← Chapters

အခန်း ၆၉၀

Vol. 58 Ch. 690

အခန်း ၆၉၀

Vol. 58 Ch. 690

အပိုင်း (၆၉၀)

နောက်ထပ် တစ်ရက် ကုန်ဆုံးသွားပြန်၏။ ဧကရာဇ်၏ အသက်ရှင်သန်နိုင်စွမ်း လက္ခဏာများ ပိုမို တည်ငြိမ်လာသော်လည်း သတိမရလာသေးပေ။ နောက်ဆုံး အချိန် ကန့်သတ်ချက်သို့ ရောက်ရန် တစ်ရက် သာ လိုတော့၏။

ဤအခြေအနေက အလွန် ဆိုးရွားလှ၏။ ယွင်ကျုံးဟဲ့က ဧကရာဇ်၏ ခန္ဓာကိုယ်ကို ထပ်မံ သေချာစွာ စစ်ဆေးကြည့်ရာ အခြား နာတာရှည် ရောဂါများ ရှိနေသော်လည်း ထိုရောဂါများက သူ့ကို သတိမရလာအောင် လုပ်နိုင်စွမ်း မရှိပေ။

‘ခွဲစိတ်မှု လုပ်ပြီးတာ လေးဆယ့်ရှစ်နာရီ ရှိပြီ ဆိုတော့ ဧကရာဇ်က သတိရလာသင့်ပြီလေ။ ဒီအခြေအနေက မှားနေတယ်။ လုံးဝ မှားနေတယ်။ ဧကရာဇ်မှာ ဦးနှောက်တွင်း သွေးခဲရောဂါ သာမက သူ သတိမရလာအောင် လုပ်နေတဲ့ အခြား အကြောင်းရင်းတွေ ရှိနေသေးတာလား။

ဒါပေမဲ့ အရင်တစ်ခါ အထူး အမြင်အာရုံထဲ ဝင်တုန်းက သေချာ စစ်ဆေးပြီးပြီလေ။ ဧကရာဇ်ကို သတိလစ် မေ့မြောစေတဲ့ ရောဂါ လုံးဝ မရှိတော့ဘူး။ လက်ရှိ အခြေအနေက တကယ့်ကို အပင်လူသားရဲ့ ရောဂါ လက္ခဏာနဲ့ အရမ်း တူနေတယ်။’

အကယ်၍ ဧကရာဇ်သည် အပင်လူသား (အသက်မဲ့သကဲ့သို့ ဖြစ်နေသည့် အခြေအနေ) ဖြစ်သွားပါက ပြဿနာမှာ ကြီးမားလှသည်။ မည်သည့်အချိန်တွင် သတိပြန်လည်လာမည်ကို မည်သူမျှ ခန့်မှန်းနိုင်မည် မဟုတ်ပေ။

ယခင်က ကျင်းကျုံးယွဲ့၏ဖခင် ကျင်းအဲ့မှာလည်း မည်သည့်အကြောင်းရင်းမှ မရှိဘဲ အပင်လူသားအဖြစ်သို့ ရောက်ရှိသွားခဲ့ဖူးသည်။

ထိုစဉ်က ယွင်ကျုံးဟဲ့အနေဖြင့် အကြိမ်ကြိမ် စစ်ဆေးကုသခဲ့သော်လည်း ရောဂါ၏အရင်းအမြစ်ကို ရှာမတွေ့ခဲ့သလို၊ မည်သို့မှလည်း ကယ်တင်နိုင်ခြင်း မရှိခဲ့ပေ။ နောက်ဆုံးတွင် သေဆုံးခါနီးအချိန်မှသာ ကျင်းအဲ့မှာ ခဏတာ သတိပြန်လည်လာခဲ့ခြင်းဖြစ်၏။

ထိုသို့ဆိုလျှင် ဧကရာဇ်မင်းမြတ်မှာလည်း တာယင်အင်ပါယာ၏ အဆိပ်ခတ်ခြင်းကို ခံလိုက်ရသည်လား။ သို့မဟုတ် တာရှအင်ပါယာနန်းတော်အတွင်း၌ တာယင်ဟေးလုံထိုင်၏ သူလျှိုများ ပုန်းအောင်း နေသေးသည်ဟု ဆိုရမည်လား။

