← Chapters

အခန်း ၆၈၉

Vol. 58 Ch. 689

အခန်း ၆၈၉

Vol. 58 Ch. 689

အပိုင်း (၆၈၉)

ယွင်ကျုံးဟဲ့ အပြင်သို့ ထွက်လာပြီး တံခါးကို ဖွင့်ကာ ပြောလိုက်၏။ “ကုသမှု ပြီးဆုံးသွားပြီ။ ခွဲစိတ်မှု အောင်မြင်တယ်။”

မယ်တော်မိဖုရားခေါင်ကြီး၊ အိမ်ရှေ့စံနှင့် အခြား မိဖုရားများ၊ မင်းသားများ အားလုံး ဖျင်အန်း နန်းဆောင် အတွင်းသို့ ဝင်ရောက်လာကြသည်။

ဧကရာဇ်၏ ကုတင် အနီးသို့ ရောက်ချိန်မှာတော့ မယ်တော်မိဖုရားခေါင်ကြီးက ဧကရာဇ်၏ နှာခေါင်းဝမှ အသက်ရှူသံကို အရင်ဆုံး စမ်းသပ်ကြည့်လိုက်၏။

အသက်ရှူသံ ရှိနေသေးပြီး နှလုံးခုန်သံလည်း ရှိနေသေး၏။ လူအချို့ စိတ်ထဲတွင် စိတ်ပျက်မှုများ ဖြစ်လာကြသည်။

‘ဧကရာဇ်မင်းမြတ်က ချက်ချင်း သေမသွားဘူးပဲ။ မဟုတ်ရင် ယွင်ကျုံးဟဲ့ကို အခု ချက်ချင်း ဖမ်းပြီး သတ်ပစ်လို့ ရပြီ။ တကယ် နှမြောစရာပဲ။’

သို့ပေမည့် ဧကရာဇ် သတိလစ်မေ့မြော နေဆဲ ဖြစ်သည်ကို မြင်ချိန်မှာတော့ လူအချို့ စိတ်ထဲတွင် ပြန်လည် စိတ်အေးသွားကြပြန်၏။

“ဧကရာဇ်မင်းမြတ်... ဘယ်လို ဖြစ်ပြီး ဒီလို ပုံစံ ဖြစ်သွားရတာလဲ”

မယ်တော်မိဖုရားခေါင်ကြီးဟန်က တုန်ယင်စွာ ပြောလိုက်သည်။ “ဧကရာဇ်မင်းမြတ်ရဲ့ ဆံပင်တွေက ဘယ်လောက်တောင် မြင့်မြတ်လဲ။ အခု ဆံပင်တွေ အများကြီး အဖျက်ဆီးခံလိုက်ရတော့ ရုပ်ရည်လည်း ပျက်စီးသွားပြီး ဩဇာတိက္ကမလည်း ဘယ်ရှိတော့မလဲ။”

ဧကရာဇ်၏ ယခု ပုံစံမှာ အမှန်တကယ်ပင် ကြည့်မကောင်းပေ။ ဆံပင်များ ရိတ်ခံထားရသောကြောင့် ထိပ်ပြောင်နေပြီး ပိုက်များလည်း တပ်ဆင်ထားရ၏။

“ယွင်ကျုံးဟဲ့... မင်းက ဧကရာဇ်မင်းမြတ်ကို ကုသပေးနိုင်တယ်လို့ ပြောခဲ့တယ် မဟုတ်လား။”

မယ်တော်မိဖုရားခေါင်ကြီးက မေးလိုက်သည်။ “အခု ဘာလို့ ဧကရာဇ်မင်းမြတ်က သတိမရလာသေးတာလဲ။”

မယ်တော်မိဖုရားခေါင်ကြီးဟောင်းက ဖြည်းညင်းစွာ ပြောလိုက်၏။ “သူက သုံးဆယ် ရာခိုင်နှုန်းပဲ ယုံကြည်မှု ရှိတယ်လို့ ပြောထားတာလေ။”

