← Chapters

အခန်း ၃၀၁

Vol. 22 Ch. 301

အခန်း ၃၀၁

Vol. 22 Ch. 301

အပိုင်း(၃၀၁)

"အော်... အခုမှ သဘောပေါက်တော့တယ်..."

ထိတ်လန့်တုန်လှုပ်နေဆဲ ဖြစ်သော်လည်း အဘွားအိုသည် ကျန်းလျို၏ သန့်ရှင်းသပ်ရပ်ပြီး ပညာတတ်ဆန်သော အသွင်အပြင်ကို မြင်သောအခါ အတော်လေး စိတ်သက်သာရာ ရသွားပုံပေါ်ပေသည်။

ယင်းမှာ ပိုင်ရှင်မရှိသော ခွေးရူးတစ်ကောင်သည် ကြောက်စရာကောင်းနိုင်သော်လည်း အကယ်၍ ထိုခွေးရူးကို ထိန်းချုပ်နိုင်သော ပိုင်ရှင်တစ်ဦး ပါလာမည်ဆိုပါက အနည်းငယ်တော့ စိတ်အေးရသကဲ့သို့ပင် ဖြစ်၏။

‘ဆရာတော်... ဘာလုပ်နေတာလဲဟ...’

ကျန်းလျိုက အဘွားအိုနှင့် စကားစမြည် စတင်ပြောဆိုနေသည်ကို ကြည့်ရင်း စွန်းဝူခုန်း၏ ရင်ထဲတွင် အနည်းငယ် အံ့အားသင့်သွားပြီး ဆရာတော် အဘယ်ကြောင့် ဤသို့ ပြုလုပ်ရသနည်းကို နားမလည်နိုင်အောင် ဖြစ်နေမိသည်။

သို့သော်လည်း သူ ဘာမျှ မပြောဘဲ တိတ်ဆိတ်စွာသာ စောင့်ကြည့်နေလိုက်၏။

ဆရာတော်၏ နောက်သို့ တစ်နှစ်နီးပါးခန့် လိုက်ပါလာခဲ့ပြီးနောက် စွန်းဝူခုန်းသည် ကျန်းလျို၏ သဘာဝကို နားလည်လာခဲ့ပြီး သူ၏ လုပ်ရပ်တိုင်းတွင် အမြဲတမ်း ရည်ရွယ်ချက်တစ်ခု ရှိနေတတ်ကြောင်းကို သိရှိနေပေသည်။

"ဒကာမကြီး... အိမ်ပေါက်ဝမှာ ရပ်ပြီး အဝေးကို လှမ်းမျှော်ကြည့်နေတာ တွေ့လို့ပါ... အိမ်မှာ အခက်အခဲ တစ်ခုခုများ ရှိနေလို့လား... ကျုပ် တစ်ခုခုများ ကူညီပေးလို့ ရနိုင်မလား..."

ကျန်းလျိုက နွေးထွေးစွာဖြင့် ကမ်းလှမ်းလိုက်၏။

ဟုတ်ပေသည်၊ ဤသည်ကား ကျန်းလျို၏ ရည်ရွယ်ချက်ပင် ဖြစ်၏။

သူ တာဝန်တစ်ခုမျှ လက်ခံမရရှိသည်မှာ အတော်ကြာပြီဟု ကျန်းလျို ခံစားနေရသည်။ အဘွားအို၏ အခြေအနေကို ကြည့်ရသည်မှာ အကူအညီ လိုအပ်နေပုံပေါ်သောကြောင့် တာဝန်တစ်ခု ပေါ်လာစေရန် မျှော်လင့်ချက်ဖြင့် ကျန်းလျိုက အရင်စတင်၍ မေးမြန်းလိုက်ခြင်း ဖြစ်ပေသည်။

မည်သို့ပင်ဖြစ်စေ တာဝန်တစ်ခုကို လက်ခံရရှိပြီး ထိုလုပ်ငန်းစဉ်အတွင်း တစ်စုံတစ်ယောက်ကိုပါ ကူညီပေးနိုင်မည်ဆိုပါက အဘယ်ကြောင့် မလုပ်ဘဲ နေရမည်နည်း။

"ဆရာတော်ရဲ့ ကြင်နာမှုအတွက် ကျေးဇူးတင်ပါတယ်ရှင်... ကျွန်မရဲ့ ယောကျာ်းက မနေ့က ဆေးမြစ်တွေရှာဖို့ တောင်ပေါ်တက်သွားတာ တစ်ညလုံး ပြန်မလာသေးလို့ ကျွန်မ အရမ်းကို စိတ်ပူနေတာပါ... ဒီနေ့မနက်စောစောကလည်း ကျွန်မရဲ့ မြေးမလေးကလည်း သူ့ကို သွားရှာရင်း အခုထိ ပြန်မလာသေးဘူးလေ... အခုတော့ ကျွန်မတစ်ယောက်တည်း အိမ်မှာကျန်ရစ်ပြီး အရမ်းကို ပူပန်သောက ရောက်နေရပါတယ်ရှင်..."

