← Chapters

အခန်း ၆၈၂

Vol. 58 Ch. 682

အခန်း ၆၈၂

Vol. 58 Ch. 682

အပိုင်း (၆၈၂)

“ဒီကို လာခဲ့...”

နန်းဆောင်အတွင်းပိုင်းဆီမှ အသံတစ်သံ ပျံ့လွင့်လာ၏။

ယွင်ကျုံးဟဲ့ အနည်းငယ် မှင်တက်သွားရ၏။ အဘယ်ကြောင့်ဆိုသော် ထိုအသံမှာ အိုမင်းရင့်ရော်ခြင်း မရှိဘဲ ခွန်အား အပြည့်ရှိနေပြီး အနောက်ဆောင်ဆီမှ ထွက်ပေါ်လာခြင်းကြောင့်ပင်။

သူသည် ရှေ့ဆောင်ရှိ ခမ်းနားထည်ဝါလှသော ရွှေပလ္လင်ကြီးကို ကွေ့ပတ်ကာ အနောက်ဆောင်ဆီသို့ လျှောက်သွားလိုက်သည်။

ဤနေရာတွင် အရှေ့ဆောင်ကဲ့သို့ ရွှေအုတ်ကြွပ်များ ခင်းထားခြင်း မရှိသော်လည်း အဖိုးတန် သိုးမွေးကော်ဇောများကို အပြည့်ခင်းကျင်းထား၏။

ထိုကော်ဇော၏ တန်ဖိုးကို ယွင်ကျုံးဟဲ့ တစ်ချက်ကြည့်ရုံဖြင့် ခန့်မှန်းနိုင်သည်။ သာမန်လက်မှုပညာရှင် မိသားစုတစ်စု နှစ်ပေါင်းများစွာ အချိန်ယူရက်လုပ်မှသာ အပိုင်းအစလေးတစ်ခု ရနိုင်မည့်အရာ ဖြစ်၏။ ဇိမ်ကျကျ ပြင်ဆင်ထားသော်လည်း တစ်ဖက်တွင်လည်း ရိုးရှင်းတည်ငြိမ်သည့် အရှိန်အဝါကို ထုတ်ဖော် နေသည်။

ထိုင်ခုံထက်တွင် ထိုင်နေသော အမျိုးသားတစ်ဦးက ယွင်ကျုံးဟဲ့ကို စူးစိုက်ကြည့်နေသည်။ ထိုသူမှာ ဧကရာဇ် ယုံချီ မဟုတ်ချေ။ အသက် လေးဆယ်ဝန်းကျင်ခန့်သာ ရှိဦးမည်။

“ယွင်ကျုံးဟဲ့... လမ်းခရီးတစ်လျှောက်လုံး အဆင်ပြေရဲ့လား။” ထိုအမျိုးသားက မေးလိုက်၏။

ယွင်ကျုံးဟဲ့ ခါးညွှတ်ကာ ပြန်လည်ဖြေကြားလိုက်သည်။ “အိမ်ရှေ့စံမင်းသားကို လျှောက်တင်ပါတယ်၊ လမ်းခရီးတစ်လျှောက်လုံး အဆင်ပြေပါတယ်။”

တစ်ခါမှ မဆုံဖူးသော်လည်း ဤသူသည် တာရှအင်ပါယာ၏ အိမ်ရှေ့စံ ရှကျူး ဖြစ်ကြောင်း ယွင်ကျုံးဟဲ့ ချက်ချင်း ရိပ်မိလိုက်၏။

သူသည် ယခုနှစ်တွင် အသက် လေးဆယ့်ငါးနှစ် ရှိပြီဖြစ်သော်လည်း နုပျိုလွန်းလှသောကြောင့် လေးဆယ်ဝန်းကျင်ဟုသာ ထင်ရသည်။

သေချာသည်မှာ သူ ဤထက်မက ပို၍နုပျိုအောင် နေနိုင်သော်လည်း အရမ်းနုပျိုနေပါက တည်ကြည်မှု ကင်းမဲ့သည်ဟု အထင်ခံရမည်စိုး၍ မလုပ်ဆောင်ခြင်း ဖြစ်ပေလိမ့်မည်။

