အခန်း ၇၀၉
Vol. 38 Ch. 709
အပိုင်း (၇၀၉) လိုင်ကော်အာ၏ ဆုံးဖြတ်ချက်။
ကျန်းလင်ဆိပ်ကမ်း။
စစ်သင်္ဘောပေါ်တွင် လိုင်ကော်အာသည် အင်္ကျီချွတ်ထားပြီး သူ၏လက်ထဲတွင် သံမဏိဓားကို ကိုင်ဆောင်လျက် ချွေးများ ရွှဲရွှဲစိုနေပေသည်။
ပါးစပ်မှလည်း အော်ဟစ်သံများ အဆက်မပြတ် ထွက်ပေါ်နေ၏။
ပတ်ပတ်လည်တွင်လည်း ကြိုးစားပမ်းစား လေ့ကျင့်နေကြသော ရေတပ်စစ်သည်များ ရှိနေကြသည်။
ယနေ့တွင် ဆိပ်ကမ်း၌ လေလှိုင်းများ အနည်းငယ် ပြင်းထန်နေသဖြင့် ကြီးမားလှသော သင်္ဘော ကိုယ်ထည်ကြီးမှာလည်း ပင်လယ်ပြင်ပေါ်တွင် အနည်းငယ် လှုပ်ခတ်နေ၏။
ထို့ကြောင့် ခွန်အားများစွာ ကုန်ခမ်းနေပြီး လူအများအပြား၏ လှုပ်ရှားမှုများမှာလည်း ယိမ်းယိုင်စ ပြုနေပြီဖြစ်သည်။
တပ်မှူးသည် သင်္ဘောဦးတွင် ရပ်လျက် အောက်ဘက်ရှိ လေ့ကျင့်ရေးအခြေအနေများကို အဆက်မပြတ် အကဲခတ်ကြည့်ရှုနေ၏။
မသိရှိသေးသော နယ်မြေများသို့ ပင်လယ်ရေကြောင်းမှ ရှာဖွေစူးစမ်းရန် ရုံးတော်မှ ရာထူးနှစ်ခုကို အထူးသတ်မှတ်ပေးခဲ့သည်။
ရေကြောင်းစစ်ရေးအရာရှိနှင့် ရေကြောင်းစစ်ဆေးရေးမှူး တို့ဖြစ်၏။
စစ်ဆေးရေးမှူးသည် တပ်ဖွဲ့၏ စည်းကမ်းပိုင်းကို ကြီးကြပ်ပြီး တပ်ဖွဲ့ဝင်များ၏ ရိုးသားဖြောင့်မတ်မှုကို အာမခံရသည်။
ရေကြောင်းစစ်ရေးအရာရှိမှာမူ လက်တွေ့စစ်ရေးစွမ်းရည်ကို အဓိကထား၍ တာဝန်ယူရ၏။
ယခု သင်္ဘောဦးတွင် ရပ်နေသော ရေကြောင်းစစ်ရေးအရာရှိ၏ အမည်မှာ ကျိန့်ဟွေ့ ဖြစ်ပြီး မူလတည်းက ရေတပ်တွင် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ကာ ရေကြောင်းတိုက်ပွဲများ၌ ကျွမ်းကျင်ပြီး ပင်လယ်ကမ်းစပ်တွင် ကြီးပြင်းလာသူဖြစ်သည်။
ဤကဲ့သို့သော အရည်အချင်းရှိသူမျိုးမှာ အလွန်ရှားပါးလှသော်လည်း အရေးတယူ အသုံးပြုခံရခြင်း မရှိခဲ့ချေ။
ယခုဘဝတွင် အရာရှိငယ်လေးဘဝဖြင့်သာ ပြီးဆုံးသွားမည်ဟု ထင်မှတ်ထားခဲ့သော်လည်း ရုံးတော်မှ ရုတ်တရက် ပင်လယ်ဖွင့်ရန် ရည်ရွယ်ချက်ရှိလာခဲ့ရာမှ လမ်းတစ်လျှောက် ထောက်ခံတင်ပြခံရပြီး အလျင်အမြန် ရာထူး တိုးမြှင့်ခံခဲ့ရ၏။
