အခန်း ၆၈၇
Vol. 58 Ch. 687
အပိုင်း (၆၈၇)
ဤလောကတွင် ဦးနှောက်သွေးခဲသည့် ရောဂါကို ကုသရန် ဆိုသည်မှာလည်း အလွန် ခက်ခဲလှသည်။ ပထမဆုံး အရေးအကြီးဆုံး အချက်မှာ ထိုသွေးခဲက မည်သည့်နေရာ၌ ရှိနေသည် ဆိုခြင်းကို တိတိကျကျ မဆုံးဖြတ်နိုင်ခြင်းဖြစ်၏။
‘ခေါင်းပေါ်မှာ အပေါက်တွေ အများကြီး ဖောက်ပြီး ဦးနှောက် အမြှေးပါးကို အကြိမ်ကြိမ် ခွဲထုတ်လို့ မရဘူးလေ။ ဒီလောကမှာ CT စက် မရှိဘူး။’
ဒုတိယ အချက်မှာ ဧကရာဇ် ယုံချီသည် အသက် ရှစ်ဆယ်နီးပါး ရှိနေပြီဖြစ်ပြီး အခြား နာတာရှည် ရောဂါများလည်း ရှိနေသေးရာ။ အကယ်၍ ဤခွဲစိတ်မှုဒဏ်ကို မခံနိုင်ပါက အသက်အန္တရာယ် ရှိနိုင်သည်။
ပင်နီဆီလင် အတွက်မူ စိတ်ပူစရာ မလိုပေ။ သူ ချောက်ကမ်းပါးထဲသို့ ပြုတ်ကျပြီးနောက် ပဋိဇီဝဆေးများ ဆုံးရှုံးသွားသည်မှာ သေချာသော်လည်း မီတျဲချိုင့်ဝှမ်းဘက်တွင်မူ ရှိနေသေးပြီး ယွင်ကျုံးဟဲ့ကို တာရှ အင်ပါယာသို့ ပို့ဆောင်စဉ်က ဆေးဝါး အမျိုးမျိုး ပါဝင်သော သေတ္တာ တစ်လုံးကို ပြင်ဆင်ပေးလိုက်၏။
ယွင်ကျုံးဟဲ့ သေတ္တာကို ဖွင့်ကာ ထိုအထူးဆေးဝါးကို ရှာဖွေလိုက်၏။ မီတျဲ ချိုင့်ဝှမ်းက ယွင်ကျုံးဟဲ့ကို ဆေးစမ်းသပ်ခိုင်းစဉ်က သူ၏ ခန္ဓာကိုယ်တွင် အလွန် ထူးဆန်းသည့် တုံ့ပြန်မှုများ ဖြစ်ပေါ်ခဲ့သည်။
တစ်ကိုယ်လုံး ပေါက်ကွဲထွက်လုမတတ် ဖောင်းကားတက်ကြွလာသည့် ဝေဒနာကို ခံစားလိုက်ရပြီးနောက် သူသည် စိတ်ကူးယဉ်ဆန်လှသော ထူးခြားသည့် အခြေအနေ တစ်ခုအတွင်းသို့ နစ်မွန်းသွားခဲ့၏။
ထိုအချိန်တွင် သူ၏ အာရုံကြောစနစ်မှာ အလွန်အမင်း တက်ကြွလှုပ်ရှားလာပြီး အမှောင်ထုထဲ၌ပင် အရာဝတ္ထုများကို ရှင်းလင်းစွာ မြင်နိုင်စွမ်း ရှိလာသလို၊ အလွန်တိုးဖျော့သည့် အသံများကိုပင် ကြားနိုင်သည့် အထိ အကြားအာရုံမှာ ထက်မြက်လာသည်။