အိမ်ရှေ့စံ ရှကျူးသည် ရုပ်ရည်သန့်ပြန့်ပြီး ဒေါသ မထွက်ဘဲနှင့်ပင် ဩဇာတိက္ကမ အပြည့်ရှိကာ မျက်လုံးများက စူးရှပြီး နှာတံစင်းသည်။ တည်ကြည်ငြိမ်သက်သော်လည်း ကြမ်းတမ်းခက်ထန်သည့် အရိပ်အယောင် လုံးဝ မရှိပေ။

“ခင်ဗျား ရောက်လာတဲ့အတွက် ခမည်းတော်က အရမ်းဝမ်းသာနေတာ။ စိတ်လှုပ်ရှားနေတယ်လို့တောင် ပြောလို့ရတယ်။ ဒါပေမဲ့ အခြေအနေ အမျိုးမျိုးကြောင့် ကျုပ်ပဲ ခင်ဗျားကို လာတွေ့ရတာပါ။” အိမ်ရှေ့စံ ရှကျူးက ပြောလိုက်၏။

ယွင်ကျုံးဟဲ့ မျက်မှောင်ကြုတ်သွားမိသည်။ ဤသည်မှာ မည်သည့်အဓိပ္ပာယ်နည်း။ ဧကရာဇ် ယုံချီကိုယ်တိုင် လက်ခံတွေ့ဆုံရမည် ဖြစ်ပါလျက် အဘယ်ကြောင့် အိမ်ရှေ့စံကသာ ကိုယ်စားလာတွေ့ရသနည်း။ ဘာတွေ ဖြစ်ပျက်နေသနည်း။

ထို့အပြင် အိမ်ရှေ့စံ ရှကျူးသည် ယွင်ကျုံးဟဲ့၏ တော်ဝင်သွေးမျိုးဆက် ကိုယ်ပိုင်အမှတ်အသားကိုလည်း အသိအမှတ်ပြုစကား မပြောခဲ့ချေ။

သူသည် ယွင်ကျုံးဟဲ့၏ ဘထွေးတော်စပ်သူဖြစ်ရာ မိသားစုအရေးများ သို့မဟုတ် ယွင်ကျုံးဟဲ့၏ ခမည်းတော် အိမ်ရှေ့စံ ထျန်းအန်း အကြောင်းကို စာနာထောက်ထားစွာ ပြောဆိုသင့်သည် မဟုတ်ပါလား။ သို့သော် သူက စကားတစ်ခွန်းမျှ မဟဘဲ အေးစက်စက်နိုင်လွန်းလှသည်။

“လမ်းခရီးမှာ ပင်ပန်းလာပြီဆိုတော့ ကောင်းကောင်း အနားယူလိုက်ပါအုံး။” အိမ်ရှေ့စံ ရှကျူးက ဆက်ပြောလိုက်၏။

ထိုစဉ် အပြင်ဘက်မှ လီထိုက်အာ အတင်းဝင်ရောက်လာပြီး မေးမြန်းလိုက်သည်။ “အိမ်ရှေ့စံ... အတိအကျ ဘာတွေဖြစ်ပျက်နေတာလဲ။ သခင်လေး ပြန်ရောက်လာရင် ချက်ချင်းခေါ်တွေ့မယ်လို့ ဧကရာဇ်မင်းမြတ်က အတိအလင်း အမိန့်ရှိထားတာ။ အခု ဘာလို့ သခင်လေးကို ဧကရာဇ်မင်းမြတ်နဲ့ ပေးမတွေ့တာလဲ။”

လီထိုက်အာ၏ ဂုဏ်သိက္ခာနှင့် အဆင့်အတန်းက ကြီးမားလှသောကြောင့် အိမ်ရှေ့စံ ရှကျူးက ခပ်အေးအေး ပြန်ဖြေလိုက်၏။ “ထိုက်ဖူ... ခမည်းတော် ဧကရာဇ်မင်းမြတ်က နည်းနည်းပင်ပန်းနေလို့ အနားယူဖို့ လိုအပ်နေလို့ပါ။ ယွင်ကျုံးဟဲ့က မိုင်ပေါင်းသောင်းချီက လာရတာဆိုတော့ အရင် အနားယူပြီးမှ ဧကရာဇ် မင်းမြတ်ကို ဖူးမြော်တာပေါ့။”

