← Chapters

အခန်း ၆၈၆

Vol. 58 Ch. 686

အခန်း ၆၈၆

Vol. 58 Ch. 686

အပိုင်း (၆၈၆)

ဧကရာဇ် ယုံချီသည် ငယ်စဉ်တည်းက လောက၏ ဗဟိုချက် ဖြစ်ခဲ့ရာ ယခုအချိန်တွင် သေချာပေါက် မကျေမနပ် ဖြစ်လာပြီး တဖြည်းဖြည်း နှင့် အိမ်ရှေ့စံ ထျန်းအန်း လက်ထဲမှ အာဏာကို ပြန်လည် ရယူခဲ့သည်။ အိမ်ရှေ့စံ ထျန်းအန်းက မခုခံဘဲ လက်ထဲရှိ အာဏာကို ပြန်လည် အပ်နှင်းခဲ့၏။

နောက်ပိုင်းတွင် အချို့သောသူတို့က ကုန်းချောစကားများ ပြောဆိုလာကြပြီး အိမ်ရှေ့စံ ထျန်းအန်း၏ နာမည်ကျော်ကြားမှုမှာ ဧကရာဇ်မင်းမြတ်အတွက် အန္တရာယ်ဖြစ်စေနိုင်ကြောင်း ပြောကြသည်။

အိမ်ရှေ့စံသည် နိုင်ငံတော်ကို အချိန်ကာလကြာမြင့်စွာ အုပ်ချုပ်လာခဲ့သူဖြစ်သည့်အတွက် သူ့တွင် ကိုယ်ပိုင် နောက်လိုက်များနှင့် စစ်တပ်များ ရှိနေသကဲ့သို့ နန်းတွင်း၌လည်း သူ့ကိုထောက်ခံသည့် အမတ်များစွာ ရှိနေ၏။

ထို့ကြောင့် အကြောင်းအမျိုးမျိုးရှာကာ အိမ်ရှေ့စံအား ဖယ်ရှားပစ်ရန် လိုအပ်ကြောင်းလည်း ပြောဆိုကြသည်။

အိမ်ရှေ့စံကို နန်းတော်ထဲကနေ အချိန်အကြာကြီး နှင်ထုတ်ထားဖို့ မည်သည့် အကြောင်းပြချက်မျိုး ရှိနိုင်မည်နည်း။ အကောင်းဆုံးမှာ အပြင်၌ နှစ်အတော်ကြာအောင် ထားလိုက်ပြီး လူများ တဖြည်းဖြည်း သူ့ကို မေ့သွားအောင် လုပ်ဖို့ပင်။

ထို့ကြောင့် လူအချို့က အကြံပေးလာကြသည်။ သန့်စင်သော ကျောင်းတော်သည် အရှေ့တိုင်း ယဉ်ကျေးမှု၏ အရင်းအမြစ် ဖြစ်သည်။ တာ့ယန် မင်းမျိုးမင်းနွယ်၏ တည်ထောင်သူ ဧကရာဇ်သည် သန့်စင်သော ကျောင်းတော်မှ ထွက်လာပြီးနောက် တာ့ယန် မင်းဆက်ကို တည်ထောင်ခဲ့ခြင်း ဖြစ်၏။

တာရှသည် ကောင်းကင်ဘုံ နိုင်ငံတော်ကြီး ဖြစ်ပြီး တာ့ယန် မင်းဆက်၏ သွေးကြောနှင့် ရည်မှန်းချက်ကို ဆက်ခံထားသူ ဖြစ်သည်။

ယခု တာရှအင်ပါယာသည် နိုင်ငံတည်ထောင်သည်မှာ နှစ်တစ်ထောင် ရှိပြီဖြစ်ပြီး အလယ်တွင် နိုင်ငံ ပျက်လုနီးပါး ဖြစ်ခဲ့သော်လည်း ကွမ်ကျူ ဧကရာဇ်က အခြေအနေကို ပြန်လည် ထိန်းသိမ်းကာ တာရှကို ပြန်လည် တည်ထောင်နိုင်ခဲ့၏။

