← Chapters

အခန်း ၆၈၄

Vol. 58 Ch. 684

အခန်း ၆၈၄

Vol. 58 Ch. 684

အပိုင်း (၆၈၄)

မယ်တော်မိဖုရားခေါင်ကြီးဟောင်း၏ အကြည့်များက မိန်းမစိုးကြီး ချင်ရန် ထံသို့ ရောက်ရှိသွားပြီး မေးလိုက်၏။ “ရှောင်ရန်ဇီ... ဘာကိစ္စလဲ။”

မယ်တော်မိဖုရားခေါင်ကြီးဟောင်း နန်းတော်တွင် ရှိနေစဉ်က ချင်ရန်သည် အသက် ဆယ်နှစ်ကျော်သာ ရှိသေးသောကြောင့် ရှောင်ရန်ဇီ ဟု ခေါ်ဆိုခြင်း ဖြစ်သည်။

မိန်းမစိုးအိုကြီး ချင်ရန်က ပြောလိုက်၏။ “မယ်တော်မိဖုရားခေါင်ကြီးဟောင်းကို လျှောက်တင်ပါတယ်။ အိမ်ရှေ့စံ ထျန်းအန်းရဲ့ သားတော်က သက်ရှိထင်ရှား ရှိနေသေးကြောင်း ဧကရာဇ်မင်းမြတ် ကြားသိရတဲ့ အခါ အရမ်း ဝမ်းသာသွားပြီး သခင်လေးကို ချက်ချင်း သွားရှာခိုင်းတယ်။ ဆရာကြီး လီထိုက်အာက သခင်လေးကို ရှာတွေ့ပြီး နန်းတော်ကို ခေါ်လာခဲ့တယ်။

ဒါပေမဲ့ လဝက်လောက်က ဧကရာဇ်မင်းမြတ် ရောဂါ ဖောက်လာပြီး ရုတ်တရက် သတိလစ်မေ့မြော သွားခဲ့တယ်။ သခင်လေး နန်းတော်ကို ရောက်လာတဲ့အခါ လူအချို့က သူ့ကို ဧကရာဇ်မင်းမြတ်နဲ့ တွေ့ခွင့်မပေးဘဲ ယွီအန်း နန်းဆောင် ထဲမှာ အကျယ်ချုပ် ချထားတယ်။ ဒါကြောင့် ကျုပ်က မယ်တော်မိဖုရားခေါင်ကြီးဟောင်းကို အကူအညီ တောင်းဖို့ လာခဲ့တာပါ။”

ထိုစကားကို ကြားချိန်မှာတော့ မယ်တော်မိဖုရားခေါင်ကြီးဟောင်း၏ မျက်လုံးများ အနည်းငယ် တုန်ယင်သွား၏။ အိမ်ရှေ့စံ ထျန်းအန်း၏ သားဆိုလျှင် သူမ၏ မြစ်ပင် ဖြစ်သည်။

မိန်းမစိုးကြီး ယွီရွှန်းက ဝင်ပြောလိုက်၏။ “မယ်တော်မိဖုရားခေါင်ကြီးဟောင်းကို လျှောက်တင်ပါတယ်။ အဲဒီ သခင်လေး ဆိုတဲ့ သူ နာမည်က ယွင်ကျုံးဟဲ့ ပါ။ သူက တာယင်အင်ပါယာ ဟေးလုံထိုင်ရဲ့ သူလျှို ပါ။ အရင်က တာ့ကျိုးအင်ပါယာမှာ သူလျှို လုပ်ပြီး ဧကရာဇ် နှစ်ပါးကို သတ်ပစ်ခဲ့တယ်။

အခု တာယင်အင်ပါယာက လောကကို လွှမ်းမိုးနေပြီ ဆိုတော့ မယ်တော်မိဖုရားခေါင်ကြီးက သတိထား နေတာပါ။ ယွင်ကျုံးဟဲ့ကို ဧကရာဇ်မင်းမြတ်နဲ့ ပေးမတွေ့ရဲဘူး။ သောင်းပုံ တစ်ပုံ မကဘဲ သောင်းပုံ သောင်းပုံ အမှားအယွင်း ဖြစ်သွားမှာ စိုးလို့ပါ။