ဆေးအာနိသင်၏ နောက်ဆုံးအဆင့်တွင်မူ သူ၏ အမြင်အာရုံသည် လုံးဝပြောင်းလဲသွားခဲ့သည်။ သူသည် လူ့ခန္ဓာကိုယ်၏ အရိုးစု၊ သွေးကြောစနစ်နှင့် အတွင်းအင်္ဂါ အစိတ်အပိုင်းများအထိ အသေးစိတ် မြင်တွေ့နိုင်လာ၏။
ဤသည်မှာ အရာဝတ္ထုများကို ဖြတ်သန်းမြင်နိုင်ရုံမျှမကဘဲ အရာဝတ္ထုတစ်ခုချင်းစီ၏ တည်ဆောက်ပုံကို အသေးစိတ် ခွဲခြားသိမြင်နိုင်သည့် ထူးခြားဆန်းပြားသော စွမ်းရည်တစ်ရပ်လည်း ဖြစ်သည်။
ဤစွမ်းရည်မှာ CT စက်ကဲ့သို့ အလုပ် လုပ်ပေးနိုင်သောကြောင့် ဧကရာဇ်၏ ခန္ဓာကိုယ်အတွင်းရှိ ရောဂါ လက္ခဏာများကို တိကျစွာ ရှာဖွေနိုင်ပြီး ဦးနှောက်အတွင်းရှိ သွေးခဲတည်နေရာကိုပင် အမှားအယွင်းမရှိ ဖော်ထုတ်နိုင်စွမ်း ရှိ၏။
ထို့အပြင် ဤဆေးလုံးတွင် နောက်ထပ် အဖိုးတန်သည့် အာနိသင်တစ်ခုမှာ အသက်ရှည်စေသည့် ဆေးဝါးများ၏ ဘေးထွက်ဆိုးကျိုးကို ပြန်လည်ကုသပေးနိုင်ခြင်းပင် ဖြစ်သည်။
ယခင်က ယွင်ကျုံးဟဲ့သည် ထျန်းယန် ဧကရာဇ်ဟောင်းအား အသက်ဘေးမှ ကယ်တင်ပေးနိုင်ခဲ့ခြင်းမှာလည်း ဤဆေးလုံး၏ အစွမ်းသတ္တိကြောင့် ဖြစ်၏။
သေတ္တာကို ဖွင့်ကြည့်လိုက်ရာ ထိုဆေးလုံးများ တကယ် ရှိနေကြောင်း ယွင်ကျုံးဟဲ့ တွေ့လိုက်ရပြီး တစ်ပုလင်း အပြည့်ပင် ပြင်ဆင်ပေးထားသည်။
‘ဟူး... အခု မီတျဲ ချိုင့်ဝှမ်း ဘယ်လို နေလဲ မသိဘူး။ တာရှန်း မိစ္ဆာနိုင်ငံတော်ရဲ့ ဝိုင်းရံ တိုက်ခိုက်မှုကနေ လွတ်မြောက်နိုင်ပါ့မလား။’
ယွင်ကျုံးဟဲ့က ဧကရာဇ် ယုံချီ၏ ရောဂါလက္ခဏာကို တက်ကြွစွာ မေးမြန်းနေသည်ကို မြင်သော်လည်း မည်သူကမှ မျှော်လင့်ချက် မထားသလို မည်သူကမှလည်း မမေးရဲကြပေ။
အကြောင်းမှာ သမားတော် အားလုံး နီးပါးက ဧကရာဇ်မင်းမြတ်သည် အသက်ရှင်ရန် အချိန် သိပ်မကျန်တော့ဘဲ အချိန်မရွေး ကံတော်ကုန်သွားနိုင်ကြောင်း ဆုံးဖြတ်ထားကြသောကြောင့်ပင်။
