အခန်း ၉၃
Vol. 10 Ch. 93
အခန်း (၉၃)
အနည်းငယ် ကျော်လွန်သွားခြင်း
"မင်းမှာ သက်သေ အထောက်အထား တစ်ခုခု ရှိနေလို့လား..."
ကောင်းယွမ်က မေးလိုက်လေ၏။
အဆုံးတွင် ဤအရာမှာ လူသားတို့၏ ကျင့်ဝတ်သိက္ခာနှင့် အနာဂတ်ကမ္ဘာနှင့် ပတ်သက်နေသော ကြီးမား လှသည့် ကိစ္စရပ်တစ်ခု ဖြစ်ပေသည်။ အကယ်၍ အနာဂတ်ကမ္ဘာ၏ အကျပ်အတည်းမှာ လူသားတို့၏ ဖန်တီးမှုသာ ဖြစ်ခဲ့ပါက... ဤသည်မှာ အလွန်ပင် ထိတ်လန့်ဖွယ်ရာ ကောင်းလှပေသည်။
ကောင်းကန့်က ခေါင်းညိတ်လိုက်လေ၏။
"ရှိတာပေါ့... တကယ်တော့ ငါနဲ့ ငါ့အဖေတင် မဟုတ်ဘူး... တခြားလူတွေလည်း သံသယရှိခဲ့ကြတယ်... ဒါပေမဲ့ ဘယ်သူမှ အထက်တန်းလွှာ စီးပွားရေးလုပ်ငန်းစုကြီးရဲ့ အာဏာကို မလှုပ်ခါနိုင်ခဲ့ကြဘူး..."
"ဒီကမ္ဘာမှာ လူသား ကိုးဆယ်ရာခိုင်နှုန်းကျော်က ကမ္ဘာမြေပေါ်မှာပဲ နေထိုင်ကြပြီး... အများစုကတော့ မြို့တော်ကြီး ရှစ်ခုမှာပဲ စုဝေးနေကြတာ... ငါကတော့ လူသားဖယ်ဒရေးရှင်း သိပ္ပံအကယ်ဒမီမှာ ရှိနေ တာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီ... လွန်ခဲ့တဲ့ နှစ်တစ်ရာလောက်ကေအဖေ အာဏာရလာတဲ့အခါမှာ သူက သံမဏိလက်သီးနဲ့ ဒီအတားအဆီးတွေကို ရိုက်ချိုးပြီး... အုပ်ချုပ်ရေး အဖွဲ့အတွက် ဘဏ္ဍာရေး ဆိုင်ရာ လွတ်လပ်ခွင့် အနည်းငယ်ကို ရယူပေးနိုင်ခဲ့တယ်..."
"ဒီနှစ်တွေအတွင်းမှာ ဒီလွတ်လပ်ခွင့်ကို သုံးပြီး တောရိုင်းထဲက ရေဒီယိုသတ္တိကြွ မျိုးစိတ်တွေရဲ့ မျိုးရိုး ဗီဇ ကို ငါ စစ်ဆေးကြည့်ခဲ့တယ်... ဒီမျိုးစိတ်တွေမှာ လူသားတွေရဲ့ မျိုးရိုးဗီဇ ပြုပြင်ထားတဲ့ အထောက် အထားတွေကို ငါ တွေ့ခဲ့ရတယ်... နောက်ပြီး ပိုအရေးကြီးတဲ့ ရှာဖွေတွေ့ရှိမှုကတော့... တကယ်လို့သာ ဒီရေဒီယိုသတ္တိကြွ အပင်တွေအပေါ်မှာပဲ မှီခိုနေရရင်... အခုလို စိုက်ပျိုးမြေတွေ ပြတ်လပ်နေမှာ မဟုတ် ဘူး... ဘာလို့လဲဆိုတော့ ကမ္ဘာမြေမှာလည်း သူ့ဘာသာ ရှင်သန်တဲ့ လုပ်ဆောင်ချက်တွေ ရှိနေလို့ပဲ..."
