အခန်း ၂၉၆
Vol. 22 Ch. 296
အပိုင်း(၂၉၆)
‘မဖြစ်နိုင်ပါဘူးလေ… လုံးဝ မဖြစ်နိုင်ဘူး… ဒဏ္ဍာရီလာ ပုဂ္ဂိုလ်ကြီးက ထင်ရာစိုင်းတတ်ပြီး ရက်စက်ကြမ်းကြုတ်တယ်တဲ့… ကောင်းကင်ဘုံက နတ်စစ်သည် တစ်သိန်းတောင် သူ့ကို မနှိမ်နင်းနိုင်ခဲ့ဘူး… တကယ်လို့ သူသာ အဲဒီပုဂ္ဂိုလ်ကြီး ဖြစ်နေမယ်ဆိုရင် သူ့ကို ဆဲဆိုခဲ့မိတဲ့ ငါ့အနေနဲ့ အသက်ရှင်နိုင်ဖို့ အခွင့်အရေး ရှိပါဦးတော့မလား… သေချာတာပေါ့… ငါ စိတ်ထင်ပြီး အရမ်းတွေ လျှောက်တွေးနေမိတာပဲ ဖြစ်ရမယ်…’
နတ်မိမယ် တစ်ယောက် ချွေးစေးများ စတင်ထွက်လာကာ အတွေးများထဲ၌ စတင် လွန်ဆွဲနေတော့သည်။ သူမ၏ အသိစိတ် တစ်ဖက်က ထိုအရာမှာ ကောင်းကင်နှင့် တန်းတူ မဟာ ပညာရှိကြီး စွန်းဝူခုန်း ဖြစ်ကြောင်း အခိုင်အမာ ဆိုနေသော်လည်း အခြား ဆန္ဒ တစ်ခုက မဖြစ်နိုင် ဆိုသည့် ကောက်ရိုးလေး တစ်ပင်ကို မြဲမြဲ စွဲကိုင်ထားမိဆဲ ဖြစ်သည်။
သူမ ထိုကဲ့သို့ ဂယောင်ချောက်ချား ဖြစ်နေစဉ်မှာပင် ဇီရှားသည် မထွက်ခွာသေးသော နတ်စစ်သည်များထံသို့ ရှေ့တိုးသွားကာ မေးလိုက်သည်။
"ဒါနဲ့ နတ်စစ်သည် အစ်ကိုကြီးတို့... ရှင်တို့ အကုန်လုံးက အဲဒီမျောက်ကို မဟာပညာရှိကြီးလို့ ခေါ်ကြတယ်နော်... သူက ဘယ်သူများလဲဟင်..."
"မင်းက မဟာပညာရှိကြီးရဲ့ သူငယ်ချင်း ဖြစ်ပြီးတော့ သူ ဘယ်သူလဲဆိုတာ မသိဘူးလား..."
နတ်စစ်သည်များက ဇီရှားအား သူတို့၏ မကျေနပ်မှုကို မပြရဲကြသော်လည်း သူမ၏ အမေးစကားကြောင့် သူတို့အချင်းချင်း တွေဝေစွာဖြင့် အပြန်အလှန် ကြည့်လိုက်ကြ၏။
"အရင်က သူ့ကို ကျွန်မ မေးဖူးတယ်လေ... အဲဒီတော့ သူက ပြောတယ်... သူက ကျွန်မလိုပဲ လုပ်ဖော်ကိုင်ဖက် တစ်ယောက်ပါတဲ့... ကျွန်မက နွယ်ချိုဥယျာဉ်ထဲက ပန်းတွေကို ပြုစုစောင့်ရှောက်ရပြီး သူက မယ်တော်ကြီးရဲ့ မက်မွန်ဥယျာဉ်ကို စောင့်ရှောက်ခဲ့ရတာပါဆိုပြီး ပြောတယ်..."
ဇီရှားက ပြန်ဖြေလိုက်သည်။
ဘုတ်...