မိဖုရား တစ်ဦးက ဝင်ပြောလိုက်သည်။ “မယ်တော်... ယွင်ကျုံးဟဲ့က ဧကရာဇ်မင်းမြတ်ရဲ့ ခေါင်းပေါ်မှာ ဓားနဲ့ ခွဲလိုက်တာ။ ကုသလို့ ပျောက်သွားရင်တော့ ထားပါတော့။ မပျောက်ဘူးဆိုရင် ဧကရာဇ်မင်းမြတ်ကို အလကား အနာခံခိုင်းလိုက်တာ မဟုတ်ဘူးလား။

အခု ဒီလို ပုံစံမျိုးနဲ့ ဤလောကက အမတ်တွေကို ဘယ်လို မျက်နှာပြမလဲ။ အခု အရပ်ဖက်၊ စစ်ဖက် အမတ်တွေက အပြင်မှာ ရှိနေတယ်။ ဧကရာဇ်မင်းမြတ် သတိမရလာဘူး ဆိုရင် ယွင်ကျုံးဟဲ့က လောကကို ဘယ်လို ရှင်းပြမလဲ။”

“ဟုတ်တယ်။ ဟုတ်တယ်။ ဟုတ်တယ်။”

မင်းသား အချို့နှင့် မင်းမျိုးမင်းနွယ်များက အသံကျယ်ကျယ်ဖြင့် ပြောလိုက်ကြ၏။ “ဒီအတိုင်း ထားလိုက်လို့ မရဘူး။”

မင်းသား တစ်ပါးက အေးစက်စွာ ပြောလိုက်သည်။ “ယွင်ကျုံးဟဲ့... မင်း ခမည်းတော်ရဲ့ ခေါင်းပေါ်မှာ ဓားနဲ့ ခွဲလိုက်တာ။ ကုသတယ်လို့ အမည်ခံပြီး သူ့ကိုယ်ပေါ်မှာ အပေါက် ဖောက်တာတို့ သွေးဖောက်တာတို့ လုပ်တယ်။ မင်း ဘာရည်ရွယ်ချက် ရှိလဲ ဆိုတာ ဘယ်သူ သိမှာလဲ။ အခု ခမည်းတော်က သတိမရလာတဲ့ အပြင် အခြေအနေက ပိုဆိုးသွားပြီ။ ခင်ဗျားက ရောဂါ ကုနေတာလား။ လူသတ်နေတာလား။”

ယွင်ကျုံးဟဲ့က မေးလိုက်၏။ “ခင်ဗျား နာမည် ဘယ်သူလဲ။”

“ရှရွှန်း...” ထိုမင်းသားက အေးစက်စွာ ဖြေလိုက်၏။ သူသည် ဧကရာဇ် ယုံချီ၏ ကိုးယောက်မြောက် သားတော် ဖြစ်သည်။

မယ်တော်မိဖုရားခေါင်ကြီးနှင့် အိမ်ရှေ့စံတို့ ဝင်ပြောစရာ မလိုဘဲ မင်းသားများနှင့် မိဖုရားများက ယွင်ကျုံးဟဲ့ကို ဝိုင်းဝန်း တိုက်ခိုက်နေကြပြီ ဖြစ်၏။

ကိုးယောက်မြောက် မင်းသား ရှရွှန်းက အေးစက်စွာ ပြောလိုက်သည်။ “ယွင်ကျုံးဟဲ့... ဧကရာဇ်မင်းမြတ်ကို မကုသနိုင်ဘူးဆိုရင် အပြစ်ခံမယ်လို့ ခင်ဗျား ကတိပေးထားတယ်နော်။ အခု ခင်ဗျား အပြစ်ခံယူလိုက်တော့။”

