အခန်း ၂၉၇
Vol. 22 Ch. 297
အပိုင်း(၂၉၇)
"ရှုံးမဲမဲနေတဲ့ကောင်... ပန်းသစ်သီးတောင်မှာ ငါ စွန်းဝူခုန်းဆီ အရှုံးပေးခဲ့ရတဲ့ အချိန်တွေကို မင်း မေ့သွားပြီလား..."
နီကျား ထွက်ပေါ်လာသည်ကို ကြည့်ကာ စွန်းဝူခုန်းက ပြုံးလိုက်၏။ သူ၏ မျက်နှာအမူအရာမှာ လှောင်ပြောင်နေခြင်းလား ဝမ်းသာနေခြင်းလား ခွဲခြား၍မရနိုင်အောင် ရှိနေလေသည်။
"မင်း... အော့နှလုံးနာစရာကောင်..."
ကလေးငယ်၏ ကျောက်စိမ်းကဲ့သို့ မျက်နှာပေါ်တွင် ဒေါသအမျက်များ ထွက်ပေါ်လာသော်လည်း ကြောက်စရာကောင်းမနေဘဲ အတော်လေး ချစ်စရာကောင်းနေပြန်သည်။
နီကျားသည် တိုးတိုးလေး ကျိန်ဆဲလိုက်ပြီးနောက် လှုပ်ရှားလိုက်ကာ လက်ထဲမှ လှံဖြင့် ရှေ့သို့ ထိုးစိုက်ဝင်ရောက်လာတော့၏။
သူ၏ စွမ်းအားမြှင့် မန္တန်များနှင့် လျင်မြန်ဖြတ်လတ်သော လေမီးလျှံဘီးများအပြင် အထွတ်အထိပ် ယန်စွမ်းအင်ရှိသော ချီယန်ခွန်း လက်ကောက်နှင့် အထွတ်အထိပ် ယင်စွမ်းအင်ရှိသော ဟွန်ထျန်းဖဲကြိုးနီတို့ ပေါင်းစပ်လိုက်သောအခါ နီကျား၏ တိုက်ကွက်များမှာ အစွမ်းထက်ရုံမျှသာ မကတော့ချေ။
အဓိကအချက်မှာ ထိုမှော်ရတနာ တစ်ခုစီ၌ ၎င်းတို့၏ ကိုယ်ပိုင် နတ်စွမ်းအင်များ ရှိကြပြီး ပေါင်းစပ်လိုက်သောအခါ အဆက်မပြတ် ပြောင်းလဲနေကာ မြင်ရသူအဖို့ မျက်စိကျိန်းလောက်အောင် တောက်ပလွန်းနေခြင်းပင်။
"နှစ်တွေ ဒီလောက်ကြာတာတောင် ကြွားလုံးထုတ်ဖို့လောက်ပဲ သုံးစားရတဲ့ လှည့်ကွက်တွေက ရှိနေတုန်းပဲလား..."
စွန်းဝူခုန်းက ခေါင်းအနည်းငယ် ခါယမ်းလိုက်ပြီး နီကျား၏ တိုက်ခိုက်ရေးဟန်နှင့် ပတ်သက်၍ မှတ်ချက်ချလိုက်၏။
စကားပြောနေစဉ်မှာပင် ရွှေတင်းပုတ်က တိုက်ခိုက်မှုကို ထိပ်တိုက် ရင်ဆိုင်လိုက်လေသည်။
စွန်းဝူခုန်းသည် “မှော်ရတနာများစွာ ရှိနေရန် မလိုအပ်ပေ… ရွှေတင်းပုတ် တစ်ချောင်းတည်းဖြင့် အရာအားလုံးကို ပြောင်းလဲပစ်မည်…” ဟူသည့် စည်းမျဉ်းတစ်ခုတည်းကိုသာ မြဲမြဲစွဲကိုင်ထားသည်။
အတိတ်ကလည်း ရင်ဆိုင်ခဲ့ဖူးသည်ဖြစ်ရာ နီကျားနှင့် စွန်းဝူခုန်းတို့၏ တိုက်ပွဲမှာ ပြင်းထန်လှပြီး မည်သူကမျှ နောက်ဆုတ်မည့်ပုံ မပေါ်ချေ။ တိုက်ကွက်ဖလှယ်မှုများသည် အတော်လေး ကြည့်ကောင်းလှပေသည်။
တိုက်ပွဲသည် အချီပေါင်း ရာနှင့်ချီ၍ ကြာမြင့်ခဲ့ပြီး ပြိုင်ဘက်နှစ်ဦးသည် ကောင်းကင်မှနေ၍ မြေကြီးအထိ တိုက်ခိုက်ခဲ့ကြကာ မကြာမီပင် မျက်စိအောက်မှ ပျောက်ကွယ်သွားကြလေသည်။
...
