အခန်း (၃၃၁၇-၃၃၂၀)
Vol. 145 Ch. 3317-3320
အပိုင်း (၃၃၁၇)
ဘာသာပြန်သူ_တိမ်တိုက်
ထိုသို့ပင် တွေးနေလင့်ကစား လူအိုကြီးသည် တည်တည်ငြိမ်ငြိမ်ဖြင့် ပြုံး၍ ပြန်ပြောလိုက်လေသည်။ “သခင်လေးရယ်… ကျေးဇူးပြုပြီး စိတ်မဆိုးစမ်းပါနဲ့… ဒီလူအိုကြီး သူ့ကို မသတ်နိုင်ဘူးဆိုပေမယ့် သခင်လေးဒေါသပြေသွားအောင် သူ့ကို ရိုက်ပေးလို့တော့ရတယ်…”
ရန်ကိုင်က လက်ဝှေ့ယမ်း၍ ပြောလိုက်လေသည်။ “အဲ့ဒါဆိုလည်း မြန်မြန်သွားလုပ်တော့… ရလဒ်နဲ့ပတ်သက်ပြီး ကျုပ် ကျေနပ်တယ်ဆိုရင် ခင်ဗျားကို ခွင့်လွှတ်ပေးမယ်… မဟုတ်ရင်တော့နော် ဟမ့်…”
ရန်ကိုင်မှာ လူအိုကြီး၏ခွန်အားနှင့် အကန့်အသတ်ကို စမ်းသပ်နေခြင်းသာ ဖြစ်လေသည်။ လူအိုကြီးမှာ အားကောင်းမှန်း သိပါသော်ငြား ဤလူအိုကြီး ခရမ်းရောင်ဝတ်ရုံဝတ်လူအား နိုင်မနိုင်ဆိုသည်ကိုလည်း ကိုယ်တိုင်ကိုယ်ကျ မြင်ချင်ပေသေးသည်။
ခရမ်းရောင်ဝတ်ရုံဝတ်လူသည် ရန်ကိုင်နှင့် တိုက်ခိုက်ရာတွင် သူ့ခွန်အားအများစုကို သုံးစွဲခဲ့ရသည်။ လက်ရှိအချိန်၌ ခရမ်းရောင်ဝတ်ရုံဝတ်လူမှာ အထွဋ်အထိပ်အခြေအနေတွင် ရှိမနေတော့ပါသော်ငြား မဟာဧကရာဇ်တစ်ပိုင်း ဖြစ်သည်နှင့်အညီ ခရမ်းရောင်ဝတ်ရုံဝတ်လူသည် သာမန်ပညာရှင်တစ်ဦးမှ အနိုင်ကျင့်ဗိုလ်ကျချင်တိုင်း ကျလို့ရသည့် လူတစ်ဦးမဟုတ်ပေ။
သို့သော်ငြား လူအိုကြီးကမူ ညစ်ကျယ်ကျယ်ပြုံး၍ “စိတ်မပူနဲ့ သခင်လေး… သခင်လေး လုံးဝကို ပျော်သွားစေရမယ်…”
ရန်ကိုင်က ပြန်၍ပြောလိုက်သည်။ “အဲ့ဒါဆိုလည်း ကြည့်ကြည့်ရသေးတာပေါ့…” ထိုသို့ပြောပြီးသည့်နောက်တွင် ရန်ကိုင်သည် ကျောက်တုံးကိုယ်ပွားအား လှမ်း၍ မျက်စပစ်ပြလိုက်လေသည်။ ထိုသို့ဖြင့် နှစ်ဦးသားသည် အခြေအနေကို ရပ်၍ ကြည့်နေကြတော့လေသည်။ လူအိုကြီးသည်သာ ခရမ်းရောင်ဝတ်ရုံဝတ်လူအား နာလန်မထူနိုင်အောင် ရိုက်နှက်ပေးနိုင်မည်ဆိုပါက ခရမ်းရောင်ဝတ်ရုံဝတ်လူကို လူအိုကြီးသတ်စရာပင် မလို။ ရန်ကိုင်နှင့် ကျောက်တုံးကိုယ်ပွားမှ တစ်ခါတည်း ရှင်းပစ်လိုက်ပေလိမ့်မည်။
ခရမ်းရောင်ဝတ်ရုံဝတ်လူ ကြယ်တာရုံးတော်မှ လာသည် မလာသည်ကို ရန်ကိုင် ဂရုမစိုက်ပေ။ ရန်ကိုင်တွင် ဩဇာအာဏာကြီးမားလှသော လူပေါင်းများစွာ၏ ထောက်ခံမှု ရှိနေပေသည်။ ထို့အပြင် ရန်ကိုင်ကိုယ်တိုင်သည်လည်း ကြယ်စီရင်စုသခင်တစ်ပါး ဖြစ်သည့်အလျောက် ကြယ်တာရာရုံးတော်၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်ဟု ပြော၍ရသည်။ ထိုအကြောင်းကြောင့် သူနှင့် ခရမ်းရောင်ဝတ်ရုံဝတ်လူကြားရှိ ပြဿနာမှာ ကိုယ်ရေးကိုယ်တာပြဿနာြဖစ်သည်ဟု ပြော၍ရကာ သံမဏိသွေးမဟာဧကရာဇ်ကိုယ်တိုင် ဝင်ပါလာမည်ကို ရန်ကိုင်စိတ်မပူပေ။
“ခင်ဗျားဘယ်သူလဲ…” ရန်ကိုင်မှာ တည်ငြိမ်နေပါသော်ငြား ခရမ်းရောင်ဝတ်ရုံဝတ်လူမှာတော့ ထိုသို့မနေနိုင်။ ယနေ့အတောအတွင်း ခရမ်းရောင်ဝတ်ရုံဝတ်လူမှာ တောက်လျှောက်ကို အံ့အားသင့်နေခဲ့ရသည်။ သူ သေသေချာချာစီစဉ်ထားခဲ့သော သူ့အစီအစဉ် မအောင်မြင်ခဲ့ရုံမက ကြုံရာလူအိုကြီးတစ်ဦးသည် ဘယ်ကမှန်းမသိ ဗြုန်းစားကြီးပေါ်လာပြီး သူတို့တိုက်ပွဲကို လာရောက်နှောင့်ယှက်နေခဲ့သည်။ ပိုဆိုးသည်မှာ ဤလူအိုကြီးသည် သူ့အား ကောင်းကောင်းရိုက်နှက်ပေးမည်ဟုပင် ခြိမ်းခြောက်လာခဲ့သေးသည်။
ဤလူအိုကြီးသည် အလွယ်တကူသွားရန်စလို့ကောင်းသည့် လူအိုကြီးမဟုတ်မှန်း ခရမ်းရောင်ဝတ်ရုံဝတ်လူ သတိထားမိပေသည်။ ဤလူအိုကြီးအား တစ်နေရာရာ၌ တွေ့ခဲ့ဖူးသည်ဟူ၍ပင် သူ့စိတ်ထဲ ခံစားနေရသည်။ သို့သော်ငြား သေသေချာချာ စဉ်းစားကြည့်လိုက်သည့်အခါ မည်သည့်နေရာတွင် တွေ့ခဲ့ဖူးလို့ တွေ့ခဲ့ဖူးမှန်း မမှတ်မိတော့ပေ။ ဤလူအိုကြီး၏ဝတ်စားပုံမှာ အတော်လေးကိုမှ သိသာထင်ရှားလှလေရာ သူသည် ဤလူအိုကြီးအား တစ်နေရာရာ၌ တွေ့ခဲ့ဖူးမည်ဆိုလျှင် ကျိန်းသေမှတ်မိနေရပေလိမ့်မည်။
ထိုအမေးကိုကြားသော် လူအိုကြီးက ပြန်ပြောလိုက်သည်။ “ငါ့နာမည်ကို လာမေးနေစရာမလိုဘူး… ငါတို့အခုပြောခဲ့တာတွေကို မင်းကြားတယ်မလား… ငါမင်းကိုမသတ်ချင်ဘူး… ဒီတော့ မင်း အေးအေးဆေးဆေးလေး ငါရိုက်လို့ရအောင် လှဲပေးနေရင် ကောင်းလိမ့်မယ်… ဒါပေမယ့် မင်းက ခုခံရဲမယ်ဆိုရင်တော့… ဟင်း ဟင်း ဟင်း…”
လူအိုကြီးသည် မျက်လုံးကိုမှေးစင်းရင်းမှ “တိုက်ခိုက်ပြီဆိုတာနဲ့ ဘာကမှ သေချာတော့တာမဟုတ်ဘူးနော်… ဒီလူအိုကြီး မတော်တဆ မင်းကို သတ်မိသွားတယ်ဆိုရင် မင်းကိုယ်မင်းပဲ အပြစ်တင်ရတော့မှာ…”
“လူကြီးမင်းက တကယ်ကို မောက်မာတာပဲ…” ခရမ်းရောင်ဝတ်ရုံဝတ်လူမှာ မဟာဧကရာဇ်တစ်ပိုင်း ဖြစ်သည့်အလျောက် ကြယ်တာရာအစုအဝေး၏ အားအကောင်းဆုံးသော ပညာရှင်များထဲ ပါပေသည်။ မဟာဧကရာဇ်ဆယ်ပါးမှလွဲ၍ မည်သူမျှ သူ့အား ယခုကဲ့သို့ ရိုင်းပျသည့်ပုံစံမျိုးဖြင့် စကားမပြောရဲကြပေ။ ဤလူအိုကြီး၏ စကားပြောပုံသည် ခရမ်းရောင်ဝတ်ရုံဝတ်လူအား အမှန်တကယ်ကို ဒေါသထွက်သွားစေခဲ့လေသည်။
သို့သော်ငြား လူအိုကြီးကမူ ခေါင်းခါ၍သာ “ဒီလောကကြီးမှာ အရူးတွေတကယ်များတယ်ကွ… ကြည့်ရတာ မဟာဧကရာဇ်တစ်ပိုင်းတွေတောင် ချွင်းချက်မဟုတ်ဘူးနဲ့တူတယ်… မင်းသာ အထွဋ်အထိပ်အခြေအနေမှာ ရှိနေဦးမယ်ဆိုရင်တော့ နည်းနည်းပါးပါး ပြန်ခုခံနိုင်ရင် ခုခံနိုင်ဦးမှာ… ဒါပေမယ့် မင်းရဲ့ အခုလက်ရှိအခြေအနေနဲ့ကတော့… ဟဲ ဟဲ ဟဲ…”
ရယ်မောရင်းမှ လူအိုကြီးသည် အနီရောင်အလင်းတန်းတစ်ခုအသွင်သို့ ပြောင်း၍ ပျောက်ကွယ်သွားခဲ့လေသည်။
ခရမ်းရောင်ဝတ်ရုံဝတ်လူ၏ အမူအယာ အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့ပြီး သူ့လက်ထဲရှိ မှော်ရတနာကို ကောက်ဝှေ့ယမ်းလိုက်ရာ အဖြူရောင်လျှပ်စီးတန်းတစ်ခု ပျံထွက်သွားခဲ့လေ၏။
အနီရောင်အလင်းတန်း လှစ်ခနဲလက်သွားချိန် လူအိုကြီးမှာ အဖြူရောင်လျှပ်စီးတန်းရှေ့သို့ ရောက်နေခဲ့လေပြီ။ လူအိုကြီးကို လျှပ်စီးတန်းမှ ထိမှန်တော့မည်အပြု လူအိုကြီးသည် ၎င်း၏ပါးစပ်ကြီးကိုဟ၍ အသက်ကို ပြင်းပြင်းရှူသွင်းချလိုက်သည်။ လူအိုကြီး၏ပါးစပ်ထဲမှ ကြောက်မက်ဖွယ်ရာဆွဲအားတစ်ရပ် ထွက်ပေါ်လာသည့်အလား အဖြူရောင်လျှပ်စီးတန်းမှာ လူအိုကြီး၏ပါးစပ်ထဲသို့ ရောက်သွားခဲ့လေသည်။
ထိုမြင်ကွင်းကိုကြည့်ရင်း ရန်ကိုင် အံ့အားသင့်သွားခဲ့သည်။ ထိုအဖြူရောင်လျှပ်စီး မည်မျှအားကောင်းကြောင်းကို ရန်ကိုင်သိပေသည်။ သူ၏ မီတာသုံးရာခန့်အမြင့်ရှိသော နဂါးတစ်ပိုင်းအသွင်သည်ပင်လျှင် ထိုလျှပ်စီးဒဏ်ကို မခံနိုင်ဘဲ လျှပ်စီးတန်း၏ ထပ်တလဲလဲ ထိမှန်ခြင်း ခံရပြီးသည့်နောက် သူ့ကိုယ်ပေါ် နဂါးကြေးခွံအများစု ကွာကျအက်ကွဲကုန်လေသည်။ ထိုသို့ဖြစ်လေရာ လူသားတစ်ဦးသာဖြစ်သည့်အလျောက် ထိုလူအိုကြီးအနေဖြင့် ထိုအဖြူရောင်လျှပ်စီးတန်းကို မျိုချပြီးသည့်နောက်တွင် အန္တရာယ်ကင်းကင်းနှင့် ရှိနေစရာအကြောင်း မရှိပေ။
သို့သော်ငြား လျှပ်စီးတန်းကို မျိုချပြီးသည့်နောက်တွင် လူအိုကြီးအား မသက်မသာဖြစ်သည့်အရိပ်အယောင် အနည်းငယ်မျှပင်မပြဘဲ အရသာရှိလှသည့် စားကောင်းသောက်ဖွယ်တစ်ခုကို စားလိုက်ရသည့်ပမာ မိန့်မိန့်ကြီးပင် ပြုံးနေပေသေးသည်။ ထို့နောက်တွင် ၎င်း၏ပါးစပ်ကို ဟ၍ အစောပိုင်းက မျိုခဲ့သော အဖြူရောင်လျှပ်စီးတန်းကို ခရမ်းရောင်ဝတ်ရုံဝတ်လူတည့်တည့်ဆီသို့ ပြန်မှုတ်ထုတ်လိုက်လေ၏။
(ဘယ်လိုစွမ်းရည်ကြီးလဲ…) ရန်ကိုင် မယုံကြည်နိုင်မှုကြောင့် မျက်လုံးပြူးသွားခဲ့သည်။ အပေါ်ယံရှပ်ကြည့်လိုက်မည်ဆိုလျှင် ဤလူအိုကြီးသုံးသွားသည့်နည်းလမ်းသည် မရဏသားရဲ၏နည်းလမ်းနှင့် တူပေသည်။ မရဏသားရဲသည်လည်း ရန်သူများ၏တိုက်ခိုက်မှုကို ဝါးမျိုပြီး ပြန်လည်ထွေးထုတ်ပစ်နိုင်ပေသည်။ သို့သော်ငြား သေသေချာချာကြည့်လိုက်မည်ဆိုလျှင်တော့ ထိုနှစ်ခုကြား အနည်းငယ် ကွာခြားချက် ရှိနေသေးကြောင်းကို မြင်တွေ့နိုင်၏။ မရဏသားရဲသည် ၎င်းမှ ဝါးမျိုလိုက်သော် တိုက်ခိုက်မှုများကို ပြောင်းလဲနိုင်ခြင်းမရှိဘဲ မူလပုံစံအတိုင်းသာ ပြန်လည်ထွေးထုတ်နိုင်လေသည်။ သို့သော်ငြား လူအိုကြီးမှာတော့ ဝါးမျိုလိုက်သော အဖြူရောင်လျှပ်စီးတန်းထဲ ၎င်း၏စွမ်းအားကိုပါ ထည့်သွင်း၍ တိုက်ခိုက်နိုင်လေသည်။ အစောပိုင်းက အဖြူရောင်သန်းနေသော လျှပ်စီးတန်းမှာ ယခု အနီရောင်သန်းနေသည်ကို ကြည့်လျှင် ထိုအချက်ကို သိနိုင်ပေသည်။
ထိုရုတ်တရက်ပြောင်းလဲမှုမှာ အလွန်ကိုမှ မြန်ဆန်လွန်းလှသလို တစ်ဦးနှင့်တစ်ဦး အလွန်ကိုမှ နီးကပ်နေသည့်အတွက်ကြောင့်လည်း ခရမ်းရောင်ဝတ်ရုံဝတ်လူမှာ ထိုတိုက်ခိုက်မှုကို အချိန်မီ ခုခံနိုင်ခဲ့ခြင်း မရှိပေ။ လျှပ်စီးတန်း သူ့မျက်လုံးထဲ လက်သွားချိန် ခရမ်းရောင်ဝတ်ရုံဝတ်လူမှာ လျှပ်စီးတန်း၏ ထိမှန်ခြင်း ခံလိုက်ရပြီး နောက်သို့ ဒယီးဒယိုင် ဆုတ်သွားခဲ့ရလေသည်။ ထိုအခိုက်အတန့်မှာပင် လူအိုကြီးသည် ခရမ်းရောင်ဝတ်ရုံဝတ်လူနားဆီသို့ ရောက်လာခဲ့ပြီး ၎င်း၏ ခက်ထန်သည့်အရှိန်အဝါဖြင့် ခရမ်းရောင်ဝတ်ရုံဝတ်လူအား လွှမ်းခြုံလိုက်လေသည်။
“ခင်ဗျားက…” ခရမ်းရောင်ဝတ်ရုံဝတ်လူ မျက်လုံးကို ပြူးနေတော့လေ၏။ ယခုဆိုလျှင် သူ့ရန်သူ မည်သူဖြစ်သလဲဆိုသည်ကို သိသွားခဲ့လေပြီ။ ထိုအကြောင်းကြောင့်ပင်လျှင် ဤလူအိုကြီးကို ရင်းနှီးနေသည်ဟု ခံစားနေခဲ့ရခြင်း ဖြစ်သည်။
“နတ်သားရဲတစ်ကောင်လား…” ရန်ကိုင် မျက်လုံးမှေးစင်းသွားလေ၏။
