့ဖြင့် ဧရာမမွန်းစတားကြီးနှစ်ကောင်သည် ခရမ်းရောင်ဝတ်ရုံဝတ်လူဆီသို့ တစ်ပြိုင်တည်း ပြေးဝင်လာနေကြလေသည်။ ထိုကဲ့သို့သောမြင်ကွင်းမှာ အမှန်တကယ်ကိုမှ အံ့အားသင့်ဖွယ်ကောင်းလှသည်။

ရုတ်တရက်ဆိုသလို ခရမ်းရောင်ဝတ်ရုံဝတ်လူ၏အမူအယာ ပကတိတည်ငြိမ်သွားခဲ့ပြီး သူ့မျက်လုံးများကို ပိတ်ချလိုက်လေသည်။ သူ့မျက်လုံးများကို ပြန်ဖွင့်လိုက်သည့်အချိန်တွင်မူ အလင်းတစ်ချက် ဖြတ်ပြေးသွားခဲ့ပြီး သူ့လက်ထဲရှိ မှော်ရတနာကို မြှောက်လိုက်လေသည်။

ခရမ်းရောင်ဝတ်ရုံဝတ်လူမှာ မိုးကြိုးများကို စေစားနိုင်သည့်အလား သူ့လက်ထဲရှိ မှော်ရတနာထဲတွင် ရှိနေသော လျှပ်စီးတန်းသည် တိမ်စိုင်တိမ်တိုက်များထဲ ရှိနေသော မိုးကြိုးနှင့် သွားရောက်ချိတ်ဆက်သွားလေ၏။

“ကျလာလိုက်စမ်း…” ထို့နောက် ခရမ်းရောင်ဝတ်ရုံဝတ်လူက အော်ဟစ်လိုက်လေသည်။

လောကကြီးတစ်ခုလုံး တသိမ့်သိမ့်တုန်ခါလာခဲ့ပြီး လူကြီးတစ်ဦး၏ ပေါင်တစ်လုံးစာမျှ ကြီးမားလှသော လျှပ်စီးတန်းများ ကောင်းကင်ပေါ်မှ ကြွေဆင်းကျလာခဲ့လေသည်။ လျှပ်စီးတန်းတစ်ခုချင်းစီတိုင်းသည် အလွန်ကိုမှ ကြောက်မက်ဖွယ်ကောင်းလှပြီး ၎င်းတို့၏စွမ်းအားမှာလည်း လုံးဝကို အထင်မသေးပေ။

ထိုအခိုက်အတန့်ဝယ် မီတာရာပေါင်းများစွာကျယ်ဝန်းသော ပတ်ဝန်းကျင်တစ်ခုလုံး လျှပ်စီးများဖြင့် ပြည့်နှက်သွားတော့သည်။ ပြိုးပြိုးပြက်ပြက် ကျဆင်းလာနေသော လျှပ်စီးတန်းများ၏ အရေအတွက်မှာ မရေမတွက်နိုင်အောင်ကို များပြားလွန်းလှလေသည်။ ထိုအခိုက်အတန့်ဝယ် ခရမ်းရောင်ဝတ်ရုံဝတ်လူမှာမူ အေးစက်စက် မောက်မာဝံ့ကြွားသည့် အမူအယာဖြင့် ကောင်းကင်ထက်တွင် ဝဲကာ ရပ်နေခဲ့သည်။

ယခုကဲ့သို့သောအချိန်မျိုးတွင် ရန်ကိုင်တို့၏ ကြီးမားလှသော ခန္ဓာကိုယ်ကြီးများမှာ ပြဿနာတက်လာရတော့လေသည်။ ၎င်းတို့၏ ကြီးမားလှသော ခန္ဓာကိုယ်ကြီးများကြောင့် ရန်ကိုင်နှင့် ကျောက်တုံးကိုယ်ပွားတို့မှာ လျှပ်စီးများအား ရှောင်ရှားနိုင်ခြင်း မရှိခဲ့ပေ။ သူတို့ မည်မျှ လျင်လျင်မြန်မြန် လှုပ်ရှားနေစေကာမူ လျှပ်စီးများ၏ ထိမှန်ခြင်း ခံနေရပေသေးသည်။ အတတ်နိုင်ဆုံး ကြိုးစား၍ လျှပ်စီးများကို ရှောင်နေသည့်တိုင် လျှပ်စီးတန်းများ၏ တစ်ခုပြီးတစ်ခု ထိမှန်ခြင်းကို ခံနေရလေ၏။

ရန်ကိုင်၏အသားများ၊ နဂါးအကြေးခွံများ ကွဲထွက် ပြတ်ထွက်ကုန်လေသည်။ သို့ပင်ဖြစ်လင့်ကစား ရန်ကိုင်မှာမူ မျက်လုံးအပြူးသားဖြင့် ငြိမ်သက်နေခဲ့လေသည်။ လျှပ်စီးပင်လယ်ထဲ ခုခံနေရင်းမှ ခရမ်းရောင်ဝတ်ရုံဝတ်လူဆီသို့ မရရအောင် သွားနေလေ၏။

ကျောက်တုံးကိုယ်ပွားမှာတော့ ရန်ကိုင်နှင့်စာလျှင် အနည်းငယ် ပိုအဆင်ပြေနေပေသေးသည်။ သို့သော်ငြား လုံးဝကြီး အဆင်ပြေနေသည့်အထဲတော့ မပါပေ။ သူ့တွင် အသွေးအသားများ မရှိပါသော်ငြား သူ့ခန္ဓာကိုယ်ကို ဖွဲ့စည်းထားသော ကျောက်စကျောက်နများမှာ အဆက်မပြတ် အောက်သို့ ပြုတ်ကျနေခဲ့သည်။ ဝါးမျိုခြင်းစက်ကွင်းကို အသက်သွင်းထားသည့်တိုင် တိုးဝင်လာနေသည့် မြောက်မြားလှစွာသော စွမ်းအားများကို တစ်ခဏလေးအတွင်း ကုန်စင်အောင် စုပ်ယူမပစ်နိုင်ပေ။ ထို့အတွက်ကြောင့် ကျဆင်းလာနေသည့်မိုးကြိုးများဒဏ်ကို အံကြိတ်၍ ခုခံနေရုံသာ တတ်နိုင်ခဲ့လေသည်။ ကျောက်တုံးကိုယ်ပွား၏ ကျောထက်တွင်ရှိနေသော ဆူးချွန်များမှာလည်း အဆက်မပြတ်ကို ပျံထွက်လာနေခဲ့ပြီး မိုးကြိုးများနှင့် သွားရောက်ထိမှန်ကာ တစ်စစီဖြစ်နေခဲ့လေသည်။

“ဝေါင်း…”

ရုတ်တရက်ဆိုသလို ကျယ်လောင်သည့် နဂါးဟိန်းသံနှင့်အတူ ဧရာမနဂါးကြီးတစ်ကောင် ရန်ကိုင်ရှေ့၌ ပေါ်လာခဲ့လေသည်။ နဂါးကြီးမှာ မီတာပေါင်းများစွာရှည်လျားလှပြီး အလွန်ကိုမှ အသက်ဝင်လှကာ တကယ့်နဂါးအစစ်တစ်ကောင်နှင့် ခွဲခြားမရအောင် တူပေသည်။ ထိုနဂါးပေါ်လာသည်နှင့်တစ်ပြိုင်နက် ခရမ်းရောင်ဝတ်ရုံဝတ်လူဆီသို့ ခုန်အုပ်သွားတော့လေ၏။

သူ့ရှေ့တွင်ပေါ်လာသည့်နဂါးမှာ နဂါးကလန်၏ သိုင်းပညာရပ်တစ်ခုဖြစ်မှန်း သိလိုက်သော် ခရမ်းရောင်ဝတ်ရုံဝတ်လူ မျက်လုံးမှေးစင်းသွားခဲ့လေသည်။

ယခင်ကသာဆိုလျှင်တော့ ရန်ကိုင်မှ ယခုကဲ့သို့‌သော ပညာရပ်မျိုးအား အသုံးပြုနိုင်သည့်အပေါ် ခရမ်းရောင်ဝတ်ရုံဝတ်လူမှာ အံ့အားသင့်မိပေလိမ့်မည်။ တကယ်တော့ ယခုကဲ့သို့သောပညာရပ်မျိုးကို နဂါးကလန်၏ သွေးသန့်နဂါးများသာလျှင် အသုံးပြုနိုင်ကြသည် မဟုတ်ပေလော။ သို့သော်ငြား ရန်ကိုင်၏နဂါးသွေးကို မြည်စမ်းသွားပြီးသည့်နောက်တွင် ရန်ကိုင်ထုတ်သုံးလာသည့် သိုင်းပညာရပ်များနှင့် ပတ်သက်၍ အထူးတလည် အံ့အားသင့်နေမိခြင်း မရှိတော့ပေ။

