အခန်း ၆၈၅
Vol. 58 Ch. 685
အပိုင်း (၆၈၅)
ယခုအချိန်တွင် ဖျင်အန်းနန်းဆောင် အတွင်း၌ သမားတော် ဆယ်ဦးကျော် ရှိနေပြီး နူးညံ့သိမ်မွေ့သော အမျိုးသမီး တစ်ဦးက ဧကရာဇ်ကို ဆေးရည်များ တိုက်ကျွေးနေ၏။
မယ်တော်မိဖုရားခေါင်ကြီးဟောင်း ရောက်လာသည်ကို မြင်ချိန်မှာတော့ ထိုနူးညံ့သိမ်မွေ့သော အမျိုးသမီးသည် အနည်းငယ် အံ့ဩသွားသော်လည်း သူမ၏ အကြည့်များက ယွင်ကျုံးဟဲ့၏ မျက်နှာပေါ်သို့ အလျင်အမြန် ကျရောက်သွားပြီး မကြာမီမှာပဲ သူမ၏ မျက်လုံးများ နီရဲသွားကာ မျက်ရည်များ ကျလာတော့၏။
“ကျွန်မ... မယ်တော်မိဖုရားခေါင်ကြီးဟောင်းနဲ့ မယ်တော်မိဖုရားခေါင်ကြီးကို ဂါရဝပြုပါတယ်။” နူးညံ့သိမ်မွေ့သော အမျိုးသမီးသည် ဒူးထောက်လိုက်သည်။
မယ်တော်မိဖုရားခေါင်ကြီးဟောင်းက ခေါင်းညိတ်ကာ ပြောလိုက်၏။ “ထပါ။”
မယ်တော်မိဖုရားခေါင်ကြီးက ပြောလိုက်သည်။ “ညီမတော် ပင်ပန်းနေပြီ။ ဧကရာဇ်မင်းမြတ်ကို ဂရုတစိုက် ပြုစုပေးလို့ ကျေးဇူးတင်ပါတယ်ါ။”
ထို နူးညံ့သိမ်မွေ့သော အမျိုးသမီးက ပြန်ပြော၏။ “ကျွန်မက မပင်ပန်းဘူး။ မယ်တော်မိဖုရားခေါင်ကြီးကမှ ပိုပင်ပန်းတာပါ။ နေ့တိုင်း ဧကရာဇ်မင်းမြတ်ကို ပြုစုရုံသာမက အနောက်ဆောင်ကိုပါ အုပ်ချုပ်ရသေးတယ်။ မယ်တော်မိဖုရားခေါင်ကြီးလည်း ကျန်းမာရေး ဂရုစိုက်ပါအုံး။”
မယ်တော်မိဖုရားခေါင်ကြီးဟောင်းသည် ယွင်ကျုံးဟဲ့၏ တွဲထူမှုဖြင့် ဧကရာဇ် အနီးသို့ ရောက်ရှိလာသည်။
ထိုအချိန်တွင် ယွင်ကျုံးဟဲ့သည်လည်း ဤဧကရာဇ်နှင့် သူ၏ သွေးမျိုးဆက် တော်စပ်မှုကို တွေ့မြင်လိုက် ရသည်။ မျက်နှာသွင်ပြင်က သိပ်မသိသာသော်လည်း မျက်နှာအရိုး အနေအထားက အလွန် ဆင်တူနေ၏။
ယွင်ကျုံးဟဲ့ ကိုယ်တိုင်က အလွန် ချောမောလှပလွန်းလှ၏။ အဘယ်ကြောင့်ဆိုသော် သူသည် မိဘများ၏ ကောင်းကွက်များကို လုံးဝ အမွေဆက်ခံထားပြီး မူလပုံစံပေါ်တွင် အမြင့်ဆုံး အဆင့်အထိ တိုးတက်လာ သောကြောင့် ဖြစ်သည်။