“ဟုတ်တယ်။ ယွင်ကျုံးဟဲ့... ခင်ဗျား အပြစ်ခံလိုက်တော့။ ခမည်းတော်ရဲ့ ခေါင်းပေါ်မှာ ဓားနဲ့ ခွဲတာက ဧကရာဇ်ကို လုပ်ကြံတဲ့ ပြစ်မှု ပဲ။ အပိုင်းပိုင်း ခုတ်ထစ် သတ်ပစ်သင့်တယ်။”

“ယွင်ကျုံးဟဲ့... ခင်ဗျားက တကယ်ပဲ တာယင်အင်ပါယာရဲ့ သူလျှို ပဲ။ ခင်ဗျားတို့ တာယင် ဧကရာဇ် အတွက် ဧကရာဇ်ကို လာလုပ်ကြံတာ မဟုတ်လား။”

“လူတွေ လာကြ... ဟေးကျိုးထိုင်က လူတွေ ဘယ်မှာလဲ။ ရန်သူ့ နိုင်ငံက သူလျှို ယွင်ကျုံးဟဲ့ကို ဖမ်းလိုက်စမ်း။”

ဧကရာဇ် ယုံချီတွင် သားတော် ဆယ်ယောက်ကျော် ရှိပြီး အများစုမှာ အိမ်ရှေ့စံ၏ အုပ်စုဝင်များ ဖြစ်ကြသည်။ အကြောင်းမှာ အနာဂတ် ဧကရာဇ်ကို မျက်နှာလိုမျက်နှာရ လုပ်ချင်သောကြောင့် ဖြစ်ကာ ယွင်ကျုံးဟဲ့ကို ဖမ်းဆီးရန် လက်ယားနေကြ၏။

“ရိုင်းစိုင်းလိုက်တာ…”

မယ်တော်မိဖုရားခေါင်ကြီးဟောင်းက အေးစက်စွာ ပြောလိုက်သည်။ “အခု ဧကရာဇ်က ကုသမှု ခံယူပြီးခါစ။ အနားယူဖို့ လိုအပ်တယ်။ မင်းတို့ ဘာတွေ လာဆူပူနေတာလဲ။”

ကိုးယောက်မြောက် မင်းသား ရှရွှန်းက ပြောလိုက်၏။ “မယ်တော်မိဖုရားခေါင်ကြီးဟောင်း... ကျုပ်တို့ အားလုံးက ခမည်းတော်ရဲ့ သားတော်တွေပါ။ ခမည်းတော်အတွက် ရင်နာလို့ပါ။ သူ့ရဲ့ မြင့်မြတ်တဲ့ ဦးခေါင်းပေါ်မှာ ဓားနဲ့ အခွဲခံရပြီး ဒီလို ပုံစံ ဖြစ်သွားတာကို ကြည့်ပြီး ကျုပ်တို့ ရင်ကွဲမတတ် နာကျင်ရတယ်။

ယွင်ကျုံးဟဲ့က ခမည်းတော်ကို ကုသပေးနိုင်တယ်လို့ တွင်တွင် ပြောခဲ့တယ်။ အခု ရလဒ်က ဘာလဲ။ အားလုံး မြင်တဲ့အတိုင်းပဲ ခမည်းတော်က သတိမရလာတဲ့အပြင် အခြေအနေက ပိုဆိုးသွားပြီ။ ယွင်ကျုံးဟဲ့ လုပ်တာက ဧကရာဇ်ကို လုပ်ကြံတာ မဟုတ်ဘူးလား။”

“ဟုတ်တယ်။ ဟုတ်တယ်။ ခမည်းတော်က လုံးဝ သတိမရလာဘူး။”

“ယွင်ကျုံးဟဲ့က ခမည်းတော်ကို ကုသဖို့ လုံးဝ မဟုတ်ဘူး။ ခမည်းတော်ကို သတ်ဖို့ သက်သက်ပဲ။ မဟုတ်ရင် ဘာလို့ ခေါင်းပေါ်မှာ ဓားနဲ့ ခွဲရတာလဲ။ သူက ခမည်းတော် သတိရလာမှာကို ကြောက်လို့ ကုသတယ် ဆိုတဲ့ အမည်ခံပြီး ဧကရာဇ်ကို လုပ်ကြံတဲ့ ကိစ္စ လုပ်နေတာ။”

