အခန်း ၃၀၂
Vol. 22 Ch. 302
အပိုင်း(၃၀၂)
ရှားဝူကျင်းသည် မိမိအကြောင်းကို ပြန်တွေးရင်း ငိုချင်စိတ်ပင် ပေါက်သွားခဲ့၏။ အကယ်၍ ဆရာတော်က ရဟန်းဘောင်အကြောင်းကို မပြောခဲ့ပါက သူသည် ရဟန်းတစ်ပါးဆိုသည့် သူ၏ ကိုယ်ပိုင် အဆင့်အတန်းကို တကယ်ပင် မေ့လျော့သွားလောက်ပေသည်။
လောင်းကစားခြင်း၊ အရက်သောက်ခြင်း၊ အသားစားခြင်း... ဤလုပ်ရပ်များသည် ရဟန်းတစ်ပါးနှင့် ကိုက်ညီပါ၏လော…။
ကံကောင်းထောက်မစွာဖြင့် ကရုဏာနှလုံးသား ရှိခြင်းက ရဟန်းတစ်ပါး မည်သူမည်ဝါဖြစ်ကြောင်းနှင့် ကိုက်ညီနေဆဲဖြစ်ရာ နောက်ဆုံးတော့ ထိုအချက်က ကယ်တင်ရှင်တစ်ခု ဖြစ်လာခဲ့လေသည်။
ရှားဝူကျင်းသည် အစကတည်းက တိတ်ဆိတ်ပြီး လူလုံးမပြတတ်သော သူတစ်ယောက် ဖြစ်ခဲ့၏။ စွန်းဝူခုန်းသည် သဘာဝအတိုင်း ပွင့်လင်းသူဖြစ်ပြီး မကြာခဏ အချင်းများလေ့ရှိကာ ဆရာတော်ကိုပင် ပြန်ပြောရဲသူ ဖြစ်သည်။ ကျူးပါကျဲကတော့ သူ့ကိုယ်သူ ဆရာတော့်အတွက် နံပါတ်တစ် မြှောက်ပင့်ပေးသူ၊ စကားကောင်းများ အမြဲပြောပြီး ဆရာတော့်အား ဖားယားနေသူဟု အမြဲထင်ထားခဲ့လေသည်။
သို့သော် ယခုအခါ စွန်းဝူခုန်းနှင့် ရှားဝူကျင်း နှစ်ဦးစလုံးက ဆရာတော်ကို ထောက်ခံအားပေးနေကြပြီး သူကသာ ဆရာတော်နှင့် ပဋိပက္ခဖြစ်နေသူ ဖြစ်နေပုံရသည် မဟုတ်ပါလော။
ထိုအတွေးကြောင့် ကျူးပါကျဲသည် ရုတ်တရက် လန့်ဖျပ်သွားတော့၏။
"ဆရာတော်... ဆရာတော်က တကယ်ကို ဗောဓိသတ် တစ်ပါးရဲ့ နှလုံးသားမျိုးကို ပိုင်ဆိုင်ထားတာပါပဲ... နွေးထွေးပြီး စိတ်အားထက်သန်တယ်… ကရုဏာကြီးမားပြီး ရက်ရောတယ်... ပြီးတော့ တပည့်တော်တို့အပေါ်မှာလည်း အများကြီး ဂရုစိုက်ပေးတယ်..."
“...”
