← Chapters

အခန်း ၆၈၈

Vol. 58 Ch. 688

အခန်း ၆၈၈

Vol. 58 Ch. 688

အပိုင်း (၆၈၈)

ထို့ကြောင့် ကောလာဟလမှာ ပိုမို ပြင်းထန်လာပြီး ယွင်ကျုံးဟဲ့သည် တာယင်အင်ပါယာ၏ သူလျှို ဖြစ်ကာ ဧကရာဇ် ယုံချီကို ကုသပေးခြင်းမှာ လူကို ကယ်တင်ရန် မဟုတ်ဘဲ ဧကရာဇ်ကို လုပ်ကြံရန် ဖြစ်သည်ဟု ပြောကြ၏။

ဤသည်မှာ တာယင်အင်ပါယာ၏ ကြီးမားလှသော အကောက်ကြံမှုကြီး ဖြစ်၏။ တကယ့်ကို မြို့တစ်မြို့လုံး ပွက်လောရိုက်နေပြီး လူထု အမြင်ကလည်း ပြင်းထန်နေသည်။

အရပ်ဖက်၊ စစ်ဖက် အမတ်များသာမက မြို့တော်ရှိ မရေမတွက်နိုင်သော ပြည်သူများလည်း ဤကိစ္စကို သိရှိသွားကြ၏။

လူတိုင်းက ယွင်ကျုံးဟဲ့သည် လူကို ကယ်တင်နေခြင်း မဟုတ်ဘဲ ဧကရာဇ်ကို လုပ်ကြံနေခြင်း ဖြစ်သည်ဟု ထင်မြင်ကြ၏။ ဤသည်မှာ တာယင်အင်ပါယာ၏ ကြီးမားလှသော အကောက်ကြံမှုကြီး ဖြစ်သည်။

ယွင်ကျုံးဟဲ့ သာမက မယ်တော်မိဖုရားခေါင်ကြီးဟောင်းပင်လျှင် ကြီးမားလှသော ဖိအားများကို ခံစားနေရ၏။

သို့ပေမည့် ဤအချိန်တွင် ယွင်ကျုံးဟဲ့က နောက်ဆုတ်ပြီး မကုသတော့ဘူးဟု ပြောလိုက်ပါက တာရှ အင်ပါယာ တွင် သူ၏ အနာဂတ်သည် လုံးဝ ပျက်စီးသွားပြီ ဖြစ်သည်။

‘အရင်က ကုသမယ်လို့ ပြောပြီး အခု နောက်ဆုတ်သွားတာ သတ္တိ နည်းနည်းလေးမှ မရှိဘူး။ ဒီလို လူမျိုးက ထီးနန်းကို ယှဉ်ပြိုင်ဖို့ ဘာအရည်အချင်း ရှိတော့မှာလဲ။’

ဤအချိန်တွင် နောက်ဆုတ်သွားမည်ဆိုပါက လူအများ၏ အထင်သေးခြင်းကို ခံရပေလိမ့်မည်။ ထို့ကြောင့် ယွင်ကျုံးဟဲ့၏ အခြေအနေမှာ မီးပုံပေါ်သို့ တင်ခံလိုက်ရသကဲ့သို့ အလွန်တရာ ကျပ်တည်း ခက်ခဲနေတော့၏။

ထိုနေ့တွင် ဧကရာဇ် ယုံချီ၏ အခြေအနေမှာ ပိုမို ဆိုးရွားလာပြီး အသက်ရှင်သန်နိုင်စွမ်းမှာ ပို၍ အားနည်းလာကာ အရည်များပင် တိုက်ကျွေး၍ မရတော့ပေ။

အမှန်တကယ်ပင် အချိန်မရွေး ကံတော်ကုန်သွားတော့မည့် အခြေအနေဖြစ်၏။ ခွဲစိတ်မှုကို ချက်ချင်း လုပ်ဆောင်ရတော့မှာဖြစ်ပြီး လုံးဝ နှောင့်နှေး၍ မရတော့ပေ။ ထို့အပြင် ခွဲစိတ်မှု လုပ်ဆောင်လျှင်ပင် အန္တရာယ်က အလွန် ကြီးမားလှသည်။