သစ်တောအုပ်တစ်ခုထဲတွင်...
စွန်းဝူခုန်းသည် မြက်ခင်းပြင်ပေါ်၌ တိတ်ဆိတ်စွာ လှဲလျောင်းနေပြီး သူ၏ ရွှေတင်းပုတ်ကို ခေါင်းအုံးကာ ခြေထောက်တစ်ဖက်ကို ကျော့ရှင်းစွာ ချိတ်ထားလျက် မြက်ပင်တစ်ပင်ကို ပျင်းရိပျင်းတွဲ ဝါးနေလေ၏။
အလားတူပင် နီကျားသည် ဟွန်ထျန်းဖဲကြိုးကို သစ်ပင်နှစ်ပင်ကြားတွင် ချည်နှောင်ထားပြီး သူက ယင်းဖဲကြိုးပေါ်တွင် ပုခက်တစ်ခုသဖွယ် လှဲလျောင်းနေကာ အားလပ်အနားယူခြင်း၏ ပြယုဂ်တစ်ခုအဖြစ် ရှိနေပေသည်။
သူတို့နှစ်ဦးသည် အစောပိုင်းက ပြသခဲ့သော ပြင်းထန်ကြမ်းကြုတ်မှုများနှင့် လုံးဝကို တူညီမနေတော့ချေ။
"ဟေ့ မျောက်... ဒြပ်စင်ငါးပါးတောင်အောက်မှာ နှစ်ငါးရာတောင် အဖိခံထားရတာတောင် မင်းရဲ့ စွမ်းရည်တွေက ကျမသွားဘူးပဲ... တော်တော်လေး အထင်ကြီးစရာကောင်းတယ်..."
ဟွန်ထျန်းဖဲကြိုးပေါ်တွင် လှဲလျောင်းနေသော နီကျားက သူ၏ ကျောက်စိမ်းကဲ့သို့ ဖြူဖွေးသော ခြေထောက်လေးများကို လွှဲယမ်းရင်း ပြောလိုက်၏။
"ဟီးဟီးဟီး... မင်းလို ကလေးပေါက်စလေးက ငါ့ရဲ့ အစစ်အမှန် စွမ်းအားကို ဘယ်လိုလုပ်ပြီး စမ်းသပ်နိုင်မှာလဲ... အရင်တုန်းကလည်း ငါ့ကို ရှုံးခဲ့တာပဲ... အခုလည်း အတူတူပဲပေါ့ကွ..."
နီကျား၏ စကားများကို စွန်းဝူခုန်းက လုံးဝ ကျေနပ်နေပုံရကာ အာသွက်လျှာသွက်ဖြင့် ပြန်လည်တုံ့ပြန်လိုက်လေသည်။
ဤစကားကြောင့် နီကျား၏ မျက်နှာမှာ ညိုမည်းသွားပြီး…
"အဲဒီတုန်းက ငါ မင်းကို ရှုံးခဲ့တာ မှန်ပါတယ်... တိုက်ကွက် သုံးဆယ်၊ ငါးဆယ်လောက်ပဲ ခံနိုင်ခဲ့ပေမယ့် အခုတော့ ငါ မင်းကို တိုက်ကွက် ရာချီပြီးတော့တောင် ခံနိုင်ရည်ရှိနေပြီလေ... ကြည့်ရတာ အဲဒီအချိန်ကတည်းက မင်းရဲ့ စွမ်းအားတွေ ကျဆင်းသွားခဲ့တာ သေချာတယ်..."
"ဘာမှနားမလည်တဲ့ ကလေး... ခုနက ငါ စွန်းဝူခုန်းသာ လက်မလျှော့ပေးခဲ့ဘူးဆိုရင် မင်းက ငါ့ကို ဘယ်လိုလုပ် တိုက်ကွက် ရာချီပြီး ခံနိုင်မှာလဲ... ငါ့ရဲ့ ကောင်းကင်နဲ့မြေကြီး ဥပဒေသ နတ်စွမ်းအင်တွေကိုတောင် မသုံးရသေးဘူးကွ..."
