အခန်း (၃၃၂၉-၃၃၃၂)
Vol. 146 Ch. 3329-3332
အပိုင်း (၃၃၂၉)
ဘာသာပြန်သူ_တိမ်တိုက်
ချုန်းချီမှာ စိတ်ပူနေစဉ် ရန်ကိုင်မှ ရုတ်တရက် သူ့အား မည်သည့်နေရာသို့ သွားရမလဲဆိုသည်ကို ပြောပြလာခဲ့သည်။ ထိုအခါမှသာလျှင် သူနှင့်အတူလိုက်ပါလာသည်မှာ လေဟာနယ်တာအိုကို ကျွမ်းကျင်ထားသည့် ပညာရှင်တစ်ဦးမှန်း ချုန်းချီ သတိရသွားတော့သည်။ အခြားသူတစ်ဦးသည်သာ ဤနေရာ၌ လမ်းပျောက်သွားခဲ့လျှင် ဒုက္ခရောက်လိမ့်မည်ဖြစ်ပါသော်ငြား ရန်ကိုင်ကမူ ထိုသို့မဟုတ်ပေ။ ချုန်းချီလည်း ရန်ကိုင်ညွှန်ပြသည့်လမ်းကြောင်းအတိုင်း အလျင်အမြန်သွားလိုက်သည်။
အကွေ့အကောက်များကို ဖြတ်ကျော်လာပြီးသည့်နောက်တွင် အလင်းတစ်ခုကို ချုန်းချီလှမ်းမြင်လိုက်ရသည်။
ယခုတစ်ကြိမ်တွင်တော့ ရန်ကိုင်ပြောနေစရာပင်မလို။ ထိုအလင်းသည် ထွက်ပေါက်မှန်း ချုန်းချီသိလိုက်သည်။ ချက်ချင်းပဲ တောင်ပံများကိုခတ်၍ အရှိန်ကုန်တင်ကာ ဟင်းလင်းပြင်လိုဏ်ခေါင်းထဲမှ ပြေးထွက်လာခဲ့လိုက်၏။
ဟင်းလင်းပြင်လိုဏ်ခေါင်းအား ဖြတ်ကျော်လာပြီးသည့်နောက်တွင် သူတို့၏မြင်ကွင်းတစ်ခုလုံး လင်းထိန်သွားခဲ့ပြီး သိပ်သည်းလှသည့် မိုးမြေစွမ်းအင်များ အဖက်ဖက်မှ ရောက်ရှိလာကြလေ၏။ ကြယ်တာရာအစုအဝေး၏ လောကနိယာမများနှင့် အနည်းငယ်ကွဲပြားနေသော လောကနိယာမများကိုလည်း တစ်ချိန်တည်း၌ ခံစားလိုက်ကြရသည်။
နဂါးကျွန်းဆီသို့ ရောက်လာခဲ့လေပြီ။
ထိုစဉ် ကျယ်လောင်သည့်နဂါးဟိန်းသံတစ်သံ ထွက်ပေါ်လာခဲ့ပြီး နဂါးအရှိန်အဝါတစ်ရပ်သည် အရှေ့တည့်တည့်ဆီမှ သူတို့အား လွှမ်းခြုံလာခဲ့၏။ တစ်ခဏလေးအတွင်းမှာပင် မီတာတစ်ရာခန့်အလျားရှိသော နဂါးတစ်ကောင် သူတို့ရှေ့သို့ ရောက်လာခဲ့လေသည်။ ထိုနဂါးအား ပန်းရောင်အရှိန်အဝါများမှ လွှမ်းခြုံထားခဲ့ပြီး ၎င်း၏ခေါင်းထက်တွင် ဦးချိုနှစ်ချောင်းရှိသည်။ နဂါးအကြေးခွံများမှာလည်း အရောင်တလက်လက် တောက်ပနေလေ၏။
ချုန်းချီ၏လမ်းကို ပိတ်ရပ်ထားရင်းမှ ထိုနဂါးသည် နဂါးဖိအားကို ထုတ်လွှတ်၍ နားပင်းမတတ် ကျယ်လောင်သည့်လေသံဖြင့် အော်မေးလိုက်လေသည်။ “ဘယ်သူတွေ နဂါးကျွန်းကို ဝင်လာရဲတာလဲ…”
ထိုအသံမှာ နဂါးထီးတစ်ကောင်၏အသံနှင့်မတူဘဲ အမတစ်ကောင်၏အသံနှင့်သာ ဆင်တူပေသည်။
ထိုကဲ့သို့မေးပြီးသွားသည်နှင့်တစ်ပြိုင်နက် ထိုနဂါးမလေးသည် မျက်လုံးမှေးစင်းလျက် “ချုန်းချီ… ရှင်လား သက်ကြားအိုကြီး…”
ချုန်းချီမည်သူမှန်း ထိုနဂါးသိပေသည်။
ချုန်းချီသည် ထိုနဂါးအား လုံးဝမကြောက်သည့်ပုံစံမျိုးဖြင့် ခေါင်းကိုမော့ရင်ကိုကော့ကာ ရပ်နေလေသည်။ မီတာတစ်ရာခန့်ရှိသော နဂါးတစ်ကောင်သည် အဆင့်ခြောက်လောက်သာ ရှိပေသည်။ ထိုကဲ့သို့သော နဂါးတစ်ကောင်သည် သူ့အား ဒုက္ခပေးနိုင်လိမ့်မည်မဟုတ်ပေ။ ထို့အပြင် သူ ဤနေရာသို့ လာရခြင်းမှာ ရန်ကိုင်၏အမိန့်ကြောင့်ဖြစ်ပေသည်။ နောက်ဖြစ်သည့်ကိစ္စများကို ရန်ကိုင်မှသာ ရှင်းပေးလိမ့်မည်ဖြစ်သည့်အတွက်ကြောင့် သူ့ပါးစပ်ကို ပိတ်ထားရုံဖြင့်ပင်လျှင် အဆင်ပြေနေလေပြီ။
ချုန်းချီ၏ကျောပေါ်တွင် ရှိနေသော မိုရှောင်ချီသည်လည်း လှမ်း၍ ကြည့်လိုက်လေသည်။ ဤသည်မှာ သူမဘဝတွင် ပထမဦးဆုံးအကြိမ်အဖြစ် နဂါးတစ်ကောင်ကို မြင်ဖူးခြင်းဖြစ်သည့်အတွက်ကြောင့် စိတ်ဝင်စားမိသည်။ သူမ၏အမေသည်လည်း နဂါးအသွင်သို့ ပြောင်းလိုက်မည်ဆိုလျှင် ယခုကဲ့သို့ပုံစံမျိုး ပေါက်လေမလားဟုလည်း တွေးမိပေသည်။ တစ်ချိန်တည်း၌ သူမအမေသည် နဂါးတစ်ကောင်ဖြစ်ပါက သူမ၌ ဘာကြောင့် နဂါးသွေးမျိုးဆက် မရှိရသလဲဆိုသည်ကိုလည်း စဉ်းစားနေမိလေ၏။
“ဟမ်…” ခရမ်းရောင်နဂါးသည် ချုန်းချီ၏ကျောပြင်ဆီသို့ လှမ်းကြည့်လိုက်ပြီးသည့်နောက် ရန်ကိုင်ဆီသို့ အကြည့်ရောက်လာခဲ့သည်။ ထို့နောက် အံ့အားသင့်နေသည့်လေသံဖြင့် လှမ်းအော်ခေါ်လိုက်လေ၏။ “ခဲအိုလား…”
(ခဲအို…) ချုန်းချီ မင်တက်သွားခဲ့သည်။ (ဘယ်သူက နင့်ခဲအိုလဲ… ဘယ်လိုလုပ်ပြီး ဒီမှာ နင့်ခဲအိုရှိနေရမှာလဲ… ငါက နဂါးကလန်နဲ့ ဘာမှဆိုင်တာမဟုတ်ဘူး… မိုရှောင်ချီ… မိုရှောင်ချီက မိန်းကလေးတစ်ယောက်… ဒီတော့…)
ထိုကဲ့သို့စဉ်းစားမိလိုက်သည့်အခိုက် ချုန်းချီ ထိတ်လန့်သွားတော့သည်။
ချုန်းချီ၏ကျောပြင်ပေါ်တွင် ရှိနေသော ရန်ကိုင်ကမူ ပြန်၍အော်ပြောလိုက်သည်။ “အပိုတွေပြောမနေနဲ့… ဘယ်သူက နင့်ခဲအိုလဲ…”
ရန်ကိုင်ငြင်းနေသည်ကိုပင် ဂရုမစိုက်ဘဲ ခရမ်းရောင်နဂါးသည် ခရမ်းရောင်ဝတ်စုံကို ဝတ်ဆင်ထားသော အမျိုးသမီးတစ်ဦးအသွင်သို့ ပြောင်းလိုက်လေ၏။ သူမမှာ အခြားမဟုတ် ဖုလင်သာ ဖြစ်ပေသည်။
နဂါးကျွန်းပေါ်ရှိ နဂါးကလန်ထဲတွင် အဖွဲ့သားပေါင်း အယောက်နှစ်ဆယ်ဝန်းကျင်ခန့်ရှိပြီး အကုန်လုံးမှာ သန့်စင်သည့်သွေးမျိုးဆက်များကို ပိုင်ဆိုင်ထားကြသည်။ သို့သော်ငြား သူတို့၏အဆင့်များမှာ မတူကြချေ။ အရှည်ဆုံးနှင့် အားအကောင်းဆုံးသောနဂါးများမှာ ပထမအကြီးအကဲနှင့် ဒုတိယအကြီးအကဲတို့ ဖြစ်ကြပြီး အဆင့်တစ်ဆယ်နဂါးသွေးမျိုးဆက်ကို ပိုင်ဆိုင်ထားသည်။ သူတို့၏နောက်တွင်တော့ အဆင့်ကိုးနဂါးသွေးမျိုးဆက်ကို ပိုင်ဆိုင်ထားကြသော ဖုရွှမ်း၊ ကျုခုန်းနှင့် ကျုချင်းတို့ ရှိနေကြသည်။ ထို့နောက်တွင် အဆင့်ရှစ်၊ အဆင့်ခုနှစ်၊ အဆင့်ခြောက်၊ အဆင့်ငါး စသဖြင့် မတူကွဲပြားသော သွေးမျိုးဆက်အသီးသီးကို ပိုင်ဆိုင်ထားကြသော နဂါးများ ရှိနေကြလေ၏။
နဂါးတစ်ကောင်၏သွေးမျိုးဆက်သည် အချိန်ကြာလာသည်နှင့်အမျှ ပိုပို၍ သန့်စင်လာပေလိမ့်မည်။ နဂါးတစ်ကောင်အသက်ရှင်ချိန် ပိုမိုရှည်ကြာလေ သူတို့၏သွေးမျိုးဆက်မှာ ပိုမိုသန့်စင်လာလေပင်။ ထို့အပြင် နဂါးသွေးပန်းများကို စားသုံးပေးခြင်းဖြင့်လည်း နဂါးသွေးမျိုးဆက်အား အချိန်တိုအတွင်း ပိုမိုသန့်စင်လာအောင် လုပ်နိုင်ပေသည်။
ဤနေရာတွင်ရှိနေသည့် နဂါးမလေးဖြစ်သော ဖုလင်မှာလည်း အဆင့်ခြောက်ခရမ်းရောင်နဂါးတစ်ကောင်ဖြစ်ပေသည်။
ယခင်က ရန်ကိုင်မှ ဖိအားပေးခိုင်းစေခဲ့သည့်အတွက်ကြောင့် နဂါးသွေးပန်းများ စိုက်ပျိုးထားရာနေရာဆီသို့ ရန်ကိုင်အား ခေါ်သွားပေးခဲ့ရပြီး ရန်ကိုင်မှာ ထိုနေရာတွင်ရှိနေသော ရင့်မှည့်နေပြီဖြစ်သည့် နဂါးသွေးပန်းအားလုံးကို ခူးယူသွားခဲ့သည်။ ထိုအဖြစ်အပျက်ကို နဂါးကလန်မှ ရှာတွေ့သွားပြီးသည့်နောက် ဖုလင်မှာ နဂါးကျွန်းဝင်ပေါက်ကို နှစ်တစ်ရာစောင့်ကြပ်ရန်အတွက် အပြစ်ပေးခြင်း ခံခဲ့ရသည်။
ရန်ကိုင်တွင် ထူးဆန်းသောသွေးမျိုးဆက်ရှိနေပြီ ဖုလင်ကိုယ်တိုင်ကလည်း ရန်ကိုင်အား ခုခံနိုင်လိမ့်မည်မဟုတ်မှန်း အကြီးအကဲများမှ သိထားသည့်အတွက်ကြောင့်သာမဟုတ်လျှင် ဖုလင်မှာ ထိုအဖြစ်အပျက်ကြောင့် နဂါးသင်္ချိုင်းထဲ၌ အကျဉ်းချခံနေရလောက်ပေပြီ။
ဖုလင် လူအသွင်သို့ ယူပြီးသည့်နောက်တွင် ချုန်းချီ၏ကျောပေါ်သို့ ခုန်တက်လာခဲ့ပြီး ရန်ကိုင်နှင့် မျက်နှာချင်းဆိုင်လိုက်သည်။ လက်ရှိအခိုက်အတန့်တွင် ရန်ကိုင်နှင့် ဖုလင်ကြား လက်တစ်မောင်းစာသာ ဝေးကွာတော့သည့်အတွက်ကြောင့် သူမ၏ကိုယ်သင်းရနံ့လေးကို ရန်ကိုင်မှ ရနေလေ၏။
ဖုလင်သည် ကျောနောက် လက်ပစ်ထားရင်းမှ ရန်ကိုင်နားနားသို့တိုးကပ်၍ ပြုံးကာ မေးလိုက်လေ၏။ “ဘယ်သူဖြစ်ရမှာလဲ… ခဲအိုပဲပေါ့… ဒီလောကကြီးမှာ ကျွန်မ ခဲအိုလို့ခေါ်ရမယ့်လူ ဘယ်သူလဲရှိလို့လဲ…”
ရန်ကိုင်သည် ထိုအမျိုးသမီးနား မကပ်ချင်သည့်အတွက်ကြောင့် နောက်ကို အလိုလိုဆုတ်လိုက်သည်။
ထိုအချင်းအရာကိုမြင်သော် ဖုလင်သည် လှောင်ပြုံးပြုံးရင်းမှ ရန်ကိုင်နားသို့ ဆက်၍ ပူးကပ်လာလေ၏။
ရန်ကိုင်က မှုန်ကုပ်ကုပ်အမူအယာဖြင့် ပြန်အော်ပြောလေသည်။ “ငါတို့ တစ်ယောက်နဲ့တစ်ယောက် ဘာမှမပတ်သက်ဘူး… အဲ့ဒါကို ဘာဖြစ်လို့ ငါ့ကို ခဲအိုလို့ လာခေါ်နေတာလဲ… ဖုလင်… ကျေးဇူးပြုပြီး အပိုတွေပြောမနေတော့နဲ့…”
ဖုလင်က ပြုံး၍ ပြန်ပြောလိုက်သည်။ “အပိုတွေပြောနေတာမှမဟုတ်တာ… ခဲအိုမလို့ ခဲအိုလို့ ခေါ်နေတာကို…”
ထိုသို့ပြောပြီးသည့်နောက် ရှေ့သို့ တစ်လှမ်းထပ်တိုးလိုက်လေ၏။
ရန်ကိုင် နောက်သို့ မဆုတ်ရသေးခင်မှာပင် မိုရှောင်ချီသည် ရုတ်တရက် ရန်ကိုင်နှင့် ဖုလင်ကြား ကောက်ရပ်လာခဲ့သည်။ ထို့နောက် ရန်ကိုင်အား ကာကွယ်ပေးလိုဟန်ဖြင့် သူမ၏လက်နှစ်ဖက်ကို ဖြန့်ထားရင်းမှ ပြန်ပြောလိုက်လေ၏။ “ရှင် ဘာလာလုပ်နေတာလဲ… စကားပြောနေရုံလေးပဲကို ရှင်ဘာဖြစ်လို့ အစ်ကိုရန်နားကို အရမ်းတိုးကပ်လာတာလဲ…”
ဖုလင် ဘာကြံနေသလဲဆိုသည်ကို မိုရှောင်ချီသိပေသည်။ တစ်ယောက်ယောက်မှ သူမကြိုက်နေသည့်လူအား ယခုကဲ့သို့လုပ်လာသည်ကို မိုရှောင်ချီမှာ သိပ်၍သဘောမတွေ့လှပေ။
ဖုလင်သည် မိုရှောင်ချီကိုကြည့်၍ နှာခေါင်းရှုံ့လျက် “နင့်လိုရုပ်ဆိုးတဲ့ကောင်မလေးက ဘယ်ကနေရောက်လာတာလဲ… ငါ ငါ့ခဲအိုနဲ့ စကားပြောနေတာ နင်နဲ့ဘာဆိုင်လို့လဲ… သွား သွား… ဒီမှာလာရှုပ်မနေနဲ့… မဟုတ်ရင် ဒီအန်တီ နင့်ကို ရိုက်လွှတ်မှာ…”
မိုရှောင်ချီမှာ ယခုကဲ့သို့သော အဖြစ်အပျက်မျိုးနှင့် တစ်ခါမှ မကြုံဖူးပေ။ သူမသည် စိတ်ဝိဉာဉ်သားရဲကျွန်း၏ မင်းသမီးလေးဖြစ်ပြီး ထိုနေရာတွင် အလွန်ကိုမှ ဩဇာရှိပေသည်။ လူတိုင်းသည်လည်း သူမအား တန်ဖိုးထားကာ တလေးတစားဖြင့် ဆက်ဆံကြသည်။ ယခုကဲ့သို့သော ရိုင်းပျလှသည့် အမျိုးသမီးမျိုးနှင့် သူမ မကြုံဖူးပေ။ ဖုလင်အား ကြောက်နေလင့်ကစား မိုရှောင်ချီမှာတော့ အလျှော့မပေးဘဲ မာန်ကိုတင်း၍ ဖုလင်အား ပြန်၍ စိုက်ကြည့်နေလိုက်လေသည်။
ရန်ကိုင်သည် ဖုလင်ကိုစိုက်ကြည့်၍ ပြန်ပြောလိုက်၏။ “နင် ဘယ်သူ့ကို ရိုက်ချင်နေတာလဲ…”
ရန်ကိုင်၏အကြည့်ကို သတိထားမိလိုက်သော် ဖုလင် ကျောရိုးတစ်လျှောက် စိမ့်တက်သွားခဲ့ပြီး ယဲ့ပြုံးပြုံးရင်းမှ “ဒေါသမထွက်ပါနဲ့ ခဲအိုရယ်… ငါ ဒီတိုင်းစနေလိုက်ရုံပဲကို… ဒါပေမယ့် အစ်မချင်းဆီ လာလည်တာကို ဘာဖြစ်လို့ ဒီလိုကောင်မလေးတစ်ယောက်ကို ခေါ်လာတာလဲ… အစ်မချင်းသာ သိသွားရင်…”
ထို့နောက် အကျိုးဆက်ကို သိသလားဟူသော အကြည့်မျိုးဖြင့် ရန်ကိုင်အား မျက်စိတစ်ဖက် မှိတ်ပြလိုက်၏။
“နင့်ကိစ္စမဟုတ်ဘူး…” ရန်ကိုင်က နှာခေါင်းရှုံ့လိုက်သည်။ ထို့နောက် ဘေးပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်၍ မေးလိုက်လေ၏။ “နင် နဂါးကျွန်းမှာမနေဘဲနဲ့ ဒီမှာ ဘာလာလုပ်နေတာလဲ…”
ဤနေရာသည် ဝင်ပေါက်သာဖြစ်ပြီး တကယ့်နဂါးကျွန်းမှာ ဤနေရာနှင့် အတော်လှမ်းလှမ်းတွင် ရှိနေပေသည်။ နဂါးကျွန်း၏ တကယ့်အစိတ်အပိုင်းသည် နဂါးတစ်ပိုင်းမြို့တော်ထဲရှိလူများမှ နဂါးနန်းတော်ဟု ခေါ်သည့် နေရာဖြစ်ပေသည်။ နဂါးနန်းတော်မှာ နဂါးကလန်သားများ နေသည့် နေရာဖြစ်ပြီး နဂါးများသည် ပုံမှန်အားဖြင့် ထိုနေရာများမှ အခြားနေရာများကို သွားလေ့မရှိကြပေ။
ထိုမေးခွန်းကိုကြားသည့်အခါ ဖုလင် မျက်နှာပျက်သွားလေ၏။ ထို့နောက် မကျေမနပ်ဖြင့် ပြောတော့လေ၏။ “ခဲအိုကြောင့်ပဲ အခုလိုဖြစ်သွားတာလေ…”
ရန်ကိုင်က ပြန်မေးလိုက်လေ၏။ “ဒါဆို ဒီကိစ္စက ငါနဲ့ ဘယ်လိုဆိုင်လို့လဲ…”
ဖုလင်၏မျက်လုံးများ ရုတ်ချည်း ရဲတက်လာခဲ့ပြီး ရန်ကိုင်အား ငိုတော့မည့်မျက်လုံးများဖြင့် ကြည့်ရင်းမှ မေးလိုက်လေ၏။ “ခဲအို နဂါးသွေးပန်းကိစ္စကို မေ့သွားပြီလား…”
“နဂါးသွေးပန်း…” ထိုစကားကိုကြားသော် ရန်ကိုင်ကြောင်သွားခဲ့သည်။ ထို့နောက် ပါးစပ်ကိုလက်ဖြင့် ချောင်းဟန့်ရင်းမှ “ဘာဖြစ်လို့ နဂါးသွေးပန်းအကြောင်းတွေ ရုတ်တရက်ကြီး ကောက်ပြောလာတာလဲ…”
ဖုလင်က ဆက်၍ ပြောလိုက်သည်။ “အရင်တုန်းက ခဲအိုကို နဂါးသွေးပန်းတွေ ခိုးလို့ရအောင် ခေါ်သွားပေးတာလေ… ခဲအိုထွက်သွားပြီးလည်းပြီးရော အကြီးအကဲတွေ အဲ့ကိစ္စကို တွေ့သွားတယ်… အစတုန်းကတော့ ကျွန်မကို နဂါးသင်္ချိုင်းထဲ ထည့်ပိတ်တော့မလို့ပဲ… ကံကောင်းစွာနဲ့ပဲ တတိယအကြီးအကဲနဲ့ အစ်မချင်းက ဝင်ကူပြောပေးလို့ အခုလိုအပြစ်မျိုးပဲ ပေးခံရတာ… အခုတော့ ဒီနေရာကို နှစ်တစ်ရာတောင် စောင့်ပေးရတော့မယ်…”
ပြောနေရင်းမှ ဖုလင်၏မျက်လုံးထဲ မျက်ရည်များ ဝဲတက်လာတော့လေသည်။
တကယ်ဆိုလျှင် နဂါးသွေးပန်းများကို ခိုးသွားသည့်လူမှာ သူမမဟုတ်။ ရန်ကိုင်မှ ဖိအားပေးသည့်အတွက်ကြောင့်သာလျှင် နဂါးသွေးပန်းများစိုက်ပျိုးထားသည့်နေရာဆီသို့ ရန်ကိုင်အား ခေါ်သွားပေးခဲ့ရခြင်းဖြစ်သည်။ သို့သော်ငြား ထိုအပြစ်ကြောင့် ဝင်ပေါက်အား နှစ်တစ်ရာစောင့်ကြပ်ရန် အပြစ်ပေးခံခဲ့ရလေသည်။ နဂါးနန်းတော်ဆီသို့လည်း သူမစိတ်ကြိုက် ပြန်သွားနိုင်ခြင်း မရှိတော့ပေ။
ရန်ကိုင်ခိုးယူသွားခဲ့သည့် နဂါးသွေးပန်းအရေအတွက်မှာ အပွင့်တစ်ထောင်ကျော်ရှိပြီး ထိုအပွင့်များထဲ အဆင့်နိမ့်၊ အလယ်အလတ်အဆင့်နှင့် အဆင့်မြင့်အဆင့်များလည်း ပါဝင်နေခဲ့ကာ ထိပ်တန်းအဆင့်နဂါးသွေးပန်းနှစ်ပွင့်ပင်လျှင် ပါဝင်နေပေသေးသည်။ ထိုနှစ်ပွင့်မှာ ပထမအကြီးအကဲနှင့် ဒုတိယအကြီးအကဲတို့ စားသုံးရန်အတွက် နှစ်ပေါင်းများစွာ ပျိုးထောင်လာခဲ့သည့် နဂါးသွေးပန်းများ ဖြစ်ကြသည်။
ရှင်းရှင်းပြောရသော် နဂါးကလန်၏ နှစ်ပေါင်းထောင်နှင့်ချီတိုင်အောင် စုဆောင်းထားခဲ့သော အဖိုးတန်အရင်းအမြစ်များကို ရန်ကိုင်မှ ခိုးယူသွားခဲ့သည်ဟု ပြော၍ရပေသည်။ သူတို့အနေဖြင့် ထိုအရာများကို ပြန်လည်ရရှိအောင် လုပ်လိုပါက နှစ်ပေါင်းထောင်နှင့်ချီကာ အချိန်ယူရပေလိမ့်မည်။ ထိုအချိန်အတောအတွင်း သူတို့၏သွေးမျိုးဆက်ကို မြှင့်တင်ရန်အလို့ငှာ နဂါးသွေးပန်းများကိုလည်း စားသုံး၍ ရလိမ့်မည်မဟုတ်ပေ။ ထိုအကြောင်းကြောင့် သူတို့၏သွေးမျိုးဆက်ကို သန့်စင်အောင်လုပ်ဖို့ရာ ပိုမိုအချိန်ကြာသွားတော့သည်။
လွန်ခဲ့သည့်နှစ်များအတွင်း ဖုလင်မှာ ထိုကိစ္စနှင့်ပတ်သက်၍ ရန်ကိုင်အပေါ် မကျေမချမ်းဖြစ်မိကာ ရန်ကိုင်အားတွေ့ပါက သတ်ပစ်ရန်ပင် ဆုံးဖြတ်ထားခဲ့သည်။ သို့သော်ငြား ထိုအရာမှာ သူမ၏ အတွေးသက်သက်သာ ဖြစ်ပေသည်။ သူမအနေဖြင့် ရန်ကိုင်၏ပြိုင်ဘက် မဟုတ်မှန်း သိထားခဲ့သည်။ ထို့အပြင် ရန်ကိုင်သည် သူမ၏ဝိဉာဉ်အမှတ်အသားကိုလည်း ပိုင်ဆိုင်ထားသည့်အတွက်ကြောင့် အတွေးတစ်ချက်ဖြင့် သူမအား တစ်ခါတည်း သတ်ပစ်၍ ရပေသည်။
ယခု တရားခံကို ပြန်တွေ့သည့်နောက်တွင် ဖုလင်အနေဖြင့် အနည်းဆုံးတော့ အထွန့်တက်ပြရပေလိမ့်မည်။
သို့သော်ငြား ဤကိစ္စအကြောင်းကို အခြားသူများအား လျှောက်မပြောရသည့် အခြားသောအကြောင်းအရင်းတစ်ခုလည်း ရှိနေပေသည်။ သူမသိရသလောက် ရန်ကိုင်သည် နဂါးကလန်သားများ၏ သွေးမျိုးဆက်ကို သန့်စင်အောင် လုပ်ပေးနိုင်သည့်ပုံပင်။ ကျုချင်းမှာ ယခင်က အဆင့်ရှစ်နဂါးတစ်ကောင်သာ ဖြစ်ပါသော်ငြား ယခုမူ အဆင့်ကိုးနဂါးတစ်ကောင် ဖြစ်နေလေပြီ။
ဖုလင်၏အကြံအစည်သည်သာ အလုပ်ဖြစ်သရွေ့ သူမအနေဖြင့် အဆင့်ခုနှစ်နဂါးတစ်ကောင် အလွယ်တကူ ဖြစ်လာနိုင်ပေလိမ့်မည်။ အဆင့်ရှစ်နဂါးတစ်ကောင်သည်ပင်လျှင် မဖြစ်နိုင်သည့်အရာမျိုးမဟုတ်တော့ပေ။ တစ်နည်းဆိုရသော် ထိုနည်းလမ်းသည် နဂါးသွေးပန်းများကို စားသုံးခြင်းထက် ပို၍ပင် အလုပ်ဖြစ်သည်ဟု ပြော၍ရသည်။
“နှစ်တစ်ရာက နင့်အတွက် ဒီလောက်ကြာတာမှမဟုတ်တာ…” ရန်ကိုင်က ချောင်းဟန့်လိုက်သည်။ ဖုလင်၏လုပ်ပုံနှင့်ပတ်သက်၍ သူ့စိတ်ထဲ အထင်သေးမိပါသော်ငြား ဖုလင် ယခုကဲ့သို့ ဒုက္ခရောက်နေသည်မှာ သူ့ကြောင့်ဟု ပြောလျှင်လည်း မမှားပေ။
သူ့စိတ်ထဲ အပြစ်မကင်းသလို ခံစားနေရလင့်ကစား ထိုအကြောင်းကို ဆက်မပြောချင်တော့သည့်အတွက်ကြောင့် လက်ဝှေ့ယမ်း၍ ခေါင်းစဉ်ပြောင်းလိုက်လေ၏။ “နင် ဘာဖြစ်လို့ အတိတ်အကြောင်းကို ပြောနေရတာလဲ… အခု ကျုချင်းဘယ်မှာလဲ…”
ဖုလင်မှာ မကျေနပ်လင့်ကစား ရန်ကိုင်၏အမေးကို လျစ်လျူမရှုရဲသည့်အတွက်ကြောင့် ပြန်၍ပြောလိုက်လေ၏။ “အစ်မချင်းက အခု သူ့ကျွန်းပေါ်မှာ ရှိနေတယ်…”
“တတိယအကြီးအကဲရော…”
“တတိယအကြီးအကဲလည်း သူ့ကျွန်းပေါ်မှာပဲ…” ဖုလင်သည် ဘေးပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရင်းမှ “ခဲအို လမ်းကို မှတ်မိသေးလား… မမှတ်မိရင် ကျွန်မ ခေါ်သွားပေးလို့ရတယ်…”
ရန်ကိုင်သည် ဖုလင်ကိုကြည့်၍ “နင့်ကို ဒီမှာ နှစ်တစ်ရာစောင့်ဖို့ ပြောထားတာမဟုတ်ဘူးလား… နင် ဒီနေရာကနေ ခွင့်ပြုချက်မရဘဲ ထွက်သွားရင် အဆင်ပြေလို့လား…”
“အဆင်ပြေပါတယ်…” ဖုလင်ကပြုံး၍ “ကျွန်မ ဒီနေရာကိုစောင့်နေတာ ဆယ်နှစ်ကျော်နေပြီ… အဲ့အချိန်အတောအတွင်း ခဲအိုကလွဲပြီးတော့ ဘယ်သူမှရောက်မလာသေးဘူး… ဒီတော့ ဒီနေရာကနေ ခဏလောက်ထွက်သွားရင်တောင် ဘာမှဖြစ်မှာမဟုတ်ဘူး…”
“တစ်ခုခုဖြစ်ရင် ငါ့ကို လာအပြစ်မတင်နဲ့နော်…”
ဖုလင်က နှုတ်ခမ်းလေးဆူလျက် “ကျွန်မက အဲ့လိုမျိုး ယုတ္တိမတန်တဲ့လူစားမျိုးမလို့လား… ခဲအို ဘယ်လိုလုပ်ပြီး ကျွန်မကို အဲ့လိုမျိုးတွေးရတာလဲ…”
“တော်ပြီ… ရှေ့ကနေသွား…”
“ကောင်းပြီ…” ဖုလင်က ခေါင်းညိတ်လိုက်ပြီးသည့်နောက် ချုန်းချီ၏ကျောပြင်အား ခြေဆောင့်လျက် “သက်ကြားအိုကြီး… ရှင် ဘာတွေရပ်စောင့်နေတာလဲ… မြန်မြန်သွားတော့လေ… ရှင် နဂါးနန်းတော်ဆီ ဘယ်လိုသွားရမလဲဆိုတာကို မေ့သွားပြီလို့တော့ ကျွန်မကို လာမပြောနဲ့နော်…”
ချုန်းချီသည် ဖုလင်အား မျက်စောင်းထိုးလိုက်လေသည်။ စီးတော်သားရဲဖြစ်လာပြီးသည့် အချိန်မှစ၍ သူ့ဂုဏ်သတင်းမှာ လုံးဝကို ပျက်စီးသွားရတော့သည်။ ဘာမဟုတ်သည့် နဂါးမလေးတစ်ကောင်သည်ပင်လျှင် သူ့အား ဆရာလာလုပ်ချင်နေသည်။
(ဒါပေမယ့် ဘာတွေဖြစ်နေတာလဲ… ဒီနဂါးမလေးက ဘာဖြစ်လို့ ရန်ကိုင်ကို ခဲအိုလို့ ခေါ်နေတာလဲ… ငါ့သခင်လေးက နဂါးကလန်က နဂါးမတစ်ယောက်နဲ့ လက်ထပ်ထားတာလား…)
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၃၃၃၀)
ဘာသာပြန်သူ_တိမ်တိုက်
ထိုအကြောင်းကို တွေးမိလိုက်သော် ချုန်းချီ ဝမ်းသာသွားခဲ့လေသည်။
နဂါးကလန်သားများ အလွန်ကိုမှ မောက်မာဝံ့ကြွားကြသည့် အချက်ကို အခြားသော မျိုးနွယ်စုဝင်များက မုန်းတီးကြသည်။ ချုန်းချီ ကိုယ်တိုင်သည်လည်း နတ်သားရဲတစ်ကောင် ဖြစ်ပါသော်ငြား နဂါးကလန်သားများကို သိပ်ကာကြည့်မရပေ။ ထိုအကြောင်းကြောင့် နဂါးကလန်မှ အမျိုးသမီးတစ်ဦး လူသားတစ်ဦးအား သူမ၏ လက်တွဲဖော်အဖြစ် ရွေးချယ်လိုက်သည့်အပေါ် ချုန်းချီမှာ မယုံကြည်နိုင် ဖြစ်နေမိသည်။
ယခုဆိုလျှင် ထိုအမျိုးသမီး မည်သို့မည်ပုံ ရှိသလဲဆိုသည်ကို သိချင်မိနေလေပြီ။ ယခုကဲ့သို့သော ကိစ္စမျိုး ဖြစ်သွားသည့်အတွက်ကြောင့် နဂါးကလန်မှ လူများ သူ့အရှေ့တွင် မောက်မာရဲဦးမလားဆိုသည်ကို ချုန်းချီ သိချင်နေမိလေ၏။
ထိုအတွေးဖြင့် ချုန်းချီမှာ လေအလျင်တမျှနှုန်းဖြင့် ပြေးထွက်သွားတော့လေသည်။ ဖုလင်ကမူ ချုန်းချီ၏ ကျောပေါ်တွင် နေရင်းမှ ရန်ကိုင်အား အဆက်မပြတ်ကို ဖားယားရန် ကြိုးစားနေခဲ့သည်။ မိုရှောင်ချီမှ အဆက်မပြတ် စောင့်ကြည့်နေသည့်အတွက်ကြောင့်သာ မဟုတ်လျှင် ရန်ကိုင် အပေါ်သို့ပင် ခုန်အုပ်နေပေလောက်ပေသည်။
ရန်ကိုင်မှာလည်း ဖုလင်၏ လက်ရှိပုံစံနှင့် ပတ်သက်၍ လုံးဝကို နားမလည်နိုင် ဖြစ်နေရသည်။ ပုံမှန်အားဖြင့် ပြောရမည်ဆိုလျှင် ရန်ကိုင်ကြောင့် အပြစ်ပေးခံရခြင်း ဖြစ်လေရာ ဖုလင်သည် ရန်ကိုင်အပေါ် နာကျင်မုန်းတီးနေသင့်ပေသည်။ ဘာကြောင့်များ ယခုကဲ့သို့ လုပ်နေရလေသနည်း။
နဂါးကလန်သား အားလုံးသည်သာ သူမကဲ့သို့ ဖြစ်မည်ဆိုလျှင် နဂါးတို့တွင် ဂုဏ်မောက်နေစရာ မာနတရားတို့ ရှိတော့လိမ့်မည်မဟုတ်ပေ။
ပင်လယ်ကျယ်ကြီးထဲ လှိုင်းများ တဝုန်းဝုန်း ရိုက်ခတ်နေခဲ့သည်။
ရန်ကိုင်တို့သည် အဖိုးတန် ရတနာပေါင်းများစွာနှင့် ပြည့်နှက်နေသော ကျွန်းတစ်ကျွန်းအား ဖြတ်ကျော်လာခဲ့သည်။ နဂါးကျွန်းပေါ်တွင် ရှိနေကြသည့် အဖိုးတန်ပစ္စည်းများမှာ များပြားလွန်းလှသည်။ သို့သော်ငြား ပြင်ပကမ္ဘာမှ ကျင့်ကြံသူများအတွက် အလွန်ကိုမှ အဖိုးတန်လှသော ထိုရတနာများသည် နဂါးကလန်သားများအတွက်မူ ဘာဆိုဘာမျှ မဟုတ်ကြပေ။ နဂါးကလန်သား တစ်ဦးချင်းစီတိုင်းသည် မွေးရာပါ အားကောင်းလှသည့်အတွက်ကြောင့် ထိုအရာများမှာ သူတို့အတွက် အသုံးမဝင်လှ။ နဂါးကလန်သားများအတွက် အသုံးဝင်သည့် အရာဆို၍ သူတို့၏ သွေးမျိုးဆက်အား သန့်စင်ပေးနိုင်သော နဂါးသွေးပန်းများသာ ရှိကြသည်။ သို့သော်ငြား ထိုသွေးပန်းများသည်ပင်လျှင် ရန်ကိုင်ကြောင့် ပြောင်တလင်းခါသွားခဲ့ရသည်။
ရန်ကိုင်တို့ သုံးဦးစလုံးသည် အရှိန်ကုန်တင်၍ နှစ်ရက်ဆက်တိုက် ပျံသန်းလာပြီးသည့်နောက်တွင် လခြမ်းကွေးပုံစံ ကျွန်းတစ်ကျွန်းကို မြင်တွေ့လိုက်ရလေ၏။ ထိုကျွန်းသည် စတုရန်းမိုင် တစ်ရာနီးပါးခန့် ရှိလေရာ ကြီးလည်းမကြီး သေးလည်းမသေးသည့် ကျွန်းအမျိုးအစားထဲ ပါဝင်ပေသည်။ "အဲဒါ အစ်မချင်း နေတဲ့ ကျွန်းပဲ" ဖုလင်သည် လခြမ်းကွေးပုံစံကျွန်းကို ညွှန်ပြရင်းမှ စိတ်ဓာတ်ကျနေသည့် လေသံဖြင့် ပြောလိုက်သည်။ လွန်ခဲ့သည့် နှစ်ရက်လုံးလုံး ရန်ကိုင် အနားသို့ နီးကပ်ရန် ကြိုးစားခဲ့ပါသော်ငြား ရန်ကိုင်မှာ သူမအား သူခိုးတစ်ဦးနှယ် အဆက်မပြတ်ကို စောင့်ကြည့်သတိထားနေခဲ့သဖြင့် ဖုလင်မှာ အတော်လေးကိုမှ ကြိတ်မနိုင်ခဲမရ ဖြစ်ရသည်။
ထိုအပြင် သူမအား သူခိုးတစ်ဦးပမာ အမြဲတစေ စောင့်ကြည့်နေသော ရုပ်ဆိုးဆိုး ကောင်မလေးတစ်ဦးလည်း ရှိနေပေသေးသည်။ ရန်ကိုင်ကြောင့်သာ မဟုတ်ပါက ထိုကောင်မလေးအား သူမ အစောကြီးကတည်းက သတ်ပစ်လိုက်ပေပြီ။ ထိုကောင်မလေးသည် သူမကို တစ်ချိန်ကုန် စောင့်ကြည့်နေလေ၏။ သူမ တစ်ချက်လှုပ်ရှားလိုက်တိုင်း သူမကို မျက်လုံးအပြူးသားဖြင့် ကြည့်တတ်လေသည်။
"အဲဒါ ချင်းအာ နေတဲ့ နေရာလား" ထိုကျွန်းကို မြင်သော် ရန်ကိုင် ကြောင်သွားခဲ့လေသည်။ သူကိုယ်တိုင်သည်လည်း ထိုကျွန်းဆီသို့ ယခင်က ရောက်ခဲ့ဖူးပေသည်။ နဂါးကျွန်းဆီသို့ ရောက်လာစဉ်က ကျုချင်းကို ရှာရန်အတွက် ရန်ကိုင်သည် နဂါးကျွန်းထဲရှိ ကျွန်းများစွာပေါ်သို့ ခိုးကြောင်ခိုးဝှက် ဝင်ရောက်ခဲ့သည်။ ထိုစဉ်က ဤနေရာတစ်ခုလုံးမှာ လူသူမရှိ ပြောင်တလင်းခါနေလေ၏။ သို့သော်ငြား ထိုနေရာသည် ကျုချင်း နေသည့် နေရာ ဖြစ်နေလိမ့်မည်ဟု ရန်ကိုင် မထင်ထားခဲ့ပေ။
ဖုလင်က ပြုံး၍ ပြောလိုက်သည်။ "ဟုတ်တယ်၊ အစ်မချင်း နေတဲ့ နေရာပဲ၊ အစ်မချင်းနဲ့ တတိယအကြီးအကဲက ကိုယ့်အပြစ်ကိုယ် ပြန်ဆင်ခြင်ဖို့ နဂါးကျွန်းပေါ်မှာ အကျယ်ချုပ်ချခံထားရတာ၊ အခြားဘာကိစ္စမှ မရှိဘူးဆိုရင်တော့ သူတို့ အဲဒီကျွန်းကနေ နောက်နှစ်တစ်ရာအထိ ထွက်သွားလို့ရမှာ မဟုတ်ဘူး၊ ခဲအို သူ့ကို လွမ်းတယ်ဆိုရင် ဒီကို မကြာမကြာ လာလည်သင့်တယ်"
ရန်ကိုင်က နှာခေါင်းရှုံ့လိုက်သည်။ "နှစ်တစ်ရာ ဟုတ်လား၊ အဲဒါ ဒုတိယအကြီးအကဲရဲ့ အမိန့်လား"
ဖုလင်က လျှာလေးထုတ်လျက်... "ဒုတိယအကြီးအကဲက လွဲပြီးတော့ ဘယ်သူဖြစ်ဦးမှာလဲ၊ အကုန်လုံးက သူ့ကိုပဲ ကြောက်ကြတာကို"
"ကောင်းပြီ ဒီနေရာကို ရောက်ပြီဆိုမှတော့ ခင်ဗျား ပြန်သွားလို့ရပြီ" ရန်ကိုင်က လက်ဝှေ့ယမ်း၍ ပြောလိုက်သည်။
ဖုလင်က နှုတ်ခမ်းလေးဆူလျက်... "ခဲအိုက အရမ်းအသည်းမဲ့တာပဲ၊ အကူအညီမလိုတော့ရင် တစ်ခါတည်းကို မောင်းထုတ်ရော၊ ကျွန်မအဖို့ကလည်း ဒီနဂါးနန်းတော်ဆီ ပြန်လာဖို့က လွယ်တာမှ မဟုတ်တာ၊ ဒီတော့ ချက်ချင်းကြီး ပြန်မသွားချင်သေးဘူး၊ ပြီးတော့ အစ်မချင်းနဲ့လည်း တွေ့ချင်နေသေးတယ်"
ရန်ကိုင်သည် ဖုလင်အား စိုက်ကြည့်၍... "နင့်ကို နောက်တစ်ကြိမ် သင်ခန်းစာ ပေးစေချင်နေသေးတာလား"
ထိုသို့ ပြောပြီးသည့်နောက် ရန်ကိုင်သည် လက်ကွက်တစ်ခုကို ထုတ်ဖော်လိုက်လေသည်။
ဖုလင်၏ အမူအရာ အပြောင်းအလဲကြီး ပြောင်းလဲသွားခဲ့ပြီး ချုန်းချီ ကျောပေါ်မှ ကမန်းကတန်း ခုန်ဆင်းရင်းမှ ခြောက်ကပ်ကပ် ရယ်မောလျက်... "ခဲအိုကလည်း ဘာတွေပြောနေတာလဲ၊ ကောင်းပါပြီ ကောင်းပါပြီ၊ ကျွန်မ ခဲအိုနဲ့ အစ်မချင်း တွေ့တာကို မနှောင့်ယှက်တော့ဘူး၊ ဟုတ်ပြီလား"
အပေါ်ယံတွင်သာ ပြုံးနေလင့်ကစား စိတ်ထဲတွင်တော့ ရန်ကိုင်အား ကြိတ်ကာ အော်ဆဲနေမိလေသည်။ ရန်ကိုင်သည် သူ့ရင်ထဲသို့ ခုန်ဝင်လာနေသည့် အမျိုးသမီးတစ်ဦးကိုပင် လုံးဝစိတ်မဝင်စားချေ။ ရန်ကိုင်သည် ယောက်ျားရော ဟုတ်မှ ဟုတ်ပါလေစွ။
ရန်ကိုင်မှ သူ့လက်အား ဝှေ့ယမ်းပြလိုက်ရာ ဖုလင်က ပြန်ပြောလိုက်လေသည်။ "ခဲအို နောက်ပိုင်းအားရင်လည်း ကျွန်မဆီ ကျေးဇူးပြုပြီး လာလည်ပေးပါဦးနော်၊ ကျွန်မဘာသာကျွန်မ တစ်ယောက်တည်း နေရတာ အရမ်းပျင်းဖို့ကောင်းတယ်"
ရန်ကိုင်ကမူ ဖုလင်ကို လျစ်လျူရှုလျက် ချုန်းချီအား ဆက်သွားရန် အချက်ပြလိုက်သည်။ ထို့နောက်တွင် ချုန်းချီသည် အနီရောင် အလင်းတန်းတစ်ခုအသွင်သို့ ပြောင်း၍ လခြမ်းကွေးပုံစံ ရှိသော ကျွန်းပေါ်ဆီသို့ ပျံသန်းသွားလေသည်။
လခြမ်းကွေးကျွန်းပေါ်တွင် တိတ်ဆိတ်နေသော နန်းတော်တစ်လုံး ရှိပေသည်။ ချုန်းချီ၏ ဧရာမပုံရိပ်ကြီး ကောင်းကင်အထက်မှ ဆင်းလာသည်နှင့် တစ်ပြိုင်နက် အမျိုးသမီးတစ်ဦးသည် နန်းတော်ထဲမှ ပြေးထွက်လာခဲ့သည်။ အပေါ်သို့ မော့ကြည့်လိုက်သည့်အခိုက် ရန်ကိုင်နှင့် အကြည့်ချင်းဆုံသွားလေ၏။ အကြည့်ချင်းဆုံသွားသည့်အခိုက် ရန်ကိုင်က ပြုံးပြလိုက်လေသည်။
ကျုချင်းကမူ အံ့အားသင့်နေဟန်ဖြင့်... "နင် ပြန်လာတာလား၊ နင် ပြန်လာတာလား"
ယခင်က ရန်ကိုင်သည် နဂါးကျွန်းမှတစ်ဆင့် ဝူခွမ်း အနောက်သို့ လိုက်သွားစဉ်က ကျုချင်းမှာ ရန်ကိုင်၏ လုံခြုံရေးနှင့် ပတ်သက်၍ စိတ်ပူခဲ့ရသည်။ ဝူခွမ်းမှာ သူ၏ အထွတ်အထိပ် အခြေအနေတွင် ရှိမနေတော့ပါသော်ငြား နာမည်ကျော် ကောင်းကင်ဝါးမျိုခြင်း မဟာဧကရာဇ် ဖြစ်နေဆဲ။ ထိုကဲ့သို့သော ပညာရှင်တစ်ဦးနှင့် ရင်ဆိုင်ရာတွင် ရန်ကိုင် အသက်ရှင် မရှင်ကို မည်သူမျှ မပြောနိုင်ပေ။
ရန်ကိုင် လုံလုံခြုံခြုံနှင့် ပြန်လာသည်ကို မြင်သည့်အခါမှသာလျှင် ကျုချင်း စိတ်အေးနိုင်တော့လေသည်။
ပြောပြီးပြီးချင်းမှာပင် ရန်ကိုင်ဆီသို့ တစ်ခါတည်း ခုန်ဝင်သွားရာ ရန်ကိုင်ကလည်း လက်နှစ်ဖက်ကို ဖြန့်ထားပြီး ပြေးဝင်လာနေသည့် ကျုချင်းအား အားပါးတရ ပွေ့ဖက်လိုက်လေသည်။
