အခန်း ၂၃၀
Vol. 23 Ch. 230
အခန်း (၂၃၀) တာဝန်ခံကျန်း - မင်းတို့က ဘယ်သူတွေလဲ
ကျန်းဝေမင်၏ အကြည့်အောက်တွင် ရှအိုက်ဟွာတစ်ယောက် မနေတတ်မထိုင်တတ် ဖြစ်သွားကာ အပြုံးတစ်ခုကို အတင်းဖော်၍ ပြောလိုက်သည်။
"တာဝန်ခံကျန်း... လီလန် ပြောတာကို နားမယောင်ပါနဲ့... ဘာမှမဟုတ်ပါဘူး... ကျွန်တော့်ယောက်ဖက လာရှာတယ်လို့ ပြောလို့ပါ... ဒါပေမဲ့ ကျွန်တော် အိမ်မှာ မရှိလိုက်မိဘူးလေ..."
ကျန်းဝေမင်သည် ထိုစကားကို ကြားသောအခါ လှောင်ပြုံးတစ်ခုသာ ပြုံးလိုက်သည်။ သူသည် နိုင်ငံပိုင်စက်ရုံတစ်ခုတွင် ကုန်ပစ္စည်းဝယ်ယူရေးအေးဂျင့်အဖြစ် လုပ်ကိုင်နေသူဖြစ်ပြီး ကျေးလက်ဒေသသို့ ခဏခဏ သွားရောက်ကာ ရွာသားများနှင့် ထိတွေ့ဆက်ဆံနေရသူဖြစ်သည်။ ရှအိုက်ဟွာ၏ စကားတစ်ခွန်းတည်းဖြင့်ပင် သူ လိမ်ပြောနေမှန်း ချက်ချင်းပင် ရိပ်မိလိုက်သည်။
'ဒီလူက ရိုးသားမှုမရှိဘဲ သိပ်ကို လိမ္မာပါးနပ်လွန်းတယ်...' ကျန်းဝေမင်သည် ရှအိုက်ဟွာ၏ အကျိုးအမြတ်သာကြည့်တတ်သော သဘောသဘာဝကို မြင်လိုက်ရသဖြင့် ခေါင်းခါလိုက်သည်။
ထိုအကြောင်းကို ကြားလိုက်ရသောအခါ လီလန်က လှောင်ပြုံးဖြင့် ဝင်ပြောလိုက်သည်။
"အိမ်မှာ မရှိဘူးပေါ့လေ... ရှအိုက်ဟွာ... ခက်ဗျားမှာ ရှက်တတ်တဲ့စိတ်တောင် မရှိတော့ဘူးလား... ခင်ဗျားမျက်နှာက ကျွန်တော့်အိမ်နံရံထက်တောင် ပိုထူနေပါလား..."
လီလန်သည် ရှအိုက်ဟွာကို လုံးဝမျက်နှာသာမပေးဘဲ ကဲ့ရဲ့လိုက်သည်။ ရှအိုက်ဟွာသည် လီလန်၏ စကားကြောင့် မျက်နှာပျက်သွားသော်လည်း ကျန်းဝေမင်ကို မြင်သောအခါတွင်မူ ချက်ချင်းပင် ဟန်လုပ်ကာ အလျော့ပေးလိုက်သည်။ လီလန်သည် ရှအိုက်ဟွာ၏ အကြံအစည်ကို ချက်ချင်း ရိပ်မိလိုက်သည်။
*ငါ့အဖေ ပြောတာတော့ ကျူးရှောင်ရုံတို့ လင်မယားက အာလူးနဲ့ ကန်စွန်းဥတွေ အများကြီး စိုက်ထားတယ်တဲ့... အခု ဦးလေးဝေမင်ကို အားပေးနေတာကြည့်ရတာ သူတို့ရိတ်သိမ်းထားတဲ့ ကောက်ပဲသီးနှံတွေကို ဦးလေးဝေမင်ဆီ ရောင်းချင်နေတာပဲ ဖြစ်ရမယ်…*