"အခု မြေဆီလွှာထဲမှာ ရှိနေတဲ့ ရေဒီယိုသတ္တိကြွမှုဟာ အပင်တွေကြောင့် ဖြစ်တဲ့ ရေဒီယိုသတ္တိကြွမှုနဲ့ အစိတ်အပိုင်းချင်း မတူဘူး... ပြောရရင် မြေဆီလွှာရဲ့ ရေဒီယိုသတ္တိကြွမှုဟာ လူသားတွေရဲ့ လုပ်ဆောင် မှုကြောင့် ဖြစ်နေတာပဲ..."
"ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီက အာဏာ အရမ်းကြီးလွန်းတယ်... သူတို့က လူသားတွေရဲ့ အရေးကြီး တဲ့ လုပ်ငန်းအားလုံးကို ထိန်းချုပ်ထားတယ်... အသေးအဖွဲ လုပ်ငန်းအချို့ကိုပဲ တခြားသူတွေကို လုပ်ခွင့် ပေးတာ... အထက်တန်းလွှာ စီးပွားရေးလုပ်ငန်းစုကြီးရဲ့ ရည်ရွယ်ချက်က လူအများစုကို မြို့ထဲမှာပဲ ပိတ် လှောင်ထားဖို့ပဲ... အိမ်မွေးတိရစ္ဆာန်တွေလိုမျိုးပေါ့ကွာ..."
ကောင်းကန့်က တည်ငြိမ်သော အမူအရာဖြင့် ပြောဆိုနေသော်လည်း ကောင်းယွမ်၏ ကျောရိုးတစ် လျှောက် အေးစိမ့်သွားသကဲ့သို့ ခံစားလိုက်ရလေသည်။
*အထက်တန်းလွှာ စီးပွားရေးလုပ်ငန်းစုကြီးက ဒီလောက်အထိ လုပ်ဆောင်နိုင်တာလား…*
"ကောင်းကန့်... အထက်တန်းလွှာ စီးပွားရေးလုပ်ငန်းစုကြီးက အဲဒီလောက်တောင် အာဏာကြီးတာ လား... နောက်ပြီး ဒီလိုလုပ်ဖို့ဆိုရင် အကုန်အကျလည်း အရမ်းများမှာပဲ... သူတို့ ဘာကို လိုချင်နေတာ လဲ..."
ကောင်းယွမ်က မေးလိုက်၏။
ကောင်းကန့်က ပြုံးလိုက်လေသည်။
"ရည်ရွယ်ချက်ကတော့... ဒီကမ္ဘာကို စိုးမိုးဖို့ပေါ့... ငါ တွက်ချက်ကြည့်သလောက်တော့ တစ်ကမ္ဘာလုံးမှာ ရေဒီယိုသတ္တိကြွမှုတွေ ရှိနေဖို့ မလိုပါဘူး... မြို့တော်ကြီး ရှစ်ခုရဲ့ ကီလိုမီတာ ရာဂဏန်းလောက်မှာ မျိုးရိုး ဗီဇပြောင်း ရေဒီယိုသတ္တိကြွဇုန်တွေကို ဖန်တီးထားလိုက်ရုံပဲ... တခြားနေရာတွေမှာ ရေဒီယိုသတ္တိကြွမှု မရှိရင်တောင် ဘယ်သူ သိမှာလဲ... "
"ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီက ဂေဟစနစ် ကင်းလှည့်အဖွဲ့ ဆိုတာကို ဖွဲ့စည်းပြီး တစ်ကမ္ဘာလုံးကို ကင်းလှည့်ခိုင်းထားတာ... ဒီအဖွဲ့တွေက သူတို့ရဲ့ ခွေးတွေပဲလေ... နာမည်ခံတာက ကင်းလှည့်ဖို့ဆိုပေမဲ့ တကယ်တော့ လူတွေကို အပြင်မထွက်နိုင်အောင် ပိတ်လှောင်ထားတာပဲ..."
