← Chapters

အခန်း (၃၃၃၇-၃၃၄၀)

Vol. 146 Ch. 3337-3340

အခန်း (၃၃၃၇-၃၃၄၀)

Vol. 146 Ch. 3337-3340

အပိုင်း (၃၃၃၇)

ဘာသာပြန်သူ_တိမ်တိုက်

ရန်ကိုင်မှာ နဂါးသွေးပန်းများကို စတင်ပျိုးထောင်ရန် ဆုံးဖြတ်လိုက်တော့သည်။ ကျုချင်းအား ထိုအကြောင်း ပြောလိုက်သည့်နောက်တွင် ကျုချင်းမှာ ဝမ်းသာသွားခဲ့၏။ တစ်ချိန်တည်း၌လည်း စိတ်ပူသွားခဲ့ရပြန်လေသည်။

ဝမ်းသာသွားရသည့် အကြောင်းအရင်းမှာတော့ ရန်ကိုင်သည်သာ ဖုကျွင်း၏တောင်းဆိုချက်ကို ဖြည့်ဆည်းပေးနိုင်မည်ဆိုလျှင် နဂါးကလန်အနေဖြင့် ရန်ကိုင်အား အကြပ်ရိုက်အောင် လုပ်နိုင်မည့်အကြောင်းအရင်း မရှိတော့သည့်အတွက်ကြောင့်ပင်။ ဖုကျွင်းသည်လည်း ရန်ကိုင် နဂါးကျောင်းတော်ထဲသို့ဝင်မည်ကို တားဆီးနိုင်တော့လိမ့်မည်မဟုတ်ပေ။

စိတ်ပူသွားရခြင်းမှာတော့ ထိုကဲ့သို့လုပ်ခြင်းသည် ရန်ကိုင်၏ခန္ဓာကိုယ်အတွက် အတော်လေးကိုမှ ဝန်ပိမည်ကို စိုးရိမ်သည့်အတွက်ကြောင့်ပင်။ နဂါးသွေးပန်းများကို ပျိုးထောင်ရမည်ဖြစ်သည့်အတွက်ကြောင့် ရန်ကိုင်၏ကိုယ်ထဲမှ သွေးများစွာကို ထုတ်ယူရပေလိမ့်မည်။ ရန်ကိုင်၏ကျင့်ကြံခြင်းမှာ အတော်လေးကိုမှ မြင့်ပါသော်ငြား နဂါးသွေးပန်းပေါင်းများစွာကို စိုက်ပျိုးဖို့ရာ မြောက်မြားလှစွာသောသွေးများကို လိုအပ်ပေလိမ့်မည်။

ထိုအကြောင်းကြောင့် ရန်ကိုင်အား ထိုသို့မလုပ်ရန်ပင် ပြောခဲ့သည်။ သို့ပါသော်ငြား ရန်ကိုင်ကမူ နဂါးကလန်၏ ဆုံးရှုံးမှုများကို လျော်ကြေးပေးရန် ဆုံးဖြတ်ထားပြီးဖြစ်လေရာ နဂါးသွေးပန်းများကို ပျိုးထောင်ရန် ဆုံးဖြတ်ထားပြီးလေပြီ။ ဖျောင်းဖျသည်မှာလည်း အချည်းအနှီးသာဖြစ်ကြောင်း သဘောပေါက်သွားသည့်နောက် ကျုချင်းအား ရန်ကိုင်အား လုပ်ချင်သည်ကို လုပ်ခွင့်ပေးထားလိုက်တော့လေသည်။ သို့ပင်ဖြစ်လင့်ကစား ညတိုင်းတွင်တော့ ရန်ကိုင်ကို အတတ်နိုင်ဆုံး ပျော်အောင်ထားပေးလေရာ ရန်ကိုင်မှာလည်း အတော်လေးကိုမှ ကျေနပ်ပီတိ ဖြစ်နေမိသည်။

နောက်တစ်နေ့မနက်တွင် ရန်ကိုင်သည် နဂါးသွေးပန်းများ စိုက်ပျိုးထားရာကျွန်းဆီသို့ ပျံသန်းသွားလေ၏။ ကျုချင်းမှာ ရန်ကိုင်နှင့်အတူ လိုက်သွားချင်ခဲ့ပါသော်ငြား ရန်ကိုင်ကမူ တားထားခဲ့သည်။

နဂါးသွေးပန်းများကို စိုက်ပျိုးရာတွင် သူ့သွေးများကို အဆက်မပြတ် ထုတ်ယူနေရမည် ဖြစ်သည့်အတွက်ကြောင့် ကျုချင်းသည်သာ ထိုမြင်ကွင်းအား မြင်နေရမည်ဆိုလျှင် စိတ်ပျော်နိုင်တော့လိမ့်မည်မဟုတ်ပေ။ ထိုအကြောင်းကြောင့် ကျုချင်းကို သူနှင့်အတူ ခေါ်မလာခဲ့ခြင်း ဖြစ်သည်။

ရန်ကိုင်မှာ ထိုကျွန်းဆီသို့ မည်ကဲ့သို့သွားရမလဲဆိုသည်ကို သိနေပေသည်။ တကယ်တော့ ယခင်က ဖုလင်သည် သူ့အား ထိုနေရာသို့ လိုက်ပို့ပေးခဲ့သည် မဟုတ်ပေလော။

သို့ပါသော်ငြား ယခုတစ်ကြိမ်တွင်တော့ ဖုလင်မှာ သူ့အား လိုက်မပို့ပေးဘဲ ထို့အစား နဂါးကလန်မှ အဆင့်ခြောက်နဂါးစိမ်းတစ်ကောင်ဖြစ်သော ဖုချီအား စေလွှတ်ထားခဲ့လေသည်။

ယခင်က ဖုချီသည် နဂါးတစ်ပိုင်းမြို့တော်ဆီသို့ လာပြီး ရာနှင့်ချီသော နဂါးနွယ်ဖွားများကို မာနတကြီးအမူအယာဖြင့် ခေါ်ဆောင်သွားခဲ့သည်။ ယခုတစ်ကြိမ်တွင်တော့ ဖုချီမှာ ယခင်ကကဲ့သို့ မောက်မာမနေတော့ဘဲ ကမ်းခြေပေါ်တွင် အချိန်အတန်ကြာအောင် စိတ်ရှည်ရှည်ဖြင့် ရပ်စောင့်နေခဲ့၏။

ရန်ကိုင်ပျံသန်းလာသည်ကိုမြင်သည့်အခါ ဖုချီသည် ရန်ကိုင်ဆီသို့ ရောက်လာပြီး ပြုံး၍ နှုတ်ဆက်လိုက်လေသည်။ “အစ်ကိုရန်…”

ရန်ကိုင်သည် ဖုချီအားကြည့်၍ ပြုံးကာ ပြန်ပြောလိုက်သည်။ “ဖုချီမလား… မင်း ဘာဖြစ်လို့ ဒီကိုရောက်နေတာလဲ…”

ဖုချီက ပြန်ပြောလိုက်သည်။ “နဂါးသွေးပန်းကျွန်းကို စောင့်ရှောက်ဖို့အတွက် အကြီးအကဲတွေဆီက အမိန့်ရထားတာလေ… ဒါကြောင့် အစ်ကိုရန်ကို ဒီမှာလာစောင့်နေတာ…” တစ်ချက်မျှရပ်ပြီးသည့်နောက် ဆက်၍ပြောလိုက်လေ၏။ “အစ်ကိုရန် နဂါးသွေးပန်းတွေကို စိုက်ပျိုးဖို့လုပ်နေတယ်လို့ ကျုပ်ကြားတယ်…”

ရန်ကိုင်က ရှက်ရှက်ဖြင့် ပြန်၍ပြောလိုက်သည်။ “ဟုတ်တယ်…”

ရုတ်တရက် ရန်ကိုင်မှာ သူ့ဆုံးဖြတ်ချက်နှင့်ပတ်သက်၍ နောင်တပင် ရချင်လာခဲ့လေသည်။ ယခင်က နဂါးသွေးပန်းများကို ခိုးသွားခဲ့သည့်လူမှာ သူဖြစ်ပါသော်ငြား ယခုတွင်မူ ထိုခိုးသွားသည့်အရာများအားလုံးကို ပြန်ပေးနေရလေပြီ။ သူ့လုပ်ရပ်မှာ ကိုယ့်ခြေထောက်ပေါ်ကိုယ် ကျောက်တုံးဖြင့် ပစ်ချလိုက်ခြင်းနှင့်ပင် တူနေပေသည်။ နဂါးကလန်ပိုင်ဆိုင်သော နဂါးသွေးပန်းများကို ခိုးယူရသည်မှာ အတော်လေးကိုမှ ပျော်ရွှင်ဖွယ်ကောင်းလှပါသော်ငြား ယနေ့တွင် သူခိုးယူသွားသည့်ပန်းအားလုံးကို ပြန်ပေးရလိမ့်မည်ဟုတော့ မထင်ထားခဲ့ပေ။

သို့ပါသော်ငြား ကတိပေးပြီးသွားပြီ ဖြစ်သည့်အတွက်ကြောင့် ကိုယ့်ကတိကိုယ် ပြန်ရုတ်သိမ်း၍မရတော့။ ကိုယ့်ကတိကိုယ် ပြန်ရုတ်သိမ်းလိုက်ခြင်းသည် ကိုယ့်မျက်နှာကိုယ် ဖြတ်ရိုက်လိုက်ခြင်းသာ ဖြစ်ပေသည်။ နောက်ဆုံးရလဒ် မည်သို့ပင်ဖြစ်နေစေကာမူ အနည်းဆုံးတော့ ကြိုးစားကြည့်ရပေလိမ့်မည်။ အဆုံးတွင်မှ မလုပ်နိုင်ဘူးဆိုလျှင်တော့ ရန်ကိုင်အဖို့ သူလုပ်နိုင်သည့်အရာလည်း ဘာမှရှိတော့လိမ့်မည်မဟုတ်။

ဖုချီမှာ စိတ်အားတက်ကြွလာခဲ့ပြီး ပြောလိုက်လေသည်။ “အစ်ကိုရန်က တကယ်ကို ရိုးသားဖြောင့်မတ်တဲ့လူပဲ… ကျုပ်ကလန်က ညီအစ်ကိုမောင်နှမတွေကိုယ်စား အစ်ကိုရန်ကို ကျေးဇူးအများကြီးတင်ပါတယ်…” နဂါးကလန်ထဲတွင် ဖုချီ၏အဆင့်အတန်းမှာ နိမ့်ကျသည့်အထဲ ပါပေသည်။ တကယ်တော့ သူသည် အဆင့်ခြောက်နဂါးသွေးကြောကိုသာ ပိုင်ဆိုင်ထားသည်မဟုတ်ပေလော။ ထို့အတွက်ကြောင့် နဂါးသွေးပန်းများကို အသုံးပြုခြင်းသည် သူ့အတွက် အလွန်ကိုမှ အကျိုးရှိလှပေသည်။ ယခင်က ရန်ကိုင်မှ နဂါးသွေးပန်းအားလုံးကို ခိုးယူသွားကြောင်း ကြားလိုက်ရစဉ် ဖုချီမှာ ရန်ကိုင်အပေါ် အလွန်ကိုမှ အခဲမကြေဖြစ်ခဲ့သည်။ သူ့ကဲ့သို့သော အဆင့်ခြောက်နဂါးတစ်ကောင်အတွက် နဂါးသွေးပန်းများ၏ အကူအညီမပါပဲ သွေးမျိုးဆက်ကို သန့်စင်ဖို့ရာမှာ အလွန်ကိုမှ ခက်ခဲလွန်းလှပေသည်။ သူ့သွေးမျိုးဆက်သည် အချိန်တန်လာသည့်အလျောက် တဖြည်းဖြည်း သန့်စင်သွားလိမ့်မည်ဖြစ်ပါသော်ငြား ထိုသို့ဖြစ်လာဖို့ရာ နှစ်ပေါင်း ထောင်နှင့်ချီကာ ကြာမြင့်သွားနိုင်ပေသည်။ နဂါးတစ်ကောင်အတွက်ပင်လျှင် ထိုအချိန်ကာလသည် အတော်လေးကိုမှ ရှည်လျားလွန်းလှ၏။

ထိုအကြောင်းကြောင့် ရန်ကိုင်မှ နဂါးသွေးပန်းများကို ပြန်လည်စိုက်ပျိုးပေးမည်ဆိုသည့်အကြောင်း ကြားလိုက်ရသည့်အခါ ဖုချီမှာ အလွန်ကိုမှ ပျော်သွားခဲ့သည်။ ရန်ကိုင်သည်သာ နဂါးသွေးပန်းများကို ပုံမှန်အတိုင်း ပြန်ဖြစ်အောင် လုပ်ပေးနိုင်သရွေ့ သူတို့ကြားရှိ ရန်ငြိုးရန်စမှာ ဘာမှမပြောပလောက်တော့ပေ။

ရန်ကိုင်က လက်မြှောက်၍ “အောင်မြင်မယ်လို့တော့ အာမ မခံနိုင်ဘူး… ဒါပေမယ့် အတတ်နိုင်ဆုံး ကြိုးစားပေးမယ်…”

ဖုချီက ပြောလိုက်၏။ “နဂါးတစ်ပိုင်းမြို့တော်ထဲမှာရှိနေတဲ့ နဂါးနွယ်ဖွားတွေအကုန်လုံးကို အစ်ကိုရန်စိတ်ကြိုက် ခိုင်းလို့ရတယ်လို့ ပထမအကြီးအကဲက ပြောထားတယ်… အစ်ကိုရန် သူတို့ကို လိုတယ်ဆိုရင် ကျုပ် အခုချက်ချင်း သွားခေါ်ပေးမယ်…”

“ငါ ဘာဖြစ်လို့ သူတို့ကိုလိုရမှာလဲ…” ရန်ကိုင် မျက်နှာမဲ့လိုက်လေသည်။ ပုံမှန်အားဖြင့် နဂါးသွေးကျွန်းပေါ်ရှိ နဂါးသွေးပန်းများကို နဂါးတစ်ပိုင်းမြို့တော်ထဲတွင် ရှိနေသော နဂါးနွယ်ဖွားများ၏ သွေးကို သုံးကာ စိုက်ပျိုးလာခဲ့ခြင်း ဖြစ်သည်။ ထိုကဲ့သို့လုပ်ခြင်းသည် နဂါးသွေးပန်းများကို စိုက်ပျိုးနိုင်ပါသော်ငြား ထိုနည်းလမ်းဖြင့် ရလာသည့် နဂါးသွေးပန်းများ၏ အရည်အသွေးမှာ အတော်လေးကိုမှ နိမ့်ကျလှသည်။ ထို့အပြင် နဂါးသွေးပန်းများ အပြည့်အဝပွင့်လန်းလာဖို့ရာမှာလည်း အလွန်ကိုမှ အချိန်ကြာပေသည်။ ရန်ကိုင်သည်သာ ထိုနည်းလမ်းကိုသုံးမည်ဆိုလျှင် နဂါးသွေးပန်းများကို မူလပုံစံအတိုင်း ပြန်ဖြစ်အောင် လုပ်ပေးနိုင်ပါသော်ငြား အလွန်ကိုမှ အချိန်ကြာပေလိမ့်မည်။

ရန်ကိုင်သည် ဘေးပတ်ဝန်းကျင်အား ကျီးကန်းတောင်းမှောက်လှည့်ပတ်ကြည့်ရင်းမှ မေးလိုက်လေ၏။ “နဂါးကလန်သားတွေအကုန်လုံး ငါအမိန့်ပေးခိုင်းစေလို့ ရတယ်လို့ ပထမအကြီးအကဲပြောသေးလား…”

ဖုချီက အထိတ်ထိတ်အလန့်လန့်ဖြင့် “အစ်ကိုရန်… ခင်ဗျား…”

ရန်ကိုင်က ပြောလိုက်လေသည်။ “နဂါးသွေးပန်းကို စိုက်ပျိုးဖို့အတွက် နဂါးသွေးပန်းကို လိုတယ်ဆိုမှတော့ သွေးသန့်နဂါးတွေရဲ့ သွေးက ပိုပြီးတော့ ကောင်းတာပေါ့ကွ… မင်းကြည့်ရတာ တော်တော်လေး စိတ်ဓာတ်တက်ကြွနေတဲ့ပုံပဲ… ဒီတော့ မင်းဆီကနေ သွေးနည်းနည်းလောက်ယူရင် ကိစ္စမရှိဘူးထင်တယ်… စကြမလား…”

ထိုစကားကိုကြားသော် ဖုချီ ပျာယာခတ်သွားခဲ့ပြီး နောက်သို့ ဆုတ်သွားရင်းမှ အထိတ်တလန့်အမူအယာဖြင့် လက်ကို ကမန်းကတန်းဝှေ့ယမ်းလျက် “မရဘူး… အဲ့လိုမျိုးလုပ်လို့မရဘူး…”

“ဘာဖြစ်လို့လဲ…”