ကျူးပါကျဲ၏ နှုတ်မှ မြှောက်ပင့်ချီးမွမ်းစကားများ တရဟော ထွက်ကျလာရာ ကျန်းလျိုနှင့် အခြားသူများမှာ အံ့သြမှင်တက်သွားကြလေသည်။
တောင်တန်းအတွင်းသို့ ဝင်ရောက်လာပြီးနောက် သူတို့သည် တစ်နေကုန် ရှာဖွေခဲ့ကြသော်လည်း အဘိုးအိုနှင့် သူ၏မြေးမလေးတို့၏ အရိပ်အယောင်ကိုမျှ မတွေ့ရှိခဲ့ကြချေ။ နေဝင်ဆည်းဆာအချိန်သို့ ရောက်ရှိလာသောအခါ ကျန်းလျိုက ကျူးပါကျဲအား တောင်ကျချောင်းအတွင်းမှ ခေါင်းကြီးကြီးနှင့် ဝဖြိုးနေသော ငါးကြီးတစ်ကောင်ကို ဖမ်းခိုင်းလိုက်၏။ ထို့နောက် သူသည် မြေပြန့်လွင်ပြင် တစ်နေရာတွင် နတ်စံအိမ်တော် ကို ဖြန့်ကျက်လိုက်လေသည်။
ချက်ပြုတ်နေသော မီးခိုးငွေ့များသည် လေထဲသို့ လွင့်ပျံသွား၏။ အသားဟင်း နှစ်ခွက်နှင့် သက်သတ်လွတ်ဟင်း နှစ်ခွက် ကြော်လှော်ပြီးနောက် သူတို့သည် ငရုတ်သီးတောက်တောက်စဉ်း ငါးခေါင်းဟင်း အိုးကြီးတစ်အိုးကိုလည်း ချက်ပြုတ်လိုက်ကြသည်။
ကြီးမားလှသော ငါးခေါင်းကြီးပေါ်တွင် အနီရောင် ငရုတ်သီးတောက်တောက်စဉ်းများ ဖုံးလွှမ်းနေပြီး ၎င်းကို မြင်လိုက်ရုံဖြင့်ပင် ကျူးပါကျဲနှင့် အခြားသူများမှာ တံတွေးမျိုချလိုက်မိကြလေသည်။
သူတို့ စတင်မစားရသေးသော်လည်း ထိုငရုတ်သီးများကို မြင်လိုက်ရုံဖြင့် သူတို့၏ လျှာများပေါ်တွင် အလိုအလျောက် စပ်ဖျင်းဖျင်း ခံစားလာရသကဲ့သို့ ရှိပေသည်။
"ဆရာတော်... ကျွန်တော်တို့ ငရုတ်သီးတွေ ရှာတွေ့ကတည်းက ဆရာတော်ရဲ့ ဟင်းလက်ရာတွေက ပိုပိုပြီး အရသာရှိလာတာပဲ..."
အခြားသူများနှင့်အတူ ထိုင်ကာ အငမ်းမရ စားသောက်နေရင်း ကျူးပါကျဲက ပြောလိုက်၏။
"အင်း... ငရုတ်သီးနဲ့ ချက်ရတဲ့ ဟင်းလျာတွေ အများကြီး ရှိသေးတယ်... ဟင်းချက်နည်း တစ်ခုကို နှစ်ခါပြန်မထပ်ဘဲနဲ့တောင် နှစ်ဝက်လောက် ချက်ကျွေးလို့ ရသေးတယ်..."
ကျူးပါကျဲ၏ မှတ်ချက်ကို ခေါင်းညိတ်ပြရင်း ကျန်းလျိုက ပြုံးကာ ပြန်ပြောလိုက်သည်။
"ဝိုး... ဒါက တကယ်ကို ပျော်စရာကြီးပဲ..."
ကျန်းလျို၏ စကားများကို ကြားသောအခါ ကျူးပါကျဲ၏ မျက်လုံးများမှာ အံ့သြဝမ်းသာမှုများဖြင့် အရောင်လက်သွားတော့၏။
သို့သော်လည်း စကားပြောပြီးသည်နှင့် တစ်ပြိုင်နက် ကျူးပါကျဲ၏ မျက်နှာအမူအရာမှာ သုန်မှုန်သွားလေသည်။
သူ၏ ဝဖြိုးသော ခန္ဓာကိုယ်၊ အထူးသဖြင့် သူ၏ ဗိုက်ရွှဲကြီးကို စိုက်ကြည့်ရင်း ကူကယ်ရာမဲ့စွာ ခေါင်းခါယမ်းလိုက်ပြီးမေးလိုက်၏။
"ဆရာတော်... လွန်ခဲ့တဲ့ ရက်ပိုင်းလောက်တုန်းက ဆရာတော် ပြောနေတာ ကျွန်တော် ကြားလိုက်တယ်... မိန်းကလေးတွေက ယေဘုယျအားဖြင့် ခန္ဓာကိုယ် အချိုးအစားကျတဲ့ ယောက်ျားတွေ၊ အထူးသဖြင့် ဗိုက်ခေါက်ခြောက်ထပ်ရှိတဲ့ တောင့်တောင့်တင်းတင်း ယောက်ျားတွေကို ပိုသဘောကျတယ်ဆို... ကျွန်တော့်ရဲ့ ဗိုက်ခေါက်တစ်ထပ်တည်း ဗိုက်ပူကြီးကရော လှပတဲ့ မိန်းကလေးတစ်ယောက်ရဲ့ စိတ်ဝင်စားမှုကို ဆွဲဆောင်နိုင်ပါ့မလား..."