ထို့နောက်တွင် ခရမ်းရောင်ဝတ်ရုံဝတ်လူမှာ သူ့လက်အား ဝှေ့ယမ်းချလိုက်ရာ ကောင်းကင်ပေါ်မှ ကျဆင်းလာနေသော လျှပ်စီးတန်းများသည် ဦးတည်ရာပြောင်းပြီး လျှပ်စီးမြွေလေးများအသွင်သို့ ပြောင်း၍ နဂါးကြီးဆီသို့ တိုးဝင်သွားခဲ့သည်။

ရန်ကိုင်သည် ထိုအခိုက်အတန့်ကို အခွင့်ကောင်းယူ၍ လျှပ်စီးမုန်တိုင်းထဲမှ ထွက်ပြေးသွားပြီး တောင်နဲ့မြစ်ခေါင်းလောင်းကို ခရမ်းရောင်ဝတ်ရုံဝတ်လူဆီသို့ ချိန်ရွယ်လိုက်လေသည်။

ခရမ်းရောင်ဝတ်ရုံဝတ်လူသည် ထိုကဲ့သို့သောတိုက်ခိုက်မှုမျိုးကို ခုခံရဲခြင်းမရှိခဲ့။ ထို့အတွက်ကြောင့် အလျင်စလို ရှောင်တိမ်းလိုက်လေသည်။ သို့သော်ငြား ထိုအရာမှာ ဟန်ပြတစ်ခုသက်သက်သာ ဖြစ်နေခဲ့သည်။ ရန်ကိုင်မှာ ခရမ်းရောင်ဝတ်ရုံဝတ်လူအား ထိုကဲ့သို့ပစ်ရန် ချိန်ရွယ်လိုက်ပြီးသည့်နောက်တွင် ချက်ချင်းပဲ ခရမ်းရောင်ဝတ်ရုံဝတ်လူဆီသို့ ပြေးဝင်သွားလေ၏။

ခရမ်းရောင်ဝတ်ရုံဝတ်လူမှာ ထပ်ရှောင်ချင်ပါသော်ငြား ကျောက်တုံးကိုယ်ပွားသည် သူ့ဘေးနားသို့ရောက်လာပြီး သူ့အား မပြေးနိုင်အောင် ထိန်းထားခဲ့လေသည်။ မပြေးနိုင်တော့သည့်အဆုံး ခရမ်းရောင်ဝတ်ရုံဝတ်လူမှာ မျက်လုံးအပြူးသားဖြင့် ရန်ကိုင် သူ့ဆီသို့ ပြေးဝင်လာနေသည်ကိုသာ ကြည့်နေရတော့သည်။ ထိုအခိုက်အတန့်တွင် ရန်ကိုင်သည် တောင်နဲ့မြစ်ခေါင်းလောင်းကို ကိုင်၍ ခရမ်းရောင်ဝတ်ရုံဝတ်လူ၏ ခေါင်းတည့်တည့်သို့ ရိုက်ချလာခဲ့လေ၏။

ခရမ်းရောင်ဝတ်ရုံဝတ်လူ၏ အမြန်နှုန်းမှာလည်း အထင်သေး၍မရ။ ယခုကဲ့သို့သော ရှောင်ဖို့ရာ မဖြစ်နိုင်သည့် အခြေအနေမျိုးတွင်ပင်လျှင် မရရအောင်ကို ရှောင်ထွက်သွားခဲ့ပေသေးသည်။

သို့သော်ငြား ခြေခိုင်ခိုင်မရပ်နိုင်သေးခင်မှာပင် ခရမ်းရောင်ဝတ်ရုံဝတ်လူမှာ အလွန်ကိုမှ နာကျင်သွားသလို ခံစားလိုက်ရပြီး သူ့ရင်တစ်ခုလုံး ဗလောင်ဆူသွားခဲ့သည်။ ထို့နောက် သူ့အရိုးသံများ အက်သွားသည့်အသံကို ကြားလိုက်ရပြီးသည့်နောက် မျက်လုံးပြူးထွက်သွားခဲ့လေ၏။

ငေးကြောင်ကြောင်ဖြင့် လှမ်း၍ကြည့်လိုက်ရာ နဂါးအမြီးတစ်ခု သူ့ရှေ့မှ ဝှစ်ခနဲ ဖြတ်သန်းသွားကြောင်းကို တွေ့လိုက်ရလေသည်။

အန်ထွက်ခါနီးဖြစ်နေသော သွေးများကို အတင်းအကြပ် ပြန်မျိုချလိုက်ရင်းမှ ခရမ်းရောင်ဝတ်ရုံဝတ်လူသည် ရန်ကိုင်အား ဒေါမာန်တကြီးဖြင့် စိုက်ကြည့်လိုက်သည်။

ရန်ကိုင်ကမူ သည်းလှိုက်အူလှိုက် အော်ရယ်မောရင်းမှ “ဟား ဟား… ဒီဘုရင်ရဲ့နဂါးအမြီးရိုက်ချက်က ဘယ်လိုနေလဲ… အား…”

သူ့စကားအား ဆုံးအောင်မပြောနိုင်သေးခင်မှာပင် မိုးကြိုးတန်းများ၏ ထိမှန်ခြင်း ခံလိုက်ရပြီး ရန်ကိုင်တစ်ကိုယ်လုံး တုန်တုန်ရီရီ ဖြစ်သွားခဲ့လေသည်။

“အကောင်းပြောနေလို့ မရမှတော့ ဒီဘုရင်ကို လာပြီးတော့ အဆိုးမဆိုနဲ့ပေါ့… မင်းတို့နှစ်ယောက်စလုံး ဒီနေ့ ဒီမှာသေရမယ်…” ခရမ်းရောင်ဝတ်ရုံဝတ်လူ အံကိုတင်းတင်းကြိတ်ရင်းမှ အော်ပြောလိုက်သည်။ ယခုအချိန်တွင်တော့ သူ အမှန်တကယ်ကို ဒေါသထွက်သွားခဲ့လေပြီ။ အစောပိုင်းက ရန်ကိုင်နှင့် အလဲအလှယ်လုပ်လိုသည့်အတွက်ကြောင့် ရန်ကိုင်အပေါ် ညှာတာပေးခဲ့ပါသော်ငြား ယခုမူ ရန်ကိုင်နှင့် အလဲအလှယ်လုပ်ဖို့ရာမှာ လုံးဝမဖြစ်နိုင်တော့သည့်ပုံပင်။

သူသည်သာ ဓာတ်လုံးကိုလိုချင်ပါက မရရအောင် လုယူမှသာလျှင် ရပေလိမ့်မည်။ ယခုအဖြစ်အပျက်ကို ယန်ယန်မှ ရှာတွေ့သွားခဲ့ပြီးသည့်နောက် သူ့အား အပြစ်တင်လာမလား မတင်လာဘူးလား ဆိုသည်နှင့် ပတ်သက်၍မူ သူသည်သာ ဤနေရာရှိ မျက်မြင်သက်သေအားလုံးကို သတ်ပစ်လိုက်မည်ဆိုလျှင် မည်ကဲ့သို့များ သတင်းပြန့်နိုင်ပါဦးမည်နည်း။

တိုက်ပွဲဖြစ်နေစဉ်အတောအတွင်း ကောင်းကင်ဝံပုလွေတောင်ကြားအပြင်ဘက်၌ တဘုန်းဘုန်း တဒိုင်းဒိုင်း မြည်သံများ၊ မိုးခြိမ်းသံများ အဆက်မပြတ်ကို ထွက်ပေါ်လာနေခဲ့လေရာ တောင်ကြားထဲတွင် ရှိနေသော တပည့်များမှာ ကြောက်ရွံ့မှုကြောင့် တုန်တုန်ရီရီ ဖြစ်နေခဲ့ရလေသည်။

လက်ရှိအခိုက်အတန့်တွင် လူပေါင်းများစွာသည် ထျန်ရှန်းဘေးနား၌ စုဝေးနေကုန်ကြလေ၏။ ထိုလူများမှာ ကောင်းကင်ဝံပုလွေတောင်ကြား၏ အဆင့်မြင့်အကြီးအကဲများ ဖြစ်ကြသည်။ လင်းယင်ချင်း ရောက်ရှိလာခဲ့ပြီး ရန်ကိုင် အားကောင်းလှသည့်ရန်သူတစ်ဦးနှင့် တိုက်ခိုက်နေသည်ကို မြင်လိုက်သော် ချက်ချင်းပဲ ရှေ့သို့ပြေးတက်သွားရန် လုပ်လိုက်လေသည်။ သို့ပင်ဖြစ်လင့်ကစား ချန်းရှိုယင်မှ သူမအား အလျင်စလိုလှမ်းဆွဲထားလိုက်ပြီး ဆူပူလိုက်လေသည်။ “နင် ဘာလုပ်ချင်နေတာလဲ…”