ထိုအချင်းအရာကို မြင်သော် ချုန်းချီ စိတ်ဓာတ်ကျသွားတော့သည်။ ရန်ကိုင်၏ စီးတော်သားရဲ ဘဝသို့ ရောက်သည့် အဖြစ်နှင့်ပင်လျှင် သူ့ခမျာ အတော်လေးကိုမှ မကျေမနပ် ဖြစ်ရသည်။ သို့သော်ငြား လက်ရှိအချိန်တွင်တော့ ဤကောင်လေးနှင့် အမျိုးသမီးသည် သူ့ကိုယ်အထက် နေ့ခင်းကြောင်တောင် တစ်ဦးနှင့်တစ်ဦး ကလူကျီစယ် လုပ်နေကြလေသည်။ သို့ပင်ဖြစ်လင့်ကစား ထိုနှစ်ဦးအား မနှောင့်ယှက်မိစေရန်အတွက် သူ့ခန္ဓာကိုယ်အား အတတ်နိုင်ဆုံး ငြိမ်ငြိမ်လေးသာ ထားထားခဲ့သည်။
တစ်ချိန်တည်းတွင်လည်း သူ မြင်နေရသည့် အဖြစ်အပျက်ကြောင့် အတော်လေးကိုမှ အံ့အားသင့်နေမိရသည်။
[တကယ်ကြီး ဟုတ်နေတာပဲကွ၊ ငါ့သခင်လေးက နဂါးမတစ်ယောက်နဲ့ တကယ်ကြီး လက်ထပ်ထားတာပဲ၊ အိုး တကယ်ကို အံ့ဩဖို့ကောင်းလိုက်တာ၊ ငါ အသက်ရှင်လာတဲ့ ကာလတစ်လျှောက်လုံး အခုမှပဲ ပထမဦးဆုံးအကြိမ် ဒီလိုကိစ္စမျိုးကို ကြားဖူးတော့တယ်]
ကျုချင်းမှာ သူမ၏ မူရင်းအသွင်သို့ မပြောင်းရသေးပါသော်ငြား ကျုချင်း၏ သွေးမျိုးဆက်မှာ အလွန်ကိုမှ သန့်စင်လှသည်ဟု ချုန်းချီ ခံစားနေမိလေသည်။ သူတို့သာ တစ်ဦးချင်း တိုက်ခိုက်ရမည်ဆိုပါက သူ့အနေဖြင့် သူမကို အနိုင်ယူဖို့ရာ သိပ်မသေချာလှပေ။
[တကယ်ကြီး အဆင့်ကိုးလား၊ အဆင့်တစ်ဆယ်တောင် ဖြစ်နေမလား မသိဘူး၊ ဒီလောက် သန့်စင်တဲ့သွေးမျိုးဆက်နဲ့ဆိုရင် အနည်းဆုံး အကြီးအကဲတစ်ဦးတော့ ဖြစ်မှာပဲ၊ အဲဒီလိုလူတစ်ယောက်က ဘယ်လိုလုပ်ပြီး ငါ့သခင်လေးနဲ့ ကြိုက်သွားရတာလဲ၊ သခင်လေးရဲ့ နဂါးတစ်ပိုင်း သွေးမျိုးဆက်နဲ့များ ပတ်သက်နေမလား]
ချုန်းချီ အတွေးနက်နေစဉ် ရန်ကိုင်နှင့် ကျုချင်းတို့မှာတော့ ချစ်စနိုးဖြင့် တစ်ဦးမျက်နှာ တစ်ဦး ပွတ်သပ်နေကြလေသည်။ ဘာဆိုဘာမျှ ပြောမနေကြပါသော်ငြား နှစ်ဦးသား တစ်ဦးကို တစ်ဦး မည်မျှလွမ်းဆွတ်နေကြောင်းကို အတိုင်းသား ခံစားနေမိသည်။
ရုတ်တရက် သူမအား တစ်စုံတစ်ဦးမှ စိုက်ကြည့်နေသည်ကို ခံစားမိလိုက်ပြီး ကျုချင်း မျက်လုံးဖွင့်ကြည့်လိုက်ရာ မျက်ဝန်းတစ်စုံနှင့် သွားတိုးလေသည်။
မိုရှောင်ချီမှာ ရန်ကိုင် အနောက်တွင် ရပ်ရင်းမှ ထိုမြင်ကွင်းအား မျက်လုံးအပြူးသားဖြင့် ကြောင်ကြည့်နေမိလေသည်။ ဤကဲ့သို့သော အဖြစ်အပျက်မျိုးကို သူမ စိတ်ထဲ လက်ခံဖို့ရာ ခဲယဉ်းနေမိသည်။ သူမ အရှေ့ရှိ အဖြစ်အပျက်မှာ သူမ၏ စိတ်အစုံကို ကြီးကြီးမားမား သက်ရောက်နေကာ အကြောင်းအရင်းအချို့ကြောင့်လည်း မိုရှောင်ချီ စိတ်ထဲ ဝမ်းနည်းမိသလို ခံစားနေရလေ၏။
မိုရှောင်ချီ၏ အကြည့်ကို သတိထားမိလိုက်သော် ကျုချင်း ရှက်သွေးဖြာသွားခဲ့ပြီး ရန်ကိုင်အား တွန်းဖယ်၍ ကောင်မလေးအား ပြုံးကာကြည့်ရင်းမှ မေးလိုက်လေ၏။ "ဒါက ဘယ်သူလဲ"
ရန်ကိုင်ကမူ ရှက်မနေခဲ့ဘဲ ကျုချင်း နားနားသို့ ကပ်ကာ တိုးတိုးလေး ပြောလိုက်သည်။
ရန်ကိုင် ပြောပြသည်ကို ကြားသော် ကျုချင်း၏ အကြည့် တောက်ပသွားခဲ့ပြီး ချက်ချင်းပဲ မိုရှောင်ချီ အနားသို့ သွားကာ မိုရှောင်ချီ၏ လက်ကလေးကို ကိုင်၍ ပြောလိုက်လေ၏။ "ဒီတော့ ညီမလေးရှောင်ချီပေါ့"
ကျုချင်းနှင့် ဖုရွှမ်းတို့မှာ နဂါးကလန်၏ အကြီးအကဲများ ဖြစ်ကြပါသော်ငြား ရှင်းရှင်းပြောရသော် ဖုရွှမ်းသည် ကျုချင်း၏ စီနီယာ ဖြစ်ပေသည်။ ထိုအတွက်ကြောင့် မိုရှောင်ချီအား ညီမလေးဟု ခေါ်သည်မှာ ကိစ္စမရှိပေ။ ယခင်နှစ်များအတွင်း ဤကောင်မလေး အကြောင်းကိုလည်း ကြားခဲ့ဖူးပြီး ယခုမှသာလျှင် ပထမဦးဆုံးအကြိမ်အဖြစ် တွေ့ဖူးခြင်း ဖြစ်သည်။
ယခုကဲ့သို့ နွေးနွေးထွေးထွေး ကြင်နာသိမ်မွေ့စွာ ဆက်ဆံခံရသည့်အပေါ် မိုရှောင်ချီမှာ ထိတ်လန့်နေမိလေသည်။ သူမ၏ စိတ်အစုံမှာ လုံးဝကို ဗရုတ်ဗရက် ဖြစ်နေလေ၏။ လက်ရှိအချိန်တွင် သူမ စိတ်ထဲ လုံးဝကို နေမထိထိုင်မထိ ဖြစ်နေလေကာ တစ်ခုခုကို ပြောချင်နေသည့်အလား နှုတ်ခမ်းကို ပွစိပွစိ လုပ်နေခဲ့ပါသော်ငြား အဆုံးတွင်တော့ ပြောမထွက်တော့ဘဲ ရန်ကိုင်ကိုသာ သနားစဖွယ် လှမ်း၍ကြည့်လိုက်လေသည်။
ရန်ကိုင်က ပြုံး၍ နှုတ်ဆက်ပေးလေ၏။ "သူက ကျုချင်းပဲ၊ စိတ်ထဲမထားဘူးဆိုရင် အစ်မချင်းလို့ ခေါ်လို့ရတယ်"
"အစ်မချင်း" မိုရှောင်ချီက အသာအယာ ခေါ်လိုက်သည်။ သို့သော်ငြား သူမ၏ အသံမှာ အတော်လေးကိုမှ ဝမ်းနည်းနေသည့်ပုံ ပေါက်နေခဲ့သည်။ ထိုသို့ခေါ်ပြီးသည့်နောက်တွင် ကျုချင်း၏ ရင်ခွင်ထဲသို့ ပြေးဝင်၍ စတင်ငိုရှိုက်တော့လေသည်။
ကျုချင်းမှာ မှင်တက်သွားခဲ့ပြီး ရန်ကိုင်ဆီသို့ လှမ်းကြည့်လိုက်သည်။ ရန်ကိုင်မှာလည်း ဇဝေဇဝါဖြစ်နေလေ၏။
"နင်သူ့ကို အနိုင်ကျင့်ထားတာလား" ကျုချင်းက လှမ်း၍ မေးလိုက်သည်။
ရန်ကိုင်ကမူ သူနှင့် ဘာမျှမဆိုင်ကြောင်း ပခုံးတွန့်ကာ လက်ဖြန့်ပြလိုက်သည်။ မိုရှောင်ချီ ဘာကြောင့် ရုတ်တရက် ထငိုနေသလဲဆိုသည်ကို သူ တကယ် နားမလည်တော့ပေ။
ရှင်းရှင်းပြောရသော် မိုရှောင်ချီပင်လျှင် သူမ ဘာကြောင့် ယခုကဲ့သို့ လုပ်မိနေမှန်း နားမလည်ချေ။ သူမ စိတ်ထဲ ငိုချင်စိတ်သာ ပေါက်နေလေသည်။
ကျုချင်းမှာလည်း ကူကယ်ရာမဲ့စွာဖြင့် မိုရှောင်ချီ၏ ပခုံးလေးကို ပုတ်ပေးရင်းဖြင့်သာ နှစ်သိမ့်ပေးနေရလေသည်။
ရန်ကိုင်သည် နဖူးအထက်ရှိ ချွေးစေးများကို သုတ်လိုက်ရင်းမှ သားရဲသခင်မဟာဧကရာဇ် ဤနေရာတွင် ရှိမနေသည့်အပေါ် ကျေးဇူးတင်မိသွားလေသည်။ မဟုတ်ပါက မဟာဧကရာဇ်သည် သူ့အား အရှင်လတ်လတ် အရေခွံဆုတ်ပေလိမ့်မည်။ တစ်ချက်မျှ စဉ်းစားကြည့်ပြီးသည့်နောက် မိုရှောင်ချီ ဘာကြောင့် ယခုကဲ့သို့ ဖြစ်နေရသလဲဆိုသည်ကို သဘောပေါက်သွားခဲ့သည်။ ယခု သူတို့ ရောက်နေသည်မှာ နဂါးကျွန်း ဖြစ်ပေသည်။ မကြာခင် သူမ၏ အမေနှင့် တွေ့ရတော့မည်ဖြစ်လေရာ မိုရှောင်ချီ၏ စိတ်ခံစားချက်များ မတည်မငြိမ်ဖြစ်နေသည်မှာ အဆန်းတော့ မဟုတ်။ လက်ရှိအခြေအနေအရ မိုရှောင်ချီမှာ တောက်လျှောက်ကို စိတ်မငြိမ် ဖြစ်နေပြီးသည့်နောက် ယခုမှသာလျှင် သူမ၏ စိတ်ခံစားချက်များကို ဖွင့်ထုတ်နေခြင်း ဖြစ်လေသည်။
မိုရှောင်ချီ အဆက်မပြတ် ငိုရှိုက်နေစဉ် ကျုချင်းမှာတော့ မိုရှောင်ချီအား စိတ်ရှည်ရှည်နှင့် နှစ်သိမ့်ပေးနေခဲ့သည်။
တစ်ခဏအကြာ၌ မိုရှောင်ချီ အငိုရပ်သွားခဲ့ပြီး ခေါင်းလေးငုံ့၍ ကျုချင်း၏ ရင်ခွင်ထဲမှ ပြန်ထွက်လာခဲ့သည်။ သူမ၏ မျက်နှာမှာတော့ ...ပမာ နီမြန်းနေခဲ့လေသည်။
[ရှက်ဖို့ကောင်းလိုက်တာ] ဤသည်မှာ သူမတို့ နှစ်ဦး ပထမဦးဆုံးအကြိမ် တွေ့ဖူးခြင်း ဖြစ်ပါသော်ငြား ရုတ်တရက်ကြီးဆိုသလို တွေ့တွေ့ချင်းမှာပင် မိုရှောင်ချီမှာ ချုံးပွဲချ ငိုမိခဲ့သည်။ တစ်ဖက်လူ သူမအား ဘယ်လိုထင်မလဲဆိုသည်ကိုပင် မိုရှောင်ချီ တွေးကာ စိတ်ပူမိသွားလေသည်။ ထို့ကြောင့် မသိမသာလေး ချောင်းကြည့်လိုက်ရာ ကျုချင်းမှာ သူမအား စိုးရိမ်တကြီးဖြင့် ကြည့်နေကြောင်းကိုသာ တွေ့လိုက်ရသည်။ ထိုအတွက်ကြောင့် သူမ စိတ်ထဲ အတော်လေးကိုမှ စိတ်သက်သာရာရသွားခဲ့ပြီး ရန်ကိုင်ဘက်သို့ လှမ်းကြည့်လိုက်ရာ ရန်ကိုင်မှာ သူမအား တပြုံးပြုံးနှင့် ကြည့်နေသည်ကို မြင်ပြီးသည့်နောက် ရှက်ရှက်ဖြင့် ခြေဆောင့်၍ အော်ပြောလိုက်လေ၏။ "အစ်ကိုရန် မကောင်းဘူး"
ထိုသို့ပြောပြီးသည့်နောက်တွင် ကျုချင်း၏ နန်းတော်ထဲသို့ လစ်ခနဲ ပြေးဝင်သွားလေသည်။
ရန်ကိုင်ကမူ မှင်တက်နေသည့် အမူအရာဖြင့် ကျုချင်းကို ကြည့်ရင်းမှ သူ့ကိုယ်သူ လက်ညှိုးထိုးလျက်... "ဒါက ငါနဲ့ ဘာဆိုင်လို့လဲ"
ကျုချင်းသည် ရန်ကိုင်အား စူးရဲစွာ စိုက်ကြည့်သွားခဲ့သည်။ ထို့နောက် မိုရှောင်ချီ အနောက်သို့ ပြေးလိုက်သွားခဲ့လေရာ ရန်ကိုင်နှင့် ချုန်းချီတို့သာ နှစ်ဦးသား ကျန်ရစ်ခဲ့လေသည်။
တစ်ခဏအကြာ၌ ရန်ကိုင်က မေးလိုက်လေ၏။ "လူအိုကြီးချုန်း၊ မိန်းမတွေက အမြဲတမ်း ဒီလိုပဲ ထူးဆန်းကြတာလား"
ချုန်းချီက ပြန်ပြောလိုက်သည်။ "သူတို့သာ မထူးဆန်းရင် မိန်းမတွေ ဟုတ်တော့မှာ မဟုတ်ဘူး"
ရန်ကိုင်က အံ့အားသင့်နေဟန်ဖြင့်... "ခင်ဗျားလည်း ကြုံဖူးတယ်ပေါ့၊ ဒါနဲ့ ခင်ဗျားတို့မျိုးနွယ်ထဲမှာ အမတွေရှိလား"
ချုန်းချီသည် ရန်ကိုင်အား မျက်စောင်းထိုးလျက်... "အမတွေ မရှိရင် ဒီလူအိုကြီးက ကျောက်တုံးထဲကနေ ထွက်လာတာလို့ သခင်လေး ထင်နေတာလား"
ရန်ကိုင်က ပြုံးဖြီး၍... "ကျုပ်ဒီအတိုင်း သိချင်လို့ မေးကြည့်မိရုံပါပဲ"
တစ်ချက်မျှ ရပ်ပြီးသည့်နောက် ရန်ကိုင်က ဆက်ပြောလိုက်သည်။ "ဒီတလောအတွင်း ခင်ဗျား ဒီမှာနေဦး၊ လျှောက်မသွားနဲ့၊ ကျုပ်ကိစ္စ ပြီးသွားရင် အတူတူ ပြန်သွားကြမယ်"
"စိတ်မပူနဲ့ သခင်လေး၊ ကျုပ်နားလည်တယ်" လက်ရှိ သူတို့ ရှိနေသည့် နေရာမှာ နဂါးကျွန်း ဖြစ်နေသည့်အတွက်ကြောင့် ချုန်းချီသည်ပင်လျှင် သွားချင်တိုင်း လျှောက်မသွားရဲပေ။ ထို့နောက်တွင် တစ်ခဏမျှ တုံ့ဆိုင်းနေပြီးသည့်နောက် ရန်ကိုင်အား သတိပေးလိုက်လေ၏။ "သခင်လေး၊ သတိထားဦးနော်၊ နဂါးကလန်သားတွေက ရင်ဆိုင်ဖို့ လွယ်တာ မဟုတ်ဘူး"
[နဂါးကလန်က မိန်းမတစ်ယောက်နဲ့ ကြိုက်နေတာဆိုတော့ ပထမအကြီးအကဲ ကျုယန်နဲ့ ဒုတိယအကြီးအကဲ ဖုကျွင်း သခင်လေးကို လုံးဝအလွတ်ပေးမှာ မဟုတ်ဘူး]
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၃၃၃၁)
ဘာသာပြန်သူ_တိမ်တိုက်
ရန်ကိုင် နန်းတော်ထဲသို့ ဝင်လာချိန်တွင် ကျုချင်းမှာ မိုရှောင်ချီ၏ လက်ကလေးကို ကိုင်၍ တိုးတိုးလေး ပြောနေသည်ကို တွေ့လိုက်ရသည်။ သူတို့ ဘာပြောနေသလဲဆိုသည်ကို မသိပါသော်ငြား မိုရှောင်ချီ၏ မျက်နှာ ပြုံးနေသည်ကို မြင်နေရ၏။ တစ်ခဏအကြာ၌ မိုရှောင်ချီက စိတ်ပူတုံ့ဆိုင်းနေဟန်ဖြင့် ခေါင်းခါလိုက်သည်။ ထိုအခါ ကျုချင်းက အချိန်အတန်ကြာအောင် နှစ်သိမ့်ပေးလိုက်ရာ မိုရှောင်ချီက အသာအယာ ခေါင်းညိတ်လိုက်လေသည်။
ထို့နောက်တွင် ကျုချင်းသည် ရန်ကိုင်ဆီသို့ လျှောက်လာပြီး ရန်ကိုင်အား မျက်စပစ်ပြကာ ရန်ကိုင်နှင့်အတူ နန်းတော်ထဲမှ ထွက်လာခဲ့လိုက်သည်။
အပြင်သို့ ရောက်သော် ရန်ကိုင်သည် ကျုချင်း၏ ခန္ဓာကိုယ်ထက် လက်တစ်ဖက်ကို သိုင်းဖက်၍ ကျန်လက်တစ်ဖက်ဖြင့် ကျုချင်း၏ ခန္ဓာကိုယ်တစ်ဝိုက် ဆော့ကစားရင်းမှ မေးလိုက်လေသည်။ "နင်သူ့ကို ဘာပြောလိုက်တာလဲ"
ကျုချင်းသည် ရန်ကိုင်၏ လက်ကို ရိုက်ထုတ်လျက် ပြန်ပြောလိုက်သည်။ "တတိယအကြီးအကဲနဲ့ တွေ့ချင်မလားလို့ မေးနေတာ၊ သူ့ကြည့်ရတာတော့ တော်တော်လေးကို တုံ့ဆိုင်းနေတဲ့ပုံပဲ"
ထိုစကားကို ကြားသော် ရန်ကိုင်က မေးလိုက်လေ၏။ "အဲဒီလိုဖြစ်တာလည်း ဆန်းတော့ မဆန်းပါဘူး၊ ဒီကိုလာတုန်းကလည်း သူ အဲဒီလိုမျိုးပဲ ဖြစ်နေတာ၊ သူ့အမေနဲ့ တွေ့ချင်နေတာ၊ ဒါပေမဲ့ တွေ့ဖို့ကိုလည်း ကြောက်နေတာ၊ ဒီနေရာဆီ ရောက်လာပြီးလည်း ပြီးရော အဲဒါက ပိုဆိုးလာရော၊ သူ့အမေနဲ့ မတွေ့ချင်လို့လား"
ကျုချင်းက ပြန်ပြောလိုက်သည်။ "သူ့အမေနဲ့ မတွေ့ချင်တာ မဟုတ်ဘူး၊ ဒီအတိုင်းပဲ တွေ့ဖို့ကို ကြောက်နေတာ၊ ကြည့်ရတာတော့ ငါတို့ကိုယ်တိုင် တတိယအကြီးအကဲကို ဒီနေရာဆီ လာဖို့ သွားခေါ်လိုက်ရင် ကောင်းမယ်နဲ့တူတယ်"
"အင်း" ရန်ကိုင် ခေါင်းညိတ်လိုက်သည်။
ထို့နောက်တွင် ရန်ကိုင်နှင့် ကျုချင်းသည် ဖုရွှမ်း နေသည့် ကျွန်းဆီသို့ ပျံသန်းသွားလေသည်။ ထိုကျွန်းသည် ကျုချင်း၏ လခြမ်းကွေးကျွန်းနှင့် သိပ်မဝေးလှပေ။ လက်ရှိ ရန်ကိုင်တို့၏ အမြန်နှုန်းအရ ထိုနေရာဆီသို့ တစ်နာရီအတွင်း ရောက်လာခဲ့သည်။ ထိုကျွန်းမှာ ရှည်လျားသည့် တောင်သွယ်သွယ်ကို ပိုင်ဆိုင်ထားသော ကျွန်းကြီးတစ်ကျွန်း ဖြစ်သည်။ ထိုအပြင် ထိုကျွန်းပေါ်၌ မိုးထိမတတ် မြင့်မားလှသော ရေတံခွန်ကြီးတစ်ခုလည်း ရှိနေခဲ့လေသည်။ ကျွန်းဆီသို့ မရောက်သေးခင်မှာပင် တဝေါဝေါ ရေစီးကျသံများကို လှမ်း၍ ကြားနေရလေ၏။
ရေတံခွန်အောက်ရှိ တောင်ကြားထဲတွင်မူ နန်းတော်တစ်လုံး ရှိနေခဲ့သည်။ ထိုနန်းတော်မှာ ဖုရွှမ်း နေသည့် နန်းတော်သာ ဖြစ်လေသည်။
ကျုချင်းမှာ ထိုနေရာနှင့် အတော်လေးကိုမှ ရင်းနှီးနေကာ ရန်ကိုင်အား အရှေ့မှ ဦးဆောင်ခေါ်လာခဲ့လေ၏။
မကြာမီတွင် အပြာရောင်တော်ဝင်ဝတ်စုံကို ဝတ်ဆင်ထားသော အမျိုးသမီးတစ်ဦးအား ဥယျာဉ်ထဲ၌ တွေ့လိုက်ရလေသည်။
ဧည့်သည်များ ရောက်လာသည်ကို သတိထားမိလိုက်သည့်အလား ဖုရွှမ်းမှာ ခေါင်းမော့ကြည့်လာပြီး ကျုချင်းကို မြင်သော် ပြုံးပြလိုက်သည်။ ထို့နောက်တွင် ရန်ကိုင်ဆီသို့ အကြည့်ရောက်လာခဲ့သည်။
"တတိယအကြီးအကဲ" ကျုချင်းသည် ဖုရွှမ်းဆီသို့ လျှောက်သွားပြီး ဦးညွှတ်လိုက်၏။
ရန်ကိုင်ကလည်း လက်သီးဆုပ်၍ နှုတ်ဆက်လိုက်လေသည်။ "တတိယအကြီးအကဲ"
ဖုရွှမ်းက ပြုံး၍ ခေါင်းညိတ်လိုက်သည်။ "လာခဲ့ကြလေ"
ယခင်က ရန်ကိုင်နှင့် တွေ့ပြီး ကျုချင်းနှင့် ရန်ကိုင်တို့၏ ဆက်ဆံရေးအကြောင်းကို သိခဲ့ရသည်။ ရန်ကိုင်နှင့် ကျုချင်းတို့၏ အခြေအနေမှာ သူမနှင့် မိုဟွမ်တို့၏ အခြေအနေကဲ့သို့ပင် ဖြစ်ပေသည်။ အမျိုးသမီးနှစ်ဦးစလုံးမှာ နဂါးကျွန်း၏ တားမြစ်ချက်ကို ချိုးဖောက်မိခဲ့လေသည်။ တစ်ခုတည်းသော ကွာခြားချက်ဆို၍ ဖုရွှမ်းနှင့် မိုဟွမ်တို့မှာ ကလေးတစ်ဦး ရနေသည့်အတွက်ကြောင့် ပြန်လမ်းမရှိတော့ခြင်း ဖြစ်ပြီး ရန်ကိုင်တို့မှာမူ ထိုအဆင့်အထိသို့ မရောက်သေးပေ။ ကျုချင်း၏ ကံတရားမှာ သူမနှင့် အလားသဏ္ဍာန်ဆင်တူသည်ဟု ဖုရွှမ်း ခံစားရသည်။ ထိုအကြောင်းကြောင့် ရန်ကိုင်နှင့် မရင်းနှီးသည့်တိုင် ရန်ကိုင်နှင့် စကားပြောဖို့ရာမှာ ကသိကအောက် မဖြစ်ရပေ။
ယခုမှသာလျှင် ရန်ကိုင်မှာလည်း ဖုရွှမ်းအား ပထမဦးဆုံးအကြိမ်အဖြစ် သေသေချာချာ ကြည့်ဖူးခြင်း ဖြစ်သည်။ ယခင်တစ်ကြိမ် ကြည့်စဉ်က ဖုရွှမ်းမှာ နဂါးသင်္ချိုင်းထဲမှ လွတ်မြောက်လာခြင်း ဖြစ်သည့်အတွက်ကြောင့် အတော်လေးကိုမှ အားနည်းသည့် အခြေအနေမျိုးနှင့် ကြုံနေရသည်။ ထိုအကြောင်းကြောင့် သူမအား မြင်လိုက်သည့် မည်သူမဆို ကရုဏာ သက်သွားရနိုင်ပေသည်။ ယခုမူ အတော်လေးကိုမှ အားပြန်ဖြည့်ထားသည့်အတွက်ကြောင့် ဖုရွှမ်းမှာ ကြင်နာသိမ်မွေ့သည့် အကြည့်ကို ပိုင်ဆိုင်ထားသော စွဲမက်ဖွယ်ကောင်းသည့် အမျိုးသမီးတစ်ဦးပုံစံမျိုး ပေါက်နေလေသည်။ အခြားသော နဂါးကလန်သားများကဲ့သို့လည်း မောက်မာဝံ့ကြွားခြင်း မရှိပေ။
ဖုရွှမ်းသည် ရေနဂါးတစ်ဦးဖြစ်ကြောင်းကို ကျုချင်းဆီမှာ ကြားဖူးသည်။ ထိုအကြောင်းကြောင့် ဖုရွှမ်းမှာ နဂါးကျွန်းပေါ်ရှိ နဂါးကလန်သားများအကြား အသိမ်မွေ့ဆုံးသော စိတ်နေစိတ်ထားကို ပိုင်ဆိုင်ထားပေသည်။ တစ်စုံတစ်ဦးသည်သာ သူမအကြောင်း ကောင်းကောင်းသိမည်ဆိုလျှင် သူမသည် အတော်လေးကိုမှ ဖော်ရွေပျူငှာလှသည့် နဂါးတစ်ဦးဖြစ်ကြောင်းကို သိနိုင်ပေလိမ့်မည်။
ကြားရသည်ထက် လက်တွေ့မြင်ရသည်က ပို၍ ယုံကြည်စရာကောင်းသည်မှာ အမှန်သာ ဖြစ်ပေသည်။ လက်ရှိအခိုက်အတန့်တွင်း ဖုရွှမ်း၏ လှုပ်ရှားမှု တစ်ခုချင်းစီတိုင်းသည် နွေဦးစမ်းရေပမာ သိမ်မွေ့သည့် ခံစားချက်မျိုးကို ပေးစွမ်းနေခဲ့သည်။ သူမနှင့် ဒုတိယအကြီးအကဲ ဖုကျွင်း အကြားရှိ ကွာဟချက်မှာတော့ မိုးနှင့်မြေအလားပင်။ ဖုကျွင်း အကြောင်း တွေးလိုက်ရုံဖြင့် ရန်ကိုင် စိတ်ထဲ တနုံ့နုံ့ ဖြစ်လာရသည်။ ကျုယန်မှာ ထိုကဲ့သို့သော အမျိုးသမီးတစ်ဦးနှင့် မည်ကဲ့သို့များ သည်းခံပေါင်းနေနိုင်သလဲဆိုသည်ကို ရန်ကိုင်မှာ အမှန်တကယ်ကို နားမလည်နိုင် ဖြစ်ရသည်။
"အရင်တစ်ခေါက်တုန်းက နင် ဝူခွမ်း အနောက်ကို လိုက်သွားတာ အခုနှစ်တွေ အများကြီးကြာမှ ပြန်ရောက်လာတယ်၊ ဘယ်လိုနေလဲ"
ရန်ကိုင်က ခေါင်းခါလိုက်သည်။ "ဘာမှတော့မဖြစ်ခဲ့ပါဘူး၊ ချင်းအာကို စိတ်ပူအောင် လုပ်မိလိုက်လို့ပဲ စိတ်မကောင်းဖြစ်မိတာ"
ဖုရွှမ်းက ခေါင်းညိတ်လိုက်သည်။ "သူနင့်ကို တကယ်စိတ်ပူနေတာ၊ လွန်ခဲ့တဲ့နှစ်တွေတုန်းကဆိုရင် သူက တောက်လျှောက်ကို"
"တတိယအကြီးအကဲ" ကျုချင်းသည် ဖုရွှမ်းအား အလျင်စလို ဝင်တားလိုက်ပြီး ခေါင်းစဉ်ပြောင်းလိုက်လေ၏။ "ရန်ကိုင် ဒီနေ့ရောက်လာတာ တတိယအကြီးအကဲကို သတင်းကောင်းလေး ပြောချင်လို့"
ဖုရွှမ်းက ယဲ့ယဲ့လေး ပြုံးလျက်... "ငါနဲ့ပတ်သက်ပြီးတော့ ဘာသတင်းကောင်းက ရှိရဦးမှာလဲ၊ အပိုတွေ ပြောမနေစမ်းနဲ့"
ကျုချင်းက ပြုံး၍... "ရှောင်ချီ တတိယအကြီးအကဲဆီ လာလည်တယ်၊ အဲဒါရော သတင်းကောင်းလား"
"ရှောင်ချီ" ဖုရွှမ်း၏ အမူအရာ ပြောင်းလဲသွားခဲ့လေသည်။ ရုတ်တရက်ဆိုသလို သူမ၏ သိမ်မွေ့သည့် အကြည့်မှာ တလက်လက် တောက်ပလာခဲ့ပြီး ရန်ကိုင်အား ကြည့်၍ စိတ်လှုပ်ရှားနေသည့် လေသံဖြင့်... "ရှောင်ချီ တကယ်ကြီး ဒီကိုရောက်နေတာလား"
ရန်ကိုင်က ခေါင်းညိတ်ပြလိုက်သည်။ "ကျုပ်ဒီကိုလာမှန်း စီနီယာ သားရဲသခင် သိတယ်လေ၊ ဒီတော့ ညီမလေး ရှောင်ချီကို ကျုပ်လက်ထဲ ထည့်ပေးလိုက်တာ၊ သူ့အမေနဲ့ တွေ့လို့ရအောင်ဆိုပြီးတော့တဲ့"
ရန်ကိုင်ဆီမှ အတည်ပြုစကား ကြားလိုက်ရသော် ဖုရွှမ်း၏ ခန္ဓာကိုယ် စတင်တုန်ယင်လာခဲ့သည်။ ထို့နောက် ရန်ကိုင်၏ အနောက်ဘက်သို့ လှမ်းကြည့်လိုက်ရာ မည်သူကိုမျှ မတွေ့ရသည့်အတွက်ကြောင့် ခါးသက်သက်လေသံဖြင့် မေးလိုက်လေ၏။ "သူဘယ်မှာလဲ၊ သူဒီနားမှာလား"
နတ်သားရဲတစ်ကောင်ဖြစ်သလို အဆင့်ကိုးနဂါးတစ်ကောင်လည်း ဖြစ်သည့်အတွက်ကြောင့် မိုရှောင်ချီသာ အနီးအနားတွင် ရှိနေမည်ဆိုပါက ဖုရွှမ်း ချက်ချင်း သတိထားမိရပေလိမ့်မည်။ သို့သော်ငြား ယခုကဲ့သို့ မေးခွန်းမျိုးကို မေးနေသည်ကို ကြည့်လျှင် လက်ရှိအခိုက်အတန့်၌ သူမ၏ စိတ်အခြေအနေ မည်မျှ ယောက်ယက်ခတ်နေကြောင်းကို သတိပြုမိနိုင်ပေသည်။ သူမ သမီး ဤနေရာသို့ လာလည်သည်မှာ သူမအပေါ် အကြီးအကျယ် သက်ရောက်သည့်ပုံပင်။
ရန်ကိုင်က ခေါင်းခါ၍... "ချင်းအာရဲ့ လခြမ်းကွေးကျွန်းမှာ စောင့်နေတယ်"
ကျုချင်းက ပြန်ပြောလိုက်သည်။ "ညီမလေး ရှောင်ချီက နည်းနည်းကြောက်နေလို့ ကျွန်မတို့နဲ့အတူ လိုက်မလာခဲ့ဘူး"
