← Chapters

အခန်း ၉၄

Vol. 10 Ch. 94

အခန်း ၉၄

Vol. 10 Ch. 94

အခန်း (၉၄)

ဤလောကကြီးကား ကြောက်မက်ဖွယ် ကောင်းလှပေသည်

ကောင်းကန့်သည် ကောင်းယွမ်၏ အနားသို့ ချဉ်းကပ်လာခဲ့လေသည်။

ကောင်းယွမ်သည် သူတို့နှစ်ဦး၏ ရုပ်သွင်မှာ သုံးပုံတစ်ပုံခန့် ဆင်တူနေသည်ကို သတိပြုမိလိုက်လေ၏။ အထူးသဖြင့် နှာတံမှာ တစ်ပုံစံတည်းပင် ဖြစ်နေခဲ့ပေသည်။

"ညီလေး... ဒီလောကကြီးက ပုပ်ပွနေပြီ... တစ်စုံတစ်ယောက်ကတော့ ဒီအတားအဆီးတွေကို ရိုက်ချိုး ရမှာပဲ... တကယ်လို့ ငါတို့က ဒီနေ့ မလုပ်ဘူးဆိုရင် ငါတို့ရဲ့ သားစဉ်မြေးဆက်တွေဟာ ဝက်တွေထက် မပိုတဲ့ ဘဝမျိုးကို ရောက်သွားကြလိမ့်မယ်..."

ကောင်းယွမ် ခဏမျှ စဉ်းစားနေမိလေ၏။

"ကျွန်တော် ကောင်းချိုးကို တွေ့ချင်တယ်..."

စကားအဆုံးတွင် ကောင်းယွမ်သည် အနည်းငယ် ရင်ခုန်လှုပ်ရှားသွားခဲ့ရလေသည်။ ကောင်းကန့် ပြောသမျှကို သူသည် ခုနစ်ပုံခန့် ယုံကြည်နေမိပြီ ဖြစ်၏။ ယခု ဤတောင်းဆိုချက်ကိုသာ လိုက်လျောခဲ့ မည်ဆိုပါက ကောင်းချိုးနှင့် တွေ့သည်နှင့် အရာအားလုံးမှာ ရှင်းလင်းသွားပေလိမ့်မည်။

ဤသည်မှာ အလွန်ပင် ရိုးရှင်းသော ကိစ္စတစ်ခု ဖြစ်မည်ဟု သူ ထင်မှတ်ထားခဲ့သော်လည်း ကောင်းကန့် က ခေါင်းခါပြလိုက်လေသည်။

"မင်း သူ့ကို အခုထိ တွေ့လို့ မရသေးဘူး..."

"ဘာလို့လဲ..."

"သူ ကောင်းကျင်းမြို့မှာ မရှိဘူးလေ... ငါတို့ရဲ့ အဖေဟာ တစ်ချိန်က လူသားဖယ်ဒရေးရှင်းရဲ့ အမှုဆောင်အရာရှိချုပ် ဖြစ်ခဲ့တာ... နှစ်ပေါင်း နှစ်ဆယ် ကြာသွားခဲ့ရင်တောင် သူဟာ ကောင်းကျင်းမြို့ ကို ပြန်လာလို့ မရသေးဘူး... "

"တခြားနေရာတွေမှာဆိုရင် လူတွေက သူ့ကို ကောင်းချိုးနဲ့ ရုပ်ချင်းတူတယ်လို့ပဲ ထင်ကြမှာဆိုတော့ ပြဿနာ မရှိနိုင်ပေမဲ့... ကောင်းကျင်းမြို့မှာဆိုရင်တော့ ကောင်းမိသားစုဝင်တွေက သူ့ကို ကောင်း ကောင်းကြီး သိနေကြတာ..."

"ငါတို့ရဲ့ အဖေက အသက်ရှင်နေသေးတယ်ဆိုတာကို ငါတစ်ယောက်ပဲ သိတာ..."