လင်းယင်ချင်းက ပြန်ပြောလိုက်သည်။ “ကျွန်မ သူ့ကို သွားကူညီရမယ်…”

ချန်းရှိုယင်က ပြန်ပြောလိုက်သည်။ “နင်သူ့ကိုသွားကူညီနေရင် သူ့ကိုကူညီရာမရောက်ဘဲနဲ့ ဒုက္ခရောက်အောင် လုပ်နေသလိုပဲဖြစ်မှာ… သူ နင့်ဆီကနေ အကူအညီလိုမယ်လို့ ထင်လို့လား… တိုက်ပွဲကိုလည်း အရင်ကြည့်ကြည့်လိုက်ဦး…”

ထိုစကားကိုကြားလိုက်သည့်အခါမှသာလျှင် လင်းယင်ချင်းအား တိုက်ပွဲအား သေချာအာရုံစိုက်ကြည့်မိလိုက်ပြီး တိတ်ဆိတ်သွားခဲ့လေသည်။

ချန်းရှိုယင်ပြေသည်မှာ မှန်ပေသည်။ လင်းယင်ချင်းအနေဖြင့် ရန်ကိုင်အား ကူညီချင်သည်ဆိုလျှင်ပင် ယခုကဲ့သို့သောတိုက်ပွဲမျိုး၌ ရန်ကိုင်အား သွားမကူညီနိုင်ပေ။ သူမသည်သာ မဆင်မခြင် ပြေးတက်သွားမည်ဆိုပါက ရန်ကိုင်အား ကူညီရာမရောက်ဘဲ ဒုက္ခရောက်အောင်လုပ်သလိုသာ ဖြစ်နေပေလိမ့်မည်။

ထျန်ရှန်းက စိတ်ကသိကအောက်အမူအယာဖြင့် ချောင်းဟန့်၍ ရှက်ရှက်ဖြင့် ပြောလိုက်သည်။ “ငါလည်း ဝင်ကူညီပေးလို့မရဘူး…”

ရန်ကိုင်အား ထိပ်တန်းဂိုဏ်းနှစ်ဂိုဏ်းမှ ဝိုင်းထားစဉ်က ထျန်ရှန်းအား ကူညီပေးခဲ့မည်ဆိုလျှင် အနည်းငယ် ကူညီရာ ရောက်ပေလိမ့်ဦးမည်။ အနည်းဆုံး ဧကရာဇ်ဒုတိယအဆင့်ပညာရှင်တစ်ဦးအား ထိန်းထားနိုင်ပေလိမ့်မည်။ သို့ပင်ဖြစ်လင့်ကစား လက်ရှိတိုက်ပွဲကိုတော့ သူ့အနေဖြင့် မည်သည့်နည်းနှင့်မျှ ဝင်ပါနိုင်လိမ့်မည်မဟုတ်ပေ။ သူသာ တိုက်ပွဲထဲသို့ ပျံသန်းသွားလိုက်မည်ဆိုလျှင်ပင် တိုက်ပွဲထဲမှထွက်လာသော စွမ်းအင်လှိုင်းများ၊ အဆက်မပြတ်ကျဆင်းလာနေသော လျှပ်စီးတန်းများကြောင့် တိုက်ပင်မတိုက်လိုက်ရဘဲ တမလွန်ဘဝသို့ ရောက်သွားရပေလိမ့်မည်။

သူတို့နှစ်ဦးစလုံးမှာ ဧကရာဇ်ဒုတိယအဆင့်ပညာရှင်များပင် ဖြစ်လင့်ကစား ရန်ကိုင်သည် ခရမ်းရောင်ဝတ်ရုံဝတ်လူနှင့် ယှဉ်ပြိုင်နေနိုင်ပါသော်ငြား ထျန်ရှန်းမှာမူ တိုက်ပွဲတွင် ဝင်ပြိုင်ဖို့ရာပင် အရည်အချင်းမရှိပေ။ ထိုအချက်ကိုစဉ်းစားမိလိုက်သည့်အခိုက် ထျန်ရှန်း အမှန်တကယ်ကို ကြေကွဲမိသွားတော့သည်။

“ဆရာ… သူနိုင်မယ်လို့ထင်လား…” လန်ဟဲက စိုးရိမ်တကြီးဖြင့် မေးလိုက်သည်။

ထိုမေးခွန်းနှင့်ပတ်သက်၍ ထျန်ရှန်းမှာ ပြောစရာစကား ပျောက်ရှနေခဲ့လေသည်။ သူကိုယ်တိုင်သည်ပင်လျှင် ဤတိုက်ပွဲကို ရန်ကိုင် နိုင်နိုင်မလား မနိုင်နိုင်ဘူးလား ဆိုသည်နှင့်ပတ်သက်၍ မသေချာတော့ပေ။ လက်ရှိသူမြင်နေရသည့်တိုက်ပွဲသည် သူကြုံခဲ့ဖူးသည့်တိုက်ပွဲများထက် လုံးဝကို ကျော်လွန်နေလေသည်။ ထို့အတွက်ကြောင့် နောက်ဆုံးတိုက်ပွဲရလဒ် ထွက်မလာသေးသရွေ့ သူ့အနေဖြင့် ဘာကိုမှ မခန့်မှန်းရဲပေ။

လက်ရှိတိုက်ပွဲအခြေအနေကို ကြည့်နေရသလောက် ရန်ကိုင်နှင့် ကျောက်တုံးကိုယ်ပွားတို့မှာ အတူပူးပေါင်း၍ တိုက်ခိုက်နေသည့်တိုင် အသာစီးရမနေခဲ့ပေ။ တစ်ဖက်လူမှာ အလွန်တရာကိုမှ အားကောင်းလှသော မဟာဧကရာဇ်တစ်ပိုင်းပင် မဟုတ်လေလော။ သို့ပင်ဖြစ်လင့်ကစား ရန်ကိုင်နှင့် ကျောက်တုံးကိုယ်ပွားတို့မှာလည်း အားနည်းသူများ မဟုတ်ကြ။ ဧကရာဇ်ဒုတိယအဆင့်ပညာရှင်တစ်ဦးသည် မဟာဧကရာဇ်တစ်ပိုင်းနှင့် လက်ရည်တူယှဉ်ပြိုင်တိုက်ခိုက်နိုင်ပြီး ချက်ချင်းမသေသွားလျှင်ပင် အလွန်ကိုမှ ဂုဏ်ယူစရာကောင်းနေပေလိမ့်မည်။

တကယ့်တကယ်ဆိုလျှင် ယခုတိုက်ပွဲနှင့်ပတ်သက်၍ ထျန်ရှန်းနားမလည်သည့် အချက်တစ်ချက် ရှိပေသည်။ ရှင်းရှင်းပြောရသော် ရှီဟွော့သည် နတ်သားရဲတစ်ကောင် ဖြစ်ပေသည်။ ရှီဟွော့မှာ နတ်သားရဲများကြား ထိပ်တန်းအဆင့်ထဲ မပါပါသော်ငြား မဟာဧကရာဇ်တစ်ပိုင်းကဲ့သို့ အားကောင်းလှသည့် နတ်သားရဲတစ်ကောင်ဖြစ်နေဆဲ။ ထို့အတွက်ကြောင့် ရှီဟွော့အနေဖြင့် မဟာဧကရာဇ်တစ်ပိုင်း၏ပြိုင်ဘက် မဖြစ်နိုင်လျှင်ပင် ဤမျှလောက်တော့ အားနည်းမနေသင့်ပေ။ သို့သော်ငြား လက်ရှိ ထျန်းရှန်မြင်နေရသည့်ရှီဟွော့မှာ သူကြားခဲ့ဖူးသော ရှီဟွော့နှင့် အနည်းငယ် ကွဲပြားနေခဲ့လေသည်။