ထို့ကြောင့် နိုင်ငံတည်ထောင်ခြင်း နှစ်တစ်ထောင်ပြည့် အထိမ်းအမှတ်အဖြစ် အိမ်ရှေ့စံကို သန့်စင်သော ကျောင်းတော်သို့ သွားရောက် ပူဇော်ခိုင်းခြင်းက တစ်ချက်ခုတ် နှစ်ချက်ပြတ် မဟုတ်ပါလား။

ပထမအချက်မှာ တာရှအင်ပါယာသည် အရှေ့တိုင်းယဉ်ကျေးမှု၏ တရားဝင်မင်းဆက်ဖြစ်ကြောင်း ပြသရာ ရောက်ပြီး ဒုတိယအချက်မှာမူ အိမ်ရှေ့စံအား ပြည်နှင်ဒဏ်ပေးလိုက်သကဲ့သို့ ဖြစ်သွားစေသည်။

အဘယ်ကြောင့်ဆိုသော် သန့်စင်သောကျောင်းတော်မှာ မည်သည့်နေရာတွင် တည်ရှိသည်ကို မည်သူမှ မသိရှိကြသောကြောင့်ဖြစ်သည်။ လူအများစုမှာ တစ်သက်လုံး ရှာဖွေခဲ့ကြသော်လည်း ထိုကျောင်းတော်အား မတွေ့ရှိခဲ့ကြချေ။

သန့်စင်သောကျောင်းတော်မှာ စိတ်ကူးယဉ် ပုံပြင်ဆန်လွန်းလှသော်လည်း တကယ်တမ်းတွင်မူ တည်ရှိနေဆဲ ဖြစ်သည်။

ထို့ကြောင့် ဧကရာဇ် ယုံချီက အိမ်ရှေ့စံကို သန့်စင်သော ကျောင်းတော်သို့ သွားရောက် ပူဇော်ရန် အမိန့်တော် ချမှတ်ခဲ့၏။

အမိန့်တော် ထွက်ပေါ်လာချိန်တွင် ကြီးမားသော ဂယက်ရိုက်မှုကို ဖြစ်ပေါ်စေခဲ့၏။ အကြောင်းမှာ အလွန် အဓိပ္ပာယ်မဲ့ လွန်းသောကြောင့်ပင်။

သန့်စင်သောကျောင်းတော်ကို မည်သူမှ ရှာမတွေ့နိုင်ကြောင်း လူတိုင်း သိရှိကြသည်။ တစ်သက်လုံး ရှာဖွေလျှင်ပင် တွေ့နိုင်မည် မဟုတ်ပေ။

သို့သော်လည်း အိမ်ရှေ့စံသည် အမိန့်တော်ကို နာခံလျက် လူအနည်းငယ်ကိုသာ ခေါ်ဆောင်ကာ သန့်စင်သော ကျောင်းတော်ကို ရှာဖွေရန် ထွက်ခွာသွားခဲ့သည်။

ရလဒ်အနေဖြင့် အိမ်ရှေ့စံသည် ထိုကျောင်းတော်ကို ရှာဖွေတွေ့ရှိခဲ့ရုံသာမက ပူဇော်မှုများ ပြုလုပ်ခဲ့သည်။ ထို့အပြင် ကလေးငယ်နှစ်ဦးကိုပါ ခေါ်ဆောင်လာနိုင်ခဲ့၏။

ဤဖြစ်ရပ်ကြောင့် အိမ်ရှေ့စံ၏ နာမည်ကျော်ကြားမှုမှာ တစ်ခဏချင်းအတွင်း အထွတ်အထိပ်သို့ ရောက်ရှိသွားခဲ့သည်။

သန့်စင်သောကျောင်းတော်သည် တာရှအင်ပါယာအတွက်သာမက တစ်လောကလုံးအတွက် အမြင့်မြတ်ဆုံး အရာဖြစ်၏။

သန့်စင်သောကျောင်းတော်သို့ သွားရောက်ဖူးမြော်နိုင်ခြင်းမှာ ကောင်းကင်ဘုံက ရွေးချယ်ထားသည့် သခင် ဖြစ်ကြောင်းနှင့် ထာဝရတည်တံ့မည့် အောင်မြင်မှုများကို ဖန်တီးနိုင်သူဖြစ်ကြောင်း သက်သေပြနေသည်။