ဒီ ယွင်ကျုံးဟဲ့ရဲ့ လာရာလမ်းကြောင်းက မရှင်းလင်းဘူး။ သူက အိမ်ရှေ့စံ ထျန်းအန်းရဲ့ သွေးကြော ဆိုတာ ဘယ်သူက အာမခံရဲမှာလဲ။ သူက ဧကရာဇ်မင်းမြတ်ကို ဒုက္ခပေးမယ် ဆိုရင် ဘယ်လို လုပ်မလဲ။”

မယ်တော်မိဖုရားခေါင်ကြီးဟောင်းက နားထောင်ပြီးနောက် ခဏမျှ စဉ်းစားကာ ပြောလိုက်သည်။ “ငါက သီလရှင် ဝတ်နေတဲ့ သူတစ်ယောက်ပါ။ နိုင်ငံရေး ကိစ္စတွေကို ဘယ်တုန်းကမှ ဝင်မစွက်ဖက်ခဲ့ဘူး။ ဒါကြောင့် ဒီကိစ္စအတွက် ငါ့ဆီလာလည်း ဘာမှ အသုံးဝင်မှာ မဟုတ်ဘူး။”

ထိုစကားကြောင့် မိန်းမစိုး ချင်ရန် မျက်နှာ ပျက်သွားပြီး မြေပြင်ပေါ်တွင် ချက်ချင်း ဒူးထောက်ကာ တုန်ယင်စွာ ပြောလိုက်၏။ “မယ်တော်မိဖုရားခေါင်ကြီးဟောင်း... သနားညှာတာ တော်မူပါ။”

မိန်းမစိုးကြီး ယွီရွှန်း ကမူ စိတ်ထဲတွင် အလွန် ဝမ်းသာသွားသည်။

‘မယ်တော်မိဖုရားခေါင်ကြီးဟောင်းက တကယ်ကို ဘာမှ ဝင်မစွက်ဖက်ဘူးပဲ။ သူမ မယ်တော်မိဖုရားခေါင်ကြီး ဖြစ်စဉ်တည်းက နိုင်ငံရေး ကိစ္စတွေကို ဘာမှ ဝင်မစွက်ဖက်ခဲ့ဘူး။ သူမနဲ့ အရင်ဧကရာဇ်က သာမန် ဇနီးမောင်နှံလိုပဲ။

အရင် ဧကရာဇ်က ကြင်နာတတ်တယ်။ သူမက အရင် ဧကရာဇ် ထက်တောင် ပိုပြီး ကြင်နာတတ်သေးတယ်။ ဒါကြောင့် အခု နန်းတော်ထဲက မိန်းမစိုးအိုကြီး တော်တော်များများက သူမရဲ့ ကျေးဇူးတွေကို အမှတ်ရနေကြတုန်းပဲ။’

မယ်တော်မိဖုရားခေါင်ကြီးဟောင်းက ဆက်ပြောလိုက်၏။ “ဒါပေမဲ့ ဧကရာဇ်က ဘာပဲဖြစ်ဖြစ် ငါ့သား အရင်းပဲ။ သူ နေမကောင်းဘူး ဆိုတော့ ငါက အမေ တစ်ယောက် အနေနဲ့ သွားကြည့်သင့်တာပေါ့။ နွားလှည်း ပြင်လိုက်။”

ထိုစကားကြောင့် မိန်းမစိုးကြီး ယွီရွှန်းက အမြန် လျှောက်တင်လိုက်သည်။ “မယ်တော် မိဖုရားခေါင်ကြီးဟောင်း နန်းတော်ကို ပြန်မယ် ဆိုတာ ကြီးမားတဲ့ ကိစ္စကြီး ပါ။ ကျုပ် ချက်ချင်း နန်းတော်ကို ပြန်ပြီး မယ်တော်မိဖုရားခေါင်ကြီးနဲ့ အိမ်ရှေ့စံကို လာကြိုခိုင်းလိုက်ပါ့မယ်။”