လူအိုကြီးမှ သူ့စွမ်းအားကို မထုတ်လွှတ်ခင်က ရန်ကိုင်မှာ လူအိုကြီးနှင့်ပတ်သက်၍ ဘာကိုမှ မသိခဲ့ရပေ။ သို့သော်ငြား လူအိုကြီးလှုပ်ရှားလိုက်သည်နှင့်တစ်ပြိုင်နက် ၎င်း၏အရှိန်အဝါကို ဖုံးကွယ်ထားနိုင်ခြင်း မရှိတော့။ လူအိုကြီးဆီမှ ထွက်ပေါ်နေသည့်အရှိန်အဝါသည် နတ်သားရဲတစ်ကောင်၏ အရှိန်အဝါဖြစ်ပေသည်။ ထို့အပြင် ၎င်းအရှိန်အဝါအရ လူအိုကြီးသည် ရန်ကိုင်တွေ့ခဲ့ဖူးသော နတ်သားရဲများအနက် နဂါးနှင့် ဖီးနစ်တို့မှလွဲ၍ ကျန်သည့်နတ်သားရဲအားလုံးထက် ပို၍အားကောင်းပေသည်။ ရှေးဟောင်းတောအုပ်ကြီးထဲတွင်ရှိနေသော နတ်သားရဲများသည်ပင်လျှင် ဤလူအိုကြီးနှင့် မယှဉ်နိုင်ပေ။
(ဒီလူအိုကြီးက ဘယ်နတ်သားရဲလဲမသိဘူး… နတ်သားရဲဆိုမှတော့ ငါ့ကို ဘာလို့ သခင်လေးလို့ ခေါ်နေတာလဲ… ကျန်းရို့ရှီကြောင့်လား… အဲ့ဒါလည်းမဖြစ်နိုင်သေးဘူး… လွမ်ဖုန်း၊ ဖန်းဝူနဲ့ ချန်ကွော့တို့တောင် ငါ့နောက်မှာ ကျန်းရို့ရှီနေမှန်း သိနေတာတောင် ငါ့အပေါ် ဒီလောက် ရိုရိုကျိုးကျိုးနဲ့ ဆက်ဆံတာမဟုတ်ဘူး… နတ်သားရဲတွေမှာ ကိုယ့်မာနနဲ့ကိုယ်ရှိပြီးသား… သူတို့ကိုယ်သူတို့ ဒီလောက်ထိ အဆင့်နှိမ့်နေမှာမဟုတ်ဘူး…”
ယခု ရန်ကိုင် အမှန်တကယ်ကို နားမလည်နိုင်တော့ပေ။
ရန်ကိုင်အတွေးနက်နေစဉ်မှာပင် လူအိုကြီးသည် ခရမ်းရောင်ဝတ်ရုံဝတ်လူ၏ရင်ဘတ်အား လက်ဝါးဖြင့် ရိုက်ချလိုက်သည်။ ခရမ်းရောင်ဝတ်ရုံဝတ်လူမှာ အတတ်နိုင်ဆုံး ခုခံရန် ကြိုးစားခဲ့ပါသော်ငြား အချည်းနှီးသည်သာ။ လူအိုကြီးပြောခဲ့သကဲ့သို့ပင် ခရမ်းရောင်ဝတ်ရုံဝတ်လူသည်သာ အထွဋ်အထိပ်အခြေအနေတွင် ရှိနေမည်ဆိုပါက လူအိုကြီး၏ပြိုင်ဘက် မဖြစ်နိုင်လျှင်ပင် အနည်းဆုံးတော့ ပြန်လည်ခုခံတိုက်ခိုက်နိုင်ပေလိမ့်ဦးမည်။ သို့ပါသော်ငြား ရန်ကိုင်နှင့်တိုက်ခိုက်ပြီးသည့်နောက် သူ့ခွန်အားအများစုကို သုံးစွဲထားခဲ့ရလေရာ လူအိုကြီး၏တိုက်ကွက်ကို ခရမ်းရောင်ဝတ်ရုံဝတ်လူအနေဖြင့် အနည်းငယ်မျှပင် ခုခံနိုင်ခြင်း မရှိတော့ပေ။
ခရမ်းရောင်ဝတ်ရုံဝတ်လူဖန်တီးထားသော ဧကရာဇ်ချီအကာအကွယ်သည် လူအိုကြီး၏လက်ဝါးရှေ့မှောက်တွင် ကြေမွလွယ်သည့် ဖန်သားတစ်ချပ်ပမာ တစ်စစီကွဲကြေသွားခဲ့ပြီး လက်ဝါးချက်မှာ ခရမ်းရောင်ဝတ်ရုံဝတ်လူ၏ ရင်ဘတ်တည့်တည့်သို့ လာရောက်ထိမှန်လေသည်။ ထိုတိုက်ခိုက်မှုကြောင့် ခရမ်းရောင်ဝတ်ရုံဝတ်လူမှာ သွေးအပွက်ပွက်အန်ထုတ်ရင်း နောက်သို့ တရစပ်ဆုတ်သွားခဲ့ရသည်။
လူအိုကြီးမှာတော့ အနီရောင်အလင်းတန်းအသွင်သို့ ပြောင်း၍ ခရမ်းရောင်ဝတ်ရုံဝတ်လူအား တစ်စက်ကလေးမှပင် အနားမပေးဘဲ တရစပ် လိုက်လံတိုက်ခိုက်ခဲ့သည်။ ထိုသို့ဖြင့် ခရမ်းရောင်ဝတ်ရုံဝတ်လူမှာ လူအိုကြီး၏ လက်သီးစာ၊ လက်ဝါးစာနှင့် ခြေထောက်စာများကို တောက်လျှောက်ကို မြည်းစမ်းနေခဲ့ရလေ၏။ သို့နှင့်ပင် ခရမ်းရောင်ဝတ်ရုံဝတ်လူ၏ ဒွါရခုနှစ်ပေါက်မှ သွေးများ စီးကျလာခဲ့ပြီး သူ့မျက်နှာမှာလည်း ဝက်ခေါင်းပမာ ဖူးယောင်လာခဲ့လေသည်။ လက်ဝါးရာများ လက်သီးရာများမှာ သူ့ခန္ဓာကိုယ်အနှံ့ မြင်တွေ့နေရသည်။ သူ့မျက်လုံးများမှာတော့ ဒေါသကြောင့် တစ်စထက်တစ်စ ပိုပို၍ နီရဲလာလေ၏။
နောက်ဆုံး၌ “ဘုန်း” ဟူသော ကျယ်လောင်သည့်ပေါက်ကွဲသံကြီးနှင့်အတူ ခရမ်းရောင်ဝတ်ရုံဝတ်လူသည် မရေမတွက်နိုင်သော လျှပ်စီးတန်းများကို ဗြုန်းစားကြီး ပစ်လွှတ်လိုက်ရာ လူအိုကြီးမှာလည်း အံ့အားသင့်တကြီးဖြင့် နောက်သို့ ပြန်ဆုတ်လာလိုက်ရသည်။
လက်ရှိအခိုက်အတန့်တွင် ခရမ်းရောင်ဝတ်ရုံဝတ်လူတစ်ကိုယ်လုံးကို လျှပ်စီးများမှ လွှမ်းခြုံထားခဲ့လေသည်။ ကြည့်ရသလောက် ခရမ်းရောင်ဝတ်ရုံဝတ်လူ အလွန်ကိုမှ ဒေါသထွက်နေသည့်ပုံပင်။ သူထင်ထားသည့်အတိုင်းပင် ခရမ်းရောင်ဝတ်ရုံဝတ်လူမှာ လူအိုကြီးအား ဒေါမာန်တကြီးဖြင့် စိုက်ကြည့်လျက် “မိစ္ဆာသားရဲ… မင်း ငါ့ကို လာအရှက်ခွဲရဲတယ်ပေါ့…”
လူအိုကြီးက မျက်နှာသေဖြင့် ပြန်ပြောလိုက်လေသည်။ “ငါ့သခင်လေးက အမိန့်ပေးထားတာကိုးကွ…”
(မင်းကို ငါအရှက်ခွဲတော့ရော ဘာဖြစ်လဲ… ငါမင်းကို မသတ်တာတောင် ကံကောင်းနေပြီ…)
လူအိုကြီး ထိုသို့တွေးနေစဉ်မှာပင် ရန်ကိုင်က နောက်ဘက်မှနေ၍ လှမ်းအော်ပြောလိုက်လေ၏။ “တော်တယ်… ဒီသခင်လေး နောက်ကျမှ ခင်ဗျားကို ဆုချမယ်…”
ထိုသို့ပြောပြီးသည့်နောက်တွင် ရန်ကိုင်သည် လက်ကွက်များကို ဖန်တီးလိုက်ရာ တောင်နဲ့မြစ်ခေါင်းလောင်းမှာ စတင်၍ လည်ပတ်လာခဲ့ပြီး အရာအားလုံးကို ဖိနှိပ်နိုင်သည့် အရှိန်အဝါကို ထုတ်လွှတ်လာခဲ့သည်။ ကျောက်တုံးကိုယ်ပွားသည်လည်း ၎င်း၏ နတ်ဆိုးတိုက်ပွဲတူကို ကိုင်စွဲရင်းမှ ရန်ကိုင်နှင့်အတူ ခရမ်းရောင်ဝတ်ရုံဝတ်လူဆီသို့ ခုန်ဝင်သွားလေ၏။
ဤလူအိုကြီးမှာ အတော်လေးကိုမှ အားကောင်းလှသည်။ သူ့အား သခင်လေးဟု ဘာကြောင့်ခေါ်နေရသလဲဆိုသည်ကို မသိသေးပါသော်ငြား လက်ရှိအခြေအနေမှာ သူ့ဘက်သို့ ယိမ်းနေခဲ့လေရာ ရန်ကိုင်အနေဖြင့် ခရမ်းရောင်ဝတ်ရုံဝတ်လူအား သတ်နိုင်မည့်အခွင့်အရေးကို လုံးဝ လက်လွတ်ခံလိမ့်မည်မဟုတ်ပေ။
ရန်ကိုင်၏လှုပ်ရှားမှုကြောင့် လူအိုကြီးနှင့် ခရမ်းရောင်ဝတ်ရုံဝတ်လူ နှစ်ဦးစလုံး ထိတ်လန့်သွားခဲ့ကြလေသည်။ ဧရာမပုံရိပ်ကြီးနှစ်ခု သူတို့ဆီသို့ ပြေးဝင်လာနေသည်ကို မြင်ပါသော်ငြား နှစ်ဦးစလုံးမှာ ငေးကြောင်ကြောင်ဖြင့်သာ ရပ်ကြည့်နေကြလေ၏။
ရန်ကိုင်မှာ ခရမ်းရောင်ဝတ်ရုံဝတ်လူကို ဤအတိုင်းအတာအထိ သတ်ချင်နေလိမ့်မည်ဟု လူအိုကြီးလည်း တကယ်ကို မထင်ထားခဲ့ပေ။ ခရမ်းရောင်ဝတ်ရုံဝတ်လူသည် ကြယ်တာရာရုံးတော်မှဖြစ်ပြီး သံမဏိသွေးမဟာဧကရာဇ်၏ လက်အောက်ငယ်သားတစ်ဦး ဖြစ်သည်ဆိုသည့်အကြောင်းကို လူအိုကြီးမှ ပြောပြထားပြီးသွားလေပြီ။ ထိုသို့ဖြစ်လေရာ ရန်ကိုင်မှာ ခရမ်းရောင်ဝတ်ရုံဝတ်လူအား မည်ကဲ့သို့များ သတ်ရဲရလေသနည်း။ သံမဏိသွေးမဟာဧကရာဇ် သူ့အား ပြဿနာလာရှာမည်ကို ရန်ကိုင် မကြောက်လေသလော။
ခရမ်းရောင်ဝတ်ရုံဝတ်လူမှာတော့ အစောပိုင်းတည်းက ဒဏ်ရာဆိုးဆိုးရွားရွား ရထားခြင်း ဖြစ်လေသည်။ လူအိုကြီး၏ ထပ်မံတိုက်ခိုက်ခြင်းပါ ခံလိုက်ရသော် အနာပေါ် ဆားပက်ခံလိုက်ရသလို ဖြစ်သွားခဲ့သည်။ ရန်ကိုင်နှင့် ကျောက်တုံးကိုယ်ပွားသည်သာ ယခုနေ သူ့အား တိုက်ခိုက်လာမည်ဆိုလျှင် သူ့အနေဖြင့် ပြန်လည်ခုခံနိုင်လိမ့်မည်မဟုတ်ဘဲ ဤနေရာတွင်သာ တမလွန်ဘဝသို့ လက်ပြနှုတ်ဆက်သွားရပေလိမ့်မည်။
ထိုကဲ့သို့တွေးမိလိုက်သည့်နောက်တွင် ခရမ်းရောင်ဝတ်ရုံဝတ်လူမှာ ဤနေရာတွင် ဆက်မနေရဲတော့ပဲ ထွက်ပြေးရန် ကြိုးစားတော့လေသည်။ ရန်ကိုင်၏ ဓာတ်လုံးမှာ အဖိုးတန်ပါသော်ငြား သူ့အသက်လောက်တော့ အဖိုးမတန်ပေ။
ထိုအခိုက်အတန့်မှာပင် ရုတ်တရက်ဆိုသလို အက်ကွဲကြောင်းတစ်ခု ပေါ်လာခဲ့လေသည်။
ရန်ကိုင်နှင့် ကျောက်တုံးကိုယ်ပွားတို့၏ ခြေလှမ်းများ ရပ်တန့်သွားခဲ့ပြီး ထိုအက်ကွဲကြောင်းကို မယုံကြည်နိုင်ဟန်အထင်းသားဖြင့် လှမ်း၍ကြည့်လိုက်သည်။
(ဘာတွေဖြစ်နေတာလဲ… ပုံမှန်ဆို တွေ့ရခဲလှတဲ့ ပညာရှင်တွေအကုန်လုံးကို ဒီနေ့တစ်နေ့ထဲမှာ ဘာဖြစ်လို့ တောက်လျှောက်ကြီး တွေ့နေရတာလဲ…)
ထိုအက်ကွဲကြောင်းကို ရန်ကိုင်မှ ဖန်တီးထားခြင်းမဟုတ်။ ထို့အစား အခြားသောပညာရှင်တစ်ဦးမှ ဟင်းလင်းပြင်အက်ကွဲကြောင်းကိုသုံး၍ ဤနေရာသို့ တည်နေရာခုန်ကူးလာခြင်း ဖြစ်လေသည်။ ကြယ်တာရာအစုအဝေးတစ်ခုလုံးတွင် ရန်ကိုင်မှလွဲ၍ ထိုကဲ့သို့လုပ်နိုင်သည့်လူ တစ်ဦးသာ ရှိတော့သည်။
ထိုအဖြစ်အပျက်သည် ခရမ်းရောင်ဝတ်ရုံဝတ်လူအား တည်ငြိမ်သွားစေခဲ့လေသည်။ အက်ကွဲကြောင်းကိုမြင်သော် ခရမ်းရောင်ဝတ်ရုံဝတ်လူမှာ တစ်ခုခုအား စဉ်းစားမိသွားခဲ့ပြီး စိတ်သက်သာရာရသွားဟန်ဖြင့် သက်ပြင်းအမောကြီးချလိုက်လေ၏။
လူအိုကြီးမှာမူ မျက်စိပျက်မျက်နှာပျက်အမူအယာဖြင့် ရန်ကိုင်ဘေးနားသို့ ရွှေ့လာခဲ့လေသည်။
ရန်ကိုင်၏အမူအယာ ပြောင်းလဲသွားခဲ့ပြီး လူအိုကြီးကိုကြည့်၍ မေးလိုက်လေသည်။ “ခင်ဗျားနဲ့ သူတို့နှစ်ယောက်ကြားမှာ ရန်ငြိုးရန်စရှိတာလား…”
လူအိုကြီးက မျက်နှာကြီးမဲ့လျက် ပြန်ပြောလိုက်သည်။ “သခင်လေးဘာပြောနေတာလဲဆိုတာကို ဒီလူအိုကြီး နားမလည်ဘူး…”
“ဟဲ ဟဲ…” ရန်ကိုင်သည် ပြုံးသာပြုံးနေလိုက်ပြီး ထပ်မမေးတော့ဘဲ အက်ကွဲကြောင်းကိုသာ လှမ်းကြည့်လိုက်သည်။
ရုတ်တရက်ဆိုသလို အက်ကွဲကြောင်း ပြန့်ကားထွက်လာခဲ့ပြီး ထိုထဲမှ လူနှစ်ဦး ထွက်လာခဲ့လေသည်။ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးပင်။
အက်ကွဲကြောင်းထဲမှ ထွက်လာပြီးသည့်နောက်တွင် ထိုလူနှစ်ဦးမှာ ဘေးပတ်ဝန်းကျင်ကို တစ်ချက် လှည့်ပတ်ကြည့်လိုက်ပြီးသည့်နောက် အနည်းငယ် ထိတ်လန့်အံ့အားသင့်သွားခဲ့လေ၏။ ဤနေရာတွင် ပညာရှင်ပေါင်းများစွာ စုဝေးနေကြလိမ့်မည်ဟု သူတို့ တကယ်ကို မထင်ထားသည့်ပုံပင်။
အက်ကွဲကြောင်းထဲမှ ထွက်လာသည့်လူ၏ မျက်နှာကိုမြင်သော် ရန်ကိုင်နှင့် ခရမ်းရောင်ဝတ်ရုံဝတ်လူတို့ နှစ်ဦးစလုံး တစ်ပြိုင်တည်း တွေးမိသွားကြလေသည်။ (တကယ်ကြီး သူပဲဟ…)
“အဲ့ဒါက…” ကောင်းကင်ဝံပုလွေတောင်ကြားထဲ၌ ရှိနေသော လန်ဟဲမှာမူ ဟင်းလင်းပြင်အက်ကြောင်းထဲမှ ထွက်လာသည့်လူကို ကြည့်ရင်းမှ “စီနီယာလီဝူရီမဟုတ်ဘူးလား…”