မည်သူမှ ရှာမတွေ့နိုင်သည့် သန့်စင်သောကျောင်းတော်သည် အိမ်ရှေ့စံသွားရောက်ချိန်၌ ပေါ်ထွက်လာခဲ့ခြင်း ဖြစ်၏။

ထိုအချိန်မှစ၍ ဧကရာဇ်ယုံချီ၏ အိမ်ရှေ့စံအပေါ်ထားရှိသော မနာလိုစိတ်မှာ အမြင့်ဆုံးအဆင့်သို့ ရောက်ရှိ သွားခဲ့သည်။

တာယင်အင်ပါယာသူလျှိုများ၏ ရူးသွပ်ဖွယ် သွေးခွဲမှုများကြောင့် သားအဖနှစ်ဦး၏ ဆက်ဆံရေးမှာလည်း အေးစက်သွားခဲ့ရသည်။ ထို့နောက် တာယင်အင်ပါယာ ဟေးလုံထိုင်၏ ကုန်းဆွန်းယန်တို့ စီစဉ်သော အိမ်ရှေ့စံက အဖေကို လုပ်ကြံသည့် အမှုပေါ်ပေါက်လာခဲ့၏။

ဧကရာဇ် ယုံချီက အိမ်ရှေ့စံကို ဖမ်းဆီးရန်၊ အိမ်ရှေ့စံ၏ နောက်လိုက်များကို ရှင်းလင်းရန်၊ အိမ်ရှေ့စံ၏ စစ်တပ်ကို ရှင်းလင်းရန် အမိန့်တော် ချမှတ်ခဲ့သည်။

အိမ်ရှေ့စံက အဖမ်းမခံဘဲ အမတ် တစ်စုနှင့် စစ်တပ်၏ အကာအကွယ်ဖြင့် မြို့တော်မှ ထွက်ခွာကာ တာရှ၏ တုန်းကျင်းမြို့သို့ ထွက်ခွာသွားခဲ့၏။

ဧကရာဇ်က ပုန်ကန်မှုကို နှိမ်နင်းရန် တုန်းကျင်းသို့ စစ်တပ်များ စေလွှတ်ရန် အမိန့်ပေးခဲ့၏။ ထိုသို့ဖြင့် တာရှအင်ပါယာ၏ ပြည်တွင်းစစ် ဖြစ်ပွားခဲ့ပြီး ကြီးမားသော အဖြစ်ဆိုးကြီးပေါ်ပေါက်လာခဲ့၏။ နောက်ဆုံးတွင် အိမ်ရှေ့စံ စစ်ရှုံးကာ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားခဲ့သည်။

အိမ်ရှေ့စံ ထျန်းအန်း သေဆုံးသွားပြီးနောက် ဧကရာဇ် ယုံချီလည်း လူတစ်ယောက် ပြောင်းသွားသကဲ့သို့ ဖြစ်သွားပြီး ယခင်က ပျင်းရိမှုများ မရှိတော့ဘဲ ကြိုးစားပမ်းစား အလုပ် လုပ်ကာ နိုင်ငံတော်ကို အုပ်ချုပ်ပြီး မိမိ၏ နာမည်ကို ပြန်လည် ဆယ်ယူလိုသည့်ဟန်ဖြင့် အင်အားဆုတ်ယုတ်နေသော တာရှအင်ပါယာ၏ ကျဆင်းမှုကို ရပ်တန့်နိုင်ခဲ့၏။

ထို့ကြောင့် ဧကရာဇ် ယုံချီသည် ပြည်တွင်းစစ် မတိုင်မီက ပေါ့ပျက်ပျက် ဧကရာဇ် တစ်ပါး ဖြစ်ခဲ့သော်လည်း ပြည်တွင်းစစ် အပြီးတွင် တာဝန်သိသော ဧကရာဇ် တစ်ပါး ဖြစ်လာခဲ့သည်။

အချုပ်ပြောရလျှင် သူသည် ထျန်းယန် ဧကရာဇ်ကဲ့သို့ ဟန်ဆောင်ကောင်းပြီး ရက်စက်သော လူမျိုး မဟုတ်ပေ။ သူ့တွင် ဖြူစင်ပြီး ပွင့်လင်းသော အစိတ်အပိုင်း ရှိသော်လည်း မနာလိုမှုနှင့် လူယုတ်မာများ၏ မြှောက်ပင့်မှုကြောင့်သာ ဤကဲ့သို့ ကြေကွဲဖွယ် လမ်းကြောင်းပေါ်သို့ ရောက်ရှိသွားခဲ့ခြင်း ဖြစ်၏။

