အခန်း ၃၀၇
Vol. 22 Ch. 307
အပိုင်း(၃၀၇)
"ဟုတ်ကဲ့... နားလည်ပါပြီ ဆရာတော်..."
ကျန်းလျိုက မိစ္ဆာမကို တိုက်ရိုက် သွားရောက်ရှာဖွေမည်ဟု ပြောသည်ကို ကြားသောအခါ စွန်းဝူခုန်းသည် ဘာလုပ်ရမည်ကို သိရှိသွားလေသည်။
အေးဆေးစွာပင် စွန်းဝူခုန်းသည် သူ၏ ရွှေတင်းပုတ်ကြီး ကို မြေပြင်ပေါ်သို့ ပြင်းထန်စွာ ဆောင့်ချလိုက်ပြီး အော်ဟစ်လိုက်၏။
"မြေစောင့်နတ်... ဘယ်မှာလဲ..."
ဝမ်.. ဝမ်... ဝမ်...
စွန်းဝူခုန်း၏ လုပ်ရပ်ကြောင့် မြေပြင်ကြီး ကွဲအက်သွားပြီး မြေစောင့်နတ် ခုန်ထွက်လာကာ ကျန်းလျိုနှင့် အခြားသူများကို အရိုအသေ ပေးလိုက်လေသည်။
"မြေစောင့်နတ်... ငါ မင်းကို မေးမယ်... ဒီအနီးအနားမှာ ကြောက်စရာကောင်းတဲ့ မိစ္ဆာသတ္တဝါ တွေ ရှိလား..."
စွန်းဝူခုန်းသည် စကားကို လှည့်ပတ်မနေတော့ဘဲ မြေစောင့်နတ် ကို တိုက်ရိုက်ပင် မေးလိုက်၏။
"ရှိပါတယ်... ရှိပါတယ် မဟာပညာရှိကြီး... ဒီနေရာက ကျားဖြူတောင်ကုန်း ပါ... အနောက်တောင်ဘက်ကို နောက်ထပ် ခုနစ်မိုင်၊ ရှစ်မိုင်လောက် အကွာမှာ အရိုးဖြူဂူ လို့ခေါ်တဲ့ တောင်ပေါ်ဂူတစ်ဂူ ရှိပါတယ်... အဲဒီမှာ အရိုးဖြူ မိစ္ဆာ နေထိုင်ပြီး သူ့ရဲ့ ကျင့်ကြံခြင်းအဆင့် က အတော်လေး မြင့်မားပါတယ်..."
စွန်းဝူခုန်း၏ အမေးကို ကြားသောအခါ မြေစောင့်နတ် အနေဖြင့် ဖုံးကွယ်ထားစရာ အကြောင်းမရှိသဖြင့် အရိုးဖြူဂူ ရှိရာ အရပ်ဆီသို့ လက်ညှိုးထိုးပြလိုက်လေသည်။
"ကျေးဇူးတင်ပါတယ် မြေစောင့်နတ်..."
အရိုးဖြူဂူ ၏ ဦးတည်ရာကို သိရှိသွားပြီးနောက် ကျန်းလျိုသည် လက်အုပ်ချီကာ နှိမ့်ချယဉ်ကျေးစွာဖြင့် ကျေးဇူးတင်စကား ဆိုလိုက်၏။
"အို... မြှောက်ပင့်လွန်းနေပါပြီ... အခြား ကိစ္စမရှိတော့ဘူးဆိုရင် ဒီ နတ်ငယ်လေးကို ခွင့်ပြုပါဦး..."
ကျန်းလျို၏ ကျေးဇူးတင်စကားကို ကြားသောအခါ မြေစောင့်နတ် သည် အားနာပါးနာဖြင့် လက်ကာပြလိုက်သည်။
ထိုစကားများ အဆုံးတွင် ကျန်းလျိုနှင့် သူ၏ အဖော်များထံမှ နောက်ထပ် ညွှန်ကြားချက်များ မရှိတော့သည်ကို မြင်သောအခါ မြေစောင့်နတ် ၏ ပုံရိပ်သည် မြေပြင်အောက်သို့ ပြန်လည်ဝင်ရောက်ကာ ပျောက်ကွယ်သွားတော့၏။
"သွားကြစို့... အရိုးဖြူ မိစ္ဆာ နဲ့ သွားတွေ့ကြတာပေါ့..."