အဘယ့်ကြောင့် ပင်လယ်ဖွင့်ရသည်ဆိုသည်ကို ကျိန့်ဟွေ့ စိတ်ထဲတွင် ရှင်းလင်းစွာ သိရှိထားပြီး ဖန်ကျန်းရီ အပေါ်တွင်လည်း များစွာ အထင်ကြီးလေးစားမိသည်။
လအနည်းငယ်အကြာက ဖန်ကျန်းရီထံမှ ကျန်းလင်ဆိပ်ကမ်းသို့ စာတစ်စောင် ရောက်ရှိလာခဲ့ပြီး သူ၏ ဆွေမျိုးဝေးတစ်ဦးကို ရေတပ်စစ်သည်အဖြစ် လေ့ကျင့်ပေးရန်နှင့် မျိုးဆက်သစ်ကို မွေးထုတ်ပေးရန် တောင်းဆိုထား၏။
ဤကဲ့သို့သော ကိစ္စရပ်ငယ်လေးမှာ တပ်စခန်းအတွင်း ထမင်းစားမည့်သူ တစ်ယောက်တိုးလာရုံသာဖြစ်သဖြင့် ကျိန့်ဟွေ့ကလည်း ဝမ်းသာအားရပင် လက်ခံခဲ့သည်။
အစပိုင်းက မည်သည့် သခင်လေးဖြစ်မည်ဟု ထင်မှတ်ထားခဲ့သော်လည်း အသိအကျွမ်းမှတစ်ဆင့် ဝင်လာသော ဤလိုင်ကော်အာမှာမူ ထူးထူးခြားခြား ကြံ့ခိုင်သန်စွမ်းနေလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။
ခန္ဓာကိုယ် ကြံ့ခိုင်မှုပိုင်းဆိုင်ရာအရ ဆိုလိုခြင်းမဟုတ်ပေ။ စစ်တပ်အတွင်းတွင် ခန္ဓာကိုယ်ကြံ့ခိုင်သူများ အများအပြား ရှိနေသည်။
သူဆိုလိုသည်မှာ ထိုကြမ်းတမ်းသည့် စိတ်ဓာတ်ကိုသာဖြစ်၏။
လေ့ကျင့်ရာတွင် ကြမ်းတမ်းပြီး စိတ်ဓာတ်ခိုင်မာလှသည်။
သာမန် ရေတပ်စစ်သည်များသည် အနားယူချိန်ရရှိပါက အနီးအနားရှိ မြို့များသို့သွားကာ စားသောက်၊ ဖဲရိုက်၊ မိန်းမလိုက်စားတတ်ကြသည်။
သို့ပေမည့် လိုင်ကော်အာမှာတော့ မတူညီပေ။ သူသည် စာဖတ်ရသည်ကို သဘောကျသည်။ နေ့စဉ် ချွေးများရွှဲရွှဲစိုအောင် လေ့ကျင့်ရပြီး အလွန်အမင်း ပင်ပန်းနွမ်းနယ်နေသည့်တိုင် စာဖတ်ချင်နေသေး၏။
ပို၍စိတ်ဝင်စားစရာကောင်းသည်မှာ သူသည် နေရာအနှံ့ လျှောက်သွားကာ လူများကို မေးမြန်းလေ့ရှိပြီး ထိုကိစ္စအတွက်လည်း အလွန်ပျော်ရွှင်နေတတ်သည်။
အစပိုင်းတွင် ရိုးရှင်းသော မေးခွန်းများကိုသာ မေးမြန်းခဲ့သော်လည်း တဖြည်းဖြည်းနှင့် နက်ရှိုင်းလာသောအခါ ကျိန့်ဟွေ့ပင်လျှင် အနည်းငယ် အခက်အခဲတွေ့လာရ၏။