ထို့အပြင် အိမ်ရှေ့စံကို နှိမ်နင်းစဉ်က သူ၏ အမိန့်တော်မှာ အလွန် ရှင်းလင်းသည်။ အိမ်ရှေ့စံကို အရှင်ဖမ်းရန် နှင့် လုံးဝ မသတ်ရန်ဖြစ်၏။ သို့ပေမည့် အိမ်ရှေ့စံ ထျန်းအန်းက ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ရန် ရွေးချယ်ခဲ့သည်။

အိမ်ရှေ့စံ စစ်ရှုံးသည်ဟု ဆိုသော်လည်း အမှန်တကယ် စစ်ပွဲ၏ နောက်ဆုံးအချိန်တွင် အိမ်ရှေ့စံကို သစ္စာခံသော စစ်တပ် သိန်းပေါင်းများစွာ ကျန်ရှိနေသေးပြီး တုန်းကျင်းမြို့မှာလည်း အိမ်ရှေ့စံ၏ လက်ထဲတွင် ရှိနေသေး၏။

အိမ်ရှေ့စံသည် မသေဆုံးမီ လျှောက်လွှာတစ်စောင်တင်သွင်းခဲ့ပြီး ၎င်းအနေဖြင့် ပုန်ကန်ရန် မည်သည့်အခါကမှ စိတ်မကူးခဲ့ဖူးကြောင်း ဖော်ပြခဲ့သည်။

တစ်နှစ်တာကြာမြင့်ခဲ့သည့် ပြည်တွင်းစစ်ကြောင့် တာရှအင်ပါယာအတွင်းရှိ ပြည်သူများမှာ အလွန် ဒုက္ခ ရောက်ခဲ့ကြ၏။

စစ်တပ်အတွင်းမှ လူသန်းနှင့်ချီ၍ သေကျေဒဏ်ရာရခဲ့သကဲ့သို့ ပြည်သူဆယ်သန်းကျော်မှာလည်း အသက် ဆုံးရှုံးခဲ့ရပြီး သားအဖချင်း အပြန်အလှန် သတ်ဖြတ်ကြရသည့် လောက၏ အဖြစ်ဆိုးကြီးကို ကြုံတွေ့ခဲ့ကြရသည်။

ထို့ကြောင့် ခမည်းတော်အနေဖြင့် ကိုယ်တိုင်လာရောက် နှိမ်နင်းရန် မလိုပါ၊ သားတော်ကိုယ်တိုင်ပင် ဤအရေးကို အဆုံးသတ်ပေးပါမည် ဟူ၍ ပြောကာ အိမ်ရှေ့စံက ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားခဲ့၏။

ထို့နောက် ကြောက်မက်ဖွယ် ကောင်းသော ပြည်တွင်းစစ်ကြီး ချက်ချင်း ရပ်တန့်သွားခဲ့သည်။

အိမ်ရှေ့စံ၏ လျှောက်လွှာသည် ထိုအချိန်က ဧကရာဇ် အပေါ် သိပ်မသက်ရောက်ခဲ့ပေ။ သို့ပေမည့် ဧကရာဇ် ယုံချီ အသက်ကြီးလာချိန်မှာတော့ ထိုလျှောက်လွှာကို ကြည့်လိုက်တိုင်း သူ့ကို ပို၍ တုန်လှုပ်စေပြီး အချို့သော ကိစ္စများကို ပို၍ ရှင်းလင်းစွာ မြင်လာရ၏။

ထိုတစ်နှစ်တာ ပြည်တွင်းစစ်အတွင်း အိမ်ရှေ့စံသည် အမြဲတမ်း ခုခံကာကွယ်ရုံသာ ပြုလုပ်ခဲ့ပြီး မိမိကိုယ်ကိုယ် ကာကွယ်ရန် လျှောက်လွှာများ အဆက်မပြတ် တင်သွင်းခဲ့ကာ အမြဲတမ်း မိမိကိုယ်ကိုယ် ကာကွယ်နေခဲ့ခြင်းသာ ဖြစ်သည်။