လီထိုက်အာက ပြတ်သားစွာ ငြင်းဆန်လိုက်သည်။ “မရဘူး... သခင်လေးကို ချက်ချင်းခေါ်တွေ့မယ်ဆိုတဲ့ ဧကရာဇ်မင်းမြတ်ရဲ့ အမိန့်တော်က ရှင်းရှင်းလင်းလင်း ရှိပြီးသား။ အခု ဧကရာဇ်မင်းမြတ် ဘယ်မှာလဲ။ ဖျင်အန်းနန်းဆောင်မှာလား။ ကျုပ် သခင်လေးကိုခေါ်ပြီး သွားတွေ့မယ်။”

ပြောပြောဆိုဆိုပင် လီထိုက်အာသည် ယွင်ကျုံးဟဲ့၏လက်ကိုဆွဲကာ ဧကရာဇ်ထံသို့ သွားရန် ပြင်လိုက်၏။

ထိုအပြုအမူကြောင့် အိမ်ရှေ့စံ ရှကျူး၏ မျက်လုံးများ အေးစက်ခက်ထန်သွားကာ အမိန့်ပေးလိုက်သည်။ “လူတွေ... လာကြစမ်း။ ထိုက်ဖူလီ ပင်ပန်းနေပြီ၊ နန်းတော်အပြင်ကို ပို့ဆောင်ပြီး ကောင်းကောင်း အနားယူခိုင်းလိုက်။ ပြီးတော့ ယွီချင့်နန်းဆောင်ကို ပြင်ဆင်ပြီးပြီလား။ ယွင်ကျုံးဟဲ့ကို အဲဒီမှာ သွားနေခိုင်းလိုက်...”

“အမိန့်တော်အတိုင်းပါ။”

မိန်းမစိုးအချို့ ချက်ချင်းရှေ့တိုးလာပြီး လီထိုက်အာကို အတင်းဆွဲခေါ်သွားကြတော့၏။

လီထိုက်အာက ဒေါသတကြီး အော်လိုက်သည်။ “ရှကျူး... ခင်ဗျား ဧကရာဇ်မင်းမြတ်ရဲ့ အမိန့်တော်ကို လိမ်ဆင်လုပ်မလို့လား။ ခင်ဗျား ဘာတွေ ကြံစည်နေတာလဲ... ဘာလုပ်ချင်နေတာလဲ။”

မိန်းမစိုးများက လီထိုက်အာ၏ ပါးစပ်ကို အမြန်ပိတ်ကာ အပြင်သို့ အတင်းဆွဲထုတ်သွားကြ၏။

ထို့နောက် မိန်းမစိုးတစ်ဦးက ရှေ့သို့တိုးကာ ယွင်ကျုံးဟဲ့ကို ပြောလိုက်သည်။ “ကျုပ်နောက်က လိုက်ခဲ့ပါ။”

ယွင်ကျုံးဟဲ့သည် အိမ်ရှေ့စံ ရှကျူးကို ခါးညွှတ်အရိုအသေပေးပြီးနောက် ထိုမိန်းမစိုးနောက်သို့ လိုက်ပါသွားခဲ့၏။

ယွီချင့်နန်းဆောင်သည် တာရှနန်းတော်၏ အနောက်မြောက်ဘက် အစွန်အဖျား အကျဆုံးနေရာတွင် တည်ရှိသည်။ ယခင်က ထီးနန်းရိုက်ရာမှ ဖယ်ရှားခံရသော အရွယ်မရောက်သေးသည့် မင်းသားများ နေထိုင်ရာနေရာ ဖြစ်၏။

အိမ်ရှေ့စံ ရှကျူးက သူ့ကို ဤနေရာတွင် ထားရှိခြင်းမှာ သူတစ်ဦးတည်း၏ သဘောထားဖြစ်ကြောင်း အလွန်ထင်ရှားလှသည်။