ပျာယာခတ်နေသည့်ဖုချီက ရှင်းပြလိုက်လေသည်။ “ကျုပ်တို့ နဂါးသွေးပန်းကို စားရတဲ့အကြောင်းအရင်းက သွေးမျိုးဆက်ကို သန့်စင်ပြီး တိုးတက်အောင် လုပ်ချင်လို့ပဲ… ကျုပ်တို့သွေးကိုသာ ဒီပန်းပင်တွေစိုက်ပျိုးဖို့အတွက် ဖောက်ထုတ်ရမယ်ဆိုရင် ကျုပ်တို့သွေးမျိုးဆက် မတိုးတက်လာတဲ့အပြင် ပြန်ပြီးတော့တောင် ယုတ်လျော့သွားနိုင်တယ်…”

“တကယ်ကြီးလား…” ရန်ကိုင် ထိတ်လန့်သွားတော့သည်။ ထိုသို့သာဆိုလျှင်တော့ သူသည်သာ သူ့သွေးများကို ဖောက်ထုတ်လိုက်မည်ဆိုပါက သူ့သွေးမျိုးဆက် လျော့ကျသွားနိုင်ပေသည်။ ယခု နဂါးအသွင်ပြောင်းလဲခြင်းပညာရပ်ကို အသုံးပြုသည့်အခါ မီတာသုံးရာခန့်အမြင့်ရှိသော နဂါးတစ်ပိုင်းအသွင်သို့ ပြောင်းလဲနိုင်ပါသော်ငြား သူ့သွေးမျိုးဆက် ယုတ်လျော့သွားသည့်နောက်တွင် သူ၏ နဂါးတစ်ပိုင်းအရွယ်အစားမှာလည်း ယခင်ကထက် ပိုမိုသေးငယ်သွားနိုင်ပေသည်။

ထိုအခိုက်အတန့်ဝယ် ရန်ကိုင်မှာ သူ့စကားသူ ပြန်ရုတ်သိမ်းချင်စိတ်များ ပေါက်လာရသည်။ နဂါးကလန်၏ ဆုံးရှုံးမှုများကို အမှန်တကယ် အလျော်ပေးချင်ပါသော်ငြား သူကိုယ်တိုင်ပါ ထိခိုက်ရမည်ဆိုလျှင်တော့ ရန်ကိုင်အနေဖြင့် ထိုသို့မလုပ်ချင်တော့ပေ။

ရန်ကိုင်ဘာစဉ်းစားနေသလဲဆိုသည်ကို သတိပြုမိလိုက်သည့်အလား ဖုချီက ပြောလိုက်လေသည်။ “အစ်ကိုရန်ကတော့ အစ်ကိုရန်ရဲ့သွေးမျိုးဆက်ကို စိတ်ပူစရာမလိုပါဘူး… ပထမအကြီးအကဲပြောတာကတော့ အစ်ကိုရန်က အခြားနဂါးကလန်သားတွေနဲ့ မတူဘူးတဲ့…”

ရန်ကိုင်သည် ဖုချီကိုကြည့်၍ “ပထမအကြီးအကဲက ဘယ်လိုလုပ်ပြီး ဒီလောက်တောင် သေချာနေရတာလဲ…”

ဖုချီက ပြုံး၍ “ပထမအကြီးအကဲကတော့ အဲ့လိုမျိုးပြောသွားတာပဲ… ဘာလို့ အဲ့လိုမျိုးပြောလဲဆိုတာကိုတော့ ကျုပ်လည်းမသိဘူး…”

ထိုအခိုက်အတန့်ဝယ် ရန်ကိုင်မှာ အလွန်ကိုမှ စိတ်ပူနေမိလေသည်။ ကျုရန်အနေဖြင့် ရန်ကိုင်စိတ်မပူစေရန်အတွက် ထိုကဲ့သို့သောစကားမျိုးကို ပြောသည်မှာ အဆန်းတော့မဟုတ်။ ရန်ကိုင်သည် သွေးသန့်နဂါးတစ်ကောင်မှ မဟုတ်လေပဲ။ ထိုအကြောင်းကြောင့် ရန်ကိုင်၏သွေးမျိုးဆက် လျော့ကျသွားခြင်းမှာ နဂါးကလန်နှင့် ဘာမှမဆိုင်ပေ။

ကျုရန်ပုံစံသည် သဘောကောင်းသည့်ပုံ ပေါက်ပါသော်ငြား တကယ့်တကယ်တွင်တော့ သူသည် ဖုကျွင်းကဲ့သို့ပင် ယုံကြည်၍မရသည့် လူစားမျိုးဖြစ်ပေသည်။

ရန်ကိုင်၏အမူအယာ သုန်မှုန်သွားသည်ကိုမြင်သော် အခြေအနေမကောင်းတော့မှန်း ဖုချီသိလိုက်သည်။ ရန်ကိုင်သည်သာ ယခုနေမှ လက်လျှော့သွားလျှင် အကုန်လုံးသွားပေလိမ့်မည်။ ထိုအကြောင်းကြောင့် ဖုချီက ချက်ချင်း ပြောလိုက်လေသည်။ “အစ်ကိုရန်စိတ်ပူနေတယ်ဆိုရင် ဘာဖြစ်လို့ အရင်ဆုံး တစ်ချက်လောက် မကြိုးစားကြည့်တာလဲ… အစ်ကိုရန်ရဲ့သွေးမျိုးဆက် လျော့ကျသွားမှန်း သတိထားမိလိုက်တယ်ဆိုရင် ချက်ချင်းကောက်ရပ်လိုက်လို့ရတာပဲ… အစ်ကိုရန်ရဲ့ခွန်အားနဲ့ဆိုရင် သွေးမျိုးဆက်အနေအထားကို အသာလေးစောင့်ကြည့်လို့ရပါတယ်… ဟုတ်တယ်မလား…”

ထိုစကားကိုကြားသည့်အခါ ရန်ကိုင်၏အမူအယာ မဆိုစလောက်ကလေး ပြောင်းလဲသွားခဲ့ပြီး ခေါင်းညိတ်၍ “ဟုတ်တယ်နော်… ကဲ… ဒါဆို စကြတာပေါ့…”

“အစ်ကိုရန်… ဒီလမ်းအတိုင်းလာခဲ့ပါ…”

ထိုသို့ဖြင့် ရန်ကိုင်တို့နှစ်ဦးမှာ နဂါးသွေးကျွန်းထဲသို့ အတူတကွ ဝင်သွားကြလေသည်။ နဂါးသွေးကျွန်းသည် နဂါးနန်းတော်ထဲရှိ မိုးမြေစွမ်းအင်အသိပ်သည်းဆုံးကျွန်းများအနက် တစ်ကျွန်းဖြစ်ပေသည်။ တကယ်တော့ ဤနေရာသည် နဂါးသွေးပန်းများကို စိုက်ပျိုးသည့်နေရာ ဖြစ်လေရာ မိုးမြေစွမ်းအင်သာ မသိပ်သည်းလျှင် ထိုနဂါးသွေးပန်းများကို မည်ကဲ့သို့များ စိုက်ပျိုးနိုင်ပါမည်နည်း။

နဂါးသွေးကျွန်းတစ်ခုလုံးမှာ ခြောက်ခြားဖွယ်ကောင်းစွာ နီရဲနေခဲ့လေသည်။ မသိလျှင် သွေးလွှမ်းထားသည့်အလား။ သွေးနံ့များလည်း ကျွန်းအနှံ့ ပျံ့နှံ့နေခဲ့လေ၏။ သို့သော်ငြား ထိုသွေးနံ့များမှာ မသတီစရာကောင်းသည့် သွေးနံ့မျိုးမဟုတ်ဘဲ တစ်မျိုးတစ်ဖုံ စွဲမက်ဖွယ်ကောင်းသည့်အနံ့မျိုး ဖြစ်နေသည်။

မတူကွဲပြားသော အစီအရင်များကိုလည်း နေရာအနှံ့တွင် မြင်တွေ့နေရသည်။ ထိုအစီအရင်များသည် နဂါးနွယ်ဖွားများ၏ သွေးအဆီအနှစ်ကို ထုတ်ယူသည့် အစီအရင်များ ဖြစ်ကြပေသည်။ ယခင်က လီကျောက်သည် ဤနေရာသို့ ခေါ်လာခံရပြီးသည့်နောက်တွင် ထိုအစီအရင်များထဲမှ တစ်ခု၏အထဲတွင် ပိတ်လှောင်ခြင်း ခံခဲ့ရသည်။ အစီအရင် အသက်ဝင်လာပြီးသည့်နောက် လီကျောက်ကိုယ်ထဲမှ သွေးအဆီအနှစ်များသည် သူ့အလိုလို စိမ့်ထွက်လာခဲ့ရာ လီကျောက်ကိုယ်တိုင်မှာလည်း သူ့သွေးအဆီအနှစ် စိမ့်ထွက်နေသည်ကို မည်သည့်နည်းနှင့်မျှ တားဆီးနိုင်ခဲ့ခြင်းမရှိချေ။

ကံကောင်းစွာဖြင့် ရန်ကိုင်မှာ လီကျောက်အား အချိန်မီကယ်တင်နိုင်ခဲ့သည်။ ထိုသို့သာမဟုတ်ပါက လီကျောက်၏ကျင့်ကြံခြင်း လျော့ကျသွားရပေလိမ့်မည်။ ထိုသို့သာပြောရပါသော်ငြား အပြန်အလှန်အနေဖြင့် လီကျောက်မှာ နဂါးသွေးပန်းအချို့ ပြန်လည်ရရှိသွားခဲ့ပြီး သူ့ကျင့်ကြံခြင်းကို ပိုမိုတိုးတက်အောင် လုပ်ဆောင်နိုင်ခဲ့သည်။ သူ၏သွေးမျိုးဆက်မှာလည်း ထိုနဂါးသွေးပန်းများကြောင့်ပင် ပိုမိုသန့်စင်လာခဲ့လေရာ လီကျောက်အတွက် ပို၍ပင်မြတ်သွားသည်ဟု ပြော၍ရပေသည်။

ဖုချီသည် ရန်ကိုင်အားကြည့်ရင်းမှ ပြောလိုက်သည်။ “အခု ကျွန်းပေါ်မှာ နဂါးသွေးပန်း တစ်ရာဝန်းကျင်လောက်ပဲ ရှိတော့တယ်… အများစုက သက်တမ်းမရင့်သေးဘူး… သက်တမ်းရင့်တဲ့ဟာတွေက အဆင့်နိမ့်တွေ… ဒီတော့ အစ်ကိုရန်အနေနဲ့ အကုန်လုံးကို ပုံမှန်အတိုင်း ပြန်ဖြစ်စေချင်တယ်ဆိုရင် အတော်လေး ကြိုးစားယူရမှာ…”

သူ့စိတ်ထဲတွင်တော့ ရန်ကိုင်အား သိပ်၍မကျေနပ်ပေ။ သူတို့အား ယခုကဲ့သို့ ထိခိုက်နစ်နာသွားအောင် လုပ်သည့်တရားခံမှာ သူ့ရှေ့တည့်တည့်တွင် ရှိနေပါသော်ငြား အကြီးအကဲကျုရန်ကမူ သူ့အား ရန်ကိုင်အား တက်စွမ်းသလောက်ကူညီပေးရန် ပြောခဲ့လေသည်။

ပထမအကြီးအကဲ ဘာတွေများ တွေးနေလေသနည်း။

ထိုစကားကိုကြားသော် ရန်ကိုင်ခေါင်းညိတ်လိုက်လေသည်။

မရင့်သေးသောနဂါးသွေးပန်းများသည် ကြီးထွားနေဆဲကာလတွင်သာ ရှိနေပေသေးသည်။ ထိုနဂါးသွေးပန်းများကို သွားစား၍လည်း မည်သည့်အကျိုးကျေးဇူးမှ ရှိလိမ့်မည်မဟုတ်။ ပန်းများ အလဟဿ ဖြစ်သွားရုံသာ ရှိပေလိမ့်မည်။ သက်တမ်းရင့်နေပြီဖြစ်သော နဂါးသွေးပန်းများသည်သာ နဂါးကလန်သားများ၏ သွေးမျိုးဆက်ကို တိုးတက်အောင် ကူညီပေးနိုင်ပေသည်။

နဂါးသွေးပန်းများအား အဆင့်နိမ့်၊ အလယ်အလတ်အဆင့်၊ အဆင့်မြင့်နှင့် ထိပ်တန်းအဆင့်ဟူ၍ အဆင့်လေးဆင့် ခွဲထားပေသည်။ ပုံမှန်အားဖြင့် ထိပ်တန်းအဆင့် နဂါးသွေးပန်းများမှာ အရှားပါးဆုံးဖြစ်၏။ ယခင်က ဤကျွန်းပေါ်တွင် ထိပ်တန်းအဆင့်နဂါးသွေးပန်း နှစ်ပွင့်ရှိခဲ့သည်။ ထိုနှစ်ပွင့်ကို ပထမအကြီးအကဲကျုရန်နှင့် ဒုတိယအကြီးအကဲဖုကျွင်းတို့အတွက် ပြင်ဆင်ထားခြင်းဖြစ်သည်ဟု ဖုလင်မှပြောခဲ့သည်။ သို့ပါသော်ငြား ရန်ကိုင်သည် ထိုနဂါးသွေးပန်းနှစ်ပွင့်စလုံးကို ကျုရန်နှင့် ဖုကျွင်းတို့မစားခင် ယူငင်စားသုံးပစ်ခဲ့သည်။

နဂါးသွေးပန်းကွင်းပြင်ကြီးကိုကြည့်ရင်းမှ ရန်ကိုင်သည် အင်္ကျီလက်ကို လိပ်တင်ရင်း ပြောလိုက်လေ၏။ “စကြတာပေါ့…”

သူ၏သွေးသည် နဂါးသွေးပန်းများအပေါ် မည်သို့မည်ပုံ အကျိုးရှိမလဲဆိုသည်ကို ရန်ကိုင်ကိုယ်တိုင်လည်း သိချင်နေမိလေသည်။

ရန်ကိုင်မှ သူ့လက်ကို ဖြန့်လိုက်ရာ သူ့လက်ဝါးထဲ နဂါးသွေးပန်းတစ်ပွင့် ပေါ်လာခဲ့လေသည်။ ထိုနဂါးသွေးပန်းကို ဆေးဥယျာဉ်ထဲမှ ဆွဲနှုတ်ယူခဲ့ခြင်းဖြစ်သည်။

ယခင်က ရန်ကိုင်သည် နဂါးသွေးကျွန်းပေါ်မှ နဂါးသွေးပန်းများစွာကို ခိုးယူခဲ့သည်။ သို့ပါသော်ငြား ထိုနဂါးသွေးပန်းအားလုံးကို စားသုံးပစ်ရန် အချိန်မရှိခဲ့ပေ။ ထိုအကြောင်းကြောင့် ထိပ်တန်းအဆင့်၊ အဆင့်မြင့်နှင့် အလယ်အလတ်အဆင့် နဂါးသွေးပန်းများကိုသာ စားသုံးပစ်ခဲ့ပြီး အဆင့်နိမ့်နဂါးသွေးပန်းများကို ဆေးဥယျာဉ်ထဲ ပြန်လည်စိုက်ပျိုးထားခဲ့လေ၏။

လက်ရှိအချိန်တွင် ရန်ကိုင်၏လက်ဖဝါးထဲ၌ရှိနေသော နဂါးသွေးပန်းများမှာ သွေးကန်ထဲမှ လတ်လတ်ဆတ်ဆတ် ထွက်လာသည့်အလား သွေးရောင်ရဲတောက်နေခဲ့လေသည်။

ထိုနဂါးသွေးပန်းကို မြင်ပြီးသည့်နောက် ဖုချီက အံ့အားသင့်တကြီးဖြင့် ဆိုလိုက်လေ၏။ “အလယ်အလတ်အဆင့်နဂါးသွေးပန်း…”

ရန်ကိုင် ကြောင်သွားခဲ့ပြီး သံယောင်လိုက်ပြောမိလိုက်သည်။ “အလယ်အလတ်အဆင့်…”

(ဘယ်လိုလုပ်ပြီး အလယ်အလတ်အဆင့် ဖြစ်နေရတာလဲ…) အလယ်အလတ်အဆင့်နဂါးသွေးပန်းအားလုံးကို သူစားခဲ့လိုက်ပြီမှန်း ရန်ကိုင် အသေအချာ သိနေခဲ့လေသည်။ ထိုစဉ်က ရန်ကိုင်မှာ နဂါးသွေးပန်းအားလုံးကို ဆေးလုံးအဖြစ် ဖော်စပ်ဖို့ရာ အချိန်မရှိခဲ့သလို ဆေးအမယ်လုံလုံလောက်လောက်လည်း ရှိမနေခဲ့။ ထိုအကြောင်းကြောင့် ရန်ကိုင်မှာ ထိပ်တန်းအဆင့်နှင့် အဆင့်မြင့် နဂါးသွေးပန်းများကို ဆေးလုံးအဖြစ် ဖော်စပ်ပြီးသည့်နောက် အလယ်အလတ်အဆင့်နဂါးသွေးပန်းအားလုံးကို အစိမ်းလိုက်ဝါးစားပစ်ခဲ့သည်။ သူ့တွင် မည်သည့်အလယ်အလတ်အဆင့်နဂါးသွေးပန်းမှ ရှိမနေတော့မှန်း ရန်ကိုင်သေချာပေသည်။ ထိုသို့ဖြစ်လေရာ ဤနဂါးသွေးပန်းသည် မည်ကဲ့သို့များ အလယ်အလတ်အဆင့် ဖြစ်နေရလေသနည်း။