သူမသည် ဘာဆိုဘာမျှမသိသည့် ကောင်မလေးမဟုတ်တော့။ ဤဟင်းလင်းပြင်အက်ကွဲကြောင်းထဲမှ လူတစ်ဦး ချိုးဖြတ်ထွက်လာသည်မှာ အမှန်တကယ်ကိုမှ ကြောက်မက်ဖွယ်ကောင်းလှပေသည်။ မဟာဧကရာဇ်များသည်သာ အားစိုက်လိုက်မည်ဆိုပါက ဟင်းလင်းပြင်တစ်ခုလုံးကို တစ်စစီအက်ကွဲသွားအောင် လုပ်နိုင်ပေသည်။ သို့သော်ငြား ယခုကဲ့သို့ ဂရုမစိုက်သည့်ပုံစံမျိုးဖြင့် လုပ်နိုင်ကြလိမ့်မည်မဟုတ်ပေ။ ထိုအကြောင်းကြောင့်သာလျှင် ဟင်းလင်းပြင်အက်ကွဲကြောင်းကို အလွယ်တကူ ခွဲဖွင့်ကာ ထွက်လာသည့်လူကို မြင်သော် ထိုလူသည် လီဝူရီဖြစ်ရလိမ့်မည်ဟု သူမ ချက်ချင်း တွေးမိသွားခြင်းပင်။
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၃၃၁၈)
ဘာသာပြန်သူ_တိမ်တိုက်
ထျန်ရှန်းက ခေါင်းညိတ်၍ ပြန်ပြောလိုက်သည်။ "ဟုတ်တယ်၊ စီနီယာလီပဲ"
လီဝူရီသည် မဟာဧကရာဇ်များပြီးလျှင် အားအကောင်းဆုံး ပညာရှင်ဖြစ်သည်ဟု ပြောစမှတ်ရှိကြသည်။ ကြယ်တာရာအစုအဝေးထဲရှိ မဟာဧကရာဇ်တစ်ပိုင်းများကြားထဲတွင် လီဝူရီသည် လူသိအများဆုံး ပုဂ္ဂိုလ်တစ်ဦးလည်း ဖြစ်သည်။
သို့သော်ငြား လီဝူရီအား မြင်ဖူးသည့်လူ များများစားစား မရှိကြပေ။ တကယ်တော့ စိတ်ဝိညာဉ်သားရဲကျွန်းမှာ တစ်သီးတခြား တည်ရှိနေသော နေရာတစ်ခုပင် မဟုတ်လေလော။ ထိုအပြင် လီဝူရီသည် လေဟာနယ်တာအိုကို ကျွမ်းကျင်ထားသည့် လူတစ်ဦးဖြစ်လေရာ သူ၏ တည်နေရာကို ခြေရာခံကောက်ဖို့ရာမှာ မလွယ်ကူလှပေ။ ထိုအကြောင်းကြောင့် အများစုမှာ သူ့နာမည်ကိုသာ ကြားဖူးကြပြီး လူကိုယ်တိုင်ကိုမူ မမြင်ဖူးကြပေ။ ထျန်ရှန်းမှာမူ ဧကရာဇ်အဆင့်ပညာရှင် မဖြစ်စဉ်က လီဝူရီအား တစ်ကြိမ်တွေ့ခဲ့ဖူးပေသည်။
နှစ်ပေါင်းတစ်ထောင်ကျော် ကြာသွားခဲ့ပြီဖြစ်သလို ထျန်ရှန်းမှာလည်း သက်လတ်ပိုင်းလူကြီးတစ်ဦး ဖြစ်လာနေခဲ့ပြီ ဖြစ်ပါသော်ငြား လီဝူရီမှာမူ ယခင်ကကဲ့သို့ပင် တက်တက်ကြွကြွ ချောချောမောမော ရှိနေဆဲပင်။
သူ့အနေဖြင့် ထိုအဆင့်သို့ ဘယ်တော့မှ ရောက်နိုင်လိမ့်မည် မဟုတ်ကြောင်းကို တွေးရင်း ထျန်ရှန်း သက်ပြင်းအမောကြီးချလိုက်သည်။ သူ့အဖို့ ဧကရာဇ်ဒုတိယအဆင့် ရောက်ဖို့ရာပင် အတော်လေးကိုမှ ခက်ခဲလှပေသည်။ ထို့နောက် လှည့်ကြည့်လိုက်ရာ လန်ဟဲ့နှင့် ချီကွေ့တို့မှာ အလွန်ကိုမှ စိတ်လှုပ်ရှားနေသည့် မျက်ဝန်းများဖြင့် လီဝူရီတို့အား လှမ်းကြည့်နေကြောင်းကို တွေ့လိုက်ရသည်။
"သူက စီနီယာလီဝူရီဆိုတော့ သူ့ဘေးနားမှာရှိနေတဲ့ အမျိုးသမီးက ဒဏ္ဍာရီလာ စီနီယာကျိုဖုန်းပေါ့" ချန်းရှိုယင်သည် အနီရောင်ဝတ်ရုံဝတ် အမျိုးသမီးကို ကြည့်ရင်းမှ ပြောလိုက်သည်။
စိတ်ဝိညာဉ်သားရဲကျွန်း၏ ထိပ်တန်းကျင့်ကြံသူများအနက် လီဝူရီနှင့် ကျိုဖုန်းတို့မှာ အကြောင်းအရင်းအမျိုးမျိုးကြောင့် နာမည်ကျော်ကြားသည်။ လီဝူရီမှာ လေဟာနယ်တာအိုကြောင့် နာမည်ကျော်ကြားပြီး ကျိုဖုန်းမှာတော့ ဖီးနစ်ကလန်၏ သွေးမျိုးဆက်ကို ပိုင်ဆိုင်ထားသည့်အတွက်ကြောင့် နာမည်ကျော်ကြားပေသည်။
ထျန်ရှန်းက ခေါင်းညိတ်၍ ပြန်ပြောလိုက်သည်။ "ဟုတ်မယ်ထင်တာပဲ၊ ဒါပေမဲ့ သူတို့ဘာလို့ ဒီကိုရောက်နေရတာလဲ၊ အဲဒီမှာဖြစ်နေတဲ့ တိုက်ပွဲကြောင့်လား"
စိတ်ဝိညာဉ်သားရဲကျွန်းသည် အရှေ့ဘက်နယ်မြေတွင် ရှိပါသော်ငြား တိုက်ပွဲဖြစ်နေသည့် နေရာနှင့် အလွန်ကိုမှ ဝေးကွာလှသည့် နေရာတွင် ရှိနေခြင်း ဖြစ်လေသည်။ ဤနေရာတွင်ဖြစ်နေသည့် တိုက်ပွဲမှာ အလွန်ကိုမှ အသံကျယ်လောင်လှသလို တိုက်ပွဲဆီမှ ထွက်ပေါ်လာသည့် စွမ်းအင်လှိုင်းများမှာလည်း အလွန်တရာကိုမှ ပြင်းထန်လင့်ကစား စိတ်ဝိညာဉ်သားရဲကျွန်းတွင် ရှိနေသည့် လူများမှာ ဤနေရာတွင် တိုက်ပွဲဖြစ်နေကြောင်းကို အာရုံခံမိဖို့ရာ မဖြစ်နိုင်လှပေ။ ထိုအကြောင်းကြောင့် တစ်ခုတည်းသော ရှင်းပြချက်မှာ ထိုနှစ်ဦးသည် ဤအနီးနားတစ်နေရာ၌ ရှိနေပြီး တိုက်ပွဲဖြစ်သည်ကို အာရုံခံမိ၍ ဤနေရာသို့ ရောက်လာကြခြင်းသာ ဖြစ်ရပေလိမ့်မည်။
"တော်တော်လေးကို လူစည်နေတာပဲ" ကောင်းကင်အထက်ရှိ ဟင်းလင်းပြင်အက်ကွဲကြောင်းမှာ ပိတ်စပြုနေလေပြီ။ ကျိုဖုန်းမှာ ဘေးပတ်ဝန်းကျင်အား လှည့်ပတ်ကြည့်ရင်းမှ မကြာမီတွင် ရန်ကိုင်ဆီသို့ အကြည့်ရောက်သွားခဲ့သည်။ ရန်ကိုင်အား အတန်ကြာမျှ ပြုံးကာ ကြည့်နေပြီးသည့်နောက် မေးလိုက်လေ၏။ "ကောင်လေး၊ နင်မလား"
ရန်ကိုင်၏ ပုံစံမှာ နဂါးအသွင်ပြောင်းလဲခြင်းပညာရပ်ကို အသုံးပြုနေပြီးသည့်နောက် အကြီးအကျယ် ပြောင်းလဲသွားခဲ့ပါသော်ငြား ကျိုဖုန်းကမူ ရန်ကိုင်အား မှတ်မိနေဆဲ။ တကယ်တော့ သူမအနေဖြင့် ရန်ကိုင်၏ ယခုကဲ့သို့သော ပုံစံမျိုးကို ပထမအကြိမ် မြင်ဖူးခြင်း မဟုတ်ပေ။ နဂါးကျွန်းပေါ်တွင် ရှိစဉ်က ရန်ကိုင် နဂါးတစ်ပိုင်းအသွင်သို့ ပြောင်းသွားသည်ကို မြင်ခဲ့ဖူးပေသည်။
"မင်္ဂလာပါ စီနီယာကျိုဖုန်းနဲ့ စီနီယာလီ" ရန်ကိုင်က လက်သီးဆုပ်၍ ပြုံးကာ နှုတ်ဆက်လိုက်လေသည်။ အခြေအနေမှာတော့ စိတ်ဝင်စားစရာကောင်းလာလေပြီ။ မူလကမူ လီဝူရီနှင့် လေဟာနယ်တာအိုအကြောင်း ဆွေးနွေးချင်သည့်အတွက်ကြောင့် စိတ်ဝိညာဉ်သားရဲကျွန်းဆီသို့ သွားလိုခဲ့ပါသော်ငြား သူ့ဘက်မှ မသွားရသေးခင်မှာပင် တစ်ဖက်လူသည် သူ့အရှေ့တည့်တည့်သို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာလိမ့်မည်ဟု ရန်ကိုင် မထင်ထားခဲ့ပေ။
"ငါ့ကို စီနီယာလို့ခေါ်မနေနဲ့၊ ငါ့ပုံစံက အဲဒီလောက်တောင် အသက်ကြီးတဲ့ပုံပေါက်နေလို့လား" ကျိုဖုန်း မျက်နှာပျက်သွားခဲ့လေသည်။
ရန်ကိုင်က ချက်ချင်းပဲ ပြုံး၍ ပြန်ပြောလိုက်လေ၏။ "အစ်မကျိုဖုန်းက တကယ်ကို အလှတရားကို ကိုယ်စားပြုနေတဲ့လူပဲ၊ ဘယ်လိုလုပ်ပြီး အသက်ကြီးနေပြီလို့ ပြောရဲရမှာလဲ၊ အာ စကားပြောမှားသွားလို့ တောင်းပန်ပါတယ်နော်"
ကျိုဖုန်းက ပြုံး၍ ခေါင်းညိတ်လျက်... "အင်း ဒီလိုမှပေါ့"
လီဝူရီသည် နဖူးပေါ်လက်တင်ရင်းမှ... "တကယ်ကို အရှက်မရှိတော့တာပဲ"
ထိုစကားကို ကြားသော် ကျိုဖုန်းသည် လီဝူရီအား စိုက်ကြည့်၍... "နင်ငါ့ကို အရှက်မရှိဘူးလို့ ပြောလိုက်တာလား၊ နင်ငါ့ကို ပြောလိုက်တာလား၊ ဟမ်"
လီဝူရီသည် ရန်ကိုင်အား လက်ညှိုးထိုး၍ ပြန်ပြောလိုက်သည်။ "ငါအဲဒီကောင်ကို ပြောနေတာ၊ နဂါးကလန်ကလူတွေသာ ဒီကောင် အဲဒီလိုလူမျိုးအကြောင်း ကြားသွားရင် သူတို့ဒီကောင့်ကို ကျိန်းသေ လိုက်အမဲလိုက်မှာ"
ရန်ကိုင်က ပြန်ပြောလိုက်သည်။ "ဟမ့် သူတို့က ဘာကောင်တွေမလို့ ကျုပ်ကိစ္စမှာ ဝင်ပါချင်ရတာလဲ၊ ဒါနဲ့ အစ်ကိုလီနဲ့ အစ်မကျိုဖုန်း ဘယ်လိုလုပ်ပြီး ဒီကိုရောက်နေတာလဲ"
အစ်ကိုလီဟု ခေါ်ခံလိုက်ရပြီးသည့်နောက် လီဝူရီမှာ ကြောင်အမ်းအမ်း ဖြစ်သွားခဲ့လေသည်။ ထို့နောက် သူ့မျက်နှာကြီး မဲ့သွားတော့သည်။ ယခင်က သူတို့အချင်းချင်း တွေ့စဉ်က ရန်ကိုင်သည် သူ့အား တလေးတစားဖြင့် စီနီယာဟု အမြဲတစေ ခေါ်ဝေါ်ခဲ့သည်။ သို့သော်ငြား ချက်ချင်းဆိုသလို အစ်ကိုဟု ပြောင်းသွားခဲ့လေသည်။
သို့သော်ငြား ကျိုဖုန်းကိုပင်လျှင် အစ်မဟု ခေါ်နေလေရာ သူ့အနေဖြင့် ယခုကဲ့သို့သော ကိစ္စမျိုးတွင် ပါးစပ်ပိတ်နေခြင်းသည် အကောင်းဆုံးသာဖြစ်မှန်း လီဝူရီ သိနေလေသည်။ သူသည်သာ ရန်ကိုင်အား စီနီယာဟု မရမကခေါ်ခိုင်းနေပါက ကျိုဖုန်း၏ ဒေါသမှာ သူ့အပေါ်သို့ ရောက်လာပေလိမ့်မည်။
"အဟမ်း၊ ပြောရရင်တော့ အရှည်ကြီးပေါ့၊ ဒါနဲ့ဒီမှာ ဘာတွေဖြစ်နေကြတာလဲ" လီဝူရီမှ အသာအယာ ချောင်းဟန့်လိုက်ပြီးသည့်နောက်တွင် ရန်ကိုင် ဘေးနား၌ သွားရပ်နေသော လူအိုကြီးအား တစ်ချက်လှမ်းကြည့်၍ ချက်ချင်းပဲ ခေါင်းစဉ်ပြောင်းလိုက်လေသည်။
[ဒီတော့ ဒီလူအိုကြီးနဲ့ ပတ်သက်နေတာပေါ့] ရန်ကိုင် ချက်ချင်းနားလည်သွားခဲ့လေသည်။ ဟင်းလင်းပြင်အက်ကွဲကြောင်း ပေါ်လာစဉ်က လူအိုကြီးသည် သူ့ဘေးနားသို့ ကပ်လာခဲ့သည်။ ထိုအတွက်ကြောင့် ရန်ကိုင်မှာ အကြောင်းအရင်းအချို့ကို စဉ်းစားမိသွားခဲ့သည်။ ယခု လီဝူရီ၏ ပုံစံကို ကြည့်ရသလောက် သူထင်သည်မှာ မှန်နေသည့်ပုံပင်။
[စိတ်ဝိညာဉ်သားရဲကျွန်းက ထိပ်တန်းပညာရှင်နှစ်ဦးစလုံး အတူထွက်လာပြီး အမဲလိုက်ရတယ်ဆိုတော့ ဒီလူအိုကြီးက ဘယ်လို နတ်သားရဲမျိုးမလို့လဲ]
ထိုအပြင် အမဲလိုက်ခံနေရမှန်း သိသည့်တိုင် ဤလူအိုကြီးမှာ ဘာကြောင့်များ ထွက်မပြေးဘဲ နေရလေသနည်း။ ဤအစား ရန်ကိုင်ဆီသို့ လာပြီး ရန်ကိုင်အား သခင်လေးဟု ခေါ်ဝေါ်ကာ ရန်ကိုင်ဆီမှ လာရောက်အကူအညီတောင်းခံခဲ့လေသည်။ ရန်ကိုင် ကိုယ်တိုင်က သူ့အား ကာကွယ်ပေးနိုင်သည့် လူတစ်ဦးမှ မဟုတ်လေဘဲ။
ထိုအကြောင်းများကို စဉ်းစားရင်းမှ ရန်ကိုင်က ပြုံး၍ ပြန်ပြောလိုက်သည်။ "ဘာမှတော့ မဟုတ်ပါဘူး၊ တစ်ယောက်ယောက်က ကျုပ်ရတနာတွေကို လောဘဇောကပ်ပြီးတော့ ကျုပ်ကိုသတ်ပြီး အဲဒီရတနာကို လုဖို့ ကြိုးစားနေတာလေ" ထိုသို့ပြောနေရင်းမှ ရန်ကိုင်သည် ခရမ်းရောင်ဝတ်ရုံဝတ်လူအား အေးစက်စက်အမူအရာဖြင့် လှမ်း၍ ကြည့်လိုက်သည်။
"နင့်ကိုသတ်ပြီး နင့်ရတနာကို လုချင်နေတယ်" ကျိုဖုန်း မျက်မှောင်ကြုတ်သွားလေသည်။
ရန်ကိုင်မှာ စိတ်ဝိညာဉ်သားရဲကျွန်းနှင့် ဘာမျှမပတ်သက်ပါဟု ပြော၍ရပါသော်ငြား တကယ့်တကယ်ဆိုလျှင် ရန်ကိုင်နှင့် စိတ်ဝိညာဉ်သားရဲကျွန်းမှာ အတော်လေးကိုမှ ရင်းနှီးလှပေသည်။