ယွင်ကျုံးဟဲ့ ရှေ့သို့ တိုးသွားကာ ဧကရာဇ် ယုံချီ၏ လက်ကို ဆုပ်ကိုင်ပြီး သူ၏ နားနားသို့ ကပ်ကာ ပြောလိုက်၏။ “ဧကရာဇ်မင်းမြတ်… အဘိုး... ကျုပ်က အဘိုးရဲ့ မြေးပါ။ အခု အဘိုးကို စတင် ကယ်တင်တော့မယ်။”

“အဘိုး.... အောင်မြင်မလား၊ မအောင်မြင်ဘူးလား ဆိုတာက သုံးဆယ် ရာခိုင်နှုန်းက ကျုပ်အပေါ်မှာ မူတည်ပြီး ခုနစ်ဆယ် ရာခိုင်နှုန်းက အဘိုးအပေါ်မှာ မူတည်တယ်။ အဘိုး အသေအလဲ တောင့်ခံထားပေးပါ။ တကယ်လို့ မအောင်မြင်ဘူး ဆိုရင် ကျုပ်တို့ မြေးအဘိုး နှစ်ယောက်လုံး ပြီးသွားပြီ။” ယွင်ကျုံးဟဲ့က အနည်းငယ် အက်ကွဲသော အသံဖြင့် ပြောလိုက်သည်။

ဧကရာဇ်အိုကြီးက ဘာတုံ့ပြန်မှုမှ မရှိဘဲ မလှုပ်မယှက် ဆက်ရှိနေသော်လည်း သူ၏ မျက်လုံးထောင့်မှ နောက်ကျိနေသော မျက်ရည်များ စိမ့်ထွက်လာ၏။

ယွင်ကျုံးဟဲ့သည် ဧကရာဇ်၏ လက်ကို ပို၍ တင်းကြပ်စွာ ဆုပ်ကိုင်လိုက်ပြီး ပြောလိုက်သည်။ “အဘိုး... ဒါဆို ကျုပ် ခွဲစိတ်မှု စလုပ်တော့မယ်နော်။ ကျုပ်တို့ အတူတူ ကြိုးစားကြမယ် ဟုတ်ပြီလား။”

အသက်ပြင်းပြင်း တစ်ချက် ရှူလိုက်ပြီး ယွင်ကျုံးဟဲ့သည် ဘေးခန်းသို့ ဝင်သွားကာ တင်ပျဉ်ခွေ ထိုင်လိုက်၏။

ထို့နောက် သူသည် ရင်ဘတ်ထဲမှ မီတျဲချိုင့်ဝှမ်း၏ ဆေးလုံးကို ထုတ်ယူကာ မျိုချလိုက်ပြီး တုံ့ပြန်မှုကို တိတ်ဆိတ်စွာ စောင့်ဆိုင်းနေလိုက်သည်။

ထိုအချိန်တွင် နင်ဖေး ဝင်ရောက်လာပြီး ယွင်ကျုံးဟဲ့ ရှေ့တွင် ထိုင်လိုက်၏။

“ရှောင်ဟဲ့... အရင်က အဘွား မင်းကို တစ်ခါမှ မမြင်ဖူးပေမယ့် ပထမဆုံး မြင်လိုက်ရတည်းက ရင်းနှီးသလို ခံစားရတယ်။”

နင်ဖေးက ညင်သာစွာ ပြောလိုက်သည်။ “မင်းက မင်းအဖေနဲ့ ရုပ်ရည်မတူဘဲ အများကြီး ပိုချောပေမယ့် မင်းတို့ သားအဖ နှစ်ယောက်ရဲ့ နှာတံ၊ ပါးစပ်နဲ့ မျက်နှာအရိုး အနေအထားတွေက အရမ်းကို တူတာပဲ။ အဘွားက မင်းအဖေရဲ့ အဒေါ်ဖြစ်ပေမယ့် သူ့ထက် လပိုင်းလောက်ပဲ ကြီးတယ်။

ငယ်ငယ်တည်းက အတူ ကြီးပြင်းလာခဲ့တယ်။ ငယ်ငယ်တုန်းက သူက အရမ်း ကြည့်ကောင်းပေမယ့် ကြီးလာတော့ အရမ်း တည်ကြည်သွားပြီး အစောကြီးတည်းက မုတ်ဆိတ်မွေးတွေ ထားလိုက်လို့ ရုပ်နည်းနည်း ဆိုးသွားတယ်။”