ထို့ကြောင့် တစ်ချက် ကြည့်ရုံဖြင့် သူနှင့် ယခင် အိမ်ရှေ့စံ ထျန်းအန်းတို့ မည်မျှ ဆင်တူကြောင်း မခံစားရဘဲ လုံးဝ ကွဲပြားနေသည်ဟုပင် ထင်ရ၏။
အိမ်ရှေ့စံ ထျန်းအန်း၏ ရုပ်ရည်မှာ သူရဲကောင်းဆန်ပြီး အလွန် ယောကျာ်းပီသကာ ရဲရင့်သော ပုံစံမျိုး ဖြစ်သည်။
ယွင်ကျုံးဟဲ့၏ ရုပ်ရည်မှာမူ မိစ္ဆာဆန်ပြီး အမြင့်ဆုံးအဆင့်အထိ လှပကာ မိန်းကလေးများ ထက်ပင် ပို၍ လှပနေသောကြောင့် ရုပ်ရည်ကို သက်သက် ကြည့်ပါက သူတို့ နှစ်ဦးသည် သားအဖ ဖြစ်ကြောင်း လုံးဝ မသိနိုင်ပေ။
ထို့အပြင် အိမ်ရှေ့စံ ထျန်းအန်း သေဆုံးသွားသည်မှာ အလွန် ကြာမြင့်နေပြီ ဖြစ်သောကြောင့် သူတို့ နှစ်ဦးကို ဆက်စပ် တွေးတောမည့်သူ ပို၍ပင် မရှိနိုင်တော့ချေ။
သို့ပေမည့် အချို့သော လူများ အတွက်မူ မတူညီပေ။ ဥပမာ လီထိုက်အာ ကဲ့သို့သော သူမျိုးဖြစ်ပြီး သူသည် အိမ်ရှေ့စံ ထျန်းအန်းနှင့် အချိန်တိုင်း အတူ ရှိနေခဲ့သူဖြစ်ကာ လူကို ကြည့်ရာတွင် အရိုးကို ကြည့်တတ် သောကြောင့် ယွင်ကျုံးဟဲ့ကို မြင်တွေ့လိုက်သည်နှင့် သူနှင့် အိမ်ရှေ့စံ ထျန်းအန်း၏ ပတ်သက်မှုကို ချက်ချင်း ဆက်စပ် တွေးတောနိုင်ခဲ့၏။
ယခု ဧကရာဇ် ယုံချီကို ပြုစုနေသူမှာ နင်ဖေးဖြစ်ပြီး သူမသည် ယွီအန်း နန်းဆောင်သို့ လူလွှတ်ကာ ယွင်ကျုံးဟဲ့ကို အကာအကွယ် ပေးခဲ့သူလည်း ဖြစ်သည်။
သူမတွင် အခြား ကိုယ်ပိုင်အမှတ်အသား တစ်ခုလည်း ရှိသေးပြီး ယခင် မယ်တော်မိဖုရားခေါင်ကြီး၏ ညီမ၊ အိမ်ရှေ့စံ ထျန်းအန်း၏ အဒေါ်ပင် ဖြစ်၏။
ထိုအချိန်က တာယင်အင်ပါယာ ဟေးလုံထိုင်၏ အကောက်ကြံမှုအောက်တွင် အိမ်ရှေ့စံ ထျန်းအန်း ပုန်ကန်သည်ဆိုသော ကိစ္စပေါ်ပေါက်လာပြီး တာရှအင်ပါယာတွင် ပြည်တွင်းစစ် ဖြစ်ပွားခဲ့ကာ မယ်တော် မိဖုရားခေါင်ကြီး နင်လည်း ရာထူးမှ ဖယ်ရှားခံရပြီး မကြာမီမှာပင် ကွယ်လွန်သွားခဲ့သည်။
ဧကရာဇ် ယုံချီ အသက်ကြီးလာချိန်မှာတော့ အမှန်တရား များစွာပေါ်ပေါက်လာပြီး သူ ပို၍ နောင်တရကာ အပြစ်ရှိသလို ခံစားလာရ၏။
ထို့ကြောင့် မယ်တော်မိဖုရားခေါင်ကြီး၏ ဆွေမျိုးများထဲမှ အမျိုးသမီး တစ်ဦးကို ထပ်မံ ရွေးချယ်ကာ နန်းတော်သို့ ခေါ်ဆောင်၍ မိဖုရား အဖြစ် ခန့်အပ်ခဲ့၏။ ထိုသူမှာ ယခင် မယ်တော်မိဖုရားခေါင်ကြီးနင်၏ ညီမအရင်းပင် ဖြစ်သည်။
ဤနင်ဖေးသည် ယခင် မယ်တော်မိဖုရားခေါင်ကြီးထက် အသက် နှစ်ဆယ်ခန့် ငယ်ပြီး ယခု အသက် ငါးဆယ်ပင် မပြည့်သေးပေ။
သူမသည် ယခင် မယ်တော်မိဖုရားခေါင်ကြီး၏ ညီမ၊ အိမ်ရှေ့စံ ထျန်းအန်း၏ အဒေါ်အရင်း ဖြစ်သောကြောင့် သေချာပေါက် ယွင်ကျုံးဟဲ့ ဘက်သို့ ပါမှာဖြစ်သည်။
ယွင်ကျုံးဟဲ့ နန်းတော်သို့ ရောက်ရှိလာကာ အကျယ်ချုပ် ချခံရကြောင်း သိရှိချိန်မှာတော့ နူးညံ့သိမ်မွေ့သော သူမသည် မယ်တော်မိဖုရားခေါင်ကြီး၏ ရှင်းလင်းမှုကို ခံရမည့် အန္တရာယ်ကို လျစ်လျူရှုကာ ယွီအန်း နန်းဆောင်သို့ ချက်ချင်း လူလွှတ်၍ ယွင်ကျုံးဟဲ့ကို အကာအကွယ် ပေးခဲ့၏။
ဤသည်မှာ မိမိလူ ဖြစ်သလို တစ်ခါမှ မမြင်ဖူးသော ဆွေမျိုး တစ်ဦးလည်း ဖြစ်သည်။ ယခု နင်ဖေးသည် ယွင်ကျုံးဟဲ့ ကိုယ်တိုင်ကို မြင်တွေ့လိုက်ရချိန်မှာတော့ ချက်ချင်းပဲ အိမ်ရှေ့စံ ထျန်းအန်းကို သတိရသွားပြီး မည်သို့ မျက်ရည်မကျဘဲ နေနိုင်မည်နည်း။
သူမသည် အိမ်ရှေ့စံ ထျန်းအန်း၏ အဒေါ် ဖြစ်သော်လည်း သူတို့ နှစ်ဦး၏ အသက်အရွယ်မှာ သိပ်မကွာခြားဘဲ ငယ်စဉ်တည်းက အတူ ကြီးပြင်းလာခဲ့ကြသောကြောင့် အဒေါ် နှင့် တူ ဖြစ်သော်လည်း လက်တွေ့တွင်မူ မောင်နှမအရင်းများကဲ့သို့ အတူ စာဖတ်၊ အတူ သိုင်းကျင့်ကာ မောင်နှမအရင်းများထက်ပင် ပို၍ ရင်းနှီးကြ၏။
ထို့ကြောင့် သူမသည် လူကို ကြည့်ရာတွင် မျက်နှာသွင်ပြင်ကို ကြည့်ရန် မလိုအပ်ဘဲ အရိုးကို ကြည့်နိုင်၏။ မျက်စိရှေ့ရှိ ကလေးသည် အိမ်ရှေ့စံ ထျန်းအန်း၏ သွေးမျိုးဆက် အရင်းအချာ ဖြစ်ကြောင်း သူမ ချက်ချင်းပဲ အတည်ပြုနိုင်ခဲ့သည်။