အဘွားအိုက သူမ၏ စိုးရိမ်ပူပန်မှုများကို ဖွင့်ဟပြောပြလေသည်။

"တောင်ပေါ်ကိုလို့ ပြောလိုက်တာလား... ကျုပ်လည်း အဲဒီဘက်ကို သွားမလို့ပဲလေ... အကူအညီများ လိုအပ်မလား..."

ကျန်းလျိုက စကားလမ်းကြောင်းလွှဲကာ မေးလိုက်၏။

"အဲဒီလိုဆိုရင်တော့ ဆရာတော်ကို အရမ်းကျေးဇူးတင်တာပဲရှင်..."

ကျန်းလျိုက မိမိသဘောဖြင့် ကူညီရန် ကမ်းလှမ်းသည်ကို ကြားသောအခါ အဘွားအိုက ကျေးဇူးတင်စကား ဆိုလိုက်သည်။

တာဝန်ပေးစနစ်ထံမှ မည်သည့် တုံ့ပြန်မှုမျှ ထွက်ပေါ်မလာချေ။ ယင်းက ကျန်းလျိုအား ရင်ထဲမှနေ၍ သက်ပြင်းချမိစေပြီး စနစ်ကြီးမှာ လူသားဆန်မှု အလွန်ကင်းမဲ့လွန်းသည်ဟု ခံစားလိုက်ရလေသည်။

"ဒကာမကြီး... ကျုပ်က ကူညီပေးဖို့အတွက် ဒကာမကြီးဘက်ကနေ ကျုပ်ကို ကူညီပေးပါလို့ တရားဝင် တောင်းဆိုဖို့ လိုအပ်တယ်ဗျ..."

ကျန်းလျိုက ဆက်လက်၍ပြောလိုက်၏။

"တရားဝင် တောင်းဆိုရမယ်..."

ထိုစကားကြောင့် အဘွားအိုမှာ ခေတ္တမျှ တန့်သွားပြီးနောက် စိတ်မသက်မသာ ဖြစ်နေသော အမူအရာဖြင့် ပြန်ပြောလိုက်သည်။

"ဒါပေမယ့် ကျွန်မလို အဘွားကြီးဆီမှာ တန်ဖိုးရှိတာ ဘာမှမရှိဘူးလေ..."

"မဟုတ်ပါဘူး... ခင်ဗျား အထင်လွဲနေပါပြီ... ကျုပ်က ဘာအကျိုးအမြတ်ကိုမှ တောင်းဆိုနေတာ မဟုတ်ပါဘူးဗျာ..."

ကျန်းလျိုက ခေါင်းခါယမ်းပြလိုက်သည်။ သူ၏ အစောပိုင်းစကားများက အမှန်တကယ်ပင် အထင်အမြင်လွဲမှားစေနိုင်ကြောင်းကို သူ သိရှိလိုက်၏။

သို့သော်လည်း သူ ဘာမှမတတ်နိုင်ပေ။ အကယ်၍ တစ်ဖက်လူက သူ့အား တစ်စုံတစ်ခုကို လုပ်ဆောင်ပေးရန် တရားဝင် မတောင်းဆိုပါက တာဝန်ပေးစနစ်သည် လုံးဝ တုံ့ပြန်မည် မဟုတ်ချေ။ ယင်းမှာ အနည်းငယ်မျှပင် လူသားဆန်မှု မရှိလှပေ။

"အော်... ကျွန်မလို အဘွားကြီးက တောင်ပေါ်မှာ ပျောက်နေတဲ့ ကျွန်မရဲ့ ယောကျာ်းနဲ့ မြေးမလေးကို ရှာဖွေပေးဖို့ ဆရာတော်ကို အကူအညီ တောင်းဆိုပါတယ်ရှင်..."