ခေါင်းကိုက်ရောဂါဟု ဆုံးဖြတ်ထားသော်လည်း အမှန်တကယ်တွင် သမားတော်အဖွဲ့သည် ဧကရာဇ်၏ တိကျသော ရောဂါကို မရှာဖွေနိုင်ခဲ့ပေ။
မီတျဲချိုင့်ဝှမ်းသည် အခြားနိုင်ငံများ အပေါ်တွင် စည်းကမ်း အလွန်ကြီးမားပြီး လူကို မီတျဲချိုင့်ဝှမ်းသို့ သယ်ဆောင်လာမှသာ ကုသပေးမှာဖြစ်၏။ ကုသပေးမည် မပေးမည်မှာလည်း မသေချာချေ။
သို့ပေမည့် တာရှအင်ပါယာမှာမူ မတူညီပေ။ အကြောင်းမှာ ၎င်းသည် သန့်စင်သော ကျောင်းတော် ယဉ်ကျေးမှု၏ တရားဝင်မင်းဆက်အဖြစ် သတ်မှတ်ခံထားရပြီး မီတျဲချိုင့်ဝှမ်း၏ ဘိုးဘေးများမှာလည်း သန့်စင်သော ကျောင်းတော်ကို သွားရောက် ပူဇော်ပြီးမှသာ မီတျဲ ချိုင့်ဝှမ်းကို တည်ထောင်နိုင်ခဲ့ခြင်း ဖြစ်သောကြောင့်ပင်။
ထို့ကြောင့် တာရှ ဧကရာဇ် ဖျားနာပါက မီတျဲ ချိုင့်ဝှမ်းက လူလွှတ်ပေးလေ့ ရှိသည်။ မီတျဲ ချိုင့်ဝှမ်းမှ ဆရာကြီးများ လာကြည့်ပြီးသော်လည်း ဧကရာဇ် ယုံချီ၏ ရောဂါကို မကုသနိုင်ခဲ့ပေ။
ထိုအချိန်တွင် မယ်တော်မိဖုရားခေါင်ကြီးဟန်က ရုတ်တရက် ပြောလိုက်၏။ “ယွင်ကျုံးဟဲ့... မင်းရဲ့ ဆေးပညာက ပြိုင်ဘက်ကင်းတယ်လို့ ကြားတယ်။ ဧကရာဇ်မင်းမြတ်ကို ကုသပေးနိုင်မလား။”
ထိုစကားကြောင့် မယ်တော်မိဖုရားခေါင်ကြီးဟောင်း၏ မျက်လုံးများ တုန်လှုပ်သွား၏။
မယ်တော်မိဖုရားခေါင်ကြီး၏ ဤစကားမှာ ရည်ရွယ်ချက် ဆိုးဝါးလှသည်။ ယွင်ကျုံးဟဲ့ကို ဧကရာဇ်နှင့် မတွေ့အောင် တားဆီး၍ မရတော့သောကြောင့် အကြပ်ရိုက်အောင် ပြုလုပ်လိုက်ခြင်း ဖြစ်သည်။
အကယ်၍ ယွင်ကျုံးဟဲ့က ကုသနိုင်လျှင် သူ ကိုယ်တိုင် ပြောလာလိမ့်မည်။ သူ မကုသတတ်လျှင်လည်း မကုသတတ်ကြောင်း ကိုယ်တိုင် ဝန်ခံစေရန် ဖြစ်၏။
အကောင်းဆုံး အခြေအနေမှာ ယွင်ကျုံးဟဲ့က ကိုယ်တိုင် ကြိုးစား ကုသပြီး ကျရှုံးသွားခြင်းဖြစ်၏။ ထိုသို့ဖြစ်ပါက ဧကရာဇ်ကို သတ်မိသည့် အကျိုးဆက်ကို ခံစားရမှာဖြစ်သည်။
