အခန်း ၃၀၈
Vol. 22 Ch. 308
အပိုင်း(၃၀၈)
"ဒါနဲ့ ကိုရင်လေး... ဒီနေ့ ကျွန်မရဲ့ အရိုးဖြူဂူ ကို ဘာကိစ္စများရှိလို့ လာခဲ့တာလဲဆိုတာ မေးလို့ရမလား..."
တစ်ခဏကြာပြီးနောက် အရိုးဖြူ မိစ္ဆာက ကျန်းလျိုကို မေးလိုက်၏။
အရိုးဖြူ မိစ္ဆာက အရင်စတင် မေးမြန်းလာသည်ကို ကြားသောအခါ ကျန်းလျိုသည် သူ၏ ဝိုင်ခွက်နှင့် တူကိုချကာ သူမ၏ မျက်လုံးများကို စိုက်ကြည့်ရင်း ပြန်ပြောလိုက်သည်။
"တကယ်တော့ ကျုပ် ဒီနေ့ ရောက်လာတာက ကိစ္စတစ်ခုလောက် မေးချင်လို့ပါ..."
"ကျားဖြူတောင်ကုန်း ရဲ့ တောင်ခြေမှာ သက်ငယ်မိုး တဲအိမ်လေးတစ်လုံးကို ကျုပ်တို့ ဖြတ်လာခဲ့တယ်... အဲဒီမှာ အဘွားအိုတစ်ယောက်က သူ့ရဲ့ ယောကျာ်းနဲ့ မြေးမလေး အိမ်ပြန်လာမယ့်အချိန်ကို မျှော်လင့်တကြီးနဲ့ စောင့်နေတာကို တွေ့ခဲ့ရတယ်..."
ကျန်းလျိုက ခေတ္တမျှ ရပ်တန့်လိုက်ပြီးနောက် ဆက်ပြောလိုက်သည်။
"အဲဒီအဘွားအိုရဲ့ တောင်းဆိုမှုကြောင့် သူ့ရဲ့ ယောကျာ်းနဲ့ မြေးမလေး ကို ရှာဖို့ ကျားဖြူတောင်ကုန်း ကို ကျုပ် ရောက်လာခဲ့တာပါ... တစ်နေ့နဲ့ တစ်ညလုံး ရှာတာတောင် အရိပ်အယောင်လေးတောင် မတွေ့ရလို့ ခင်ဗျားများ သူတို့ ဘယ်မှာရှိလဲဆိုတာ သိနိုင်မလားလို့ပါ..."
ကျန်းလျို၏ စကားများကြောင့် အရိုးဖြူ မိစ္ဆာ၏ မျက်နှာအမူအရာ အနည်းငယ် ပြောင်းလဲသွားလေသည်။ ကျန်းလျို မည်သူ့အကြောင်း ပြောနေသည်ကို သူမ ကောင်းစွာ သိရှိထားပေ၏။
ခေတ္တမျှ စဉ်းစားပြီးနောက် အရိုးဖြူ မိစ္ဆာသည် ငြင်းဆန်ဖုံးကွယ်နေရန် မကြိုးစားတော့ဘဲ ခေါင်းညိတ်လိုက်ကာ ဝန်ခံလိုက်သည်။
"အင်း... ကျွန်မ သိတယ်... ပြီးတော့ ဆရာတော် ရှာနေတဲ့သူတွေက အခု ကျွန်မရဲ့ အရိုးဖြူဂူ ထဲမှာ ရှိနေတာ..."
'ငါ ထင်တဲ့အတိုင်းပဲ...'
အရိုးဖြူ မိစ္ဆာ၏ တုံ့ပြန်မှုကြောင့် ကျန်းလျို အံ့အားသင့်မသွားခဲ့ချေ။ အရာအားလုံးမှာ သူ မျှော်လင့်ထားသည့်အတိုင်းပင် ဖြစ်၏။
သို့ရာတွင် အရိုးဖြူ မိစ္ဆာက ဤမျှ ပွင့်ပွင့်လင်းလင်း ဝန်ခံလိုက်ခြင်းကတော့ ကျန်းလျိုကို အနည်းငယ် အံ့အားသင့်သွားစေခဲ့ပေသည်။
"ဘာလဲ... ကိုရင်လေးက သူတို့ကို ကယ်တင်ချင်လို့လား..."