ပထမဦးစွာ စိတ်ဝိညာဉ်သားရဲကျွန်း၏ မင်းသမီးလေး မိုရှောင်ချီသည် ရန်ကိုင်နှင့် အလွန်ကိုမှရင်းနှီးသည့် မိတ်ဆွေတစ်ဦး ဖြစ်သည်။ လွန်ခဲ့သည့်နှစ်များအတွင်း မိုရှောင်ချီမှာ ရန်ကိုင် အကြောင်းကို မကြာခဏပြောခဲ့ပြီး ရန်ကိုင်နှင့် တွေ့လိုသည့်အတွက်ကြောင့် စိတ်ဝိညာဉ်သားရဲကျွန်းမှ ထွက်သွားရန် အကြိမ်ဖန်များစွာ ကြိုးစားခဲ့သည်။ သို့သော်ငြား စိတ်ဝိညာဉ်သားရဲသခင်မဟာဧကရာဇ်မှ သူမအား ကျွန်းပေါ်တွင် အကျဉ်းချထားသည့်အတွက်ကြောင့် မိုရှောင်ချီမှာ အလွန်ကိုမှ မကျေမနပ်ဖြစ်ခဲ့သည်။ နောက်ဆုံးတွင် ဧကရာဇ်အဆင့်သို့ ရောက်သည်အထိ ကြိုးစားကျင့်ကြံရန် သဘောတူခဲ့လေသည်။ ထိုကောင်မလေး ရန်ကိုင်အား ကြိုက်နေကြောင်းကို ကျိုဖုန်း သတိထားမိလေသည်။ ရန်ကိုင်သည်သာ တစ်ခုခုဖြစ်သွားလျှင် ထိုကောင်မလေး ကျိန်းသေစိတ်ကောက်ပေလိမ့်မည်။
ဒုတိယအချက်အနေဖြင့် စိတ်ဝိညာဉ်သားရဲကျွန်း၏ သခင်မမှာ နဂါးကလန်၏ တတိယအကြီးအကဲ ဖြစ်ပေသည်။ ရန်ကိုင်မှာ နဂါးကလန်မှ ငါးယောက်မြောက် အကြီးအကဲ၏ ယောက်ျားဖြစ်သည်။
ယခင်က ရန်ကိုင်နှင့် စိတ်ဝိညာဉ်သားရဲကျွန်းသည် အတူပူးပေါင်း၍ နဂါးကျွန်းပေါ်တွင် ပြဿနာရှာခဲ့သည်။ မဟာဧကရာဇ်သည်ပင်လျှင် ရန်ကိုင်အား အလားအလာရှိသည့် လူငယ်လေးဟု ချီးကျူးခဲ့သည်။ ထိုကဲ့သို့သော သွယ်ဝိုက်သည့် နည်းလမ်းမျိုးစုံဖြင့် ပတ်သက်နေလေရာ ရန်ကိုင်နှင့် စိတ်ဝိညာဉ်သားရဲကျွန်းမှာ မိသားစုတစ်စုတည်း ဖြစ်နေသည်ဟုပင် ပြော၍ရသည်။
တတိယအချက်အနေဖြင့် လျို့ယန်မှာ ရန်ကိုင်အပေါ် အလွန်ကိုမှ သစ္စာရှိပေသည်။ လျို့ယန်သည် ဖီးနစ်မီးတောက်ကို အမွေဆက်ခံထားလေရာ ဖီးနစ်ကလန်သားတစ်ဦး ဖြစ်နေပြီဟု ပြော၍ရသည်။ တစ်နည်းဆိုရသော် သူမသည် ကျိုဖုန်း၏ မိသားစုဝင်အသစ်တစ်ဦးလည်း ဖြစ်သည်။
ထိုအရာအားလုံးကို ထည့်တွက်လိုက်မည်ဆိုလျှင် ရန်ကိုင်မှာ စိတ်ဝိညာဉ်သားရဲကျွန်းနှင့် ဘာမျှမပတ်သက်ဘူးဟု ပြော၍ရပါသော်ငြား သူနှင့် စိတ်ဝိညာဉ်သားရဲကျွန်း၏ ဆက်ဆံရေးမှာ အတော်လေးကိုမှ ရှုပ်ထွေးလှသည်ဟုလည်း ပြော၍ ရပေသည်။
ထိုအကြောင်းကြောင့်ပင်လျှင် ကျိုဖုန်းမှာ ရန်ကိုင်အပေါ် အတော်လေးကိုမှ ဖော်ရွေလှပြီး သူမအား ခေါ်ဝေါ်ပုံကိုပင်လျှင် ပြောင်းလဲပစ်ရန် ပြောခဲ့ခြင်းပင် ဖြစ်လေသည်။ ထိုသို့ဖြစ်လေရာ တစ်စုံတစ်ဦးမှ ရန်ကိုင်၏ ရတနာများကို တပ်မက်၍ သူ့အား သတ်ဖြတ်ကာ ဓားပြတိုက်ရန် ကြိုးစားနေကြောင်းကို ကြားလိုက်ရသော် သူမ မကျေနပ်သည်မှာတော့ အဆန်းတော့မဟုတ်။
ထို့နောက် တရားခံအား လှမ်း၍ကြည့်လိုက်ရာ ကျိုဖုန်း မျက်မှောင်ကြုတ်သွားခဲ့လေသည်။ ဘာကြောင့်များ ထိုလူဖြစ်နေရလေသနည်း။
လီဝူရီသည်လည်း ခရမ်းရောင်ဝတ်ရုံဝတ်လူဆီသို့ လှမ်းကြည့်လိုက်ပြီးသည့်နောက် အံ့အားသင့်တကြီးဖြင့်... "ရောင်းရင်းချန်း"
"ရောင်းရင်းလီ၊ ရောင်းရင်းကျိုဖုန်း" ခရမ်းရောင်ဝတ်ရုံဝတ်လူက ချောင်းဟန့်၍ လက်သီးဆုပ်ကာ နှုတ်ဆက်လိုက်လေသည်။
လီဝူရီမှာ ရယ်ရခက်ငိုရခက်အမူအရာဖြင့်... "ရောင်းရင်းချန်း၊ ရန်ကိုင်ကို သတ်ပြီးတော့ သူ့ရတနာကို လုဖို့လုပ်တာ မင်းလား"
ထိုသို့သာမေးနေလင့်ကစား လီဝူရီမှာတော့ အမှန်တရားကို သိနေလေပြီ။ ခရမ်းရောင်ဝတ်ရုံဝတ်လူနှင့် ရန်ကိုင်၏ လက်ရှိအခြေအနေကို ကြည့်ရသလောက် သူတို့နှစ်ဦး အကြီးအကျယ် တိုက်ခိုက်ခဲ့ရပေလိမ့်မည်။ ထိုအကြောင်းကြောင့်သာလျှင် နှစ်ဦးစလုံး ဒဏ်ရာရနေခြင်း ဖြစ်သည်။
ခရမ်းရောင်ဝတ်ရုံဝတ်လူကမူ လီဝူရီ၏ အမေးကို ပြန်မဖြေဘဲ ပြန်၍သာ မေးလိုက်သည်။ "ရောင်းရင်းလီ၊ မင်းနဲ့ ဒီကောင်လေးနဲ့ ပတ်သက်နေတာလား"
လီဝူရီက ပြန်ပြောလိုက်သည်။ "အဟမ်း၊ အင်း သူက စိတ်ဝိညာဉ်သားရဲကျွန်းရဲ့ တစ်စိတ်တစ်ပိုင်းလို့ ပြောလို့ရတယ်"
မိုရှောင်ချီမှ ရန်ကိုင်အား ကြိုက်နေသည့် အချက်ကို ထည့်မတွက်လျှင်ပင် နဂါးကျွန်း၏ တတိယအကြီးအကဲနှင့် ငါးယောက်မြောက် အကြီးအကဲအကြားရှိ ဆက်ဆံရေး၊ လျို့ယန်နှင့် ကျိုဖုန်းအကြားရှိ ဆက်ဆံရေးမှာ ရန်ကိုင်သည် စိတ်ဝိညာဉ်သားရဲကျွန်း၏ တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်းကို သက်သေပြနေလေသည်။
ထိုစကားကိုကြားသော် ခရမ်းရောင်ဝတ်ရုံဝတ်လူ ကြောင်သွားခဲ့ပြီး သံယောင်လိုက်ပြောလိုက်၏။ "သူက စိတ်ဝိညာဉ်သားရဲကျွန်းရဲ့ အဖွဲ့သားတစ်ယောက်လား"
ရန်ကိုင်မှာ စိတ်ဝိညာဉ်သားရဲကျွန်း၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်ဟုသာ လီဝူရီ ပြောသွားခဲ့သည်။ သို့ပင်ဖြစ်လင့်ကစား ထိုကဲ့သို့ပင် ပြောလာသည်ကို ကြည့်လျှင် ရန်ကိုင်သည် စိတ်ဝိညာဉ်သားရဲကျွန်းနှင့် အတော်လေးကိုမှ နီးကပ်လွန်းလှသည့်အတွက်ကြောင့်သာ ဖြစ်ရပေလိမ့်မည်။
ထိုသို့သာမဟုတ်ပါက ရန်ကိုင်သည် သူတို့နှင့် ဘာမျှမပတ်သက်ပါဟု လီဝူရီ ပြောလိုက်ပေလိမ့်မည်။ ထိုအကြောင်းကြောင့်ပင်လျှင် ခရမ်းရောင်ဝတ်ရုံဝတ်လူ အံ့အားသင့်သွားရခြင်း ဖြစ်လေသည်။
လီဝူရီ ပြောသည့် စကားကို ကြားပြီးသည့်နောက် သူ့ရင်ထဲ အလွန်ကိုမှ ခါးသက်သက်ခံစားလိုက်ရလေသည်။ ယခုကဲ့သို့ဖြစ်မည်မှန်းသာ သိခဲ့လျှင် ဤအချည်းနှီးမဲ့လုပ်ရပ်ကို လာမလုပ်ခဲ့ပေ။ ယခုမူ သူလိုချင်သည့် အရာကို မရခဲ့ရုံမက ရန်ကိုင်ကိုပင်လျှင် ရန်စမိလိုက်သလို ဖြစ်သွားခဲ့လေပြီ။ ထိုမျှသာလျှင် မဟုတ်သေး။ လူအိုကြီး၏ ထုနှက်ရိုက်ထောင်းခြင်းကိုလည်း ခံခဲ့ရပေသေးသည်။
ယခုတစ်ကြိမ်တွင် သူအမှန်တကယ်ကို နစ်နာခဲ့ရပေသည်။
ကောင်းကင်ဝံပုလွေတောင်ကြားထဲတွင် ရှိနေသော ထျန်ရှန်းနှင့် အခြားသူများမှာတော့ မှင်တက်နေကြလေသည်။ သူတို့အားလုံးသည် တိုက်ပွဲဖြစ်နေရာမှ ဝေးရာတွင် ရပ်နေကြပါသော်ငြား အကုန်လုံးမှာ ဧကရာဇ်အဆင့်ပညာရှင်များ ဖြစ်ကြသည့်အလျောက် လီဝူရီ ပြောသည့် စကားကို ကြားဖို့ရာ မခက်လှပေ။
[စိတ်ဝိညာဉ်သားရဲကျွန်းရဲ့ တစ်စိတ်တစ်ပိုင်းလား] ထျန်ရှန်း တကယ်ကို စိတ်ညစ်သွားတော့သည်။ [စိတ်ဝိညာဉ်သားရဲကျွန်းရဲ့ တစ်စိတ်တစ်ပိုင်းဆိုရင် ကျွန်းဘယ်မှာရှိလဲဆိုတာကို သူဘာလို့ မသိရတာလဲ၊ ဘာဖြစ်လို့ ငါတို့ဆီလာပြီး အကူအညီတောင်းရတာလဲ၊ အခု ငါတို့ကို လာပြောင်နေသလို ဖြစ်နေပြီ]
မူလကမူ ရန်ကိုင်သည် စိတ်ဝိညာဉ်သားရဲကျွန်းနှင့် ဘာဆိုဘာမျှ မပတ်သက်ဟု ထင်ခဲ့သည်။ ထိုအကြောင်းကြောင့် ထိပ်တန်းဂိုဏ်း နှစ်ဂိုဏ်းကို ရန်မစမိစေဖို့ရာ ရန်ကိုင်အား မကူညီပေးရန် ဆုံးဖြတ်ခဲ့သည်။ လန်ဟဲ့မှ ရန်ကိုင်အား လိုက်ပို့ပေးနေစဉ်တွင်ပင် တစ်စုံတစ်ဦးကို စေလွှတ်ပြီး လန်ဟဲ့အား ပြန်ခေါ်လာခိုင်းခဲ့သည်။
ယခုအခါမှသာလျှင် ရန်ကိုင်သည် စိတ်ဝိညာဉ်သားရဲကျွန်းနှင့် အလွန်ကိုမှ နီးကပ်သည့် ဆက်ဆံရေးကို ပိုင်ဆိုင်ထားသော လူတစ်ဦးဖြစ်မှန်း သိသွားခဲ့ရသည်။ ထိုအကြောင်းကိုသာ အစောကြီးကတည်းက သိခဲ့မည်ဆိုလျှင် ထိုကဲ့သို့သော ရူးမိုက်သည့် ဆုံးဖြတ်ချက်ကို မချခဲ့ပေ။ စိတ်ဝိညာဉ်သားရဲကျွန်းမှာ သားရဲရှာသူ ပေးသွားခဲ့သော ယုံကြည်ခြင်းတံဆိပ်ပြား ရှိနေသည့်အတွက်ကြောင့် သူတို့ဂိုဏ်းအနေဖြင့် လုံခြုံနေခဲ့ရပေသည်။ သို့သော်ငြား ရန်ကိုင်နှင့်သာ နီးကပ်သည့် ဆက်ဆံရေးတစ်ခု တည်ထောင်နိုင်ခဲ့မည်ဆိုလျှင် သူတို့ဂိုဏ်းအနေဖြင့် အရှေ့ဘက်နယ်မြေ၏ ထိပ်တန်းဂိုဏ်းတစ်ဂိုဏ်း ဖြစ်လာဖို့ရာမှာ မျှော်လင့်ချက်သက်သက် မဟုတ်တော့ပေ။
ထျန်ရှန်းမှာ အတော်လေးကိုမှ ကြိတ်မနိုင်ခဲမရဖြစ်နေကာ နောင်တလည်း ရနေမိလေသည်။
လန်ဟဲ့သည် သူမ ဆရာကို လှမ်းကြည့်ရင်းမှ သက်ပြင်းအမောကြီးချလိုက်သည်။ အစောပိုင်းက သူ့ဆုံးဖြတ်ချက်နှင့် ပတ်သက်၍ နောင်တရလိမ့်မလားဟု သူမ ဆရာကို မေးခဲ့သည်။ သူမ ဆရာကမူ လုံးဝကို နောင်တမရကြောင်း ယတိပြတ် ပြန်ပြောခဲ့သည်။ ယခုမူ သူမ ဆရာ နောင်တရနေခဲ့လေပြီ။
ချန်းရှိုယင်မှာတော့ ထျန်ရှန်း၏ လက်ကို ကိုင်ရင်းမှ နှစ်သိမ့်ပေးလိုက်လေ၏။ "ဒါ ငါတို့ရဲ့ကံတရားပဲလေ၊ နင်ကလည်း ဂိုဏ်းချုပ်တစ်ယောက်ဆိုတော့ နင်စဉ်းစားစရာတွေ အများကြီးရှိတယ်၊ နင့်ကိုသာ ဒုတိယအခွင့်အရေးပေးရင် နင်ကိုယ်တိုင်ကလည်း သူ့အကြောင်းကို ဘာဆိုဘာမှမသိခဲ့ဘူးဆိုရင် နင်ဆုံးဖြတ်ချက်ပြောင်းဦးမှာလား"
[ဒုတိယအခွင့်အရေး] ထျန်ရှန်း သေသေချာချာ စဉ်းစားကြည့်လိုက်ပြီးသည့်နောက် ယတိပြတ် ပြန်ပြောလိုက်သည်။ "မပြောင်းဘူး"
ဒုတိယအခွင့်အရေး ထပ်ပေးမည်ဆိုလျှင်ပင် တူညီသော ဆုံးဖြတ်ချက်ကိုသာ လုပ်မိပေလိမ့်မည်။ အကြောင်းမှာ ထိုစဉ်က ရန်ကိုင် အကြောင်းကို ဘာမျှမသိခဲ့သည့်အတွက်ကြောင့်ပင်။
ချန်းရှိုယင်က ပြုံး၍... "ဟုတ်တယ်လေ၊ အဲဒီတော့ နောင်တရမနေတော့နဲ့၊ အခွင့်အရေးက ငါတို့အတွက်မှ မဟုတ်တာ၊ ဒီတော့ နောင်တရနေလည်း ဘာမှမထူးဘူး"
ထိုစကားကို ကြားသော် ထျန်ရှန်းက ခေါင်းညိတ်လျက်... "ဟုတ်တယ်၊ ငါ့မိန်းမက တကယ်ကို တွေးတတ်တာပဲ"
သူတို့အနေဖြင့် ရန်ကိုင်အား မကူညီပေးခဲ့ပါသော်ငြား ရန်ကိုင်ကိုလည်း ပြဿနာမရှာခဲ့ပေ။ အနည်းဆုံး ရှုချန်ဖုန်းမှ ဂိုဏ်းကာကွယ်ရေးအစီအရင်ကို သုံး၍ ရန်ကိုင်အား ပိတ်လှောင်ခိုင်းသည့် အစီအစဉ်ကို ငြင်းဆန်ခဲ့လေသည်။ ထိုအကြောင်းကြောင့် ရန်ကိုင်အား လုံးဝရန်စရာ မရောက်ပေ။
ထိုအပြင် လန်ဟဲ့နှင့် လင်းယင်ချင်းတို့ ရှိနေလေရာ ရန်ကိုင်မှာ သူတို့ဂိုဏ်းအား ခက်ခဲအောင် လုပ်လိမ့်မည်မဟုတ်ဟု ထျန်ရှန်း ယုံကြည်ပေသည်။
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၃၃၁၉)
ဘာသာပြန်သူ_တိမ်တိုက်
ထိုကဲ့သို့ တွေးမိလိုက်သည့်အခါမှသာလျှင် ထျန်ရှန်း စိတ်သက်သာရာ ရသွားတော့သည်။
ခရမ်းရောင်ဝတ်ရုံဝတ်လူမှာမူ ခါးသက်သက်အမူအရာဖြင့် ပြုံးလျက်... "သူက စိတ်ဝိညာဉ်သားရဲကျွန်းကဆိုရင်တော့ ငါ့အပြစ်ပဲကွာ၊ ရောင်းရင်းလီ၊ ရောင်းရင်းကျို၊ ကျေးဇူးပြုပြီး ငါ့ကို ခွင့်လွှတ်ပေးပါနော်"