ယုံချီ ဘက်မှ စစ်ကြေညာစာများက ပိုပိုပြီး ပြင်းထန်လာပြီး အိမ်ရှေ့စံကို ပိုပိုပြီး ဆိုးရွားအောင် ရေးသား ခဲ့ကြ၏။ သို့ပေမည့် အိမ်ရှေ့စံဘက်မှမူ ဧကရာဇ် အပေါ် မရိုမသေ ဖြစ်စေသော စစ်ကြေညာစာမျိုး တစ်ခါမှ မထုတ်ပြန်ခဲ့ပေ။

ဧကရာဇ် ပိုပိုပြီး အပြစ်ရှိသလို ခံစားလာရပြီး ပိုပိုပြီး နာကျင်လာကာ အိမ်ရှေ့စံ၏ နောက်ဆုံး လျှောက်လွှာကို မြင်လိုက်တိုင်း မျက်ရည်ကျရ၏။

သူသည် အပြစ်ဝန်ခံ ကြေညာစာ သုံးကြိမ် ဆက်တိုက် ထုတ်ပြန်ခဲ့ပြီး အိမ်ရှေ့စံ၏ ဂုဏ်သိက္ခာကို ပြန်လည် ဖော်ဆောင်ပေးကာ အိမ်ရှေ့စံ၏ နောက်လိုက်ဟောင်းများကိုလည်း လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့သည်။

မကြာသေးမီ နှစ်များအတွင်း သူ အသက်ရှင်ရန် အချိန် သိပ်မကျန်တော့ကြောင်း ခံစားလာရသောကြောင့် ဤအပြစ်ရှိစိတ် နှင့် နာကျင်မှုက အထွတ်အထိပ်သို့ ရောက်ရှိလာခဲ့၏။

ဧကရာဇ်ဝမ်ယွင်ပင်လျှင် မသေဆုံးမီ ယွင်ကျုံးဟဲ့ကို ဧကရာဇ်ဟောင်းအား သတိထားရန် မှာကြားခဲ့ဖူး၏။ ဧကရာဇ်ယုံချီမှာမူ ငယ်စဉ်တည်းက မိဘတို့၏ မေတ္တာအောက်တွင် ကြီးပြင်းလာခဲ့ရသူဖြစ်သည့်အတွက် သူ၏စိတ်နှလုံးမှာ အခြေခံအားဖြင့် ကောင်းမွန်သည့်ဘက်သို့သာ ဦးတည်နေမည်မှာ သေချာလှသည်။

ထို့ကြောင့် အိမ်ရှေ့စံထျန်းအန်း၏ သွေးသားတို့မှာ ယခုတိုင် အသက်ရှင်လျက်ရှိနေကြောင်း သိရှိလိုက်ရသည့် အခါ၌ သူမည်မျှ စိတ်လှုပ်ရှားနေမည်နည်း။

ထို့အပြင် ယွင်ကျုံးဟဲ့အပေါ် မည်သို့သောနည်းလမ်းဖြင့် ပြန်လည်ပေးဆပ်ချင်နေမည်ကို တွေးဆကြည့်နိုင် ပေသည်။

ယခု သေလုမျောပါး ဖြစ်နေသော ဧကရာဇ် ယုံချီကို မြင်တွေ့လိုက်ရချိန်မှာတော့ မယ်တော် မိဖုရားခေါင်ကြီးဟောင်း၏ မျက်လုံးများလည်း စိုစွတ်လာ၏။

ထိုအပြောင်းအလဲကြီး အပြီးတွင် မယ်တော်မိဖုရားခေါင်ကြီးဟောင်းသည် ဧကရာဇ်အပေါ် အလွန် စိတ်ပျက် ခဲ့သော်လည်း သွေးမျိုးဆက် တော်စပ်မှုကြောင့် သူ ခုတင်ပေါ်တွင် မလှုပ်မယှက် လဲလျောင်းနေသည်ကို မြင်ရချိန်မှာတော့ မယ်တော်မိဖုရားခေါင်ကြီးဟောင်းလည်း ရင်ကွဲမတတ် နာကျင်ရသည်။

ယွင်ကျုံးဟဲ့သည် သမားတော် တစ်ဦး အနီးသို့ သွားကာ ခေါ်လိုက်၏။ “အမတ်ကြီး...”