ယွင်ကျုံးဟဲ့ ခေါင်းမော့ကာ မျက်စိရှေ့ရှိ နင်ဖေးကို ကြည့်လိုက်သည်။ သူမ၏ အသက်အရွယ်မှာ သူ့အမေနှင့် မတိမ်းမယိမ်း ဖြစ်သော်လည်း ယွင်ကျုံးဟဲ့ထက် မျိုးဆက် နှစ်ဆက် ပိုကြီးနေသည်။

“မယ်တော်မိဖုရားခေါင်ကြီးဟောင်းက ငါ့ကို ပြောတယ်။ မင်းရဲ့ မျက်နှာသွင်ပြင်က အရင် ဧကရာဇ် ရှောင်ကျုံးနဲ့ အရမ်း တူတယ်တဲ့။ ယခင် ဧကရာဇ်နဲ့ အိမ်ရှေ့စံ ထျန်းအန်း တို့က ငါတို့ တာရှရဲ့ အထူးချွန်ဆုံး အမျိုးသားတွေလေ။ မင်းမှာ သူတို့ နှစ်ယောက်ရဲ့ အငွေ့အသက်တွေ ရှိနေတော့ အနာဂတ်မှာ မင်း သေချာပေါက် ကျုပ်တို့ တာရှရဲ့ အကြီးမားဆုံး ဂုဏ်ယူစရာ ဖြစ်လာမှာပဲ။”

နင်ဖေးက ဆက်ပြောလိုက်၏။ “ငါတို့ နင်မိသားစုက အဲဒီတုန်းက အိမ်ရှေ့စံ ထျန်းအန်း နောက်ကို လိုက်ခဲ့လို့ အမြစ်ပြတ် သုတ်သင် ခံရမယ့် အန္တရာယ်နဲ့ ကြုံခဲ့ရတယ်။ နောက်ပိုင်း ဧကရာဇ်မင်းမြတ် နောင်တရပြီး ငါတို့ နင်မိသားစုကို မြို့စားအဖြစ် ပြန်လည် ခန့်အပ်ခဲ့တယ်။

ငါတို့ နင်မိသားစုက တခြား ဩဇာကြီးမားတဲ့ မိသားစုကြီးတွေလို အင်အား မကြီးပေမယ့် ငါတို့က မင်းရဲ့ မိသားစုဝင်တွေ ဖြစ်ပြီး မင်းဘက်မှာ အမြဲတမ်း ရပ်တည်နေမှာပါ။”

နင်ဖေးက ပြောလိုက်သည်။ “မင်းက ကြီးမားတဲ့ အန္တရာယ်ကို စွန့်ပြီး မင်းရဲ့ အဘိုး ဧကရာဇ်ကို ကယ်တင်ဖို့ ကြိုးစားတဲ့အတွက် ငါတို့ နင်မိသားစု တစ်ခုလုံး အရမ်း ဂုဏ်ယူပြီး မင်းက အရမ်း တော်တဲ့ ကလေး တစ်ယောက်လို့ ထင်တယ်။

ဒီတစ်ခါ ဧကရာဇ်မင်းမြတ်ကို ကုသတာ မအောင်မြင်ရင်တောင်၊ တစ်ခုခု အမှားအယွင်း ဖြစ်သွားရင်တောင် ငါတို့ နင်မိသားစုက မင်းနောက်မှာ အပြည့်အဝ ရပ်တည်ပေးမှာပါ။ အရင်က အိမ်ရှေ့စံ ထျန်းအန်း အတွက် ငါတို့ နင် မိသားစုမျိုးတုံး လုနီးပါး ဖြစ်ခဲ့တာတောင် ဂရုမစိုက်ခဲ့ဘူး။ အခုလည်း ဂရုမစိုက်ဘူး။ ငါတို့ နင်မိသားစုက အမျိုးသားတွေ သေရမှာကို မကြောက်ဘူး။”

နင်ဖေးက ယွင်ကျုံးဟဲ့၏ မျက်နှာကို ကိုင်ကာ ပြောလိုက်၏။ “ကလေး... ဒါကြောင့် ဧကရာဇ်မင်းမြတ်ကို ကုသတဲ့ ရလဒ်က ဘယ်လိုပဲ ဖြစ်နေပါစေ အဘွားက မင်းနဲ့အတူ တာဝန်ယူပေးမယ်။”

