← Chapters

အခန်း ၃၀၄

Vol. 22 Ch. 304

အခန်း ၃၀၄

Vol. 22 Ch. 304

အပိုင်း(၃၀၄)

"ဆရာတော်... ဆရာတော်... ဘာဖြစ်လို့လဲဘုရား... ဘာတွေများ စဉ်းစားနေလို့ပါလဲ..."

ကျန်းလျိုက အံ့အားသင့်ဝမ်းသာစွာဖြင့် တွေးတောနေစဉ် အရိုးဖြူ မိစ္ဆာ သည် သူ၏ တိတ်ဆိတ်ငေးမောနေမှုကို သတိပြုမိသွားပြီး မမေးဘဲ မနေနိုင်အောင် ဖြစ်သွားလေသည်။

"အော်... ဘာမှမဟုတ်ပါဘူး... နည်းနည်း စိတ်လွင့်သွားလို့ပါ... အစ်မကြီး ဆာနေပြီဆိုရင်လည်း အထဲကို ဝင်လာခဲ့ပါဗျာ..."

သတိပြန်ဝင်လာပြီးနောက် ကျန်းလျို၏ မျက်နှာပေါ်တွင် နွေးထွေးသော အပြုံးတစ်ခု ထွက်ပေါ်လာကာ အရိုးဖြူ မိစ္ဆာ အား အထဲသို့ ဖိတ်ခေါ်လိုက်၏။

စကားပြောနေရင်း သူသည် သူမအား ပင်မခန်းမဆောင်ကြီး ဆီသို့ တိုက်ရိုက် ခေါ်ဆောင်သွားလေသည်။

"တကယ်ကို နွေးထွေးကြင်နာတတ်တဲ့ ကိုရင်လေးပါလား…”

ကျန်းလျို၏ နောက်မှ လိုက်ပါလာရင်း အရိုးဖြူ မိစ္ဆာ သည် သူ၏ ကျောပြင်ကို ကြည့်ကာ သူမ၏ နှုတ်ခမ်းများ အနည်းငယ် ကွေးညွတ်သွားပြီး အလိုအလျောက်ပင် နှုတ်ခမ်းကို သပ်လိုက်မိလေသည်။

အမျိုးသမီး တစ်ဦးဖြစ်သည့်အားလျော်စွာ သူမသည် လူငယ်လေးများကို ပို၍ သဘောကျပေသည်။ အဘိုးအိုနှင့် မိန်းကလေးငယ်များမှာ အရိုးဖြူ မိစ္ဆာ ၏ အကြိုက်နှင့် သိပ်မကိုက်ညီလှချေ။ ရွေးချယ်ခွင့်ရမည်ဆိုပါက သူမ၏ အမြင်တွင် ကျန်းလျိုသည် ပို၍ သာလွန်နေပေသည်။

သန့်ရှင်းသပ်ရပ်ပြီး ရုပ်ရည်ချောမောကာ အလွန် ငယ်ရွယ်ပြီး ကြင်နာတတ်သော ကိုရင်လေးတစ်ပါး။ ဤမျှ ကောင်းမွန်သော ပစ်မှတ်မျိုးကို နှစ်ပေါင်းများစွာ ကြာသည့်တိုင် သူမ တွေ့ကြုံရခဲလှပေသည်။

ထို့ကြောင့် အရိုးဖြူ မိစ္ဆာသည် မနေနိုင်မထိုင်နိုင် ဖြစ်သွားပြီး သူမ၏ လက်ကို ဖြည်းညင်းစွာ မြှောက်ကာ လှုပ်ရှားဖို့ပင် ပြင်လိုက်မိတော့၏။

သို့သော်လည်း ကျန်းလျိုနှင့်အတူ ပင်မခန်းမဆောင်ကြီး အတွင်းသို့ တိုက်ရိုက် ဝင်ရောက်သွားသောအခါ အရိုးဖြူ မိစ္ဆာ သည် မြှောက်ထားသော သူမ၏ လက်ကို ချက်ချင်း ပြန်ချလိုက်၏။ သူမ၏ မျက်လုံးများထဲတွင် လေးနက်သော အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားလေသည်။

