အခန်း ၁၇၉
Vol. 18 Ch. 179
အခန်း(၁၇၉) နည်းပြ ခင်ဗျားရဲ့လက်သီးက မာကျောလွန်းတယ်
အောင်ပွဲခံ ဂုဏ်ပြုစားပွဲကို ပြည်နယ်အစိုးရ ဧည့်ရိပ်သာ၏ အကြီးဆုံး စားသောက်ခန်းမဆောင်ကြီး၌ ကျင်းပခဲ့၏။
ပုံဆောင်ခဲမီးပန်းဆိုင်းများက ခန်းမတစ်ခုလုံးကို နေ့လယ်ခင်းကဲ့သို့ လင်းထိန်နေစေပြီး ယူနီဖောင်းဝတ် ရဲအရာရှိများနှင့် မြို့နယ်ကိုယ်စားပြုအဖွဲ့ဝင်များက အချင်းချင်း ခွက်ချင်းတိုက်ကာ မြူးတူးပျော်ရွှင်ဖွယ် လေထုကို ဖန်တီးနေကြသည်။
ဤညသည် အောင်နိုင်သူများ၏ ညပင် ဖြစ်၏။
ကျန်းချန်အဖွဲ့သည် ယနေ့ည၏ အတောက်ပဆုံး ကြယ်ပွင့်ဖြစ်သည်မှာ ယုံမှားဖွယ်မရှိချေ။
ချူးရှန့်ကို ကျိုးကျန်ကော်နှင့် ရှီလဲ့တို့က တစ်ဖက်တစ်ချက်စီမှနေ၍ အဓိကစားပွဲဝိုင်းဆီသို့ သယ်ဆောင်လာခဲ့ကြသည်။
သူ့ရှေ့တွင် ရေတစ်ခွက်ချထားပြီး ပတ်ဝန်းကျင်ရှိ စိတ်အားထက်သန်နေသော မျက်နှာများကို ကြည့်ရင်း သူ၏ မျက်မှောင်များက ပိုပို၍ တွန့်ချိုးလာတော့သည်။
"အကြံပေးအရာရှိချူး... မင်းရဲ့ နာမည်ကို ကြားနေရတာ ကြာပြီဗျ..."
အနီးအနားမြို့မှ ဗျူရိုအကြီးအကဲတစ်ဦးက ဝိုင်ခွက်တစ်ခွက်ကိုင်လျက် မျက်နှာတွင် အပြုံးပန်းဆင်ကာ ရောက်လာခဲ့၏။
"ကျန်းချန်အဖွဲ့က ဒီတစ်ကြိမ်တော့ ငါတို့ကို မျက်စိပွင့်သွားစေတာပဲ... အဲဒီအကြမ်းပတမ်း နံရံဖောက်တဲ့ နည်းစနစ်က တကယ့်ကို အံ့မခန်းပဲ..."
ချူးရှန့်က ခေါင်းမော့လိုက်သည်။
"အင်း..."
ဗျူရိုအကြီးအကဲ၏ အပြုံးက တစ်ခဏမျှ အေးခဲသွားရ၏။
အခြားတပ်ဖွဲ့မှ ကပ္ပတိန်တစ်ဦးက အခြေအနေကို ထိန်းရန် အလျင်အမြန် ဝင်ရောက်လာခဲ့သည်။
"အကြံပေးအရာရှိချူးက တကယ့်ကို ရုပ်ဖျက်ပညာရှင်ပဲ... ကျွန်တော်တို့ ပြန်ရောက်ရင် ချူးစတိုင် လေ့ကျင့်ရေးနည်းလမ်းကို သင်ယူချင်ပါတယ်... အဆင်ပြေမလားဆိုတာ..."
"အဆင်မပြေဘူး..."
ချူးရှန့်က တိကျပြတ်သားစွာ ဖြေကြားလိုက်၏။
ထိုအရာက အလွန်ဒုက္ခများလှသည်။
လေထုက ချက်ချင်း တိတ်ဆိတ်သွားပြီး အလွန်တရာ အနေရခက်သော အခြေအနေသို့ ရောက်ရှိသွားတော့သည်။
"ဟားဟား... ကျွန်တော်တို့ နည်းပြ ဆိုလိုတာက ချူးပညာရပ် ဆိုတာ အရမ်းနက်နဲပြီး စကားနည်းနည်းနဲ့ ရှင်းပြလို့မရဘူးဆိုတဲ့သဘောပါ..."