မယ်တော်မိဖုရားခေါင်ကြီးဟောင်းက ပြောလိုက်၏။ “မလိုဘူး။ ငါက သီလရှင် ဝတ်နေတဲ့ သူတစ်ယောက်ပါ။ ဘာ စည်းကမ်းမှ မလိုဘူး။”

မကြာမီ နွားလှည်း တစ်စီး ရောက်လာပြီး မယ်တော်မိဖုရားခေါင်ကြီးဟောင်းက လှည်းပေါ် တက်ကာ ဘေးရှိ လူများကို အမိန့်ပေးလိုက်သည်။ “ဘယ်သူမှ နန်းတော်ကို ကြိုပြီး သတင်းမပို့ရဘူး။ ဘယ်သူ့ကိုမှ လာမကြိုခိုင်းနဲ့။ နားလည်လား။”

“အမိန့်တော်အတိုင်း နာခံပါ့မယ်။” မိန်းမစိုးကြီး ယွီရွှန်းက ရိုသေစွာ ဖြေလိုက်သော်လည်း မျက်လုံးဖြင့် အချက်ပြလိုက်၏။

ချက်ချင်းပဲ သစ်တောအုပ် ထဲတွင် ပုန်းအောင်းနေသော သိုင်းပညာရှင် အချို့သည် နန်းတော် ဘက်သို့ အမြန် ပြေးသွားကြသည်။

မယ်တော်မိဖုရားခေါင်ကြီးဟောင်း နန်းတော်ကို ဝင်တော့မည်။ အပြောင်းအလဲတွေ ဖြစ်လာတော့မည် ဆိုသောကြောင့် အိမ်ရှေ့စံနှင့် မယ်တော်မိဖုရားခေါင်ကြီးကို ကြိုတင် သတင်းပို့ရမည် ဖြစ်ပြီး လိုအပ်ပါက ယွင်ကျုံးဟဲ့ကို ကြိုတင်၍ သတ်ပစ်နိုင်၏။

အချုပ်ပြောရလျှင် ယွင်ကျုံးဟဲ့ကို ဧကရာဇ်နှင့် တွေ့ခွင့်မပေးနိုင်သလို အပို ပြဿနာများလည်း မဖြစ်စေရပေ။

“ရွှီး... ရွှီး... ရွှီး…”

သို့ပေမည့် အမည်းရောင်ဝတ်လူ သိုင်းပညာရှင်များ လီအနည်းငယ် ပြေးသွားပြီးနောက် ညအမှောင် ထဲတွင် သစ်ရွက် အချို့ ပျံသန်းလာ၏။

နန်းတော်သို့ သတင်းပို့ရန် သွားသော အမည်းရောင်ဝတ်လူ သိုင်းပညာရှင် နှစ်ဦးသည် လည်ပင်း ပြတ်သွားပြီး အသံတိတ် သေဆုံးသွားကြသည်။

မြို့တော် အတွင်းသို့ ဝင်ရောက်ပြီးနောက် မယ်တော်မိဖုရားခေါင်ကြီးဟောင်း၏ လှုပ်ရှားမှုကို ဖုံးကွယ်ရန် ခက်ခဲသွားပြီဖြစ်ပြီး အိမ်ရှေ့စံ နှင့် မယ်တော်မိဖုရားခေါင်ကြီးထံသို့ သတင်းပို့ရန် လူအချို့ ချက်ချင်း ပြေးသွားကြ၏။

မယ်တော်မိဖုရားခေါင်ကြီးဟောင်းက ရုတ်တရက် ပြောလိုက်သည်။ “နွားလှည်း မစီးတော့ဘူး။ ငါ့ကို ဝေါယာဉ်နဲ့ ထမ်းသွားကြ။”

“အမိန့်တော်အတိုင်းပါ။”

