← Chapters

အခန်း (၃၃၃၃-၃၃၃၆)

Vol. 146 Ch. 3333-3336

အခန်း (၃၃၃၃-၃၃၃၆)

Vol. 146 Ch. 3333-3336

အပိုင်း (၃၃၃၃)

ဘာသာပြန်သူ_တိမ်တိုက်

ကျုချင်းက ပြောလိုက်လေ၏။ “နဂါးကလန်သားတွေက မွေးတည်းက အတော်လေးအားကောင်းကြတယ်ဆိုပေမယ့် သွေးမျိုးဆက်ကို သန့်စင်အောင်လုပ်ဖို့က အတော်လေးခက်တယ်… နဂါးသွေးကြောအဆင့်တစ်ဆင့် တက်ဖို့ဆိုတာ နှစ်တွေအကြာကြီးကြာတယ်… ဒီတော့ အခုလိုမျိုး ဘာဘေးထွက်ဆိုးကျိုးမှမရှိတဲ့ ဖြတ်လမ်းနည်းတစ်ခုပေါ်လာတာ သူတို့တွေက စိတ်မဝင်စားဘဲ ဘယ်နေကြမှာလဲ…”

“အင်း… နဂါးကျွန်းပေါ်မှာ အမျိုးသမီးဘယ်နှစ်ဦး ရှိလဲဆိုတာကို ငါသိလို့ရမလား…” ရန်ကိုင်က ချောင်းဟန့်၍ မေးလိုက်သည်။

ကျုချင်းက ပြန်၍ပြောလိုက်၏။ “ဒုတိယအကြီးအကဲရယ် တတိယအကြီးအကဲရယ် ငါရယ် မပါဘူးဆိုရင် နောက်ထပ်အမျိုးသမီးလေးဦးရှိတယ်…”

ရန်ကိုင်က သူ့မေးစေ့ကိုပွတ်၍ “တော်တော်လေးနည်းတာပဲ…”

နဂါးကျွန်းပေါ်ရှိ အမျိုးသားနှင့် အမျိုးသမီးအရေအတွက်မှာ အချိုးမညီမှန်း ကြိုသိထားပါသော်ငြား အမျိုးသမီးမှာ ခုနှစ်ဦးသာ ရှိလိမ့်မည်ဟု မထင်ထားခဲ့ပေ။ ကျုချင်းမှာ သူ့အမျိုးသမီးဖြစ်နေပြီဖြစ်ကာ ဖုကျွင်းနှင့် ဖုရွှမ်းတို့မှာ သူ့အား လုံးဝစိတ်ဝင်စားကြလိမ့်မည်မဟုတ်။

(ကျန်တဲ့လေးယောက်ကတော့…)

ကျုချင်းသည် ရန်ကိုင်အား စိုက်ကြည့်၍ “ငါ နင့်ကို သတိပေးလိုက်မယ်… သူတို့တွေနဲ့ ပရောပရည်သွားလုပ်ဖို့ စဉ်းတောင်မစဉ်းစားနဲ့နော်…”

ရန်ကိုင်က အလေးအနက်အမူအယာဖြင့် ပြန်ပြောလိုက်သည်။ “ငါက ဘယ်လိုလုပ်ပြီး အဲ့လိုဟာမျိုးကို စဉ်းစားရမှာလဲ… သူတို့ ငါ့ကို လာမရှုပ်နေရင်တောင် တော်တော်လေး ကျေးဇူးတင်နေမှာ… နင်ပြောခဲ့သလိုပဲ ငါက သူတို့အဆင့်ချိုးဖြတ်ဖို့အတွက် အရမ်းအရေးပါတယ်…” ဖုလင်း သူ့နားသို့ ထိုမျှကပ်ချင်နေသည်မှာ အဆန်းမဟုတ်။ ဖုလင်တွင် အခြားရည်ရွယ်ချက်တစ်ခု ရှိနေသည်ကိုး။ ဖုလင်၏ ဂုဏ်သတင်းမှာ အတော်လေးကိုမှ ဆိုးရွားလှပါသော်ငြား သူမမှာ အတော်လေးကိုမှ ချောမောလှပသည့် အမျိုးသမီးတစ်ဦး ဖြစ်သည်ဟူသောအချက်မှာ ငြင်း၍မရပေ။

ကျုချင်းက သက်ပြင်းချ၍ ပြောလိုက်သည်။ “တကယ်ဆိုရင် ဒီကိစ္စနဲ့ပတ်သက်ပြီး သူတို့ကိုလည်း သွားအပြစ်တင်လို့မရဘူး… သွေးမျိုးဆက် အဆင့်ချိုးဖြတ်နိုင်တဲ့ကိစ္စက ငါတို့နဂါးတွေအတွက်တော့ အရမ်းကို စွဲမက်ဖွယ်ကောင်းလွန်းတဲ့ မက်လုံးကြီးတစ်ခုလေ… ဒီတော့ ဘယ်သူမှ ဒီလိုအခွင့်အရေးမျိုးကို လွဲချော်ချင်ကြမှာမဟုတ်ဘူး… ဘာပဲဖြစ်ဖြစ် နင် နဂါးကျွန်းမှာရှိနေတုန်း ငါ့မျက်စိအောက်ကနေ လုံးဝ မပျောက်စေနဲ့…”

“အင်း… ငါသိပြီ…” ရန်ကိုင် ခေါင်းညိတ်ပြလိုက်ပြီး သူ့ရင်ဘတ်ကိုပုတ်၍ “ငါ နင့်ဘေးနားမှာပဲ တစ်နေ့လုံး တစ်ညလုံး နေပေးမယ်… တစ်ချက်ကလေးတောင် ထွက်မသွားဘူးလို့ အာမခံတယ်…”

ရန်ကိုင်ဘာပြောချင်နေသလဲဆိုသည်ကို သဘောပေါက်သည့်အလား ကျုချင်းသည် ရန်ကိုင်အား စူးရဲစွာ စိုက်ကြည့်လိုက်ပြီးသည့်နောက် ပြောလိုက်လေ၏။ “အကြီးအကဲတွေကို အရင်သွားတွေ့ကြရအောင်…”

ရန်ကိုင်မှာ သဘောတူထားပြီဖြစ်သည့်အတွက်ကြောင့် သူ့စကားသူ ပြန်ရုတ်သိမ်း၍ မရတော့ပေ။

ကံကောင်းစွာဖြင့် သူတို့ ပထမဦးဆုံးသွားတွေ့သည့် အကြီးအကဲမှာ ပထမအကြီးအကဲကျုရန် ဖြစ်လေသည်။ ရန်ကိုင်မှာ အကြီးအကဲကျုရန်နှင့် ရန်ငြိုးရန်စမရှိပေ။ ဤနဂါးကလန်၏ ပထမအကြီးအကဲသည် အတော်လေးကိုမှ ပြောရဆိုရလွယ်ကူသည့် အကြီးအကဲတစ်ဦးဖြစ်သလို နဂါးကလန်၏ အားအကောင်းဆုံးသူလည်း ဖြစ်ပေသည်။

ဤအကြီးအကဲကျုရန်၏ နာမည်ထဲ ရန်ဟူသည့်စကားလုံး ပါနေသည့်အတွက်ကြောင့် မီးနဂါးတစ်ကောင် ဖြစ်သင့်ပါသော်ငြား တကယ့်တကယ်တွင်မူ မီးနဂါးမဟုတ်ဘဲ မိုးပြာနဂါးဖြစ်နေခဲ့သည်။

မိုးပြာသစ်ပင်ကျွန်းသည် ပထမအကြီးအကဲကျုရန်နေသည့် နေရာဖြစ်ပြီး ထိုနေရာတွင် မရေမတွက်နိုင်သော သစ်ပင်ပေါင်းများစွာ ရှိနေကြသည်။ သစ်ပင်ကြီးတစ်ပင်ချင်းစီတိုင်းသည်လည်း မိုးထိမတတ် မြင့်မားလှပေသည်။ မိုးပြာသစ်ပင်ကျွန်း၏ အလယ်တွင်မူ အခြားသောသစ်ပင်များထက် ပိုမိုကြီးမားပြီး စတုရန်းမိုင်သုံးမိုင်ခန့် ကျယ်ဝန်းသော မြေနေရာတစ်ခုလုံးကို အပိုင်စိုးထားသည့် သစ်ပင်ကြီးတစ်ပင် ရှိနေလေ၏။ သစ်ပင်ကြီး၏ သစ်ကိုင်းသစ်ခက်များမှာမူ ကျွန်းတစ်ဝက်လောက်ကို လွှမ်းခြုံထားခဲ့လေသည်။

ရန်ကိုင်နှင့်ကျုချင်းတို့ ထိုနေရာသို့ရောက်လာချိန်တွင် ကျုရန်မှာ သစ်ပင်တစ်ပင်ဘေးနား၌ ခြေတစ်ပေါင်ကျိုးရပ်ရင်း ကျန်သည့်ခြေထောက်တစ်ဖက်အား ကွေးထားခဲ့သည်။ တစ်ချိန်တည်းတွင် လက်နှစ်ဖက်ကို ပူးကပ်ထား၍ အသက်ကို ဖြည်းဖြည်းချင်း ရှူသွင်းရှူထုတ် လုပ်နေလေ၏။ ကျုရန်၏အပေါ်ပိုင်းမှာ ဗလာကျင်းနေခဲ့ပြီး ဘောင်းဘီမှာမူ ပွပွရွရွချည်ဘောင်းဘီကိုသာ ဝတ်ထားခဲ့သည်။

ရုတ်တရက် အကြီးအကဲမျက်လုံးပွင့်လာသည့်အခိုက် မယုံနိုင်စရာကောင်းသည့်ဖိအားတစ်ရပ် ဖြာထွက်လာခဲ့ပြီး ရန်ကိုင်မှာ သူ့အရေပြား အနည်းငယ်တွန့်သွားသလို ခံစားလိုက်ရသည်။

ထို့နောက်တွင် ထိုဖိအားပျောက်ကွယ်သွားခဲ့ပြီး အကြီးအကဲ၏အကြည့်မှာ လုံးဝကို ပြန်လည်တည်ငြိမ်သွားခဲ့လေသည်။

“ပထမအကြီးအကဲ…” ကျုချင်းက သွားရောက်နှုတ်ဆက်လိုက်သည်။

ရန်ကိုင်လည်း လက်သီးဆုပ်၍ သွားရောက်နှုတ်ဆက်လိုက်လေ၏။ “ဂျူနီယာရန်ကိုင် ပထမအကြီးအကဲကို နှုတ်ဆက်ပါတယ်…”

ကျုရန်ကမူ စကားပြန်မပြောသေးဘဲ မျက်လုံးကိုပိတ်၍သာ အသက်ကိုဖြည်းဖြည်းချင်းရှူသွင်းရှူထုတ် လုပ်နေလေ၏။ ထို့နောက်တွင် သိုလှောင်လက်စွပ်ထဲမှ အဝတ်အစားများကို ထုတ်ဝတ်၍ ရန်ကိုင်အား ပြုံးကာကြည့်ရင်းမှ “နဂါးကျွန်းကို ပြန်လာရဲတဲ့ မင်းသတ္တိက မသေးပါလား…”

ရန်ကိုင်သည် ကျုချင်းကိုကြည့်ရင်းမှ “ကျုပ် သတ္တိသေးတာ မသေးတာက ကိစ္စမရှိဘူး… ချင်းအာက ဒီနေရာမှာရှိနေတယ်ဆိုမှတော့ ကျုပ် လာကိုလာမှရမှာ…”

ကျုရန်က ခေါင်းညိတ်လျက် “နဂါးကျွန်းကို ရောက်ပြီးတာနဲ့ ငါ့ဆီတန်းလာတာ မင်းက တကယ်ကို စဉ်းစားတတ်တာပဲ…”

ရန်ကိုင်က မျက်ခုံးပင့်လျက် “ကျုပ်ရောက်နေမှန်း ပထမအကြီးအကဲသိတယ်ပေါ့…”

ထိုကဲ့သို့ ပြောပြီးပြီးချင်းမှာပင် သူတုံးအလွန်းနေမှန်း သဘောပေါက်သွားခဲ့သည်။ ဖုလင်သည် သူရောက်နေကြောင်း သိနေပြီးဖြစ်သည့်အတွက်ကြောင့် အခြားသူများသည်လည်း သူရောက်နေသည့်အကြောင်းကို မသိစရာအကြောင်း မရှိတော့ပေ။ ဖုလင်မှာ ဝင်ပေါက်မှာ စောင့်ကြပ်နေရသည့်လူတစ်ဦး ဖြစ်သည်။ ရန်ကိုင်ရောက်နေလို့ ရောက်နေမှန်းကိုပင် မသိပါက ဖုလင်မှာ သူ့တာဝန်သူ မကျေပွန်ဟု ပြော၍ရပေသည်။

ကျုရန်က ပြောလိုက်သည်။ “ရှင်းရှင်းပြောရရင် ငါ အခု မင်းကို ဘယ်လိုဆက်ဆံလို့ ဆက်ဆံရမှန်း မပြောတတ်တော့ဘူး…”

ရန်ကိုင်က မျက်မှောင်ကျုံ့လျက် “ဘာဖြစ်လို့လဲ…”

ကျုရန်သည် လက်နောက်ပစ်ရင်းမှ ပြန်ပြောလိုက်သည်။ “မင်းက လူသားတစ်ယောက်… ဒါပေမယ့် ငါတို့နဂါးကလန်က အမျိုးသမီးတစ်ဦးကို ယူသွားတယ်… ဒီကိစ္စက ငါတို့လက်ခံလို့ရတဲ့ ကိစ္စမျိုးမဟုတ်ဘူး… ပြီးတော့ အရင်တစ်ကြိမ်တုန်းကလည်း နဂါးကျွန်းထဲထိ ကျူးကျော်ဝင်ရောက်လာပြီး ကျုချင်းကို သူ့မင်္ဂလာပွဲနေ့မှာ အတင်းအကြပ် လုယူသွားသေးတယ်… အဲ့ကိစ္စကတော့ ငါတို့အတွက် တကယ်ကို အရှက်ရစရာပဲ… ပြီးတော့ မင်းကြောင့် ငါတို့ကလန်သားတစ်ယောက်လည်း သေသွားရသေးတယ်… သေသွားတဲ့လူကလည်း ပေါ့သေးသေးမဟုတ်ဘူး… အဆင့်ရှစ်မိုးကြိုးနဂါးတစ်ကောင်ပဲ… ဒီတော့ ငါတို့ဘက်က ကြီးကြီးမားမား နစ်နာသွားတယ်လို့တောင် ပြောလို့ရတယ်… အဲ့ဒါတွေအကုန်လုံးကို ထည့်ပြီးစဉ်းစားလိုက်မယ်ဆိုရင် မင်းနဲ့ငါကြားမှာ သွေးကြွေးက ရှိနေပြီ… ဒီတော့ ငါ မင်းကို ဘယ်လိုသဘောထားသင့်လဲ… ရန်သူတစ်ယောက်အဖြစ် သဘောထားရမှာလဲ…”

“ပထမအကြီးအကဲ…” ထိုစကားကိုကြားသည့်အခါ ကျုချင်း၏အမူအယာ အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့သည်။ ကျုရန်မှာ သဘောမနောကောင်းသူတစ်ဦး ဖြစ်သည့်အတွက်ကြောင့် ရန်ကိုင်အား ကျုရန်နှင့်တွေ့ရန် ပထမဦးဆုံး ခေါ်လာပေးခြင်း ဖြစ်ပေသည်။ ကျုရန်သာ ရန်ကိုင်အား လက်ခံပေးလိုက်မည်ဆိုပါက အခြားသူနှင့် ပြောဆိုဖို့ရာ ပိုမိုလွယ်ကူသွားပေမည်။ သို့သော်ငြား တွေ့တွေ့ချင်းမှာပင် ကျုရန်မှာ ဤကဲ့သို့သောစကားမျိုး ပြောလာလိမ့်မည်ဟု မထင်ထားခဲ့ပေ။ သူတို့ကြားရှိ ရန်ငြိုးရန်စကို ဖြေရှင်းရန်အလို့ငှာ ရန်ကိုင်အား ရှင်းပစ်ရမည်ဟု စကားစပေးနေခြင်း ဖြစ်ပေသည်။ ကျုရန်သည်သာ တကယ်တမ်းတိုက်ခိုက်လာခဲ့မည်ဆိုလျှင် ရန်ကိုင် ဒုက္ခရောက်ရပေလိမ့်မည်။

သို့သော်ငြား ကျုချင်း ဘာမှဆက်မပြောရသေးခင်မှာပင် ရန်ကိုင်က ပြုံး၍ ဖြတ်ပြောလိုက်သည်။ “ပထမအကြီးအကဲ… ကျုပ်မလုပ်ထားတဲ့အပြစ်တွေနဲ့ ကျုပ်ကို လာအပြစ်မဖို့နဲ့လေ…”

ကျုရန်က မျက်လုံးမှေးစင်းလျက် “မင်း ဘာအပြစ်တွေ မလုပ်ထားတာ ရှိလို့လဲ… ငါပြောသွားတွေအကုန်လုံးက အမှန်ပဲလေ… ငါလုပ်ကြံပြောနေတာလည်းမဟုတ်ဘူး…”

ရန်ကိုင်က ခေါင်းခါလျက် “အဲ့အကြောင်းအရင်းတွေသုံးပြီးတော့ ကျုပ်ကို အပြစ်တင်တယ်ဆိုရင်တော့ ကျုပ်ကလည်း ပြန်ပြောရမှာပေါ့…”

