အခန်း ၉၆
Vol. 10 Ch. 96
အခန်း (၉၆)
မျိုးရိုးဗီဇ ပြုပြင်ထားသော လူသားများ
ကောင်းယွမ် စိတ်ထဲ၌ မကောင်းသော အာရုံတစ်ခု ရရှိနေလေသည်။
*ဒီလူက ငါ့အပေါ် ကလဲ့စား ချေဖို့ ကြံစည်နေတာများလား…*
"တကယ်တော့ ဒါတွေက မလိုအပ်ပါဘူးဗျာ... ကျွန်တော် ဒါတွေကို ဂရုမစိုက်ပါဘူး..."
"ဟာ ဘယ်ဖြစ်ပါ့လဲ... မင်း ရှောင်ကျင်းမြို့ကို ရောက်လာမှတော့ မင်းရဲ့ ခရီးစဉ်ကို ငါပဲ စီစဉ်ပေးရမှာ ပေါ့... "
ကောင်းယွမ် စကားမဆိုနိုင်တော့ပေ။ သို့သော် ပြန်စဉ်းစားကြည့်လျှင် ဆူးတိုက်သည် မည်မျှပင် ရူးသွပ် နေပါစေ သူ့အား သတ်ရန်အထိတော့ မဖြစ်နိုင်ပေ။ ထို့ကြောင့် သူ အနည်းငယ် စိတ်အေးသွားခဲ့ရ လေသည်။
အချုပ်အားဖြင့်ဆိုရသော် သူသည် သူစိမ်းနယ်မြေသို့ ရောက်ရှိနေခြင်း ဖြစ်သည့်အတွက် အခြေအ နေကို စောင့်ကြည့်ရန်သာ ဆုံးဖြတ်လိုက်လေ၏။
သူတို့သည် ယာဉ်ပျံပေါ်သို့ တက်လိုက်ကြသည့်အခါ ဆူးတိုက်က ရှောင်ကျင်းမြို့၏ အထင်ကရ နေရာ များကို စတင်မိတ်ဆက်ပေးခဲ့လေသည်။
"ဟိုမှာ မြင်ရတဲ့ အမြင့်ဆုံး အဆောက်အအုံက (၁၅၆၀) မီတာ မြင့်တယ်... နတ်ဘုံနတ်နန်းနဲ့ တူတယ်မ လား... အဲဒါက ဖွံ့ဖြိုးတိုးတက်ရေး အုပ်ချုပ်မှုဌာနရဲ့ ဌာနချုပ်ပဲ... နောင်ဆိုရင် မင်း ဒီမှာ အလုပ်လုပ်ရ မှာ..."
ကောင်းယွမ်သည် တိမ်တိုက်များကို ဖောက်ထွက်နေသော ထိုအဆောက်အအုံကြီးကို အံ့ဩမှင်သက်စွာ စိုက်ကြည့်နေခဲ့မိလေသည်။
"အောက်က စက်ဝိုင်းပုံ အဆောက်အအုံကြီးကတော့ နေအဖွဲ့အစည်းမှာ အကြီးဆုံး ကုန်သွယ်ရေး စင်တာပဲ... သယံဇာတ အမျိုးမျိုးကို အဲဒီမှာ အရောင်းအဝယ် လုပ်ကြတာလေ..."
ကောင်းယွမ် ခေါင်းတငြိမ့်ငြိမ့် လုပ်လိုက်မိလေ၏။
"တကယ်ကို အံ့ဩစရာပဲ..."
"ဒါက ဘာမှမဟုတ်သေးဘူး... ဒီထက် ပိုလန်းတာတွေ ရှိသေးတယ်..."
ဆူးတိုက်က ရမ္မက်ဆန်သော အမူအရာဖြင့် ပြောလိုက်လေသည်။
"ဘာလဲဟင်..."
"ဟဲဟဲ... လျှို့ဝှက်ချက်ပေါ့... ဒီည မင်းကို ငါ လိုက်ပို့ပေးမယ်... အခုတော့ မင်းရဲ့ လုပ်ဖော်ကိုင်ဖက်တွေ နဲ့ အထက်လူကြီးတွေကို တွေ့ဖို့ ဖွံ့ဖြိုးတိုးတက်ရေး အုပ်ချုပ်မှုဌာန ဌာနချုပ်ကို အရင်သွားကြရ အောင်..."