ကျွမ်းယန်က စားပွဲပေါ်သို့ သူ၏ လက်ဝါးကြီးဖြင့် ရိုက်ချလိုက်ကာ မတ်တတ်ရပ်လျက် ချူးရှန့်ကို ကယ်တင်ရန် ဝင်ရောက်လာခဲ့၏။
သူက သူ့ရှေ့ရှိ အနည်းဆုံး အရက်ဝက်ခန့်ပါသော ဝိုင်ခွက်ကို ကောက်ကိုင်လိုက်ပြီး ခေါင်းဆောင်များကို ပြသလိုက်သည်။
"လေးစားရတဲ့ ခေါင်းဆောင်တို့... ကျွန်တော်တို့ နည်းပြက အရက်မသောက်နိုင်လို့ သူ့ကိုယ်စား ကျွန်တော်ပဲ ဒီတစ်ခွက်ကို သောက်လိုက်ပါ့မယ်..."
ထိုသို့ပြောပြီးနောက် သူက ခေါင်းကိုမော့ကာ ပြင်းရှသော အရက်တစ်ခွက်ကို မျက်တောင်မခတ်တမ်း မော့သောက်လိုက်တော့သည်။
ရှီလဲ့ကလည်း အခြေအနေကို ထိန်းရန်
အမြန်ထရပ်လိုက်ပြီး ခေါင်းဆောင်အချို့ကို ဘေးသို့ဆွဲခေါ်ကာ ချူးပညာရပ် အကြောင်းကို နည်းဗျူဟာတစ်ခုထက်မကဘဲ အင်မော်တယ်အဖြစ် တက်လှမ်းခြင်းအတွက် ကျင့်ကြံရာတွင် သုံးသော မှော်ဆန်သည့် လျှို့ဝှက်လက်စွဲစာအုပ်တစ်ခုပမာ ကြွားလုံးထုတ်နေတော့၏။
ချူးရှန့်မှာ တိတ်ဆိတ်ငြိမ်သက်မှုကို ရရှိသွားသဖြင့် ဝမ်းသာသွားကာ သူ့ရှေ့ရှိ မြေပဲပန်းကန်ကိုသာ အာရုံစိုက်နေလိုက်သည်။
သို့သော် ပြဿနာများက သူ့ဆီသို့ အမြဲတမ်း လမ်းရှာတွေ့နေတတ်၏။
မွှေးပျံ့သော ရနံ့တစ်ခု လွင့်ပျံလာသည်။
တောက်ပသော အနီရောင်ဝတ်စုံနှင့် လူရိပ်တစ်ခုက ဆူညံနေသော လူအုပ်ကြားမှ ဖြတ်လျှောက်လာပြီး စကားစမြည်ပြောဆိုရန် ကြိုးစားနေသော အကြည့်အားလုံးကို လျစ်လျူရှုကာ အဓိကစားပွဲဝိုင်းဆီသို့ တိုက်ရိုက် လျှောက်လာခဲ့၏။
ရောက်လာသူမှာ အမျိုးသမီးတစ်ဦး ဖြစ်သည်။
ခန္ဓာကိုယ်နှင့် အံဝင်ခွင်ကျဖြစ်နေသော အနီရောင်ဂါဝန်ရှည်က သူမ၏ မိန်းမမိုက်ခန္ဓာကိုယ်ကောက်ကြောင်းကို ပိုမို ပေါ်လွင်နေစေ၏။
သူမ၏ ဆံပင်ရှည်များက ကျောပြင်ထက်တွင် ဖြာကျနေပြီး နီရဲသော နှုတ်ခမ်းများက မီးလျှံကဲ့သို့ တောက်လောင်နေသည်။
သူမ ပေါ်လာသည်နှင့်တစ်ပြိုင်နက် စားသောက်ခန်းမဆောင်အတွင်းရှိ အမျိုးသား ထက်ဝက်ခန့်မှာ အသံတိတ်သွားကြတော့သည်။
"အဲဒါ တုန်းဟိုင်မြို့အဖွဲ့ရဲ့ နည်းဗျူဟာအကြံပေး မီးနှင်းဆီ စုမေ့ မဟုတ်ဘူးလား..."
သူမ ဤနေရာတွင် ဘာလာလုပ်သနည်း။
ပတ်ဝန်းကျင်မှ တီးတိုးစကားပြောသံများကို လျစ်လျူရှုလျက် စုမေ့က အနီရောင်အရည်များ ဝဲလည်နေသော ဝိုင်နှစ်ခွက်ကို ကိုင်ကာ ချူးရှန့်ဆီသို့ လျှောက်လာခဲ့သည်။
သူမက ကိုယ်ကိုကိုင်းညွှတ်လိုက်ပြီး ချူးရှန့်ရှေ့တွင် ခွက်တစ်ခွက်ကို ညင်သာစွာ ချထားလိုက်၏။
ဤလှုပ်ရှားမှုကြောင့် သူမ၏ ရင်သပ်ရှုမောဖွယ် ကောက်ကြောင်းများက ချူးရှန့်၏ လက်မောင်းနှင့် ထိလုနီးပါး ဖြစ်သွားရသည်။
ဝိုင်ရနံ့နှင့် ရောယှက်နေသော မွှေးပျံ့ချိုမြိန်သည့် ရေမွှေးနံ့က ချူးရှန့်၏ နှာခေါင်းထဲသို့ ဝင်ရောက်လာ၏။
ချူးရှန့်သည် မြေပဲခွာနေခြင်းကို ရပ်တန့်လိုက်သည်။
သူက အသိအကျွမ်းမရှိသော အမျိုးသမီးကို ခေါင်းမော့ကြည့်လိုက်၏။
စုမေ့၏ နှုတ်ခမ်းထက်တွင် ကစားချင်စရာကောင်းသော အပြုံးတစ်ခု ပေါ်လာသည်။ သူမက စကားမပြောဘဲ ချူးရှန့်အနီးသို့ ပို၍ တိုးကပ်သွား၏။
သူမ၏ ပန်းရောင်သန်းနေသော နှုတ်ခမ်းများက ချူးရှန့်၏ နားရွက်ကို ပွတ်တိုက်သွားပြီး သူမ၏ နွေးထွေးသော ဝင်သက်ထွက်သက်များက နားရွက်ကို ယားယံစေသည်။
"နည်းပြချူး..."
သူမ၏ အသံက သဘာဝအတိုင်း ဆွဲဆောင်မှုရှိပြီး အနည်းငယ် အက်ရှရှနိုင်လှ၏။
"ရှင်ရဲ့ လက်သီးတွေက မာကျောလိုက်တာ..."
"တခြားနေရာတွေမှာရော အဲ့လောက်မာကျောသလားလို့ သိချင်မိတယ်..."
သူမက ထိုစကားများကို လေမှုတ်သံလေးဖြင့် ပြောလိုက်ခြင်းဖြစ်သည်။
ပတ်ဝန်းကျင်ရှိလူများ သေချာမကြားရသော်လည်း ရဲတင်းလှသော စကားများနှင့် ချူးရှန့်အပေါ် ဖိကပ်လုနီးပါး ဖြစ်နေသော ပူနွေးသည့် ခန္ဓာကိုယ်ကြောင့် သူ့ကို အေးခဲသွားစေ၏။
ပုံမှန်အားဖြင့် ကြမ်းတမ်းပြီး ခြိမ်းခြောက်တတ်သော ရုပ်ရည်ရှိသည့် သူ၏ မျက်နှာမှာ ပထမဆုံးအကြိမ်အဖြစ် ပြိုလဲပျက်စီးလုမတတ် အရိပ်အယောင်များ ပေါ်လာတော့သည်။
ကျန်းချန်အဖွဲ့ဝင်များအားလုံး ဆွံ့အသွားကြ၏။
ကျွမ်းယန်က တစ်စုံတစ်ခုပြောရန် ဟန်ပြင်လိုက်ချိန်တွင် ရှီလဲ့က သူ့ကို ဖိချလိုက်သည်။
ရှီလဲ့က သူ့ကို ကြည့်ကာ ခေါင်းကို အဆက်မပြတ် ခါယမ်းပြပြီး ပါးစပ်မှ အသံမထွက်ဘဲ ပြောလိုက်၏။
"မလှုပ်နဲ့... မင်းသေသွားလိမ့်မယ်..."