သေသေချာချာ အနီးကပ်စစ်ဆေးကြည့်ပြီးသည့်နောက် သူ့လက်ထဲ၌ ရှိနေသော နဂါးသွေးပန်း၏ အရောင်နှင့် အရွယ်အစားမှာ အလယ်အလတ်အဆင့်နဂါးသွေးပန်းနှင့် လုံးဝကို ဆင်တူနေကြောင်း တွေ့ရှိလိုက်ရသည်။ တစ်ခဏမျှ စဉ်းစားကြည့်ပြီးသည့်နောက် ဘာကြောင့် ထိုကဲ့သို့ ဖြစ်ရသလဲဆိုသည်ကို သဘောပေါက်သွားလေ၏။ ရန်ကိုင်၏ဆေးဥယျာဉ်မှာ ဆေးပင်များ စိုက်ပျိုးဖို့ရာအတွက် အလွန်ကိုမှ ကောင်းမွန်လှသည့် နေရာတစ်ခုဖြစ်ပေသည်။ နဂါးသွေးပန်းများအား ထိုနေရာ၌ တစ်နှစ်လောက် စိုက်ပျိုးထားလိုက်ခြင်းသည်ပင်လျှင် ပြင်ပလောကကြီး၌ နှစ်ပေါင်းများစွာ စိုက်ပျိုးထားခြင်းနှင့် အလားသဏ္ဍာန်တူပေ၏။

ရန်ကိုင် နဂါးကျွန်းမှထွက်လာခဲ့သည်မှာ ဆယ်နှစ်မကတော့ပေ။

တစ်နည်းဆိုရသော် ရန်ကိုင်၏ဆေးဥယျာဉ်ထဲရှိ နဂါးသွေးပန်းများသည် ပြင်ပလောကကြီး၌ နှစ်ပေါင်းရာနှင့်ချီအောင် ကြီးထွားလာခဲ့သော နဂါးသွေးပန်းများနှင့် တူညီနေပြီဟု ပြော၍ရပေသည်။ ထိုအကြောင်းကြောင့်သာလျှင် အဆင့်နိမ့်မှ အလယ်အလတ်အဆင့်နဂါးသွေးပန်း ဖြစ်လာခဲ့ခြင်းဖြစ်သည်။

“ဘာတွေ ဒီလောက်အံ့အားသင့်နေစရာရှိလို့လဲ…” ရန်ကိုင်က ပြောလိုက်သည်။ “မင်း အလယ်အလတ်အဆင့်နဂါးသွေးပန်းတွေကို တစ်ခါမှ မစားဖူးဘူးလား…”

ဖုချီက ကူကယ်ရာမဲ့စွာပြုံးလျက် “ကျုပ်က အဆင့်ခြောက်ပဲရှိတာလေ… ဒီတော့ အဆင့်နိမ့်နဂါးသွေးပန်းတွေကိုပဲ စားခွင့်ရတယ်… တစ်ခါတစ်လေလောက်မှပဲ အလယ်အလတ်အဆင့်နဂါးသွေးပန်းတွေကို စားခွင့်ရတာ… အစ်ကိုရန်ရှေ့မှာ ရှက်စရာတွေ လုပ်မိကုန်ပါပြီ…”

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၃၃၃၈)

ဘာသာပြန်သူ_တိမ်တိုက်

နဂါးသွေးကျွန်းမှ ခူးယူလာသော နဂါးသွေးပန်းများကို နဂါးတစ်ကောင်၏ သွေးမျိုးဆက်အရည်အသွေးအရ ခွဲဝေပေးပေသည်။ ကြုံသလိုခွဲဝေပေးခြင်းမဟုတ်ပေ။ ပုံမှန်အားဖြင့် အဆင့်ခြောက်နဂါးတစ်ကောင်သည် အဆင့်နိမ့်နဂါးသွေးပန်းများကိုသာ ရကြပေသည်။

အဆင့်ခုနှစ်နှင့် အဆင့်ရှစ်နဂါးများမှာမူ အလယ်အလတ်အဆင့်နဂါးသွေးပန်းများကို ရကြပြီး အဆင့်ကိုးနဂါးများမှာမူ အဆင့်မြင့်နဂါးသွေးပန်းများကို ရကြသည်။

ထိပ်တန်းအဆင့်နဂါးသွေးပန်းများမှာမူ အဆင့်တစ်ဆယ်နဂါးများဖြစ်ကြသော ကျုရန်နှင့် ဖုကျွင်းတို့အတွက်သာ ဖြစ်ကြပေသည်။ အကြောင်းမှာ ကျုရန်နှင့် ဖုကျွင်းတို့ကဲ့သို့သော အဆင့်တစ်ဆယ်နဂါးများအတွက် ထိပ်တန်းအဆင့်အောက် နိမ့်သည့် နဂါးသွေးပန်းများမှာ အသုံးမဝင်တော့သည့်အတွက်ကြောင့်ပင်။ သူတို့သည်သာ ထိုထက်အဆင့်နိမ့်သော နဂါးသွေးပန်းများကို စားသုံးနေဦးမည်ဆိုလျှင် နဂါးသွေးပန်းများ အလဟဿဖြစ်ရုံသာ ရှိပေလိမ့်မည်။ ထိုအကြောင်းကြောင့် ထိပ်တန်းအဆင့်မှလွဲ၍ အခြားသောနဂါးသွေးပန်းများကို အခြားသောနဂါးများအတွက် ချန်ထားပေးလေ၏။

ဖုချီမှာ နှစ်ပေါင်းများစွာကြာအောင် အသက်ရှင်လာခဲ့ပါသော်ငြား သူ့ဘဝသက်တမ်းတွင် အလယ်အလတ်အဆင့်နဂါးသွေးပန်း ဆယ်ပွင့်ပြည့်အောင်ပင် မစားခဲ့ရဖူးပေ။ ယခု နဂါးသွေးကျွန်းပေါ်တွင် အဆင့်နိမ့်နဂါးသွေးပန်းများသာ ကျန်ရစ်တော့ချိန်၌ အလယ်အလတ်အဆင့်နဂါးသွေးပန်းမှာ အတော်လေးကိုမှ ထူးခြားလှပြီး စွဲမက်ဖွယ်ကောင်းနေလေသည်။

နဂါးသွေးပန်းများအား မည်ကဲ့သို့ ခွဲဝေပေးသလဲဆိုသည်ကိုလည်း ရန်ကိုင်သိပေသည်။ ထိုအကြောင်းကြောင့် ဖုချီအား ဂရုစိုက်မနေတော့ပဲ သူ့လက်ထဲတွင်ရှိနေသော နဂါးသွေးပန်းကို မြေပြင်ပေါ်၌ သေသေချာချာ စိုက်လိုက်လေ၏။ ထိုနေရာတွင် ရန်ကိုင် ယခင်က နဂါးသွေးပန်းများကို ခိုးယူသွားစဉ် ကျန်ရစ်ခဲ့သော အပေါက်များ ရှိနေပေသည်။

ထို့နောက်တွင် ရန်ကိုင်သည် သူ့လက်ချောင်းကို လက်ညှိုးဖြင့် ဖြတ်ချ၍ ရွှေရောင်သွေးတစ်စက်ကို နဂါးသွေးပန်းပေါ်သို့ ချပေးလိုက်သည်။

ဖုချီမှာ ရွှေရောင်သွေးစက်ကို မျက်လုံးအပြူးသားဖြင့် စိုက်ကြည့်နေရင်းမှ အသက်ရှူနှုန်း မြန်ဆန်လာခဲ့သည်။

တံတွေးမျိုချသံ ကြားလိုက်ရသည့်အတွက်ကြောင့် ရန်ကိုင်မှ လှမ်းကြည့်လိုက်ကာ “ဖုချီ… မင်း ဗိုက်ဆာနေတာလား…”

“မဟုတ်ဘူး မဟုတ်ဘူး မဟုတ်ဘူး…” ဖုချီမှာ သူ့လက်ကို ကမန်းကတန်း ဝှေ့ယမ်းပြလိုက်လေ၏။

မူလကမူ ဖုချီမှာ အလယ်အလတ်အဆင့်နဂါးသွေးပန်းကို သွားရည်ကျနေခြင်းဖြစ်သည်ဟု ရန်ကိုင်ထင်ခဲ့မိသည်။ သို့သော်ငြား သေသေချာချာ အကဲခတ်ကြည့်လိုက်သည့်နောက် ဖုချီမှာ သူ့ဒဏ်ရာကို စိုက်ကြည့်နေခြင်းဖြစ်ကြောင်း သဘောပေါက်သွားလေ၏။ ထို့အတွက်ကြောင့် ရန်ကိုင်မှာ ဖုချီအား အမြင်မကြည်ဖြစ်သွားခဲ့ပြီး သူ့ဒဏ်ရာကို ချက်ချင်းပဲ အလျင်စလို ကောက်ကာလိုက်လေသည်။ (ဒီကောင် ဘာဖြစ်နေတာလဲ… ငါ့သွေးက နဂါးအထီးတွေအတွက်တောင် အသုံးဝင်တာလား…)

တစ်ချက်မျှစဉ်းစားကြည့်ပြီးသည့်နောက် ထိုသို့ဖြစ်ရလိမ့်မည်မှန်း သဘောပေါက်သွားခဲ့သည်။ သူနှင့်ကျုချင်းတို့ ဖိုမအတူယှဉ်တွဲပြီးသည့်နောက်တွင် ကျုချင်း၏နဂါးသွေးကြောမှာ အဆင့်ရှစ်မှ အဆင့်ကိုးသို့ ချိုးဖြတ်သွားခဲ့သည်။ ထို့အတွက်ကြောင့် သူ့ကိုယ်ထဲတွင် နဂါးတစ်ကောင်၏သွေးကို သန့်စင်ပေးနိုင်သော အရာတစ်ခုခု ရှိနေရပေလိမ့်မည်။

ထိုအကြောင်းကြောင့် သူ၏ရွှေရောင်သွေးမှာ နဂါးကလန်သားများအားလုံးအတွက် အသုံးဝင်ကောင်း ဝင်လောက်ပေသည်။

(ဒါဆိုရင်တော့ မကောင်းဘူး…) ထိုအချက်ကိုတွေးမိလိုက်သော် ရန်ကိုင် စိတ်ပူမိသွားခဲ့သည်။ နဂါးကလန်သားများသည်သာ သူ့အားဖမ်းဆီးပြီး သူ့သွေးကို နဂါးကလန်သားအားလုံးဆီ ဝေငှပေးမည်ဆိုလျှင် ရန်ကိုင် ဒုက္ခရောက်ရပေလိမ့်မည်။

သူ့သွေးကိုသုံး၍ နဂါးသွေးပန်းများကို စိုက်ပျိုးကာ လျော်ကြေးပေးရသည်မှာ ကိစ္စမရှိပါသော်ငြား နဂါးများသည်သာ သူ့သွေးကို သောက်လိုပါက ရန်ကိုင်အနေဖြင့် မည်သည့်နည်းနှင့်မျှ ခွင့်ပြုလိမ့်မည်မဟုတ်ပေ။

ထို့အတွက်ကြောင့် သူ့လက်ကို ဝှေ့ယမ်း၍ ပြောလိုက်လေ၏။ “ရပြီ… မင်းသွားလို့ရပြီ… ဒီကကိစ္စတွေကို ငါ့ဘာသာငါ ဆက်လုပ်လိုက်လို့ရတယ်… ငါ့နောက်လိုက်နေစရာမလိုတော့ဘူး…”

ဖုချီ အစောပိုင်းကလုပ်သွားသည့် ပုံစံကို မြင်ပြီးသည့်နောက် ရန်ကိုင်မှာ ဖုချီအား ဤနေရာတွင် ဆက်မနေခိုင်းရဲတော့ပေ။

ဖုချီမှာ ကြောင်အမ်းအမ်းဖြစ်သွားလေ၏။ “ဒါပေမယ့် ကျုပ်တာဝန်က ဒီနေရာကိုစောင့်ကြပ်ဖို့လေ…”

ရန်ကိုင်သည် ဖုချီကိုစိုက်ကြည့်၍ “မင်းက ဘာကိုစောင့်မှာလဲ… ဒီမှာ အဆင့်နိမ့်နဂါးသွေးပန်း အပွင့်တစ်ရာလောက်ပဲရှိတော့တာ… ငါက အဲ့ဒါတွေကို ခိုးမယ်လို့ မင်းထင်နေတာလား…”

(ခင်ဗျား အရင်တုန်းကလည်း မခိုးဖူးတာမှမဟုတ်တာ…) စိတ်ထဲတွင် ထိုသို့တွေးနေလင့်ကစား ဖုချီမှာ ပြန်၍တော့ ပြောလိုက်ပေသေးသည်။ “ပထမအကြီးအကဲက ကျုပ်ကို အမိန့်ပေး…”

“မင်းသွားမှာလား… မင်းမသွားရင် ငါသွားမယ်…”

“ဘယ်လို… အစ်ကိုရန် ဘယ်သွားမလို့လဲ…” ဖုချီ ထိတ်လန့်သွားလေ၏။

“ဒီလောကကြီးက အကျယ်ကြီးပဲ… ငါ သွားချင်တဲ့နေရာသွားမှာပေါ့…”

ဖုချီက ကြောင်အမ်းအမ်းအမူအယာဖြင့် “အစ်ကိုရန်ပဲ ဒီနဂါးသွေးပန်းတွေကို ပြန်စိုက်ပေးမယ်လို့ ကတိပေးထားတာမဟုတ်ဘူးလား… ဘယ်လိုလုပ်ပြီး ဒီအတိုင်းထွက်သွားချင်ရတာလဲ…”

ရန်ကိုင်က သက်ပြင်းချ၍ “အစတုန်းကတော့ စိုက်ပေးမလို့ပါပဲ… ဒါပေမယ့် တစ်ယောက်ယောက်က ငါ့ကို စိတ်အနှောင့်အယှက်ဖြစ်အောင် လာလုပ်နေတော့ ငါလည်း စိုက်ချင်စိတ်မရှိတော့ဘူး…”

ထိုစကားကိုကြားသော် ရန်ကိုင်မှာ သူနှင့်ပတ်သက်၍ မကျေမနပ်ဖြစ်သွားသည်မှန်း သဘောပေါက်လိုက်သည့်နောက် ဖုချီ၏မျက်နှာကြီး ရဲတက်လာခဲ့လေသည်။ သေသေချာချာစဉ်းစားကြည့်လိုက်သည့်နောက် ရန်ကိုင်၏သွေးကို သွားရည်ကျလိုက်ခြင်းသည် ရန်ကိုင်အတွက်မူ အတော်လေးကိုမှ ခံပြင်းစရာကောင်းရမည်မှန်း သဘောပေါက်လိုက်လေ၏။

ရန်ကိုင်မှ ယခုကဲ့သို့ ပြုမူနေသည့်အတွက်ကြောင့် ဖုချီမှာ ပြန်၍သာ ပြောလိုက်ရတော့လေသည်။ “အရင်ဆုံး ပထမအကြီးအကဲဆီကနေ ခွင့်ပြုချက် အရင်တောင်းလိုက်ဦးမယ်…”

“အဲ့ဒါဆိုလည်း မြန်မြန်လုပ်…” ရန်ကိုင်က စိတ်မရှည်ဟန်ဖြင့် တိုက်တွန်းနှိုးဆော်လိုက်သည်။

ထို့နောက်တွင် ဖုချီသည် နည်းလမ်းတစ်ခုကိုသုံး၍ ကျုရန်နှင့် ဆက်သွယ်လိုက်လေသည်။ တစ်ခဏအကြာ၌ စိတ်ဓာတ်ကျနေသည့်အမူအယာဖြင့် “ကျုပ် ဒီနေရာကို ဆက်ပြီးတော့ စောင့်ကြပ်နေစရာမလိုဘူးလို့ ပထမအကြီးအကဲကပြောတယ်…”

ရန်ကိုင်က ပြောလိုက်လေသည်။ “ပထမအကြီးအကဲက တကယ်ကို စဉ်းစားတတ်တာပဲ…”

ဖုချီမှာ ကူကယ်ရာမဲ့နေဟန်ဖြင့် ပြန်ပြောလိုက်သည်။ “ဒါဆို ဒီဖု သွားပါတော့မယ်…”

“သွား သွား… သွားပေတော့…” ရန်ကိုင်က သူ့လက်ကိုဝှေ့ယမ်း၍ ပြောလိုက်သည်။

ဖုချီမှာ မြေပြင်ပေါ်တွင်စိုက်ထားသော အလယ်အလတ်အဆင့်နဂါးသွေးပန်းအား တစ်ချက်လှမ်း၍ ကြည့်လိုက်ပြီးသည့်နောက် ပြန်ထွက်သွားလေ၏။ ထိုကဲ့သို့ ပြန်ထွက်သွားနေစဉ်အတောအတွင်း ရန်ကိုင်၏ ရွှေရောင်သွေးစက်ကို သောက်လိုက်ရလျှင်ဖြင့် မည်သို့များ ဖြစ်နေလေမလဲ ဆိုသည်ကိုလည်း တွေးကြည့်နေမိသေးသည်။ ထိုသွေးစက်သည် သူ့အတွက် မည်သို့များ အကျိုးရှိနိုင်မလဲဆိုသည်ကို မသိရသေးပါသော်ငြား ထိုသွေးကိုသောက်ခြင်းသည် နဂါးသွေးပန်းများကို စားသုံးခြင်းထက် ပိုကောင်းလိမ့်မည်ဟု ခံစားနေရသည်။