အခြား ရွေးချယ်စရာ မရှိတော့သောကြောင့် ယွင်ကျုံးဟဲ့သည် မီတျဲ ချိုင့်ဝှမ်း၏ ဆေးလုံးကို ထပ်မံ စားကာ အထူး စိတ်ပိုင်းဆိုင်ရာ အမြင်အာရုံ ထဲသို့ ဝင်ရောက်ပြီး ဧကရာဇ်၏ တစ်ကိုယ်လုံးကို စစ်ဆေးလိုက်၏။

ဧကရာဇ်၏ ဦးနှောက်သည် ဖိအား ခံရမှု မရှိတော့ဘဲ ပြန်လည် ကောင်းမွန်လာသင့်ပြီး သတိရလာသင့်ပြီ ဖြစ်သည်။ သို့ပေမည့် သတိရလာမည့် အရိပ်အယောင် အနည်းငယ်မျှ မရှိပေ။

‘ဒါ… ဒါက အပင်လူသားရဲ့ ရောဂါလက္ခဏာပဲ။ ဒါက ကြည့်ရတာ ကျင်းအဲ့နဲ့ အရမ်း တူနေတယ်။ အရင်က ဦးနှောက်တွင်း သွေးခဲရဲ့ ရောဂါလက္ခဏာက အပင်လူသား ရောဂါလက္ခဏာကို ဖုံးကွယ်ထားတာပဲ။

ကျင်းအဲ့ အပင်လူသား ဖြစ်သွားတုန်းကလည်း ဒီလိုပဲ။ ခန္ဓာကိုယ်မှာ ဘာရောဂါမှ မရှိ၊ ဦးနှောက်လည်း မပျက်စီးဘဲ အပင်လူသား ဖြစ်သွားခဲ့တာ။ ဒါက ကြီးမားတဲ့ ပြဿနာကြီးပဲ။

တကယ်လို့ သူများ ထောင်ချောက် ဆင်တာ ခံရတာဆိုရင် ဧကရာဇ်ရဲ့ ဦးနှောက်တွင်း သွေးခဲကို ကုသပေးလိုက်ရင်တောင် သတိရလာမှာ မဟုတ်တော့ဘူး။ ဧကရာဇ် ယုံချီကို ဘယ်လို လုပ် သတိရလာအောင် လုပ်ရမလဲ။

အပင်လူသားတွေက ကြားနိုင်တယ်။ ခံစားနိုင်တယ်။ မျက်ရည်လည်း ကျနိုင်တယ်။ အာရုံကြော တုံ့ပြန်မှု တချို့ တောင် ရှိနိုင်တယ်။ ဒါပေမဲ့ သတိမရလာဘူး။’

ယခင်က ယွင်ကျုံးဟဲ့သည် ကျင်းအဲ့ကိုလည်းကောင်း၊ ထျန်းယန်ဧကရာဇ်ဟောင်းကိုလည်းကောင်း သတိ ပြန်လည်လာအောင် မစွမ်းဆောင်နိုင်ခဲ့ပေ။

ယခုအခါ ဧကရာဇ်ယုံချီကို မည်သို့နည်းလမ်းဖြင့် သတိပြန်လည်လာအောင် ပြုလုပ်နိုင်မည်နည်း။ အချိန်မှာ တစ်ရက်ပင် မကျန်တော့ချေ။

မနက်ဖြန် နေမဝင်မီအချိန်ထိ ဧကရာဇ် သတိမရလာပါက မယ်တော်မိဖုရားခေါင်ကြီးဟောင်းအနေဖြင့်လည်း ယွင်ကျုံးဟဲ့ကို ဆက်လက်ကာကွယ်ပေးနိုင်မည် မဟုတ်တော့ပေ။

ထိုအခါ ထီးနန်းကို လုယူရန် ကြိုးပမ်းခြင်း ဝေးစွ၊ မိမိ၏အသက်ကိုပင် ထိန်းသိမ်းရန် အလွန်ပင် ခက်ခဲသွားပေလိမ့်မည်။

ယခုအချိန်တွင် ဧကရာဇ်ကို သတိရလာစေမည့် တစ်ခုတည်းသော နည်းလမ်း သာ ရှိတော့သည်။ လက်ခြောက်ချောင်း စောင်းသမား၊ စိတ်ဝေဒနာရှင် ဘီသိုဗင်ကို ဆင့်ခေါ်ရမှာဖြစ်၏။

“ခင်ဗျားရဲ့ သီချင်းတွေက လူသတ်နိုင်တယ် ဆိုရင်၊ လူကိုရော ကယ်နိုင်လား။” ယွင်ကျုံးဟဲ့က မေးလိုက်၏။

ဘီသိုဗင်က ဖြေသည်။ “မစမ်းဖူးဘူး။ ဒါပေမဲ့ ရလောက်တယ်။ ကျုပ်ရဲ့ သေမင်း သီချင်းက အရမ်း ထူးခြားတဲ့ အသံလှိုင်းတွေကို သုံးပြီး လူရဲ့ ဦးနှောက် လျှပ်စစ်လှိုင်းနဲ့ ပဲ့တင်ရိုက်ခတ်စေကာ လူရဲ့ ဦးနှောက်ကို လုံးဝ ဖျက်ဆီးပစ်ပြီး လူသတ်တဲ့ ရည်ရွယ်ချက်ကို ရောက်အောင် လုပ်တာလေ။”

‘ချီးတဲ့မှ... ကြွားမနေပါနဲ့တော့။’

ထိုစဉ်က ထျန်းကျိုးဧကရာဇ်ကို လုပ်ကြံခဲ့စဉ်ကပင် ထိုအချက်ကို တွေ့ရှိခဲ့ရသည်။ တစ်ဖက်လူ၏ အတွင်းအားမှာ အလွန်ပင် အစွမ်းထက်မြက်လှသောကြောင့် အသံလှိုင်းဖြင့် တိုက်ခိုက်ခြင်းကို အလွယ်တကူ ခုခံကာကွယ်နိုင်ခဲ့၏။

နောက်ဆုံးတွင်မူ ယွင်ကျုံးဟဲ့သည် ကပ်ပါးကောင်များကို အသုံးပြု၍မှသာလျှင် ထျန်းကျိုးဧကရာဇ်ကို အောင်မြင်စွာ လုပ်ကြံနိုင်ခဲ့ခြင်းဖြစ်သည်။

ဘီသိုဗင်က ဆက်ပြော၏။ “ဒီအသံလှိုင်းက လူသတ်နိုင်တယ် ဆိုတော့ ဦးနှောက် ကိုလည်း လှုံ့ဆော်ပေးနိုင်တယ်။ အရမ်း ပြင်းထန်တဲ့ လှုံ့ဆော် ပဲ့တင်ရိုက်ခတ်မှုက လူသတ်တာပဲ။ ပြင်းအား နည်းတဲ့ လှုံ့ဆော် ပဲ့တင်ရိုက်ခတ်မှု ဆိုရင်တော့ အိပ်ပျော်နေတဲ့ ဦးနှောက်ကို နိုးကြားလာစေမှာပေါ့။ လူသတ်တာထက် ပိုလွယ်လောက်တယ်။ ဒါပေမဲ့ ပထမဆုံး အနေနဲ့ လူတစ်ယောက်ရဲ့ ဦးနှောက် လျှပ်စစ်လှိုင်း ကြိမ်နှုန်းကို သိဖို့ လိုအပ်တယ်။ ဒါက လူတိုင်း မတူညီကြဘူး။”

ယွင်ကျုံးဟဲ့က မေးလိုက်သည်။ “အခု ဧကရာဇ် ယုံချီက သတိလစ် အိပ်မောကျနေတာ။ သူ့ရဲ့ ဦးနှောက် လျှပ်စစ်လှိုင်းကို သိနိုင်မလား။”