လက်ရှိ သူ့ရှေ့တွင်ရှိနေသည့် ရှီဟွော့မှာ လုံးဝကို မတူကွဲပြားသည့် ရှီဟွော့ ဖြစ်နေသည်ဟူသော အချက်ကိုတော့ ထျန်ရှန်းမသိခဲ့ပေ။ တကယ့်ရှီဟွော့သည်သာ ဤနေရာ၌ရှိနေမည်ဆိုလျှင် ခရမ်းရောင်ဝတ်ရုံဝတ်လူအား အနိုင်မယူနိုင်သည့်တိုင် သူ့ကိုယ်သူတော့ ကျိန်းသေ ကာကွယ်နိုင်ပေလိမ့်မည်။ ထိုရှီဟွော့သည်သာ သူ့ခွန်အားအကုန်အစင်ကို ထုတ်သုံးမည်ဆိုလျှင် ခရမ်းရောင်ဝတ်ရုံဝတ်လူအား ဆိုးဆိုးရွားရွားဒဏ်ရာရသွားအောင်ပင် လုပ်နိုင်ပေလိမ့်မည်။

သို့ပင်ဖြစ်လင့်ကစား ကျောက်တုံးကိုယ်ပွားမှာ ထူးခြားသည့်သက်ရှိတစ်မျိုးဖြစ်သည်။ ဤကျောက်တုံးကိုယ်ပွားသည် ရန်ကိုင်၏ဝိဉာဉ်ကိန်းအောင်းနေပြီး ရှီဟွော့၏အမြုတေကို ဆက်ခံထားသည့် ကျောက်တုံးဝိဉာဉ်တစ်ကောင် ဖြစ်ပေသည်။ ကျောက်တုံးကိုယ်ပွားမှာ ရှီဟွော့၏ စွမ်းရည်နှင့် တိုက်ကွက်အချို့ကို ဆက်ခံထားခဲ့မည်ဆိုလျှင်ပင် တကယ့်ရှီဟွော့ကဲ့သို့ အားကောင်းလာဖို့ရာ အချိန်လိုပေသေးသည်။

လက်ရှိအခိုက်အတန့်တွင် ကျောက်တုံးကိုယ်ပွားမှာ တကယ့်ရှီဟွော့နှင့် မယှဉ်နိုင်သေးပါသော်ငြား အလားအလာအရဆိုလျှင်မူ ရှီဟွော့ထက် အများကြီးသာပေသည်။ ကောင်းကင်တိုက်ပွဲဥပဒေသကိုလည်း ကျင့်ကြံထားသည့်အတွက်ကြောင့် အနှေးနှင့်အမြန်ဆိုသလို ကျောက်တုံးကိုယ်ပွားမှာ တကယ့်ရှီဟွော့အား ကျော်တက်သွားပေလိမ့်မည်။

ကောင်းကင်ဝံပုလွေတောင်ကြားအပြင်ဘက်တွင် ရှိနေသော တောင်များမှာ အဆက်မပြတ်လှုပ်ခါနေခဲ့ပြီး မြေပြင်များမှာလည်း အက်ကွဲ ချိုင့်ဝင်နေကုန်ကြလေသည်။ ပြိုးပြိုးပြက်ပြက်လင်းလက်နေသော လျှပ်စီးမုန်တိုင်းကြားဝယ် ဧရာမပုံရိပ်ကြီးနှစ်ခုမှာ ရှေ့တိုးနောက်ဆုတ်လုပ်ရင်းမှ တိုက်ခိုက်နေကြလေသည်။ အကုန်လုံးမှာ လျင်မြန်စွာ လှုပ်ရှားနေကြသလို ပြိုးပြိုးပြက်ပြက်လင်းလက်နေသော လျှပ်စီးရောင်ကြောင့်လည်း ထျန်ရှန်းတို့အဖွဲ့သားများမှာ သေချာအာရုံစိုက်၍ ကြည့်နေသည့်တိုင် ရန်ကိုင်နှင့် ကျောက်တုံးကိုယ်ပွားတို့ကိုသာ မြင်နေရပြီး ခရမ်းရောင်ဝတ်ရုံဝတ်လူကိုမူ လုံးဝမတွေ့ရပေ။ တကယ်တော့ ရန်ကိုင်နှင့်ကျောက်တုံးကိုယ်ပွားတို့၏ အရွယ်အစားမှာ အတော်လေးကိုမှ ကြီးမားလှသည် မဟုတ်ပေလော။ ထိုအကြောင်းကြောင့် အဝေးမှကြည့်နေသည့်တိုင် သူတို့အား လှမ်းမြင်နေရခြင်းဖြစ်ပြီး ခရမ်းရောင်ဝတ်ရုံဝတ်လူကိုမူ မည်သည့်နေရာတွင်မှ မတွေ့ရခြင်းဖြစ်ပေသည်။

သို့သော်ငြား တိုက်ပွဲဖြစ်နေသည့်နေရာဆီမှ ထွက်ပေါ်လာသည့် အသံများကို နားထောင်ကြည့်ရသလောက် ခရမ်းရောင်ဝတ်ရုံဝတ်လူမှာ အမှန်တကယ်ကို ဒေါသထွက်နေပြီး သူ့ခွန်အားအား အနည်းငယ်မျှပင် ထိန်ချန်ထားခြင်း မရှိတော့သည့်ပုံပင်။ ထို့အပြင် တိုက်ပွဲ၌လည်း အသာစီးရနေသည့်ပုံပင်။ ထိုသို့သာမဟုတ်ပါက ရန်ကိုင်နှင့် ကျောက်တုံးကိုယ်ပွားတို့၏ အော်ဟစ်ငြီးငြူသံများကို ကြားနေရလိမ့်မည်မဟုတ်ပေ။

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၃၃၁၆)

ဘာသာပြန်သူ_တိမ်တိုက်

ဤတိုက်ပွဲသည် ကောင်းကင်နှင့်မြေပြင်တစ်ခုလုံးကိုပင်လျှင် တသိမ့်သိမ့် တုန်ခါနေစေခဲ့လေသည်။ တိုက်ခိုက်နေကြသည့် နှစ်ဖက်အဖွဲ့သားအားလုံးသည် တစ်ဖက်နှင့်တစ်ဖက် သတ်ပစ်နိုင်ရန်အတွက် မီးကုန်ယမ်းကုန် ကြိုးစားနေကြသည်။

တစ်နာရီခန့်ကြာပြီးသည့်နောက်တွင် ပြင်းထန်လှသည့်လျှပ်စီးမုန်တိုင်း ပျောက်ကွယ်သွားခဲ့ပြီး အခြေအနေမှာ ရှင်းလင်းသွားခဲ့လေရာ ထျန်ရှန်းနှင့် အခြားသူများမှာလည်း တိုက်ပွဲဖြစ်နေသည့်နေရာကို သေသေချာချာ မြင်နိုင်လာခဲ့လေသည်။ သို့သော်ငြား သူတို့မြင်လိုက်ရသည့်မြင်ကွင်းမှာ အကုန်လုံးအား အထိတ်ထိတ်အလန့်လန့် ဖြစ်သွားစေခဲ့သည်။

လက်ရှိအချိန်တွင် တစ်ကိုယ်လုံး ရွှေရောင်သွေးများဖြင့် စိုရွှဲနေသည့်အလျောက် ရန်ကိုင်၏ခန္ဓာကိုယ်မှာ ရွှေရောင်တောက်နေခဲ့သည်။ သူ့ကိုယ်ထက်၌ရှိနေသော နဂါးအကြေးခွံအများစုမှာလည်း အက်ကွဲကျွတ်ထွက်နေကုန်ပြီး သူ့ပုံစံမှာလည်း အတော်လေးကိုမှ ဆိုးဆိုးရွားရွား ဖြစ်နေလေသည်။ ကျောက်တုံးကိုယ်ပွားမှာတော့ ရန်ကိုင်ထက်ပင် ပို၍ အခြေအနေဆိုးနေပေသေးသည်။ သူ့ကျောထက်တွင်ရှိနေသော ဆူးချွန်အားလုံး ပျောက်ကွယ်နေပြီး သူ့ကိုယ်ထက်၌ လောင်မြိုက်နေသော မီးတောက်များသည်ပင်လျှင် ငြိမ်းသေနေခဲ့သည်။ ခရမ်းရောင်ဝတ်ရုံဝတ်လူမှာလည်း အခြေအနေကောင်းမနေခဲ့ပေ။ သူ့မျက်နှာမှာ သွေးဆုတ်ဖြူလျော်နေခဲ့ပြီး အစောပိုင်းကထုတ်သုံးထားသော သိုင်းပညာရပ်ကိုပင်လျှင် ဆက်လက်ထုတ်သုံးနိုင်ခြင်း မရှိတော့ပေ။

ဤတိုက်ပွဲကြောင့် နှစ်ဦးနှစ်ဖက်စလုံး အထိနာကုန်ကြရလေသည်။

ခရမ်းရောင်ဝတ်ရုံဝတ်လူက အလေးအနက်အမူအယာဖြင့် ရှိနေစဉ် ရန်ကိုင်က ဝါးလုံးကွဲအော်ရယ်မောရင်းမှ လှောင်ပြောင်လိုက်လေသည်။ “ဒီလောက်ပဲလား…”