ယွင်ကျုံးဟဲ့ မဖြေပေ။
မယ်တော်မိဖုရားခေါင်ကြီးက ထပ်မေးလိုက်၏။ “ယွင်ကျုံးဟဲ့... တာ့ကျိုးမှာ ရှိတုန်းက သတိလစ်မေ့မြော နေတဲ့ ထျန်းကျိုး ဧကရာဇ်ကို မင်း ကယ်တင်နိုင်ခဲ့တယ်လို့ ကြားတယ်။ အခု ဧကရာဇ်မင်းမြတ်ကိုရော ကယ်တင်နိုင်မလား။”
ဤစကားက ပို၍ပင် ရက်စက်လှသည်။
“အရင်က တာ့ကျိုးရဲ့ ထျန်းယန် ထိုက်ရှန်ဟွမ် ကိုတောင် မင်း ကယ်တင်ပေးခဲ့သေးတာပဲ။ အခု ဧကရာဇ် ယုံချီက မင်းရဲ့ အဘိုးလေ။ မင်းက သေတာကို လက်ပိုက်ကြည့်နေတော့မလို့လား။”
သို့သော်လည်း အခြေအနေမှာ ယခင်နှင့် လုံးဝ ကွာခြားနေသည်။ ထျန်းယန်ဧကရာဇဟောင်းမှာ လူငယ်ပြန်ဖြစ်စေပြီး အသက်ရှည်စေသည့် ဆေးဝါး၏ ဘေးထွက်ဆိုးကျိုးကို ခံစားနေရခြင်းဖြစ်သောကြောင့် ဆေးလုံးတစ်လုံးတည်းနှင့်ပင် သက်သာရာရစေနိုင်၏။
ဧကရာဇ်ယုံချီ၏ အခြေအနေမှာမူ ထိုသို့မဟုတ်ဘဲ အမှန်တကယ်ပင် ဖျားနာနေခြင်းဖြစ်၏။ ယွင်ကျုံးဟဲ့က မျက်မှောင်ကြုတ်ကာ အလွန် အခက်တွေ့နေသည့်ဟန် ပြလိုက်သည်။
လူတိုင်းက ယွင်ကျုံးဟဲ့ မကုသနိုင်ဘူးဟု ဆုံးဖြတ်လိုက်ကြသည်။ အကြောင်းမှာ ဧကရာဇ် ယုံချီသည် ရောဂါ ကျွမ်းနေပြီဖြစ်ပြီး မည်သူမှ မကုသနိုင်တော့သောကြောင့် မီတျဲ ချိုင့်ဝှမ်းမှ ဆရာကြီးများ လာလျှင်ပင် ဘာမှ မလုပ်နိုင်ခဲ့ရာ ယွင်ကျုံးဟဲ့ ဆိုလျှင် ပို၍ပင် မဖြစ်နိုင်တော့ပေ။
သူ၏ အံ့ဩစရာ ဆေးပညာ ဆိုသည်မှာ အခြေခံအားဖြင့် ထိုစဉ်က ထန်ထိုင်မြဲ့မင် နှင့် ကျင်းဝူပြန်း တို့ကို ကုသပေးနိုင်ခဲ့ခြင်း၊ ထို့အပြင် ကာလသားရောဂါကို ကုသပေးနိုင်ခဲ့ခြင်းတို့သာ ဖြစ်သည်။
သို့ပေမည့် ခြွင်းချက်မရှိ အားလုံးက ပင်နီဆီလင်ကို အားကိုးခဲ့ရခြင်း ဖြစ်၏။ ထို့ကြောင့် ယွင်ကျုံးဟဲ့သည် အလွန် အံ့သြဖွယ် ကောင်းသော ဆေးဝါး တစ်မျိုးကို ရရှိထားရုံ သက်သက် ဖြစ်ပြီး သူ့ကိုယ်တိုင်တွင် အံ့ဩစရာ ဆေးပညာ မရှိပေ။
