← Chapters

အခန်း ၂၂၇

Vol. 23 Ch. 227

အခန်း ၂၂၇

Vol. 23 Ch. 227

အခန်း (၂၂၇)

အသက်ရှိသော ဆေးဖိုနှင့် မျှော်လင့်ချက်ကို ပုံဖော်ခြင်း

ရှင်းလင်ထျန်ကုန်းရှိ လျှို့ဝှက်ဓာတ်ခွဲခန်းတစ်ခုအတွင်း၌ ဖြစ်လေသည်။

ဇီယင်းက လင်းရွှမ်းရွှယ်၏ စကားများကို ဖန်းဟန်ထံသို့ တစ်လုံးမကျန် ပြန်လည်ပြောပြလိုက်သောအခါ ဓာတ်ခွဲ ခန်းတစ်ခုလုံးရှိ လေထုမှာ ရေခဲရိုက်သွားသည့်အလား အေးစက်တိတ်ဆိတ်သွားခဲ့လေသည်။

ဖန်းဟန်မှာ တိတ်ဆိတ်သွားခဲ့လေ၏။

ထိုအချိန်တွင် ဓာတ်ခွဲခန်းအတွင်းရှိ စက်ပစ္စည်းများ၏ လည်ပတ်သံများမှာ အလွန်ပင် နားငြီးဖွယ်ကောင်းနေ ခဲ့ပေသည်။

သူ၏ ခေါင်းထဲတွင် လူသေးသေးလေးနှစ်ယောက် အပြင်းအထန် တိုက်ခိုက်နေကြသည့်အလား ခံစားနေရလေ သည်။

အသံတစ်သံက အော်ဟစ်နေလျက်ရှိလေ၏။

"ဒါက တစ်ခုတည်းသော နည်းလမ်းပဲ... သူမကို အသုံးချလိုက်ပါ... မင်း မေအာကို ကယ်တင်နိုင်တယ်လေ... ဟန်ဆောင်မနေနဲ့တော့..."

နောက်ထပ်အသံတစ်သံကလည်း ဒေါသတကြီး အော်ဟစ်နေခဲ့လေသည်။

"ဒါက လူ့အသက်တစ်ချောင်းလေ... မင်း ဒီလိုလုပ်လို့ မရဘူး... လူ့အသက်ကို အမှိုက်လို သဘောထားတဲ့ ဟို တိရစ္ဆာန်ကောင်တွေနဲ့ မင်းနဲ့ ဘာကွာတော့မှာလဲ..."

"သခင်ကြီး..."

ဇီယင်းသည် သူ၏ နာကျင်စွာ ရုန်းကန်နေရသော မျက်နှာဘေးတိုက်မြင်ကွင်းကို ကြည့်ကာ တီးတိုးပြောလိုက် လေ၏။ သူမ၏ မျက်ဝန်းများတွင် သူမကိုယ်တိုင်ပင် သတိမထားမိသော တောင်းဆိုမှုများ ပြည့်နှက်နေခဲ့ လေ သည်။

"အစ်မရူမေ... သိပ်အကြာကြီး စောင့်နိုင်တော့မှာ မဟုတ်ဘူး..."

ထိုစကားများက ဖန်းဟန်၏ နှလုံးသားကို တူကြီးတစ်လက်ဖြင့် ရိုက်ချလိုက်သည့်အလား ထိမှန်သွားခဲ့လေ တော့သည်။

သူသည် ရုတ်တရက် ခေါင်းမော့လာခဲ့ပြီး သူ၏ မျက်လုံးများမှာ သွေးရောင်လွှမ်းနေခဲ့ပြီ ဖြစ်ပေသည်။

အထူးပြုလုပ်ထားသော အထူစား ဖန်ပြတင်းပေါက်မှတစ်ဆင့် ဖန်းဟန်သည် ခုတင်ပေါ်တွင် တိတ်ဆိတ်စွာ လဲလျောင်းနေသော အမျိုးသမီးကို မြင်တွေ့နေရလေသည်။

"မင်း သေချာစဉ်းစားပြီးပြီလား..."

ဖန်းဟန်၏ အက်ကွဲပြီး ဆိုးရွားနေသော အသံမှာ နံရံရှိ အသံချဲ့စက်မှတစ်ဆင့် ထွက်ပေါ်လာခဲ့လေ၏။

"ဒီလမ်းက အရမ်းအန္တရာယ်များတယ်... လုပ်ငန်းစဉ်က... မင်း လက်ရှိခံစားနေရတဲ့ နာကျင်မှုထက် အဆပေါင်း များစွာ ပိုပြင်းထန်လိမ့်မယ်..."