ဘီသိုဗင်က ဖြေ၏။ “သေချာပေါက် ရတာပေါ့။ အပင်လူသားတွေက သတိလစ်မေ့မြော နေပေမယ့် သူတို့လည်း အိပ်မက် မက်တယ်။ ဦးနှောက် လှုပ်ရှားမှုတွေ ရှိတယ်။ ဒါပေမဲ့ အရင်က ဆိုရင်တော့ သူ့ရဲ့ ဦးနှောက် လျှပ်စစ်လှိုင်းကြိမ်နှုန်းကို ခင်ဗျား ထောက်လှမ်းနိုင်မှာ မဟုတ်ဘူး။ ဒါပေမဲ့ အခုတော့ ခင်ဗျား လုပ်နိုင်တယ်။ ဘာလို့လဲဆိုတော့ အခု ခင်ဗျားက အရမ်း အာရုံခံစားမှု မြန်ဆန်တဲ့ အခြေအနေ ထဲကို ရောက်နေလို့ပဲ။”

မှန်ပေ၏။ ယခုအချိန်တွင် ယွင်ကျုံးဟဲ့ ကိုယ်ပေါ်ရှိ ဆေးအာနိသင်က ရှိနေသေးသည်။

ယွင်ကျုံးဟဲ့က ပြောလိုက်၏။ “ဒါဆို ခင်ဗျား မြန်မြန် လုပ်...”

ဘီသိုဗင်က ပြောလိုက်သည်။ “ခင်ဗျား ရှေ့တိုးပြီး ခင်ဗျားရဲ့ နဖူးနဲ့ ဧကရာဇ်ရဲ့ နဖူးကို ထိထားလိုက်။”

ယွင်ကျုံးဟဲ့က ရှေ့သို့တိုးကာ သူ၏ နဖူးဖြင့် ဧကရာဇ်၏ နဖူးကို ထိထားလိုက်ပြီး မျက်လုံးများကို မှိတ်လိုက်သည်။ အကြားအာရုံ၊ အမြင်အာရုံ၊ အနံ့အာရုံ အစရှိသည်တို့ကို ပိတ်ထားလိုက်ပြီး အာရုံအားလုံးကို ဆဋ္ဌမ အာရုံတွင် စုစည်းလိုက်၏။

ဧကရာဇ်၏ ဦးနှောက်လှိုင်းလှုပ်ရှားမှုများကို အစွမ်းကုန် ခံစားကြည့်ရမည်ဖြစ်ရာ ဤသည်မှာ အလွန်အမင်း အာရုံစိုက်မှု လိုအပ်သည်။

ထို့အပြင် ဘီသိုဗင်သည် အလျင်အမြန် စိတ်ပိုင်းဆိုင်ရာ ထိန်းချုပ်မှုကို ပြုလုပ်လိုက်သည်။ သူ၏ အာရုံခံစားမှုက အမြန်ဆန်ဆုံး ဖြစ်၏။

ဤသည်မှာ အလွန့် အလွန် ရှုပ်ထွေးသော လုပ်ငန်းစဉ်ဖြစ်ပြီး ဘီသိုဗင်သည် ဧကရာဇ် ယုံချီ၏ ဦးနှောက်လှိုင်း လှုပ်ရှားမှုများကို အနည်းငယ်စီ မှတ်တမ်းတင်ကာ တွက်ချက်မှုများ ပြုလုပ်နေသည်။

နှစ်နာရီတိတိ ကြာပြီးနောက် ဘီသိုဗင်၏ တွက်ချက်မှု ပြီးဆုံးသွားပြီး ယွင်ကျုံးဟဲ့မှာမူ သေမလောက် ပင်ပန်းနွမ်းနယ်နေပြီ ဖြစ်၏။

“နင်ဖေး... ကျုပ်ကို ကူပြီး စောင့်ကြည့်ပေးပါအုံး။ ကျုပ် နာရီ အနည်းငယ်လောက် သွားနားလိုက်အုံးမယ်။” ယွင်ကျုံးဟဲ့က ပြောလိုက်သည်။

နင်ဖေး၏ မျက်လုံးများတွင် စိုးရိမ်မှုများ ပြည့်နှက်နေပြီး ခေါင်းညိတ်ကာ ပြောလိုက်၏။ “ကောင်းပြီ။”