လူငယ်များ၏ သင်ယူနိုင်စွမ်းမှာ တကယ်ပင် မြန်ဆန်လွန်းလှပြီး သူ၏ အခြေခံလေးဖြင့်ပင် ပြန်လည် မဖြေကြားနိုင်တော့မည့် အနေအထားသို့ ရောက်ရှိနေပြီဖြစ်သည်။
သို့သော်ငြား ကျိန့်ဟွေ့က ဂရုမစိုက်ပေ။ ဤမျှ ကြိုးစားအားထုတ်သည့် လူငယ်မျိုးကို တွေ့ရခဲလှ၏။
ထို့အပြင် ဖန်ကျန်းရီနှင့်လည်း ပတ်သက်နေသဖြင့် ဤနေရာသို့ ရောက်လာခြင်းမှာ အတွေ့အကြုံယူရုံ သတ်သတ်သာ ဖြစ်နိုင်သည်။
တကယ်တမ်း ပင်လယ်ထွက်ရမည်ဆိုလျှင် သခင်လေးဖန်သည် မိမိဆွေမျိုးကို ဤမျှကြီးမားသော အန္တရာယ်မျိုးနှင့် ရင်ဆိုင်ခိုင်းမည် မဟုတ်ပေ။ နှမြောစရာပင်။
အောက်ဘက်တွင် လေ့ကျင့်နေကြသူများမှာ အလွန်အမင်း ပင်ပန်းနွမ်းနယ်နေကြပြီး တဖြည်းဖြည်းနှင့် ယိမ်းယိုင်လာကြသည်။ လိုင်ကော်အာတစ်ယောက်တည်းသာ စနစ်တကျ မှန်ကန်စွာ လုပ်ဆောင်နေသည်ကို မြင်သောအခါ ကျိန့်ဟွေ့၏ မျက်လုံးထဲတွင် နှမြောတသဖြစ်မှုတစ်ချက် ဖြတ်ပြေးသွား၏။
ထို့နောက် သူက လက်ပြကာ ရပ်တန့်စေပြီး အားလုံးကို အနားယူခိုင်းလိုက်သည်။
လိုင်ကော်အာမှာမူ ရပ်တန့်မသွားဘဲ လှုပ်ရှားမှုများကို တစ်ဝက်ခန့်သာ ပြုလုပ်ရသေးသဖြင့် အစအဆုံး ပြီးစီးသည်ဟု မဆိုနိုင်သေးချေ။
ဓားကို လေထဲတွင် ခုတ်ပိုင်းနေဆဲဖြစ်သည်။
လိုင်ကော်အာ၏ ရှေ့တွင် အရိပ်တစ်ခု ပေါ်လာပြီး ပြောလိုက်၏။ "ကဲ ... ဒီလောက်ဆို ရပါပြီ။ မင်း ငါနဲ့အတူ ခဏလောက် လိုက်ခဲ့စမ်းပါ။"
လိုင်ကော်အာသည် အလျင်အမြန် ဓားကို သိမ်းလိုက်ပြီး နောက်မှ အမြန်လိုက်သွားသည်။
သင်္ဘောခန်းအတွင်းတွင် လိုင်ကော်အာက စပ်စုချင်စိတ်ဖြင့် မေးလိုက်၏။ "တပ်မှူးကျိန့် ... ကျုပ်ကို ဘာကိစ္စရှိလို့ ခေါ်တာလဲ။"
ကျိန့်ဟွေ့သည် စားပွဲပေါ်မှ စာအိတ်ကို ယူကာ သူ့ထံသို့ ကမ်းပေးလိုက်ပြီး ပြောလိုက်၏။ "ကျင်းယီဝေကနေ ပို့လိုက်တဲ့ သတင်းပဲ။ သခင်လေးဖန်က မင်းကို အိမ်ပြန်ပြီး ထမင်းစားဖို့ ခေါ်နေတယ်။"
"ဪ ... ကျေးဇူးတင်ပါတယ် တပ်မှူး။ ဒါဆို ကျုပ် အခုပဲ ပစ္စည်းတွေ သိမ်းပြီး မြို့တော်ကို အမြန်ပြန်လိုက်ပါအုံးမယ်။"
