← Chapters

အခန်း (၃၃၂၅-၃၃၂၈)

Vol. 146 Ch. 3325-3328

အခန်း (၃၃၂၅-၃၃၂၈)

Vol. 146 Ch. 3325-3328

အပိုင်း (၃၃၂၅)

ဘာသာပြန်သူ_တိမ်တိုက်

ရန်ကိုင်မှာ ဟင်းလင်းပြင်အစီအရင်များကို ခင်းကျင်းရာ၌ အတော်လေးကိုမှ ကျွမ်းကျင်လှပေသည်။ အခြားတစ်နေရာသို့ သွားမနေတော့ဘဲ အိမ်လေးထဲတွင် ထိုဟင်းလင်းပြင်အစီအရင် တစ်ခုကို စတင်ခင်းကျင်းတော့သည်။

လီဝူရီကမူ လက်နောက်ပစ်၍ ရန်ကိုင် ဟင်းလင်းပြင်အစီအရင် ခင်းကျင်းနေသည်ကို သေသေချာချာ ကြည့်နေခဲ့သည်။ ကြည့်နေရင်းမှ သူ့အမူအရာမှာ အံ့အားသင့်သွားလိုက်၊ မယုံသင်္ကာဖြစ်သွားလိုက်၊ ထိတ်လန့်သွားလိုက်၊ နောက်ဆုံးတွင် ဉာဏ်အလင်းပွင့်သွားလိုက် ဖြစ်နေလေသည်။ ရန်ကိုင် ဟင်းလင်းပြင်အစီအရင် ခင်းကျင်းနေသည်ကို ကြည့်နေရင်းမှ အကျိုးကျေးဇူးများစွာ ရရှိသွားသည့်အလား။

နေ့ဝက်ခန့် ကြာပြီးသည့်နောက်တွင် ဟင်းလင်းပြင်အစီအရင် ရုပ်လုံးပေါ်လာခဲ့သည်။ ဟင်းလင်းပြင်အစီအရင်နှင့် ပတ်သက်၍ မည်သည့် ချို့ယွင်းချက်များ ရှိသေးသလဲ စစ်ဆေးကြည့်ပြီးသည့်နောက် မည်သည့် ချို့ယွင်းချက်ကိုမျှ မတွေ့သော် ရန်ကိုင်သည် လီဝူရီဘက်သို့ လှည့်၍... "စီနီယာ၊ ကျေးဇူးပြုပြီးတော့ တစ်ချက်ကြည့်ကြည့်ပါဦး"

လီဝူရီသည် ရန်ကိုင်အား အဓိပ္ပာယ်ပါပါကြည့်၍ ဟင်းလင်းပြင်အစီအရင်ပေါ်သို့ တက်လိုက်သည်။ လေဟာနယ်နိယာမ စွမ်းအားတို့ ဖြာထွက်လာခဲ့ပြီး မျက်လုံးကို ပိတ်ကာ ဘေးပတ်ဝန်းကျင်ကို စတင်အာရုံခံတော့လေ၏။

တစ်ခဏအကြာ၌ လီဝူရီက ပြောလိုက်သည်။ "မင်း ဒီဟင်းလင်းပြင်အစီအရင်ထဲကို ကန့်သတ်ချက်တစ်ခုခု ထည့်ထားသေးလား၊ ကြည့်ရတာ ဒီဟင်းလင်းပြင်အစီအရင်ကို အသက်သွင်းဖို့ နည်းလမ်းတစ်ခုခု လိုတဲ့ပုံပဲ"

ရန်ကိုင်က ပြုံး၍... "စီနီယာပြောတာ အမှန်ပဲ၊ ဒီဟင်းလင်းပြင်ကို အသက်သွင်းချင်တယ်ဆိုရင် အထူးတလည် ဖန်တီးထားတဲ့ လေဟာနယ်တံဆိပ်ပြားတွေကို သုံးဖို့လိုလိမ့်မယ်၊ အဲဒီတံဆိပ်ပြားသာ မရှိရင် ဒီဟင်းလင်းပြင်အစီအရင်ကို အသက်သွင်းလို့ မရဘူး"

လီဝူရီက ခေါင်းညိတ်၍... "အင်း၊ အဲဒီကန့်သတ်ချက်ကတော့ တကယ်ကို မဆိုးဘူး၊ ဒီနည်းလမ်းနဲ့ဆိုရင် အခြားသူတွေ ဒီဟင်းလင်းပြင်အစီအရင်ကို ခွင့်ပြုချက်မရဘဲ လာသုံးမှာကို တားဆီးလို့ ရသွားပြီ၊ ပြီးတော့ ဒီဟင်းလင်းပြင်အစီအရင်ကို ကြည့်ရတာ နေရာတော်တော်များများကို ဆက်သွယ်ထားတဲ့ပုံပဲ၊ ဒါပေမဲ့"

"ဒါပေမဲ့ ဘာဖြစ်လို့လဲ" ရန်ကိုင်သည် လီဝူရီအား ပြုံးကာ ကြည့်နေလိုက်သည်။

လီဝူရီသည် မျက်မှောင်ကြုတ်နေပြီးသည့်နောက် သူ့ဘာသာသူ ရေရွတ်နေသည့် ပုံစံမျိုးဖြင့် ပြောလိုက်လေ၏။ "ဒါပေမဲ့ ဒီဟင်းလင်းပြင်အစီအရင်နဲ့ ဆက်သွယ်ထားတဲ့ နေရာတွေက ဘာဖြစ်လို့ ဒီလောက်ဝေးသလို ခံစားနေရတာလဲ" ရုတ်တရက် လီဝူရီ မျက်လုံးပြန်ပွင့်လာခဲ့ပြီး အလန့်တကြား ဆိုလိုက်လေ၏။ "ဒါက နယ်မြေခြား ဟင်းလင်းပြင်အစီအရင်ကြီးလား"

"နယ်မြေခြား ဟင်းလင်းပြင်အစီအရင်" ကျိုဖုန်း ပါးစပ်အဟောင်းသား ဖြစ်သွားခဲ့လေသည်။ ထို့နောက် လီဝူရီကို ကြည့်၍ မေးလိုက်လေ၏။ "နင် တကယ်ပြောနေတာလား"

လီဝူရီက ခေါင်းခါ၍... "ဒီဟင်းလင်းပြင်အစီအရင် ဘယ်နေရာတွေကို ဆက်သွယ်ထားလဲဆိုတာကို ငါမသိပေမဲ့ ဒီဟာနဲ့ ဆက်သွယ်ထားတဲ့ နေရာအချို့ကတော့ အခုရှိနေတဲ့ နေရာနဲ့ တော်တော်လေးကို လှမ်းတယ်၊ အဲဒီလို နေရာမျိုးတွေကို သာမန် ဟင်းလင်းပြင်အစီအရင်နဲ့ မရောက်နိုင်ဘူး၊ ရန်ကိုင်၊ ဒါနယ်မြေခြား ဟင်းလင်းပြင်အစီအရင်ကြီးလား"

ရန်ကိုင်က ခေါင်းညိတ်၍... "စီနီယာက တကယ်ကို အမြင်စူးရှတာပဲ၊ ဟုတ်တယ် ဒါနယ်မြေခြား ဟင်းလင်းပြင်အစီအရင်ပဲ"

ကျိုဖုန်းသည် ရန်ကိုင်အား မယုံကြည်နိုင်ဟန် အထင်းသားဖြင့် ကြည့်လျက်... "နင်နယ်မြေခြား ဟင်းလင်းပြင်အစီအရင်ကို တကယ်ကြီး ခင်းကျင်းနိုင်တယ်ပေါ့"

ရန်ကိုင်က ရှက်ရှက်ဖြင့်... "စီနီယာလီရဲ့ လေဟာနယ်မှတ်တိုင်နဲ့ ယှဉ်လိုက်မယ်ဆိုရင် ဒီဟင်းလင်းပြင်အစီအရင်က တော်တော်လေးကို ရှုပ်ထွေးပြီးတော့ သိပ်အဆင်မပြေဘူးလေ"

ကျိုဖုန်းက မျက်စောင်းထိုးလျက်... "အင်း၊ ရှင်းရှင်းပြောရရင်တော့ သူ့နည်းလမ်းက တော်တော်လေးကို ရိုးရှင်းလွန်းတာ"

လီဝူရီကမူ ကျိုဖုန်း၏ မထီမဲ့မြင်စကားကို ဂရုစိုက်မနေခဲ့ဘဲ ဟင်းလင်းပြင်အစီအရင်ကိုသာ အံ့တကြီးဖြင့် လေ့လာကြည့်နေလေသည်။ သူကိုယ်တိုင်သည် နယ်မြေခြား ဟင်းလင်းပြင်အစီအရင်များကို မြင်ခဲ့ဖူးသည်။ သို့သော်ငြား ကြယ်တာရာအစုအဝေး တစ်ခုလုံး၌ပင်လျှင် နယ်မြေခြား ဟင်းလင်းပြင် အရေအတွက်မှာ အနည်းအကျဉ်းသာ ရှိကြပြီး ထိုအရာများမှာလည်း ရှေးခေတ်က ကျန်ရစ်ခဲ့သော အကြွင်းအကျန်များ ဖြစ်ကြသည်။ ထိုကျန်ရစ်ခဲ့သော နယ်မြေခြား ဟင်းလင်းပြင်အစီအရင် အချို့မှာ အကောင်းတိုင်း ရှိနေသေးပါသော်ငြား အများစုမှာတော့ သုံး၍မရတော့ပေ။ လီဝူရီ ကိုယ်တိုင်သည်လည်း ထိုနယ်မြေခြား ဟင်းလင်းပြင်အစီအရင်များကို လေ့လာကြည့်ရင်းမှ လေဟာနယ်မှတ်တိုင်ကို ဖန်တီးနိုင်ခဲ့ခြင်း ဖြစ်သည်။ သို့သော်ငြား ရန်ကိုင်သည် နယ်မြေခြား ဟင်းလင်းပြင်အစီအရင် တစ်ခုအား ခင်းကျင်းနိုင်လိမ့်မည်ဟု သူ လုံးဝ မထင်ထားခဲ့ပေ။

"ဒီအစီအရင် ဆက်သွယ်ထားတဲ့ နေရာတွေက ဘယ်နေရာတွေလဲ" လီဝူရီက မေးလိုက်သည်။

"တောင်ဘက်နယ်မြေနဲ့ မြောက်ဘက်နယ်မြေကို ဆက်သွယ်ထားတာ၊ အရှေ့ဘက်နယ်မြေက ရှေးဟောင်းတောအုပ်ကြီးဆီကိုလည်း သွားလို့ရတယ်"

လီဝူရီ ပြောစရာစကား ပျောက်ရှသွားတော့၏။ "ကြည့်ရတာ မင်း နေရာအတော်များများကို ရောက်ပြီးသွားပြီနဲ့ တူတယ်"

ရန်ကိုင်သည် ထိုနေရာများတွင် နယ်မြေခြား ဟင်းလင်းပြင်အစီအရင်အား ခင်းကျင်းထားနိုင်သည်ကို ကြည့်လျှင် ထိုနေရာသို့ ကိုယ်တိုင်ကိုယ်ကျ ရောက်ဖူးသည့်အတွက်ကြောင့်သာ ဖြစ်ရပေလိမ့်မည်။

လီဝူရီသည်သာဆိုလျှင်တော့ ထိုကဲ့သို့သော နေရာပေါင်းများစွာကို ရောက်ဖူးသည်မှာ အထူးအဆန်းတော့ မဟုတ်ပေ။ သို့သော်ငြား ရန်ကိုင်မှာ အတော်လေးကိုမှ ငယ်နေပေသေးသည်။ သို့ပင်ဖြစ်လင့်ကစား ရန်ကိုင်သည် ကြယ်တာရာအစုအဝေးထဲရှိ နယ်မြေတစ်ခုချင်းစီသို့ ရောက်ဖူးလေ၏။ ရှေးဟောင်းတောအုပ်ကြီးဆီသို့ပင် သွားခဲ့ဖူးပြီး ထိုနေရာ၌ နယ်မြေခြား ဟင်းလင်းပြင်အစီအရင်တစ်ခုကိုပင် ချန်ထားရစ်ခဲ့ပေသေးသည်။

တစ်ခဏမျှ စဉ်းစားပြီးသည့်နောက်တွင် လီဝူရီက ပြောလိုက်လေ၏။ "မင်း ဒီအစီအရင်ခင်းကျင်းတဲ့ နည်းလမ်းကို ဘယ်ကနေ ရလာတာလဲ၊ မင်းဘာသာမင်း ဖန်တီးထားတာလား"

အစီအရင်တစ်ခုကို ဖန်တီးဖို့ရာ နည်းလမ်း လိုအပ်ပေသည်။ ထိုနည်းလမ်းအတိုင်း အစီအရင်တစ်ခုကို သေသေချာချာ ဖန်တီးရခြင်း ဖြစ်သည်။ ထိုကဲ့သို့သော နည်းလမ်းမျိုးသာ မရှိပါက အစီအရင်မှာ အမျိုးမျိုးသော ပစ္စည်းများကို စုပုံထားသည့် အသုံးမဝင်သော အရာကြီးတစ်ခုသာ ဖြစ်နေပေလိမ့်မည်။ ယခင်က လီဝူရီ ကိုယ်တိုင်သည်လည်း ယခုကဲ့သို့သော ဟင်းလင်းပြင်အစီအရင်မျိုးကို ဖန်တီးရန် ကြိုးစားခဲ့ဖူးသည်။ သို့သော်ငြား ပြီးပြည့်စုံအောင် ဖန်တီးနိုင်ခဲ့ခြင်း မရှိပေ။ သို့ပင်ဖြစ်လင့်ကစား ရန်ကိုင်ကမူ ထိုကဲ့သို့သော အစီအရင်မျိုးကို ဖန်တီးထားနိုင်သည့် အတွက်ကြောင့် လီဝူရီမှာ သိချင်စိတ် ဖြစ်နေမိ၏။

တစ်ခဏမျှ စဉ်းစားနေပြီးသည့်နောက် ရန်ကိုင်က မေးလိုက်လေ၏။ "စီနီယာ ယန်ယန်ကို သိလား"

"ယန်ယန်" လီဝူရီ မျက်ခုံးပင့်သွားလေ၏။ "ကြယ်တာရာရုံးတော်က တစ်ယောက်ကို ပြောတာလား"

ရန်ကိုင်က ပြုံး၍... "ကြည့်ရတာ စီနီယာ သူ့ကိုသိတာပဲ"

ကျိုဖုန်းက ဝင်မေးလိုက်သည်။ "ဘာဖြစ်လို့လဲ၊ နင်သူ့ကို သိလို့လား"

ရန်ကိုင်က ပြန်ပြောလိုက်၏။ "ကျုပ်တို့က မိတ်ဆွေဟောင်းတွေလေ"

[မိတ်ဆွေဟောင်း] လီဝူရီနှင့် ကျိုဖုန်းတို့ နှစ်ဦးစလုံး ဆွံ့အသွားကုန်ကြလေသည်။ ယန်ယန်မှာ သူတို့နှင့် အဆင့်တူ ကျင့်ကြံသူတစ်ဦး ဖြစ်သည်။ ရန်ကိုင်၏ ကျင့်ကြံခြင်းမှာ အတော်လေး မြင့်ပါသော်ငြား ဧကရာဇ်ဒုတိယအဆင့်သာ ရှိပေသေးသည်။ ထိုအပြင် ရန်ကိုင်၏ အသက်မှာ နှစ်တစ်ရာလောက်သာ ရှိသေး၏။ ထိုသို့ဖြစ်လေရာ ရန်ကိုင်မှာ ယန်ယန်၏ မိတ်ဆွေဟောင်း ဖြစ်သည့်အပေါ် နှစ်ဦးစလုံးမှာ မယုံကြည်နိုင် ဖြစ်နေကြသည်။

အခြားတစ်ဦးသည်သာ ထိုစကားမျိုးကို လာပြောမည်ဆိုပါက သူတို့အနေဖြင့် ယုံကြည်လိမ့်မည် မဟုတ်ပေ။ သို့သော်ငြား ပြောနေသည့် လူမှာ ရန်ကိုင် ဖြစ်သည့်အတွက်ကြောင့် ဖြီးဖြန်းပြောနေခြင်း မဟုတ်လောက်။

"စီနီယာတို့ သိတဲ့အတိုင်းပဲ ကျုပ်က အဆင့်နိမ့်ကြယ်စီရင်စုကနေ လာတာလေ၊ အရင်တုန်းက ယန်ယန်ကလည်း အဲ့ဒီကြယ်စီရင်စုထဲမှာ နေခဲ့ဖူးတယ်၊ ဒါပေမဲ့ အဲဒီတုန်းက သူ့ခန္ဓာကိုယ်က ဆိုးဆိုးရွားရွား ဒဏ်ရာရထားတော့ ခန္ဓာကိုယ်တစ်ခုလုံးက အိပ်စက်မိန်းမောနေတဲ့ အခြေအနေမျိုးထဲကို ရောက်နေတာ၊ အဲဒီအချိန်မှာ သူ့ဝိညာဉ်ကိုယ်ပွားကလည်း အဲဒီကြယ်စီရင်စုကြီးထဲမှာပဲ ပိတ်မိနေရော၊ ကျုပ်နဲ့ သူ့ဝိညာဉ်ကိုယ်ပွားက တစ်ယောက်နဲ့တစ်ယောက် သိကြတာ၊ နယ်မြေခြား ဟင်းလင်းပြင်အစီအရင် ခင်းကျင်းတဲ့ နည်းလမ်းကိုလည်း သူ့ဝိညာဉ်ကိုယ်ပွားဆီကနေပဲ ရခဲ့တာ"