ထို့နောက် ယွင်ကျုံးဟဲ့သည် ဘေးခန်းသို့ ထပ်မံ ဝင်ရောက်ကာ တင်ပျဉ်ခွေထိုင်၍ အိပ်စက်လိုက်၏။ သူ၏ စိတ်ဓာတ်ကို ပြန်လည် ကောင်းမွန်အောင် လုပ်ဆောင်ရမှာဖြစ်သည်။

ဘီသိုဗင် ကမူ ဆက်လက် အလုပ် လုပ်နေသည်။ တာရှဧကရာဇ် ယုံချီ၏ ဦးနှောက်လှိုင်းအပေါ် မူတည်၍ သီချင်း တစ်ပုဒ်ကို ရေးစပ်ကာ ယွင်ကျုံးဟဲ့ကို တီးခတ်စေပြီး ထူးခြားသော အသံလှိုင်းများကို အသုံးပြု၍ ဧကရာဇ် ယုံချီအိုကြီး၏ ဦးနှောက်လှိုင်းနှင့် ပဲ့တင်ရိုက်ခတ်စေကာ သတိရလာစေရန် လှုံ့ဆော်ပေးရမှာ ဖြစ်၏။

“ကျုပ် ဘီသိုဗင်ဟာ ပါရမီရှင် တစ်ယောက်ပဲ။ ဒီတစ်ခါတော့ ဆေးရုံအုပ်ကြီးကို သေချာပေါက် မျက်လုံး ပြူးသွားအောင် လုပ်ပြရမယ်။ သေချာပေါက်... သေချာပေါက် လုပ်ပြမယ်။”

နောက်တစ်နေ့ ယွင်ကျုံးဟဲ့ နိုးလာချိန်မှာတော့ နေ့လယ် ရောက်ခါနီး ဖြစ်နေပြီဖြစ်ပြီး နောက်ဆုံး အချိန် ကန့်သတ်ချက်သို့ ရောက်ရန် လေးနာရီသာ လိုတော့သည်။

ကိုးယောက်မြောက် မင်းသားနှင့် မင်းမျိုးမင်းနွယ် ဆယ်ဦးကျော်၊ ထို့အပြင် အမတ် အများအပြားသည် ဖျင်အန်းနန်းဆောင် အပြင်ဘက်တွင် စောင့်ဆိုင်းနေကြပြီ ဖြစ်သည်။ သူတို့ မလောကြပေ။

‘ဘာပဲဖြစ်ဖြစ် လေးနာရီပဲ ကျန်တော့တာ။ ဧကရာဇ်က သေချာပေါက် သတိရလာတော့မှာ မဟုတ်ဘူး။ နေဝင်တာနဲ့ ယွင်ကျုံးဟဲ့ကို အထဲကနေ ဖမ်းထုတ်လာပြီး ဧကရာဇ်ကို လုပ်ကြံတဲ့ ပြစ်မှုနဲ့ သေဒဏ် ပေးလိုက်ရုံပဲ။’

အိမ်ရှေ့စံသည် နိုင်ငံရေး ကိစ္စများကို စီမံခန့်ခွဲနေပြီး မယ်တော်မိဖုရားခေါင်ကြီးမှာ ဤရက်ပိုင်းအတွင်း ဧကရာဇ်ကို ပြုစုရင်း ဖျားနာသွားသောကြောင့် သူတို့ နှစ်ဦးစလုံး ဖျင်အန်း နန်းဆောင်တွင် ရှိမနေကြပေ။

ဤသည်မှာ သေချာပေါက် ကိုးယောက်မြောက် မင်းသားတို့ အလုပ် လုပ်ရန် လွယ်ကူစေရန် အတွက် ဖြစ်၏။ ဤလူများသည် မယ်တော်မိဖုရားခေါင်ကြီးဟောင်းကို မကြောက်ရွံ့ကြသော်လည်း မယ်တော်မိဖုရားခေါင်ကြီး နှင့် အိမ်ရှေ့စံ တို့မှာမူ အနည်းငယ် ရိုသေကြောက်ရွံ့ရမှာဖြစ်သည်။