ထိုစကားကိုကြားသော် ခရမ်းရောင်ဝတ်ရုံဝတ်လူ၏ မျက်လုံးများ တွန့်သွားခဲ့သည်။ ဤရလဒ်နှင့်ပတ်သက်၍ သူကိုယ်တိုင်လည်း အံ့အားသင့်နေမိလေသည်။ မူလကမူ သူကိုယ်တိုင်ရောက်လာပြီ ဖြစ်သည့်အတွက်ကြောင့် လိုချင်သည့်အရာကို ရနိုင်လိမ့်မည်ဟု ထင်ခဲ့သည်။ သို့ပါသော်ငြား တကယ်တမ်းတိုက်ခိုက်လိုက်သည့် အခါမှသာလျှင် ရန်ကိုင်တွင် သူထင်မှတ်မထားခဲ့သော ဝှက်ဖဲများစွာ ရှိနေသေးကြောင်း တွေ့ရှိလိုက်ရပြီး တိုက်ပွဲရလဒ်မှာ သရေဖြစ်သွားခဲ့ရသည်။

ခရမ်းရောင်ဝတ်ရုံဝတ်လူသည် ကျောက်တုံးကိုယ်ပွားအား နာကြည်းမုန်းတီးစွာဖြင့် လှမ်း၍ကြည့်လိုက်သည်။ ကျောက်တုံးကိုယ်ပွားသည်သာ ဤနေရာ၌ ရှိမနေခဲ့ပါက သူ့အနေဖြင့် ရန်ကိုင်အား အနိုင်ယူနိုင်ပေလိမ့်မည်။ ရန်ကိုင်မှာ မီတာသုံးရာခန့်အမြင့်ရှိသော နဂါးတစ်ပိုင်းအသွင်သို့ ပြောင်းလဲနိုင်ပါသော်ငြား ရန်ကိုင်တစ်ဦးတည်းသာဆိုလျှင် အနိုင်ယူနိုင်လိမ့်မည်ဟု ခရမ်းရောင်ဝတ်ရုံဝတ်လူ ယုံကြည်ချက်အပြည့်ရှိပေသည်။ သို့သော်ငြား ရှီဟွော့ရှိနေသည့်အတွက်ကြောင့် နှစ်ယောက်တစ်ယောက်တိုက်ခိုက်နေရလေရာ သူ့အနေဖြင့် အသာစီးရမည်ဆိုလျှင်ပင် အသုံးမဝင်ပေ။ ရန်ကိုင်ကို မသတ်နိုင်ပါက သူလိုချင်နေသည့်ဓာတ်လုံးကို ရနိုင်လိမ့်မည်မဟုတ်။ ယန်ယန်သာ ဤအကြောင်းကိုသိသွားမည်ဆိုလျှင် သူ့အဖို့ ပို၍ပြဿနာတက်သွားရနိုင်သည်။

လက်ရှိအခိုက်အတန့်တွင် ခရမ်းရောင်ဝတ်ရုံဝတ်လူမှာ အတော်လေးကိုမှ ဒွိဟဖြစ်နေခဲ့လေသည်။ ယခုတိုက်ပွဲကို ဆက်တိုက်၍လည်း အသုံးမဝင်တော့ပေ။ ဤတိုက်ပွဲကြောင့် ဤနေရာတစ်ဝိုက်ရှိ ဟင်းလင်းပြင်ကို သီးခြားခွဲထုတ်ပစ်ရန်အတွက် သူဖန်တီးထားခဲ့သော ချိတ်စည်းမှာ ပျက်စီးသွားခဲ့လေပြီ။ သူ့အနေဖြင့် ထူးခြားသောနည်းလမ်းတစ်ခုကိုသုံး၍ ဤဟင်းလင်းပြင်ကို ပိတ်လှောင်ပစ်ခဲ့ပါသော်ငြား ထိုနည်းလမ်းမှာ ပြိုင်ဘက်ကင်းသည့်နည်းလမ်းမဟုတ်။ ဤမျှပြင်းထန်လှသည့် တိုက်ပွဲမှ ထွက်ပေါ်လာသော စွမ်းအင်လှိုင်းများကြောင့် ထိုချိတ်စည်းမှာ ပျက်စီးသွားခဲ့လေပြီ။

တစ်နည်းဆိုရသော် ယခု‌နေ ရန်ကိုင်သည်သာ ထွက်ပြေးချင်သည်ဆိုလျှင် သူ့အနေဖြင့် ရန်ကိုင်အား တားနိုင်လိမ့်မည်မဟုတ်။ ထို့အကြောင်းကြောင့် ဤအဓိပ္ပာယ်မရှိလှသည့် တိုက်ပွဲကို အချိန်ကုန်ခံ လူပင်ပန်းခံကာ ဆက်၍ မတိုက်ခိုက်ချင်တော့ပေ။ သူ့စိတ်ထဲ လက်လျှော့လိုက်တော့လျှင် ကောင်းမလားဟုပင် စဉ်းစားမိလာခဲ့သည်။ သူ့ဘက်မှတစ်ခုခုပြောတော့မည်အပြု ရန်ကိုင်၏အမူအယာ ရုတ်တရက် လေးနက်တည်ကြည်သွားသည်ကို တွေ့ရှိလိုက်ရသည်။ ထို့နောက်တွင် ရန်ကိုင်သည် လက်ကွက်တစ်ခုကို ဖန်တီး၍ သူ့လက်ဝါးနှစ်ဖက်စလုံးကို သူ့ရှေ့တည့်တည့်သို့ တွန်းထုတ်လိုက်လေ၏။

ချက်ချင်းဆိုသလို အချိန်စီးဆင်းမှု နှေးကွေးသွားသည်ကို ခရမ်းရောင်ဝတ်ရုံဝတ်လူ ခံစားမိလိုက်သည်။

(အချိန်ကုန်လွန်ခြင်းစည်းတံဆိပ်…) ခရမ်းရောင်ဝတ်ရုံဝတ်လူ၏ မျက်လုံးများ မှေးစင်းသွားခဲ့ပြီး ချက်ချင်း လက်ဝါးတစ်ချက်ရိုက်ထုတ်၍ တန်ပြန်တိုက်ခိုက်လိုက်သည်။

ပေါက်ကွဲသံအကျယ်ကြီးနှင့်အတူ တိုက်ကွက်နှစ်ခုစလုံး ပျက်စီးသွားခဲ့လေသည်။ ထို့နောက်တွင် ခရမ်းရောင်ဝတ်ရုံဝတ်လူက အေးစက်စက်အမူအယာဖြင့် အော်ပြောလိုက်၏။ “ကောင်လေး… လွန်မလာနဲ့ကွ…”

သူ့ဘက်မှ ပြန်ဆုတ်ချင်နေပြီဖြစ်ပါသော်ငြား ရန်ကိုင်ကမူ လုံးဝကို အလျှော့မပေးခဲ့ပေ။ လက်ရှိအခိုက်အတန့်တွင် ခရမ်းရောင်ဝတ်ရုံဝတ်လူမှာ အမှန်တကယ်ကို ဒေါသထွက်နေမိလေသည်။ သူ့အနေဖြင့် နှစ်ဦးနှစ်ဖက်စလုံး ဒုက္ခရောက်ရမည့်အဖြစ်မျိုးနှင့် မကြုံချင်ပေ။ သို့သော်ငြား ရန်ကိုင်ကိုကြောက်သည်ဟုလည်း မဆိုလို။

ရန်ကိုင်သည် သွေးတစ်ပွက်အန်ထုတ်လိုက်ရင်းမှ ခရမ်းရောင်ဝတ်ရုံဝတ်လူအား မောက်မာဝံ့ကြွားစွာဖြင့် ကြည့်လျက် အော်ပြောလိုက်လေ၏။ “ခွေးအိုကြီး… ခင်ဗျား အရှုံးပေးပြီလား…”

ခရမ်းရောင်ဝတ်ရုံဝတ်လူသည် ရန်ကိုင်အား ကောင်စုတ်လေးဟု ခေါ်ခဲ့သည်။ ထို့အတွက်ကြောင့် ရန်ကိုင်မှ ခွေးအိုကြီးဟု ပြန်ခေါ်လိုက်ခြင်း ဖြစ်ပေသည်။