ဖုချီထွက်သွားပြီးသည့်နောက်မှသာလျှင် ရန်ကိုင်မှာလည်း အေးအေးဆေးဆေးဖြင့် နေနိုင်တော့လေသည်။ ထို့နောက် မေးစေ့ကိုပွတ်ရင်းမှ သေသေချာချာ ထိုင်စဉ်းစားလေ၏။ တစ်ချိန်တည်း၌ နဂါးသွေးပန်း မည်ကဲ့သို ပြောင်းလဲနေသလဲဆိုသည်ကိုလည်း အကဲခတ်ကြည့်နေသည်။

သူ့စိတ်ထင်ပဲလား မပြောတတ်လေရာ နဂါးသွေးပန်းမှာ တစ်မျိုးတစ်မည် ပြောင်းလဲသွားသည်ဟု ခံစားနေရလေသည်။ ယခင်က အနီရောင်တောက်နေသော နဂါးသွေးပန်းမှာ ယခုဆိုလျှင် ရွှေရောင်ဖျော့ဖျော့လေး တောက်နေလေ၏။

ကြည့်နေရင်းကြည့်နေရင်းမှ နဂါးသွေးပန်းမှာ ပိုပို၍ ပြောင်းလဲလာနေသယောင် ထင်ရပါသော်ငြား သေသေချာချာကြည့်ကြည့်လိုက်ချိန်တွင် နဂါးသွေးပန်းနှင့်ပတ်သက်၍ မည်သည့်ပြောင်းလဲမှုကိုမှ မတွေ့ရကြောင်း တွေ့ရှိလိုက်ရပြန်သည်။

ထိုအချင်းအရာကိုမြင်သော် ရန်ကိုင် ဇဝေဇဝါဖြစ်သွားလေသည်။ သို့ပါသော်ငြား နဂါးသွေးပန်းကို နဂါးသွေးသုံး၍ စိုက်ပျိုးရခြင်းဖြစ်သည့်အလျောက် သူ့သွေးသည် နဂါးသွေးပန်းများအတွက် အလွန်ကိုမှ အကျိုးရှိရပေလိမ့်မည်။ တကယ်တော့ ရန်ကိုင်၏သွေးမျိုးဆက်သည် နဂါးကလန်သားအများစုကို ဖိနှိပ်နိုင်သည်ပင် မဟုတ်လေလော။

ရန်ကိုင်မှာ နောက်ထပ်နဂါးသွေးပန်းများကို ထပ်မစိုက်သေးပေ။ ပထမဦးစွာ သူ၏သွေးသည် နဂါးသွေးပန်းများအပေါ် မည်ကဲ့သို့အကျိုးသက်ရောက်မှုရှိသလဲ ဆိုသည်ကို အရင်ဦးဆုံး စမ်းသပ်ချင်မိပေသည်။ သူ့သွေးသည်သာ အသုံးမဝင်ပါက ရန်ကိုင်အနေဖြင့် အချိန်ကုန် လူပင်ပန်းမည့်အလုပ်ကို ဆက်လုပ်နေလိမ့်မည်မဟုတ်ဘဲ နဂါးကျောင်းတော်ထဲသို့သာ အတင်းအကြပ် ဝင်ရောက်ပေလိမ့်မည်။

သို့ပါသော်ငြား ဤအတိုင်းစောင့်ကြည့်နေဖို့ရာ ပျင်းရိစရာကောင်းလွန်းလှသည့်အတွက်ကြောင့် ရန်ကိုင်မှာ ကျွန်းတစ်ဝိုက် လမ်းလျှောက်ထွက်ရန် ဆုံးဖြတ်လိုက်သည်။

တကယ့်တကယ်ဆိုလျှင် ရန်ကိုင်ကိုယ်တိုင်သည် နဂါးသွေးကျွန်းတစ်ဝိုက်တွင် လျှောက်ပတ်သွားဖူးပေသည်။ သို့သော်ငြား ထိုစဉ်က နဂါးသွေးပန်းများကို လိုက်ရှာနေခြင်း ဖြစ်သည့်အလျောက် ပတ်ဝန်းကျင်ရှုခင်းများကို အာရုံစိုက်ချိန်မရှိခဲ့။ ယခုမူ ပတ်ဝန်းကျင်ရှုခင်းအား လိုက်လံကြည့်ရှုရမည့်အချိန် ရောက်လာခဲ့လေပြီ။

နဂါးသွေးကျွန်းပေါ်၌ နဂါးသွေးပန်းများအပြင် အခြားသောအပင်များလည်း ရှိနေကြပေသေးသည်။ သို့ပင်ဖြစ်လင့်ကစား ထိုအပင်များမှာ သာမန်အပင်များသာဖြစ်ကြပြီး အဖိုးတန်ဆေးပင်များ မဟုတ်ကြ။ ထို့အပြင် နဂါးသွေးပန်းများ၏ လွှမ်းခြုံခြင်းခံရသည့် အတွက်ကြောင့်လားမသိ ထိုအပင်အားလုံးမှာ အနီရောင်တောက်နေလေသည်။

နဂါးသွေးကျွန်းပေါ်၌ နဂါးသွေးပန်းအပွင့်တစ်ရာကျော်ကို ရန်ကိုင်မြင်တွေ့ခဲ့ရသည်။ အများစုမှာ သက်တမ်းမရင့်ကြသေးပေ။

နေ့ဝက်ကြာပြီးသည့်နောက်တွင် ရန်ကိုင်သည် အလယ်အလတ်အဆင့်နဂါးသွေးပန်း စိုက်ပျိုးခဲ့သည့်နေရာသို့ ပြန်ရောက်လာပြီး နဂါးသွေးပန်းကို အကဲခတ်ကြည့်မိလိုက်သည်။ နဂါးသွေးပန်း၏ပုံစံကို မြင်ပြီးသည့်နောက် ရန်ကိုင် ဝမ်းသာသွားလေ၏။

နဂါးသွေးပန်းမှာ အမှန်တကယ်ကို ပြောင်းလဲသွားခဲ့လေသည်။ မူလစကြည့်နေစဉ်က မည်ကဲ့သို့ ပြောင်းလဲသွားသလဲဆိုသည်ကို ပြောရခက်လှပါသော်ငြား ယခုအချိန်တွင်တော့ နဂါးသွေးပန်းများ၏ ပွင့်ချပ်များမှာ ပိုမိုကြီးမားလာနေပြီး အရောင်မှာလည်း ပို၍ သိသာထင်ရှားလာကြောင်းကို သတိထားမိလိုက်သည်။ ပန်းပွင့်ပေါ်ရှိ ရွှေရောင်မှာလည်း ပျောက်ကွယ်သွားခဲ့ခြင်းမရှိဘဲ ယခင်ကထက်ပင် ပို၍ တလက်လက် တောက်ပနေလေသည်။ ထိုအချက်ကိုကြည့်ရုံဖြင့် ရန်ကိုင်၏ရွှေရောင်သွေးစက်မှာ နဂါးသွေးပန်းအပေါ် သက်ရောက်မှုရှိကြောင်းကို မြင်တွေ့နိုင်ပေသည်။

ထို့အတွက်ကြောင့် ရန်ကိုင်ရင်ထဲ မျှော်လင့်ချက်တို့ ရှိလာခဲ့သည်။

အသုံးဝင်မည့်နည်းလမ်း ရှာတွေ့သွားပြီဖြစ်သည့်အတွက်ကြောင့် ဖုကျွင်း၏တောင်းဆိုချက်ကို ဖြည့်ဆည်းပေးနိုင်လေပြီ။ နောက်နောင် သူ နဂါးကျောင်းတော်ထဲသို့ ဝင်မည်ကို ဖုကျွင်းမှ လာတားနေမည်ဆိုပါက ရန်ကိုင်သည်လည်း သည်းခံနေတော့လိမ့်မည်မဟုတ်ပေ။

ရုတ်တရက်ဆိုသလို ရန်ကိုင်မှာ နဂါးသွေးပန်းပေါင်းများစွာကို စိုက်ပျိုးဖို့ရာ အတော်လေးကိုမှ တက်ကြွလာခဲ့လေသည်။

ရန်ကိုင်၏ဆေးဥယျာဉ်ထဲတွင် အဆင့်နိမ့်နဂါးသွေးပန်း အပွင့်ခြောက်ရာမှ ခုနှစ်ရာကြား ရှိနေလေသည်။ ရန်ကိုင်အနေဖြင့် ထိုဆေးပင်များကို စိုက်ပျိုးဖို့ရာ ရွှေရောင်သွေးစက် အစက်ခြောက်ရာမှ ခုနှစ်ရာလောက် ထုတ်ရုံလိုက်ဖြင့် အဆင်ပြေလေပြီ။ သူ့သွေးစက်၏အကူအညီဖြင့်သာ ဆိုပါက မူလက ရှိခဲ့သော နဂါးသွေးပန်းအရေအတွက်ကို ပြန်လည်ရရှိအောင် မလုပ်နိုင်ပါသော်ငြား နဂါးသွေးပန်းများ၏ အရည်အသွေးကိုတော့ သိသိသာသာ တိုးတက်လာအောင် လုပ်နိုင်ပေလိမ့်မည်။

ထို့နောက်တွင် ရန်ကိုင်သည် ကောင်းကင်စိတ်အာရုံဖြင့် ဆေးဥယျာဉ်ထဲမှ နဂါးသွေးပန်းတစ်ပွင့်ကို ကောက်ယူလိုက်သည်။ သို့ပါသော်ငြား စစ်ဆေးကြည့်လိုက်ပြီးသည့်နောက် ဤနဂါးသွေးပန်းမှာ အဆင့်နိမ့်မဟုတ်ဘဲ အလယ်အလတ်အဆင့်ဖြစ်နေကြောင်း တွေ့လိုက်ရသည်။ မယုံသင်္ကာဖြင့် ရန်ကိုင်မှာ နောက်တစ်ပွင့်အား ထပ်မံခူးယူကြည့်လိုက်ရာ ထိုအပွင့်သည်လည်း အလယ်အလတ်အဆင့်ဖြစ်နေသေးကြောင်းကို တွေ့ရှိလိုက်ရပြန်သည်။

ထိုဆေးပင်နှစ်ပင်ကို မြင်ပြီးသည့်နောက် ရန်ကိုင်မှာ တစ်ခုခုအား စဉ်းစားမိသွားခဲ့ပြီး သူ့နဖူးသူ ကောက်ရိုက်လိုက်သည်။ ထို့နောက် ချက်ချင်းပဲ လောကဓာတ်လုံးထဲသို့ ဝင်သွားလေ၏။

ယခုမှသာလျှင် လောကဓာတ်လုံးထဲ၌ သူ၏ဆေးဥယျာဉ်အား ကူညီစောင့်ရှောက်ပေးနေသော လူနှစ်ဦးရှိနေကြောင်းကို ရန်ကိုင် ပြန်သတိရသွားတော့သည်။

မူကျုနှင့် မူလုပင်။

ထိုနှစ်ဦးမှာ နဂါးသွေးပန်းများကို ကြီးကြပ်ကာ စိုက်ပျိုးနေခြင်းဖြစ်သည်။ သစ်သားဝိဉာဉ်ကလန်သားများအတွက် အပင်စိုက်ရသည်ထက် ပို၍ ပျော်ရွှယ်ဖွယ်ရာကောင်းသည့်အရာ မရှိပေ။ ရန်ကိုင်မှာ ဆေးဥယျာဉ်အား သူတို့လက်ထဲသို့ အပ်ပြီးသည့်နောက်တွင် ဆေးဥယျာဉ်ကို ဆက်၍ ဂရုမစိုက်တော့ပေ။ ယခုဆိုလျှင် ဆေးဥယျာဉ်၏အရွယ်အစားမှာ ယခင်ကထက် ဆယ်ဆမက ရှိနေခဲ့ပြီး ထူးခြားဆန်းပြားသည့် အပင်များစွာမှာလည်း ဆေးဥယျာဉ်ထဲ ပေါက်ရောက်နေလေသည်။

သူယူလာသည့် နဂါးသွေးပန်းအားလုံး အလယ်အလတ်အဆင့်ဖြစ်နေသည်ကို မြင်ပြီးသည့်နောက် ဆေးဥယျာဉ်ထဲတွင် အဆင့်နိမ့်နဂါးသွေးပန်းအားလုံး အဆင့်တက်သွားပြီမှန်း ရန်ကိုင်သဘောပေါက်လိုက်သည်။

ရန်ကိုင်၏ဆေးဥယျာဉ်မှာ သစ်ပင်များစိုက်ပျိုးရန်အတွက် အထူးတလည် ကောင်းမွန်သလို မူကျုနှင့် မူလုကပါ ဂရုစိုက်ပေးနေလေရာ မဖြစ်နိုင်သည့်အရာမှာ ဖြစ်လာရတော့လေသည်။

ရန်ကိုင် ဆေးဥယျာဉ်ထဲ ပြန်ပေါ်လာသည့်အချိန် မင်တက်သွားခဲ့ရလေ၏။

လက်ရှိအချိန်၌ သူ့မြင်ကွင်းတဆုံး ဆေးပင်များဖြင့် ပြည့်နေခဲ့သည်။ အရွယ်အစား အရောင်အစင်း အမျိုးမျိုးရှိသော ဆေးပင်များကို မျက်စိတဆုံး မြင်နေရသည်။ သေသေချာချာ သပ်သပ်ရပ်ရပ် စီတန်းစိုက်ပျိုးထားသော ဆေးပင်များမှာလည်း ဆေးဥယျာဉ်ထဲတွင် ရှိနေကြ၏။ အချို့သောအပင်များမှာ ပန်းပွင့်များဖြင့် စိမ်းလန်းစိုပြေနေပြီး အချို့မှာတော့ အသီးများဖြင့် ပြည့်နှက်နေကြသည်။ ဆေးဥယျာဉ်တစ်ခုလုံးမှာ လူတစ်ဦး၏စိတ်ကို လန်းဆန်းသွားအောင်လုပ်ပေးနိုင်သော သစ်လွင်ထူးခြားလှသည့် သင်းရနံ့တို့ဖြင့် ပြည့်နေလေ၏။

အင်မော်တယ်သစ်ပင်နှင့် မိုးကောင်းကင်သစ်ပင်မှာ ဆေးဥယျာဉ်အလယ်တွင်ရှိနေပြီး အနားတွင်မူ ခန္ဓာဖြစ်တည်အသီးပင် ရှိနေခဲ့သည်။

ပိုးစုန်းကြူးများပမာ ထင်မှတ်ရသော မရေမတွက်နိုင်အောင် များပြားလှသည့် အလင်းစက်လေးများမှာ ဆေးဥယျာဉ်အနှံ့ ပျံ့နှံ့နေခဲ့လေရာ မသိလျှင် ဆေးဥယျာဉ်ကြီးတစ်ခုလုံးမှာ သုခဘုံကြီးအလား။ ရန်ကိုင်မှာ ထိုမြင်ကွင်းကိုကြည့်ရင်း လုံးဝကို မင်သက်နေခဲ့လေသည်။ ဤမျှလောက် လှပသည့်နေရာမျိုးကို သူ့ခမျာ တစ်ခါမှ မမြင်တွေ့ခဲ့ဖူးပေ။

သိုင်းတာအို၏ အထွဋ်အထိပ်သို့ ရောက်သည့်တစ်နေ့နေ့တွင် သူ့မိန်းမများနှင့်အတူ ဤကဲ့သို့သောနေရာမျိုးတွင် အချိန်ဖြုန်းရန်ပင် ရန်ကိုင်စဉ်းစားမိလာတော့သည်။

“မူကျု… မူလု…” ရန်ကိုင်က အလျင်လိုနေသည့်ဟန်ဖြင့် လှမ်း၍အော်ခေါ်လိုက်သည်။

ထိုစဉ် ဘေးတစ်ဖက်တစ်ချက်စီမှ သေးသွယ်သွယ်ပုံရိပ်လေးတစ်ခု ရန်ကိုင်ဆီသို့ ပျံသန်းလာခဲ့ပြီး ရန်ကိုင်ရှေ့တွင် ရပ်လိုက်သည်။ အကြည့်ချင်းဖလှယ်လိုက်ပြီးသည့်နောက် မူကျုက မေးလိုက်လေ၏။ “သခင် ဘာလို့ ဒီကိုရောက်နေတာလဲ…”

“ပြဿနာလေးနည်းနည်းတက်နေလို့…” ရန်ကိုင်က လေသံတိုးတိုးဖြင့် ပြန်ပြောလိုက်သည်။ “ငါ နင်တို့နှစ်ယောက်ရဲ့အကူအညီကို လိုနေတယ်…”