ယွင်ကျုံးဟဲ့သည် မှန်ထဲရှိ မိမိကိုယ်ကို အလိုအလျောက် ကြည့်လိုက်ပြီး စိတ်ထဲတွင် သက်ပြင်း တစ်ချက် ချလိုက်သည်။ တာ့ကျိုးအင်ပါယာတွင် သူ နှစ်အနည်းငယ် အကျဉ်းချခံရစဉ်က ပေါင် တော်တော်များများ ပိန်သွားခဲ့၏။
ဤတစ်ကြိမ် သဲကန္တာရီ အလယ်ရှိ ချောက်ကမ်းပါးကြီးထဲသို့ ခုန်ချပြီးနောက် ပို၍ပင် ပိန်သွားခဲ့သောကြောင့် လုံးဝ မဝတော့သော်လည်း ယခင် ယွင်ကျုံးဟဲ့ ကဲ့သို့ အလွန်အမင်း ပိန်ပါးခြင်းလည်း မရှိတော့ဘဲ ယခုအခါ ပေါင် တစ်ရာ့လေးဆယ်ခန့် ရှိနေပြီ ဖြစ်သည်။
အရပ် တစ်ဒဿမရှစ်မီတာ၊ ကိုယ်အလေးချိန် ပေါင် တစ်ရာ့လေးဆယ် ဆိုသည်မှာ အလွန် စံပြ ဖြစ်သော ခန္ဓာကိုယ် အချိုးအစားပင် ဖြစ်သည်။ ထို့ကြောင့် သူသည် ပြိုင်ဘက်ကင်းသော ချောမောလှပသည့် ပုံစံသို့ ပြန်လည် ရောက်ရှိလာပြန်၏။
ယွီအန်းနန်းဆောင်တွင် မှန်ကြည့်စဉ်က ယွင်ကျုံးဟဲ့သည် သူ၏ ချောမောလှပသော မျက်နှာကိုပင် အနည်းငယ် စိမ်းသက်နေခဲ့သည်။
သူသည် အစ်ကို ဖြစ်သူ အောက်ယွီ၏ ကိုယ်ပိုင်အမှတ်အသားနှင့် မျက်နှာကို အသုံးပြုခဲ့သည်မှာ ဆယ်နှစ်နီးပါး ရှိနေပြီ ဖြစ်သောကြောင့် မိမိ၏ မူလ ရုပ်ရည်ကိုပင် မေ့လုမတတ် ဖြစ်နေခဲ့သည်။ သို့ပေမည့် ယခု သူ၏ ရုပ်ရည်မှာ လွန်ခဲ့သော ဆယ်နှစ်က ယွင်ကျုံးဟဲ့၏ မျက်နှာနှင့်လည်း မတူညီတော့ပေ။
လွန်ခဲ့သော ဆယ်နှစ်က ယွင်ကျုံးဟဲ့၏ ရုပ်ရည်မှာ ချောမောလှပ၊ မိစ္ဆာဆန်၊ ပေါ့ပျက်ပျက်၊ လူဆိုး တစ်ယောက်နှင့် တူပြီး တစ်ချက် ကြည့်ရုံဖြင့် လူကောင်း မဟုတ်ကြောင်း သိသာကာ မိတ်ကပ် လိမ်းစရာ မလိုဘဲ ဗီလိန် ဇာတ်ကောင် အဖြစ် သရုပ်ဆောင်နိုင်သူမျိုး ဖြစ်၏။
သို့ပေမည့် အစ်ကို ဖြစ်သူ အောက်ယွီ အဖြစ် ဆယ်နှစ်ကြာ ဟန်ဆောင်ပြီးနောက် အောက်ယွီ၏ လက္ခဏာ အများအပြားသည် ယွင်ကျုံးဟဲ့၏ ရုပ်ရည်ထဲသို့ စိမ့်ဝင်သွားခဲ့သည်။
ယွင်ကျုံးဟဲ့သည် ပြိုင်ဘက်ကင်းစွာ ချောမောလှနေဆဲ ဖြစ်သော်လည်း မိစ္ဆာဆန်ပြီး ပေါ့ပျက်ပျက်နိုင်သော ပုံစံ မရှိတော့ဘဲ နွေးထွေးသော ကျောက်စိမ်းကဲ့သို့ တည်ငြိမ်လာ၏။
ယခု ယွင်ကျုံးဟဲ့မှသာလျှင် အမှန်တကယ် အကောင်းဆုံး ရုပ်ရည်ဖြစ်ပြီး တည်ငြိမ်သော မင်းမျိုးမင်းနွယ် အငွေ့အသက်များပင် ထွက်ပေါ်နေပြီ ဖြစ်သည်။
မယ်တော်မိဖုရားခေါင်ကြီးဟောင်းသည် ဧကရာဇ်အနီးသို့ ရောက်ရှိလာပြီး သူမ၏ အကြည့်များက ရှုပ်ထွေးသွား၏။
သူမသည် တစ်ချိန်က ဖြူစင်ပြီး လှပသော အမျိုးသမီး တစ်ဦးဖြစ်ခဲ့ပြီး မယ်တော်မိဖုရားခေါင်ကြီး လုံးဝ မဖြစ်ချင်ဘဲ ဇနီး တစ်ယောက်သာ ဖြစ်ချင်ခဲ့သူ ဖြစ်သည်။
သူမသည် ထိုသို့လည်း နေထိုင်ခဲ့ပြီး အိမ်ထောင်သက် ဆယ်နှစ်၊ အနှစ်နှစ်ဆယ် ကြာသည်အထိ ဖြူစင် လှပနေဆဲ ဖြစ်၏။
အလွန် ချစ်ခင်ကြင်နာသော ဇနီးမောင်နှံတိုင်းတွင် ထူးခြားချက် တစ်ခုရှိသည်။ မျက်လုံးထဲတွင် ချစ်သူသာ ရှိပြီး သားသမီးများမှာ အချစ်၏ ရလဒ် ဖြစ်သောကြောင့် ဒုတိယ နေရာတွင်သာ ရှိတတ်ကြသည်။
ဧကရာဇ် ယုံချီအပေါ် မယ်တော်မိဖုရားခေါင်ကြီးဟောင်း၏ ခံစားချက်မှာလည်း အလွန် နက်ရှိုင်းလှ၏။
အကြောင်းမှာ သူသည် သားအကြီးဆုံးဖြစ်ပြီး ယခင် ဧကရာဇ်သည် သားများအကြား ထီးနန်းလုမည့် ပြဿနာကို ကာကွယ်ရန် ဧကရာဇ် ယုံချီ အသက် ငါးနှစ် အရွယ်တည်းက အိမ်ရှေ့စံအဖြစ် ခန့်အပ် ခဲ့သောကြောင့် ဖြစ်သည်။
ယခင် ဧကရာဇ်သည် သားများကို တင်းကြပ်စွာ ဆုံးမသော်လည်း မရက်စက်ပေ။ သူသည် လူတိုင်းအပေါ် ကြင်နာတတ်သလို သားများ အပေါ်တွင်လည်း ထိုနည်းတူပင် ဖြစ်၏။
ထို့ကြောင့် ဧကရာဇ် ယုံချီသည် အခြား အိမ်ရှေ့စံများနှင့် မတူဘဲ ကြင်နာမှု အပြည့်ရှိသော ပတ်ဝန်းကျင်တွင် ကြီးပြင်းလာရသောကြောင့် အခြား အိမ်ရှေ့စံများကဲ့သို့ အာဏာ တိုက်ပွဲ၏ ဒဏ်ကို မခံခဲ့ရပေ။