ဇီရှား စကားပြောပြီးသည်နှင့် သူမ၏ အနောက်ဘက်မှ အသံတစ်ခု ထွက်ပေါ်လာပြီး နတ်သမီးများ၏ လန့်ဖျပ်အော်ဟစ်သံများပါ ဆက်တိုက် ထွက်ပေါ်လာတော့သည်။
လှည့်ကြည့်လိုက်ကြသောအခါ သစ်ဖုနွယ်ချိုဥယျာဉ်ကို တာဝန်ယူရသည့် နတ်မိမယ်မှာ ရုတ်တရက် သတိလစ်မေ့မြောသွားသည်ကို မြင်လိုက်ကြရ၏။
"မင်းတို့လည်း ကြားဖူးကြမှာပါ... ကောင်းကင်နဲ့တန်းတူ မဟာပညာရှိကြီး စွန်းဝူခုန်းက တကယ်ပဲ မယ်တော်ကြီးရဲ့ မက်မွန်ဥယျာဉ်ကို အချိန်တစ်ခဏလောက် စီမံခန့်ခွဲပေးခဲ့ရဖူးတယ်လေ... အဲဒါက ကောင်းကင်ဘုံက လူတိုင်း သိထားကြတဲ့ ကိစ္စပဲ မဟုတ်လား..."
"အာ... သူက ကောင်းကင်နဲ့တန်းတူ မဟာပညာရှိကြီး စွန်းဝူခုန်းတဲ့လား…”
နွယ်ချိုဥယျာဉ်မှ နတ်မိမယ်များသည် ကောင်းကင်နှင့်တန်းတူ မဟာပညာရှိကြီးကို တစ်ခါမျှ မတွေ့ဖူးကြသော်လည်း သူနှင့်ပတ်သက်သော ဒဏ္ဍာရီများကိုတော့ ကြားဖူးထားကြလေသည်။
စွန်းဝူခုန်း ပြောခဲ့သည့်အတိုင်းပင် သူတို့၏ သစ်ဖုနွယ်ချိုဥယျာဉ်သည် အရှင်မိဖုရား၏ ပန်းမန်သစ်ပင်များကို ပြုစုပျိုးထောင်ရန် တာဝန်ယူရပြီး စွန်းဝူခုန်း စီမံခန့်ခွဲခဲ့သည်ကတော့ မက်မွန်ဥယျာဉ်ပင် ဖြစ်၏။ စွန်းဝူခုန်းသည် မက်မွန်ဥယျာဉ်ကို တာဝန်ယူရစဉ်က မက်မွန်သီးများအားလုံးကို ကုန်စင်လုနီးပါး စားပစ်ခဲ့သည့် ဖြစ်ရပ်ကို ဘုံသုံးပါးနှင့် လမ်းကြောင်းခြောက်သွယ်ရှိ လူတိုင်း သိရှိထားကြပေသည်။
ထိုဖြစ်ရပ် ဖြစ်ပွားခဲ့စဉ်က နွယ်ချိုဥယျာဉ်မှ နတ်သမီးများအားလုံး အံ့သြတုန်လှုပ်ခဲ့ကြရပြီး စွန်းဝူခုန်းသည် ဤမျှလောက် ထင်ရာစိုင်းလိမ့်မည်ဟု ဘယ်တုန်းကမှ မျှော်လင့်မထားခဲ့ကြပေ။
ထို့ပြင်... ၎င်းနောက်ပိုင်းတွင် ဆက်တိုက်ဖြစ်ပေါ်လာသော စွန်းဝူခုန်း၏ ဒဏ္ဍာရီများကိုလည်း သူတို့ ကြားသိထားကြပြီး ဖြစ်၏။
"ဒါဆို သူက ကောင်းကင်နဲ့တန်းတူ မဟာပညာရှိကြီး စွန်းဝူခုန်းပေါ့... ဒါကြောင့်ကိုး..."
