အခန်း ၇၀၇
Vol. 38 Ch. 707
အပိုင်း (၇၀၇) နိုင်ငံခြားသား ကျင်းယီဝေ။
လုဖာက ပြောလိုက်၏။ "အိမ်ရှေ့စံပြောတာ မမှားပါဘူး။ ဒါပေမဲ့ ဒီလိုသံချပ်ကာမျိုးကို ဝတ်ဆင်နိုင်တဲ့ စစ်သည် အရေအတွက်က သိပ်မများပါဘူး။ တိတိကျကျ ဘယ်လောက်ရှိတယ်ဆိုတာကိုတော့ သူတို့လည်း သေချာမသိကြဘူး။"
ဖန်ကျန်းရီသည် သတိမထားမိဘဲ ခေါင်းညိတ် သဘောတူလိုက်မိသည်။
အိတ်ဆောင်နာရီကို ကြည့်ရခြင်းအားဖြင့် အနောက်တိုင်း၏ လက်မှုပညာသည် တာ့ကျင်းထက် အနည်းငယ် ပို၍တိုးတက်ကောင်း တိုးတက်နိုင်သော်လည်း အလွန်အမင်း ကြီးမားသည့် ကွာဟမှုမျိုးတော့ မရှိပေ။
ဤကဲ့သို့သော သံချပ်ကာမျိုးကို အမြောက်အမြား ထုတ်လုပ်နိုင်သည့် အခြေအနေမျိုး ရှိမည်မဟုတ်ပေ။
အကယ်၍ မီးလက်နက်များသာ ပေါ်ပေါက်မလာခဲ့ပါက အကြီးစားသံချပ်ကာများကို ဝတ်ဆင်ထားသည့် စစ်သည်များသည် စစ်မြေပြင်ပေါ်မှ တင့်ကားများနှင့် မခြားနားပေ။ သေနတ်များနှင့် ပစ်ခတ်လျှင်ပင် ဖောက်ထွင်းနိုင်မည် မဟုတ်ချေ။
သို့ပေမည့် ယခုအချိန်တွင်မူ များစွာ စိုးရိမ်ပူပန်နေရန် မလိုအပ်ပေ။
ပထမအချက်အနေဖြင့် ရှီးလော့တိုင်းပြည်၏ လူဦးရေမှာ တကယ်ပင် မများပြားနိုင်ပေ။ ဒုတိယအချက်အနေဖြင့် သူတို့ တာ့ကျင်းတွင် အမြောက်များရှိပြီး သေနတ်များကိုလည်း အဆက်မပြတ် အဆင့်မြှင့်တင်နေဆဲဖြစ်သည်။
အသက်ရှင်နေစဉ် ကာလအတွင်း အကြီးစားသံချပ်ကာများ သမိုင်းစာမျက်နှာထက်မှ ပျောက်ကွယ်သွားသည်ကို မြင်တွေ့ရနိုင်သေး၏။
"ခင်ဗျား ဆက်ပြောပါ။"
လုဖာက ဆက်ပြောလိုက်သည်။ "သူတို့ရဲ့ သိမြင်နားလည်မှုက ဘေးပတ်ဝန်းကျင်က တိုင်းပြည်ငယ်လေးတွေမှာပဲ ကန့်သတ်ထားပြီး အခြေအနေကတော့ ဖေးခါတိုင်းပြည်နဲ့ သိပ်မကွာပါဘူး။ ဒါပေမဲ့ တစ်ခုရှိတာက သူတို့အားလုံးက တူညီတဲ့ ဘာသာရေးဂိုဏ်းတစ်ခုကိုပဲ ကိုးကွယ်ကြတယ်။ ကျုပ်တို့ အသံထွက်နဲ့ ပြန်ဆိုရရင်တော့ ထိုက်ဖူဘာသာ လို့ခေါ်တယ်။ သာမန်အရပ်သားတွေအားလုံးက နတ်ဘုရားတွေကို ကိုးကွယ်ကြပြီး ဘာသာရေးဂိုဏ်းမှာ ဘာသာရေးခေါင်းဆောင် ရှိတယ်။ သူ့ရဲ့ အုပ်ချုပ်မှုအာဏာက ဘုရင် ထက်တောင် ပိုမြင့်မားတဲ့ပုံပါပဲ။