စားပွဲဝိုင်းကြီး တစ်လုံးရှိနေပြီး စွန်းဝူခုန်းနှင့် သူ၏ ညီတော်နှစ်ပါးက တစ်ဖက်စီတွင် ထိုင်နေကြ၏။

စွန်းဝူခုန်းကတော့ တော်သေးသည်ဟု ဆိုရမည်။ မည်သို့ပင်ဖြစ်စေ ပိန်ပိန်ပါးပါး မျောက်ငပုလေး တစ်ကောင်မျှသာ ဖြစ်၏။ သို့သော် ကျူးပါကျဲ၏ အသွင်အပြင်မှာမူ အလွန် ကြီးမားခိုင်ခံ့လှပြီး အရပ် နှစ်မီတာကျော်ရှိကာ လူ့ခန္ဓာကိုယ်နှင့် ဝက်ခေါင်းကို ပိုင်ဆိုင်ထားလေရာ မိစ္ဆာ သတ္တဝါတစ်ကောင်ဖြစ်ကြောင်း ရှင်းလင်းစွာ သိသာနေပေသည်။

သေချာပေါက် အထူးခြားဆုံးမှာ ရှားဝူကျင်း ဖြစ်ပြီး အရပ် သုံးမီတာကျော် မြင့်မားကာ ဘီလူးကြီး တစ်ကောင်ကဲ့သို့ ဖြစ်နေပြီး သူ၏ အစိမ်းရောင် မျက်နှာနှင့် ကြမ်းကြုတ်သော အသွင်အပြင်က ပို၍ပင် ကြောက်မက်ဖွယ် ကောင်းနေသေးသည်။

မာဂျောင်ခုံ ပတ်လည်ရှိ ထိုသူများကို ကြည့်ရင်း အရိုးဖြူ မိစ္ဆာ ၏ ရင်ထဲတွင် သတိထားသွားမိလေသည်။ ကြည့်ရသည်မှာ ဤ ကိုရင်လေး က တစ်ပါးတည်း မဟုတ်ဘူးပေါ့လေ။ သူ၏ ဘေးတွင် ကြောက်မက်ဖွယ်ကောင်းသော မိစ္ဆာ တချို့ ရှိနေသည် မဟုတ်ပါလား။

သို့တိုင်အောင် သူမသည် လှုပ်ရှားရန် အလောတကြီး မလုပ်သေးချေ။ အခြေအနေကို အရင်ဆုံး သေချာစွာ စုံစမ်းကြည့်ခြင်းက ပိုကောင်းပေလိမ့်မည်။

"အာ... မိစ္ဆာတွေ... ဒီမှာ မိစ္ဆာတွေ ရှိနေတယ်..."

သူမ၏ စိတ်ထဲတွင် အတွေးများစွာ ရှိနေသော်လည်း အရိုးဖြူ မိစ္ဆာ က လျင်မြန်စွာ တုံ့ပြန်လိုက်၏။ စွန်းဝူခုန်းတို့ကို မြင်သောအခါ ကြောက်ရွံ့ထိတ်လန့်သွားသည့် အမူအရာကို ပြသကာ မြေပြင်ပေါ်သို့ လဲကျသွားပြီး ကျယ်လောင်စွာ အော်ဟစ်လိုက်တော့သည်။

'ဟက်ဟက်ပက်ပက်ကို သရုပ်ဆောင်ပြနေတာပဲ... အော်စကာဆုတောင် ပေးလို့ရတယ်...'