မျောက် မည်သူမည်ဝါဖြစ်ကြောင်းကို နောက်ဆုံး၌ သိရှိသွားသော နတ်သမီး ဇီရှားသည် တီးတိုးရေရွတ်လိုက်ပြီး သူမ၏ စိတ်ထဲတွင်လည်း ရုတ်တရက် ဉာဏ်အလင်းပွင့်သွားသကဲ့သို့ ခံစားလိုက်ရသည်။
မိစ္ဆာနယ်မြေ၌ စွန်းဝူခုန်း ပြသခဲ့သော စွမ်းအားများသည် အလွန်တရာ ကြောက်မက်ဖွယ်ကောင်းလှပြီး မီးလျှံမိစ္ဆာမျိုးနွယ်စု တစ်ခုလုံးကို တစ်ယောက်တည်းနှင့်ပင် အနိုင်ယူလုနီးပါး ဖြစ်ခဲ့ကာ သူတို့ထံမှ ငရုတ်သီးများကို အတင်းအဓမ္မ လုယူနိုင်ခဲ့သည်မှာ အံ့သြစရာတော့ မဟုတ်တော့ပေ။
ကောင်းကင်ဘုံ တစ်ခွင်လုံး၌ သူ လျှောက်သွားသည့်အခါတိုင်း နတ်စစ်သူကြီးများနှင့် အဆင့်မြင့် နတ်မင်းများစွာက သူ့အား အရင်စတင်၍ နှုတ်ဆက်ကြသည်အထိ စွန်းဝူခုန်း၏ ဂုဏ်သတင်း ကြီးမားနေသည်မှာလည်း အံ့သြစရာ မရှိတော့ချေ။
သေချာပေါက် ပို၍အရေးကြီးသည်မှာ မိုးရောမြေကိုပါ မကြောက်မရွံ့တတ်သည့် စွန်းဝူခုန်း၏ ရဲရင့်သော စရိုက်လက္ခဏာပင် ဖြစ်၏။
မိစ္ဆာနယ်မြေသို့ ရောက်ရှိစဉ်က သူသာ တိတ်တဆိတ် ခိုးဝင်ရန် ရွေးချယ်ခဲ့ပါက ပြဿနာများစွာကို ရှောင်လွှဲနိုင်ခဲ့မည် ဖြစ်သော်လည်း ထိုမျောက်သည် အခြားသူများအမြင်တွင် မောက်မာသည်ဟု ထင်ရလောက်အောင် ယုံကြည်မှုများ ပြည့်လျှံနေကာ ခမ်းနားကြီးကျယ်စွာ ဝင်ရောက်ရန်သာ တင်းခံနေခဲ့သည် မဟုတ်ပါလော။
စွန်းဝူခုန်း မည်သူမည်ဝါဖြစ်ကြောင်း သိလိုက်ရပြီးနောက် ဇီရှားသည် အံ့သြသွားသည့်အပြင် သူမ၏ ရင်ထဲ၌ သူ့ကို ပို၍ပင် သဘောကျလေးစားမိသွားတော့သည်။
မူလက စွန်းဝူခုန်းသည် အရှင်မိဖုရား၏ မက်မွန်ဥယျာဉ်ကို စီမံခန့်ခွဲရန်သာ တာဝန်ရှိသော်လည်း ထိုမျောက်သည် သူ၏ ကိုယ်ပိုင် လွတ်လပ်ခွင့်အတွက် ကောင်းကင်ဘုံ တစ်ခုလုံးကိုပင် စိန်ခေါ်ရဲခဲ့ပေသည်။
ဇီရှား သူမကိုယ်သူမ ပြန်လည်တွေးတောလိုက်မိ၏။ ဤနေရာသို့ စတင် ရောက်ခါစက မျှော်လင့်ချက်များစွာနှင့် ပြည့်နှက်နေခဲ့သော်လည်း အမှန်စင်စစ်... ပန်းကျွန်တစ်ယောက် ဖြစ်လာပြီး အဆင့်အတန်း မြင့်မားလာမည့် အလားအလာ လုံးဝမရှိဘဲ ပန်းမန်သစ်ပင်များနှင့်အတူ အချိန်ကုန်ဆုံးရလိမ့်မည်ဟု ဘယ်တုန်းကမျှ မတွေးထားခဲ့မိချေ။
ယင်းက သူမ လိုချင်သော ဘဝမျိုး မဟုတ်ပေ။ သူမသည် အပြောင်းအလဲတစ်ခုကို လိုလားတောင့်တနေခဲ့သော်လည်း မည်သည့်နေရာမှ စတင်ရမည်ကို မသိသလို ထိုသို့ပြုလုပ်ရန် သတ္တိနှင့် စွမ်းရည်လည်း မရှိခဲ့ပေ။
"ဇီရှား... နင်... နင်က တကယ်ပဲ ကောင်းကင်နဲ့တန်းတူ မဟာပညာရှိကြီးရဲ့ သူငယ်ချင်း ဖြစ်နေတာလား... နင်ကတော့ တကယ်ကို ကံကောင်းတာပဲဟယ်..."