လင်းရွှမ်းရွှယ်၏ မျက်နှာပေါ်တွင် သက်သာရာရသွားသော အပြုံးတစ်ခု ပေါ်လာခဲ့လေသည်။

"ကျွန်မက ငရဲပြည်မှာ ရောက်နေပြီပဲ... နာကျင်မှုကို ဘာကြောက်စရာလိုသေးလို့လဲ..."

သူမ၏ အသံမှာ အားနည်းနေသော်လည်း အလွန်ပင် ရှင်းလင်းပြတ်သားနေခဲ့လေသည်။

"မျှော်လင့်ချက်ရှာဖွေတဲ့လမ်းမှာ သေဆုံးရတာက ကျွန်မအတွက်... အကောင်းဆုံး နိဂုံးပါပဲ... အရှင်... ကျေးဇူး ပြုပြီး ကျွန်မရဲ့ဆန္ဒကို ဖြည့်ဆည်းပေးပါ..."

ဖန်းဟန်သည် မျက်လုံးများကို ဖြည်းညင်းစွာ မှိတ်လိုက်ပြီး သူ၏ ရင်ဘတ်မှာ ပြင်းထန်စွာ နိမ့်ချည်မြင့်ချည် ဖြစ်နေခဲ့လေ၏။

သူ မျက်လုံးများကို ပြန်ဖွင့်လိုက်သောအခါ အေးစက်ပြီး ပြတ်သားသော အကြည့်များသာ ကျန်ရှိနေတော့လေ သည်။

"ကောင်းပြီ..."

နာရီဝက်ကြာပြီးနောက် လင်းရွှမ်းရွှယ်ကို အထူးသီးသန့်စောင့်ကြည့်ရေး လူနာဆောင်သို့ ပြောင်းရွှေ့လိုက်လေ သည်။

အသက်ရှူနှုန်းနှင့် နှလုံးခုန်နှုန်းတို့ကို စောင့်ကြည့်ရန်အတွက် ရိုးရှင်းသော ကိရိယာအမျိုးမျိုးကို သူမ၏ ခန္ဓာကိုယ်နှင့် ချိတ်ဆက်ထားလျက်ရှိလေ၏။

ပထမဆုံး စမ်းသပ်ဆေးရည်ကို အလျင်အမြန်ပင် ပြင်ဆင်လိုက်လေသည်။

ဖန်းဟန် ကိုယ်တိုင် ဆေးထိုးအပ်ကို ကိုင်ဆောင်ထားပြီး ကာကွယ်ရေးဝတ်စုံကို ဝတ်ဆင်ထားလျက် မသိနိုင် သော ကံကြမ္မာကို သယ်ဆောင်ထားသည့် ဆေးရည်ကို လင်းရွှမ်းရွှယ်၏ သွေးကြောထဲသို့ ဖြည်းညင်းစွာ ထိုးသွင်းလိုက်လေတော့သည်။

ဆေးရည်ကို ထိုးသွင်းလိုက်သည်နှင့် တစ်ပြိုင်နက် ပြင်းထန်သော တုံ့ပြန်မှုက ချက်ချင်းပင် ပေါက်ကွဲထွက်ပေါ် လာခဲ့လေတော့သည်။

"အု..."

လင်းရွှမ်းရွှယ်၏ ခန္ဓာကိုယ်မှာ ရုတ်တရက် ကော့တက်သွားပြီး ကုန်းပေါ်ပစ်တင်ခံရသော ငါးတစ်ကောင်ကဲ့သို့ ပြင်းထန်စွာ တုန်ယင်နေခဲ့လေသည်။

သူမ၏ ခန္ဓာကိုယ်ပေါ်ရှိ ရုပ်ဆိုးလှသော အနီရောင်အကွက်များမှာ အသက်ဝင်လာသည့်အလား ရုန်းကန် လှုပ်ရှားကာ အရူးအမူး ပြန့်နှံ့သွားခဲ့လေ၏။

"အား..."

အသက်ရှူကြပ်လုမတတ် လူမဆန်သော အော်ငြီးသံကြီးတစ်ခုက သူမ၏ လည်ချောင်းနက်ရှိုင်းရာဆီမှ ထွက်ပေါ်လာခဲ့ပြီး ဖြူရော်နေသော နှုတ်ခမ်းများပေါ်မှတစ်ဆင့် ရဲရဲနီနေသော သွေးများ ဖြည်းညင်းစွာ စီးကျလာခဲ့လေတော့သည်။

ထိုနာကျင်ဖွယ်ကောင်းလှသော မြင်ကွင်းက စောင့်ကြည့်ရေးအခန်းအပြင်ဘက်ရှိ ဇီယင်းနှင့် သမားတော်များကို ကျောချမ်းသွားစေခဲ့ပြီး အချို့မှာ ကြောက်ရွံ့လွန်းသဖြင့် မျက်လုံးများကိုပင် မှိတ်ထားလိုက်ကြလေ၏။

"ပြီးဆုံးသွားပြီ..."