အကယ်၍ ကျန်းလျိုသာ ဇာတ်ကောင် အချက်အလက်ပြဘုတ် မှတစ်ဆင့် သူမ မည်သူမည်ဝါဖြစ်ကြောင်းနှင့် အဆင့် ၇၀ ဖြစ်နေကြောင်းကို စောစောကတည်းက မသိထားခဲ့ပါက သူမ၏ လှည့်စားခြင်းကို အမှန်တကယ် ခံလိုက်ရမည်မှာ သေချာပေသည်။

ဤအချက်က ဤမျှ ကောင်းမွန်သော သရုပ်ဆောင်စွမ်းရည်ကို ကျန်းလျိုအား ရင်ထဲမှနေ၍ အံ့မခန်း ဖြစ်သွားစေခဲ့၏။ မူလ အနောက်ဘက် ကောင်းကင်ဘုံ ခရီးစဉ် ဇာတ်လမ်းထဲတွင် ထန်ဆရာတော် သည် သူမ၏ လှည့်စားမှုကို ခံရပြီး တပည့်များအကြား အက်ကွဲကြောင်းများ ဖြစ်ပေါ်လာစေကာ စွန်းဝူခုန်းကိုပင် နှင်ထုတ်ပစ်လိုက်သည်အထိ ဖြစ်ခဲ့ရသည်မှာ အံ့သြစရာတော့ မဟုတ်ချေ။

သရုပ်ဆောင်မှုအပိုင်းတွင် အရိုးဖြူ မိစ္ဆာ သည် အနောက်ဘက် ကောင်းကင်ဘုံ ခရီးစဉ် ကမ္ဘာလောကကြီးထဲ၌ ထိပ်တန်း မင်းသမီးတစ်လက်ဟုပင် သတ်မှတ်နိုင်ပေသည်။

"မကြောက်ပါနဲ့ ဒကာမကြီး... သူတို့ သုံးယောက်စလုံးက ကျုပ်ရဲ့ တပည့်တွေပါ... သူတို့က ရုပ်ဆိုးကြပေမယ့် ဗုဒ္ဓဘာသာဝင်တွေပါ..."

အရိုးဖြူ မိစ္ဆာ က သရုပ်ဆောင်နေသည်ဖြစ်ရာ ကျန်းလျိုကလည်း အလျင်စလို လှုပ်ရှားခြင်း မပြုခဲ့ချေ။ ထို့အစား သူမ ဘာတွေဆက်လုပ်မည်ကို စောင့်ကြည့်ရန် ဆုံးဖြတ်လိုက်ပြီး ဖြေသိမ့်စကား အနည်းငယ် ပြောလိုက်လေသည်။

"အော်... ဆရာတော့်ရဲ့ တပည့်တွေ ဆိုပါလား... ဒါပေမယ့် သူတို့ရုပ်တွေက တော်တော်လေး ကြောက်စရာကောင်းတယ်နော်..."

ကျန်းလျို၏ ဖြေသိမ့်စကားများကို ကြားသောအခါ အရိုးဖြူ မိစ္ဆာ ၏ မျက်နှာအမူအရာမှာ အနည်းငယ် တည်ငြိမ်သွားသကဲ့သို့ ဖြစ်သွားပြီး တီးတိုး ပြောလိုက်၏။

စကားပြောရင်း သူမသည် မြေပြင်ပေါ်မှ ဖြည်းညင်းစွာ ထလိုက်လေသည်။

"ဒကာမကြီး... အတော်ပဲ... ဒီည စားစရာ အကြွင်းအကျန် နည်းနည်းပါးပါး ရှိသေးတယ်... ယူစားလိုက်ပါဦးဗျာ..."

အရိုးဖြူ မိစ္ဆာ မတ်တပ်ရပ်လိုက်သည်ကို မြင်သောအခါ ကျန်းလျိုသည် ညနေက စားကြွင်းစားကျန် အချို့ကို ယူလာကာ ပန်းကန်လုံးတစ်လုံးထဲသို့ ထည့်ပြီး အရိုးဖြူ မိစ္ဆာ ထံသို့ ကမ်းပေးရင်း ပြောလိုက်၏။

"ကျေးဇူးတင်ပါတယ် ကိုရင်လေး... ကိုရင်လေးက တကယ်ကို သဘောကောင်းတဲ့သူပါပဲရှင်... ကိုရင်လေးသာ မရှိရင် ကျွန်မ ဒီည သွားစရာနေရာမရှိဘဲ တောရိုင်းတိရစ္ဆာန် တစ်ကောင်ကောင်ရဲ့ ဆွဲချီသွားတာကို ခံရနိုင်တယ်လေ..."