ထိုသို့သော ဧကရာဇ် ယုံချီတွင် အားသာချက်များ ရှိသည်။ အလွန် ယုံကြည်မှုရှိပြီး သာလွန်မှု ခံစားချက် ပြည့်နှက်နေခြင်း ဖြစ်၏။ သို့ပေမည့် အားနည်းချက်လည်း ရှိသည်။ အလွန် မိမိကိုယ်ကိုယ် ဗဟိုပြုပြီး တစ်ဇွတ်ထိုးဆန်ကာ ရေရှည် မိမိကိုယ်ကိုယ်သာ အဓိက ထားတတ်ခြင်း ဖြစ်သည်။
မိဘများ ရှိနေစဉ်က သူ့ကို ထိန်းချုပ်နိုင်သေးသည်။ ယခင် ဧကရာဇ် ကံတော်ကုန်ပြီး ဧကရာဇ် ယုံချီ နန်းတက် လာချိန်မှာတော့ သူ့ကို ထိန်းချုပ်မည့်သူ မရှိတော့သောကြောင့် အနည်းငယ် လွတ်လပ်သွား၏။
နန်းတက်ပြီးနောက် အဓိပ္ပာယ်မဲ့သော ကိစ္စတော်တော်များများကို လုပ်ဆောင်ခဲ့ကာ ထူးချွန်ထက်မြက်သော ဧကရာဇ် တစ်ပါးဟု မဆိုနိုင်ပေ။
ထိုအချိန်က အင်ပါယာ သုံးခု၏ ဧကရာဇ်များထဲတွင် တာယင် ဧကရာဇ်သည် နိုင်ငံတော် တိုးတက်ရေး အတွက် ကြိုးပမ်းသူဖြစ်ပြီး ထူးချွန်ထက်မြက်သော ဧကရာဇ် ဖြစ်၏။
ထျန်းယန် ဧကရာဇ်သည်လည်း အလွန်တော်ပြီး ထျန်းယန် အလယ်ခေတ်၌ အံဩဖွယ်ရာ တိုးတက်မှုကို ဖန်တီးနိုင်ခဲ့သည်။ သို့ပေမည့် ဤတာရှ၏ ဧကရာဇ် ယုံချီ တစ်ပါးတည်းသာ ထူးချွန်သည်ဟု မဆိုနိုင်သလို၊ အရည်အချင်း မရှိဘူးလို့လည်း မဆိုနိုင်ပေ။
အချုပ်ပြောရလျှင် အင်ပါယာ သုံးခု၏ ဧကရာဇ်များထဲတွင် ဧကရာဇ် ယုံချီ၏ နာမည်က အဆိုးဆုံး ဖြစ်သည်။
ဧကရာဇ် ယုံချီသည် ငယ်စဉ်တည်းက မိဘများ၏ မေတ္တာကို ခံစားခဲ့ရသောကြောင့် ယခင် ဧကရာဇ်၏ လမ်းစဉ်ကို လိုက်ရန် အမြဲ ကြိုးစားခဲ့၏။
သားအကြီးဆုံး မွေးဖွားပြီး မကြာမီမှာပဲ အိမ်ရှေ့စံအဖြစ် ခန့်အပ်ခဲ့၏။ ထိုသူမှာ ယွင်ကျုံးဟဲ့၏ အဖေအရင်းပင် ဖြစ်သည်။
အိမ်ရှေ့စံ ထျန်းအန်းသည် လူများကို စိတ်ပျက်မစေခဲ့ဘဲ ငယ်စဉ်တည်းက အလွန် ထူးချွန်သော အရည်အသွေးများကို ပြသနိုင်ခဲ့၏။
စာပေနှင့် သိုင်းပညာ နှစ်ရပ်လုံး ထူးချွန်ပြီး တည်ကြည်ကာ ကြင်နာတတ်ပြီး ထက်မြက်ကာ အလုပ် ကြိုးစားသည်။