လက်ရှိအခိုက်အတန့်တွင် ကျုချင်း ပြောသည့် စကားများ ဖုရွှမ်း နားထဲ မရောက်တော့ပေ။ ဖုရွှမ်း၏ စိတ်ထဲ အသံတစ်သံသာ အော်ဟစ်နေခဲ့သည်။ [ရှောင်ချီ ဒီကိုရောက်နေတယ်၊ ရှောင်ချီ နဂါးကျွန်းဆီ ရောက်နေပြီ၊ သူငါ့ကို လာတွေ့တာ၊ ဒီနားမှာရှိနေတယ်၊ ငါနောက်ဆုံးတော့ သူနဲ့ တွေ့ခွင့်ရတော့မယ်]
သူမ သမီးနှင့် မတွေ့ရသည်မှာ နှစ်ပေါင်းများစွာ ကြာနေလေပြီ။ သူမ သမီး သူမဆီမှ ခွဲသွားစဉ်က မွေးကင်းစအရွယ်လေးသာ ရှိပေသေးသည်။ ယနေ့တွင်မူ သူမနှင့် ခွဲသွားရသည်မှာ ကြာနေပြီဖြစ်သော သူမ သမီးနှင့် ပြန်တွေ့ခွင့်ရတော့ပေမည်။
ကျုချင်းမှ ဆုံးအောင် မရှင်းပြရသေးခင်မှာပင် ဖုရွှမ်းသည် အလင်းတန်းတစ်ခုအသွင်သို့ ပြောင်း၍ လခြမ်းကွေးနန်းတော်ဆီသို့ ပျံထွက်သွားလေသည်။
ထိုအချင်းအရာကို မြင်သော် ရန်ကိုင်နှင့် ကျုချင်းတို့ ကူကယ်ရာမဲ့နေဟန်ဖြင့် အကြည့်ချင်းဖလှယ်လိုက်ကြသည်။ သို့ပင်ဖြစ်လင့်ကစား အမေနှင့် သမီးတို့၏ ခံစားချက်ကို စဉ်းစားပေးတတ်ပေသည်။
"သွားကြည့်ကြတာပေါ့" ထိုသို့ပြောပြီးသည့်နောက် ရန်ကိုင်သည် ကျုချင်း၏ လက်ကို ကိုင်၍ ဖုရွှမ်း အနောက်သို့ ပြေးလိုက်သွားလေသည်။ သားရဲသခင်မဟာဧကရာဇ်သည် မိုရှောင်ချီကို သူ့လက်ထဲသို့ ထည့်ပေးလိုက်သည့်အတွက်ကြောင့် ရန်ကိုင်အနေဖြင့် သူ့တာဝန်ကို ပြီးဆုံးသည့်အထိတိုင် လုပ်ဆောင်ရပေလိမ့်မည်။ မိုရှောင်ချီအနေဖြင့် သူမ အမေနှင့် ပထမဦးဆုံးအကြိမ် တွေ့ရာတွင် မလုပ်သင့်သည်များကို လုပ်လိမ့်မည်ဟု ရန်ကိုင် မထင်ပါသော်ငြား သူကိုယ်တိုင် မြင်ပြီးမှသာလျှင် စိတ်သက်သာရာရနိုင်ပေလိမ့်မည်။
တစ်နာရီ မပြည့်သေးခင်မှာပင် ရန်ကိုင်တို့မှာ လခြမ်းကွေးနန်းတော်ဆီသို့ ပြန်ရောက်လာခဲ့သည်။
ထိုအခိုက်အတန့်တွင်း ဖုရွှမ်းမှာ နန်းတော်အရှေ့၌ ရပ်နေလေ၏။ သို့သော်ငြား နန်းတော်ထဲသို့ ဝင်မသွားခဲ့ဘဲ နန်းတော်အပြင်ဘက်တွင်သာ စိုးရိမ်နေသည့် အမူအရာဖြင့် ရပ်နေလေ၏။ နန်းတော်အား ကောင်းကင်စိတ်အာရုံဖြင့် စစ်ဆေးကြည့်ပြီးသည့်နောက် နန်းတော်ထဲ၌ ရင်းနှီးနေသည့် အရှိန်အဝါတစ်ရပ်ကို ခံစားလိုက်ရသည်။ ဤလောကကြီး အဆုံးသတ်သွားမည်ဆိုလျှင်ပင် ထိုအရှိန်အဝါကို သူမအနေဖြင့် သတိရနေပေလိမ့်ဦးမည်။ ထိုအရှိန်အဝါမှာ သူမနှင့် သွေးချင်းဆက်သွယ်နေသော သူမ သမီး၏ အရှိန်အဝါသာ ဖြစ်လေသည်။
ရန်ကိုင်နှင့် ကျုချင်းသည် ဖုရွှမ်းနှင့် ခပ်လှမ်းလှမ်းတွင် ရပ်ရင်းမှ အကြည့်ချင်းဖလှယ်လိုက်ကြသည်။ သို့သော်ငြား ဘာပြောလို့ပြောကြရမှန်း မသိ။ နှစ်ဦးစလုံးမှာ ဖုရွှမ်း၏ စိတ်ခံစားချက်များ လုံးဝကို ပရမ်းပတာဖြစ်နေကြောင်း သတိထားမိကြသည်။
ရုတ်တရက်ဆိုသလို ဖုရွှမ်းသည် ကျုချင်းဘက်သို့ လှည့်လာ၍ စိုးရိမ်တကြီးဖြင့် မေးလိုက်လေ၏။ "ချင်းအာ၊ ငါအခု ဘယ်လိုနေလဲ"
သူမ ကြည့်ရသည်မှာ သူမ သမီး သူမပုံစံကို မြင်ပြီးသည့်နောက် တစ်မျိုးတစ်မည် ထင်သွားမည်ကို စိုးရိမ်နေသည့်ပုံပင်။
ကျုချင်းက ခေါင်းခါ၍... "ဘာမှမဖြစ်ပါဘူး"
"ငါ့အဝတ်အစားတွေရော၊ ငါ့မျက်နှာမှာရော ပါးရေတွေ တွန့်နေလား"
"တတိယအကြီးအကဲ အဆင်ပြေပါတယ်၊ ဘာမှမဖြစ်ပါဘူး"
"ငါ့ဆံပင်ရော ဗရုတ်ဗရက်ဖြစ်နေလား"
ကျုချင်း ဆွံ့အနေစဉ် ရန်ကိုင်က ဝင်၍ ပြောလိုက်သည်။ "တတိယအကြီးအကဲ၊ အခုလိုမျိုး ရုပ်ရည်တွေနဲ့ ပတ်သက်ပြီးတော့ ဘာမှ စိတ်ပူမနေနဲ့၊ ခွေးတစ်ကောင်က သူ့ပိုင်ရှင် ဆင်းရဲနေလို့ဆိုပြီးတော့ သူ့သခင်ကို စွန့်ပစ်သွားမှာ မဟုတ်သလို ကလေးတစ်ယောက်ကလည်း သူ့အမေ ရုပ်ဆိုးနေလို့ဆိုပြီးတော့ သူ့အမေလို့ မထင်ဘဲနေမှာ မဟုတ်ဘူး၊ တတိယအကြီးအကဲ ဘယ်လိုပဲနေနေ ရှောင်ချီရဲ့ အမေဆိုမှတော့ ရှောင်ချီက တတိယအကြီးအကဲကို အမေအဖြစ် အသိအမှတ်ပြုမှာပဲ၊ ပြီးတော့ ဒီလောကကြီးထဲမှာ တတိယအကြီးအကဲထက် ပိုပြီးတော့ လှတဲ့ အမေဆိုတာ မရှိလောက်တော့ဘူး"
"တကယ်လား" ဖုရွှမ်း သက်ပြင်းချလိုက်သည်။
ရန်ကိုင်က ပြုံး၍... "မိုရှောင်ချီ ဘာမှသိပ်မပြောပေမဲ့ ဒီကိုလာနေတုန်း သူ တတိယအကြီးအကဲနဲ့ တော်တော်လေး တွေ့ချင်နေတာကို ကျုပ်သတိထားမိတယ်၊ သူ့အမေ ဘယ်လိုပုံစံရှိလဲဆိုတာကိုလည်း သိချင်နေတဲ့ပုံပဲ၊ ဒါပေမဲ့ အခုလောလောဆယ်က သူ နည်းနည်းကြောက်နေလို့သာ"
ဖုရွှမ်းသည် ရန်ကိုင်ကို ကြည့်၍ ကတုန်ကယင် လေသံဖြင့်... "သူဘာကို ကြောက်တာလဲ"
ရန်ကိုင်က ရှင်းပြလိုက်လေသည်။ "တတိယအကြီးအကဲ အရင်တုန်းက ဘာလို့ သူ့ကို စွန့်ပစ်ခဲ့လဲဆိုတာကို သူမသိဘူးလေ၊ ဒီတော့ ဒီကိုလာပြီး တတိယအကြီးအကဲနဲ့ လာတွေ့တဲ့အချိန် တတိယအကြီးအကဲက သူ့ကို သမီးအဖြစ် လက်မခံမှာကို ကြောက်နေတာ"
ထိုစကားကို ကြားသော် ဖုရွှမ်း ထိတ်လန့်သွားခဲ့ပြီးသည့်နောက် သူမ၏ မျက်လုံးမှာ ရဲတက်လာကာ မျက်ရည်များ ဝေ့သီလာခဲ့လေသည်။ ထို့နောက် မျက်ရည်များသည် သူမ၏ ပါးပြင်တစ်လျှောက် စီးကျလာတော့လေသည်။ ဖုရွှမ်းက ပြောလိုက်လေ၏။ "ငါဘာလို့ အဲဒီလို လုပ်ရမှာလဲ၊ ငါတကယ်ကို မှားသွားခဲ့တာပဲ"
"တတိယအကြီးအကဲ" ဖုရွှမ်း ငိုကြွေးနေသည့်ပုံစံကို မြင်သော် ကျုချင်း စိတ်မကောင်း ဖြစ်သွားခဲ့သည်။
ရုတ်တရက်ဆိုသလို ဖုရွှမ်းသည် မျက်ရည်များကို သုတ်၍ အသက်ကို ပြင်းပြင်းရှူသွင်းရင်းမှ ပြုံးလျက် ပြောလိုက်သည်။ "အားနာစရာကြီး ဖြစ်ကုန်ပြီ"
ကျုချင်း ဖြည်းဖြည်းချင်း ခေါင်းခါပြလိုက်သည်။ ယခုကဲ့သို့သော အခြေအနေမျိုးတွင် ဖုရွှမ်း ခံစားနေရသည်ကိုလည်း သူမ သဘောပေါက်ပေသည်။
သူမကိုယ်သူမ အနည်းငယ် သပ်သပ်ရပ်ရပ်ဖြစ်အောင် လုပ်ပြီးသည့်နောက်တွင် ဖုရွှမ်းသည် နန်းတော်ထဲသို့ လျှောက်ဝင်သွားလေ၏။
ရန်ကိုင်နှင့် ကျုချင်းတို့မှာတော့ နန်းတော်အပြင်ဘက်တွင်သာ ရပ်နေခဲ့ပြီး အထဲသို့ လိုက်မဝင်သွားခဲ့ကြပေ။ သို့သော်ငြား အထဲတွင် ဘာတွေဖြစ်နေသလဲဆိုသည်ကို သေချာအာရုံစိုက် ကြည့်နေကြသည်။
ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်၍ စစ်ဆေးကြည့်လိုက်ပြီးသည့်နောက် ဖုရွှမ်းနှင့် မိုရှောင်ချီတို့ နှစ်ဦးစလုံး စိတ်မတည်မငြိမ်ဖြစ်နေကြောင်း သတိပြုမိလိုက်ကြသည်။ မိုရှောင်ချီ၏ စိတ်ခံစားချက်များမှာ အတော်လေးကိုမှ ကယောက်ကယက် ဖြစ်နေသည့်အတွက်ကြောင့် သူမ တစ်ခုခု ဖြစ်သွားမည်ကိုပင် ရန်ကိုင် စိတ်ပူနေရသည်။ နောက်ဆုံးတွင် မိုရှောင်ချီ၏ ဆို့နင့်နေသည့် အသံကို ကြားလိုက်ရလေ၏။ "အမေ"
"ကြည့်ရတာ အကုန်အဆင်ပြေသွားတဲ့ပုံပဲ" ရန်ကိုင် သက်ပြင်းချလိုက်နိုင်ခဲ့လေသည်။ အမေနှင့် သမီး တွေ့ရာတွင် မည်သည့် ဆိုးဆိုးရွားရွား ကိစ္စမျှ ဖြစ်လိမ့်မည်ဟု မထင်ထားခဲ့ပါသော်ငြား သူတို့နှစ်ဦး တွေ့ခွင့်ရဖို့ရာ ကြုံခဲ့ရသည့် အဖြစ်အပျက်အားလုံးကို မြင်ပြီးသည့်နောက် ရန်ကိုင် စိတ်ထဲ သိပ်မကောင်းလှပေ။ မိုရှောင်ချီ၏ အော်သံကို ကြားပြီးသည့်နောက် မဟာဧကရာဇ်မှ ပေးအပ်ခဲ့သည့် တာဝန်ကို ပြီးမြောက်သွားပြီမှန်း ရန်ကိုင် သိလိုက်လေသည်။ ထိုအခါမှသာလျှင် သူလည်း စိတ်သက်သာရာ ရနိုင်တော့သည်။
ကျုချင်းသည် ရန်ကိုင်၏ လက်ကို ပွေ့ဖက်လိုက်ရင်းမှ အလျင်လိုနေသည့် လေသံဖြင့်... "နောက်ပိုင်းကျရင် ငါတို့ကလေးကရော သူ့လိုမျိုးပဲ ဖြစ်မှာလား"
ဖုရွှမ်းနှင့် မိုရှောင်ချီတို့ ကြုံခဲ့ရသည့် အဖြစ်အပျက်သည် ကျုချင်းကိုလည်း စိတ်ပူသွားစေခဲ့လေသည်။
ရန်ကိုင်က ပြုံးဖြီး၍... "မဖြစ်ဘူး၊ နောက်ပိုင်း ငါတို့မှာ ကိုယ်ပိုင်ကလေး ရှိလာမယ်ဆိုရင်တောင် နင့်ဆီကနေ ဘယ်တော့မှ အခွဲခံရမှာ မဟုတ်ဘူး၊ သူတို့ ငါ့ကို လာတားရဲရင် နဂါးကျွန်းတစ်ခုလုံးကို အထက်အောက် ပြောင်းပြန်လှန်ပစ်လိုက်မှာ"
ကျုချင်းက ပြုံးလျက်... "အဲဒါဆို နင်နဂါးကျွန်း တစ်ခုလုံးကို အထက်အောက် ပြောင်းပြန်လှန်ပစ်နိုင်တဲ့ အချိန်မှပဲ ငါတို့ ကလေးယူကြတာပေါ့"
ရန်ကိုင်သည် ဘေးပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်ပြီးသည့်နောက် ကျုချင်း၏ ခန္ဓာကိုယ်ကို ဆုပ်နယ်ဆော့ကစားရင်းမှ တိုးတိုးလေး ပြောလိုက်လေ၏။ "နင်အခုလိုချင်ရင် ငါပေးလို့ရတယ်နော်"
ကျုချင်းသည် ရန်ကိုင်၏ လက်ကို ကိုင်ဆွဲ၍ ရန်ကိုင်၏ ခါးကို ဆွဲလိမ်ချလိုက်လေသည်။
ရန်ကိုင်က နာကျင်စွာ ညည်းတွားရင်းမှ ပြောလိုက်လေ၏။ "ငါတို့ မတွေ့ရတာ နှစ်နဲ့ချီနေပြီကို၊ ဘာလဲ နင် မလိုချင်လို့လား"
ပြောပြီးသည့်နောက် ရွှေနဂါးအမြုတေစွမ်းအားကို အသက်သွင်း၍ ကျုချင်း၏ စိတ်ခံစားချက်များကို မတည်မငြိမ်ဖြစ်အောင် လုပ်လိုက်သည်။
ကျုချင်းမှာ ထိုကဲ့သို့သော အကွက်မျိုးကို လုံးဝ ခုခံနိုင်လိမ့်မည် မဟုတ်။ ပထမဦးဆုံးအကြိမ် တွေ့စဉ်က ရန်ကိုင်မှာ ဤနည်းလမ်းကို သုံး၍ သူမအပေါ် အသားယူခဲ့ခြင်း ဖြစ်သည်။ ရန်ကိုင်၏ ရွှေနဂါးအမြုတေစွမ်းအားသည် သူမအတွက်မူ အလွန်ကိုမှ စွဲမက်ဖွယ်ရာ ကောင်းလွန်းလှနေလေ၏။