ကျန်းလျိုထံမှ ထမင်းပန်းကန်ကို ယူလိုက်ရင်း အရိုးဖြူ မိစ္ဆာ သည် အလွန် ကျေးဇူးတင်နေသည့် အမူအရာဖြင့် ပြောလိုက်လေသည်။

သို့သော်လည်း ထမင်းပန်းကန်ကို ငုံ့ကြည့်လိုက်သောအခါ အရိုးဖြူ မိစ္ဆာ ၏ မျက်နှာအမူအရာ အနည်းငယ် ပျက်ယွင်းသွား၏။

"ဟမ်... ငါး၊ ပုစွန် နဲ့ အသားတွေလည်း ပါတယ်... ဒါက ဆရာတော်တို့ ဗုဒ္ဓဘာသာဝင်တွေရဲ့ အစားအစာလား... ဆရာတော်တို့က သက်သတ်လွတ် စားရမှာ မဟုတ်ဘူးလား..."

"အောမိတော်ဖော... အရက်နဲ့ အသားတွေက အူလမ်းကြောင်းထဲကနေ ဖြတ်သန်းသွားပေမယ့် ဗုဒ္ဓကတော့ ငါတို့ရဲ့ ရင်ထဲမှာ ကိန်းဝပ်နေဆဲပါ... ကျုပ်တို့ ရဟန်းတွေက တခြားသူတွေနဲ့ မတူဘူးလေ... ကျုပ်တို့က စည်းမျဉ်းတွေ၊ သီလတွေကို မစောင့်ထိန်းဘဲ ဝိညာဉ်ကိုပဲ ကျင့်ကြံတာပါ..."

အရိုးဖြူ မိစ္ဆာ ၏ စကားကို ကြားသောအခါ ကျန်းလျိုသည် ဗုဒ္ဓ အမည်နာမကို တိတ်ဆိတ်စွာ ရွတ်ဆိုလိုက်ပြီးနောက် ပြန်လည်ဖြေကြားလိုက်လေသည်။

"သီလမစောင့်ထိန်းဘဲ ဝိညာဉ်ကို ကျင့်ကြံလို့ရတယ်ပေါ့... အဲဒါ တကယ်သာ ဖြစ်နိုင်မယ်ဆိုရင်တော့ ကိုရင်လေးရဲ့ ဗုဒ္ဓဘာသာ စွမ်းရည်တွေက သာမန်တော့ မဟုတ်လောက်ဘူး..."

ကျန်းလျို၏ ရှင်းပြချက်ကို ကြားသောအခါ အရိုးဖြူ မိစ္ဆာသည် သူ့အား သံသယဝင်သော မျက်လုံးများဖြင့် ကြည့်လိုက်၏။

"အို... ဒကာမကြီးက ဗုဒ္ဓတရားတော်တွေကိုလည်း နားလည်တယ်ပေါ့လေ..."

အရိုးဖြူ မိစ္ဆာ၏ မှတ်ချက်စကားကြောင့် ကျန်းလျိုသည် အံ့အားသင့်စွာဖြင့် သူမကို ကြည့်လိုက်မိသည်။

မူလဇာတ်လမ်းထဲမှ ရက်စက်ကြမ်းကြုတ်လှသော အရိုးဖြူမိစ္ဆာသည် ဗုဒ္ဓတရားတော်များကို နားလည်နိုင်မည်ဆိုသည်မှာ တွေးကြည့်ရန်ပင် ခက်ခဲလှပေသည်။

"နည်းနည်းပါးပါးပါပဲ... ကွယ်လွန်သွားပြီဖြစ်တဲ့ ကျွန်မရဲ့ ယောကျာ်းက ဗုဒ္ဓတရားတော်တွေကို အရမ်းရူးသွပ်ခဲ့တာလေ... ကျွန်မက သူ့ဆီကနေ နည်းနည်းလွှမ်းမိုးခံလိုက်ရုံပါ..."