ကောင်းယွမ် မျက်မှောင်ကြုတ်လိုက်မိလေ၏။ အကယ်၍ ကောင်းချိုးနှင့် မတွေ့ရလျှင် ကောင်းကန့်၏ စကားများမှာ မမှန်ကန်ဟု သူ သံသယဝင်ရန် အကြောင်းရှိနေပေသည်။

ထိုစကားများထဲတွင် မည်မျှအထိ လိမ်လည်မှုများ ပါဝင်နေသည်ကို သူ မသိနိုင်ပေ။

အဘိုးဖြစ်စေ၊ ဖခင်ဖြစ်စေ ကောင်းချိုးသည် ကောင်းယွမ်နှင့်အတူ နှစ်ပေါင်း နှစ်ဆယ်နီးပါး နေထိုင်ခဲ့သူ ဖြစ်သည်။ ကောင်းချိုး နှုတ်မဆက်ဘဲ ထွက်ခွာသွားစဉ်က ကောင်းယွမ်သည် သူ့အား ရှာဖွေပေးရန် ရဲစခန်းသို့ပင် အကြောင်းကြားခဲ့ဖူးသော်လည်း ရှာမတွေ့ခဲ့ပေ။ ကောင်းချိုးသည် အနာဂတ်ကမ္ဘာသို့ ပြန်လာခဲ့လိမ့်မည်ဟု သူ လုံးဝ မထင်မှတ်ထားခဲ့ပေ။

သူ အခု ဘယ်မှာ ရှိနေတာလဲ။

"ဂြိုဟ်သိမ်ဂြိုဟ်မွှားပတ်လမ်းစု မှာပဲ... ကမ္ဘာမြေပေါ်က အောက်ခြေလူတန်းစားတွေမှာ တော်လှန်လို စိတ် မရှိကြပေမဲ့ ဂြိုဟ်သိမ်ဂြိုဟ်မွှားပတ်လမ်းစု ကတော့ မတူဘူး... အဲ့နေရာတွေမှာ အလုပ်လုပ်နေကြ တဲ့သူတွေဟာ လက်ရှိ အခြေအနေကို မကျေနပ်ကြတဲ့သူတွေပဲ... "

"အထက်တန်းလွှာ စီးပွားရေးလုပ်ငန်းစုကြီး ကလည်း အဲ့ဒီနေရာကို အတင်းကြပ်ဆုံး ထိန်းချုပ်ထား တယ်... လေနဲ့ ရေကိုတောင် နေ့တိုင်း ကန့်သတ်ချက်နဲ့ ပေးနေတာ... တကယ်ပဲ ငါတို့က လက်ရှိ စည်းမျဉ်းတွေကို ဖျက်ဆီးချင်တယ်ဆိုရင် ဂြိုဟ်သိမ်ဂြိုဟ်မွှားပတ်လမ်းစု က သတ္တုတွင်းလုပ်သား တွေဟာ စစ်သည်တော်တွေ ဖြစ်လာဖို့ အခွင့်အရေး အရှိဆုံးပဲ..."

ကောင်းယွမ် ခေတ္တမျှ တိတ်ဆိတ်သွားခဲ့ရလေသည်။

သူသည် အနာဂတ်ကမ္ဘာမှာ သာ၍ ကောင်းမွန်လာလိမ့်မည်ဟုသာ မူလက ထင်မှတ်ထားခဲ့သော်လည်း နှစ်ပေါင်း တစ်ထောင် ကြာပြီးနောက်တွင် လေကိုပင် လွတ်လပ်စွာ မရှူရှိုက်နိုင်သော လူသားတစ်စု ရှိ နေလိမ့်မည်ဟု မသိခဲ့ခြင်းပေ။

"သူက ဂြိုဟ်သိမ်ဂြိုဟ်မွှားပတ်လမ်းစု မှာ ပုန်ကန်ဖို့ ကြံစည်နေတာလား..."

ကောင်းယွမ်က မေးလိုက်လေ၏။

ဤအရာမှာ အလွန်ပင် မဖြစ်နိုင်သည့်အရာဟု သူ ထင်မိခြင်းဖြစ်လေသည်။

*စက်ရုပ်အုပ်ကြီးကို ထားလိုက်ဦးတော့... အနာဂတ်ကမ္ဘာရဲ့ လက်နက်တွေက ဉာဏ်ရည်တုတွေ ဖြစ်နေ ကြတာလေ… တကယ်လို့ သူတို့တွေ ဆူပူသောင်းကျန်းမှုကို အောင်အောင်မြင်မြင် လှုံ့ဆော်နိုင်ခဲ့ရင် တောင်မှ အောင်မြင်ဖို့က ဖြစ်နိုင်ပါ့မလား...*

"ဒါဟာ ပုန်ကန်တာ မဟုတ်ဘူး... မှန်ကန်တဲ့ လမ်းကြောင်းပေါ်ကို ပြန်ရောက်အောင် လုပ်တာပဲ... လောကကြီးက ဒီလိုမျိုး ဖြစ်မနေသင့်ဘူးလေ..."