ထိုအခါ ကောင်းယွမ်သည် ရွှေတြိဂံဒေသတွင် တွေ့ဆုံခဲ့သော ဝမ်ချန်ကျားကျားကို သတိရသွားခဲ့လေ သည်။ သူမသည်လည်း လူသားတွေကို ပိတ်လှောင်ထားသည့် ကြံရာပါတစ်ယောက် ဖြစ်နေခဲ့သလော။
"ကောင်းယွမ်... ဒီကမ္ဘာရဲ့ လူမှုအလွှာတွေက ခိုင်မာနေတာ ကြာပြီ... အောက်ခြေလူတန်းစားတွေဆီက ကန့်ကွက်သံတွေ အမြဲရှိခဲ့ပေမဲ့ အသံက သိပ်မကျယ်လောင်ခဲ့ဘူး..."
ကောင်းယွမ်သည် ချင်းမူကုထန်းနှင့် ပထမဆုံး တွေ့ဆုံစဉ်က အနာဂတ်ကမ္ဘာမှ ဆင်းရဲသားများ၏ အခြေအနေကို ပြောပြခဲ့သည်ကို သတိရလိုက်လေ၏။ ထိုစဉ်က ကောင်းယွမ်သည် သူတို့ကို အနည်း ငယ်ပင် အားကျမိခဲ့သေးသည်။ အဘယ်ကြောင့်ဆိုသော် ဘဝ၏ ဖိအားများ မရှိဘဲ ပျော်ရွှင်စွာ နေထိုင် နိုင်သည်ဟု ထင်ခဲ့သောကြောင့် ဖြစ်ပေသည်။
"ကောင်းကန့်... အောက်ခြေလူတန်းစားတွေက စိုးရိမ်စရာမရှိဘဲ ပျော်ရွှင်နေကြတာ မဟုတ်ဘူးလား..."
ကောင်းကန့်က ကောင်းယွမ်ကို လေးနက်သော အကြည့်ဖြင့် ကြည့်လိုက်လေ၏။
"မင်းရဲ့ အတွေးကို ငါ နားလည်ပါတယ်... ကစားစရာ ဂိမ်းတွေ ရှိတယ်... နေစရာ အိမ်ရှိတယ်... အာဟာ ရအနှစ်နဲ့ သယ်ယူပို့ဆောင်ရေးကလည်း အခမဲ့ဆိုတော့ မင်းအတွက်တော့ သူတို့မှာ ဘာမှ မကျေနပ် စရာ မရှိဘူးလို့ ထင်မှာပေါ့... ဒါပေမဲ့ လူသားတွေရဲ့ စိတ်နှလုံးဆိုတာ ဘယ်တော့မှ ရောင့်ရဲတယ်လို့ မရှိဘူး... မင်းက ငယ်ငယ်ကတည်းက ဘာကန့်သတ်ချက်မှ မရှိဘဲ ဂိမ်းတွေပဲ ဆော့နေရမယ်ဆိုရင် မင်း တကယ်ပဲ ပျော်ပါ့မလား... မင်း ဂိမ်းဆော့နေတာက ဘာမှ လုပ်စရာ မရှိလို့ပဲလေ..."
"ငါတို့ စစ်တမ်းကောက်ကြည့်တော့ အောက်ခြေလူတန်းစားတွေရဲ့ ရှစ်ဆယ်ရာခိုင်နှုန်းကျော်က လက်ရှိ အခြေအနေကို မကျေနပ်ကြဘဲ ပြောင်းလဲပစ်ချင်နေကြတယ်... နှစ်ဆယ်ရာခိုင်နှုန်းလောက်ကပဲ ဒါဟာ ကမ္ဘာကြီးရဲ့ သဘာဝပဲလို့ လက်ခံနေကြတာ..."