အရိုးဖြူ မိစ္ဆာက အနည်းငယ် ခေါင်းညိတ်ပြလိုက်ပြီး ဤအကြောင်းအရာနှင့် ပတ်သက်၍ ဆက်လက်ပြောဆိုလိုပုံ မရဘဲ ခေါင်းငုံ့ကာ ထမင်းစားနေလိုက်၏။

အရိုးဖြူ မိစ္ဆာ စကားဆက်မပြောချင်သည်ကို မြင်သောအခါ ကျန်းလျိုကလည်း အတင်းအကျပ် ဆက်မမေးတော့ချေ။ ထိုအချိန်တွင် ကျူးပါကျဲက ကျန်းလျိုအား စားပွဲဝိုင်းဆီသို့ လာရန် လှမ်းခေါ်လိုက်လေသည်။ သို့ဖြစ်၍ ကျန်းလျိုသည် ခွင့်တောင်းလိုက်ပြီး ခန်းမဆောင်၏ အခြားတစ်ဖက်ရှိ မာဂျောင်ခုံဘေးတွင် ဝင်ထိုင်လိုက်တော့၏။

"ဆရာတော်... ဒီအမျိုးသမီးက ဘယ်သူလဲ... သူ့ကို ဘာလို့ အထဲဖိတ်ခေါ်လိုက်တာလဲ..."

မာဂျောင်ကစားနေရင်း စွန်းဝူခုန်းက ကျန်းလျိုကို တိတ်တဆိတ် မေးလိုက်သည်။

"ဟုတ်တယ် ဆရာတော်... ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့က ဗုဒ္ဓဘာသာဝင်တွေလေ... အမျိုးသမီးတစ်ယောက်ကို အထဲဖိတ်ခေါ်တာက သိပ်ပြီးမသင့်တော်ဘူး..."

စွန်းဝူခုန်း၏ စကားကို ရှားဝူကျင်းက ခေါင်းညိတ်ထောက်ခံရင်း တီးတိုးရေရွတ်လိုက်၏။

"ဟီးဟီး... ညီတော်ရှား ပြောတာ အဓိပ္ပါယ်ရှိတယ်... ဆရာတော်... သူမကို ကျွန်တော်ပဲ သွားဖြောင်းဖျလိုက်ပါ့မယ်... တကယ်လို့ သူမမှာ သွားစရာနေရာ မရှိဘူးဆိုရင်လည်း ဒီည ကျွန်တော့်အခန်းထဲမှာ အိပ်လို့ရတာပဲလေ..."

အရိုးဖြူ မိစ္ဆာ အသွင်ပြောင်းထားသော အမျိုးသမီးငယ်လေးကို မြင်သောအခါ ကျူးပါကျဲ၏ မျက်လုံးများ ရုတ်တရက် အရောင်လက်သွားပြီး တခစ်ခစ် ရယ်မောရင်း ပြောလိုက်လေသည်။

"ပါကျဲ... အဓိပ္ပါယ်မရှိတာတွေ လျှောက်ပြောမနေဘဲ မင်းအလှည့်ရောက်ပြီ အုတ်ချပ်သာ ဆွဲစမ်းပါ..."

ကျန်းလျိုက စိတ်အနှောင့်အယှက်ဖြစ်စွာဖြင့် သူ့အား ပြောလိုက်၏။

ကျူးပါကျဲ၏ စွမ်းအားသည် အရိုးဖြူ မိစ္ဆာထက် များစွာ သာလွန်နေသော်လည်း တစ်ခါတစ်ရံတွင် မမျှော်လင့်ထားသော နေရာများ၌ အမှားအယွင်းများ ဖြစ်ပေါ်နိုင်ပေသည်။ အိပ်ရာပေါ်တွင်ဆိုလျှင်တော့ ဆိုဖွယ်ရာပင် မရှိတော့ချေ။

ယခုအခါ ကျူးပါကျဲသည် စွန်းဝူခုန်းနှင့် တစ်ဖက်တည်းတွင် ရှိနေပြီဖြစ်ရာ ကျန်းလျိုအနေဖြင့် သူ့အား မည်သည့် အမှားအယွင်းမျှ မကြုံတွေ့စေချင်ပေ။

"အော်... ကောင်းပါပြီဗျာ..."