ကျန်းလျို စကားပြောရန်ပင် မစောင့်တော့ဘဲ အရိုးဖြူ မိစ္ဆာက သူ့ကို စူးစိုက်ကြည့်ကာ အရင်စတင် မေးမြန်းလိုက်လေသည်။
"သေချာတာပေါ့... အရိုးဖြူ မိစ္ဆာ အနေနဲ့ သူတို့ကို လွှတ်ပေးဖို့ ဆန္ဒရှိနိုင်မလား... ဘာပဲဖြစ်ဖြစ် ကျုပ်လည်း တစ်ယောက်ယောက်ကို ကတိပေးထားခဲ့လို့ပါ..."
ကျန်းလျိုက အရိုးဖြူ မိစ္ဆာကို တည့်တည့်စိုက်ကြည့်ရင်း လေးနက်စွာ ပြန်လည်ဖြေကြားလိုက်၏။
"ဒါတော့ မဖြစ်နိုင်ဘူး…”
ကျန်းလျို၏ စကားများကို အရိုးဖြူ မိစ္ဆာက ခေါင်းခါယမ်းကာ ပြန်လည်တုံ့ပြန်လိုက်၏။
"လူတွေက အသားစားဖို့အတွက် တောရိုင်းတိရစ္ဆာန်တွေကို အမဲလိုက် သတ်ဖြတ်ကြတာက သူတို့အမြင်မှာတော့ သဘာဝကျသလို ဖြစ်နေတာပဲလေ... အလားတူပဲ မိစ္ဆာမျိုးနွယ်စု အများစုကလည်း မိစ္ဆာအဖြစ် ကျင့်ကြံလာကြတဲ့ သားရဲတွေဖြစ်လို့ လူတွေကို အစားအစာအဖြစ် အမဲလိုက်ရတာကလည်း သူတို့အတွက် သဘာဝကျတယ်လို့ ထင်ရတာပဲလေ... ဒါက ကောင်းကင်ဘုံ ဥပဒေသရဲ့ သဘာဝ သံသရာလည်နေတာပဲ..."
အရိုးဖြူ မိစ္ဆာသည် ခေတ္တရပ်တန့်လိုက်ပြီး ဆက်ပြောလေသည်။
"လူသားတွေက ကောင်းကင်နဲ့မြေကြီးရဲ့ ဇာတ်လိုက်တွေဖြစ်ပြီး ကောင်းကင်ဘုံ ဥပဒေသရဲ့ မျက်နှာသာပေးမှုကို ခံရတယ်ဆိုပေမယ့်… ကောင်းကင်ဘုံ ဥပဒေသက ဘက်မလိုက်ပါဘူး... ငါတို့ မိစ္ဆာမျိုးနွယ်စုက လူတွေကို အမဲလိုက်တာကလည်း ကောင်းကင်ဘုံ ဥပဒေသနဲ့ ကိုက်ညီနေတာပဲလေ... ဒီလူတွေက ငါ့လက်ထဲကို ရောက်လာပြီဆိုတော့ သူတို့က ငါ့ရဲ့ အမဲကောင်တွေ ဖြစ်သွားပြီပေါ့... ကိုရင်လေးက တောင်းဆိုရုံနဲ့ ဘယ်လိုလုပ် လွယ်လွယ်ကူကူ လွှတ်ပေးနိုင်မှာလဲ..."
"အဓိပ္ပါယ်မရှိတာ... မိစ္ဆာတွေ လူတွေကို အမဲလိုက်တာက ကြီးမားတဲ့ တားမြစ်ချက်တစ်ခု ဖြစ်နေတာကို မင်းက သဘာဝ သံသရာလို့များ ပြောထွက်ရက်တယ်ပေါ့လေ..."