ကောင်းယွမ်သည် အတွေးနက်သွားခဲ့ရလေသည်။
သူသည် ငယ်စဉ်က ကွန်ပျူတာကို ခိုးဆော့ခဲ့ရသည့် ပျော်ရွှင်မှုကို သတိရမိလေ၏။ ယခုအခါတွင်မူ ကွန်ပျူတာမှာ အလုပ်လုပ်စရာ ကိရိယာတစ်ခုသာ ဖြစ်နေခဲ့ပြီဖြစ်ရာ ထိုကဲ့သို့သော ပျော်ရွှင်မှုမျိုးကို မရရှိနိုင်တော့ပေ။ သကြားလုံး တစ်လုံး၊ နှစ်လုံးကို ခိုးစားရသည်မှာ ပျော်စရာ ကောင်းသော်လည်း သကြားလုံးအိုးကြီး ရှေ့တွင် ရှိနေသည့်အခါ၌မူ မည်သည့် ချိုမြိန်မှုကိုမျှ မခံစားရတော့ပေ။
ဤသည်မှာ အနာဂတ်ကမ္ဘာမှ အောက်ခြေလူတန်းစားတွေ ခံစားနေရသော အခြေအနေပင် ဖြစ်ပေလိမ့် မည်။
ဘာမျှ လိုလေသေးမရှိဘဲ အမြင့်ဆုံးသော ခံစားမှုကို ရရှိစေသော ဂိမ်းတွေနှင့် အိပ်မက်တွေထဲမှာပဲ ရှင်သန်နေရသော်လည်း မည်သည့် ပျော်ရွှင်မှုကိုမျှ မခံစားရခြင်းပင် ဖြစ်ပေသည်။
လက်ရှိကမ္ဘာတွင်မူ ဖခင်တစ်ဦးသည် တစ်နေ့လုံး ပင်ပန်းစွာ အလုပ်လုပ်ပြီး အိမ်ပြန်လာချိန်၌ သမီးဖြစ် သူ၏ "ဖေဖေ" ဟု ခေါ်သံကို ကြားရလျှင်ပင် အလွန် စိတ်နှလုံး နွေးထွေးရပေသည်။
အရာအားလုံးမှာ နှိုင်းယှဉ်ချက် ရှိနေမှသာလျှင် ပျော်ရွှင်မှုကို ခံစားနိုင်မည် ဖြစ်၏။ ဘဝမှာ လိုအင်ဆန္ဒ တွေ ရှိနေမှသာ ပျော်ရွှင်မှုကို ခံစားနိုင်မည် ဖြစ်သည်။ လိုအင်ဆန္ဒမရှိဘဲ ဝက်တစ်ကောင်လို ရှင်သန်နေရ မည်ဆိုပါက ဝက်စာစားရသည့် ပျော်ရွှင်မှုကိုပင် ခံစားနိုင်တော့မည် မဟုတ်ပေ။
ကောင်းယွမ်သည် ဤအချက်ကို သဘောပေါက် နားလည်သွားခဲ့ပြီ ဖြစ်ပေသည်။
"ဒါဆို... ခင်ဗျားနဲ့ ခင်ဗျားရဲ့ အဖေ ကောင်းချိုးက ဒီအစီအစဉ်ကို အသေအချာ ဆွဲခဲ့ကြတာက အခွင့် အရေးတစ်ခုကို ရှာဖို့ပေါ့..."
"ဟုတ်တယ်... အထက်တန်းလွှာ စီးပွားရေးလုပ်ငန်းစုကြီးက အရမ်းအာဏာကြီးလွန်းလို့ ငါတို့ တိုက် ရိုက် ရင်မဆိုင်နိုင်ဘူး... ဒါကြောင့် ပြင်ပက အကူအညီကို ရှာရတာပဲ... ငါ့ညီ ကောင်းယွမ်... မင်းက ကမ္ဘာနှစ်ခုကြားမှာ ကူးလူးသွားလာနိုင်တဲ့အတွက် အသင့်တော်ဆုံး လူပဲ... ဒီလောကကြီးကို ပုံမှန်အ တိုင်း ပြန်ဖြစ်အောင် မင်း ကူညီနိုင်ပါတယ်..."
ကောင်းယွမ်က ခေါင်းခါလိုက်လေ၏။
"ခင်ဗျားတို့ရဲ့ အဆင့်မြင့် နည်းပညာတွေနဲ့တောင် မဖြေရှင်းနိုင်တာကို ကျွန်တော်က ဘယ်လိုလုပ် ဖြေ ရှင်းနိုင်မှာလဲ..."