ပြောနေရင်းမှာ အတိတ်အကြောင်းများကို ရန်ကိုင် ပြန်စဉ်းစားမိသွားခဲ့ပြီး ထပ်၍ ပြောလိုက်လေ၏။ "အဲဒီတုန်းက သူကျုပ်ကို အများကြီး ကူညီပေးခဲ့တယ်"

"ဒီတော့ သူပေါ့" လီဝူရီ ငေးကြောင်ကြောင် ဖြစ်သွားလေ၏။

ကျိုဖုန်းက ပြောလိုက်သည်။ "ငါကြားတာတော့ သူက အစီအရင်တာအိုနဲ့ ပန်းပဲတာအိုမှာ ပြိုင်ဘက်ကင်းတယ်ဆိုပဲ၊ ဟုတ်မဟုတ်တော့ မသိဘူး၊ ဒါပေမဲ့ သူသာဆိုရင်တော့ ယုတ္တိရှိသွားပြီ"

ယန်ယန်မှာ လေဟာနယ်တာအိုအကြောင်းကို ဘာမျှမသိပါသော်ငြား အစီအရင်ပညာတွင် တစ်ဖက်ကမ်းခပ် ထူးချွန်ပေသည်။ နာမန်တာ့ကျွင်းနှင့် အခြားသော အစီအရင်ပညာရှင်များမှာ ယန်ယန်အား လုံးဝမယှဉ်နိုင်ကြပေ။ ဟင်းလင်းပြင်အစီအရင်သည်လည်း အစီအရင်တစ်မျိုးသာ ဖြစ်သည့်အတွက်ကြောင့် ယန်ယန်အနေဖြင့် ထိုကဲ့သို့သော အစီအရင်မျိုးအား မည်ကဲ့သို့ ခင်းကျင်းရမလဲဆိုသည်ကို သိနေသည်မှာ အထူးအဆန်း မဟုတ်ပေ။ သို့သော်ငြား ယန်ယန်မှာ လေဟာနယ်နိယာမများကို တတ်ကျွမ်းထားခြင်း မရှိသည့်အတွက်ကြောင့် ဟင်းလင်းပြင်အစီအရင် တစ်ခုအား ခင်းကျင်းနိုင်ခြင်း မရှိပေ။

လီဝူရီက စဉ်းစားလိုက်ပြီးသည့်နောက် ပြန်ပြောလိုက်၏။ "အဲဒီတစ်ယောက်အကြောင်း ပြောတော့မှပဲ ငါကောလာဟလတစ်ခုကို ပြန်စဉ်းစားမိတော့တယ်"

"ဘာကောလာဟလလဲ" ကျိုဖုန်းက မေးလိုက်သည်။

လီဝူရီက ပြန်ပြောလိုက်၏။ "အရင်တုန်းက ဒီကြယ်တာရာအစုအဝေးထဲမှာ လေဟာနယ်တာအိုကို အရမ်းကျွမ်းကျင်ပြီးတော့ မဟာဧကရာဇ်တစ်ပါးဖြစ်လာဖို့ အခွင့်အရေးရှိတဲ့ လူတစ်ဦး ရှိခဲ့တယ်တဲ့၊ သူလေဟာနယ်တာအိုအပေါ် ဘယ်လောက်ကျွမ်းကျင်လဲဆိုရင် ငါတို့အားလုံးထက်တောင် သာတယ်လို့ ပြောလို့ရတယ်၊ ရှင်းရှင်းပြောရရင် သူက သမိုင်းတစ်လျှောက်လုံးမှာ ပါရမီအထူးချွန်ဆုံး ပညာရှင်တစ်ယောက်ပဲ၊ ဒါပေမဲ့ ရုတ်တရက်ကြီးဆိုသလို သူတစ်နေ့တော့ ပျောက်သွားတယ်၊ သူဘယ်ထွက်သွားလဲ ဘယ်သူမှမသိဘူး၊ ပြောကြတာတော့ ယန်ယန်က သူ့မိတ်ဆွေတဲ့၊ သူတို့နှစ်ဦးစလုံးကလည်း တော်တော်လေး ရင်းနှီးကြတယ်တဲ့"

ထိုကဲ့သို့ ပြောပြီးသွားသော် ခေါင်းခါ၍... "ကောလာဟလတစ်ခုပဲနော်၊ တကယ်ဟုတ်မဟုတ်တော့ ငါလည်းမသိဘူး"

လီဝူရီမှာ မသေချာပါသော်ငြား ထိုစကားကို ကြားပြီးသည့်နောက် ရန်ကိုင်၏ အမူအရာမှာတော့ ပြောင်းလဲသွားတော့သည်။ အကြောင်းမှာ ယန်ယန်မှ လောကဓာတ်လုံးကို ရန်ကိုင်ဆီသို့ ပေးလာစဉ် ထိုဓာတ်လုံးကို သူမ၏ မိတ်ဆွေတစ်ဦးမှ သူမဆီသို့ ပေးခဲ့သည်ဟု ပြောခဲ့သည့်အတွက်ကြောင့်ပင်။ သူမ၏ မိတ်ဆွေ မည်သူဖြစ်သလဲ သူမ၏ မိတ်ဆွေ အသက်ရှင်နေသေးသလားဆိုသည်ကိုမူ ပြောမသွားခဲ့ပေ။ သို့ပါသော်ငြား ရန်ကိုင်သည် လေဟာနယ်တာအိုကို ကျွမ်းကျင်ထားသည့်အတွက်ကြောင့် ထိုဓာတ်လုံးသည် သူ့လက်ထဲတွင်သာ အသုံးဝင်မည်ဖြစ်သည့်အတွက် သူ့ဆီသို့ ပေးခဲ့လေ၏။

ယခု လီဝူရီ ပြောသွားသည်နှင့် ပြန်လည်ဆက်စပ် သုံးသပ်လိုက်သော် လီဝူရီ ပြောနေသည့် ကောလာဟလမှာ အမှန်ဖြစ်ရလိမ့်မည်မှန်း ရန်ကိုင် သဘောပေါက်သွားလေသည်။

လောကဓာတ်လုံးမှာ သီးခြားကမ္ဘာတစ်ခုကို ပိုင်ဆိုင်ထားသော မှော်ရတနာတစ်ခု ဖြစ်သည်။ သဘာဝအတိုင်း ဖြစ်ပေါ်လာသည့် အရာမျိုး မဟုတ်။ တစ်စုံတစ်ဦးမှ ထိုအရာကို ဖန်တီးခဲ့ခြင်းသာ ဖြစ်လေသည်။ ထိုကဲ့သို့ ဖန်တီးနိုင်သည့် လူမျိုးသည်လည်း လေဟာနယ်တာအိုအပေါ် အလွန်ကိုမှ နက်နက်နဲနဲ ကျွမ်းကျင်နားလည်ထားရပေလိမ့်မည်။ လက်ရှိ ရန်ကိုင်သည်ပင်လျှင် ထိုကဲ့သို့သော အရာမျိုးကို မဖန်တီးနိုင်သေးပေ။

ကျိုဖုန်းက ပြုံး၍ ပြောလိုက်လေ၏။ "ကောလာဟလပဲဆိုမှတော့ ယုံမနေတော့နဲ့"

လီဝူရီက အော်ဟစ်ရယ်မော၍... "အဲဒါဆိုရင်လည်း ထားလိုက်ပေတော့၊ ဒါပေမဲ့ ဒီအစီအရင်ကနေ ငါတော်တော်လေး သိလိုက်ရတယ်၊ ဒါကြောင့် ငါဒါကို နည်းနည်းထပ်ပြီးတော့ လေ့လာကြည့်လိုက်ဦးမယ်" ထိုသို့ပြောပြီးသည့်နောက် မျက်စိမှိတ်ကာ အစီအရင်ကို သေသေချာချာ ခံစားလေ့လာကြည့်တော့လေ၏။

ရန်ကိုင်နှင့် ကျိုဖုန်းတို့မှာမူ အဆောက်အဦးထဲ အေးအေးဆေးဆေးသာ သွားထိုင်နေကြသည်။

တစ်နာရီခန့် ကြာပြီးသည့်နောက်တွင် လီဝူရီက ဝမ်းသာအားရအမူအရာဖြင့် ရန်ကိုင်ကို ကြည့်၍... "စိတ်ဝိညာဉ်သားရဲကျွန်းကို ပြန်ရောက်ရင် မင်းလည်း ငါတို့ဆီကို လာပြီးတော့ နယ်မြေခြား ဟင်းလင်းပြင်အစီအရင်တစ်ခုကို လာခင်းကျင်းပေးဦး၊ အဲဒါမှပဲ နောက်ပိုင်း ငါတို့ တစ်ယောက်နဲ့တစ်ယောက် ပိုပြီးတော့ အဆင်ပြေပြေနဲ့ တွေ့လို့ရမှာ"

ရန်ကိုင်က အော်ရယ်မောလျက်... "ရတယ်"

လီဝူရီတွင် ရန်ကိုင် ဖန်တီးထားသော လေဟာနယ်မှတ်တိုင် ရှိပေသည်။ ထိုအကြောင်းကြောင့် လီဝူရီသည်သာ စိတ်ဝိညာဉ်သားရဲကျွန်းဆီသို့ ရောက်သွားမည်ဆိုပါက ရန်ကိုင်သည် ထိုနေရာသို့ ချက်ချင်းသွားနိုင်ပေသည်။ ထိုအတွက်ကြောင့် ရန်ကိုင်အနေဖြင့် စိတ်ဝိညာဉ်သားရဲကျွန်းပေါ်တွင် နယ်မြေခြား ဟင်းလင်းပြင်အစီအရင်တစ်ခုကို ခင်းကျင်းဖို့ရာ မခက်တော့ပေ။

ရန်ကိုင်၏ အမူအရာမှာ ရုတ်တရက် လေးနက်တည်ကြည်သွားတော့လေ၏။ "စီနီယာ၊ စီနီယာကို ကျုပ်တစ်ခုလောက် မေးချင်လို့"

လီဝူရီက ပြန်ပြောလိုက်သည်။ "မေးလေ"

"ကျုပ်အစောပိုင်းက တိုက်ခိုက်ခဲ့တဲ့လူကို စီနီယာ သိလား" ရန်ကိုင်က မေးလိုက်သည်။

"ချန်းမိုကို ပြောတာလား၊ ငါတို့တွေက အသိအကျွမ်းတွေလို့ ပြောလို့ရတယ်" လီဝူရီက ပြန်ပြောလိုက်သည်။

[ဒီတော့ အဲဒီခွေးသူတောင်းစားရဲ့ နာမည်က ချန်းမိုပေါ့၊ အစတုန်းကတော့ သူကိုယ်တိုင် သူ့နာမည်ကို ပြောလာအောင် လုပ်ဖို့၊ အခုတော့ အဲဒီလိုမျိုး လုပ်စရာတောင် မလိုတော့ဘူးနဲ့တူတယ်] ရန်ကိုင် တွေးလိုက်လေ၏။

ထိုအတွေးများကို ခေါင်းထဲမှ ဖယ်ထုတ်၍ ရန်ကိုင်က ဆက်ပြောလိုက်သည်။ "ကျုပ်ထိပ်တန်းဂိုဏ်း နှစ်ဂိုဏ်းနဲ့ တိုက်ခိုက်နေတုန်းက ကျုပ်ပတ်ပတ်လည်က ဟင်းလင်းပြင်တစ်ခုလုံး သီးခြားခွဲထုတ်ခံလိုက်ရတယ်၊ ဒါပေမဲ့ ပတ်ဝန်းကျင်ကို သေချာ စစ်ဆေးကြည့်လိုက်တဲ့အချိန်မှာတော့ ဘာအစီအရင်ကိုမှ မတွေ့ရဘူး၊ အစီအရင်တစ်ခုခု မပါဘဲနဲ့ ထိပ်တန်းဂိုဏ်း နှစ်ဂိုဏ်းစလုံးက ဟင်းလင်းပြင်တစ်ခုလုံးကို သီးခြားခွဲထုတ်ဖို့ဆိုတာ မဖြစ်နိုင်ဘူး၊ ဒီတော့ ဟင်းလင်းပြင်ကို သီးခြားခွဲထုတ်နိုင်တာ အဲဒီချန်းမိုမှန်း ကျုပ်သိလိုက်တာ၊ ဒါပေမဲ့ သူက ဘယ်လိုလုပ်ပြီး အဲဒီလိုမျိုး လုပ်လိုက်တာလဲ၊ သူ လေဟာနယ်တာအိုကိုလည်း ဒီလောက်ကြီး ကျွမ်းကျင်ထားတာမှ မဟုတ်တာ၊ ဘယ်လိုလုပ်ပြီး ဟင်းလင်းပြင်တစ်ခုလုံးကို သီးခြားခွဲထုတ်ပစ်နိုင်ရတာလဲ"

ရန်ကိုင်မှာ ထိုအကြောင်းကို သေချာသိအောင် လုပ်ထားရပေလိမ့်မည်။ ထိုသို့သာမဟုတ်ပါက နောက်နောင် ဟင်းလင်းပြင်တစ်ခုလုံးကို သီးခြားခွဲထုတ်ပစ်နိုင်သော အားကောင်းလှသည့် ရန်သူမျိုးနှင့် တွေ့ရသော် ရန်ကိုင်မှာ ထွက်မပြေးနိုင် ဖြစ်ရပေလိမ့်မည်။

ရန်ကိုင် သူ့အား သေသေချာချာကို ကြည့်၍ မေးနေသည်ကို မြင်သော် လီဝူရီမှာ ရှက်သွားခဲ့လေ၏။ ကျိုဖုန်းမှာတော့ ဝါးလုံးကွဲကို အော်ဟစ်ရယ်မောနေလေ၏။

ရန်ကိုင်က ပြန်မေးလိုက်သည်။ "စီနီယာ၊ ဘာလို့ ရယ်နေတာလဲ"

ကျိုဖုန်းက ရယ်ရယ်မောမောနှင့် လီဝူရီအား လက်ညှိုးထိုးပြရင်းမှ... "အပြစ်တင်ချင်ရင် နင်သူ့ကို အပြစ်တင်ရမှာ၊ အဲဒီဟင်းလင်းပြင်ကို ခွဲထုတ်တာ ချန်းမို မဟုတ်ဘူး၊ သူပဲ"

ထိုစကားကို ကြားသော် ရန်ကိုင် အံ့အားသင့်သွားလေ၏။ "စီနီယာတို့နှစ်ယောက် အဲဒီတုန်းက အဲဒီနေရာကို ရောက်နေတာလား"

ကျိုဖုန်းက လက်ဝှေ့ယမ်း၍... "ငါပြောချင်တာ အဲဒါမဟုတ်ဘူး၊ ငါပြောချင်တာက"

လီဝူရီက လက်ဝှေ့ယမ်း၍ သက်ပြင်းချကာ... "ထားလိုက်တော့၊ ငါပဲ ရှင်းပြလိုက်တော့မယ်"

လီဝူရီသည် ကသိကအောက် အမူအရာဖြင့် ချောင်းဟန့်ရင်းမှ ရှင်းပြလိုက်လေ၏။ "ဒီလိုကွာ၊ ဒီလောကကြီးထဲမှာ လေဟာနယ်တာအိုကို ကျင့်ကြံထားတဲ့လူတွေက ဒီလောက်များတာ မဟုတ်ဘူး၊ ဒီတော့ လေဟာနယ်တာအိုအကြောင်းကို ဆွေးနွေးဖို့က သိပ်လွယ်တာ မဟုတ်ဘူးလေ၊ ရှင်းရှင်းပြောရရင် ငါမင်းနဲ့ မတွေ့ခင် ကြယ်တာရာအစုအဝေးထဲမှာ ငါနဲ့ လေဟာနယ်တာအိုအကြောင်း ဆွေးနွေးပေးနိုင်မဲ့လူ ဘယ်သူမှ မရှိဘူး၊ လေဟာနယ်တာအိုကို ငါတစ်ယောက်တည်း လေ့လာနေရတာ နည်းနည်းတော့ ပျင်းဖို့ကောင်းမှာပေါ့ ဟုတ်တယ်မလား၊ ဒီတော့ တစ်ယောက်ယောက်က ငါ့ဆီကနေ အကူအညီ အကြံဉာဏ်တွေ လာတောင်းလိုက်တိုင်း ငါသူတို့ကို သေသေချာချာ ရှင်းပြပေးလေ့ရှိတယ်"

ရန်ကိုင်က အလေးအနက် အမူအရာဖြင့်... "အခုလိုမျိုး သဘောကောင်းတဲ့ စီနီယာကိုတော့ ဒီဂျူနီယာ တကယ်လေးစားမိသွားပြီ"

ထိုစကားကို ကြားသော် လီဝူရီမှာ ပို၍ပင် ရှက်သွားခဲ့လေသည်။ သို့ပါသော်ငြား ဆက်၍တော့ ရှင်းပြလိုက်လေ၏။ "လွန်ခဲ့တဲ့ လအနည်းငယ်တုန်းက ချန်းမို စိတ်ဝိညာဉ်သားရဲကျွန်းဆီ ရောက်လာပြီးတော့ လေဟာနယ်နိယာမအကြောင်း ငါ့ကို လာမေးသွားတယ်လေ၊ ငါလည်း သူနဲ့ စကားပြောဖြစ်လိုက်တာပေါ့"