ကျုရန်က ပြန်၍ပြောလိုက်သည်။ “အဲ့ဒါဆိုလည်း ပြောပါဦး… ငါ နားထောင်နေတယ်…”

ရန်ကိုင်က ပြန်၍ပြောလိုက်သည်။ “ကျုချင်းကို ကျုပ် လုယူသွားတယ်လို့ ပထမအကြီးအကဲပြောတယ်နော်… ဒါပေမယ့် အဲ့ကိစ္စနဲ့ပတ်သက်ပြီး ကျုပ်သဘောမတူဘူး… ရှင်းရှင်းပြောရရင် ကျုချင်းက အစတည်းက ကျုပ်မိန်းမ… မျိုးနွယ်စုမတူရင်တောင် ကျုပ်တို့ တစ်ယောက်နဲ့တစ်ယောက် ချစ်နေတာကအမှန်ပဲ… အဲ့ဒါအပြင်ကိုမှ ကျုချင်းက နဂါးကျွန်းပေါ်မှာ ရှိနေသေးတယ်လေ… ကျုပ်က ဘယ်လိုလုပ်ပြီး သူ့ကို လုယူသွားတာ ဖြစ်ရမှာလဲ… ကျုချင်းရဲ့နှလုံးသားကို လုယူသွားတယ်ဆိုရင်တော့ အဲ့ကိစ္စနဲ့ပတ်သက်ပြီး ကျုပ်ဝန်ခံတယ်…”

ကျုရန်ကမူ ဘာမျှပြန်မပြောခဲ့ဘဲ ရန်ကိုင်ကိုသာ မျက်နှာသေဖြင့် ကြည့်နေခဲ့သည်။

ရန်ကိုင်က ဆက်၍ပြောလိုက်လေ၏။ “ကျုချင်းက ကျုပ်မိန်းမဆိုမှတော့ ဘာဖြစ်လို့ အခြားတစ်ယောက်နဲ့ လက်ထပ်ရမှာလဲ… ဒီတော့ မင်္ဂလာပွဲနေ့မှာ ကျုပ် သူ့ကို လုယူတာမဟုတ်ဘူး… ကျုပ်မိန်းမ ကျုပ်ပြန်ခေါ်တာ… အဲ့လိုခေါ်ရအောင်လည်း အကြီးအကဲတို့ကပဲ တွန်းအားပေးခဲ့တာလေ… ပြီးတော့ အဲ့နေ့တုန်းက ကျုပ်ကိုယ်ကျုပ် နှိမ့်ချပြီးတော့ ကျုချင်းရဲ့လွတ်လပ်ခွင့်နဲ့ နဂါးကျွန်းတံဆိပ်ပြားကို လဲလှယ်မယ်လို့တောင် ပြောခဲ့သေးတယ်… နဂါးကျွန်းတံဆိပ်ပြား ရှိတယ်ဆိုလို့ရှိရင် နဂါးကလန်က သူတို့လက်သင့်ခံနိုင်တဲ့ ဘယ်လိုတောင်းဆိုမှုမျိုးကိုမဆို သူတို့ လက်ခံပေးရတယ်တဲ့… ဒါပေမယ့် အဲ့နေ့တုန်းကတော့ ကျုပ် ဘာမှမရလိုက်ပါလား… အဲ့ဒါတွေအကုန်လုံးက အလိမ်အညာတွေပဲနဲ့တူတယ်… ဟုတ်တယ်မလား ပထမအကြီးအကဲ… ပထမအကြီးအကဲ အဲ့အကြောင်းကို မေ့သွားပြီလား…”

ကျုရန်မှာ ပြောစရာစကား ပျောက်ရှသွားခဲ့သည်။ နဂါးကျွန်းတံဆိပ်ပြားနှင့်ပတ်သက်၍ သူတို့ဘက်က အမှန်တကယ်ကို မှားယွင်းသွားခဲ့ပေသည်။

ရန်ကိုင်က ဆက်၍ပြောလိုက်သည်။ “ဖုချီသေသွားတဲ့ကိစ္စကတော့ သူ့ကိုသတ်သွားတာက ဝူခွမ်းလေ… ကျုပ်နဲ့ ဘာမှမှမဆိုင်တာ… ပထမအကြီးအကဲလက်စားချေမယ်ဆိုရင် သူ့ကိုသွားရှာပေါ့… ဘာဖြစ်လို့ ကျုပ်ကို လာအပြစ်တင်နေတာလဲ… ဘာလဲ… နဂါးကလန်က ဝူခွမ်းကို ကြောက်နေတာလား… အဲ့ဒါကြောင့်ပဲ အားနည်းတဲ့ကျုပ်ကို အပြစ်တင်ဖို့ ရွေးချယ်လိုက်တာပေါ့…”

ကျုရန်မှာ အတန်ကြာအောင် တိတ်ဆိတ်နေပြီးသည့်နောက် ပြန်မေးလိုက်လေ၏။ “မင်းအမြင်ကိုပြောနေတာကို ဘာဖြစ်လို့ ငါတို့ကို လာပြီးတော့ လှောင်နေရတာလဲ…”

ရန်ကိုင်က ယုံကြည်ချက်အပြည့်ဖြင့် “အင်း… ကျုပ် အပြစ်ကင်းကြောင်းကို ဒီအတိုင်း ပြောပြရုံလေးပါပဲ…”

ကျုရန်က နှာခေါင်းရှုံ့လျက် “မင်းက တကယ်ကို လျှာစောင်းထက်တဲ့ကောင်ပဲကွ…”

ရန်ကိုင်က ပြုံး၍ “အဲ့ဒါက ကျုပ်ကျွမ်းကျင်တဲ့ အရာတစ်ခုပဲလေ…”

ကျုရန်က အော်ရယ်မောလျက် “မင်းပြောတာမှန်တယ်ဆိုပေမယ့် မင်းကြောင့် ငါတို့နစ်နာသွားခဲ့ရတာတော့ အမှန်တရားပဲလေ… ဖုချီသေသွားတဲ့ကိစ္စကို ထည့်မတွက်ရင်တောင် ငါတို့နဂါးသွေးပန်းတွေ ခိုးသွားတယ်ဆိုတဲ့ကိစ္စကိုတော့ ငြင်းလို့မရပါဘူး… ဟုတ်တယ်မလား…”

ရန်ကိုင်က အလေးအနက်အမူအယာဖြင့် “ပထမအကြီးအကဲ ဘာတွေပြောနေတာလဲ… ပထမအကြီးအကဲပြောတဲ့ပန်းတွေ တစ်ခါမှ မတွေ့ဖူးပါဘူး…”

ကျုရန်က ထအော်လေ၏။ “ဟေ့ကောင်… မင်း ငါ့ရှေ့မှာ လာပြီးတော့ မသိချင်ယောင် ဆောင်မနေတော့နဲ့… အလယ်အလတ်အဆင့်နဂါးသွေးပန်းလောက်ကို ယူသွားရင် ငါ မင်းကို မပြောသေးဘူး… ဒါပေမယ့် မင်းယူသွားတဲ့အထဲမှာ အဆင့်နိမ့်တွေပါ ပါသေးတယ်ကွ… အဲ့ဒါတွေက မင်းအတွက် အသုံးဝင်လို့လား… အခု နဂါးသွေးပန်းတွေက နည်းနည်းပဲကျန်တော့တယ်… နောက်နှစ်နှစ်ထောင်အတွင်းမှာ ငါတို့ ကိုယ့်ကိုယ်ကို တိုးတက်အောင် ဘယ်လိုဆက်လုပ်ရမှာလဲ… ဟမ်… အဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ရော မင်း ဘာပြောချင်သေးလဲ…”

ယခုတစ်ကြိမ်တွင်တော့ ရန်ကိုင် ဘာမျှ ပြန်မပြောနိုင်တော့ပေ။ သူ အမှန်တကယ်ကို အမှားလုပ်မိသွားခဲ့ခြင်း ဖြစ်ပေသည်။ ကျုချင်းမှာ သူ့မိန်းမဖြစ်နေပြီ ဖြစ်သည့်အတွက်ကြောင့် ဖုချီနှင့်မင်္ဂလာပွဲတွင် သူ့မိန်းမကိုသွားပြန်လုသည်မှာ ရန်ကိုင်ဘက်မှ မှန်ကန်သည်ဟု ပြော၍ရပါသော်ငြား နဂါးသွေးပန်းများကို ခိုးယူသွားသည့်လုပ်ရပ်မှာတော့ သူ့ဘက်မှ အမှားကျူးလွန်ခဲ့သည့်ဟူသော အချက်ကို ငြင်း၍မရပေ။ သို့ပါသော်ငြား ထိုစဉ်က ရန်ကိုင်မှာလည်း သူ့ခွန်အားကို အသည်းအသန် တိုးတက်အောင် လုပ်လိုသည့်အတွက်ကြောင့် ထိုနည်းလမ်းတစ်ခုကိုသာ ရွေးချယ်ခဲ့ရသည်။ ယခုမူ ထိုပြဿနာသည် နဂါးကျွန်းနှင့် သူ့အကြားရှိ ရန်ငြိုးရန်စကြားတွင် ပါဝင်ပတ်သက်လာခဲ့လေပြီ။

ထိုကိစ္စနှင့်ပတ်သက်၍ ရန်ကိုင်လုပ်နိုင်သည့်အရာ ဘာမှမရှိတော့သည့်အတွက်ကြောင့် ရန်ကိုင်မှာလည်း ပြန်၍သာ ပြောလိုက်ရသည်။ “ကဲ… အဲ့ဒါဆို ကျုပ် ဘယ်လိုအလျော်ပြန်ပေးရမလဲ… ချင်းအာကိုယ်စား ကျုပ် အလျော်ပြန်ပေးမယ်…”

ကျုရန်က ပြန်ပြောလိုက်သည်။ “မင်းကိုယ်မင်း အမှန်တရားဘက်တော်သားပုံစံမျိုးတွေ လုပ်ပြမနေနဲ့… အမှားလုပ်မိတယ်ဆိုမှတော့ မင်း အဲ့အမှားအတွက် ပြန်ပေးဆပ်ရမှာက သဘာဝပဲ…”

ရန်ကိုင်သည် ကျုရန်ကိုကြည့်၍ “ပထမအကြီးအကဲ… ကျုပ် အကောင်းပြောနေတာနော်… ပထမအကြီးအကဲ ကျုပ်ကို တမင်တကာ အကြပ်မတွေ့တွေ့အောင် လုပ်နေဦးမယ်ဆိုရင်တော့ ကျုပ်ကို မလေးစားလို့ဆိုပြီး မပြောတော့နဲ့…”

ကျုရန်မှာ ရယ်ရခက် ဒေါသထွက်ရခက် ပုံစံမျိုးဖြင့် ပြန်ပြောလိုက်လေ၏။ “မင်းလိုကောင်စုတ်လေးဆီက ငါက လေးစားခံရဖို့ လိုသေးလို့လား… လေးစားမှုဆိုတာ ရအောင်လုပ်ယူရတာကွ… သူများအလိုလိုပေးလာတဲ့ အရာမျိုး မဟုတ်ဘူး…”

ရန်ကိုင်က ခေါင်းညိတ်လိုက်သည်။ “ဟုတ်တယ်နော်…”

ကျုရန်က ဆက်ပြောလိုက်သည်။ “မင်း ငါတို့နဂါးသွေးပန်းတွေ ခိုးသွားလို့ နောက်နှစ်နှစ်ထောင်အတွင်း ငါတို့ရဲ့နဂါးသွေးကြောတွေကို ဘယ်လိုမှ တိုးတက်အောင် လုပ်လို့မရတော့ဘူး… ဒီတော့ မင်း အဲ့ပြဿနာကို ဖြေရှင်းပေးမယ်ဆိုရင် ငါတို့ရန်ငြိုးတွေကို ဘေးဖယ်ထားပေးမယ်…”

ရန်ငြိုးရန်စများကို ကြေအေးမည်ဟု ပြောမသွားခဲ့။ ရန်ကိုင်မှာ ဖုချီသေဆုံးသွားသည့်ကိစ္စနှင့် ပတ်သက်နေသည့်အတွက်ကြောင့် သူတို့ကြားရှိ ရန်ငြိုးရန်စမှာ တော်ရုံတန်ရုံ ကြေအေးပေးနိုင်မည့် ကိစ္စမျိုးမဟုတ်ပေ။

“ဒါဆိုရင် ပထမအကြီးအကဲက ကျုပ်ကို အဲ့ကိစ္စကို ဘယ်လိုဖြေရှင်းခိုင်းစေချင်တာလဲ… နဂါးသွေးပန်းတွေ ပြန်လိုချင်တာလား… ပြန်လိုချင်တယ်ဆိုရင် အဆင့်နိမ့်နဂါးသွေးပန်းတွေ ကျန်သေးတယ်… အလယ်အလတ်အဆင့်နဲ့ အဆင့်မြင့်အဆင့်တွေကတော့ ကျုပ်သုံးလို့ကုန်သွားပြီ…”

ထိုစကားကိုကြားသော် ကျုရန်၏နှုတ်ခမ်း မဲ့ရွဲ့သွားခဲ့လေသည်။ “မင်း အလယ်အလတ်အဆင့်နဲ့ အဆင့်မြင့်အဆင့်တွေကို အဲ့လောက်မြန်မြန် သုံးပစ်လိုက်တယ်ပေါ့…”

သူထင်နေသေးသည်မှာ ရန်ကိုင်တွင် အလယ်အလတ်အဆင့်နှင့် အဆင့်မြင့်နဂါးသွေးပန်းအချို့ ကျန်နေသေးလိမ့်မည်ဟူ၍ပင်။ သို့သော်ငြား ကြားလိုက်ရသည့်စကားမှာ သူ့အား အလွန်ကိုမှ စိတ်ပျက်သွားစေခဲ့လေသည်။

နဂါးကလန်သားများ နဂါးသွေးပန်းများအား စားသုံးမည်ဆိုလျှင်ပင် ထိုနဂါးသွေးပန်းများ၏ ဆေးအာနိသင်ကို ချေဖျက်ဖို့ရာ အတော်လေးကိုမှ အချိန်ယူရပေသေးသည်။ သို့သော်ငြား ရန်ကိုင်ကမူ သူခိုးယူသွားခဲ့သည့် အဆင့်မြင့်နဂါးသွေးပန်းအားလုံးကို တစ်ခဏလေးအတွင်း ကုန်စင်အောင် သုံးပစ်ခဲ့သည်။

ရန်ကိုင်က ခြောက်ကပ်ကပ်ဖြင့် ချောင်းဟန့်လျက် ပြန်ပြောလိုက်သည်။ “ဟုတ်တယ်…”

“ခွေးကောင်…” ကျုရန် ထအော်တော့လေသည်။ ယခုတစ်ကြိမ်တွင်တော့ အလွန်ကိုမှ ဒေါသူပုန်ထလာခဲ့လေရာ ရန်ကိုင်အား စိစိညက်ညက်ကြေအောင် ထုရိုက်ပစ်ချင်စိတ်များ သူ့စိတ်ထဲ တဖွားဖွား ထွက်ပေါ်လာရတော့သည်။ ကျုချင်းမှာတော့ အထိတ်ထိတ်အလန့်လန့်ဖြင့် ရန်ကိုင်ရှေ့မှ အလျင်စလို ကောက်ရပ်လိုက်ရလေ၏။

ကံကောင်းစွာဖြင့် ကျုရန်မှာ ဒေါသထွက်နေသည့်တိုင် စိတ်မလွတ်သွားခဲ့ပေ။ ဒေါသတကြီးဖြင့် ထအော်လိုက်ပြီးသည့်နောက် ရုတ်တရက် တစ်ခုခုအား စဉ်းစားမိသွားခဲ့ပြီး တည်ငြိမ်သွားခဲ့လေသည်။ ထို့နောက် ရန်ကိုင်အား သေသေချာချာ စိုက်ကြည့်လျက် “မင်းမှာ ငါတို့နဂါးကလန်က နဂါးမလေးတွေရဲ့ နဂါးသွေးကြောကို တိုးတက်အောင် လုပ်ပေးနိုင်မယ့် နည်းလမ်းတစ်ခုရှိတယ်ဆို…”

ကျုရန်မှ ထိုကဲ့သို့ ပြောပြီးသွားသည်နှင့်တစ်ပြိုင်နက် ကျုချင်း၏မျက်လုံးထဲ အေးစက်စက်အလင်းတစ်ချက် ဖြတ်ပြေးသွားခဲ့လေသည်။ ရန်ကိုင်ကမူ ဘာမျှပြန်မပြောခဲ့ဘဲ ငြိမ်ငြိမ်လေးသာ ရပ်နေလေ၏။

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၃၃၃၄)

ဘာသာပြန်သူ_တိမ်တိုက်

မိုးပြာသစ်ပင်ကျွန်းဆီသို့ မလာခင်ကတည်းက ရန်ကိုင်နှင့်ကျုချင်းမှာ ထိုအကြောင်းကို ဆွေးနွေးထားခဲ့ကြသည်။ ကျုချင်းမှာ နဂါးကလန်မှ အခြားသောအမျိုးသမီးများ ရန်ကိုင်နှင့် ပရောပရည် လာမလုပ်နိုင်စေရန်အတွက် ရန်ကိုင်အား သူ့မြင်ကွင်းမှ အပျောက်မခံရန် ကြိုပြောထားခဲ့လေသည်။

ရန်ကိုင်ကိုယ်တိုင်ကလည်း ထိုအမျိုးသမီးများလက်တွင်းသို့ လုံးဝ မကျရောက်စေရပါဟု ရင်ဘတ်ပုတ်၍ အာမခံခဲ့သည်။

