အခန်း ၆၈၃
Vol. 58 Ch. 683
အပိုင်း (၆၈၃)
အမတ်တစ်ဦးက ပြောလိုက်သည်။ “လီထိုက်အာကိုလည်း အကျယ်ချုပ်ချထားရမယ်။ ပြီးတော့ အရင်အိမ်ရှေ့စံ ထျန်းအန်းရဲ့ နောက်လိုက်ဟောင်းတွေကိုလည်း အားလုံး ဖမ်းဆီးထိန်းသိမ်းထားရမယ်။ အချုပ်ပြောရရင် ယွင်ကျုံးဟဲ့ကို ဧကရာဇ်နဲ့ လုံးဝ ပေးတွေ့လို့မဖြစ်ဘူး။ ကောလာဟလတွေအရ ဆိုရင် သူက အံ့ဩစရာကောင်းတဲ့ ဆေးပညာတွေ ရှိတယ်လို့ ကြားရတယ်။”
ဘေးမှ အမတ်တစ်ဦးက ဝင်ပြောလိုက်၏။ “ဒါကတော့ စိုးရိမ်လွန်တာပါ။ ကျင်းအဲ့ သတိလစ် မေ့မြောနေတုန်းကလည်း ယွင်ကျုံးဟဲ့ရဲ့ အံ့ဩစရာဆေးပညာက မကယ်နိုင်ခဲ့ပါဘူး။ ထျန်းကျိုးဧကရာဇ် သတိလစ်မေ့မြောတာက တစ်ဝက်က ဟန်ဆောင်ထားတာဖြစ်ပြီး မီတျဲချိုင့်ဝှမ်းက ဝင်ကူညီလို့သာ သတိရလာတာပါ။
ဒါပေမဲ့ မီတျဲချိုင့်ဝှမ်းက ဆရာကြီးတွေ ဧကရာဇ်မင်းမြတ်ကို လာကြည့်ပြီးပြီပဲ။ လုံးဝ မကုသနိုင်ဘူးလို့ ပြောပြီး နောက်ဆုံးခရီးအတွက် ပြင်ဆင်ထားဖို့တောင် တိုက်ရိုက်ပြောသွားတာပဲ မဟုတ်လား။”
ထိုအချိန်တွင် မယ်တော်မိဖုရားခေါင်ကြီးက ပြတ်သားစွာ မိန့်ကြားလိုက်သည်။ “ပေါ့ပေါ့ဆဆ မနေကြနဲ့။ ယွင်ကျုံးဟဲ့ကို ဧကရာဇ်မင်းမြတ်နဲ့ လုံးဝ ပေးတွေ့လို့မဖြစ်ဘူး။ သူ့ကို ယွီချင့်နန်းဆောင်ထဲကနေ ခြေတစ်လှမ်းမှ အပြင်ပေးမထွက်စေနဲ့။ အကယ်၍ သူ ထွက်ဖို့ကြိုးစားရင် ချက်ချင်း သတ်ပစ်လိုက်... ဘာအကျိုးဆက်ကိုမှ ဂရုစိုက်နေစရာ မလိုဘူး။”
“မယ်တော်မိဖုရားခေါင်ကြီးရဲ့ အမိန့်တော်အတိုင်း နာခံပါ့မယ်။”
ဤ ဟန်မျိုးနွယ် မယ်တော်မိဖုရားခေါင်ကြီးသည် အိမ်ရှေ့စံ ရှကျူး၏ အမေအရင်းဖြစ်ပြီး သူမသည် ယခု မင်းဆက်၏ ဒုတိယမြောက် မယ်တော်မိဖုရားခေါင်ကြီး ဖြစ်၏။
ပထမဆုံး မယ်တော်မိဖုရားခေါင်ကြီးမှာ ဧကရာဇ် ယုံချီ၏ ပထမဇနီးဖြစ်ပြီး ယွင်ကျုံးဟဲ့၏ အဘွားအရင်း၊ အိမ်ရှေ့စံ ထျန်းအန်း၏ အမေအရင်း ဖြစ်သည်။
