အခန်း ၆၈၁
Vol. 58 Ch. 681
အပိုင်း (၆၈၁)
ထိုစကားကို ကြားချိန်မှာတော့ ရှောင်ယောင်ဇီက လေးနက်သည့် လေသံဖြင့် ပြောလိုက်သည်။ “ကောင်းပြီ… ဒါဆို ကျုပ်တို့ အခုပဲ ခင်ဗျားကို ထွက်သွားဖို့ ပို့ပေးမယ်။ ခင်ဗျားကို တာရှအင်ပါယာဆီ လျှို့ဝှက်ပို့ဆောင်ပေးမယ်။”
ကြည့်ရသည်မှာ အခြေအနေက အလွန်အရေးကြီးနေပြီဖြစ်ပြီး တာရှန်းမိစ္ဆာနိုင်ငံတော်က မီတျဲချိုင့်ဝှမ်းကို တိုက်ခိုက်မည့် အင်အားစုများ အလွန်နီးကပ်လာပြီဖြစ်ပုံရ၏။
ရှောင်ယောင်ဇီက ဆေးလုံးတစ်လုံး ထုတ်ယူကာ ပြောလိုက်သည်။ “ဒီနေရာကနေ တာရှအင်ပါယာ မြို့တော်ကို သွားဖို့ မိုင်ပေါင်းသောင်းချီ ဝေးတယ်။ လမ်းတစ်လျှောက်လုံး ခရီးပန်းတာက ခင်ဗျားအတွက် ဆိုးကျိုး အရမ်းများတယ်။ ဒါကြောင့် ခင်ဗျားကို အိပ်ပျော်သွားအောင်လုပ်ဖို့ လိုအပ်တယ်။”
“ကောင်းပြီ” ယွင်ကျုံးဟဲ့က သဘောတူလိုက်၏။
ထို့နောက် သူသည် ဤဆေးလုံးကိုယူကာ မျိုချလိုက်သည်။ ခဏအကြာတွင် သူ၏မျက်စိရှေ့တွင် အမည်းရောင်များ ဖုံးလွှမ်းလာပြီးနောက် အိပ်ပျော်သွားတော့၏။
တစ်ချိန်တည်းမှာပဲ မီတျဲချိုင့်ဝှမ်းအတွင်း၌ မီးတောက်များ အဆက်မပြတ် လောင်ကျွမ်းလာသည်။ မီတျဲချိုင့်ဝှမ်းသည် ယူဆောင်သွား၍ မရသော အရာများကို အမြောက်အများ ဖျက်ဆီးနေခြင်းပင်။
အကြောင်းမှာ မီတျဲချိုင့်ဝှမ်းတွင် သက်ရှိလေ့လာရေးနှင့်ပတ်သက်သော ရလဒ်များနှင့် လျှို့ဝှက်ချက်များ အများအပြားရှိနေပြီး တာရှန်းမိစ္ဆာနိုင်ငံတော်၏ လက်ထဲသို့ လုံးဝအကျခံ၍ မဖြစ်သောကြောင့် ဖြစ်သည်။
အချိန်မည်မျှ ကြာသွားသည်မသိ၊ ယွင်ကျုံးဟဲ့ နောက်တစ်ကြိမ် သတိရလာချိန်မှာတော့ ရထားလုံး တစ်စီးအတွင်းသို့ ရောက်ရှိနေပြီ ဖြစ်၏။
သူ၏ဘေးတွင် စာပေလောက၏ ဆရာကြီး လီထိုက်အာ (ထိုက်ဖူလီ - ယခင်တာရှအင်ပါယာ အိမ်ရှေ့စံ၏ ဆရာဖြစ်သူ) ထိုင်နေ၏။ သိုင်းပညာရှင် ထောင်ပေါင်းများစွာက ရထားလုံးကို အစောင့်အရှောက် လိုက်ပါလာကြသည်။