ကျန်းဝေမင်၏ အလုပ်အကိုင်အရ လီလန်သည် သူတို့ဘာလုပ်ချင်နေမှန်း ချက်ချင်းပင် သိလိုက်သည်။ သို့သော်လည်း လီလန်က သူတို့အကြံအစည် အောင်မြင်အောင် လုပ်ပေးမည် မဟုတ်ပေ။ ထိုကိစ္စအတွက် လီလန် ဘာမှလုပ်စရာမလိုဘဲ ကျန်းဝေမင်ကိုယ်တိုင်ကပင် အခြေအနေကို ဆုံးဖြတ်နိုင်သည်။ နိုင်ငံ့ဝန်ထမ်းလောကတွင် ရာထူးတက်လာသူများမှာ အတွေ့အကြုံရင့်ကျက်သူများသာ ဖြစ်သည်။ ရှအိုက်ဟွာ၏ ဤမျှလောက်သော အကွက်ရွှေ့မှုမျိုးကို ကျန်းဝေမင်က မသိဘဲ နေပါ့မလား။
ကျန်းဝေမင် ဆက်လက်တိတ်ဆိတ်နေသည်ကို မြင်သောအခါ ရှအိုက်ဟွာက အလျင်အမြန်ပင် ဆက်ပြောလိုက်သည်။
"တာဝန်ခံကျန်း... ကျွန်တော်က စစ်ရှီရွာကပါ... ကျွန်တော်တို့ရွာက တပ်ဖွဲ့ခေါင်းဆောင် ဝမ်ကျန်းဟွေက တာဝန်ခံအကြောင်း ပြောပြဖူးပါတယ်... နှစ်သစ်ကူးပြီးရင် သွားတွေ့ဖို့ စိတ်ကူးထားတာပါ... ဒီနေ့မှ ကျွန်တော့်ယောက်ဖအိမ်မှာ ဆုံတွေ့ရလိမ့်မယ်လို့ မထင်ထားမိဘူး..."
ရှအိုက်ဟွာသည် ကျန်းဝေမင်နှင့် ရင်းနှီးအောင် ကြိုးစားနေသည်။ သူ့ဇနီး ကျူးရှောင်ရုံသည်လည်း ခင်ပွန်းဘေးတွင် ရပ်လျက် အပြုံးပန်းဆင်နေသည်။ လီလန်ကို စောစောက စကားလုံးများဖြင့် တိုက်ခိုက်နေစဉ်က ပုံစံမျိုး လုံးဝ မဟုတ်တော့ပေ။
"ကြည့်ရတာ စက်ဆုပ်ဖို့ကောင်းလိုက်တာ..."
လီလန်က ဘေးမှနေ၍ ရွံရှာသော အကြည့်ဖြင့် ရေရွတ်လိုက်သည်။
ကျန်းဝေမင်သည် သူတို့လင်မယားကို တစ်ချက်ကြည့်လိုက်ပြီး ရှအိုက်ဟွာ ကိုင်ထားသည့် ပြောင်းဖူးမှုန့်အိတ်တစ်ဝက်ဆီသို့ အကြည့်ရောက်သွားသည်။
"ဝမ်ကျန်းဟွေဟုတ်လား အဲဒီလူက ဘယ်သူလဲ..."
‘မင်းတို့က ဘယ်သူတွေလဲ”
ကျန်းဝေမင်၏ စကားကို ကြားလိုက်ရသောအခါ ရှအိုက်ဟွာ၏ ရင်ထဲတွင် တုန်လှုပ်သွားပြီး ခါးသီးစွာ ပြုံးလိုက်ရသည်။ တာဝန်ခံကျန်းကဲ့သို့ အရေးပါသူများသည် တစ်လလျှင် ရွာပေါင်းများစွာသို့ သွားရောက်နေရသူဖြစ်ရာ သူတို့ကဲ့သို့ သာမန်ရွာသားများကို ဘယ်မှတ်မိပါ့မလဲ။
"ယောက်ဖ... အပြင်မှာ အရမ်းအေးတယ်... တာဝန်ခံကျန်းကို အိမ်ထဲဝင်ခိုင်းပြီး စကားပြောကြရအောင်..."