ထို့နောက် မယ်တော်မိဖုရားခေါင်ကြီးဟောင်းသည် ဝေါယာဉ်ငယ် တစ်ခုသို့ ပြောင်းစီးလိုက်ပြီး သိုင်းပညာရှင် လေးဦးက ဝေါယာဉ်ကို ထမ်းကာ အပြေးအလွှား သွားကြရာ အလွန် မြန်ဆန်လှ၏။

မယ်တော်မိဖုရားခေါင်ကြီးဟောင်းက ပြောလိုက်သည်။ “အနောက်မြောက်ထောင့်က ယုံအန်းတံခါး ကနေ ဝင်မယ်။”

“အမိန့်တော်အတိုင်းပါ။”

ယုံအန်းတံခါးသည် ယွင်ကျုံးဟဲ့၏ ယွီအန်းနန်းဆောင်နှင့် အနီးဆုံး ဖြစ်သောကြောင့် မယ်တော် မိဖုရားခေါင်ကြီးဟောင်း လာနေကြောင်း မယ်တော်မိဖုရားခေါင်ကြီးနှင့် အိမ်ရှေ့စံတို့ သိသွားလျှင်ပင် ယွင်ကျုံးဟဲ့ကို သတ်ရန် အချိန် မမီတော့ပေ။

“အရှိန် နည်းနည်း ထပ်တင်လိုက်” မယ်တော်မိဖုရားခေါင်ကြီးဟောင်းက အမိန့်ပေးလိုက်၏။

“အမိန့်တော်အတိုင်းပါ။”

သိုင်းပညာရှင် လေးဦးသည် သူတို့၏ ခြေမြန် သိုင်းပညာ အားလုံးကို အသုံးပြုကာ အရူးအမူး ပြေးလွှားနေကြပြီး ခြေထောက်များ မြေကြီးနှင့် မထိသလောက်နှုန်းဖြင့် နန်းတော်ဘက်သို့ ပြေးဝင်သွားကြသည်။ ဤအမြန်နှုန်းမှာ အမြန်ဆုံး ရထားလုံးထက် လုံးဝ မလျော့နည်းပေ။

နန်းတော် အတွင်း၌....

မယ်တော်မိဖုရားခေါင်ကြီးဟန်သည် ရုတ်တရက် လန့်နိုးလာပြီး မယ်တော်မိဖုရားခေါင်ကြီးဟောင်း နန်းတော်သို့ ဝင်လာကာ ဧကရာဇ်ကို တွေ့မည် ဟူသော သတင်းကို ရရှိလိုက်၏။

အိမ်ရှေ့စံနှင့် တိုင်ပင်ရန် အချိန် မရှိတော့ပေ။ ယွင်ကျုံးဟဲ့ကို သတ်ရမည်လား။

မယ်တော်မိဖုရားခေါင်ကြီးသည် ယွင်ကျုံးဟဲ့ အပေါ် အလွန် စိုးရိမ်နေသော်လည်း လာရာလမ်းကြောင်း မရှင်းလင်းသော ယွင်ကျုံးဟဲ့သည် အိမ်ရှေ့စံ၏ ဧကရာဇ် အာဏာကို ထိခိုက်စေမည်ဟုလည်း မယုံကြည်ပေ။

သို့ပေမည့် ယွင်ကျုံးဟဲ့ တွင် တကယ်ပဲ အံ့ဩစရာ ဆေးပညာရှိပြီး ဧကရာဇ်ကို ကယ်တင်လိုက်မည် ဆိုပါက။ သူမ၏ သား ရှကျူးသည် ထီးနန်း ဆက်ခံရန် မည်သည့်အချိန်အထိ စောင့်ရမည် ဆိုသည်ကို စိုးရိမ်နေခြင်း ဖြစ်၏။

“လာကြစမ်း... ယွင်ကျုံးဟဲ့ကို ခေါင်းနဲ့ကိုယ်လုံးပဲကျန်အောင် သွားလုပ်လိုက်။ ဒါပေမဲ့ မသတ်နဲ့။” မယ်တော်မိဖုရားခေါင်ကြီးက ပြတ်သားစွာ အမိန့်ပေးလိုက်သည်။