သခင်လေး ... ပွင့်ပွင့်လင်းလင်း ပြောရရင် ထိုက်ဖူဘာသာနဲ့ ပတ်သက်ပြီးတော့ ကျုပ် နားထောင်ရတာ နည်းနည်းအခက်အခဲရှိတယ်။ သူတို့ပြောတဲ့ အရာတချို့ကို ကျုပ် အခုထိ နားမလည်သေးဘူး။ ဘုရင်က ဘာဖြစ်လို့ တခြားတစ်ယောက်ရဲ့ လက်အောက်မှာ နေရတာလဲ။"
ဖန်ကျန်းရီသည် ခေါင်းခါလိုက်၏။
သူကိုယ်တိုင်လည်း ရှင်းပြနိုင်စွမ်း မရှိချေ။
သတင်းအချက်အလက်များသည် များစွာ လိုအပ်နေသေးပြီး အလွန်အမင်း ဝေဝါးနေသည်။ စာမတတ်သူ လေးဦး၏ ယဉ်ကျေးမှုအဆင့်အတန်းမှာလည်း မမြင့်မားလှသဖြင့် လူကိုယ်တိုင် သွားရောက်လေ့လာပြီး ဆက်သွယ်ပြောဆိုမှုများ ပြုလုပ်မှသာ ပိုမိုနက်ရှိုင်းစွာ နားလည်နိုင်မည်ဖြစ်သည်။
လုဖာသည် နေထိုင်မှုဘဝနှင့် ပတ်သက်သည့် အသေးစိတ်အချက်အလက်များကို ဆက်လက် ပြောပြနေသေးသည်။ သူ အားလုံးပြောပြပြီးသွားသောအခါ ဖန်ကျန်းရီသည် ရှောင်ရွှိုက်ကို လှမ်းကြည့်လိုက်၏။
ကိုယ်စားအမှုတိုင်ကြားပေးတတ်သည့် နိုင်ငံခြားသားသည် ဉာဏ်ရည်အမြင့်မားဆုံး ဖြစ်ရပေမည်။
"ခင်ဗျား ဆန်ကျားခယ် ဆိုတဲ့ တိုင်းပြည်အကြောင်း ကြားဖူးလား။"
ဝူမင်းသားသည် ဆန်ကျားခယ်၏ နယ်မြေအရှင်သခင်ဖြစ်သည်။ ထိုလူသည် ဉာဏ်ရည်ထက်မြက်ပြီး ရဲရင့်ကာ လုပ်ရည်ကိုင်ရည် ပြည့်ဝသူဖြစ်သည်။ ယခု ပင်လယ်ရပ်ခြားသို့ ထွက်ပြေးသွားပြီးနောက် မည်ကဲ့သို့ ရှင်သန်နေမည်ကို မသိရချေ။
ထို့အပြင် ဝူမင်းသားသည် တာ့ကျင်းမှ အရည်အချင်းရှိသူ အများအပြားကို ခေါ်ဆောင်သွားခဲ့သည်။ အကယ်၍ တာ့ကျင်း၏ ဒေသထွက်ကုန်တစ်ချို့ကို ထုတ်လုပ်နိုင်မည်ဆိုလျှင် လွယ်လွယ်ကူကူပင် ချမ်းသာသွားမည် မဟုတ်ပါလား။
ယခု နိုင်ငံခြားသားများနှင့် နှိုင်းယှဉ်လိုက်မည်ဆိုလျှင် ဝူမင်းသားက ပို၍ အန္တရာယ်များသည်ဟု သူ အမြဲတမ်း ခံစားနေရ၏။
ထိုသူသည် မီးလက်နက်များနှင့် ပတ်သက်၍ အရူးအမူး စွဲလမ်းမှုရှိသူဖြစ်သည်။ ကိုယ့်ကိုယ်ကိုယ် အန္တရာယ်ထဲသို့ ဆွဲသွင်းရန်ပင် ဝန်မလေးခဲ့ပေ။ ငွေကြေးအမြောက်အမြား ရှာဖွေနိုင်ပြီး ပင်လယ်ရပ်ခြားတွင် တစ်ခုခု ဖန်တီးလိုက်မည် ဆိုလျှင် အခြေအနေ ဆိုးရွားသွားပေမည်။
မကြာမီမှာပင် ဖန်ကျန်းရီသည် စိတ်ပျက်သွားရ၏။
ရှောင်ရွှိုက်က ခေါင်းခါပြကာ မသိကြောင်း အမူအရာပြလိုက်သည်။
ထို့နောက် အခြားသူများကို ဆက်လက်မေးမြန်းကြည့်သော်လည်း အားလုံးက နားမလည်သည့်ပုံစံများ ဖြစ်နေကြသည်။ မိမိ၏ အသံထွက်ပြဿနာကြောင့်လား သို့မဟုတ် သူတို့အနေဖြင့် ဆန်ကျားခယ်နှင့် ပတ်သက်၍ ဘာမှမသိကြသည်လား ဆိုသည်ကို မသိနိုင်ချေ။
ဖန်ကျန်းရီသည် သက်ပြင်းချလိုက်၏။ "ကောင်းပြီ ... အားလုံးပဲ ကျုပ်နဲ့အတူတူ အရှင်မင်းကြီးကို သွားတွေ့ကြရအောင်။"
...
နန်းတော်အတွင်း။
ဖန်ကျန်းရီသည် လုဖာထံမှ ရရှိလာသော သတင်းများကို တစ်ခေါက် ပြန်လည်ပြောပြလိုက်သည်။
ကျင်းဘုရင်မင်းမြတ် သည် ထိုပန်းချီကားအချပ်လိုက်ကို ကိုင်ထားပြီး တည်ကြည်လေးနက်သော မျက်နှာထားဖြင့် အကဲခတ်နေ၏။
ထို့နောက် သူက ခေါင်းမော့ကာ နိုင်ငံခြားသားလေးဦးကို လှမ်းကြည့်လိုက်ပြီး မျက်မှောင်ကြုတ်လျက် ဖန်ကျန်းရီ အား မေးလိုက်သည်။ "သူတို့နိုင်ငံက လူတွေ အကုန်လုံး ဒီလောက် အရပ်ရှည်ကြတာလား။"
ဖန်ကျန်းရီက ခေါင်းညိတ်လိုက်၏။ "ကျွန်တော်မျိုး မေးကြည့်ပြီးပါပြီ။ သူတို့နိုင်ငံမှာတော့ ဒါက ပုံမှန်ခန္ဓာကိုယ် အရွယ်အစားလောက်ပဲ ရှိတာပါ။"
ကျင်းဘုရင်မင်းမြတ် သည် လက်နောက်ပစ်လျက် ဟိုဟိုဒီဒီ လမ်းလျှောက်နေလိုက်သည်။
ဖန်ကျန်းရီသည် ထိုအခြေအနေကို မြင်သောအခါ လက်ယမ်းပြကာ ထိုလေးဦးကို အပြင်သို့ ထွက်သွားစေပြီး ကျင်းဘုရင်မင်းမြတ်၏ အနီးသို့ ကပ်သွားကာ မေးလိုက်၏။ "အရှင်မင်းကြီး ... ဘာများ မိန့်ချင်လို့ပါလဲ။"
ကျင်းဘုရင်မင်းမြတ်သည် သက်ပြင်းချလိုက်သည်။ "နိုင်ငံခြားသားတွေက ကိုယ်တော်တို့ တာ့ကျင်းက အရပ်သားတွေထက် ခေါင်းတစ်ဝက်လောက်တောင် အရပ်ပိုရှည်နေကြတယ်။ ပခုံးတွေကလည်း ကျယ်ပြန့်ပြီး လက်တံခြေတံတွေကလည်း ရှည်လျားတယ်။ ဒါက သာမန်အရပ်သားတွေရဲ့ ခန္ဓာကိုယ်အနေအထားဆိုရင် တစ်ဦးချင်းစီရဲ့ ခွန်အားက အထင်သေးလို့ရမှာ မဟုတ်ဘူး။"
ဖန်ကျန်းရီက ပြုံးလိုက်၏။ "အရှင်မင်းကြီး ... ဒါက လူမျိုးရေး ကွာခြားမှုတစ်ခုပါပဲ။ နောင်တစ်ချိန် ကျွန်တော်မျိုးတို့ တာ့ကျင်းမှာ ရိက္ခာတွေ ပေါကြွယ်ဝလာပြီး အရပ်သားတွေ အသားများများ စားလာရရင် အရပ်ရှည်လာပြီး ခွန်အားကြီးလာမှာပါ။"