သို့သော်ငြား ပထမအကြီးအကဲကျုရန်မှ ထိုအကြောင်းကို အစဖော်လာလိမ့်မည်ဟု ရန်ကိုင်မထင်ထားခဲ့ပေ။ ကျုချင်းနှင့်သာ ကြိုပြီးမပြောခဲ့လျှင် ပထမအကြီးအကဲကျုရန် ဘာကိုပြောချင်လို့ ပြောချင်နေမှန်း ရန်ကိုင် နားလည်လိမ့်မည်မဟုတ်။ သို့သော်ငြား ယခုအချိန်တွင်တော့ ပထမအကြီးအကဲ ဘာပြောချင်နေသလဲဆိုသည်ကို ရန်ကိုင်သဘောပေါက်နေခဲ့လေပြီ။

ရန်ကိုင်က မင်သက်နေသည့်အမူအယာဖြင့် “ပထမအကြီးအကဲ… ခင်ဗျား…”

ကျုရန်သည် ရယ်သွမ်းသွေးရင်းမှ ရန်ကိုင်အား ကျောက်ရိုင်းတုံးတစ်တုံးကို တွေ့လိုက်ရသည့်ပမာ သေသေချာချာကို စိုက်ကြည့်နေခဲ့လေရာ ရန်ကိုင်မှာ ကြက်သီးမွေးညင်း ထသွားရလေ၏။

ကျုရန်က ခေါင်းညိတ်၍ “ဒါကတော့ မင်းအတွက် တကယ်ကို ပွပေါက်ပဲ…”

(ဒီတော့ ဒါက သူ့ရဲ့ရည်ရွယ်ချက်ပေါ့…) ရန်ကိုင် ပြောစရာစကား ပျောက်ရှနေခဲ့သည်။ လက်ရှိအချိန်တွင် ရန်ကိုင်မှာ ပထမအကြီးအကဲကျုရန်၏ ခေါင်းကိုခွဲကာ ခေါင်းထဲ၌ ဘာတွေများ ရှိနေသလဲဆိုသည်ကို ကြည့်ချင်စိတ်များပင် ပေါက်လာရသည်။ ဖုလင် သူ့အား လာရောက်ဖျားယောင်းသွေးဆောင်နေသည်ကပင်လျှင် အတော်လေးကိုမှ ဆိုးရွားနေလေပြီဖြစ်လေရာ ယခု နဂါးကလန်၏ ပထမအကြီးအကဲသည်ပင်လျှင် သူ့အား လက်မထပ်ရသေးသော နဂါးမလေးများနှင့် ပေါင်းသင်းပေးရန် ကြိုးစားလာနေခဲ့သည်။

ကျုရန်သည် အလေးအနက်အမူအယာဖြင့် ကျုချင်းဘက်သို့ကြည့်၍ “ချင်းအာ… ဒီကိစ္စနဲ့ပတ်သက်ပြီး ငါ နင့်အတွက် သိပ်တော့စိတ်မကောင်းဘူး… ဒါပေမယ့် ငါလည်း နဂါးကလန်ရဲ့ အနာဂတ်ကို တွေးပြီးတော့ လုပ်နေရတာ… ဒီတော့ နင် ငါ့ကို နားလည်ပေးဖို့ မျှော်လင့်တယ်…”

ကျုချင်းက ခေါင်းကိုငုံ့၍ “ချင်းအာ နားလည်ပါတယ်… တကယ်ဆိုရင် ဒီကိစ္စမှာ ချင်းအာကို လာပြောနေစရာမလိုပါဘူး… နောက်ဆုံးဆုံးဖြတ်ရမယ့်အပိုင်းက သူ့အပိုင်းပါပဲ…”

ကျုရန်က ပြန်ပြောလိုက်သည်။ “နင်က မိန်းမကောင်းတစ်ယောက်ပဲ… နင်သာ အဆင်ပြေနေသရွေ့ သူက ဘာလို့ သဘောမတူရမှာလဲ… ဟမ့်… ယောက်ျားတွေများ…” ထိုသို့ပြောပြီးသည့်နောက် သူကိုယ်တိုင်ကမူ ယောက်ျားတစ်ဦးမဟုတ်သည့်အလား အထင်အမြင်တသေးဖြင့် နှာခေါင်းရှုံံ့လိုက်လေသည်။

ရန်ကိုင်က ချက်ချင်းပြန်ပြောလေ၏။ “ကျုပ်ပြောဦးမယ်…”

ကျုရန်သည် ရန်ကိုင်ကိုကြည့်၍ “ဟမ်… မင်းက ဘာပြောချင်လို့လဲ…”

ရန်ကိုင်သည် နဖူးထက်မှ ချွေးအေးများကို လက်ဖြင့်သုတ်ရင်းမှ “ဒီကိစ္စမှာ ကျုပ်အထင်အမြင်က အရေးပါတယ်မဟုတ်ဘူးလား…”

ကျုရန်က ပြုံး၍ “လိုရင်းကိုသာပြော…”

ရန်ကိုင်က မှုန်ကုပ်ကုပ်အမူအယာဖြင့် “ကျုပ် မိန်းမချောတွေကို မကြိုက်တာတော့ မဟုတ်ဘူး… ဒါပေမယ့် ကျုပ်မှာလည်း သတ်မှတ်ထားတဲ့ စည်းနဲ့ဘောင်ဆိုတာ ရှိသေးတယ်… ပထမဦးဆုံး နဂါးကလန်ကအမျိုးသမီးတွေနဲ့ ကျုပ်နဲ့ ရင်းနှီးတာမဟုတ်ဘူး… ပြီးတော့ ကျုပ် သူတို့နဲ့ ရင်းနှီးမယ်ဆိုရင်တောင် အချစ်ဆိုတာ တစ်ယောက်နဲ့တစ်ယောက် ချစ်မှရတာ… အတင်းတွန်းအားပေးလို့ရတဲ့အရာမျိုး မဟုတ်ဘူး… ချင်းအာနဲ့ကျုပ်က သေရေးရှင်ရေးအခြေအနေတွေကို ကြုံတွေ့ပြီးတော့ အခုလိုမျိုး တစ်ယောက်နဲ့တစ်ယောက် ချစ်မြတ်နိုးကြတာ… ဒါပေမယ့် နဂါးကလန်က အခြားအမျိုးသမီးတွေက အဲ့လိုမျိုးမှမဟုတ်တာ… ဘာလဲ… စီနီယာက ကျုပ်ကို သားဖောက်ပေးမဲ့ တိရစ္ဆာန်တစ်ကောင်လို သဘောထားနေတာလား…”

“ဒီတော့ မင်း မလုပ်ချင်ဘူးပေါ့…” ကျုရန်သည် ရန်ကိုင်ကို အထိတ်တလန့်ဖြင့် ကြည့်လိုက်သည်။

ရန်ကိုင်က ပြန်၍ပြောလိုက်လေသည်။ “ကျုပ်နေရာမှာဆိုရင် ပထမအကြီးအကဲရော အဲ့လိုလုပ်ချင်မှာမို့လို့လား…”

ကျုရန်က တွေးတွေးဆဆဖြင့် ပြန်ပြောလိုက်လေ၏။ “ငါသာဆိုရင်တော့ အဲ့လိုကမ်းလှမ်းချက်မျိုးကို ငြင်းဆန်ဖို့ခက်မှာ…”

ရှင်းရှင်းပြောရသော် ဤလောကကြီးထဲရှိ မည်သူမဆို ဤကဲ့သို့သော ကမ်းလှမ်းချက်မျိုးကို ငြင်းဆန်ဖို့ရာ ခက်လှပေလိမ့်မည်။

“ပြီးတော့ ကျုပ်နဲ့ချင်းအာနဲ့ အတူတူရှိနေတာကို ပထမအကြီးအကဲတို့နဂါးကလန်သားတွေပဲ ကြည့်မရဖြစ်နေတာမဟုတ်ဘူးလား… အဲ့ဒါကို ဘယ်လိုလုပ်ပြီးတော့ နဂါးကလန်က အခြားနဂါးမတွေနဲ့ပါ ကျုပ်ကို ထပ်လာပြီး ပေးစားနေရတာလဲ…”

ကျုရန်က ပြန်ပြောလိုက်လေသည်။ “မင်းသာ သူတို့ရဲ့သွေးမျိုးဆက်ကို မြန်မြန်ဆန်ဆန်လေး မြှင့်တင်ပေးနိုင်မယ်ဆိုရင် ငါ သူတို့အကုန်လုံးကို မင်းဆီ လက်ထပ်ပေးလိုက်လို့တောင်ရတယ်…”

ထိုစကားကိုကြားသော် ရန်ကိုင် မင်သက်သွားတော့လေသည်။ ဤလူအိုကြီးမှာတော့ တကယ်ကို စိတ်ပိုင်းဖြတ်ထားလေ၏။ သူ့ဘေးနားပတ်လည်၌ နဂါးမလေးများ ဝန်းရံနေမည့်အကြောင်း စဉ်းစားလိုက်ရုံဖြင့် ရန်ကိုင်၏သွေးများ ဆူပွက်လာခဲ့ရသည်။ သို့သော်ငြား သူသာ တကယ်ကြီး စကားပြောလိုက်မည်ဆိုပါက နဂါးကျွန်းပေါ်ရှိ နဂါးထီးအားလုံး၏ ဘုံရန်သူ ဖြစ်လာရပေလိမ့်မည်။ ကျုလဲ့သည်ပင် သူ့အား ကျေနပ်လိမ့်မည်မဟုတ်။

နဂါးကလန်၏ အထီးနှင့်အမ အရေအတွက်မှာ အချိုးမျှသည်မဟုတ်။ ထို့အတွက်ကြောင့် လက်မထပ်ရသေးသော နဂါးမအားလုံးသည်သာ ရန်ကိုင်ဆီသို့ ရောက်လာမည်ဆိုလျှင် နဂါးကျွန်းပေါ်ရှိ အခြားသောနဂါးထီးများအတွက် အလွန်ကိုမှ ရှက်စရာကောင်းသွားပေလိမ့်မည်။

“စီနီယာ… အဲ့ကိစ္စကို လုံးဝ ထပ်ပြောမနေတော့နဲ့… ကျုပ် လုံးဝ သဘောတူမှာမဟုတ်ဘူး…” ရန်ကိုင်က လက်ဝှေ့ယမ်း၍ ယတိပြတ်ငြင်းဆိုလိုက်သည်။ တစ်ချိန်တည်းတွင်လည်း ကျုချင်းအား မသိမသာလေး လှမ်း၍ကြည့်လိုက်လေ၏။ ကျုချင်း၏မျက်နှာလေး ဝင်းပနေသည်ကို မြင်သည့်အခါမှသာ ရန်ကိုင်စိတ်အေးနိုင်တော့သည်။

“အဲ့လောက်ကြီးလည်း မြန်မြန်ဆန်ဆန်လည်း ငြင်းမနေပါနဲ့ဦးဟ… သေချာလေး ပြန်စဉ်းစားကြည့်ပါဦး… မင်းအတွက် လက်ခံလိုက်လို့လည်း အကျိုးမရှိတာမှမဟုတ်တာ…” ကျုရန်က လက်ဝှေ့ယမ်းပြလိုက်သည်။

ရန်ကိုင်မှာ ထိုအကြောင်းကို ဆက်မပြောချင်တော့သည့်အတွက်ကြောင့် လက်သီးဆုပ်၍သာ ပြောလိုက်သည်။ “ကျုပ် နဂါးကျွန်းဆီကနေပြီးတော့ လိုအပ်တာလေးတွေ တောင်းဆိုစရာလေးရှိလို့ ဒီကိုလာခဲ့တာ…”

ကျုရန်ကပြုံး၍ “ငါတို့ကြားက ရန်ငြိုးရန်စတွေက ကြေအေးသေးတာမဟုတ်ဘူး… အဲ့ဒါကိုတောင် မင်းက ငါတို့ဆီက လာပြီးတော့ အကူအညီတောင်းချင်သေးတယ် ဟုတ်လား… မင်းစိတ်လွတ်သွားတာလား… ဒါမှမဟုတ် ဘာလဲ… ငါကပဲရူးနေတာလား…”

ရန်ကိုင်က ပြန်ပြောလိုက်သည်။ “ပထမအကြီးအကဲ သဘောတူတူမတူတူ ဒီဂျူနီယာမှာ နဂါးအမြုတေ ရှိနေတယ်ဆိုတဲ့အချက်ကို ငြင်းလို့မရဘူး…”

ကျုရန် နှာခေါင်းရှုံ့လိုက်လေ၏။ ရန်ကိုင်တွင် နဂါးအမြုတေ ရှိနေသည့်အတွက်ကြောင့်သာမဟုတ်ပါက ယခုကဲ့သို့ ရန်ကိုင်နှင့် အချိန်အတန်ကြာအောင် စကားပြောနေမည့်အစား ရန်ကိုင်အား တစ်ခါတည်း ရိုက်သတ်ပစ်လိုက်ပေပြီ။ သို့ပါသော်ငြား ရန်ကိုင်ပိုင်ဆိုင်ထားသည်မှာ ဘိုးဘေးနဂါးအမြုတေဖြစ်လေရာ နဂါးကလန်အတွက် အလွန်ကိုမှ အရေးကြီးလှပေသည်။

ရန်ကိုင်က ဆက်၍ပြောလိုက်လေ၏။ “အဲ့ဒါကြောင့် ကျုပ်က နဂါးကလန်ရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်နေပြီလို့ ပြောလို့ရတယ်… ဒီတော့ ကျုပ် နဂါးကလန်ဆီကနေ အကူအညီနည်းနည်းပါးပါးတောင်းတာ ဘာမှလွန်ကျူးမနေဘူးလေ…”

“အဲ့ဒါကတော့ မင်း ဘယ်လိုအကူအညီမျိုး တောင်းမလဲ ဆိုတဲ့အပေါ်မှာပဲ မူတည်မှာပေါ့…” ကျုရန်က နှာခေါင်းရှုံ့လိုက်သည်။

ရန်ကိုင်က ပြန်ပြောလိုက်သည်။ “ကျုပ်တောင်းဆိုတာက ဘာမှအကြီးကြီးမဟုတ်ပါဘူး… ပထမဦးဆုံး ချင်းအာကို ကျုပ်ဘေးနားနေခိုင်းပြီးတော့ ကျုပ်နဲ့အတူ နဂါးကျွန်းကနေ ထွက်သွားခွင့်ပေးရမယ်… အဲ့ဒါမှပဲ သူ ဒီမှာ ဆက်ပြီးတော့ အကျဉ်းကျမနေတော့မှာ…”

ကျုရန်၏အမူအယာမှာ ပြောင်းလဲသွားခဲ့ခြင်းမရှိ။ “အခြားတောင်းဆိုချင်တာရှိသေးလား…”

“ဒီဂျူနီယာ နဂါးကျောင်းတော်ဆီ သွားချင်သေးတယ်…” တစ်ခဏမျှတိတ်နေပြီးသည့်နောက် ရန်ကိုင်က ပြောလိုက်သည်။ “အရင်တစ်ခေါက်သွားတုန်းက အလျင်လိုနေလို့ ဘာမှ သေချာမကြည့်လိုက်ရဘူး… အဲ့တုန်းက နဂါးဝိဉာဉ်တွေကို ခေါ်ထုတ်လိုက်နိုင်ပေမယ့် ဘာမှလည်း သေချာမလေ့လာလိုက်ရဘူး… ဒီတော့ နဂါးကျောင်းတော်ဆီ နောက်တစ်ကြိမ်သွားပြီးတော့ နဂါးကလန်ရဲ့ ပညာရပ်တွေကို သေသေချာချာ ထပ်လေ့လာကြည့်ချင်တယ်…”

ကျုရန်မှာ တစ်ခဏမျှတိတ်နေပြီးသည့်နောက် ပြန်မေးလိုက်လေ၏။ “မင်း အဲ့နှစ်ခုကိုပဲ တောင်းဆိုချင်တာလား…”

“ဟုတ်တယ်…”

“ကိစ္စမရှိဘူး… ငါသဘောတူတယ်…”

ရန်ကိုင် ကြောင်သွားခဲ့လေသည်။ ထို့နောက် ဝမ်းသာအားရဖြင့် “ကျေးဇူးအများကြီးတင်ပါတယ် ပထမအကြီးအကဲ…”

သို့ပါသော်ငြား ကျုရန်က ပြုံး၍ ဆက်ပြောလိုက်သည်။ “ငါကတော့ အဆင်ပြေတယ်… ဒါပေမယ့် ဒုတိယအကြီးအကဲကတော့ အဆင်ပြေမလားတော့ ငါမပြောတတ်ဘူး… မင်း သူသဘောတူအောင် လုပ်နိုင်မယ်ဆိုရင်တော့ ငါ ဘာမှကန့်ကွက်မနေတော့ဘူး…”

ရန်ကိုင်၏မျက်နှာကြီး မဲ့သွားခဲ့လေ၏။ “ပထမအကြီးအကဲ… ခင်ဗျားက ပထမအကြီးအကဲလေ… ဒီတော့ နောက်ဆုံးပြောခွင့်ဆိုခွင့်ရှိတဲ့သူက ခင်ဗျားမဟုတ်ဘူးလား…”

ကျုရန်က မျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်လျက် “ပြင်ပရေးရာကိစ္စတွေနဲ့ ပတ်သက်လာလို့ရှိရင်တော့ ငါ့မှာ နောက်ဆုံးပြောပိုင်ခွင့်ရှိတာပေါ့… ဒါပေမယ့် နဂါးကလန်ရဲ့ အတွင်းရေးကိစ္စတွေကို ဒုတိယအကြီးအကဲကပဲ စီမံနေတာ… ဒီတော့ မင်းတောင်းဆိုချင်တယ်ဆိုရင်တော့ သူ့ဆီကိုပဲ သွားပြောလိုက်…”