ရှအိုက်ဟွာက လီတာ့ဟိုင်ကို ပြောလိုက်သည်။
"အေးပါ... အိမ်ထဲမှာ မီးဖိုရှိပါတယ်... ဝေမင်... အိမ်ထဲဝင်ခဲ့ပါဦး... ကိုယ် နွေးသွားအောင် လက်ဖက်ရည်ပူပူလေး လုပ်ပေးမယ်..."
လီတာ့ဟိုင်ကလည်း သဘောကောင်းစွာဖြင့် ပြောလိုက်သည်။
ရှအိုက်ဟွာမှာ မိမိ၏ ယောက်ဖဖြစ်နေသဖြင့် လီတာ့ဟိုင်လည်း ငြင်းပယ်ရခက်နေသည်။ ကျန်းဝေမင်ကမူ ဘာမှပြန်မပြောဘဲ အိမ်ဝင်းထဲတွင် အေးစက်စက် အကြည့်ဖြင့်သာ ရပ်နေသည်။ သူတို့၏ ကြိုဆိုမှုကို လုံးဝ အရေးမစိုက်ပေ။ ယနေ့ သူ လီတာ့ဟိုင်အိမ်သို့ လာရခြင်းမှာ လက်ဆောင်ပစ္စည်းများဖြစ်သော ငါးကြင်းကြီး၊ ဝက်သား၊ သကြားနှင့် ဘီစကွတ်များ ပါလာသော်လည်း လီတာ့ဟိုင်အတွက် လာခြင်းမဟုတ်ပေ။
သူ လာခြင်းမှာ လီလန်အတွက်ဖြစ်သည်။ လီလန် ဖမ်းမိသော ငါးများသည် ကျန်းဝေမင်ကို အေးဂျင့်အဖြစ်မှ ဝယ်ယူရေးဌာန တာဝန်ခံအဖြစ် ရာထူးတိုးပေးရာတွင် အဓိက အခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။ ထိုအချိန်က အစာရေစာ ရှားပါးနေချိန်ဖြစ်ပြီး လီလန် ဖမ်းပေးသော မြစ်ကမ်းပါးမှ အစားအစာများကြောင့် စက်ရုံအကြီးအကဲများကို စိတ်ကျေနပ်အောင် လုပ်ပေးနိုင်ခဲ့ခြင်းဖြစ်သည်။
လီလန်သည်သာ ကျန်းဝေမင်၏ ရာထူးတိုးရေးအတွက် အဓိက အကျိုးပြုသူဖြစ်သည်။ ထို့ပြင် နွေဦးပေါက်လာလျှင်လည်း လီလန်၏ အကူအညီကို သူ ဆက်လက် မှီခိုရဦးမည် ဖြစ်သည်။ ထို့ကြောင့် ဤအိမ်တွင် သူ အလေးအနက်ထားဆုံးသူမှာ လီလန် တစ်ယောက်သာဖြစ်သည်။ လီလန်ကသာ ဖိတ်ခေါ်ပါက သူ အိမ်ထဲသို့ ဝင်မည်ဖြစ်သည်။ သူသည် လီလန်၏ မျက်နှာကိုသာ အဓိက ထောက်ထားသည်။
ကျန်းဝေမင် တိတ်တိတ်ဆိတ်ဆိတ် ရပ်နေသည်ကို မြင်သောအခါ လီတာ့ဟိုင်က လီလန်ကို တစ်ချက်မျက်စိမှိတ်ပြလိုက်သည်။ လီလန်သည် ရှအိုက်ဟွာကို အမူအရာမဲ့စွာ ကြည့်လိုက်သည်။
"ကျွန်တော့်အိမ်က လူအများကြီး ဆံ့မှာမဟုတ်ဘူး..."