"အင်း ... ထားလိုက်ပါတော့။ စတုတ္ထညီတော် နဲ့ ပတ်သက်တဲ့ သတင်းတွေများ ရသေးလား။"
"မရသေးပါဘူး။ ကြည့်ရတာ ကျွန်တော်မျိုးတို့ရဲ့ သင်္ဘောအုပ်စု ကိုယ်တိုင် ရှာဖွေဖို့ လိုအပ်မယ့်ပုံပဲ။"
ကျင်းဘုရင်မင်းမြတ်သည် သက်ပြင်းချကာ ပြောလိုက်သည်။ "ဒီနေ့တော့ ကိုယ်တော် အနောက်တိုင်းရဲ့ ယဉ်ကျေးမှုကို မျက်စိပွင့်နားပွင့် ဖြစ်သွားရပြီ။ ဘာသာရေးဂိုဏ်းတစ်ခုတည်းရဲ့ အင်အားနဲ့ တိုင်းပြည်ပေါင်း များစွာကို အုပ်ချုပ်နိုင်တယ်ဆိုတာ တကယ်ကို စိတ်ကူးကြည့်လို့တောင် မရဘူး။
တစ်ဖက်လူရဲ့ နောက်ခံအကြောင်းအရင်းကို စုံစမ်းဖို့အတွက် အမြန်ဆုံး လူလွှတ်သင့်တယ်။ ညီတော် ကိစ္စက အခုလောလောဆယ် သိပ်အရေးမကြီးတော့ဘူး။ ကိုယ်တော်တို့ရဲ့ သင်္ဘောအုပ်စုက ဘယ်လောက်အထိ ပြင်ဆင်ပြီးသွားပြီလဲ။"
ဖန်ကျန်းရီက ပြောလိုက်၏။ "သင်္ဘောတွေကို တည်ဆောက်ပြီးသလောက် ရှိနေပါပြီ။ ကျွန်တော်မျိုး ထင်တာတော့ နောက်ထပ် တစ်လ၊ နှစ်လလောက်ဆိုရင် ရေကြောင်းခရီး ထွက်လို့ရလောက်ပါပြီ။
ဒီနိုင်ငံခြားသားတွေကို လေ့ကျင့်ပေးပြီးမှ သူတို့ဆီ ပြန်ပို့ပေးဖို့ ကျွန်တော်မျိုး စီစဉ်ထားပါတယ်။ ဟိုရောက်ရင် လမ်းပြအဖြစ် အသုံးပြုဖို့ပါ။ အရှင်မင်းကြီး ဘယ်လိုသဘောရပါသလဲ။"
ကျင်းဘုရင်မင်းမြတ် က ခေါင်းညိတ်လိုက်၏။ "ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ မင်းဘာသာမင်း စီစဉ်လိုက်ပါ။ သူတို့ကို ကျင်းယီဝေအဖြစ် ခန့်အပ်လိုက်မယ်ဆိုရင်လည်း မဆိုးပါဘူး။"
"ကောင်းပါပြီ။ ဒါဆို ကျွန်တော်မျိုး အရင်ဆုံး စီစဉ်လိုက်ပါအုံးမယ်။"
ဖန်ကျန်းရီသည် စကားပြောပြီးနောက် အဝေးတွင်ရှိနေသော နိုင်ငံခြားသားများကို ကျယ်လောင်စွာ အော်ပြောလိုက်သည်။ "ရှဲ့ဖူရို့ ... သွားကြမယ်။ လာပြီး အရှင်မင်းကြီးကို ကံကောင်းစေမယ့် စကားလေးတွေ ပြောပြလိုက်ကြအုံး။"
ကျင်းဘုရင်မင်းမြတ် သည် စပ်စုချင်စိတ်ဖြင့် မေးလိုက်၏။ "ရှဲ့ဖူရို့ ဆိုတာ ဘာအဓိပ္ပာယ်လဲ။"
"အရှင်မင်းကြီး ... နိုင်ငံခြားသားတွေက ဒီလိုမျိုး နှုတ်ဆက်တတ်ကြတာပါ။ တိကျတဲ့ အဓိပ္ပာယ်တော့ မရှိပါဘူး။"