ထိုသမားတော်က ချက်ချင်း ခါးညွှတ် အရိုအသေပေးကာ ပြောလိုက်သည်။ “အမတ်ကြီးယွင်ကို ဂါရဝပြုပါတယ်။”

“ဘာ အမတ်ကြီးယွင်လဲ။”

မယ်တော်မိဖုရားခေါင်ကြီးဟောင်းက ပြောလိုက်၏။ “သခင်လေးလို့ ခေါ်”

ထိုသမားတော် ချက်ချင်း ဒူးထောက်ကာ ပြောလိုက်သည်။ “သခင်လေးကို ဂါရဝပြုပါတယ်။”

ယွင်ကျုံးဟဲ့က မေးလိုက်၏။ “ဧကရာဇ်မင်းမြတ်က ဘာရောဂါလက္ခဏာတွေ ရှိလဲလို့ မေးလို့ ရမလား။”

သမားတော်က ဖြေလိုက်သည်။ “ဒီနှစ်တွေထဲမှာ ဧကရာဇ်မင်းမြတ်ရဲ့ ကျန်းမာရေးက သိပ်မကောင်းတော့ဘူး။ မနှစ်လောက်က စပြီး သူ ရုတ်တရက် ခန္ဓာကိုယ် တစ်ခြမ်း ထုံကျင်လာတယ်လို့ ခံစားရတယ်။ တစ်ခါတလေ ခေါင်းကိုက်တယ်။ ကွဲထွက်မတတ် ကိုက်ခဲတာမျိုး။ တစ်ခါတလေ အတက်ရောဂါလည်း ရှိတယ်။

လွန်ခဲ့တဲ့ လအနည်းငယ်ကစပြီး ခန္ဓာကိုယ်က သွက်ချာပါဒ လိုက်သလို ဖြစ်လာပြီး မလှုပ်နိုင်တော့ဘူး။ လွန်ခဲ့တဲ့ လဝက်က ဧကရာဇ်မင်းမြတ် ရုတ်တရက် ခေါင်းကိုက်ပြီး လဲကျသွားရာကနေ အခုထိ ပြန်သတိမရလာတော့တာပါ။”

ထို့နောက် ယွင်ကျုံးဟဲ့က အခြား သမားတော် အချို့ကို ထပ်မေးရာ အားလုံးက တူညီသော အဖြေကိုသာ ပေးကြ၏။

ယွင်ကျုံးဟဲ့ ဧကရာဇ် အနီးသို့ သွားကာ သူ၏ ခန္ဓာကိုယ်ကို ထပ်မံ စစ်ဆေးကြည့်လိုက်၏။ ဤသည်မှာ တိတိကျကျ ပြောရလျှင် ကိုမာဝင်နေခြင်း မဟုတ်ဘဲ သာမန် သတိလစ်မေ့မြောနေခြင်းမျိုး ဖြစ်၏။

နှလုံးခုန်သံ၊ သွေးခုန်နှုန်း အားလုံး အလွန် အားနည်းနေပြီး အသက်ရှင်သန်နိုင်စွမ်းများ ကျဆင်းနေခြင်း ဖြစ်သည်။

ဤကဲ့သို့ ရေရှည် ရောဂါလက္ခဏာမျိုးသည် အဆိပ်မိခြင်းကြောင့် မဖြစ်နိုင်ပေ။ သွေးတိုး လည်း မဟုတ်၊ ဦးနှောက် သွေးကြောပေါက်ခြင်းလည်း မဟုတ်ဘဲ ဦးနှောက် သွေးကြောပိတ်ခြင်း ဖြစ်နိုင်ခြေလည်း အလွန် နည်းပါး၏။

ယွင်ကျုံးဟဲ့က ဧကရာဇ်၏ မျက်ခွံများကို လှန်ကြည့်လိုက်၏။ ထို့နောက် သမားတော်များကို သက်ဆိုင်ရာ မှတ်တမ်းများ ယူလာခိုင်းလိုက်သည်။