ဝက်ခေါင်းကြီး တပ်ဆင်ထားသော ကျူးပါကျဲ၏ ခန္ဓာကိုယ်ကို ကျန်းလျိုက တစ်ချက်လှမ်းကြည့်လိုက်ပြီး သူ၏ နှုတ်ခမ်းများ အနည်းငယ် တွန့်ကွေးကာ လှောင်ပြောင်သကဲ့သို့ ပြောလိုက်သည်။
"မင်းက အရမ်းတွေ လျှောက်တွေးနေတာပဲ..."
ကျန်းလျို၏ မှတ်ချက်စကားအပြီးတွင် ကျူးပါကျဲသည် ခေတ္တမျှ တုံ့ဆိုင်းသွားပြီးနောက် ကြီးမားသော ဆုံးဖြတ်ချက်တစ်ခုကို ချလိုက်သည့်အလား မေးလိုက်၏။
"ဒါဆိုရင်... ကျွန်တော် ဝိတ်ကျအောင်လို့ ဟင်းသီးဟင်းရွက်တွေ ပိုစားသင့်လား..."
အကယ်၍ သက်သတ်လွတ် စားရုံဖြင့် သူ့ကို ပိန်သွားစေနိုင်မည်ဆိုပါက ကျူးပါကျဲအနေဖြင့် ထိုသို့သော အစားအသောက်ပုံစံကို စွဲစွဲမြဲမြဲ လုပ်ဆောင်နိုင်မည်ဟု တွေးလိုက်သည်။
မည်သို့ပင်ဖြစ်စေ ဆရာတော် ချက်ပြုတ်သော သက်သတ်လွတ်ဟင်းများပင်လျှင် အလွန် အရသာရှိလှသည် မဟုတ်ပါလော။
ဥပမာအားဖြင့် အစပ်ဟော့ပေါ့ထဲမှ ဟင်းသီးဟင်းရွက်များနှင့် မှိုများ၊ အကင်ထဲမှ အသီးအရွက်များသည်လည်း အမှန်တကယ်ပင် အရသာအတော်လေး ရှိလှပေသည်။
"နောင်တော်ကြီး... သက်သတ်လွတ်စားတာ ကောင်းပါတယ်... ဘာပဲဖြစ်ဖြစ် ငါတို့က ရဟန်းတွေပဲလေ... ငါတို့အားလုံး..."
ကျူးပါကျဲအား သဘောတူညီကြောင်း ရှားဝူကျင်းက အလိုအလျောက်ပင် စတင်ပြောဆိုလိုက်၏။
သို့သော်လည်း ရှားဝူကျင်း စကားမဆုံးမီမှာပင် ကျူးပါကျဲက သူ၏ တူကြားတွင် ညှပ်ထားသော ငါးအသားတုံးကို တစ်ချက်လှမ်းကြည့်လိုက်ပြီးပြောလိုက်သည်။
"ညီလေး... မင်းက အဲဒီလို ပြောဖို့ အရည်အချင်းရော ပြည့်မီလို့လား..."
"အော မိ သော ဖော... ငါ့ရဲ့ အပြစ်တွေ… ငါ့ရဲ့ အပြစ်တွေပါလေ... ငါ..."