လမ်းတစ်လျှောက်လုံးတွင်လည်း နန်းတွင်းအစောင့်များနှင့် မိန်းမစိုးများ၏ မျက်နှာများမှာ လေးနက် တင်းမာနေပြီး လမ်းလျှောက်သည့်အခါတွင်ပင် ခြေဖျားထောက်ကာ အသံမထွက်စေရန် အထူး သတိထားနေကြကြောင်း ယွင်ကျုံးဟဲ့ သတိပြုမိလိုက်၏။

နန်းတော်ထဲတွင် သေချာပေါက် အရေးကြီးပြဿနာတစ်ခုခု ဖြစ်နေလောက်ပြီဖြစ်သည်။ ဧကရာဇ် ယုံချီ ကံတော်ကုန်သွားခြင်းများလား။

မဖြစ်နိုင်ချေ။ တကယ်လို့ ကံတော်ကုန်သွားပြီဆိုပါက အိမ်ရှေ့စံ ရှကျူးက ချက်ချင်း နန်းတက်နိုင်ပြီဖြစ်ရာ သတင်းဖုံးကွယ်ထားစရာ လုံးဝမလိုပေ။

ဧကရာဇ် ယုံချီ ခုတင်ပေါ်တွင် လဲနေရသည်မှာ ကြာမြင့်လှပြီဖြစ်၍ အရပ်ဖက်၊ စစ်ဖက်အရာရှိများလည်း စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်မှု ရှိပြီးသားဖြစ်သည်။

ဤနှစ်များအတွင်း အိမ်ရှေ့စံကသာ နိုင်ငံရေးကိစ္စများကို ဦးဆောင်စီမံနေခြင်းဖြစ်၍ သူ နန်းတက်ခြင်းက တရားဝင်ပြီးသား ဖြစ်၏။

ထိုသို့ဆိုလျှင် အခြေအနေတစ်မျိုးတည်းသာ ရှိနိုင်သည်။ ဧကရာဇ်မင်းမြတ်သည် အသက်အန္တရာယ် စိုးရိမ်ရသည့် အခြေအနေဖြင့် သတိလစ်မေ့မြောနေသော်လည်း အသက်မထွက်သေးခြင်း ဖြစ်ပေလိမ့်မည်။

ထို့ကြောင့် အမှားအယွင်းမရှိစေရန် နန်းတော်တစ်ခုလုံးကို တိတ်ဆိတ်ငြိမ်သက်အောင် ထိန်းချုပ်ထားပြီး အိမ်ရှေ့စံ ရှကျူး ချောချောမွေ့မွေ့ နန်းတက်နိုင်ရန် စီစဉ်နေခြင်း ဖြစ်ရမည်။ ယွင်ကျုံးဟဲ့ကို ဧကရာဇ်နှင့် ပေးမတွေ့ခြင်းမှာလည်း ပြဿနာအပိုများ မဖြစ်လာစေရန် တားဆီးခြင်းသာ ဖြစ်သည်။

ယခုအချိန်တွင် ယွင်ကျုံးဟဲ့ တာရှအင်ပါယာသို့ ပြန်လာမည်ကို အစိုးရိမ်ဆုံးသူမှာ သေချာပေါက် အိမ်ရှေ့စံ ရှကျူးပင် ဖြစ်လိမ့်မည်။ အကြောင်းမှာ ယွင်ကျုံးဟဲ့၏ တော်ဝင်အမှတ်အသားက သူ၏ဧကရာဇ်အာဏာကို ထိခိုက်လာနိုင်သောကြောင့်ပင်။

အိမ်ရှေ့စံ ရှကျူးသည် ဧကရာဇ် ယုံချီ ကံတော်ကုန်မည့်အချိန်ကို တိတ်တဆိတ် စောင့်မျှော်ရင်း တည်ငြိမ်စွာ အမွေဆက်ခံရန် ကြံစည်ထားပုံရသည်။ သူ ဧကရာဇ်နေရာတွင် အခိုင်အမာ ခြေကုပ်ရပြီဆိုမှသာ ယွင်ကျုံးဟဲ့၏ကိစ္စကို ဆုံးဖြတ်ပေလိမ့်မည်။

ဤလောကတွင် သွေးစစ်သည့် နည်းပညာ မရှိသောကြောင့် ယွင်ကျုံးဟဲ့၏ မင်းမျိုးမင်းနွယ် ကိုယ်ပိုင် အမှတ်အသားကို ဧကရာဇ်ကိုယ်တိုင်ကသာ အတည်ပြုပေးရမှာ ဖြစ်သည်။

အိမ်ရှေ့စံ ရှကျူး နန်းတက်ပြီးသွားပါက ယွင်ကျုံးဟဲ့၏ အဆင့်အတန်းကို အချိန်မရွေး ငြင်းပယ်နိုင်ရုံသာမက သူ့ကို တာယင်အင်ပါယာက လွှတ်လိုက်သည့် သူလျှိုဟူ၍ပင် ပြောင်းပြန်စွပ်စွဲနိုင်သေး၏။

အခြေအနေက အလွန်စိုးရိမ်စရာ ကောင်းနေပြီဖြစ်၏။ ဧကရာဇ် ယုံချီ တကယ်ကံတော်ကုန်သွားပါက ယွင်ကျုံးဟဲ့အတွက် အရာအားလုံး ဆုံးရှုံးရပေလိမ့်မည်။ ထီးနန်းဆက်ခံဖို့ မျှော်လင့်ချက် မရှိတော့ရုံတင်မက မင်းသားတစ်ပါးအဖြစ် အသိအမှတ်ပြုခံရဖို့ပင် လမ်းစပျောက်သွားပေလိမ့်မည်။

ယခု ယွီချင့်နန်းဆောင်တစ်ခုလုံးတွင် နေရာအနှံ့ လူများ ပြည့်နှက်နေသည်။ သေချာသည်မှာ ထိုသူများ အားလုံးက ယွင်ကျုံးဟဲ့၏ လှုပ်ရှားမှုတိုင်းကို စောင့်ကြည့်ရန် အိမ်ရှေ့စံ ရှကျူး စေလွှတ်ထားသူများ ဖြစ်သည်။

ယွင်ကျုံးဟဲ့ တံခါးနားသို့ လျှောက်သွားရန် ပြင်စဉ်မှာပဲ ချက်ချင်း တားဆီးခြင်း ခံလိုက်ရ၏။ “သခင်လေးယွင်... အမိန့်တော် မရှိဘဲ အပြင်ထွက်လို့ မရပါဘူး။ ကျုပ်တို့ကို အလုပ် လုပ်ရ မခက်ခဲအောင် ကူညီပေးပါ။”

ဤအရာက လုံးဝကို အကျယ်ချုပ်ချလိုက်ခြင်းပင်။ ယွင်ကျုံးဟဲ့ ဘယ်ကိုသွားသွား၊ ဘာလုပ်လုပ် စောင့်ကြည့် နေသည့် မျက်လုံးပေါင်းများစွာ ရှိနေ၏။ သူ၏ လှုပ်ရှားမှုများကို နာရီအလိုက် မှတ်တမ်းတင်ပြီး အပြင်သို့ ပို့ပေးနေသည့် အစီရင်ခံစာ ရေးသူပင် ရှိနေသေးသည်။

ဤအခြေအနေကို ကြည့်ခြင်းဖြင့် အိမ်ရှေ့စံ ရှကျူးသည် ယွင်ကျုံးဟဲ့အပေါ် အလွန်အမင်း စိုးရိမ်တကြီးဖြင့် ရန်သူကြီးတစ်ဦးကဲ့သို့ သဘောထားနေကြောင်း ထင်ရှားလှသည်။ ဧကရာဇ် ယုံချီ ကံတော်ကုန်သွားသည်နှင့် ယွင်ကျုံးဟဲ့၏ အသက်အန္တရာယ်ပင် စိုးရိမ်ရနိုင်ခြေ ရှိ၏။

ယွင်ကျုံးဟဲ့ အိပ်ရာဝင်သည့်အချိန်တွင်ပင် သူ့ကို စောင့်ကြည့်နေသူ ခြောက်ယောက် ရှိသည်။ ဘေးခန်းမှ မိန်းမစိုးတစ်ဦးဆိုလျှင် သူ အသက်ရှူသည့်နှုန်းနှင့် အိပ်ရာထဲ ဟိုဘက်ဒီဘက် လှည့်သည့် အကြိမ်ရေကိုပါ မှတ်တမ်းတင်နေသေးရာ အခြေအနေမှာ အကျဉ်းသားတစ်ယောက်ထက်ပင် ဆိုးဝါးနေတော့သည်။

.................

မင်တယ်နန်းဆောင်အတွင်း၌မူ...

အမတ်ကြီးအချို့၊ အိမ်ရှေ့စံ ရှကျူးနှင့် မယ်တော်မိဖုရားခေါင်ကြီးတို့ လျှို့ဝှက်တိုင်ပင် ဆွေးနွေးနေကြ၏။

ထိုက်ဝေ့ ကျိုးချန် က ပြောလိုက်သည်။ “အိမ်ရှေ့စံ... ဒီယွင်ကျုံးဟဲ့ ရောက်လာတာ ရိုးသားမှု မရှိပါဘူး။ အိမ်ရှေ့စံအနေနဲ့ အမြန်ဆုံး ဖြတ်ချက်ချပါ။”

စစ်သေနာပတိ ရှယွင် က ပြောလိုက်၏။ “အိမ်ရှေ့စံ... ယွင်ကျုံးဟဲ့က ကျုပ်တို့ တာရှအင်ပါယာရဲ့ မြေးတော် ဟုတ်၊ မဟုတ်၊ အိမ်ရှေ့စံ ထျန်းအန်းရဲ့ သားတော် ဟုတ်မဟုတ် ဆိုတာကို ခေတ္တဘေးဖယ်ထားအုံး။ ဟုတ်နေရင်တောင် ကျုပ်တို့ အသိအမှတ်ပြုလို့ မဖြစ်ပါဘူး။ ဒီလူက တာ့ကျိုးကို ဒုက္ခပေးပြီး နိုင်ငံပျက်စီးစေခဲ့တာ။ အခု တာရှကို လာတာလည်း နောက်ထပ် အကြံအစည် ရှိလို့ပဲ ဖြစ်ရမယ်။”

ထိုက်ဝေ့ ကျိုးချန် က ပြောလိုက်သည်။ “ဟုတ်ပါတယ် အိမ်ရှေ့စံ... ယွင်ကျုံးဟဲ့က မြို့တော်ကို လျှို့ဝှက် ဝင်ရောက်လာတာဖြစ်လို့ အခွင့်ကောင်းယူပြီး အသံတိတ် ရှင်းပစ်လိုက်တာ အကောင်းဆုံးပါပဲ။ လီထိုက်အာ ကလွဲရင် ဘယ်သူမှ ဆူပူမှာ မဟုတ်ပါဘူး။ အိမ်ရှေ့စံ ထျန်းအန်းရဲ့ နောက်လိုက်ဟောင်းတွေလည်း မရှိတော့ပြီမို့ ယွင်ကျုံးဟဲ့အတွက် မတရားဘူးလို့ ပြောမယ့်သူ ရှိမှာမဟုတ်ပါဘူး။”

စစ်သေနာပတိ ရှယွင် က သဘောတူလိုက်၏။ “ဟုတ်ပါတယ် အိမ်ရှေ့စံ... အန္တရာယ်ရှိမယ့် အရာတွေကို အမြစ်ပြတ် ဖယ်ရှားပစ်ရပါမယ်။”

နိုင်ကော် ဒု-ဝန်ကြီးချုပ်က ခဏမျှ စဉ်းစားပြီးနောက် ဝင်ပြောလိုက်သည်။ “အကယ်၍ အခု ယွင်ကျုံးဟဲ့ကို သတ်လိုက်လို့ ဧကရာဇ်မင်းမြတ် သတိရလာရင် ကြီးမားတဲ့ အပြစ်ကြီး ဖြစ်သွားလိမ့်မယ်။ အဲဒီအခါကျ ဘယ်သူက တာဝန်ယူမှာလဲ။”

“ဧကရာဇ်မင်းမြတ်က သတိရလာတော့မှာ မဟုတ်ပါဘူး။” လူတစ်ယောက်က တိုးတိုးလေး ဝင်ပြောလိုက်သည်။ သို့သော် ဤစကားကို မည်သူကမှ ပြန်မတုံ့ပြန်ရဲကြချေ။

ဧကရာဇ် ယုံချီသည် ထီးနန်းစည်းစိမ်ကို အနှစ်ငါးဆယ်တိုင် စိုးစံခဲ့ပြီး လွန်ခဲ့သော အနှစ်လေးဆယ်ကျော် ကာလတစ်လျှောက်လုံး အာဏာကို တစ်ဦးတည်း ချုပ်ကိုင်ထားခဲ့သူ ဖြစ်သည်။ မကြာသေးမီနှစ်များအတွင်း ရောဂါပြင်းထန်စွာ ခံစားရမှသာ အိမ်ရှေ့စံ ရှကျူးကို နိုင်ငံရေးကိစ္စများ စီမံခန့်ခွဲခွင့် ပြုခဲ့ခြင်း ဖြစ်သော်လည်း ဧကရာဇ်သည် ထီးနန်းထက်တွင် ရှိနေဆဲဖြစ်၍ အရာရှိအားလုံးက ရိုသေကြောက်ရွံ့နေကြဆဲ ဖြစ်သည်။

လက်ရှိအခြေအနေမှာ အမှန်တကယ်ပင် ခေါင်းခဲစရာ ဖြစ်နေ၏။ ရက်အနည်းငယ်အလိုကပင် ဧကရာဇ်အိုကြီးသည် သတိလစ်မေ့မြောသွားခဲ့ရာ ပြန်လည်သတိရမလာတော့ဘဲ အသက်ရှူသံနှင့် နှလုံးခုန်သံများ အလွန်အားနည်းနေသော်လည်း အသက်တော့ မထွက်သေးချေ။

သမားတော်အားလုံးက ဧကရာဇ် ပြန်လည်သတိရလာမည်မဟုတ်ဟု ဆုံးဖြတ်ထားကြသော်လည်း အတိအကျ မည်သည့်အချိန်တွင် အသက်ထွက်မည်ကိုမူ မည်သူမှ မခန့်မှန်းနိုင်ကြချေ။ သူ၏ ရောဂါလက္ခဏာမှာ အပင်လူသားတစ်ဦးကဲ့သို့ ဖြစ်နေသောကြောင့် ဖြစ်သည်။

ဧကရာဇ်က တစ်ရက် သတိမရလာလျှင် အိမ်ရှေ့စံက တစ်ရက် နန်းမတက်ဘဲ နေရမည်လား။ ထို့ကြောင့် အရပ်ဖက်၊ စစ်ဖက်အမတ် အများအပြားသည် လျှို့ဝှက်စွာ ချိတ်ဆက်ထားကြ၏။

နောက်ထပ် အချိန်အတန်ကြာသည်အထိ ဧကရာဇ်မင်းမြတ် ပြန်လည်သတိရမလာပါက အိမ်ရှေ့စံ ရှကျူးကို ဧကရာဇ်အဖြစ် နန်းတက်ရန် တောင်းဆိုကြမည်ဖြစ်ကာ ဧကရာဇ် ယုံချီကိုမူ ထိုက်ရှန်ဟွမ် (ဧကရာဇ်ဟောင်း) အဖြစ် တင်မြှောက်ထားရန် စီစဉ်နေကြခြင်းဖြစ်သည်။

ထိုက်ရှန်ဟွမ်အနေဖြင့် အချိန်မည်မျှကြာအောင် သတိလစ် မေ့မြောနေပါစေ ကိစ္စမရှိတော့ချေ။ ဤကဲ့သို့ ရှုပ်ထွေးသော အခြေအနေအောက်တွင် နန်းတော်တစ်ခုလုံး၌ လျှို့ဝှက်အကောက်ကြံမှုများ ပြည့်နှက်နေခြင်း ဖြစ်၏။