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၃၃၃၂)
ဘာသာပြန်သူ_တိမ်တိုက်
ရန်ကိုင်၏ နောက်ပြောင်ကျီစယ်ခြင်း ခံလိုက်ရပြီးသည့်နောက် ကျုချင်း ရှက်သွေးဖြာသွားခဲ့သည်။ သို့သော်ငြား အံကို ကြိတ်၍ ပြန်ပြောလိုက်လေသည်။ "နင့်ကို မလိုချင်တာက နင့်ကိစ္စမဟုတ်ဘူး၊ ဒါပေမဲ့ နင်ကတော့ ဒီနှစ်တွေအတွင်းမှာ လုံးဝ အထီးမကျန်ဘူးဆိုတာကို ငါသေချာပြောရဲတယ်"
ရန်ကိုင်က မျက်လုံးအပြူးသားဖြင့်... "နင် မဟုတ်တရုတ်တွေ လျှောက်မပြောနဲ့လေ၊ ဒီမှာ နင့်ရဲ့ယောက်ျားက နင့်ကို တောက်လျှောက်ကို လွမ်းပြီးတော့ တမ်းတနေခဲ့ရတာ"
ကျုချင်းသည် ရန်ကိုင်အား အဓိပ္ပာယ်ပါပါ ကြည့်လျက်... "အဆင့်နိမ့်ကြယ်စီရင်စုထဲမှာ နင့်ရဲ့ မိန်းမလေးယောက် ရှိတယ်လို့ ငါ့ကို ပြောဖူးတယ်နော် ဟုတ်တယ်မလား၊ နင်အဲဒီကို ပြန်သွားပြီးတော့ သူတို့နဲ့ မတွေ့လို့လား"
ရန်ကိုင်က မျက်နှာကို ကုတ်ရင်းမှ... "အဟမ်း၊ အဲဒါက အင်းး တွေ့တော့ တွေ့ပါတယ်"
ကျုချင်းက ပြန်ပြောလေ၏။ "နင်သူတို့နဲ့ မတွေ့ရတာ နှစ်တွေ တော်တော်ကြာနေပြီလေ၊ ပြီးတော့ သူတို့နဲ့ ပြန်မတွေ့ခင်အထိ ငါကလွဲပြီးတော့ အခြားဘယ်သူနဲ့မှ အိပ်ဖူးတာမဟုတ်ဘူး၊ ဒီတော့ နင်သူတို့နဲ့ ပြန်တွေ့တာနဲ့ ပျော်ပျော်ကြီးနေမယ်ဆိုတာ ငါပြောရဲတယ်"
ရန်ကိုင်ကမူ ခြောက်ကပ်ကပ် ရယ်မောရင်းမှ... "ဒီနေ့ ဒီနဂါးကျွန်းပေါ်က ရာသီဥတုက တော်တော်လေးကို သာယာတာပဲနော်"
ကျုချင်းက နှာခေါင်းရှုံ့လျက် လက်သီးကို တင်းတင်းဆုပ်ရင်းမှ ရန်ကိုင်၏ ရင်ဘတ်ကို ကောက်ထုကာ... "အဲဒါကိုတောင် ငါ့ကို လာလိမ်ရဲနေတယ်ပေါ့ ဟုတ်လား"
ရန်ကိုင်သည် ကျုချင်း၏ လက်သီးလေးကို ကောက်ကိုင်လိုက်ရင်းမှ အသာအယာ ပွတ်သပ်ပေးလျက် ပြုံးကာ ပြောလိုက်လေသည်။ "အဲဒီအကြောင်း မပြောဘဲနေကြရအောင်နော်"
ရန်ကိုင်မှာ ထိုအကြောင်းကို ပြောဖို့ရာ အတော်လေးကိုမှ ရှက်နေမိလေသည်။ စုယန်၊ ရှနင်းချန်၊ ရှန်ချင်းလော့နှင့် ရွှယ့်ယွယ် တို့မှာ နှစ်ပေါင်းများစွာ အတူတကွ ရှိလာပြီးသည့်နောက် သင့်သင့်မြတ်မြတ် ဖြစ်နေကြသည်။ သို့ပါသော်ငြား ကျုချင်းအား သူ၏ အခြားသော မိန်းမများနှင့် မည်ကဲ့သို့ မိတ်ဆက်ပေးရမလဲဆိုသည်ကို ရန်ကိုင် မစဉ်းစားတတ်နိုင် ဖြစ်နေခဲ့သည်။
ဟုန်းလော့ကြယ်စီရင်စုထဲ၌ ရှိနေကြသော ရန်ကိုင်၏ မိန်းမလေးဦးစလုံးမှာ ထိပ်တန်းပညာရှင်များ ဖြစ်ကြပါသော်ငြား ကျုချင်းနှင့် ယှဉ်လိုက်သော် ခွန်အားအရရော အဆင့်အတန်းအရပါ နိမ့်ကျသွားရတော့သည်။ ကျုချင်းသည် နဂါးကလန်သားတစ်ဦးပင် မဟုတ်လေလော။ ရှင်းရှင်းပြောရသော် ကြယ်တာရာအစုအဝေးထဲ ကျုချင်းနှင့် ခွန်အားရော အဆင့်အတန်းရောပါ ယှဉ်နိုင်သည့် လူဆို၍ အနည်းငယ်သာ ရှိကြပေသည်။ ထိုအကြောင်းကြောင့် ကျုချင်းအား သူ၏ အခြားသော မိန်းမများနှင့် မိတ်ဆက်ပေးလိုက်သော် သူ့မိန်းမများကို ကျုချင်းမှ အထင်အမြင်သေးမည်အား ရန်ကိုင် စိတ်ပူနေခြင်း ဖြစ်သည်။
ကျုချင်းသည် ရန်ကိုင်အား စူးရဲစွာ စိုက်ကြည့်လိုက်သည်။ ထို့နောက်တွင် ရန်ကိုင်၏ အင်္ကျီများကို ရုတ်တရက် သပ်သပ်ရပ်ရပ်ဖြစ်အောင် လုပ်ပေးလျက် ပြောလိုက်လေ၏။ "အခုက အဲဒီအကြောင်း ပြောရမဲ့အချိန် မဟုတ်သေးဘူး၊ တတိယအကြီးအကဲနဲ့ သူ့သမီး အဆင်ပြေသွားတော့မှပဲ အဲဒီအကြောင်း ပြောရအောင်"
ရန်ကိုင်က ခေါင်းကို တဆတ်ဆတ် ညိတ်လျက်... "ဟုတ်တယ်"
ထို့နောက် ကျုချင်းအား ကြည့်လျက်... "ချင်းအာ၊ နင်ငါ့အပေါ် အရမ်းကောင်းတာပဲ"
ထိုစကားလေးများသည် ကျုချင်းအတွက်မူ အလွန်ကိုမှ ချိုမြနေလေသည်။ သို့ပင်ဖြစ်လင့်ကစား သူမ၏ ခံစားချက်များကို မျက်နှာအထက် မပေါ်လွင်စေအောင် ထိန်းလျက် ယဲ့ယဲ့လေး ပြုံးကာ ပြန်ပြောလိုက်သည်။ "အပိုတွေ ပြောမနေတော့နဲ့၊ ငါနင့်ကို ပထမအကြီးအကဲ ဒုတိယအကြီးအကဲနဲ့ တွေ့လို့ရအောင် ခေါ်သွားပေးမယ်၊ အဲဒီအချိန်ကျရင် ကိုယ့်ကိုယ်ကိုယ် ထိန်းထိန်းသိမ်းသိမ်းနေ"
"သူတို့နဲ့ ဘာလို့တွေ့ရမှာလဲ" ရန်ကိုင်က မျက်လုံးအပြူးသားဖြင့် ခေါင်းခါလျက်... "ပထမအကြီးအကဲနဲ့ တွေ့ရဖို့က ကိစ္စမရှိဘူး၊ ဒါပေမဲ့ ဒုတိယအကြီးအကဲနဲ့ကတော့ မတွေ့နိုင်ပါဘူး"
ဖုကျွင်းအား ရန်ကိုင် အလွန်ကိုမှ ကြည့်မရပေ။ ထိုအမျိုးသမီးသည် ဖုရွှမ်းအား နဂါးသင်္ချိုင်းထဲတွင် အကျဉ်းချပြီး ကျုချင်းအား ဖုချီနှင့် အတင်းပေးစားခဲ့သည့် အမျိုးသမီး ဖြစ်သည်။ ထိုအကြောင်းကြောင့် ရန်ကိုင်အနေဖြင့် သူမအား ကြည့်ရစရာအကြောင်း မရှိပေ။
ကျုချင်းသည် ရန်ကိုင်အား စူးရဲစွာ စိုက်ကြည့်လျက်... "နင်ဘာပဲဖြစ်ဖြစ် သွားကိုသွားရမယ်"
ရန်ကိုင်က ပြန်၍ ညည်းတွားလိုက်လေ၏။ "နင်ဘာလို့ ငါ့ကို သူနဲ့ အတင်းတွေ့စေချင်နေရတာလဲ၊ ငါသူနဲ့ တွေ့လို့ အဲဒီစုန်းမအိုကြီးနဲ့ ထတိုက်ခိုက်မှာကို နင်စိတ်မပူဘူးလား"
ကျုချင်းက မျက်မှောင်ကြုတ်လျက်... "စုန်းမအိုကြီးလို့ ခေါ်မနေနဲ့၊ သူကြားသွားရင် ဒေါသူပုန်ထနေလိမ့်မယ်"
ရန်ကိုင်က ပြန်၍ ပြောလိုက်သည်။ "သူ့လို စုန်းမအိုကြီးကို ဘာလို့ စုန်းမအိုကြီးလို့ မခေါ်ရမှာလဲ၊ ချင်းအာ ငါနင့်ကို အမှန်အတိုင်းပဲ ပြောတော့မယ်၊ သူနင့်ကို ဖုချီနဲ့ အတင်းပေးစားနေကတည်းက ငါ သူ့ကို လုံးဝ ကြည့်မရတော့တာ၊ ဒါပေမဲ့ အဲဒီခွေးကောင်ကို ဝူခွမ်း သတ်သွားတာ ကံကောင်းသွားတယ်၊ မဟုတ်ရင် ငါကိုယ်တိုင် သတ်မိမှာ"
ကျုချင်းက သက်ပြင်းချလျက်... "နင်သူ့ကို မကျေမနပ်ဖြစ်နေမှန်း ငါသိတယ်၊ ဒါပေမဲ့ သူက ငါတို့ နဂါးကလန်ရဲ့ ဒုတိယအကြီးအကဲ ဖြစ်နေတုန်းပဲလေ၊ နဂါးကလန်သားတွေ ကလေးမွေးဖို့ ဘယ်လောက်ခက်တယ်ဆိုတာလည်း နင်လည်း သိတာပဲ၊ ဒီတော့ ငါတို့မှာ ငါတို့ရဲ့ သွေးမျိုးဆက်ကို ဆက်လက်တည်တံ့အောင် လုပ်ရမဲ့ တာဝန်က ရှိပြီးသား၊ ငါလည်း သူငါ့ကို လုပ်ခဲ့တာတွေနဲ့ ပတ်သက်ပြီး မကျေနပ်ဘူး၊ ဒါပေမဲ့ အဲဒီကိစ္စကို နဂါးကလန်ရှုထောင့်ကနေ ပြန်ပြီးကြည့်လိုက်မယ်ဆိုရင် သူတို့ ဒါနဲ့ပတ်သက်ပြီး ဘာပြဿနာမှမရှိဘူးဆိုတာ နင်သိလိမ့်မယ်"
"ပြဿနာမရှိဘူး" ရန်ကိုင်က ရုတ်တရက် ထအော်လေသည်။ "သူနင့်ကို အခြားယောက်ျားတစ်ယောက်နဲ့ အတင်းပေးစားနေတာလေ၊ အဲဒါကို ပြဿနာမရှိဘူးလို့ ထင်တယ်ပေါ့"
ကျုချင်းက ပြန်၍ ပြောလေ၏။ "ငါနင့်ကို ပြောတယ်လေ၊ နဂါးကလန်ရှုထောင့်ကနေ ကြည့်လို့"
ရန်ကိုင်က အံကြိတ်၍... "သူဘာပဲ လုပ်ခဲ့လုပ်ခဲ့ ငါဂရုမစိုက်ဘူး၊ ဒါပေမဲ့ နင်က ငါ့ရဲ့မိန်းမဆိုတာကိုလည်း သိထားဦး၊ နဂါးကလန်သားတွေအကြောင်း မတွေးခင် နင်က ငါ့မိန်းမဆိုတဲ့အချက်ကို အရင်ထည့်စဉ်းစားရမှာ"
ကျုချင်းသည် ရန်ကိုင်အား မျက်လုံးအပြူးသားဖြင့် ကြည့်ရင်းမှ... "နင်ငါ့ကို လာဒေါသထွက်နေတာလား"
ရန်ကိုင်က လက်ဝှေ့ယမ်းလျက်... "ငါဘာဖြစ်လို့ နင့်ကို ဒေါသထွက်ရမှာလဲ၊ ငါ ဒီအတိုင်းပဲ စုန်းမအိုကြီးကို ကြည့်မရ ဖြစ်နေတာ"
ကျုချင်းသည် ရုတ်တရက် ကောက်ရယ်မောလျက် ရန်ကိုင်၏ လက်ကို သူမ၏ လက်ဖြင့် ပူးကပ်လိုက်ရင်းမှ... "ကောင်းပြီ၊ ငါ မှတ်ထားမယ်၊ နောက်ပိုင်း ငါဘာပဲလုပ်လုပ် နဂါးကလန်ထက် နင့်ကို အရင်ဆုံး ဦးစားပေးမယ် ဟုတ်ပြီလား"
ရန်ကိုင်သည် သူ့လက်မောင်းကို လာဖိကပ်နေသော မို့မောက်မောက် ရင်အစုံကို ငုံ့ကြည့်လိုက်သည်။ ထို့နောက် ခံစားချက်များကို ချုပ်တည်းထားရင်းမှ... "နင်ဘာလို့ ငါ့ကို လာကြည့်နေတာလဲ၊ နင့်ဘာသာနင် နည်းနည်း ထိန်းထိန်းသိမ်းသိမ်းနေနော်၊ အခုက နေ့ခင်းကြောင်တောင်ကြီး၊ ဒီလိုလုပ်တာ သိပ်အဆင်မပြေဘူး"
ပြောပြီးသွားသည်နှင့် ဘေးပတ်ဝန်းကျင်အား ခိုးကြောင်ခိုးဝှက်အမူအရာဖြင့် လှမ်း၍ ကြည့်လိုက်လေသည်။
ကျုချင်းကမူ ရန်ကိုင်ပြောသည်ကို လျစ်လျူရှုလျက် ရန်ကိုင်အနားသို့ ကပ်ရင်းမှ ပြောလိုက်လေ၏။ "နင်အကြီးအကဲတွေနဲ့ အရင်ဆုံး သွားတွေ့ရမယ်"
ရန်ကိုင်သည် ကျုချင်းအား အဓိပ္ပာယ်ပါပါ ကြည့်၍... "ငါ့ကို ဖြားယောင်းပြီးတော့ နင်လုပ်ခိုင်းချင်တာကို ခိုင်းလို့ရမယ်များ မှတ်နေတာလား၊ ဟမ်း တုံးလိုက်တာ၊ ငါပြောပြီးသား အဲဒီစုန်းမအိုကြီးနဲ့ ငါဘယ်တော့မှ သွားတွေ့မှာ မဟုတ်ဘူး၊ ပထမအကြီးအကဲနဲ့တော့ သွားတွေ့ပေးလို့ရတယ်၊ ဒါပေမဲ့ အဲဒီစုန်းမအိုကြီးဆိုရင်တော့ ဟမ့် သူ့ကို ငါနဲ့သာ ဝေးဝေးနေခိုင်းလိုက်"
ကျုချင်းကမူ လေသံကို အတတ်နိုင်ဆုံး ပျော့အောင်ထားရင်းမှ ရန်ကိုင်အား ဆက်၍ ဖျောင်းဖျနေလိုက်လေသည်။ "တကယ်ဆိုရင် အရင်တစ်ကြိမ် အဖြစ်အပျက်ပြီးကတည်းက ဒုတိယအကြီးအကဲက နည်းနည်း စိတ်ပျော့သွားပြီလို့ ပြောလို့ရတယ်၊ သူဘာဖြစ်လို့ ငါ့ကို နဂါးသင်္ချိုင်းထဲ ပစ်မထည့်တာလို့ နင်ထင်လဲ၊ မဟုတ်ရင် အရင်ကဆို သူနဲ့ ညီအစ်မလို့ခင်တဲ့ တတိယအကြီးအကဲကိုတောင် နဂါးသင်္ချိုင်းထဲမှာ အကျဉ်းချပစ်ခဲ့တာ"
ရန်ကိုင်က လှောင်ပြုံးပြုံးလျက်... "ညီအစ်မလို့ ခင်တယ်၊ ညီအစ်မလို့သာခင်ရင် အစ်မကြီးက ကိုယ့်ညီမလေးကို ဘာလို့ နဂါးသင်္ချိုင်းထဲမှာ အကျဉ်းချထားမှာလဲ၊ စီနီယာသားရဲသခင် ကိုယ်တိုင် ရောက်လာပြီးတော့ တတိယအကြီးအကဲကို ကယ်သွားတာကြောင့်သာ မဟုတ်ရင် တတိယအကြီးအကဲ အဲဒီအထဲမှာ သေသွားလောက်ပြီ၊ ဒုတိယအကြီးအကဲ အချိန်မီ သူ့ဆုံးဖြတ်ချက်ကို ပြန်ပြောင်းနိုင်သွားတာတောင် ကံကောင်းသွားတယ်လို့ ပြောလို့ရတယ်၊ မဟုတ်ရင် ဒီထက် ပိုဆိုးတဲ့ အခြေအနေနဲ့ ကြုံရမှာ"
တစ်ချက်မျှ ရပ်ပြီးသည့်နောက်... "အခုဆိုရင် သူတော်တော်လေး ဖိအားဝင်နေလောက်ပြီ၊ သားရဲသခင်မဟာဧကရာဇ်ကို ရန်စထားတာဆိုတော့ ငါ့ကို ဒေါသထွက်အောင်လုပ်မိရင် ပိုဆိုးသွားမယ်မှန်းသိလို့ ထပ်မလုပ်တော့တာ"
ရန်ကိုင် ခေါင်းမာနေသည်ကို မြင်သော် ကျုချင်းက ခြေဆောင့်လျက်... "နင် ဒုတိယအကြီးအကဲနဲ့ လိုက်တွေ့အောင် ငါဘာလုပ်ပေးရမှာလဲ"
ရန်ကိုင်က ခေါင်းခါ၍... "ဘာပဲဖြစ်ဖြစ် ငါသူနဲ့ တွေ့မှာ မဟုတ်ဘူး"
ကျုချင်းက ပြန်ပြောလိုက်လေသည်။ "ကောင်းပြီလေ၊ နင် နောက်ပိုင်း ငါ့ကိုလွမ်းရင် နဂါးကျွန်းဆီ လာပြီးတော့ ငါ့ကို လာတွေ့လို့ရတယ်၊ ငါတို့ရဲ့ ဆက်ဆံရေးကတော့ အမြဲတမ်း အခုလိုမျိုး တရားဝင်နေမှာ မဟုတ်ဘူး၊ နင့်မှာ မိန်းမလေးယောက် ရှိတာပဲ၊ ဒီတော့ နင်အထီးကျန်မှာလည်း မဟုတ်ပါဘူး၊ နင့်လို လူတစ်ယောက် နဂါးကျွန်းပေါ်မှာ မယားငယ်လေးတစ်ယောက် ရှိနေတာ အတော်လေး အဆင်ပြေမှာပေါ့"
ပြောပြီးသွားသည်နှင့် အခြားတစ်ဖက်သို့ လှည့်၍ ရန်ကိုင်အား လျစ်လျူရှုထားလိုက်တော့လေသည်။
မယားငယ်အကြောင်း ပြောလိုက်သော် ရန်ကိုင်မှာ ကျိယောင်အား စဉ်းစားမိသွားခဲ့ပြီး သူ့စိတ်ထဲ အပြစ်မကင်းသလို ခံစားလိုက်ရသည်။ ထို့နောက် ကျုချင်းအား ခိုးကြည့်လိုက်ရာ ကျုချင်းမှာ ငိုတော့မည့် ပုံစံမျိုးဖြင့် မျက်ဝန်းလေးများ ရဲတက်နေကြောင်းကို တွေ့လိုက်ရသော် သူမအား လျစ်လျူမရှုနိုင်တော့ဘဲ ကျုချင်းဆီသို့ လျှောက်သွားလိုက်ပြီး ပြောလိုက်လေ၏။ "နင်ငါ့ကို ဒေါသထွက်နေတာလား"
ကျုချင်းကမူ ရန်ကိုင်အား လျစ်လျူရှုထားလေသည်။
ရန်ကိုင်မှာ ကသိကအောက်အမူအရာဖြင့် ခေါင်းကို ကုတ်လိုက်လေ၏။ သူမအပေါ် အနည်းငယ် လွန်သွားပြီဟုလည်း တွေးလိုက်လေ၏။ ထိုအတွေးကြောင့် ခက်ခက်ခဲခဲဖြင့် ပြန်ပြောလိုက်သည်။ "ချင်းအာ၊ အဲဒီမိန်းမ လုပ်ခဲ့တာတွေနဲ့ ပတ်သက်ပြီး ငါသူ့ကို ဘယ်လောက်မုန်းနေလဲဆိုတာကို နင်လည်း နားလည်တာပဲ၊ အခုလောလောဆယ် ငါ တော်သင့်အောင် အားမကောင်းသေးလို့ သူနဲ့ စာရင်းသွားမရှင်းသေးတာ၊ ငါသာ အားကောင်းလာပြီဆိုတာနဲ့ သူ့ကို လုံးဝ အလွတ်ပေးမှာမဟုတ်ဘူး"
ကျုချင်းက ပြန်၍ ပြောလိုက်သည်။ "အဲဒါဆိုရင် ငါက နဂါးကလန်ရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပြီးတော့ ဒုတိယအကြီးအကဲက ငါ့ကလန်ရဲ့ ဒုတိယအကြီးအကဲ ဖြစ်နေတာဆိုတာကိုရော နင် နားလည်လား၊ ငါက နင့်ရဲ့မိန်းမ၊ ဒါပေမဲ့ နင်က သူနဲ့ မကျေအေးနိုင်ဘူးဆိုရင် ငါက နင်တို့နှစ်ယောက်အကြားမှာ အမြဲတမ်း ပြဿနာတက်နေရမှာပေါ့"
ထိုစကားကို ကြားသော် ရန်ကိုင် မှင်တက်သွားခဲ့သည်။ သေချာစဉ်းစားကြည့်ပြီးသည့်နောက် ကျုချင်း ပြောသည်မှာ မှန်ကန်ကြောင်း သဘောပေါက်လိုက်လေ၏။ သူသည်သာ ဖုကျွင်းအား ဆက်၍ ပြဿနာရှာနေဦးမည်ဆိုလျှင် ကျုချင်းအဖို့ ပို၍ အနေရခက်လာရပေလိမ့်မည်။ ထိုအတွေးဖြင့် ရန်ကိုင်မှာ အံကို ကြိတ်၍ ခေါင်းညိတ်လိုက်လေ၏။ "ကောင်းပြီ၊ ငါနားလည်ပြီ၊ ငါ အကြီးအကဲနှစ်ယောက်စလုံးနဲ့ သွားတွေ့ပေးမယ်"
ကျုချင်းက အံ့အားသင့်နေဟန်ဖြင့်... "တကယ်လား"
ရန်ကိုင်က ကျုချင်း၏ မျက်နှာလေးကို ဖျစ်ညှစ်၍... "နင့်အတွက်ဆိုရင် ငါ မရဏကမ္ဘာကိုတောင် သွားရဲတယ်"
ကျုချင်းသည် ရန်ကိုင်အား ချက်ချင်းပဲ သတိထားကာ ကြည့်လျက်... "နင်ဘာတွေ အပြောတွေချိုနေရတာလဲ၊ ငါ့ကို မှန်မှန်ပြော၊ နင့်မှာ တကယ်ကြီး မိန်းမ ဘယ်နှယောက်ရှိတာလဲ"
ရန်ကိုင်မှာ ရယ်ရခက်ငိုရခက် အမူအရာဖြင့်... "နင်ဘာဖြစ်လို့ အဲဒီအကြောင်းကို ရုတ်တရက်ကြီး ထမေးလာတာလဲ"
ကျုချင်းက နှာခေါင်းရှုံ့လျက်... "နင့်ပုံစံကြည့်ရင်တော့ သူတော်ကောင်းယောင်ယောင်ပဲ၊ ဒါပေမဲ့ နင်က ပရောပရည်လုပ်တဲ့နေရာမှာ တော်တော် တော်တာ၊ ပထမတစ်ကြိမ်တွေ့ကတည်းက ငါနင့်ရဲ့ သဘာဝကို သိထားပြီးသား"
ရန်ကိုင်က သက်ပြင်းအရှည်ကြီးချလျက်... "ချင်းအာ၊ နင်ငါ့ကို အထင်မှားနေပြီ၊ ငါကြယ်တာရာအစုအဝေးကို ရောက်လာတာ နှစ်အတော်ချီနေပြီ၊ ဒါပေမဲ့ နင်နဲ့ မတွေ့ခင် ဘယ်မိန်းမနဲ့မှ မအိပ်ဘူး၊ မိန်းမချောလေးတွေနဲ့ ငါအများကြီး တွေ့ဖူးတယ်၊ ဒါပေမဲ့ ဘယ်သူကိုမှ မထိခဲ့ဘူး၊ နင်တစ်ယောက်ပဲ ငါ့ကို စိတ်ပျော်အောင် လုပ်နိုင်တာ"
ထိုစကားကို ကြားသော် ကျုချင်း၏ မျက်နှာလေး ရုတ်ချည်း ရဲတက်သွားခဲ့လေသည်။
ထို့နောက်တွင် ရန်ကိုင်က လေသံကို ပျော့လျက်... "အရင်တစ်ကြိမ် ဖြစ်သွားတာနဲ့ ပတ်သက်ပြီး နင်ငါ့ကိုလည်း အပြစ်တင်လို့မရဘူး၊ အဲဒါ မတော်တဆဖြစ်သွားတာ ဘယ်သူမှ အဲဒီလိုဖြစ်မယ်လို့ မျှော်လင့်မထားဘူးလေ"
ကျုချင်းက ပြန်၍ ပြောလိုက်သည်။ "ဒါဆို နင်က ငါ့ကို လာအပြစ်တင်နေတာလား"
"မဟုတ်ဘူး မဟုတ်ဘူး၊ အဲဒါ ငါ့အပြစ်ပဲ" ရန်ကိုင်မှာ ကိုယ်တာဝန်ကို အလျင်စလို လက်ခံလိုက်လေသည်။ ထို့နောက် ပြုံးဖြီး၍... "တကယ်ဆိုရင် အဲဒီအဖြစ်အပျက်သာ ဖြစ်ခဲ့ရင် ငါတို့ အခုလိုမျိုး အခြေအနေထိ ဖြစ်မှာမဟုတ်ဘူး"
ကျုချင်းမှာ ထိုအကြောင်းကို ပြန်တွေးရင်း ရှက်သွေးဖြာသွားခဲ့သည်။ ထိုအကြောင်းကို စဉ်းစားနေရင်းမှ ရုတ်တရက် သူမ၏ အမူအရာ ပြောင်းလဲသွားခဲ့ပြီး ကောက်မေးလိုက်လေ၏။ "ဒါနဲ့ နင်ဖုလင်နဲ့ တွေ့ခဲ့သေးလား"
"အင်း၊ တွေ့ခဲ့တယ်" ရန်ကိုင် ခေါင်းညိတ်လိုက်သည်။ ကျုချင်း ဤကဲ့သို့သော မေးခွန်းမျိုးအား ဘာကြောင့် ရုတ်တရက်ကြီး မေးလာရသလဲဆိုသည်ကိုတော့ သူ နားမလည်ပေ။ "သူအပြစ်ပေးခံရပြီးတော့ ဝင်ပေါက်ကို နှစ်တစ်ရာ စောင့်ရမယ်လို့ ငါ့ကို ပြောသွားတယ်၊ နဂါးကျွန်းထဲကို ဝင်လာဖို့ ငါက ဝင်ပေါက်ကို ဖြတ်လာရမှာလေ၊ ဒါကြောင့်ပဲ သူနဲ့ သွားတွေ့တာ၊ ဒီနေရာကို ခေါ်လာပေးတာလည်း သူပဲ၊ မဟုတ်ရင် နင့်ရဲ့ကျွန်း ဘယ်မှာရှိလဲဆိုတာကို ငါသိမှာမဟုတ်ဘူး"
"သူကိုယ်တိုင် နင့်ကို ခေါ်လာပေးတာလား" ကျုချင်းသည် ရန်ကိုင်အား စိုးရိမ်တကြီးဖြင့် ကြည့်ရင်းမှ... "သူနင့်ကို တစ်ခုခုလုပ်သေးလား"
ရန်ကိုင်က အော်ရယ်မောလျက်... "သူငါ့ကို ဘာလုပ်နိုင်မှာလဲ"
တစ်ချက်မျှ စဉ်းစားပြီးသည့်နောက် ကျုချင်းက ပြန်ပြောလိုက်သည်။ "ဟုတ်တာပဲနော်၊ နင်က ရှောင်ချီနဲ့ ရှိနေတာဆိုတော့ သူ နင့်ကို ဘာမှလုပ်နိုင်မှာ မဟုတ်ဘူး"
ရန်ကိုင်သည် ကျုချင်းအား ဇဝေဇဝါအမူအရာဖြင့် ကြည့်ရင်းမှ... "ဘာဖြစ်လို့လဲ နင်သူ့ကို ဘာတွေ ဒီလောက်တောင် သတိထားနေရတာလဲ"
ကျုချင်းမှာ ကူကယ်ရာမဲ့နေဟန်ဖြင့် တစ်ခဏမျှ တုံ့ဆိုင်းနေပြီးသည့်နောက် အမှန်အတိုင်းပြောရန် ဆုံးဖြတ်လိုက်လေသည်။ "အရင်တုန်းက ငါက အဆင့်ရှစ်နဂါးတစ်ကောင်ဆိုတာ နင် မှတ်မိတယ်မလား၊ အဆင့်ရှစ်နဂါးက အတော်လေး အားကောင်းတယ်ဆိုပေမဲ့ နဂါးကျွန်းမှာ အရမ်းကြီးရှားပါးနေတဲ့ နဂါးမျိုးတော့ မဟုတ်ဘူး၊ ဒါပေမဲ့ အဆင့်ကိုးတွေထဲမှာတော့ အရင်တုန်းကဆိုရင် အဆင့်ကိုးနဂါးနှစ်ကောင်ပဲ ရှိခဲ့ဖူးတယ်၊ တတိယအကြီးအကဲနဲ့ လေးယောက်မြောက်အကြီးအကဲပဲ၊ ဒါပေမဲ့ ငါနင်နဲ့ ဟိုဟာလုပ်ပြီးတဲ့နောက်ပိုင်း ငါလည်း အဆင့်ကိုးရောက်သွားတယ်"
ရန်ကိုင်က ပြန်၍ မေးလိုက်လေသည်။ "နင်ငါ့ကို လာကျေးဇူးတင်နေစရာ မလိုပါဘူး၊ အဲဒါ ငါလည်း သိတဲ့ဟာပဲကို"
ကျုချင်းက ရှက်ရှက်ဖြင့် ရန်ကိုင်၏ ရင်ဘတ်ကို ကောက်ထုရင်းမှ ဆက်၍ ရှင်းပြလိုက်လေ၏။ "အခုဆိုရင် ငါ့ရဲ့သွေးမျိုးဆက် ဘာဖြစ်လို့ နောက်တစ်ဆင့်ကို ချိုးဖျက်သွားလဲဆိုတာကို နဂါးကလန်သားတွေ အကုန်လုံး သိနေကြပြီ၊ အချို့ ငါ့ညီအစ်မတွေဆိုရင် နင့်ကိုတောင် စိတ်ဝင်စားနေတာ"
"နင် ဘာပြောချင်တာလဲ" ရန်ကိုင် ဇဝေဇဝါ ဖြစ်သွားလေသည်။
ကျုချင်းမှာ ရန်ကိုင်အား စိုက်ကြည့်ရင်းမှ... "မသိချင်ယောင်ဆောင်မနေတော့နဲ့"
ရန်ကိုင်မှာ ဟိုကြည့်သည်ကြည့် လှည့်ပတ်ကြည့်၍ မသိချင်ယောင်ဆောင်ချင်ပါသော်ငြား သရုပ်ဆောင်ညံ့သူတစ်ဦး ဖြစ်သည်နှင့်အညီ သူ့ကိုယ်သူ လက်ညှိုးထိုးရင်းမှ ပြုံးဖြီး၍ ပြန်ပြောလိုက်သည်။ "ဒီတော့ နဂါးကျွန်းပေါ်က အမျိုးသမီးတွေအကုန်လုံး ငါ့ကို မျက်စိကျနေတယ်ပေါ့”