ထို့နောက်တွင် ရန်ကိုင်ကို ကြည့်၍... "ငါတို့ ဘာပြောခဲ့လဲဆိုတော့ သူမေးသွားတာက ဟင်းလင်းပြင်တစ်ခုကို ဒီကမ္ဘာကြီးကနေ ခွဲထုတ်ပစ်နိုင်မဲ့ အသုံးဝင်ဆုံး နည်းလမ်းတစ်ခုပဲ"

ထိုစကားကို ကြားသော် ရန်ကိုင် ပါးစပ်အဟောင်းသား ဖြစ်သွားခဲ့ပြီးသည့်နောက် တစ်ခဏကြာမှသာလျှင် ငေးကြောင်ကြောင် အမူအရာဖြင့် ပြန်၍ မေးလိုက်လေ၏။ "ဒီတော့ ချန်းမိုကို ဟင်းလင်းပြင်ကို ဘယ်လိုခွဲရမလဲဆိုတာကို စီနီယာက သင်ပေးလိုက်တာပေါ့"

လီဝူရီသည် ပါးစပ်ကို လက်ဖြင့်အုပ်ရင်းမှ ချောင်းဟန့်၍... "ချန်းမိုနဲ့ ငါက သိလာတာကြာပြီလေ၊ ငါတို့နှစ်ယောက်က ဒီလောက်ကြီး မရင်းနှီးကြဘူးဆိုပေမဲ့ တစ်ယောက်နဲ့တစ်ယောက် မတည့်ကြတာလည်း မဟုတ်ဘူး၊ သူလည်း လေဟာနယ်တာအိုအကြောင်း နည်းနည်းပါးပါး သိတာဆိုတော့ သူနဲ့စကားပြောရတာ ငါ့အတွက်တော့ နည်းနည်းအဆင်ပြေတယ်လေ၊ ရှင်းရှင်းပြောရရင်တော့ သူအဲဒီနေ့တုန်းက လာမေးတာက မင်းနဲ့ရင်ဆိုင်ဖို့အတွက် ပြင်ဆင်နေတာမှန်း ငါတကယ်ကို မသိလိုက်ဘူး"

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၃၃၂၆)

ဘာသာပြန်သူ_တိမ်တိုက်

ချန်းမိုမှာ ရန်ကိုင်နှင့် ရင်ဆိုင်ရန်အတွက် သူ့ထံမှ အကူအညီလာတောင်းခြင်းဖြစ်မှန်းသာ သိခဲ့မည်ဆိုလျှင် လီဝူရီအနေဖြင့် ချန်းမိုအား ပြောပြခဲ့လိမ့်မည် မဟုတ်ပေ။

လီဝူရီဘက်မှ ပြောရလျှင်လည်း လီဝူရီမှာ ရန်ကိုင်နှင့် ချန်းမိုအကြား ရန်ငြိုးရန်စများ ရှိနေသည်ကို မသိခဲ့ပေ။ တကယ်တော့ ရန်ကိုင်နှင့် ချန်းမို၏ အဆင့်အတန်းနှင့် ခွန်အားအကြား ကွာခြားချက်ကြီးကြီးမားမားပင် ရှိနေသည် မဟုတ်ပေလော။ တစ်ဦးမှာ မဟာဧကရာဇ်တစ်ပိုင်းဖြစ်ပြီး ကြယ်တာရာရုံးတော် အဖွဲ့သားတစ်ဦး ဖြစ်နေချိန် ကျန်တစ်ဦးမှာမူ ဧကရာဇ်ဒုတိယအဆင့်သာ ရှိသေးသည့် တက်သစ်စကြယ်ပွင့်လေးတစ်ဦးသာ ဖြစ်လေသည်။ ရန်ကိုင်နှင့် ချန်းမိုမှာ ရှင်းရှင်းပြောရသော် နောက်နှစ်ပေါင်းတစ်ရာ ကြာသွားလျှင်ပင် တစ်ဦးနှင့်တစ်ဦး တွေ့လိမ့်မည် မဟုတ်ကြသည့် လူများ ဖြစ်ကြသည်။

ထိုအကြောင်းကြောင့် ချန်းမိုမှ သူ့အား လေဟာနယ်တာအိုအကြောင်း လာရောက်မေးမြန်းသော် လီဝူရီလည်း မခြွင်းမချန်ဘဲ ပြောပြလိုက်သည်။ ယခု ရန်ကိုင် ပြောလာသည်ကို ကြားသည့်အခါမှသာလျှင် လီဝူရီမှာ ရှက်သွားရတော့သည်။ သူ့ခမျာ မရည်ရွယ်ဘဲနှင့် ရန်ကိုင်အား ဒုက္ခရောက်အောင် လုပ်မိသွားသည်။

ကံကောင်းစွာဖြင့် ရန်ကိုင်၌ ဝှက်ဖဲများစွာ ရှိနေခဲ့သည်။ ရန်ကိုင် နေရာတွင်သာ အခြားသော ဧကရာဇ်ဒုတိယအဆင့် ပညာရှင်တစ်ဦးသာဆိုပါက ချန်းမို၏ လက်ထဲသို့ ရောက်သွားပြီး ကိုယ့်ကံကြမ္မာကိုယ် ဆုံးဖြတ်နိုင်တော့လိမ့်မည် မဟုတ်ပေ။

"အဲဒီလိုကိုး" ရန်ကိုင်က ခေါင်းညိတ်၍ ပြုံးကာ... "စီနီယာ၊ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်မနေပါနဲ့၊ ဒီကိစ္စမှာ အပြစ်တင်ရမှာ ချန်းမိုပဲ၊ စီနီယာနဲ့ ဘာမှမဆိုင်ဘူး"

လီဝူရီက ရှက်ရှက်ဖြင့် ခေါင်းခါ၍... "မဟုတ်ဘူး၊ ငါလည်း ဒီကိစ္စနဲ့ ပတ်သက်ပြီး သိပ်ပြီးတော့ အပြစ်မကင်းပါဘူး၊ ကံကောင်းစွာနဲ့ မင်းဘာမှ ဖြစ်မသွားဘူး၊ မဟုတ်ရင်တော့ အင်း"

ရန်ကိုင်က ခေါင်းစဉ်ပြောင်းလိုက်လေ၏။ "ဒီတော့ စီနီယာ သူ့ကို ဘာသင်ပေးလိုက်တာလဲ၊ လေဟာနယ်တာအိုအပေါ် သူ့ရဲ့ နားလည်မှုလေးနဲ့ ဟင်းလင်းပြင်ကြီး တစ်ခုလုံးကို ဘယ်လို ပိတ်လှောင်ပစ်လိုက်လဲဆိုတာ ကျုပ်စဉ်းစားလို့မရတာ"

လီဝူရီက ပြောပြလိုက်လေသည်။ "ဟင်းလင်းပြင်က ဖျက်ဆီးဖို့ မလွယ်မှန်း မင်းသိတယ်မလား၊ ဒီအတိုင်းပဲ ငါတို့ ဟင်းလင်းပြင်ကို ဖျက်ဆီးလိုက်မယ်ဆိုရင်တောင် ဟင်းလင်းပြင်က သူ့အလိုလို ပြန်ကောင်းသွားတယ်"

ရန်ကိုင်က ခေါင်းညိတ်လိုက်၏။ "ကျုပ်သိတယ်၊ ကျုပ်ဟင်းလင်းပြင်ကို တစ်ကြိမ်မက ဖျက်ဆီးဖူးတယ်"

လီဝူရီက ပြုံး၍ ဆက်ပြောလိုက်သည်။ "မင်းလေဟာနယ်ကို ဆုတ်ဖြဲပြီးတော့ ဟင်းလင်းပြင်ထဲ ဝင်သွားတဲ့အချိန်ကျရင် မင်းဆုတ်ဖြဲလိုက်တဲ့ ဟင်းလင်းပြင်မှာ အားနည်းတဲ့နေရာတွေ ရှိသလို အားကောင်းတဲ့နေရာတွေ ရှိတယ်ဆိုတာကို သတိထားမိတယ်မလား"

ရန်ကိုင်က ခေါင်းညိတ်ပြလိုက်သည်။ "ဟုတ်တယ်၊ သတိထားမိတယ်၊ အချို့နေရာတွေက နည်းနည်း ဆုတ်ဖြဲရခက်ပေမဲ့ အချို့နေရာတွေကတော့ တော်တော်လေး အားပျော့တယ်၊ အချို့အားကောင်းတဲ့ နေရာတွေကို ဆုတ်ဖြဲဖို့က တော်တော်လေး အားစိုက်ရတယ်"

လီဝူရီက ပြောလိုက်သည်။ "ဟုတ်တယ်၊ ဟင်းလင်းပြင်မှာ အားကောင်းတဲ့နေရာနဲ့ အားနည်းတဲ့နေရာဆိုပြီးတော့ ရှိတယ်၊ အဲဒီလိုနေရာတွေထဲမှာမှ ပျက်စီးအလွယ်ဆုံး နေရာတွေကို ဟင်းလင်းပြင်ချက်မှတ်တွေလို့ ခေါ်တယ်"

"ဟင်းလင်းပြင်ချက်မှတ်" ရန်ကိုင် မျက်ခုံးပင့်သွားလေ၏။

လီဝူရီမှ သူ့လက်ကို ဝှေ့ယမ်းလိုက်ရာ လေဟာနယ်နိယာမတို့သည် မီတာတစ်ထောင် ဝန်းကျင်တစ်ခုလုံးကို ပျံ့နှံ့သွားခဲ့လေသည်။ "အဲဒါကို သေသေချာချာ ခံစားကြည့်လိုက်ပြီးရင် အဲဒီအထဲမှာ ဟင်းလင်းပြင်ချက်မှတ် ဘယ်နှခုရှိလဲ ငါ့ကိုပြော"

ရန်ကိုင်လည်း မျက်လုံးကို ပိတ်၍ ခံစားကြည့်လိုက်သည်။ တစ်ခဏအကြာတွင် မျက်လုံး ပြန်ပွင့်လာ၍ ပြောလိုက်လေ၏။ "သုံးခုရှိတယ်၊ တစ်ခုက စီနီယာရဲ့ ဘယ်ဘက် မီတာသုံးရာအကွာမှာ၊ နောက်တစ်ခုက စီနီယာရဲ့ နောက်ဘက် မီတာတစ်ရာ့ငါးဆယ်အကွာမှာ၊ နောက်တစ်ခုကတော့ စီနီယာရဲ့ ညာဘက် မီတာခုနစ်ရာလောက် အကွာမှာ"

"ဟုတ်တယ်၊ အဲဒီနေရာသုံးခုက ငါပြောနေတဲ့ နေရာတွေပဲ၊ မင်းဒီနေရာကနေ တည်နေရာခုန်ကူးပြီးတော့ ထွက်သွားချင်တယ်ဆိုရင် အဲဒီနေရာသုံးခုကို သုံးပြီးတော့ ဟင်းလင်းပြင်ထဲ ဝင်ရမှာ၊ အခုကြည့်ကြည့်" ထိုသို့ပြောပြီးသည့်‌နောက်တွင် လီဝူရီထံမှ လေဟာနယ်နိယာမ စွမ်းအားတို့ ဖြာထွက်လာခဲ့ပြီးသည့်နောက် မယုံကြည်နိုင်စရာ စွမ်းအားတစ်မျိုးသည် ထိုဟင်းလင်းပြင်ချက်မှတ် သုံးခုထဲသို့ ဝင်ရောက်သွားခဲ့လေသည်။

ရန်ကိုင်၏ အမူအရာ ပြောင်းလဲသွားတော့၏။ "ဟင်းလင်းပြင် ပိတ်လှောင်ခံလိုက်ရပြီ"

လီဝူရီသည် ရန်ကိုင်အား ပြုံးကာ ကြည့်ရင်းမှ ပြောလိုက်လေ၏။ "မင်းအခု နားလည်သွားပြီလား"

တစ်ခဏမျှ စဉ်းစားပြီးသည့် နောက်တွင် ရန်ကိုင်က ခေါင်းမော့၍ ပြန်မေးလိုက်သည်။ "စီနီယာ ပြောချင်တာက တစ်ယောက်ယောက်က အဲဒီ ဟင်းလင်းပြင်ချက်မှတ်တွေကို ပိတ်လှောင်ပစ်လိုက်လို့ရတယ်ပေါ့၊ အဲဒါတွေသာ ပိတ်လှောင်ပစ်ခံလိုက်ရမယ်ဆိုရင် ဒီဟင်းလင်းပြင် တစ်ခုလုံးကို ပိတ်လှောင်ပြီးသား ဖြစ်သွားပြီပေါ့၊ အဲဒီလိုမျိုးလား"

"ဟုတ်တယ်" လီဝူရီက ခေါင်းညိတ်လိုက်သည်။ "ငါတို့ ကမ္ဘာကြီးက ပုလင်းတစ်လုံးလိုပဲကွာ၊ အဲဒီ ဟင်းလင်းပြင်ချက်မှတ်တွေက အက်ကြောင်းသေးသေးလေးတွေ၊ ငါတို့ ဒီကမ္ဘာကြီးထဲကနေ တည်နေရာခုန်ကူးပြီးတော့ ထွက်သွားချင်တယ်ဆိုရင် အဲဒီ အက်ကြောင်းလေးတွေကို အသုံးချပြီးတော့ ထွက်သွားရမှာ၊ ဒါပေမဲ့ အဲဒီ အက်ကြောင်းလေးတွေ အပိတ်ခံလိုက်ရပြီဆိုရင် ငါတို့ ပုလင်းထဲမှာပဲ ပိတ်မိသွားမှာ"

ဤသည်မှာ လောကကြီးအား ပုလင်းနှင့် ဥပမာပေး၍ တင်စားသည်ကို ရန်ကိုင် ပထမဦးဆုံးအကြိမ် ကြားဖူးခြင်း မဟုတ်တော့။ သို့ပင်ဖြစ်လင့်ကစား လီဝူရီ ရှင်းပြသွားသည်မှာ အမှန်တကယ်ကို ရိုးရှင်းလှပေသည်။

ရှင်းရှင်းပြောရသော် ရန်ကိုင် ထိုအကြောင်းကို သိနေသည်မှာ ကြာနေခဲ့လေပြီ။ ရန်ကိုင် ကိုယ်တိုင်သည်လည်း ဟင်းလင်းပြင်ချက်မှတ်များကို သုံး၍ တည်နေရာခုန်ကူးနေခြင်း ဖြစ်၏။ သို့သော်လည်း လီဝူရီ ရှင်းပြသည်ကို ကြားပြီးသည့် နောက်မှသာလျှင် သေသေချာချာ နားလည်သွားရတော့သည်။

ထို့နောက်တွင် ရန်ကိုင်က ဇဝေဇဝါဖြစ်နေသည့် အမူအရာဖြင့် ထပ်မေးလေ၏။ "စီနီယာ လေဟာနယ်တာအိုကို ကျွမ်းကျင်ထားတဲ့ ပုံအရဆိုရင်တော့ ဟင်းလင်းပြင်ချက်မှတ်တွေကို ပိတ်ပစ်နိုင်တာ မဆန်းပါဘူး၊ ဒါပေမဲ့ ချန်းမိုက ဘယ်လိုလုပ်ပြီး အဲဒီလိုမျိုး လုပ်နိုင်ရတာလဲ"

ချန်းမိုသည် လေဟာနယ်တာအိုကို အခြေခံလောက်သာ တတ်ကျွမ်းထားခြင်း ဖြစ်လေရာ မည်ကဲ့သို့များ ဟင်းလင်းပြင်ချက်မှတ်များကို ပိတ်ပစ်နိုင်ရလေသနည်း။

လီဝူရီက ရှင်းပြလိုက်သည်။ "ငါ့အထင်တော့ မှော်ရတနာ တစ်ခုခုကို အသုံးချသွားတာနဲ့ တူတယ်၊ ငါလည်း သူ့ကို အဲဒီလိုမျိုးပဲလုပ်ဖို့ ပြောလိုက်တာလေ၊ ငါအကြံပေးတာကို နားထောင်ပြီးတော့ သူ့ဘာသာသူ ပန်းပဲဆရာတစ်ဦးဆီ သွားပြီးတော့ မှော်ရတနာတစ်ခု ဖန်တီးခိုင်းလိုက်တာ နေမှာပေါ့၊ ဘယ်လို မှော်ရတနာမျိုးလဲဆိုတာကတော့ ငါလည်း မသိသေးဘူး၊ မင်းသူနဲ့ တိုက်ခိုက်နေတဲ့ အချိန်တုန်းက အဲဒါတွေ အကုန်လုံးကို ဖျက်ဆီးပစ်သွားသလို ဖြစ်သွားတာ၊ ဟင်းလင်းပြင်ကို အဲဒီနည်းလမ်း သုံးပြီးတော့ ပိတ်လှောင်ပစ်လိုက်လို့ ရတယ်ဆိုပေမဲ့ အကြမ်းနည်း သုံးပြီးတော့လည်း ပြန်ဖောက်ထွက်လို့ ရတယ်"

ရန်ကိုင်က အသက်ပြင်းပြင်း ရှူသွင်း၍... "သူသာ ကျုပ်ကို ဖိအားပေးနိုင်မယ်ဆိုရင် အလွယ်တကူ ဖမ်းမိသွားနိုင်မှာ"

ရန်ကိုင်၏ ခွန်အားကိုသာ အထင်မသေးခဲ့ပါက ချန်းမို၏ အစီအစဉ်မှာ လုံးဝကို ပြီးပြည့်စုံသည်ဟု ပြော၍ရပေသည်။ ရန်ကိုင် နေရာတွင်သာ အခြားသော ဧကရာဇ်ဒုတိယအဆင့် ပညာရှင်တစ်ဦးသာဆိုလျှင် ကျိန်းသေ အဖမ်းခံနေရလောက်ပေပြီ။