"ခဏနေဦး။"
ကျိန့်ဟွေ့က လိုင်ကော်အာကို လှမ်းခေါ်လိုက်ပြီး သက်ပြင်းချကာ ပြောလိုက်သည်။ "ကော်အာ ... မကြာသေးခင်က မြို့တော်ထဲမှာ လှုပ်ရှားမှုတချို့ ရှိနေတယ်။ ရုံးတော်ကလည်း သတင်းတွေ နည်းနည်းပါးပါး ထုတ်ပြန်ထားပြီး ကြည့်ရတာ သိပ်မကြာခင်မှာပဲ ပင်လယ်ထွက်တော့မယ့်ပုံပဲ။ မင်း ပစ္စည်းတွေ အကုန်သိမ်းပြီးရင် ပြန်မလာနဲ့တော့။
အမှန်အတိုင်း ပြောရရင် မင်းလို လူငယ်မျိုးက တကယ်ကို ရှားတယ်။ နှမြောစရာပါပဲကွာ။"
လိုင်ကော်အာသည် အံ့အားသင့် မှင်တက်စွာဖြင့် မေးလိုက်၏။ "ဗျာ ... တပ်မှူးကျိန့် ... ဘာကို နှမြောတာလဲ။"
ကျိန့်ဟွေ့က ခေါင်းခါလိုက်သည်။ "မင်း ငါနဲ့အတူ ပင်လယ်ထဲ မလိုက်နိုင်တာကို နှမြောတာပါ။ မင်းက သခင်လေးဖန်ရဲ့ ဆွေမျိုးဆိုတော့ ကျယ်ပြောလှတဲ့ ပင်လယ်ပြင်ကြီးမှာ အန္တရာယ်တွေ ဘယ်လောက်တောင် များလိုက်မလဲ။ သူက မင်းကို သေတွင်းထဲ မပို့ချင်ဘူးဆိုရင် လိုက်ရမှာ မဟုတ်ဘူးလေ။"
လိုင်ကော်အာသည် ပြုံးလိုက်၏။ "တပ်မှူးကျိန့် ... ခင်ဗျား စိတ်ချပါ။ ကျုပ် ဒီပင်လယ်ကို သေချာပေါက် ထွက်မှာပါ။ ကျုပ်အစ်ကိုကြီးက သေချာပေါက် ခွင့်ပြုမှာပါ။ အောင်မြင်တဲ့ ယောက်ျားတစ်ယောက် ဖြစ်လာအောင် ကြိုးစားမယ်လို့ သူ့ကို ကတိပေးထားတာဆိုတော့ ကျုပ် ပြန်လာမယ့်အချိန်ကိုသာ စောင့်နေလိုက်ပါ။"
စကားဆုံးသည်နှင့် လိုင်ကော်အာသည် ထွက်သွားရန် ပြင်လိုက်သည်။
ကျိန့်ဟွေ့၏ ခန္ဓာကိုယ်မှာ တုန်ယင်သွား၏။
အစ်ကိုကြီး ဟုတ်လား။ သူက ဖန်ကျန်းရီကို အစ်ကိုကြီးလို့ ခေါ်တာလား။
ဒီကောင်လေးက ဘာလို့ စောစောကတည်းက မပြောတာလဲ။ စာထဲမှာတော့ ဆွေမျိုးဝေးလို့ ရေးထားတာ မဟုတ်ဘူးလား။
လိုင်ကော်အာ တံခါးဝသို့ ရောက်သည်နှင့် ကျိန့်ဟွေ့က အလျင်အမြန် အော်ပြောလိုက်သည်။ "ကော်အာ ... ပင်လယ်ထွက်ရင် ငါ့ရဲ့ ဒုတပ်မှူး လာလုပ်လှည့်နော်။ သခင်လေးဖန်ကို ပြောဖို့ မမေ့နဲ့။"
"သိပါပြီ။"
...