ကောင်းကန့်က လေးနက်စွာ ပြောလိုက်လေသည်။
"ဖြေရှင်းနိုင်တာပေါ့... ဘာလို့လဲဆိုတော့ ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီက လူတိုင်းရဲ့ အသက်သွေး ကြောကို လက်ထဲမှာ ကိုင်ထားလို့ပဲ... သူတို့က အစားအစာတင် မဟုတ်ဘူး... အတားအဆီးတွေ ဖန်တီး ပြီး လေနဲ့ ရေကိုပါ ထိန်းချုပ်ထားတာ... ဘယ်သူမဆို သူတို့ကို ဆန့်ကျင်ရင် မြို့တော်တွေကနေ နှင်ထုတ် ခံရပြီး ရေဒီယိုသတ္တိကြွဇုန်ကို ပို့ခံရမှာပဲ... အဲဒီရဲ့ အဆုံးသတ်ကတော့ သေခြင်းတရားပဲပေါ့..."
"လေ၊ ရေ၊ အစားအစာ... ဒါတွေမရှိဘဲ ငါတို့ မရှင်သန်နိုင်ဘူး... ဒါကြောင့် ဘယ်သူမှ မတော်လှန်ရဲကြ တာ... ဒါပေမဲ့ ငါ့ညီ... မင်းက လက်ရှိကမ္ဘာကနေ လေ၊ ရေနဲ့ အစားအစာတွေကို ယူလာပေးနိုင်တယ် မဟုတ်လား... အဲဒီအခါကျရင် ငါတို့ဟာ အထက်တန်းလွှာ စီးပွားရေးလုပ်ငန်းစုကြီးရဲ့ လက်အောက် ကနေ လွတ်မြောက်နိုင်မှာပဲလေ..."
ကောင်းယွမ်သည် ဤမျှအထိ မတွေးခဲ့မိပေ။ ယခုမူ သူသည် ကျောချမ်းသွားခဲ့ရလေသည်။
"ကျွန်တော် ရိက္ခာတွေ ပံ့ပိုးပေးနိုင်ပါတယ်... ဒါပေမဲ့ ခင်ဗျားတို့ဘက်ကလည်း နည်းပညာတွေ ပြန်ပေးရ မယ်... ကျွန်တော် လက်ရှိကမ္ဘာမှာ အတော်လေး နယ်ကျွံနေပြီ...ဒီထက် ကျော်လွန်သွားရင်တော့... အသတ်ခံရနိုင်တယ်..."
ကောင်းကန့်က လက်ဝေ့ယမ်းလိုက်လေ၏။
"ငါ မင်းကို ကြယ်တာရာ စစ်သင်္ဘော တစ်စီး ပေးနိုင်ပါတယ်... နောက်ပြီး ကမ္ဘာပတ်လမ်းကြောင်းကနေ ပစ်ခတ်နိုင်တဲ့ လျှပ်စစ်သံလိုက်အမြောက်တွေလည်း ပေးဦးမှာပါ... ဒါတွေ ရှိနေရင်တော့ ဘယ်သူမှ မင်း ကို မထိရဲတော့ဘူး... မင်းရဲ့ အခုရှိနေတဲ့ လက်နက်တပ်ဆင်ထားတဲ့ ကင်းထောက်ဒရုန်းတွေနဲ့ လုံခြုံရေး စက်ရုပ်တွေကလည်း လုံခြုံရေးအတွက် လုံလောက်နေပါပြီ..."
"တကယ်လို့ ငါသာ ကူညီပေးရင် မင်း က အဲ့ဒီကမ္ဘာရဲ့ ဧကရာဇ် ဖြစ်လာနိုင်တယ်... အဲဒီအခါကျရင် အရင်းအမြစ်တွေ ပေးဖို့က ပိုလွယ်သွားမှာပေါ့..."
ကောင်းယွမ် စိတ်လှုပ်ရှားသွားခဲ့ရ၏။
သို့သော် သူသည် ဧကရာဇ် တစ်ဦး မဖြစ်လိုပေ။ သူသည် စီးပွားရေးလုပ်ငန်းရှင် တစ်ဦးအဖြစ်သာ နေ ထိုင်လိုပေသည်။ အဘယ်ကြောင့်ဆိုသော် အလွန်မြင့်မားသော နေရာသို့ ရောက်ရှိသွားပါက ရိုးရှင်း သော ပျော်ရွှင်မှုမျိုးကို မခံစားနိုင်တော့မည်ကို သူ သိနေသောကြောင့် ဖြစ်ပေတော့သည်။