သို့ပါသော်ငြား ချန်းမို၏ ပြိုင်ဘက်မှာ မီတာသုံးရာ အမြင့်ရှိသော နဂါးတစ်ပိုင်းအသွင်သို့ ပြောင်းနိုင်သည့် ရန်ကိုင် ဖြစ်နေခဲ့သည်။ ထိုအပြင် ကျောက်တုံးကိုယ်ပွားကပါ ကူညီပေးနေသည့်အတွက်ကြောင့် ရန်ကိုင်မှာ ချန်းမိုအား ပြန်လည်၍ ထိပ်တိုက်ရင်ဆိုင် တိုက်ခိုက်နိုင်ခဲ့သည်။

ချန်းမို အသုံးပြုသွားသည့် နည်းလမ်းအကြောင်းကို သိလိုက်ပြီးသည့်နောက် နောက်နောင်တွင် အခြားသော လူတစ်ဦးမှ ရန်ကိုင်အား ယခုကဲ့သို့ နည်းလမ်းဖြင့် ရင်ဆိုင်လာဖို့ရာဆိုလျှင် အတော်လေး ခက်သွားပေတော့မည်။ အနည်းဆုံး ရန်ကိုင်မှာ ကြိုတင်၍ သတိချပ်ထားလို့ ရပေသည်။ ဟင်းလင်းပြင်၏ ချက်မှတ်များ ပိတ်လှောင်ခံလိုက်ရပြီဆိုလျှင် ရန်ကိုင်မှာ ထိုဟင်းလင်းပြင်ချက်မှတ်များကို ဖျက်ဆီး၍ ထွက်ပြေးရန် ကြိုးစားဖို့ရာ စဉ်းစားလို့ ရသွားလေပြီ။

ရန်ကိုင်နှင့် လီဝူရီတို့မှာ လေဟာနယ်တာအို အကြောင်းကို တောက်လျှောက်ထိုင် ဆွေးနွေးနေခဲ့လေရာ သုံးရက်တိတိ ကြာသွားခဲ့လေသည်။ ထိုအချိန်အတောအတွင်း ကျိုဖုန်းမှာတော့ အနားမှထိုင်၍ အတော်လေးကိုမှ ပျင်းရိငြီးငွေ့နေခဲ့ရသည်။

လွန်ခဲ့သည့် သုံးရက်အတွင်း ထျန်ရှန်းနှင့် ချန်းရှိုယင်တို့မှာ လီဝူရီတို့အား အကြိမ်ဖန်ပေါင်းများစွာ လာရောက်တွေ့ဆုံခဲ့သည်။ တကယ်တော့ လီဝူရီနှင့် ကျိုဖုန်းတို့မှာ အတော်လေးကိုမှ အဆင့်အတန်း မြင့်မားလှသည့် ဧည့်သည်များ ဖြစ်ကြသည် မဟုတ်ပေလော။ ထိုသို့ဖြစ်ကြလေရာ တောင်ကြားသခင်နှင့် ဒုတောင်ကြားသခင် ဖြစ်ကြသည့်အလျောက် ဧည့်ဝတ်ကျေပွန်ဖို့ရာ လိုအပ်ပေသည်။

သို့ပါသော်ငြား အကြိမ်ဖန်ပေါင်းများစွာ လာတွေ့ခဲ့သည့်တိုင် ဧည့်သည်များနှင့် တစ်ချက်ကလေးမျှပင် တွေ့၍မရခဲ့ပေ။

အိမ်အနီးနားသို့ မရောက်လာသေးခင်မှာပင် ဟင်းလင်းပြင် တစ်ခုလုံး ပြိုကျတော့မည့်အလား တုန်ခါလာသည်ကို ခံစားမိလိုက်သည်။ သို့ပါသော်ငြား လှမ်း၍ ကြည့်လိုက်သည့်အချိန်တွင် ရန်ကိုင်နှင့် လီဝူရီတို့မှာ တစ်ခါတစ်ရံ လက်ဝှေ့ယမ်းရင်းမှ ပျော်ပျော်ရွှင်ရွှင် စကားပြောနေကြသည်ကိုသာ တွေ့လိုက်ရ၏။

လွန်ခဲ့သည့် သုံးရက်အတွင်း ရန်ကိုင်၏ တောက်ပသည့် အနာဂတ်အကြောင်း တွေးရင်း ထျန်ရှန်းမှာ သက်ပြင်း အကြိမ်ကြိမ် ချမိနေခဲ့လေသည်။ ဧကရာဇ်ဒုတိယအဆင့်သာ ရှိသေးပါသော်ငြား ရန်ကိုင်သည် ထိပ်တန်းပညာရှင်တစ်ဦး ဖြစ်သော လီဝူရီနှင့် ကျင့်ကြံခြင်းအကြောင်းကို ထိုင်ဆွေးနွေးနေနိုင်ခဲ့သည်။ ရန်ကိုင်သည်သာ ပိုမိုအားကောင်းလာမည်ဆိုလျှင် ကျိန်းသေကို ထိပ်တန်းပညာရှင်တစ်ဦး ဖြစ်လာပေလိမ့်မည်။

သူတို့၏ တောင်ကြားသည် တစ်သက်မှသာလျှင် တစ်ခါရနိုင်သည့် အခွင့်အရေးမျိုးကို လွဲချော်သွားခဲ့သည်။ ထိုအကြောင်းကို တွေးရင်း ထျန်ရှန်းမှာ ကြိတ်ကာ သက်ပြင်းချမိနေလေ၏။ နှစ်ပေါင်းများစွာ အသက်ရှင်လာခဲ့ပါသော်ငြား သူ့တပည့်လောက်ပင် အမြင်စူးရှခြင်း မရှိသည့်ပုံပင်။

သုံးရက်ကြာပြီးသည့်နောက်တွင် ရန်ကိုင်နှင့် လီဝူရီတို့ တက်တက်ကြွကြွဖြင့် ပြန်ပေါ်လာကြတော့သည်။ သုံးရက်လုံးလုံး လေဟာနယ်တာအိုအကြောင်း ထိုင်ဆွေးနွေးနေခဲ့ရပါသော်ငြား လီဝူရီနှင့် ရန်ကိုင်တို့ နှစ်ဦးစလုံး လုံးဝ ပင်ပန်းနွမ်းနယ်နေခြင်း မရှိ။ ထိုအစား ပို၍ပင် တက်ကြွနေပေသေးသည်။

ရန်ကိုင်က ရုတ်တရက် ပြောလိုက်သည်။ "စီနီယာကို ကျုပ်တောင်းဆိုချင်တာ တစ်ခုရှိတယ်"

လီဝူရီက ပြုံး၍ ပြန်မေးလိုက်သည်။ "ဘာလဲ၊ ငါနဲ့ တိုက်ခိုက်ချင်လို့လား"

ရန်ကိုင်က အံ့အားသင့်သွားသည့် အမူအရာဖြင့်... "အဲဒီလောက်တောင် သိသာနေတာလား"

လီဝူရီက ပြုံး၍... "မင်းမျက်လုံးကို ကြည့်ကတည်းက မင်းတိုက်ခိုက်ချင်နေမှန်း သိသာနေတာ၊ ငါက ဘယ်လိုလုပ်ပြီး သတိမထားမိဘဲ နေမှာလဲ"

ရန်ကိုင်က ခေါင်းညိတ်၍ ပြန်ပြောလိုက်လေသည်။ "လေဟာနယ်တာအိုကို ကျွမ်းကျင်ထားတဲ့ လူတစ်ယောက်နဲ့ ကျုပ်တစ်ခါမှ မတိုက်ခိုက်ဖူးဘူးလေ၊ ဒီတော့ ဂျူနီယာဘက်က နည်းနည်း မောက်မာသွားရင်လည်း စိတ်ထဲတော့ မထားနဲ့ပေါ့ စီနီယာရယ်"

လီဝူရီက ပြန်ပြောလိုက်သည်။ "ဘာမှ မောက်မာတာ မရှိဘူး၊ ငါလည်း အဲဒီလိုမျိုးပဲ မင်းနဲ့ တိုက်ခိုက်ချင်နေတာ"

အကြည့်ချင်းဖလှယ်လိုက်ပြီးသည့် နောက်တွင် နှစ်ဦးသား အိမ်ထဲမှ ပြန်ထွက်သွားကြသည်။ ထို့နောက်တွင် လီဝူရီနှင့် ရန်ကိုင်တို့မှာ တစ်ဦးနှင့်တစ်ဦး မီတာတစ်ထောင်ခန့် အကွာ၌ ရပ်လိုက်ကြလေ၏။

ရန်ကိုင်က အလေးအနက် အမူအရာဖြင့် အော်ပြောလိုက်သည်။ "စီနီယာရဲ့ ကျင့်ကြံခြင်းက ကျုပ်ထက် အများကြီး ပိုမြင့်တာဆိုတော့ ကျုပ်ဘာမှ ထိမ်ချန်မထားတော့ဘူးနော်"

လီဝူရီက ပြန်ပြောလိုက်သည်။ "ငါလည်း အစွမ်းကုန် ထုတ်မသုံးဘူးဆိုပေမဲ့ ငါ့စွမ်းအားကို အရမ်းကြီး ဖိနှိပ်ထားမှာ မဟုတ်ဘူး"

ရန်ကိုင်က ပြုံး၍..." စကြတာပေါ့"

ထိုသို့ပြောပြီးသည့်နောက်တွင် ရန်ကိုင်သည် သူ့လက်နှစ်ဖက်ကို ပူးကပ်၍ လဓားသွားတစ်စင်းကို ဖန်တီးကာ ပြုံး၍ပြောလိုက်သည်။ "ဒါကျုပ်ဖန်တီးထားတဲ့ လဓားသွားလို့ခေါ်တဲ့ လေဟာနယ်ပညာရပ်ပဲ၊ စီနီယာ မြည်းကြည့်လိုက်ပါဦး"

ထိုသို့ပြောပြီးသည့်နောက်တွင် လဓားသွားကို လီဝူရီ တည့်တည့်သို့ ပစ်လွှတ်လိုက်လေသည်။

လီဝူရီက အလေးအနက် အမူအရာဖြင့် ချီးကျူးလိုက်လေ၏။ "မင်း ဟင်းလင်းပြင်ကို လခြမ်းကွေးဓားသွားပုံစံဖြစ်အောင် သိပ်သည်းပစ်နိုင်တာလား၊ အင်း တကယ်မဆိုးဘူးပဲ"

သူ့အမူအရာမှာ လေးနက်တည်ကြည်နေလင့်ကစား လီဝူရီ၏ လေသံမှာတော့ သိပ်၍ ဂရုမစိုက်သည့်ပုံပင်။ လဓားသွား သူ့ဆီသို့ တိုးဝင်လာနေသည်ကို မြင်ပါသော်ငြား လီဝူရီမှာ ရှောင်မည့်အရိပ်အယောင် မပြဘဲ လဓားသွား သူ့အနားသို့ ရောက်လာသည့်အခါမှသာလျှင် လက်ကို ကောက်၍ ဝှေ့ယမ်းချလိုက်သည်။

လေဟာနယ်နိယာမစွမ်းအားတို့ ဖြာထွက်လာခဲ့ပြီး လဓားသွားမှာ ပျောက်ခြင်းမလှ ပျောက်ကွယ်သွားခဲ့သည်။ ရန်ကိုင် ဖန်တီးထားသော လေဟာနယ်ပညာရပ်ကို လီဝူရီမှာ လေဟာနယ်နိယာမ သီးသန့်သုံး၍ ဖျက်ဆီးပစ်ပြလိုက်ခြင်း ဖြစ်လေ၏။ ဤသည်မှာ ရန်ကိုင်၏ လဓားသွားကို တစ်စုံတစ်ဦးမှ ဤမျှ အလွယ်တကူပုံစံမျိုးဖြင့် ဖျက်ဆီးလိုက်သည်ကို ရန်ကိုင် ပထမဦးဆုံးအကြိမ် ကြုံဖူးခြင်း ဖြစ်သည်။

"မိုက်လိုက်တာ" ရန်ကိုင်က မှတ်ချက်ပေးလိုက်သည်။ သို့ပါသော်ငြား သူ့လက်ချောင်းများမှာ နှေးကွေးနေခြင်း မရှိခဲ့။ သူသည် လက်ချောင်းများကို ဝှေ့ယမ်း၍ လဓားသွားငယ်ပေါင်းများစွာကို လီဝူရီထံသို့ ပစ်လွှတ်လိုက်လေသည်။

လီဝူရီက အော်ရယ်မော၍... "သုံးပြီးသားအကွက်တွေက ငါ့ကို ဘာမှလုပ်နိုင်မှာ မဟုတ်ဘူးနော်" လီဝူရီမှ သူ့လက်ကို မြှောက်၍ ဖိချလိုက်ရာ လဓားသွားအားလုံး သူ့အနားသို့ မရောက်သေးခင်မှာပင် ပျောက်ကွယ်သွားကုန်လေသည်။ သို့ပါသော်ငြား ရုတ်တရက်ဆိုသလို လီဝူရီ၏ အမူအရာ လေးနက်သွားခဲ့ပြီး မျက်မှောင်ကြုတ်၍... "မင်းလဓားသွားတွေထဲမှာ ဒီလိုတိုက်ကွက်မျိုးကို ဖုံးထားတာပေါ့"

ရန်ကိုင်က ပြုံးဖြီး၍ အော်ပြောလိုက်လေ၏။ "ဝဲကတော့"

ထိုအခိုက်အတန့်မှာပင် ဧရာမဝဲကတော့ကြီး တစ်ခုသည် လီဝူရီ ရှိနေသည့် နေရာ၌ ပေါ်လာခဲ့လေသည်။ သားရဲကြီးတစ်ကောင်မှ ၎င်း၏ ပါးစပ်ပေါက်ကို ဟလိုက်သည့်အလား ဝဲကတော့ကြီးသည် လီဝူရီအား စတင်ဆွဲယူတော့လေ၏။

ဖျတ်ခနဲဆိုသလို လီဝူရီနှင့် ဝဲကတော့မှာ ပျောက်ခြင်းမလှ ပျောက်ကွယ်သွားခဲ့သည်။

စိတ်လှုပ်ရှားနေသည့် ကျိုဖုန်းက မေးလိုက်လေ၏။ "နင်သူ့ကို သတ်လိုက်တာလား"

ထိုမြင်ကွင်းကို အဝေးမှ လှမ်းကြည့်နေသည့် ချုန်းချီကမူ မျက်နှာကြီးမဲ့လျက် တွေးလိုက်လေသည်။ [ဒီမိန်းမ ဘာဖြစ်နေတာလဲ၊ လီဝူရီ အသတ်ခံလိုက်ရတဲ့အကြောင်းတွေးပြီး ဘာတွေ ဒီလောက်တောင် ပျော်နေရတာလဲ၊ သူတို့နှစ်ယောက်က အတူတူ မဟုတ်ဘူးလား]

ရန်ကိုင်ကမူ ကျိုဖုန်း၏ အမေးကို ပြန်မဖြေခဲ့ဘဲ ဘေးပတ်ဝန်းကျင်ကိုသာ ကျီးကန်းတောင်းမှောက် လှည့်ပတ်ကြည့်နေလေသည်။

ထိုအခိုက်အတန့်တွင် လီဝူရီ၏ အသံ ဘက်ပေါင်းစုံမှ ထွက်ပေါ်လာခဲ့လေ၏။ "ကောင်လေး၊ ငါ့လက်သီးကို မြည်းလိုက်စမ်း"

ထိုစကား ထွက်ပေါ်လာပြီးသည်နှင့် တစ်ပြိုင်နက် လက်သီးတစ်လုံး ရန်ကိုင် အရှေ့၌ ဗြုန်းစားကြီး ပေါ်လာခဲ့လေသည်။ ထိုလက်သီးမှာ သတိမပေးဘာမပေး ခန္ဓာကိုယ်လည်း မပေါ်ဘဲ ဗြုန်းစားကြီး ပေါ်လာခြင်းဖြစ်လေရာ အတော်လေးကိုမှ ချောက်ချားဖွယ် ကောင်းလှပေသည်။ သို့ပါသော်ငြား လက်သီးအရောင်နှင့် အရွယ်အစားကို ကြည့်ကြည့်လိုက်မည်ဆိုပါက လီဝူရီ၏ လက်သီးဖြစ်မှန်း ခန့်မှန်းကြည့်နိုင်ပေသည်။

ရန်ကိုင်မှာ တစ်ချိန်လုံး သတိချပ်ထားပါသော်ငြား လီဝူရီသည် သူ့အား ဤကဲ့သို့သော နည်းလမ်းမျိုးဖြင့် တိုက်ခိုက်လာမည်ဟု မထင်ထားခဲ့ပေ။ ထိုအကြောင်းကြောင့် ရန်ကိုင်မှာ ရှောင်ဖို့ရာ အချိန်မရှိတော့ဘဲ လေဟာနယ်နိယာမစွမ်းအားကို အလျင်စလို အသက်သွင်းလိုက်ရတော့လေ၏။ "ဗလာနတ္တိ"

ထိုအခိုက်အတန့်တွင် ရန်ကိုင်၏ ခန္ဓာကိုယ်မှာ ပြောင်းလဲသွားခဲ့ပြီး ဟင်းလင်းပြင်ထဲ ပေါင်းစပ်သွားခဲ့လေသည်။