ယွင်ကျုံးဟဲ့ သတိရလာသည်ကို မြင်ချိန်မှာတော့ လီထိုက်အာက ဒူးထောက်ကာ ပြောလိုက်၏။ “ကျုပ်… အိမ်ရှေ့စံကို ဂါရဝပြုပါတယ်။”
ယွင်ကျုံးဟဲ့က မေးလိုက်သည်။ “ဆရာကြီး… ကျုပ်တို့ ဘယ်ရောက်နေပြီလဲ။”
လီထိုက်အာက ပြန်ဖြေလိုက်၏။ “အိမ်ရှေ့စံ… တာရှမြို့တော်ကို ရောက်တော့မယ်။ ကျုပ်တို့ အိမ်ပြန်ရောက်တော့မယ်။ ဧကရာဇ်မင်းမြတ်ကို မကြာခင် တွေ့ရတော့မယ်။”
လီထိုက်အာ အလွန်စိတ်လှုပ်ရှားနေ၏။ သခင်လေးကို မြို့တော်သို့ ပြန်ခေါ်လာကာ ဧကရာဇ်အိုကြီးအနီးသို့ ခေါ်ဆောင်လာရန် သူ အမြဲတမ်း အိပ်မက် မက်ခဲ့ရသည်။ ယခု နောက်ဆုံးတော့ ဆန္ဒပြည့်ဝသွားပြီ ဖြစ်သည်။
“အိမ်ရှေ့စံရဲ့သတင်းကို သိရကတည်းက ဧကရာဇ်မင်းမြတ်ဟာ နေ့တိုင်း အရှင့်ကို သတိရနေခဲ့တာ။ အိပ်မက်ထဲက နိုးလာတိုင်း အရှင့်နာမည်ကို ခေါ်နေခဲ့တာ။ အခု အရှင် အိမ်ပြန်လာပြီဆိုတာ သိရတော့ ဧကရာဇ်မင်းမြတ် ဘယ်လောက်တောင် ဝမ်းသာနေမလဲ မသိဘူး။”
လီထိုက်အာက ပြောလိုက်၏။ “သူ နေ့ရောညပါ မျှော်လင့်နေတဲ့ မြေးတော်လေး နောက်ဆုံးတော့ ပြန်ရောက်လာပြီ။”
ယွင်ကျုံးဟဲ့က မေးလိုက်သည်။ “ဆရာကြီး… မီတျဲချိုင့်ဝှမ်းဘက်ကရော ဘယ်လိုနေလဲ။”
လီထိုက်အာက ဖြေ၏။ “မသိဘူး၊ ဘာသတင်းမှ မရဘူး။ မီတျဲချိုင့်ဝှမ်းက မူလတည်းက လျှို့ဝှက်ဆန်းကြယ်ပြီး အပြင်လောကနဲ့ အဆက်အသွယ် မရှိတဲ့ နေရာတစ်ခုလေ။”
“ယုံချီဧကရာဇ်က ကျုပ် ပြန်လာမယ်ဆိုတာ သိနေပြီလား။” ယွင်ကျုံးဟဲ့က ထပ်မေးလိုက်သည်။
“သေချာပေါက် သိတာပေါ့။ အရှင်ပြန်လာမယ်ဆိုတဲ့ သတင်းကို ကြားရတော့ သူ အရမ်းဝမ်းသာသွားပြီး ထမင်းတောင် ပိုစားနိုင်လာတယ်။ တစ်ကိုယ်လုံး ပိုပြီးလန်းဆန်းလာတယ်။ အရင်က အမြဲတမ်း ခုတင်ပေါ်မှာ လဲနေခဲ့ရပေမဲ့ အရှင်ပြန်လာမယ်ဆိုတာ သိရတော့ ခုတင်ပေါ်ကတောင် ဆင်းနိုင်လာတယ်။ ပြီးတော့ အရှင့်ကို ကြိုဆိုဖို့ နန်းတွင်းသိုင်းပညာရှင်တွေကို ချက်ချင်းလွှတ်လိုက်တယ်။” လီထိုက်အာက ဖြေ၏။
ယွင်ကျုံးဟဲ့က အမြဲတမ်း အိပ်ပျော်နေခဲ့သောကြောင့် မီတျဲချိုင့်ဝှမ်းမှလူများက သူ့ကို တာရှအင်ပါယာသို့ မည်သို့ ပို့ဆောင်ပေးခဲ့သည်ကိုလည်း မသိပေ။