“အမိန့်တော်အတိုင်းပါ။” ထိပ်တန်း သိုင်းပညာရှင် အချို့သည် ယွင်ကျုံးဟဲ့၏ ယွီအန်း နန်းဆောင်ဘက်သို့ ပြေးသွားကြ၏။

ယွင်ကျုံးဟဲ့ကို ခေါင်းနှင့်ကိုယ်လုံးပဲကျန်အောင် လုပ်မည့် နည်းလမ်းများစွာ ရှိပြီး။ အချုပ်ပြောရလျှင် သူ့ကို အံ့ဩစရာ ဆေးပညာ မသုံးနိုင်အောင် လုပ်လိုက်ရန်ပင် ဖြစ်သည်။

မျက်စိတစ်မှိတ် အတွင်းမှာပဲ ဤထိပ်တန်း သိုင်းပညာရှင်များသည် ယွီအန်း နန်းဆောင်၏ အပြင်ဘက်သို့ ရောက်ရှိလာကြပြီး ယွင်ကျုံးဟဲ့ကို ခေါင်းနဲ့ကိုယ်လုံးပဲ ကျန်အောင်လုပ်ရန် ခြံဝင်းအတွင်းသို့ ချက်ချင်း ခုန်ဝင်ရန် ပြင်လိုက်ကြ၏။

သို့ပေမည့် ဤထိပ်တန်း သိုင်းပညာရှင်များသည် ယွီအန်း နန်းဆောင် အပြင်ဘက်တွင် လူဆယ်ယောက်ကျော် ရောက်နေသည်ကို တွေ့လိုက်ရပြီး အားလုံးမှာ မိန်းမစိုးများ ဖြစ်ကာ သူတို့၏ လမ်းကို ပိတ်ဆို့ထားကြသည်။ ထို့အပြင် မယ်တော်မိဖုရားခေါင်ကြီး လွှတ်လိုက်သော မိန်းမစိုးများ မဟုတ်ပေ။

“ခင်ဗျားတို့က ဘယ်နန်းဆောင်က မိန်းမစိုးတွေလဲ။ မယ်တော်မိဖုရားခေါင်ကြီးရဲ့ အမိန့်တော် မရှိဘဲ ဘယ်သူမှ ယွီအန်း နန်းဆောင် အနားကို မကပ်ရဘူး။”

မယ်တော်မိဖုရားခေါင်ကြီး၏ လူယုံ မိန်းမစိုးကြီး ယွီအန်းက အေးစက်စွာ ပြောလိုက်၏။ “အားလုံး ဖယ်ပေးကြ...”

“နင်ဖေးရဲ့ အမိန့်တော်အရ သခင်လေးကို လာရောက် အလုပ်အကျွေး ပြုတာပါ။” တစ်ဖက် မိန်းမစိုးက အေးစက်စွာ ဖြေလိုက်သည်။

မိန်းမစိုးကြီး ယွီအန်းက ပြောလိုက်၏။ “အနောက်ဆောင် တစ်ခုလုံးမှာ သခင် တစ်ယောက်တည်း ပဲ ရှိတယ်။ အဲဒါ မယ်တော်မိဖုရားခေါင်ကြီးပဲ။ ခင်ဗျားတို့ အားလုံး ဖယ်ပေးကြ...”

ယခုအချိန်တွင် အခြေအနေက အလွန် အရေးကြီးနေပြီ ဖြစ်ရာ နင်ဖေး ဆိုသည်မှာ ဘာမှ မဟုတ်ပေ။

လိုအပ်ပါက သွေးထွက်သံယို ဖြစ်အောင် သတ်ဖြတ်ပြီး လမ်းပိတ်နေသော မိန်းမစိုး ဆယ်ယောက်ကျော်ကို သတ်ပစ်ကာ မယ်တော်မိဖုရားခေါင်ကြီး၏ အမိန့်တော်အတိုင်း ယွင်ကျုံးဟဲ့ကို ခေါင်းနဲ့ကိုယ်လုံးပဲကျန်အောင် လုပ်ရမှာဖြစ်၏။

သို့ပေမည့် ထိုအချိန်မှာပဲ အပြင်ဘက်မှ မိန်းမစိုးအိုကြီး ချင်ရန်၏ အော်ဟစ်သံ ထွက်ပေါ်လာသည်။ “မယ်တော်မိဖုရားခေါင်ကြီးဟောင်း ကြွချီလာတယ်။”

မိန်းမစိုးကြီး ယွီအန်း အံ့ဩသွား၏။ ‘မယ်တော်မိဖုရားခေါင်ကြီးဟောင်းက ပျံနိုင်လို့လား။ ဘယ်လိုလုပ် ဒီလောက် မြန်မြန် ရောက်လာရတာလဲ။’

ချက်ချင်းပဲ မိန်းမစိုး အားလုံး ဒူးထောက်လိုက်ကြပြီး ဦးညွှတ်ကာ ပြောလိုက်ကြသည်။ “ကျုပ်တို့... မယ်တော်မိဖုရားခေါင်ကြီးဟောင်းကို ဂါရဝပြုပါတယ်။”

မယ်တော်မိဖုရားခေါင်ကြီးဟောင်း ရောက်လာပြီ ဆိုသောကြောင့် ယခုအချိန်တွင် ယွင်ကျုံးဟဲ့ကို ဒုက္ခပေးရန် မဖြစ်နိုင်တော့ပေ။ မိန်းမစိုးကြီး ယွီအန်း၏ စိတ်ထဲတွင် အေးစက်သွား၏။

မယ်တော်မိဖုရားခေါင်ကြီးဟောင်းသည် ယွီအန်းနန်းဆောင် အတွင်းသို့ ဝင်ရောက်သွားသည်။

ယွင်ကျုံးဟဲ့ ဒူးထောက်ကာ ပြောလိုက်၏။ “မယ်တော်မိဖုရားခေါင်ကြီးဟောင်းကို ဂါရဝပြုပါတယ်။”

မယ်တော်မိဖုရားခေါင်ကြီးဟောင်းက ယွင်ကျုံးဟဲ့ကို ကြည့်ကာ အပေါ်အောက် အတန်ကြာ ကြည့်ရှု ပြီးနောက် မျက်လုံးများ ချက်ချင်း နီရဲသွားပြီး မျက်ရည်များပင် ကျလာလုမတတ် ဖြစ်သွားသည်။

အခြားသူများ မမြင်နိုင်သော်လည်း သူမက မမြင်နိုင်ဘဲ နေမည်လား။ ယွင်ကျုံးဟဲ့၏ မျက်နှာသွင်ပြင်သည် ယခင် ဧကရာဇ်နှင့် မည်မျှ ဆင်တူနေသနည်း။

“မင်းက အဲဒီ ကလေးလား။” မယ်တော်မိဖုရားခေါင်ကြီးဟောင်းက မေးလိုက်၏။

“ဟုတ်ပါတယ်။ မယ်တော်မိဖုရားခေါင်ကြီးဟောင်း...” ဧကရာဇ်က ယွင်ကျုံးဟဲ့၏ ကိုယ်ပိုင်အမှတ်အသားကို မကြေညာရသေးသောကြောင့် သူက မယ်တော်မိဖုရားခေါင်ကြီးဟောင်းဟုသာ ဆက်လက် ခေါ်ဆိုနေခြင်း ဖြစ်သည်။

မယ်တော်မိဖုရားခေါင်ကြီးဟောင်းက မေးလိုက်၏။ “ငါ ဧကရာဇ်ကို သွားတွေ့မလို့။ မင်း ငါနဲ့ လိုက်ခဲ့မလား။”

“လိုက်ခဲ့ပါ့မယ်။” ယွင်ကျုံးဟဲ့က ဖြေလိုက်သည်။

မယ်တော်မိဖုရားခေါင်ကြီးဟောင်းက လက်ယပ်ခေါ်ကာ ပြောလိုက်၏။ “ဒါဆို လာခဲ့”