"လူတွေ ဒီလောက်များနေရင် ပြည့်သိပ်ပြီး ရှုပ်ထွေးသွားမှာပဲ... ဦးလေးဝေမင်... ဦးလေး တစ်ယောက်တည်း အိမ်ထဲဝင်ခဲ့ပါ..."
လီလန်၏ စကားကြောင့် ရှအိုက်ဟွာ၏ မျက်နှာ ချက်ချင်းပင် ပြောင်းလဲသွားသည်။ သူ မိုက်မဲသူ မဟုတ်သဖြင့် လီလန်၏ စကားထဲမှ မနှစ်မြို့မှုများကို ကြားလိုက်ရသည်။
"လီလန်... နင်က..."
ကျူးရှောင်ရုံသည် ဒေါသကြောင့် တုန်ရီနေပြီး လီလန်ကို အော်ဟစ်ရန် ပြင်လိုက်သည်။
ရှအိုက်ဟွာက သူ့ဇနီးကို လက်ဖြင့် ဆွဲတားလိုက်သည်။
"ဟွာဇီ... သွားကြရအောင်... ဘာမှမဟုတ်ပါဘူး... သူတို့ အိမ်ထဲမဝင်ခိုင်းရင် မဝင်နဲ့ပေါ့..."
ကျူးရှောင်ရုံက ရှအိုက်ဟွာကို ဆွဲခေါ်ရန် ကြိုးစားသည်။
ရှအိုက်ဟွာကမူ ခေါင်းခါ၍ သူ့ဇနီး၏ လက်ကို တွန်းထုတ်လိုက်သည်။
"တာဝန်ခံကျန်းနဲ့ တွေ့ဖို့က အခွင့်အရေးခဲယဉ်းတယ်..."
"ငါတို့ရဲ့ ကောက်ပဲသီးနှံ ရာဂဏန်းအတွက် တာဝန်ခံကျန်းကို အနှောင့်အယှက် ပေးရဦးမှာ..."
ရှအိုက်ဟွာသည် မည်သို့ပင်ဖြစ်စေ ထွက်သွားရန် ငြင်းဆန်သည်။ ထိုကောက်ပဲသီးနှံများမှာ သူတို့မိသားစု တစ်နှစ်တာ၏ အဓိကဝင်ငွေဖြစ်ပြီး ဂိုဒေါင်တွင် ကြာကြာထားလေလေ ဈေးနှုန်းကျလေလေဖြစ်သည်။ သူသည် ဝယ်ယူရေးအေးဂျင့်တစ်ဦးကို အမြန်ဆုံး တွေ့ဆုံရန် လိုအပ်နေသည်။
"လီလန်... ဦးလေးက မင်းရဲ့ အမေဘက်က အရင်းအချာ ဦးလေးလေ... ကိုယ့်ဦးလေးက နှစ်သစ်ကူးလာကန်တော့တာကို အိမ်ထဲမဝင်ခိုင်းဘဲ အပြင်မှာ အေးစက်စက် ထားထားတာတော့ မသင့်တော်ဘူး မဟုတ်လား..."
ရှအိုက်ဟွာသည် လီလန်ကို ဖိအားပေးရန် ကြိုးစားနေသည်။ လီလန်က လှောင်ပြုံးဖြင့် ပြောလိုက်သည်။
"အခုမှ ဦးလေး ဖြစ်လာတာလား... ကျွန်တော့်အမေ အရမ်းနေမကောင်းဖြစ်ပြီး ဆေးကုဖို့ ငွေလိုတုန်းက အမေဘက်က အရင်းအချာဆိုတဲ့ ဦးလေးက ဘာလုပ်ပေးခဲ့လဲ..."
"ကျွန်တော် အရင်အကြောင်းတွေကို ပြန်ပြောပြပေးရမလား..."