ကိုယ်ပိုင်အနာဂတ်အတွက် ဇီရှား မည်မျှပင် စိတ်အနှောင့်အယှက် ဖြစ်နေပါစေ ဘေးနားရှိ နတ်သမီးများကတော့ ဇီရှားအား ကိုယ်တိုင်ကိုယ်ကျ လိုက်ပို့ပေးခဲ့သူမှာ မဟာပညာရှိကြီးကိုယ်တိုင် ဖြစ်နေသည့်အပြင် သူမကို ကောင်းစွာ စောင့်ရှောက်ပေးရန် နတ်စစ်သည်များကိုပင် အထူးတလည် မှာကြားသွားခဲ့သည်ကို သဘောပေါက်သွားကြကာ သူမအား မနာလိုအားကျသည့် အကြည့်များဖြင့် ကြည့်နေကြတော့သည်။
"အင်း... တကယ်တော့လည်း အတော်လေး ကံကောင်းတာပါပဲ..."
အနီးနားရှိ နတ်သမီးများ၏ မှတ်ချက်စကားများကို ခေါင်းညိတ်ပြရင်း ဇီရှားက ပြန်ပြောလိုက်၏။
ကိုယ့်ကိုယ်ကိုယ် ရိုးသားစွာ ပြန်မေးကြည့်ရလျှင် မိစ္ဆာတစ်ကောင်၏ ဖမ်းဆီးခြင်းကို ခံခဲ့ရပြီးနောက် သာမန်အားဖြင့်ဆိုလျှင် အသက်အန္တရာယ်နှင့် ကြုံတွေ့ရမည်မှာ သေချာနေခဲ့သည်။ သို့သော် ယခုတော့ ကောင်းကင်နှင့်တန်းတူ မဟာပညာရှိကြီးနှင့် ဆုံတွေ့ခဲ့ရကာ အသက်ဘေးမှ လွတ်မြောက်ခဲ့ရုံသာမက သူနှင့် သူငယ်ချင်းပင် ဖြစ်ခွင့်ရခဲ့လေရာ သူမ တကယ်ကို ကံကောင်းလွန်းလှပေသည်။
"ဟေ့... ဟေ့... ဟေ့... ဇီရှား... နင်နဲ့ မဟာပညာရှိကြီးက... သာမန်သူငယ်ချင်းတွေထက် ပိုရင်းနှီးနေတာများလား... ဒါမှမဟုတ်ရင် သူက ဘာလို့ နင့်ကို ကိုယ်တိုင်ကိုယ်ကျ ပြန်လိုက်ပို့ရတာလဲ... ငါ မှတ်မိသေးတယ်... လူ့ပြည်မှာ ငါ အသက်ရှင်နေတုန်းကဆို ငါ့ကို လိုက်ချင်တဲ့ ယောက်ျားတွေက ငါ အိမ်ပြန်ရင် ကိုယ်တိုင် လိုက်ပို့ပေးဖို့ ကြိုးစားတတ်ကြတယ်လေ..."
"ဇီရှား... မဟာပညာရှိကြီးက နင့်ကို သဘောကျနေတယ်လို့ ငါတော့ ထင်တယ်ဟေ့... သူက နင့်ကို ပြန်လိုက်ပို့ရုံတင် မကဘူး နောက်တစ်ခါ အတူတူ ထမင်းစားဖို့ပါ အထူးတလည် ပြောသွားသေးတာနော်... စိတ်ဝင်စားမှု မရှိဘူးဆိုရင် သူ အဲဒီလို ပြောပါ့မလား..."