ခရမ်းရောင်ဝတ်ရုံဝတ်လူက မျက်စိပျက်မျက်နှာပျက် အမူအယာဖြင့် ပြန်ပြောလိုက်သည်။ “ဒီဘုရင် ဒီနေ့ နည်းနည်း မဆင်မခြင်လုပ်မိသွားတယ်… ဒါပေမယ့် မင်းဘက်ကလည်း ဒီလောက်ထိခိုက်သွားတာမှမဟုတ်တာ… ဘာဖြစ်လို့ ဒီကိစ္စကို မေ့ပြီးတော့ ဒီတိုင်းမထားလိုက်တာလဲ…”

ရန်ကိုင်က လှောင်ပြုံးပြုံးလျက် “ဒီနေ့ကိစ္စကို မေ့လိုက်ရဖို့… ဒီတော့ ခင်ဗျားက လာချင်တိုင်းလာ သွားချင်တိုင်းသွားမယ်ပေါ့… ဘာလဲ… ကျုပ်ကို ခင်ဗျားလုပ်ချင်တိုင်းလုပ်လို့ရတဲ့ လူများ မှတ်နေတာလား…”

ခရမ်းရောင်ဝတ်ရုံဝတ်လူက နှာခေါင်းရှုံ့လျက် “အဲ့ဒါဆို မင်း ဘာလုပ်ချင်တာလဲ…”

ခရမ်းရောင်ဝတ်ရုံဝတ်လူသည် သတ်ဖြတ်လိုစိတ်အပြည့်ဖြင့် မျက်လုံးမှေးစင်းလိုက်လေသည်။ ရန်ကိုင်သည်သာ ယခုကိစ္စကို အလျှော့မပေးဘဲ ဆက်၍ဖိအားပေးနေမည်ဆိုလျှင်တော့ သူ့အနေဖြင့် ဆက်၍သာ တိုက်ခိုက်ရပေတော့မည်။ ဆက်လက်တိုက်ခိုက်ကြမည်ဆိုလျှင် သူသည်သာ ခံရမည့်လူမဟုတ်။ ရန်ကိုင်သည်လည်း ကျိန်းသေ ထိခိုက်ရပေလိမ့်မည်။ သို့ပင်ဖြစ်လင့်ကစား သူ့အနေဖြင့် တန်ကြေးကြီးကြီးမားမား ပေးဆပ်သွားရနိုင်သည်။

ရန်ကိုင်က ခေါင်းခါ၍ “ကျုပ် ကိုယ့်ကိုယ်ကို ကာကွယ်နိုင်တဲ့အတွက်ကြောင့်သာမဟုတ်ရင် ခင်ဗျားလက်ချက်ကြောင့် ကျုပ်သေတာ ကြာနေပြီ… ခင်ဗျားက ကျုပ်ကိုသတ်ချင်တယ်ဆိုမှတော့ ကျုပ်ဘက်က ရက်စက်လို့ဆိုပြီးတော့ လာအပြစ်မတင်နဲ့ပေါ့… အပိုတွေပြောမနေတော့နဲ့… ဒီနေ့ ခင်ဗျားသေရင်သေ မသေရင် ကျုပ်အသေပဲ…”

ထိုသို့ပြောပြီးသည်နှင့်တစ်ပြိုင်နက် ရန်ကိုင်၏အရှိန်အဝါ ချက်ချင်းအားကောင်းလာခဲ့ပြန်လေသည်။ ရန်ကိုင်၏မျက်လုံးများမှာ တိုက်ခိုက်လိုစိတ်တို့ဖြင့် ပြည့်နှက်နေခဲ့သည်။ ရန်ကိုင်မှ ရှေ့သို့တက်လာစဉ် ကျောက်တုံးကိုယ်ပွားသည်လည်း ရှေ့သို့ တက်လာခဲ့သည်။

ယခုမှသာလျှင် ရန်ကိုင်၏ ဇွဲကြီးမှုကို သူအထင်သေးမိသွားကြောင်း ခရမ်းရောင်ဝတ်ရုံဝတ်လူ သဘောပေါက်သွားခဲ့သည်။ အခြေအနေမှာ ဤအတိုင်းအတာထိ ရောက်လာပြီဖြစ်ကာ ပြန်လှည့်၍မရတော့သောကြောင့် နောက်ဆုံး အောင်နိုင်သူထွက်ပေါ်လာသည်အထိ တိုက်ခိုက်ရုံသာ ရှိပေတော့မည်။ အသက်ကိုပြင်းပြင်းရှူသွင်းလိုက်ပြီးသည့်နောက်တွင် ခရမ်းရောင်ဝတ်ရုံဝတ်လူ၏မျက်လုံးထဲ ပြတ်သားသည့်အရိပ်အယောင်တို့ ဖြတ်ပြေးသွားခဲ့သည်။

ထိုအခိုက်အတန့်မှာပင် ရန်ကိုင်နှင့် ခရမ်းရောင်ဝတ်ရုံဝတ်လူတို့ နှစ်ဦးစလုံး တစ်ခုသောအရပ်ဆီသို့ လှမ်း၍ကြည့်လိုက်ကြသည်။ သူတို့ကြည့်နေရာအရပ်ဆီမှ အလင်းတန်းတစ်ခုသည် မယုံကြည်နိုင်စရာအမြန်နှုန်းဖြင့် ပျံသန်းလာနေခဲ့လေသည်။

ထိုလူရောက်မလာသေးခင်မှာပင် ကျယ်လောင်သည့်အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။ “သခင်လေး… မကြောက်နဲ့… ဒီလူအိုကြီးလာနေပြီ…”

ထိုလူ စကားပြောလိုက်ချိန်တွင် ၎င်း၏အရွယ်အစားမှာ မိုးကုပ်စက်ဝိုင်းအောက်၌ အနက်ရောင်အစက်ကလေးတစ်စက်အရွယ်သာ ရှိသေးပါသော်ငြား စကားကိုပြောပြီးသွားချိန်တွင်တော့ ရန်ကိုင်တို့၏မြင်ကွင်းထဲ လူလုံးပေါ်လာနေခဲ့လေပြီ။

ထိုလူမှာ အတော်လေးကိုမှ အသက်ကြီးနေပြီဖြစ်သော ရွက်ကြမ်းရေကျို အနီရောင်ဝတ်ရုံကို ဝတ်ဆင်ထားသည့် လူအိုကြီးတစ်ဦး ဖြစ်ပေသည်။ ထိုလူအိုကြီးမှာ ပြုံးနေသည့်တိုင် သူ့မျက်နှာမှာတော့ အတော်လေးကိုမှ ခက်ထန်ကြမ်းကြုတ်လှသည်။ ဤလူအိုကြီးကို မြင်လိုက်သည့်မည်သူမဆို လူဆိုးလူကြမ်းကြီးတစ်ဦးဖြစ်သည်ဟု ထင်မိပေလိမ့်မည်မှာ မလွဲမသေပင်။ ၎င်း၏မျက်နှာပေါ်ရှိ အရေးအကြောင်းများသည်ပင်လျှင် ကြမ်းကြုတ်သည့်အရှိန်အဝါကို ထုတ်လွှတ်နေပြီး သာမန် ဖော်ရွေသည့်အပြုံးကို ဆင်မြန်းထားသော သက်ကြီးပိုင်းလူအိုကြီးများနှင့် လုံးလုံးကိုမျှ မတူပေ။

ခရမ်းရောင်ဝတ်ရုံဝတ်လူနှင့် ရန်ကိုင်တို့မှာ ထိုလူအိုကြီးကြောင့် ဇဝေဇဝါဖြစ်နေကြလေသည်။ တစ်စုံတစ်ဦးသည် ဤကဲ့သို့သောတိုက်ပွဲမျိုးထဲသို့ မဆင်မခြင် ပြေးဝင်လာရဲလိမ့်မည်ဟု သူတို့မထင်ထားပေ။ သို့ပါသော်ငြား သေချာစဉ်းစားကြည့်လိုက်သည့်နောက် ထိုသို့ဖြစ်သည်မှာလည်း အဆန်းတော့မဟုတ်ကြောင်း တွေ့လိုက်ရသည်။ ဤလူအိုကြီးပျံသန်းလာသည့်အမြန်နှုန်းနှင့် ၎င်းဆီမှ ခံစားနေရသည့် အငွေ့အသက်အရ ဤလူအိုကြီးမှာ အထင်သေး၍မရသည့် လူတစ်ဦးဖြစ်သည်။ ရှင်းရှင်းပြောရသော် ဤလူအိုကြီးအား ဤတိုက်ပွဲတွင် ဝင်ပါရလောက်သည်အထိကို အားကောင်းပေသည်။