"ဪ ... ဒီလိုကိုး။"
ကျင်းဘုရင်မင်းမြတ်၏ မျက်နှာပေါ်တွင် နားလည်သွားသည့် အရိပ်အယောင်များ ပေါ်ထွက်လာပြီး ထိုနိုင်ငံခြားသားများကို ကြည့်ကာ ပြောလိုက်သည်။ "ရှဲ့ဖူရို့ ... မင်းတို့တွေလည်း ကျေးဇူးရှိပါတယ်။ တစ်ယောက်ကို ဆန် ဆယ်တင်းစီ ဆုချလိုက်မယ်။"
ဖန်ကျန်းရီသည် အနေရခက်စွာဖြင့် ပြုံးလိုက်၏။ မည်သို့ပင်ဖြစ်စေ နိုင်ငံခြားသားများကို မြင်လျှင် အင်္ဂလိပ်စကားပြောတတ်မည်ဟု သူ့စိတ်ထဲတွင် အလိုအလျောက် သတ်မှတ်ထားသဖြင့် စကားတစ်ခွန်း၊ နှစ်ခွန်းလောက်တော့ ပြောကြည့်ချင်မိသည်။
သို့ပေမည့် ဤစကားကို အရှင်မင်းကြီး၏ နှုတ်မှ ထွက်လာသောအခါ အနည်းငယ်တော့ ကိုက်ညီမှုမရှိသလို ခံစားရသည်။ ထို့အပြင် အရင်တည်းက ကပ်စေးနှဲသည့်အတိုင်း ဆန်အနည်းငယ်ကိုသာ ဆုချခဲ့၏။
နိုင်ငံခြားသားလေးဦးသည် ငတုံးငအများသဖွယ် လျှောက်လာကြပြီး ပင်ကိုယ်အသိစိတ်အရ ရင်ကော့ကာ ကျယ်လောင်စွာ ပြောလိုက်ကြ၏။ "မိသားစုကိစ္စ၊ နိုင်ငံရေးကိစ္စ၊ လောကကြီးရဲ့ ကိစ္စတွေထဲမှာ တာ့ကျင်းကို တည်ဆောက်ရေးက အကြီးမားဆုံး ကိစ္စရပ်ပဲ။"
"တာ့ကျင်းမှာ လေလွင့်နေရတာကို ကျုပ် ဂုဏ်ယူတယ်။ တာ့ကျင်းမှာ နေထိုင်ရတာကို ကျုပ် ဂုဏ်ယူတယ်။"
"တာ့ကျင်းက နှလုံးသားထဲမှာ ရှိတယ်။ နိုင်ငံချစ်စိတ်ကို ထုတ်ဖော်အော်ဟစ်လိုက်။"
"ကျုပ် ဒီတစ်ဘဝလုံး တာ့ကျင်းလူမျိုးပဲ လုပ်တော့မယ်။"
"လူတိုင်း ကိုယ်တိုင်လုပ်ကြ။ သန့်ရှင်းရေး မရှိတဲ့နေရာတွေကို ဖျက်ဆီးပစ်ကြ။"
နိုင်ငံခြားသား သုံးဦးသည် ခါလဲ့မီကို ပြိုင်တူ လှမ်းကြည့်လိုက်ကြသည်။ ခါလဲ့မီမှာမူ အနေရခက်သွားပြီး ခေါင်းကို လွှဲဖယ်လိုက်မိ၏။
သောက်ကျိုးနည်း ... သန့်ရှင်းရေးတပ်ဖွဲ့ရဲ့ ကြွေးကြော်သံကို အော်လိုက်မိပြီ။
ကျင်းဘုရင်မင်းမြတ်သည် အံ့ဩမှင်တက်သွားပြီး အသံထွက်ကာ ရယ်မောလိုက်မိသည်။
သူက ဖန်ကျန်းရီအား လက်ညှိုးထိုးကာ ပြောလိုက်၏။ "တော်လောက်ပါပြီလေ။ ဘာပဲဖြစ်ဖြစ် ရောက်လာတဲ့လူတွေက ဧည့်သည်တွေပဲ မဟုတ်လား။"
ဖန်ကျန်းရီသည် ရှက်ရွံ့စွာဖြင့် ပြုံးလိုက်သည်။
တော်လောက်ပြီ ဟုတ်လား။ ကြည့်ရတာ အလုပ်လုပ်တာ သေသေချာချာ မဖြစ်သေးတဲ့ပုံပဲ။
...