...
ကောင်းယွမ် ဖွံ့ဖြိုးတိုးတက်ရေး အုပ်ချုပ်မှုဌာနသို့ လာမည့် သတင်းမှာ ပျံ့နှံ့နေခဲ့ပြီ ဖြစ်လေသည်။ သတင်းအချက်အလက်ဌာန၏ ညွှန်ကြားရေးမှူး ရာထူးမှာ အရေးမကြီးသော်လည်း အဓိကမှာ ကောင်းယွမ်၏ အထောက်အထားပင် ဖြစ်၏။ သူသည် ကောင်းချိုး၏ မြေးဖြစ်သည်မဟုတ်ပါလား။
ကောင်းချိုးဟူသော အမည်မှာ ဤဌာနတွင် အလွန်ပင် ကျော်ကြားလှပေသည်။
နှစ်ပေါင်းများစွာအတွင်း ကောင်းချိုးသည်သာ စနစ်ကို ပြုပြင်ပြောင်းလဲရန် အနီးစပ်ဆုံး ကြိုးပမ်းနိုင်ခဲ့ သူ ဖြစ်ပေသည်။ အခြားသော လူသားကောင်စီမှ အမှုဆောင်များကိုမူ ဤသူများက ဂရုပင်မစိုက်ကြ ပေ။ လွှတ်တော်များက ပြောင်းလဲနေမည် ဖြစ်သော်လည်း ဖွံ့ဖြိုးတိုးတက်ရေး အုပ်ချုပ်မှုဌာနမှာမူ အမြဲတမ်း တည်ရှိနေသည် မဟုတ်ပါလား။
ဤသူများသည် ကောင်းမိသားစု၏ မျိုးဆက်တွင် မည်သို့သော စွမ်းပကားများ ရှိနေသည်ကို သိချင်နေ ကြလေသည်။ ကောင်းယွမ်သည် ကောင်းကင်ယံသို့ ထိုးတက်နေသော ဓားတစ်လက်ကဲ့သို့ အဆောက် အအုံကြီး၏ အောက်တွင် ရပ်နေရင်း အထက်သို့ မော့ကြည့်လိုက်လေ၏။
"သွားကြစို့..."
ဆူးတိုက်က ပြောလိုက်လေသည်။
"အင်း..."
"အရင်ဆုံး ငါ့အဖေဆီ သွားကြတာပေါ့... သူက ဖွံ့ဖြိုးတိုးတက်ရေး အုပ်ချုပ်မှုဌာနရဲ့ အထွေထွေ အတွင်းရေးမှူးချုပ်ပဲ..."
ဖွံ့ဖြိုးတိုးတက်ရေး အုပ်ချုပ်မှုဌာနတွင် အဓိကကျသော ဌာနကြီး လေးခု ရှိလေသည်။ ၎င်းတို့မှာ အတွင်းရေးမှူးရုံး၊ စက်ကိရိယာဌာန၊ ဘဏ္ဍာရေးဌာနနှင့် အရေးပေါ် စီမံခန့်ခွဲမှုဌာနတို့ ဖြစ်၏။
ထိုဌာနကြီး လေးခုကို လူသုံးဦးကသာ ထိန်းချုပ်ထားခြင်း ဖြစ်ပေသည်။ အကြောင်းမှာ အရေးပေါ် စီမံ ခန့်ခွဲမှုဌာန၏ ညွှန်ကြားရေးမှူးမှာ ဆူးတိုက်၏ အစ်ကိုဖြစ်သူ ဆူးချန် ဖြစ်နေသောကြောင့်ပင် ဖြစ်လေ သည်။
ဆူးတိုက်၏ ဖခင် ဆူးမူယန်မှာ အတွင်းရေးမှူးရုံး၏ အထွေထွေအတွင်းရေးမှူးချုပ် ဖြစ်ပေသည်။ ဤ ဌာနလေးခု၏ အထက်တွင် အမည်ခံခေါင်းဆောင်အဖြစ် ဖွံ့ဖြိုးတိုးတက်ရေး အုပ်ချုပ်မှု ကော်မတီ ဥက္ကဋ္ဌ ရှိသော်လည်း လက်ရှိဥက္ကဋ္ဌမှာ အာဏာမရှိသည့် ရုပ်သေးရုပ် တစ်ဦးသာ ဖြစ်ပေသည်။
ကောင်းယွမ် တာဝန်ယူရမည့် ဒေတာဌာန ညွှန်ကြားရေးမှူး ရာထူးမှာ သုတေသနဌာန၏ လက်အောက်ခံ ဖြစ်လေ၏။ သုတေသနဌာနမှာ ဖွံ့ဖြိုးတိုးတက်ရေး အုပ်ချုပ်မှုဌာန၏ အဆင့်နိမ့်ဌာနတစ်ခုသာ ဖြစ် သော်လည်း ယခုအခါ ကောင်းယွမ်၏ အမည်ကြောင့် သူသည် သူ၏ အထက်လူကြီးထက်ပင် ပို၍ အရေးပါနေခဲ့ပေတော့သည်။
"ဒီလောက် အဆင့်နိမ့်တဲ့ ရာထူးနဲ့ လူတစ်ယောက်က အထွေထွေအတွင်းရေးမှူးချုပ်ကို တကယ် တွေ့လို့ ရမှာလား..."