ကျူးပါကျဲ၏ စကားများကြောင့် ရှားဝူကျင်းသည် သူ၏ ပန်းကန်လုံးထဲရှိ ငါးအသားတုံးကို ကြည့်လိုက်မိပြီး ချက်ချင်းပင် တူကိုချကာ ဗုဒ္ဓ၏ နာမတော်ကို တိတ်ဆိတ်စွာ ရွတ်ဆိုရင်း ရင်ထဲ၌ နောင်တရနေမိတော့၏။
"ကဲပါ... အရမ်းတွေ လျှောက်တွေးမနေပါနဲ့... မင်း ဝိတ်ကျတာ မကျတာက အသားစားတာ သက်သတ်လွတ်စားတာနဲ့ ဘာမှမဆိုင်ပါဘူးကွ..."
ကျူးပါကျဲ၏ စကားများကို ကျန်းလျိုက ခေါင်းခါယမ်းလိုက်ပြီး သူ၏ မျှော်လင့်ချက်များကို ရိုက်ချိုးပစ်လိုက်သည်။ ထို့နောက်... သူက တစ်ဆက်တည်းပင် မေးလိုက်သည်။
"ပါကျဲ... ငါ မင်းကို မေးမယ်... ဝံပုလွေနဲ့ နွားကြားမှာ ဘယ်ကောင်က ပိုဝပြီး ဘယ်ကောင်က ပိုပိန်လဲ... ဘယ်ကောင်က အသားစားပြီး ဘယ်ကောင်က မြက်စားတာလဲ..."
"အဲဒါကတော့..."
"ငါ မင်းကို ထပ်မေးမယ်... ကျားသစ်နဲ့ ရေမြင်းကြားမှာ ဘယ်ကောင်က ပိုဝပြီး ဘယ်ကောင်က ပိုပိန်လဲ... ဘယ်ကောင်က အသားစားပြီး ဘယ်ကောင်က မြက်စားတာလဲ..."
ကျူးပါကျဲ ပြန်မဖြေတော့ပေ။
"အဲဒီတော့ မင်း ဝိတ်ချမယ့် အကြံကိုသာ လက်လျှော့လိုက်တော့လို့ ပြောတာပေါ့..."
စကားပြန်မပြောနိုင်ဖြစ်နေသော ကျူးပါကျဲကို ကြည့်ကာ ကျန်းလျိုက ခေါင်းခါယမ်းရင်း ပြောလိုက်၏။
ဤအကြံဉာဏ်သည် ကျူးပါကျဲ၏ ကောင်းကျိုးအတွက်သာ ဖြစ်ပေသည်။
မူလဇာတ်လမ်းကို ပြန်ကြည့်မည်ဆိုလျှင် ကျူးပါကျဲသည် မည်သည့်အခါမျှ ဗိုက်ပြည့်အောင် စားရသည်ဟု မရှိခဲ့ဘဲ လီ တစ်သိန်းရှစ်သောင်းကို ခြေလျင်လျှောက်ခဲ့ရသည် မဟုတ်ပါလော။ အရေးအကြီးဆုံးအချက်မှာ မူလဇာတ်လမ်းထဲမှ ကျူးပါကျဲသည် သက်သတ်လွတ်စားသူ ဖြစ်နေခြင်းပင်တည်း။
ရလဒ်ကရော... သူက အရင်ကလိုပဲ ဝတုန်းပင်… ဝိတ်ကျသွားဖို့လား... လုံးဝ မဖြစ်နိုင်ပါချေ…
"ဟုတ်ကဲ့ပါ ဆရာတော်... ကျွန်တော် မှားသွားပါတယ်..."
ကျူးပါကျဲသည် ခေါင်းညိတ်လိုက်ပြီး ဆရာတော်၏ စကားများမှာ လုံးဝ အဓိပ္ပာယ်ရှိသည်ဟု ခံစားလိုက်ရကာ ရုတ်တရက် သူ့အနေဖြင့် ငြင်းခုန်ရန် စကားရှာမရ ဖြစ်သွားတော့သည်။
ဤဝန်ထုပ်ဝန်ပိုးကြီးကို ဖယ်ရှားလိုက်ပြီးနောက် ကျူးပါကျဲသည် အသားတုံးကြီး တစ်တုံးကို ကောက်ယူ၍ ပါးစပ်ထဲသို့ ထည့်ကာ ကျေနပ်စွာ စားသောက်လိုက်လေသည်။
"ဆရာတော်... ဗိုက်လည်း ဝပြီဆိုတော့ ကျွန်တော်တို့ ဘာလုပ်ကြမလဲဟင်... မာဂျောင် နည်းနည်းလောက် ကစားကြမလား..."
စားသောက်ပြီးချိန်၌ ကျူးပါကျဲက ကျန်းလျိုအား မေးလိုက်၏။
"ငါကတော့ အခန်းထဲပြန်ပြီး ကျင့်ကြံရမှာပေါ့..."
ကျူးပါကျဲက အဘယ်ကြောင့် ဤသို့ အထူးတလည် မေးရသနည်းကို နားမလည်နိုင်ဘဲ ကျန်းလျိုက သိချင်စိတ်ဖြင့် ပြန်ဖြေလိုက်သည်။
"ဆရာတော်... ဒီညက လပြည့်ညလေ..."
ကျူးပါကျဲက ခေါင်းကို အနည်းငယ်ငုံ့ကာ သတိပေးလိုက်၏။
လပြည့်ည ဟု ပြောလိုက်ခြင်းက ကျန်းလျို၏ ရင်ထဲတွင် တစ်စုံတစ်ခုကို လှုပ်ခတ်သွားစေပြီး သူ နားလည်သွားတော့သည်။
လပြည့်ညတိုင်းတွင် ကျူးပါကျဲသည် စောစောအိပ်ရာဝင်လေ့ရှိသည်။ သို့မဟုတ်ပါလည်း အချိန်ဖြုန်းရန်အတွက် အားလုံးနှင့်အတူ မာဂျောင် သို့မဟုတ် 'မြေပိုင်ရှင်ကို တိုက်ခိုက်ခြင်း' ကစားရန် အတင်းအကျပ် တောင်းဆိုလေ့ရှိပြီး သူ စိတ်ကူးယဉ်ဖို့ အချိန်မရှိစေရန် သေချာအောင် ပြုလုပ်လေ့ရှိပေသည်။
အဘယ်ကြောင့်ဆိုသော် သူသာ စိတ်ကူးယဉ်မိသွားပါက ဝိုင်းစက်နေသော လမင်းကြီးကို ငေးကြည့်ကာ တစ်ညလုံးတိုင်တိုင် ငေးမောနေတတ်သောကြောင့်ပင် ဖြစ်၏။
"အော်... ဒီလိုဆိုမှတော့ မင်းတို့နဲ့အတူ အလှည့်နည်းနည်းလောက် ကစားပေးရတာပေါ့..."
ကျန်းလျိုက စဉ်းစားပြီးနောက် သဘောတူညီစွာ ခေါင်းညိတ်လိုက်သည်။
"ဒါပေမယ့် အချိန်နှောင်းလာရင်တော့ ငါ အနားယူဖို့ ပြန်ရလိမ့်မယ်နော်..."
ကျန်းလျိုက သဘောတူလိုက်သည်ကို ကြားသောအခါ ကျူးပါကျဲ၏ မျက်နှာပေါ်တွင် ဝမ်းသာပျော်ရွှင်မှုများ ပေါ်လွင်သွားပြီးနောက် ပန်းကန်လုံးများနှင့် တူများကို စတင်ရှင်းလင်းရန် ရှားဝူကျင်းနှင့် စွန်းဝူခုန်းတို့ကို ဆွဲခေါ်သွားတော့၏။
ပုံမှန်အားဖြင့် ဆရာတော်က ကျင့်ကြံခြင်းဖြင့် အလုပ်များနေချိန်တွင် သူတို့သည် 'မြေပိုင်ရှင်ကို တိုက်ခိုက်ခြင်း' ကစားခြင်းဖြင့်သာ ဖျော်ဖြေနိုင်ကြပြီး မာဂျောင်ခုံများကို မထိရသည်မှာ အတော်လေး ကြာပြီဖြစ်ပုံရလေသည်။
ပင်မခန်းမဆောင်ကြီး လင်းထိန်သွားစေရန် သူတို့က မီးအိမ်အချို့ကို ထွန်းညှိလိုက်ကြပြီး မာဂျောင်ခင်းကျင်းပြီးနောက် ဆရာနှင့် တပည့်များသည် အလျင်အမြန်ပင် စတင်ကစားကြတော့သည်။
***