"ဒါဆို အောင်မြင်ဖို့ အခွင့်အရေးက ဘယ်လောက်ရှိလို့လဲ..."

"တစ်ပြားသားမျှ မရှိဘူး..."

ကောင်းကန့်က ပြတ်သားစွာ ပြောလိုက်လေသည်။

ကောင်းယွမ် ရယ်ချင်စိတ်ကို အောင့်ထားလိုက်ရ၏။

*ကောင်းကန့်က သိနေတယ် ဟုတ်လား… ဒီလိုဆိုရင် ကောင်းချိုးလည်း သိနေမှာပေ့ါ…*

*ဒါဆိုရင် ဘာလို့များ အသည်းအသန် ကြိုးစားနေကြတာလဲ…*

"အောင်နိုင်ခြေက ဆယ်ရာခိုင်နှုန်းတောင် မရှိဘူးဆိုတာ သိနေရင်... ငါတို့ ကြိုးစားနေတာတွေက ဘာ အဓိပ္ပာယ် ရှိမှာလဲလို့ မင်း မတွေးမိဘူးလား..."

ကောင်းယွမ် ဘာမျှ မပြောသော်လည်း စိတ်ထဲမှတော့ သဘောတူနေမိခဲ့လေသည်။

ကောင်းမိသားစုသည် ထိပ်တန်း အဆင့်အတန်းတွင် ရှိနေသည်ဖြစ်ရာ သူတို့အနေဖြင့် ပျော်ရွှင်စွာသာ နေထိုင်သင့်ပေသည်။

*ငါ သေသွားပြီးရင် ကျန်တာတွေ ဘာဖြစ်ဖြစ် ငါနဲ့ ဘာဆိုင်လို့လဲ…*

ကောင်းကန့်သည် လက်ဖက်ရည် တစ်ခွက် ငှဲ့ကာ တစ်ငုံ သောက်လိုက်ပြီးနောက် ပြောလိုက်၏။

"မင်းရဲ့ အခု အဆင့်အတန်းက အရမ်းနိမ့်လွန်းနေသေးတယ်... မင်းရဲ့ လက်ရှိ စွမ်းရည်တွေနဲ့ဆိုရင် အောင်နိုင်ခြေက တစ်ရာခိုင်နှုန်းပဲ ရှိတယ်... တကယ်လို့ မင်းသာ တစ်ကမ္ဘာလုံးကို ထိန်းချုပ်နိုင်မယ်ဆို ရင်တော့ အောင်နိုင်ခြေက ဆယ်ရာခိုင်နှုန်းအထိ တိုးလာနိုင်တယ်..."

"ဆယ်ရာခိုင်နှုန်းဆိုတာလည်း သိပ်မများပါဘူး..."

ကောင်းယွမ်က ပြောလိုက်လေသည်။

"နောက်ဆုံးတော့ တစ်စုံတစ်ယောက်က ဒီအတားအဆီးကို ရိုက်ချိုးရမှာပဲ... အကယ်၍ ငါတို့ ကောင်း မိသားစုက မလုပ်ရင်တောင် နောက်ထပ် နှစ်ငါးရာ၊ တစ်ထောင် ဒါမှမဟုတ် နှစ်ထောင် ကြာတဲ့အခါ တခြားတစ်ယောက်က လုပ်မှာပဲ..."

ကောင်းယွမ် ထိုင်လိုက်ပြီး သူ၏ 'အစ်ကိုကြီး' ကို အသေအချာ ပြန်လည် စူးစမ်းကြည့်လိုက်မိ၏။

"ခင်ဗျားမှာ ပိုပြီး ကောင်းတဲ့ အစီအစဉ် မရှိဘူးလား..."

"ရှိတာပေါ့... ဒါပေမဲ့ အရမ်း ခက်ခဲလိမ့်မယ်... အဲဒါကတော့ ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီ ရဲ့ အတွင်း ပိုင်းမှာ သွေးခွဲဖို့ပဲ... တကယ်လို့ ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီ ထဲက အဓိက မိသားစုကြီး သုံးခုကို တစ်ဦးနဲ့တစ်ဦး ရန်တိုက်ပေးနိုင်ရင်တော့ အောင်နိုင်ခြေက အနည်းဆုံး ငါးဆယ်ရာခိုင်နှုန်း ရှိလာလိမ့် မယ်..."