ကောင်းယွမ်က အံ့ဩဟန်ဖြင့် မေးလိုက်လေ၏။
"ဒါပေါ့... မင်းက ကောင်းမိသားစုရဲ့ မျိုးဆက်ပဲလေ... ငါ့အဖေကို တွေ့ဖို့ အရည်အချင်း ပြည့်မီပါ တယ်..."
ဆူးတိုက်က ခဏမျှ တုံ့ဆိုင်းသွားပြီးမှ ဆက်ပြောလိုက်လေသည်။
"ဒါ့အပြင် ငါတို့က အထင်လွဲမှုတွေကနေ သူငယ်ချင်းတွေ ဖြစ်သွားတာပဲ... သူငယ်ချင်းတစ်ယောက် အနေနဲ့ ငါ့အဖေကို တွေ့တာ သဘာဝကျပါတယ်..."
*သူငယ်ချင်း...*
*ဟက်...*
ကောင်းယွမ် ရယ်ချင်သွားမိလေသည်။ အကယ်၍ သူသာ သာမန်လူတစ်ယောက် ဖြစ်ပါက သူ၏ ကလပ်မှာ ဆူးမိသားစု၏ လက်ထဲသို့ ရောက်ရှိသွားပြီ ဖြစ်ပေလိမ့်မည်။
ယခုမူ သူသည် ကောင်းမိသားစုဝင် ဖြစ်နေသည့်အတွက် ဤလူမိုက်သုံးဦးမှာ သူ၏ သူငယ်ချင်းများ ဖြစ်လာရပေတော့သည်။
"အဘိုးကြီးဆူး... မင်းပြောတာ မှန်တယ်... ငါတို့က သူငယ်ချင်းတွေပဲ..."
"ဒါပေါ့..."
သူတို့နှစ်ဦးသည် (၃၁၈) လွှာရှိ ဆူးမူယန်၏ ရုံးခန်းသို့ ရောက်ရှိလာခဲ့ကြလေသည်။ ဓာတ်လှေကားမှာ အလွန်ပင် မြန်ဆန်လှ၏။ သုံးစက္ကန့်အတွင်း အလွှာပေါင်း (၃၁၈) လွှာအထိ ရောက်ရှိသွားခဲ့လေသည်။ ဤအရှိန်မှာ လက်ရှိကမ္ဘာရှိ ဒုံးပျံများ၏ အရှိန်ထက်ပင် ပို၍ မြန်ဆန်နေပေလိမ့်မည်။
သို့သော် ကောင်းယွမ်သည် ဓာတ်လှေကားထဲ၌ မည်သည့် ဟာလာဟင်းလင်း ဖြစ်သွားမှုကိုမျှ မခံစားခဲ့ ရပေ။ အပြင်သို့ ရောက်သည့်အခါ ဆူးတိုက် သူ့ကို လိမ်နေသည်ဟုပင် ထင်မှတ်သွားခဲ့မိလေ၏။
သုံးစက္ကန့်အတွင်း မီတာတစ်ထောင်ကျော် မြင့်တက်လာခြင်းမှာ အလွန်ပင် အံ့အားသင့်ဖွယ် ဖြစ်ချေ သည်။ သာမန်ဓာတ်လှေကားသာ ဆိုပါက ကောင်းယွမ်မှာ အသားစိုင်များအဖြစ် ကြိတ်ခြေခံရပြီး ဖြစ်ပေလိမ့်မည်။
