← Chapters

အခန်း ၇၁၀

Vol. 38 Ch. 710

အခန်း ၇၁၀

Vol. 38 Ch. 710

အပိုင်း (၇၁၀) ချူမိသားစု ညီအစ်မ။

ဖန်ကျန်းရီသည် သက်ပြင်းတစ်ချက်ကိုသာ ကူကယ်ရာမဲ့စွာ ချလိုက်၏။ လိုင်ကော်အာ ဤသို့ပြောလာမှတော့ သူ ထပ်မံဖျောင်းဖျစရာ မရှိတော့ချေ။

မည်သို့ပင်ဖြစ်စေ ပင်လယ်ပြင်ပေါ်မှ ဘဝသည် သူ့အမြင်တွင် အကျဉ်းချခံရပြီး ပြစ်ဒဏ်ပေးခံရခြင်းနှင့် ခြားနားမှုမရှိပေ။ တစ်နှစ်၊ ခြောက်လဆိုသည်မှာ တိုတောင်းသော်လည်း ကြီးမားလှသည့် အန္တရာယ်များနှင့် ကြုံတွေ့ရနိုင်ခြေ များသည်။ အကယ်၍ သူ့နေရာတွင်သာဆိုလျှင် စောစောစီးစီးပင် ရူးသွပ်သွားလောက်ပေမည်။

ယောက်ျားအချင်းချင်းဖြစ်သောကြောင့် လိုင်ကော်အာ၏ စိတ်ခံစားချက်ကိုလည်း သူ နားလည်နိုင်၏။ လမ်းမှန်ပေါ်သို့ ရောက်ရှိသွားသည်နှင့် တစ်ပြိုင်နက် ရင်တွင်းမှ ရည်မှန်းချက် ကြီးမားမှုတို့သည် ထိန်းချုပ်၍ ရနိုင်တော့မည် မဟုတ်ချေ။

ထိုရည်မှန်းချက်ဆိုသည်မှာလည်း အာဏာကို မက်မောခြင်း မဟုတ်ဘဲ မိမိကိုယ်မိမိ သက်သေပြလိုခြင်း သို့မဟုတ် တန်ဖိုးတစ်ခုကို ဖန်တီးလိုသည့် စိတ်ဆန္ဒများကြောင့်လည်း ဖြစ်နိုင်သည်။ သူ့ကဲ့သို့ပင်။

သူသည် ယခုအခါတွင် ဘာမှမလုပ်ဘဲ အေးဆေးနေလိုသည့် အတွေးမျိုး မရှိတော့ချေ။ လောကကြီးကို ပြောင်းလဲပစ်ရန်နှင့် အလုပ်သမားများကို ခေါင်းပုံဖြတ်ရန်ဟူသော ဝါသနာနှစ်ခုသာ ရှိတော့၏။

ဖန်ကျန်းရီက ခေါင်းညိတ်လိုက်သည်။ "ကောင်းပြီ ... မင်းက ဒီလိုပြောလာမှတော့ အစ်ကိုကြီးလည်း ထပ် မတားတော့ပါဘူး။ မင်း အောင်ပွဲခံပြီး ပြန်လာတဲ့အချိန်ကျရင် အစ်ကိုက မင်းအတွက် အရာရှိနေရာတစ်ခု ရှာပေးမယ်။"

လိုင်ကော်အာသည် အရက်ခွက်ကို မြှောက်ပြီး စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်၏။ "ကျေးဇူးတင်ပါတယ် အစ်ကိုကြီး။"

လိုင်ကော်အာက ဆက်ပြောလိုက်သည်။ "ကျုပ် ပြန်လာတဲ့အချိန်ကျရင် ရှင်းကျူကို သွားတောင်းရမ်းမယ်။ အဲဒီအချိန်ကျရင် အစ်ကိုကြီးက ကျုပ်အတွက် အောင်သွယ်ပေးဖို့ မျှော်လင့်ပါတယ်။"

ဖန်ကျန်းရီ၏ ခေါင်းထဲတွင် မေးခွန်းထုတ်စရာများ ပြည့်နှက်သွား၏။ "သူက အိမ်ထောင်ကျသွားပြီ မဟုတ်ဘူးလား။ မင်းက ဘယ်ဆီကနေ သွားတောင်းမှာလဲ။"

လိုင်ကော်အာသည် အမုန်းတရားများ ပြည့်နှက်နေသည့် မျက်နှာထားဖြင့် ပြောလိုက်သည်။ "အစ်ကိုကြီး ... ခင်ဗျား မသိပါဘူး။ သူ အိမ်ထောင်ကျသွားပြီဆိုပေမဲ့ သူ့ယောက်ျားက သူ့အပေါ် သိပ်မကောင်းဘူး။ ကျုပ်အတွက် အခွင့်အရေးရှိသေးတယ်လို့ ထင်တယ်။"

ဖန်ကျန်းရီက ရေရွတ်လိုက်၏။ "အာ ..."

ဖန်ကျန်းရီ ကြည့်နေရင်းဖြင့် လိုင်ကော်အာ၏ ဦးခေါင်းထက်မှ ဆံပင်များ အဝါရောင်ပြောင်းသွားသကဲ့သို့ ခပ်ရေးရေး ခံစားလိုက်ရသည်။

ဖန်ကျန်းရီက ပြုံး၍ ပြောလိုက်၏။ "ရည်မှန်းချက်ရှိတာ ကောင်းပါတယ်။ မင်းမှာ တကယ်ပဲ အဲဒီ အရည်အချင်းရှိတယ်ဆိုရင် အဲဒီအချိန်ရောက်မှပဲ ဆက်ပြောကြတာပေါ့။"

လိုင်ကော်အာက ပြောလိုက်သည်။ "အစ်ကိုကြီးကမှ ကျုပ်ကို တကယ် နားလည်တာပါ။"

ဖန်ကျန်းရီသည် လက်ကို ဆက်တိုက်ယမ်းပြလိုက်၏။ "နားမလည်ပါဘူး။ အစ်ကိုကြီးက စစ်မှန်တဲ့ အချစ်ကိုပဲ ယုံကြည်တာ။"

စစ်မှန်သော အချစ်ဆိုသည်မှာ မည်သည့်အရာမှန်း သေချာနားမလည်သော်လည်း လိုင်ကော်အာသည် စကား လမ်းကြောင်းပြောင်းကာ မေးလိုက်သည်။ "အစ်ကိုကြီး ... မြို့တော်ကို ရောက်တော့ ခင်ဗျားက သမက်တော် ဖြစ်သွားပြီလို့ ကြားတယ်။ ဒါဆို သခင်မနဲ့ ဒုတိယ သခင်မလေးကို ခင်ဗျား ဘယ်လိုလုပ် ယူတော့မှာလဲ။"

ဖန်ကျန်းရီသည် ရင်တွင်းမှ ခေါင်းကိုက်စွာဖြင့် ညည်းတွားလိုက်၏။ "ရှီး ... အဲဒီအကြောင်း မပြောပါနဲ့။ အရက်ပဲ သောက်ကြစို့။"

လိုင်ကော်အာက တိုက်ရိုက်ပင် ပြောလိုက်သည်။ "အစ်ကိုကြီး ... မပြောဘဲနေလို့ မရဘူးလေ။ ယူတိန့်မြို့မှာ ချူမိသားစုက တော်တော်လေး ဩဇာလွှမ်းမိုးနေတာ။ သခင်လေးချူကလည်း သူတို့နှစ်ယောက်လုံးကို ခင်ဗျားနဲ့ ပေးစားလိုက်ပြီလို့ နေရာတကာ လျှောက်ပြောနေတော့ တစ်မြို့လုံးက လူတိုင်းသိနေကြပြီ။ အခု သူတို့နှစ်ယောက် ယူတိန့်မြို့ကို ပြန်သွားရင် ကောလာဟလတွေ ဘယ်လောက်တောင် ထွက်လာမလဲ မသိဘူး။"

လိုင်ကော်အာက ဆက်ပြောလိုက်၏။ "အစ်ကိုကြီး ... ယူတိန့်မြို့မှာ ခင်ဗျား သမက်တော်ဖြစ်သွားပြီဆိုတာကို သိတဲ့သူတွေရှိတယ်။ သူတို့အားလုံးက သခင်မလေးတို့ကို ခင်ဗျား တိတ်တိတ်ပုန်းထားတဲ့ မိန်းမတွေလို့ ကောလာဟလ ဖြန့်နေကြတယ်။ သူတို့နှစ်ယောက်သာ ပြန်သွားရင် တခြားလူတွေရဲ့ အပြောခံရတဲ့ စွန့်ပစ်ခံ မိန်းမတွေ ဖြစ်သွားမှာပေါ့။ နောင်ကျရင် အိမ်ထောင်ပြုဖို့ဆိုတာ တွေးတောင် တွေးလို့မရတော့ဘူး။"

လိုင်ကော်အာသည် မျက်မှောင်ကြုတ်လျက် ပြောလိုက်သည်။ "ဒီတစ်ခေါက် သူတို့ မြို့တော်ကို လာရတဲ့ အကြောင်းရင်းကလည်း အဲဒီကောလာဟလတွေကို ရှောင်ရှားဖို့အတွက်ပဲ။ အဲဒီစကားတွေက ... တကယ်ကို နားထောင်လို့ မကောင်းပါဘူး။"

ချူချင်ဟန်သည် ဤကိစ္စနှင့် ပတ်သက်၍ သူ့အား တစ်ခွန်းမျှပင် ထုတ်ဖော်ပြောဆိုခဲ့ခြင်း မရှိချေ။ ယူတိန့်မြို့တွင် သူတို့ မည်ကဲ့သို့ နေထိုင်ဖြတ်သန်းခဲ့ရသနည်း။ အရပ်ထဲမှ အတင်းပြောတတ်သော မိန်းမများ နောက်ကွယ်တွင် တီးတိုးပြောဆိုတတ်သည့် အရာများကို သူ မြင်တွေ့ခဲ့ဖူးသည်။ သေချာပေါက် ကောင်းသောစကားများ ဖြစ်မည်မဟုတ်ချေ။

ထိုအရာကို တွေးမိသောအခါ ဖန်ကျန်းရီသည် ရုတ်တရက် ပါးစပ်ထဲမှ အရက်များ ခါးသက်သွားသကဲ့သို့ ခံစားလိုက်ရပြီး သူ၏မျက်နှာပေါ်တွင် ရှုပ်ထွေးသော အမူအရာများ ပေါ်ထွက်လာ၏။

ချူမိသားစု ညီအစ်မနှစ်ဦးသည် ယခုအခါ မြို့တော်အတွင်း၌ အိမ်တစ်လုံး ဝယ်ယူထားပြီဖြစ်ရာ အားလပ်ချိန်များတွင် အနည်းနှင့်အများဆိုသလို အဆက်အသွယ် ရှိနေမည်သာ။ သူ သမက်တော်ဖြစ်သွားသည့် ကိစ္စကိုလည်း ညီအစ်မနှစ်ဦးစလုံး သိရှိထားကြပြီးဖြစ်သည်။ သူတို့ဘက်က များများစားစား တွေးတောလိမ့်မည် မဟုတ်ဟု ခန့်မှန်းရသဖြင့် ... သူကလည်း ရှောင်လွှဲကာ မပြောဘဲ နေခဲ့ခြင်းဖြစ်သည်။

သို့ပေမည့် ချူမိသားစု၏ သခင်လေးဆိုသည့် ထိုငတုံးက အပြင်ထွက်ကာ သောက်တလွဲတွေ လျှောက်အော်နေခဲ့လေရာ ... ညီအစ်မနှစ်ဦး၏ ