အခန်း (၃၃၂၁-၃၃၂၄)
Vol. 146 Ch. 3321-3324
အပိုင်း (၃၃၂၁)
ဘာသာပြန်သူ_တိမ်တိုက်
ဆေးကြော၍ အဝတ်အစားအသစ်တစ်စုံ လဲပြီးသည့်နောက်တွင် ရန်ကိုင်သည် လင်းယင်ချင်းနေသည့်နေရာ၌ တင်ပလင်ခွေထိုင်ကာ တစ်ညလုံး ပြန်လည် အနားယူအားဖြည့်ခဲ့သည်။ နောက်တစ်နေ့မနက် နေထွက်လာသော အိမ်ထဲမှ အားပြည့်အင်ပြည့်ဖြင့် ထွက်လာခဲ့လေ၏။
လင်းယင်ချင်းနှင့် လန်ဟဲတို့မှာတော့ အိမ်အပြင်ဘက်တွင် တစ်ညလုံး ရပ်စောင့်နေပေးခဲ့လေသည်။ နောက်တစ်နေ့မနက် ရန်ကိုင်ထွက်လာသည်ကို မြင်သည့်အခါ နှစ်ဦးစလုံး အံ့အားသင့်သွားကုန်ကြလေသည်။ ခရမ်းရောင်ဝတ်ရုံဝတ်လူနှင့် တိုက်ခိုက်ရာတွင် ရန်ကိုင်မှာ ဒဏ်ရာပေါင်းများစွာကို ရရှိခဲ့ပြီး သူ့ခန္ဓာကိုယ်ထက် ဒဏ်ရာမရထားသည့်နေရာဆို၍ မရှိပေ။ သို့သော်ငြား တစ်ညလေးသာ ကြာသေးပါသော်ငြား ယခုဆိုလျှင် ရန်ကိုင်ကိုယ်ပေါ်ရှိ ဒဏ်ရာအားလုံးမှာ ပျောက်ချင်းမလှ ပျောက်ကွယ်နေခဲ့လေသည်။
ဤမျှ မြန်ဆန်လွန်းလှသော ပြန်လည်ကောင်းမွန်နိုင်စွမ်းသည် အမှန်တကယ်ကို မယုံကြည်နိုင်စရာ ကောင်းလှပေသည်။
လူအိုကြီးမှာလည်း အိမ်အပြင်ဘက်တွင် ရှိနေခဲ့လေသည်။ ရန်ကိုင်ကိုမြင်သည့်အခါ လူအိုကြီး၏မျက်လုံးထဲ အလင်းတစ်ချက် ဖြတ်ပြေးသွားခဲ့ပြီး တလေးတစားဖြင့် လှမ်းအော်ခေါ်လိုက်လေသည်။ “သခင်လေး…”
ရန်ကိုင်သည် လူအိုကြီးကိုလှမ်းကြည့်၍ ပြုံးဖြီးလိုက်သည်။ တစ်ညတာအနားယူနေစဉ်အတောအတွင်း ရန်ကိုင်မှာ အကြောင်းအရာပေါင်းများစွာကို သဘောပေါက်သွားခဲ့သည်။ ဤလူအိုကြီး မည်သူမည်ဝါဖြစ်သလဲဆိုသည်ကို သေချာမသိသေးပါသော်ငြား ဤလူအိုကြီးမှ သူ့အား သခင်လေးဟု ခေါ်နေရသည့် အကြောင်းအရင်း တစ်ချက်သာ ရှိပေသည်။ ဤလူအိုကြီးသည် သူ၏ကာကွယ်မှုကို လိုချင်နေခြင်းသာ ဖြစ်သည်။
ယမန်နေ့က လူအိုကြီးသည် လီဝူရီမှ သူ့အား စိတ်ဝိဉာဉ်သားရဲကျွန်းဆီသို့ ပြန်ခေါ်သွားလိုလျှင် ရန်ကိုင်၏ခွင့်ပြုချက်ကို အရင်ဦးဆုံး တောင်းရမည်ဟု ပြောခဲ့သည်။
(အဲ့လိုကိစ္စမှာ ငါဝင်ပါလို့ အဆင်ပြေပါ့မလား… လီဝူရီ သူ့ကို စိတ်ဝိဉာဉ်သားရဲကျွန်းဆီ ပြန်ခေါ်သွားချင်ရင်လည်း ခေါ်သွားပစေပေါ့… ဒီလူအိုကြီးပုံစံက ကောင်းတဲ့ပုံစံမပေါက်ဘူး… ငါ့ဘေးနားမှာနေနေရင် မဟုတ်တရုတ်တွေ လျှောက်လုပ်နိုင်တယ်… အဲ့ခါကျရင် ငါ့ဂုဏ်သတင်းပါ ထိခိုက်မှာ… ပြီးတော့ သူထုတ်ပြသွားတဲ့စွမ်းအားအရကလည်း သူက ငါဖိနှိပ်နိုင်တဲ့လူမျိုး မဟုတ်ဘူး…)
ထိုအကြောင်းကြောင့် အလွန်ကိုမှ အားကောင်းလှသည့်လူတစ်ဦးမှ သူ့အား သခင်လေးဟုခေါ်နေသည့်အပေါ် ရန်ကိုင်မှာ ကျေနပ်မိပါသော်ငြား ဤလမ်းလျှောက်နေသည့် အန္တရာယ်ဆိုးကြီးကို သူနှင့်အတူ လက်မခံထားချင်ပေ။
ရန်ကိုင်အနေဖြင့် ဤလူအိုကြီးအား ကာကွယ်ပေးနိုင်မည်ဆိုလျှင် ထိုသို့လုပ်စရာမလိုဟု ထင်မိပေသည်။
လူအိုကြီးမှာ ရန်ကိုင်၏ အဓိပ္ပာယ်ပါသောအပြုံးအား သတိထားမိလိုက်သည့်အလား ပြန်ပြောလိုက်လေ၏။ “သခင်လေး ဘာများ အမိန့်ရှိလဲ…”
“ခင်ဗျားကိုတော့ ဘာမှ အမိန့်မပေးရဲပါဘူး…” ရန်ကိုင်က လက်ဝှေ့ယမ်း၍ လန်ဟဲကိုကြည့်ကာ “ဟိုစီနီယာနှစ်ယောက်ရော…”
လန်ဟဲက ပြန်ပြောလိုက်သည်။ “စီနီယာနှစ်ယောက်က အခု ကောင်းကင်ဝံပုလွေတောင်ကြားရဲ့ ဧည့်နန်းတော်ထဲမှာ နေနေတယ်…”
“အဲ့ကိုသွားကြတာပေါ့…”
လန်ဟဲလည်း ခေါင်းညိတ်၍ ရန်ကိုင်အား လီဝူရီ၊ ကျို့ဖုန်းတို့နှင့် တွေ့နိုင်စေရန် ခေါ်သွားပေလေသည်။ လင်းယင်ချင်းမှာတော့ ထိုနှစ်ဦးနှင့် မသိသည့်အတွက်ကြောင့် လိုက်မလာခဲ့ပေ။
လီဝူရီနှင့် ကျို့ဖုန်းတို့မှာ ဧည့်နန်းတော်ထဲတွင် ရှိမနေခဲ့ဘဲ တောင်တစ်လုံးပေါ်ရှိ အဆောက်အဦးတစ်ခုဆီသို့ ရောက်နေကြလေသည်။
လန်ဟဲနှင့်ရန်ကိုင်တို့မှာ အတန်ကြာအောင် လိုက်ရှာနေပြီးမှသာလျှင် ထိုနှစ်ဦးအား တွေ့သွားခဲ့သည်။ လန်ဟဲမှာ ခပ်လှမ်းလှမ်းတွင် ရပ်ကျန်နေခဲ့ပြီး ရန်ကိုင်ကမူ တည့်တည့်မတ်မတ် ပျံသန်းသွားခဲ့လေသည်။ လူအိုကြီးမှာလည်း ရန်ကိုင်အား ကာကွယ်ရန် ဆုံးဖြတ်ထားသည့်အလား ရန်ကိုင်နောက်မှ လိုက်လာခဲ့သည်။
အဆောက်အဦးထဲသို့ ဝင်လာပြီးသည့်နောက် ရန်ကိုင်က လက်သီးဆုပ်၍ နှုတ်ဆက်လိုက်လေသည်။ “မင်္ဂလာပါ စီနီယာတို့…”
လီဝူရီ မျက်ခုံးပင့်သွားစဉ် ကျို့ဖုန်းကမူ ပြုံး၍ “မနေ့တုန်းကကျတော့ ငါတို့ကို အစ်ကိုနဲ့အစ်မလို့ ခေါ်ပြီးတော့ ဒီနေ့ကျတော့ စီနီယာလို့ ခေါ်နေတယ်ပေါ့ ဟုတ်လား…”
ရန်ကိုင်က ပြုံး၍ “ဒီနေ့နဲ့ မနေ့က မတူတော့ဘူးလေ… မနေ့တုန်းက ဒီဂျူနီယာ စိတ်ဝိဉာဉ်သားရဲကျွန်းနဲ့ ရင်းနှီးတယ်လို့ အခြားသူတွေ ထင်သွားအောင် စီနီယာတို့ ကူညီပေးခဲ့မှန်း သိတယ်… ဂျူနီယာကလည်း စီနီယာတို့ လုပ်ပေးတာနဲ့ ပတ်သက်ပြီးတော့ ကျေးဇူးတင်ပါတယ်… အခု ရန်သူတွေ မရှိတော့ဘူးဆိုမှတော့ ဒီတိုင်း ပုံမှန်အတိုင်း ပြန်ခေါ်လို့ရပြီပေါ့…”
တစ်ချက်မျှ ရပ်ပြီးသည့်နောက် ရန်ကိုင်က ဆက်၍ ပြောလိုက်သည်။ “ပြီးတော့ ရှောင်ချီနဲ့ ကျုပ်က တစ်ယောက်နဲ့တစ်ယောက် အစ်ကိုနဲ့ ညီမ ဆိုပြီးတော့ ခေါ်နေကြတာလေ… ပြီးတော့ ရှောင်ချီက စီနီယာတို့ကို ဦးလေးနဲ့ အဒေါ်ဆိုပြီး ခေါ်နေတာ… ကျုပ်သာ စီနီယာတို့ကို အစ်ကိုအစ်မလို့ ခေါ်လိုက်ရင် ရှောင်ချီနဲ့ ကျုပ်က တစ်ယောက်နဲ့တစ်ယောက် ဘယ်လိုခေါ်ရတော့မှာလဲ…”
“နင့်ကြည့်ရတာ အရမ်းမရူးသေးဘူးပဲ…” ကျို့ဖုန်းက ပြောလိုက်သည်။
လီဝူရီကလည်း ဝင်ပြောလိုက်သည်။ “တစ်ယောက်နဲ့တစ်ယောက် ခေါ်နေရုံပဲကို… ဘာမှထူးတာမဟုတ်ဘူး… ဒါနဲ့ မင်း အဆင့်နိမ့်ကြယ်စီရင်စုဆီ ရောက်သွားပြီမှတ်နေတာ ဘယ်တုန်းက ဒီကိုပြန်ရောက်လာတာလဲ..”
“မကြာသေးဘူး…”
လီဝူရီက အလေးအနက်အမူအယာဖြင့် မေးလိုက်၏။ “ဝူခွမ်းကိုရော တွေ့လား…”
ထိုနာမည်ကိုကြားသော် ရန်ကိုင်ဘေးနားတွင် တစ်ချိန်လုံးတိတ်နေခဲ့သော လူအိုကြီး မျက်ခုံးပင့်သွားခဲ့ပြီး အနည်းငယ် တုန်တုန်ရီရီ ဖြစ်လာခဲ့သည်။ သူသည် ဝူခွမ်းနှင့် တစ်ခေတ်တည်းတွင် မွေးမလာခဲ့ပါသော်ငြား ဝူခွမ်း မည်မျှကြောက်မက်ဖွယ်ကောင်းကြောင်းကိုတော့ သိထားပေသည်။
ရန်ကိုင်က သက်ပြင်းချလျက် “တွေ့တယ်… ဒါပေမယ့် ကျုပ်လုပ်နိုင်တာ ဘာမှမရှိဘူး…”
ထိုစဉ်က ရန်ကိုင်မှာ ဝူခွမ်း ဟုန်းလော့ကြယ်စီရင်စုအား ဖျက်ဆီးပစ်မည်ကို စိုးရိမ်သည့်အတွက်ကြောင့် အဆင့်နိမ့်ကြယ်စီရင်စုဆီသို့ ပြန်သွားရန် လောနေခဲ့သည်။ ယခု ဟုန်းလော့ကြယ်စီရင်စုကြီး၏ ကြယ်စီရင်စုအမြုတေကို သန့်စင်လိုက်ပြီ ဖြစ်သည့်အတွက်ကြောင့် ဝူခွမ်းတွင် အခွင့်အရေးမရှိတော့ပေ။ ဝူခွမ်းသည် ဟုန်းလော့ကြယ်စီရင်စုထဲသို့သာ ရောက်သွားမည်ဆိုပါက ထိုနေရာတွင်ရှိနေသော ကောင်းကင်လမ်းစဉ်၏ ဖိနှိပ်ခြင်း ခံရပေလိမ့်မည်။
တစ်ခဏမျှ တုံ့ဆိုင်းနေပြီးသည့်နောက် ရန်ကိုင်က ရှင်းပြလိုက်လေသည်။ “ပြီးတော့ ဝူခွမ်းရဲ့အခြေအနေက နည်းနည်းထူးဆန်းတယ်လို့ ပြောလို့ရတယ်… ကျုပ် သူ့ကို ရင်ဆိုင်နိုင်မယ်ဆိုရင်တောင် ဘယ်လိုရင်ဆိုင်လို့ ရင်ဆိုင်ရမှန်း သိမှာမဟုတ်ဘူး…”
ရန်ကိုင် ဘာကိုစိတ်ပူနေလဲ လီဝူရီသိပေသည်။ ထို့အတွက်ကြောင့် ခေါင်းညိတ်၍သာ ပြန်ပြောလိုက်သည်။ “တကယ်ကို ပြဿနာများတာပဲ အဲ့ကိစ္စက…”
ဝိဉာဉ်နှစ်ခုမှာ ခန္ဓာကိုယ်တစ်ခုထဲ အတူရှိနေကြသည်။ သာမန်ကြုံရာလူတစ်ဦးသာဆိုလျှင် ကိစ္စမရှိ။ ပြဿနာမှာမူကား လောကတစ်သောင်းမဟာဧကရာဇ်၏ ခန္ဓာကိုယ်ထဲ ဝူခွမ်း၏ဝိဉာဉ်နှင့် လောကတစ်သောင်းမဟာဧကရာဇ်၏ ဝိဉာဉ်တို့ အတူတကွ ပူးတွဲတည်ရှိနေကြခြင်း ဖြစ်လေသည်။ သူတို့အနေဖြင့် ဝူခွမ်းအား သတ်နိုင်မည့်အခွင့်အရေး ရှိမည်ဆိုလျှင်ပင် ဝူခွမ်းအား သတ်၍မရပေ။ ဝူခွမ်းကိုသာ သတ်မည်ဆိုလျှင် လောကတစ်သောင်းမဟာဧကရာဇ်လည်း သေသွားရပေလိမ့်မည်။ ထိုအကြောင်းကြောင့် နောက်ဆုံး စဉ်းစားပြီးသည့်နောက် ထိုကိစ္စကို လောကတစ်သောင်းမဟာဧကရာဇ်ကိုယ်တိုင် ဖြေရှင်းလိုက်ခြင်းသည်သာ အကောင်းဆုံးဖြစ်သည်ဟု ရန်ကိုင် တွေးမိသွားလေသည်။ တွမ့်ဟုန်ချန်းသည်သာ ဝူခွမ်း၏ဝိဉာဉ်ကို သူ့ခန္ဓာကိုယ်ထဲမှ မောင်းမထုတ်ပါက မည်သူမျှ ဝင်ရောက်နှောင့်ယှက်လို့ ရလိမ့်မည်မဟုတ်ပေ။
ထို့အပြင် ထိုပြဿနာတစ်ခုလုံးကို ရှုပ်ရှုပ်ယှက်ယှက်ဖြစ်သွားအောင် လုပ်လိုက်သည့်လူမှာလည်း ရန်ကိုင်ဖြစ်ပေသည်။ တွမ့်ဟုန်ချန်မှာ ဝူခွမ်းနှင့်အတူတကွ သေဆုံးရန် ဆုံးဖြတ်ထားခဲ့သည်။ သို့သော်ငြား ရန်ကိုင်မှ ဝင်ရှုပ်လိုက်သည့်အတွက်ကြောင့် နှစ်ဦးစလုံးမှာ မသေသွားခဲ့ဘဲ ဝူခွမ်းရော တွမ့်ဟုန်ချန်ပါ အသက်ရှင်နေခဲ့လေ၏။
လီဝူရီက ရုတ်တရက်ပြုံးလျက် “စိတ်မပူနဲ့… ကောင်းကင်ကြီးပြိုကျလာမယ်ဆိုရင်တောင် ဝင်ထမ်းပေးထားမယ့်လူတွေက ရှိပြီးသား…”
လီဝူရီမှာ မဟာဧကရာဇ်များကို ပြောနေခြင်းဖြစ်မှန်း ရန်ကိုင်သိပေသည်။ ထိုကဲ့သို့သောကိစ္စများကို သူတို့ သွားစိတ်ပူနေ၍လည်း အပိုပင်။
ရန်ကိုင်က ခေါင်းညိတ်၍ ခေါင်းစဉ်ပြောင်းလိုက်သည်။ “ကျုပ် စီနီယာတို့နှစ်ယောက်ကို မေးစရာတစ်ခုရှိတယ်… နဂါးကျွန်းကနေထွက်သွားပြီးတော့ ဘာတွေဖြစ်သွားလဲ…”
ကျို့ဖုန်းက ပြုံး၍မေးလိုက်သည်။ “ဟိုနဂါးမလေးအကြောင်းကို မေးချင်တာမလား…”
ရန်ကိုင်က ချောင်းဟန့်လျက် “စီနီယာကျို့ဖုန်း… ကျေးဇူးပြုပြီး ပြောပြပါလား…”
ကျို့ဖုန်းက ပြန်ပြောလိုက်သည်။ “သူ့အခြေအနေကတော့ သိပ်မကောင်းဘူး… နဂါးကလန်က အစတည်းက ပြောရဆိုရ လွယ်တဲ့လူတွေမဟုတ်ဘူး… ပြီးတော့ သူလုပ်လိုက်တာကလည်း နဂါးကလန်အတွက် သည်းခံနိုင်တဲ့လုပ်ရပ်မျိုးမှမဟုတ်တာ… ဒီတော့ နဂါးသင်္ချိုင်းထဲမှာ အကျဉ်းချခံလိုက်ရတယ်…”
“သူတို့တွေ သေချင်နေတာပဲ…” ထိုစကားကိုကြားသော် ရန်ကိုင် ဒေါသူပုန်ထသွားခဲ့လေရာ ကျို့ဖုန်း မျက်လုံးပြူးသွားခဲ့လေသည်။
လူအိုကြီးသည်လည်း ရန်ကိုင်အား အလန့်တကြားဖြင့် ကြည့်လိုက်သည်။ ရန်ကိုင်ဆီမှ ဤမျှ ကြောက်မက်ဖွယ်ကောင်းလှသည့် သတ်ဖြတ်လိုစိတ်တို့ ဖြာထွက်လာမည်ဟု မထင်ထားခဲ့ပေ။ (အဲ့နဂါးမလေးက ဘယ်သူလဲ… ကြည့်ရတာ သူ အဲ့နဂါးမလေးကို တော်တော်ချစ်တဲ့ပုံပဲ… ဒီကောင်က နဂါးကလန်သားတစ်ယောက်ကိုတောင် ရထားတယ်ပေါ့… စိတ်ဝင်စားစရာပါလား… ဒါကြောင့်ပဲ မီတာသုံးရာအမြင့်ရှိတဲ့ နဂါးတစ်ပိုင်းအသွင်ကို ပြောင်းနိုင်တာကိုး… သူကိုယ်တိုင်လည်း နဂါးနွယ်ဖွားတစ်ဦးဖြစ်ရမယ်… ရှားလိုက်တဲ့အခွင့်အရေးပါလားကွာ…)
လီဝူရီကမူ နားထင်ကို လက်ဖြင့်ပွတ်ရင်းမှ ပြန်ပြောလိုက်သည်။ “ဒီအရူးမပြောတာတွေကို နားထောင်မနေနဲ့…”
“အမ်…” ရန်ကိုင် ရုတ်တရက် ကျို့ဖုန်းအား လှမ်းကြည့်လိုက်ရာ ကျို့ဖုန်းမှ သူ့အား ပြုံးကာ ကြည့်နေကြောင်း တွေ့လိုက်ရလေသည်။ (ငါ့ကို အရူးလုပ်သွားတာလား…)
ရန်ကိုင်က ကျို့ဖုန်းအား မျက်စောင်းထိုးလျက် “စီနီယာကျို့ဖုန်းက အရမ်းနောက်တတ်တာပဲနော်… ဒီအကြောင်းကို စီနီယာသားရဲသခင်ရော သိလား…”
ကျို့ဖုန်းသည် ရန်ကိုင်အား မျက်စောင်းထိုးပြန်လျက် “ငါ့ဘာသာငါ နောက်တတ်တာ မနောက်တတ်တာ သူနဲ့ဘာဆိုင်လို့လဲ…”
ရန်ကိုင်ကမူ ကျို့ဖုန်းကိုလျစ်လျူရှု၍ လီဝူရီဘက်သို့လှည့်၍ “စီနီယာလီ… နဂါးကလန်က ကျုချင်းကို ဘာလုပ်လိုက်လဲ…”
လီဝူရီက ပြန်ပြောလိုက်သည်။ “ဘာလုပ်ရမှာလဲ… ဒီတိုင်း သူ့လုပ်ရပ်သူ ပြန်ဆင်ခြင်နိုင်အောင်လို့ နဂါးကျွန်းမှာပဲ အကျဉ်းချထားတာပေါ့… ပြီးတော့ သူကလည်း နဂါးကလန်ရဲ့ အကြီးအကဲတစ်ယောက် ဖြစ်နေတုန်းပဲလေ…”
ထိုသို့သာပြောနေလင့်ကစား ကျုချင်း အပြစ်ပေါ့ပေါ့လေးသာ ပေးခံရခြင်းမှာ ရန်ကိုင်ကြောင့်ဖြစ်သည်ဟု လီဝူရီထင်နေမိပေသည်။
ဖုရွှမ်းသည် နဂါးကလန်၏ အကြီးအကဲတစ်ဦးဖြစ်သည်။ သို့သော်ငြား သားရဲသခင်မဟာဧကရာဇ်နှင့် ပတ်သက်မိသွားသည့်နောက်တွင် နဂါးသင်္ချိုင်းထဲ၌ အကျဉ်းချခြင်း ခံခဲ့ရ၏။
သို့သော်ငြား ရန်ကိုင်တွင်ရှိနေသော နဂါးအမြုတေကြောင့် နဂါးကလန်သားများသည် သားရဲသခင်မဟာဧကရာဇ်ထက်စာလျှင် ရန်ကိုင်ကို ပို၍လေးစားကြပေသည်။
“ကြည့်ရတာ သူတို့နေရာ သူတို့ သိတဲ့ပုံပဲ…” ရန်ကိုင်က နှာခေါင်းရှုံ့လိုက်လေသည်။ နဂါးကျွန်းတွင် အကျဉ်းချခံရခြင်းမှာ ဘာမှမဟုတ်ပေ။ ကျုချင်းသည်သာ နဂါးသင်္ချိုင်းထဲ၌ အကျဉ်းချခံရမည်ဆိုလျှင်တော့ ရန်ကိုင်အနေဖြင့် နဂါးကျွန်းဆီသို့သွားကာ ပြဿနာထပ်ရှာရပေလိမ့်မည်။ စိတ်ငြိမ်သွားသည့်နောက်တွင် ရန်ကိုင်က ထပ်မေးလိုက်လေသည်။ “တတိယအကြီးအကဲရော…”
နဂါးကလန်၏ တတိယအကြီးအကဲဖြစ်သော ဖုရွှမ်းသည် မိုရှောင်ချီ၏အမေ ဖြစ်သလို သားရဲသခင်မဟာဧကရာဇ်၏ မိန်းမလည်း ဖြစ်ပေသည်။ သားရဲသခင်မဟာဧကရာဇ်နှင့် သူ့မိန်းမအကြောင်းကို တွေးမိလိုက်တိုင်း ရန်ကိုင်မှာ သားရဲသခင်မဟာဧကရာဇ်အား အမှန်တကယ်ကို လေးစားမိလေသည်။
လူတစ်ဦး၏ ကျင့်ကြံခြင်းမှာ မြင့်မားလာသည့်အလျောက် ကလေးရနိုင်ခြေမှာလည်း နည်းသွားပေသည်။ နဂါးတစ်ကောင်နှင့်လူသားတစ်ဦး ကလေးရနိုင်ခြေဆိုလျှင် ပိုလို့ပင် နည်းပေသေးသည်။ ထိုသို့ပင်ဖြစ်လင့်ကစား မိုရှောင်ချီမွေးလာခဲ့သည့်ကိစ္စမှာ အမှန်တကယ်ကိုမှ မယုံကြည်နိုင်ဖွယ်ကောင်းလှပေသည်။
သို့ပါသော်ငြား မိုရှောင်ချီနှင့် အတူရှိနေစဉ်ကာလအတောအတွင်း ရန်ကိုင်မှာ မိုရှောင်ချီဆီမှ မည်သည့်နဂါးသွေးကိုမှ အာရုံခံမရခဲ့ပေ။ မိုရှောင်ချီတွင်ပဲ နဂါးသွေးမရှိလေသလော။ ထိုသို့မဟုတ်ဘဲ သားရဲသခင်မဟာဧကရာဇ်ကများ သိုင်းပညာရပ်တစ်မျိုးမျိုးကိုသုံး၍ မိုရှောင်ချီကိုယ်ထဲရှိ နဂါးသွေးများအား ချိတ်ပိတ်ထားသလားဆိုသည်ကိုတော့ ရန်ကိုင်မသိပေ။
“သခင်မလား…” ဖုရွှမ်းအကြောင်း စဉ်းစားမိသွားသော် လီဝူရီက မဲ့ပြုံးပြုံးလျက် “သူကတော့ ကျုချင်းကို အဖော်ပြုပေးနေတယ်…”
ထိုစဉ်က ရန်ကိုင်ထွက်သွားပြီးသည့်နောက်တွင် နဂါးကလန်သားအားလုံး စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်ခဲ့ကြရသည်။ တကယ်တော့ သူတို့သည် ကြီးကျယ်ခမ်းနားလှသည့် တိုက်ပွဲကြီးတစ်ပွဲကို တိုက်ခိုက်ခဲ့ရသလို ဝူခွမ်းသည်လည်း သူတို့သတိမထားမိလိုက်စဉ် သူတို့၏ကလန်သားတစ်ဦးကို သတ်သွားခဲ့သည်မဟုတ်ပေလော။ ထိုအကြောင်းကြောင့် နဂါးကလန်အဖို့ အတော်လေးကိုမှ ထိခိုက်နစ်နာသွားခဲ့သည်ဟု ပြော၍ရသည်။ နဂါးကလန်ထဲ ကလန်သားအနည်းငယ်သာ ရှိကြပေသည်။ ကလန်သားအသစ်များမှာလည်း နှစ်ပေါင်းထောင်နှင့်ချီ ကြာသွားသည့်တိုင် ပေါ်လာလေ့မရှိကြပေ။ ထို့အတွက်ကြောင့် နဂါးတစ်ကောင်သေသွားခြင်းမှာ နဂါးကလန်အတွက်မူ ကြီးမားသည့် ဆုံးရှုံးမှုကြီးပင်။
သားရဲသခင်မဟာဧကရာဇ်သည် ဖုရွှမ်းနှင့်အတူ ထွက်သွားချင်ခဲ့သည်။ သူမကိုသာ စိတ်ဝိဉာဉ်သားရဲကျွန်းဆီသို့ ခေါ်သွားနိုင်မည်ဆိုပါက နဂါးကလန်အနေဖြင့် သူမအား ထပ်ထိနိုင်တော့လိမ့်မည်မဟုတ်ပေ။
သို့သော်ငြား ဒုတိယအကြီးအကဲဖုကျွင်းကမူ လုံးဝ သဘောမတူခဲ့။ ထိုအမျိုးသမီး မည်မျှခေါင်းမာကြောင်းကို ရန်ကိုင်မြင်တွေ့ခဲ့ရသည်။ သူမမျက်နှာမှာလည်း အမြဲလိုလို အေးစက်စက်အမူအယာဖြင့်သာ ရှိနေလေသည်။ မသိလျှင် တစ်ဘဝလုံး ပျော်ရွှင်မှုအား တစ်ခါမှ မခံစားခဲ့ဖူးသည့်အလား။ ဖုကျွင်းသဘောမတူသည့်အတွက်ကြောင့် သားရဲမဟာဧကရာဇ်မှာ ဒေါသူပုန်ထကာ နောက်ထပ်တိုက်ပွဲတစ်ပွဲဖြစ်ခါနီး ဖြစ်သွားခဲ့သည်။
နောက်ဆုံးတွင်မူ ဖုရွှမ်းမှာ သူမ နဂါးကျွန်းပေါ်တွင်သာ နေခဲ့မည်ဟု ပြောလာခဲ့လေသည်။ အပြန်အလှန်အနေဖြင့် ဖုကျွင်းမှာ ဖုရွှမ်းအား နဂါးသင်္ချိုင်းထဲ ပြန်လွှတ်ပေးလိုက်ရသည်။ ယခုဆိုလျှင် အမှားတူလုပ်မိထားသော နဂါးကလန်၏ အကြီးအကဲနှစ်ဦးသည် နဂါးကျွန်းပေါ်တွင် ပိတ်မိနေကာ ကိုယ့်အမှားကိုယ် ပြန်ဆင်ခြင်နေရလေ၏။
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၃၃၂၂)
ဘာသာပြန်သူ_တိမ်တိုက်
အဆုံးတွင်တော့ သားရဲသခင်မဟာဧကရာဇ်မှာလည်း ရွေးချယ်စရာ မရှိတော့ပေ။ ဖုရွှမ်းသည်သာ သူ့အနောက်သို့ လိုက်ချင်မည်ဆိုလျှင် သူ့အနေဖြင့် ဖုရွှမ်းအား မရရအောင် ခေါ်သွားပေလိမ့်မည်။ သို့သော်ငြား ဖုရွှမ်းမှာ မဟာဧကရာဇ်နှင့် နဂါးကလန်အကြား ပြဿနာမတက်စေလိုသည့်အတွက်ကြောင့် ထိုနေရာတွင် ကျန်နေရစ်ခဲ့ရန် ရွေးချယ်ခဲ့လေရာ မိုဟွမ်မှာလည်း ရွေးချယ်စရာ မရှိတော့ဘဲ တစ်ကိုယ်တည်း ပြန်သွားခဲ့ရသည်။
သို့သော်ငြား ထွက်မသွားခင် ဖုရွှမ်းသည်သာ တစ်ခုခုဖြစ်ခဲ့မည်ဆိုပါက နဂါးကျွန်းအား ဖျက်ဆီးပစ်မည်ဟု ခြိမ်းခြောက်ခဲ့ပေသည်။
ထိုစကားကို ပြောပြီးသည့်နောက်တွင် လီဝူရီမှာ ရုတ်တရက်တစ်ခုခုအား စဉ်းစားမိသွားခဲ့ပြီး မေးလိုက်လေ၏။ "မင်း နဂါးကျွန်းဆီ ထပ်သွားမလို့လား"
ရန်ကိုင်က ခေါင်းညိတ်လိုက်လေ၏။ "ဒါပေါ့၊ ကျုပ်အရှေ့ဘက်နယ်မြေကို အကြောင်းအရင်းနှစ်ခုကြောင့် လာခဲ့တာ၊ ပထမတစ်ခုက စီနီယာလီကို ရှာပြီးတော့ လေဟာနယ်တာအိုအကြောင်း ဆွေးနွေးချင်လို့ပဲ၊ ဒုတိယတစ်ခုကတော့ နဂါးကျွန်းဆီသွားပြီးတော့ ကျုချင်းကို ပြန်ခေါ်မလို့"
ထိုစကားကို ကြားသော် လီဝူရီနှင့် ကျိုဖုန်းမှာ ရန်ကိုင်အား အရူးတစ်ယောက်ကို ကြည့်နေသည့် အကြည့်မျိုးဖြင့် ကြည့်လိုက်ကြသည်။
"ဘာဖြစ်လို့လဲ" ရန်ကိုင်သည် ထိုနှစ်ဦးအား ပြန်၍စိုက်ကြည့်လိုက်၏။
ကျိုဖုန်းက ပြုံး၍... "ဘာမှမဟုတ်ပါဘူး၊ နင်အောင်မြင်ပါစေလို့ ဆုတောင်းပေးပါတယ်"
ထိုသို့သာပြောလိုက်လင့်ကစား ရန်ကိုင် အောင်မြင်လိမ့်မည်ဟု သူမ မထင်ပေ။ သားရဲသခင်မဟာဧကရာဇ်သည်ပင်လျှင် ဖုရွှမ်းနှင့် ထွက်မသွားနိုင်လေရာ ရန်ကိုင်မှာ ကျုချင်းအား မည်ကဲ့သို့များ ခေါ်ထုတ်သွားနိုင်ပါမည်နည်း။
ရန်ကိုင်က ခေါင်းညိတ်၍ ပြောလိုက်သည်။ "ဒါပေမဲ့ အဲဒီမတိုင်ခင် ကျုပ်စီနီယာနှစ်ယောက်ကို မေးစရာလေးတစ်ခု ရှိတယ်"
လီဝူရီက ပြောလိုက်သည်။ "မေးသာမေး၊ မနေ့တုန်းကတော့ ရောင်းရင်းချန်းရှေ့မှာ မင်းရဲ့အဆင့်အတန်းကို မြှင့်ပေးဖို့လိုလို့ လုပ်ခဲ့တာ မှန်တယ်ဆိုပေမဲ့ ငါပြောခဲ့တာလည်း မမှားဘူး၊ မင်းက စိတ်ဝိညာဉ်သားရဲကျွန်းရဲ့ တစ်စိတ်တစ်ပိုင်းပဲ၊ မင်းလက်ခံခံ မခံခံ မင်းက ငါတို့ကျွန်းနဲ့ ပတ်သက်နေပြီးသား၊ အဲဒါတော့ နားလည်တယ်မလား"
စိတ်ဝိညာဉ်သားရဲကျွန်းသာ တစ်ခုခုဖြစ်သွားခဲ့မည်ဆိုလျှင် လျို့ယန် ရပ်ကြည့်နေလိမ့်မည် မဟုတ်ပေ။ တစ်နည်းဆိုရသော် ရန်ကိုင်သည်လည်း လာကူညီပေးရပေလိမ့်မည်။ ထိုအကြောင်းကြောင့် ရန်ကိုင်သည်လည်း တစ်ခုခုဖြစ်သွားခဲ့မည်ဆိုပါက စိတ်ဝိညာဉ်သားရဲကျွန်းမှာလည်း ရပ်ကြည့်နေနိုင်လိမ့်မည် မဟုတ်။ သူတို့နှစ်ဦးမှာ တစ်ဦးနှင့်တစ်ဦး ပတ်သက်နေကြလေပြီ။
ရန်ကိုင်က ခေါင်းညိတ်၍ ပြုံးကာ ပြန်ပြောလိုက်သည်။ "ဂျူနီယာ နားလည်ပါတယ်၊ အဲဒါကြောင့်ပဲ စီနီယာနှစ်ယောက်နဲ့ အရမ်းကြီး တယဉ်တကျေးတွေ လုပ်မနေတာ"
"ကောင်းတယ်"
ထို့နောက်တွင် ရန်ကိုင်က ခေါင်းညိတ်၍ လက်ညိုးထိုးကာ မေးလိုက်လေ၏။ "ဒီသက်ကျားအိုကြီးက ဘယ်သူလဲ"
ထိုစကားကို ကြားသော် လူအိုကြီး၏ မျက်နှာ မဲ့သွားခဲ့ပြီး ပြန်၍အထွန့်တက်လိုက်သည်။ "သခင်လေး၊ ဒီလူအိုကြီးကို ဘယ်လိုလုပ်ပြီး သက်ကျားအိုကြီးလို့ ခေါ်ရတာလဲ"
ရန်ကိုင်ကမူ လူအိုကြီးအား လျစ်လျူရှုလျက် ဆက်ပြောလိုက်သည်။ "စီနီယာ ဒီကိုရောက်လာတာ သူ့ကို စိတ်ဝိညာဉ်သားရဲကျွန်းဆီ ပြန်ခေါ်သွားဖို့လို့ ပြောတယ်နော်၊ သူက နတ်သားရဲတစ်ကောင်မှန်း ကျုပ်သိတယ်၊ ဒါပေမဲ့ သူဘာလို့ ကျုပ်ကို သခင်လေးဆိုပြီး လာခေါ်နေရတာလဲ၊ ဘာဖြစ်လို့ ကျုပ်ဆီကနေပြီးတော့လာပြီး အကူအညီတောင်းနေရတာလဲ၊ ပြီးတော့ စီနီယာလီပြောသွားတာ ရှိပါသေးတယ်၊ သူဘာလို့ ကျုပ်ကို သခင်လေးလို့ ခေါ်လဲဆိုတာကို ကျုပ်သိသင့်တယ်တဲ့၊ ကျုပ်တကယ်ကို မသိဘူး၊ စီနီယာလီ တစ်ချက်လောက် ရှင်းပြပေးလို့ရမလား"
လီဝူရီက ပြုံး၍ ပြန်မေးလိုက်သည်။ "မင်းတကယ် မသိတာလား"
ရန်ကိုင် အမှန်တကယ်ကို မသိပေ။
ထိုသို့ဖြစ်ရသည်မှာ ကျန်းလျို့ရှီနှင့် တစ်ခုခုပတ်သက်နေလိမ့်မည်ဟု ရန်ကိုင် ထင်ခဲ့မိပေသေးသည်။ သို့သော်ငြား မကြာမီ ထိုသို့မဟုတ်ကြောင်း သဘောပေါက်သွားခဲ့သည်။ ရန်ကိုင်နှင့် ကျန်းလျို့ရှီ ပတ်သက်နေမှန်း သိသွားသည့်အတွက်ကြောင့် နတ်သားရဲများမှာ ရန်ကိုင်အား လာရန်မစရဲကြပါသော်ငြား ယခုကဲ့သို့ သူ့အား အလွန်အကျွံဖားယား နေကြလိမ့်မည်တော့ မဟုတ်ပေ။
ထိုအကြောင်းကြောင့် ရန်ကိုင်မှာ ခေါင်းခါ၍သာ လီဝူရီ ပြောလာမည်ကို စောင့်နေလိုက်သည်။
"သူ့ကိုလွှတ်ပေးလိုက်တာ မင်းပဲလေ" လီဝူရီက ပြောလိုက်သည်။
"ကျုပ်သူ့ကို လွှတ်ပေးလိုက်တယ်" ရန်ကိုင် ကြောင်သွားလေ၏။ "ဘယ်ကနေလဲ"
ကျိုဖုန်းက ပြုံး၍... "ဥတုလေးမျိုးနယ်မြေထဲကနေ"
"ဥတုလေးမျိုးနယ်မြေ" ရန်ကိုင်မှာ တစ်ခုခုအား သဘောပေါက်သွားခဲ့ပြီး လူအိုကြီးအား စိုက်ကြည့်၍... "ဒါဆို ခင်ဗျားက"
လူအိုကြီးက ဦးညွှတ်၍ ပြန်ပြောလိုက်သည်။ "ချုန်းချီ သခင်လေးကို နှုတ်ဆက်ပါတယ်"
ရန်ကိုင် ပါးစပ်အဟောင်းသား ဖြစ်သွားလေ၏။ [ချုန်းချီ၊ ဒီသက်ကျားအိုကြီးက ချုန်းချီလား]
ဥတုလေးမျိုးနယ်မြေနှင့် နတ်သားရဲဟူသည့် နာမည်ကို စဉ်းစားလိုက်သော် ရန်ကိုင်မှာ ဤလူအိုကြီး မည်သူမည်ဝါ ဖြစ်မလဲဆိုသည်ကို သိသွားခဲ့လေသည်။ တကယ်တော့ ချုန်းချီ ဥတုလေးမျိုးနယ်မြေထဲတွင် နေခဲ့ကြောင်းကို ရန်ကိုင် သိနေသည် မဟုတ်ပေလော။ သို့သော်ငြား နတ်သားရဲကိုယ်တိုင်မှ ပြောလာသည်ကို ကြားလိုက်သည့်အခါတွင် ရန်ကိုင် မထိတ်လန့်ဘဲ မနေနိုင်အောင် ဖြစ်သွားခဲ့ရသည်။
[တကယ်ကြီး ချုန်းချီလား၊ အချိန်မြစ်မဟာဧကရာဇ်ရဲ့ စီးတော်သားရဲပေါ့]
ရန်ကိုင်မှာ လူအိုကြီးအား သေသေချာချာကို စိုက်ကြည့်ရင်းမှ ဤလူအိုကြီးမှာ လူအသွင်သို့ ပြောင်းပြီးသည့်နောက် ဘာကြောင့် ဤမျှကြမ်းကြုတ်သည့် ပုံစံမျိုး ပေါက်နေရသလဲဆိုသည်ကို တွေးလိုက်လေသည်။ လူအိုကြီးမှာ ရုပ်ရည်ချောမောခြင်း ခန့်ညားခြင်း လုံးဝမရှိ။ ထိုအစား ဝဝဖိုင့်ဖိုင့်နှင့် အရေးအကြောင်းများ ထပ်နေခဲ့ပြီး သူ့မျက်လုံးမှာလည်း အန္တရာယ်များသည့် အရိပ်အယောင်တို့ဖြင့် တလက်လက် တောက်ပနေလေသည်။ မသိလျှင် 'ငါက မိစ္ဆာကောင်'ဟု နဖူးပေါ်တွင် ရေးထားသည့်အလား။
သမိုင်းကြောင်းတစ်လျှောက် မဟာဧကရာဇ်များစွာ ရှိခဲ့ပါသော်ငြား အချိန်မြစ်မဟာဧကရာဇ်သည်သာ နတ်သားရဲတစ်ကောင်အား စီးတော်သားရဲဖြစ်အောင် လုပ်နိုင်ခဲ့သည်။ သားရဲသခင်မဟာဧကရာဇ်မှာ မွန်းစတားသားရဲပေါင်းများစွာကို ထိန်းကျောင်းနိုင်ခဲ့သလို စိတ်ဝိညာဉ်သားရဲကျွန်းပေါ်၌ ကျိုဖုန်းကဲ့သို့သော ဖီးနစ်ကလန်၏ သွေးဆက်ကို ပိုင်ဆိုင်ထားသူများလည်း ရှိနေကြပါသော်ငြား ထိုလူများမှာ သားရဲသခင်မဟာဧကရာဇ်နှင့် ဆရာသခင် ဆက်ဆံရေးမျိုး မဟုတ်ဘဲ မိသားစုနှင့် ပိုမိုအလားသဏ္ဍာန်တူပေသည်။
နတ်သားရဲများမှာ မဟာဧကရာဇ်များလောက် အားကောင်းခြင်း မရှိပါသော်ငြား နတ်သားရဲများသည် တစ်စုံတစ်ဦး၏ စီးတော်သားရဲအဖြစ်ခံမည့်အစား အသေသာခံလိုက်မည့် သက်ရှိများ ဖြစ်ကြသည်။ ခြွင်းချက်ဆို၍ ချုန်းချီသာ ရှိပေသည်။ အချိန်မြစ်မဟာဧကရာဇ်မှာ မည်ကဲ့သို့သော နည်းလမ်းမျိုးကို သုံး၍ ဤကဲ့သို့သော ရက်စက်ကြမ်းကြုတ်လှသည့် ရှေးဟောင်းသားရဲတစ်ကောင်အား သူ၏ စီးတော်သားရဲဖြစ်လာအောင် လုပ်ခဲ့သလဲဆိုသည်ကို မည်သူမျှ မသိကြပေ။ ထိုမျှသာလျှင် မဟုတ်ဘဲ ချုန်းချီမှာလည်း အချိန်မြစ်မဟာဧကရာဇ်အပေါ် အလွန်ကိုမှ သစ္စာရှိပေသည်။ အချိန်မြစ်မဟာဧကရာဇ် သေသွားပြီးသည့်တိုင် ချုန်းချီမှာ အချိန်မြစ်ကျောင်းတော်အား နှစ်ပေါင်းများစွာကြာအောင် စောင့်ရှောက်ပေးခဲ့သည်။
ဥတုလေးမျိုးနယ်မြေ နောက်ဆုံးအကြိမ် ပွင့်လာသည့်အခါမှသာလျှင် ချုန်းချီ ထွက်လာခဲ့ခြင်း ဖြစ်သည်။
ချုန်းချီအနေဖြင့် ထိုနေရာမှ ထွက်မလာနိုင်သည် မဟုတ်။ သူ့စွမ်းအားအရ သူသာ ဆန္ဒရှိပါက အချိန်မြစ်ကျောင်းတော်ထဲမှ ကြိုက်သည့်အချိန် ထွက်လာနိုင်ပေသည်။ သို့သော်ငြား ထွက်မလာခဲ့ဘဲ ထိုနေရာထဲတွင်သာ နေနေခဲ့၏။ ရန်ကိုင် အားနည်းနေစဉ်က အချိန်မြစ်ကျောင်းတော်ထဲသို့ ဝင်ရောက်ခဲ့ပြီး အချိန်လှေကားပေါ်တွင် ချုန်းချီ၏ အရှိန်အဝါကို ခံစားမိခဲ့သည်။ ထိုအချိန်က ကျန်းလျို့ရှီသည်လည်း ရန်ကိုင်နှင့်အတူ ရှိနေခဲ့လေသည်။ ထိုလှေကားပေါ်သို့ရောက်စဉ် ကျန်းလျို့ရှီအား ချုန်းချီမှ ခေါ်သွားခဲ့သည်။
ထိုစဉ်က ကျန်းလျို့ရှီ သေပြီဟုပင် ရန်ကိုင် ထင်ခဲ့ပေသေးသည်။ သို့သော်ငြား သူထင်ထားသကဲ့သို့ ဖြစ်မလာခဲ့ဘဲ ကျန်းလျို့ရှီမှာ အကောင်းပကတိအတိုင်း ပြန်ရောက်လာခဲ့သည်။ ပြန်ရောက်လာပြီးသည့်နောက် ချုန်းချီဟု ခေါ်သည့် မွန်းစတားသားရဲကြီးတစ်ကောင်နှင့် တွေ့ခဲ့ပြီး ထိုမွန်းစတားသားရဲကြီးမှာ သူမအပေါ် အလွန်ကိုမှ ကြင်ကြင်နာနာ သိမ်သိမ်မွေ့မွေ့ ဆက်ဆံကြောင်း ထိုအပြင် ဧကရာဇ်အဆင့် အကာအကွယ်မှော်ရတနာတစ်ခုကိုလည်း ပေးခဲ့ကြောင်း ပြောလာခဲ့သည်။ ချုန်းချီ ပေးခဲ့သော ပန်းတိမ်တိုက်ဖီးနစ်ဝတ်ရုံကို ယနေ့အထိတိုင် ကျန်းလျို့ရှီ ဝတ်ဆင်ထားဆဲပင်။
သူမ ပြောပြသည်ကို ကြားပြီးသည့်နောက် ချုန်းချီမှာ အသက်ကြီး၍ သူငယ်ပြန်သွားသည်ဟုပင် ရန်ကိုင် တွေးမိလိုက်ပေသည်။ ထိုသို့သာမဟုတ်ပါက ထိုကဲ့သို့သော မွန်းစတားသားရဲတစ်ကောင်သည် ကျန်းလျို့ရှီကဲ့သို့သော ကလေးမလေးတစ်ဦးအား ဘာကြောင့် ထိုမျှအဖိုးတန်သည့် ရတနာတစ်ခုကို ပေးရပါမည်နည်း။
ယခုမူ ချုန်းချီ သူငယ်ပြန်သွားခြင်း မဟုတ်မှန်း ရန်ကိုင် သဘောပေါက်သွားခဲ့သည်။ ထိုအစား ချုန်းချီမှာ အတော်လေးကိုမှ အမြင်စူးရှပြီး အနာဂတ်ကို ကြိုသိတတ်သည့် လူစားဖြစ်လေသည်။ ကျန်းလျို့ရှီ၏ ကိုယ်ထဲတွင် ကိန်းအောင်းနေသော သွေးမျိုးဆက်ကို ချုန်းချီ အာရုံခံမိခဲ့ရပေလိမ့်မည်။ ထိုအကြောင်းကြောင့်သာလျှင် ကျန်းရိုးရှီအပေါ် ထိုမျှ ကောင်းကောင်းမွန်မွန် ဆက်ဆံခဲ့ခြင်း ဖြစ်သည်။
ကောင်းကင်အမိန့်တော်၏ မျိုးဆက်ကို သူ့အနေဖြင့် လုံးဝသွားရန်စ၍ မဖြစ်ပေ။
ဥတုလေးမျိုးနယ်မြေ ပိတ်သွားပြီးသည့်နောက်တွင် ချုန်းချီမှာ အချိန်မြစ်ကျောင်းတော်ထဲမှ ထွက်ပေါ်လာပြီး ဒီလောကကြီးထဲသို့ ပြန်လည်ရောက်ရှိလာသည့် အကြောင်းကို ကောင်းရွှယ်ထင်းဆီမှ ရန်ကိုင် ကြားသိခဲ့ရသည်။ ချုန်းချီ ပေါ်လာသည်နှင့် အကုန်လုံးမှာ ထိတ်လန့်သွားခဲ့ကြလေသည်။ ကံကောင်းစွာဖြင့် လမင်းမဟာဧကရာဇ်၏ ဝိညာဉ်ပုံရိပ် ထွက်ပေါ်လာခဲ့ပြီး ထိုစဉ်က အဖြစ်အပျက်ကို ငြိမ်းငြိမ်းချမ်းချမ်းဖြင့် ဖြေရှင်းပေးနိုင်ခဲ့၏။
ထိုအချိန်မှစ၍ ချုန်းချီနှင့် ပတ်သက်သည့် မည်သည့်သတင်းကိုမျှ မကြားရတော့ခြင်း ဖြစ်လေသည်။ ယခုအခါမှသာလျှင် ရန်ကိုင်မှာ ချုန်းချီနှင့် နောက်တစ်ကြိမ် ပြန်တွေ့ခဲ့ရသည်။
ရန်ကိုင်သည် မေးစေ့ကို ပွတ်ရင်းမှ ချုန်းချီအား ဝိုင်းကြီးပတ်ပတ် လှည့်ပတ်ကြည့်၍ မေးလိုက်လေ၏။ "ခင်ဗျားတကယ်ကြီး ချုန်းချီလား"
ချုန်းချီက ခေါင်းညိတ်လိုက်၏။ "ဒါပေါ့"
ရန်ကိုင်က ခေါင်းညိတ်လိုက်၏။ "ဒီလောကကြီးထဲမှာ ကောင်းတဲ့ နတ်သားရဲတွေ မကောင်းတဲ့ နတ်သားရဲတွေ ရှိတယ်၊ မှတ်မိတာမှန်မယ်ဆိုရင် ချုန်းချီက တော်တော်လေးကို နာမည်ဆိုးနဲ့ကျော်ကြားတာ၊ နာမည်ဆိုးနဲ့ကျော်ကြားနေတဲ့ နတ်သားရဲတွေထဲမှာတောင် အဆိုးဆုံးပဲ၊ ဒီတော့ ချုန်းချီပုံစံ အယောင်ဆောင်တာ ဘာမှအကျိုးရှိတာ မဟုတ်ဘူး၊ ခင်ဗျားက တကယ်ကြီး ချုန်းချီလား၊ ဒါကြောင့်ပဲ အဲဒီဟိုခွေးသူတောင်းစား ခင်ဗျားကို မိစ္ဆာကောင်လို့ ခေါ်ခဲ့တာကိုး"
ချုန်းချီက ချောင်းဟန့်လျက်... "ကောလာဟလတွေကို အလွယ်လေးမယုံနဲ့လေ သခင်လေးရဲ့၊ ဒီလူအိုကြီးက အခုဆိုရင် အရင်လို မဟုတ်တော့ဘူး၊ အကုန်လုံးအပေါ် ကြင်ကြင်နာနာ သိမ်သိမ်မွေ့မွေ့နဲ့ ဆက်ဆံနေတာ"
"တကယ်ကြီးလား" ရန်ကိုင်က လှောင်ပြုံးပြုံးရင်းမှ မေးလိုက်သည်။
ချုန်းချီက သက်ပြင်းချလျက်... "အရင်တုန်းက အဖြစ်အပျက်တွေကြောင့်ပဲ အခုလိုဖြစ်နေရတာ"
ရန်ကိုင်သည် လီဝူရီဘက်သို့ လှည့်၍ လက်သီးဆုပ်လျက်... "စီနီယာ၊ ကျေးဇူးပြုပြီး ဒီမိစ္ဆာကောင် ပြဿနာမရှာခင် တစ်ခါတည်း ခေါ်သွားလိုက်ပါတော့"
ချုန်းချီက မျက်လုံးအပြူးသားဖြင့် ချက်ချင်းပဲ ထအော်လေသည်။ "သခင်လေး"
"တော်ပေတော့" ရန်ကိုင်က လက်မြှောက်၍... "ခင်ဗျားကျုပ်ကို သခင်လေးလို့ ခေါ်နေတာ ကျုပ်အချိန်မြစ်မဟာဧကရာဇ်ရဲ့ အမွေအနှစ်ကို ရသွားပြီးတော့ အချိန်ကုန်လွန်ခြင်းစည်းတံဆိပ်ကို ကျင့်ကြံနိုင်သွားလို့မလား"
ထို့နောက်တွင် ရန်ကိုင်မှာ တစ်ခုခုအား စဉ်းစားမိသွားခဲ့ပြီး... "အချိန်ကုန်လွန်ခြင်းစည်းတံဆိပ်ကြောင့် ခင်ဗျားကျုပ်ကို ရှာတွေ့သွားတာလား၊ အချိန်နိယာမတွေကို ခင်ဗျားခံစားနိုင်တယ်ပေါ့"
"အင်း" ချုန်းချီ ခေါင်းညိတ်လိုက်သည်။ "ဒီလူအိုကြီး အဲဒီအချိန်မြစ်ကျောင်းတော်ထဲမှာ ဒီလောက်ကြာအောင် နေခဲ့တာက အချိန်မြစ်မဟာဧကရာဇ်ရဲ့ အမွေကို ဆက်ခံနိုင်မဲ့လူ ရောက်လာမှာကို စောင့်နေတာပဲ၊ နှစ်ပေါင်းများစွာ ကြာပြီးတဲ့နောက်ပိုင်း နောက်ဆုံး ဆက်ခံနိုင်မဲ့ လူတစ်ယောက် ပေါ်လာတယ်၊ အဲဒါ သခင်လေးပဲ၊ အခုသခင်လေးက မဟာဧကရာဇ်ရဲ့ ဆက်ခံသူဖြစ်သွားပြီ"
ရန်ကိုင်က လှောင်ပြုံးပြုံးလျက်... "ကျုပ် အချိန်မြစ်မဟာဧကရာဇ်ဆီကနေ အကျိုးအမြတ်အချို့ရခဲ့တာ မှန်တယ်၊ ဒါပေမဲ့ သူ့ရဲ့အဓိကအမွေအနှစ်လို့တော့ ပြောလို့ မရသေးဘူး၊ ပြီးတော့ သူက အချိန်မြစ်မဟာဧကရာဇ်၊ ကျုပ်က ရန်ကိုင်၊ ဒီတော့ ကျုပ်တို့နှစ်ယောက်ကို မရောနဲ့၊ ခင်ဗျားက မဟာဧကရာဇ်စီးတော်သားရဲ၊ ခင်ဗျား မဟာဧကရာဇ်အပေါ် ဒီလောက်နှစ်တွေ ကြာသွားတာတောင် သစ္စာရှိနေတာကို ကျုပ်တကယ် လေးစားတယ်၊ ဒါပေမဲ့ ကျုပ် ခင်ဗျားအကြောင်းလည်း ကြားထားပြီးသွားပြီ၊ ကျုပ်ခင်ဗျားရဲ့ သခင်လေးဖြစ်ဖို့ အရည်အချင်းမရှိသေးဘူး၊ ဒီတော့ ကျုပ်ကို အဲဒီလိုမျိုးမခေါ်နဲ့"
ဤလူအိုကြီးသည်သာ ချုန်းချီ မဟုတ်ဘဲ အခြားနတ်သားရဲတစ်ကောင် ဖြစ်နေမည်ဆိုလျှင် ရန်ကိုင်အနေဖြင့် ဤလူအိုကြီးကို လက်ခံမိပေလိမ့်မည်။ သို့သော်ငြား ချုန်းချီ ဖြစ်နေသည့်အတွက်ကြောင့် ရန်ကိုင်လည်း လက်မခံလိုတော့။ တစ်ချက်မျှ ရပ်နေပြီးသည့်နောက် ရန်ကိုင်က ပြောလိုက်လေ၏။ "တကယ်တော့ လူအိုကြီးချုန်း"
[လူအိုကြီးချုန်း၊ ငါ့ကိုလူအိုကြီးချုန်းလို့ ဘယ်လိုတောင် ခေါ်တာလဲ] ချုန်းချီသည် ရန်ကိုင်အား စူးရဲစွာ စိုက်ကြည့်လိုက်လေသည်။
"စိတ်ဝိညာဉ်သားရဲကျွန်းက နေလို့ကောင်းတဲ့နေရာပါ၊ အဲဒီလူတွေကလည်း အတော်လေးကောင်းတဲ့ လူတွေချည်းပါပဲ၊ ခင်ဗျားအခု အသက်ကြီးနေပြီ၊ ဒီတော့ လျှောက်မသွားသင့်တော့ဘူး၊ အေးအေးဆေးဆေး စိတ်ဝိညာဉ်သားရဲကျွန်းမှာပဲ နေနေလိုက်ပါလား၊ သားရဲသခင်စီနီယာလီနဲ့ စီနီယာကျိုဖုန်းတို့ကလည်း ခင်ဗျားသာ ပြဿနာမရှာရင် ခင်ဗျားအပေါ် ကောင်းကောင်းမွန်မွန် ဆက်ဆံမှာပါ"
လီဝူရီက ဝင်ပြောလိုက်သည်။ "ဟုတ်တယ်နော် လူအိုကြီးချုန်း၊ ခင်ဗျား ထွက်လာပြီးကတည်းက ဘာပြဿနာမှ မရှာသေးပေမဲ့ ခင်ဗျားရဲ့သဘာဝ ပြန်ပေါ်လာမှာကို မဟာဧကရာဇ်က စိတ်ပူနေတာ၊ ဒါကြောင့်ပဲ ခင်ဗျားကို စိတ်ဝိညာဉ်သားရဲကျွန်းဆီ ပြန်ခေါ်လာဖို့ ကျုပ်တို့ကို ပြောလိုက်တာ၊ စိတ်မပူနဲ့ ကျုပ်တို့ခင်ဗျားကို ကောင်းကောင်းဆက်ဆံမှာ၊ ခင်ဗျား အဲဒီမှာနေနေသရွေ့ ခင်ဗျားလုပ်ချင်တာ လုပ်လို့ရတယ်"
[မင်းကလည်း ငါ့ကိုလူအိုကြီးချုန်းလို့ ခေါ်နေတယ်ပေါ့၊ ငါမင်းကို မစားရဲဘူးများ မှတ်နေတာလား]
ချုန်းချီက ပြန်အော်ပြောလိုက်လေသည်။ "မင်းတို့ စိတ်ပူတာလေးအတွက်နဲ့ ငါ့ကို ကျွန်းပေါ်မှာ အကျဉ်းချထားချင်တယ်ပေါ့၊ ဟုတ်လား"
လီဝူရီက မျက်မှောင်ကြုတ်၍... "ကျေးဇူးပြုပြီး နားလည်ပေးပါ"
ကျိုဖုန်းက ဝင်ပြောလိုက်သည်။ "ရှင့်နောက်ကို တောက်လျှောက်လိုက်လာတဲ့ တစ်လျှောက်လုံး ရှင့်ကို တစ်ခါမှ တွန်းအားမပေးခဲ့ဘူးနော်၊ ရှင့်ကို အတတ်နိုင်ဆုံး ဖျောင်းဖျဖို့ ကြိုးစားခဲ့တာပဲ၊ ဒါပေမဲ့ ရှင်ကိုယ်တိုင်ကပဲ ကျွန်မတို့လက်ထဲကနေ တောက်လျှောက်ထွက်ပြေးနေတာ စိတ်ဝိညာဉ်သားရဲကျွန်းနဲ့ပတ်သက်ပြီး ဘာမကောင်းတာရှိလို့လဲ၊ ကျွန်မတို့ ရှင့်ကို တစ်သက်လုံးချုပ်ထားဖို့လည်း စဉ်းစားထားတာ မဟုတ်ဘူး၊ နောက်ပိုင်း ရှင်ကျွန်းကနေ ထွက်သွားချင်တယ်ဆိုရင် ထွက်သွားဖို့ အခွင့်အရေးရမှာပေါ့"
ချုန်းချီက ခေါင်းခါ၍... "ဒီလူအိုကြီးရဲ့ တစ်ဘဝလုံး အချိန်မြစ်မဟာဧကရာဇ်ကိုပဲ သခင်အဖြစ် အသိအမှတ်ပြုခဲ့တာ၊ အချိန်မြစ်မဟာဧကရာဇ် သေသွားပြီဆိုပေမဲ့ အခုသူ့မှာ ဆက်ခံသူရှိနေပြီ၊ ဒီတော့ သူ့ဆက်ခံသူဘေးနားမှာပဲ နေမှာပေါ့၊ သူ့ဆက်ခံသူ ငါ့ကိုမလိုချင်ဘူးဆိုရင်တောင် ငါ့ဘာသာငါ လောကကြီးထဲ လျှောက်သွားမယ်၊ စိတ်ဝိညာဉ်သားရဲကျွန်းမှာတော့ အကျဉ်းချခံမှာ မဟုတ်ဘူး"
"ခင်ဗျားတကယ် ခေါင်းမာချင်တာလား" လီဝူရီ မျက်မှောင်ကြုတ်သွားခဲ့လေသည်။ ဖြစ်နိုင်လျှင် ချုန်းချီနှင့် မတိုက်ခိုက်ချင်ပေ။ ချုန်းချီမှာ အိုနေပြီဖြစ်ပါသော်ငြား နတ်သားရဲများထဲ အတော်လေးကိုမှ အဆင့်မြင့်သည့်အထဲ ပါပေသည်။ ထိုအတွက်ကြောင့် ချုန်းချီနှင့် ရင်ဆိုင်ဖို့ရာ ခက်ပေလိမ့်မည်။ လီဝူရီနှင့် ကျိုဖုန်းတို့ အတူပူးပေါင်းမည်ဆိုလျှင်ပင် ချုန်းချီအား ဖမ်းနိုင်ဖို့ရာ အခွင့်အရေး ငါးဆယ်ရာခိုင်နှုန်းသာ ရှိပေသည်။
ချုန်းချီက ပြန်ပြောလိုက်သည်။ "ဒီလူအိုကြီးကို ခက်ခဲအောင် မလုပ်နဲ့"
လီဝူရီ သက်ပြင်းချလိုက်လေသည်။ ချက်ချင်းဆိုသလို နှစ်ဦးသားအကြားရှိ အခြေအနေမှာ တဖြည်းဖြည်း တင်းမာလာတော့၏။
"ရှင် ဒီကောင်လေးကို တကယ်ကြီးသခင်အဖြစ် အသိအမှတ်ပြုချင်တာလား" ကျိုဖုန်းသည် ချုန်းချီအား ထူးထူးဆန်းဆန်း အမူအရာဖြင့် ကြည့်လိုက်လေသည်။
ချုန်းချီက ပြန်ပြောလိုက်သည်။ "စိတ်ဝိညာဉ်သားရဲကျွန်းမှာ အကျဉ်းချမခံချင်ဘူးလေ၊ ဒီတော့ ငါ့မှာ သူ့နောက်လိုက်ဖို့က လွဲပြီးတော့ အခြားဘာရွေးချယ်စရာမှ မရှိတော့တာ" သူသည်သာ ရန်ကိုင်အနောက်သို့ မလိုက်ပါက လီဝူရီ သူ့အနောက်သို့ မလိုက်နိုင်အောင် တားဆီးသည့် နည်းလမ်းမှ လွဲ၍ စိတ်ဝိညာဉ်သားရဲကျွန်းနှင့် ထိပ်တိုက်တွေ့ရုံသာ ရှိပေလိမ့်မည်။
သို့ပါသော်ငြား လီဝူရီသည် သူ့ကိုယ်ပေါ်၌ လေဟာနယ်စည်းတံဆိပ်တစ်ခုကို ကပ်နှိပ်ထားလေရာ လီဝူရီသည်သာ ချုန်းချီအား ရှာလိုပါက အတွေးတစ်ချက်နှင့် ရှာနိုင်ပေသည်။ ထိုအတွက်ကြောင့် ချုန်းချီအနေဖြင့် လီဝူရီလက်မှ လွတ်နိုင်လိမ့်မည် မဟုတ်။
တစ်ချက်မျှ စဉ်းစားပြီးသည့်နောက် ရန်ကိုင် လက်အောက်တွင် ခိုလှုံလိုက်ခြင်းသည်သာ အကောင်းဆုံးနည်းလမ်းမှန်း ချုန်းချီ သဘောပေါက်လိုက်လေသည်။ ထိုအပြင် အရှေ့ဘက်နယ်မြေ၌ ရန်ကိုင်နှင့် လာတွေ့သည်မှာ တိုက်ဆိုင်မှုတစ်ခု ဖြစ်သည်။ အချိန်မြစ်မဟာဧကရာဇ်သည် သူ့အား အကာအကွယ်ပေးနေသည်ဟုပင် ချုန်းချီ ခံစားလိုက်ရသည်။ ထိုသို့သာမဟုတ်ပါက ပြေးပေါက်ပိတ်နေသည့် အချိန်မျိုးတွင် အချိန်မြစ်မဟာဧကရာဇ်၏ အချိန်ကုန်လွန်ခြင်းစည်းတံဆိပ်ကို ဘာကြောင့်များ ခံစားမိလိုက်ရပါမည်နည်း။
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၃၃၂၃)
ဘာသာပြန်သူ_တိမ်တိုက်
"ကောင်လေး၊ ဒီလူအိုကြီးက နင့်နောက်ကို လိုက်ဖို့ ဆုံးဖြတ်ထားပြီးသွားပြီ၊ နင်ဘယ်လိုလုပ်မှာလဲ" ကျိုဖုန်းသည် ရန်ကိုင်အား ပြုံးကာ ကြည့်ရင်းမှ မျက်စိတစ်ဖက်မှိတ်ပြလျက်... "နတ်သားရဲတစ်ကောင်က ကိုယ့်ကို ဆရာအဖြစ် သတ်မှတ်တယ်ဆိုတာ တော်ရုံရနိုင်တဲ့ အခွင့်အရေးမျိုး မဟုတ်ဘူးနော်"
အခြားတစ်ဦးသည်သာ ယခုကဲ့သို့သော အခွင့်အရေးမျိုးကို ရလိုက်မည်ဆိုလျှင် ချုန်းချီ၏ ဂုဏ်သတင်း ဆိုးရွားသည် ကောင်းသည်ကို ဂရုစိုက်မနေတော့ဘဲ ချက်ချင်း လက်ခံလိုက်ကြပေလိမ့်မည်။ သို့ပါသော်ငြား ရန်ကိုင်ကမူ အထင်အမြင်တသေးဖြင့် နှာခေါင်းရှုံ့လျက်... "ကျုပ်မှာ မရှိတာကျနေတာပဲ"
[မင်းမှာရှိတယ်] ချုန်းချီ မျက်လုံးပြူးသွားလေ၏။
ထိုအခါမှသာလျှင် ကျိုဖုန်းမှာ လျို့ယန်အကြောင်း ပြန်စဉ်းစားမိသွားခဲ့သည်။ နတ်သားရဲတစ်ကောင်၏ သခင်ဖြစ်ရသည်မှာ အခြားသူများအတွက်မူ တစ်သက်တွင် တစ်ခါသာ ရနိုင်မည့် အခွင့်အရေးမျိုး ဖြစ်ပါသော်ငြား ရန်ကိုင်တွင် လျို့ယန် ရှိနေလေပြီ။ လျို့ယန်မှာ ဖီးနစ်ကလန်သားတစ်ဦးဖြစ်လေရာ ချုန်းချီထက် ပို၍ အဆင့်မြင့်ပေသည်။ လက်ရှိအချိန်တွင် လျို့ယန်မှာ ချုန်းချီလောက် အားကောင်းလိမ့်ဦးမည် မဟုတ်ပါသော်ငြား သူမ၏ အလားအလာမှာ ချုန်းချီထက် အများကြီး ပိုမြင့်၏။ ရန်ကိုင်အတွက်မူ ချုန်းချီ သူ့အား သခင်အဖြစ် အသိအမှတ်ပြုလာသည်ကို ဂရုစိုက်မနေခဲ့ပေ။ ထိုအပြင် ချုန်းချီသည် စိတ်ဝိညာဉ်သားရဲကျွန်းဆီသို့ မသွားလိုသည့်အတွက်ကြောင့်သာလျှင် ရန်ကိုင်၏ အကာအကွယ်ကို လာရောက်ရယူနေခြင်းဖြစ်ပြီး ရန်ကိုင်အား သခင်အဖြစ် အမှန်တကယ် အသိအမှတ်ပြုလိုခြင်း မရှိမှန်း မည်သူမဆို ပြောနိုင်ပေသည်။
ရန်ကိုင်သည် ယခုနေ ချုန်းချီအား လက်ခံထားလိုက်၍ ရပါသော်ငြား နောက်ပိုင်းတွင် ချုန်းချီသည် သူ့စကားသူ ပြန်ရုပ်သိမ်းပြီး ရန်ကိုင်အား သတ်ပစ်ခဲ့လျှင်ရော။ ထိုသို့သာဆိုလျှင်တော့ အိမ်ထဲ မြေခွေးခေါ်သွင်းလိုက်သလို ဖြစ်သွားပေလိမ့်မည်။
ကျိုဖုန်းသည် ချုန်းချီဘက်သို့ လှည့်၍... "သူပြောတာကို ရှင်ကြားတယ်မလား၊ အခု ကျွန်မတို့နဲ့ပဲ စိတ်ဝိညာဉ်သားရဲကျွန်းဆီ ပြန်လိုက်ခဲ့ပြီးတော့"
ချုန်းချီက မှုန်ကုပ်ကုပ်အမူအရာဖြင့်... "ငါ မင်းတို့နှစ်ယောက်နဲ့ မတိုက်ခိုက်ချင်ဘူးနော်"
ကျိုဖုန်းကလည်း ပြန်ပြောလိုက်သည်။ "ဒီဘုရင်မကလည်း တိုက်ခိုက်ချင်တာကျလို့"
လီဝူရီမှာ တိတ်နေပါသော်ငြား သူ၏ စိတ်ပိုင်းဖြတ်ထားသည့် အကြည့်သည် တိုက်ပွဲသာဖြစ်မည်ဆိုလျှင် သူ့အနေဖြင့် လုံးဝ အလျှော့ပေးမည် မဟုတ်ကြောင်း ပြောနေခဲ့သည်။
ရုတ်တရက် ချုန်းချီသည် ရန်ကိုင်ဘက်သို့ လှည့်၍ ကောင်းကင်စိတ်အာရုံဖြင့် လှမ်းပြောလိုက်သည်။
ရန်ကိုင်မှာတော့ ပွဲကြီးပွဲကောင်းကို ကြည့်ရတော့မည့် ပုံစံမျိုးဖြင့် ရပ်နေစဉ် ရုတ်တရက် သူ့အမူအရာ အပြောင်းအလဲကြီး ပြောင်းလဲသွားခဲ့ပြီး ချုန်းချီအား လှည့်ကြည့်လိုက်လေသည်။ တစ်ချိန်တည်း၌ ချုန်းချီအား ကောင်းကင်စိတ်အာရုံမှတစ်ဆင့် ပြန်လည်ဆက်သွယ်လိုက်သည်။
နှစ်ဦးသားမှာ တစ်ဦးနှင့်တစ်ဦး ကောင်းကင်စိတ်အာရုံဖြင့် အပြန်အလှန်ဆက်သွယ်နေကြလေသည်။ လီဝူရီနှင့် ကျိုဖုန်းတို့မှာတော့ ထိုနှစ်ဦးအား ဟိုကြည့်လိုက် သည်ကြည့်လိုက် လုပ်နေရင်းမှ နောက်ဆုံး ကူကယ်ရာမဲ့စွာဖြင့် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသည်။
ရန်ကိုင်တို့ ဘာတွေပြောနေသလဲဆိုသည်ကို မသိပါသော်ငြား ချုန်းချီမှာ ရန်ကိုင်နှင့် ဆွေးနွေးနေကြောင်း ပြောနိုင်ပေသည်။ ထိုအပြင် ရန်ကိုင်အား စိတ်လှုပ်ရှားသွားစေသည့် ကမ်းလှမ်းချက်တစ်ခုကို ကမ်းလှမ်းလိုက်ခြင်း ဖြစ်ရပေလိမ့်မည်။
ရန်ကိုင်၏ အမူအရာကို လေ့လာကြည့်လိုက်သော် ရန်ကိုင်မှာ မျက်မှောင်ကို ကုပ်ရင်းမှ ထိတ်လည်းထိတ်လန့် အံ့လည်းအံ့အားသင့်နေသည့် ပုံစံမျိုး တောက်လျှောက်ကို လုပ်ပြနေကြောင်း တွေ့လိုက်ရသည်။
နောက်ဆုံးတွင် ရန်ကိုင်မှာ တည်ငြိမ်သွားခဲ့ပြီး ချုန်းချီအား မမှိတ်မသုန် စိုက်ကြည့်လိုက်သည်။ တစ်ခဏအကြာ၌ ရန်ကိုင်က သက်ပြင်းချလျက်... "လူအိုကြီးချုန်း၊ ခင်ဗျားနိုင်သွားပြီ"
ချုန်းချီက ပြုံးဖြီးလျက်... "ကျေးဇူးအများကြီးတင်ပါတယ် သခင်လေး"
"ကျုပ်ကို ကျေးဇူးမတင်နဲ့ဦး" ယခုတစ်ကြိမ်တွင်တော့ ရန်ကိုင်သည် လူအိုကြီးမှ သူ့အား သခင်လေးဟု ခေါ်နေသည်ကို သွားမတားခဲ့ပေ။ ထိုအစား လီဝူရီဘက်သို့ လှည့်၍... "စီနီယာ၊ သူ စိတ်ဝိညာဉ်သားရဲကျွန်းဆီ ပြန်မသွားရအောင် သူ့ကို ကျုပ်အနားမှာ ခေါ်ထားလို့ရတယ်မလား၊ စီနီယာနဲ့ သားရဲသခင် စိတ်ပူမနေနဲ့၊ နောက်ပိုင်း သူဘာပြဿနာမှ မလုပ်အောင် သေချာကြည့်ထားလိုက်မယ်"
လီဝူရီက မျက်မှောင်ကြုတ်လျက်... "မင်းသူ့ကို ကာကွယ်ပေးချင်တာလား"
ရန်ကိုင်က ရယ်မောလျက်... "သူက စိတ်ဝင်စားစရာကောင်းတဲ့ အကြောင်းတစ်ခုခု ကျုပ်ကို ပြောပြလာတယ်လေ၊ ဒီတော့ သူ့ကိုငြင်းဖို့က ခက်သွားတယ်"
[ငါသိနေတယ်]
သို့သော်ငြား ရန်ကိုင်၏ သဘောထားကို ပြောင်းလဲသွားလေအောင် ချုန်းချီ ဘာပြောလိုက်သလဲဆိုသည်ကို လီဝူရီ သိချင်မိသွားခဲ့သည်။ အစောပိုင်းက ရန်ကိုင်မှာ ဤလူအိုကြီးအား တောက်လျှောက်ကို ငြင်းနေခဲ့ပေသည်။ သို့သော်ငြား ချက်ချင်းဆိုသလို သဘောတူလာခဲ့သည်။
ကျိုဖုန်းက အလေးအနက်အမူအရာဖြင့်... "ချုန်းချီက လျို့ယန်လို မဟုတ်ဘူးနော်၊ နင်သူ့ကို ထိန်းချုပ်နိုင်လို့လား"
လျို့ယန်မှာ ရန်ကိုင် အနောက်သို့ လိုက်လာခဲ့သည်မှာ ကြာနေလေပြီ။ ရှင်းရှင်းပြောရသော် ရန်ကိုင်သည် သူမအား ယခုကဲ့သို့ ဖြစ်လာအောင် လုပ်ပေးခဲ့သူတစ်ဦး ဖြစ်သည်ဟု ပြော၍ရသည်။ ထိုအကြောင်းကြောင့် လျို့ယန်မှာ ရန်ကိုင်အပေါ် လုံးဝကို သစ္စာရှိပေသည်။ ချုန်းချီကမူ ထိုသို့မဟုတ်။ ချုန်းချီမှာ မူလကတည်းက နာမည်ဆိုးဖြင့် ကျော်ကြားသည့် နတ်သားရဲတစ်ကောင်ဖြစ်သလို အလွန်တရာကိုမှလည်း အားကောင်းလှသည်။ ထိုအကြောင်းကြောင့် ရန်ကိုင်မှာ ချုန်းချီ ပြဿနာရှာလာခဲ့သော် ချုန်းချီအား မတားနိုင်မည်ကို ကျိုဖုန်း စိတ်ပူနေခြင်းပင် ဖြစ်လေသည်။
ရန်ကိုင်က ပြုံး၍ ပြန်ပြောလိုက်သည်။ "ကျုပ်ပြောခဲ့သလိုပဲလေ၊ ကျုပ်မှာ သူ့ကို ထိန်းချုပ်ဖို့ နည်းလမ်းရှိပြီးသား" ထို့နောက်တွင် ရန်ကိုင်သည် ချုန်းချီဘက်သို့ လှည့်၍... "ခင်ဗျား ကျုပ်ကိုအခုလိုမျိုး အရေးကြီးတာ ပြောပြလာပေးတဲ့အတွက် ကျုပ်လည်း ခင်ဗျားကို အရေးကြီးတဲ့ သတင်းတစ်ခု ပြန်ပြောပေးမယ်၊ ခင်ဗျား အရင်တုန်းကတွေ့ခဲ့တဲ့ ကောင်မလေးရဲ့ သွေးမျိုးဆက်က နိုးထသွားပြီ၊ အခု သူ့ဘိုးဘေးရဲ့စွမ်းအားကို ဆက်ခံနေတယ်၊ ဒီတော့ ခင်ဗျား မဟုတ်တရုတ်တွေမလုပ်ဖို့ ကျုပ်အကြံပေးချင်တယ်၊ အခုမေ့မယ်ဆိုရင် တစ်ခါတည်း မေ့ထားလိုက်ပေတော့၊ မဟုတ်ရင် ခင်ဗျားအသက်အတွက် အာမခံချက်မရှိဘူး ဖြစ်သွားလိမ့်မယ်"
ချုန်းချီက အထိတ်ထိတ်အလန့်လန့်ဖြင့် ပြန်၍ မေးလိုက်လေသည်။ "သူ သူ့ရဲ့သွေးမျိုးဆက် နိုးထသွားတာလား"
ထိုကောင်မလေး မည်သူဖြစ်သလဲဆိုသည်ကို ရန်ကိုင်မှ ပြောပြမသွားခဲ့ပါသော်ငြား ရန်ကိုင် မည်သူ့အား ပြောနေသလဲဆိုသည်ကို ချုန်းချီ သိပေသည်။ ယခင်က ချုန်းချီမှ ကျန်းလျို့ရှီအား ကောင်းကောင်းမွန်မွန် ဆက်ဆံခဲ့ရခြင်းမှာ ကျန်းလျို့ရှီ၏ ကိုယ်ထဲတွင် ကိန်းအောင်းနေသော ကောင်းကင်အမိန့်တော်၏ အရှိန်အဝါကို အာရုံခံမိလိုက်သည့်အတွက်ကြောင့်ပင်။ သူမ၏ သွေးမျိုးဆက်မှာ ဤမျှ မြန်မြန်ဆန်ဆန် နိုးထလာလိမ့်မည်ဟု ချုန်းချီ မထင်ထားခဲ့ပေ။ သူစစ်ဆေးကြည့်ရသလောက် ထိုကောင်မလေး၏ မျိုးဆက်သည် နောက်နှစ်ပေါင်းရာနှင့်ချီမှ နိုးထလာရမည့် သွေးမျိုးဆက်မျိုး ဖြစ်သည်။ သို့သော်ငြား ယခုကဲ့သို့ စောစောစီးစီး သွေးမျိုးဆက်နိုးထလာသည်ကို ကြည့်လျှင် မမျှော်လင့်ထားသည့် အဖြစ်အပျက်အချို့ ဖြစ်ပျက်သွားခဲ့သည့်ပုံပင်။
အခြေအနေကို နားလည်လိုက်သော် ချုန်းချီက လက်သီးဆုပ်၍ ပြောလိုက်သည်။ "သခင်လေး စိတ်မပူပါနဲ့၊ သခင်လေးက ဆရာ့ရဲ့ဆက်ခံသူဆိုမှတော့ ဒီလူအိုကြီး သခင်လေးလက်အောက်မှာ အကောင်းမွန်ဆုံး ခစားမှာပါ"
ထို့နောက်တွင် ရန်ကိုင်သည် လီဝူရီနှင့် ကျိုဖုန်းကို ကြည့်၍ ပြုံးကာပြောလိုက်သည်။ "စီနီယာတို့ရော ဘယ်လိုထင်လဲ" တစ်ချက်မျှ ရပ်ပြီးသည့်နောက် ရန်ကိုင်က ပြောလိုက်လေသည်။ "စီနီယာတို့ သူ့ကို စိတ်ဝိညာဉ်သားရဲကျွန်းဆီ ပြန်ခေါ်သွားချင်သေးတယ်ဆိုရင်တော့ ကျုပ်လည်း ငြင်းမနေပါဘူး"
လီဝူရီနှင့် ကျိုဖုန်းတို့ အကြည့်ချင်းဖလှယ်လိုက်ကြလေသည်။
နှစ်ဦးစလုံး၏ ခေါင်းထဲ မေးခွန်းတစ်ခုတည်းသာ ရှိနေကြသည်။ [ရန်ကိုင်ပြောသွားသော ကောင်မလေးမှာ မည်သူနည်း။ ချုန်းချီသည် သူမ အကြောင်း ပြောလိုက်ရုံဖြင့် ဘာကြောင့်များ ဤမျှ ကြောက်ရွံ့သွားရလေသနည်း။ မဟာဧကရာဇ်များမှ လွဲ၍ ချုန်းချီအား ဤမျှကြောက်ရွံ့အောင် လုပ်နိုင်သည်မှာ မည်သူများ ဖြစ်နေလေသနည်း၊ ထိုအပြင် ရန်ကိုင်သည် သွေးမျိုးဆက်နိုးထသွားသည်ဟူသော စကားကိုလည်း ပြောသွားခဲ့သေး၏]
နှစ်ယောက်စလုံးမှာ တစ်ခုခုအား စဉ်းစားမိသွားသည့်အလား။ ကျိုဖုန်း၏ ခန္ဓာကိုယ်မှာ တုန်တုန်ယင်ယင် ဖြစ်သွားခဲ့သည်။ လီဝူရီ၏ မျက်လုံးများမှာလည်း တဖျတ်ဖျတ်ကို လက်သွားခဲ့လေ၏။ ကျိုဖုန်းမှာ ထိုကောင်မလေး မည်သူဖြစ်သလဲဆိုသည်ကို ရန်ကိုင်အား သွားမေးကြည့်ချင်ပါသော်ငြား မေးဖို့ရာ ကြောက်နေမိသည်။
တစ်ခဏအကြာ၌ လီဝူရီက ပြောလိုက်လေ၏။ "ငါပြောထားပြီးသားပဲလေ၊ မင်းက စိတ်ဝိညာဉ်သားရဲကျွန်းရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်နေပြီ၊ ဒီတော့ သူ့ကို မင်းဘေးနားမှာ ခေါ်ထားမယ်ဆိုရင် မင်းက စိတ်ဝိညာဉ်သားရဲကျွန်းရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်နေတာဆိုတော့ သူက စိတ်ဝိညာဉ်သားရဲကျွန်းရဲ့ စောင့်ကြည့်မှုအောက်မှာ ရှိနေသေးတယ်လို့ ပြောလို့ရတယ်၊ ဒီတော့ ငါ့တာဝန်လည်း မကျေပွန်ရာ မရောက်တော့ဘူး၊ ဒါပေမဲ့ ဒီကိစ္စအတွက် မဟာဧကရာဇ်ရဲ့ခွင့်ပြုချက်ကို အရင်ဆုံး ယူရလိမ့်မယ်"
ရန်ကိုင်က ခေါင်းညိတ်လိုက်သည်။ "ကျုပ်နားလည်တယ်၊ အဲဒီလိုဆိုမှတော့ စိတ်ဝိညာဉ်သားရဲကျွန်းဆီ အရင်သွားကြတာပေါ့"
လီဝူရီ ဤနေရာသို့ ရောက်နေပြီ ဖြစ်သည့်အတွက်ကြောင့် ရန်ကိုင်အနေဖြင့် စိတ်ဝိညာဉ်သားရဲကျွန်းဆီ သွားစရာမလိုတော့။ သို့သော်ငြား သားရဲသခင်မဟာဧကရာဇ်၏ ခွင့်ပြုချက်အား ပထမဦးစွာ တောင်းခံရမည်ဖြစ်သည့်အတွက်ကြောင့် စိတ်ဝိညာဉ်သားရဲကျွန်းဆီသို့ သွားရဦးမည့်ပုံပင်။
သို့ပါသော်ငြား လီဝူရီက ပြုံးလျက်... "အဲဒီလိုလုပ်စရာ မလိုဘူး"
ပြောပြီးသွားသည်နှင့် တစ်ပြိုင်နက် လီဝူရီသည် သိုလှောင်ကျောက်စိမ်းပြား တစ်ပြားကို ထုတ်၍ ထိုအထဲသို့ ကောင်းကင်စိတ်အာရုံဖြင့် သူပြောချင်သည်များကို ထည့်သွင်းမှတ်သားလိုက်သည်။ ထို့နောက်တွင် ကျောက်စိမ်းပြားအား ဟင်းလင်းပြင်ထဲသို့ ပစ်ထည့်၍ အော်ပြောလိုက်လေ၏။ "သွားပေတော့"
ကျောက်စိမ်းပြားမှာ ဟင်းလင်းပြင်ထဲသို့ တိုးဝင်ပျောက်ကွယ်သွားခဲ့လေသည်။
ရန်ကိုင်မှာ ထိုမြင်ကွင်းအား မျက်လုံးအပြူးသားဖြင့် ကြည့်ရင်းမှ မေးလိုက်လေသည်။ "စီနီယာ၊ ခုနတုန်းက စိတ်ဝိညာဉ်သားရဲကျွန်းဆီ သတင်းပို့လိုက်တာလား"
အစောပိုင်းက လီဝူရီမှ လေဟာနယ်နိယာမများအား အသုံးပြု၍ ကျောက်စိမ်းပြားအား ဟင်းလင်းပြင်ထဲသို့ ပစ်ထည့်လိုက်သည်ကို ရန်ကိုင် တွေ့ရှိလိုက်ရသည်။ သို့သော်ငြား ဤနေရာသည် စိတ်ဝိညာဉ်သားရဲကျွန်းနှင့် အလွန်ကိုမှ ဝေးကွာသည့် နေရာတွင် ရှိနေလေရာ လီဝူရီသည် လေဟာနယ်တာအိုကို ကျွမ်းကျင်ထားမည်ဆိုလျှင်ပင် ထိုကျောက်စိမ်းပြားအား ထိုမျှဝေးကွာသည့် နေရာဆီသို့ မည်ကဲ့သို့များ ပို့ဆောင်နိုင်ပါမည်နည်း။
ထိုအကြောင်းကြောင့်ပင်လျှင် ရန်ကိုင်လည်း မနေနိုင်တော့ဘဲ သွားမေးမိလိုက်ခြင်း ဖြစ်၏။
လီဝူရီက ပြုံး၍ ပြန်ပြောလိုက်သည်။ "ဒါက လေဟာနယ်နိယာမကို အသုံးချတဲ့ နည်းလမ်းတစ်ရပ်ပဲလေ၊ ငါနောက်ကျမှပဲ မင်းကိုပြောပြပေးမယ်၊ အခု မင်းကျွမ်းကျင်ထားတဲ့ ပုံအရဆိုရင်တော့ အဲဒီနည်းလမ်းကို လွယ်လွယ်လေးသင်လို့ရတယ်"
ရန်ကိုင်သည် နားရွက်တပ်ချိတ်မတတ် ပြုံး၍... "ကျေးဇူးအများကြီးတင်ပါတယ် စီနီယာ"
လီဝူရီက လက်မြှောက်၍... "ဒီလောကကြီးမှာ လေဟာနယ်တာအိုကို ကျင့်ကြံထားတဲ့လူတွေ အများကြီးရှိပေမဲ့ အဆင့်မြင့်မြင့် ကျွမ်းကျင်တာဆိုလို့ မင်းနဲ့ငါလောက်ပဲ ရှိတာ၊ ဒီတော့ မင်းနဲ့ဆွေးနွေးတာက ငါ့အတွက်လည်း အကျိုးရှိတယ်"
"စီနီယာ နှိမ့်ချလွန်းနေပါပြီ၊ ကျုပ်ကသာ စီနီယာဆီကနေ အများကြီးသင်ကြားရမှာ" ရန်ကိုင်က ပြန်ပြောလိုက်သည်။
ကျိုဖုန်းက ယဲ့ယဲ့လေးပြုံးလျက်... "ဒီဝမ်းတွင်းရူးကို ခယနေတာ ဘာအကျိုးရှိလို့လဲ"
ထိုစဉ် ချုန်းချီက မာနတစ်ခွဲသားဖြင့် ဝင်ပြောလိုက်လေသည်။ "လေဟာနယ်နိယာမက နက်နဲဆန်းကြယ်တယ်ဆိုပေမဲ့ အချိန်နိယာမကိုတော့ မယှဉ်နိုင်သေးဘူး"
ရန်ကိုင်သည် ချုန်းချီအား ကြည့်လျက် ပြန်ပြောလိုက်သည်။ "ခင်ဗျား အချိန်နိယာမကို သုံးနိုင်လို့လား"
ချုန်းချီ မျက်နှာကြီးမဲ့သွားခဲ့ပြီး ရှက်ရှက်ဖြင့် ပြန်ပြောလိုက်၏။ "မသုံးနိုင်ဘူး"
ချုန်းချီမှာ မဟာဧကရာဇ်၏ စီးတော်သားရဲ ဖြစ်ပေသည်။ သူကိုယ်တိုင်သည် မဟာဧကရာဇ်အနောက်သို့ အချိန်အတန်ကြာအောင် လိုက်ခဲ့ပြီး မဟာဧကရာဇ်မှ အားကောင်းလှသည့် အချိန်နိယာမများအား ထုတ်သုံးခဲ့သည်ကို မြင်တွေ့ခဲ့ပါသော်ငြား သူကိုယ်တိုင်ကမူ အချိန်နိယာမအား အသုံးပြုနိုင်ခဲ့ခြင်း မရှိပေ။
ရန်ကိုင်က ပြောလိုက်လေ၏။ "နိယာမတစ်ခုရဲ့စွမ်းအားက အသုံးပြုတဲ့လူအပေါ်မှာပဲ မူတည်တယ်၊ နိယာမတိုင်းမှာ အားသာချက်ကိုယ်စီ ရှိပြီးသား၊ ဒီတော့ ဘယ်တစ်ခုကမှ အခြားဘယ်တစ်ခုထက် ပိုသာမနေဘူး"
လီဝူရီ၏ မျက်လုံးများ တဖျတ်ဖျတ် တောက်ပသွားခဲ့ပြီး ပြန်၍ပြောလိုက်သည်။ "မင်းမှန်တယ်၊ လူမှန် နေရာမှန်ဆီ ရောက်သွားတော့မှပဲ နိယာမတစ်ခုရဲ့ တကယ့်စွမ်းအားက ထွက်ပေါ်လာနိုင်တာ"
ပြောပြီးသည့်နောက် လီဝူရီ၏ အမူအရာ ပြောင်းလဲသွားခဲ့ပြီး သူလက်ကို မြှောက်၍ ဖမ်းလိုက်ရာ သူ့လက်ထဲ ကျောက်စိမ်းပြားတစ်ပြား ရောက်လာခဲ့လေသည်။
[မြန်လိုက်တာ]
ကျောက်စိမ်းပြားကို ပို့လိုက်သည်မှာ သိပ်မကြာသေးပေ။ သို့သော်ငြား တစ်ခဏလေးအတွင်းမှာပင် သားရဲသခင်မဟာဧကရာဇ်၏ သတင်း ပြန်ရောက်လာခဲ့သည်။
ချုန်းချီမှာတော့ လီဝူရီအား စိုးရိမ်တကြီးဖြင့် လှမ်း၍ကြည့်နေလေသည်။ အခြေအနေသည်သာ သူမျှော်လင့်ထားသလို ဖြစ်မလာပါက ချက်ချင်းထွက်ပြေးရန် စဉ်းစားထားခဲ့လေ၏။ သူ့အနေဖြင့် စိတ်ဝိညာဉ်သားရဲကျွန်း၌ အကျဉ်းချခံထားရမည့် ကိစ္စရပ်မျိုးကို လုံးဝ လက်ခံလိမ့်မည် မဟုတ်ပေ။
သို့သော်ငြား လီဝူရီ၏ အမူအရာမှာ တည်တည်ငြိမ်ငြိမ် ရှိနေသည့်အတွက်ကြောင့် ချုန်းချီမှာ မဟာဧကရာဇ် ဘာပြန်ပြောလာသလဲဆိုသည်ကို မတွေးတတ်နိုင်အောင် ဖြစ်နေရလေသည်။
တစ်ခဏအကြာ၌ လီဝူရီသည် ကျောက်စိမ်းပြားထဲတွင် ပြန်ပို့လာသော သတင်းကို ဖတ်ပြီးသွားခဲ့ပြီး ရန်ကိုင်နှင့် ချုန်းချီအား တစ်လှည့်စီကြည့်၍ နောက်ဆုံးတွင် ရန်ကိုင်ကို ကြည့်ကာ ပြောလိုက်လေသည်။ "ဆရာပြောတာတော့ မင်းဘာသာမင်းပဲ ဆုံးဖြတ်လိုက်လေ"
ထိုစကားကို ကြားသည့်အခါမှသာလျှင် ချုန်းချီ သက်ပြင်းချနိုင်သွားသည်။ ထို့နောက်တွင် ရန်ကိုင်အား စိုးရိမ်တကြီးဖြင့် လှမ်း၍ ကြည့်လိုက်လေသည်။ ယခုကိစ္စတွင် နောက်ဆုံး ပြောပိုင်ခွင့်ရှိလာသူမှာ ရန်ကိုင် ဖြစ်လာပြီ ဖြစ်သည့်အတွက်ကြောင့် ရန်ကိုင် မည်ကဲ့သို့ ဆုံးဖြတ်မလဲဆိုသည်မှာ ချုန်းချီ၏ ကမ်းလှမ်းချက် ရန်ကိုင်အတွက် မည်မျှ အရေးပါ မပါဆိုသည့်အပေါ်တွင် မူတည်နေလေပြီ။
[တကယ်ကို အသုံးဝင်တယ်၊ ငါပြောတာ တကယ်ကို အသုံးဝင်မှာ] ချုန်းချီ စိတ်ထဲမှ ကြိတ်ကာ ဆုတောင်းနေလေသည်။
"ကျုပ်ဆုံးဖြတ်ရမှာလား" ရန်ကိုင်သည် မေးစေ့ကို ပွတ်ရင်းမှ ရေရွတ်လျက်... "ကြည့်ရတာ မဟာဧကရာဇ်က ကျုပ်ကို တော်တော်လေး အထင်ကြီးနေတယ်နဲ့ တူတယ်"
လီဝူရီက ပြုံး၍... "မင်းက လူအိုကြီးချုန်းနဲ့ ပတ်သက်နေတယ်ဆိုမှတော့ သူ့ကို စောင့်ကြည့်ဖို့လူတွေထဲမှာ မင်းက အသင့်တော်ဆုံးပဲလို့ ဆရာက ပြောထားတယ်၊ နောက်ပိုင်း သူ့စကားသူ မတည်ဘဲနဲ့ လုပ်ချင်ရာတွေ ထလုပ်မယ်ဆိုရင်တောင် အဲဒီအခါကျမှပဲ ငါတို့ဝင်ပါလည်း နောက်မကျသေးဘူးတဲ့"
"ကောင်းပြီလေ" ရန်ကိုင်က ခေါင်းညိတ်လိုက်လေ၏။ "မဟာဧကရာဇ်က ကျုပ်ကို ဒီလောက်တောင် ယုံကြည်နေတယ်ဆိုမှတော့ ကျုပ်လည်း တာဝန်ယူရတော့တာပေါ့"
ထို့နောက်တွင် ရန်ကိုင်သည် လူအိုကြီးချုန်းဘက်သို့ လှည့်၍... "လူအိုကြီးချုန်း၊ အခုကနေစပြီးတော့ ခင်ဗျားကျုပ်နောက် လိုက်ခဲ့ပေတော့၊ မဟာဧကရာဇ်ပြောသွားတာကို ကြားတယ်မလား၊ ခင်ဗျားဂုဏ်သတင်း ပြန်တက်လာအောင် လူတွေအများကြီးကို ကူညီပေးရမှာနော်၊ ခင်ဗျား မဟုတ်တရုတ်တွေ ထပ်လုပ်ရဲမယ်ဆိုရင်တော့ မဟာဧကရာဇ်ရော ကျုပ်ရော ခင်ဗျားကို အလွတ်ပေးမှာ မဟုတ်ဘူး၊ နားလည်လား"
"နားလည်ပါတယ်" ချုန်းချီက တလေးတစားဖြင့် ပြန်ပြောလိုက်သည်။ ထို့နောက် ခါးသက်သက်အမူအရာဖြင့်... "သခင်လေး ကျုပ်ကို လူအိုကြီးချုန်းလို့ မခေါ်လို့ မရဘူးလား"
"အဲဒါဆို ခင်ဗျားကို ဘယ်လိုခေါ်စေချင်တာလဲ၊ လူအိုကြီးချီလား"
ချုန်းချီက ပြန်၍ ပြောလိုက်သည်။ "မဟုတ်ပါဘူး၊ ဒါပေမဲ့ အဲဒါလည်း နည်းနည်းတော့ နီးစပ်တယ်၊ အရင်တုန်းကဆို ကျုပ်ဆရာက ကျုပ်ကို ရှောင်ချီလို့ ခေါ်တာ၊ သခင်လေး မြင်တဲ့အတိုင်းပဲ ရှောင်ချီက လူအိုကြီးချီထက် အများကြီး ပိုနားထောင်လို့ကောင်းတယ်လေ၊ သခင်လေး အဆင်ပြေတယ်ဆိုရင် ကျုပ်ကို ရှောင်ချီလို့ပဲ ခေါ်ပါ၊ ဟမ်၊ မင်းတို့တွေ ဘာလို့ ငါ့ကိုအဲဒီလိုမျိုး ကြောင်ကြည့်နေကြတာလဲ"
လက်ရှိအခိုက်အတန့်တွင် ရန်ကိုင်၊ လီဝူရီနှင့် ကျိုဖုန်းတို့မှာ ချုန်းချီအား ထူးထူးဆန်းဆန်း အမူအရာများဖြင့် စိုက်ကြည့်နေကြလေသည်။
ရန်ကိုင်က မျက်နှာကြီးမဲ့လျက် လက်ကို ဝှေ့ယမ်းရင်းမှ... "လူအိုကြီးချုန်းလို့ ခေါ်တာ အကောင်းဆုံးပဲ၊ ပြောင်းနေစရာ မလိုတော့ဘူး"
[သူ့ကိုယ်သူများ ရှောင်ချီလို့ ခေါ်စေချင်နေသေးတယ်]
မိုဟွမ်၏ သမီးဖြစ်သော စိတ်ဝိညာဉ်သားရဲကျွန်း၏ မင်းသမီးလေးကို ရှောင်ချီဟု ခေါ်ပေသည်။ နှစ်ဦးစလုံးမှာ နာမည်တူနေကြသည်။ သို့သော်ငြား တစ်ဦးမှာ ငယ်ရွယ်ကာ အပြစ်ကင်းစင်သည့် ကလေးမလေးတစ်ဦး ဖြစ်ပြီး ကျန်သည့် တစ်ဦးမှာတော့ ရက်စက်ကြမ်းကြုတ်လှသည့် သက်ကျားအိုကြီး ဖြစ်သည်။ ရန်ကိုင်အနေဖြင့် ချုန်းချီအား ရှောင်ချီဟု လုံးဝခေါ်လိမ့်မည် မဟုတ်။ လီဝူရီနှင့် ကျိုဖုန်းတို့သည်လည်း အလားတူပင် တွေးနေကြလေသည်။
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၃၃၂၄)
ဘာသာပြန်သူ_တိမ်တိုက်
"ကောင်းပြီလေ၊ ဒါဆိုရင်လည်း လူအိုကြီးချုန်းပဲပေါ့" ချုန်းချီမှာ လက်မခံချင် ခံချင်ဖြင့် သူ့နာမည်ကို လက်ခံလိုက်ရသည်။
ရန်ကိုင်က ခေါင်းညိတ်၍... "ကျုပ် စီနီယာလီနဲ့ ဆွေးနွေးစရာလေး ရှိသေးလို့၊ အခုတော့ ခင်ဗျား တစ်နေရာရာမှာ အရင်သွားနားနေရင် နားနေလိုက်"
"ကောင်းပါပြီ" ချုန်းချီသည် တလေးတစားဖြင့် ပြန်ပြောလိုက်ပြီးသည့်နောက် အခြားတစ်နေရာဆီသို့ ပျံသန်းထွက်သွားလိုက်သည်။ ထို့နောက်တွင် တစ်ခုသော သစ်ပင်၏ သစ်ကိုင်းပေါ်တွင် သွားနားကာ လက်ပေါ် ခေါင်းတင်၍ အနားယူနေလေ၏။ သူ၏ မသင့်တော်လှသော အနီရောင်ဝတ်ရုံကြောင့်သာ မဟုတ်လျှင် ချုန်းချီမှာ သိုင်းပညာရှင်တစ်ပါးနှင့်ပင် တူနေလောက်ပေသည်။
ရန်ကိုင်သည် အဆောက်အဦးထဲဝယ် နေရင်းမှ ပြောလိုက်သည်။ "စီနီယာတို့နဲ့ မဟာဧကရာဇ်တို့ အကုန်လုံး ချုန်းချီနဲ့ ပတ်သက်ပြီးတော့ စိတ်ပူမနေနဲ့၊ ကျုပ် သူ့ကို သေချာစောင့်ကြည့်ထားပြီးတော့ သေချာထိန်းကျောင်းထားလိုက်မယ်"
ကျိုဖုန်းက ပြန်ပြောလိုက်သည်။ "အရမ်းကြီးတော့လည်း တင်းတင်းကျပ်ကျပ်တွေ သွားလုပ်မနေနဲ့၊ သူက ငါတို့ထက်တောင် အသက်ကြီးတဲ့ ရှေးဟောင်းနတ်သားရဲတစ်ကောင်ပဲ၊ နင့်ကို သခင်အဖြစ် အသိအမှတ်ပြုထားပေမဲ့ သူ့အပေါ် အရမ်းကျပ်လွန်းနေရင် သိပ်မကောင်းဘူး၊ နင် ဒီကိစ္စကို ကောင်းကောင်းကိုင်တွယ်နိုင်ပါတယ်၊ ဟုတ်တယ်မလား"
"ရတယ်၊ ကိစ္စမရှိဘူး" ရန်ကိုင်က ခေါင်းညိတ်လိုက်သည်။ မိစ္ဆာဝိညာဉ်တစ်ကောင်ကို သူ့အနောက်သို့ လိုက်ခိုင်းရသည်မှာ လန့်စရာကောင်းပါသော်ငြား ရန်ကိုင်မှာ သာမန်လူတစ်ဦး မဟုတ်။ ချုန်းချီ၏ အကြောင်းကိုမူ ချုန်းချီနှင့် အတူနေရင်းမှ သေသေချာချာ လေ့လာကြည့်ရပေမည်။
ချုန်းချီနှင့် ပတ်သက်သည့် ကိစ္စမှာ ဖြေရှင်းပြီးသွားပြီ ဖြစ်သည့်အတွက်ကြောင့် ရန်ကိုင်မှာ လီဝူရီနှင့် လေဟာနယ်တာအိုအကြောင်း စဉ်းစားဖို့ရာ မစောင့်နိုင်တော့ပေ။ ဤသည်မှာ လေဟာနယ်တာအိုကို ကျင့်ကြံပြီးချိန်မှ စ၍ ထိုတာအိုအကြောင်းကို တစ်စုံတစ်ဦးနှင့် ဆွေးနွေးရမည် ဖြစ်သည့်အတွက်ကြောင့် ရန်ကိုင်မှာ အတော်လေးကိုမှ စိတ်လှုပ်ရှားနေလေ၏။
"စီနီယာလီ၊ ဟိုကျောက်စိမ်းပြားကိုလေ စိတ်ဝိညာဉ်သားရဲကျွန်းဆီ ဘယ်လိုပြန်ပို့လိုက်တာလဲ၊ ကျုပ်ကို နောက်တစ်ကြိမ်လောက် ထပ်ပြပေးလို့ရမလား"
လီဝူရီက ပြုံး၍ ပြန်ပြောလိုက်သည်။ "အဲဒီလောက်ကြီးလည်း မခက်ပါဘူး"
ပြောပြီးသည့်နောက်တွင် လီဝူရီသည် လက်ညှိုးတစ်ချောင်းကို ဆန့်ထုတ်လိုက်သည်။ သူ့လက်ညှိုးထိပ်တွင်မူ လေဟာနယ်နိယာမတို့ ရစ်သိုင်းလာခဲ့လေ၏။ ထို့နောက်တွင် ထိုလက်ညှိုးဖြင့် ကျောက်တုံးစားပွဲအား မထိဘဲ ကျောက်တုံးစားပွဲပေါ်၌ တစ်ခုခုအား စတင်ရေးဆွဲတော့လေ၏။
ရန်ကိုင်မှာ လီဝူရီ လုပ်သည်ကို သေသေချာချာကို လေ့လာကြည့်နေသည်။ ကြည့်နေရင်းမှ လီဝူရီ ရေးဆွဲနေသည်မှာ အစီအရင်တစ်ခုဖြစ်ကြောင်း တွေ့ရှိလိုက်ရသည်။ အစီအရင်ရုပ်လုံး တဖြည်းဖြည်းနှင့် ပေါ်လာသော် ထိုအစီအရင်မှာ သူခင်းကျင်းနေကျ နယ်မြေခြားဟင်းလင်းပြင်အစီအရင်နှင့် ဆင်တူနေကြောင်းကို တွေ့ရှိလိုက်ရသည်။ သို့သော်ငြား ကွာဟချက် အချို့တော့ ရှိနေပေသေးသည်။
တစ်ခဏအကြာ၌ လီဝူရီ ရေးဆွဲလို့ ပြီးသွားခဲ့သည်။ ကျောက်တုံးစားပွဲမှာတော့ အနည်းငယ်မျှပင် ပြောင်းလဲသွားခဲ့ခြင်း မရှိခဲ့။ သို့သော်ငြား ကျောက်တုံးစားပွဲဆီမှ လေဟာနယ်နိယာမ စွမ်းအင်လှိုင်းတို့ ဖြာထွက်လာနေသည်ကို ခံစားမိနေလေသည်။
ထို့နောက်တွင် လီဝူရီသည် ရန်ကိုင်ဆီသို့ ကျောက်စိမ်းပြားတစ်ပြားကို ပစ်ပေး၍ ပြောလိုက်လေ၏။ "အဲဒီအထဲကို တစ်ခုခုထည့်လိုက်"
ရန်ကိုင်လည်း ခေါင်းညိတ်၍ ကျောက်စိမ်းပြားထဲသို့ ကောင်းကင်စိတ်အာရုံ ထည့်သွင်းကာ သူ့ဝိညာဉ်အမှတ်အသားကို ကပ်နှိပ်လိုက်သည်။
"ငါ့ကိုပေး" ကျိုဖုန်းက လှမ်းတောင်းလိုက်သည်။
ကျိုဖုန်း ဘာလုပ်ချင်နေသလဲဆိုသည်ကို မသိပါသော်ငြား ရန်ကိုင်လည်း ပြောသည့်အတိုင်း သူမဆီသို့ ပေးလိုက်လေ၏။
ကျောက်စိမ်းပြားကို ယူပြီးသည့်နောက်တွင် ကျိုဖုန်းသည် ထိုကျောက်စိမ်းပြားနှင့်အတူ အဝေးတစ်နေရာဆီသို့ ထွက်သွားသည်။
ကျိုဖုန်း ထွက်သွားသည့် အရပ်ဆီသို့ ကြည့်ရင်း ရန်ကိုင် အတွေးနက်သွားခဲ့သည်။
တစ်ဆယ့်ငါးမိနစ်ခန့် ကြာပြီးသည့်နောက်တွင် ကျောက်တုံးစားပွဲသည် ရုတ်တရက် တလက်လက်တောက်ပလာခဲ့လေသည်။ ရန်ကိုင်လည်း ကျောက်တုံးစားပွဲဆီသို့ လှမ်းကြည့်လိုက်ရာ ကျောက်တုံးစားပွဲပေါ်၌ ကျောက်စိမ်းပြားတစ်ပြား ပေါ်လာကြောင်း တွေ့လိုက်ရ၏။ ထို့နောက်တွင် ရန်ကိုင်က မျက်ခုံးပင့်လျက်... "ဒါက"
လီဝူရီက ပြုံး၍... "မင်းဘာသာမင်း ကြည့်ကြည့်လိုက်"
ရန်ကိုင်လည်း ကျောက်စိမ်းပြားကို ယူ၍ စစ်ဆေးကြည့်လိုက်ရာ ထိုကျောက်စိမ်းပြားသည် အစောပိုင်းက သူ့ဝိညာဉ်အမှတ်အသား ချန်ထားရစ်ခဲ့သော ကျောက်စိမ်းပြား ဖြစ်နေကြောင်း တွေ့လိုက်ရလေသည်။ ယခုမူ ဤကျောက်စိမ်းပြားသည် ကျောက်တုံးစားပွဲပေါ်၌ ထူးထူးဆန်းဆန်း ပေါ်လာခဲ့လေ၏။
ကျောက်တုံးစားပွဲကို ညွှန်ပြရင်းမှ လီဝူရီက ရှင်းပြလိုက်သည်။ "ငါ လေဟာနယ်နိယာမတွေကို အသုံးပြုပြီးတော့ လေဟာနယ်မှတ်တိုင်တစ်ခုကို ဖန်တီးလို့ရတယ်၊ လေဟာနယ်မှတ်တိုင် ရှိနေတဲ့ နေရာဖြစ်ဖြစ် ဒါမှမဟုတ် ငါ့လက်ထဲကနေ ဖြတ်သွားတဲ့ ဘယ်ပစ္စည်းဖြစ်ဖြစ် အဲဒီလေဟာနယ်မှတ်တိုင်ဆီကို ချက်ချင်းရောက်သွားနိုင်တယ်"
ရန်ကိုင်၏ မျက်လုံးများ တဖျတ်ဖျတ် တောက်ပသွားခဲ့လေသည်။ "လေဟာနယ်အစီအရင်လိုပဲပေါ့"
လီဝူရီက ခေါင်းညိတ်လိုက်သည်။ "ဟုတ်တယ်၊ ပုံမှန်အားဖြင့်တော့ ဟင်းလင်းပြင်အစီအရင်ကို သုံးပြီးတော့ လူတွေကို ပို့တာပေါ့၊ ဒါပေမဲ့ ငါအခုလုပ်နေတာက ပစ္စည်းတွေပို့တာ၊ ဒီလောက်ကြီး သိပ်မခက်ဘူး၊ ဒါပေမဲ့ အခြေခံနိယာမတွေ အကုန်လုံးကတော့ အတူတူပဲ"
ရန်ကိုင်က အံ့ဩတကြီးဖြင့်... "ဒီစားပွဲက သာမန်ကျောက်တုံးကနေ လုပ်ထားတာ၊ အဲဒီအပေါ်မှာ လေဟာနယ်မှတ်တိုင်ကို ဖန်တီးလို့ရတာလား"
လီဝူရီက ပြန်ပြောလိုက်သည်။ "ရတယ်၊ ဒါပေမဲ့ ခဏလောက်ပဲ ခံတာ၊ ပိုပြီးတော့ ကြာကြာ အသုံးခံချင်တယ်ဆိုရင်တော့ နည်းနည်းတော့ အသုံးဝင်လောက်တဲ့ ပစ္စည်းတွေကို သုံးပြီးတော့ ဖန်တီးရမှာပေါ့"
ရန်ကိုင်က မျက်ခုံးပင့်လျက်... "လေဟာနယ်သလင်းကျောက်တို့ လေဟာနယ်ဝိညာဉ်ကျောက်စိမ်းတို့လို ဟာမျိုးတွေလား"
လီဝူရီက ပြုံး၍ ပြန်ပြောလိုက်သည်။ "ဟုတ်တယ်"
"ကျုပ်သိပြီ" ရန်ကိုင်မှာ အဖိုးတန်ရတနာတစ်ခုကို ရလိုက်သည့်အလား ဝမ်းသာအားရ ဖြစ်သွားခဲ့လေသည်။ "ဒီနည်းလမ်းသုံးပြီး ပစ္စည်းတွေ ပို့လို့ရတာ တကယ်အံ့ဩဖို့ကောင်းတာပဲ၊ ဆက်သွယ်ရေးမှော်ရတနာတွေထက်တောင် ပိုပြီးတော့ အသုံးဝင်သေးတယ်"
ဆက်သွယ်ရေးမှော်ရတနာတစ်ခုသည် သတင်းများကိုသာ ပေးပို့နိုင်လေသည်။ နယ်မြေ အလွန်ဝေးကွာနေလျှင်လည်း သတင်းများကို ပေးပို့၍ မရပေ။ သို့သော်ငြား ဤနည်းလမ်းကမူ မတူတော့။ ဦးတည်ရာသည် မည်သည့်အရပ်တွင် ရှိနေစေကာမူ ကိုယ်ကြိုက်သည့် သတင်းကို ပို့ပေး၍ ရပေသည်။
သားရဲသခင်မဟာဧကရာဇ်တွင် လီဝူရီ ချန်ထားခဲ့သော လေဟာနယ်မှတ်တိုင်တစ်ခု ရှိနေရပေလိမ့်မည်။ ထိုအကြောင်းကြောင့်သာလျှင် လီဝူရီမှာ ကျောက်စိမ်းပြားအား သားရဲမဟာဧကရာဇ်ဆီသို့ ချက်ချင်း ပြန်ပို့နိုင်ပြီး သားရဲသခင်မဟာဧကရာဇ်မှာလည်း လီဝူရီအား အကြောင်းပြန်နိုင်ခဲ့ခြင်း ဖြစ်သည်။
စိတ်လှုပ်ရှားနေသော ရန်ကိုင်မှာ လေဟာနယ်မှတ်တိုင်တစ်ခုကို ကျောက်တုံးစားပွဲပေါ်တွင် အလျင်စလို စတင်၍ ရေးဆွဲလေ၏။
လီဝူရီသည် ရန်ကိုင် ရေးဆွဲနေသည်ကို ကြည့်ရင်းမှ အမှားများကို ထောက်ပြကာ ကူညီသင်ပြပေးလေသည်။ မကြာမီ ရန်ကိုင်မှာ ထိုနည်းစနစ်အား ကျွမ်းကျင်သွားခဲ့ပြီး လေဟာနယ်မှတ်တိုင်တစ်ခုကို ဖန်တီးနိုင်ခဲ့သည်။
ထို့နောက်တွင် ထိုင်ရာမှ ထ၍ ပြောလိုက်လေ၏။ "ကျုပ် အခုချက်ချင်း ပြန်လာခဲ့မယ်"
ထိုသို့ပြောပြီးသည့်နောက် ချက်ချင်း ပြေးထွက်သွားလေ၏။ ရန်ကိုင် ပြေးထွက်သွားစဉ် ကျိုဖုန်းနှင့် လမ်း၌ တွေ့ခဲ့လေသည်။ အလျင်စလို ပြေးထွက်သွားလာသော ရန်ကိုင်အား ကြည့်ရင်း ကျိုဖုန်းမှာ မယုံသင်္ကာအမူအရာဖြင့် လီဝူရီကို ကြည့်၍ မေးလိုက်လေသည်။ "သူ တတ်သွားပြီလား"
လီဝူရီက ခေါင်းညိတ်၍... "လေဟာနယ်တာအိုကို သူ့ရဲ့နားလည်မှုက ငါနဲ့အတူတူလောက်ပဲ၊ လိုနေတာက အတွေ့အကြုံနဲ့ အချိန်ပဲ၊ ပြီးတော့ ဒီပညာရပ်က အဲဒီလောက်ကြီး ခက်တာလည်း မဟုတ်တော့ သူအလွယ်တကူ တတ်သွားတာပေါ့"
ကျိုဖုန်းက ပြန်ပြောလိုက်လေသည်။ "နင့်ပညာရပ်ကို တစ်ယောက်ယောက်က ခိုးသွားတာကို နင်က ဘာဖြစ်လို့ ပျော်နေတာလဲ"
လီဝူရီက ပြုံး၍ ပြန်ပြောလိုက်သည်။ "နင်ရော လျို့ယန်ကို တွေ့သွားတာ မပျော်ဘူးလား"
ကျိုဖုန်း၏ အမူအရာ ပြောင်းလဲသွားခဲ့လေသည်။ ထို့နောက် ခေါင်းညိတ်၍..."ဟုတ်တယ်နော်"
ပြောနေရင်းမှ ကျောက်တုံးစားပွဲ တလက်လက်တောက်ပလာခဲ့ပြီး အဆင့်မြင့် အရင်းအမြစ်ကျောက်တစ်တုံး ကျောက်တုံးစားပွဲပေါ်၌ ပေါ်လာခဲ့လေသည်။ လီဝူရီသည် ထိုအဆင့်မြင့် အရင်းအမြစ်ကျောက်ကို မြှောက်၍ ပြောလိုက်လေ၏။ "သူအခုဆို အခြားပစ္စည်းတွေကိုတောင် ပို့လို့ရနေပြီ"
လီဝူရီမှ ထိုကဲ့သို့ ပြောပြီးပြီးချင်းမှာပင် ကီလိုဂရမ်တစ်ရာခန့် အလေးချိန်ရှိသော ကျောက်တုံးတစ်တုံး စားပွဲပေါ်၌ ပေါ်လာခဲ့လေ၏။ ကျောက်တုံးစားပွဲသည် တလက်လက်တောက်ပလာခဲ့ပြီး ဧရာမဝံပုလွေကြီးတစ်ကောင် လီဝူရီ အရှေ့၌ ပေါ်လာခဲ့လေသည်။ ထိုကဲ့သို့သော မွန်းစတားသားရဲမျိုးကို ကောင်းကင်ဝံပုလွေတောင်ကြားထဲ နေရာအနှံ့တွင် တွေ့နိုင်ပေသည်။ ထိုမွန်းစတားသားရဲမှာ အဆင့်တစ်ဆယ့်တစ် ဖြစ်သည့်အတွက်ကြောင့် အတော်လေးကိုမှ အားကောင်းသည်ဟု ပြော၍ ရပါသော်ငြား ပေါ်လာပြီးပြီးချင်းမှာပင် ဘေးပတ်ဝန်းကျင်ကို လှည့်ကြည့်ရင်းမှ ကြောက်ကြောက်လန့်လန့်ဖြင့် အော်ဟစ်လိုက်သည်။ ထို့နောက်တွင် ၎င်း၏ ပါးစပ်ကို ဟ၍ လီဝူရီ တည့်တည့်သို့ လေဓားသွားတစ်စင်း ပစ်လွှတ်လိုက်လေ၏။
လီဝူရီသည် ထိုလေဓားသွားအား လက်ညှိုးဖြင့် တောက်ကာ ဖျက်ဆီးပစ်လိုက်ပြီးသည့်နောက် အော်ရယ်မောလျက်.. "ငါမဟုတ်ဘူးကွ၊ မင်းလူမှားနေပြီ"
ထို့နောက်တွင် သူ့လက်အား ဝှေ့ယမ်းလိုက်ရာ လေညင်းတစ်ခုသည် ဝံပုလွေအား တိုက်ခတ်သွားခဲ့ပြီး ဝံပလွေမှာ မီတာတစ်ထောင်ခန့်အကွာသို့ ပြုတ်ကျသွားခဲ့လေ၏။ ထို့နောက်တွင် ဝံပုလွေမှာ ကြောက်ကြောက်လန့်လန့်ဖြင့် ထအူလေသည်။ ဘေးပတ်ဝန်းကျင်အား လှည့်ပတ်ကြည့်လိုက်ပြီးသည့်နောက် လုံခြုံသွားမှန်း အတည်ပြုပြီးသော် ဝံပလွေသည် အမြီးကုပ်ကာ ချက်ချင်း ထွက်ပြေးတော့လေ၏။
ထိုစဉ် အဆောက်အဦးထဲ လူတစ်ဦး ပေါ်လာခဲ့သည်။ ရန်ကိုင်က တွေးတွေးဆဆဖြင့် ပြောလိုက်လေ၏။ "အင်း ပစ္စည်းတွေပို့တဲ့နေရာမှာ အလေးချိန်နဲ့ပတ်သက်ပြီးတော့ ကန့်သတ်ချက်တွေတော့ ရှိနေသေးတယ်"
လီဝူရီက ပြန်ပြောလိုက်သည်။ "ရှိတာတော့ ရှိရမှာပေါ့ဟ၊ ဘာလဲ၊ မင်းက တောင်တစ်လုံးကို ပို့ချင်လို့လား၊ အခုလို ပို့နိုင်တာနဲ့တင် လုံလောက်နေပြီလေ"
"စီနီယာပြောတာလည်း ဟုတ်တာပဲနော်" ရန်ကိုင်က ခေါင်းညိတ်လျက် ထောက်ခံလိုက်သည်။ "အင်း၊ သက်ရှိတွေကိုပါ ပို့ပေးနိုင်တာ တော်တော်လေးတော့ ကောင်းတယ်၊ ဒါနဲ့ ကျုပ် လူတစ်ယောက်ကိုရော ပို့လို့ရလား"
လီဝူရီက ပြောလိုက်သည်။ "အင်း ရတယ်"
ထို့နောက်တွင် ရန်ကိုင်က မေးစေ့ကို လက်ဖြင့် ပွတ်ရင်းမှ ပြန်ပြောလိုက်၏။ "ဒီတော့ ကျုပ်သာ ကြယ်တာရာအစုအဝေးထဲမှာ လေဟာနယ်မှတ်တိုင်တွေအများကြီးကို ဖန်တီးထားလိုက်မယ်ဆိုရင် ကျုပ်သွားချင်တဲ့အချိန်တိုင်း ကျုပ်သွားချင်တဲ့နေရာဆီ သွားလို့ရတာပေါ့နော်"
ထိုနည်းလမ်းသည် ဟင်းလင်းပြင်ကို ဆုတ်ဖြဲ၍ တည်နေရာခုန်ကူးခြင်းထက် ပို၍ လွယ်ကူသလို ဟင်းလင်းပြင်အစီအရင်များကို ခင်းကျင်း၍ ကူးသန်းသွားလာခြင်းထက်လည်း ပိုမိုလွယ်ကူပေသည်။ သို့ပင်ဖြစ်လင့်ကစား ထိုနည်းလမ်းသည် လေဟာနယ်အစီအရင်ကဲ့သို့ လူပေါင်းများစွာကို တစ်ထိုင်တည်း ပို့ဆောင်မပေးနိုင်ပေ။
လီဝူရီက ပြန်ပြောလိုက်သည်။ "သီအိုရီအရဆိုရင်တော့ ရတယ်"
"ကျုပ် လေဟာနယ်ကျောက်စိမ်းပေါ်မှာ ဒီလေဟာနယ်မှတ်တိုင်တစ်ခုကို ဆွဲရင်ရော အတူတူပဲလား"
လီဝူရီက ပြုံး၍... "စမ်းကြည့်လိုက်လေ"
ရန်ကိုင်လည်း လက်ဝါးအရွယ် လေဟာနယ်ကျောက်စိမ်းတစ်တုံးကို ထုတ်၍ ချက်ချင်း ထိုအပေါ်၌ အစီအရင်ကို စတင်ရေးဆွဲတော့သည်။ လေဟာနယ်ကျောက်စိမ်းမှာ သေးပါသော်ငြား ရန်ကိုင်သည် ထိုအစီအရင်အား ရေးဆွဲသည်နှင့် ပတ်သက်၍ အသားကျနေသည့်အတွက်ကြောင့် လျင်မြန်စွာ ရေးဆွဲနိုင်ခဲ့သည်။
ရေးဆွဲလို့ ပြီးသွားသည့်နောက်တွင် ရန်ကိုင်မှာ အစီအရင်နှင့်ပတ်သက်၍ မည်သည့်ချို့ယွင်းချက်များ ရှိနေသလဲဆိုသည်ကို စစ်ဆေးကြည့်သည်။
ထို့နောက်တွင် တစ်ခုခုအား စဉ်းစားမိသွားခဲ့ပြီး လီဝူရီဘက်သို့ လှည့်၍... "စီနီယာ၊ စီနီယာကို ဆက်သွယ်လို့ရမဲ့ နည်းလမ်းလေးပေးပါလား၊ အဲဒါဆို နောက်ပိုင်း တစ်ယောက်နဲ့ တစ်ယောက် ဆက်သွယ်ချင်တယ်ဆိုရင် အဆင်ပြေသွားတာပေါ့"
"ငါလည်း အဲဒီလိုပဲ စဉ်းစားနေတာ" လီဝူရီက ပြုံး၍... "မင်း အဲဒါကို ဘယ်အချိန်မှ စဉ်းစားမိမလဲဆိုတာကို ငါစောင့်နေတာ၊ ဒီလောက်မြန်မြန် စဉ်းစားမိသွားမယ်လို့တော့ ထင်မထားဘူး"
ရန်ကိုင်က ပြုံး၍... "ကျုပ်လည်း အခုမှပဲ စဉ်းစားမိလိုက်လို့"
ထို့နောက်တွင် လီဝူရီသည် ရန်ကိုင်အား လေဟာနယ်ကျောက်စိမ်းဖြင့် ဖန်တီးထားသော အလုံးလေးတစ်လုံးကို ပေးလိုက်လေသည်။ ထိုအပြင် ထိုအလုံးလေးကို ပိုင်ဆိုင်ထားသူမှ ဆွဲထားနိုင်စေရန်အတွက် ထိုအလုံးလေးအပေါ်၌ ကြိုးမျှင်လေးတစ်မျှင် ပါရှိနေခဲ့သည်။
"ဒီနည်းလမ်းနဲ့ ဆက်သွယ်ရတာ အဆင်ပြေတယ်ဆိုပေမဲ့ အပြင်ဘက်လောကကြီးကနေပြီးတော့ ခွဲထုတ်ခံလိုက်ရတယ်ဆိုရင် လေဟာနယ်မှတ်တိုင်လည်း ဘာမှ အသုံးမဝင်တော့ဘူး၊ ဒီတော့ မင်းအဲဒါကို သိုလှောင်လက်စွပ်ထဲ ထည့်ထားလို့ မရဘူး၊ ငါတို့ တစ်ယောက်နဲ့တစ်ယောက် ဆက်သွယ်ချင်တယ်ဆိုရင် ဒါကို မင်းလက်ကောက်ဝတ်မှာ ဝတ်ထားမှ အဆင်ပြေမှာ"
"စီနီယာက တကယ်ကို စဉ်းစားတတ်တာပဲ" လီဝူရီ၏ လက်ကောက်ဝတ်တွင် ဝတ်ထားသော အလုံးလေးများကို ကြည့်ရင်း လီဝူရီမှာ ဤကဲ့သို့သော အလုံးမျိုးကို လူပေါင်းများစွာဆီသို့ ပေးထားရမည်ဖြစ်ကြောင်း ရန်ကိုင် သဘောပေါက်လိုက်သည်။ လီဝူရီ၏ လေဟာနယ်ကျောက်စိမ်းနှင့် ယှဉ်လိုက်သော် ရန်ကိုင်၏ အရာမှာ အတော်လေးကိုမှ နိမ့်ကျနေခဲ့လေသည်။ ထို့နောက်တွင် ရန်ကိုင်က မေးလိုက်လေ၏။ "စီနီယာလီလည်း သယ်သွားလို့ရအောင် စီနီယာလီအတွက် ကျုပ်လည်း တစ်ခုလုပ်ပေးလိုက်မယ်လေ"
လီဝူရီက ခေါင်းညိတ်လိုက်သည်။ "အင်း"
ထို့နောက်တွင် ရန်ကိုင်သည် လေဟာနယ်ကျောက်စိမ်းကို သုံး၍ အလုံးတစ်လုံးကို ဖန်တီးတော့လေ၏။ မကြာမီတွင် ရန်ကိုင်နှင့် လီဝူရီတို့မှာ လေဟာနယ်မှတ်တိုင်များကို တစ်ဦးနှင့်တစ်ဦး အပြန်အလှန် လဲလှယ်လိုက်ကြလေသည်။
လဲလှယ်ပြီးသော် လီဝူရီက အလေးအနက်အမူအရာဖြင့် ပြောလိုက်လေ၏။ "ငါတို့နှစ်ယောက်စလုံးက လေဟာနယ်တာအိုကို ကျွမ်းကျင်တဲ့လူတွေမလို့ အခုလိုမျိုး လေဟာနယ်မှတ်တိုင်တွေကို အပြန်အလှန် လဲလှယ်ပြီးတော့ သုံးတာ ကိစ္စမရှိဘူး၊ ဒါပေမဲ့ အခြားသူတွေအတွက်ကတော့ ဒီလိုမျိုး သုံးလို့မရဘူး၊ ဘာဖြစ်လို့လဲဆိုတော့ သူတို့မှ လေဟာနယ်တာအိုကို မကျွမ်းကျင်ထားတာ၊ ဒီတော့ ဒီလိုမျိုး လေဟာနယ်မှတ်တိုင်ကို သူတို့သုံးချင်တယ်ဆိုရင် အတွဲလိုက်လေဟာနယ်ဓာတ်လုံးတွေကို သုံးမှပဲရမယ်၊ အဲဒါမှပဲ သူတို့ ဒီလိုဓာတ်လုံးတွေကို အသက်သွင်းလို့ရမှာ"
"အင်း၊ ကျုပ်နားလည်တယ်" ဤကိစ္စကိုမူ လီဝူရီ မပြောလျှင်ပင် ရန်ကိုင် ခန့်မှန်းမိပေသည်။ ကျိုဖုန်း ကျောက်စိမ်းပြားကို ယူသွားစဉ်က သူမနှင့်အတူ မည်သည့် လေဟာနယ်ဓာတ်လုံးကိုမျှ သယ်မသွားခဲ့ပေ။
လီဝူရီသည် ကျောက်စိမ်းပြားအပေါ်၌ လေဟာနယ်နိယာမအချို့ကို ချန်ထားရစ်ခဲ့သည်။ ထို့ကြောင့်သာလျှင် ကျိုဖုန်းမှာ ထိုလေဟာနယ်နိယာမများကို အသက်သွင်းလိုက်သည့်အခါ ကျောက်စိမ်းပြားမှာ သက်ဆိုင်ရာ လေဟာနယ်မှတ်တိုင်ဆီသို့ အလိုလိုပျံသန်းလာခဲ့ခြင်း ဖြစ်သည်။
ထို့နောက်တွင် ရန်ကိုင်က ပြောလိုက်လေ၏။ "စီနီယာက ကျုပ်ကို လေဟာနယ်မှတ်တိုင် ဘယ်လိုဖန်တီးရမလဲဆိုတာ သင်ပေးပြီးသွားပြီဆိုတော့ ကျုပ်လည်း ဟင်းလင်းပြင်အစီအရင်တစ်ခု ခင်းကျင်းပေးမယ်၊ စီနီယာတို့ အဲဒါကိုလာပြီး စစ်ဆေးကြည့်လိုက်ပေါ့"
လီဝူရီက မေးလိုက်လေသည်။ "မင်း ဟင်းလင်းပြင်အစီအရင်တွေကို ခင်းကျင်းတတ်တာလား"
ရန်ကိုင်က ယဲ့ယဲ့လေးပြုံးလျက် ပြန်ပြောလိုက်သည်။ "ကြည့်ကြည့်ပေါ့ စီနီယာရယ်၊ ဒါပေမဲ့ အဲဒီလိုအစီအရင်တွေကို ခင်းကျင်းဖို့က နည်းနည်းတော့ရှုပ်တယ်၊ ကျုပ်က စီနီယာလောက်လည်း မကျွမ်းကျင်တာဆိုတော့ စီနီယာ နည်းနည်းပါးပါးတော့ သည်းခံပေးပေါ့”