လွန်ခဲ့သော အနှစ်သုံးဆယ်က အိမ်ရှေ့စံ ထျန်းအန်း ပုန်ကန်သည်ဟု ဆိုကာ တာရှအင်ပါယာတွင် ပြည်တွင်းစစ် ဖြစ်ပွားခဲ့ပြီး မယ်တော်မိဖုရားခေါင်ကြီးလည်း ရာထူးမှ ဖယ်ရှားခံရကာ မကြာမီမှာပဲ စိတ်နှလုံး ညှိုးနွမ်းစွာ ကွယ်လွန်သွားခဲ့၏။
ထို့နောက် တော်ဝင် မိဖုရားကြီးဟန်သည် မယ်တော်မိဖုရားခေါင်ကြီး အဖြစ် ခန့်အပ်ခံရသည်။
ဧကရာဇ် ယုံချီသည် သင်ခန်းစာ ရယူခဲ့ပြီး နောက်ထပ် ဆယ်နှစ်ကျော် ကာလ တစ်လျှောက်လုံး အိမ်ရှေ့စံ အသစ် မခန့်အပ်ခဲ့ပေ။
လွန်ခဲ့သော ဆယ့်ငါးနှစ်ကမှသာ အရပ်ဖက်၊ စစ်ဖက် အမတ်များက အိမ်ရှေ့စံ ခန့်အပ်ရန် အသနားခံစာများ အဆက်မပြတ် တင်သွင်းခဲ့ကြ၏။ ထိုအချိန်မှသာ အိမ်ရှေ့စံ ခန့်အပ်ခဲ့ခြင်းဖြစ်သည်။ ထိုသို့ မလုပ်ဆောင်ပါက နန်းတွင်း အုပ်စုကွဲ တိုက်ပွဲများ ပိုမို ဆိုးရွားလာမည် ဖြစ်သောကြောင့်ပင်။
ဧကရာဇ် ယုံချီ၏ ကျန်းမာရေးမှာလည်း ထိုအချိန်မှ စတင်၍ ဆုတ်ယုတ်လာသောကြောင့် ရှကျူးကို အိမ်ရှေ့စံ အဖြစ် ခန့်အပ်ခဲ့၏။
ထို့ကြောင့် ယွင်ကျုံးဟဲ့ ရောက်ရှိလာခြင်းအပေါ် မယ်တော်မိဖုရားခေါင်ကြီးဟန်က အလွန် ရန်လိုနေပြီး သူ့ကို ချက်ချင်း သတ်ပစ်ချင်နေခြင်း ဖြစ်သည်။
ထိုက်ဝေ့ ကျိုးချန်က ပြောလိုက်၏။“မယ်တော်မိဖုရားခေါင်ကြီး စိတ်ချပါ။ ယွင်ကျုံးဟဲ့က နန်းတော်ထဲမှာ ဆွေမျိုး မရှိသလို ခွန်အားလည်း မရှိတော့ ဘာလှိုင်းဂယက်မှ ဖန်တီးနိုင်မှာ မဟုတ်ဘူး။”
မကြာမီမှာပဲ လီထိုက်အာ အကျယ်ချုပ် ချခံရပြီး အိမ်ရှေ့စံ ထျန်းအန်း၏ အနည်းငယ်သော နောက်လိုက်ဟောင်းများ အားလုံး အကျယ်ချုပ် ချခံလိုက်ရ၏။ ဤအချိန်တွင် အိမ်ရှေ့စံ ရှကျူး၏ နန်းတက်ပွဲကြီးကို မည်သူကမှ တားဆီးနိုင်မည် မဟုတ်ပေ။
ယွင်ကျုံးဟဲ့ နှင့် ဧကရာဇ်တို့ နှစ်ဦးစလုံး နန်းတော် အတွင်း၌ ရှိနေပြီး အကွာအဝေးမှာ နှစ်ကီလိုမီတာပင် မပြည့်သော်လည်း ကောင်းကင် နှင့် မြေကြီး ကဲ့သို့ ကွာဝေးနေ၏။
ထို့ကြောင့် ယွင်ကျုံးဟဲ့ကို ဧကရာဇ်နှင့် တွေ့ခွင့်ရရန် ဆိုသည်မှာ ကောင်းကင်သို့ တက်ရသကဲ့သို့ ခက်ခဲလှပြီး ယွီအန်း နန်းဆောင်မှ အပြင်သို့ ထွက်ရန်ပင် ခက်ခဲလှသည်။
ညအချိန်တွင်...
ပိန်လှီသော အရိပ်တစ်ခုသည် တာရှမြို့တော်မှ ထွက်ခွာလာပြီး အနောက်ဘက်ရှိ တာ့ယန်တောင်သို့ ဦးတည် သွားနေ၏။
ထိုသူမှာ မိန်းမစိုး တစ်ဦးဖြစ်ပြီး သူ၏ သိုင်းပညာမှာ အလွန် မြင့်မားကာ အရိပ် တစ်ခုကဲ့သို့ လျင်မြန်စွာ ပျောက်ကွယ်သွားသည်။
တာ့ယန်တောင်၊ ယန်ရင် ဘုရားကျောင်း...
ဤနေရာမှာ တားမြစ်နယ်မြေ ဖြစ်ပြီး မည်သူမှ အနီးသို့ ချဉ်းကပ်ခွင့် မရှိပေ။
အကြောင်းမှာ ဤနေရာတွင် လူတစ်ယောက် သီလရှင် ဝတ်နေသောကြောင့်ဖြစ်ပြီး သူမမှာ တာရှအင်ပါယာ၏ မယ်တော်မိဖုရားခေါင်ကြီးဟောင်းပင် ဖြစ်၏။
လူအချို့ အံ့ဩကောင်း အံ့ဩနိုင်သည်။ ဧကရာဇ် ယုံချီပင် ယခုနှစ်တွင် အသက် ရှစ်ဆယ် ပြည့်တော့မည် ဖြစ်ရာ မယ်တော်မိဖုရားခေါင်ကြီးဟောင်းက အသက်ရှင်နေသေးသည် ဆိုလျှင် သူမ အသက် မည်မျှ ရှိနေပြီ ဖြစ်သနည်း။
မယ်တော်မိဖုရားခေါင်ကြီးဟောင်းသည် ယခုနှစ်တွင် အသက် ကိုးဆယ့်ခြောက်နှစ် ရှိပြီဖြစ်ပြီး ဤနေရာတွင် သီလရှင် ဝတ်နေသည်မှာ အနှစ်လေးဆယ်ကျော် ရှိပြီ ဖြစ်သည်။
တာရှ၏ ယခင် ဧကရာဇ်ဖြစ်သော ဧကရာဇ် နင်ဟဲသည် လွန်ခဲ့သော ရာစုနှစ် တစ်ခုအတွင်း တာရှအင်ပါယာ၏ အထူးချွန်ဆုံး ဧကရာဇ် တစ်ပါး ဖြစ်ခဲ့၏။
သူက အလွန် ထူးချွန်ထက်မြက်လွန်း၍ မဟုတ်ဘဲ ကြင်နာမှု ဟူသော စကားလုံး တစ်လုံးတည်းကြောင့် ဖြစ်၏။ ထို့ကြောင့် သူ၏ ဘွဲ့အမည်မှာ ရှောင်ကျုံး (မိဘကို ရိုသေသော ဧကရာဇ်) ဖြစ်သည်။
အမှန်တကယ် ပို၍ သင့်တော်သော ဘွဲ့အမည်မှာ ရန်ကျုံး (ကြင်နာသော ဧကရာဇ်) ဖြစ်သော်လည်း။ တာရှအင်ပါယာ၏ သမိုင်းကြောင်းက အလွန် ရှည်လျားလွန်းသောကြောင့် ရန်ကျုံး ဧကရာဇ်မှာ ယခင်တည်းက ရှိနေခဲ့ပြီး ဖြစ်၏။
ယခင် ဧကရာဇ် တွင် နောက်ထပ် ဒဏ္ဍာရီ တစ်ခု ရှိသေးသည်။ ထိုအရာမှာ သူ၏ တစ်သက်တာလုံး မည်သည့် ကိုယ်လုပ်တော်မှ မယူခဲ့ဘဲ ဇနီး တစ်ယောက်တည်းသာ ရှိခဲ့ခြင်းပင် ဖြစ်သည်။
ဤသည်မှာ နှစ်ထောင်ပေါင်းများစွာ ရှည်လျားသော သမိုင်းကြောင်း တစ်လျှောက် အလွန် ရှားပါးလှသော ကိစ္စ ဖြစ်ပြီး မည်သည့် ဧကရာဇ်မဆို မိဖုရားနှင့် ကိုယ်လုပ်တော် အများအပြား ရှိစမြဲ ဖြစ်၏။
အရပ်ဖက်၊ စစ်ဖက် အမတ်များက မည်သို့ပင် ပြောဆိုစေကာမူ ယခင် ဧကရာဇ်သည် မယ်တော်မိဖုရားခေါင်ကြီး တစ်ဦးတည်းကိုသာ သစ္စာရှိစွာ ပေါင်းသင်းခဲ့သည်။
ယခင် ဧကရာဇ်၏ မေတ္တာကို တုံ့ပြန်သောအားဖြင့် ယခင် မယ်တော်မိဖုရားခေါင်ကြီးသည် ကလေး အများအပြား မွေးဖွားပေးရန် ကြိုးစားခဲ့ပြီး ဆယ်နှစ်ကျော်အတွင်း ကလေး ခုနစ်ယောက် မွေးဖွားခဲ့၏။
နောက်ဆုံးတွင် ယခင် ဧကရာဇ်က မကြည့်ရက်တော့ဘဲ တော်ပြီ တော်ပြီ။ ထပ်မမွေးနဲ့တော့ ဟု ပြောခဲ့ရသည်။
ထို့ကြောင့် သူတို့သည် ကိန္ဒရီ၊ ကိန္ဒရာ ကဲ့သို့သော ဇနီးမောင်နှံဖြစ်ပြီး ဧကရာဇ် မိသားစုအတွင်း ဤသို့ ဖြစ်ပေါ်လာခြင်းမှာ အမှန်တကယ်ပင် ဤလောက တစ်ခုလုံးတွင် ကျော်ကြားလှ၏။
ယခင် ဧကရာဇ် ကံတော်ကုန်ပြီးနောက် ဧကရာဇ် ယုံချီ နန်းတက်လာရာ ယခင် မယ်တော် မိဖုရားခေါင်ကြီးသည် သဘာဝကျစွာပင် မယ်တော်မိဖုရားခေါင်ကြီးဟောင်း ဖြစ်လာခဲ့သော်လည်း သူမသည် နန်းတော် အတွင်း၌ ဆက်လက် မနေထိုင်တော့ဘဲ တာရှ ဧကရာဇ်များ၏ ဂူဗိမာန် အနီးတွင် သီလရှင် ဝတ်ကာ ခင်ပွန်းအတွက် အစောင့်အရှောက် ပြုနေခဲ့သည်။
ဧကရာဇ် ယုံချီက သေချာပေါက် စိတ်မကောင်း ဖြစ်ပြီး မယ်တော်မိဖုရားခေါင်ကြီးဟောင်းကို နန်းတော်သို့ ပြန်လာရန် အကြိမ်ကြိမ် တောင်းဆိုခဲ့သော်လည်း သူမက သဘောမတူခဲ့ပေ။
ထို့ကြောင့် ဧကရာဇ် ယုံချီသည် တာ့ယန်တောင်ရှိ ဂူဗိမာန် အနီးတွင် ယန်ရင် နန်းဆောင်ကို တည်ဆောက် ပေးပြီး မယ်တော်မိဖုရားခေါင်ကြီးဟောင်းကို နေထိုင်စေကာ မိန်းမစိုးနှင့် အစေခံ အများအပြား ကိုလည်း စေလွှတ်ပေးခဲ့၏။
မယ်တော်မိဖုရားခေါင်ကြီးဟောင်းက ခွင့်မပြုဘဲ နန်းဆောင်ကို ဘုရားကျောင်းအဖြစ် ပြောင်းလဲကာ မည်သည့် မိန်းမစိုး နှင့် အစေခံကိုမှ လက်မခံခဲ့ပေ။