ကျန်းလျိုက အဘယ်ကြောင့် တရားဝင် တောင်းဆိုရန် အတင်းအကျပ် ပြောနေသနည်းဆိုသည်ကို နားမလည်သော်လည်း အဘွားအိုသည် လေးနက်စွာ ခေါင်းညိတ်လိုက်ပြီး သူမ၏ တောင်းဆိုမှုကို ပြုလုပ်လိုက်လေသည်။

ဒင် - တာဝန် 'ပြန်လည်ပေါင်းစည်းခြင်း' ကို အသက်သွင်းလိုက်ပါပြီ။ တာဝန် သတ်မှတ်ချက် - အဘွားအို၏ ခင်ပွန်းနှင့် မြေးမလေးကို အောင်မြင်စွာ ရှာဖွေပေးရန်။ အောင်မြင်ပါက - အတွေ့အကြုံမှတ် ၁၀၀၀၀၀ နှင့် ပြီးပြည့်စုံသော အရည်အသွေး ရတနာသေတ္တာ ၁ လုံး ရရှိမည်။ ကျရှုံးပါက - အတွေ့အကြုံမှတ် ၁၀၀၀၀၀ ဆုံးရှုံးမည်။ လက်ခံမည်/ငြင်းပယ်မည် လား...

မျှော်လင့်ထားသည့်အတိုင်းပင် အဘွားအိုက အကူအညီပေးရန် တရားဝင် တောင်းဆိုလိုက်သည်နှင့် တစ်ပြိုင်နက် စနစ်၏ အသိပေးချက်က အချိန်ကိုက် ထွက်ပေါ်လာပြီး အလိုအလျောက် တာဝန်တစ်ခုကို အသက်သွင်းပေးလိုက်တော့၏။

"တကယ်ကို ဒီစနစ်ကြီးက နတ်ဝိညာဉ်အသိဉာဏ် အရိပ်အယောင်လေးတောင် နည်းနည်းလေးမှ မရှိဘူး... လူသားဆန်မှု တစ်စက်မှမပါဘဲ ကြိုတင် ပရိုဂရမ်ဆွဲထားတဲ့အတိုင်း အလုပ်လုပ်နေတာပဲ..."

စနစ်၏ အသိပေးချက်ကို ကြားသောအခါ ကျန်းလျိုသည် ရင်ထဲမှနေ၍ ခေါင်းခါယမ်းလိုက်သည်။

သူက ထပ်ပြီး ညည်းညူမနေတော့ဘဲ ထိုတာဝန်ကိုသာ လက်ခံလိုက်လေသည်။

တာဝန်တစ်ခုကို အောင်မြင်စွာ အသက်သွင်းနိုင်ခဲ့ခြင်းက အတွေ့အကြုံမှတ် ၁ သိန်းနှင့် ပြီးပြည့်စုံသော အရည်အသွေး ရတနာသေတ္တာ တစ်လုံးတည်းသာ ရမည့် တာဝန်ဖြစ်နေလင့်ကစား ကျန်းလျိုအား ဝမ်းသာပျော်ရွှင်စေခဲ့၏။ သူ့ အတွက်တော့ ခြင်လေးတစ်ကောင် ဖြစ်နေရင်တောင် အသားပါပဲလေ။

အတွေ့အကြုံမှတ် တစ်သိန်းဆိုသည်မှာ သူ လေး၊ ငါးရက်ခန့် ကျင့်ကြံရမည့် ပမာဏကို အစားထိုးနိုင်ရန် လုံလောက်ပေသည်။

တာဝန်ကို ပေါ့ပေါ့ပါးပါး လက်ခံပြီးနောက် ကျန်းလျိုနှင့် သူ၏ အဖော်များသည် အဘွားအို၏ ကျေနပ် ဝမ်းသာသံများကို နောက်တွင် ချန်ရစ်ကာ တောင်တန်းများအတွင်းသို့ အနောက်ဘက်ဆီသို့ ဆက်လက်ထွက်ခွာလာခဲ့ကြ၏။

"ဆရာတော်... လူနှစ်ယောက်ကို ရှာဖို့အတွက် ဒီတောင်တန်းကြီးတွေထဲကို ဝင်သွားရတာက သမုဒ္ဒရာထဲ အပ်ကျတာကို ရှာရသလိုပဲ မဟုတ်ဘူးလား..."

ကျန်းလျို၏ ဘေးမှ လျှောက်လာရင်း ကျူးပါကျဲက မေးလိုက်၏။

ကျန်းလျို၏ လုပ်ရပ်များမှာ အနည်းငယ် နေရာမကျသကဲ့သို့ ဖြစ်နေပြီး အထူးသဖြင့် ဤမျှ ခက်ခဲသော ကိစ္စမျိုးတွင် အခြားသူများကို ကူညီရန် အရင်စတင် ကမ်းလှမ်းခဲ့ခြင်းပင် ဖြစ်သည်။ ကျူးပါကျဲအနေဖြင့် သူ၏ ဆရာတော်သည် ဤမျှ နွေးထွေးသော နှလုံးသားရှိသူ တစ်ယောက်ဖြစ်မည်ဟု ဘယ်တုန်းကမျှ မတွေးထင်ထားခဲ့ချေ။

"ပါကျဲ... မင်း အဲဒီနေရာမှာ မှားနေပြီ... ဘာပဲဖြစ်ဖြစ် ငါတို့က ရဟန်းတွေလေ... ကရုဏာတရားဆိုတာကို မင်း နားမလည်ဘူးလား... လမ်းတစ်လျှောက်လုံးမှာ တစ်ယောက်ယောက်က အကူအညီတောင်းလာတိုင်း ငါ ငြင်းခဲ့ဖူးလို့လား..."