"အို" လီဝူရီ၏ အံ့အားသင့်နေသည့် အသံ ထွက်ပေါ်လာခဲ့သည်။ ရန်ကိုင်သည် သူ၏ လက်သီးချက်ကို ယခုကဲ့သို့သော နည်းလမ်းမျိုး သုံး၍ ရှောင်သွားလိမ့်မည်ဟု မထင်ထားခဲ့ပေ။

သို့ပင်ဖြစ်လင့်ကစား သူ့တွင် ရန်ကိုင်နှင့် ရင်ဆိုင်နိုင်မည့် နည်းလမ်း ရှိနေပေသေးသည်။ လက်သီးတစ်ဝိုက်တွင် လှိုင်းတွန့်လေးများ ရုတ်တရက် ထွက်ပေါ်လာခဲ့ပြီးသည့်နောက် လက်သီးမှာ ဗြုန်းစားကြီး ပျောက်ကွယ်သွားခဲ့သည်။

ထို့နောက်တွင် ရန်ကိုင်မှာ အနီးအနား တစ်နေရာ၌ ပြန်ပေါ်လာခဲ့၏။ သို့သော်ငြား မျက်နှာမှာမူ မကောင်း။ ပေါ်လာပြီးပြီးချင်းမှာပင် ရန်ကိုင်မှာ ဟင်းလင်းပြင်ထဲ ချက်ချင်း ပြန်လည်ပျောက်ကွယ်သွားခဲ့သည်။

ပေါ်လာလိုက် ပျောက်သွားလိုက် ပေါ်လာလိုက် ပျောက်သွားလိုက် လုပ်နေပြီးသည့်နောက်တွင် ရန်ကိုင်သည် ဆက်၍ နေရာပြောင်းမနေတော့ဘဲ ခါးသက်သက် အမူအရာဖြင့် ရင်ဘတ်ကို လက်ဖြင့် ဖိလိုက်လေ၏။ ထို့နောက် ခေါင်းခါ၍... "စီနီယာရဲ့ နည်းလမ်းတွေက တကယ်ကို အားကောင်းလွန်းတယ်၊ ဒီဂျူနီယာ အရှုံးပေးပြီ”

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၃၃၂၇)

ဘာသာပြန်သူ_တိမ်တိုက်

“ကျွတ်… ဒီလောက်နဲ့ အရှုံးပေးလိုက်တော့မှာလား…” ကျို့ဖုန်းသည် ရန်ကိုင်အား ကြည့်လိုက်လေသည်။ လေဟာနယ်တာအိုအား ကျွမ်းကျင်ထားသည့် ပညာရှင်နှစ်ဦး ယခုကဲ့သို့ တိုက်ခိုက်ကြသည်ကို မြင်ရဖို့ရာ ခက်ခဲလှသည်။ ထို့အတွက်ကြောင့် ပွဲကြီးပွဲကောင်းတစ်ခုကို မြင်ရတော့မည်ဟု ထင်နေခဲ့ပါသော်ငြား အနည်းငယ်လေးသာ တိုက်ခိုက်ရသေးသည့်အချိန်တွင် ရန်ကိုင်မှာ အရှုံံးပေးသွားခဲ့သည်။ ထို့အတွက်ကြောင့် ကျို့ဖုန်းမှာ ပွဲကြီးပွဲကောင်းကို မကြည့်လိုက်ရသဖြင့် စိတ်ပျက်သွားရ၏။ ရန်ကိုင်အား ကြည့်နေပြီးသည့်နောက် မေးလိုက်လေ၏။ “သူ နင့်ကို ထိသွားလို့လား…”

ရန်ကိုင်မှာ ခေါင်းညိတ်ပြလိုက်သည်။ ရှင်းတော့ မရှင်းပြခဲ့ပေ။

ကျို့ဖုန်းမှာ အားကောင်းလှပါသော်ငြား လီဝူရီ၏လှုပ်ရှားမှုအလုံးစုံကို သေချာတွက်ချက်နိုင်ခဲ့ခြင်း မရှိပေ။ လီဝူရီသည် ဟင်းလင်းပြင်ထဲတွင်နေရင်းမှ ရန်ကိုင်အား အဆက်မပြတ်ကို လိုက်လံတိုက်ခိုက်ခဲ့သည်။ ရန်ကိုင် မည်သို့ပင် ကြိုးစားနေစေကာမူ လီဝူရီ၏တိုက်ခိုက်မှုကို ရှောင်တိမ်းနိုင်ခဲ့ခြင်းမရှိခဲ့။ နောက်ဆုံးတွင် လီဝူရီ၏လက်သီးသည် ရန်ကိုင်အား လာရောက်ထိမှန်လေသည်။ လက်သီး သူ့အား လာရောက်ထိမှန်သည်နှင့်တစ်ပြိုင်နက် လီဝူရီသည် သူ့လက်သီးကို ချက်ချင်းပြန်ရုတ်သိမ်းခဲ့သည်။ ဟင်းလင်းပြင်စွမ်းရည်များကို အသုံးပြု၍ ပြိုင်ဆိုင်ကြရာတွင် ရန်ကိုင်မှာ လုံးဝကို ရှုံးနိမ့်သွားခဲ့ရသည်။ ရန်ကိုင်၏လှုပ်ရှားမှုများမှာ လီဝူရီအပေါ် အကျိုးသက်ရောက်မှုမရှိပါသော်ငြား လီဝူရီမှ ရန်ကိုင်အား လွယ်လင့်တကူ ထိအောင် လုပ်နိုင်ခဲ့သည်ကို ကြည့်လျှင် မည်သူကပိုအားကောင်းသလဲ သိသာလှပေသည်။

“ဒီနေ့ ညွှန်ကြားပြသမှုအတွက် ကျေးဇူးပါပဲ စီနီယာ…” ရန်ကိုင်က လက်သီးဆုပ်၍ တလေးတစားဖြင့် ပြောလိုက်သည်။ “ကျုပ် တစ်နေ့ကျ စီနီယာကို အနိုင်ယူနိုင်အောင် ပိုပြီး ကြိုးစားထားလိုက်မယ်…”

လီဝူရီက ပြန်ပြောလိုက်သည်။ “ကောင်းပြီ… ငါ အဲ့နေ့ကို စောင့်နေမယ်…”

ရန်ကိုင်က ပြုံး၍ ပြန်ပြောလိုက်သည်။ “အခု ဘာမှလည်း လုပ်စရာမရှိတော့ဘူးဆိုတော့ ကျုပ် သွားတော့မယ်… စီနီယာတို့နှစ်ယောက်နဲ့ တွေ့ဖို့အတွက်ကတော့ တစ်နေ့နေ့ကျတော့မှပဲ စိတ်ဝိဉာဉ်သားရဲကျွန်းဆီ လာခဲ့တော့မယ်…”

လီဝူရီက လက်မြှောက်၍ “အလျင်မလိုနဲ့ဦးလေ… ခဏနေဦး… ငါ မင်းဆီကနေ အကူအညီတောင်းစရာတစ်ခုရှိတယ်…”

ရန်ကိုင်က မယုံသင်္ကာဖြင့် ပြန်မေးလိုက်သည်။ “ဘာကိစ္စလဲ…”

“ခဏစောင့်…” ပြောပြီးသွားသည်နှင့် လီဝူရီသည် ရပ်နေရာမှ ပျောက်ကွယ်သွားခဲ့လေသည်။ ပတ်ဝန်းကျင်အား ကောင်းကင်စိတ်အာရုံဖြင့် စစ်ဆေးကြည့်ပြီးသည့်နောက် လီဝူရီ၏အရှိန်အဝါကို မည်သည့်နေရာတွင်မှ အာရုံခံမရတော့ကြောင်း တွေ့ရှိလိုက်ရလေသည်။ ကြည့်ရသလောက် လီဝူရီသည် လေဟာနယ်မှတ်တိုင်များကို အသုံးပြု၍ အခြားတစ်နေရာဆီသို့ ထွက်သွားသည့်ပုံပင်။

ထိုအကြောင်းကြောင့် ရန်ကိုင်မှာ ကျို့ဖုန်းဆီသို့ လှမ်း၍ကြည့်လိုက်ရာ ကျို့ဖုန်းက ပြန်၍ပြောလိုက်လေ၏။ “ငါ့ကိုလာကြည့်မနေနဲ့… ငါလည်းမသိဘူး…”

ရန်ကိုင် ခေါင်းညိတ်လိုက်လေသည်။ ကျို့ဖုန်းလည်း မသိသည့်အတွက်ကြောင့် သွားမေးနေ၍လည်း အချိန်ရုံသာ ရှိလိမ့်မည် ဖြစ်သည့်အတွက်ကြောင့် စိတ်ရှည်ရှည်ဖြင့်သာ စောင့်နေလိုက်လေ၏။

လက်ဖက်ရည်တစ်ခွက်ဆူစာခန့် ကြာပြီးသည့်နောက်တွင် ကျို့ဖုန်းဘေးနား၌ လေဟာနယ်နိယာမစွမ်းအားတို့ လှုပ်ခတ်လာခဲ့လေသည်။ ထို့နောက်တွင် လီဝူရီသည် အခြားသောလူတစ်ဦးနှင့်အတူ ပေါ်လာခဲ့သည်။

လီဝူရီနှင့်အတူ ပါလာသည့်လူမှာတော့ ပါးပေါ်တွင် လိပ်ပြာပုံစံအမှတ်အသားကို ပိုင်ဆိုင်ထားသော မိန်းမငယ်လေးတစ်ဦး ဖြစ်နေလေသည်။ ကောင်မလေးသည် သူမ၏ခန္ဓာကိုယ်နှင့် အချိုးအစားကျနလိုက်ဖက်လှသော အစိမ်းရောင်ဝတ်စုံကို ဝတ်ဆင်ထားခဲ့လေ၏။

ထိုကောင်မလေး ပေါ်လာပြီးသည့်နောက် ဘေးပတ်ဝန်းကျင်အား လှည့်ပတ်ကြည့်လိုက်သည်။ ထို့နောက်တွင် ရန်ကိုင်နှင့် အကြည့်ချင်းဆုံသွားလေ၏။ “ရှောင်ချီလား…” ရန်ကိုင် အံ့အားသင့်နေလေသည်။

“အစ်ကိုရန်လား…” ရှောင်ချီ၏အကြည့် တောက်ပသွားခဲ့လေသည်။ ထို့နောက် လီဝူရီ၏ဘေးမှနေ၍ ရန်ကိုင်ဆီသို့ ချက်ချင်း ပြေးထွက်လာခဲ့လေသည်။ ပြေးလာနေရင်းမှ ရုတ်တရက် သဘောပေါက်သွားခဲ့ပြီး ချက်ချင်း ကောက်ရပ်၍ ရန်ကိုင်အားကြည့်ရင်းမှ ရှက်ကိုးရှက်ကန်းအမူအယာဖြင့် “တကယ်ကြီး အစ်ကိုရန်လား…”

“ငါပေါ့… အခြားဘယ်သူဖြစ်ရမှာလဲ…” ရန်ကိုင်က ယဲ့ယဲ့လေးပြုံးရင်းမှ ရှောင်ချီ သူ့မျက်နှာအား သေချာမြင်နိုင်စေရန် ဆံပင်ကို သပ်တင်ပြလိုက်သည်။

ရှောင်ချီက အံ့အားသင့်နေဟန်ဖြင့် “အစ်ကိုရန် ဘာလို့ အရှေ့ဘက်နယ်မြေဆီ ရောက်နေတာလဲ…”

“ကိစ္စလေးရှိလို့ လာခဲ့တာ… အဲ့ဒါနဲ့ ဒီမှာ စီနီယာလီ၊ စီနီယာကျို့ဖုန်းတို့နဲ့ လာတိုးတာ…”

မိုရှောင်ချီသည် ရန်ကိုင်အားကြည့်၍ နှုတ်ခမ်းလေးဆူလျက် “အရှေ့ဘက်နယ်မြေကိုရောက်တာကို ဘာဖြစ်လို့ စိတ်ဝိဉာဉ်သားရဲကျွန်းဆီ လာမလည်တာလဲ… အစ်ကိုရန် ကျွန်မကို မေ့သွားတာလား…”

ရန်ကိုင်က ပြုံး၍ ပြန်ပြောလိုက်သည်။ “စိတ်ဝိဉာဉ်သားရဲကျွန်းဆီ သွားမလို့ပဲ… ဒါပေမယ့် ဘယ်လိုသွားရမလဲမသိလို့ ဒီမှာတင်ကြာနေတာ…”

“သိပြီ…” မိုရှောင်ချီက ခေါင်းညိတ်၍ လက်နောက်ပစ်ရင်းမှ ခါးလေးကိုကိုင်းလျက် ပြောလိုက်လေသည်။ “ကောင်းပြီ… ဒါဆို နောက်တစ်ခါ အရှေ့ဘက်နယ်မြေကိုလာရင် စိတ်ဝိဉာဉ်သားရဲကျွန်းဆီ အရင်လာရမယ်နော်…”

“ဒါပေါ့ ဒါပေါ့…” ရန်ကိုင်က ခေါင်းညိတ်လိုက်သည်။

ထိုမြင်ကွင်းကို ခပ်လှမ်းလှမ်းမှ ရပ်ကြည့်နေကြသည့် လီဝူရီနှင့် ကျို့ဖုန်းတို့မှာတော့ သက်ပြင်းသာ ချလိုက်ကြလေသည်။

ကျို့ဖုန်းက ကောင်းကင်စိတ်အာရုံမှတစ်ဆင့် လှမ်း၍ပြောလိုက်လေသည်။ “အခြေအနေက မကောင်းတော့ဘူး… နင် ဘာဖြစ်လို့ အဲ့ကောင်မလေးကို ဒီနေရာဆီ ခေါ်လာရတာလဲ…”

လီဝူရီက ပြန်ပြောလိုက်သည်။ “ဟိုရက်ပိုင်းတုန်းက မဟာဧကရာဇ်ဆီ သတင်းပို့လိုက်တုန်းက ရန်ကိုင် နဂါးကျွန်းကို သွားမယ်ဆိုတဲ့အကြောင်းပါ ထည့်ပြောလိုက်တယ်… အဲ့အကြောင်းကို ကြားလည်းကြားရော ဆရာက ရှောင်ချီကိုပါ တစ်ခါတည်းခေါ်သွားခိုင်းဖို့ ငါ့ကိုပြောလာတယ်…”

ထိုစကားကိုကြားသော် ကျို့ဖုန်းက သက်ပြင်းချလျက် “အင်း… အခု သူတို့ တွေ့ရမယ့်အချိန် တန်ပါပြီလေ… ရှောင်ချီ မွေးတည်းက သူ့အမေနဲ့ မတွေ့ရတာ… သနားဖို့ကောင်းလိုက်တဲ့ ကလေးလေး… ငယ်ငယ်တုန်းကဆို မဟာဧကရာဇ်က သူ့ကို တစ်နေရာရာကနေများ ကောက်လာတာလားဆိုပြီးတော့ ငါ့ကိုမေးနေတာ…”

လီဝူရီကလည်း သက်ပြင်းချလျက် “အရင်တစ်ခေါက်တုန်းက အန္တရာယ်များလို့ သူ့ကိုခေါ်မသွားတာ… အဲ့ကိစ္စနဲ့ပတ်သက်ပြီး အတော်လေးကို မကျေမနပ်ဖြစ်နေတာ…”

ထိုစကားကိုကြားသော် ကျို့ဖုန်းမှာ လွန်ခဲ့သောဆယ်နှစ်ကျော်ခန့်က အဖြစ်အပျက်ကို ပြန်သတိရသွားခဲ့ပြီးသည့်နောက် တုန်တုန်ရီရီဖြင့် ခေါင်းညိတ်၍ “ရှောင်ချီအနေနဲ့ သူ့အမေနဲ့သွားတွေ့တာ ကောင်းပါတယ်… ဒါပေမယ့် အဲ့နဂါးကလန်သားတွေ ရှောင်ချီကို ဒုက္ခပေးမှာကို မဟာဧကရာဇ် မကြောက်ဘူးလား… အင်း… သခင်မလည်း ရှိနေတာဆိုတော့ အဲ့နဂါးတွေလည်း ရှောင်ချီကို ဘာမှလုပ်ရဲမှာမဟုတ်ပါဘူး… ပြီးတော့ ရန်ကိုင်လည်း သွားမှာပဲဟာကို… ရန်ကိုင်တစ်ယောက်တည်းနဲ့တင် သူတို့ တိုင်ပတ်နေမှာ… ဒီတော့ ရှောင်ချီကို ဂရုစိုက်နိုင်မှာမဟုတ်ဘူး… အင်း… ဆရာ့ရဲ့ အကွက်ကလေးကတော့ တကယ်ကို လှတာပဲ… ဆရာက ရန်ကိုင်ကို နဂါးတွေအာရုံစိုက်လာအောင် လုပ်ပြီးတော့ ရှောင်ချီနဲ့ သခင်မကို အေးအေးဆေးဆေး ပြန်တွေ့လို့ရအောင် လုပ်ခိုင်းချင်တာပဲ…”

သူတို့နှစ်ဦး ကောင်းကင်စိတ်အာရုံဖြင့် တစ်ဦးနှင့်တစ်ဦး စကားပြောနေစဉ် ရန်ကိုင်နှင့် မိုရှောင်ချီတို့မှာလည်း တိုးတိုးတိုးတိုးဖြင့် စကားပြောနေကြသည်။ သူတို့ပြောနေသည့်အရာမှာ ရယ်စရာကောင်းနေသည်လားမသိ မိုရှောင်ချီမှာ ပါးစပ်လေးကိုပိတ်၍ တခစ်ခစ် ရယ်မောနေလေ၏။ ရန်ကိုင်မှာတော့ ကူကယ်ရာမဲ့စွာပြုံး၍ ခေါင်းသာ ခါနေခဲ့သည်။