သေသည်အထိ ဆီမီးခွက်နှင့် ဗုဒ္ဓ ရုပ်ပွားတော်များ အနီးတွင် ဘဝကို အဆုံးသတ်ရန် ဆုံးဖြတ်ထားခြင်း ဖြစ်သည်။
တာ့ကျိုး၏ ဧကရာဇ်ဟောင်းသည် ရှန်ချင်း နန်းဆောင်တွင် နေထိုင်ခြင်းမှာ သူ ကိုယ်တစ်ခြမ်း သေနေသည့် အမှန်တရားကို ဖုံးကွယ်ရန် ဖြစ်သော်လည်း သူက ရှန်ချင်း နန်းဆောင်၏ လျှို့ဝှက်ဆန်းကြယ်မှုကို အစွမ်းကုန် ဖန်တီးကာ ဤလောကက လူများကို ကြောက်ရွံ့စေခဲ့၏။
သို့ပေမည့် တာရှ၏ မယ်တော်မိဖုရားခေါင်ကြီးဟောင်းက ထိုသို့ မဟုတ်ပေ။ သူမသည် အမှန်တကယ်ပင် ခင်ပွန်း အတွက် သီလရှင် ဝတ်ကာ အစောင့်အရှောက် ပြုနေခြင်း ဖြစ်ပြီး တကယ့်ကို ခြိုးခြံချွေတာသော ဘဝဖြင့် နေထိုင်နေခြင်း ဖြစ်သည်။
ထို့အပြင် သူမသည် နိုင်ငံရေး ကိစ္စများတွင် လုံးဝ ဝင်ရောက် စွက်ဖက်ခြင်း မရှိခဲ့ပေ။ အစပိုင်းတွင် သူမသည် တစ်ခါတရံ နန်းတော်သို့ ပြန်၍ ဧကရာဇ်ကို တွေ့လေ့ ရှိ၏။
သို့ပေမည့် လွန်ခဲ့သော အနှစ်သုံးဆယ်က အိမ်ရှေ့စံ ထျန်းအန်း ပုန်ကန်သည် ဟုဆိုကာ သားအဖ အချင်းချင်း သတ်ဖြတ်ကြပြီးနောက် မယ်တော်မိဖုရားခေါင်ကြီးဟောင်းသည် သူမ၏ သားကို တွေ့ရန် နန်းတော်သို့ တစ်ခါမှ ပြန်မလာခဲ့တော့ပေ။ ဧကရာဇ် ယုံချီ လာရောက် တွေ့တိုင်းလည်း တံခါးပိတ်၍ ငြင်းဆန်ခံခဲ့ရသည်။
မိန်းမစိုးအိုကြီးသည် လျင်မြန်စွာ ရောက်ရှိလာပြီး မယ်တော်မိဖုရားခေါင်ကြီးဟောင်းရှိရာ ယန်ရင် ဘုရားကျောင်းသို့ ရောက်ရှိလာ၏။ သို့ပေမည့် သူ တံခါး မခေါက်ရသေးခင်မှာပင် လူအချို့က ချက်ချင်း တားဆီးလိုက်သည်။
အရိပ် အချို့ ထွက်ပေါ်လာပြီး ခေါင်းဆောင်မှာ အခြား မိန်းမစိုး တစ်ဦး ဖြစ်သော ယွီရွှန်း ပင် ဖြစ်၏။
မိန်းမစိုးကြီး ယွီရွှန်းက မေးလိုက်သည်။ “မိန်းမစိုးကြီး ချင်ရန်... ဒီလောက် ညဉ့်နက်နေပြီ။ ခင်ဗျား ဘာလာလုပ်တာလဲ။ မယ်တော် မိဖုရားခေါင်ကြီးဟောင်းရဲ့ တရားကျင့်စဉ်ကို လာနှောင့်ယှက်တာလား။”