သူတို့က မိဘကျေးဇူးကန်းသည့် အပြစ်ကို မခံနိုင်ကြပေ။ ထိုအချိန်ကျလျှင် ကိုးယောက်မြောက် မင်းသား တို့က ယွင်ကျုံးဟဲ့ကို အတင်းအကျပ် ဖမ်းဆီး သတ်ဖြတ်ကြမှာ ဖြစ်ပြီး မယ်တော်မိဖုရားခေါင်ကြီးဟောင်းက အိမ်ရှေ့စံနှင့် မယ်တော်မိဖုရားခေါင်ကြီးကို တားဆီးခိုင်းပါက မည်သို့ လုပ်မည်နည်း။

အချိန်များ တစ်မိနစ်ပြီး တစ်မိနစ် ကုန်ဆုံးသွား၏။ ထိုအချိန်တွင် မယ်တော်မိဖုရားခေါင်ကြီးဟောင်းနှင့် နင်ဖေးတို့၏ မျက်လုံးများတွင် စိုးရိမ်မှုများ ပြည့်နှက်နေပြီ ဖြစ်သည်။

ယခု အခြေအနေမှာ ပိုပိုပြီး ဆိုးရွားလာကာ အရပ်ဖက်၊ စစ်ဖက် အမတ်များနှင့် မြို့တော်ရှိ ပြည်သူ သန်းပေါင်းများစွာက ဧကရာဇ်ကို စောင့်ကြည့်နေကြ၏။

အကယ်၍ ဧကရာဇ် သတိမရလာပါက ယွင်ကျုံးဟဲ့ကို တကယ် ကယ်တင်၍ မရနိုင်တော့ပေ။ မယ်တော် မိဖုရားခေါင်ကြီးဟောင်းသည် သီလရှင် ဝတ်နေသည်မှာ အနှစ်လေးဆယ် ရှိပြီ ဖြစ်သောကြောင့် နိုင်ငံရေးကို လွှမ်းမိုးနိုင်စွမ်း မရှိတော့ပေ။

သူမ ဆုံးဖြတ်ချက် ချပြီးပြီ ဖြစ်သည်။ နေဝင်ပြီးနောက် ဧကရာဇ် သတိမရလာပါက ယွင်ကျုံးဟဲ့ကို သူမအား ကျောပိုးခိုင်းကာ တာ့ယန်တောင်ရှိ ယန်ရင် ဘုရားကျောင်းသို့ ပြန်သွားမည် ဖြစ်၏။

မယ်တော်မိဖုရားခေါင်ကြီးဟောင်းဖြစ်သော သူမ၏ ခန္ဓာကိုယ်ကို အကာအကွယ်အဖြစ် အသုံးပြုပါက မည်သူကမှ ယွင်ကျုံးဟဲ့ကို တကယ် ဖမ်းဆီးရဲမည် မဟုတ်ပေ။

သို့ပေမည့် ထိုအချိန်ကျလျှင် တာရှအင်ပါယာတွင် ယွင်ကျုံးဟဲ့၏ အနာဂတ်မှာ လုံးဝ ပျက်စီးသွားပြီ ဖြစ်သည်။

ယွင်ကျုံးဟဲ့ အပြင်သို့ ထွက်လာပြီး မယ်တော်မိဖုရားခေါင်ကြီးဟောင်းနှင့် နင်ဖေးကို ပြောလိုက်၏။ “မယ်တော်မိဖုရားခေါင်ကြီးဟောင်း၊ နင်ဖေး... စိတ်ချပါ။ ကျုပ်မှာ နည်းလမ်း ရှိပါပြီ။ ဒီမှာ စောင်း ရှိလား။”

နင်ဖေး အံ့ဩသွားပြီးနောက် ခေါင်းညိတ်ကာ ဖြေလိုက်သည်။ “ရှိတယ်။ ရှိတယ်။ ဧကရာဇ်မင်းမြတ် ဖျားနေတုန်းက အဘွား သူ့ကို ခဏခဏ စောင်းတီးပြလေ့ ရှိတယ်။”

ထို့နောက် သူမက စောင်း တစ်လက် သွားယူလာခဲ့၏။

အတွင်းရှိ သမားတော် အားလုံး အံ့ဩသွားကြသည်။ ‘ဘယ်အချိန် ရောက်နေပြီလဲ။ ယွင်ကျုံးဟဲ့... ခင်ဗျားက စောင်းတီးချင်သေးတာလား။ လေးနာရီတောင် မကျန်တော့ဘူး။ ခင်ဗျား မကြာခင် သေဒဏ် ပေးခံရတော့မယ်။