နီကျား၏ စကားများကို စွန်းဝူခုန်းက သဘောမကျဘဲ မကျေမနပ်ဖြင့် ပြန်လည်ချေပလိုက်သည်။
"အေးပါ... ဒီမင်းသားကလည်း ခေါင်းသုံးလုံး လက်ခြောက်ဖက် နတ်စွမ်းအင်ကို မသုံးခဲ့ဘူးလေ... ဒါဆိုရင် ငါတို့ နှစ်ယောက်လုံး အလျှော့ပေးခဲ့ကြတာပေါ့... ဟုတ်တယ်မလား... အဲ့တာဆို ကြေသွားပြီလေ... ဆိုတော့ နှစ်ငါးရာမတိုင်ခင်ကထက်စာရင် မင်းရဲ့စွမ်းအားတွေ တကယ်ကို နည်းနည်း အားနည်းသွားခဲ့တာပဲ..."
နီကျားကလည်း အလျှော့ပေးမည့်သူ မဟုတ်ရာ စွန်းဝူခုန်းကို စူးစိုက်ကြည့်ရင်း ပြောလိုက်၏။
"သတ္တိရှိရင် ထပ်ချကြသေးတာပေါ့... ငါ့ကို တိုက်ကွက်ဘယ်လောက်တောင် ခံနိုင်မလဲဆိုတာ ကြည့်ရသေးတာပေါ့..."
စွန်းဝူခုန်းသည် ထိုင်လိုက်ပြီး နီကျားကို စူးစူးဝါးဝါး စိုက်ကြည့်လိုက်လေသည်။
"လာလေ... မင်းကို ကြောက်နေမယ် ထင်လို့လား..."
နီကျားသည်လည်း ဟွန်ထျန်းဖဲကြိုးပေါ်မှ ထိုင်လိုက်ပြီး စွန်းဝူခုန်းကို ပြန်လည်စိုက်ကြည့်လိုက်သည်။
သူတို့နှစ်ဦးသည် မျက်လုံးချင်းဆုံကာ စိတ်အားပြိုင်နေကြသော နွားသိုးနှစ်ကောင်ကဲ့သို့ တစ်ယောက်ကိုတစ်ယောက် စိုက်ကြည့်နေကြ၏။
သို့သော်လည်း ခေတ္တမျှ အကဲစမ်းပြီးနောက် အသံတိတ် နားလည်မှုတစ်ခုကို ပြသသည့်အနေဖြင့် စွန်းဝူခုန်းနှင့် နီကျားတို့ နှစ်ဦးစလုံးသည် ရုတ်တရက် အော်ဟစ်ရယ်မောလိုက်ကြပြီး ပြန်လည်လှဲလျောင်းလိုက်ကြလေသည်။
"မျောက်... ဘာပဲဖြစ်ဖြစ် ဂုဏ်ပြုရမှာပါပဲ... မင်း ဒြပ်စင်ငါးပါးတောင်အောက်မှာ နှစ်ငါးရာတောင် သည်းခံဖြတ်သန်းခဲ့ရပြီး အခုတော့ မင်းရဲ့ ကပ်ဘေးက နောက်ဆုံးတော့ ပြီးဆုံးသွားခဲ့ပြီလေ..."
ဟွန်ထျန်း ဖဲကြိုးပေါ်တွင် ပြန်လှဲလျောင်းရင်း နီကျားက တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်၏။
"အင်း...ကျေးဇူးအများကြီးတင်ပါတယ်ကွာ..."
နီကျား၏ ဂုဏ်ပြုစကားကို ကြားသောအခါ စွန်းဝူခုန်းက အသိအမှတ်ပြုသည့်အနေဖြင့် ခေါင်းအနည်းငယ် ညိတ်ပြလိုက်သည်။
"ဒါနဲ့ နောက်ဆက်လုပ်ဖို့ကကော... မင်း ဘာလုပ်ဖို့ အစီအစဉ်ရှိလဲ..."
နီကျားက မေးလိုက်၏။
"မင်းက အနောက်ဘက် ကောင်းကင်ဘုံ ခရီးစဉ်မှာ ထန်ဆရာတော်ကို ကာကွယ်ပေးမယ်လို့ ရိုးရိုးသားသား ကတိပေးထားတာလား... ပြီးတော့ ရဟန်းဘောင်ဝင်ပြီး ဗုဒ္ဓဂိုဏ်းကို ဝင်တော့မလို့လား... ဘယ်လိုပဲဖြစ်ဖြစ် အဲဒါက မင်းရဲ့ စရိုက်နဲ့ ကိုက်ညီမယ်လို့တော့ ငါ မထင်ပါဘူးကွာ..."