မိန်းမစိုးအိုကြီး ချင်ရန်က ပြန်မေးလိုက်၏။ “မိန်းမစိုးကြီး ယွီရွှန်း... ခင်ဗျား ဘယ်လိုလုပ် ဒီရောက်နေတာလဲ။”
ဤမိန်းမစိုးကြီး ယွီရွှန်းသည် သေချာပေါက် လက်ရှိ မယ်တော်မိဖုရားခေါင်ကြီး၊ တစ်နည်းအားဖြင့် အိမ်ရှေ့စံ ရှကျူး၏ အမေအရင်း ယုံကြည်ရသော လူပင် ဖြစ်သည်။
နန်းတော် အတွင်း၌ သူမ၏ အမိန့် တစ်ခွန်းဖြင့် ယွင်ကျုံးဟဲ့သည် သတိလစ်မေ့မြောနေသော ဧကရာဇ်ကို တွေ့ခွင့်ရရန် လုံးဝ မဖြစ်နိုင်တော့ပေ။
သို့ပေမည့် သူမထက် အဆင့်အတန်း မြင့်မားသူ တစ်ဦး ရှိသေးပြီး ထိုသူမှာ ဤနေရာတွင် သီလရှင် ဝတ်နေသော မယ်တော်မိဖုရားခေါင်ကြီးဟောင်းပင် ဖြစ်၏။
မယ်တော်မိဖုရားခေါင်ကြီးဟောင်းသည် သီလရှင် ဝတ်နေသည်မှာ ဆယ်စုနှစ်ပေါင်းများစွာ ရှိနေပြီ ဖြစ်ပြီး နိုင်ငံရေး ကိစ္စများတွင် လုံးဝ ဝင်ရောက် စွက်ဖက်ခြင်း မရှိသလို နန်းတော်ထဲရှိ လူအများအပြားက မယ်တော် မိဖုရားခေါင်ကြီးဟောင်းကို မသိကြတော့သော်လည်း မယ်တော်မိဖုရားခေါင်ကြီးဟောင်း ဆိုသည်မှာ မယ်တော်မိဖုရားခေါင်ကြီးဟောင်းပင် ဖြစ်သည်။
ယွင်ကျုံးဟဲ့ကို ကူညီရန် မယ်တော်မိဖုရားခေါင်ကြီးဟောင်း ထံသို့ အကူအညီတောင်းသူ လာမည်ကို မယ်တော်မိဖုရားခေါင်ကြီးဟန်က စိုးရိမ်သောကြောင့် ဤနေရာတွင် ကြိုတင်၍ လူများကို ပုန်းအောင်း စေခဲ့ခြင်း ဖြစ်၏။
သူမ ထင်ထားသည့်အတိုင်း လူရောက်လာပြီ ဖြစ်သည်။
“ဧကရာဇ်မင်းမြတ်ရဲ့ အမိန့်တော် အရ ဘယ်သူမှ မယ်တော်မိဖုရားခေါင်ကြီးဟောင်းရဲ့ တရားကျင့်စဉ်ကို နှောင့်ယှက်ခွင့် မရှိဘူး။ မိန်းမစိုးကြီး ချင်ရန်... ခင်ဗျား ပြန်သွားလိုက်ပါ။” မိန်းမစိုးကြီး ယွီရွှန်းက အေးစက်စွာ ပြောလိုက်၏။
ချင်ရန်က မေးလိုက်သည်။ “ကျုပ် မပြန်ဘူး ဆိုရင်ရော”
ယွီရွှန်းက ပြန်ပြောလိုက်၏။ “ဒါဆိုရင်တော့ ကျုပ် ရိုင်းစိုင်းမိတာကို ခွင့်လွှတ်ပါ။ လူတွေ လာကြစမ်း။ မိန်းမစိုးကြီး ချင်ရန်ကို ဖမ်းလိုက်...”
ချက်ချင်းပဲ လူဆယ်ယောက်ကျော်က မိန်းမစိုးကြီး ချင်ရန် ထံသို့ ပြေးဝင်သွားပြီး ပြင်းထန်စွာ တိုက်ခိုက် ကြတော့သည်။
မိန်းမစိုးကြီး ချင်ရန်၏ သိုင်းပညာသည် အလွန် မြင့်မားသည်မှာ သေချာသော်လည်း သိုင်းပညာရှင် ဆယ်ယောက်ကျော်၏ တိုက်ခိုက်မှုကို မခံနိုင်ဘဲ အချိန်အနည်းငယ် အကြာတွင် အရေးနိမ့်လာ၏။
“မိန်းမစိုးကြီး ချင်ရန်... အခု ချက်ချင်း အဖမ်းခံလိုက်ပါ။ မဟုတ်ရင် ကျုပ်တို့ ရက်စက်တယ်လို့ အပြစ်မတင်နဲ့။” မိန်းမစိုးကြီး ယွီရွှန်းက အေးစက်စွာ ပြောလိုက်သည်။
မိန်းမစိုးကြီး ချင်ရန်က အေးစက်စက် လေသံဖြင့် ပြန်မေးလိုက်၏။ “ဧကရာဇ်မင်းမြတ် နတ်ရွာမစံသေးဘူး။ ခင်ဗျားတို့က ဒီလောက်တောင် ရိုင်းစိုင်းရဲနေပြီလား။”
မိန်းမစိုးကြီး ယွီရွှန်းက လက်ကို ရုတ်တရက် ဝှေ့ယမ်းကာ လူသတ်ရန် အမိန့်ပေးလိုက်၏။ သို့ပေမည့် ထိုအချိန်မှာပဲ ယန်ရင် ဘုရားကျောင်း၏ တံခါး ပွင့်လာပြီး အရိပ်တစ်ခု ဖြည်းညင်းစွာ ထွက်လာသည်။
လူတိုင်း အံ့ဩသွားပြီးနောက် ဒူးထောက်လိုက်ကြ၏။ ညအမှောင်ထဲတွင် ဤလူ၏ အဖြူရောင် ဝတ်စုံနှင့် ဆံပင်ဖြူဖြူ တို့မှာ အလွန် ထင်ရှားနေသည်။
‘ဒါ… ဒါ မယ်တော်မိဖုရားခေါင်ကြီးဟောင်းလား။’
သူမသည် ယခုနှစ်တွင် အသက် ကိုးဆယ့်ခြောက်နှစ် ရှိပြီဖြစ်ပြီး ဆံပင်များ အားလုံး ဖြူဖွေးနေသော်လည်း မျက်နှာမှာ ကိုးဆယ့်ခြောက်နှစ်အရွယ် လူတစ်ယောက်နှင့် လုံးဝ မတူဘဲ အသက် ခြောက်ဆယ် ဝန်းကျင်ခန့်သာ ရှိပုံရသည်။ ထို့အပြင် လှုပ်ရှားမှုတိုင်းတွင် ကျက်သရေ ရှိပြီး တည်ငြိမ်မှု အပြည့် ရှိနေ၏။
“ကျုပ်တို့ မယ်တော်မိဖုရားခေါင်ကြီးဟောင်းကို ဂါရဝပြုပါတယ်။” လူတိုင်း ဦးညွတ်ကာ ပြောလိုက်ကြသည်။