ဤထူးဆန်းပြီး ပူအိုက်ကျပ်တည်းလှသော လေထုထဲတွင် စားသောက်ခန်းမဆောင် ဝင်ပေါက်၌ လူရိပ်နှစ်ခု ပေါ်လာခဲ့သည်။
ချင်ယွိပင်းနှင့် လင်းဝမ်ချင်တို့ပင် ဖြစ်၏။
သူတို့က ချူးရှန့်၏ မွေးနေ့ကို ကျင်းပပေးရန် အထူးလာရောက်ခဲ့ကြခြင်းဖြစ်သည်။
ဝင်ဝင်လာချင်းမှာပင် သွေးဆူစေမည့် မြင်ကွင်းတစ်ခုကို သူတို့ တွေ့လိုက်ရ၏။
ချင်ယွိပင်း၏ မျက်နှာက ချက်ချင်း အေးစက်သွားတော့သည်။
သူမက ဒေါက်မြင့်ဖိနပ်ဖြင့် အဓိကစားပွဲဝိုင်းဆီသို့ တည့်မတ်စွာ လျှောက်လာခဲ့ပြီး ခြေလှမ်းတိုင်းက လူတိုင်း၏ နှလုံးခုန်သံကို နင်းချေနေသကဲ့သို့ ရှိသည်။
လင်းဝမ်ချင်ကမူ လက်ထဲတွင် ဓာတ်ဘူးတစ်လုံးကို ကိုင်ကာ သူမ၏ နောက်မှ လိုက်ပါလာပြီး နူးညံ့သော မျက်နှာပေါ်တွင် အပြုံးပန်း လုံးဝမရှိတော့ချေ။
"ချူးရှန့်..."
ချင်ယွိပင်း၏ အသံက မကျယ်သော်လည်း စားပွဲဝိုင်းရှိ လူတိုင်း၏ နားထဲသို့ ရှင်းလင်းစွာ ရောက်ရှိသွား၏။
စုမေ့က မတ်တတ်ရပ်လိုက်ပြီး လျှောက်လာသော ချင်ယွိပင်းကို စိန်ခေါ်လိုသည့် အကြည့်ဖြင့် ကြည့်လိုက်သည်။
ချင်ယွိပင်းက စုမေ့ကို တစ်ချက်မျှပင် မကြည့်ဘဲ ချူးရှန့်ဘေးသို့ လျှောက်သွားခဲ့၏။
သူမက လက်လှမ်းကာ စုမေ့ကို သဘာဝကျကျ ဘေးသို့ ဖယ်ထုတ်လိုက်ပြီးနောက် အခြားလူများ မရှိသကဲ့သို့ ချူးရှန့်၏ သပ်ရပ်နေပြီးသား ကော်လာကို စတင် ပြင်ဆင်ပေးနေတော့သည်။
"အင်္ကျီတွေ အကုန်တွန့်ကျေနေပြီပဲ..."
သူမ၏ လှုပ်ရှားမှုများက နူးညံ့သော်လည်း သူမ၏ စကားများက ငြင်းဆန်၍မရသော ပိုင်ဆိုင်ခွင့် ကြေညာချက်တစ်ခု ပါဝင်နေ၏။
စုမေ့က မျက်လုံးများကို မှေးကျဉ်းလိုက်သည်။
သူမက ခွက်ထဲရှိ ဝိုင်ကို လှုပ်ခါလိုက်ပြီး အနီရောင် နှုတ်ခမ်းထက်တွင် အပြုံးတစ်ခုက ခိုတွဲနေ၏။
“ဒါက ဘယ်သူပါလိမ့်”
ထိုအခါ ချင်ယွိပင်းက သူမဆီသို့ အကြည့်လွှဲလိုက်ပြီး ဂရုမစိုက်သော လေသံဖြင့် ပြောလိုက်သည်။
"ငါက သူ့လူပဲ..."
အတိုချုပ်ပြောရလျှင် ၎င်းတွင် သတင်းအချက်အလက် အများအပြား ပါဝင်နေ၏။
စုမေ့က တစ်ခဏမျှ ရပ်တန့်သွားပြီးနောက် တခစ်ခစ် ရယ်မောလိုက်ရာ သူမ၏ ရင်သားများက လှုပ်ခါသွားသည်။
"စိတ်ဝင်စားစရာပဲ..."
သြဇာတိက္ကမကြီးမားသော အမျိုးသမီးနှစ်ဦး ထိပ်တိုက်တွေ့တော့မည့် အချိန်တွင် လင်းဝမ်ချင်က တိတ်ဆိတ်စွာ ရှေ့သို့ တက်လာခဲ့၏။
သူမက ဤထိပ်တိုက်ရင်ဆိုင်မှုတွင် မပါဝင်ခဲ့ပေ။
သူမက လက်ထဲရှိ ဓာတ်ဘူးကို ဖွင့်ကာ အငွေ့ထောင်းထောင်းထနေသော ကြက်သားစွပ်ပြုတ်တစ်ပန်းကန်ကို ခပ်ယူလိုက်ပြီး ချူးရှန့်ရှေ့တွင် ညင်သာစွာ ချပေးလိုက်သည်။
"အရာရှိချူး... ရှင့်အစာအိမ်က ထိခိုက်လွယ်လို့ အရက်နဲ့ အအေးစာတွေ မသောက်ပါနဲ့..."