ကျူးပါကျဲ၏ စကားများကို ကြားသောအခါ ကျန်းလျိုက ဖြောင့်မတ်မှန်ကန်သော လေသံဖြင့် ပြန်လည်ဖြေကြားလိုက်၏။

လူတစ်ယောက်ကို ရှာဖွေပြီး တာဝန်တစ်ခုကို ပြီးမြောက်အောင် လုပ်ဆောင်နိုင်ခြင်းသည် ကျူးပါကျဲ ပြောခဲ့သကဲ့သို့ သမုဒ္ဒရာထဲ အပ်ကျတာကို ရှာရသကဲ့သို့ ဖြစ်နေသည်မှာ အမှန်ပင်တည်း။ အကယ်၍ ရက်အနည်းငယ်လောက် ထပ်ပြီး ကြန့်ကြာသွားမည်ဆိုပါက ပို၍ပင် ကောင်းမွန်သေးသည်။

ကျန်းလျိုအတွက်တော့ ဤတာဝန်သည် လိုအပ်နေဆဲပင် ဖြစ်၏။

"အင်း... အဲဒါ တကယ်မှန်တယ်... ဆရာတော်က အမြဲတမ်း သဘောကောင်းတယ်..."

ကျန်းလျို စကားပြောပြီးသည်နှင့် စွန်းဝူခုန်းက သဘောတူညီစွာ ခေါင်းညိတ်လိုက်လေသည်။

ပြန်တွေးကြည့်မည်ဆိုလျှင် လမ်းခရီးတစ်လျှောက်တွင် သူ၏ ဆရာတော်သည် မည်သည့်တောင်းဆိုမှုကိုမျှ မငြင်းပယ်ခဲ့ဘဲ အရာအားလုံးကို သဘောတူညီခဲ့သည်မှာ အမှန်တကယ်ပင် ဖြစ်ပေသည်။

"ဟုတ်လို့လား... ဒါဆို မိန်းကလေးတွေအကုန်လုံး ဝိုင်းဝိုင်းလည်နေအောင်လို့ သင်ပေးပါဆိုပြီး ကျုပ် ဝက်ကြီးက တောင်းဆိုခဲ့တုန်းက ဆရာတော်က ဘာလို့ ချက်ချင်းကြီး ငြင်းပစ်ခဲ့တာလဲ..."

ကျန်းလျိုက ထိုအကြောင်းကို ပြောလိုက်သည်နှင့် ကျူးပါကျဲသည် ပို၍ပင် နှလုံးကွဲကြေသွားသကဲ့သို့ ခံစားလိုက်ရ၏။

သူ၏ ဆရာတော်သည် အခြားသူများ၏ တောင်းဆိုမှုများကို သဘောတူလက်ခံပေးသော်လည်း သူ၏ တောင်းဆိုမှုကိုတော့ ငြင်းပယ်ခဲ့သည် မဟုတ်ပါလော။

ကျူးပါကျဲ၏ စကားများက ကျန်းလျိုကိုလည်း အတော်လေး ထိရှသွားစေခဲ့လေသည်။ ကျူးပါကျဲက သူ့အား တောင်းဆိုခဲ့ပြီး အတွေ့အကြုံမှတ် တစ်ဘီလီယံနှင့် နတ်အဆင့် ရတနာသေတ္တာ တစ်လုံး ဆုချီးမြှင့်မည့် အလိုအလျောက် တာဝန်တစ်ခု ပေါ်လာခဲ့သည့် အချိန်ကို ပြန်လည်တွေးတောကြည့်လိုက်လျှင် ထိုတာဝန်ကို ငြင်းပယ်နိုင်ရန်အတွက် ကျန်းလျိုအနေဖြင့် ကြီးမားလှသော စိတ်စွမ်းအားများကို အသုံးပြုခဲ့ရပေသည်။