နင်ဖေး၏ စကားများကြောင့် ယွင်ကျုံးဟဲ့ တစ်ကိုယ်လုံး နွေးထွေးသွား၏။ ဆေးအာနိခင်ဗျားက စတင် ပြသလာပြီ ဖြစ်သည်။

သူ၏ ခန္ဓာကိုယ်က စတင် ဖောင်းကားလာပြီး နောက်ဆုံးတွင် ဘုန်းကနဲ မြည်ကာ တစ်ကိုယ်လုံး ပေါက်ကွဲသွားသကဲ့သို့ ခံစားလိုက်ရသည်။ ခန္ဓာကိုယ် ပျောက်ဆုံးသွားပြီး ဝိညာဉ်သာ ကျန်ရစ်တော့သကဲ့သို့ ခံစားရသည်။

ထို့နောက် အာရုံခံစားမှုက အလွန် တက်ကြွလာပြီး အလွန် သေးငယ်သော အသံကိုပင် ရှင်းလင်းစွာ ကြားနိုင်လာ၏။

အမြင်အာရုံ ကလည်း မည်မျှအထိ တိုးတက်လာမှန်း မသိနိုင်အောင် အသေးစိတ် အားလုံးကို ရှင်းလင်းစွာ မြင်နိုင်လာသည်။

ထို့နောက် အမြင်အာရုံက ထပ်မံ ပြောင်းလဲသွားပြန်သည်။ နောက်ဆုံးတွင် သူ လိုချင်သော အခြေအနေသို့ ရောက်ရှိသွားပြီ ဖြစ်၏။

သူ ရှေ့ရှိ နင်ဖေးကို ကြည့်လိုက်ရာ အရိုးစုကို မြင်ရပြီး၊ အတွင်းကလီစာများကို မြင်ရကာ သွေးကြောနှင့် အာရုံကြောများကို မြင်တွေ့နေရသည်။

ဤသည်မှာ စိတ်ကူးယဉ် အမြင် တစ်ခု ကဲ့သို့ ဖြစ်သလို အလွန် ထူးခြားသော စိတ်ပိုင်းဆိုင်ရာ အခြေအနေ တစ်ခုကဲ့သို့လည်း ဖြစ်ကာ အရာဝတ္ထု အားလုံးသည် အလွှာလိုက် ဖြစ်သွား၏။

“အဘွား စိတ်ချပါ။ အဘိုး ဧကရာဇ်ကို ကျုပ် သေချာပေါက် ကယ်တင်နိုင်ပါလိမ့်မယ်။” ယွင်ကျုံးဟဲ့က ပြတ်သားစွာ ပြောလိုက်သည်။

ထို့နောက် သူသည် ဤ အခြေအနေကို အတင်းအကျပ် ထိန်းသိမ်းထားပြီး အပြင်သို့ ထွက်လာခဲ့သည်။ အရင် တစ်ခါ ဤအခြေအနေသို့ ရောက်ရှိစဉ်က သူ သတိလစ်မေ့မြော သွားခဲ့သော်လည်း ဤတစ်ကြိမ်တွင်မူ ထိုသို့ မဖြစ်တော့ပေ။

သူ ယာယီ ခွဲစိတ်ခုတင်ရှေ့သို့ ရောက်ရှိလာ၏။ သူ၏ ထူးခြားသော အမြင်အာရုံဖြင့် ဧကရာဇ်မင်းမြတ်၏ တစ်ကိုယ်လုံးကို ကြည့်ရှု စစ်ဆေးပြီး နောက်ဆုံးတွင် ဦးခေါင်းကို စစ်ဆေးလိုက်သည်။

သူ၏ ခန့်မှန်းချက်မှန်ကန်သည်။ ဧကရာဇ်၏ ဦးခေါင်း အတွင်း၌ သွေးခဲကြီးတစ်ခု ရှိနေပြီး ဦးနှောက်ကို ဖိမိနေ၏။

သို့ပေမည့် ဧကရာဇ်၏ ရောဂါလက္ခဏာမှာ ဤတစ်ခုတည်း မဟုတ်ဘဲ အခြား ရောဂါများလည်း ရှိနေသေးသည်။