ရန်ကိုင်၏ပုံစံကြောင့် မူကျုမှာ ဇဝေဇဝါဖြစ်သွားခဲ့ပြီး လေသံတိုးတိုးဖြင့် ပြန်ပြောလေသည်။ “သခင် အခုလိုမျိုး အရမ်းကြီး ယဉ်ကျေးနေစရာမလိုပါဘူး… ဘာလုပ်စေချင်လဲဆိုတာကိုပဲ ပြောလိုက်စမ်းပါ…”

မူလုမှာ တိတ်နေပါသော်ငြား ခေါင်းတော့ ညိတ်ပြနေခဲ့သည်။

“ငါ အခုပြောမယ့်ကိစ္စကတော့ နင်တို့နှစ်ယောက်အတွက်တော့ လွယ်လွယ်လေးပဲ ဖြစ်မှာပေါ့… ငါ နင်တို့ကို ဆေးပင်တစ်ပင်ကို ကူပြီး စိုက်ခိုင်းချင်လို့…”

မူလုက ပြုံး၍ ပြန်ပြောလိုက်သည်။ “အဲ့ဒါလား… အဲ့ဒါတော့ ကိစ္စမရှိပါဘူး… ဒါပေမယ့်…” ထို့နောက် ဘေးပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်၍ “သခင်က ဘာလို့ ဒီလောက်တောင် အလျင်လိုနေရတာလဲ… တစ်ယောက်ယောက် ကျွန်မတို့ကို ချောင်းနားထောင်နေလို့လား…”

“အလျင်လိုနေတာမဟုတ်ဘူးနော်… သခင့်အသံက ဘာလို့ ဒီလောက်တောင် တိုးနေရတာလဲ… တစ်ယောက်ယောက် ကျွန်မတို့ပြောတာကို ချောင်းနားထောင်နေလို့လား…”

ရန်ကိုင်သည် မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ်လုပ်ရင်းမှ နှုတ်ခမ်းပေါ်လက်တင်၍ ချောင်းဟန့်လိုက်သည်။ ထို့နောက် ပုံမှန်လေသံဖြင့် “မဟုတ်ပါဘူး… ဒီ အရမ်းလှပတဲ့နေရာလေးကို မနှောင့်ယှက်ချင်လို့…”

ထိုစကားကိုကြားသော် သစ်သားဝိဉာဉ်နှစ်ဦး မင်သက်သွားကုန်ကြလေသည်။ သူတို့ခမျာ ရန်ကိုင်ပြောလာသည့်စကားကြောင့် ရယ်ရခက် ငိုရခက် ဖြစ်နေလေ၏။

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၃၃၃၉)

ဘာသာပြန်သူ_တိမ်တိုက်

တစ်ခဏကြာမျှ တိတ်ဆိတ်နေပြီးသည့်နောက်တွင် မူကျုက မေးလိုက်လေသည်။ “သခင်… ဘယ်လိုပန်းမျိုးကို စိုက်ချင်တာလဲ…”

“နဂါးသွေးပန်းတွေ… ငါ အခု ဆေးဥယျာဉ်ထဲမှာ စိုက်ထားတဲ့ ပန်းလိုမျိုးလေ…” ပြောပြီးသည့်နောက်တွင် ရန်ကိုင်သည် သစ်သားဝိဉာဉ်နှစ်ဦးနှင့်အတူ နဂါးသွေးပန်းများ စိုက်ပျိုးထားရာနေရာဆီသို့ လျှောက်သွားလိုက်သည်။

ထိုနေရာသို့ရောက်လာသည့်အခါ ရန်ကိုင်မှာ အံ့အားသင့်သွားဟန်ဖြင့် ဆိုလိုက်လေ၏။ “အံ့ဩဖို့ကောင်းလိုက်တာ…”

ရာနှင့်ချီသော နဂါးသွေးပန်းများကို ဆေးဥယျာဉ်ထဲတွင် သေသေချာချာ စိုက်ပျိုးထားကြလေသည်။ ထိုနဂါးသွေးပန်းများအနား၌ ခရမ်းရောင်မြက်များလည်း ရှိနေကြသည်။ ထိုအခိုက်အတန့်တွင် ဤနေရာ၌ ရှိနေကြသော နဂါးသွေးပန်းအားလုံး အလယ်အလတ်အဆင့်နဂါးသွေးပန်းများ ဖြစ်နေကုန်ကြလေပြီ။ နဂါးသွေးပန်းအရေအတွက်မှာလည်း ခြောက်ရာဝန်းကျင်ခန့် ရှိနေလေ၏။

နဂါးသွေးပန်းများကို ခိုးယူလာပြီးစဉ်က ရန်ကိုင်မှာ အဆင့်နိမ့်နဂါးသွေးပန်းများကို စားသုံးရန် အချိန်မရှိသည့်အတွက်ကြောင့် ဆေးဥယျာဉ်ထဲ လာပြန်စိုက်ထားခဲ့လေသည်။ ထိုအဆင့်နိမ့်နဂါးသွေးပန်းအားလုံးသည် ဆယ်နှစ်ကျော်အတွင်းလေးမှာပင် အလယ်အလတ်အဆင့်နဂါးသွေးပန်းများ ဖြစ်လာလိမ့်မည်ဟု ရန်ကိုင် တကယ်ကို မထင်ထားခဲ့ပေ။

ပို၍အံ့ဩဖွယ်ကောင်းသည်မှာ နဂါးသွေးပန်းအရေအတွက် တိုးလာခြင်းပင်။ ထိုခြောက်ရာဝန်းကျင်ခန့်ရှိသော အလယ်အလတ်အဆင့်နဂါးသွေးပန်းများအပြင် သက်တမ်းမရင့်သေးသော နဂါးသွေးပန်းများစွာကိုလည်း ဆေးဥယျာဉ်၏ အခြားတစ်ဖက်ခြမ်းတွင် ရန်ကိုင်လှမ်းမြင်နေရလေသည်။

ထိုနေရာတွင်ပေါက်နေသည့် နဂါးသွေးပန်းအရေအတွက်ကို ကြည့်ရသလောက် နဂါးသွေးပန်း အပွင့်တစ်ထောင်ကျော်လောက် ရှိမည့်ပုံပင်။ တစ်ချို့ဆိုလျှင် အဆင့်နိမ့်နဂါးသွေးပန်းများအဖြစ်သို့ ပြောင်းလဲစပင် ပြုနေခဲ့လေပြီ။

“တကယ်ကို အံ့ဩစရာပဲ…” ရန်ကိုင်သည် အလယ်အလတ်အဆင့်နဂါးသွေးပန်းများကို ညွှန်ပြရင်းမှ မေးလိုက်သည်။ “အဲ့ဒါတွေအကုန်လုံးကို နင်တို့နှစ်ယောက်လုပ်ထားတာလား…”

မူကျုက ယဲ့ယဲ့လေးပြုံးလျက် “သခင်… ဒီနေရာက အပင်တွေစိုက်လို့ အရမ်းကောင်းတဲ့နေရာလေ…”

“အဲ့ဒါတွေကျတော့ရော…” ရန်ကိုင်သည် ဆေးဥယျာဉ်၏ အခြားတစ်ဖက်ခြမ်းတွင် ရှိနေသည့် နဂါးသွေးပန်းများကို ညွှန်ပြရင်းမှ မယုံသင်္ကာလေသံဖြင့် “အဲ့နဂါးသွေးပန်းအစေ့တွေကို နင်တို့ ဘယ်ကနေရလာတာလဲ…”

မူကျုက ပြန်ပြောလိုက်သည်။ “အစေ့တွေ မလိုဘူးလေ…”

“မလိုဘူး…” ရန်ကိုင် ကြောင်သွားလေ၏။

မူကျုက ရှင်းပြလိုက်သည်။ “ရိုးတံကိုဖြတ်ပြီးတော့ အဲ့နေရာမှာ သွားပြန်စိုက်လိုက်လို့ရှိရင် အဆင်ပြေတယ်… သခင့်ကြည့်ရတာ နဂါးကလန်ရဲ့သွေးကို ပိုင်ဆိုင်ထားတဲ့ပုံပဲ… ဒီတော့ အဲ့နဂါးသွေးပန်းတွေက သခင့်အတွက် အရမ်းအသုံးဝင်မှာပေါ့… ဟုတ်တယ်မလား…”

“ကျွတ်… အသုံးဝင်ရုံတင်မဟုတ်ဘူး… အဲ့နဂါးသွေးပန်းတွေက…” ရန်ကိုင်မှာ ပြောစရာစကား ပျောက်ရှနေခဲ့လေသည်။ ဖြစ်သာဖြစ်နိုင်လျှင် သစ်သားဝိဉာဉ်နှစ်ဦးအား ဖက်နမ်းချင်စိတ်များပင် ပေါက်လာခဲ့သည်။ သို့သော်ငြား သစ်သားဝိဉာဉ်များ၏ အရွယ်အစားမှာ အလွန်ကိုမှ သေးငယ်လေရာ သူသာ ထိုသို့လုပ်လိုက်ပါက မူကျုနှင့် မူလုတို့နှစ်ဦးစလုံး ကြောက်သွားနိုင်ပေသည်။

သူ့စိတ်ကိုယ် ထိန်းချုပ်လိုက်ပြီးသည့်နောက် ရန်ကိုင်သည် လိုရင်းကို ပြန်ပြောလိုက်လေသည်။ “အခု ဘာဖြစ်နေတာလဲဆိုတော့ ရှင်းရှင်းပြောရရင် အဲ့နဂါးသွေးပန်းတွေကို ငါရလာတဲ့ပုံစံက သိပ်ပြီးတော့ တရားမဝင်ဘူး…”

သစ်သားဝိဉာဉ်နှစ်ဦးသည် ရန်ကိုင်ကိုသာ ကြည့်နေခဲ့သည်။

ရန်ကိုင်က ရှက်ရှက်ဖြင့် “ရှင်းရှင်းပြောရရင် ငါ အဲ့ဒါတွေကို ငါ နဂါးကျွန်းကနေ ခိုးလာတာ…”

ထို့နောက် သစ်သားဝိဉာဉ်နှစ်ဦးအား လှမ်းကြည့်လိုက်သည်။ သစ်သားဝိဉာဉ်နှစ်ဦးမှာ ဘာမျှမပြောဘဲ သူ့ကိုသာ ကြည့်နေသည်ကိုမြင်သော် ရန်ကိုင်က ဆက်၍ပြောလိုက်လေ၏။ “အခု နဂါးကလန်က ငါခိုးသွားတာတွေအတွက် ပြန်ပြီးတော့ အလျော်တောင်းနေလို့… ဒီတော့ ငါ အဲ့နဂါးသွေးပန်းတွေကို အပြင်ကို ပြန်ထုတ်ပေးရမယ်…”

“ဒီပန်းတွေကိုပြန်ပေးဖို့…” ထိုစကားကိုကြားသည့်အခါ မူလုမှာ သိပ်၍မကျေနပ် ဖြစ်သွားခဲ့လေသည်။

သစ်သားဝိဉာဉ်ကလန်သားများသည် အဖိုးတန်အပင်များကို အထူးတလည်နှစ်သက်ကြသည်။ ရန်ကိုင် သူတို့နှစ်ဦးအား ဤဆေးဥယျာဉ်ကို အပ်ထားသည်မှာ အတော်ကြာနေလေပြီ။ မူကျုနှင့် မူလုတို့နှစ်ဦးလုံးမှာလည်း ဆေးဥယျာဉ်ကို သူတို့အပိုင်အဖြစ် သတ်မှတ်ထားကြသည်။ ရန်ကိုင်သည်သာ ဆေးဥယျာဉ်ထဲမှ တစ်ခုခုလိုအပ်လာလျှင် ကိစ္စမရှိပါသော်ငြား ရန်ကိုင်သည် ဆေးဥယျာဉ်ထဲရှိ နဂါးသွေးပန်းများစွာကို အပြင်လူများဆီသို့ ပေးပစ်ချင်နေလေရာ သူတို့နှစ်ဦးမှာ သိပ်၍ဆန္ဒမရှိသည်မှာလည်း အဆန်းတော့မဟုတ်။

နဂါးသွေးပန်းများသည် နဂါးကျွန်းပေါ်တွင်သာ ပေါက်ရောက်နိုင်သော ရှားပါးအပင်များ ဖြစ်ကြသည်။ ထို့အတွက်ကြောင့် ဤနဂါးသွေးပန်းများမှာ သာမာန်အဖိုးတန်ဧကရာဇ်အဆင့်မှော်ရတနာများထက်ပင် ပို၍ အဖိုးတန်ပေသေးသည်။

ရန်ကိုင်မှ ဤနဂါးသွေးပန်းများကို နဂါးကျွန်းပေါ်တွင် ပြန်ထားရမည်ဟု ပြောလာသည့်အခါ သူတို့၏အဖိုးတန်ရတနာများနှင့် ခွဲရတော့မည်ဟု ခံစားလိုက်ရသည့်အတွက်ကြောင့် နှစ်ဦးစလုံးမှာ ဝမ်းနည်းချင်သလိုပင် ဖြစ်နေလေ၏။

ရန်ကိုင်က ပြောလိုက်သည်။ “အချို့ကို အပြင်ရွှေ့ပြီးတော့ ကျန်တဲ့ဟာတွေကိုတော့ ဒီမှာပဲ ထားမလားလို့… ဒါပေမယ့် နင်တို့နှစ်ယောက်က ဒီနဂါးသွေးပန်းတွေကို အစေ့မလိုပဲနဲ့တောင် ဆက်ပြီးတော့ စိုက်နိုင်တာဆိုတော့ စိတ်ပူစရာတော့ သိပ်မရှိပါဘူး…” သူ့အနေဖြင့် အလယ်အလတ်အဆင့်နဂါးသွေးပန်းအားလုံးကို အပြင်ဘက်သို့ ရွှေပေးလိုက်ရမည်ဆိုလျှင်ပင် သက်တမ်းမရင့်သေးသော နဂါးသွေးပန်းအပွင့်တစ်ထောင်ကျော် ဆေးဥယျာဉ်ထဲ၌ ရှိနေပေသေးသည်။ မူကျုနှင့်မူလုတို့မှာ နဂါးသွေးပန်းများကို အစေ့မလိုဘဲ စိုက်ပျိုးနိုင်သည့်အတွက်ကြောင့် ဆေးဥယျာဉ်ထဲ နဂါးသွေးပန်းများ ပြတ်တောက်သွားမည်ကို စိတ်ပူနေစရာမလိုတော့ပေ။

“အကုန်လုံးကို ရွှေ့ရမှာလား…” မူကျုက နှုတ်ခမ်းလေးဆူလိုက်လေ၏။

ရန်ကိုင်က သက်ပြင်းချလျက် “ဒီကိစ္စက အရေးကြီးတယ်… ငါလည်း ဘယ်ရွှေ့ချင်ပါ့မလဲ… ဒါပေမယ့် ရွေးချယ်စရာမှမရှိတော့တာ…”

ထိုစကားကိုကြားသော် မူကျုက ခေါင်းညိတ်၍ “အဲ့လိုဆိုမှတော့လည်း အဲ့အတိုင်းပဲ လုပ်ရတော့မှာပေါ့…”

သဘောတူညီချက် ရပြီးသည့်နောက်တွင် ရန်ကိုင်သည် သစ်သားဝိဉာဉ်နှစ်ဦးအား လောကဓာတ်လုံးအပြင်ဘက်သို့ ထုတ်ပေးလိုက်လေသည်။

နဂါးသွေးကျွန်းပေါ်သို့ ရောက်လာပြီးသည့်နောက် မူကျုက ပြောလိုက်လေ၏။ “သခင်… မူလုနဲ့ကျွန်မကို ဒီနေရာကိုစစ်ဆေးဖို့ အချိန်နည်းနည်းလောက် ပေးပါဦး…”

“ရတယ်… ကိစ္စမရှိဘူး…” ရန်ကိုင်က ခေါင်းညိတ်၍ သူ့သွေးစက်ချထားသော နဂါးသွေးပန်းအခြေအနေကို စောင့်ကြည့်ရင်းဖြင့် ရပ်စောင့်ရန် ဆုံးဖြတ်လိုက်လေသည်။ ထိုအချိန်အတောအတွင်း မူကျုနှင့် မူလုတို့မှာတော့ မတူကွဲပြားသည့် အရပ်များဆီသို့ ပျံသန်းသွားရင်း ကျွန်း၏အနေအထားကို စတင်လေ့လာတော့သည်။

နာရီအချို့ကြာပြီးသည့်နောက် မူကျုနှင့်မူလုတို့ ပြန်ရောက်လာကြပြီး သူတို့ဘာသာသူတို့ ဆွေးနွေးတိုင်ပင်နေကြသည်။ ထို့နောက်တွင် နှစ်ဦးစလုံး ခေါင်းခါကာ သက်ပြင်းချလိုက်လေ၏။

“ဘာဖြစ်လို့လဲ…” ထိုနှစ်ဦး၏ပုံစံကိုမြင်သော် ရန်ကိုင် ရင်ထိတ်သွားခဲ့သည်။

မူကျုက ပြန်ပြောလိုက်သည်။ “ပြဿနာကြီးကြီးမားမားတော့ မဟုတ်ပါဘူး… အခု စစ်ဆေးကြည့်ရသလောက်တော့ နဂါးကလန်က နဂါးသွေးပန်းတွေကို စိုက်ပျိုးတဲ့နည်းလမ်း အတော်များများကို ဆုံးရှုံးထားရတဲ့ပုံပဲ… သူတို့သာ ဒီနည်းလမ်းတွေကို ဆက်ပြီးသုံးနေမယ်ဆိုရင် အခြေအနေက တော်တော်လေးဆိုးမှာ…”

ရှေးယခင်က သစ်သားဝိဉာဉ်ကလန်သားအချို့သည် နဂါးကလန်အား နဂါးသွေးပန်းများကို စိုက်ပျိုးရာတွင် ကူညီပေးခဲ့ဖူးပေသည်။ ထို့အတွက်ကြောင့် နှစ်ဦးနှစ်ဖက်လုံးသည် နဂါးသွေးပန်းများကို စိုက်ပျိုးရာ၌ အတွေ့အကြုံများရှိကြသည်။ သို့ပါသော်ငြား အချိန်ကြာလာပြီးသည့်နောက်တွင် နဂါးသွေးပန်းများ စိုက်ပျိုးသည့် နည်းလမ်းများစွာကို ဆုံးရှုံးလိုက်ရသည့်ပုံပင်။ ထို့အပြင် သစ်သားဝိဉာဉ်ကလန်သားများသည်သာ ထိုနည်းလမ်းများအား အပြည့်အဝ အသုံးချနိုင်ကြပေသည်။ အခြားသောမျိုးနွယ်စုဝင်များ ထိုနည်းလမ်းများကို သိနေမည်ဆိုလျှင်ပင် ကောင်းကောင်းအသုံးချနိုင်ကြလိမ့်မည်မဟုတ်။

ရန်ကိုင်က ပြောလိုက်သည်။ “နင်တို့နှစ်ယောက်က ဒီနေရာမှာ ဆရာကြီးတွေပဲ… အခုလိုလုပ်ဖို့ ဆုံးဖြတ်ထားပြီးပြီဆိုမှတော့ ကောင်းကောင်းလေးရအောင်လုပ်ပြီးတော့ အဲ့နဂါးကလန်ကကောင်တွေရဲ့ ပါးစပ်ကို ပိတ်သွားအောင် လုပ်ပစ်လိုက်စမ်းပါ…”

မူကျုက ခေါင်းညိတ်၍ “ဒါပေမယ့် အဲ့မတိုင်ခင် သခင် ဘာလုပ်ချင်တာလဲဆိုတာကို ကျွန်မသိချင်သေးတယ်…”

“ဘာလုပ်ချင်တာလဲဆိုတော့…” ရန်ကိုင်သည် တစ်ခဏမျှစဉ်းစားပြီးသည့်နောက် “အရင်တုန်းက ငါ ဒီကနေပြီးတော့ နဂါးသွေးပန်း အပွင့်တစ်ထောင်လောက် ခိုးသွားတာ… အဲ့ထဲမှာ ထိပ်တန်းအဆင့်နှစ်ပွင့်ရယ် အဆင့်မြင့်အပွင့်သုံးဆယ်နဲ့ အလယ်အလတ်အဆင့်အပွင့်နှစ်ရာလောက်ပါတယ်… ကျန်တဲ့နဂါးသွေးပန်းတွေအကုန်လုံးကတော့ အဆင့်နိမ့်တွေချည်းပဲ… ဒီတော့ ငါ ဘာလုပ်ချင်နေတာလဲဆိုရင် အဲ့လိုမျိုးပြန်ရအောင်လုပ်ဖို့ပဲ… အဲ့လိုမျိုးပြန်ရအောင်လုပ်ဖို့ ဘယ်လောက်လောက်ကြာနိုင်မလဲ…”

ထိုစကားကိုကြားသော် မူကျုက ခေါင်းညိတ်၍ “သိပ်တော့လည်းမများပါလား…”

ထိုစကားကိုကြားသော် ရန်ကိုင်၏မျက်လုံးများ တောက်ပသွားခဲ့သည်။

မူကျုက ဆက်၍ပြောလိုက်သည်။ “ဒါပေမယ့် ထိပ်တန်းအဆင့်နဂါးသွေးပန်းတွေကို စိုက်ဖို့က ခက်လိမ့်မယ်… အဲ့နှစ်ခုမပါဘူးဆိုရင်တော့ ကျန်တဲ့ဟာတွေကို ပြန်ရအောင်လုပ်ဖို့က နှစ်ဝက်လောက်နဲ့တင် လုံလောက်တယ်…”

“နှစ်ဝက်…” ရန်ကိုင် အလန့်တကြားဆိုလိုက်လေသည်။ “တကယ်ကြီး အဲ့လောက်ပဲ အချိန်လိုတာလား….”

ရန်ကိုင်မှာ ထိုစကားကိုကြားပြီးသည့်နောက် အတော်လေးကိုမှ အံ့အားသင့်မိသွားခဲ့သည်။ နှစ်ဝက်ဟူသောအချိန်ကာလမှာ အတော်လေးကိုမှ တိုတောင်းလှသည်။ တကယ်တော့ သူသိသလောက်ဆိုလျှင် နဂါးကလန်သားများအဖို့ ထိုပန်းပွင့်များကို စိုက်ပျိုးဖို့ရာ နှစ်ပေါင်းများစွာ လိုအပ်ခဲ့သည်မဟုတ်ပေလော။

မူကျုက ရှင်းပြလိုက်လေ၏။ “အဲ့လိုမျိုးရအောင် လုပ်နိုင်ဖို့ကလည်း ဒီပန်းပင်တွေကို အကောင်းဆုံးနည်းလမ်းတွေသုံးပြီးတော့ စိုက်ပျိုးမှရမှာ… နဂါးသွေးပန်းတွေကိုစိုက်ပျိုးတဲ့နေရာမှာ ဘာကိုအလိုအပ်ဆုံးလဲဆိုတာကို သခင်သိလား…”

“နဂါးသွေးမလား…” ရန်ကိုင်က ပြန်ပြောလိုက်သည်။

မူကျုက ခေါင်းညိတ်၍ “ဟုတ်တယ်… နဂါးသွေး ပိုပြီးတော့ သန့်စင်လေ အဲ့ပန်းပင်တွေကိုစိုက်တဲ့နေရာမှာ ပိုပြီးတော့ အသုံးဝင်လေပဲ… ဒီတော့ နဂါးသွေးအချို့လည်း လိုလိမ့်မယ်…”

“ငါ့သွေးနဲ့ဆို အဆင်ပြေလောက်တယ်…” ရန်ကိုင်က မသေချာမရေရာသည့်ပုံစံမျိုးဖြင့် ပြောလိုက်၏။

“သခင်က ကိုယ့်သွေးကိုယ် သုံးချင်တာလား…” မူကျု မျက်မှောင်ကျုံ့သွားခဲ့သည်။ ရန်ကိုင်မှာ သူ့သွေးကိုသုံး၍ပင် နဂါးသွေးပန်းများအား ဘာကြောင့် ဤမျှ အစောတလျင် စိုက်ပျိုးချင်နေမှန်းကို သူမနားမလည်ပေ။

ရန်ကိုင်ကပြုံး၍ သူ့သွေးစက်ချထားသော နဂါးသွေးပန်းကို ညွှန်ပြရင်းမှ “ဒီတစ်ခုကိုကြည့်ကြည့်လိုက်… ငါ့ပုံမှန်သွေးတစ်စက်ပဲ ချထားတာ… ဒါပေမယ့် ကြည့်ရတာ တော်တော်လေး ပြောင်းလဲသွားတဲ့ပုံပဲ…”

ထိုစကားကိုကြားသော် သစ်သားဝိဉာဉ်နှစ်ဦးသည် ရန်ကိုင်၏နဂါးသွေးစက် ချထားသော နဂါးသွေးပန်းဆီသို့ ပျံသန်းလာပြီးသည့်နောက် ၎င်းတို့၏မျက်လုံးများကိုပိတ်ကာ စစ်ဆေးကြည့်လိုက်သည်။ ထိုအခိုက်အတန့်ဝယ် ပိုးစုန်းကြူးပမာ ထင်မှတ်ရသော အစိမ်းရောင်အစက်လေးများသည် သစ်သားဝိဉာဉ်များ၏ ခန္ဓာကိုယ်မှ စိမ့်ထွက်လာခဲ့ပြီး နဂါးသွေးပန်းပေါ်သို့ ကျရောက်သွားခဲ့လေသည်။

တစ်ခဏအကြာ၌ သစ်သားဝိဉာဉ်နှစ်ဦးစလုံး၏ခန္ဓာကိုယ်များ တုန်ရီသွားကြပြီး ပြိုင်တူမျက်လုံးပြန်ဖွင့်လာလျက် ရန်ကိုင်အား မယုံကြည်နိုင်ဟန်ဖြင့် ကြည့်ကာ ပြောလိုက်လေ၏။ “သခင်က နဂါးကလန်သားလား…”

“ငါ…” ရန်ကိုင်က သူ့ကိုယ်သူ လက်ညှိုးထိုးရင်းမှ ပြုံး၍ “မဟုတ်ဘူး… ငါက ဒီတိုင်းပဲ ရှေးဟောင်းနဂါးတစ်ကောင်ရဲ့အမြုတေကို ရထားပြီးတော့ နဂါးအသွင်ပြောင်းလဲခြင်းပညာရပ်ကို အတော်လေး အဆင့်မြင့်တဲ့အထိ ကျင့်ထားတာ…”

“ဒါပေမယ့် ဒီနဂါးသွေးက…” မူကျုမှာ ဇဝေဇဝါဖြစ်နေသည့်အမူအယာမျိုးဖြင့် မျက်မှောင်ကျုံ့သွားခဲ့လေသည်။ နောက်ဆုံးတွင်တော့ ခေါင်းသာခါလိုက်လေ၏။

“ငါ့သွေးက သုံးမရလို့လား…” ရန်ကိုင် ရင်ထိတ်သွားခဲ့လေသည်။ “မဟုတ်ပါဘူး… ဒီပန်းပွင့်တောင် တော်တော်လေး ပြောင်းလဲသွားတာပဲဟာကို…”

မူကျုက ပြုံး၍ “သုံးလို့မရတာမဟုတ်ဘူး… သုံးလို့ရတယ်… တော်တော်လေးကို အသုံးဝင်တယ်… ဒီပန်းသာ သခင့်ရဲ့သွေးကို အပြည့်အဝစုပ်ယူပြီး ကျွန်မတို့ရဲ့ နည်းစနစ်တွေကိုသာ ပုံမှန်လေးသုံးပေးလိုက်မယ်ဆိုရင် သုံးလအတွင်း အဆင့်မြင့်နဂါးသွေးပန်းတစ်ပွင့် ဖြစ်လာနိုင်တယ်… ဒါပေမယ့် ထိပ်တန်းအဆင့်ရောက်ဖို့ဆိုရင်တော့ အတော်လေးကြာမှာ… ကျွန်မတို့ကိုယ်တိုင် သေသေချာချာလေး ဂရုစိုက်ပေးမယ်ဆိုရင်တောင် ဆယ်နှစ်ကနေ နှစ်နှစ်ဆယ်လောက်ထိ ကြာနိုင်တယ်…”

ထိုစကားကိုကြားသော် ရန်ကိုင်က ပြန်ပြောလိုက်သည်။ “ထိပ်တန်းအဆင့်တွေကတော့ စိတ်ပူနေစရာမလိုသေးဘူး… အဆင့်မြင့်နဂါးသွေးပန်းတွေရရင်ပဲ အဆင်ပြေနေပြီ…”

မူကျုက ခေါင်းညိတ်၍ “အင်း… အဲ့တစ်နည်းပဲရှိတာကို…”

နဂါးသွေးပန်းများကို စိုက်ပျိုးရန်အတွက် အလိုအပ်ဆုံးအရာ သူတို့တွင်ရှိနေပြီ ဖြစ်သည့်အတွက်ကြောင့် နဂါးသွေးပန်းများကို စိုက်ပျိုးဖို့ရာ ကိစ္စမရှိတော့ပေ။ သစ်သားဝိဉာဉ်နှစ်ဦးသည် ထိုကိစ္စနှင့်ပတ်သက်၍ ခဏမျှ ဆွေးနွေးနေပြီးသည့်နောက်တွင် မူကျုက ပြောလိုက်လေ၏။ “သခင်… ဆေးဥယျာဉ်ထဲက ခရမ်းရောင်မြက်အချို့ ထုတ်လာပေးပါလား…”

“ဘယ်ခရမ်းရောင်မြက်လဲ…” ရန်ကိုင် ဇဝေဇဝါဖြစ်သွားလေ၏။

မူလုကပြုံး၍ “နဂါးသွေးပန်းနားမှာ ပေါက်နေတဲ့ ခရမ်းရောင်မြက်တွေလေ…”

ထိုစကားကိုကြားသော် “အော်.. ငါသိပြီ…”

တကယ်ဆိုလျှင် ဆေးဥယျာဉ်ထဲသို့ ဝင်သွားပြီးသည့်နောက် ထိုမြက်များကို ရန်ကိုင်သတိထားမိခဲ့သည်။ ဆေးဥယျာဉ်ထဲ နဂါးသွေးပန်းများသာလျှင် ရှိနေသည်မဟုတ် နဂါးသွေးပန်းများအနီးတွင် ခရမ်းရောင်မြက်များပါ ရှိနေခဲ့သည်။ သစ်သားဝိဉာဉ်နှစ်ဦးမှ ခရမ်းရောင်မြက်ဟု ရုတ်တရက်ပြောလာသည့်အခိုက် ရန်ကိုင်မှာ အနည်းငယ် ကြောင်အမ်းအမ်း ဖြစ်သွားခဲ့ခြင်းဖြစ်သည်။ သို့ပါသော်ငြား နဂါးသွေးပန်းနှင့် တွဲဖက်ပြောလိုက်သော် ရန်ကိုင်မှာ မည်သည့်အရာကို ပြောနေမှန်း ချက်ချင်းသဘောပေါက်သွားလေ၏။

နဂါးသွေးပန်းအချို့ကို ဆေးဥယျာဉ်ထဲမှ ထုတ်လာပြီးသည့်နောက် ရန်ကိုင်က မေးလိုက်လေ၏။ “ဒီခရမ်းရောင်မြက်တွေက ဘာအသုံးဝင်တာလဲ… အရင်က ငါ တစ်ခါမှ မမြင်ဖူးပါလား…”

ရန်ကိုင်သည် ဧကရာဇ်အဆင့်ဆေးပညာရှင်တစ်ဦး ဖြစ်သည့်အလျောက် သူမသိသည့်ဆေးပင်များမှာ သိပ်မရှိလှပါသော်ငြား ဤခရမ်းရောင်မြက်အကြောင်းကိုမူ သူ တစ်ခါမှ မကြားဖူးပေ။

မူကျုက ပြန်ပြောလိုက်သည်။ “ခရမ်းရောင်မြက်က ကြယ်တာရာအစုအဝေးထဲမှာ မျိုးတုန်းပျောက်ကွယ်သွားခဲ့ပြီ… ဒါပေမယ့် ကျွန်မတို့ကလန်ထဲမှာ အစေ့တွေရှိနေသေးတယ်လေ… ဒီမြက်ကို နဂါးသွေးပန်းနဲ့အတူ စိုက်ရတာ… ဒီမြက်ကလည်း နဂါးသွေးပန်းရှိမှပဲ အသက်ရှင်နိုင်တာ… မဟုတ်ရင် အသက်မရှင်နိုင်ဘူး… ပြီးတော့ ဒီမြက်ရှိနေလို့ရှိရင် နဂါးသွေးပန်းအတွက်လည်း အကျိုးရှိတယ်… ရှင်းရှင်းပြောရရင်တော့ နဂါးသွေးပန်းနဲ့ ဒီခရမ်းရောင်မြက်က တစ်ခုအပေါ်တစ်ခု မှီခိုနေတာပေါ့… ဒီခရမ်းရောင်မြက်နဲ့အတူ နဂါးသွေးပန်းကို တွဲပြီးတော့ စိုက်ပေးလိုက်မယ်ဆိုရင် အဲ့နဂါးသွေးပန်း သက်တမ်းရင့်တဲ့နှုန်းက ပိုပြီးတော့မြန်တယ်…”

ထိုစကားကိုကြားသော် ရန်ကိုင်၏အကြည့် တောက်ပသွားခဲ့လေ၏။ “ငါ တစ်ခါမှ မကြားဖူးပါလား…”

မူကျုက ခေါင်းညိတ်လျက် “ပုံမှန်ဆိုရင်တော့ နဂါးကျွန်းပေါ်မှာ ခရမ်းရောင်မြက်တွေအများကြီး ရှိရမှာ… ဒါပေမယ့် ဘာလို့လဲတော့မသိဘူး… အခု ဒီမှာ တစ်ပင်မှမတွေ့တော့ဘူး…”

အချိန်ကြာလာသည့်နောက်တွင် မျိုးစိတ်ပေါင်းများစွာဟာ မျိုးသုဉ်းပျောက်ကွယ်သွားကြရပေသည်။ ခရမ်းရောင်မြက်များသည်လည်း ခြွင်းချက်မဟုတ်ပေ။

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၃၃၄၀)