သူသည် မဟာဧကရာဇ်တစ်ပိုင်းဖြစ်ပါသော်ငြား ကိုယ့်အခြေအနေကိုယ် မသိသည့်လူတော့ မဟုတ်ပေ။ အခြေအနေမှာ အသိအသာကြီးပင်။ လက်ရှိအချိန်၌ သူသည် အထွတ်အထိပ်အခြေအနေ၌ ရှိမနေတော့။ ရန်ကိုင်တွင် ကူညီပေးမည့် မိစ္ဆာအိုကြီး ရှိနေသည်။ လီဝူရီနှင့် ကျိုဖုန်းတို့သည်ပင်လျှင် ရောက်လာခဲ့ပြီဖြစ်လေရာ သူ့အနေဖြင့် ရန်ကိုင်အား ထိခိုက်အောင် လုပ်နိုင်စရာအကြောင်း မရှိပေ။ သူ့အခြေအနေသူ သိသည့်အလျောက် ခရမ်းရောင်ဝတ်ရုံဝတ်လူမှာ တောင်းပန်ရန်သာ ဆုံးဖြတ်လိုက်တော့သည်။
တကယ့်တကယ်ဆိုလျှင် ခရမ်းရောင်ဝတ်ရုံဝတ်လူအနေဖြင့် စိတ်ဝိညာဉ်သားရဲကျွန်းအား သွားရန်စ၍ မဖြစ်ပေ။ တကယ်တော့ သားရဲသခင်မဟာဧကရာဇ်အား ပြဿနာရှာ၍မှ မဖြစ်လေဘဲ။ သူသည် ကြယ်တာရာရုံးတော်မှ ဖြစ်ပါသော်ငြား မဟာဧကရာဇ် ဆယ်ပါးသည် ကြယ်တာရာရုံးတော်ကို အလှည့်ကျအုပ်ချုပ်နေကြသည့် လူများ ဖြစ်ကြသည်။ ထိုအတွက်ကြောင့် တစ်နေ့နေ့တစ်ချိန်ချိန်တွင် သူသည် သားရဲသခင်မဟာဧကရာဇ်၏ လက်အောက်ငယ်သား ဖြစ်လာနိုင်ပေသည်။
လီဝူရီက ခေါင်းညိတ်၍... "ကံကောင်းစွာနဲ့ ဘာမှဆိုးဆိုးရွားရွား မဖြစ်သွားသေးတာပဲ"
ခရမ်းရောင်ဝတ်ရုံဝတ်လူနှင့် ရန်ကိုင်မှာ ဆိုးဆိုးရွားရွား ဒဏ်ရာရထားပါသော်ငြား မည်သူမျှ မသေကြသေးပေ။ ထိုအတွက်ကြောင့် အတော်လေး အဆင်ပြေနေသည်ဟု ပြော၍ရသည်။ သို့ပင်ဖြစ်လင့်ကစား ခရမ်းရောင်ဝတ်ရုံဝတ်လူသည် ရန်ကိုင်ဆီမှ မည်ကဲ့သို့သော ရတနာမျိုးကို လိုချင်၍များ ရန်ကိုင်အား တိုက်ရန် ကြိုးစားရသလဲဆိုသည်ကိုတော့ လီဝူရီ နားမလည်နိုင်ပေ။ လီဝူရီမှာ ရန်ကိုင်အား လှမ်း၍ကြည့်လိုက်ရာ တောင်နှင့်မြစ်ခေါင်းလောင်းကို မြင်သွားခဲ့သည်။ ထို့နောက် ခရမ်းရောင်ဝတ်ရုံဝတ်လူ လိုချင်နေသည်မှာ တောင်နှင့်မြစ်ခေါင်းလောင်း ဖြစ်ရလိမ့်မည်ဟု တွေးမိသွားလေ၏။
သို့ပင်ဖြစ်လင့်ကစား ရန်ကိုင်မှာလည်း အမှန်ကို တော်လှပေသည်။ ခရမ်းရောင်ဝတ်ရုံဝတ်လူနှင့် ယှဉ်ပြိုင်တိုက်ခိုက်ပြီးသည့်တိုင် အသတ်မခံရသေးပေ။ လီဝူရီ ရန်ကိုင်အား နဂါးကျွန်းတွင်တွေ့စဉ်က ရန်ကိုင်သည် အတော်လေးကိုမှ မဆင်မခြင်လုပ်တတ်သည့် လူစားမျိုးမှန်း သိခဲ့သည်။ ထိုစဉ်က ရန်ကိုင်၏ ကျင့်ကြံခြင်းမှာ နိမ့်ကျနေပါသော်ငြား ရန်ကိုင်မှာ နဂါးကျွန်းထဲသို့ သွား၍ သတို့သမီးကို လုယူရဲခဲ့သည်။ ယခု ထပ်တွေ့သည့်အခါတွင်လည်း ယခင်အတိုင်းသာ ဖြစ်နေသေးမှန်း တွေ့ရှိလိုက်ရပြန်သည်။
[ဒီကောင်လေးက ငါငယ်ငယ်တုန်းကထက်ကို ပိုပြီးတော့ ဆိုးနေတာပါလား၊ အဲဒီကိစ္စက ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ပြီးပါဦးမလား မသိတော့ဘူး]
လီဝူရီ အတွေးနက်နေစဉ်မှာပင် ရန်ကိုင်က ရုတ်တရက် မေးလိုက်သည်။ "အစ်ကိုလီ၊ ဒီလူဘယ်သူလဲ သိတာလား"
လီဝူရီက ခေါင်းညိတ်လိုက်သည်။ "သူက ငါ့ရဲ့မိတ်ဆွေဟောင်းတစ်ယောက်ပဲ"
ရန်ကိုင်က ခေါင်းညိတ်၍... "အဲဒါဆိုရင် အစ်ကိုလီ နောက်ပိုင်း သေချာသတိထားသင့်တယ်နော်၊ မိတ်ဆွေဖွဲ့တဲ့နေရာမှာ ပြောတာပါ၊ အချို့လူတွေက အပေါ်ယံမှာသာ ကောင်းပြနေတာ တကယ့်ပုံစံက တော်တော်လေးကို ကြောက်ဖို့ကောင်းတယ်၊ ဉာဏ်နီဉာဏ်နက်လည်း များပြီးတော့ အကျင့်လည်း ကောင်းကြတာ မဟုတ်ဘူး၊ ဒီတော့ တစ်နေ့နေ့ ဘယ်အချိန် နောက်ကျောကို ဓားနဲ့ထိုးခံရမလဲဆိုတာ ပြောလို့မရဘူး"
ထိုစကားကိုကြားသော် ခရမ်းရောင်ဝတ်ရုံဝတ်လူ၏ မျက်နှာ အေးစက်သွားခဲ့လေသည်။ ရန်ကိုင်သည် သူ့အရှေ့တည့်တည့်တွင် ရှိနေလျက်နှင့်ပင် သူ့အား လှောင်ပြောင်စော်ကားနေသေးသည်။ သို့သော်ငြား ဘာမျှတော့ ပြန်မပြောချင်တော့ပေ။ လီဝူရီမှာလည်း ရန်ကိုင် ပြောသည့် စကားကြားပြီး ရှက်ပင်ရှက်ချင်မိသွားခဲ့သည်။ သူ့စိတ်ထဲ ဤနေရာသို့ မလာမိလျှင် အကောင်းသားဟု တွေးနေမိသည်။ ယခုမူ ဤနေရာသို့ လာခဲ့ပြီဖြစ်သည့်အတွက်ကြောင့် နှစ်ဦးသားအကြားတွင် အကျပ်ရိုက်နေမိလေပြီ။ ထို့နောက်တွင် လီဝူရီမှာ အနီရောင်ဝတ်ရုံဝတ်လူအိုကြီးအား စူးရဲစွာ လှမ်း၍ကြည့်လိုက်သည်။ ထိုလူအိုကြီးကြောင့်သာ မဟုတ်ပါက သူ့အနေဖြင့် ဤနေရာသို့ လာခဲ့ရလိမ့်မည် မဟုတ်ပေ။
ရန်ကိုင်က အလေးအနက်အမူအရာဖြင့် ပြောလိုက်သည်။ "အစ်ကိုလီ၊ ကျုပ်သူ့ကို သတ်မယ်ဆိုရင် အစ်ကိုလီ ဘယ်လိုလုပ်မှာလဲ"
လီဝူရီ တစ်ခဏမျှ စဉ်းစားနေပြီးသည့်နောက်... "မင်းသူ့ကို သတ်မယ်ဆိုရင်တော့ ငါရပ်ကြည့်နေရုံပဲ တတ်နိုင်မှာ"
ရန်ကိုင်သည် စိတ်ဝိညာဉ်သားရဲကျွန်း၏ တစ်စိတ်တစ်ပိုင်းဖြစ်သလို ခရမ်းရောင်ဝတ်ရုံဝတ်လူမှာလည်း လီဝူရီ၏ အသိအကျွမ်းဖြစ်ပေသည်။ ရန်ကိုင်နှင့် ခရမ်းရောင်ဝတ်ရုံဝတ်လူတို့သည်သာ သူသေကိုယ်သေ တိုက်ခိုက်မည်ဆိုလျှင် လီဝူရီအနေဖြင့် မည်သူ့ဘက်မျှ ပါလို့မရပေ။ ထိုအကြောင်းကြောင့် ကြားနေ နေရုံသာ တတ်နိုင်ပေသည်။ သူတို့နှစ်ဦးအကြားရှိ ရန်ငြိုးရန်စကို ဖြေရှင်းပေးလိုက်နိုင်မည်ဆိုလျှင်တော့ ပိုလို့ပင် ကောင်းပေသေးသည်။ သို့သော်ငြား ရန်ကိုင်၏ ပုံစံကို ကြည့်ရသလောက် ရန်ကိုင်အား သွားပြောနေ၍လည်း ရန်ကိုင်မှာ လက်လျှော့လိမ့်မည် မဟုတ်မှန်း သိနေသည်။
"ကောင်းပြီ" ရန်ကိုင်က အော်ဟစ်၍ ပြုံးဖြီးလျက်... "အဲဒီလောက်ဆို လုံလောက်ပြီ"
ထိုစကားကိုကြားသော် လီဝူရီ ကြောင်သွားလေသည်။ [သူလှုပ်ရှားလို့မရအောင် ငါရောင်းရင်းချန်းနဲ့ ပေါင်းပြီးတော့ သူ့ကိုတိုက်ခိုက်မှာကို ကြောက်နေတာလား၊ ဒါပေမဲ့ ဒီကောင့်ပုံစံကို ကြည့်ရတာ အဲဒီပုံစံမျိုးကြီးနဲ့ ဘယ်လိုလုပ်ပြီး ရောင်းရင်းချန်းကို သတ်ချင်နေရတာလဲ]
ရန်ကိုင်သည် မှုန်ကုပ်ကုပ်အမူအရာဖြင့် သူ့ဘေးနားတွင် ရှိနေသော လူအိုကြီးကို လှမ်း၍ကြည့်လိုက်သည်။ လူအိုကြီးကမူ ရန်ကိုင်၏ အကြည့်ကို မမြင်ချင်ယောင်ဆောင်လျက် ခေါင်းကိုသာ ငုံ့ထားခဲ့သည်။ ထိုအချင်းအရာကို မြင်သော် ရန်ကိုင်၏ မျက်နှာကြီး မဲ့သွားခဲ့လေသည်။ လူအိုကြီးကို အားကိုး၍ ရတော့လိမ့်မည် မဟုတ်မှန်း သိလိုက်သည်။
ဤလူအိုကြီး ဘာကြောင့် သူ့ဆီမှ လာရောက်အကာအကွယ်ယူနေသလဲဆိုသည်ကို မသိပါသော်ငြား သံမဏိသွေးမဟာဧကရာဇ်ကို ရန်မစလိုသည့်အတွက်ကြောင့် ခရမ်းရောင်ဝတ်ရုံဝတ်လူကို သတ်ဖို့ရာ ခက်လှသည်ဟု လူအိုကြီးမှာ ပြောခဲ့သည်။ လူအိုကြီးမှာ ရန်ကိုင်နှင့် ဘာဆိုဘာမျှ မပတ်သက်။ ထိုအတွက်ကြောင့် ရန်ကိုင်အတွက်နှင့် မဟာဧကရာဇ်တစ်ပိုင်းကို သတ်ပေးလိမ့်မည် မဟုတ်ပေ။
သို့သော်ငြား ရန်ကိုင်နှင့် ကျောက်တုံးကိုယ်ပွားတို့မှာလည်း လက်ရှိအခြေအနေဖြင့် ခရမ်းရောင်ဝတ်ရုံဝတ်လူကို သွားမသတ်နိုင်ကြ။
ဤအခွင့်အရေးအား လက်လွတ်လိုက်ရတော့မည်မှန်း သဘောပေါက်လိုက်သော် ရန်ကိုင် သက်ပြင်းအမောကြီးသာ ချလိုက်လေသည်။ သို့ပင်ဖြစ်လင့်ကစား သူတို့နှစ်ဦးနှစ်ဖက် အခြေအနေမှာ မတိုးသာမဆုတ်သာဖြစ်နေသည့်အတွက်ကြောင့် ရန်ကိုင်ဘက်မှသာ ဆက်၍ ပြဿနာရှာနေလျှင် မကောင်းရာမရ ဖြစ်လာနိုင်သည်။ ထိုအချက်ကို နားလည်လိုက်သော် ရန်ကိုင်က ပြောလိုက်လေသည်။ "ရောင်းရင်းလီ၊ သူက ရောင်းရင်းလီရဲ့မိတ်ဆွေဆိုမှတော့ ရောင်းရင်းလီ မျက်နှာကို ထောက်ထားပြီးတော့ သူ့ကို ဒီတစ်ကြိမ်တော့ လွှတ်ပေးလိုက်မယ်၊ ခွေးအိုကြီး၊ ခင်ဗျားအသက်ရှင်နိုင်တုန်း ကိုယ့်အသက်ကိုယ် ကောင်းကောင်းတန်ဖိုးထားထား"
ထိုစကားကို ကြားသော် ခရမ်းရောင်ဝတ်ရုံဝတ်လူ မျက်နှာပျက်သွားခဲ့ပြီး အော်ရယ်မောလျက် ပြန်ပြောလိုက်သည်။ "ဘာတဲ့၊ မင်းကများ ငါ့ကိုလွှတ်ပေးတယ် ဟုတ်လား၊ ကောင်လေး မင်းသိပ်ပြီးတော့ မောက်မာမနေနဲ့ကွ၊ မင်းကိုယ်မင်း မှန်ထဲမှာရော ပြန်ကြည့်ဖူးလား"
ရန်ကိုင်က ချက်ချင်းပဲ ပြန်၍ပြောလိုက်လေ၏။ "ခင်ဗျား မကျေနပ်ဘူးဆိုရင် ဒီကိစ္စကို ဒီမှာ ချက်ချင်းရှင်းလို့ရတယ်နော်"
ခရမ်းရောင်ဝတ်ရုံဝတ်လူက ပြန်ပြောတော့မည်အပြု လီဝူရီက ရုတ်တရက် ဝင်ပြောလိုက်လေသည်။ "ရောင်းရင်းချန်း၊ ဒီတစ်ကြိမ် ဘယ်သူမှားမှား ကျေးဇူးပြုပြီးတော့ ရပ်လိုက်ပါတော့ကွာ"
ရန်ကိုင်မှာ ဤကိစ္စအား ဆက်၍ ပြဿနာမရှာလိုတော့သည့်အတွက်ကြောင့် လီဝူရီမှာလည်း သူတို့အား ထပ်၍ ပြဿနာတက်ခံခိုင်းတော့လိမ့်မည် မဟုတ်ပေ။ ရှင်းရှင်းပြောရသော် လီဝူရီမှာ နှစ်ဦးနှစ်ဖက်စလုံး ရပ်လိုက်သည်ကို မြင်ချင်ပေသည်။ ရန်ကိုင်မှာ ငယ်ရွယ်ပြီး မဆင်မခြင်လုပ်တတ်သည့် လူစားမျိုး ဖြစ်သည့်အတွက်ကြောင့် သူ့အား သွားပြောနေ၍ အသုံးဝင်လိမ့်မည် မဟုတ်။ ထိုအကြောင်းကြောင့်သာလျှင် ခရမ်းရောင်ဝတ်ရုံဝတ်လူအား ပြောလိုက်ခြင်းပင် ဖြစ်လေသည်။ ခရမ်းရောင်ဝတ်ရုံဝတ်လူမှာတော့ အခြေအနေအကြောင်းကို နားမလည်နိုင်စရာ အကြောင်းမရှိပေ။
ခရမ်းရောင်ဝတ်ရုံဝတ်လူသည် ထိုအခိုက်အတန့်ကို အခွင့်ကောင်းယူ၍ နောက်ပြန်ဆုတ်လိုက်လေသည်။ ခေါင်းညိတ်၍ လီဝူရီဘက်သို့ လှည့်ကာ ပြောလိုက်လေ၏။ "ရောင်းရင်းလီ ကိုယ်တိုင်ပြောလာတယ်ဆိုမှတော့ ဒီတစ်ကြိမ်တော့ သူ့ကိုလွှတ်ပေးလိုက်ပါမယ်"
တစ်ချက်မျှ ရပ်ပြီးသည့်နောက်တွင် လက်သီးဆုပ်၍... "ငါဒီမှာ ဆက်နေလို့ သိပ်ပြီးတော့ အဆင်မပြေတော့ဘူး နောက်ကျမှပဲ စိတ်ဝိညာဉ်သားရဲကျွန်းဆီလာပြီးတော့ ရောင်းရင်းလီ ရောင်းရင်းကျိုတို့နဲ့ လာစကားပြောတော့မယ်၊ နှုတ်ဆက်ပါတယ်"
ထိုသို့ပြောပြီးသည့်နောက်တွင် အလင်းတန်းအသွင်သို့ ပြောင်း၍ လစ်ထွက်သွားလေသည်။