ဤလောက၏ နည်းပညာမှာ အလွန်ပင် မြင့်မားလှသော်လည်း အလွန်ပင် ဆန်းကြယ်လှ၏။ အချို့သော သူများသည် ဘဝပြောင်းလဲရန်အတွက် ကီလိုမီတာ သန်းပေါင်းများစွာ ဝေးသော ဂြိုဟ်သိမ်ဂြိုဟ်မွှား ပတ်လမ်းစုသို့ သွားရောက်ကာ သတ္တုတူးဖော်ကြသည်။ အချို့ကမူ အသားစစ်စစ် တစ်လုပ် စားနိုင်ရန် မည်သည့်တန်ဖိုးကိုမဆို ပေးဆပ်ရန် အသင့်ရှိနေကြ၏။ အချို့ကမူ ပုံရိပ်ယောင်ကမ္ဘာထဲ၌သာ အပျော် အပါးများဖြင့် အချိန်ကုန်နေကြလေသည်။
အချို့သောသူများသည် အင်္ဂါဂြိုဟ်သို့ သွားကာ နေထွက်ချိန်ကို ကြည့်နိုင်ကြပြီး ယူရိုပါတွင် ရေခဲပြင် စကိတ် စီးနိုင်ကြ၏။ သို့သော် အခြားတစ်ဖက်တွင်မူ အချို့မှာ သူတို့၏ အသက်ရှူမှုကိုပင် ထိန်းချုပ်ခံ ထားရလေသည်။
လူသားများသည် နေအဖွဲ့အစည်း၏ အစိတ်အပိုင်း အတော်များများကို ဖွံ့ဖြိုးအောင် လုပ်ဆောင်နိုင်ခဲ့ ကြသော်လည်း ကမ္ဘာမြေပေါ်တွင်မူ လူသားများသည် မြို့ကြီး ရှစ်မြို့၌သာ စုပြုံနေထိုင်ကြရပြီး ကုန်းမြေဧရိယာ၏ တစ်သန်းပုံ တစ်ပုံခန့်တွင်သာ နေထိုင်ခွင့် ရရှိကြလေသည်။
...
ကောင်းယွမ်သည် ဆူးမူယန်၏ ရုံးခန်းထဲသို့ ဝင်လိုက်၏။
ခန့်ညားထည်ဝါသော အရှိန်အဝါရှိသည့် လူလတ်ပိုင်း အမျိုးသားတစ်ဦးကို ကောင်းယွမ် မြင်လိုက်ရလေ သည်။ ဤသည်မှာ သူ စိတ်ကူးယဉ်ခဲ့သော အထက်တန်းလွှာ လူတန်းစားနှင့် အလွန်ပင် ကွာခြားလှပေ သည်။
ဆူးမူယန်က မော့ကြည့်လိုက်ပြီး ကောင်းယွမ်ကို မြင်သောအခါ ပြုံးလိုက်လေသည်။
"မင်းက ကောင်းယွမ်လား..."
"ဟုတ်ပါတယ်... အထွေထွေအတွင်းရေးမှူးချုပ် ဆူး..."
ဆူးမူယန်က ကောင်းယွမ်ကို အထက်အောက် အကဲခတ်သကဲ့သို့ ကြည့်လိုက်၏။
"ကောင်းမိသားစုက တကယ်ကို ထူးချွန်တဲ့ လူတွေ ထွက်တာပဲ..."
ဤစကားမှာ ချီးကျူးခြင်းလော သို့မဟုတ် လှောင်ပြောင်ခြင်းလော ဆိုသည်ကို ကောင်းယွမ် မသိပေ။ သို့သော် သူသည် လက်ကမ်းလိုက်ရင်း ပြောလိုက်လေ၏။
"ဆူးမိသားစုကလည်း တကယ်ကို ထူးချွန်တဲ့ လူတွေနဲ့ ပြည့်နှက်နေတဲ့ မင်္ဂလာရှိတဲ့ နေရာတစ်ခုပါပဲ..."
"လုံကျင်းမြို့က မင်းရဲ့ ကလပ်က တကယ်ကို အထင်ကြီးစရာပဲ... မင်းဆီက ပစ္စည်းတွေကို ငါတောင် မဝယ်နိုင်ဘူး..."
ဤသည်မှာ စိတ်ဝင်စားစရာ ကောင်းလှပေသည်။
ကောင်းယွမ်က မောက်မာခြင်းလည်းမရှိ၊ နှိမ့်ချခြင်းလည်းမရှိဘဲ ပြန်လည်ဖြေကြားလိုက်၏။
"အတွင်းရေးမှူးချုပ် ဆူးက နောက်နေတာပဲ... ဒီလို အရာလေးတွေ ထားပါဦး... ဂြိုဟ်တစ်ခုလုံးကို ပြုပြင်ပြောင်းလဲဖို့ ဆိုတာတောင် ဆူးမိသားစုအတွက်တော့ အသေးအဖွဲပါပဲ..."
ဆူးမူယန်က ရယ်မောလိုက်လေသည်။
"ကောင်းမိသားစုရဲ့ မျိုးဆက်ဆိုတော့လည်း စကားပြောတာက အစ ရန်စချင်တဲ့ ပုံစံပဲ... ဒါ ငါ့ကို စော်ကားနေတာပေါ့လေ..."
ကောင်းယွမ် တိတ်ဆိတ်နေလိုက်၏။ ဆူးမူယန်က သူ၏ အတွင်းရေးမှူးကို လက်ဖက်ရည် နှစ်ခွက် ယူ လာခိုင်းလိုက်လေသည်။
"သောက်ကြည့်ပါဦး... နှစ်ပေါင်း သုံးထောင်သက်တမ်းရှိတဲ့ အပင်က ရတဲ့ တာ့ဟုန်ပေါင်း လက်ဖက် ရည်ပဲ..."
*နှစ်ပေါင်း သုံးထောင်...*
ဤလက်ဖက်ရည် တစ်ခွက်တည်းနှင့်ပင် အရာအားလုံးကို ရှင်းပြရန် လုံလောက်နေပြီဟု ကောင်းယွမ် ခံစားလိုက်ရလေသည်။
အဆင့်မြင့် အရာရှိကြီး ပြောခဲ့သည်မှာ မှန်ပေသည်။ လူသားများသည် တကယ်ပင် ယဉ်ပါးအောင် မွေးမြူခံထားရခြင်း ဖြစ်၏။ သို့မဟုတ်ပါက လက်ရှိ မြို့ကြီး ရှစ်မြို့မှာ မွေးမြူရေးခြံ ရှစ်ခု ဖြစ်နေပြီး ခြံပိုင်ရှင်များမှာ ဖွံ့ဖြိုးတိုးတက်ရေး အုပ်ချုပ်မှုဌာနမှ လူကြီးသုံးဦးပင် ဖြစ်ပေလိမ့်မည်။
သူ လုံကျင်းမြို့တွင် လုပ်ဆောင်ခဲ့သမျှမှာ ဆူးမူယန်၏ မျက်စိထဲတွင် ဘာမျှ မဟုတ်ခဲ့ပေ။
"လက်ဖက်ရည်က တကယ် ကောင်းပါတယ်..."
"နောက်ကျရင် မင်းအတွက် နှစ်ဘူး ပေးလိုက်မယ်... မင်းအဖေအတွက်လည်း တစ်ဘူး ယူသွားပေး လိုက်ပါ... ပြောရရင် မင်းအဖေကို မတွေ့ရတာတောင် နှစ်အတော်ကြာပြီ... သူ နေကောင်းရဲ့လား..."
ဆူးမူယန် ပြောနေသည်မှာ အဆင့်မြင့် အရာရှိကြီးကို ရည်ညွှန်းခြင်း ဖြစ်ပေလိမ့်မည်။
"နေကောင်းပါတယ်..."
"အေးလေ... အခုကစပြီး မင်းလည်း ဖွံ့ဖြိုးတိုးတက်ရေး အုပ်ချုပ်မှုဌာနမှာ အလုပ်လုပ်ရမှာဆိုတော့ ငါတို့က တစ်ဖက်တည်းသားတွေ ဖြစ်သွားပြီပဲ... တစ်ခုခု လိုအပ်ရင် ပြောပါ... မင်းက ငါ့ရဲ့ အသုံးမကျ တဲ့ သား ဆူးတိုက်ထက် အများကြီး ပိုတော်ပါတယ်..."