ထိုစဉ် လီဝူရီက ရှေ့သို့တက်လာ၍ ပြောလိုက်လေ၏။ “ရန်ကိုင်… မင်း နဂါးကျွန်းကို သွားတော့မှာဆိုတော့ ရှောင်ချီကိုပါ တစ်ခါတည်းခေါ်သွားလိုက်… သူ့ကို အဲ့မှာ တစ်ယောက်ယောက် စောင့်နေတယ်…”

ထိုစကားကိုကြားသော် ရန်ကိုင်သည် မိုရှောင်ချီအား တစ်ချက်လှမ်းကြည့်လိုက်ပြီးသည့်နောက် ဘာတွေဖြစ်နေသလဲဆိုသည်ကို နားလည်သွားခဲ့လေသည်။ နဂါးကျွန်းတွင် ဖုရွှမ်းသည် သူမသမီးကို စောင့်နေရပေလိမ့်မည်။ ထိုအကြောင်းကြောင့် ကောင်းကင်စိတ်အာရုံမှတစ်ဆင့် လီဝူရီအား လှမ်း၍ မေးလိုက်လေ၏။ “ရှောင်ချီရော သိလား…”

လီဝူရီက ခေါင်းညိတ်၍ ပြန်ပြောလိုက်သည်။ “အင်း… မဟာဧကရာဇ်က သူ့ကို အကုန်ပြောပြထားပြီးသား… ဒါပေမယ့် ဟိုရောက်လို့ရှိရင် မင်း သူ့ကို ဂရုစိုက်ပေးရမှာနော်…”

ရန်ကိုင်က အလေးအနက်အမူအယာဖြင့် ပြန်ပြောလိုက်သည်။ “စီနီယာ… စိတ်မပူနဲ့… ရှောင်ချီ ဘာမှမဖြစ်စေရဘူး…”

လီဝူရီက ပြုံး၍ “မဟာဧကရာဇ်သာ မင်းကိုမယုံရင် ရှောင်ချီကို မင်းလက်ထဲ ထည့်ပေးလိုက်မှာမဟုတ်ဘူး… ကောင်းပြီ… မင်းပြန်လာတာနဲ့ ရှောင်ချီကိုပါ စိတ်ဝိဉာဉ်သားရဲကျွန်းဆီ ပြန်ခေါ်လာဖို့ မမေ့နက်နော်…”

“အင်း…” ထို့နောက်တွင် ရန်ကိုင်က လက်သီးဆုပ်၍ “ဒါဆို ကျုပ် အရင်သွားတော့မယ်နော်…”

“သွားရင်း လမ်းမှာလည်းသတိထားဦး…” လီဝူရီက ပြုံး၍ ခေါင်းညိတ်ပြလိုက်သည်။

ထို့နောက်တွင် ရန်ကိုင်မှ အဝေးတစ်နေရာသို့ လှမ်းကြည့်လိုက်ရာ လန်ဟဲမှ သူ့အား လှမ်း၍ကြည့်နေကြောင်း တွေ့လိုက်ရလေသည်။ ရန်ကိုင်လည်း ပြုံး၍ လန်ဟဲအား လက်ဝှေ့ယမ်းပြလိုက်လေ၏။ လန်ဟဲမှာ အစပိုင်း ကြောင်အမ်းအမ်းဖြစ်နေပြီးသည့်နောက် ချက်ချင်းပဲ ပြန်၍ လက်ဝှေ့ယမ်းပြလာခဲ့သည်။

လင်းယင်ချင်းကိုမူ မည်သည့်နေရာတွင်မှ မတွေ့ရသည့်အတွက်ကြောင့် ရန်ကိုင်လည်း သူမအား သွားနှောင့်ယှက်မနေတော့ဘဲ ချုန်းချီဘက်သို့ လှည့်၍သာ ပြောလိုက်လေ၏။ “သွားကြရအောင်…”

ချုန်းချီလည်း ရှေ့သို့ တက်လာပြီး မိုရှောင်ချီအား သေသေချာချာ ကြည့်လိုက်လေသည်။ ယခုမှသာလျှင် ရန်ကိုင်မှာ သူ့အား ဘာကြောင့် ရှောင်ချီဟု မခေါ်ခိုင်းခဲ့သလဲဆိုသည်ကို နားလည်သွားတော့သည်။ ရှောင်ချီဟုခေါ်သည့် ကောင်မလေးတစ်ဦး ရှိနေပြီးသား ဖြစ်နေသည်ကိုး။

ချုန်းချီ၏ပုံစံကြီးကိုကြည့်ရင်း မိုရှောင်ချီစိတ်ထဲ တစ်ခုခုအား စဉ်းစားမိသွားလေသည်။ (ဒီလူအိုကြီးက မကောင်းတဲ့လူပဲ…)

ချုန်းချီမှာ အတတ်နိုင်ဆုံး ဖော်ရွေစွာ ပြုံးပြခဲ့ပါသော်ငြား မိုရှောင်ချီမှာတော့ နောက်သို့ ကျုံ့သွားခဲ့ပြီး နှုတ်ခမ်းလေးကို မဲ့ထားခဲ့လေ၏။

ချုန်းချီမှာ စိတ်ပေါက်ပေါက်အမူအယာဖြင့် ရန်ကိုင်ဘက်သို့ လှည့်ကြည့်လိုက်ရာ ရန်ကိုင်မှ သူ့အား စိုက်ကြည့်နေကြောင်း တွေ့လိုက်ရလေသည်။ ထိုအခါ မျက်နှာတည်၍ ပြန်မေးလိုက်လေသည်။ “သခင်လေး… ကျုပ် ဘာလုပ်ပေးရမလဲ…”

ရန်ကိုင်က အံ့အားသင့်နေဟန်ဖြင့် “ကျုပ် ဒီလိုလုပ်စရာလေးတွေကိုတောင် ခင်ဗျားကို လိုက်ပြောနေရမှာလား… ခင်ဗျား ကျုပ်ကို သခင်အဖြစ် အသိအမှတ်ပြုထားတယ်ဆိုမှတော့ ခင်ဗျားတာဝန်ကို ခင်ဗျား လုပ်ရမှာပေါ့…”

ထိုစကားကိုကြားသော် ချုန်းချီ ဇဝေဇဝါဖြစ်သွားခဲ့လေသည်။ သို့သော်ငြား မကြာမီ ရန်ကိုင်ဘာပြောချင်နေသလဲဆိုသည်ကို နားလည်သွားခဲ့ပြီးသည့်နောက် မျက်နှာကြီးမဲ့လျက် “သခင်လေးက…”

“ဟမ်…” ရန်ကိုင်သည် ချုန်းချီအား စိုက်ကြည့်လိုက်လေသည်။

ချုန်းချီမှာ တုံ့ဆိုင်းနေခဲ့လေသည်။

ထိုအချင်းအရာကိုမြင်သော် ရန်ကိုင်သည် လီဝူရီဘက်သို့လှည့်၍ “စီနီယာ… ကျုပ်စကား ကျုပ်ပြန်ရုတ်သိမ်းတော့မယ်… ကျေးဇူးပြုပြီး ဒီသက်ကြားအိုကြီးကို ခေါ်သွားလိုက်ပေတော့…”

ရန်ကိုင်မှ ထိုကဲ့သို့ ပြောလိုက်သည်နှင့်တစ်ပြိုင်နက် ချုန်းချီသည် မာန်သွင်းအော်ဟစ်၍ မီတာငါးဆယ်ခန့်အလျားနှင့် ဆယ်မီတာအခန့်အချင်းရှိသော ဧရာမသားရဲကြီးတစ်ကောင်အသွင်သို့ ပြောင်းလိုက်လေသည်။ ချုန်းချီမှာ တောင်ပံပါ၍ ဦးချိုနှစ်ချောင်းရှိသော ကျားတစ်ကောင်နှင့် ဆင်တူပေသည်။ ထို့အပြင် ချုန်းချီ၏အမွေးအားလုံးမှာ နီရဲတောက်နေလေ၏။

နှာခေါင်းရှုံ့လိုက်သည့်အခါတွင် ပူလောင်သည့်နှာငွေ့များ ၎င်း၏နှာခေါင်းပေါက်ဆီမှ ထွက်လာနေခဲ့သည်။ ချုန်းချီပုံစံကိုကြည့်ရင်း ရန်ကိုင်က ဝမ်းသာအားရဖြင့် တွေးလိုက်လေသည်။ (ဒီလူအိုကြီးက ဘာလုပ်ရမယ်မှန်းတော့ သိသားပဲ..)

ချုန်းချီဘေးနား လှည့်ပတ်ကြည့်နေပြီးသည့်နောက်တွင် ရန်ကိုင်က ခေါင်းညိတ်၍ ချုန်းချီ၏ကျောပေါ်သို့ ခုန်တက်ကာ မိုရှောင်ချီအား လှမ်းခေါ်လိုက်လေ၏။ “တက်လာခဲ့…”

ထိုအခိုက်အတန့်တွင် မိုရှောင်ချီမှာ မင်သက်နေခဲ့လေသည်။ စိတ်ဝိဉာဉ်သားရဲကျွန်းပေါ်တွင် မွန်းစတားသားရဲပေါင်းများစွာနှင့် ကျို့ဖုန်းကဲ့သို့သော နတ်သားရဲတစ်ကောင်ပင် ရှိပါသော်ငြား သူမအနေဖြင့် ချုန်းချီကဲ့သို့သော စီးတော်သားရဲတစ်ကောင်ကို ယခုမှသာလျှင် ပထမဦးဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်လေသည်။ အစောပိုင်းက လူအိုကြီး လူအသွင်ပြောင်းထားစဉ်ကပုံစံကို ပြန်စဉ်းစားမိလိုက်သော် မိုရှောင်ချီစိတ်ထဲ ထိုသားရဲအပေါ် သိပ်၍ မတက်ချင်သလို ဖြစ်သွားလေ၏။

သို့သော်ငြား ရန်ကိုင်မှ လှမ်းခေါ်နေသည့်အတွက်ကြောင့် ဝမ်းသာအားရဖြင့် တက်သွားလေ၏။

“ဒါဆို နှုတ်ဆက်ပါတယ်နော် စီနီယာတို့…” ရန်ကိုင်သည် လီဝူရီနှင့် ကျို့ဖုန်းတို့အား နှုတ်ဆက်ပြီးသည့်နောက် ချုန်းချီအား ခြေထောက်ဖြင့် ပေါက်လိုက်သည်။

ထို့နောက်တွင် ချုန်းချီသည် ၎င်း၏တောင်ပံများကို ဖြန့်၍ ကောင်းကင်ပေါ်သို့ ပျံတက်သွားလေ၏။ မကြာမီတွင် ချုန်းချီသည် အနီရောင်အလင်းတန်းတစ်ခုအသွင်သို့ ပြောင်း၍ တဟုန်ထိုး ပြေးတက်သွားခဲ့သည်။ ချုန်းချီတွင် ဤမျှမြန်ဆန်လှသည့် အမြန်နှုန်းသာ မရှိခဲ့လျှင် လီဝူရီ၏ ဖမ်းဆီးခြင်း ခံရသည်မှာ ကြာနေလောက်ပေပြီ။

ရန်ကိုင်ထွက်သွားသည့်အရပ်ဆီသို့ ကြည့်ရင်း လီဝူရီက ပြောလိုက်လေ၏။ “ပြန်ကြတာပေါ့…”

ကျို့ဖုန်း ခေါင်းညိတ်လိုက်သည်။ သူမတို့ ဤနေရာသို့လာရခြင်းမှာ ချုန်းချီအား ဖမ်းဆီးရန် ဖြစ်လေသည်။ သို့သော်ငြား လက်ရှိအချိန်တွင် ချုန်းချီမှာ ရန်ကိုင်၏လက်အောက်သို့ ရောက်သွားပြီဖြစ်သည့်အတွက်ကြောင့် ချုန်းချီကိစ္စမှာ သူတို့နှင့်မဆိုင်တော့ပေ။ ရန်ကိုင်သည်သာ ချုန်းချီအား စောင့်ကြည့်ရမည့်လူ ဖြစ်သွားခဲ့လေပြီ။ ချုန်းချီပြဿနာရှာသည့်အခါမှသာလျှင် သူတို့အနေဖြင့် ချုန်းချီအား လာရောက်ဖမ်းဆီး၍လည်း နောက်မကျသေးပေ။

ထို့နောက်တွင် လီဝူရီသည် လေဟာနယ်နိယာမများကို ထိန်းချုပ်၍ ကျို့ဖုန်းနှင့်အတူ ရပ်နေရာမှ ပျောက်ကွယ်သွားခဲ့သည်။

တစ်ခဏအကြာ၌ အဝေးတစ်နေရာမှ စောင့်ကြည့်နေသော ထျန်ရှန်းနှင့် ချန်းရှိုယင်တို့ ရောက်လာကြလေ၏။ ဧည့်သည်အားလုံး ထွက်သွားပြီမှန်း သေချာအတည်ပြုပြီးသည့်အခါမှသာလျှင် နှစ်ဦးစလုံး သက်ပြင်းချလိုက်နိုင်ကြလေသည်။ လီဝူရီတို့ကဲ့သို့သော ဧည့်သည်များကို လက်ခံထားရသည်မှာ ကောင်းကင်ဝံပုလွေတောင်ကြားအတွက် ဝမ်းသာစရာ ဖြစ်ပါသော်ငြား သူတို့ကြားရှိ ခွန်အားကွာခြားချက်မှာ ထျန်ရှန်းတို့အား ဖိအားကြီးကြီးမားမား ခံစားရစေသည်။

ဧည့်သည်များ ထွက်သွားပြီဖြစ်သည့်အတွက်ကြောင့် သူတို့အနေဖြင့် စိတ်အေးနိုင်လေပြီ။

ဧည့်သည်များမှာ မရှိကြတော့ပါသော်ငြား အဆောက်အဦးအနီးတစ်ဝိုက်တွင် လေဟာနယ်နိယာမတို့ လှုပ်ခတ်နေပေသေးသည်။ ကျန်ရစ်ခဲ့သော အစီအရင်တစ်ခုပင် ရှိနေခဲ့လေသည်။ ထျန်ရှန်းနှင့် အခြားသူများမှာ အစီအရင်ကို အတန်ကြာအောင် လေ့လာပြီးသည့်နောက် ထိုအစီအရင်မှာ ဟင်းလင်းပြင်အစီအရင်တစ်ခုဖြစ်ကြောင်း ကောက်ချက်ချနိုင်ခဲ့လေသည်။ ထိုအစီအရင်ကို ရန်ကိုင်မှ ခင်းကျင်းခဲ့လေသလား လီဝူရီမှ ခင်းကျင်းခဲ့လေသလား ဆိုသည်ကိုတော့ မပြောနိုင်ကြပေ။ သို့ပါသော်ငြား ကြိမ်ဖန်များစွာ ကြိုးစားခဲ့သည့်တိုင် ထိုအစီအရင်အား လုံးဝ အသက်သွင်းနိုင်ခဲ့ခြင်းမရှိ။ သို့သော်ငြား အစီအရင်ကိုလည်း မဖျက်ဆီးရဲသည့်အတွက်ကြောင့် အစီအရင်အနီးတစ်ဝိုက်နေရာကို တားမြစ်နေရာအဖြစ်သာ သတ်မှတ်လိုက်ရတော့သည်။ သာမန်တပည့်များအား ဤနေရာသို့ လာခွင့်မပြုပေ။ တကယ်တော့ ဤနေရာသည် လေဟာနယ်တာအိုအား နက်နက်နဲနဲ ကျွမ်းကျင်ထားသော ပညာရှင်နှစ်ဦး လေဟာနယ်တာအိုအကြောင်းကို ဆွေးနွေးဖလှယ်သွားသည့်နေရာပင် မဟုတ်လေလော။ ဤကဲ့သို့သောနေရာမျိုးကို ဤအတိုင်း လျစ်လျူရှုထားလိုက်လျှင် နှမြောစရာ ဖြစ်ပေလိမ့်မည်။ နောက်ပိုင်း အရည်အချင်းရှိသည့် တပည့်များကို ရွေးချယ်၍ ဤအစီအရင်အား လေ့လာခိုင်းကြည့်ရပေလိမ့်မည်။ သူတို့၏ကောင်းကင်ဝံပုလွေတောင်ကြားသည်သာ လေဟာနယ်တာအိုအား ကျွမ်းကျင်ထားသည့် တပည့်အချို့ကို မွေးထုတ်ပေးနိုင်မည်ဆိုလျှင် တောင်ကြားအတွက် အလွန်ကိုမှ အကျိုးရှိပေလိမ့်မည်။

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၃၃၂၈)

ဘာသာပြန်သူ_တိမ်တိုက်

နေမှာ ထိန်ထိန်သာနေပြီး ကောင်းကင်ထက် မည်သည့်တိမ်စိုင်တိမ်တိုက်မှ ရှိမနေခဲ့ပေ။

အနီရောင်အလင်းတန်းတစ်ခုသည် အလွန်တရာကိုမှ မြန်ဆန်သည့်နှုန်းဖြင့် ကောင်းကင်ထက် ပျံသန်းသွားလာနေခဲ့သည်။ သာမန်လူတစ်ဦးသာ ထိုအနီရောင်အလင်းတန်းကို မြင်လိုက်မည်ဆိုလျှင် အနီရောင်အလင်းတန်း ဘာဖြစ်သလဲဆိုသည်ကို ပြောနိုင်လိမ့်မည်မဟုတ်ပေ။