အခြား ရောဂါများကို လောလောဆယ် ဘေးဖယ်ထားပြီး ခွဲစိတ်မှုကို ချက်ချင်း စတင်လိုက်သည်။ ယွင်ကျုံးဟဲ့က သင်တုန်းဓားကို ယူကာ ဧကရာဇ်၏ ခေါင်းပေါ်ရှိ ဆံပင် အချို့ကို ရိတ်ပစ်လိုက်၏။

သမားတော်များ တုန်လှုပ်သွားကြသည်။ ‘ဧကရာဇ်မင်းမြတ်ရဲ့ ဆံပင်ကို ဘယ်လိုလုပ် ရိတ်ပစ်လို့ ရမှာလဲ။’

သို့ပေမည့် ယွင်ကျုံးဟဲ့သည် အလွန် ရူးသွပ်သော အခြေအနေ တစ်ခုသို့ ရောက်ရှိနေပုံရပြီး အနည်းငယ် ကြောက်စရာ ကောင်းနေသောကြောင့် သမားတော်များက မတားဆီးရဲကြပေ။

ထိုနေရာမှ ဆံပင်ကို ရိတ်ပစ်ပြီးနောက် ယွင်ကျုံးဟဲ့က ခွဲစိတ်ဓားကို အသုံးပြုကာ ကြက်ခြေခတ်ပုံစံ ဓားရာ တစ်ခု ပေးလိုက်၏။

ထို့နောက် သူ သီးသန့် ဖန်တီးထားသော သံမဏိ လွန်ပူကို ယူကာ ဧကရာဇ် ယုံချီ၏ ဦးခေါင်းခွံပေါ်တွင် ချိန်ရွယ်၍ စတင် ဖောက်တော့သည်။

“ဂျီး... ဂျီး…”

သွေး သိပ်မထွက်သော်လည်း ဤအသံမှာ အလွန် ကြက်သီးထစရာ ကောင်းလှ၏။

ဘေးရှိ သမားတော်များ လုံးဝ အံ့ဩမှင်တက်သွားကြပြီး ကြောက်လန့်တကြား တုန်ယင်နေကြသည်။ အကြောင်းမှာ သူတို့ မျက်စိရှေ့မှာပဲ အရာအားလုံးကို မြင်တွေ့နေရပြီး ဧကရာဇ်မင်းမြတ်၏ ဖြူဖွေးနေသော ဦးခေါင်းခွံကိုပင် မြင်တွေ့လိုက်ရသောကြောင့် ဖြစ်သည်။

ယွင်ကျုံးဟဲ့သည် ဧကရာဇ်၏ ဦးခေါင်းပေါ်တွင် လွန်ပူဖြင့် ဆက်လက် ဖောက်နေဆဲ ဖြစ်၏။

ပတ်ဝန်းကျင်ရှိ လူတိုင်း ကြက်သီး ထသွားကြ၏။ ဤသမားတော်များသည် စိတ်ထဲတွင် ကြောက်လန့် နေသော်လည်း တစ်ချိန်တည်းမှာပင် လေးစားသွားကြသည်။ ဤကဲ့သို့သော ကုသနည်းမျိုးကို မြင်လည်း မမြင်ဖူးသလို။ ကြားလည်း မကြားဖူးပေ။

ကုသနိုင် မကုသနိုင် ဆိုသည်ကို မပြောနိုင်သော်လည်း သမားတော် အချို့မှာ ယွင်ကျုံးဟဲ့ကို အမှန်တကယ် လေးစားသွားကြ၏။

‘ဒီသခင်လေးက တကယ်ကို အစွမ်းထက်တာပဲ။ တကယ် လုပ်ရဲတာပဲ။’

ယခုအချိန်တွင် ယွင်ကျုံးဟဲ့သည် အလွန် အစွမ်းထက်သော အခြေအနေ တစ်ခုသို့ ရောက်ရှိနေပြီး မူလက ခွန်အား မရှိသော သူသည် ယခုအခါ ခွန်အား အပြည့် ရှိနေသည်။

ထို့အပြင် လှုပ်ရှားမှုတိုင်းက အလွန် တိကျမှန်ကန်လှသည်။ ဦးခေါင်းခွံကို ဖောက်ပြီးနောက် ဦးနှောက် အမြှေးပါးကို စတင် ခွဲထုတ်လိုက်၏။

ထို့နောက် အတွင်းသို့ ပေါင်းခံရေများ လောင်းထည့်ကာ အတွင်းရှိ သွေးခဲများကို အရည်ကျဲစေပြီး အဆက်မပြတ် ဆေးကြောလိုက်၏။ ထို့နောက် ပိုက်ဖြင့် စုပ်ထုတ်လိုက်သည်။

ဤလောကတွင် ရော်ဘာပိုက် မရှိသောကြောင့် ယွင်ကျုံးဟဲ့သည် အထူး သေးငယ်သော အူများကို အစားထိုး အသုံးပြုခဲ့ရသည်။ ပြုပြင်ပြီးနောက် ဤအူများမှာ အသုံးပြုရ အလွန် အဆင်ပြေလှ၏။

ဧကရာဇ် ယုံချီသည် အစားအစာ မစားနိုင်တော့သောကြောင့် ယွင်ကျုံးဟဲ့က ဂလူးကို့စ်နှင့် ပင်နီဆီလင် ပါဝင်သော ပုလင်းကို ချိတ်ဆွဲပေးထားလိုက်သည်။

သူ ဤအရာအားလုံးကို လုပ်ဆောင်ရာတွင် အလွန် မြန်ဆန်ပြီး အလွန် တိကျလှ၏။

ပတ်ဝန်းကျင်ရှိ သမားတော် အားလုံးက မျက်စိရှေ့မှာပင် အရာအားလုံးကို ကြည့်နေကြရပြီး ကူညီချင်လျှင်ပင် ဝင်ကူ၍ မရပေ။

ယွင်ကျုံးဟဲ့၏ လှုပ်ရှားမှုများက လုံးဝ ပြီးပြည့်စုံလှ၏။ တစ်နာရီ မပြည့်ခင်မှာပင် ခွဲစိတ်မှု ပြီးဆုံးသွားသည်။

‘အားလုံး ပြီးပြည့်စုံသွားပြီ။’

“သခင်လေး... ပြီးသွားပြီလား။” သမားတော် တစ်ဦးက သတိထား၍ မေးလိုက်၏။

ယွင်ကျုံးဟဲ့က ဖြေလိုက်သည်။ “ဟုတ်တယ်။ ခွဲစိတ်မှု ပြီးဆုံးသွားပြီ။”

လူတိုင်း ဧကရာဇ် ယုံချီကို အလိုအလျောက် ကြည့်လိုက်ကြရာ သတိလစ်မေ့မြော နေဆဲ ဖြစ်၏။

သို့ပေမည့် ယွင်ကျုံးဟဲ့ အမြင်တွင်မူ ဧကရာဇ်၏ ရောဂါလက္ခဏာများ သက်သာလာပြီး အနည်းဆုံးတော့ အာရုံကြောများ တဖြည်းဖြည်း ပြန်လည် ကောင်းမွန်လာကာ တစ်ကိုယ်လုံးလည်း ယခင်ကလောက် တောင့်တင်း မနေတော့ပေ။

“ဒါပေမဲ့… ဘာလို့ ဧကရာဇ်မင်းမြတ်က သတိမရလာသေးတာလဲ” သမားတော် တစ်ဦးက မေးလိုက်၏။

ယွင်ကျုံးဟဲ့က ပြောလိုက်သည်။ “အချိန် လိုတယ်။”

ဧကရာဇ် သတိလစ်မေ့မြော နေသည်မှာ ကြာမြင့်နေပြီ ဖြစ်သောကြောင့် ခွဲစိတ်မှု ပြုလုပ်ပြီးလျှင်ပင် ဦးနှောက်က တဖြည်းဖြည်း ပြန်လည် ကောင်းမွန်လာရန် လိုအပ်ပြီး ချက်ချင်း သတိရလာမည် မဟုတ်ပေ။

သို့ပေမည့် ယွင်ကျုံးဟဲ့၏ ခန့်မှန်းချက်အရ သုံးရက်ထက် မပိုဘဲ ဧကရာဇ် သတိရလာမှာဖြစ်၏။

ထိုအချိန်တွင် အရပ်ဖက်၊ စစ်ဖက် အမတ် အားလုံး အပြင်ဘက်တွင် စောင့်ဆိုင်းနေကြသည်။ ဤသည်မှာ ကြီးမားလှသော ကိစ္စကြီး တစ်ခု ဖြစ်သည် မဟုတ်ပါလား။

All Chapters