နီကျား၏ မေးခွန်းကို ရင်ဆိုင်ရသောအခါ စွန်းဝူခုန်းသည် တိတ်ဆိတ်နေပြီး မည်သည့် တုံ့ပြန်မှုကိုမျှ မပေးခဲ့ချေ။
စွန်းဝူခုန်းနှင့် နီကျားတို့၏ ခင်မင်ရင်းနှီးမှုမှာ အမှန်တကယ်ပင် နက်ရှိုင်းလှပေသည်။ ၎င်းကို သူတို့ တစ်ယောက်နှင့်တစ်ယောက် စကားပြောဆိုဆက်ဆံပုံကို ကြည့်ခြင်းအားဖြင့် သိနိုင်ပေ၏။ သူတို့၏ ခင်မင်မှုသာ အတိုင်းအတာတစ်ခုအထိ မရောက်ရှိခဲ့လျှင် ဤကဲ့သို့ အပြန်အလှန် နောက်ပြောင်ကျီစယ်နေကြပါမည်လော။
အဘယ်ကြောင့် အနောက်ဘက် ကောင်းကင်ဘုံ ခရီးစဉ်သို့ သွားနေရသနည်းဟူသည့် ကိစ္စနှင့် ပတ်သက်၍ သူနှင့်သာ သက်ဆိုင်သော ကိစ္စဆိုလျှင် စွန်းဝူခုန်းသည် နီကျားကို တိုက်ရိုက်ပြောပြမည်မှာ သေချာပေသည်။
စွန်းဝူခုန်း၏ အမြင်တွင် သူနှင့် နီကျားသည် တစ်ယောက်ကိုတစ်ယောက် ရင်ဖွင့်တိုင်ပင်နိုင်သည့် သူငယ်ချင်းအမျိုးအစား ဖြစ်ပေသည်။
သို့သော်လည်း ဤကိစ္စသည် သူတစ်ယောက်တည်းနှင့် သက်ဆိုင်နေခြင်း မဟုတ်ဘဲ သူ၏ ဆရာတော်နှင့် ကျူးပါကျဲတို့၏ အသက်အန္တရာယ်နှင့်ပါ ပတ်သက်နေပေ၏။ အကယ်၍ ဤကိစ္စသာ အချိန်မတိုင်မီ ပေါက်ကြားသွားခဲ့ပါက သူ၏ အသက်အန္တရာယ်သာမက ဆရာတော်နှင့် ညီတော်တို့၏ အသက်အန္တရာယ်ပါ ခြိမ်းခြောက်ခံရမည် ဖြစ်သည်။
ခင်မင်ရင်းနှီးမှုအတွက် ဆရာတော်နှင့် ညီတော်၏ အသက်ကို လောင်းကြေးထပ်ရမည်လော။ စွန်းဝူခုန်းသည် ထိုသို့သော လုပ်ရပ်မျိုးကို မလုပ်နိုင်ချေ။
တိုက်ရိုက်ကြီး မပြောပြနိုင်သလို စွန်းဝူခုန်းသည် နီကျားကိုလည်း မလိမ်ညာချင်သောကြောင့် ဤမေးခွန်းကို တိတ်ဆိတ်ခြင်းဖြင့်သာ တုံ့ပြန်နိုင်ခဲ့တော့သည်။
နီကျားသည် ကလေးငယ်တစ်ဦးနှင့် တူသော်လည်း သူသည် နှစ်ပေါင်း နှစ်ထောင်နီးပါး အသက်ရှင်နေထိုင်ခဲ့ပြီးဖြစ်ရာ စိတ်ပိုင်းဆိုင်ရာတွင် ရင့်ကျက်နေပြီ ဖြစ်ပေသည်။
စွန်းဝူခုန်း၏ တိတ်ဆိတ်နေမှုကို မြင်သောအခါ နီကျားက အတင်းအကြပ် ဆက်လက်မေးမြန်းနေခြင်း မပြုတော့ချေ။ ထို့အစား သူက အနောက်ဘက် ကောင်းကင်ဘုံ ခရီးစဉ်တွင် စိတ်ဝင်စားစရာကောင်းသည့် အရာများ ကြုံတွေ့ခဲ့ရသလား စသည်ဖြင့် အခြားအကြောင်းအရာတစ်ခုသို့ စကားလွှဲလိုက်လေသည်။
ရယ်မောဖွယ်ကောင်းသော အဖြစ်အပျက်များကို တွေးမိသောအခါ စွန်းဝူခုန်းသည် အသံထွက်အောင်ပင် ရယ်မောလိုက်မိပြီးနောက် သူတော်စင်လေးပါး ဓမ္မနှလုံးသားကို စမ်းသပ်သည့် ဇာတ်လမ်းကို နီကျားအား ပြန်လည်ပြောပြလေသည်။
အဘယ်ကြောင့်ဆိုသော် အနောက်ဘက် ကောင်းကင်ဘုံ ခရီးစဉ်တွင် အစိတ်ဝင်စားဆုံး ကိစ္စကို ပြောရမည်ဆိုလျှင် ကျူးပါကျဲက ကွမ်ယင် ဗောဓိသတ်အား နမ်းလိုက်သည့် ကိစ္စထက် ပို၍ ရယ်ရွှင်ဖွယ်ကောင်းသော အရာ ရှိပါဦးမည်လော။
"ဝိုး... ထျန်းဖုန် စစ်သူကြီးက ဝက်အဖြစ် ဝင်စားသွားတဲ့အပြင် သူက တကယ်ကြီး... တကယ်ကြီးကို..."