"ခင်ဗျား စမ်းကြည့်ဖူးလား..."

ကောင်းယွမ်က မေးလိုက်၏။

"စမ်းတာပေါ့... ငါတို့ ဒီနှစ်တွေမှာ သူတို့ကို သွေးခွဲဖို့ ကြိုးစားခဲ့ပေမဲ့ အောင်မြင်မှု သိပ်မရှိခဲ့ဘူး..."

"ဒါဆို ဘာဖြစ်လဲ... ဂြိုဟ်သိမ်ဂြိုဟ်မွှားပတ်လမ်းစု မှာ လွတ်လပ်စွာ လေတောင် မရှူနိုင်တဲ့သူတွေက လူသားမျိုးနွယ်ကို လွတ်လပ်မှုဆီ ခေါ်ဆောင်သွားနိုင်မယ်လို့ ခင်ဗျား မျှော်လင့်နေတာလား... ပြီးတော့ ကျွန်တော် နားမလည်တာက... သတ္တုတွင်း စက်ရုပ်တွေကို သုံးတာက ပိုပြီး မကောင်းဘူးလား..."

ကောင်းယွမ်က မေးလိုက်လေသည်။

ကောင်းကန့်က ခေါင်းခါလိုက်၏။

"မင်း နားမလည်ပါဘူး... လွန်ခဲ့တဲ့ နှစ်ပေါင်း နှစ်ထောင်လောက်က ရှ နဲ့ ဆုန့်မင်းဆက်တွေ မှာ မူဝါဒတစ် ခု ရှိခဲ့တယ်... အဲဒါကတော့ အငတ်ဘေး မကျရောက်ခင်မှာ အစိုးရက စစ်သားတွေကို စတင် စုဆောင်း ပြီး ဒုက္ခသည်တွေကို စစ်တပ်ထဲ သွင်းတာပဲ... "

"သူတို့ ဘာလို့ အဲလိုလုပ်တာလဲ သိလား... ဘယ်ခေတ်မှာမဆို ဒုက္ခသည်တွေဟာ ဆူပူသောင်းကျန်းမှုရဲ့ အရင်းအမြစ်ပဲလေ... ဒုက္ခသည်တွေထဲက သန်စွမ်းတဲ့ လူငယ်တွေကို စစ်တပ်ထဲ ထည့်လိုက်သရွေ့ ကျန် နေခဲ့တဲ့ လူအိုတွေ၊ လူမမာတွေနဲ့ မသန်စွမ်းသူတွေဟာ ဘာပြဿနာမျှ မရှာနိုင်တော့ဘူး..."

"အခုခေတ်မှာ အခြေခံ လူနေမှုအဆင့်အတန်းကို အာမခံထားနိုင်ပေမဲ့ လက်ရှိ အခြေအနေကို မရောင့်ရဲ နိုင်တဲ့သူတွေ အမြဲရှိနေတတ်တယ်... ဒါဟာ လူသားတွေရဲ့ သဘာဝပဲ... အခုတော့ အရင်းရှင်တွေက ဒီလူတွေအတွက် လမ်းကြောင်းတစ်ခု ချန်ထားပေးတယ်... "

"သူတို့အနေနဲ့ ဂြိုဟ်သိမ်ဂြိုဟ်မွှားပတ်လမ်းစု ကို သွားပြီး သတ္တုတူးမယ်ဆိုရင် ဆယ်နှစ်၊ အနှစ်နှစ်ဆယ် ကြာတဲ့အခါ သူတို့ ပြန်လာရင် လူလတ်တန်းစားတွေ ဖြစ်လာနိုင်တယ်... ဒါဟာ အထက်သို့ တက်လှမ်း ခြင်း လမ်းကြောင်းတစ်ခုပဲ..."