ထိုနေ့တွင် ဖန်ကျန်းရီသည် စောစီးစွာပင် စားပွဲတစ်ဝိုင်းကို ပြင်ဆင်ထားသည်။
လိုင်ကော်အာကို မြို့အပြင်ဘက်တွင် သွားရောက်ကြိုဆိုရန် လူများကိုလည်း စီစဉ်ထား၏။ ဤကောင်လေးကို မတွေ့ရတာ ကြာပြီဖြစ်သဖြင့် အခုပဲ တွေ့ရပေတော့မည်။
ညအချိန်ရောက်မှသာ လိုင်ကော်အာ ရောက်ရှိလာခဲ့သည်။
သူလာသည်ကို မြင်သောအခါ ဖန်ကျန်းရီသည် ချက်ချင်း မတ်တပ်ရပ်ကာ ပြုံးရွှင်စွာဖြင့် ကြိုဆိုလိုက်၏။ "ကော်အာ ... မကြာသေးခင်က ဘယ်လိုနေလဲ။"
လိုင်ကော်အာက ရိုးသားစွာ ပြုံးလိုက်သည်။ "အစ်ကိုကြီးရဲ့ ကျေးဇူးကြောင့် အားလုံး အဆင်ပြေပါတယ်။"
"လာ ... စားရင်းသောက်ရင်းနဲ့ ပြောကြတာပေါ့။"
သူတို့နှစ်ဦး ထိုင်လိုက်ကြပြီးနောက် ဖန်ကျန်းရီက သူ့ကို အရက်တစ်ခွက် အရင်ငဲ့ပေးလိုက်သည်။ "ဒီနေ့ မင်းကို လာရှာတာ တခြားကိစ္စ မဟုတ်ပါဘူး။ မင်းကို တစ်ခုလောက် ပြောချင်လို့ပါ။ မင်း မြို့တော်ကို ရောက်နေတာလည်း အချိန်တော်တော် ကြာနေပြီဆိုတော့ အိမ်ပြန်သင့်ပြီလေ။"
လိုင်ကော်အာသည် မျက်လုံးပြူးသွားပြီး ဖန်ကျန်းရီအား လှမ်းကြည့်လိုက်၏။ "အစ်ကိုကြီး ... ဘာလို့ ကျုပ်ကို အိမ်ပြန်ခိုင်းတာလဲ။ ကျုပ်ကို ဒီမှာ မနေစေချင်တော့ဘူးလား။"
ဖန်ကျန်းရီက ခေါင်းခါလိုက်သည်။ "မဟုတ်ဘူး။ ရုံးတော်က မကြာခင် ပင်လယ်ထွက်ဖို့ စီစဉ်နေတယ်။ မင်း လိုက်သွားစရာ မလိုပဘူး။ ကျယ်ပြောလှတဲ့ ပင်လယ်ပြင်ကြီးမှာ အန္တရာယ်တွေ အများကြီးရှိတယ်။ မင်းလည်း အသက်မငယ်တော့ဘူးဆိုတော့ အိမ်ထောင်ပြုပြီး မိသားစု တည်ထောင်သင့်ပြီ။
မင်းကို နှင်ထုတ်တာ မဟုတ်ဘူး။ မင်း မြို့တော်မှာပဲ နေချင်တယ်ဆိုရင်လည်း မင်းအတွက် အိမ်တစ်လုံး ဝယ်ပေးလို့ ရပါတယ်။"
နှင်ထုတ်တာ မဟုတ်ဘူးဆိုရင်တော့ တော်ပါသေးရဲ့။
လိုင်ကော်အာသည် သက်ပြင်းချလိုက်၏။ "အစ်ကိုကြီး ... ကျုပ် ပင်လယ်ထွက်ချင်တယ်။ ကျုပ် အဲဒါကို ကျွမ်းကျင်တယ်။ ကျုပ်တို့ရဲ့ အထက်လူကြီးကတောင် ကျုပ် သင်ယူတာ ကောင်းတယ်ဆိုပြီး ချီးကျူးသေးတယ်။ သူက သူ့ရဲ့ ဒုတပ်မှူးအဖြစ်တောင် ရာထူးတိုးပေးဖို့ ပြင်ဆင်နေတာ။"
ဖန်ကျန်းရီသည် အနည်းငယ် အံ့ဩသွားသည်။ "ဪ ... အဲဒီလူနာမည်က ကျိန့်ဟွေ့ မဟုတ်လား။ သူက မင်းအပေါ် အဲဒီလောက်တောင် အထင်ကြီးနေတာလား။"
"ဟုတ်တယ်။ ကျိန့်ဟွေ့ပါ။ သူ တကယ်ပဲ အဲဒီလို ပြောခဲ့တာပါ။" လိုင်ကော်အာက ခေါင်းငုံ့ကာ ပြောလိုက်၏။