“တကယ်လို့ ယွင်ကျုံးဟဲ့က ခမည်းတော်ကို ကုသနိုင်ခဲ့တယ်ဆိုရင် ခမည်းတော်ကို သတိရလာအောင် လုပ်လေ။ ခမည်းတော်ကို သတိရလာအောင် လုပ်လေ…”

မင်းသား အချို့က အသံကျယ်ကျယ်ဖြင့် အော်ဟစ်နေကြသည်။

ယွင်ကျုံးဟဲ့က မျက်လုံးများ မှေးကျဉ်းကာ တစ်ဖက်ကမ်းမှ မီးလောင်သည်ကို ကြည့်နေသကဲ့သို့ ဖြစ်နေပြီး ဤမင်းသားများ၏ ရည်ရွယ်ချက်ကို ရှင်းလင်းစွာ သိရှိနေ၏။

ဤမင်းသားများသည် ထီးနန်း ဆက်ခံရန် ဖြစ်နိုင်ခြေ လုံးဝ မရှိချေ။ မည်သို့ပင် ဖြစ်စေ သူတို့ အလှည့် ရောက်မည် မဟုတ်ပေ။ ထို့အပြင် ဧကရာဇ် ယုံချီ နန်းသက်အတွင်းတွင် သူတို့ကို မြို့စား အဖြစ်သာ ခန့်အပ်ခဲ့ပြီး မင်းသား ဘွဲ့ကို လုံးဝ မပေးခဲ့ပေ။

ဧကရာဇ်အိုကြီးထံမှ ဤလူများသည် မင်းသားဘွဲ့ရရန် မျှော်လင့်ချက် မရှိတော့သောကြောင့် နောက်ဧကရာဇ် ထံမှသာ မျှော်လင့်ရတော့မည် မဟုတ်ပါလား။

ထို့ကြောင့် ဤမင်းသားများက ဆူပူနေခြင်းဖြစ်ပြီး ရှကျူးကို စောစော နန်းတက်စေရန် ကြိုးစားနေကြခြင်း ဖြစ်ကာ ဧကရာဇ် အသစ် နန်းတက်လာပါက လူထု၏ ထောက်ခံမှုကို ရယူရန် လိုအပ်ပြီး သူတို့က ဤမျှ တက်ကြွစွာ ကူညီပေးခဲ့သောကြောင့် ရှကျူး နန်းတက်ပြီးနောက် သူတို့ကို သေချာပေါက် မင်းသားဘွဲ့ ပေးမှာ ဖြစ်၏။

သေချာသည်မှာ ဤသို့ လုပ်ဆောင်ခြင်းက မယ်တော်မိဖုရားခေါင်ကြီးဟောင်းကို အပြစ်ပြုမိစေနိုင်သည်။ သို့ပေမည့် မယ်တော်မိဖုရားခေါင်ကြီးနှင့် အိမ်ရှေ့စံတို့က မယ်တော်မိဖုရားခေါင်ကြီးဟောင်းကို ရိုသေ ကြောက်ရွံ့ကြသော်လည်း ဤမင်းသားများကမူ မကြောက်ရွံ့ကြပေ။

သူတို့က ထီးနန်း ဆက်ခံရန် မျှော်လင့်ချက် မရှိသောကြောင့် မယ်တော်မိဖုရားခေါင်ကြီးဟောင်းက သူတို့၏ မြို့စားဘွဲ့ကို ရုပ်သိမ်းမည်ကို ကြောက်စရာ မလိုပေ။

ထို့အပြင် မယ်တော်မိဖုရားခေါင်ကြီးဟောင်းသည် သီလရှင် ဝတ်နေသည်မှာ ဆယ်စုနှစ်ပေါင်းများစွာ ရှိနေပြီ ဖြစ်ပြီး အင်အားကြီးမားသော အမေဘက် ဆွေမျိုးများလည်း မရှိချေ။