အရိုးဖြူ မိစ္ဆာ၏ စကားများကို ကြားသောအခါ ရှားဝူကျင်းသည် သူ၏ ပန်းကန်လုံးကို ကျောက်စားပွဲပေါ်သို့ ပြင်းထန်စွာ ဆောင့်ချလိုက်မိပြီး ဒေါသတကြီးဖြင့် ဆူပူကြိမ်းမောင်းလိုက်လေသည်။
"ကြီးမားတဲ့ တားမြစ်ချက် ဟုတ်လား..."
ရှားဝူကျင်း၏ စကားကြောင့် အရိုးဖြူ မိစ္ဆာသည် သူ့အား တစ်ချက်ကြည့်လိုက်ပြီးနောက် သူမ၏ နှုတ်ခမ်းထောင့်များက လှောင်ပြောင်သည့်အပြုံးတစ်ခုအဖြစ် ကွေးညွတ်သွားလေသည်။
"ကြည့်ရတာ မင်းလည်း လူသားမျိုးနွယ်တော့ မဟုတ်ပုံရပါဘူး... ဘာလို့ ဒီလို ခေတ်နောက်ကျနေတဲ့ အယူအဆတွေကို ဖက်တွယ်ထားရတာလဲ... ဒီ တားမြစ်ချက် ဆိုတာကြီးကို ဘယ်သူကများ သတ်မှတ်ပေးခဲ့လို့လဲ... ကောင်းကင်ဘုံ ဥပဒေသကများ ပြဋ္ဌာန်းပေးခဲ့တာလား..."
"အဲဒါက နတ်မင်းတွေ၊ ဗုဒ္ဓတွေဆိုတဲ့ သူတွေက သတ်မှတ်ထားတာသက်သက်ပဲ မဟုတ်ဘူးလား... သူတို့ကလည်း ကောင်းကင်ဘုံ ဥပဒေသရဲ့ အောက်မှာရှိတဲ့ သတ္တဝါတွေပါပဲ... ဒါကိုများ သူတို့က ကောင်းကင်ဘုံကိုယ်စား ပြောဆိုပိုင်ခွင့်ရှိတယ်လို့ ယူဆနေကြတာလား... အဲဒါက ရယ်စရာမကောင်းဘူးလား..."
"မောက်မာလိုက်တဲ့ စကားတွေ..."
အရိုးဖြူ မိစ္ဆာ၏ စကားများကို ကြားသောအခါ ရှားဝူကျင်းသည် ဒေါသတကြီးဖြင့် မတ်တပ်ရပ်လိုက်ရာ သူ၏ မိစ္ဆာနှိမ်နင်းရေး ရတနာတောင်ဝှေး က သူ၏ လက်ထဲသို့ ရောက်ရှိလာတော့၏။
ရှားဝူကျင်း၏ လုပ်ရပ်ကို မြင်သောအခါ အရိုးဖြူ မိစ္ဆာ၏ မျက်နှာအမူအရာမှာလည်း တင်းမာသွားပြီး သူမ၏ အရိုးဖြူ ကျာပွတ် ကို 'ရွှမ်း' ခနဲ မြည်အောင် ရိုက်ချလိုက်လေသည်။
ကျာပွတ်သည် ရှားဝူကျင်း၏ မိစ္ဆာနှိမ်နင်းရေး ရတနာတောင်ဝှေး ကို ရစ်ပတ်သွားတော့၏။
ရှားဝူကျင်းသည် တောင်ဝှေးကို လက်နှစ်ဖက်ဖြင့် ကိုင်ထားပြီး သူ၏ မန်နာစွမ်းအင်များ စီးဆင်းသွားရာ တောင့်တင်းခိုင်မာသော လက်မောင်းများမှ ကြွက်သားများ ထောင်ကြွလာကာ သွေးကြောများမှာလည်း လက်မောင်းတွင် တွယ်ကပ်နေသော တီကောင်လေးများကဲ့သို့ ဖောင်းကြွလာလေသည်။
အရိုးဖြူ မိစ္ဆာသည် အရိုးဖြူ ကျာပွတ်ကို ကိုင်ထားပြီး သေချာပေါက် သူမကလည်း အားစိုက်ထုတ်နေပေသည်။
သူတို့နှစ်ဦးသည် အကြိတ်အနယ် အားပြိုင်နေကြတော့၏။