သမားတော်တစ်ဦးက ဖြူဖျော့နေသော မျက်နှာဖြင့် ပြောလိုက်လေသည်။

"ကျရှုံးသွားပြီ... သူမ သေတော့မယ်..."

ဇီယင်း၏ နှလုံးသားမှာ တစ်ခဏချင်းအတွင်း အောက်ခြေအထိ ထိုးကျသွားခဲ့လေ၏။

ဖန်းဟန်ကိုယ်တိုင်ပင်လျှင် နဖူးပေါ်ရှိ သွေးကြောများ ထောင်ထလာသည်အထိ ထိုးကျနေပြီး သုညသို့ ရောက် လုနီးပါးဖြစ်နေသော ကိရိယာပေါ်ရှိ အသက်မျဉ်းကွေးကို စူးစိုက်ကြည့်နေခဲ့လေသည်။

*ဒီနောက်ဆုံးနည်းလမ်းကတောင် လမ်းဆုံးဖြစ်နေခဲ့ပြီလား…*

သို့သော်လည်း….။ထိုမျဉ်းကွေးမှာ အောက်ခြေသို့ ရောက်ရှိသွားတော့မည့်အချိန်၊ အရာအားလုံး ပြီးဆုံးသွားပြီဟု အားလုံးက ထင်မှတ်လိုက်သည့် အချိန်မှာပင်။

“တီ...”

မျဉ်းကွေးမှာ အံ့ဖွယ်ကောင်းလောက်အောင် ရုတ်တရက် အထက်သို့ ခုန်တက်သွားခဲ့လေသည်။

အားနည်းနေသော်လည်း သုညသို့ မရောက်သွားခဲ့ပေ။ ၎င်းမှာ အသက်ရှင်နေဆဲပင် ဖြစ်လေသည်။

တစ်ချိန်တည်းမှာပင် အဏုကြည့်မှန်ပြောင်းရှေ့တွင် မတ်တပ်ရပ်နေသော သမားတော်မှာ တစ္ဆေတစ်ကောင်ကို မြင်လိုက်ရသည့်အလား ထိုင်ခုံပေါ်မှ ရုတ်တရက် ခုန်ထလိုက်ပြီး မပီမသဖြင့် အော်ဟစ်လိုက်လေ၏။

"အဲဒါ... အဲဒါ လှုပ်သွားတယ်... မဟုတ်ဘူး... နှေးသွားတာ... ဗိုင်းရပ်စ်... ဗိုင်းရပ်စ်ရဲ့ လှုပ်ရှားမှုက... လျော့ကျ သွားတယ်... လျော့ကျသွားပြီ..."

*ဘုန်း...*

ထိုစကားများက လူတိုင်း၏ စိတ်ထဲတွင် မိုးကြိုးပစ်ချလိုက်သည့်အလား ပေါက်ကွဲသွားခဲ့လေတော့သည်။

ဖန်းဟန်သည် ရှေ့သို့ ပြေးထွက်သွားကာ သမားတော်ကို ဘေးသို့ တွန်းဖယ်လိုက်ပြီး သူ၏ မျက်လုံးများကို အဏု ကြည့်မှန်ပြောင်းအောက်တွင် စူးစိုက်ထားလိုက်လေ၏။

မြင်ကွင်းထဲတွင် မူလက ခြိမ်းခြောက်နေခဲ့သော ထို 'ကျူးလောင်သွေး' များမှာ ယခုအခါ သိသိသာသာ နှေးကွေး သွားခဲ့လေပြီဖြစ်လေ၏။

*အာနိသင် ရှိနေတယ်…*

*ဒီဆေးက တကယ်ကို အလုပ်ဖြစ်နေတယ်…*

ဖန်းဟန်၏ ခန္ဓာကိုယ်မှာ အလွန်အမင်း စိတ်လှုပ်ရှားမှုကြောင့် ပြင်းထန်စွာ တုန်ယင်နေခဲ့လေ၏။

အာနိသင်မှာ အားနည်းနေသော်လည်း၊ ကုန်ကျစရိတ်မှာ လူတစ်ယောက်၏ အသက်ကို လောင်ကျွမ်းစေခဲ့ရသည် မှန်သော်လည်း၊ ဤအရာ... ဤအရာမှာ အဆုံးမဲ့ အမှောင်ထုကို ထိုးဖောက်ဝင်ရောက်လာခဲ့သည့် ပထမဆုံးသော အလင်းတန်းလေးပင် ဖြစ်လေတော့သည်။

All Chapters