“အဘွား... ယွင်ကျုံးဟဲ့က ကျုပ်တို့ တာရှမင်းမျိုးမင်းနွယ်ရဲ့ သွေးကြော ဟုတ်၊ မဟုတ် ဆိုတာ ထားလိုက်ပါအုံး။ ဒါပေမဲ့ သူက တာယင်အင်ပါယာ ဟေးလုံထိုင်ရဲ့ သူလျှို ဆိုတာကတော့ သေချာတယ် မဟုတ်လား။ အခု ခမည်းတော်လည်း သတိမရလာဘူး။ ပြီးတော့ ဒီလို အခြေအနေဆိုးကြီး ဖြစ်သွားပြီ။ ယွင်ကျုံးဟဲ့ကို အပြစ်မပေးဘူးဆိုရင် လောကကို ဘယ်လို ရှင်းပြမလဲ။”

“မယ်တော်မိဖုရားခေါင်ကြီးဟောင်း... ယွင်ကျုံးဟဲ့ကို အပြစ်ပေးပါ။”

“အဘွား... ယွင်ကျုံးဟဲ့ကို အပြစ်ပေးပါ။” မင်းမျိုးမင်းနွယ် အများအပြားသည် ချက်ချင်းပဲ မြေပြင်တွင် ဒူးထောက်ကာ မယ်တော်မိဖုရားခေါင်ကြီးဟောင်အား ယွင်ကျုံးဟဲ့ကို အပြစ်ပေးရန် ဖိအားပေးကြတော့၏။

ယွင်ကျုံးဟဲ့က စကားလုံး တစ်လုံးချင်း ဖြည်းညင်းစွာ ပြောလိုက်သည်။ “ခင်ဗျားတို့ မယ်တော် မိဖုရားခေါင်ကြီးဟောင်းကို ဖိအား မပေးကြပါနဲ့။ သုံးရက်အတွင်း ဧကရာဇ်မင်းမြတ် သတိမရလာဘူးဆိုရင် ကျုပ် အပြစ်ခံယူပါ့မယ်။”

ထိုစကားကြောင့် လူတိုင်း၏ အကြည့်များက သူ့ထံသို့ ရောက်ရှိသွား၏။

ကိုးယောက်မြောက် မင်းသား ရှရွှန်းက မေးလိုက်သည်။ “ယွင်ကျုံးဟဲ့.. ဒါ ခင်ဗျား ပြောတာနော်။”

“ဟုတ်တယ်။ ဒါ ကျုပ် ပြောတာ” ယွင်ကျုံးဟဲ့က ဖြေလိုက်၏။

ကိုးယောက်မြောက် မင်းသား ရှရွှန်းက အော်ဟစ်လိုက်သည်။ “လူတိုင်း ကြားတယ်နော်။ သုံးရက်အတွင်း ခမည်းတော် သတိမရလာဘူး ဆိုရင် ယွင်ကျုံးဟဲ့က ဧကရာဇ်ကို လုပ်ကြံတဲ့ ပြစ်မှုနဲ့ အပြစ်ခံယူမယ်တဲ့။”

“ကြားတယ်။ ကျုပ်တို့ အားလုံး ကြားတယ်။”

ကိုးယောက်မြောက် မင်းသား ရှရွှန်းက ပြောလိုက်၏။ “သုံးရက်အကြာ နေဝင်ချိန်မှာ ခမည်းတော် သတိမရလာဘူး ဆိုရင် ယွင်ကျုံးဟဲ့ကို ဖမ်းပြီး အပိုင်းပိုင်း ခုတ်ထစ် သတ်ပစ်မယ်။”