“တော်ပြီ။ ထပ်မပြောနဲ့တော့။” မယ်တော်မိဖုရားခေါင်ကြီးဟောင်းက ယွင်ကျုံးဟဲ့၏ အခက်အခဲကို ဖြေရှင်းပေးရန် ချက်ချင်း ဝင်ပြောလိုက်၏။
ယွင်ကျုံးဟဲ့ ခဏမျှ စဉ်းစားပြီးနောက် ပြောလိုက်သည်။ “မယ်တော်မိဖုရားခေါင်ကြီးဟောင်း၊ မယ်တော် မိဖုရားခေါင်ကြီး၊ နင်ဖေး၊ အိမ်ရှေ့စံ၊ ဧကရာဇ်မင်းမြတ်ရဲ့ ရောဂါနဲ့ ပတ်သက်ပြီး ကျုပ် စမ်းကြည့်ချင်တယ်။”
ထိုစကားကြောင့် လူတိုင်း အံ့ဩသွားကြ၏။
“စမ်းကြည့်မယ် ဟုတ်လား။” မယ်တော်မိဖုရားခေါင်ကြီးက မေးလိုက်သည်။
ယွင်ကျုံးဟဲ့က ဖြေ၏။ “ဟုတ်ပါတယ်။ စမ်းကြည့်ပါ့မယ်။ ကျုပ်မှာ သုံးဆယ်ရာခိုင်နှုန်းပဲ ယုံကြည်မှု ရှိတယ်။”
မယ်တော်မိဖုရားခေါင်ကြီးဟောင်းက မေးလိုက်သည်။ “ဘယ်လို ကုမှာလဲ။”
ယွင်ကျုံးဟဲ့က ရှင်းပြလိုက်၏။ “ဧကရာဇ်မင်းမြတ်ရဲ့ ရောဂါကို ဦးနှောက်တွင်း သွေးခဲခြင်းလို့ ခေါ်တယ်။ ဦးနှောက်တွင်းမှာ နာတာရှည် သွေးယိုစိမ့်နေပြီး ဦးနှောက်ကို ဖိမိနေတာပါ။ အခု ချက်ချင်း မကုသဘူး ဆိုရင် အသက်အန္တရာယ် ရှိနိုင်တယ်။ ဧကရာဇ်မင်းမြတ်ရဲ့ ခေါင်းပေါ်မှာ အပေါက် တစ်ပေါက်ဖောက်ပြီး သွေးခဲတွေကို စုပ်ထုတ်ဖို့ လိုအပ်တယ်။”
ထိုစကားကြောင့် လူတိုင်း လန့်သွားကြ၏။
‘ဒါ… ဒါက အရမ်း ထူးဆန်းပြီး ကြောက်စရာ ကောင်းလွန်းတယ်။ ဧကရာဇ်ရဲ့ ခေါင်းပေါ်မှာ အပေါက် ဖောက်မယ် ဟုတ်လား။ ဒါ။ ဒါက လူသတ်တာ မဟုတ်ဘူးလား။’
နင်ဖေးက မေးလိုက်သည်။ “တကယ်လို့ မအောင်မြင်ဘူး ဆိုရင် ဘာဖြစ်မလဲ။”
ယွင်ကျုံးဟဲ့က ဖြေလိုက်၏။ “မအောင်မြင်ဘူး ဆိုရင်။ ဧကရာဇ်မင်းမြတ်က တိုက်ရိုက်…”
လူတိုင်း နားလည်သွားကြပြီ။ ကုသမှု မအောင်မြင်ပါက ဧကရာဇ်မင်းမြတ် ကံတော်ကုန်သွားမှာဖြစ်သည်။
“မရဘူး။ ဒီအန္တရာယ်ကို မစွန့်စားနိုင်ဘူး။”