သူ၏ ဤလုပ်ရပ်ကို မြင်ချိန်မှာတော့ အိမ်ရှေ့စံနှင့် မယ်တော်မိဖုရားခေါင်ကြီးဟန်တို့ စိတ်ထဲတွင် အေးစက် သွားကြ၏။

အကြောင်းမှာ ယွင်ကျုံးဟဲ့၏ ဤပုံစံက ကိုယ့်ကိုယ်ကိုယ် သခင် တစ်ယောက်လို သဘောထားလွန်းနေပြီး လုံးဝ အားနာခြင်း မရှိသောကြောင့် ဖြစ်သည်။

မယ်တော်မိဖုရားခေါင်ကြီးဟောင်းနှင့် နင်ဖေးတို့ ဤမြင်ကွင်းကို မြင်ချိန်မှာတော့ အလွန် ဝမ်းသာသွားကြပြီး အိမ်ရှေ့စံ ထျန်းအန်း၏ သွေးမျိုးဆက် ပီသသောကြောင့် ဤကဲ့သို့ ပွင့်လင်းလွတ်လပ်ခြင်း ဖြစ်သည်ဟု တွေးလိုက်မိကြ၏။

“သမားတော်တွေ... ဧကရာဇ်မင်းမြတ်မှာ ဘာရောဂါ ရှိတယ်လို့ ထင်လဲ။” ယွင်ကျုံးဟဲ့က မေးလိုက်သည်။

သမားတော် တစ်ဦးက ပြောလိုက်၏။ “သခင်လေးကို လျှောက်တင်ပါတယ်။ သမားတော်အဖွဲ့က ခေါင်းကိုက်ရောဂါလို့ ဆုံးဖြတ်ထားပါတယ်။”

‘ခေါင်းကိုက်ရောဂါ ဟုတ်လား။ ဒါက ယေဘုယျကျကျ ဆုံးဖြတ်ချက် တစ်ခုပဲ။ ဒါပေမဲ့ သူတို့ မှားတယ်လို့လည်း ပြောလို့ မရဘူး။’

ယွင်ကျုံးဟဲ့ စိတ်ထဲတွင် ဧကရာဇ်၏ ရောဂါကို ဆုံးဖြတ်ချက် တစ်ခု ချလိုက်၏။ ၎င်းမှာ ဦးနှောက်တွင်း နာတာရှည် သွေးယိုစိမ့်မှု၊ တစ်နည်းအားဖြင့် ဦးနှောက်တွင်း သွေးခဲခြင်း ဖြစ်ရမည်။

ရောဂါလက္ခဏာ အမျိုးမျိုးက ဤဆုံးဖြတ်ချက်နှင့် ကိုက်ညီနေ၏။ ဤရောဂါသည် ခေတ်သစ် လူ့အဖွဲ့အစည်းတွင် ကြီးမားသော ရောဂါ မဟုတ်ဘဲ ကုသရန် အလွန် လွယ်ကူသော်လည်း ရှေးခေတ်တွင်မူ ကုသ၍ မရသော ရောဂါ ဖြစ်သည်။

ကုသနည်းမှာ အလွန် ရိုးရှင်းပြီး ဦးခေါင်းခွံပေါ်တွင် အပေါက် တစ်ပေါက် ဖောက်ကာ အတွင်းရှိ သွေးများကို စုပ်ထုတ်လိုက်ရုံသာဖြစ်ပြီး ဦးခေါင်းခွံကို ဖွင့်စရာ မလိုသလို ဦးနှောက်ကိုလည်း ထိခိုက်စရာ မလိုပေ။

သေချာသည်မှာ ဧကရာဇ်တွင် ဤရောဂါ တစ်ခုတည်းသာမက အခြား နာတာရှည် ရောဂါများလည်း ရှိနေသေး၏။

သို့ပေမည့် ဦးနှောက်တွင်း သွေးခဲခြင်းသည် ဧကရာဇ် ယုံချီ၏ လက်ရှိ အသက်အန္တရာယ်ကို ဖြစ်စေသော အဓိက အကြောင်းရင်း ဖြစ်ပြီး ဤရောဂါကို ကုသနိုင်ပါက သူ သတိရလာမှာဖြစ်သည်။

All Chapters