မင်းမျိုးမင်းနွယ်များ ဆူပူပြီးနောက် ထွက်ခွာသွားကြပြီး ဖျင်အန်း နန်းဆောင်သည် ပြန်လည် တိတ်ဆိတ်သွား၏။ မယ်တော်မိဖုရားခေါင်ကြီး နှင့် အိမ်ရှေ့စံ တို့သည် ဧကရာဇ်ကို ပြုစုရန် ကျန်ရစ် ခဲ့ကြသည်။

အနည်းဆုံးတော့ ဤအချိန်တွင် မယ်တော်မိဖုရားခေါင်ကြီးသည် အလွန် လိမ္မာရေးခြားရှိပြီး ဧကရာဇ်၏ ခန္ဓာကိုယ်ကို သတိထား၍ သုတ်သင်ပေးကာ ဆေးရည်များ တိုက်ကျွေးနေပြီး အိမ်ရှေ့စံ ကမူ ဧကရာဇ် အတွက် ကျမ်းစာများကို တိတ်တဆိတ် ရွတ်ဖတ်ပေးနေ၏။

နှစ်ဦးစလုံးက ခြေတစ်လှမ်းမှ မခွာကြပေ။ သမားတော် အချို့၊ ယွင်ကျုံးဟဲ့၊ မယ်တော် မိဖုရားခေါင်ကြီးဟောင်းနှင့် နင်ဖေး တို့လည်း တစ်လှမ်းမှ မခွာရဲကြပေ။

လူ့စိတ်က ကြောက်စရာ ကောင်းလှ၏။ ဤအချိန်တွင် တစ်စုံတစ်ယောက်က စွန့်စားပြီး တစ်ခုခု လုပ်မည်ကို ဘယ်သူက သိနိုင်မည်နည်း။ ဧကရာဇ် သတိရမလာခင် အချိန်အထိ မျက်တောင် မခတ်ဘဲ စောင့်ကြည့် နေရမှာဖြစ်သည်။

ယွင်ကျုံးဟဲ့သည် ယခင်က စိတ်ပိုင်းဆိုင်ရာ အလွန်အမင်း အသုံးပြုခဲ့သောကြောင့် ယခုအခါ အလွန် နွမ်းနယ်နေပြီ ဖြစ်၏။

နင်ဖေးက ကြည့်ပြီး သနားသွားကာ ပြောလိုက်သည်။ “မင်း သွားနားလိုက်ပါအုံး။ ဧကရာဇ်မင်းမြတ် ဆီမှာ အဘွား ရှိတယ်။”

မယ်တော်မိဖုရားခေါင်ကြီးဟောင်းလည်း မျက်လုံး ဖြည်းညင်းစွာ ဖွင့်ကာ ပြောလိုက်၏။ “ရှောင်ဟဲ့... မင်း သွားအိပ်လိုက်ပါအုံး။ ငါနဲ့ နင်ဖေးတို့ ဧကရာဇ်ကို စောင့်ကြည့်နေပါ့မယ်။”

“ကောင်းပါပြီ။” ယွင်ကျုံးဟဲ့က ဖြေလိုက်သည်။

ထို့နောက် ယွင်ကျုံးဟဲ့သည် ဘေးခန်းရှိ ကုတင်ပေါ်သို့ သွားကာ အိပ်စက်လိုက်၏။

ယွင်ကျုံးဟဲ့ အိပ်ပျော်ရာမှ နိုးလာပြီ ဖြစ်သည်။ သို့ပေမည့် ဧကရာဇ်က သတိမရလာသေးပေ။

နင်ဖေးမှာ အလွန် ပင်ပန်းနွမ်းနယ်နေပြီ ဖြစ်သော်လည်း မယ်တော်မိဖုရားခေါင်ကြီးဟောင်း၏ ကျန်းမာရေးက အလွန် ကောင်းမွန်နေဆဲ ဖြစ်၏။

ယုံနိုင်စရာပင် မရှိပေ။ မယ်တော်မိဖုရားခေါင်ကြီးဟောင်းသည် အသက် ကိုးဆယ့်ခြောက်နှစ် ရှိပြီ ဖြစ်သော်လည်း ခွန်အားများစွာ ရှိနေဆဲ ဖြစ်သည်။