စောင်းတီးပြီး ဧကရာဇ်မင်းမြတ်ကို သတိရလာအောင် လုပ်ချင်တယ် ဟုတ်လား။ လုံးဝ စိတ်ကူးယဉ် အိပ်မက် မက်နေတာပဲ။ နွားကို စောင်းတီးပြတယ်လို့ ပြောကြတယ်။ ခင်ဗျား လုပ်နေတာက နွားကို စောင်းတီးပြတာ ထက်တောင် ဆိုးနေသေးတယ်။ အနည်းဆုံးတော့ နွားက ကြားနိုင်သေးတယ်လေ။’

ယွင်ကျုံးဟဲ့သည် စောင်း ရှေ့တွင် တင်ပျဉ်ခွေ ထိုင်လိုက်ပြီး မျက်လုံးများကို မှိတ်လိုက်၏။

စိတ်ဝေဒနာရှင် ဘီသိုဗင် ပူးဝင်လာပြီး စောင်းကြိုးများကို စတင် တီးခတ်လိုက်၏။ ထူးဆန်းသော ကိစ္စ တစ်ခု ဖြစ်ပေါ်လာသည်။

အသံ မထွက်ပေ။ ယွင်ကျုံးဟဲ့ တီးခတ်နေသော်လည်း မည်သည့် စောင်းသံမှ မထွက်ပေါ်လာပေ။

‘ဒါ… ဒါက အရမ်း ထူးဆန်းလွန်းတယ်။ ယုတ္တိ မတန်ဘူးလေ။ ဒီစောင်းက ပျက်နေတာများလား။ ယွင်ကျုံးဟဲ့က စောင်းတီးပြီး ဧကရာဇ်မင်းမြတ်ကို စိတ်လှုပ်ရှားစေချင်တာ။ အခုတော့ အသံတောင် မထွက်တော့ဘူး ဆိုတော့ သေချာပေါက် သေလမ်းပဲ ရှိတော့တာပေါ့။’

ဘီသိုဗင် ပူးဝင်နေသော ယွင်ကျုံးဟဲ့သည် လုံးဝ ကိုယ်ပိုင် အခြေအနေသို့ ဝင်ရောက်သွား၏။ တီးခတ်လေလေ ကိုယ့်ကိုယ်ကိုယ် မေ့လျော့လေလေ။ ရူးသွပ်လေလေ ဖြစ်လာပြီး လက်ချောင်းများက စောင်းကြိုးများကို ရူးသွပ်စွာ တီးခတ်နေကာ လှုပ်ရှားမှုများက ပိုပိုပြီး ပြင်းထန်လာသည်။

သို့ပေမည့် အသံ မထွက်သေးပေ။ အကြောင်းမှာ ဘီသိုဗင် တီးခတ်နေသည်မှာ အလွန် ထူးခြားသော လှိုင်းကြိမ်နှုန်း ဖြစ်ပြီး သာမန် လူများ၏ နားဖြင့် မကြားနိုင်သောကြောင့် ဖြစ်၏။

ပိုမို ပြင်းထန်လာသော စောင်းသံလှိုင်းကြိမ်နှုန်းက ဧကရာဇ် ယုံချီ၏ ဦးနှောက်ကို ပြင်းထန်စွာ လှုံ့ဆော် ပေးနေသည်။

ဧကရာဇ်၏ ဦးနှောက် လှိုင်းများကို အနည်းငယ်စီ ဆွဲဆောင်နေသည်။ ထို့နောက် လှိုင်းများက ပိုပိုပြီး ကြီးမားလာသည်။ ပိုပိုပြီး ကြီးမားလာ၏။

ဤသည်မှာ ဧကရာဇ်၏ ဦးနှောက်အတွင်းရှိ ကြောက်မက်ဖွယ်ကောင်းသော ဖိနှိပ်မှုနှင့် ယှဉ်ပြိုင် တိုက်ခိုက်နေသကဲ့သို့ ဖြစ်နေသည်။

.................

All Chapters