"ဇီရှား... မဟာပညာရှိကြီးကို နင် ဘယ်လိုမြင်လဲဟင်... သူက ရုပ်က သိပ်မချောပေမယ့် သူ့ရဲ့ စွမ်းရည်တွေကိုတော့ ဘယ်သူမှ မယှဉ်နိုင်ဘူးလေ... နင့်အနေနဲ့ သူ့ကို မြဲမြဲသာ ဆုပ်ကိုင်ထားလိုက်စမ်းပါ... တကယ်လို့ နင်သာ မဟာပညာရှိကြီးနဲ့ အကြောင်းပါသွားပြီး ဖီးနစ်ငှက်တစ်ကောင်လို အမြင့်ကို ပျံတက်သွားခဲ့မယ်ဆိုရင် ဒီက ညီအစ်မတွေကိုတော့ မမေ့နဲ့ဦးနော်…”
ဇီရှား၏ ဘေးရှိ နတ်သမီးများသည် သူတို့၏ အတွေးများကို တစ်ယောက်တစ်ပေါက် ဝင်ရောက်ပြောဆိုနေကြပြီး အားလုံးက ဇီရှားနှင့် စွန်းဝူခုန်းတို့ ရင်းနှီးကျွမ်းဝင်မှုကို မနာလိုဖြစ်နေကြကာ သူ့ကို မြဲမြဲဆုပ်ကိုင်ထားရန် အသီးသီး အကြံပေးနေကြလေသည်။
အကယ်၍ ဤအခြေအနေသာ ခေတ်သစ်ကမ္ဘာတွင် ဖြစ်ခဲ့မည်ဆိုပါက ရုံးဝန်ထမ်းမလေး တစ်ယောက်သည် ကုမ္ပဏီကြီးတစ်ခုမှ အဆင့်မြင့် အရာရှိကြီးတစ်ဦးနှင့် ရင်းနှီးနေပြီး ထိုအရာရှိကြီးက ဝန်ထမ်းမလေးကို ပိုးပန်းရန်ပင် ရည်ရွယ်နေသည့်ပုံစံမျိုး ဖြစ်ပေလိမ့်မည်။ သူမ၏ လုပ်ဖော်ကိုင်ဖက်များက အလွန်အမင်း မနာလိုဖြစ်ကြမည်ဖြစ်ပြီး အခွင့်အရေးကို လက်လွတ်မခံရန် အဆက်မပြတ် သတိပေးကြမည်မှာ အသေအချာပင် ဖြစ်၏။
စင်ဒရဲလားနှင့် မင်းသားလေး တွေ့ဆုံသည့် ဇာတ်လမ်းမျိုးသည် မည်သည့်ကမ္ဘာတွင်ပင်ဖြစ်စေ မိန်းကလေးတိုင်းအတွက် အကြိုက်ဆုံးနှင့် စိတ်ကူးယဉ် အိပ်မက်တစ်ခု ဖြစ်ပေလိမ့်မည် မဟုတ်ပါလော။
"သူက ငါ့ကို တကယ်ပဲ သဘောကျနေတာလား... ပိုအရေးကြီးတာက ငါကရော သူ့ကို တကယ်သဘောကျနေတာလား..."
ဘေးနားရှိ နတ်သမီးများ၏ အမျိုးမျိုးသော မှတ်ချက်စကားများကို နားထောင်ရင်း ဇီရှားသည် ထိုမေးခွန်းကို ရင်ထဲ၌ တိတ်တဆိတ် တွေးတောနေမိလေသည်။
မိစ္ဆာနယ်မြေ၌ မီးလျှံမိစ္ဆာ တစ်စု၏ လိုက်လံဖမ်းဆီးခြင်းကို ခံရစဉ်က သူမ၏ လုံခြုံရေးကို သေချာစေရန်နှင့် သူမ လွတ်မြောက်နိုင်ရန်အတွက် စွန်းဝူခုန်းက သူ၏ ကိုယ်ပွားများအား တမင်တကာ ဖန်တီးပေးခဲ့ပုံများကို ပြန်လည်အမှတ်ရလာမိ၏။
ထိုအကြောင်းကို တွေးမိသောအခါ ဇီရှား၏ ရင်ထဲတွင် ချိုမြိန်ပြီး လုံခြုံနွေးထွေးသော ခံစားချက်တစ်ခု ဖြစ်ပေါ်လာခဲ့သည်။