ချုန်းချီ၏အမြန်နှုန်းမှာ အလွန်ကိုမှ မြန်ဆန်လှသည်။ အဆင့်မြင့်နတ်သားရဲဆိုသည့်အတိုင်း ချုန်းချီ၏ခွန်အားမှာလည်း အတော်လေးကိုမှ မြင့်မားလှပေသည်။ အခြား ပို၍ကောင်းမွန်သည့်အချက်မှာ ချုန်းချီ၏ကျောပြင်မှာ ကျယ်ပြန့်ပြီး သက်သောင့်သက်သာ ရှိလှခြင်းပင်။ ထိုအကြောင်း‌ကြောင့် ရန်ကိုင်နှင့် မိုရှောင်ချီတို့မှာ ချုန်းချီ၏ကျောပြင်ထက် ချောင်ချောင်ချိချိဖြင့် နေနိုင်လေ၏။ မိုရှောင်ချီသည် ချုန်းချီ၏ကျောပြင်ထက်တွင် သားရဲအရေပြားတစ်ခုကို ခင်းကျင်းထားခဲ့ရာ ရန်ကိုင်နှင့်သူမမှာ ထိုသားရဲအရေပြားပေါ်တွင် သက်သောင့်သက်သာဖြင့် ထိုင်နိုင်လေသည်။

ယခင်တစ်ကြိမ် ရန်ကိုင်နှင့်မိုရှောင်ချီတို့ တွေ့ခဲ့သည်မှာ ကြယ်ပျက်ပင်လယ်ထဲ၌ ဖြစ်ခဲ့သည်။ ထိုစဉ်က မိုရှောင်ချီမှာ ဒေါသထွက်သွားခဲ့ပြီး သူမမျက်နှာပေါ်ရှိ ချိတ်စည်းကို ဖြည်ရန်ပင် ကြိုးစားခဲ့သေး၏။ အဆုံးတွင် ကျန်းရို့ရှီ၏သွေးစက်ကြောင့် ချိတ်စည်းအား အချိန်မီ ပြန်လည်ဖိနှိပ်လိုက်နိုင်ခဲ့၏။

ထိုအဖြစ်အပျက်ဖြစ်သွားခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာသွားခဲ့လေပြီ။

အချိန်သည် တရွေ့ရွေ့ကုန်ဆုံးနေခဲ့ပြီး မိုရှောင်ချီနှင့် ရန်ကိုင်တို့မှာ ယခင်ကထက်ကို ပို၍ ရင်းနှီးလာခဲ့ကြလေသည်။ မိုရှောင်ချီသည် မွေးဖွားလာစဉ်ကတည်းက စိတ်ဝိဉာဉ်သားရဲကျွန်းတွင်သာ အချိန်အများစုကို ကုန်ဆုံးခဲ့ရသည်။ သူမ အိမ်ထဲမှ ပထမဦးဆုံးအကြိမ် ခိုးထွက်လာစဉ်က တောင်ဘက်နယ်မြေထဲ ရန်ကိုင်နှင့် လာတိုးခဲ့သည်။

ထိုစဉ်က ရန်ကိုင်မှာ မိုရှောင်ချီ အရှေ့ဘက်နယ်မြေဆီသို့ မည်ကဲ့သို့ပြန်သွားသလဲဆိုသည်ကို တွေးခဲ့မိပေသည်။ ထိုစဉ်က မိုရှောင်ချီမှာ ထိုမျှအားကောင်းခြင်းမရှိသေးပေ။ နယ်မြေကြီးနှစ်ခုမှာ အလွန်တရာကိုမှ ဝေးကွာလှသည်။ သူမအား လိုက်လံစောင့်ရှောက်ပေးမည့်သူသာ မရှိပါက ထိုမျှဝေးကွာလှသည့်ခရီးအား မည်ကဲ့သို့များ လုံလုံခြုံခြုံနှင့် ဖြတ်သန်းသွားလာနိုင်ပါမည်နည်း။

ယခု သေချာစဉ်းစားကြည့်လိုက်သည့်အခါမှ ထိုစဉ်က မိုရှောင်ချီအား လီဝူရီနှင့်ကျို့ဖုန်းတို့မှ လမ်းတစ်လျှောက်လုံး လိုက်လံစောင့်ရှောက်ပေးခဲ့လိမ့်မည်မှန်း ရန်ကိုင်ခန့်မှန်းမိသွားတော့သည်။ ဤကောင်မလေးကမူ သူမကိုယ်သူမ အိမ်ကနေ အောင်မြင်စွာ ခိုးထွက်လာနိုင်ပြီဟု ထင်နေပေလိမ့်မည်။

မိုရှောင်ချီမှာ အတွေ့အကြုံမရှိသေးသည့် ကောင်မလေးဖြစ်ပြီး ရန်ကိုင်မှာတော့ လောကတစ်ခွင် ခြေဆန့်ကာ အရာပေါင်းများစွာကို မြင်တွေ့ခဲ့ဖူးသူတစ်ဦးဖြစ်သည်။ ထိုအကြောင်းကြောင့် ရန်ကိုင်တို့တွင် ပြောစရာစကားများစွာ ရှိနေခဲ့သည်။ သို့ပါသော်ငြား အချိန်အများစုတွင် ရန်ကိုင်ကသာ တောက်လျှောက်ပြောနေခဲ့ပြီး မိုရှောင်ချီသည် မေးလေးထောက်ရင်း ငြိမ်သက်စွာ နားထောင်နေခဲ့လေသည်။

မေပယ်မြို့ထဲရှိ လူလိမ်အိုကြီးအကြောင်း စကားရောက်သွားသော် ရန်ကိုင်နှင့် မိုရှောင်ချီတို့နှစ်ဦးစလုံး ထရယ်ကြလေ၏။

ယခင်က သူတို့နှစ်ဦးစလုံးမှာ ဘာမှသိပ်မသိသည့် လူငယ်လေးများ ဖြစ်ခဲ့ကြသည်။ ထိုစဉ်က လောကတစ်သောင်းမဟာဧကရာဇ်သည် လောကကြီးအနှံ့ ခြေဆန့်ရင်း သူ့ကိုယ်သူ သူဖုန်းစားတစ်ဦးပမာ အယောင်ဆောင်ခဲ့သည်။ ရန်ကိုင်တို့ကမူ လောကတစ်သောင်းမဟာဧကရာဇ်အား လူလိမ်အိုကြီးဟုပင် အထင်မှားခဲ့ပေသေးသည်။ ထိုအချက်ကြောင့်ပင်လျှင် လောကတစ်သောင်းမဟာဧကရာဇ်အပေါ် အမြင်မကြည်ဖြစ်ခဲ့သေး၏။

အချိန်ကြာလာသည့်နောက် မိုရှောင်ချီ၏ စိတ်ခံစားချက်များ တစ်မျိုးတစ်ဖုံ ပြောင်းလဲသွားသည်ကို ရန်ကိုင်သတိထားမိလိုက်သည်။ မိုရှောင်ချီမှာ မျှော်လည်း မျှော်လင့်မိ စိုးလည်းစိုးရိမ်မိနေသလို ဖြစ်နေခဲ့သည်။

မိုရှောင်ချီမှာ စိတ်ဂနာမငြိမ် ဖြစ်လာခြင်း ဖြစ်လေသည်။ သူမ၏အမေနှင့် ပထမဦးဆုံးအကြိမ် သွားတွေ့ရတော့မည်ဖြစ်လေရာ သူမအနေဖြင့် မည်ကဲ့သို့များ စိတ်ငြိမ်ငြိမ်ထားနိုင်ပါမည်နည်း။ သူမအား မွေးဖွားပေးခဲ့သည့်အမေအား ငယ်စဉ်တည်းက ယခုအချိန်အထိ တစ်ခါမှ မတွေ့ဖူးသေးသည့်အတွက်ကြောင့် ထိုအမျိုးသမီးနှင့်တွေ့ရချိန် မည်ကဲ့သို့ စကားပြောရမလဲဆိုသည်ကိုပင် မိုရှောင်ချီမှာ သေချာ မစဉ်းစားမိသေးပေ။

နောက်ဆုံးတွင်တော့ မိုရှောင်ချီမှာ လုံးဝကို တိတ်ကျသွားခဲ့သည့်အတွက်ကြောင့် ရန်ကိုင်လည်း မိုရှောင်ချီပြုံးလာစေရန်အတွက် ဟာသများ ပြောရတော့သည်။

သို့ပင်ဖြစ်လင့်ကစား မိုရှောင်ချီကမူ အားတင်း၍သာ ပြုံးပြနေသည့်အတွက် ရန်ကိုင်လည်း ဘာမှမလုပ်တတ်တော့ပေ။

ချုန်းချီမှာတော့ နဂါးကျွန်းဆီ မည်ကဲ့သို့သွားရမလဲဆိုသည်ကို သိနေသည့်ပုံပင်။ ထိုအကြောင်းကြောင့် ရန်ကိုင်မှာ နဂါးကျွန်းသို့သွားဖို့ရာ နဂါးကျွန်းတံဆိပ်ပြားကို သုံးစရာမလိုခဲ့ပေ။

ရက်အနည်းငယ်ခန့်ကြာပြီးသည့်နောက်တွင် ပင်လယ်ထဲရှိကျွန်းတစ်ကျွန်းပေါ်၌ ချုန်းချီဆင်းလိုက်လေ၏။

ရန်ကိုင်က ဘေးပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရင်းမှ မေးလိုက်လေ၏။ “ဒါက နဂါးကျွန်းနဲ့ အနီးဆုံးကျွန်းဆိုတာ သေချာလား…”

ချုန်းချီက ပြန်၍ပြောလိုက်လေ၏။ “သခင်လေး… ဒီပင်လယ်ထဲမှာ ဒီကျွန်းထက် နဂါးကျွန်းနဲ့ ပိုနီးတဲ့ကျွန်းဆိုတာ မရှိတော့ဘူး…”

ရန်ကိုင် ဘာကြောင့် ထိုကဲ့သို့ကျွန်းတစ်ကျွန်းအား ရှာချင်နေသလဲဆိုသည်ကို ချုန်းချီ နားမလည်ခဲ့။ သို့ပါသော်ငြား ရန်ကိုင်က အမိန့်ပေးလာသည့်အတွက်ကြောင့် ချုန်းချီလည်း ရန်ကိုင်ပြောသည့်အတိုင်းသာ လုပ်ရလေသည်။

“ကောင်းပြီလေ… ဒါဆိုလည်း ဒီမှာပဲ လုပ်ရတော့တာပေါ့…” ရန်ကိုင်လည်း ချုန်းချီ၏ကျောပေါ်မှ မိုရှောင်ချီနှင့်အတူ ခုန်ဆင်းလာသည်။ ထို့နောက် ပတ်ဝန်းကျင်ကို ကောင်းကင်စိတ်အာရုံဖြင့် စစ်ဆေး၍ သင့်တော်သည့်နေရာတစ်ခုကို ရှာဖွေလေ၏။

“အစ်ကိုရန် ဒီမှာ ဘာလာလုပ်တာလဲ…” မိုရှောင်ချီသည် ဘေးပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရင်းမှ မေးလိုက်သည်။ ဤပင်လယ်ထဲ မရေမတွက်နိုင်သော ကျွန်းများ ရှိကြသည်။ ဤကျွန်းမှာ ဘာမှမထူးခြားလှ။ ကျွန်းပေါ်၌ မည်သည့်အဖိုးတန်ပစ္စည်းမှ မရှိသလို မည်သည့်အဖိုးတန်ဆေးပင်ကိုမှလည်း စိုက်ပျိုး၍ အဆင်မပြေလှပေ။

ထိုအကြောင်းကြောင့် ရန်ကိုင် ဘာကြောင့် ဤကျွန်းပေါ်တွင် ဆင်းလိုက်ရသလဲဆိုသည်ကို မိုရှောင်ချီ နားမလည်နိုင် ဖြစ်နေလေ၏။

“ဟင်းလင်းပြင်အစီအရင်တစ်ခု ခင်းကျင်းမလို့လေ…” ရန်ကိုင်က ရှင်းပြလိုက်သည်။

လောကဓာတ်လုံးကဲ့သို့ပင် နဂါးကျွန်းသည် သီးခြားကမ္ဘာတစ်ခု ဖြစ်ပေသည်. ရန်ကိုင်သည်သာ နဂါးကျွန်းပေါ် ဟင်းလင်းပြင်အစီအရင်တစ်ခုကို ခင်းကျင်းလိုက်မည်ဆိုလျှင် လောကအတားအဆီးများ ရှိနေသည့်အတွက်ကြောင့် ပြင်ပလောကကြီးမှ နဂါးကျွန်းထဲသို့ ဟင်းလင်းပြင်အစီအရင်နှင့် တည်နေရာခုန်ကူးသွားနိုင်လိမ့်မည်မဟုတ်ပေ။

နောက်နောင်တွင် နဂါးကလန်သားများနှင့် မကြာခဏ တွေ့ရတော့မည်မှန်း ရန်ကိုင်သိနေသည်။ ထိုအကြောင်းကြောင့် တောက်လျှောက်ကြီး ပျံသန်းလာရသည်မှာ အလွန်ကိုမှ အချိန်ကုန်လှပေသည်။ ထိုအကြောင်းကြောင့်ပင်လျှင် အချိန်သက်သာရန်အလို့ငှာ ဤနေရာ၌ ဟင်းလင်းပြင်အစီအရင်တစ်ခု ခင်းကျင်းရန် ဆုံးဖြတ်ထားလိုက်ခြင်းဖြစ်၏။

ဤနေရာတွင် ဟင်းလင်းပြင်အစီအရင်အား ခင်းကျင်းလိုက်ခြင်းအားဖြင့် နဂါးကျွန်းသို့ ဆက်သွားရသေးပါသော်ငြား သွားရသည့်အချိန်မှာ အတော်လေးကိုမှ လျော့ကျသွားရပေတော့မည်။

မိုရှောင်ချီက ခေါင်းညိတ်လိုက်လေ။ ရန်ကိုင်၏ရည်ရွယ်ချက်များကို သေချာနားမလည်ပါသော်ငြား ဘာမှသွားမမေးမနေခဲ့ပဲ ရန်ကိုင်နောက်သို့သာ ငြိမ်ငြိမ်လေးလိုက်သွားခဲ့သည်။

မကြာမီ သဘာဝအတိုင်း ဖြစ်ပေါ်နေသည့်ပုံပေါက်သော လိုဏ်ဂူတစ်လုံးဆီသို့ ရောက်လာခဲ့လေသည်။ လိုဏ်ဂူအတွင်းပိုင်းမှာ လုံးဝကို ခြောက်သွေ့နေ၏။

ရန်ကိုင်သည် ထိုလိုဏ်ဂူထဲဝယ် ဟင်းလင်းပြင်အစီအရင်ကို စတင်ခင်းကျင်းတော့လေသည်။ မိုရှောင်ချီမှာတော့ ဘေးမှနေ၍ တောက်လျှောက်ကူညီပေးနေလေသည်။ မိုရှောင်ချီမှာ ယခုကိစ္စနှင့်ပတ်သက်၍ အတွေ့အကြုံမရှိသည့်အတွက်ကြောင့် သူမကူညီသည်မှာ ရန်ကိုင်အား အကူအညီမဖြစ်စေဘဲ နှောင့်နှေးနေအောင် လုပ်မိသလိုသာ ဖြစ်နေခဲ့သည်။ သို့ပါသော်ငြား ရန်ကိုင်ကမူ သူမအား သွားအပြစ်တင်မနေခဲ့ဘဲ ကြိုးစား၍ပင် အားပေးနေလေ၏။ ထို့အတွက်ကြောင့် မိုရှောင်ချီမှာလည်း ပျော်ပျော်ရွှင်ရွှင်ဖြင့် ဖြစ်နေလေ၏။

နေ့ဝက်ခန့်ကြာပြီးသည့်နောက်တွင် ဟင်းလင်းပြင်အစီအရင်အသစ်တစ်ခု ပေါ်လာခဲ့လေ၏။ ဟင်းလင်းပြင်အစီအရင်အား သေချာစစ်ဆေးကြည့်ပြီးသည့်နောက် ရန်ကိုင်နှင့်မိုရှောင်ချီတို့ လိုဏ်ဂူထဲမှ ထွက်လာခဲ့လိုက်သည်။

ချုန်းချီ၏ကျောပြင်ပေါ်သို့ တက်လိုက်ပြီးသည့်နောက် လူအိုကြီးသည် ၎င်း၏တောင်ပံများကို ခတ်၍ လှည့်မေးလိုက်၏။ “သခင်လေး… ကျုပ်တို့ နဂါးကျွန်းဆီ တကယ်ကြီးသွားမှာလား…”

ရန်ကိုင်က ပြုံး၍ မေးလိုက်သည်။ “ဘာဖြစ်လို့လဲ… ခင်ဗျားကြောက်လို့လား…”

ချုန်းချီက အံကြိတ်၍ ပြန်ပြောလိုက်သည်။ “ဘာလို့ကြောက်ရမှာလဲ… ဒါပေမယ့် အဲ့နဂါးတွေက ပြောလို့ဆိုလို့ ကောင်းတဲ့လူတွေမဟုတ်ဘူးနော်.. သတိထားရင် အကောင်းဆုံးပဲ…”