အရိုးဖြူဂူ ၏ တည်နေရာကို သိရှိပြီးနောက် ကျန်းလျိုက ပြောလိုက်သည်။ သူ၏ စကားများအဆုံးတွင် နဂါးမြင်းဖြူ သည် သူ၏ ရည်ရွယ်ချက်ကို နားလည်သွားကာ အရိုးဖြူဂူ ရှိရာဆီသို့ လျှောက်လှမ်းသွားတော့၏။
စွန်းဝူခုန်း အပါအဝင် တပည့်သုံးဦးသည်လည်း ကျန်းလျို၏ အနောက်မှ လိုက်ပါသွားကြလေသည်။
သို့သော်လည်း ထူးဆန်းပေသည်။ ဤနယ်မြေသည် ကျားဖြူတောင်ကုန်း ၏ နယ်နိမိတ်အတွင်းသို့ ရောက်ရှိနေပြီဖြစ်ရာ အရိုးဖြူ မိစ္ဆာ ၏ လက်အောက်တွင် မိစ္ဆာ အနည်းငယ်မျှ မရှိဘူးလော… ကင်းလှည့် မိစ္ဆာလေး တွေတောင် မရှိဘူးလော… သူတို့ ဤမျှ ခရီးနှင်လာခဲ့ပြီး ကျားဖြူတောင်ကုန်း တစ်ဝိုက်တွင် ဤမျှ အချိန်ကြာမြင့်စွာ လှည့်လည်သွားလာနေခဲ့သော်လည်း ကြမ်းကြုတ်သော သားရဲများ မဆိုထားနှင့် မိစ္ဆာ တစ်ကောင်တစ်လေနှင့်မျှ အဘယ်ကြောင့် မဆုံတွေ့ရသနည်း…။
အရိုးဖြူဂူ သို့ နီးကပ်လာသည်နှင့်အမျှ ထိုသို့သော သံသယများသည် ပိုမိုနက်ရှိုင်းလာခဲ့၏။
အမှန်တကယ်ပင် နောက်ဆုံး၌ ကျန်းလျိုနှင့် သူ၏ အဖော်များသည် အရိုးဖြူဂူ ၏ အဝင်ဝသို့ ရောက်ရှိလာခဲ့သော်လည်း လမ်းတစ်လျှောက်တွင် မည်သည့် မိစ္ဆာ ကိုမျှ မတွေ့ခဲ့ရချေ။ သို့သော် ဂူအဝင်ဝကို စောင့်ကြပ်နေသော မိစ္ဆာလေး နှစ်ကောင်တော့ ရှိနေပေသည်။
သို့သော်လည်း ကျန်းလျိုနှင့် သူ၏ အဖော်များကို မြင်သောအခါ ဤ မိစ္ဆာလေး များသည် ရှေ့သို့ထွက်ကာ ဆူပူကြိမ်းမောင်းခြင်း မပြုဘဲ ယဉ်ကျေးစွာ ဦးညွှတ်လျက် ပြောလိုက်ကြ၏။
"ဆရာတော်တို့ ခဏလောက် စောင့်ပါခင်ဗျာ... ကျွန်တော်တို့ရဲ့ သခင်မက ဆရာတော်တို့ကို ကြိုဆိုဖို့ မကြာခင် ထွက်လာပါလိမ့်မယ်..."
စွန်းဝူခုန်းသည် မူလက ရှေ့သို့ထွက်ကာ အထဲရှိ မိစ္ဆာများကို ထွက်လာစေရန် ရန်စမည်ဟု ရည်ရွယ်ထားခဲ့သော်လည်း အဝင်ဝရှိ မိစ္ဆာလေး က ဤမျှ ယဉ်ကျေးစွာ စကားပြောနေသောကြောင့် သူ ပြောချင်သော စကားများကို ပြန်မြိုချလိုက်ရလေသည်။
"ဒီမြင်ကွင်းက ဘာလို့ ဒီလောက် ရင်းနှီးနေရတာလဲ..."