ခရမ်းရောင်ဝတ်ရုံဝတ်လူ ထွက်သွားသည်ကို မြင်သော် မျက်နှာဖြူဖတ်ဖြူရော်နှင့် ဖြစ်နေသော ဝူဟန်းသည် ခရမ်းရောင်ဝတ်ရုံဝတ်လူ အနောက်သို့ ပြေးလိုက်ရန် ကြိုးစားလေသည်။ အစောပိုင်းက သူပေါ်လာစဉ် ရန်ကိုင်၏ အချိန်ကုန်လွန်ခြင်းစည်းတံဆိပ် ထိမှန်ခြင်း ခံခဲ့ရသည်။ ယခုအချိန်အထိတိုင် အချိန်နိယာမများမှာ သူ့အား တိုက်စားနေသေး၏။ ထိုအတွက်ကြောင့် သူ၏ ဧကရာဇ်ချီတံဆိပ်အများစုကို ထိုအချိန်နိယာမများအား ခုခံချေဖျက်ရာတွင် အသုံးချနေရလေသည်။ ရန်ကိုင်မှာ ကျောက်တုံးကိုယ်ပွားနှင့်အတူ ပူးပေါင်း၍ ခရမ်းရောင်ဝတ်ရုံဝတ်လူအား စတင်တိုက်ခိုက်သည့် အချိန်မှစ၍ မည်သူမျှ သူ့အား အာရုံမစိုက်တော့ပေ။ သူကိုယ်တိုင်သည်လည်း တိုက်ပွဲထဲ ဝင်ပါဖို့ရာအထိ အားမကောင်းနေသည့်အတွက်ကြောင့် ဘေးမှ ရပ်ကြည့်နေရုံသာ တတ်နိုင်သည်။ သို့သော်ငြား ယခုမူ အခြေအနေမှာ မတူတော့ပေ။
ဝူဟန်းမှာ ထွက်ပြေးချင်နေလင့်ကစား ထွက်ပြေးနိုင်တော့လိမ့်မည် မဟုတ်။ ချက်ချင်းပဲ သူ့မျက်လုံးထဲ အရိပ်တစ်ချက်လက်သွားခဲ့ပြီးသည့်နောက် ဧရာမပုံရိပ်ကြီးတစ်ခု သူ့လမ်း၌ ပိတ်ကာရပ်လိုက်လေသည်။
မော့ကြည့်လိုက်ရာ မီတာသုံးရာခန့် အမြင့်ရှိသော ရန်ကိုင်၏ ခန္ဓာကိုယ်ကြီးသည် သူ့အား လှောင်ပြုံးပြုံးနေသည့် မျက်နှာထားဖြင့် ငုံ့ကြည့်နေကြောင်းကို တွေ့လိုက်ရလေသည်။
"မင်း မင်းဘာလုပ်ချင်နေတာလဲ" ဝူဟန်းမှာ အထိတ်ထိတ်အလန့်လန့်ဖြင့် ပြန်မေးလိုက်သည်။
ထိုအခိုက်အတန့်မှာပင် ခက်ထန်ကြမ်းကြုတ်သည့် အရှိန်အဝါတစ်ရပ် သူ့အနောက်ဘက်ဆီမှ ချဉ်းကပ်လာနေသည်ကို ခံစားမိလိုက်သည်။ ဝူဟန်းအနေဖြင့် နောက်သို့ပင် လှည့်ကြည့်နေစရာ မလို။ သူ့ဆီသို့ ပြေးဝင်လာနေသည်မှာ နတ်သားရဲ ရှီဟွော့မှန်း သိနေသည်။ ရန်သူနှစ်ဦးကြား ပိတ်မိသွားခဲ့ပြီဖြစ်လေရာ ဝူဟန်းမှာ ခုခံဖို့ရာ မဖြစ်နိုင်တော့ပေ။ အစောပိုင်းက ရန်ကိုင်နှင့် ကျောက်တုံးကိုယ်ပွား ခရမ်းရောင်ဝတ်ရုံဝတ်လူနှင့် မည်ကဲ့သို့ တိုက်ခိုက်ခဲ့သလဲဆိုသည်ကို မြင်တွေ့ခဲ့လေရာ သူ့အနေဖြင့် ထိုနှစ်ဦးစလုံး၏ ပြိုင်ဘက် မဟုတ်မှန်း သိနေခဲ့သည်။
ကူကယ်ရာမဲ့သွားသည့်အဆုံး ဝူဟန်းမှာ လှမ်းအော်၍သာ အကူအညီတောင်းရတော့သည်။ "ဆရာ၊ ကျုပ်ကိုကယ်ပါဦး"
"ဒီနေ့ ကောင်းကင်တောင် မင်းကိုမကယ်နိုင်ဘူး" ရန်ကိုင်က နှာခေါင်းရှုံ့လိုက်လေသည်။ သူ့အနေဖြင့် မတတ်သာ၍ ခရမ်းရောင်ဝတ်ရုံဝတ်လူအား ထွက်သွားခွင့်ပြုလိုက်ရပါသော်ငြား ဝူဟန်းကိုတော့ လုံးဝအလွတ်ပေးလိမ့်မည် မဟုတ်ပေ။
စဉ်းစားကြည့်လိုက်မည်ဆိုလျှင် ယနေ့ဖြစ်ပျက်ခဲ့ရသည့် ကိစ္စအားလုံး၏ လက်သည်တရားခံမှာ ဝူဟန်းသာ ဖြစ်လေသည်။ ဝူဟန်းသည်သာ ဟုန်းလော့ကြယ်စီရင်စုအား မကျူးကျော်ခဲ့ပါက ဟုန်းလော့ကြယ်စီရင်စုကြီးထဲရှိ ကျင့်ကြံသူပေါင်းများစွာ သေဆုံးခဲ့ရလိမ့်မည် မဟုတ်သလို တစ်စပြင်ကန္တာရထဲရှိ ကြယ်ပေါင်းများစွာသည်လည်း ပျက်စီးခဲ့ရလိမ့်မည် မဟုတ်။ ထိုနည်းတူစွာပင် ဝူဟန်းကြောင့်သာ မဟုတ်လျှင် ရန်ကိုင်နှင့် ခရမ်းရောင်ဝတ်ရုံဝတ်လူအကြား ရန်ငြိုးရန်စများ ဖြစ်ပေါ်လာခဲ့ရလိမ့်မည်လည်း မဟုတ်ပေ။
ရန်ကိုင်မှာ ကြယ်စီရင်စုထဲတွင် ရှိနေစဉ်ကတည်းက ဝူဟန်းအား သတ်ချင်နေခဲ့ခြင်း ဖြစ်သည်။ သို့သော်ငြား ယခုမှသာလျှင် အခွင့်အရေးရလာတော့လေသည်။ အခွင့်အရေးမှာ သူ့အရှေ့တည့်တည့်သို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာပြီဖြစ်လေရာ ရန်ကိုင်အနေဖြင့် လက်လွတ်ခံလိုက်လိမ့်မည် မဟုတ်ပေ။ ထိုအကြောင်းကြောင့် အော်ဟစ်မာန်သွင်း၍ ဝူဟန်းအား နဂါးလက်သည်းဖြင့် ကောက်ဖမ်းလိုက်သည်။
ဝူဟန်းမှာ ကြောက်ကြောက်လန့်လန့်ဖြင့် ရန်ကိုင်၏ နဂါးလက်သည်းတည့်တည့်သို့ လက်ဝါးတစ်ချက် ပြန်ရိုက်ထုတ်လိုက်သည်။ သို့သော်ငြား ထိုနဂါးလက်သည်းကြီးကို မည်ကဲ့သို့များ ဟန့်တားနိုင်ပါမည်နည်း။
လေဟာနယ်နိယာမတို့ ရောက်လာခဲ့ပြီးသည့်နောက်တွင် လူတိုင်း၏ မျက်လုံးထဲ အလင်းတစ်ချက် လက်သွားခဲ့ပြီး ဝူဟန်း ပျောက်ကွယ်သွားခဲ့လေသည်။
"ရပ်လိုက်" ထိုအခါမှသာလျှင် ခရမ်းရောင်ဝတ်ရုံဝတ်လူ၏ အော်သံထွက်ပေါ်လာခဲ့သည်။ သို့သော်ငြား နောက်ကျသွားခဲ့လေပြီ။ ဝူဟန်းမှာ ရန်ကိုင်၏ ဖမ်းဆီးခြင်းခံရပြီး လောကဓာတ်လုံးထဲ၌ ထိန်းသိမ်းထားခံရပြီဖြစ်လေရာ ယခုမှ အော်ဟစ်နေ၍လည်း အပိုပင်။
ထွက်သွားရန် ပြင်နေသော ခရမ်းရောင်ဝတ်ရုံဝတ်လူသည် ရန်ကိုင်ဘက်သို့ အေးစက်စက်အမူအရာဖြင့် စိုက်ကြည့်၍ ပြန်မေးလိုက်လေသည်။ "မင်းသူ့ကို ဘာလုပ်လိုက်တာလဲ"
ရန်ကိုင်တွင် သီးခြားကမ္ဘာကဲ့သို့သော မှော်ရတနာတစ်ခု ရှိနေသည့်အတွက်ကြောင့် ဝူဟန်း မသေသေးဟု ခရမ်းရောင်ဝတ်ရုံဝတ်လူ ထင်မိပေသည်။ သူ ဤနေရာသို့ ရောက်လာရခြင်းမှာ ထိုအရာကို လိုချင်သည့်အတွက်ကြောင့် ဖြစ်လေသည်။ အစောပိုင်းက ပုံစံကို ကြည့်ရသလောက် ဝူဟန်းမှာ ထိုအထဲတွင် ပိတ်လှောင်ထားခံရခြင်း ဖြစ်လောက်သည်။
"ခင်ဗျားအပူ မပါဘူး" ရန်ကိုင်က မောက်မာဝံ့ကြွားသည့် အမူအရာဖြင့်... "ခင်ဗျား ဘာလဲ၊ ထွက်မသွားသေးဘူးလား၊ ထွက်မသွားချင်ရင် ဒီမှာတစ်သက်လုံး နေသွားလို့ရတယ်နော်"
ခရမ်းရောင်ဝတ်ရုံဝတ်လူသည် ရန်ကိုင်အား အေးစက်စက်အမူအရာဖြင့် စိုက်ကြည့်လိုက်သည်။ ရန်ကိုင် လက်မှ ဝူဟန်းကို ပြန်တောင်းဖို့ရာ မဖြစ်နိုင်မှန်း သိလေသည်။ ဝူဟန်းကိုသာ ပြန်လိုချင်လျှင် ရန်ကိုင်အား သူကိုယ်တိုင် အနိုင်ယူမှသာ ဖြစ်နိုင်ပေလိမ့်မည်။ သို့သော်ငြား ရန်ကိုင်ကို အနိုင်ယူဖို့မှာလည်း မဖြစ်နိုင်သေး။ ထိုအတွက်ကြောင့် မှုန်ကုပ်ကုပ်အမူအရာဖြင့် ခေါင်းညိတ်၍ ပြန်ပြောလိုက်သည်။ "ဒီလောကကြီးက အကျယ်ကြီးပဲ၊ တစ်နေ့နေ့တစ်ချိန်ချိန်တော့ မင်းနဲ့ငါ ထပ်တွေ့ကြမှာပေါ့"
ရန်ကိုင်က အဓိပ္ပာယ်ပါပါပြုံးလျက်... "ကျုပ်လည်း အဲဒီနေ့ကို စောင့်နေမယ်"
ခရမ်းရောင်ဝတ်ရုံဝတ်လူသည် ရန်ကိုင်အား ညစ်ကျယ်ကျယ် ပြုံးကြည့်သွားပြီးသည့်နောက်တွင် ချက်ချင်းပဲ လှည့်ထွက်သွားတော့လေ၏။
ထွက်သွားသည့် ခရမ်းရောင်ဝတ်ရုံဝတ်လူကို ကြည့်ရင်း ရန်ကိုင် မျက်မှောင်ကြုတ်သွားခဲ့သည်။ ခရမ်းရောင်ဝတ်ရုံဝတ်လူအား လွှတ်ပေးလိုက်သည်မှာ မှန်ကန်သည့် ဆုံးဖြတ်ချက် မဟုတ်ဟု သူ့စိတ်ထဲ ခံစားနေရသည်။ ဘာကြောင့် ထိုကဲ့သို့ ခံစားနေရသလဲဆိုသည်ကိုတော့ နားမလည်ပေ။ ထိုအပြင် သူ့အနေဖြင့် ခရမ်းရောင်ဝတ်ရုံဝတ်လူအား ထွက်မသွားခိုင်းချင်လျှင်ပင် ထိုသို့လုပ်နိုင်သည့် ခွန်အားမျိုး သူ့၌ ရှိမနေပေ။
တိုက်ပွဲအခြေအနေမှာ အဆက်မပြတ်ကို ပြောင်းလဲနေခဲ့လေရာ ယခုမှသာလျှင် အရာအားလုံး တည်ငြိမ်သွားတော့လေသည်။
ကောင်းကင်ဝံပုလွေတောင်ကြားထဲမှ နေ၍ တိုက်ပွဲအား ရပ်ကြည့်နေကြသည့် လူများမှာလည်း အလွန်ကိုမှ အားကုန်နေကြသည်။ သူတို့အနေဖြင့် တိုက်ပွဲထဲ ဝင်မပါခဲ့ပါသော်ငြား အမျိုးမျိုးသော အဖြစ်အပျက်များသည် သူတို့အား ရင်တမမ ဖင်တကြွကြွ ဖြစ်နေစေခဲ့သည်။ ယခုအချိန်ထိတိုင် နောက်ထပ် ထိပ်တန်းပညာရှင်တစ်ဦး ပေါ်လာလေမလားဟု တွေးနေမိကြပေသေး၏။
ထိုသို့တော့ မဖြစ်နိုင်တော့ပေ။
ရန်ကိုင်နှင့် ကျောက်တုံးကိုယ်ပွားတို့မှာလည်း မူလအသွင်သို့ ပြန်ပြောင်းလိုက်ကြလေသည်။
ကျိုဖုန်းသည် ကျောက်တုံးကိုယ်ပွား လက်ထဲရှိ နတ်ဆိုးတိုက်ပွဲတူကို ကြည့်ရင်း အံ့ဩတကြီးဖြင့် မေးလိုက်သည်။ "ရန်ကိုင်၊ နင်ဒါကို ဘယ်ကနေရလာတာလဲ၊ ဒါကြီးက နတ်ဆိုးမှော်ရတနာကြီးနဲ့ တူနေသလိုပဲ"
ရန်ကိုင်က ရယ်သွမ်းသွေး၍... "အစ်မကျိုဖုန်းက တကယ်ကို အမြင်စူးရှတာပဲ၊ ဒါတကယ်ကို နတ်ဆိုးမှော်ရတနာပဲ"
"တကယ်ကြီးလား" ကျိုဖုန်း၏ အမူအရာ ပြောင်းလဲသွားတော့သည်။
ရန်ကိုင်က ပြန်ပြောလိုက်သည်။ "စိတ်မပူနဲ့၊ ဒါဘယ်သူ့ကိုမှ အန္တရာယ်မပေးနိုင်ဘူး" ပြောနေရင်းမှ ကျောက်တုံးကိုယ်ပွားနှင့် နတ်ဆိုးတိုက်ပွဲတူကို လောကဓာတ်လုံးထဲသို့ ပြန်ထည့်သိမ်းလိုက်လေသည်။
ကျိုဖုန်း၏ မျက်လုံးထဲ စိုးရိမ်ရိပ်တို့ ထွက်ပေါ်လာခဲ့သည်။ ရန်ကိုင်အား သတိပေးတော့မည်အပြု ရန်ကိုင်က ရုတ်တရက် ကောက်ပြောလိုက်သည်။ "အစ်မကျိုဖုန်းနဲ့ အစ်ကိုလီတို့ ခဏလောက် စောင့်ပေးလို့ရမလား၊ ကျုပ်ဒီမှာ နည်းနည်းရှင်းစရာလေးတွေ ရှိသေးလို့"
ယနေ့တိုက်ပွဲတွင် ဧကရာဇ်အဆင့်ပညာရှင်ပေါင်းများစွာ သေဆုံးသွားခဲ့ကြသည်။ ထိုအကြောင်းကြောင့် အရှေ့ဘက်နယ်မြေထဲရှိ ထိပ်တန်းဂိုဏ်း နှစ်ဂိုဏ်းစလုံးမှာ ပျက်စီးသွားပြီဟု ပြော၍ရပေသည်။ အသက်ရှင်နေသေးသည့် လူများ ရှိနေသေးပါသော်ငြား ထိုလူအားလုံးမှာ ဆိုးဆိုးရွားရွား ဒဏ်ရာရထားကြ၏။ ထိုအကြောင်းကြောင့် လက်ရှိအချိန်တွင် မြေပြင်ပေါ်၌ သိုလှောင်လက်စွပ် အကွင်းသုံးဆယ်ကျော်မက ရှိနေခဲ့သည်။ ထိုအကွင်းသုံးဆယ်ကျော်ထဲ ဂိုဏ်းချုပ်နှစ်ဦး ဖြစ်ကြသော ဖုပိုနှင့် ရှုချန်ဖုန်းတို့၏ သိုလှောင်လက်စွပ်များပင် ပါနေကြသည်။ တစ်နည်းပြောရသော် ထိုအရာများမှာ ရန်ကိုင်၏ အဖိုးတန်ရတနာများ ဖြစ်ကြလေသည်။ ရန်ကိုင်အနေဖြင့် အတော်လေးကိုမှ အားကောင်းလှသလို ချမ်းသာနေပြီ ဖြစ်ပါသော်ငြား သူ့အား ရတနာများ လက်ဆောင်ပေးလာမည်ဆိုပါက လုံးဝငြင်းလိမ့်မည်တော့ မဟုတ်။ အထူးသဖြင့် ယခုကဲ့သို့သော အဖိုးတန်ရတနာပေါင်းများစွာ သူလာယူမည်ကို ထိုင်စောင့်နေသည့်အခါမျိုးတွင်ပင်။
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၃၃၂၀)
ဘာသာပြန်သူ_တိမ်တိုက်