ရုပ်သွင်ပြင်ပန်းအရ ကြည့်မည်ဆိုလျှင် အရပ် သုံးမီတာကျော် မြင့်မားကာ ဘီလူးကြီးတစ်ကောင်ကဲ့သို့ ဖြစ်နေသော ရှားဝူကျင်းသည် ပကတိအသာစီး ရရှိထားပုံပေါ်ပေသည်။ သို့သော် ခွန်အားနှင့် ပတ်သက်လာလျှင် မိစ္ဆာနှိမ်နင်းရေး ရတနာတောင်ဝှေး ကို ကိုင်ဆောင်ထားသော်ငြားလည်း ရှားဝူကျင်းအနေဖြင့် အသာစီးရနိုင်ပုံ မပေါ်ချေ။
သူ၏ နဖူးပေါ်တွင် ချွေးစေးလေးများ ထွက်ပေါ်လာပြီ ဖြစ်သော်လည်း ခွန်အားပြိုင်ဆိုင်မှုတွင် အရိုးဖြူ မိစ္ဆာကို မကျော်လွှားနိုင်သေးပေ။
လူတစ်ဦး၏ အလုံးစုံ စွမ်းအားသည် ကျင့်ကြံခြင်းအဆင့်၊ မှော်နတ်စွမ်းအင်များနှင့် မှော်ရတနာများ၏ စွမ်းအားတို့နှင့် ဆက်စပ်နေသော်လည်း ၎င်းတို့၏ ကိုယ်ကာယ ခွန်အား ပြင်းထန်မှုအပေါ် မူတည်၍ ကြီးမားစွာ ခန့်မှန်းနိုင်ပေသည်။
ဤမိစ္ဆာမ၏ ခွန်အားသည် သူ့ထက် မနိမ့်ကျသည်ကို မြင်သောအခါ ရှားဝူကျင်းသည် ရင်ထဲ၌ တိတ်တဆိတ် အံ့အားသင့်သွားလေသည်။
အမှန်တကယ်တွင် ရှားဝူကျင်း တစ်ယောက်တည်း အံ့အားသင့်နေခြင်း မဟုတ်ဘဲ အရိုးဖြူ မိစ္ဆာ က ပို၍ပင် အံ့အားသင့်နေခဲ့၏။
ခန္ဓာကိုယ် တောင့်တင်းကြီးမားလှသော ဤလူကြီးသည် အမှန်တကယ်ပင် ကြောက်မက်ဖွယ် ခွန်အားကို ပိုင်ဆိုင်ထားပြီး ကောင်းကင်နတ်မင်း အဆင့် ကျင့်ကြံမှု ရှိနေသည်ကိုး…။
သို့သော်လည်း ကျင့်ကြံခြင်းအဆင့်များကို အကဲဖြတ်ကြည့်မည်ဆိုလျှင် သူတို့နှစ်ဦးစလုံးသည် တူညီသော ကောင်းကင်နတ်မင်း အဆင့်တွင် ရှိနေကြသော်လည်း သူမ၏ အဆင့်က သူ့ထက် တစ်ဆင့် ပိုမြင့်နေသေးပေသည်။
အတွေးတစ်ခုနှင့်အတူ အရိုးဖြူ မိစ္ဆာ ၏ မိစ္ဆာချီစွမ်းအင်များ တုန်ခါသွားပြီး သူမသည် အရိုးဖြူ ကျာပွတ်ကို လက်တစ်ဖက်တည်းဖြင့် ကိုင်ထားရာမှ လက်နှစ်ဖက်ဖြင့် ကိုင်ဆောင်လိုက်လေသည်။
ထို့နောက် လက်မောင်းနှစ်ဖက်ဖြင့် အားစိုက်ကာ ခါးကို လှည့်လိုက်ရာ ကြီးမားလှသော ရှားဝူကျင်း သည် ဖော်ပြ၍မရနိုင်လောက်အောင် ကြီးမားသော ခွန်အားတစ်ခုကို ခံစားလိုက်ရပြီး ချက်ချင်းဆိုသလိုပင် လုံးဝ ထိန်းချုပ်နိုင်စွမ်း မရှိတော့ဘဲ လေထဲသို့ လွင့်ထွက်သွားတော့၏။
ဘုန်း...