နွယ်ချိုဥယျာဉ်မှ အခြေအနေများကို ဘေးဖယ်ထားလိုက်မည်ဆိုလျှင် အခြားတစ်ဖက်၌ နွယ်ချိုဥယျာဉ်မှ ထွက်ခွာလာပြီးနောက် စွန်းဝူခုန်းသည် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားကာ ကျန်းလျို ရှိရာသို့ အလျင်အမြန် ပြန်လာခဲ့လေသည်။
သို့ရာတွင် ကောင်းကင်ယံ၌ ပျံသန်းနေစဉ် ရုတ်တရက် သံမဏိကွင်း တစ်ကွင်း ထွက်ပေါ်လာပြီး သူ့ထံသို့ တည့်တည့်မတ်မတ် ဝင်ရောက်လာတော့၏။
ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ စွန်းဝူခုန်းသည် အနည်းငယ် တင်းမာသွားပြီး သူ၏ ရွှေတင်းပုတ်ကို ဆွဲထုတ်ကာ ရှေ့သို့ ရမ်းခါပစ်လိုက်သည်။
ချွင်ခနဲ အသံနှင့်အတူ လေထဲတွင် စွန်းဝူခုန်း၏ ကိုယ်ဟန် ရပ်တန့်သွားပြီး ဝင်ရောက်လာသော သံမဏိကွင်းမှာလည်း သူ၏ ရွှေတင်းပုတ်နှင့် ရိုက်ထုတ်ခံရကာ နောက်သို့ လွင့်စင်သွားလေသည်။
"ကဲ... ပုန်းနေစရာ မလိုတော့ဘူး... ထွက်ခဲ့စမ်း..."
ရွှေတင်းပုတ်ကို ကိုင်ဆောင်ကာ လေထဲတွင် ရပ်တန့်လျက် စွန်းဝူခုန်းက လှမ်းအော်လိုက်၏။
"ဟီးဟီးဟီး... ငါတို့ မတွေ့ရတာ ကြာပြီ ဆိုပေမယ့် မင်းရဲ့ တုံ့ပြန်မှုကတော့ မဆိုးသေးပါဘူးကွ..."
စွန်းဝူခုန်း၏ စကားဆုံးသည်နှင့် တစ်ပြိုင်နက် မီးတောက်တစ်ခုပေါ်တွင် တက်နင်းထားသော ပုံရိပ်တစ်ခု ထွက်ပေါ်လာတော့သည်။
စွန်းဝူခုန်းသည် အရပ်တစ်မီတာနှင့် လေးဆယ်ခန့်သာ ရှိပြီး ခြေတရွတ်တိုက် လမ်းလျှောက်တတ်သောကြောင့် အသက် ဆယ်နှစ်အရွယ် ကလေးတစ်ယောက်ထက်ပင် ပို၍ ပုတိုနေပုံပေါ်၏။
အလားတူပင် စွန်းဝူခုန်း၏ရှေ့၌ ထွက်ပေါ်လာသူမှာ ကျောက်စိမ်းကို ထုဆစ်ထားသကဲ့သို့ ရုပ်ရည်သွင်ပြင်ရှိသော ကလေးတစ်ဦးဖြစ်ပြီး အသက် ဆယ်နှစ်အရွယ်ခန့် ရှိမည်ဟု ထင်ရလေသည်။
ဤကလေးငယ်သည် ခေါင်းတွင် ဆံထုံးလေး နှစ်ဖက်ချည်နှောင်ထားပြီး အလွန်ချစ်စရာကောင်းလှ၏။ သူ၏ ပခုံးပေါ်တွင် ဟွန်ထျန်း ဖဲကြိုးနီကို ရစ်ပတ်ထားကာ ချီယန်ခွန်း လက်ကောက်ကို စောင်းလျက် လွယ်ထား၏။ ခြေထောက်အောက်တွင်တောာ့ လေမီးလျှံဘီးများကို စီးနင်းထားပြီး လက်ထဲတွင် မီးတောက်လှံကို ကိုင်ဆောင်ထားသည်။ ဤကဲ့သို့ မှော်ရတနာများ တပ်ဆင်ထားသူမှာ အခြားသူမဟုတ်ပါချေ။ နီကျားပင် ဖြစ်ပေသည်။
***