ကျန်းလျို၏ စကားများကို ကြားသောအခါ ကျူးပါကျဲသည် အနည်းငယ် တွန့်ဆုတ်နေသော်လည်း ကျန်းလျိုက သူတို့၏ အနောက်ဘက် ကောင်းကင်ဘုံ ခရီးစဉ်၏ အစစ်အမှန် သဘာဝကို ဖွင့်ဟပြောပြခဲ့ပြီး ကျူးကျူး အတွက် ရှင်ပြန်ထမြောက်ခြင်း စာလိပ် တစ်ခုကိုပင် ပေးခဲ့သည့် နေ့မှစ၍ ကျူးပါကျဲသည် ကျန်းလျိုနှင့် အမှန်တကယ်ပင် ရင်းနှီးကျွမ်းဝင်နေခဲ့ပြီ ဖြစ်၏။ သူသည် ဆရာတော်စကားကိုတော့ နားထောင်မည်သာ ဖြစ်ပေသည်။

ဤနေရာသို့ လာရောက်ရသည့် အရိုးဖြူ မိစ္ဆာ၏ အကြံအစည် အစစ်အမှန်က ဘာဖြစ်မည်နည်း။ လောလောဆယ်တွင်တော့ ကျန်းလျို မသိသေးချေ။ သူမက သရုပ်ဆောင်ချင်နေမှတော့ ကျန်းလျိုကလည်း လောလောဆယ် သူမနှင့်အတူ လိုက်လျောညီထွေစွာ သရုပ်ဆောင်ပေးလိုက်မည်သာ ဖြစ်၏။

ထို့ကြောင့် သူနှင့် သူ၏ တပည့်များသည် မာဂျောင်ကစားနေရင်း သူမကို လုံးဝ လျစ်လျူရှုထားလိုက်ကြပြီး သူမ၏ ထမင်းကို အရင်စားပြီးစေရန် လွှတ်ထားလိုက်ကြသည်။

ကျန်းလျိုနှင့် သူ၏တပည့်များအားလုံး မာဂျောင်ကစားနေကြသည်ကို ဂရုမစိုက်ဘဲ အရိုးဖြူ မိစ္ဆာသည် သူတို့ကို သေချာစွာ အကဲခတ်နေခဲ့ပြီး အထူးသဖြင့် ရှားဝူကျင်းအပေါ်သို့ သူမ၏ အာရုံစူးစိုက်မှုကို ခေတ္တမျှ ထားရှိလိုက်လေသည်။

မာဂျောင်ခုံရှိ လူများထဲတွင် ရှားဝူကျင်းက ခန္ဓာကိုယ်အကြီးမားဆုံး ဖြစ်ပြီး အစွမ်းအထက်ဆုံးဟု ထင်ရသောကြောင့်ပင်တည်း။

သူမ၏ စိတ်ထဲတွင် အတွေးများ ပြည့်နှက်နေသော်လည်း အရိုးဖြူ မိစ္ဆာသည် မည်သည့်အမူအရာမျှ မပြဘဲ ထမင်းတစ်လုတ်ကို ပေါ့ပေါ့ပါးပါးပင် စားလိုက်၏။

"ဟင်..."

ငါးအသားတစ်တုံးကို စားပြီးနောက် အရိုးဖြူ မိစ္ဆာသည် ရုတ်တရက် တန့်သွားပြီး သူမ၏ ပန်းကန်လုံးကို အံ့အားသင့်စွာဖြင့် ငုံ့ကြည့်လိုက်မိလေသည်။ အစားအစာ၏ အရသာမှာ သူမ တွေးထင်ထားသည်ထက် များစွာ ပိုမိုကောင်းမွန်ပြီး အလွန်အမင်း အရသာရှိလှပေသည်။

သူမ ထမင်းစားသည့် အရှိန်မှာ သိသိသာသာ မြန်ဆန်လာတော့၏။

***

All Chapters