ရှားဝူကျင်းသည် အရိုးဖြူ မိစ္ဆာ ၏ ပစ်ပေါက်မှုကြောင့် ဂူနံရံနှင့် သွားစောင့်မိလေသည်။
အသံကို နားထောင်ကြည့်ရုံဖြင့် ရှားဝူကျင်း၏ ဤအကြိမ် ပြုတ်ကျမှုသည် မသက်သာလှကြောင်း သိသာပေသည်။
ရှားဝူကျင်းအား လွှင့်ပစ်လိုက်ပြီးနောက် အရိုးဖြူ မိစ္ဆာ ၏ နှုတ်ခမ်းထောင့်များ အနည်းငယ် မြင့်တက်သွားလေသည်။
ကိုယ်ခန္ဓာ တည်ဆောက်ပုံအရ ကြည့်မည်ဆိုလျှင် ရှားဝူကျင်းသည် မိစ္ဆာသုံးကောင်ထဲတွင် အသန်မာဆုံးဟု ထင်ရပေသည်။ ယခု သူ ကျရှုံးသွားပြီဖြစ်ရာ ဝက်မိစ္ဆာနှင့် ထိုပိန်ပိန်ပါးပါး မျောက်ငပုလေးမှာ သူမအတွက်တော့ ထည့်တွက်စရာ မလိုလောက်အောင်ပင် ဖြစ်နေတော့၏။
"အောမိတော်ဖော..."
ရှားဝူကျင်း လွင့်ထွက်သွားသည်ကို ကြည့်ရင်း ကျန်းလျိုသည် ဗုဒ္ဓဂါထာကို တိုးတိုးလေး ရွတ်ဆိုလိုက်သည်။ သူ၏ မျက်နှာအမူအရာမှာ ပျက်ယွင်းသွားခြင်း မရှိဘဲ ဤအရာအားလုံးအတွက် စိတ်ပိုင်းဆိုင်ရာ ကြိုတင်ပြင်ဆင်ထားပုံ ရပေသည်။
မည်သို့ပင် ဆိုစေ... သူတို့ကြားတွင် အဆင့်ကွာဟချက်မှာ အတော်လေး ကြီးမားလှသည် မဟုတ်ပါလော။ အဆင့် ၆၀၊ ၇၀ ဝန်းကျင်သို့ ရောက်ရှိလာချိန်တွင် အဆင့်တစ်ခုနှင့်တစ်ခုကြား ကျင့်ကြံခြင်း သို့မဟုတ် အတွေ့အကြုံမှတ် ကွာဟချက်မှာ အလွန်တရာ ကြီးမားလှပေသည်။
"အရိုးဖြူ မိစ္ဆာ... လက်ရာမဆိုးပါဘူးဗျာ... ဒါပေမယ့် ခင်ဗျားက လူတွေကို လွှတ်မပေးဘူးဆိုရင် ကျုပ်တို့နဲ့ တိုက်ပွဲတစ်ခု ဆင်နွှဲချင်တာလား..."
ဘေးတွင် လဲကျနေသော ရှားဝူကျင်းကို ဂရုမစိုက်ဘဲ ကျန်းလျို၏ အကြည့်တို့သည် အရိုးဖြူ မိစ္ဆာထံသို့ ကျရောက်သွားလေသည်။
အဆင့် ၇၀ ရှိတဲ့ အပြာရောင် အထူးဇာတ်ကောင်... သူမကိုသာ အနိုင်ယူနိုင်မည် ဆိုလျှင် ဘယ်လို ပစ္စည်းကောင်းတွေများ ထွက်လာမလဲဟု သူ တွေးလိုက်မိသည်။
"သေချာတာပေါ့..."
ကျန်းလျို၏ စကားကို ကြားသောအခါ အရိုးဖြူ မိစ္ဆာသည် အောင်နိုင်သူတစ်ဦးကဲ့သို့ စိတ်အားထက်သန်စွာဖြင့် ခေါင်းညိတ်ပြလိုက်၏။
သို့သော်လည်း ဘေးရှိ ကျူးပါကျဲနှင့် စွန်းဝူခုန်းတို့က စိန်ခေါ်မှုကို ရင်ဆိုင်ရန် မတ်တပ်မရပ်မီမှာပင် အရိုးဖြူ မိစ္ဆာသည် စကားလမ်းကြောင်းကို အလျင်အမြန် ပြောင်းလဲလိုက်ပြီး...