“အခု ပထမဆုံးလုပ်ရမယ့် တာဝန်က နန်းတော်ထဲက အရပ်ဖက်၊ စစ်ဖက်အမတ်တွေကို စည်းရုံးပြီး အိမ်ရှေ့စံကို ဧကရာဇ်အဖြစ် နန်းတက်ဖို့ တောင်းဆိုခိုင်းရမယ်။ ဒီလိုအရေးကြီးတဲ့အချိန်မှာ အပိုပြဿနာတွေ မဖြစ်စေရဘူး။ ယွင်ကျုံးဟဲ့က အိမ်ရှေ့စံ ထျန်းအန်းရဲ့ သွေးသားဖြစ်နေရင်တောင် နန်းတော်ထဲမှာ ဘာအခြေခံမှ မရှိသလို လာရာလမ်းကြောင်းလည်း မရှင်းလင်းတော့ ထီးနန်းကို ခြိမ်းခြောက်နိုင်စွမ်း လုံးဝ မရှိပါဘူး။”

နိုင်ကော် ဒု-ဝန်ကြီးချုပ်က ပြောလိုက်သည်။ “ဒါကြောင့် သူ့ကို နန်းတော်ထဲမှာပဲ ဆက်ပြီး အကျယ်ချုပ် ချထားလိုက်၊ ဘယ်သူနဲ့မှ အဆက်အသွယ် ပေးမလုပ်နဲ့။ အိမ်ရှေ့စံ နန်းတက်ပြီးမှပဲ သူ့ကို အရေးယူလိုက်ရင် မကောင်းဘူးလား။”

ထို့နောက် လူတိုင်း ဆွေးနွေးသည့်အကြောင်းအရာမှာ အိမ်ရှေ့စံကို မည်သို့နန်းတက်စေမည်ဆိုသည့် ကိစ္စသို့ ရောက်ရှိသွား၏။

ဤသည်မှာ ကြီးမားသော စိန်ခေါ်မှုတစ်ခု ဖြစ်သည်။ အကြောင်းမှာ ဧကရာဇ်မသေသေးဘဲ အိမ်ရှေ့စံက နန်းတက်ခြင်းမှာ ပုန်ကန်ရာကျပြီး မိဘကျေးဇူး ကန်းရာလည်း ရောက်သောကြောင့် ဖြစ်၏။ သို့ပေမည့် နိုင်ငံတော်သည် ဧကရာဇ်မရှိဘဲ တစ်ရက်ပင် နေ၍မရချေ။

ထို့ကြောင့် ဤကိစ္စကို ဦးဆောင်မည့်သူ လိုအပ်ပြီး ထိုအခါမှသာ အမတ်အားလုံးက ထောက်ခံကြမှာ ဖြစ်သည်။ အရာရှိများ၊ ပညာတတ်များနှင့် ထင်ရှားကျော်ကြားသူများအားလုံးက နန်းတက်ရန် အသနားခံစာများ အကြိမ်ကြိမ် တင်သွင်းကြရမှာဖြစ်ပြီး အိမ်ရှေ့စံ ရှကျူးက အကြိမ်ကြိမ် ငြင်းဆန်ပြရမှာဖြစ်သည်။

နောက်ထပ် ငြင်းဆန်၍ မရတော့သည့် အခြေအနေသို့ ရောက်မှသာ အတင်းအကျပ် နန်းတက်ရသည့် ပုံစံမျိုး လုပ်ဆောင်ရမည်ဖြစ်ရာ ဤပြဇာတ်ကြီးကို အနည်းဆုံး လအနည်းငယ်ကြာအောင် ကပြရမှာဖြစ်၏။

သေချာသည်မှာ ယခုအခါ ဧကရာဇ်သည် ကိုမာဝင်နေကဲ့သို့ ဖြစ်နေပြီး အသက်ရှင်သန်နိုင်စွမ်း အလွန် နည်းပါးနေသောကြောင့် အချိန်မရွေး ကံတော်ကုန်သွားနိုင်သည်။

အကယ်၍ ဧကရာဇ် ကံတော်ကုန်သွားပါက ကိစ္စများ လွယ်ကူသွားမှာဖြစ်ပြီး အိမ်ရှေ့စံသည် တိုက်ရိုက် နန်းတက်ရုံသာ ဖြစ်၏။

All Chapters