"သတ္တုတူးတဲ့ စက်ပစ္စည်းတွေနဲ့ စက်ရုပ်တွေက လူသားတွေထက် ပိုပြီး အသုံးဝင်တာတော့ အမှန်ပဲ... ဒါပေမဲ့ ဒီလမ်းကြောင်းသာ မရှိရင် ဒီလူတွေ ကမ္ဘာမြေပေါ်မှာ ကျန်နေခဲ့ရင် ဘာလုပ်ကြမလဲ... သူတို့ ကန့်ကွက်ကြမယ်၊ ပြဿနာရှာကြမှာပေါ့... "

"လူတွေဆိုတာ အုပ်စုလိုက် လိုက်လုပ်တတ်ကြတာလေ... ပြဿနာရှာတဲ့သူတွေ များလာရင် မူလက ဘာအမြင်မျှ မရှိတဲ့သူတွေတောင် စိတ်ယိုင်သွားနိုင်တယ်... အခုတော့ ဒီလူတွေ သတ္တုတူးဖို့ ထွက်သွား ကြတဲ့အတွက် ကမ္ဘာမြေကြီးက အေးချမ်းသွားတာပေါ့..."

ကောင်းယွမ်၏ အသက်ရှူသံများ မြန်ဆန်လာခဲ့ရ၏။ အမှန်တရားမှာ ဤကဲ့သို့ ဖြစ်နေလိမ့်မည်ဟု သူ လုံးဝ ထင်မှတ်မထားခဲ့ပေ။

"အောက်ခြေလူတန်းစားတွေ အားလုံးကို သတ်ပစ်လိုက်ရင်ကော..."

ကောင်းယွမ်က ဆိုးရွားလှသော ဖြစ်နိုင်ခြေတစ်ခုကို ပြောလိုက်လေသည်။

"ဟဟ... ညီလေး... မင်းက အရမ်း ငယ်သေးတာပဲ... အကယ်၍ အောက်ခြေလူတန်းစားတွေ မရှိရင် အထက်တန်းလွှာဆိုတာလည်း ရှိလာမှာ မဟုတ်ဘူး... နှိုင်းယှဉ်ချက် မရှိရင် ဘဝရဲ့ အဓိပ္ပာယ်က ဘာရှိမှာ လဲ... သူတို့အားလုံးကို သတ်ပစ်ဖို့ကတော့ ဖြစ်နိုင်တာပေါ့... "

"ဒါပေမဲ့ အဲဒီနောက်မှာ ဘာဖြစ်မလဲ... ဒီလောကမှာ အလွန်နည်းပါးတဲ့ ထိပ်တန်းပုဂ္ဂိုလ်တွေပဲ ကျန်ခဲ့ မယ်ဆိုရင် သူတို့က ဘယ်လိုလုပ် သာလွန်မှုကို ခံစားရမှာလဲ... တကယ်လို့များ အောက်ခြေလူတန်းစား တွေကို သတ်ပစ်မယ်ဆိုရင် လူသားမျိုးနွယ်ဟာ ပျက်သုဉ်းသွားနိုင်တယ်..."

ကောင်းယွမ်သည် ကောင်းကန့်ကို ကြည့်ရင်း ရုတ်တရက် နားလည်သွားခဲ့လေသည်။

ရှေးလူကြီးများ နားလည်ခဲ့သော အခြေခံသဘောတရားတစ်ခု ရှိပေသည်။ ရှားပါးမှုမှာ စိုးရိမ်စရာ မဟုတ်ဘဲ မညီမျှမှုကသာ စိုးရိမ်စရာ ဖြစ်သည်ဟူသောအချက်ပင် ဖြစ်၏။ တစ်နည်းအားဖြင့် မညီမျှ မှုကသာ သာလွန်မှုကို ပြသနိုင်ခြင်း ဖြစ်ပေသည်။

အောက်ခြေလူတန်းစားများနှင့် နှိုင်းယှဉ်ချက် မရှိပါက ထိပ်တန်းပုဂ္ဂိုလ်များသည်လည်း အောက်ခြေ လူတန်းစားများ ဖြစ်သွားကြပေလိမ့်မည်။ ထိပ်တန်းပုဂ္ဂိုလ်များအကြားတွင်ပင် ကွာခြားချက်များ ရှိနေ စမြဲ ဖြစ်ပေသည်။ မိမိထက် နိမ့်ကျသူတိုင်းကို သတ်ပစ်ရမည်လော။

ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီ ထဲက မိသားစုကြီး သုံးခုကြားတွင်ပင် ကွာခြားချက်များ ရှိနေပေလိမ့် မည်။ ချမ်းသာကြွယ်ဝမှုကို ထားလိုက်ဦးတော့... ဉာဏ်ရည်နှင့် ရုပ်ဆင်းသွင်ပြင်မှာပင် ကွာခြားချက်များ ရှိနေကြမည် မဟုတ်ပါလား။