"မနေ့ညက ငါ တစ်ညလုံး မာဂျောင်ကစားခဲ့တာ အကုန်ရှုံးသွားတယ်... အဲဒါကို ငါ လက်မခံနိုင်ဘူး... ငါ့ကံတရားက ဒီလောက်အထိ ဆိုးရွားမနေနိုင်ပါဘူး... ဒီနေ့တော့ နောက်ထပ် အဆုံးအဖြတ် တိုက်ပွဲတစ်ခု ထပ်လုပ်ကြတာပေါ့..."
"ဘာ..."
အရိုးဖြူ မိစ္ဆာ၏ စကားကြောင့် ကျန်းလျို၏ မျက်နှာမှာ အနည်းငယ် တောင့်တင်းသွားပြီး သူ နားကြားမှားသလားဟု သံသယဖြစ်ကာ နှုတ်ခမ်းများ တွန့်ကွေးသွားလေသည်။
"မင်း ဘာပြောလိုက်တာလဲ... တိုက်ပွဲဆိုတာ မာဂျောင်ကစားတာကို ပြောတာလား..."
တိုက်ခိုက်ရန် ပြင်ဆင်နေကြသော စွန်းဝူခုန်းနှင့် ကျူးပါကျဲတို့ပင်လျှင် အံ့အားသင့်သွားကြပြီး တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီးမှ စွန်းဝူခုန်းက အရိုးဖြူ မိစ္ဆာကို စိုက်ကြည့်ကာ မေးလိုက်၏။
"ဟုတ်တယ်လေ... အဲဒီလူကြီးက မင်းတို့ထဲမှာ အသန်မာဆုံး မဟုတ်ဘူးလား... ငါ မင်းတို့ကို ထပ်ပြီး တိုက်ခိုက်နေရင် ငါက မင်းတို့ကို အနိုင်ကျင့်သလို ဖြစ်နေမှာပေါ့... အဲဒီတော့ ဒီနေ့ မာဂျောင်နဲ့ပဲ အနိုင်အရှုံး အဆုံးအဖြတ် ပေးကြစို့..."
ရှားဝူကျင်းကို လက်ညှိုးထိုးပြရင်း အရိုးဖြူ မိစ္ဆာသည် အလွန် အကျိုးအကြောင်း သိတတ်သူတစ်ဦးကဲ့သို့ ပြောဆိုနေတော့သည်။
'သူ တစ်ညလုံး မာဂျောင်ကစားပြီးတော့ တကယ်ကြီး စွဲလမ်းသွားတာပဲလား...'
အရိုးဖြူ မိစ္ဆာ၏ စကားကြောင့် ကျန်းလျို၏ မျက်နှာမှာ မှောင်မှောင်မည်းမည်း ဖြစ်သွားပြီး ရင်ထဲမှနေ၍ လှောင်ပြောင်လိုက်မိလေသည်။
သူမသည် ရှားဝူကျင်းကို အသန်မာဆုံးဟု အထင်မှားနေသဖြင့် သူ့ကို အနိုင်ယူပြီးနောက်တွင် ဝူခုန်းနှင့် ပါကျဲတို့ကိုပါ ထပ်မံနှိမ်နင်းကာ သူ့ကို ဖမ်းဆီးသွားခြင်းက သူမ၏ ပင်ကိုယ်စရိုက်နှင့် ပို၍ ကိုက်ညီသည် မဟုတ်ပါလော…။
သို့သော်လည်း ဤမျှ ကောင်းမွန်သော အခွင့်အရေးကို လက်လွှတ်လိုက်ပြီး မာဂျောင်နှင့် အဆုံးအဖြတ်ပေးရန် အဆိုတင်သွင်းလာသည်တဲ့လော…။
ယင်းက သူမ မာဂျောင်ကို မည်မျှအထိ စွဲလမ်းနေပြီဖြစ်ကြောင်း ရှင်းလင်းစွာ ပြသနေပေသည်။
အရိုးဖြူ မိစ္ဆာကို ခေတ္တမျှ စိုက်ကြည့်ပြီးနောက် ကျူးပါကျဲသည် ယနေ့နံနက်က အရိုးဖြူ မိစ္ဆာ လက်မှတ်ထိုးပေးခဲ့သော အကြွေးခံဝန်ကတိစာချုပ်ကို ထုတ်ယူကာ ဝှေ့ယမ်းပြလိုက်၏။
"အဟွတ်... အဟွတ်... မာဂျောင်တဲ့လား... မနေ့ညက မင်း အတွင်းခံဝတ်စုံပါ ရှုံးတော့မလို ဖြစ်ခဲ့တာလေ... အခုတော့ မင်းရဲ့ အကြွေးစာချုပ်က ငါ့လက်ထဲမှာ... အကြွေးဟောင်းတွေတောင် မဆပ်ရသေးဘဲနဲ့ ထပ်ပြီး လောင်းကစားချင်သေးတာလား..."
အတွင်းခံဝတ်စုံပါ ရှုံးတော့မလို ဖြစ်ခဲ့တာတဲ့လား…။
ဤစကားကြောင့် အရိုးဖြူဂူအတွင်းရှိ မိစ္ဆာအားလုံး၏ မျက်နှာများမှာ အမျိုးမျိုးသော အမူအရာများ ဖြစ်ပေါ်သွားကြတော့၏။
အရိုးဖြူ မိစ္ဆာ၏ မျက်နှာမှာ ပို၍ပင် နေရခက်သွားပြီး ထိုဝက်မိစ္ဆာကို ပို၍ ကြည့်မရအောင် ဖြစ်သွားလေသည်။ သူမသည် ကျူးပါကျဲအား စိုက်ကြည့်လိုက်ပြီးနောက် ဘေးရှိ အစေခံမလေးအား အမိန့်ပေးလိုက်လေသည်။
"ဘဏ္ဍာတိုက်ကိုသွားပြီး ငွေဒင်္ဂါးတွေ ယူလာခဲ့... ပြီးရင် ငါ့ရဲ့ အကြွေးစာချုပ်ကို သွားရွေးလိုက်စမ်း..."
"အမိန့်အတိုင်းပါ သခင်မ..."
အရိုးဖြူ မိစ္ဆာ၏ အမိန့်ကို အစေခံမလေးက ခေါင်းညိတ်လက်ခံလိုက်၏။
"ကဲ... ဒီနေ့တော့ အချိန်ကန့်သတ်ချက်ကို တရုတ်နာရီ သုံးနာရီ (ခြောက်နာရီခန့်) လို့ သတ်မှတ်ရအောင်... သုံးနာရီအကြာမှာ မင်းတို့ ရှုံးမယ်ဆိုရင်… ငါနဲ့အတူ မာဂျောင်ကို တစ်နှစ်တည်း မဟုတ်ဘဲ သုံးနှစ်တိတိ ဒီမှာနေပြီး ကစားပေးရမယ်... သေချာတာပေါ့... ငါ ရှုံးမယ်ဆိုရင်တော့ အဲဒီ အဘိုးကြီးနဲ့ မိန်းကလေးကို မင်းတို့ ခေါ်သွားလို့ရတယ်..."
"တကယ့်ကို ကရုဏာကြီးမားလှပါတယ်... နိုင်နိုင်ရှုံးရှုံး ငါ့အတွက်တော့ အမြတ်ပဲ..."
အရိုးဖြူ မိစ္ဆာ၏ အဆိုပြုချက်ကို ကြားသောအခါ ကျန်းလျိုက သူမကို ထူးဆန်းသော အကြည့်ဖြင့် ကြည့်လိုက်လေသည်။
အကယ်၍ ဖြစ်နိုင်မည်ဆိုပါက ရှုံးနိမ့်ခြင်းကလည်း မဆိုးလှသော ရွေးချယ်မှုတစ်ခု ဖြစ်နိုင်သည်ဟု ကျန်းလျို တွေးလိုက်မိတော့သည်။
***