ထိုသို့ပြောပြီးသည်နှင့်တစ်ပြိုင်နက် သစ်သားအိမ်လေးထဲသို့ ချက်ချင်းလှည့်ဝင်သွားလေသည်။

ပထမအကြီးအကဲကိုကြည့်ရင်း ရန်ကိုင်သည် အံကိုကြိတ်၍ တစ်ခုခုအား ရေရွတ်လိုက်လေ၏။

ချက်ချင်းဆိုသလို ကျုရန်၏ခြေလှမ်းတို့ ရပ်တန့်သွားခဲ့ပြီး ရန်ကိုင်ဘက်သို့ ပြန်လှည့်ကြည့်လာလျက် မှုန်ကုပ်ကုပ်အမူအယာဖြင့် “ကောင်စုတ်လေး… မင်း ဘာပြောလိုက်တာလဲ… မင်း ထပ်ပြောရဲရင် ပြောလိုက်စမ်း…”

ကျုချင်းက ပျာယာခတ်နေသည့်အမူအယာဖြင့် “ပထမအကြီးအကဲ… သူဘာမှမပြောလိုက်ပါဘူး… ပထမအကြီးအကဲ နားကြားမှားတာနေမယ်… ကျွန်မတို့ အခုချက်ချင်း သွားပါတော့မယ်…”

ထိုသို့ပြောပြီးသည့်နှင့်တစ်ပြိုင်နက် ရန်ကိုင်၏လက်မောင်းကိုကိုင်ကာ ချက်ချင်း ပျံထွက်သွားတော့လေသည်။

ရန်ကိုင်ကမူ မကျေနပ်သေးဘဲ အသံအကျယ်ကြီး အော်ပြောလိုက်လေ၏။ “နဂါးကလန်ရဲ့ ပထမအကြီးအကဲတဲ့… မိန်းမကိုများ ကြောက်နေလိုက်တာ…” ရန်ကိုင်၏အသံမှာ အတော်လေးကိုမှ ကျယ်လှလေရာ သစ်ရွက်များပင် ကြွေကျလာခဲ့လေ၏။

“ခွေးကောင်လေး… မင်း ချက်ချင်းပြန်လာခဲ့စမ်း…” ဒေါမာန်တကြီးဖြစ်နေသည့် ကျုရန်ကမူ အင်္ကျီလက်ကိုလိပ်တင်၍ ရန်ကိုင်အား ဆော်ပလော်တီးတော့မည့်ပုံစံမျိုးဖြင့် ဖင်တကြွကြွ ဖြစ်သွားခဲ့လေသည်။ တစ်ခဏမျှ အော်ဆဲနေပြီးသည့်နောက်တွင် ကျုရန်သည် လက်နောက်ပစ်၍ ပြန်၍အော်ပြောလိုက်လေ၏။ “ရယ်ဖို့ကောင်းလိုက်တာ… ဒီလူအိုကြီးက ဘာလို့ သူ့ကိုကြောက်ရမှာလဲ… သွေးနားထင်ရောက်နေတဲ့ မိန်းမတစ်ယောက်ပဲ… ငါ သူနဲ့ မငြင်းခုန်ချင်လို့သာ… ဟမ့်…”

ထိုသို့ပြောပြီးသည့်နောက် ဘေးပတ်ဝန်းကျင်ကို ကျီးကန်းတောင်းမှောက် လှည့်ပတ်ကြည့်လိုက်သည်။ အနီးအနား၌ မည်သူမျှ ရှိမနေကြောင်း အတည်ပြုပြီးသွားသည့်နောက် ကြက်တိုက်ပွဲအား အနိုင်ရလိုက်သည့် ကြက်ထီးတစ်ကောင်ပမာ ခေါင်းကိုမော့ ရင်ကိုကော့၍ အိမ်ထဲသို့ ဝင်သွားလေ၏။

ကောင်းကင်ထက်တွင်ရှိနေသော ကျုချင်းကမူ ရန်ကိုင်၏နားရွက်ကို ဆွဲဆိတ်ရင်းမှ အော်ပြောလိုက်လေ၏။ “နင် ဘာဖြစ်လို့ ပထမအကြီးအကဲကို ဒေါသထွက်အောင် သွားလုပ်တာလဲ… သူက စိတ်သဘောထားကောင်းတဲ့လူတစ်ယောက်ပဲဟာကို…”

ရန်ကိုင်က ပြုံး၍ “ငါ့နားကို မဆိတ်တော့နဲ့… နင် ဆက်ပြီးတော့ ဆိတ်နေလို့ရှိရင် ငါ့နားရွက် ပြတ်ထွက်တော့မယ်… ငါ ဒီတိုင်းပဲ ပြောလိုက်တာ…”

ထိုသို့ပြောပြီးသည့်နောက် ရန်ကိုင်သည် ကျုချင်း၏လက်ကို လှမ်းဆွဲ၍ သူမလက်ကို ဖယ်လိုက်လေ၏။

ဒေါသထွက်နေသည့်ကျုချင်းကမူ လက်မလျှော့သေးဘဲ ပြန်ပြောလေ၏။ “ပြီးတော့ မိန်းမကိုကြောက်တာ ရှက်စရာ ဟုတ်လား…”

ရန်ကိုင်ကပြုံး၍ “ယောက်ျားတစ်ယောက်ဆိုတာ ကိုယ့်မိန်းမကို မကြောက်သင့်ဘူ… တကယ့်ယောက်ျားမှန်ရင် တကယ်ကို မကြောက်သင့်တာ…”

“အို… တကယ်လား…” ကျုချင်းသည် ရန်ကိုင်အား စူးရဲစွာ စိုက်ကြည့်လိုက်လေ၏။

“ကြောက်ရမယ့်အစား ယောက်ျားတွေက မိန်းမအပေါ် သည်းခံတာ… အဲ့ဒါက သူတို့မိန်းမကို ဘယ်လောက်ချစ်လဲဆိုတာကို ပြနေတာပဲ…”

ကျုချင်းအား မည်ကဲ့သို့ ပျော်အောင်ထားရမလဲဆိုသည်ကို ရန်ကိုင် ကောင်းကောင်းသိပေသည်။

ထိုစကားကိုကြားသည့်အခါမှသာလျှင် ကျုချင်း၏အမူအယာ ပြောင်းလဲသွားတော့သည်။ ရန်ကိုင်၏နားသီးလေးများ နီရဲနေသည်ကိုမြင်သည့်အခါ သူမ၏မျက်နှာထက်ရှိ ဒေါသရိပ်တို့ ပျောက်ကွယ်သွားခဲ့ပြီး ချက်ချင်းပဲ လက်ကို လွှတ်ပေးလိုက်လေ၏။ သို့သော်ငြား ချက်ချင်းပဲ အထိတ်ထိတ်အလန့်လန့်အမူအယာဖြင့် ရန်ကိုင်အား သတိပေးလိုက်လေသည်။ “ပထမအကြီးအကဲကတော့ သဘောတူပြီးသွားပြီ… အခု ဒုတိယအကြီးအကဲကို သွားတွေ့ရမယ်… အဲ့အချိန်ကျရင်တော့ နင့်ကိုနင် သေသေချာချာထိန်းနော်… ဒုတိယအကြီးအကဲကိုသာ သဘောတူအောင်လုပ်နိုင်လို့ရှိရင် နင် နောက်ပိုင်း နဂါးကျွန်းကို လာဖို့လည်း အဆင်ပြေသွားပြီ… ငါလည်း အပြင်ထွက်ပြီးတော့ နင်နဲ့တွေ့ချင်တယ်ဆိုရင်လည်း ကိစ္စမရှိတော့ဘူး…”

“ငါသိတယ် ငါသိတယ်… သူဘာပြောပြော ငါ သူ ချီးပေါက်နေတယ်လို့ပဲ သဘောထားပြီးတော့ နေပေးလိုက်မယ်…”

ကျုချင်းမှာ ရယ်ရခက် ငိုရခက်အမူအယာဖြင့် သတိပေးလိုက်လေ၏။ “နင်အခုပြောလိုက်တာကို သူမကြားဖို့သာဆုတောင်း…”

ပေါ်သို့ ဆင်းလိုက်ပြီးသည့်နောက်တွင် ထိုနေရာ၌ ရေခဲတုံးဖြင့်ဖန်တီးထားသော စင်မြင့်ကြီးတစ်ခု ရှိနေသည်ကို တွေ့လိုက်ရ၏။ ဖုကျွင်းမှာ စင်မြင့်ပေါ်၌ တင်ပလင်ခွေထိုင်နေခဲ့သည်။

ရန်ကိုင်နှင့်ကျုချင်းမှာ ဖုကျွင်းနှင့် မီတာသုံးရာခန့်အကွာရှိ တစ်နေရာ၌ ဆင်းလိုက်ကြသည်။

ကျုချင်းက ဦးညွှတ်၍ နှုတ်ဆက်လိုက်လေ၏။ “ဒုတိယအကြီးအကဲ… ချင်းအာရဲ့ယောက်ျား ရန်ကိုင်ကိုခေါ်လာပြီး ဒုတိယအကြီးအကဲကို လာနှုတ်ဆက်ပါတယ်…”

ကျုချင်းမှ သူ့အား ယောကျ်ားဟုခေါ်လိုက်သည့်အတွက်ကြောင့် ရန်ကိုင်မှာ အနည်းငယ်ငေးကြောင်ကြောင် ဖြစ်သွားခဲ့သည်။ ကျုချင်းမှ သူ့အား တံတောင်ဖြင့် တွတ်နေသည့်အခါမှသာလျှင် ရန်ကိုင်လည်း အလျင်စလို လက်သီးဆုပ်၍ နှုတ်ဆက်လိုက်လေ၏။ “မင်္ဂလာပါ ဒုတိယအကြီးအကဲ…”

ဖုကျွင်းမှာ မျက်လုံးပွင့်လာခဲ့သည်။ သူမမျက်လုံးထဲရှိ အေးစက်စက်အကြည့်မှာ လူတစ်ဦး၏ဝိဉာဉ်ကိုပင်လျှင် အေးခဲသွားစေနိုင်သယောင်ယောင်။ ရန်ကိုင်ကိုမူ လုံးဝကြည့်မနေခဲ့ဘဲ ကျုချင်းကိုကြည့်၍သာ အော်ပြောလိုက်သည်။ “ခွင့်ပြုချက်မရဘဲနဲ့ နင့်ကို နင့်နေရာကနေထွက်လာဖို့ ဘယ်သူကပြောလိုက်တာလဲ… အခုချက်ချင်းပြန်သွားစမ်း…”

ထိုစကားကိုကြားသော် ရန်ကိုင်၏နဖူးထက်ရှိ သွေးကြောကြီးများ ထောင်တက်လာခဲ့ပြီး သူ့ရင်ထဲ ဒေါသအလိပ်လိပ် ထွက်လာလေ၏။ (ဒီမိန်းမ ဘာပြောချင်နေတာလဲ… ချင်းအာက အဝေးကြီးကနေလာပြီးတော့ သူ့ကို အခုလိုမျိုး တလေးတစားနဲ့ လာနှုတ်ဆက်နေတာကို လာပြီးတော့ ထွက်သွားလေး ဘာလေးနဲ့ မောက်မာပြနေတာ ဟုတ်လား…)

ရန်ကိုင် မကျေမနပ်ဖြစ်နေသည်ကိုမြင်သော် ကျုချင်းက အလျင်စလိုပြောလိုက်လေသည်။ “ကျွန်မယောက်ျားနဲ့ကျွန်မ ဒုတိယအကြီးအကဲဆီကနေ တောင်းဆိုစရာလေးရှိလို့ပါ…”

“ယောက်ျား…” ဖုကျွင်းက လှောင်ပြုံးပြုံးလျက် “နင် ဘယ်သူ့ကိုမှ လက်ထပ်ဖူးတာမှမဟုတ်တာ… နင့်မှာ ဘယ်လိုလုပ်ပြီး ယောက်ျားရှိနေရတာလဲ… နင့်မှာ ယောက်ျားရှိမယ့်ရှိ လမ်းဘေးကသူတောင်းစားတွေထက် သေသွားတဲ့ဖုချီပဲရှိမှာ…”

ကျုချင်းက ပြန်၍ပြောလိုက်လေ၏။ “ကျွန်မယောက်ျား ကျွန်မဘေးမှာရှိနေပါတယ်… ဒုတိယအကြီးအကဲ ဘာလို့ သူ့ကို မသိချင်ယောင်ဆောင်နေတာလဲ…”

ဖုကျွင်းက မျက်လုံးပိတ်လျက် “ငါ နင်ပြောနေတဲ့ ဘယ်ယောက်ျားကိုမှ မတွေ့ဘူး… သူ ဒီမှာရှိနေတယ်ဆိုရင်တောင် ဒီဘုရင်မ သူ့ကို အသိအမှတ်ပြုမှာမဟုတ်ဘူး…”

ကျုချင်းက သက်ပြင်းချလျက် “ဒုတိယအကြီးအကဲ အသိအမှတ်ပြုပြုမပြုပြု သူက ကျွန်မယောက်ျားဆိုတာ ငြင်းလို့မရဘူး… ကျွန်မ အခြားဘယ်သူ့ကိုမှလည်း လက်ထပ်မှာမဟုတ်ဘူး…”

“အဲ့လိုဆိုရင် ဘာမှအပိုတွေပြောမနေတော့နဲ့… ပြန်ထွက်သွားလိုက်ပေတော့… နင် သေချာစဉ်းစားပြီးသွားပြီဆိုမှ ငါ့ဆီပြန်လာခဲ့…”

“ဟေး… စုန်းမအိုကြီး…” ရန်ကိုင်မှာ မနေနိုင်တော့သည့်အဆုံး ထအော်တော့လေသည်။ ဤနေရာသို့မလာခင်က ဖုကျွင်းနှင့်ပတ်သက်၍ အတတ်နိုင်ဆုံးသည်းခံရန် သူ့ကိုယ်သူ အကြိမ်ကြိမ်သတိပေးခဲ့သည်။ သို့ပါသော်ငြား ဖုကျွင်း၏လုပ်ပုံကိုမြင်သော် ရန်ကိုင်မှာလည်း သူ့ဒေါသအား မထိန်းနိုင်တော့ဘဲ ထအော်မိတော့လေ၏။

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၃၃၃၅)

ဘာသာပြန်သူ_တိမ်တိုက်

ရန်ကိုင်မှာ ထိုမြင်ကွင်းကို ရပ်မကြည့်နိုင်တော့သည့်အဆုံးတွင် ရှေ့တက်၍ ဖုကျွင်းအား လက်ညှိုးငေါက်‌ငေါက်ထိုးရင်းမှ အော်ပြောလိုက်လေ၏။ "နဂါးကလန်ရဲ့ ဒုတိယအကြီးအကဲဖြစ်တာနဲ့ ခင်ဗျားလုပ်ချင်တိုင်း လုပ်လို့ရပြီလို့များ မှတ်နေတာလား၊ ချင်းအာက နဂါးကလန်သားတစ်ယောက်ဆိုပေမဲ့ သူ့ဘဝနဲ့သူပဲ၊ ခင်ဗျားမှာ သူ့ကိစ္စတွေ ဝင်စွက်ဖက်ဖို့ ဘာအခွင့်အရေးမှ မရှိဘူး၊ ပြီးတော့ ကျုပ်က သူ့ရဲ့ယောက်ျား၊ ခင်ဗျားလို စုန်းမအိုကြီးတစ်ယောက်က လာပြီး ငြင်းနေရမဲ့ ယောက်ျားမျိုး မဟုတ်ဘူး၊ ကျုပ် ဒီနေ့ ဒီကိုလာခဲ့တာ ခင်ဗျားကို လေးစားမှုပြချင်လို့ပဲ၊ ဒါပေမဲ့ ခင်ဗျားက ကျုပ်တို့ကို နည်းနည်းလေးမှတောင် မလေးစားနေမှတော့ ကျုပ်တို့လည်း ခင်ဗျားကို ဘာမှ လေးစားနေစရာ မလိုတော့ဘူး၊ ကျုပ်တို့ရဲ့ ဆက်ဆံရေးကိုလည်း ခင်ဗျား လာပြီး အသိအမှတ်ပြုပေးနေစရာ မလိုဘူး"

ထိုစကားကို ကြားလိုက်သော် ယနေ့ကိစ္စမှာ လုံးဝကို သွားတော့မည်မှန်း ကျုချင်း သိလိုက်လေသည်။ ထိုအတွက်ကြောင့် သက်ပြင်းသာ ချလိုက်လေ၏။

သူမ ထင်ထားသည့်အတိုင်းပင် ရန်ကိုင်၏ စကားကို ကြားပြီးသည့်နောက် ဖုကျွင်းမှာ ဒေါသူပုန်ထလာခဲ့ပြီး သူမ၏ မျက်လုံးများမှာလည်း ယခင်ကထက် ပို၍ အေးစက်လာခဲ့လေသည်။ ရန်ကိုင်အား မျက်လုံးမှေးစင်းကာ စိုက်ကြည့်လိုက်ရင်းမှ အော်မေးလိုက်လေ၏။ "ကောင်စုတ်လေး၊ နင်ဒီဘုရင်မကို ဘယ်လိုခေါ်လိုက်တာလဲ"