ယွင်ကျုံးဟဲ့ ရှေ့သို့ တိုးသွားပြီး မယ်တော်မိဖုရားခေါင်ကြီးဟောင်းက လက်ကောက်ဝတ်ကို ကမ်းပေးရာ ယွင်ကျုံးဟဲ့ ချက်ချင်း ရှေ့တိုး တွဲထူကာ ယွီအန်း နန်းဆောင်မှ ထွက်လာခဲ့သည်။

ထိုအချိန်တွင် မယ်တော်မိဖုရားခေါင်ကြီးနှင့် အိမ်ရှေ့စံတို့ ရောက်ရှိလာကြပြီ ဖြစ်၏။

“ကျွန်မ... မယ်တော်မိဖုရားခေါင်ကြီးဟောင်းကို ဂါရဝပြုပါတယ်။”

“မြေးတော်... မယ်တော်မိဖုရားခေါင်ကြီးဟောင်းကို ဂါရဝပြုပါတယ်။”

မယ်တော်မိဖုရားခေါင်ကြီးဟောင်းက မယ်တော်မိဖုရားခေါင်ကြီးနှင့် အိမ်ရှေ့စံကို ကြင်နာစွာ ပြုံးပြကာ ပြောလိုက်သည်။ “ငါက သီလရှင် ဝတ်နေတဲ့ သူ တစ်ယောက် ဆိုတော့ အချိန်အခါမဟုတ် ဧည့်သည်အဖြစ် လာရတာပါ။ မင်းတို့ အပြစ်မတင်ကြပါနဲ့။”

မယ်တော်မိဖုရားခေါင်ကြီးက ပြောလိုက်၏။ “မယ်တော်မိဖုရားခေါင်ကြီးဟောင်း ကြွချီလာတာကို ကျွန်မက ကြိုဆိုဖို့ ပျက်ကွက်ခဲ့တယ်။ မယ်တော်မိဖုရားခေါင်ကြီးဟောင်းက ခွင့်လွှတ်ပေးပါ။”

မယ်တော်မိဖုရားခေါင်ကြီးဟောင်းက ပြောလိုက်သည်။ “ဧကရာဇ် ရောဂါ ပြင်းထန်နေတယ်လို့ ကြားတယ်။ ငါက သူ့ရဲ့ အမေအရင်းပဲ ဆိုတော့ သူ့ကို သွားတွေ့ချင်တယ်။ ရမလား။”

မယ်တော်မိဖုရားခေါင်ကြီး ဒူးထောက်ကာ ပြောလိုက်၏။ “မယ်တော်... ချွေးမကို အားနာအောင် မပြောပါနဲ့။ မယ်တော်မိဖုရားခေါင်ကြီးဟောင်းရဲ့ အမိန့်တော်အတိုင်း နာခံပါ့မယ်။”

ထို့နောက် ယွင်ကျုံးဟဲ့သည် မယ်တော်မိဖုရားခေါင်ကြီးဟောင်း၏ လက်ကောက်ဝတ်ကို တွဲလျက် ဖျင်အန်း နန်းဆောင်ဘက်သို့ လျှောက်သွားကြသည်။

ဆယ့်ငါးမိနစ် အကြာတွင်...

ယွင်ကျုံးဟဲ့သည် နောက်ဆုံးတွင် သူ၏ အဘိုးအရင်းဖြစ်သူ တာရှအင်ပါယာ၏ ဧကရာဇ် ယုံချီကို တွေ့မြင်လိုက်ရပြီ ဖြစ်သည်။ ယခုအခါ ဧကရာဇ်သည် ခုတင်ပေါ်တွင် လဲလျောင်းနေပြီး မလှုပ်မယှက် ဖြစ်နေ၏။

အသက်ရှူသံ သဲ့သဲ့သာ ရှိပြီး နှလုံးခုန်သံလည်း အလွန် အားနည်းကာ အသက်ရှင်သန်နိုင်စွမ်းများ လျော့ကျနေပြီး သတိလစ်မေ့မြောနေသည်။

................

All Chapters