မည်သို့ပင်ဖြစ်စေ... အလိုအလျောက် တာဝန်များသည် ပြစ်ဒဏ်များနှင့်အတူ လာတတ်သည် မဟုတ်ပါလော။ ကျန်းလျိုအနေဖြင့် ကျူးပါကျဲအား မိန်းမကျမ်းကြေသူ တစ်ယောက်ဖြစ်လာအောင် ပြောင်းလဲပေးနိုင်စွမ်း ရှိသည်ဟု လုံးဝ မယုံကြည်ခဲ့ချေ။ အကယ်၍ သူသာ ထိုတာဝန်ကို တကယ်လက်ခံခဲ့မည်ဆိုပါက အတွေ့အကြုံမှတ် တစ်ဘီလီယံ ဆုံးရှုံးရမည့် ပြစ်ဒဏ်ကို သူ ခံရရန် ရာခိုင်နှုန်း အလွန်များပြားလှပေသည်။

ထိုသို့သော အကျိုးဆက်များကို တွေးမိသောအခါ ကျန်းလျိုအား တုံ့ဆိုင်းသွားစေခဲ့ခြင်း ဖြစ်သည်။

ယင်းမှာ ကျန်းလျို တစ်ခါတည်းသာ ငြင်းပယ်ခဲ့ဖူးသော တစ်ခုတည်းသော အလိုအလျောက် တာဝန်ပင် ဖြစ်ပုံရလေသည်။

"အဲဒါကတော့ မင်းက ငါ့ကို တောင်းဆိုခဲ့တဲ့ ကိစ္စလေ... တကယ်လို့ ငါက မလုပ်ပေးနိုင်ဘူးဆိုရင် ဘယ်လိုလုပ် သဘောတူနိုင်မှာလဲ... လူတစ်ယောက်က ကတိတစ်ခု ပေးလိုက်ပြီဆိုရင် အဲဒါကို ဖြည့်ဆည်းပေးရမယ် မဟုတ်ဘူးလား... ငါက ကတိတည်တဲ့လူပါကွ..."

အတွေ့အကြုံမှတ် တစ်ဘီလီယံ ဆုလာဘ်နှင့် ပြစ်ဒဏ်အကြောင်း တွေးတောမှုများက စိတ်ထဲတွင် ပြည့်နှက်နေသော်လည်း ကျန်းလျိုသည် တည်ငြိမ်သော အမူအရာဖြင့် ပြန်လည်ဖြေကြားနိုင်ခဲ့လေသည်။

"အင်း... ဆရာတော် ပြောတာ မှန်တယ်... ဆရာတော်က တကယ်ကို ကတိတည်တဲ့သူပဲ..."

စွန်းဝူခုန်းက ဝင်ပြောလိုက်၏။ ကျန်းလျို၏ ဤအချက်ကို သူ အသဘောကျဆုံး ဖြစ်၏။ ထို ရူလိုင်အဘိုးကြီးနှင့် ခြားနားလှပါပေသည်။

"အစ်ကိုကြီးမျောက်... မင်းက ဆရာတော် အခုတလော ပြောပြောနေတဲ့ 'မြှောက်ပင့်ပေးတဲ့ကောင်' များ ဖြစ်နေပြီလား... ဘေးနားကနေ အမြဲတမ်း ဟုတ်ပါ့ မှန်ပါ့ လို့ အော်ပေးနေတဲ့သူလေ..."

စွန်းဝူခုန်းက ကျန်းလျိုအား အဆက်မပြတ် ထောက်ခံနေသည်ကို ကြားသောအခါ ကျူးပါကျဲသည် ထူးဆန်းသော အကြည့်ဖြင့် ပြောလိုက်၏။ ဤအခန်းကဏ္ဍသည် များသောအားဖြင့် သူ့နေရာ ဖြစ်သည် မဟုတ်ပါလော။

"ငတုံး... ငါ စွန်းဝူခုန်း ပြောတဲ့စကားတွေက ရင်ထဲကနေ လာတာကွ..."

စွန်းဝူခုန်းက ကျူးပါကျဲအား စိတ်အနှောင့်အယှက်ဖြစ်စွာ ကြည့်ရင်း ပြန်ပြောလိုက်လေသည်။

"ဒုတိယ အစ်ကိုကြီး... တကယ်တော့ ဆရာတော် ပြောတာ တကယ်မှန်တယ်... ရဟန်းတွေအနေနဲ့ ငါတို့က ကရုဏာတရားကို ပုံဖော်ရမယ်လေ..."

ပုံမှန်အာဖြင့် စကားပြောခဲကာ အမြဲလိုလို တိတ်ဆိတ်နေတတ်သော ရှားဝူကျင်းကပါ ရုတ်တရက် ဝင်ပြောလိုက်၏။

***

All Chapters