သို့ရာတွင် အဝင်ဝကို စောင့်ကြပ်နေသော မိစ္ဆာလေး ၏ စကားများက ကျန်းလျိုအား ပို၍ သတိထားသွားစေခဲ့၏။
သူတို့ လေဝါမိစ္ဆာ နှင့် ကြုံတွေ့ခဲ့စဉ်က အခြေအနေနှင့် ဆင်တူနေသည် မဟုတ်ပါလော။
လေဝါမိစ္ဆာ၏ ဂူရှိ မိစ္ဆာသည်လည်း အလွန် ဧည့်ဝတ်ကျေပွန်စွာဖြင့် သူတို့ကို ဂူအတွင်းသို့ ဖိတ်ခေါ်ခဲ့သော်လည်း တကယ်တမ်းကျတော့ ယင်းမှာ လေဝါမိစ္ဆာ ဂူ၏ နောက်ပေါက်မှ ထွက်ပြေးနိုင်ရန် အချိန်ဆွဲနေခြင်းမျှသာ ဖြစ်ခဲ့ပေသည်။
အရိုးဖြူဂူ ရှိ ဤသို့ စိတ်အားထက်သန်စွာ ကြိုဆိုမှုမှာလည်း ထိုနည်းတူပင် ဖြစ်နေရာ အရိုးဖြူ မိစ္ဆာ သည်လည်း နောက်ပေါက်မှ ထွက်ပြေးရန် စီစဉ်နေသည်များလား…
ဤအတွေးက ကျန်းလျို၏ စိတ်ထဲတွင် လျှပ်တစ်ပြက် ဖြတ်ပြေးသွားပြီး သူ့ကို နိုးကြားသွားစေကာ အထဲသို့ အတင်းဝင်ရောက်ကြည့်ရှုသင့်မသင့် စဉ်းစားခန်း ဝင်သွားစေတော့သည်။
ထိုစဉ် ခြေသံများ ထွက်ပေါ်လာပြီး မကြာမီမှာပင် အဖြူရောင် ဂါဝန်ကို ဝတ်ဆင်ထားကာ ကျော့ရှင်းသော ခန္ဓာကိုယ်နှင့် ရင်သပ်ရှုမောဖွယ် အလှကို ပိုင်ဆိုင်ထားသော အရိုးဖြူ မိစ္ဆာ က ရှေ့မှ ဦးဆောင်၍ ထွက်လာခဲ့၏။
သူမ၏ ဘေးတွင် နုနယ်လှပသော အစေခံမလေး နှစ်ကောင် လိုက်ပါလာပြီး သူမ၏ အနောက်ဘက်တွင်လည်း မိစ္ဆာ များစွာ ပါဝင်လာခဲ့ပေသည်။
'ဒါဆို အဆင့် ၇၀ ရှိတဲ့ မိစ္ဆာနတ်မင်း ပေါ့လေ... သူ့ ဘေးက အစေခံမလေးတွေတောင် မိစ္ဆာဘုရင် အဆင့်မှာ ရှိနေကြတာပဲ...'
အရိုးဖြူ မိစ္ဆာ ဘေးရှိ အစေခံမလေး နှစ်ကောင်၏ အသွင်အပြင်ကို မြင်သောအခါ ကျန်းလျိုသည် ရင်ထဲမှ တိတ်ဆိတ်စွာ ရေရွတ်လိုက်လေသည်။
"ကိုရင်လေးနဲ့ လူကြီးမင်းတို့... ကျွန်မတို့ ထပ်တွေ့ကြပြန်ပြီနော်... ဒီမနက်လေးတင် ခွဲခွာသွားပြီးမှ ကျွန်မရဲ့ အရိုးဖြူဂူ ကို ကိုယ်တိုင် အလည်လာကြလိမ့်မယ်လို့ မထင်ထားမိဘူး... တကယ်ကို ဝမ်းသာဂုဏ်ယူမိပါတယ်ရှင်..."
အရိုးဖြူ မိစ္ဆာ က သူမ မည်သူမည်ဝါဖြစ်ကြောင်း ပွင့်ပွင့်လင်းလင်း ဝန်ခံလျက် အလွန် ယဉ်ကျေးစွာဖြင့် နှုတ်ဆက်လိုက်၏။
သူတို့က သူမ၏ တံခါးဝအရောက် တိုက်ရိုက် လာကြပြီဖြစ်ရာ သူမ၏ အစစ်အမှန် ပုံရိပ်ကို ဖုံးကွယ်ထားရန် အကြောင်းမရှိတော့ချေ။
အကယ်၍ သူတို့က သူမကို မှတ်မိနေခဲ့လျှင် ဖုံးကွယ်ထားစရာ မလိုတော့ပေ။ အကယ်၍ သူတို့က သူမကို မမှတ်မိခဲ့ဘူးဆိုလျှင်လည်း သူတို့က ပြဿနာလာရှာခြင်း ဖြစ်နိုင်ပေသည်။ ဤသို့ဆိုလျှင် သူမ၏ အစစ်အမှန်ကို ပွင့်ပွင့်လင်းလင်း ဖော်ပြလိုက်ခြင်းက ပို၍ ကောင်းပေလိမ့်မည်။ မနေ့ညက မာဂျောင် အတူတူ ကစားခဲ့ခြင်းက ကံကြမ္မာ အပြောင်းအလဲလေး တစ်ခုကိုများ ဖြစ်ပေါ်စေနိုင်မလား သူမ မသိချေ။
"အောမိတော်ဖော..."