"စုန်းမအိုကြီး၊ စုန်းမအိုကြီး၊ စုန်းမအိုကြီး၊ စုန်းမအိုကြီး" ရန်ကိုင်မှာ စုန်းမအိုကြီးဟူသော စကားလုံးကို ထပ်တလဲလဲ အော်ခေါ်ရင်းမှ ဖုကျွင်းအား ရန်စလိုက်လေ၏။ "ဘာလဲ၊ ခင်ဗျား ပျော်သွားပြီလား၊ ခင်ဗျား ခေါ်စေချင်ရင် ဆက်ပြီးတော့ ခေါ်ပေးလို့ရသေးတယ်နော်"

ဖုကျွင်းသည် ဖြည်းဖြည်းချင်း ထရပ်ရင်းမှ ရေခဲတမျှ အေးစက်သည့် လေသံဖြင့်... "နင်ဒီနေ့ကို ကျော်ပြီးတော့ အသက်ရှင်နိုင်ခဲ့မယ်ဆိုရင် လျှာရိုးမရှိတိုင်း လျှောက်ပြောတာ ဘယ်လောက်တောင် ပြဿနာများလဲဆိုတာ နင်သိသွားစေရမယ်"

ရန်ကိုင်က ပြုံးဖြီးလျက်... "ဘာလဲ၊ တိုက်ခိုက်ချင်တာလား၊ လာလေ၊ ဒီနေ့ နောက်ဆုံး ဘယ်သူရပ်နေနိုင်မလဲ ကြည့်ရသေးတာပေါ့"

ရန်ကိုင်မှ ထိုကဲ့သို့ပြောပြီးသွားသည်နှင့် တစ်ပြိုင်နက် ကျယ်လောင်သည့် နဂါးဟိန်းသံတစ်သံ ထွက်ပေါ်လာခဲ့ပြီး ရွှေနဂါးပုံရိပ် ရန်ကိုင်၏ ကျောဘက်တွင် ထွက်ပေါ်လာခဲ့သည်။ ထို့နောက်တွင် ပတ်ဝန်းကျင်တစ်ခုလုံး နဂါးဖိအားတို့ဖြင့် ပြည့်နှက်သွားခဲ့လေ၏။ တစ်ချိန်တည်းတွင် အဝေးတစ်နေရာရှိ နဂါးကျောင်းဆောင်ဆီမှ တဝီဝီမြည်သံများ ထွက်ပေါ်လာခဲ့ပြီး နဂါးဟိန်းသံများစွာဟာလည်း တစ်ပြိုင်တည်း ထွက်ပေါ်လာခဲ့ကြသည်။

နဂါးကျွန်းတစ်ခုလုံးမှာလည်း စတင်၍ လှုပ်ခါလာသယောင် ထင်ရလေ၏။ နဂါးနန်းတော်ထဲတွင် ရှိနေကြသော မည်သည့်နဂါးမဆို ထိတ်လန့်တုန်လှုပ်နေသည့် အမူအရာများဖြင့် နဂါးကျောင်းတော် ရှိရာဆီသို့ လှမ်း၍ ကြည့်လိုက်ကြလေ၏။

ရန်ကိုင်မှာလည်း ထိုအဖြစ်အပျက်ကြောင့် အံ့အားသင့်နေမိသည်။ ရွှေနဂါးအမြုတေကို ဤနေရာ၌ အသက်သွင်းလိုက်ခြင်းအားဖြင့် နဂါးကျောင်းတော်သည်ပါ တုံ့ပြန်လာလိမ့်မည်ဟု မထင်ထားခဲ့ပေ။ ထိုအတွက်ကြောင့် ရန်ကိုင်မှာ ပို၍ ယုံကြည်ချက်ရှိသွားခဲ့ပြီး ဆက်၍ ပြောလိုက်လေ၏။ "ကြည့်ရတာ နဂါးကလန်ရဲ့ ဘိုးဘေးတွေက ကျုပ်ကို အားပေးနေတယ်နဲ့တူတယ်"

ထိုသို့သာ ပြောနေလင့်ကစား ရန်ကိုင် စိတ်ထဲတွင်မူ အတော်လေးကိုမှ သတိထားနေခဲ့လေသည်။ တစ်ခုလောက် သတိထားမိလိုက်သည်နှင့် တစ်ပြိုင်နက် ချက်ချင်းဆိုသလို လှုပ်ရှားရန်လည်း ပြင်ဆင်ထားခဲ့သည်။ တစ်ဖက်ရန်သူသည် မဟာဧကရာဇ်တစ်ပါးနှင့်ပင် ယှဉ်ပြိုင်တိုက်ခိုက်နိုင်သော နဂါးကလန်၏ ဒုတိယအကြီးအကဲဖြစ်သည့်အတွက်ကြောင့် ရန်ကိုင်အနေဖြင့် သူ့ခွန်အားအား အနည်းငယ်မျှပင် ထိမ်ချန်ထားရဲခြင်း မရှိပေ။

သို့သော်ငြား ရန်ကိုင် အံ့အားသင့်သွားရသည်မှာတော့ ဖုကျွင်းမှာ ချက်ချင်း မလှုပ်ရှားလာခဲ့ခြင်းပင်။ ထိုအစား ရန်ကိုင်ကိုသာ အေးစက်စက်အကြည့်ဖြင့် စိုက်ကြည့်နေလေ၏။

ကျုချင်းမှာ ပျာယီးပျာယာ အမူအရာဖြင့် ဝင်ရောက်ပြောဆိုလိုက်ရလေသည်။ "ဒုတိယအကြီးအကဲ၊ ကျေးဇူးပြုပြီး ဒေါသထိန်းပါဦး၊ ကျွန်မယောက်ျားက ဒေါသထွက်ထွက်နဲ့ ပြောမိလိုက်တာ၊ တကယ်ပြောချင်တာ မဟုတ်ပါဘူး၊ ကျေးဇူးပြုပြီး သူ့ကို ခွင့်လွှတ်ပေးပါနော်"

ထို့နောက်တွင် ရန်ကိုင်အား ဤကဲ့သို့ လုပ်ရကောင်းလေလားဟု အပြစ်တင်နေသည့်အလား ရန်ကိုင်အား စူးရဲစွာ စိုက်ကြည့်လိုက်လေ၏။ ဤနေရာသို့ မလာခင်က ရန်ကိုင်သည် ဖုကျွင်း ပြောသမျှ စကားကို မသိသလို သဘောထားကာ သည်းခံနေပါမည်ဟု ပြောခဲ့ပါသော်ငြား ရောက်ရောက်ချင်းပင်လျှင် ရန်စ စကားများခဲ့သည်။

သူ့ကြောင့် ကျုချင်း အနေရခက်နေပြီမှန်း သဘောပေါက်လိုက်သော် ရန်ကိုင်လည်း ရှက်သွားတော့လေ၏။ ထိုအတွက်ကြောင့် နှာခေါင်းရှုံ့လျက် သူ့အရှိန်အဝါကို ပြန်လည်၍ ရုပ်သိမ်းလိုက်လေသည်။

"သူ တကယ်ပြောချင်တာ မဟုတ်ပါဘူးဆိုတာ ဘာကိုပြောတာလဲ၊ ခုနတုန်းက သူငါ့ကို တောက်လျှောက်ပြောနေတာတွေ အကုန်လုံးက သူဒီအတိုင်းပဲ မရည်ရွယ်ဘဲနဲ့ ပြောလိုက်မိတာပေါ့ ဟုတ်လား" ဖုကျွင်းသည် ကျုချင်းအား အေးစက်စက် အမူအရာဖြင့် စိုက်ကြည့်ရင်းမှ... "ငါသူ့ကို သတ်မယ်ဆိုရင်ရော"

ကျုချင်းက ခါးသက်သက် အမူအရာဖြင့် ပြန်၍ ပြောလိုက်၏။ "နဂါးကလန်သားတစ်ဦးဖြစ်တဲ့အတွက် ကျွန်မမှာ စောင့်ထိန်းစရာ စည်းမျဉ်းစည်းကမ်းတွေ ရှိတယ်၊ ဒါပေမဲ့ ကျွန်မယောက်ျား အသက်အန္တရာယ်နဲ့ ကြုံရမယ်ဆိုရင်တော့ ချင်းအာလည်း ဒီအတိုင်း ရပ်ကြည့်နေတော့မှာ မဟုတ်ဘူး၊ ကျွန်မယောက်ျားနဲ့အတူ သေတဲ့အထိ တိုက်ခိုက်သွားရမှာ"

ရန်ကိုင်သည် ကျုချင်း၏ အင်္ကျီလက်စလေးကို လှမ်းဆွဲလိုက်ရင်းမှ... "ချင်းအာ၊ ဘေးဖယ်နေ၊ ဒီစုန်းမအိုကြီး ငါ့ကို သတ်နိုင်စရာအကြောင်း မရှိဘူး"

"နင်" ကျုချင်း ယခုကဲ့သို့ ပြန်ပြောလာလိမ့်မည်ဟု မထင်ထားသည့်အလျောက် ဖုကျွင်း၏ အမူအရာ သုန်မှုန်သွားတော့လေသည်။ အသက်ကို ပြင်းပြင်းရှူသွင်းလိုက်ပြီးသည့်နောက် ဖုကျွင်းက မေးလိုက်လေ၏။ "ကြည့်ရတာ နင့်စိတ်က နဂါးကျွန်းဘက်မှာ ရှိမနေတော့ဘူး၊ နင့်ကိုယ်နင်ရော နဂါးကလန်သားတစ်ဦးအဖြစ် သတ်မှတ်ထားသေးရဲ့လား"

ကျုချင်းက ဝမ်းနည်းတကြီး အမူအရာဖြင့်... "ဒုတိယအကြီးအကဲ၊ ကျေးဇူးပြုပြီး ကျွန်မကို ခွင့်လွှတ်ပေးပါနော်"

ရန်ကိုင်က ပြန်၍ ပြောလိုက်သည်။ "သူ့စိတ်က နဂါးကျွန်းမှာ ရှိမနေတော့တာကို ခင်ဗျားလည်း သိနေပြီဆိုမှတော့ ဘာဖြစ်လို့ သူ့ကို သွားခွင့်မပေးလိုက်တော့တာလဲ၊ ဒါက နှစ်ဦးနှစ်ဖက်စလုံးအတွက် ကောင်းတဲ့လမ်းပဲလေ၊ စိတ်မပူနဲ့၊ ကျုပ်တို့ အပြင်ရောက်တာနဲ့ ခင်ဗျားအတွက် အထိမ်းအမှတ် မှတ်တိုင်တစ်ခု လုပ်ပြီးတော့ မနက်ရော ညပါ ခင်ဗျားကို အမွှေးတိုင်တွေနဲ့ ပူဇော်ပသပြီး ထိုင်ရှိခိုးပေးမယ်၊ ခင်ဗျား အသက်ရှည်ရှည်နေရပါစေ၊ အမြဲတမ်း လှပနေပါစေဆိုပြီးတော့လည်း ထိုင်ပြီးတော့ ဆုတောင်းပေးနေဦးမှာ"

ဖုကျွင်းက အေးစက်စက် အမူအရာဖြင့် နှာခေါင်းရှုံ့လျက်... "အပိုစကားတွေ လာပြောမနေတော့နဲ့၊ သူ့စိတ်က ဒီမှာ မရှိတော့ဘူးဆိုရင်တောင် သူ့ခန္ဓာကိုယ်က နဂါးကျွန်းအပိုင်ပဲ၊ နဂါးတစ်ကောင်အဖြစ် မွေးလာတယ်ဆိုမှတော့ နဂါးတစ်ကောင်အဖြစ်ပဲ သေသွားရမှာ၊ သူ့ကို ခေါ်သွားဖို့ စဉ်းတောင် မစဉ်းစားနဲ့"

ရန်ကိုင်က မျက်မှောင်ကြုတ်လျက်... "အတင်းအကျပ် ဖိအားပေးလွန်းတာ သိပ်မကောင်းဘူးနော်"

ဖုကျွင်းက ပြန်ပြောလိုက်သည်။ "ဒီတော့ နင်က ဘာလုပ်ချင်လို့လဲ"

ဖုကျွင်းကို မမှိတ်မသုန် အမူအရာဖြင့် စိုက်ကြည့်ရင်းမှ ရန်ကိုင်က ပြန်ပြောလိုက်သည်။ "တကယ်ကို ဆွေးနွေးစရာ မရှိတော့တာလား" ဖုကျွင်း၏ လုပ်ပုံကို ကြည့်ရင်း ရန်ကိုင်မှာ တဖြည်းဖြည်း သည်းခံစိတ် ကုန်ဆုံးလာခဲ့ရသည်။ ဤနေရာ၌ ကျုချင်းလည်း ရှိနေသည့်အတွက်ကြောင့် ရန်ကိုင်မှာ ဖုကျွင်းနှင့်လည်း မတိုက်ခိုက်နိုင် ဖြစ်နေရလေကာ သူ့ရင်ထဲရှိ ဒေါသကို မည်သည့်နေရာတွင်မျှ ဖွင့်မထုတ်နိုင် ဖြစ်နေရလေ၏။

"ဆွေးနွေးစရာ" ဖုကျွင်းက နှာခေါင်းရှုံ့လျက်... "ရှိတာပေါ့"

ကျုချင်း၏ အကြည့် တောက်ပသွားခဲ့လေသည်။ "ဒုတိယအကြီးအကဲ၊ ကျေးဇူးပြုပြီး သေချာလေး ပြောပေးလို့ရမလား"

ဖုကျွင်းက ဆက်ပြောလိုက်သည်။ "သူသာ ငါတို့ ဆုံးရှုံးသွားခဲ့တာတွေကို အလျော်ပြန်ပေးနိုင်မယ်ဆိုရင် ငါသူ့ကို ခွင့်လွှတ်ပေးလို့ရတယ်၊ နင့်ကိုတောင် သူနဲ့ လက်ထပ်ပေးလို့ရတယ်၊ အဲဒီအခါကျ နင်တို့နှစ်ယောက်စလုံး နဂါးကျွန်းထဲကနေ အတူတူ ထွက်သွားလို့တောင်ရတယ်"

ထိုစကားကို ကြားသော် ကျုချင်းမှာ အလွန်ကိုမှ ပျော်သွားခဲ့လေသည်။ ဖုကျွင်းသည် သူမတို့အား ယခုကဲ့သို့ သွားခွင့်ပေးလာလိမ့်မည်ဟု မထင်ထားခဲ့ပေ။ သို့ပါသော်ငြား ဖုကျွင်း ပြောသွားသည့် စကားထဲ ကျုချင်း နားမလည်နိုင်သည့် အချက်အချို့ ရှိနေပေသည်။ "ကျွန်မတို့ ကလန်က ဆုံးရှုံးသွားတာ၊ ဘာတွေ ဆုံးရှုံးသွားတာလဲ"

ဖုကျွင်းက လှောင်ပြုံးပြုံးလျက်... "သူငါတို့ ကလန်ကို ဘာတွေ ထိခိုက်သွားအောင် လုပ်လဲဆိုတာ သူ မမှတ်မိတော့တာလား၊ ငါ့ကို အဲဒီလို မေးခွန်းမျိုး လာမေးနေသေးတယ်ပေါ့ ဟုတ်လား"

ရန်ကိုင်က ထအော်လိုက်လေ၏။ "ခင်ဗျားတို့ဘက်က ဆုံးရှုံးနစ်နာရမယ်ဆိုရင်တော့ အပြစ်တင်မဲ့အပြစ်တင် ခင်ဗျားတို့ကိုယ်ခင်ဗျားတို့ပဲ ပြန်ပြီး အပြစ်တင်ရမှာ၊ ကျုပ်မှာ ခင်ဗျားတို့ ဆုံးရှုံးသွားတာတွေကို ပြန်ပြီး အလျော်ပေးနိုင်တဲ့ စွမ်းအားမျိုး ရှိနေတယ်ဆိုရင်တောင် လုပ်ပေးမှာတော့ မဟုတ်ဘူး၊ ကျုပ်မှာ အဲဒီလိုမျိုး လုပ်နိုင်တဲ့ စွမ်းအားမျိုး ရှိမနေဘူးဆိုရင်တော့ ပြောနေစရာကို မလိုတော့တာ"

ဖုကျွင်းက မျက်နှာကြီးမဲ့လျက်... "နင်က တကယ်ကို ပါးစပ်စောင်းကြွနေတာပဲ"

ရန်ကိုင်က ပြန်၍ ရန်စပြောဆိုလိုက်လေ၏။ "ကျုပ် ပါးစပ်စောင်းကြွတော့ရော ဘာဖြစ်လို့လဲ၊ ခင်ဗျား ဘာလုပ်နိုင်မှာမလို့လဲ"

"နင် သေချင်နေတာလား" ဖုကျွင်းက ထအော်လေသည်။ သတ်ဖြတ်လိုစိတ်တို့မှာ စတင်၍ တစ်ဖန် ပြန်လည်ထွက်ပေါ်လာပြန်လေ၏။ ကျုချင်း သူတို့အား လာတားမည်ဆိုလျှင်ပင် ဖုကျွင်းမှာ ရန်ကိုင်နှင့် တိုက်ခိုက်မိပေတော့မည်။

ထိုအချင်းအရာကို မြင်သော် ကျုချင်းမှာ ရန်ကိုင်၏ လက်ကိုကိုင်၍ အလျင်စလို ပြန်ထွက်သွားလေ၏။ ထို့နောက် နောက်သို့ ပြန်လှည့်ရင်းမှ အော်ပြောလိုက်သည်။ "ဒုတိယအကြီးအကဲ၊ ကျေးဇူးပြုပြီး ဒေါသမထွက်ပါနဲ့၊ ဒီနေ့ လာနှောင့်ယှက်မိတဲ့အတွက် တကယ်ကို စိတ်မကောင်းပါဘူး" ထိုသို့ပြောပြီးသည့်နောက် အရှိန်ကုန်တင်ကာ ထွက်သွားတော့သည်။ ဤနေရာတွင်သာ ဆက်နေလျှင် ရန်ကိုင်နှင့် ဖုကျွင်းတို့ တကယ်ကြီး တိုက်ခိုက်ကြပေတော့မည်။