သူတော်စင်လေးပါး ဓမ္မနှလုံးသားကို စမ်းသပ်သည့် ဇာတ်လမ်းကို ကြားသောအခါ နီကျား၏ မျက်လုံးများမှာ အံ့ဩမှုကြောင့် ပြူးကျယ်သွားတော့သည်။
ရုတ်တရက် သူသည် ဟွန်ထျန်းဖဲကြိုးပေါ်တွင် လှဲလျောင်းလျက် လူးလိမ့်ရယ်မောနေပြီးနောက် 'အော့' ခနဲ အသံနှင့်အတူ ဟွန်ထျန်းဖဲကြိုးပေါ်မှ လိမ့်ကျကာ မြေပြင်ပေါ်သို့ ပြုတ်ကျသွားလေ၏။
"မင်းတို့ရဲ့ အနောက်ဘက် ကောင်းကင်ဘုံ ခရီးစဉ်မှာ လေကိုစားပြီး နှင်းကိုအိပ်ရာလုပ်ရတဲ့ ဒုက္ခတွေ ရှိနေပေမယ့် ပျော်စရာကောင်းတဲ့ အဖြစ်အပျက်လေးတွေ အတော်များများ ရှိနေပုံရတယ်... ငါ ကောင်းကင်ဘုံမှာ နေရတဲ့အချိန်ထက် အများကြီး ပိုပြီး စိတ်ဝင်စားဖို့ကောင်းတယ်ကွ..."
အနောက်ဘက် ကောင်းကင်ဘုံ ခရီးစဉ်၌ ကြုံတွေ့ခဲ့ရသော ရယ်စရာ အဖြစ်အပျက်အချို့ကို အတန်ကြာ စကားစမြည်ပြောပြီးနောက် နီကျားက ပြောလိုက်၏။
"လေကိုစားပြီး နှင်းကိုအိပ်ရာလုပ်ရတဲ့ ဒုက္ခ... ဟုတ်လား..."
နီကျား၏ စကားကို ကြားသောအခါ စွန်းဝူခုန်း၏ မျက်နှာအမူအရာမှာ အနည်းငယ် ထူးဆန်းသွားလေသည်။
"ဘာဖြစ်လို့လဲ... တစ်ခုခု မှားနေလို့လား..."
စွန်းဝူခုန်း၏ ထူးဆန်းသော အမူအရာကြောင့် နီကျားသည် ခေတ္တမျှ တန့်သွားပြီး သူ့ကို စူးစမ်းချင်စိတ်ဖြင့် ကြည့်လိုက်၏။
"ငါတို့ အပြင်မှာ အိပ်ရတာ များတာကတော့ ဟုတ်ပါတယ်... ဒါပေမယ့် လေကိုစားတယ်... ဟုတ်လား... အင်း... ဒီအနောက်ဘက် ကောင်းကင်ဘုံ ခရီးစဉ်မှာ ငါတို့စားရတဲ့ အစားအစာတွေက ဘယ်လို ဟင်းလျာမျိုးထက်မဆို ပိုပြီး အရသာရှိနေသလိုပဲကွ..."
အရသာရှိသော အစားအစာများနှင့် အထူးသဖြင့် ခရီးစဉ်တစ်လျှောက် ဆရာတော် ပြုလုပ်ပေးခဲ့သော အကင်များ၊ ဟော့ပေါ့များကို တွေးမိလိုက်သောအခါ စွန်းဝူခုန်းသည် အလိုအလျောက် တံတွေးမျိုချလိုက်မိလေတော့သည်။
***