ပြောပြီးသွားသည်နှင့် ရန်ကိုင်သည် တိုက်ပွဲဖြစ်ထားရာနေရာဆီသို့ လျှောက်သွားလိုက်လေသည်။ ဧကရာဇ်အဆင့်ပညာရှင်အများစုမှာ လဲနေကုန်ကြလေပြီ။ အသက်ရှင်နေသေးသည့်လူအများစုမှာလည်း မသေရုံတမယ်သာ ရှိနေကြတော့သည်။ ရန်ကိုင်သည် မည်သူ့ကိုမှ ခွဲခြားဆက်ဆံမနေဘဲ ရန်သူအားလုံးအား သေနေသည်ဖြစ်စေ ရှင်နေသည်ဖြစ်စေ လက်ဝါးတစ်ချက်စီ ရိုက်ပေးလိုက်သည်။ ဖုပိုနှင့် ရှုချန်ဖုန်းတို့သည်ပင်လျှင် ချွင်းချက်မဟုတ်။
အစောပိုင်းက ဖုပိုသည် တောင်နဲ့မြစ်ခေါင်းလောင်း၏ ပိတ်လှောင်ခြင်း ခံခဲ့ရသည်။ ထို့နောက်တွင် ရန်ကိုင်မှ တောင်နဲ့မြစ်ခေါင်းလောင်း၏ စွမ်းအားကို ထုတ်သုံးလိုက်ရာ ဖုပိုမှာ ဒဏ်ရာရပြီး သတိလစ်သွားခဲ့လေ၏။ ထိုမျှလောက်သာဆိုလျှင် ဖုပိုအနေဖြင့် အသက်ရှင်ပေနိုင်သေးသည်။ တကယ့်ပြဿနာမှာမူကား ရန်ကိုင်၊ ကျောက်တုံးကိုယ်ပွားနှင့် ခရမ်းရောင်ဝတ်ရုံဝတ်လူကြားရှိ တိုက်ပွဲမှာ အလွန်ကိုမှ ပြင်းထန်သွားခဲ့ခြင်းပင်။ ဖုပိုမှာ တိုက်ပွဲဖြစ်နေရာအလယ်ဗဟိုတွင် ရှိနေလေရာ တိုက်ပွဲဖြစ်ကြရာမှ ထွက်ပေါ်လာသည့် စွမ်းအင်လှိုင်းများ၏ ရိုက်ခတ်ခြင်း ခံခဲ့ရသည်။ ထို့အပြင် ခရမ်းရောင်ဝတ်ရုံလူမှ မိုးကြိုးများကို ဆင့်ခေါ်စဉ်ကလည်း ဖုပိုကိုယ်တိုင်သည် ထိုမိုးကြိုးများ၏ ပစ်ခတ်ခြင်း ခံခဲ့ရပေသေးသည်။ သတိလစ်နေခြင်းဖြစ်လေရာ ဖုပိုမှာ သူ့ကိုယ်သူ ခုခံကာကွယ်နိုင်ခဲ့ခြင်းမရှိခဲ့။ ထိုအကြောင်းကြောင့် ယခုဆိုလျှင် မသေရုံတမယ်ဘဝသို့ ရောက်နေလေပြီ။
ရန်ကိုင်မှ ဖုပို၏ဘဝကို အဆုံးသတ်ပေးလိုက်ခြင်းအားဖြင့် သူခံစားနေရသည့် နာကျင်မှုကို ဖြေလျှော့ပေးလိုက်ခြင်း ဖြစ်ပေသည်။
ရှုချန်ဖုန်းမှာလည်း အလားတူပင်။ ရှင်းရှင်းပြောရသော် ရှုချန်ဖုန်းမှာ ဖုပိုထက်ပင် ပို၍အခြေအနေဆိုးနေသည်ဟု ပြော၍ရသည်။ မူလတည်းက ကျောက်တုံးကိုယ်ပွားနှင့် တိုက်ခိုက်ရာတွင် လုံးဝကို ပြန်မတိုက်နိုင်ဖြစ်ခဲ့ရသည်။
ထို့နောက်တွင် ရန်ကိုင်၏ အလစ်အငိုက်ချောင်းတိုက်ခိုက်ခံရပြီး ဒဏ်ရာရသွားခဲ့သည်။ ထို့နောက်တွင် တိုက်ပွဲဖြစ်ရာမှ ထွက်ပေါ်လာသော စွမ်းအင်လှိုင်းများ၏ ရိုက်ခတ်ခြင်း ခံခဲ့ရသေး၏။ ရန်ကိုင် ရှုချန်ဖုန်းအား တွေ့သွားချိန် ရှုချန်ဖုန်းမှာ နောက်ဆုံးထွက်သက်ကို ရှူရှိုက်နေရလေပြီ။ သူ၏ ဧကရာဇ်တတိယအဆင့်ကျင့်ကြံခြင်းကြောင့်သာ မဟုတ်ပါက အစောကြီးတည်းက အသက်ပျောက်သွားနေလောက်ပေပြီ။
ရန်ကိုင်သည် ရှုချန်ဖုန်းကိုလည်း တမလွန်ဘဝသို့ အလျင်အမြန် ပို့ပေးလိုက်လေ၏။
ရန်ကိုင်၏လုပ်ပုံကိုမြင်သော် လီဝူရီက သက်ပြင်းချ၍ “အရှေ့ဘက်နယ်မြေက အခြေအနေတွေကတော့ ပြောင်းတော့မှာပဲ…”
ဖုပိုနှင့် ရှုချန်ဖုန်းတို့အပါအဝင် ဧကရာဇ်အဆင့်ပညာရှင် အယောက်သုံးဆယ်ကျော်မှာ သေဆုံးသွားခဲ့လေရာ ထိပ်တန်းဂိုဏ်းနှစ်ဂိုဏ်းစလုံးမှာ လုံးဝကို စွမ်းအားမဲ့သွားပြီဟု ပြော၍ရပေသည်။ နှစ်ပေါင်းတစ်သောင်းကျော် တည်ရှိလာစဉ်အတောအတွင်း ထိပ်တန်းဂိုဏ်းနှစ်ဂိုဏ်းသည် အရှေ့ဘက်နယ်မြေထဲရှိ အခြားသောအင်အားစုများကို ဖိနှိပ်ခဲ့သည်. ထိုအကြောင်းကြောင့် သူတို့တွင် ရန်သူပေါင်းများစွာ ရှိနေပေသည်။
ထိပ်တန်းဂိုဏ်းနှစ်ဂိုဏ်း၏ အားကောင်းလှသော ပညာရှင်အားလုံး ရှင်းပစ်ခံလိုက်ရသည့် သတင်းသာ ပြန့်သွားခဲ့မည်ဆိုလျှင် သူတို့၏ဖိနှိပ်ခြင်း ခံခဲ့ရသော အခြားသောအင်အားစုများသည် အတူတကွ ပူးပေါင်း၍ ထိပ်တန်းဂိုဏ်းနှစ်ဂိုဏ်းကို ဖျက်ဆီးပစ်ကြပေလိမ့်မည်။
ထို့အပြင် အားဟန်ကျောင်းတော်သည်လည်း ထိပ်တန်းဂိုဏ်းနှစ်ဂိုဏ်းထဲတွင် ရှိနေသော အဖိုးတန်ရတနာများအား မယူဘဲ နေနိုင်လိမ့်မည်မဟုတ်ပေ။ ထိပ်တန်းဂိုဏ်းသုံးဂိုဏ်းထဲရှိ နှစ်ဂိုဏ်းမှာ ပျောက်ကွယ်သွားခဲ့ပြီဖြစ်လေရာ ရှုယဉ်သာဝိဉာဉ်နန်းတော်ကို ထည့်မတွက်ပါက အားဟန်ကျောင်းတော်သည် အရှေ့ဘက်နယ်မြေ၏ တစ်ဂိုဏ်းတည်းသော ထိပ်တန်းဂိုဏ်း ဖြစ်လာခဲ့လေပြီ။
ကျို့ဖုန်းက ပြန်ပြောလိုက်သည်။ “ဒီကောင်က တော်တော်ကို ရက်စက်တာပဲ…”
ရန်ကိုင်သည် ဧကရာဇ်အဆင့်ပညာရှင်ပေါင်းများစွာကို သတ်ဖြတ်ရာတွင် မျက်တောင်တစ်ချက်ပင် မခတ်ခဲ့ပေ။ ထိုအချက်ကိုကြည့်လျှင် သူသည် သတ်ဖြတ်ခြင်းနှင့် အလွန်ကိုမှ အသားကျနေပြီမှန်း ပြောနိုင်ပေသည်။ ဤကဲ့သို့သောလူမျိုးအား သူတို့၏မင်းသမီးလေးမှ သွားကြိုက်နေသည်မှာ ကံကောင်းခြင်းပဲလား ကံဆိုးခြင်းပဲလား ဆိုသည်ကို ကျို့ဖုန်း မခွဲတတ်ပေ။
လီဝူရီက ပြုံးလျက် “သိုင်းတာအိုခရီးလမ်းကို စလျှောက်ပြီဆိုတာနဲ့ သတ်ဖြတ်တာတွေ သေဆုံးတာတွေက နေ့စဉ်နဲ့အမျှ ကြုံနေရမှာပဲ… ကိုယ်ကမသတ်ရင် ကိုယ်ပဲ ပြန်ပြီးတော့ အသတ်ခံရမှာ… ဒီတော့ ဘယ်သူ့ထက်မဆို ဦးအောင်လုပ်တာ အကောင်းဆုံးပဲ…”
ကျို့ဖုန်းသည် လီဝူရီကိုစိုက်ကြည့်၍ “နင့်ကြည့်ရတာ သူ့ကို ကရုဏာသက်နေတဲ့ပုံပဲ…”
လီဝူရီ တိတ်သွားခဲ့လေသည်။ သူသည်လည်း ငယ်စဉ်က ထိုကဲ့သို့သော အခြေအနေမျိုးနှင့် ကြုံဖူးပေသည်။ သူ့ပုံစံမှာ တည်တည်ငြိမ်ငြိမ် ရှိနေပါသော်ငြား ယခင်က လီဝူရီမှာ အလွန်ကိုမှ ရက်စက်ကြမ်းကြုတ်သည့် လူတစ်ဦး ဖြစ်ခဲ့ပေသည်။
လီဝူရီ အတိတ်အကြောင်းကို ပြန်စဉ်းစားနေစဉ် ထျန်းရှန်၊ ချန်းရှိုယင်၊ ချီကွေ့နှင့် အခြားသူများ ပျံသန်းလာကြလေ၏။
နာမည်ကျော်လီဝူရီနှင့် ကျို့ဖုန်းတို့ ရောက်ရှိလာသည့်အတွက်ကြောင့် ဤနေရာ၏ တောင်ကြားသခင်ဖြစ်သော ထျန်းရှန်အနေဖြင့် မမြင်ချင်ယောင်ဆောင်နေ၍ မရပေ။ ထိုအကြောင်းကြောင့်ပင်လျှင် နောက်ဆုံး၌ လာရောက်နှုတ်ဆက်ခြင်း ဖြစ်လေသည်။
မြေပြင်ပေါ်သို့ ဆင်းလိုက်ပြီးသည့်နောက် ထျန်ရှန်းသည် တလေးတစားဖြင့် ဦးညွှတ်လိုက်သည်။ ချီကွေ့ကဲ့သို့သော မောက်မာဝံ့ကြွားသည့် လူမျိုးသည်ပင်လျှင် ထိုလူနှစ်ဦးနှင့်အတွေ့၌ ရိုရိုကျိုးကျိုး ပြုမူနေခဲ့သည်။
လီဝူရီနှင့် ကျို့ဖုန်းမှာတော့ သူတို့၏ ခွန်အားနှင့် အဆင့်အတန်းကို ဂရုစိုက်မနေခဲ့ဘဲ ထျန်ရှန်း၊ အခြားသူများနှင့် အေးအေးဆေးဆေးဖြင့် စကားပြောနေသဖြင့် အတော်များများမှာ အံ့အားသင့်သွားကြရသည်။
တစ်ခဏအကြာ၌ သွေးသံတရဲရဲဖြစ်နေသော ရန်ကိုင် ပြန်ရောက်လာခဲ့သည်။
လန်ဟဲနှင့် လင်းယင်ချင်မှာ ရန်ကိုင်နားသို့ကပ်လာပြီး ရန်ကိုင်အား စစ်ဆေးလျက် စိုးရိမ်တကြီးဖြင့် လန်ဟဲက မေးလိုက်လေ၏။ “ဒဏ်ရာတွေ အဆင်ပြေရဲ့လား အစ်ကိုရန်…”
ရန်ကိုင်က ပြုံး၍ “စိတ်မပူနဲ့… ငါ အသက်ရှင်နေသေးတယ်…”
လင်းယင်ချင်းက ချက်ချင်း ပြန်ပြောလိုက်၏။ “နင် ဘာဖြစ်လို့ ဒီလောက်တောင် မဆင်မခြင် လုပ်ရတာလဲ…”
ရန်ကိုင်က ပုခုံးတွန့်လျက် “ရွေးစရာမှမရှိတော့တာ… မဟုတ်ရင် အသတ်ခံရတော့မှာ…”
လန်ဟဲက ပြန်ပြောလိုက်သည်။ “အစ်ကိုရန်…”
ရန်ကိုင်က လက်မြှောက်၍ လှမ်းတားလိုက်သည်။ “ညီမလန်… စိတ်ထဲထားမနေတော့နဲ့… နင့်အခြေအနေကိုလည်း ငါနားလည်တယ်… ပြီးတော့ နင်လည်း ငါ့ကို အဲ့တိုက်ပွဲမှာ ကူညီပေးနိုင်မှာမဟုတ်ဘူး…”
ရန်ကိုင် သူမကို အထင်သေးနေခြင်းမဟုတ်။ လန်ဟဲအနေဖြင့် ထိုတိုက်ပွဲတွင် သူ့အား အမှန်တကယ်ကို မကူညီနိုင်ပေ။
“နင် ငါ့နေရာမှာ နည်းနည်း အနားယူပြီးတော့ အားပြန်ဖြည့်နေလိုက်… နင့်ကိုယ်ပေါ်ကသွေးတွေကိုလည်း ဆေးရဦးမယ်… မဟုတ်ရင် အခြားသူတွေနဲ့ တွေ့ဖို့ အဆင်ပြေမှာမဟုတ်ဘူး…” လင်းယင်ချင်းသည် အခြေအနေကို ပြေလျော့သွားအောင် ကြိုးစားနေခဲ့သည်။
ထို့နောက်တွင် ထျန်ရှန်းသည် လီဝူရီနှင့် ကျို့ဖုန်းတို့အား ကောင်းကင်ဝံပုလွေတောင်ကြားဆီသို့ ဖိတ်ခေါ်လိုက်လေသည်။ ဧည့်သည်များသည် သူတို့အိမ်တံခါးရှေ့တည့်တည့်၌ ရောက်နေပြီဖြစ်လေရာ အထဲသို့ ဖိတ်မခေါ်လျှင် ရိုင်းရာကျပေလိမ့်မည်။
ထိုအခိုက်အတန့်တွင် ရန်ကိုင်သည် လီဝူရီအား လှမ်းကြည့်၍ “အစ်ကိုလီ… ကျုပ် အရှေ့ဘက်နယ်မြေဆီလာတာ စိတ်ဝိဉာဉ်သားရဲကျွန်းဆီ သွားပြီးတော့ အစ်ကိုလီနဲ့ ဟင်းလင်းပြင်တာအိုအကြောင်း ဆွေးနွေးချင်လို့… ဒါပေမယ့် တိုက်တိုက်ဆိုင်ဆိုင်ပဲ ဒီနေရာမှာ အစ်ကိုလီနဲ့ လာတွေ့ရမယ်လို့ မထင်ထားဘူး… အခု တွေ့နေပြီဆိုမှတော့ စကားလေးဘာလေး ပြောကြမလား…”
ရန်ကိုင်မှာ သူ့ကိုယ်သူ သန့်ရှင်းရေးလုပ်ပြီး အနားယူချင်ပါသော်ငြား လီဝူရီနှင့် လေဟာနယ်တာအိုအကြောင်း ဆွေးနွေးနိုင်မည့်အခွင့်အရေးကိုလည်း လက်လွတ်မခံချင်ပေ။
ထိုစကားကိုကြားသော် လန်ဟဲနှင့်ထျန်ရှန်းတို့ စိတ်သက်သာရာရသွားသည်။ ရန်ကိုင်ပုံစံကိုကြည့်ရသလောက် ကောင်းကင်ဝံပုလွေတောင်ကြားအပေါ် အငြိုးမထားသည်မှာ သိသာပေသည်။ ထိုသို့သာမဟုတ်ပါက တောင်ကြားဆီသို့ ပြန်လာချင်လိမ့်မည်မဟုတ်ပေ။
တစ်ခဏမျှ စဉ်းစားနေပြီးသည့်နောက် လီဝူရီက ပြန်ပြောလိုက်သည်။ “ဒီလီ ဒီနေ့ရောက်လာတာ သူ့ကိုပြန်ခေါ်သွားဖို့ပဲ…”
လီဝူရီမှ ပြောလိုက်သည်နှင့်တစ်ပြိုင်နက် သူ့အကြည့်မှာ လူအိုကြီးဆီသို့ ရောက်သွားခဲ့လေသည်။ လူအိုကြီးမှာမူ မလှုပ်မယှက် ရပ်နေပြီး ရန်ကိုင်ကိုသာ စိုက်ကြည့်နေခဲ့လေသည်။ မသိလျှင် ရန်ကိုင်မျက်နှာ၌ ပန်းများ ပွင့်နေသည့်အလား။
လီဝူရီပြောသည်ကိုကြားသော် လူအိုကြီးက ရယ်သွမ်းသွေး၍ “လီဝူရီ… မင်း ငါ့ကို စိတ်ဝိဉာဉ်သားရဲကျွန်းဆီ လိုက်စေချင်ရင်တောင် ငါ့သခင်လေးရဲ့ ခွင့်ပြုချက်ကို အရင်ဆုံးရမှဖြစ်မှာ…”
ရန်ကိုင်သည် လူအိုကြီးကိုပြန်ကြည့်၍ မေးလိုက်လေ၏။ “ခင်ဗျား စိတ်လွတ်နေတာလား…”
ဤလူအိုကြီးမှာ ယခုအချိန်ထိတိုင် သူ့အား သခင်လေးဟု ခေါ်နေမည်ဟု မထင်ထားခဲ့ပေ။
လူအိုကြီးက အလေးအနက်အမူအယာဖြင့် ပြန်ပြောလိုက်သည်။ “သခင်လေး… ဒီလူအိုကြီးက လုံးဝကို အကောင်းပဲ… ဘာမှစိတ်မလွတ်ဘူး…”