ထို့နောက် လီထိုက်အာက ဆက်ပြောသည်။ “အိမ်ရှေ့စံ… လွန်ခဲ့တဲ့ အနှစ်သုံးဆယ်က အဖြစ်ဆိုးက လူတွေကို အရမ်းရင်နာစေခဲ့တယ်။ ဧကရာဇ်မင်းမြတ်လည်း သူများရဲ့အဆိပ်ပြင်းတဲ့ အကြံထဲ ကျရောက်သွားမှန်းသိလို့ စိတ်ထဲမှာ အရမ်းနောင်တရနေတယ်။
ပြီးတော့ သူက အသက်ကြီးနေပြီဆိုတော့ အရှင် သူ့ကိုတွေ့တဲ့အခါ အဲဒီအဖြစ်ဆိုးအကြောင်းကို တတ်နိုင်သမျှ မပြောပါနဲ့။ ဧကရာဇ်မင်းမြတ် အရမ်းဝမ်းနည်းသွားမှာ စိုးလို့ပါ။ ပြီးတော့ သူက အရင်က နောင်တတွေကို အရှင့်အပေါ်မှာ အစားထိုးပေးပါလိမ့်မယ်။
အရှင် ထီးနန်းကို ဆက်ခံနိုင်မလားဆိုတာက ဧကရာဇ်မင်းမြတ်ရဲ့ ဆန္ဒအပေါ်မှာ လုံးဝမူတည်နေတယ်။ ထီးနန်းကို ဆက်ခံနိုင်မှသာ အရှင် စိတ်ထဲက ရည်မှန်းချက်တွေကို အကောင်အထည်ဖော်နိုင်မှာပါ။”
ထိုအချိန်မှာပင် ရထားလုံး၏အရှိန် နှေးကျသွားသည်။ လီထိုက်အာက လိုက်ကာကို လှန်ကာ အပြင်သို့ ကြည့်လိုက်ပြီးနောက် ပြောလိုက်၏။ “အိမ်ရှေ့စံ… ကျုပ်တို့ ရောက်ပြီ။ ကျုပ်တို့ အိမ်ပြန်ရောက်ပြီ။”
ယွင်ကျုံးဟဲ့ မော့ကြည့်လိုက်ရာ ချက်ချင်းပဲ အံ့ဩမှင်တက်သွားတော့သည်။ ‘ဒီလောကမှာ ဒီလောက်ခမ်းနား ကြီးကျယ်တဲ့ မြို့ကြီးမျိုး ရှိသေးတာလား…’
တာ့ကျိုးမြို့တော်၊ တာယင်အင်ပါယာ မြို့တော်တို့က လုံလောက်အောင်ကြီးမားပြီး အံ့ဩစရာကောင်းနေပြီ ဖြစ်သော်လည်း ယခုမျက်စိရှေ့က တာရှအင်ပါယာ၏ မြို့တော်နှင့် ယှဉ်လိုက်လျှင် ကွာဟချက်က ကြီးမားနေဆဲဖြစ်သည်။ တာရှမြို့တော်ကမှ တကယ့် လောက၏ နံပါတ် (၁) မြို့တော် ဖြစ်၏။
ခမ်းနားသည်၊ ကြီးကျယ်သည်၊ ဩဇာတိက္ကမ ရှိသည်၊ လေးနက်သည်၊ စည်ကားသည်။ တာ့ကျိုးမြို့တော်မှာ မရှိသည့် ဩဇာတိက္ကမမျိုး တာရှမြို့တော်မှာရှိပြီး တာယင်မြို့တော်မှာ မရှိသည့် ခမ်းနားမှုမျိုးလည်း တာရှမြို့တော်မှာ ရှိသည်။
မကြာသေးမီက လောကကြီး၌ အပြောင်းအလဲ ကြီးကြီးမားမား ဖြစ်ပေါ်ခဲ့သည်။ တာ့ကျိုးပျက်စီးကာ တာယင်စစ်တပ်က တာရှီအင်ပါယာသို့ ဝင်ရောက်တိုက်ခိုက်ပြီး တိုက်ပွဲတိုင်းမှာ အနိုင်ရနေကာ တာယင် ဧကရာဇ်က လောက၏ ထင်ရှားသော ပုဂ္ဂိုလ်ဖြစ်လာခဲ့သော်လည်း တာရှအင်ပါယာတစ်ခုလုံးသည် စည်ကားနေဆဲဖြစ်၏။
အထူးသဖြင့် တာရှမြို့တော်သည် ပန်းပေါင်းစုံ ပွင့်လန်းကာ ကြီးပွားတိုးတက်နေဆဲ ဖြစ်၏။ တာရှအင်ပါယာ၏ ပြည်သူအားလုံးသည် ကောင်းကင်ဘုံနိုင်ငံတော်ကြီး၏ သာလွန်မှု ခံစားချက်ဖြင့် ပြည့်နှက်နေဆဲဖြစ်သည်။
ဤမြို့ရိုးသည် မြင့်မားရှည်လျားပြီး၊ ခမ်းနားကြီးကျယ်ကာ မျက်စိတစ်ဆုံး အဆုံးမမြင်ရပေ။ ကျုံးရေမြောင်းသည် ဆယ်မီတာကျော် ကျယ်ဝန်းပြီး မြို့ရိုးပေါ်ရှိ စစ်တပ်မှာ ပုရွက်ဆိတ်များကဲ့သို့ ပြည့်နှက်နေကာ လက်နက်အပြည့်အစုံ တပ်ဆင်ထားကြ၏။
လူကိုကြည့်သည်ဖြစ်စေ၊ အဆောက်အအုံကို ကြည့်သည်ဖြစ်စေ အားလုံးက ကောင်းကင်ဘုံနိုင်ငံတော်ကြီး၏ မြင်ကွင်းမျိုးပင် ဖြစ်သည်။
ဤမြင်ကွင်းကို မြင်တွေ့လိုက်ရချိန်မှာတော့ ယွင်ကျုံးဟဲ့၏ စိတ်ထဲတွင် ယုံကြည်မှုအနည်းငယ် ပိုတိုးလာ၏။
တာယင်ဧကရာဇ်သည် သိုင်းပညာတွင် ပြိုင်ဘက်ကင်းသော်လည်း လူတစ်ယောက်တည်းဖြင့် စစ်တပ် တစ်ခုလုံးကို မဖျက်ဆီးနိုင်ပေ။
တာရှန်းမိစ္ဆာနိုင်ငံတော်၏ သိုင်းပညာရှင်များမှာ အစွမ်းထက်သော်လည်း အရေအတွက်မှာ အကန့်အသတ် ရှိသည်။ တာရှအင်ပါယာသည် လူဦးရေအများဆုံးရှိပြီး အနက်ရှိုင်းဆုံးအခြေခံရှိကာ ယွင်ကျုံးဟဲ့ ဧကရာဇ် ဖြစ်လာပါက နက္ခတ္တဗေဒ ပမာဏရှိသော အရင်းအမြစ်များကို ကိုင်တွယ်နိုင်ပြီး အင်အားကြီးမားသော စစ်တပ်ကို ပြုပြင်ဖန်တီးနိုင်မှာ ဖြစ်၏။
ထိုအချိန်ကျလျှင် သူနှင့် တာယင်ဧကရာဇ်တို့ တစ်ပွဲတစ်လမ်း ယှဉ်ပြိုင်နိုင်ကောင်း ယှဉ်ပြိုင်နိုင်ပေလိမ့်မည်။
ထို့အပြင် ရှောင်ယောင်ဇီ ပြောခဲ့သည်မှာ တာရှဧကရာဇ်သည် တာရှန်းမိစ္ဆာနိုင်ငံတော်ကို ဖျက်ဆီးခဲ့သော လျှို့ဝှက်ချက်ကို သိထားနိုင်သည်ဟူ၍ ဖြစ်သည်။ ထို့ကြောင့် ဤထီးနန်းကို သူ မရ ရအောင် ယူရမှာဖြစ်၏။
မြို့တော်အတွင်းသို့ ဝင်ရောက်တော့မည်ဖြစ်ရာ လီထိုက်အာက ပြောလိုက်သည်။ “အိမ်ရှေ့စံ… အရှင်က မြို့တော်ကို လျှို့ဝှက် ဝင်ရောက်လာတာ ဖြစ်လို့ မြို့ထဲဝင်တဲ့အချိန် မြို့စောင့်တပ်တွေက အရှင့်ကို ဒူးထောက် အရိုအသေပေးလို့ မရပါဘူး။
အရှင် ဧကရာဇ်မင်းမြတ်ကို တွေ့ပြီးတဲ့အခါ သူက အရှင့်ရဲ့မျိုးရိုးနောက်ခံကို လောကတစ်ခုလုံးကို ကြေညာပါလိမ့်မယ်။ အဲဒီအချိန်ကျရင် အရှင်က တာရှအင်ပါယာရဲ့ မင်းမျိုးမင်းနွယ်အစစ် ဖြစ်သွားပါပြီ။”
ထိုသို့ဖြင့် ယွင်ကျုံးဟဲ့၏ ယာဉ်တန်းသည် တာရှမြို့တော်အတွင်းသို့ တိတ်ဆိတ်စွာ ဝင်ရောက်သွားခဲ့၏။ မည်သူမည်ဝါဖြစ်ကြောင်း စစ်ဆေးခြင်းမရှိသလို မည်သူကမှ အရိုအသေပေးခြင်းလည်း မရှိပေ။
မြို့ထဲဝင်ရောက်ပြီးနောက် တာရှမြို့တော်တစ်ခုလုံး၏ ခမ်းနားကြီးကျယ်မှုကို ပို၍ထင်ရှားစွာ မြင်တွေ့ရသည်။ မျက်စိရှေ့ရှိ ဖြောင့်တန်းနေသော ကျူချွဲ့လမ်းမကြီးက ယွင်ကျုံးဟဲ့ကို ထပ်မံအံ့ဩသွားစေ၏။
ဤမျှ ဖြောင့်တန်းပြီး ဤမျှကျယ်ဝန်းသော လမ်းမကြီးမျိုးကို သူ တစ်ခါမှမမြင်ဖူးခဲ့ချေ။ မီတာ တစ်ရာ့ခြောက်ဆယ်တိတိ ကျယ်ဝန်းပြီး ထန်မင်းဆက် ချန်အန်းမြို့ထက်ပင် အနည်းငယ်ပိုကျယ်ကာ လမ်းတစ်ခုလုံးကို ကျောက်ပြားများဖြင့် ခင်းထားပြီး မျက်စိတစ်ဆုံး ဖြောင့်တန်းနေသည်။
ကျယ်ဝန်းလှသော ကျူချွဲ့လမ်းမကြီး၏ အလယ်တွင် လူသူကင်းမဲ့နေသလောက် ရှိသော်လည်း ဘေးနှစ်ဖက်တွင်မူ လူများ ပြည့်ကျပ်နေပြီး ဆူညံနေ၏။ အကြောင်းမှာ ဤကျူချွဲ့လမ်းမကြီး၏ အလယ်တွင် သာမန်အရာရှိများနှင့် ပြည်သူများ လျှောက်ခွင့် မရှိသောကြောင့်ပင်။
ယွင်ကျုံးဟဲ့၏ ယာဉ်တန်းသည် ကျူချွဲ့လမ်းမကြီးအတိုင်း ရှေ့သို့ သွားနေပြီး ဆယ်လီတိတိ သွားခဲ့ရ၏။ ရှေ့တွင် ကျူချွဲ့တံခါး ရှိသည်။ ကျူချွဲ့တံခါး၏ အတွင်းဘက်မှာ အတွင်းမြို့တော်ဖြစ်ပြီး ကြီးမားသော မြို့ရိုးများဖြင့် ဝိုင်းရံထား၏။
အတွင်းမြို့တော်ကို ဖြတ်သန်းပြီးနောက် ရှေ့တွင် ရွှေရောင်တောက်ပနေသော မြို့တံခါးတစ်ခုနှင့် နန်းတော် တံတိုင်းများ ရှိနေသည်။ ဤသည်မှာ ယန်လုံတံခါးဖြစ်ပြီး ယန်လုံတံခါး၏ အနောက်ဘက်မှာ တာရှနန်းတော် ဖြစ်သည်။
တာရှနန်းတော်၏ ဧရိယာမှာ ဧကခုနစ်ထောင်ကျော်ရှိပြီး ငါးစတုရန်းကီလိုမီတာခန့် ရှိကာ တားမြစ်မြို့တော်၏ ငါးဆခန့် ရှိသည်။ ဤနန်းတော်၏ အရွယ်အစားမှာ တာယင်အင်ပါယာ၏ နှစ်ဆဖြစ်ပြီး တာ့ကျိုးအင်ပါယာ၏ နန်းတော်၏ နှစ်ဆလည်း ဖြစ်ကာ ထန်မင်းဆက်၏ တာ့မင်နန်းတော်ထက်ပင် ပိုကြီးမား၏။ ဤနန်းတော်၏ ခမ်းနားကြီးကျယ်မှုကို မည်သည့်စကားလုံးနှင့်မှ ဖော်ပြ၍ မရနိုင်ပေ။
ဤနန်းတော်တွင် နေထိုင်သော ဧကရာဇ်မှသာလျှင် တကယ့် လောကအရပ်ရှစ်မျက်နှာ၏သခင် ဖြစ်ပေမည်။ ဤနန်းတော်ကမှ လောကတစ်ခုလုံး၏ ဗဟိုချက်ဖြစ်သည်။
တာယင်ဧကရာဇ်သည် ဤလောကကို သိမ်းပိုက်ပြီးပါက ဤနန်းတော်သို့ ပြောင်းရွှေ့နေထိုင်မှာဖြစ်ပြီး သူ၏ တာယင်နန်းတော်တွင် ဆက်နေမည် မဟုတ်ကြောင်း ယွင်ကျုံးဟဲ့ ယခုအခါ အခိုင်အမာ ပြောနိုင်ပြီ ဖြစ်၏။
ယန်လုံတံခါးအောက်သို့ ရောက်ရှိလာချိန်မှာတော့ မြို့ရိုးပေါ်ရှိ အစောင့်များက မေးလိုက်သည်။ “လာသူက ဘယ်သူလဲ။”
လီထိုက်အာသည် ရထားလုံးထဲမှထွက်လာပြီး လက်ထဲရှိ ရွှေတံဆိပ်ပြားကို မြှောက်ပြကာ ပြောလိုက်၏။ “ဧကရာဇ်မင်းမြတ်ရဲ့ လျှို့ဝှက်အမိန့်တော်အရ လူခေါ်ပြီး နန်းတော်ထဲဝင်ကာ ဧကရာဇ်မင်းမြတ်ကို ဖူးတွေ့ဖို့ပါ။”
ခဏအကြာတွင် တာရှနန်းတော်၏ အတွင်းအစောင့်များ ရှေ့သို့တိုးလာပြီး ရထားလုံးကို စစ်ဆေးကြသည်။ ယွင်ကျုံးဟဲ့ကို မြင်တွေ့ချိန်မှာတော့ ဤအတွင်းအစောင့်များနှင့် အသက်ကြီးနေပြီဖြစ်သော မိန်းမစိုး တစ်ဦးသည် အလိုအလျောက် ခါးညွှတ်ကာ ရိုသေစွာ နေလိုက်ကြသော်လည်း ယွင်ကျုံးဟဲ့၏အဆင့်အတန်းကို နှုတ်မှ ထုတ်မခေါ်ကြပေ။
အကြောင်းမှာ ယွင်ကျုံးဟဲ့သည် ဧကရာဇ်မင်းမြတ်ကို ဖူးတွေ့ပြီးနောက် ဧကရာဇ်မင်းမြတ်ကိုယ်တိုင် အမိန့်တော်ပြန်တမ်း ထုတ်ပြန်မှသာ မင်းသား၏အဆင့်အတန်းကို ရရှိမည်ဖြစ်သောကြောင့်ပင်။
စစ်ဆေးပြီးနောက် အသက်ကြီးနေပြီဖြစ်သော မိန်းမစိုးတစ်ဦးက ပြောလိုက်သည်။ “ထိုက်ဖူလီ… ဝေါယာဉ်ပြောင်းစီးပါ။”
ပုံမှန်အားဖြင့် ရထားလုံးသည် နန်းတော်အတွင်းသို့ တိုက်ရိုက်ဝင်ရောက်၍ မရသောကြောင့် လူဆယ့်ခြောက်ယောက်ထမ်းရသော ဝေါယာဉ်ကြီးတစ်ခုကို ပြောင်းစီးရခြင်း ဖြစ်သည်။ ယွင်ကျုံးဟဲ့သည် ရထားလုံးထဲမှဆင်းကာ ဝေါယာဉ်ကြီးအတွင်းသို့ ဝင်ထိုင်လိုက်၏။
“သွားမယ်။” မိန်းမစိုးကြီး၏ အော်ဟစ်သံနှင့်အတူ လူဆယ့်ခြောက်ယောက်က ကြီးမားသော ဝေါယာဉ်ကြီးကို ထမ်းကာ တာရှနန်းတော်အတွင်းသို့ ဝင်ရောက်သွားကြသည်။
“ဖယ်ကြ…”
“ဖယ်ကြ…”
လမ်းတစ်လျှောက်လုံး မိန်းမစိုးကြီးက အဆက်မပြတ် အော်ဟစ်နေပြီး ရှေ့ရှိမိန်းမစိုးများနှင့် နန်းတော်ရှိ တံခါးစောင့်များအားလုံး ရှောင်ဖယ်ပေးကြရသည်။ ဤကောင်းကင်ဘုံနိုင်ငံတော်ကြီး၏ စည်းကမ်းများက တကယ်ကို တင်းကျပ်လွန်းလှ၏။
နန်းတော်က ကြီးမားလွန်းသောကြောင့် နန်းတော်အတွင်းသို့ ဝင်ရောက်ပြီးနောက် ဆယ့်ငါးမိနစ်ခန့် ဆက်သွားနေရ၏။ နောက်ဆုံးတွင် ရွှေရောင်တောက်ပနေသော နန်းဆောင်တစ်ခု၏ ရှေ့တွင် ရပ်တန့်လိုက်သည်။
ဤနန်းဆောင်သည် လှေကားထစ်ဆယ်ကျော် အထက်တွင် တည်ဆောက်ထားပြီး တောင်ကြီးတစ်လုံးကဲ့သို့ မြင့်မားကာ တားမြစ်မြို့တော်ရှိ နန်းဆောင်များနှင့် လုံးဝမတူညီပေ။
နန်းဆောင်၏ အပြင်ဘက်တွင် သိုင်းပညာရှင်ထောင်ကျော်က ပုရွက်ဆိတ်များကဲ့သို့ ရပ်နေကြပြီး နန်းဆောင်တံခါးကို ပိတ်ထားကာ အပြင်ဘက်တွင် ဆံပင်ဖြူဖွေးနေသော အသက်ကြီးနေပြီဖြစ်သော မိန်းမစိုးတစ်ဦး ရပ်နေ၏။
လမ်းပြလာသော မိန်းမစိုးကြီးက ရှေ့သို့တိုးသွားကာ တိုးတိုးလေး ပြောလိုက်သည်။ “ဘိုးဘိုးကြီး… အဲဒီသခင်လေး ရောက်လာပါပြီ။”
ချက်ချင်းပဲ ဤအဆင့်အတန်း မြင့်မားကာ အသက်ကြီးနေပြီဖြစ်သော မိန်းမစိုးက ရှေ့သို့ ခြေလှမ်းအနည်းငယ် တိုးလာပြီး အနည်းငယ်ခါးညွှတ်ကာ ပြောလိုက်၏။ “ကျုပ်… သခင်လေးကို ဂါရဝပြုပါတယ်။”
ထို့နောက် ဤအသက်ကြီးနေပြီဖြစ်သော မိန်းမစိုးက အသံကျယ်ကျယ်ဖြင့် အော်ဟစ်လိုက်သည်။ “ဧကရာဇ်မင်းမြတ် အမိန့်တော်… သခင်လေးကို ဝင်တွေ့ခွင့်ပြုတယ်။”
သူက ယွင်ကျုံးဟဲ့၏နာမည်ကို မခေါ်ခဲ့ပေ။ အကြောင်းမှာ တာရှဧကရာဇ်၏မျက်လုံးထဲတွင် ယွင်ကျုံးဟဲ့ ဆိုသော နာမည်က မထိုက်တန်တော့သောကြောင့်ပင်။
လူဆယ့်ခြောက်ယောက်ထမ်းသော ဝေါယာဉ်ကို ဖြည်းညင်းစွာချလိုက်ပြီး မိန်းမစိုးကြီးတစ်ဦးက ရှေ့သို့တိုးလာကာ ယွင်ကျုံးဟဲ့ကို ညင်သာစွာ တွဲထူလိုက်သည်။
ဤမိန်းမစိုးကြီး၏သိုင်းပညာမှာ အလွန်မြင့်မားပြီး ယွင်ကျုံးဟဲ့ကို တွဲထူရာတွင် အားပါပြီး တည်ငြိမ်လှကာ ယွင်ကျုံးဟဲ့သည် ကိုယ်တိုင်အားစိုက်စရာမလိုဘဲ ပေါ့ပေါ့ပါးပါးရပ်လျက် ရှေ့သို့ ရွေ့လျားသွားနိုင်၏။
နန်းဆောင်၏တံခါး ပွင့်လာ၏။ အသက်ကြီးနေပြီဖြစ်သော မိန်းမစိုးက ရှေ့သို့တိုးကာ ပြောလိုက်သည်။ “သခင်လေး… အထဲဝင်ပါတော့။”
ယွင်ကျုံးဟဲ့က လီထိုက်အာကို တစ်ချက်လှမ်းကြည့်လိုက်၏။
လီထိုက်အာက ပြောလိုက်သည်။ “အိမ်ရှေ့စံ… အရှင်တစ်ယောက်တည်း ဝင်သွားလို့ရပါပြီ။ ဧကရာဇ်မင်းမြတ်က အရှင့်ကို သီးသန့်တွေ့ချင်လို့ပါ။”
ယွင်ကျုံးဟဲ့ အသက်ပြင်းပြင်းရှူလိုက်ပြီး အနည်းငယ်စိတ်လှုပ်ရှားနေမိ၏။ တာရှအင်ပါယာ ဧကရာဇ်ကို မကြာမီ တွေ့ရတော့မည်။
အနည်းဆုံး ယခုအချိန်အထိ သူက လောက၏ နံပါတ် (၁) ဧကရာဇ်ဖြစ်နေဆဲ ဖြစ်သည်။ ထို့အပြင် သွေးမျိုးဆက် တော်စပ်မှုအရ ဆိုလျှင် သူသည် ယွင်ကျုံးဟဲ့၏ အဘိုးအရင်းပင် ဖြစ်၏။
ယွင်ကျုံးဟဲ့သည် နန်းဆောင်အတွင်းသို့ ဝင်ရောက်သွားပြီး အသက်ကြီးနေပြီဖြစ်သော မိန်းမစိုးက ရှေ့သို့တိုး လာကာ နန်းဆောင်တံခါးကို သတိထား၍ ပိတ်လိုက်သည်။
ဤနန်းဆောင်၏ အုတ်ကြွပ်များမှာ တကယ်ကို ရွှေအုတ်ကြွပ်များဖြစ်ပြီး အနည်းဆုံး အပေါ်ယံ တစ်လွှာကတော့ ရွှေစစ်စစ်များ ဖြစ်၏။
ယွင်ကျုံးဟဲ့ နန်းဆောင်အတွင်းသို့ ဝင်ရောက်သွားပြီး ဒူးထောက်ကာ ပြောလိုက်သည်။ “ယွင်ကျုံးဟဲ့… တာရှအင်ပါယာ ဧကရာဇ်မင်းမြတ်ကို ဂါရဝပြုပါတယ်။”