“အဘွား နင်ဖေး... သွားနားလိုက်ပါ။ ဧကရာဇ်မင်းမြတ်ကို ကျုပ် စောင့်ကြည့်ပေးပါ့မယ်။” ယွင်ကျုံးဟဲ့က ပြောလိုက်၏။

“ကောင်းပြီ။” နင်ဖေးလည်း အားနာ မနေတော့ပေ။ အကြောင်းမှာ သူမသည် ယွင်ကျုံးဟဲ့နှင့် အလှည့်ကျ ဧကရာဇ်ကို စောင့်ကြည့်ရမည် ဖြစ်သောကြောင့်ပင်။

နင်ဖေး၏ မျက်လုံးများတွင် စိုးရိမ်မှုများ ရှိနေပြီ ဖြစ်၏။ ယွင်ကျုံးဟဲ့က သုံးရက်အတွင်း ဧကရာဇ်မင်းမြတ် သတိရလာမည်ဟု ပြောခဲ့သော်လည်း ယခု တစ်ရက် ကုန်ဆုံးသွားပြီ ဖြစ်သော်လည်း ဧကရာဇ်က လုံးဝ သတိမရလာသေးပေ။

သူက ဧကရာဇ်၏ ခန္ဓာကိုယ်ကို သေချာစွာ စစ်ဆေးကြည့်ရာ ဧကရာဇ်၏ ခန္ဓာကိုယ်မှာ အမှန်တကယ်ပင် တိုးတက်လာပြီး အသက်ရှင်သန်နိုင်စွမ်းများ ပိုမို တည်ငြိမ်လာကာ အသက်ရှူသံနှင့် နှလုံးခုန်သံများလည်း ပိုမိုမှန်ကန်လာသော်လည်း သတိရလာမည့် လက္ခဏာ အနည်းငယ်မှ မတွေ့ရပေ။ ဤအခြေအနေက အနည်းငယ် ထူးဆန်းနေ၏။

အိမ်ရှေ့စံသည် နေ့စဉ် ဧကရာဇ် အတွက် ကျမ်းစာများကို နှစ်နာရီကြာ လာရောက် ရွတ်ဖတ်ပေးလေ့ ရှိ၏။ ဤသည်မှာ အလွန် ချီးကျူးစရာ ကောင်းလှသည်။ အကြောင်းမှာ သူသည် နိုင်ငံရေး ကိစ္စများကိုလည်း စီမံခန့်ခွဲနေရသောကြောင့်ပင်။

ထို့ကြောင့် ယခုအခါ အိမ်ရှေ့စံ ရှကျူးသည် ဧကရာဇ်၏ နာမည် မရှိသော်လည်း ဧကရာဇ်၏ အာဏာကို ရရှိထားပြီ ဖြစ်ကာ နိုင်ငံရေး ကိစ္စများကို ကိုယ်စား စီမံခန့်ခွဲနေသည်မှာ နှစ်အတော်ကြာ ရှိပြီ ဖြစ်သည်။

မယ်တော်မိဖုရားခေါင်ကြီးဟန်သည် နေ့စဉ် နှစ်ဆယ့်လေးနာရီပတ်လုံး ဖျင်အန်း နန်းဆောင်တွင် နေထိုင်ပြီး ဧကရာဇ်ကို စောင့်ကြည့်ချင်သော်လည်း သူမ၏ ခန္ဓာကိုယ်က ဒဏ်မခံနိုင်သောကြောင့် ညဘက်တွင် ပြန်လည် အနားယူရ၏။

ထို့အပြင် ဧကရာဇ်က သတိရလာမည့် အရိပ်အယောင် လုံးဝ မရှိသောကြောင့် သူမလည်း စိတ်အေးလက်အေး ဖြစ်နေနိုင်သည်။

All Chapters