“ဒီလို ကုသနည်းမျိုးက အရမ်း အဓိပ္ပါယ်မဲ့တယ်။ တစ်ခါမှတောင် မကြားဖူးဘူး။”
“လူရဲ့ ဦးခေါင်းက ဘယ်လောက် အရေးကြီးလဲ။ ခေါင်းပေါ်မှာ အပေါက် ဖောက်မယ် ဟုတ်လား။ သေချာပေါက် သေမှာပေါ့။”
“ဒီလို ဆေးပညာမျိုးက မြင်လည်း မမြင်ဖူးဘူး။ ကြားလည်း မကြားဖူးဘူး။ အရမ်းကို ထူးဆန်းလွန်းတယ်။”
လူတိုင်းက ကန့်ကွက်ကြပြီး မယ်တော်မိဖုရားခေါင်ကြီးဟောင်းနှင့် နင်ဖေးတို့ပင် ကန့်ကွက်ကြ၏။
ထိုနှစ်ဦး ကန့်ကွက်ခြင်းမှာ ယွင်ကျုံးဟဲ့ကို စိုးရိမ်သောကြောင့်ဖြစ်ပြီး ကုသမှု မအောင်မြင်ပါက ယွင်ကျုံးဟဲ့ တာဝန်ယူရမည် ဖြစ်သောကြောင့်ပင်။
“မယ်တော်မိဖုရားခေါင်ကြီးဟောင်း၊ မယ်တော်မိဖုရားခေါင်ကြီး၊ ကျုပ် စမ်းကြည့်ချင်တယ်။” ယွင်ကျုံးဟဲ့က တောင်းဆိုလိုက်၏။
မယ်တော်မိဖုရားခေါင်ကြီးက ငြင်းပယ်လိုက်သည်။ “မရဘူး။ ဧကရာဇ်မင်းမြတ်ရဲ့ ခေါင်းပေါ်မှာ ဘယ်လိုလုပ် အပေါက် ဖောက်လို့ ရမှာလဲ။ တစ်ခုခု မှားယွင်းသွားရင် ကောင်းကင် ပြိုကျသလို ဖြစ်သွားမှာပေါ့။”
ဤကိစ္စကို အစပြု၍ ယွင်ကျုံးဟဲ့ကို ကုသရန် ကိုယ်တိုင် တောင်းဆိုစေပြီးနောက် ယခု မယ်တော် မိဖုရားခေါင်ကြီးက ပြန်လည် ကန့်ကွက်နေခြင်းမှာ တာဝန်ယူမှုကို သတ်မှတ်ရန် အတွက်သာ ဖြစ်၏။
မယ်တော်မိဖုရားခေါင်ကြီးဟောင်းက ယွင်ကျုံးဟဲ့ကို ကြည့်ကာ မေးလိုက်သည်။ “ကလေး... ကုသမှု မအောင်မြင်ရင် အကျိုးဆက်က ဘာလဲ ဆိုတာ မင်း သိသင့်တယ်။”
ယွင်ကျုံးဟဲ့က ဖြေလိုက်၏။ “သိပါတယ်။ ဒါပေမဲ့… ကျုပ် စမ်းကြည့်ချင်တုန်းပါပဲ။”
မယ်တော်မိဖုရားခေါင်ကြီးနှင့် အိမ်ရှေ့စံ တို့၏ မျက်လုံးများ ချက်ချင်း ကျဉ်းမြောင်းသွားကြ၏။ ဤသည်မှာ စွန့်စားမှုတစ်ခု ဖြစ်သော်လည်း ကြီးမားသော အခွင့်အရေး တစ်ခုလည်း ဖြစ်သည်။
အကယ်၍ ယွင်ကျုံးဟဲ့၏ ကုသမှု မအောင်မြင်ဘဲ ဧကရာဇ်က ဒဏ်မခံနိုင်၍ ကံတော်ကုန်သွားပါက ယွင်ကျုံးဟဲ့သည် ကြီးမားသော တာဝန်ကို ယူရတော့မှာဖြစ်၏။
သူသည် တာယင်အင်ပါယာ၊ ဟေးလုံထိုင်မှ ဖြစ်သည့်အတွက် ဧကရာဇ်ကို လုပ်ကြံသည့် ပြစ်မှုမှ လွတ်မြောက်နိုင်မည် မဟုတ်တော့ပေ။
ထိုအချိန်သို့ ရောက်ရှိလာပါက မင်းမျိုးမင်းနွယ်ဟူသော ဂုဏ်ပုဒ်ကို ပြန်လည်ရရှိရန် မဆိုထားနှင့်၊ မိမိ၏ အသက်ကိုပင် ကာကွယ်နိုင်စွမ်း ရှိတော့မည်မဟုတ်ဘဲ အပိုင်းပိုင်း ခုတ်ထစ်၍ ကွပ်မျက်ခြင်းကိုသာ ခံရပေလိမ့်မည်။
မယ်တော်မိဖုရားခေါင်ကြီးဟောင်းက ပြောလိုက်သည်။ “တကယ်လို့ မင်း မအောင်မြင်ဘူး ဆိုရင် ငါနဲ့အတူ ယန်ရင် ဘုရားကျောင်းကို လိုက်ခဲ့ပြီး တစ်သက်လုံး အပြစ်ဖြေဖို့ ဘုန်းကြီး ဝတ်ရမယ်။ မင်း သဘောတူလား။”
မယ်တော်မိဖုရားခေါင်ကြီးဟောင်းသည် ဤကြီးမားသောတာဝန်ကို သူမကိုယ်တိုင် ယူပေးလိုက်ပြီး ယွင်ကျုံးဟဲ့ကို ကာကွယ်ပေးရန် အစွမ်းကုန် ကြိုးစားလိုက်ခြင်း ဖြစ်၏။
မယ်တော်မိဖုရားခေါင်ကြီးနှင့် အိမ်ရှေ့စံ တို့ကမူ ဝင်မပြောကြပေ။ အကယ်၍ ယွင်ကျုံးဟဲ့ ကုသမှု မအောင်မြင်ပါက ဧကရာဇ်ကို လုပ်ကြံသည့် ပြစ်မှုမှ လွတ်မြောက်နိုင်မည် မဟုတ်ဘဲ မယ်တော် မိဖုရားခေါင်ကြီးဟောင်းနှင့်အတူ ဘုန်းကြီး ဝတ်ရန် ဆိုသည်မှာ လုံးဝ စိတ်ကူးယဉ် သက်သက်သာ ဖြစ်သည်။
“သဘောတူတယ်။” ယွင်ကျုံးဟဲ့က ဖြေလိုက်၏။
မယ်တော်မိဖုရားခေါင်ကြီးဟောင်းက ယွင်ကျုံးဟဲ့ကို ကြည့်ကာ ထပ်မေးလိုက်သည်။ “ကလေး... မင်း တကယ် စမ်းကြည့်ချင်တာ သေချာလား။”
“သေချာတယ်။” ယွင်ကျုံးဟဲ့က ပြန်ဖြေလိုက်၏။
မယ်တော်မိဖုရားခေါင်ကြီးဟောင်းက ပြတ်သားစွာ ပြောလိုက်သည်။ “ဒါဆိုရင်လည်း စမ်းကြည့်လိုက်ပေါ့။ သမားတော် အဖွဲ့... မင်းတို့ သခင်လေး ဧကရာဇ်မင်းမြတ်ကို ကုသတာကို အပြည့်အဝ ပူးပေါင်းကူညီကြ...”