ကျန်းဖူစီဌာနသို့ ပြန်ရောက်သောအခါ …
တာ့ကျွမ်း၊ ရှောင်ရွှိုက်၊ ဖိုပေါ်လဲ့နှင့် ခါလဲ့မီတို့ လေးဦးသည် တန်းစီရပ်နေကြသည်။
ဖန်ကျန်းရီက ပြုံးရွှင်စွာဖြင့် ပြောလိုက်၏။ "ဒီနေ့ အားလုံးပဲ ကောင်းကောင်းလုပ်နိုင်ခဲ့ကြတယ်။ ဒါကြောင့် ကျုပ်က မင်းတို့ကို အခွင့်အရေးတစ်ခုပေးဖို့ ဆုံးဖြတ်လိုက်ပြီ။ ကျင်းယီဝေထဲ ဝင်ခွင့်ပြုမယ်။ မင်းတို့ ဘယ်လိုသဘောရလဲ။"
သူတို့လေးဦးသည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး တာ့ကျွမ်းက ရှေ့ထွက်ကာ ပြောလိုက်သည်။ "သခင်လေးဖန် ... ကျင်းယီဝေမှာ အလုပ်လုပ်ရင် လစာရမလား။ ကျုပ်တို့ စစ်တပ်ဟင်း မစားချင်တော့ဘူး။"
"ဒါပေါ့ .. လစာတော့ ရမှာပေါ့။ ပြီးတော့ စစ်တပ်ဟင်းလည်း စားစရာလည်း မလိုတော့ဘူး။"
"ကျုပ်တို့ လုပ်ချင်ပါတယ်။" လေးဦးသား ပြိုင်တူ ဖြေလိုက်ကြ၏။
ဖန်ကျန်းရီသည် လက်ခုပ်တီးကာ ပြောလိုက်သည်။ "ကောင်းပြီ။ မင်းတို့အားလုံး သဘောတူတယ်ဆိုရင်တော့ ကျုပ်က သီးသန့်အခွင့်အရေးအနေနဲ့ ကျင်းယီဝေထဲ ဝင်ခွင့်ပြုမယ်။ အလုပ်ကြိုးစားရင် မင်းတို့ကို အိမ်ကို အခမဲ့ ပြန်ပို့ပေးမယ်။"
လေးဦးသားက တုံ့ဆိုင်းဆိုင်းဖြင့် ပြိုင်တူ ပြောလိုက်ကြ၏။ "ကျုပ်တို့ အိမ်မပြန်ချင်ဘူး။ တာ့ကျင်းလူမျိုးပဲ လုပ်ချင်တယ်။"
"ဟင် ..."
"ဒီမှာက သန့်ရှင်းတယ်။ လမ်းပေါ်ကလူတွေကလည်း ကျုပ်တို့အပေါ် ကောင်းကြတယ်။ စစ်တပ်ဟင်း စားစရာ မလိုတော့ဘူးဆိုရင် ကျုပ်တို့ ပြန်မသွားချင်တော့ဘူး။ ဒီမှာပဲ နေရတာ ပိုကောင်းပါတယ်။"
"….."