ဘာသာပြန်သူ_တိမ်တိုက်

ခရမ်းရောင်မြက်များသည် နဂါးသွေးပန်းများ လျင်မြန်စွာကြီးထွားလာဖို့ရာ လိုအပ်ပေသည်။ ထိုအကြောင်းကြောင့် သစ်သားဝိဉာဉ်များမှာ ဆေးဥယျာဉ်ထဲတွင် ခရမ်းရောင်မြက်များကို နဂါးသွေးပန်းများ လျင်မြန်စွာ ကြီးထွားစေနိုင်ဖို့ရာအတွက် အခြေခံအုတ်မြစ်အဖြစ် စိုက်ပျိုးထားခဲ့လေသည်။

ခရမ်းရောင်မြက်များကို စိုက်ပျိုးဖို့ရာမှာ မခက်လှပေ။ သူတို့တွင် အစေ့များများစားစား မကျန်တော့ပါသော်ငြား ဆေးဥယျာဉ်ထဲတွင် ခရမ်းရောင်မြက်များစွာ ရှိနေပေသည်။ မူကျုနှင့် မူလုတို့၏ အစေ့မလိုဘဲ စိုက်ပျိုးသည့်နည်းလမ်းနှင့်ပါ ထပ်ပေါင်းလိုက်သော် နဂါးသွေးကျွန်းတစ်ခုလုံးသည် အနှေးနှင့်အမြန်ဆိုသလို ခရမ်းရောင်မြက်များဖြင့် လွှမ်းခြုံသွားပေလိမ့်မည်။

ခရမ်းရောင်မြက်များကို နဂါးသွေးကျွန်းအနှံ့ စိုက်ပျိုးဖို့ရာ တစ်လခန့် အချိန်ယူရလိမ့်မည်ဟု မူကျုမှ ခန့်မှန်းထားခဲ့သည်။

သစ်သားဝိဉာဉ်နှစ်ဦး သူ့အလုပ်နှင့်သူ ရှုပ်နေစဉ် ရန်ကိုင်တွင်တော့ ဘာမှလုပ်စရာ ရှိမနေခဲ့ပေ။ ကံကောင်းစွာဖြင့် ကျုချင်းမှာ ရက်အနည်းငယ်ကြာတိုင်း ရန်ကိုင်ဆီသို့လာ၍ အဖော်ပြုပေးနေသည့်အတွက်ကြောင့် ရန်ကိုင်မှာ ပျင်းရိငြီးငွေ့နေခြင်း မရှိခဲ့။

သစ်သားဝိဉာဉ်နှစ်ဦးကိုမြင်သည့်အခါ ကျုချင်းမှာ ထိတ်လန့်သွားခဲ့သည်။ ဤကဲ့သို့သော ရှားပါးမျိုးနွယ်စုမှလူနှစ်ဦးမှာ ရန်ကိုင်အနားတွင် ရှိနေလိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။ သစ်သားဝိဉာဉ်များ၏ စွမ်းရည်ကို သိထားသည့်အလျောက် ယခုဆိုလျှင် ရန်ကိုင်မှာ ဖုကျွင်း၏တောင်းဆိုချက်ကို ဖြည့်ဆည်းပေးနိုင်မည်ဟု ကျုချင်းမှာ ယုံကြည်မိနေလေသည်။

ကျုချင်းအပြင် ဖုချီနှင့် ကျုလဲ့တို့မှာလည်း ရန်ကိုင်၏အခြေအနေကို စစ်ဆေးဖို့ရာ ရန်ကိုင်ဆီသို့ ကြိမ်ဖန်များစွာ လာရောက်လည်ပတ်ခဲ့သည်။ နှစ်ဦးစလုံး ကျုရန်၏အမိန့်ကြောင့် ဤနေရာသို့လာသည်မှာ အသိသာကြီးပင်။

သို့ပင်ဖြစ်လင့်ကစား ရန်ကိုင်ကမူ ကျွန်းအပြင်ဘက်တွင် သူတို့အား တားထားခဲ့လေသည်။ သစ်သားဝိဉာဉ်များမှာ သူ့အလုပ်နှင့်သူ ရှုပ်နေကြလေ၏။ ရန်ကိုင်မှာ သစ်သားဝိဉာဉ်များ ရှိနေသည့်အကြောင်းကို နဂါးကလန်သားများ သိသွားမည်ကို မလိုလားပေ။ နဂါးကလန်သာ မူကျုနှင့်မူလုတို့အား ရှာတွေ့သွားခဲ့ပြီး သူတို့အား လောဘတကြီး ဖမ်းဆီးရန် ကြိုးစားလာပါက ပြဿနာတက်ရပေလိမ့်မည်။

ဖုချီနှင့် ကျုလဲ့တို့မှာလည်း ကူကယ်ရာမဲ့နေခဲ့ရသည်။ သူတို့အနေဖြင့် နှစ်ရက်သုံးရက်ကြာတိုင်း တစ်ခါ ကျွန်းဆီသို့ လာလည်နေပါသော်ငြား ကျွန်းထဲရှိအခြေအနေကို မသိရသေးပေ။

လဝက်ကြာပြီးသည့်နောက် ရန်ကိုင်မှာ သည်းမခံနိုင်တော့သည့်အဆုံး ဖုချီနှင့် ကျုလဲ့တို့အား ကောင်းကောင်းသမပေးတော့လေ၏။

ထို့နောက်တွင် ဖုချီနှင့် ကျုလဲ့တို့ ပေါ်လာလေ့မရှိကြတော့ပေ။ ရွေးချယ်စရာမရှိတော့သည့်အဆုံး ကျုရန်မှာ ကျုချင်းဆီမှ သတင်းနှိုက်ရတော့သည်။ တကယ်တော့ နဂါးသွေးကျွန်းပေါ်ရှိ အခြေအနေကို ရန်ကိုင်မှ စိတ်လိုလက်ရပြောပြပေးမည့်လူဆို၍ ကျုချင်းတစ်ဦးသာ ရှိသည်မဟုတ်ပေလော။

ကျုချင်းမှာလည်း ကျုရန်၏အမေးကို လျစ်လျူမရှုထားရဲပေ။ ကံကောင်းစွာဖြင့် ရန်ကိုင်မှာ နှစ်ဝက်နေလျှင် အခြေအနေကို သိရလိမ့်မည်ဟု ကျုရန်အား ပြောရန် ကျုချင်းကို ပြောထားခဲ့သည်။

နှစ်ဝက်ဟူသောအချိန်ကာလမှာ မကြာညောင်းလှပေ။ နဂါးကလန်သားများအတွက်မူ မျက်တောင်တစ်ခတ်စာလောက်သာ ရှိပေသည်။ ထို့အတွက်ကြောင့် နှစ်ဝက်လောက်စောင့်ရသည်မှာ သူတို့အတွက် ကိစ္စမရှိ။

နဂါးသွေးကျွန်း၏ပုံစံမှာ တစ်နေ့ပြီးတစ်နေ့ သိသိသာသာကို ပြောင်းလဲလာနေခဲ့သည်။ မူကျုပြောခဲ့သလိုပင် တစ်လကြာပြီးသည့်နောက် နဂါးသွေးကျွန်းပေါ်၌ ခရမ်းရောင်မြက်များ အစီအရီပေါက်ရောက်နေခဲ့လေသည်။ ယခုဆိုလျှင် အဝေးမှ လှမ်းမျှော်ကြည့်လိုက်ပါက ကျွန်းပုံစံမှာ အတော်လေးကိုမှ မင်သက်ဖွယ် ကောင်းနေလေပြီ။ ခရမ်းရောင်မြက်များပေါက်နေသည့်နေရာတွင်မူ နဂါးသွေးပန်းများကို ထပ်မံစိုက်ပျိုးခဲ့သည်။

ပြင်ဆင်မှုများ ပြီးသွားသည့်နောက်တွင် ရန်ကိုင်သည် သစ်သားဝိဉာဉ်များ၏အမိန့်အတိုင်း ဆေးဥယျာဉ်ထဲမှ နဂါးသွေးပန်းများကို အပြင်သို့ ထုတ်ယူလာခဲ့သည်။

မူကျုနှင့် မူလုတို့မှာ ထုတ်ယူလာသော နဂါးသွေးပန်းများကို ကျွန်းပေါ်တွင် သေသေချာချာ စိုက်ပျိုးလိုက်ကြလေသည်။ တစ်ရက်ကြာပြီးသည့်နောက်တွင် ဆေးဥယျာဉ်ထဲရှိ အလယ်အလတ်အဆင့်နဂါးသွေးပန်းများကို နဂါးသွေးကျွန်းပေါ်၌ နေရာပြောင်းစိုက်ပျိုးပြီးသွားခဲ့လေ၏။ ရက်အနည်းငယ်ကြာပြီးသည့်နောက်တွင် မရင့်သေးသော နဂါးသွေးပန်းများစွာကိုလည်း ထပ်မံနေရာပြောင်းကာ စိုက်ပျိုးခဲ့ကြလေသည်။

ထိုအချိန်အတောအတွင်း ရန်ကိုင်သည် သူ၏ရွှေရောင်သွေးကိုသုံး၍ မူကျု၏ညွှန်ကြားချက်အတိုင်း သူ့သွေးများကို ခွက်တစ်လုံးထဲသို့ထည့်ကာ မူကျုနှင့်မူလုတို့အား ပေးလိုက်သည်။

သွေးများစွာကို ထုတ်ယူပြီးသွားသည့်တိုင် သူ၏သွေးမျိုးဆက်မှာ လျော့ကျသွားခြင်းမရှိမှန်း သိလိုက်ရပြီးသည့်အခါမှသာလျှင် ရန်ကိုင်မှာ စိတ်သက်သာရာ ရသွားနိုင်၏။

ထို့နောက်တွင်မူ ရန်ကိုင်သည် ဘာမှလုပ်စရာမလိုတော့ပဲ စောင့်နေရုံသာ ရှိတော့လေသည်။ သစ်သားဝိဉာဉ်နှစ်ဦးမှ ကိစ္စအားလုံးကို ကိုင်တွယ်ပေးသွားလိမ့်မည်ဖြစ်လေရာ ရန်ကိုင်အနေဖြင့် ဘာကိုမှ စိတ်ပူစရာမလိုပေ။ သင့်တော်သည့်နေရာတစ်ခု ရှာပြီးသည့်နောက်တွင် ရန်ကိုင်သည် ထိုနေရာတွင် သူ့ဘာသာသူ အေးအေးဆေးဆေး ထိုင်နေတော့လေ၏။

တစ်ခါတစ်ရံ နဂါးသွေးကျွန်းတစ်ဝိုက် လျှောက်ပတ်သွားပြီး နဂါးသွေးပန်းများ၏ အခြေအနေကို စစ်ဆေးကြည့်ပေသည်။ လတိုင်းလတိုင်း မူကျုနှင့်မူလမှာ ရန်ကိုင်ဆီမှ သူ့သွေးကို လာလာတောင်းယူလေ့ရှိ၏။

ရန်ကိုင်၏ဘဝမှာ အတော်လေးကိုမှ ငြိမ်းချမ်းနေခဲ့သည်။ ကျုချင်းမှာလည်း အားသည့်အချိန်တိုင်း ရန်ကိုင်ဆီသို့ လာရောက်လည်ပတ်ကာ ရန်ကိုင်နှင့်အတူ အချိန်ဖြုန်းပေးလေ့ရှိသည်။

နှစ်ဝက်ကြာပြီးသည့်နောက် ရန်ကိုင်သည် နဂါးသွေးကျွန်း၏ ကမ်းခြေပေါ်တွင် လက်နောက်ပစ်ကာ ရပ်နေခဲ့သည်။ သူ့အဝတ်အစားများမှာမူ လေအဝှေ့နှင့်အတူ တလူလူ လွင့်ပျံနေလေ၏။ လက်ရှိအခိုက်အတန့်တွင် ရန်ကိုင်မှာ အလေးအနက်အမူအယာဖြင့် ကောင်းကင်ပေါ်သို့ မော့၍ ကြည့်နေခဲ့လေသည်။

ထိုအခိုက်အတန့်တွင် မိုးကုပ်စက်ဝိုင်းအောက်ဆီမှ အရောင်အသွေးမတူညီသော အလင်းတန်းပေါင်းများစွာ ရန်ကိုင်ရှိရာအရပ်ဆီသို့ ပျံသန်းလာနေကြလေသည်။ ထိုအလင်းတန်းများနှင့်အတူ နဂါးဖိအားများသည်လည်း ပျံ့နှံ့လာနေခဲ့လေ၏။

မကြာမီ အလင်းတန်းများ ရန်ကိုင်နှင့် မလှမ်းမကမ်းတွင် ရပ်တန့်သွားခဲ့ပြီး လူငါးဦး ပေါ်လာခဲ့လေသည်။

နဂါးကလန်၏ အကြီးအကဲငါးဦးဖြစ်ကြသော ပထမအကြီးအကဲကျုရန်၊ ဒုတိယအကြီးအကဲဖုကျွင်း၊ တတိယအကြီးအကဲဖုရွှမ်း၊ စတုတ္တအကြီးအကဲကျုခုန်နှင့် ကျုချင်းတို့အားလုံး ရောက်ရှိလာကြလေပြီ။

ပေါ်လာပြီးသည်နှင့်တစ်ပြိုင်နက် ကျုရန်က အလျင်စလို ကောက်မေးလိုက်၏။ “ရန်ကောင်လေး… ချင်းအာပြောတာ မင်းပြီးသွားပြီဆို… ဟုတ်လား…”

ကျုချင်းမှ ထိုအကြောင်းကို သူ့အား အသိပေးလာစဉ်က ကျုရန်မှာ လုံးဝကို မယုံကြည်နိုင် ဖြစ်ခဲ့ရသည်။ ယခင်က ကျုချင်းသည် ရန်ကိုင်ပြောခိုင်းသည့်အတိုင်း နှစ်ဝက်ကြာလျှင် ဤနေရာရှိကိစ္စအားလုံးကို အပြီးသတ်ပေးမည်ဟု ကျုရန်အား သွားပြောပြခဲ့သည်။ ထိုစဉ်က ကျုရန်မှာ သိပ်၍ မယုံကြည်ခဲ့ပေ။ ရန်ကိုင် သူတို့အား လာနောက်နေမည်ကိုပင်လျှင် စိုးရိမ်နေခဲ့ပေသေးသည်။

တကယ်တော့ ရန်ကိုင်ခိုးယူသွားခဲ့သည့် နဂါးသွေးပန်းများမှာ နည်းလှသည်မှမဟုတ်လေပဲ။ ထို့အပြင် ရန်ကိုင်သည် အလယ်အလတ်အဆင့်နှင့် အထက် နဂါးသွေးပန်းအားလုံးကို စားပစ်လိုက်ပြီဟု ပြောခဲ့သည်။ ထိုသို့ဖြစ်လေရာ တစ်ခဏလေးအတွင်းမှာပင် ရန်ကိုင်သည် သူစားသုံးခဲ့သော အရာများကို မည်ကဲ့သို့များ ပြန်လည်၍ အလျော်ပေးနိုင်ပါမည်နည်း။

ရန်ကိုင်က ပြုံး၍ ပြန်ပြောလိုက်သည်။ “တကယ်ဟုတ်မဟုတ်တော့ ကိုယ်တိုင်သွားကြည့်လိုက်ရင် သိမှာပေါ့…”

ပြောပြီးသည့်နောက် ဖုရွှမ်းနှင့် ကျုခုန်တို့အား ခေါင်းညိတ်ပြလိုက်လေသည်။ ဖုကျွင်းကိုမူ ရန်ကိုင်မှာ တစ်ချက်ပင်မကြည့်ခဲ့ပေ။

ဖုကျွင်းကလည်း ရန်ကိုင် သူမအား ကြည့်လား မကြည့်လားကို လုံးဝ ဂရုစိုက်မနေခဲ့ပဲ အေးစက်စက်အမူအယာဖြင့်သာ ရှိနေခဲ့သည်။ ရန်ကိုင်မှ သူမအပေါ် တလေးတစားဖြင့် နှုတ်ဆက်လာမှသာလျှင် ထူးဆန်းနေမည်ဖြစ်လေရာ ဖုကျွင်းမှာတော့ လုံးဝ အရေးစိုက်မနေခဲ့။

ကျုရန်ကတော့ အလေးအနက်အမူအယာဖြင့် ပြောလိုက်သည်။ “ကောင်လေး… မင်း ငါတို့ကို လာမနောက်နဲ့နော်… နဂါးသွေးပန်းတွေ ငါတို့အတွက် ဘယ်လောက်အရေးကြီးလဲ မင်းလည်းသိတာပဲ… မင်း ငါတို့ကိုလာနောက်ရင်တော့ ငါ မင်းကို အလွတ်ပေးမှာမဟုတ်ဘူး…”

ရန်ကိုင်က နှာခေါင်းရှုံ့လျက် “နဂါးသွေးပန်းလေးနည်းနည်းလောက်ပဲကို… ဘာတွေ ဒီလောက်တောင်ဖြစ်နေရတာလဲ…”