ထိုလူအိုကြီးပေါ်လာပြီးသည့်နောက်တွင် ကျောက်တုံးကိုယ်ပွား၏ခံစားချက် လှုပ်ခတ်သွားသည်ကို ရန်ကိုင် သတိထားမိလိုက်သည်။ ကျောက်တုံးကိုယ်ပွားမှာ ထိုလူအိုကြီးကို ကြောက်နေသည့်ပုံပင်။ ထို့အတွက်ကြောင့် ရန်ကိုင်မှာလည်း ဘာကြောင့်များ ထိုကဲ့သို့ဖြစ်ရသလဲဆိုသည်နှင့်ပတ်သက်၍ ထူးဆန်းသလို ခံစားသွားရလေသည်။ ကျောက်တုံးကိုယ်ပွားကို ကျောက်တုံးဝိဉာဉ်ကလန်သားတစ်ဦး၏ ခန္ဓာကိုယ်နှင့် ရန်ကိုင်၏ဝိဉာဉ်ကိုယ်ပွား ပေါင်းစပ်ရာမှ ဖန်တီးထားခြင်း ဖြစ်လေသည်။ ကျောက်တုံးကိုယ်ပွားမှာ ခရမ်းရောင်ဝတ်ရုံဝတ်လူကိုပင်လျှင် မကြောက်လေရာ ဘာကြောင့်များ ဤလူအိုကြီးကို ကြောက်နေရလေသနည်း။ ထို့အပြင် ရန်ကိုင်သည်လည်း ဤလူအိုကြီးကို မကြောက်ချေ။ ထိုသို့ဖြစ်လေရာ ကျောက်တုံးကိုယ်ပွားမှာ ဘာကြောင့်များ ထိုကဲ့သို့ ခံစားနေရလေသနည်း။

တစ်ခဏမျှ စဉ်းစားကြည့်လိုက်သည့်နောက် ဤလူအိုကြီးကို ကြောက်နေသည်မှာ ကျောက်တုံးကိုယ်ပွားမဟုတ်ဘဲ ရှီဟွော့၏အမြုတေသာဖြစ်ကြောင်းကို ရန်ကိုင်သဘောပေါက်သွားခဲ့သည်။

(ရှီဟွော့ရဲ့အမြုတေကတောင် ကြောက်နေရအောင် ဒီလူအိုကြီးက ဘယ်သူလဲဟ…) ရန်ကိုင်သည် လူအိုကြီးကို မျက်လုံးသေချာပြူးလျက် စိုက်ကြည့်နေလေသည်။

လူအိုကြီးသည်လည်း ရန်ကိုင်ကို ပြန်ကြည့်နေခဲ့သည်။ တစ်ခဏအကြာ၌ လူအိုကြီးက ခေါင်းညိတ်၍ ပြောလိုက်သည်။ “သခင်လေး… မကြောက်တော့နဲ့… ဒီလူအိုကြီး ဒီကိုရောက်နေပြီ…”

ရန်ကိုင်သည် သူ့ဘေးပတ်ပတ်လည်ကို လှည့်ပတ်ကြည့်လိုက်သည်။ အနား၌ မည်သူမှမရှိမှန်း သိလိုက်သော် သူ့ကိုယ်သူ လက်ညှိုးထိုး၍ ပြန်မေးလိုက်လေ၏။ “ခင်ဗျား ကျုပ်ကို ပြောနေတာလား…”

လူအိုကြီးက ပြုံး၍ “ဒါပေါ့…”

ရန်ကိုင် မျက်ခုံးပင့်ကာ ပြန်မေးလိုက်လေသည်။ “ခင်ဗျား လူမှားနေတာတော့ မဟုတ်ပါဘူးနော်…” (ဒီလူအိုကြီးက ဘာလဲဟ… ငါ့ကို သခင်လေးလို့ လာပြီးခေါ်နေတယ်… ငါ သူ့ကို သိတာမှမဟုတ်တာ… ကျင့်ကြံရင်းနဲ့မှ ကျင့်ကြံရေးသွေဖည်သွားပြီးတော့ ခေါင်းထိသွားလို့များ အခုလိုမျိုးတွေ လုပ်နေတာလားမသိဘူး…)

သို့ပင်ဖြစ်လင့်ကစား သခင်လေးဟူသော စကားလုံးသည် ရန်ကိုင်အား အတွေးနက်သွားစေခဲ့လေသည်။ ယခင်ကလည်း နတ်ဆိုးအိုကြီးဟု ခေါ်သည့်လူသည် ရန်ကိုင်အား သခင်လေး သခင်လေး ဟု ခေါ်ခဲ့သည်။ ယခုဆိုလျှင် သူ့အား သခင်လေးဟု ခေါ်သည့်အသံကို မကြားရသည်မှာ နှစ်အတော်ကြာနေခဲ့လေပြီ။

လက်ရှိအချိန်တွင် နတ်ဆိုးအိုကြီးမှာ ထက်ကောင်းကင်နန်းတော်၌ အားတက်သရောဖြင့် ကျင့်ကြံနေခဲ့လေသည်။ သူတို့၏ ကျင့်ကြံခြင်းကွာဟချက်မှာ အတော်လေးကိုမှ ကြီးမားလွန်းလှသည့်အတွက်ကြောင့် နတ်ဆိုးအိုကြီးအနေဖြင့် ရန်ကိုင်၏ဘေးနားတွင်ရပ်၍ တိုက်ပွဲများကို အတူဆင်နွှဲလိုပါက ကြိုးကြိုးစားစား အားစိုက်ကျင့်ကြံမှသာ ရပေလိမ့်မည်။

လူအိုကြီးကမူ နောက်သို့ တစ်ချက်ပင် တွန့်မသွားခဲ့ဘဲ ပြန်၍သာ ပြောလိုက်သည်။ “သခင်လေး… မရယ်ရတဲ့ပျက်လုံးတွေ မလုပ်စမ်းပါနဲ့လား… သခင်လေးက အရင်ကနဲ့မတူဘဲနဲ့ အရမ်းကြီးပြောင်းလဲသွားပြီဆိုပေမယ့် သခင်လေးက ဒီလူအိုကြီးရဲ့သခင်လေး ဖြစ်နေတုန်းပဲလေ…”

ပြောနေရင်းမှ ရုတ်တရက် အလေးအနက်အမူအယာဖြင့် လက်သီးဆုပ်ကာ ပြောလိုက်လေသည်။ “သခင်လေး… ကျေးဇူးပြုပြီး ဒီလူအိုကြီး ဦးညွှတ်တာကို လက်ခံပေးပါနော်…”

ရန်ကိုင်မှာ ထိုလူအိုကြီးကိုကြည့်ရင်း ဤလူအိုကြီး ဘာတွေများ ကြံလို့ ကြံနေသလဲဆိုသည်ကို စဉ်းစားရ ခက်နေခဲ့လေသည်။

(ဒီလူအိုကြီးက ခရမ်းရောင်ဝတ်ရုံဝတ်လူနဲ့ တစ်ဖွဲ့တည်းများလား…)

ထိုသို့စဉ်းစားမိလိုက်သည့်နောက် ခရမ်းရောင်ဝတ်ရုံဝတ်လူအား လှမ်းကြည့်လိုက်ရာ ဝမ်းသာအားရ ဖြစ်သွားခဲ့လေသည်။ အကြောင်းမှာ ခရမ်းရောင်ဝတ်ရုံဝတ်လူသည် ထိုလူအိုကြီးအား စိုးရိမ်တကြီးဖြင့် ကြည့်နေသည့်အတွက်ကြောင့်ပင်။ ကြည့်ရသလောက် ဤလူအိုကြီးမှာ အတော်လေးကိုမှ အားကောင်းမှန်းကိုလည်း ခရမ်းရောင်ဝတ်ရုံဝတ်လူ သိထားသည့်ပုံပင်။

ခရမ်းရောင်ဝတ်ရုံဝတ်လူ၏အမူအယာကို ကြည့်ရသလောက် ဤလူအိုကြီးသည် ခရမ်းရောင်ဝတ်ရုံဝတ်လူထက်ပင် ပို၍ အားကောင်းသည့်ပုံပင်။

ထိုသို့ဆိုလျှင် ဤလူအိုကြီးမှာ ရန်ကိုင်ထင်သကဲ့သို့ ကျင့်ကြံနေရာမှ ကျင့်ကြံခြင်းသွေဖည်သွားခဲ့ပြီး ခေါင်းထိကာ ရန်ကိုင်အား သူ့သခင်လေးအဖြစ် အထင်မှားနေခြင်းပေလော။ သို့သော်ငြား လူအိုကြီး၏ပုံစံနှင့် အပြုအမူကို ကြည့်ရသလောက် ကျင့်ကြံခြင်းသွေဖည်သည့် ဒဏ်ကို ခံစားနေရသည့်ပုံ လုံးဝမပေါ်သလို ခေါင်းထိနေသည့်ပုံလည်း မပေါက်ပေ။