"ကျွန်မ ရှင့်အတွက် စွပ်ပြုတ်လုပ်လာတယ်..."
အာဏာရှင်ဆန်သော ပိုင်စိုးပိုင်နင်း ကြေညာမှုတစ်ခု။
နူးညံ့ပြီး ကြင်နာတတ်သူတစ်ဦး။
ထို့အပြင် ရဲတင်းပြီး ရန်စလိုသော မြှူဆွယ်မှုတစ်ခု ပါဝင်နေသေး၏။
ကွဲပြားခြားနားသော စတိုင်လ်များရှိသည့် ရင်သပ်ရှုမောဖွယ် အလှတရားပိုင်ရှင် အမျိုးသမီးသုံးဦးက ချူးရှန့်ကို ဝန်းရံထားကြသည်။
ပိုမိုရှုပ်ထွေးပြီး ပိုမို ကြောက်မက်ဖွယ်ကောင်းသော စစ်မြေပြင်အသစ်တစ်ခု ဖန်တီးပေါ်ပေါက်လာပြီဖြစ်၏။
ချူးရှန့်မှာ အသက်ရှူကျပ်နေသကဲ့သို့ ခံစားလိုက်ရသည်။
ပတ်ဝန်းကျင်ရှိ လေထု၏ အပူချိန်က ပူလိုက်အေးလိုက် အတက်အကျ ဖြစ်နေသည်ကိုပင် သူ ခံစားနေရ၏။
ထိုအရာက အလွန်ဒုက္ခများလှသည်။
သူက စားသောက်ခန်းမဆောင် ဝင်ပေါက်ကို လှမ်းကြည့်လိုက်ပြီး သူ့စိတ်ထဲတွင် အတွေးတစ်ခုတည်းသာ ရှိတော့သည်။
ထွက်ပြေးရန်ပင်။
"ကျွန်တော် သန့်စင်ခန်း သွားလိုက်ဦးမယ်..."
ထိုသို့ပြောပြီးနောက် ချူးရှန့်က မတ်တတ်ရပ်ကာ ထွက်ပြေးရန် ပြင်လိုက်သည်။
သို့သော် ခြေတစ်လှမ်း လှမ်းလိုက်သည်နှင့် သူ့လမ်းကြောင်း ပိတ်ဆို့ခံထားရကြောင်း တွေ့လိုက်ရ၏။
စားသောက်ခန်းမဆောင် ဝင်ပေါက်တွင် အမျိုးသားနှစ်ဦးက ဘယ်ကနေဘယ်လို ရောက်လာမှန်းမသိ ရပ်နေကြသည်။
သူတို့က သပ်ရပ်သော အနက်ရောင်ဝတ်စုံများကို ဝတ်ဆင်ထားပြီး အရပ်ရှည်ကာ လေးနက်သော မျက်နှာအမူအရာများရှိသဖြင့် ပတ်ဝန်းကျင်ရှိ ပျော်ရွှင်ဖွယ် လေထုနှင့် ကိုက်ညီမှုမရှိသကဲ့သို့ ဖြစ်နေ၏။
သူတို့ထဲမှတစ်ဦးက ချူးရှန့်ကို အနည်းငယ် ခေါင်းညိတ်ပြလိုက်သည်။
"မစ္စတာချူး... ကျွန်တော်တို့ ခင်ဗျားကို စောင့်နေတာ ကြာပါပြီ..."
သူတို့၏ ပေါ်လာမှုက တင်းမာပြီး ရှုပ်ထွေးနေပြီဖြစ်သော အခြေအနေအပေါ်သို့ မျက်စိဖြင့်မမြင်နိုင်သော ဖိအားတစ်လွှာကို ထပ်မံ ပေါင်းထည့်လိုက်သကဲ့သို့ ရှိသည်။
ချူးရှန့်၏ ခြေလှမ်းများ ရပ်တန့်သွား၏။
သူက ထိုနှစ်ဦးစလုံးကို မှတ်မိသည်။
သူတို့မှာ စောစောက အစည်းအဝေးခန်းမ ပြင်ပ၌ ပြည်နယ်ဌာန၏ အကြီးအကဲနောက်မှ လိုက်ပါလာခဲ့သော လူနှစ်ဦးပင် ဖြစ်တော့သည်။