မည်သည့်အရာက သာလွန်သည်၊ မည်သည့်အရာက ပို၍ ထူးချွန်သည်ဆိုသည်ကို မည်သူက သတ်မှတ် မည်နည်း။

အကယ်၍ ဤပုံစံအတိုင်းသာ သွားမည်ဆိုပါက လူသားမျိုးနွယ်မှာ အမှန်တကယ် ပျက်သုဉ်းခြင်းနှင့် ရင်ဆိုင်ရပေလိမ့်မည်။

ကောင်းယွမ်၏ စိတ်ထဲတွင် ခံစားချက်များစွာ ပြည့်နှက်နေခဲ့ပေတော့သည်။

"ကောင်းကန့်... တကယ်တော့ ကျွန်တော် ဒီနေ့ လာတာက ကိစ္စတစ်ခု ပြောဖို့ပါ..."

"မင်း သတင်းအချက်အလက် ဌာန ရဲ့ ညွှန်ကြားရေးမှူး ဖြစ်တော့မယ်ဆိုတာ ငါ သိပြီးသားပါ..."

"သိထားတာ ကောင်းတာပေါ့... ကျွန်တော် ဘာလုပ်သင့်တယ်လို့ ခင်ဗျား ထင်လဲ..."

ကောင်းယွမ်က မေးလိုက်လေ၏။

မူလက သူသည် ကောင်းမိသားစုနှင့် ပူးပေါင်းဆောင်ရွက်ရန် လာခဲ့ခြင်း ဖြစ်သော်လည်း ရောက်ရှိလာ သည့်အခါတွင်မူ ထိတ်လန့်ဖွယ်ရာ လျှို့ဝှက်ချက်တစ်ခုကို ဖော်ထုတ်နိုင်ခဲ့လေသည်။

ထို့ပြင် သူသည် အတုအယောင် မဟုတ်ဘဲ စစ်မှန်သော ကောင်းမိသားစုဝင် တစ်ဦးလည်း ဖြစ်နေခဲ့ပေ သည်။

ဤသည်မှာ တကယ်ကို ထူးဆန်းလှပေသည်။

"သတင်းအချက်အလက် ဌာန မှာတော့ တကယ့် လျှို့ဝှက်ချက်တွေ ရှိနေမှာ မဟုတ်ပါဘူး... မင်းကို ပြချင်တဲ့ အချက်အလက်တွေကိုပဲ သူတို့က ပြမှာပါ... ဒါပေမဲ့ ဒါဟာ ကောင်းမွန်တဲ့ အစပြုမှုတစ်ခုပဲ... သတင်းအချက်အလက် ဌာန ဟာ ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီ ရဲ့ အဓိက မဟုတ်တဲ့ ဌာနတွေထဲက တစ်ခုပဲလေ... "

"အနည်းဆုံးတော့ သူတို့ဆီက ပြင်းထန်တဲ့ တုံ့ပြန်မှုမျိုး ရမှာ မဟုတ်ဘူး... ဘာလုပ်ရမလဲဆိုတာကတော့ မင်းအပေါ်မှာပဲ မူတည်ပါတယ်... တကယ်တော့ မင်းဟာ အတိတ်ကိုပဲ အာရုံစိုက်သင့်တာပါ..."

"ကျွန်တော် နားလည်ပါပြီ... ဒါဆို ကျွန်တော် ကောင်းချိုးနဲ့ ဘယ်တော့ တွေ့ရမလဲ..."

"ငါလည်း မသိဘူး... ဒါပေမဲ့ မင်း ဒီမှာ ရှိနေတာကို သူ သိပါတယ်... သူ မင်းကို တွေ့ချင်တဲ့အခါကျရင် သူ့ အလိုလို ပြန်လာမှာပါ... ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီ ရဲ့ သတင်းအချက်အလက် ဌာန က ကျုံးကျင်းမြို့ မှာ ရှိတာ... အဲဒါ ဆူးမိသားစုရဲ့ နယ်မြေပဲ... မင်းရဲ့ ဘေးကင်းရေးအတွက်တော့ ငါ မစိုးရိမ်ပါဘူး... "

" ဒါပေမဲ့ ငါ တစ်ခုတော့ သတိပေးပါရစေ... ဆူးတိုက် ကတော့ မင်း စည်းရုံးကြည့်သင့်တဲ့ လူတစ် ယောက်ပဲ..."

All Chapters