ထို့အပြင် ဤလူအိုကြီးမှ သခင်လေးဟု ခေါ်ရလောက်သည့်လူသည် အနည်းဆုံး အလွန်တရာကိုမှ အားကောင်းလှသည့် နောက်ခံကို ပိုင်ဆိုင်ထားရပေလိမ့်မည်။

တစ်ချက်မျှ စဉ်းစားပြီးသည့်နောက် ရန်ကိုင်က ခေါင်းညိတ်၍ ပြန်ပြောလိုက်လေသည်။ “ကောင်းပြီလေ… ခင်ဗျားက ကျုပ်ကို ခင်ဗျားရဲ့သခင်လေးအဖြစ် အသိအမှတ်ပြုတယ်ဆိုမှတော့ ကျုပ်မှာ ခင်ဗျားကို ခိုင်းစရာတစ်ခု ရှိတယ်…” ထို့နောက် ရန်ကိုင်သည် ခရမ်းရောင်ဝတ်ရုံဝတ်လူကို လက်ညှိုးထိုး၍ အမိန့်ပေးလိုက်လေသည်။ “သူ့ကိုသတ်…”

ထိုစကားကိုကြားသော် ဇဝေဇဝါအမူအယာဖြင့် ရပ်နေသော ခရမ်းရောင်ဝတ်ရုံဝတ်လူ၏အမူအယာ အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့သည်။ အလွန်တရာကိုမှ အားကောင်းလှသည့် ရန်သူတစ်ဦးနှင့် ရင်ဆိုင်ရတော့မည့်အလား ချက်ချင်းပဲ သူ့လက်ထဲရှိ မှော်ရတနာကိုမြှောက်၍ တိုက်ခိုက်ရန် အဆင်သင့်ပြင်လိုက်လေ၏။

ရန်ကိုင်၏အမိန့်ကိုကြားသော် လူအိုကြီးမှာ ခရမ်းရောင်ဝတ်ရုံဝတ်လူအား တစ်ချက်လှမ်းကြည့်လိုက်သည်။ ထို့နောက် နှုတ်ခမ်းကြီးမဲ့၍ ပြန်ပြောလိုက်သည်။ “သခင်လေး… ကြည့်ရတာတော့ ဒီလူအိုကြီး အဲ့ဒါကို…”

ရန်ကိုင်သည် လူအိုကြီးကိုလက်ညှိုးထိုးရင်းမှ ပြန်၍ပြောလိုက်လေသည်။ “ဘာဖြစ်လို့လဲ… ခင်ဗျား ကျုပ်ကို ခင်ဗျားရဲ့သခင်လေးအဖြစ် အသိအမှတ်မပြုတာလား… ဘာလဲ… ကျုပ်စကားကို ခင်ဗျား လုံးဝအရေးမစိုက်ဘူးပေါ့…”

ရန်ကိုင်၏ပုံစံကိုမြင်သော် လူအိုကြီး၏စိတ်ထဲ မကျေမနပ်ဖြင့် ငြီးတွားမိလိုက်လေသည်။ ရန်ကိုင်မှာ အတော်လေးကိုမှ ကံကောင်းနေခဲ့သလို သူကိုယ်တိုင်ကလည်း ပြဿနာအချို့ကို ရှင်းပစ်လိုသည့်အတွက်ကြောင့်သာ မဟုတ်ပါက ရန်ကိုင်ဆီသို့ တည့်တည့်မတ်မတ် လာခဲ့လိမ့်မည်မဟုတ်ပေ။

သို့သော်ငြား ဤအခြေအနေအထိ ရောက်လာပြီဖြစ်သည့်အတွက်ကြောင့် ကိုယ့်စကားကိုယ် ပြန်ရုတ်သိမ်း၍မရတော့။ ထို့အပြင် ရန်ကိုင်မှာ တမူထူးခြားသော အမျိုးသမီး၏ နောက်ခံ ရှိနေမှန်းလည်း လူအိုကြီးသိပေသည်။ ထိုအမျိုးသမီးအကြောင်း တွေးမိလိုက်ရုံဖြင့် လူအိုကြီးမှာ ကြောက်ရွံ့မှုဖြင့် တုန်ရီလာရလေသည်။

ခေါင်းညိတ်လိုက်ပြီးသည့်နောက် လူအိုကြီးပြန်ပြောလိုက်သည်။ “သခင်လေး… စိတ်မပူနဲ့… ဒီလူအိုကြီးက သခင်လေးရဲ့အမိန့်ကို ကျိန်းသေ နာခံမှာ… ဒါပေမယ့် ဒီလူရဲ့ကျင့်ကြံခြင်းက တော်တော်လေးအားကောင်းတယ် သခင်လေးရဲ့… ဒီတော့ သူ့ကိုသတ်ဖို့က လွယ်မှာမဟုတ်ဘူး… ပြီးတော့ ဒီလူအိုကြီးထင်တာ မမှားလို့ရှိရင် သူက ကြယ်တာရာရုံးတော်ကပဲ… အခုလောလောဆယ် သံမဏိသွေးမဟာဧကရာဇ်က ကြယ်တာရာရုံးတော်ကို ဦးစီးနေတာ… ဒီတော့ သူ့ကိုသာ သတ်လိုက်လို့ရှိရင် သံမဏိသွေးမဟာဧကရာဇ် ဒီလူအိုကြီးကို လာပြီးတော့ ပြဿနာရှာနိုင်တယ်… အဲ့ဒါဆို သခင်လေးပါ ဒုက္ခရောက်မှာ…”

(ဟမ်… တကယ်ကို ခေါင်းကောင်းတာပဲဟ…) ရန်ကိုင်သည် လူအိုကြီးအား သေသေချာချာကို ကြည့်နေလေသည်။

(အဲ့ခွေးသူတောင်းစားက ကြယ်တာရာရုံးတော်ကလာမှန်း သူသိတယ်… ကြယ်တာရာရုံးတော်ကို သံမဏိသွေးမဟာဧကရာဇ် အုပ်ချုပ်နေမှန်းလည်း သိတယ်… ဒီတော့ ခေါင်းထိနေတယ်ဆိုတာ လုံးဝမဖြစ်နိုင်တော့ဘူး… ဒါပေမယ့် ခေါင်းမထိထားဘူးဆိုရင် ဘာဖြစ်လို့ ငါ့ကို သခင်လေးလို့ လာခေါ်နေရတာလဲ…) ရန်ကိုင်စိတ်ထဲ ထိုကိစ္စနှင့်ပတ်သက်၍ မတွေးတတ်နိုင်အောင် ဖြစ်နေလေသည်။

ထိုသို့ပင်စဉ်းစားနေလင့်ကစား ရန်ကိုင်က နှာခေါင်းရှုံ့၍ ပြန်ပြောလိုက်သည်။ “သူက ကျုပ်ကို သတ်ချင်နေမှတော့ ကျုပ်ကလည်း ကျိန်းသေ လက်တုံ့ပြန်ရမှာပေါ့… ဘာဖြစ်လို့ ကြယ်တာရာရုံးတော်ကလူကို မသတ်နိုင်ရမှာလဲ… အပိုတွေပြောမနေနဲ့… ခင်ဗျား သူ့ကို သတ်နိုင်လား မသတ်နိုင်ဘူးလားပဲ ပြော… သတ်နိုင်တယ်ဆိုရင် သွားသတ်… မသတ်နိုင်ဘူးဆိုရင် ထွက်သွားလိုက်ပေတော့… ဒီကိစ္စမှာလာမရှုပ်နဲ့… ကျုပ်ဘာသာကျုပ် လုပ်မယ်…”

ရန်ကိုင်၏တုံ့ပြန်ပုံကိုကြည့်ရင်း လူအိုကြီးမှာ ဒေါသူပုန်ထသွားခဲ့လေသည်။ ရန်ကိုင်ဆီသို့ လာခဲ့မိသည့်အပေါ်လည်း နောင်တရမိသွားတော့သည်။ မူလပြဿနာကို မရှင်းပစ်နိုင်သေးခင်မှာပင် နောက်ထပ်ပြဿနာတစ်ခုနှင့် ထပ်တိုးနေရလေပြီ။ (ဒီကောင်စုတ်ကတော့ကွာ… ငါ့ကိုများ ဒီလိုလာပြောရဲတယ်… မင်းစောင့်နေစမ်းပါ… တစ်နေ့ကျ ငါ ဘယ်လောက်အားကောင်းလဲ မင်းကို ပြပေးမယ်…)

All Chapters