ချက်ချင်းပဲ သမားတော် အားလုံး ဒူးထောက်ကာ ပြောလိုက်ကြ၏။ “အမိန့်တော်အတိုင်းပါ။”
ထို့နောက် ယွင်ကျုံးဟဲ့သည် ရိုးရှင်းသော ခွဲစိတ် ခုတင်ကို စတင် ပြင်ဆင်ပြီး ပင်နီဆီလင်၊ အရက်ပြန်နှင့် အခြား ခွဲစိတ်ကိရိယာများကို ပြင်ဆင်တော့သည်။
လျှပ်စစ်လွန်ပူ မရှိသောကြောင့် ဦးခေါင်းခွံဖောက်မည့် လွန်ပူကို သူ ကိုယ်တိုင် ပုံစံဆွဲကာ အတော်ဆုံး ပန်းပဲဆရာများကို ရှာဖွေ၍ ဖန်တီးခိုင်းရသည်။ ထို့အပြင် သွေးစုပ်ထုတ်မည့် ပိုက်ကိုလည်း အသစ် ပြန်လုပ်ရ၏။
ထို့အပြင် ပိုးမွှားကင်းစင်သော ခွဲစိတ်ခန်းကို တတ်နိုင်သမျှ ဖန်တီးပြီး မှန်များကို အသုံးပြု၍ နေရောင်ခြည်ကို ရောင်ပြန်ဟပ်စေကာ တောက်ပသော အလင်းရောင်ရရန် ဖန်တီးရသည်။
လေးဆယ့်ရှစ် နာရီတိတိ ကြာပြီးနောက် အားလုံး အသင့်ဖြစ်သွားပြီ ဖြစ်သည်။ တိုတောင်းလှသော လေးဆယ့်ရှစ် နာရီအတွင်း တာရှ အစိုးရအဖွဲ့တွင် သတင်းများ ပွက်လောရိုက်နေပြီ ဖြစ်၏။
ယွင်ကျုံးဟဲ့သည် ဧကရာဇ် ယုံချီကို ကုသပေးမှာဖြစ်ပြီး ဧကရာဇ်၏ ဦးခေါင်းပေါ်တွင် အပေါက် တစ်ပေါက် ဖောက်ရမှာဖြစ်သည်။
လူတိုင်း အံ့ဩမှင်တက်သွားကြပြီး အရပ်ဖက်၊ စစ်ဖက် အမတ် အားလုံးက ကန့်ကွက်ကြသည်။ ဤသည်မှာ ရောဂါ ကုသနေခြင်း မဟုတ်ဘဲ လူသတ်နေခြင်းသာ ဖြစ်ကြောင်း ပြောဆိုကြ၏။
ထို့အပြင် ဤကိစ္စကို မယ်တော်မိဖုရားခေါင်ကြီးဟောင်းက ဆုံးဖြတ်ပေးခဲ့ခြင်းဖြစ်ပြီး မယ်တော် မိဖုရားခေါင်ကြီးနှင့် အိမ်ရှေ့စံ တို့ပင် တားဆီး၍ မရကြောင်း ကောလာဟလများလည်း ရှိနေသည်။
ထို့ကြောင့် အရပ်ဖက်၊ စစ်ဖက် အမတ်များသည် ဖျင်အန်းနန်းဆောင် အပြင်ဘက်တွင် ဒူးထောက်ကာ မယ်တော်မိဖုရားခေါင်ကြီးဟောင်းအား အမိန့်တော်ကို ပြန်လည် ရုပ်သိမ်းပေးရန် တောင်းဆိုနေကြ၏။
ဤသို့ လုပ်ဆောင်ခြင်းမှာ အလွန် အန္တရာယ်များလှ၏။ ဤကဲ့သို့သော ကုသနည်းမျိုးမှာ အလွန် အဓိပ္ပာယ်မဲ့ လွန်းလှသည်။
အကယ်၍ ကုသနေစဉ်အတွင်း ဧကရာဇ်မင်းမြတ် ကံတော်ကုန်သွားပါက မည်သူက ဤတာဝန်ကို ယူနိုင်မည်နည်း။ ယွင်ကျုံးဟဲ့သည် သေချာပေါက် တာဝန် မယူနိုင်သလို၊ မယ်တော်မိဖုရားခေါင်ကြီးဟောင်း ပင်လျှင် တာဝန် မယူနိုင်ပေ။