"သခင်လေးဆူးက စိတ်ရင်းမှန်ပြီး ရိုးသားပါတယ်... သူက သူငယ်ချင်းကောင်း တစ်ယောက်ပါ..."
ဆူးမူယန်က ခေါင်းခါလိုက်၏။
"မင်း သူ့ဘက်ကနေ ပြောပေးနေဖို့ မလိုပါဘူး... ငါ့သားအကြောင်း ငါ သိပါတယ်... ဒီရက်ပိုင်း ပတ်ဝန်း ကျင်ကို လေ့လာဖို့ အချိန်ယူလိုက်ဦး... ဆူးတိုက်ကို မင်းကို မြို့အနှံ့ လိုက်ပြခိုင်းလိုက်မယ်..."
"ဒုက္ခပေးသလို ဖြစ်နေပါဦးမယ်..."
ဆူးမူယန်နှင့် တွေ့ဆုံချိန်မှာ တိုတောင်းသော်လည်း ကောင်းယွမ် အတော်ပင် ဖိအားများ ခံစားခဲ့ရလေ သည်။ ဆူးမူယန်မှာ အလွန်ပင် လည်ပတ်သော မြေခွေးအိုကြီး တစ်ဦး ဖြစ်၏။
ညရောက်သည့်အခါ...၊
ဆူးတိုက်သည် သူ့ကို မြို့တောင်ဘက်ရှိ ရင်ပြင်တစ်ခုဆီသို့ ခေါ်ဆောင်သွားခဲ့လေသည်။ ရင်ပြင်၏ နောက်ဘက်တွင် တံခါးတစ်ခု ရှိနေခဲ့၏။
"ဒါ ဘယ်နေရာလဲ..."
ကောင်းယွမ်က မေးလိုက်လေသည်။
"ဟဲဟဲ... ဝင်ကြည့်ရင် သိလိမ့်မယ်... မင်း တစ်ခါမှ မမြင်ဖူးတဲ့ အရာတွေဆိုတာကို ငါ အာမခံပါတယ်..."
ထိုတံခါးမှ ဝင်လိုက်သည့်အခါ မြေအောက်သို့ ဆင်းသည့် လမ်းတစ်ခု ရှိနေလေသည်။ ထိုလမ်းအတိုင်း သွားပြီးနောက် ကောင်းယွမ်၏ မြင်ကွင်းမှာ ရုတ်တရက် ပွင့်လင်းသွားခဲ့၏။ အတွင်း၌ မီးရောင်စုံများ လင်းထိန်နေပြီး တေးဂီတသံများမှာလည်း ဆူညံနေလေသည်။ ဆူးတိုက်က အော်ခေါ်လိုက်သည့်အခါ အမျိုးသမီးများစွာ ထွက်လာခဲ့ကြလေသည်။
ပထမဆုံး မြင်လိုက်ရသည့်အခါ ကောင်းယွမ်မှာ ပင့်ကူဂူထဲသို့ ရောက်သွားသည်ဟုပင် ထင်မှတ်လိုက်မိ လေ၏။ အမျိုးမျိုးသော ဆန်းပြားသည့် အမျိုးသမီးများ၊ ကြောင်နားရွက်များ၊ ယုန်နားရွက်များနှင့် မီတာ နှစ်မီတာခွဲခန့် မြင့်သော ငါးအမြီးပါသော နတ်သမီးလေးပင် ရှိနေခဲ့သည်။
ကောင်းယွမ် မှင်သက်သွားမိ၏။
"ဒါက... ဝတ်စုံဝတ်ထားတာလား..."
"မင်း နားမလည်ဘူးလား... ဒါတွေက အစစ်တွေလေ... မင်း အဲဒီနားရွက်တွေနဲ့ ငါးအမြီးကို ကိုင်ကြည့်လို့ ရတယ်... ဒါကို မျိုးရိုးဗီဇ ပြုပြင်ထားတဲ့ လူသားလို့ ခေါ်တာပေါ့..."