ဖုကျွင်းမှာ အလွန်ကိုမှ ဒေါသထွက်နေသည့် အမူအရာဖြင့် ထိုနေရာ၌ တောက်လျှောက်ကို ရပ်နေခဲ့သည်။ သို့ပါသော်ငြား ကျုချင်းတို့နောက် ဆက်လိုက်သွားမည့် အရိပ်အယောင် မပြဘဲ ထိုနေရာတွင်သာ မကျေမနပ် အမူအရာဖြင့် ရပ်နေလေ၏။

တစ်ခဏကြာပြီးသည့်နောက် လူတစ်ဦး ဖုကျွင်း ဘေးနား၌ ပေါ်လာခဲ့သည်။

ပထမအကြီးအကဲ ကျုယန်က မေးလိုက်လေ၏။ "သူတို့သွားပြီလား"

ဖုကျွင်းသည် အသက်ကို ပြင်းပြင်းရှူသွင်းလျက် ဒေါသကို ချုပ်တည်းလိုက်ရင်းမှ ပြောလိုက်လေ၏။ "ငါ အဲဒီကောင်ကို တကယ် သတ်ချင်နေပြီ"

ကျုယန်က ပြုံး၍ ပြောလိုက်လေသည်။ "သူ့ကို သတ်လိုက်ရုံနဲ့ ဘာမှ ပြေလည်သွားမှာမှ မဟုတ်တာ၊ ပြီးတော့ သူ့မှာရှိနေတာ ဘိုးဘေးနဂါးအမြုတေ၊ ခုနတုန်းက နဂါးကျောင်းတော် ဘယ်လို တုံ့ပြန်လာလဲ နင်လည်း သတိထားမိတာပဲ၊ ကျောင်းတော်ကို ဘိုးဘေးနဂါးတွေရဲ့ ဝိညာဉ်တွေက ကာကွယ်ပေးထားတာ၊ ဒီတော့ ငါတို့ အတူပူးပေါင်းမယ်ဆိုရင်တောင် သူ့ကို နဂါးကျွန်းပေါ်မှာ သတ်နိုင်မှာ မဟုတ်ဘူး၊ သူ့ကို သတ်ချင်ရင် နဂါးကျွန်းအပြင်ဘက်မှာ သွားသတ်မှပဲ ရမယ်"

ဖုကျွင်းက နှာခေါင်းရှုံ့လျက်... "သူဘာလို့ အသက်ရှင်နေသေးတယ်လို့ နင်ထင်လဲ"

ကျုယန်မှာ ဖုကျွင်းအား အထိတ်တလန့် အမူအရာဖြင့် ကြည့်ရင်း... "နင်သူ့ကို တကယ်ကြီး သတ်ချင်နေတာလား"

ဖုကျွင်းက အံကြိတ်၍ ပြန်ပြောလိုက်သည်။ "သတ်ချင်တယ်ဆိုရင်ရော"

ကျုယန်၏ နဖူးထက် ချွေးအေးများ ဝေ့သီလာတော့လေသည်။ "အဲဒီလိုတွေးတာတော့ ကိစ္စမရှိပေမဲ့ နင်တကယ် လုပ်လို့တော့ မဖြစ်ဘူးနော်၊ နဂါးကလန်ရဲ့ အနာဂတ်က သူ့အပေါ်မှာလည်း မူတည်နေတာ၊ နင် နဂါးကလန်ကို ပြန်ပြီးတော့ ရှင်သန်အောင် လုပ်ချင်တယ်မလား၊ အဲဒါကြောင့်ပဲ ဖုရွှမ်းကိုတောင် နဂါးသင်္ချိုင်းထဲမှာ အကျဉ်းချပစ်ခဲ့တာလေ၊ ဒီတော့ ပိုကောင်းတဲ့ အနာဂတ်ကို တွေးပြီးတော့ နင့်ရဲ့ဒေါသကို သေသေချာချာ အတတ်နိုင်ဆုံး ချုပ်တည်းထားလိုက်ဦး"

ဖုကျွင်းက ခေါင်းညိတ်၍... "ငါသိတယ်" သို့ပါသော်ငြား ရန်ကိုင်အား မြင်လိုက်တိုင်း ဖုကျွင်းခမျာ အမြဲတစေ ဒေါသထွက်လာရသည်။ ရန်ကိုင်မှ သူမအား စုန်းမအိုကြီးဟု ခေါ်ဝေါ်နေသည့် ပုံစံကို မြင်ယောင်လိုက်တိုင်း ဖုကျွင်းမှာ ရန်ကိုင်အား တစ်စစီ လုပ်ပစ်ချင်စိတ်များ ဖြစ်လာရသည်။ တစ်ခဏမျှ ရပ်နေပြီးသည့်နောက် ဖုကျွင်းက ပြောလိုက်လေသည်။ "ငါ့ဘက်ကလည်း တောင်းဆိုချက်တွေ ရှိတယ်ဆိုတာကို ငါသူ့ကို ပြောပြီးသွားပြီ၊ သူလုပ်နိုင်မှာ မလုပ်နိုင်မှာကတော့ သူ့အပေါ်မှာပဲ မူတည်လိမ့်မယ်"

ကျုယန်က ပြုံးလျက်... "နင်သူ့ကို ပြောလိုက်တာနဲ့တင် လုံလောက်သွားပြီ၊ သူ ချင်းအာကို ဒီလောက်တောင် တန်ဖိုးထားတာ ကျိန်းသေရအောင် လုပ်ပေးလိမ့်မယ်"

ဖုကျွင်းသည် ကျုယန်အား ရုတ်တရက် ကြည့်၍... "သူ မလုပ်နိုင်ဘူးဆိုရင် ဘာပဲဖြစ်ဖြစ် ငါသူ့ကိုယ်ထဲက နဂါးအမြုတေကို ရအောင် ဆွဲထုတ်တော့မှာ၊ သူ့လို ဒီလောက်တောင် သောက်ကျင့်မကောင်းတဲ့ လူတစ်ယောက်က အဲဒီလို နဂါးအမြုတေမျိုးနဲ့ ဘယ်လိုမှ မထိုက်တန်ဘူး"

ထိုစကားကို ကြားသော် ကျုယန်၏ မျက်နှာမဲ့သွားခဲ့သည်။ သို့ပါသော်ငြား ယခုတစ်ကြိမ်တွင်တော့ ဖုကျွင်း အလို မလိုက်ခဲ့ဘဲ ပြန်၍သာ ပြောလိုက်လေ၏။ "အင်း၊ ကြည့်ကြည့်ကြတာပေါ့"

ထို့နောက်တွင် ကောင်းကင်ပေါ်သို့ မော့ကြည့်၍ သက်ပြင်းချလိုက်လေသည်။ "ဘိုးဘေးနဂါးအမြုတေကတော့ ပေါ်လာပြီ၊ ဘိုးဘေးဖီးနစ်အမြုတေက အခု ဘယ်ရောက်နေပြီလဲ မသိဘူး"

ရန်ကိုင်နှင့် ကျုချင်းတို့မှာ လျင်မြန်စွာ ပျံသန်းနေခဲ့သည်။

ပျံသန်းနေသည့် လမ်းကြောင်းတစ်လျှောက် ကျုချင်းမှာ လုံးဝကို တိတ်ဆိတ်နေခဲ့သည်။ သူမ၏ အမူအရာမှာ အလွန်ကိုမှ အေးစက်နေခဲ့လေရာ ရေခဲစများ သူမ၏ မျက်နှာထက် ကပ်ငြိနေမလားပင် ထင်ရလေ၏။

ရန်ကိုင်မှာမူ လမ်းတစ်လျှောက်လုံး မသိချင်ယောင်ဆောင်လျက် လေချွန်နေခဲ့လေသည်။ ထိုသို့သာ လုပ်နေပါသော်ငြား ကျုချင်း၏ အမူအရာကိုလည်း မသိမသာလေး စောင့်ကြည့်နေသေး၏။ ကျုချင်း၏ မျက်နှာ သုန်မှုန်နေသည်ကို သတိထားမိလိုက်သော် သူ့လုပ်ရပ်နှင့် ပတ်သက်၍ ကျုချင်း စိတ်ပျက်နေမှန်း သဘောပေါက်လိုက်သည်။ သို့ပင်ဖြစ်လင့်ကစား ကျုချင်းအား ယခုကဲ့သို့ဖြစ်အောင် လုပ်သည်မှာ သူသာလျှင် မဟုတ်။ ထိုစုန်းမအိုကြီး ဖုကျွင်းလည်း ပါပေသည်။ သူမကြောင့်သာလျှင် ယခုကဲ့သို့ ဖြစ်ခဲ့ရခြင်း ဖြစ်သည်။

"ချင်းအာ ငါတို့ ထွက်ပြေးကြမယ်လေ၊ သူတို့ကို ဂရုစိုက်မနေတော့နဲ့၊ အဲဒီစုန်းမအိုကြီး ငါတို့ကို တစ်ချိန်ကုန် စောင့်ကြည့်နိုင်တာလည်း မဟုတ်ဘူး၊ လောကကြီးက အကျယ်ကြီးပဲ၊ ဒီတော့ ငါတို့သာ အပြင်ရောက်သွားရင် သူတို့ ငါတို့ကို လိုက်ရှာနိုင်မှာ မဟုတ်ဘူး" ရန်ကိုင်က ပြောလိုက်လေ၏။

ကျုချင်းက သက်ပြင်းချ၍... "ထွက်သွားလို့ကတော့ ရတာပေါ့၊ ဒါပေမဲ့ အဲဒီလို ထွက်သွားလိုက်တာနဲ့ ငါဘယ်တော့မှ စိတ်အေးအေး နေနိုင်တော့မှာ မဟုတ်ဘူးလေ"

ရန်ကိုင်နှင့် အတူတကွ ထွက်ပြေးရန်မှာ အတော်လေးကိုမှ လှပလှသည့် အကြံအစည်တစ်ခု ဖြစ်ပါသော်ငြား သူမ စီနီယာများ၏ အသိအမှတ်ပြုမှုကိုသာ မရရှိပါက သူတို့၏ အိမ်ထောင်ရေးမှာ ပျော်ရွှင်ဖွယ်ရာ ကောင်းတော့လိမ့်မည် မဟုတ်ပေ။ ရုတ်တရက် ကျုချင်း ရပ်သွားခဲ့ပြီး ရန်ကိုင်အား မြတ်နိုးတကြီးဖြင့် ကြည့်ရင်းမှ... "ကံကောင်းစွာနဲ့ ပထမအကြီးအကဲနဲ့ ဒုတိယအကြီးအကဲကတော့ နင် ဒီနေရာလာတာကို တားမဲ့ပုံ မပေါ်ဘူး၊ ဒီတော့ နင်နောက်ပိုင်း ငါ့ကိုလွမ်းရင် ငါ့ဆီ လာလည်လို့ရတယ်၊ ငါဒီမှာ အမြဲတမ်း နင့်ကို စောင့်နေမယ်"

ရန်ကိုင်မှာ တစ်ခုခု ပြောချင်နေပါသော်ငြား မည်သည့်စကားမျှ ပြောမထွက်ခဲ့ပေ။ ကျုချင်းမှာ ကလေးတစ်ဦး မဟုတ်တော့သည့်အတွက်ကြောင့် သူမတွင် စဉ်းစားတွေးတောစရာများ ရှိနေပေသည်။ သူမအနေဖြင့် ရန်ကိုင်နှင့်အတူ နဂါးကျွန်းမှ ထွက်သွားမည်ဆိုလျှင်ပင် ပျော်ရွှင်ဖွယ်ရာဘဝကို ပိုင်ဆိုင်နိုင်လိမ့်မည် မဟုတ်။ နဂါးကျွန်းပေါ်ရှိ သူမ၏ စီနီယာများအကြောင်း တွေးရင်း အမြဲ တွေဝေငေးမှိုင် နေမိပေလိမ့်မည်။ ထိုအကြောင်းကြောင့် ကျုချင်း နဂါးကျွန်းပေါ်တွင်သာ နေခဲ့လိမ့်မည်မှန်း ရန်ကိုင် သိနေသည်။ အနည်းဆုံး ကျုချင်းအနေဖြင့် ဤနေရာတွင် နေပါသော်ငြား မည်သည့် ခက်ခဲမှုကိုမျှ ကြုံရလိမ့်မည် မဟုတ်။

ထိုအချက်ကို နားလည်လိုက်သော် ရန်ကိုင်က ပြုံး၍... "ဒီတစ်ကြိမ် ငါ နင်နဲ့အတူ ကြာကြာလေး နေပေးမယ်"

ထို့နောက် ကျုချင်း၏ လက်ကို ကိုင်ကာ လခြမ်းကွေးကျွန်းဆီသို့ ပျံသန်းသွားလေသည်။ သို့သော်ငြား လမ်းတစ်လျှောက်လုံး နှစ်ဦးစလုံး စကားမပြောကြတော့ပေ။

လခြမ်းကွေးကျွန်းဆီသို့ ရောက်လာချိန်တွင် ပတ်ဝန်းကျင်မှာ မှောင်စပြုလာနေခဲ့လေပြီ။ အံ့အားသင့်ဖွယ်ကောင်းစွာ ဖုရွှမ်းရော မိုရှောင်ချီတို့ နှစ်ဦးစလုံးသည် ထိုနေရာမှ ထွက်မသွားကြသေးဘဲ နန်းတော်အပြင်ဘက်တွင် တစ်ဦးကို တစ်ဦး အဖော်ပြုရင်း စကားပြောနေကြသည်။ နှစ်ဦးစလုံးမှာ အတော်လေးကိုမှ ပျော်ရွှင်ကြည်နူးနေကြသည့်ပုံပင်။

ရန်ကိုင်နှင့် ကျုချင်းတို့ လက်ချင်းတွဲ၍ ပြန်ရောက်လာသည်ကို မြင်သည့်အခါ မိုရှောင်ချီ၏ မျက်နှာလေး အနည်းငယ် ရှုံ့သွားခဲ့သည်။ သို့သော်ငြား မကြာမီတွင် ပြုံး၍ လှမ်းအော်ခေါ်လိုက်လေ၏။ "အစ်ကိုရန်၊ အစ်မချင်း"

ဖုရွှမ်းက ပြုံး၍... "ရှောင်ချီက ငါနဲ့မလိုက်ခင် နင်တို့ကို နှုတ်ဆက်ချင်သေးတယ်ဆိုပြီး ဒီမှာ ထိုင်စောင့်နေတာ"

ထို့နောက်တွင် မိုရှောင်ချီ၏ ခေါင်းလေးကို ပုတ်ပေးလျက်... "ကဲ၊ အခု ပြန်နားကြတော့မလား"

မိုရှောင်ချီက ခေါင်းညိတ်လိုက်ပြီး ရန်ကိုင်ဘက်သို့ လှည့်၍... "အခု အမေနဲ့အတူ လိုက်သွားလိုက်ဦးမယ်၊ အစ်ကိုရန် နဂါးကျွန်းကနေ ထွက်သွားမယ်ဆို ညီမကို ပြောဦးနော်"

"စိတ်မပူနဲ့" ရန်ကိုင်က ခေါင်းညိတ်လိုက်သည်။ "ငါနင့်ကို လာပြောမယ်"

"အစ်ကိုရန်၊ အစ်မချင်း၊ ဘိုင့်ဘိုင်" ဖုရွှမ်းနှင့်အတူ လမ်းလျှောက်ရင်းမှ မိုရှောင်ချီသည် ရန်ကိုင်တို့အား လက်ဝှေ့ယမ်းပြလိုက်လေသည်။ ထို့နောက် မကြာမီတွင် သားအမိနှစ်ဦး လခြမ်းကွေးကျွန်းဆီမှ ပျံသန်းထွက်ခွာသွားလေ၏။

သူတို့ နှစ်ဦး ထွက်သွားပြီးသည့်နောက်တွင် ရန်ကိုင်သည် ကျုချင်း အနားသို့ ရုတ်တရက် တိုးကပ်သွားခဲ့ပြီး သူမအား ပွေ့ဖက်လိုက်သည်။

ကျုချင်းမှာလည်း မသိစိတ်အရ ရန်ကိုင်၏ လည်ပင်းအား သူမ လက်နှစ်ဖက်ဖြင့် ပြန်၍ ရစ်ပတ် ပွေ့ဖက်မိလိုက်သည်။ အကြည့်ချင်းဆုံသွားသည့်အခိုက် ရန်ကိုင် ဘာကြံနေသလဲဆိုသည်ကို သဘောပေါက်သွားပြီး ရှက်သွေးဖြာသွားလေ၏။ တစ်ခဏမျှ နှုတ်ခမ်းလေး စူနေပြီးသည့်နောက် အိပ်ခန်း ရှိရာဆီသို့ မေးငေါ့ပြလိုက်သည်။

ရန်ကိုင်လည်း ဝမ်းသာတကြီးဖြင့် ကျုချင်းကို ခေါ်ကာ အိပ်ခန်းထဲသို့ ပြေးဝင်သွားခဲ့သည်။ ထို့နောက် ရှည်လျားစွာသော ညတာကို အတူတကွ ကုန်ဆုံးကြတော့လေ၏။

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၃၃၃၆)