အရိုးဖြူ မိစ္ဆာ သည် သူမ မည်သူဖြစ်ကြောင်း ပွင့်ပွင့်လင်းလင်း ဝန်ခံပြီး အလွန် ယဉ်ကျေးနေသည်ကို ကြည့်ကာ ကျန်းလျိုသည် ဗုဒ္ဓအမည်နာမကို တိုးတိုးလေး ရွတ်ဆိုလိုက်ပြီး မည်သည့် အမူအရာ၊ မည်သည့် လေသံဖြင့် စကားပြောရမည်ကို ရုတ်တရက် မသိအောင် ဖြစ်သွားလေသည်။
သူက ဖော်ရွေစွာ ပြန်လည်တုံ့ပြန်ရမည်လား… သို့မဟုတ် တင်းမာစွာ မေးခွန်းထုတ်ရမည်လား… နှစ်ခုစလုံးက မသင့်တော်သကဲ့သို့ ရှိနေပေသည်။
"ဝိုး... ဒါဆို မနေ့ညက ငါတို့နဲ့ မာဂျောင် ကစားခဲ့တာ မင်းပေါ့လေ... ဘာလို့ မင်းရဲ့ အစစ်အမှန် ရုပ်သွင်ကို မပြခဲ့တာလဲ... ဒီအသွင်အပြင်က မနေ့ညကထက် အများကြီး ပိုလှနေတယ် မဟုတ်လား..."
အရိုးဖြူ မိစ္ဆာ ၏ စကားကို ကြားသောအခါ ကျူးပါကျဲက အံ့သြချီးမွမ်းသည့်ဟန်ဖြင့် ဝင်ပြောလိုက်၏။
အရိုးဖြူ မိစ္ဆာ သည် ကျူးပါကျဲအား မျက်စောင်းတစ်ချက် ထိုးလိုက်လေသည်။ သူမ သူ့ကို အလွန် ကြည့်မရအောင် ဖြစ်နေမိ၏။
သူက မနေ့ညက သူမကို အပြတ်အသတ် နိုင်လုနီးပါး ဖြစ်ခဲ့သည် မဟုတ်ပါလော။ ယနေ့လည်း သူမ၏ အဝတ်အစားများကို ချွတ်၍ အာမခံထားခဲ့မည်ဟု သူက မျှော်လင့်နေသေးသည်လား။
"အောမိတော်ဖော... တကယ်တော့ ဒီနေ့ ကျုပ် ရောက်လာတာက ကိစ္စတစ်ခု မေးချင်လို့ပါ..."
ခေတ္တမျှ တိတ်ဆိတ်ပြီးနောက် ကျန်းလျိုက စတင်ပြောဆိုလိုက်၏။ ထိပ်တိုက်ရင်ဆိုင်မှု ဖြစ်လာသည်ဖြစ်စေ၊ မဖြစ်လာသည်ဖြစ်စေ တောင်ခြေမှ အဘွားအို ပေးအပ်ထားသော တာဝန်ကို အရင်ဆုံး ပြီးမြောက်အောင် လုပ်ဆောင်ခြင်းက ပို၍အဆင်ပြေရာ ရောက်သည်ဟု သူ ခံစားလိုက်ရသည်။
"ကိုရင်လေး... ဂူထဲမှာပဲ ဝင်ပြီး ဆွေးနွေးကြရင် မကောင်းဘူးလားရှင်... အထဲကို ကြွပါ..."
နှိုင်းယှဉ်ကြည့်မည်ဆိုပါက အရိုးဖြူ မိစ္ဆာ သည် အလွန် စိတ်အားထက်သန်နေပြီး ကျန်းလျိုနှင့် အခြားသူများအား ဂူထဲသို့ တက်ကြွစွာ ဖိတ်ခေါ်နေလေသည်။
စွမ်းရည်မြင့်မားလာသည်နှင့်အမျှ သတ္တိကလည်း ကြီးမားလာသည် ဆိုသော စကားတစ်ခွန်း ရှိသည်။ အထူးသဖြင့် စွန်းဝူခုန်းနှင့် သူ၏ တပည့်များက အစောင့်အဖြစ် ဘေးတွင် ရှိနေသောကြောင့် ဖြစ်ပေသည်။
ထို့ကြောင့် ကျန်းလျိုသည် အများကြီး တွေးမနေတော့ဘဲ ခေါင်းညိတ်လိုက်ကာ ပြောလိုက်၏။
"ဒါဆိုရင်လည်း အနှောင့်အယှက် ပေးရတော့မှာပေါ့ဗျာ..."