ဧကရာဇ် ယုံချီသည် ကစားရသည်ကို နှစ်သက်ပြီး တာဝန်ယူမှု သိပ်မရှိဘဲ နိုင်ငံရေး ကိစ္စများကို ပျင်းရိတတ်၏။
ထို့ကြောင့် အိမ်ရှေ့စံ အရွယ်ရောက်လာချိန်မှာတော့ သူ ကိုယ်တိုင် အပြင်သို့ ထွက်ကစားလေ့ရှိပြီး အိမ်ရှေ့စံကို တိုင်းပြည် အုပ်ချုပ်စေခဲ့သည်။
အိမ်ရှေ့စံ ကလည်း နိုင်ငံရေး ကိစ္စများကို စနစ်တကျ စီမံခန့်ခွဲနိုင်ခဲ့ပြီး တာရှအင်ပါယာသည် ဆက်လက်၍ အင်အားကြီးမားနေခဲ့၏။
အစပိုင်းတွင် ဤသည်မှာ ပြဿနာ မရှိသော်လည်း အချိန်ကြာလာသည်နှင့်အမျှ အပြင်ဘက်တွင် ကောလာဟလများ ပိုမို ပျံ့နှံ့လာခဲ့သည်။
ဧကရာဇ်က အရည်အချင်း မရှိဘဲ ကစားရတာကိုသာ နှစ်သက်သူဖြစ်သည်။ အိမ်ရှေ့စံသာလျှင် ထူးချွန်သူ ဖြစ်၍ ဧကရာဇ်အနေဖြင့် စောစီးစွာ နန်းဆင်းပေးကာ အိမ်ရှေ့စံကို နန်းတင်ပေးသင့်သည် ဟူသော ဝေဖန်မှုများ ထွက်ပေါ်နေ၏။
ထို့အပြင် ဧကရာဇ်သည် ရာထူးနေရာကိုသာ ယူထားပြီး တာဝန်ကျေပွန်မှု မရှိပေ။ အိမ်ရှေ့စံ ရှိနေခြင်းကြောင့်သာ တာရှအင်ပါယာမှာ တည်ငြိမ်နေခြင်းဖြစ်ကြောင်း၊ အကယ်၍သာ အိမ်ရှေ့စံမရှိပါက ဖြစ်ပေါ်လာမည့် အကျိုးဆက်မှာ တွေးတောရုံမျှနှင့်ပင် ကြောက်မက်ဖွယ်ကောင်းလှကြောင်း ပြောဆိုမှုများလည်း ရှိသည်။
နောက်တစ်ချက်မှာ ယခင်ဧကရာဇ်သည် ပြိုင်ဘက်ကင်းအောင် ထူးချွန်ထက်မြက်သူဖြစ်သလို အိမ်ရှေ့စံ မှာလည်း ထိုနည်းတူပင် ထူးချွန်သူ ဖြစ်သည်။ ထို့ကြောင့် လက်ရှိဧကရာဇ် ယုံချီကိုမူ ကြားကာလတွင် အသွင်ကူးပြောင်းပေးရသည့် အသုံးမဝင်သူတစ်ဦး သက်သက်အဖြစ်သာ သတ်မှတ်ကြ၏။
ဧကရာဇ်သည် နိုင်ငံရေးကိစ္စရပ်များကို လျစ်လျူရှုထားသည်မှာ ကြာမြင့်ခဲ့ပြီဖြစ်သည်။ အိမ်ရှေ့စံက နိုင်ငံတော်ကို အုပ်ချုပ်စီမံနေသည်မှာ အစဉ်အလာဖြစ်လာသည့်အတွက် အရပ်ဖက်နှင့် စစ်ဖက်ဆိုင်ရာ အမတ်များမှာလည်း နိုင်ငံရေး ကိစ္စရပ်များရှိတိုင်း အိမ်ရှေ့စံထံသို့သာ တိုင်ပင်မေးမြန်းကြတော့သည်။