ဘာသာပြန်သူ_တိမ်တိုက်

နောက်ရက်များမှာတော့ ရန်ကိုင်အတွက် အတော်လေးကိုမှ သာယာကြည်နူးစရာ ကောင်းနေလေသည်။ မိုးပြာပင်လယ်ကြီးအား အောက်ခြေထား၍ သာယာလှပသည့် ကောင်းကင်ကြီးနှင့် ရှုခင်းများကို ငေးမောကြည့်ရင်းမှ မိန်းမချောလေး တစ်ဦးမှ အဖော်ပြုပေးနေသည့် ဘဝကြီးမှာ အတော်လေးကိုမှ ကြည်နူးစရာ ကောင်းလှပေသည်။ မနက်ပိုင်းတွင် ရန်ကိုင်နှင့် ကျုချင်းတို့မှာ နဂါးကျွန်းအနှံ့ လျှောက်လည်ပတ်ကြည့်ကြသည်။ ညနေပိုင်းတွင်မူ ကြည်နူးဖွယ်ရာ ဘဝအရသာကို ခံစားလေ၏။

ကျုချင်းမှာလည်း ယခုကဲ့သို့သော အချိန်မျိုးမှာ ကြာရှည်ခံလိမ့်မည် မဟုတ်မှန်း သိနေခဲ့သည်။ သို့ပင်ဖြစ်လင့်ကစား မည်သည့်ကိစ္စကြီးမှ ဖြစ်မလာလျှင် သူမအနေဖြင့် ရန်ကိုင် အနားတွင်သာ အမြဲနေပေမည်။

သူမ တွေးသကဲ့သို့ပင် ယခုကဲ့သို့သော အခိုက်အတန့်မျိုးမှာ ကြာရှည်ခံမည့် အခိုက်အတန့်မျိုး မဟုတ်။ ဆယ်ရက်ကျော်ကြာပြီးသည့်နောက် တစ်စုံတစ်ဦးမှာ သူတို့၏ ငြိမ်းချမ်းလှသည့် အခိုက်အတန့်များကို အဆုံးသတ်ပေးရန် ရောက်ရှိလာတော့ပေသည်။

လခြမ်းကွေးကျွန်းပေါ်တွင် ရန်ကိုင်သည် လက်ပေါ် ခေါင်းတင်ရင်းမှ သဲသောင်ပြင်အထက် လဲလျောင်းနေခဲ့သည်။ ချုန်းချီမှာတော့ ရန်ကိုင်ဘေးနားတွင် မျက်လုံးမှေးကာ အေးဆေးသက်သာလှသည့် ဘဝကြီးကို အငြိမ့်သား ဇိမ်ခံယူနေလေသည်။

"လူအိုကြီးချုန်း၊ ကျုပ်နဂါးကျောင်းတော်ထဲ ဖောက်ဝင်ချင်တယ်" ရန်ကိုင်က ရုတ်တရက် ကောက်ပြောလိုက်သည်။

အေးအေးဆေးဆေး မျက်လုံးပိတ်ကာ အနားယူနေသော ချုန်းချီ ရုတ်တရက် ဆတ်ခနဲ မျက်လုံးဖွင့်လာခဲ့ပြီး ရန်ကိုင်အား စိုက်ကြည့်လိုက်လေ၏။

"ချင်းအာနဲ့ကတော့ ထွက်သွားလို့ မရသေးတော့ ဒီအတိုင်းပဲ ထားရမယ်၊ ဒါပေမဲ့ နဂါးကျောင်းတော်ကိုတော့ မသွားဘဲနဲ့တော့ မနေချင်ဘူး၊ နဂါးကျောင်းတော်ထဲက ပညာရပ်တွေက တော်တော်လေးကို အားကောင်းတာ၊ ဒီကို ရောက်တုန်းရောက်ခိုက် တစ်ခါတည်း အဲဒီ သိုင်းပညာရပ်တွေကိုပါ လေ့လာသွားချင်တယ်၊ ခင်ဗျား ဘယ်လိုထင်လဲ"

ချုန်းချီကမူ ခေါင်းကို အဆက်မပြတ် ခါယမ်း၍ ပြန်ပြောလိုက်သည်။ "အဲဒါ မကောင်းဘူးနော်"

"အို ဘာဖြစ်လို့လဲ" ရန်ကိုင်သည် ချုန်းချီဘက်သို့ လှည့်၍ ကြည့်လိုက်သည်။

ချုန်းချီက ရှင်းပြလိုက်လေ၏။ "ကျုပ်တို့ အခု နဂါးကျွန်းပေါ်မှာ ရှိနေတာလေ၊ နဂါးကျောင်းတော်က နဂါးကလန်ရဲ့ လုံးဝ အထွတ်အမြတ်ဆုံးသော နေရာတစ်ခုပဲ၊ ကျုပ်တို့သာ အဲဒီကျောင်းတော်ထဲကို ခွင့်ပြုချက်မရဘဲ ဖောက်ဝင်သွားရင် ဒီကနေ အသက်ရှင်လျက် ထွက်သွားနိုင်မှာ မဟုတ်ဘူး"

ရန်ကိုင်က ပြန်ပြောလိုက်သည်။ "ကျုပ်နဂါးကျောင်းတော်ဆီ မရောက်ဖူးတာ မှတ်လို့၊ ဝူခွမ်းတောင် အဲဒီနေရာကို အတင်းအကျပ် ဖောက်ဝင်သွားတာ၊ သူအခု မူလကုန်းမြေကြီးထဲမှာ အေးအေးဆေးဆေး နေနိုင်တုန်းပဲ၊ နဂါးကလန်က သူ့ကို ဘာမှ လုပ်နိုင်တာ မဟုတ်ဘူး"

"ဝူခွမ်းနဲ့ သခင်လေးက မတူဘူးလေ" ချုန်းချီကမူ သဘောမတူချင်ပေ။ "သခင်လေး အဲဒီကိုသွားချင်ရင် သွားလို့ရတယ်၊ ဒါပေမဲ့ ကျုပ် ဒီနဂါးကျွန်းဆီကနေ ထွက်သွားပြီးတော့မှပဲ သွားပါ"

ရန်ကိုင်သည် ချုန်းချီကို ကြည့်၍... "လူအိုကြီးချုန်း၊ ခင်ဗျားက ကျုပ်ကို တော်တော်လေး သစ္စာရှိတာပဲ"

ချုန်းချီက ပြန်ပြောလိုက်သည်။ "သခင်လေး တစ်ခုခု ဖြစ်သွားခဲ့ရင် သခင်လေးအတွက် ပြန်လက်စားချေလို့ ရအောင် ဒီလူအိုကြီး အသက်ရှင်နေချင်ရုံပဲ"

"ကျွတ်" ရန်ကိုင်က လှောင်ပြုံးပြုံးလျက်... "ကောင်းလိုက်တဲ့ အကြံပါလား၊ ခင်ဗျားက တကယ်ကို တွေးတတ်တာပဲ"

ချုန်းချီကမူ ရန်ကိုင် သူ့အား လှောင်ပြောင် ပြောဆိုနေသည်ကို မသိချင်ယောင်ဆောင်၍ ဆက်ပြောလိုက်သည်။ "ဘယ်လိုပဲဖြစ်ဖြစ် အဲဒီလိုလုပ်တာတော့ ကောင်းတယ်လို့တော့ မထင်ဘူး၊ ဖြစ်နိုင်ရင် သခင်လေး နဂါးကလန်ဆီကနေ ခွင့်ပြုချက် အရင်တောင်းသင့်တယ်"

ရန်ကိုင်က နှာခေါင်းရှုံ့လျက်... "သူတို့သာ သဘောတူမယ်ဆိုရင် ကျုပ်အခုလိုမျိုး လုပ်နေစရာ လိုဦးမှာလား၊ အဲဒီစုန်းမအိုကြီး ဖုကျွင်းက ကျုပ်ကို အမြဲတမ်း အားနေကလန့်တိုက်နေတာ၊ ပြီးတော့ ချင်းအာကိုလည်း သုံးပြီးတော့ ကျုပ်ကို လာပြီး ခြိမ်းခြောက်ချင်နေသေးတယ်၊ တကယ်ကို သောက်ကျင့်မကောင်းတဲ့ စုန်းမအိုကြီး၊ တစ်နေ့နေ့ကျမှ အဲဒီစုန်းမအိုကြီးကို သင်ခန်းစာ ကောင်းကောင်း ပေးပစ်ရမယ်"

[စုန်းမအိုကြီး]

ချုန်းချီ တံတွေးတစ်လုတ် မျိုချမိလိုက်လေသည်။ [ဖုကျွင်းကို စုန်းမအိုကြီးလို့ သွားခေါ်ရဲတယ်တဲ့] ယခုမှသာလျှင် သူ၏ သခင်လေးမှာ အတော်လေးကိုမှ ရဲတင်းလှကြောင်း ချုန်းချီ သဘောပေါက်သွားသည်။

"ဟမ်၊ တစ်ယောက်ယောက် လာနေတယ်" ချုန်းချီသည် တစ်ခုသော အရပ်ဆီသို့ လှမ်းကြည့်ရင်းမှ ပြောလိုက်သည်။

ရန်ကိုင်သည်လည်း ထိုအရပ်ဆီသို့ လှမ်းကြည့်၍ ပြုံးဖြီးလိုက်လေ၏။ လက်ရှိအခိုက်အတန့်တွင် အနီရောင်အလင်းတန်း တစ်ခုသည် ကျုချင်း၏ နန်းတော်ဆီသို့ ပျံသန်းနေခဲ့သည်။ သို့ပါသော်ငြား ရန်ကိုင်၏ အရှိန်အဝါကို သတိထားမိလိုက်သည့်နောက် ထိုလူသည် ရန်ကိုင်ဘက်သို့ လမ်းကြောင်းပြောင်းကာ ပျံသန်းလာခဲ့လေ၏။

တစ်ခဏအကြာ၌ ရန်ကိုင် အရှေ့ရှိ ကောင်းကင်ပေါ်တွင် လူတစ်ဦး ပေါ်လာခဲ့လေသည်။

အေးအေးဆေးဆေး လဲလျောင်းနေရင်းမှ ရန်ကိုင်သည် သူ့လက်ကို ဝှေ့ယမ်းပြလိုက်လေ၏။ "ဟယ်လို ယောက်ဖလေး"

ရန်ကိုင်၏ ပုံစံကို မြင်သော် ကျုလဲ့ မျက်မှောင်ကြုတ်သွားခဲ့ပြီး သူ၏ အစ်မ ယခုကဲ့သို့သော လူတစ်ဦးနှင့် ချစ်ကြိုက်သွားသည်မှာ အမှန်တကယ်ကို ဆိုးရွားလှကြောင်း တွေးမိလိုက်လေသည်။ ထို့နောက် မျက်နှာသေ အမူအရာဖြင့် ပြန်မေးလိုက်သည်။ "မင်းဒီမှာ လှဲပြီး ဘာလုပ်နေတာလဲ"

"ဘာလုပ်ရမှာလဲ နေပူဆာလှုံနေတာပေါ့ကွ" ရန်ကိုင်က ပြန်၍ ပြောလိုက်လေ၏။ ထို့နောက် လက်ယပ်ခေါ်၍... "ဆင်းလာခဲ့လေ၊ မင်းအဲဒီမှာ ဘာရပ်လုပ်နေတာလဲ"

ကျုလဲ့၏ မျက်နှာကြီး မဲ့သွားခဲ့သည်။ သို့ပါသော်ငြား ရန်ကိုင် ပြောသည့်အတိုင်း အောက်သို့ ဆင်းလာလိုက်လေ၏။ ရန်ကိုင်အနားသို့ ရောက်၍ ချုန်းချီကို မြင်သော် အံ့အားသင့်တကြီး အမူအရာဖြင့်... "ချုန်းချီကို မင်းရဲ့ စီးတော်သားရဲအဖြစ် ခေါ်ထားတာလားဟ"

ရန်ကိုင် နဂါးကျွန်းပေါ်သို့ ရောက်သည်မှာ မကြာသေးပါသော်ငြား အချိန်တိုလေးလည်း မဟုတ်တော့ပေ။ ကျွန်းပေါ်တွင် နဂါးကလန်သား အနည်းငယ်သာ ရှိသည့်အတွက်ကြောင့် သတင်းတစ်ခုသာ ပြန့်သွားမည်ဆိုလျှင် တစ်ခဏလေးအတွင်း အကုန်လုံးနီးပါး သိသွားကြသည်။ ယခုဆိုလျှင် ရန်ကိုင်မှာ ဖုကျွင်းနှင့် ကတောက်ကဆတ်ဖြစ်၍ အသတ်ခံရလုနီးပါး ဖြစ်ကာ နှင်းဖုံးကျွန်းမှ ထွက်ပြေးလာခဲ့ရကြောင်း နဂါးကလန်သား အားလုံး သိနေလေပြီ။ ထိုအပြင် ရန်ကိုင်၌ ချုန်းချီဟုခေါ်သော စီးတော်သားရဲတစ်ကောင်လည်း ရှိနေလေ၏။

ကျုလဲ့မှာ လတ်တလောအတွင်း တံခါးပိတ်ကျင့်စဉ် ဝင်နေခြင်းဖြစ်ကာ မကြာသေးခင်ကမှ ထွက်လာခဲ့ခြင်း ဖြစ်လေသည်။ ထိုအတွက်ကြောင့် ထိုသတင်းကို ကြားလိုက်ချိန် ဤနေရာသို့ ချက်ချင်း အပြေးလာကြည့်ခြင်း ဖြစ်သည်။

ကျုလဲ့မှာ အထိတ်တလန့် အမူအရာဖြင့် ချုန်းချီကို ကြည့်ရင်းမှ... "ခင်ဗျားလည်း နတ်သားရဲပဲ၊ ဘာဖြစ်လို့ ခင်ဗျားကိုယ်ခင်ဗျား ဒီလောက်တောင် ကျိုးနွံနေရတာလဲ၊ ခင်ဗျားမှာ ရှက်တတ်တဲ့စိတ် နည်းနည်းလေးတောင် မရှိတော့ဘူးလား"

ချုန်းချီ မျက်တောင် ပုတ်ခတ်ပုတ်ခတ် ဖြစ်သွားသည်။ သို့သော်ငြား သူဘာမျှ ပြန်မပြောရသေးခင်မှာပင် ရန်ကိုင်က ထရပ်၍ ကျုလဲ့အား စိုက်ကြည့်ရင်းမှ... "ယောက်ဖလေး၊ မင်း ဒါဘာသဘောလဲကွ၊ မင်းနဲ့ ငါ့ကြားမှာ ဘာရန်ငြိုးရန်စမှ ရှိတာ မဟုတ်ပါဘူး၊ အဲဒါကို ရောက်ရောက်ချင်း ဘာဖြစ်လို့ ငါ့စီးတော်သားရဲနဲ့ ငါ့အကြားမှာ ဆောက်နဲ့ လာထွင်းနေရတာလဲ"

ကျုလဲ့က မျက်မှောင်ကြုတ်လျက်... "ငါအဲဒါကို ပြောချင်နေတာ မဟုတ်ဘူး၊ ငါဒီအတိုင်း စဉ်းစားမိတာ၊ ထားလိုက်တော့၊ မေ့လိုက်တော့၊ လူတိုင်းမှာ ကိုယ့်ရည်ရွယ်ချက်နဲ့ကိုယ် ရှိကြတာပဲ"

ချုန်းချီကဲ့သို့သော နတ်သားရဲတစ်ကောင်မှာ ရန်ကိုင်၏ စီးတော်သားရဲ လုပ်နေခြင်းသည် နတ်သားရဲများအတွက် အရှက်ရစရာ ဖြစ်သည်ဟု တွေးနေသည့်အလား ကျုလဲ့မှာ စိတ်ပျက်နေသည့် အမူအရာဖြင့် ခေါင်းတခါခါ လုပ်နေခဲ့လေသည်။

ထို့နောက်တွင် ရန်ကိုင်ကို ကြည့်၍... "မင်းကျုချင်းကို အဖော်ပြုမပေးဘဲနဲ့ ဒီမှာ ဘာလာလုပ်နေတာလဲ"

ရန်ကိုင်က နှာခေါင်းရှုံ့လျက်... "ကျုချင်းက အခု မင်းကလန်က အခြားမိန်းမသုံးယောက်နဲ့ ရှိနေတာ၊ ငါက အဲဒီကို ဘယ်လိုလုပ်ပြီး သွားရဲမှာလဲ"

နဂါးကလန်တွင် စုစုပေါင်း အမျိုးသမီး ခုနစ်ဦး ရှိသည်။ ကျုချင်း၊ ဖုကျွင်းနှင့် ဖုရွှမ်းတို့ကို ဖယ်လိုက်လျှင် လေးဦးသာ ကျန်တော့သည်။ ဖုလင်မှာ ဝင်ပေါက်အား ကြည့်နေရသည့်အတွက်ကြောင့် စိတ်ရှိတိုင်း သွား၍မရလေရာ အမျိုးသမီးသုံးဦးသာ ကျန်ရစ်တော့သည်။ ထိုသုံးဦးအနက် တစ်ဦးမှာ ကျုကလန်မှ ဖြစ်ပြီး ကျန်နှစ်ဦးမှာ ဖုကလန်မှ ဖြစ်သည်။

လွန်ခဲ့သည့် ရက်များအတွင်း ထိုသုံးဦးမှာ ကျုချင်းဆီသို့ နေ့စဉ်နှင့်အမျှ လာရောက်လည်ပတ်လေ၏။ မနက်ပိုင်းတွင် ရောက်လာပြီး ညအခါမှသာ ပြန်လေ့ရှိသည်။ သူတို့၏ ရည်ရွယ်ချက်မှာတော့ အသိအသာကြီးပင်။

ရန်ကိုင်မှာလည်း ပထမဦးဆုံးနေ့တွင်တော့ ထိုအမျိုးသမီးများကို တစ်ကြိမ် မြင်လိုက်သည်။ ထိုအချိန်မှစ၍ ကျုချင်းသည် အကြောင်းပြချက်ပေးကာ ရန်ကိုင်အား မောင်းထုတ်လိုက်တော့၏။

တကယ့်တကယ်ဆိုလျှင် ရန်ကိုင်မှာ ထိုအမျိုးသမီး သုံးဦးအပေါ် အတော်လေးကိုမှ အမြင်ကောင်း ရှိပေသည်။ ထိုသုံးဦးမှာ ဖုလင်ကဲ့သို့ ပရောပရည် လုပ်လေ့မရှိ။ ထိုအစား ရန်ကိုင်ကို ကြည့်နေစဉ် ရှက်ပင် ရှက်နေကြသည်။ ကျုချင်းနှင့် တွေ့သည့်အခါတွင်လည်း သူတို့ စိတ်ထဲ သိပ်၍ အပြစ်မကင်းသလို ပုံစံမျိုး ပေါက်နေလေ၏။

ထိုအမျိုးသမီး သုံးဦး ဤနေရာသို့ ရောက်လာရခြင်းမှာ ကျုယန်မှ လာခိုင်းလိုက်သည့်အတွက်ကြောင့် ဖြစ်မည်ဟုပင် ရန်ကိုင် ထင်နေမိသည်။ ရန်ကိုင်သည် ထိုအမျိုးသမီးများ၏ သွေးမျိုးဆက်ကို သန့်စင်အောင် ကူညီပေးနိုင်ပါသော်ငြား နဂါးကလန်သားများ၏ မာနတရားအရ သူတို့အနေဖြင့် ပထမအကြီးအကဲကသာ အမိန့်ပေးမလာလျှင် ယခုကဲ့သို့ အလုပ်မျိုးကို လုပ်လိမ့်မည် မဟုတ်ပေ။

ဖုလင်အနေဖြင့် အတော်လေးကိုမှ ရဲတင်းနေရခြင်းမှာ ရန်ကိုင်နှင့် တစ်ကြိမ်မက တွေ့ခဲ့ပြီး ဖြစ်သည့်အတွက်ကြောင့် ရန်ကိုင်နှင့် အတော်လေး ရင်းနှီးနေသည့်အတွက်ကြောင့်ပင် ဖြစ်လေသည်။

ရန်ကိုင်၏ ရှင်းပြချက်ကို ကြားပြီးသည့်နောက် ဘာတွေဖြစ်နေသလဲ ဆိုသည်ကို ကျုလဲ့ နားလည်သွားတော့သည်။ ထို့နောက် ရန်ကိုင်အား မကျေမနပ်ဖြင့်သာ စိုက်ကြည့်နေတော့လေ၏။

သူ့ယောက်ဖလေးသည်ပင်လျှင် သူ့အပေါ် မနာလိုနေလေရာ အခြားသော နဂါးအထီးများသာဆိုလျှင် ပြောနေစရာပင် မလိုတော့ပေ။ လက်ရှိအချိန်တွင်တော့ ထိုနဂါးများမှာ ရန်ကိုင်အား အရှင်လတ်လတ် အရေခွံဆုတ်ချင်နေလောက်ပေသည်။ ရန်ကိုင်၏ ရွှေနဂါးအမြုတေ စွမ်းအားကို ကြောက်နေရသည့်အတွက်ကြောင့်သာ မဟုတ်ပါက အကုန်လုံးမှာ ရန်ကိုင်ဆီသို့ ပြေးလာပြီး ရန်ကိုင်နှင့် သူသေကိုယ်သေ တိုက်ခိုက်နေကြလောက်ပြီ။

တစ်ခဏမျှ တိတ်ဆိတ်နေပြီးသည့်နောက် ကျုလဲ့က မေးလိုက်လေ၏။ "ဒုတိယအကြီးအကဲက ကမ်းလှမ်းချက်တစ်ခု ပေးလိုက်တယ်ဆို"

ရန်ကိုင်က ပြန်မေးလိုက်သည်။ "မင်းလည်း အဲဒီအကြောင်းကို ကြားတာလား"

ကျုလဲ့က ပြန်ပြောလိုက်သည်။ "နဂါးကလန်က ဒီလောက်ကြီး ကြီးတာမှ မဟုတ်တာ၊ ပြီးတော့ နဂါးကလန်သား အရေအတွက်ကလည်း နည်းနည်းလေး၊ ဒီတော့ သတင်းတစ်ခုခုသာ ရှိမယ်ဆိုရင် တစ်ခဏလေးအတွင်း အကုန်ပြန့်သွားမှာပဲ၊ ဒုတိယအကြီးအကဲက မင်းလုပ်ခဲ့တဲ့ ဆုံးရှုံးမှုတွေအတွက် ပြန်လျော်ပေးရမယ်ဆို"

ရန်ကိုင်က ခေါင်းညိတ်လိုက်သည်။ "အဲဒီလိုတော့ ပြောတာပဲ"

ကျုလဲ့က မေးလိုက်၏။ "အဲဒါဆို မင်းဘာလို့ အဖြေကို မြန်မြန်မစဉ်းစားတာလဲ၊ သူ့ဘက်က ပြောပြီးသွားပြီလေ၊ မင်းဘက်က သူပြောတာကို လုပ်ပေးရရုံပဲဟာကို၊ အဲဒါဆို မင်းအေးဆေး ကျုချင်းနဲ့လည်း ထွက်သွားလို့ရပြီ၊ ထပ်ပြီးတော့လည်း ခွဲနေရတော့မှာ မဟုတ်ဘူး"

ရန်ကိုင်က လှောင်ပြုံးပြုံးလျက်... "နဂါးကလန် ဆုံးရှုံးသွားတာတွေကို ငါက ဘာဖြစ်လို့ အလျော်ပြန်ပေးရမှာလဲ၊ ငါနဲ့လည်း ဘာမှဆိုင်တာမှ မဟုတ်တာ"

ကျုလဲ့က ဖြည်းဖြည်းချင်း ပြောလိုက်၏။ "နဂါးသွေးပန်းတွေလေ"

ရန်ကိုင်၏ မျက်နှာကြီး မဲ့သွားခဲ့၏။ "မင်းကို ဒီကိုလာဖို့ ပြောလိုက်တာ ပထမအကြီးအကဲမလား"

ရန်ကိုင်၏ ထိုအမေးကို ကြားသော် ကျုလဲ့သည် အခြားတစ်နေရာသို့ လှည့်သွား၍ ပြန်ပြောလိုက်သည်။ "ဘယ်သူ လာခိုင်းခိုင်း အရေးမကြီးဘူး၊ ကြည့်ရတာ ဒုတိယအကြီးအကဲရဲ့ တောင်းဆိုချက်ကို မင်းဖြည့်ဆည်းပေးနိုင်တဲ့ပုံပဲ"

"ငါလုပ်နိုင်တယ်လို့ မင်းထင်တယ်ပေါ့" ရန်ကိုင်က အော်ရယ်မော၍... "ငါနဂါးသွေးပန်း ဘယ်လောက် ခူးသွားလဲဆိုတာကို မင်းသိလား"

"ထိပ်တန်းအဆင့်က နှစ်ပွင့်၊ အဆင့်မြင့်က အပွင့်သုံးဆယ်၊ အလယ်အလတ်အဆင့်က အပွင့်နှစ်ရာနဲ့ အဆင့်နိမ့်ကတော့ အများကြီးပေါ့၊ စုစုပေါင်း တစ်ထောင်လောက်တော့ ရှိမယ်"

"မင်းတော်တော် သိထားတာပဲ" ရန်ကိုင် အံ့အားသင့်သွားခဲ့လေသည်။ ကျုလဲ့ သူ့အား ပြောပြသွားသည့် ပမာဏမှာ ရန်ကိုင် စဉ်းစားထားသည့် ပမာဏနှင့် အတူတူလောက် ရှိပေသည်။ ခေါင်းတစ်ချက် ညိတ်ပြလိုက်ပြီးသည့်နောက် ရန်ကိုင်က ပြန်ပြောလိုက်သည်။ "အဲဒါဆိုရင် ငါ့မှာ နဂါးသွေးပန်း ဘယ်လောက်ကျန်သေးလဲ မင်းသိလား"

ကျုလဲ့က ခေါင်းခါပြလိုက်၏။

ရန်ကိုင်က ပြန်ပြောလိုက်သည်။ "ငါ့မှာရှိတဲ့ ထိပ်တန်းအဆင့်၊ အဆင့်မြင့်နဲ့ အလယ်အလတ်အဆင့် နဂါးသွေးပန်းတွေ အကုန်လုံး သုံးလို့ ကုန်သွားပြီ၊ အခု ကျန်ခဲ့တာ အဆင့်နိမ့်တွေပဲ ရှိတော့တယ်၊ အဲဒီအဆင့်နိမ့်တွေကို ပြန်ပေးမယ်ဆိုရင်တောင် ဘယ်လိုလုပ်ပြီး ဆုံးရှုံးသွားတာတွေ အကုန်လုံးကို ပြန်ပြီးတော့ ဖာထေးနိုင်မှာလဲ၊ ပြီးတော့ ငါက နဂါးသွေးပန်းတွေကိုလည်း ထုတ်ပေးနိုင်တာ မဟုတ်ဘူး"

ကျုလဲ့က ဖြည်းဖြည်းချင်း ပြန်ပြောလိုက်သည်။ "နဂါးသွေးပန်းတွေကို နဂါးသွေးသုံးပြီးတော့ ပျိုးထောင်ရတာ၊ နဂါးသွေးက ပိုပြီး သန့်စင်လေ ပန်းအရည်အသွေးက ပိုပြီး အားကောင်းလေပဲ၊ နဂါးကျွန်းပေါ်မှာ ရှိတဲ့ နဂါးသွေးပန်းတွေ အကုန်လုံးနီးပါးကို နဂါးနွယ်ဖွားတွေရဲ့ သွေးကို သုံးပြီးတော့ပဲ ပျိုးထောင်ထားတာ၊ ဒီတော့ အရည်အသွေးက သိပ်မကောင်းဘူး၊ ပြောရရင်တော့ အဲဒီနဂါးသွေးပန်း တစ်ပွင့်တစ်ပွင့် လုံးဝအပြည့်အဝ ပွင့်လန်းလာဖို့ အချိန်ယူရတယ်ပေါ့၊ ဒါပေမဲ့ မင်းသာ ဒီအလုပ်ကို တကယ်လုပ်ချင်စိတ်ရှိတယ်ဆိုရင် မင်းရဲ့ နဂါးသွေးကို သုံးပြီးတော့ အဲဒီ နဂါးသွေးပန်းတွေကို ပျိုးထောင်လို့ရတယ်၊ မင်းသွေးနဲ့ဆိုရင်တော့ တော်တော်လေး အံ့ဩဖို့ ကောင်းသွားမှာပေါ့"

ထိုစကားကို ကြားသော် ရန်ကိုင်မှာ နှာခေါင်းရှုံ့လိုက်ပြီး ပြန်ငြင်းရန် လုပ်လိုက်လေသည်။ သို့ပါသော်ငြား သေချာ စဉ်းစားကြည့်လိုက်ပြီးသည့်နောက် ကျုလဲ့ ပြောသည်မှာ မှန်ကန်နေကြောင်း တွေ့လိုက်ရသည်။ ထို့နောက်တွင် မေးစေ့ကို ပွတ်၍ ထိုင်စဉ်းစားနေပြီးသည့်နောက် ရန်ကိုင်က ပြန်မေးလိုက်သည်။ "ငါတကယ်ကြီး အလယ်အလတ်အဆင့်နဲ့ အဆင့်မြင့် နဂါးသွေးပန်းတွေကို ပျိုးထောင်နိုင်မယ်လို့ မင်းထင်နေတာလား"

ကျုလဲ့က ပြန်ပြောလိုက်သည်။ "မကြိုးစားသေးဘဲနဲ့ ဘယ်လိုလုပ်ပြီး သိရမှာလဲ၊ ဒုတိယအကြီးအကဲက မင်း သူတောင်းဆိုတာကိုသာ ဖြည့်ဆည်းပေးနိုင်မယ်ဆိုရင် မင်းကို ကျုချင်းနဲ့ ထွက်သွားခွင့်ပေးမယ်လို့ ပြောပြီးသွားပြီလေ၊ ပြီးတော့ မင်းကို နဂါးကျောင်းတော်ထဲကိုလည်း ဝင်ခွင့်ပေးမယ်တဲ့"

ထိုစကားကို ကြားလိုက်သော် ရန်ကိုင်မှာ သူ့ကိုယ်သူ နဂါးကျောင်းတော်ထဲသို့ ဝင်နေစဉ် ဖုကျွင်းမှ သူ့အား မှုန်ကုပ်ကုပ် အမူအရာဖြင့် ရပ်ကြည့်နေသည်ကို ရန်ကိုင် မြင်ယောင်မိသွားခဲ့သည်။

ထိုအကြောင်းကို တွေးလိုက်ရုံဖြင့် ရန်ကိုင်မှာ ဝမ်းသာအားရ ဖြစ်လာပြီး ပြန်မေးလိုက်လေ၏။ "သူက သူ့စကားသူ တည်မှာမလို့လား"

ကျုလဲ့က သက်ပြင်းချလျက်... "ဒုတိယအကြီးအကဲက သူတကယ် လုပ်မပေးဘူးဆိုရင် ဘယ်တော့မှ ပြောလေ့မရှိဘူး"

ထိုစကားကို ကြားသော် ရန်ကိုင်မှာ စိတ်ဝင်စားသွားခဲ့ပြီး အတွေးနက်နေသည့် အမူအရာဖြင့် ကမ်းခြေထက် ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်တော့လေသည်။

ရန်ကိုင်သည် လက်ခုပ်ကောက်တီးလိုက်ရင်းမှ... "ကောင်းပြီလေ၊ အဲဒါဆိုရင်လည်း လုပ်ရတာပေါ့၊ နဂါးသွေးပန်း နည်းနည်းလောက်ကို ငါမပျိုးထောင်နိုင်ဘူးဆိုတာ မယုံဘူး"

ကျုလဲ့က ပြန်ပြောလိုက်သည်။ "အဲဒါဆိုရင်တော့ မင်း အဆင်ပြေပါစေလို့ပဲ ဆုတောင်းပေးလိုက်ပါတယ်"

ရန်ကိုင်က ပြုံးဖြီး၍... "ကောင်းပြီ၊ ပထမအကြီးအကဲကို သွားပြန်ပြောလိုက်၊ ငါသူတို့ ဆုံးရှုံးခဲ့တာတွေကို ပြန်အလျော်အစား ပေးမယ်လို့၊ ဒီတော့ သူစိတ်ပူနေစရာ မလိုဘူးလို့၊ ပြီးတော့ ဘာပဲဖြစ်ဖြစ် ငါနဂါးကလန်သား တစ်ယောက်ကို လက်ထပ်ထားတာဆိုတော့ ငါက နဂါးကျွန်းရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်နေပြီ"

ထိုစကားကို ကြားသော် ကျုလဲ့၏ မျက်နှာကြီး မဲ့သွားပြန်လေ၏။ ထို့နောက် ပြန်၍ ပြောလိုက်သည်။ "ငါဒီအတိုင်း ပြောလိုက်ရုံပဲ၊ ပထမအကြီးအကဲနဲ့ ဘာမှမဆိုင်ဘူး"

ရန်ကိုင်သည် ကျုလဲ့ကို ကြည့်၍... "ပထမအကြီးအကဲကသာ မင်းကို မခိုင်းရင် မင်းဘာသာမင်း ဒီအထိလာပြီးတော့ ဒီအကြောင်းတွေကို လာပြောမယ်လို့ ထင်တယ်ပေါ့"

ကျုလဲ့မှာ သူ့ကိုယ်သူ ပြန်လည်ခုခံကာကွယ် ပြောဆိုချင်ပါသော်ငြား နောက်ဆုံးတွင်တော့ ခေါင်းညိတ်၍သာ ပြန်ပြောလိုက်သည်။ "ကောင်းပြီ"

သုံး၍ရသော နဂါးသွေးပန်း အားလုံးကို ရန်ကိုင်မှ ယူဆောင်သွားသည့်အတွက်ကြောင့် နဂါးများမှာ နောက်နှစ်တစ်ထောင်အတွင်း သူတို့၏ မျိုးဆက်အား မည်သည့်နည်းနှင့်မျှ တိုးတက်အောင် လုပ်နိုင်ခြင်း မရှိတော့ပေ။ ယခုဆိုလျှင် ထိုပြဿနာကို ဖြေရှင်းနိုင်မည့် နည်းလမ်းနှစ်ခုသာ ရှိတော့သည်။ တစ်ခုမှာ ရန်ကိုင်မှ နဂါးသွေးပန်းများကို ပျိုးထောင်ပေး၍ သူတို့ ဆုံးရှုံးသွားခဲ့သည်များကို ပြန်လည် အလျော်အစားပေးခြင်းနှင့် ဒုတိယတစ်ခုမှာ ရန်ကိုင်မှ နဂါးကလန်မှ နဂါးမများ၏ သွေးမျိုးဆက်ကို မြှင့်တင်ပေးခြင်း ဖြစ်ပေသည်။

ကျုလဲ့မှာလည်း ရန်ကိုင်အား ပထမတစ်ခုကိုသာ ရွေးစေချင်မိသည်။ ထိုအကြောင်းကြောင့်ပင်လျှင် ပထမအကြီးအကဲ၏ အမိန့်အတိုင်း ရန်ကိုင်အား လာရောက်ဖျောင်းဖျခြင်း ဖြစ်လေ၏။

All Chapters