တကယ်ဆိုလျှင် ချုန်းချီသည် ရန်ကိုင်နှင့် နဂါးကျွန်းကြားရှိ ဆက်ဆံရေးကိုလည်း သိချင်နေမိပေသည်။ ရန်ကိုင်မှ မီတာသုံးရာခန့် အမြင့်ရှိသော နဂါးတစ်ပိုင်းအသွင်သို့ ပြောင်းသွားသည်ကို မြင်သည့်အခါ ရန်ကိုင်သည် နဂါးသွေးမျိုးဆက်အား ပိုင်ဆိုင်ထားရမည်မှန်း သိလိုက်သည်။ သို့ပါသော်ငြား နဂါးကလန်သားများမှာ မသန့်စင်သည့်သွေးမျိုးဆက်အား ပိုင်ဆိုင်ထားကြသူများကို အလွန်ကိုမှ အထင်အမြင်သေးကြသည်။ သူတို့အတွက်မူ မသန့်စင်သည့်သွေးမျိုးဆက်သည် အခြားသောမျိုးနွယ်စုများထက်ပင် ပို၍ အထင်သေးစရာကောင်းပေသည်။

ရန်ကိုင်သည် နဂါးနွယ်ဖွားတစ်ဦး ဖြစ်သည့်အတွက်ကြောင့် ဖြစ်နိုင်လျှင် နဂါးကျွန်းမှ ခပ်ဝေးဝေးတွင်သာ နေသင့်သည်။ နဂါးကျွန်းဆီသို့ သွားခြင်းသည် သေမင်းထောင်ချောက်ထဲသို့ လမ်းလျှောက်သွားနေခြင်းသာ ဖြစ်ပေသည်။

နဂါးကျွန်းပေါ်တွင် နဂါးနွယ်ဖွားအများစု နေထိုင်ကြသော နဂါးတစ်ပိုင်းမြို့ရှိကြောင်းကို ရန်ကိုင်အား ချုန်းချီ သတိပေးချင်ပေသည်။ နဂါးနွယ်ဖွားများသည် အားကောင်းသယောင် ထင်ရပါသော်ငြား တကယ့်တကယ်မူ နဂါးကျွန်း၏ အကျဉ်းသားများသာ ဖြစ်ကြသည်။ နဂါးကလန်မှာ နဂါးနွယ်ဖွားများကိုလိုအပ်တိုင်း အဓိကကျွန်းဆီသို့ ခေါ်သွားပြီး သူတို့၏သွေးကို ထုတ်ယူကာ နဂါးသွေးပန်းများကို သွန်းလောင်းပေးလေ့ရှိသည်။

ရန်ကိုင်သည်သာ နဂါးကျွန်းဆီသို့ သွားလျှင် နဂါးတစ်ပိုင်းမြို့ထဲ ပိတ်မိပြီး အကျဉ်းသားအဖြစ် ဆက်ဆံခံရနိုင်သည်။ ရန်ကိုင်၏ မီတာသုံးရာခန့်အမြင့်ရှိသော နဂါးတစ်ပိုင်းအသွင်အရ ရန်ကိုင်ဆီမှ သွေးများစွာကို ထုတ်ယူနိုင်ပေလိမ့်မည်။

ရန်ကိုင်မှ သူ့အား ဟိုနေရာသည်နေရာ ဆရာလိုက်လုပ်နေပြီး စီးတော်သားရဲအဖြစ် သဘောထားသည့်အပေါ် ချုန်းချီမှာ သိပ်၍မကျေနပ်လှ‌ပေ။ သို့သော်ငြား ရန်ကိုင်သည်သာ နဂါးကျွန်းတွင် ပိတ်မိသွားပါက စိတ်ဝိဉာဉ်သားရဲကျွန်းမှလူများ သူ့အား နောက်တစ်ကြိမ် အမဲလိုက်ကြပေလိမ့်မည်။ သူ့အနာဂတ်ကိုတွေးရင်းမှ ချုန်းချီမှာ ရန်ကိုင်အား သတိပေးရတော့သည်။

ထိုအခါ ရန်ကိုင်က ပြုံး၍ ပြန်ပြောလိုက်သည်။ “သူတို့ ဘယ်လိုပဲ ပြောရဆိုရ ခက်တဲ့လူတွေဖြစ်ဖြစ် ဒီသခင်လေးကို ဘာမှလုပ်လို့မရဘူး… သူတို့သာ ကျုပ်ကို လာရန်စရင် သူတို့ကို သင်ခန်းစာပေးဖို့ ဝန်လေးနေမှာမဟုတ်ဘူး…”

ထိုစကားကိုကြားသော် ချုန်းချီ ရန်ကိုင်အား မျက်စောင်းထိုးမိလိုက်ပြီး ဤသခင်လေးဆိုသည့်လူမှာ အတော်လေးကိုမှ အကြွားသန်လွန်းလှသည်ဟုလည်း တွေးမိသွားသည်။ ရန်ကိုင်သည် အတော်လေးကို အားကောင်းလှသလို ချန်းဝူကဲ့သို့သော လူမျိုးနှင့်ပင် ယှဉ်ပြိုင်နိုင်လင့်ကစား နဂါးကျွန်းသည် နဂါးကလန်သားပေါင်းများစွာ စုဝေးနေကြသည့် နေရာဖြစ်သည်။ ချုန်းချီသည်ပင်လျှင် နဂါးကျွန်းဆီသို့ ရောက်သွားပါက ငြိမ်ငြိမ်လေးနေရပေလိမ့်မည်။ ထိုသို့သာမဟုတ်ပါက နဂါးများ၏ပညာပေးခြင်း ခံရသွားနိုင်သည်။

ကျုရန်နှင့် ဖုကျွင်းသည်သာ အစွမ်းကုန်ထုတ်သုံး၍ တိုက်ခိုက်မည်ဆိုလျှင် မဟာဧကရာဇ်တစ်ပါးသည်ပင်လျှင် ရင်ဆိုင်ရ ခက်သွားရနိုင်ပေသည်။ ထိုအကြောင်းကြောင့် ချုန်းချီအနေဖြင့် ထိုနဂါးများ၏ပြိုင်ဘက် ဖြစ်နိုင်စရာအကြောင်း မရှိပေ။ ချုန်းချီအတွက်မူ ရန်ကိုင်မှ ထိုကဲ့သို့သော အားကောင်းလှသည့် ပညာရှင်များကို သင်ခန်းစာပေးမည်ဟု ပြောလာသည်မှာ ရယ်စရာကောင်းလှသည်။ ချုန်းချီအသက်ရှင်လာသည်မှာ နှစ်ပေါင်းများစွာကြာနေလေပြီ။ သို့သော်ငြား ယခုမှသာလျှင် ဤကဲ့သို့သော အရှက်မရှိကြွားလုံးကို ပထမဦးဆုံးအကြိမ် ကြားဖူးခြင်း ဖြစ်သည်။

ရန်ကိုင်မှာမူ ချုန်းချီဘာတွေးနေသလဲဆိုသည်ကို သတိထားမိသွားသည့်အလား ခေါင်းမော့၍ မေးလိုက်လေ၏။ “ဘာဖြစ်လို့လဲ… ခင်ဗျား ကျုပ်ကို မယုံလို့လား…”

ချုန်းချီက ပြန်ပြောလိုက်သည်။ “ဘယ်ဟုတ်ပါ့မလဲ… ယုံတာပေါ့ သခင်လေးရယ်… သခင်လေးရဲ့စွမ်းရည်နဲ့ဆိုရင် အဲ့ပုတ်သင်တွေ သခင်လေးကို ဘယ်လိုလုပ်ပြီး ယှဉ်နိုင်မှာလဲ…”

“ကြည့်ရတာ ခင်ဗျား ကျုပ်ကို တကယ်မယုံဘူးပဲ…” ရန်ကိုင်က နှာခေါင်းရှုံ့၍ ပြန်ပြောလိုက်သည်။ “ကျုပ် အဲ့ကောင်တွေကို ကိုယ့်နေရာကိုယ် သိသွားအောင် လုပ်ပေးနိုင်တယ်ဆိုရင် ခင်ဗျား ဘာလုပ်ပေးမှာလဲ…”

ချုန်းချီသည် ရန်ကိုင်အား မျက်လုံးအပြူးသားဖြင့်ကြည့်ရင်းမှ “သခင်လေးသာ အဲ့လိုလုပ်နိုင်မယ်ဆိုရင် ဒီလူအိုကြီး သခင်လေးကို လိုလိုလားလားနဲ့ တကယ့်သခင်လေးအဖြစ် အသိအမှတ်ပြုပေးမယ်… သခင်လေး ဘာပဲအမိန့်ပေးပေး ဒီလူအိုကြီး ကျိန်းသေ နာခံပေးမယ်…”

“အို…” ရန်ကိုင်က ထူးထူးဆန်းဆန်းအမူအယာဖြင့် “ဒါဆို ခင်ဗျား ကျုပ်ကို သခင်လေးလို့ခေါ်နေတုန်းက တကယ်ခေါ်ချင်စိတ်ရှိလို့ ခေါ်နေတာတော့ မဟုတ်ဘူးပေါ့…”

ချုန်းချီက ခေါင်းခါလျက် “အဲ့လိုအခြေအနေမျိုးမှာ ဒီလူအိုကြီးမှာ ရွေးစရာမှမရှိတော့တာ… သခင်လေးလည်း စဉ်းစားတတ်တာပဲ… ဒီတော့ မသိချင်ယောင်ဆောင်နေစရာမလိုပါဘူး…”

“ခင်ဗျား အခုလိုမျိုး အမှန်အတိုင်းပြောလာတာ ကောင်းတယ်… မဟုတ်လို့ရှိရင် ခင်ဗျားမှာ အခြားဘာရည်ရွယ်ချက်တွေရှိနေလဲဆိုပြီး ကျုပ် သံသယဝင်နေရဦးမှာ…”

“ဟဲ ဟဲ… ကျေးဇူးပြုပြီး ကျုပ်ကို အပြစ်မတင်ပါနဲ့ သခင်လေးရယ်… ကျုပ်မှာလည်း အခြားရွေးချယ်စရာ မရှိတော့ဘူးလေ… ဒါပေမယ့် သခင်လေးသာ နဂါးကလန်သားတွေကို ကိုယ့်နေရာကိုယ်သိသွားအောင် လုပ်နိုင်မယ်ဆိုရင် သခင်လေးက ဒီလူအိုကြီးရဲ့ဆရာဖြစ်ဖို့ အရည်အသွေးရှိသွားပြီ… အဲ့ဒါဆိုရင် ဒီလူအိုကြီးအဖို့ သခင်လေးနောက်ကိုလိုက်တာက ဘာမှရှက်စရာမလိုတော့ဘူး…”

ချုန်းချီက တစ်ချက်ရပ်၍ “ဘယ်လိုပဲဖြစ်ဖြစ် သခင်လေး အဲ့လိုမလုပ်နိုင်ဘူးဆိုရင်တော့ ဒီလူအိုကြီး တောင်းဆိုစရာတစ်ခုရှိတယ်…”

ချုန်းချီက ပြုံး၍ “ကျေးဇူးပြုပြီး ဒီလူအိုကြီးကို စီးတော်သားရဲအဖြစ် မဆက်ဆံပါတော့နဲ့လား… အရင်တုန်းက ဒီလူအိုကြီး အချိန်မြစ်မဟာဧကရာဇ်ရဲ့ စီးတော်သားရဲဖြစ်ခဲ့တာ မှန်တယ်… ဒါပေမယ့် အခုလောလောဆယ်က ဒီလူအိုကြီးက တော်တော်လေးအသက်ကြီးနေပြီ… ဒီတော့ ကိုယ့်ဂုဏ်သိက္ခာကို ကိုယ်ထိန်းဖို့ လိုသေးတယ်လေ…”

“ကောင်းပြီလေ…” ရန်ကိုင်ခေါင်းညိတ်လိုက်၏။

ထိုစကားကိုကြားသော် ချုန်းချီ ကြိတ်၍ ဝမ်းသာသွားတော့လေသည်။ (မင်း ဒီတစ်ကြိမ် တကယ်ကြီးရှုံးမှာ…)

သူ့စိတ်ထဲ ရန်ကိုင်နောက်သို့ လိုက်ရသည့်အပေါ် ကိစ္စမရှိပါသော်ငြား စီးတော်သားရဲအဖြစ် ဆက်ဆံခံရသည်ကိုတော့ သိပ်မကြိုက်လှပေ။

အချိန်မြစ်မဟာဧကရာဇ်နှင့် ရန်ကိုင်တို့မှာ မတူကြချေ။ ရန်ကိုင်သည် အချိန်ကုန်လွန်ခြင်းစည်းတံဆိပ်ကို ကျင့်ကြံထားပြီး အချိန်နိယာမအား အနည်းငယ် သိထားသည့်အတွက်ကြောင့် သူသည် အချိန်မြစ်မဟာဧကရာဇ်၏ ဆက်ခံသူတစ်ဦး ဖြစ်သည်ဟု ပြော၍ရပါသော်ငြား လက်ရှိရန်ကိုင်သည် တကယ့်မဟာဧကရာဇ်တစ်ပါးနှင့် မည်ကဲ့သို့များ ယှဉ်ပြိုင်နိုင်ပါဦးမည်နည်း။

“သခင်လေး… နဂါးကျွန်းက ဒီမှာပဲ… သခင်လေးတို့နှစ်ယောက်စလုံး ကျုပ်ကို ခပ်တင်းတင်းကိုင်ထားနော်…” ထိုသို့ပြောပြီးသည့်နောက်တွင် ချုန်းချီသည် မာန်သွင်းဟိန်းဟောက်၍ ပင်လယ်ထဲသို့ ထိုးဆင်းသွားလေ၏။

ချုန်းချီမှ ပင်လယ်ရေနှင့် မထိရသေးခင်မှာပင် ပင်လယ်ရေသည် ဝဲကတော့တစ်ခုပမာ လည်ပတ်လာခဲ့ပြီး စက်ဝိုင်းပုံစံ လမ်းကြောင်းကြီးတစ်ခု ပေါ်လာခဲ့လေ၏။

ချုန်းချီမှာ ထိုလမ်းကြောင်းအတိုင်း ဆင်းသွားလိုက်ရာ မကြာမီ ပင်လယ်နက်ထဲသို့ ရောက်ရှိလာခဲ့လေ၏။ ထိုသို့သွားနေစဉ်အတောအတွင်း သူတို့၏အင်္ကျီများမှာ ရေတစ်စက်မျှပင် စိုသွားခြင်းမရှိကြောင်းကို ရန်ကိုင်တို့တွေ့ရှိလိုက်ရသည်။ ရန်ကိုင်နှင့် မိုရှောင်ချီတို့မှာ ထိုကိစ္စနှင့်ပတ်သက်၍ အံ့ဩမိနေကြစဉ် ဧရာမဟင်းလင်းပြင်လိုဏ်ခေါင်းကြီးတစ်ခု ပင်လယ်အောက်ခြေ၌ ပေါ်လာခဲ့လေ၏။

ယခင်တစ်ကြိမ်အတွေ့အကြုံကြောင့် ထိုဟင်းလင်းပြင်လိုဏ်ခေါင်းသည် နဂါးကျွန်းရှိရာ သီးခြားကမ္ဘာဆီသို့ ဦးတည်နေသော ဟင်းလင်းပြင်လိုဏ်ခေါင်းမှန်း ရန်ကိုင်သိနေခဲ့သည်။ ယခင်က ရန်ကိုင်သည်သာ နဂါးကျွန်းတံဆိပ်ပြားကိုသုံး၍ မရှာဖွေခဲ့လျှင် ပင်လယ်အောက်ခြေ၌ နဂါးကျွန်းဆီသို့ ဦးတည်နေသော ယခုကဲ့သို့ဝင်ပေါက်တစ်ခု ရှိနေလိမ့်မည်ဟု ထင်မိလိမ့်မည်မဟုတ်ပေ။

ချုန်းချီမှာလည်း နဂါးကျွန်းသို့ ယခုမှသာ ပထမဦးဆုံးအကြိမ်အဖြစ် ရောက်ဖူးသည့်ပုံမပေါ်။ ဟင်းလင်းပြင်လိုဏ်ခေါင်းကို မြင်သည်နှင့်တစ်ပြိုင်နက် ချက်ချင်း ထိုထဲသို့ ပြေးဝင်သွားလေ၏။ ချက်ချင်းဆိုသလို ပင်လယ်ရေတို့ ပျောက်ကွယ်သွားခဲ့ပြီး အဆုံးမဲ့အမှောင်ထုက အစားထိုးဝင်ရောက်လာခဲ့၏။

ဤနေရာတွင် ဟင်းလင်းပြင်နှင့်အချိန်သည်ပင်လျှင် အေးခဲနေသည့်ပုံပင်။

“ဟင်…” ဟင်းလင်းပြင်လိုဏ်ခေါင်းထဲသို့ ဝင်လိုက်သည်နှင့်တစ်ပြိုင်နက် ခံစားမိလိုက်သည့် သတ်ဖြတ်လိုစိတ်ကြောင့် ချုန်းချီ အံ့အားသင့်မိသွားခဲ့သည်။ သူ ယခင်တစ်ကြိမ် ဤနေရာသို့လာစဉ်က ယခုကဲ့သို့မဟုတ်ပေ။ ထို့အပြင် သေသေချာချာစစ်ဆေးကြည့်လိုက်ပြီးသည့်နောက် ထွက်ပေါက်အား မည်သည့်နေရာတွင်မှ မတွေ့ရတော့ကြောင်း တွေ့ရှိသွားလေ၏။

ထိုအခိုက်အတန့်ဝယ် ချုန်းချီ ရုတ်တရက် စိတ်ပူလာတော့သည်။ သူတို့သည်သာ ဤဟင်းလင်းပြင်ထဲ လမ်းပျောက်သွားလျှင် ပြဿနာတက်ရပေလိမ့်မည်။

All Chapters