ဖန်ကျန်းရီသည် ကျေနပ်အားရစွာဖြင့် ပြုံးလိုက်ပြီး ဆက်လက်ဖျောင်းဖျလိုက်သည်။ "သူက အဲဒီလို ပြောရင်တောင်မှ မင်းကို သွားဖို့ အကြံမပြုချင်ဘူး။ ဒါက သေးငယ်တဲ့ ကိစ္စမဟုတ်ဘူး။ သွားမယ့်နေရာက ဘယ်လောက်ဝေးတယ်ဆိုတာ မင်းသိရဲ့လား။
ပင်လယ်ထွက်ပြီးရင် ပြန်လာဖို့ အချိန်ဘယ်လောက် ကြာမလဲ။ ငါတို့ ဘာမှမသိဘူး။ ဒီပထမအသုတ် သွားမယ့်သူတွေက အသက်ဘေးကနေ လွတ်မြောက်နိုင်ဖို့ အလွန်ခဲယဉ်းတယ်လို့ ပြောရင်တောင် မမှားဘူး။
ကော်အာ ... မင်း ငါ့အသက်ကို တစ်ကြိမ် ကယ်ခဲ့ဖူးတယ်။ မင်းကို သေတွင်းထဲ မသွားစေချင်ဘူး။ မင်းကို ကိုယ်တိုင်ကိုယ်ကျ စွန့်စားခန်းထဲ ပို့ဆောင်ပေးရတာမျိုး မလုပ်ချင်ဘူး။
တကယ်တော့ မင်းက ရှင်းကျူကြောင့် မဟုတ်လား။ သူက အိမ်ထောင်ကျသွားပြီဆိုတော့ ဆက်ပြီး တွယ်တာနေစရာ မလိုတော့ပါဘူး။ လောကကြီးမှာ ကောင်းတဲ့ မိန်းမတွေ အများကြီးရှိတာပဲ။ ဘာလို့ အဲဒီလောက်တောင် ဖြစ်နေရတာလဲ။
တကယ်လို့ မရဘူးဆိုရင်လည်း မင်း ကျင်းယီဝေကို လာခဲ့ပါ။ မင်းကို လူတိုင်းအားကျရတဲ့ ဘဝမျိုးရောက်အောင် လုပ်ပေးဖို့ ငါ အာမခံတယ်။ မင်း ဘယ်လိုမိန်းမမျိုးကို ယူချင်ယူ , ယူလို့ ရတယ်။"
ရှင်းကျူဟူသော အမည်ကို ကြားလိုက်ရသောအခါ လိုင်ကော်အာ၏ ရင်ထဲတွင် နာကျင်သွားရပြီး အတန်ကြာ ခေါင်းငုံ့ထားပြီးနောက်မှ ဖြည်းညင်းစွာ ပြောလိုက်၏။ "အစ်ကိုကြီး ထွက်သွားပြီးကတည်းက ကျုပ် သိုင်းပညာကျင့်ပြီး စာသင်ခဲ့တယ်။ အခုဆိုရင် လေကြောင်းကို သိတယ်၊ ရေစီးကြောင်းကို နားလည်တယ်။ သင်္ဘောတောင် တည်ဆောက်တတ်သေးတယ်။ ကျန်းလင်ဆိပ်ကမ်းကို ရောက်တော့ အများကြီး ထပ်သင်ယူခဲ့တယ်။ ကျုပ် ထင်တာကတော့ အခု ကျုပ် တတ်မြောက်ထားသမျှ အရာအားလုံးက ပင်လယ်ထွက်ဖို့အတွက်ပဲ။ တကယ်လို့ ကျုပ် မြို့တော်မှာ ဆက်နေမယ်ဆိုရင်လည်း အဆုံးမှာတော့ အစ်ကိုကြီး ငွေကုန်ခံပြီး ကျုပ်ကို ကျွေးမွေးထားရုံ သတ်သတ်ပါပဲ။ ကျုပ် အဲဒီလို မနေချင်ဘူး။
အစ်ကိုကြီး ... အစ်ကိုကြီးနဲ့ တွေ့ရတာ ကျုပ်ရဲ့ တစ်သက်တာ ကံကောင်းမှုပါပဲ။ ဒါပေမဲ့ ..."
ဖန်ကျန်းရီသည် မျက်မှောင်အနည်းငယ် ကြုတ်လိုက်၏။
လိုင်ကော်အာက ခေါင်းမော့လာပြီး သူ၏မျက်လုံးများထဲတွင် ခိုင်မာပြတ်သားမှုများ ပါဝင်နေသည်ကို မြင်လိုက်ရသည်။ "ကျုပ်က သူတောင်းစား မဟုတ်တော့ဘူး။ ကိုယ့်အားကိုယ်ကိုးပြီး အောင်မြင်တဲ့သူ တစ်ယောက် ဖြစ်လာအောင် လုပ်ပြမယ်။"