"ကဲ... ကလေးတို့... ခမ်းနားတဲ့ စားပွဲသောက်ပွဲကြီး တစ်ခုကို မြန်မြန် သွားပြင်ဆင်လိုက်ကြ... ဒီသခင်မက ဂုဏ်သရေရှိ ဧည့်သည်တော်တွေကို ဧည့်ခံရမယ်..."
ဂူထဲသို့ ရောက်သည်နှင့် အရိုးဖြူ မိစ္ဆာက သူမ၏ ဘေးရှိ မိစ္ဆာလေးများကို အမိန့်ပေးလိုက်လေသည်။
"ကိုရင်လေး... မနေ့ညက ကိုရင်လေးရဲ့ ဧည့်ခံကျွေးမွေးမှုကို ခံခဲ့ရလို့ ဒီနေ့တော့ ဒီသခင်မကို သေချာလေး ပြန်ပြီး ဧည့်ခံခွင့်ပြုပါ..."
အရိုးဖြူ မိစ္ဆာ၏ ဧည့်ဝတ်ကျေပွန်မှုမှာ အမှန်တကယ်ပင် အပြစ်ဆိုဖွယ်ရာ မရှိပေ။ ယမန်နေ့ညက အစားအသောက်များကို ကြည့်ခြင်းအားဖြင့် ကျန်းလျိုနှင့် သူ၏ အဖော်များသည် ရဟန်းများ ဖြစ်ကြသော်လည်း အသားစားရန် ဝန်မလေးကြကြောင်း ရှင်းလင်းစွာ သိရှိထားသဖြင့် သူမက ဤညစာအတွက် ခမ်းနားသော စားပွဲသောက်ပွဲကြီးကို ပြင်ဆင်ပေးခဲ့ခြင်း ဖြစ်၏။
ကောင်းကင်ယံမှ ပျံသန်းသော ငန်းများ၊ မြေပြင်ပေါ်မှ နွားနှင့် သိုးများ၊ ရေထဲမှ ငါးနှင့် ပုစွန်များ စသည်တို့အပြင် သစ်သီးများ၊ မုန့်များနှင့် လက်ဖက်ရည်များလည်း ပါဝင်လေသည်။
သေချာပေါက် အရည်အသွေးကောင်းမွန်သော ဝိုင်အရက်များလည်း လိုလေသေးမရှိ ပြင်ဆင်ထားပေသည်။
ထို့ကြောင့် စားပွဲသောက်ပွဲကြီး အဆင်သင့် ဖြစ်သွားသောအခါ ခမ်းနားကြွယ်ဝလှသော ဟင်းလျာများကြောင့် ကျူးပါကျဲနှင့် အခြားသူများမှာ သွားရည်ကျလာသည်အထိ ဖြစ်သွားကြတော့၏။
ဤဟင်းလျာများ၏ အရသာသည် ကျန်းလျို ချက်ပြုတ်ထားသည်များနှင့် မယှဉ်နိုင်သော်လည်း ပါဝင်ပစ္စည်းများ၏ ပေါများကြွယ်ဝမှု အပိုင်းတွင်မူ ကျန်းလျို၏ ဟင်းလျာများထက် သာလွန်နေပေသည်။
သေချာပေါက် အရေးအကြီးဆုံးအချက်မှာ ဤဟင်းလျာများကို ပြင်ဆင်ရာတွင် အရိုးဖြူ မိစ္ဆာ အမှန်တကယ်ပင် အားထုတ်ကြိုးပမ်းထားကြောင်းကို သိသာထင်ရှားစွာ မြင်တွေ့နိုင်ခြင်းပင် ဖြစ်၏။
စွန်းဝူခုန်းနှင့် ကျူးပါကျဲတို့ကို အရင်ဆုံး မြည်းစမ်းခိုင်းပြီးနောက် သူတို့ ဘာမှဖြစ်မသွားသည်ကို မြင်သောအခါ ကျန်းလျိုကလည်း စတင်စားသောက်ရင်း အရိုးဖြူ မိစ္ဆာအား ပြောလိုက်လေသည်။
"ဧည့်ခံပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ဗျာ..."
***