ရန်ကိုင်က ရယ်သွမ်းသွေးလျက် ပြန်ပြောလိုက်လေသည်။ “ခင်ဗျား တကယ်ကြီး ကျုပ်ကို ခင်ဗျားရဲ့သခင်လေး ဖြစ်စေချင်တာလား… ကောင်းပြီလေ… အဲ့ဒါဆို ဟိုခွေးသူတောင်းစားကို လိုက်ဖမ်းပြီးတော့ သူ့ခေါင်းကို ကျုပ်ဆီပြန်ယူလာခဲ့…”
လူအိုကြီးက မျက်နှာကြီးမဲ့လျက် ပြုံးရင်းမှ ပြန်ပြောလိုက်သည်။ “သခင်လေး… ဒီလူအိုကြီးကို အဲ့လောက်ကြီးလည်း ခက်ခဲအောင် မလုပ်စမ်းပါနဲ့လား… ဒါက…”
ရန်ကိုင်က လက်ဝှေ့ယမ်းလျက် လီဝူရီဘက်သို့လှည့်၍ “ဒီလူအိုကြီး ဘာဖြစ်နေလဲတော့ ကျုပ်လည်းမသိဘူး… သူဘယ်သူလဲဆိုတာလည်း ကျုပ်မသိဘူး… အစ်ကိုလီ… ခင်ဗျား သူ့ကို ခေါ်သွားမယ်ဆိုရင်လည်း ခေါ်သွားလိုက်ပေတော့…”
ထိုစကားကိုကြားသော် လူအိုကြီးက ချက်ချင်းပဲ ပြန်ပြောလိုက်သည်။ “သခင်လေး ဘယ်လိုလုပ်ပြီး ဒီလောက်တောင် အသည်းမာရတာလဲ…”
ရန်ကိုင်က ဒေါသထွက်ထွက်ဖြင့် ပြန်ပြောလိုက်သည်။ “ခင်ဗျားဘယ်သူလဲ ကျုပ်မှမသိတာ… အဲ့ဒါကိုတောင် ခင်ဗျား အရင် ရှင်းရှင်းလင်းလင်း ပြောပြလို့မရဘူးလား…”
လီဝူရီကမူ ယဲ့ယဲ့လေးပြုံးလျက် “ခဏနေဦး… ရန်ကိုင်… တကယ်ဆိုရင်တော့ မင်း သူ့ကို သိသင့်တယ်ကွ… ပြီးတော့ သူ မင်းကို သခင်လေးလို့ခေါ်နေတာကလဲ အကြောင်းအရင်းမရှိဘဲနဲ့တော့ မဟုတ်ဘူး…”
ရန်ကိုင်က ကြောင်အမ်းအမ်းဖြင့် ပြန်မေးလိုက်သည်။ “ဘာဖြစ်လို့လဲ…”
လူအိုကြီးသည်သာ ထိုစကားကို ပြောလာမည်ဆိုလျှင် ရန်ကိုင်အနေဖြင့် လျစ်လျူရှုထားမိပေလိမ့်မည်။ သို့သော်ငြား ပြောလာသည့်လူမှာ လီဝူရီဖြစ်နေသည့်အတွက်ကြောင့် ရန်ကိုင်မှာ ဇဝေဇဝါ ဖြစ်သွားရလေ၏။
လီဝူရီက လက်ဝှေ့ယမ်းလျက် “မင်း သူ့ကို မေးကြည့်လိုက်လေ…”
လီဝူရီလည်း လူအိုကြီးဘက်သို့လှည့်၍ ပြောလိုက်လေ၏။ “ဘာမှ သေသေချာချာ ရေရေရာရာ မရှင်းရသေးခင်အထိ ထွက်ပြေးဖို့ စဉ်းတောင်မစဉ်းစားနဲ့… ကျုပ် ခင်ဗျားကို အမှတ်အသားလုပ်ထားမှန်း ခင်ဗျားသိပြီးသား… ဒီတော့ ခင်ဗျားဘယ်ပြေးပြေး ကျုပ် ခင်ဗျားကို လိုက်ရှာလို့ရတယ်…”
လီဝူရီ၏စကားမှာ အတော်လေးကိုမှ မောက်မာဝံ့ကြွားလှပေသည်။ ဤလူအိုကြီးသည် ခရမ်းရောင်ဝတ်ရုံဝတ်လူကိုပင်လျှင် အနိုင်ယူနိုင်သည့်လူမျိုး ဖြစ်သည့်အတွက်ကြောင့် အတော်လေးကိုမှ အားကောင်းရပေလိမ့်မည်။ အနည်းဆုံး ခရမ်းရောင်ဝတ်ရုံဝတ်လူနှင့် အဆင့်တူတွင် ရှိနေရပေလိမ့်မည်။ ထို့အပြင် ဤလူအိုကြီးမှာ နတ်သားရဲတစ်ကောင် ဖြစ်နေပေသေးသည်။ သို့ပါသော်ငြား လီဝူရီပြောသည်ကို ကြားပြီးသည့်နောက် လူအိုကြီးမှာ ဘာမှပြန်မပြောနိုင်ခဲ့။ အကြောင်းမှာ လီဝူရီ သူ့အပေါ် အမှတ်အသားလုပ်ထားသည့်အတွက်ကြောင့် သူ့အနေဖြင့် မည်သည့်နေရာသို့ ထွက်ပြေးပြေး လွတ်နိုင်လိမ့်မည်မဟုတ်မှန်း သိနေသည့် အတွက်ကြောင့်ပင်။
ခေါင်းခါနေပြီးသည့်နောက်တွင် လူအိုကြီးက ပြောလိုက်သည်။ “ဒီလူအိုကြီး အခုမှ သခင်လေးနဲ့ ပြန်တွေ့ရတာ… သူ့နောက်ကိုပဲလိုက်တော့မှာပေါ့… ဘာဖြစ်လို့ ထွက်ပြေးရမှာလဲ… လီဝူရီ မင်းငါ့ကို လာအထင်သေးနေတာလား…”
“အဲ့ဒါဆိုရင်တော့ အကောင်းဆုံးပေါ့…” လီဝူရီက ခေါင်းညိတ်၍ ဘာမှပြန်ပြောမနေတော့ပေ။ “အဲ့လိုဆိုရင် တောင်ကြားသခင်ထျန်ကိုပဲ အနှောင့်အယှက်ပေးရတော့မှာပေါ့…”
ထျန်ရှန်းက ဝမ်းသာအားရဖြင့် ခေါင်းညိတ်လိုက်လေသည်။ “ကိစ္စမရှိပါဘူး ဆရာ… ဆရာတို့ကို လက်ခံကြိုဆိုရတာ ကောင်းကင်ဝံပုလွေတောင်ကြားအတွက်တောင် ဂုဏ်ရှိသေးတယ်… ကျေးဇူးပြုပြီး အထဲဝင်လာပါဆရာ…” ထိုသို့ပြောပြီးသည့်နောက် ရှေ့မှ ဦးဆောင်ထွက်သွားလေ၏။
လီဝူရီနှင့် ကျို့ဖုန်းတို့မှာလည်း လိုက်သွားလေသည်။ ရန်ကိုင်ကမူ လူအိုကြီးကို လှမ်းကြည့်လိုက်ရာ လူအိုကြီးက ချက်ချင်းပဲပြုံးလျက် “အရင်သွားပါ သခင်လေး…”
ရန်ကိုင်ကမူ နှာခေါင်းရှုံ့လျက် ရှေ့မှ ထွက်သွားလေသည်။ ချီကွေ့နားမှဖြတ်သွားစဉ် ရုတ်တရက်ရပ်လိုက်ပြီး ချီကွေ့၏ပုခုံးကို ပုတ်၍ ပြောလိုက်သည်။ “မရဏဂိုဏ်းနဲ့ ဗြဟ္မာ့ကုန်းမြေရဲ့ ရတနာဂိုထောင်ထဲကဟာတွေအကုန်လုံးရဲ့ တစ်ဝက်ကို ငါလိုချင်တယ်နော်… နောက်နေ့ကျရင် အဲ့ဒါတွေယူဖို့ အားဟန်ကျောင်းတော်ဆီ ငါလာခဲ့မယ်… မင်းတို့ရဲ့ကျောင်းသခင်ကို အဲ့အကြောင်းကို ပြောလိုက်ဖို့လည်း မမေ့နဲ့ဦး…”
ချီကွေ့မှာ ရန်ကိုင်အား မျက်လုံးအပြူးသားဖြင့် ကြည့်နေလေသည်။
ထို့နောက်တွင် ရန်ကိုင် ဘာပြောသွားသလဲဆိုသည်ကို သဘောပေါက်သွားတော့လေသည်။ ထိပ်တန်းဂိုဏ်းနှစ်ဂိုဏ်းမှာ ယခုဆိုလျှင် သူတို့၏ခေါင်းဆောင်အားလုံး သေဆုံးသွားပြီ ဖြစ်သည့်အတွက်ကြောင့် ပျက်စီးသွားပြီဟု ပြော၍ရပေသည်။ ဂိုဏ်းထဲ၌ ဧကရာဇ်အဆင့်ပညာရှင်အချို့ ကျန်ဦးမည်ဆိုလျှင် ထိုဧကရာဇ်အဆင့်ပညာရှင်အရေအတွက်မှာ အလွန်ကိုမှ နည်းပါးနေပေလိမ့်မည်။
ထိုသို့ဖြစ်လေရာ အားဟန်ကျောင်းတော်အနေဖြင့် ထိုဂိုဏ်းနှစ်ဂိုဏ်းအပေါ် မလှုပ်ရှားစရာအကြောင်း မရှိပေ။ တစ်နည်းဆိုရသော် မရဏဂိုဏ်းနှင့် ဗြဟ္မာ့ကုန်းမြေတို့ နှစ်ပေါင်းသောင်းနှင့်ချီတိုင်အောင် စုဆောင်းလာခဲ့သော အဖိုးတန်ရတနာများသည် အားဟန်ကျောင်းတော်၏လက်ထဲသို့ ရောက်သွားပေတော့မည်။
ချီကွေ့မှာ အားဟန်ကျောင်းတော် လျင်လျင်မြန်မြန် လှုပ်ရှားနိုင်စေရန်အတွက် ယနေ့ဖြစ်သွားသည့်ကိစ္စကို ချက်ချင်း သွားပြန်ပြောလျှင် ကောင်းမလားဟုပင် စဉ်းစားနေလေသည်။
သို့သော်ငြား သူမလှုပ်ရှားနိုင်သေးခင်မှာပင် ရန်ကိုင်သည် အကျိုးအမြတ်တစ်ဝက်ကို လိုချင်ပါသည်ဟု သူ့အား ပြောလာခဲ့သည်။ ထိုဂိုဏ်းနှစ်ဂိုဏ်းမှာ နှစ်ပေါင်း သောင်းနှင့်ချီတိုင်အောင် တည်ရှိလာခဲ့လေရာ သူတို့စုဆောင်းထားခဲ့သော အဖိုးတန်ရတနာများမှာ ကြောက်ခမန်းလိလိကို များပြားပေလိမ့်မည်။
ဂိုဏ်းနှစ်ဂိုဏ်းထဲရှိ အဖိုးတန်ရတနာများ မည်မျှ များပြားသလဲဆိုသည်ကို ချီကွေ့ပင် မခန့်မှန်းနိုင်ပေ။ ထိုအကြောင်းကို စဉ်းစားနေရင်းမှ ချက်ချင်း အသိပြန်ဝင်လာခဲ့ပြီး အံကြိတ်၍ ပြန်မေးလိုက်လေ၏။ “မင်းမှာ အဲ့လိုလုပ်ခွင့်ရှိတယ်လို့ ဘာလို့ထင်တာလဲ…”
အားဟန်ကျောင်းတော် ထိပ်တန်းဂိုဏ်းနှစ်ဂိုဏ်းအား တိုက်ခိုက်မည်ဆိုလျှင် သူတို့ရရှိလာမည့်အကျိုးအမြတ်များကို အခြားလူတစ်ဦးနှင့် ဘာကြောင့်များ ခွဲဝေမျှယူပါမည်နည်း။ ထို့အပြင် ရန်ကိုင်သည် တစ်ဝက်တိတိကို သူ့အားပေးရမည်ဟု ပြောလာခဲ့သည်။
ရန်ကိုင်သည် မွစာကြဲနေသော တိုက်ပွဲဖြစ်ထားသည့် နေရာကို ညွှန်ပြရင်းမှ ပြုံးဖြီး၍ “သူတို့အကုန်လုံးကို ငါသတ်လိုက်တာ… ဒီနေ့တိုက်ပွဲသာမဖြစ်ရင် မင်းတို့ဂိုဏ်းလည်း အဲ့ဂိုဏ်းနှစ်ဂိုဏ်းကို ဘာမှသွားလုပ်လို့ရမှာမဟုတ်ဘူး… ဒီတော့ အဲ့လိုအကျိုးအမြတ်လည်း ရမှာမဟုတ်ဘူး… ငါ အလကားသက်သက် လာတောင်းနေတယ်လို့ မထင်နဲ့…”
“ဟမ်…” ချီကွေ့ ပြောစရာစကား ပျောက်ရှသွားခဲ့လေသည်။ ရှင်းရှင်းပြောရသော် ရန်ကိုင်တောင်းဆိုသည်မှာ အနည်းငယ်တော့ လွန်ပေသည်။ သို့ပါသော်ငြား ရန်ကိုင်မှ ထိပ်တန်းဂိုဏ်းနှစ်ဂိုဏ်းမှ ပညာရှင်အားလုံးကို တစ်ကိုယ်တော်သတ်ပြသွားသည်အား မြင်ပြီးသည့်နောက်တွင် လက်ရှိရန်ကိုင်မှာ အားဟန်ကျောင်းတော်ကိုလည်း မျက်လုံးထဲမထည့်သည့်လူစားမှန်း ချီကွေ့သိသွားခဲ့သည်။ အားဟန်ကျောင်းတော်သည်သာ ဤကောင်နှင့် သွားပြဿနာဖြစ်မည်ဆိုလျှင် အကျိုးဆက်မှာ မတွေးရဲစရာပင်။
ထိုကဲ့သို့စဉ်းစားမိလိုက်သည့်အခိုက် ချီကွေ့ ကျောရိုးတစ်လျှောက် စိမ့်တက်သွားလေ၏။
“မင်းတို့ကျောင်းသခင်ကိုပြောလိုက်… သူသဘောတူတာ မတူတာက သူ့အပိုင်းပဲ…” ရန်ကိုင်က ပြုံး၍ပြောလိုက်သည်။
တစ်ခဏမျှစဉ်းစားနေပြီးသည့်နောက် ချီကွေ့က ခေါင်းညိတ်လိုက်သည်။ “ကောင်းပြီလေ… မင်းပြောခိုင်းတာကို ကျောင်းသခင်ဆီ ငါပြန်ပြောပေးမယ်… နှုတ်ဆက်ပါမယ်…” ထိုသို့ပြောပြီးသည့်နောက် ချီကွေ့သည် အလင်းတန်းအသွင်သို့ ပြောင်း၍ ချက်ချင်းထွက်သွားလေ၏။
လက်ရှိအချိန်တွင် အချိန်မှာ အတော်လေးကိုမှ တန်ဖိုးကြီးနေလေသည်။ ဤနေရာရှိ သတင်းများ မပြန့်ခင် သူ့ဂိုဏ်းဆီသို့ အမြန်ရောက်အောင် ပြန်သွားရပေမည်။ အရှေ့ဘက်နယ်မြေထဲရှိ အခြားသောဂိုဏ်းများ မလှုပ်ရှားခင် သူတို့ဂိုဏ်း အရင်ဦးစွာ လှုပ်ရှားနိုင်ရန်အတွက် ကျောင်းသခင်အား ဤကိစ္စအကြောင်းကို မြန်နိုင်သမျှမြန်အောင် သတင်းပို့ရပေမည်။
လန်ဟဲနှင့် လင်းယင်ချင်းမှာတော့ အစောတလျင်ထွက်သွားသည့် ချီကွေ့ကိုကြည့်ရင်း ဆွံ့အနေကြသည်။ ယခုကဲ့သို့သော အချိန်မျိုးတွင် ချီကွေ့မှာ ထိုအရာမျိုးကို စဉ်းစားနေဦးလိမ့်မည်ဟု သူတို့မထင်ထားခဲ့ပေ။ သို့သော်ငြား ဤမျှများပြားလှသော အဖိုးတန်ရတနာများအား ရမည့်အကြောင်း တွေးမိလိုက်ရုံဖြင့် မည်သူမဆို စိတ်ဝင်စားမိကြပေလိမ့်မည်။
ရန်ကိုင်မှ သူတို့အား လိုက်မီလာသည့်နောက်တွင် ကျို့ဖုန်းသည် ရန်ကိုင်အား ကြည့်၍ ပြုံးကာ ပြောလိုက်လေသည်။ “ကြည့်ရတာ နင် ဒီတစ်ကြိမ် တော်တော်ရလိုက်တဲ့ပုံပဲ…”
“မများပါဘူး မများပါဘူး…” ရန်ကိုင်က ပြန်ပြောလိုက်သည်။ ရှင်းရှင်းပြောရသော် ဤပမာဏမှာ ရန်ကိုင်အတွက် များသည်ဟုလည်း ပြော၍မရပေ။ ရန်ကိုင်မှာ ထက်ကောင်းကင်နန်းတော်၏ ဂိုဏ်းချုပ်ဖြစ်သည်။ ထက်ကောင်းကင်နန်းတော်တွင် ဂိုဏ်းသားပေါင်း တစ်သိန်းကျော်ရှိနေလေရာ သူ့အနေဖြင့် အဖိုးတန်အရင်းအမြစ်များကို အချိန်နှင့်အမျှ ရနိုင်သမျှ ရအောင် ရှာထားမှသာလျှင် တော်ကာကျပေလိမ့်မည်။