ကျန်းဝေမင်သည် လီလန် ယခုကဲ့သို့ ပြတ်သားစွာ ပြောဆိုသည်ကို ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်သည်။ သူသည် မေးစေ့ကို ပွတ်သပ်ရင်း စဉ်းစားလိုက်သည်။
*ဒီကိစ္စက လီလန်ရဲ့ ရင်ထဲမှာ အမြဲတမ်း ဆူးတစ်ခုလို စိုက်နေခဲ့တာပဲ…*
ဟုတ်ပေသည်။ ဆွေမျိုးများထဲတွင် အမေဘက်က ဦးလေးဆိုသည်မှာ အရင်းနှီးဆုံးဖြစ်သည်။ သို့သော် လီလန်၏ မိခင် နေမကောင်းဖြစ်ချိန်တွင် ရှအိုက်ဟွာသည် တစ်ပြားတစ်ချပ်မျှ အကူအညီမပေးဘဲ သေဆုံးသွားသည်ကို ကြည့်နေခဲ့သည်။ လီလန် စိတ်နာနေသည်မှာ မဆန်းပေ။
ရှအိုက်ဟွာ၏ မျက်နှာမှာ သွေးမရှိသလို ဖြစ်သွားပြီး ဘာမှပြန်မပြောနိုင်တော့ပေ။ ထိုအခါ ကျူးရှောင်ရုံက ဝင်ပြောလိုက်သည်။
"ငွေမချေးဖို့ ဟွာဇီကို ပြောခဲ့တာ ငါပဲ... နင့်မှာ ပြဿနာရှိရင် ငါ့ကိုပဲ လာပြော... ဟွာဇီနဲ့ မဆိုင်ဘူး..."
"နင့်အသက်ဘယ်လောက်ရှိပြီလဲ... ဘာလို့ ဒီလောက်တောင် သဘောထားသေးငယ်ရတာလဲ”
"ကျူးရှောင်ရုံ... မင်း ဘာတွေပြောနေတာလဲ"
ရှအိုက်ဟွာက ဒေါသတကြီး အော်ဟစ်လိုက်သည်။ သူသည် ကျန်းဝေမင် စိတ်ဆိုးမည်ကို ကြောက်ရွံ့နေသည်။ လီလန်နှင့် ကျန်းဝေမင်တို့က ရင်းနှီးကြသည်။ ယခု ကျန်းဝေမင်ရှေ့တွင် သူ့ဇနီးက လီလန်ကို သဘောထားသေးငယ်သည်ဟု စွပ်စွဲနေခြင်းမှာ ကျန်းဝေမင်၏ အမြင်တွင် သူတို့အတွက် အမှတ်များ ကျဆင်းစေနိုင်သည်။
"ကျူးရှောင်ရုံ... မင်း ဘယ်လိုပြောလိုက်တာလဲ"
လီတာ့ဟိုင်လည်း သူ၏သားကို စွပ်စွဲသည်ကို မြင်သောအခါ သည်းမခံနိုင်တော့ပေ။
"ငါ့သားက ဘယ်မှာ သဘောထားသေးငယ်နေလို့လဲ... သူ့အမေ နေမကောင်းတုန်းက ငါ သိသမျှလူတွေဆီ လျှောက်တောင်းပန်ပြီး ဆေးဖိုးအတွက် ငွေအနည်းငယ်ပဲ လိုတော့တာ... မင်းတို့ဆီက အကူအညီတောင်းတော့ မင်းတို့မှာ ငွေရှိလျက်နဲ့ မချေးပေးတဲ့အပြင် ငါ့ကိုပါ အိမ်ကနေ နှင်ထုတ်ခဲ့တာ... ဒါမျိုးက မောင်နှမတွေ လုပ်ရမယ့်အလုပ်လား..."
"ငါသာ လူကြီးတွေကို ကတိမပေးထားရင်၊ နောက်ပြီး ဆွေမျိုးတွေဖြစ်နေလို့ အရှက်မခွဲချင်လို့သာပေါ့... မဟုတ်ရင် မင်းတို့ကို အိမ်ကနေ အရင်ကတည်းက နှင်ထုတ်ပြီးပြီ"
"ထွက်သွားကြ... အားလုံး အိမ်ကနေ ထွက်သွားကြ…ဒီအိမ်က မင်းတို့ကို လုံးဝ ကြိုဆိုမှာ မဟုတ်ဘူး…”