(နဂါးသွေးပန်းလေးနည်းနည်း…) ကျုရန်၏မျက်နှာ သုန်မှုန်သွားခဲ့လေသည်။ နဂါးသွေးပန်းသည် နဂါးကလန်၏အုတ်မြစ်ဖြစ်လေရာ ထိုအရာများမှာ သူတို့အတွက်မူ မည်ကဲ့သို့များ အဖိုးတန်ရတနာများ မဟုတ်ဘဲ နေပါမည်နည်း။

ကျုချင်းမှာလည်း ဆက်မကြည့်နိုင်တော့သည့်အဆုံး ဝင်၍ပြောလိုက်လေ၏။ “ပထမအကြီးအကဲ… ကိုယ်တိုင်မြင်မှ ယုံရမှာဆိုတော့ ဘာဖြစ်လို့ တစ်ချက်လောက် သွားမကြည့်ကြည့်တာလဲ…”

ကျုရန်က ခေါင်းညိတ်လိုက်သည်။ “ကောင်းပြီလေ…”

ထိုစဉ် ဖုကျွင်းသည် နဂါးသွေးကျွန်းရှိရာဆီသို့ ပြေးထွက်သွားခဲ့ပြီး အေးစက်စက်လေသံဖြင့် အော်ပြောသွားခဲ့သည်။ “နင် ဘာတွေမလှိမ့်တပတ်လုပ်ထားလဲ ဒီဘုရင်မ ကြည့်ရသေးတာပေါ့…”

ရန်ကိုင်က ပြန်ပြောလိုက်သည်။ “အချိန်ယူပြီးတော့သာ သေသေချာချာကြည့်နေလိုက်… ခင်ဗျားဆီကနေ ဘယ်သူမှလာမလုဘူး… ဘာတွေ ဒီလောက်တောင် အလျင်လိုနေတာလဲ…”

ဖုကျွင်းမှာ ပျံသန်းနေရင်းမှ ရုတ်တရက် ကောက်ရပ်လိုက်ပြီး ရန်ကိုင်အား တစ်ချက်လှမ်းကြည့်လိုက်သည်။ ထို့နောက်မှသာလျှင် ရှေ့သို့ ဆက်သွားလေ၏။

ကျုရန်မှာတော့ ရန်ကိုင်နှင့် အချိန်ဖြုန်းနေလိုစိတ် မရှိတော့ဘဲ ဖုကျွင်းနောက်သို့ အမြန်ပြေးလိုက်သွားခဲ့သည်။ ဖုရွှမ်းနှင့် ကျုခုန်တို့မှာလည်း ရန်ကိုင်အား လက်သီးဆုပ်နှုတ်ဆက်ပြီးသည့်နောက် အလျင်စလို ပြေးထွက်သွားကြလေ၏။

ကျုချင်းသည် ထိုလူများကိုကြည့်ရင်းမှ မေးလိုက်သည်။ “သူတို့ အရမ်းကြီး အံ့အားမသင့်ဖို့ မျှော်လင့်ရတာပဲ…”

လွန်ခဲ့သည့်ခြောက်လအတောအတွင်း သစ်သားဝိဉာဉ်နှစ်ဦးမှ နဂါးသွေးကျွန်းတစ်ခုလုံးအား မည်ကဲ့သို့ ပြောင်းလဲပစ်ခဲ့သလဲဆိုသည်ကို ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့ခဲ့ရသည်။ ကိုယ်တိုင်သာ မမြင်ခဲ့ရလျှင် ကျုချင်းမှာလည်း အမှန်တကယ်ကို ယုံနိုင်လိမ့်မည်မဟုတ်ပေ။

လက်ရှိ နဂါးသွေးကျွန်း၏အခြေအနေကို မြင်လိုက်သည့် မည်သည့်နဂါးကလန်သားမဆို လုံးဝကို အံ့အားမသင့်ဘဲ နေနိုင်ကြလိမ့်မည်မဟုတ်ပေ။

ရန်ကိုင်သည် ကျုချင်းဆီသို့ လက်လှမ်းလိုက်ရင်းမှ ပြောလိုက်၏။ “ကဲ… သူတို့ဘယ်လိုနေမလဲ သွားကြည့်ကြတာပေါ့…”

ထို့နောက်တွင် ကျုချင်းသည် ယဲ့ယဲ့လေးပြုံးလျက် ရန်ကိုင်၏လက်ကိုကိုင်ရင်းမှ အတူတကွ ပျံသန်းသွားကြလေသည်။

တစ်ခဏအကြာတွင် နဂါးသွေးပန်းများ စိုက်ပျိုးထားရာအရပ်ဆီသို့ ရောက်လာကြလေသည်။ ထိုအရပ်ဆီသို့ လှမ်း၍ကြည့်လိုက်ရာ နဂါးကလန်၏ အကြီးအကဲလေးဦးစလုံးမှာ လေထဲတွင်ဝဲရင်း တိတ်ဆိတ်နေကြောင်းကို တွေ့လိုက်ရသည်။

လေးဦးစလုံးမှာ အာစေးမိနေကြသည့်အလား သူတို့ရှေ့ရှိမြင်ကွင်းကို မလှုပ်မယှက် ကြောင်ကြည့်နေကြလေသည်။

ဖုရွှမ်းဆိုလျှင် အံ့အားသင့်လွန်းသဖြင့် သူမပါးစပ်ကိုပင် လက်ဖြင့်အုပ်ထားရ၏။

ကျုရန်မှာ အလွန်ကိုမှ ထိတ်လန့်နေမိသလို ဖုကျွင်းမှာလည်း မယုံသင်္ကာလည်းဖြစ် အံ့လည်း အံ့အားသင့်နေလေ၏။

ကျုခုန်မှာတော့ သူ့ရှေ့ရှိမြင်ကွင်းအပေါ် မယုံကြည်နိုင်ဖြစ်နေသည့်အလား သူ့ဘာသာသူ ရေရွတ်နေလေ၏။ “ငါ အိပ်မက်များ မက်နေတာလား…”

အိပ်မက်သာမဟုတ်လျှင် ဘာကြောင့်များ ဤကဲ့သို့သောမြင်ကွင်းမျိုးကို မြင်နေရလေသနည်း။

သူတို့အောက်ဘက်ရှိ မြင်ကွင်းတစ်ခုလုံးမှာလည်း ခရမ်းရောင်မြက်များ၊ မရေမတွက်နိုင်သော နဂါးသွေးပန်းများဖြင့် ပြည့်နေလေသည်။ ထို့အပြင် ထိုပန်းပင်အားလုံးကို သပ်သပ်ရပ်ရပ် စီတန်းစိုက်ပျိုးထားခြင်းလည်း ဖြစ်၏။

နဂါးသွေးပန်းများထဲ သက်တမ်းမရင့်သေးသော နဂါးသွေးပန်းများ၊ အဆင့်နိမ့်နဂါးသွေးပန်းများ၊ အလယ်အလတ်အဆင့်နဂါးသွေးပန်းများနှင့် အဆင့်မြင့်နဂါးသွေးပန်းများပင် ရှိနေကြသည်။

ကျုခုန်မြင်ရသလောက် ထိုနေရာ၌ အဆင့်မြင့်နဂါးသွေးပန်း ငါးပွင့် ရှိနေပြီး အလယ်အလတ်အဆင့်နဂါးသွေးပန်းမှာမူ အပွင့်သုံးဆယ်မှ လေးဆယ်ကြားတွင် ရှိနေကာ အဆင့်နိမ့်နဂါးသွေးပန်းများနှင့် သက်တမ်းမရင့်သေးသော နဂါးသွေးပန်းများမှာမူ မရေမတွက်နိုင်အောင်ကို ရှိနေကြသည်။

ဤသည်မှာ နဂါးသွေးကျွန်း၏ အစိတ်အပိုင်းတစ်ခုသာ ရှိပေသေးသည်။ နဂါးသွေးကျွန်း၏ အခြားသောအစိတ်အပိုင်းများတွင် စိုက်ပျိုးထားသော နဂါးသွေးပန်းများကိုပါ ထပ်မံ၍ ရေတွက်ကြည့်လိုက်မည်ဆိုလျှင် နဂါးသွေးပန်းများ မည်မျှပင် များပြားနေလိုက်ပါမည်နည်း။

ဖုကျွင်းမှာတော့ သူမမျက်လုံးသူမ မယုံကြည်နိုင်ခဲ့။ တစ်ခဏမျှ တုံ့ဆိုင်းနေပြီးသည့်နောက် နဂါးသွေးကျွန်း၏ အခြေအနေကို စစ်ဆေးကြည့်ချင်သည့်အလား အခြားသောအရပ်ဆီသို့ ပျံသန်းသွားလေသည်။ သူမစိတ်ထင်အရ ဤနေရာတစ်ခုလောက်သည်သာ နဂါးသွေးပန်းများဖြင့်ပြည့်နေပြီး ကျန်သည့်နေရာများမှာ ပြောင်သလင်းခါနေလိမ့်မည်ဟူ၍ပင်။

သူမသည်သာ ထိုကဲ့သို့တွေးမိသည်မဟုတ်။ ကျုရန်၊ ကျုခုန်နှင့် ဖုရွှမ်းတို့မှာလည်း ထိုကဲ့သို့ စဉ်းစားမိကြသည့်အလား နဂါးသွေးကျွန်း၏ အခြားသောအစိတ်အပိုင်းများကို သွားရောက်စစ်ဆေးကြည့်ကြလေသည်။

ရန်ကိုင်ကမူ လှောင်ပြုံးပြုံး၍ ကျုချင်းဘက်သို့လှည့်ကြည့်၍ “ကြည့်ရတာ သူတို့ ငါ့ကို မယုံသေးတဲ့ပုံပဲ…”

ကျုချင်းက ခေါင်းခါလျက် “သူတို့ နင့်ကို မယုံတာမဟုတ်ဘူး… သူတို့မြင်နေရတာကိုက မယုံကြည်နိုင်စရာကောင်းလွန်းနေတာ… သူတို့ကို စစ်ဆေးကြည့်ခိုင်းလိုက်ပါ… အဲ့ဒါက ကိုယ်တိုင်ရှင်းပြနေရတာထက် အများကြီးပိုကောင်းတယ်…”

ရန်ကိုင်ကလည်း ခေါင်းညိတ်၍ “ဟုတ်တယ်နော်…”

ထိုသို့ဖြင့် ရန်ကိုင်နှင့်ကျုချင်းတို့မှာ စိတ်ရှည်ရှည်ဖြင့်သာ ရပ်စောင့်နေကြလေသည်။

ခဏကြာပြီးသည့်နောက်တွင် ဖုကျွင်း ပထမဦးဆုံး ပြန်ရောက်လာခဲ့လေသည်။ ယခုတစ်ကြိမ်တွင်တော့ ဖုကျွင်းမှာ ရန်ကိုင်အား ယခင်ကနှင့်မတူ မကြည့်စဖူးအကြည့်မျိုးဖြင့် ကြည့်နေခဲ့လေသည်။ သူမ၏မျက်လုံးများထဲ အံ့အားသင့်ရိပ်တို့ ပြည့်နေလေ၏။ သူမ၏နှုတ်ခမ်းမှာလည်း ရန်ကိုင်အား တစ်ခုခုမေးချင်နေသည့်အလား လှုပ်စိလှုပ်စိဖြစ်နေခဲ့သည်။ သို့သော်ငြား အဆုံးတွင်တော့ ဘာကိုမှ မပြောခဲ့ပေ။

ရန်ကိုင်ကမူ ခေါင်းကိုမော့ ရင်ကိုကော့၍ ယုံကြည်ချက်အပြည့်ရှိသည့် အမူအယာမျိုးဖြင့် ရပ်နေလေ၏။

မကြာမီတွင် အခြားသောအလင်းတန်းများ ရောက်ရှိလာကြပြီး အစောပိုင်းကထွက်သွားသည့်လူအားလုံး ပြန်ရောက်လာကြသည်။ အကုန်လုံးမှာ ရန်ကိုင်အား မယုံကြည်နိုင်ဟန်အထင်းသားဖြင့် ကြည့်နေကြလေ၏။

ထိုအချင်းအရာကိုမြင်သော် ရန်ကိုင်မှာ ပို၍ပင် ယုံကြည်ချက်ရှိလာခဲ့လေသည်။

“ရန်ကိုင်လေး…” ကျုရန်မှာ မြေပြင်ကိုလက်ညှိးထိုးရင်းမှ မေးလိုက်သည်။ “အဲ့ဒါ ခရမ်းရောင်မြက်တွေလား…”

ရန်ကိုင်သည် ကျုရန်ကိုကြည့်၍ “ပထမအကြီးအကဲက တကယ်ကို ဗဟုသုတကြွယ်ဝတာပဲ… ခရမ်းရောင်မြက်တွေကိုတောင် ဘာမှန်းသိတယ်ဆိုတော့ တကယ်ကို အထင်ကြီးစရာပဲ…”

ထိုစကားကိုကြားသော် ကျုရန်၏မျက်နှာကြီး မဲ့သွားခဲ့လေသည်။ ရန်ကိုင်၏ပုံစံမှာ သူ့အား ချီးကျူးနေသည်နှင့်မတူဘဲ လှောင်ပြောင်နေသည့်ပုံစံမျိုးပင် ပေါက်နေခဲ့သည်။ သို့ပင်ဖြစ်လင့်ကစား ထိုကိစ္စအပေါ် စဉ်းစားနေရန် အချိန်မရှိသည့်အတွက်ကြောင့် ပြန်၍သာ မေးလိုက်လေ၏။ “မင်း ဒီခရမ်းရောင်မြက်တွေကို ဘယ်ကနေရလာတာလဲ…”

ခရမ်းရောင်မြက်များသည် မျိုးသုဉ်းပျောက်ကွယ်သွားပြီဖြစ်သော မြက်များ ဖြစ်ကြသည်။ ထိုသို့သာမဟုတ်ပါက သူတို့အနေဖြင့် ဤခရမ်းရောင်မြက်များကို နဂါးသွေးပန်းများနှင့်အတူ အတူတကွ စိုက်ပျိုးထားပေလိမ့်မည်။ တကယ်တော့ ခရမ်းရောင်မြက်များသာရှိလျှင် နဂါးသွေးပန်းများသည် ပို၍လျင်မြန်စွာ သက်တမ်းရင့်လာနိုင်သည် မဟုတ်ပေလော။

သို့ပါသော်ငြား ထိုကဲ့သို့သော မျိုးသုဉ်းပျောက်ကွယ်သွားပြီဖြစ်သည့် ခရမ်းရောင်မြက်များသည် ဤနေရာတွင် ပြန်ပေါ်လာလိမ့်မည်ဟု လုံးဝမထင်ထားခဲ့ပေ။ ထို့အပြင် ပေါ်လာသည်မှာလည်း အရေအတွက်နည်းနည်းလေးမဟုတ်။ ကျွန်းအနှံ့ပင် ဖြစ်နေလေ၏။

ခရမ်းရောင်မြက်များသည် နဂါးသွေးပန်းများကဲ့သို့ပင် နဂါးကလန်အတွက် အလွန်ကိုမှ အဖိုးတန်လှသည့် ရတနာတစ်မျိုး ဖြစ်ပေသည်။

“ကျုပ် အဲ့ဒါတွေကို ဘယ်ကနေရလာလဲ ခင်ဗျား စိတ်ပူနေစရာမလိုဘူး… ကျုပ် ဒီမှာစိုက်ထားပြီးသွားပြီဆိုမှတော့ နဂါးကလန်ကို ပေးလိုက်ပြီလို့ပဲ သဘောထားလိုက်ပေတော့…”

ကျုရန်က စိတ်ထဲမှနေ၍ တွေးလိုက်လေ၏။ (မင်းမှာ ရွေးစရာမှလည်း မရှိတော့တာ… မင်း အဲ့ဒါတွေကို ပြန်ယူရဲရင် ငါ မင်းကို သတ်မှာ…)

ကျုရန်မှာ အံ့အားသင့်နေဟန်ဖြင့် ပြုံး၍ “တကယ်ကြီးလား… မင်းဘက်က အဲ့လိုမျိုး ရက်ရောပေးနေတယ်ဆိုမှတော့လည်း ငါတို့ဘက်ကလည်း လက်ခံပေးရသေးတာပေါ့…”

ထို့နောက်တွင် ရန်ကိုင်က လေသံတိုးတိုးဖြင့် “ကျုပ်က ကျုချင်းရဲ့ယောက်ျားလေ… ဒီတော့ နဂါးကလန်ရဲ့ တစ်စိတ်တစ်ပိုင်းလို့ ပြောလို့ရတယ်… အဲ့ဒါကြောင့် ပစ္စည်းကောင်းတွေရှိလို့ရှိရင် ခင်ဗျားတို့ကို မပေးဘဲလည်း မနေပါဘူး…”

ပြောပြီးသည့်နောက် ဖုကျွင်းအား လှမ်း၍ စိုက်ကြည့်လိုက်လေ၏။

သို့ပါသော်ငြား ဖုကျွင်းမှာ ရန်ကိုင်ဆီမှ အကြည့်လွှဲသွားခဲ့ပြီး ရန်ကိုင်အား မသိချင်ယောင်ဆောင်နေလိုက်လေသည်။

(ဒီခွေးမကတော့…) ရန်ကိုင် စိတ်ထဲမှနေကာ ကြိတ်၍ ကျိန်ဆဲလိုက်လေ၏။

All Chapters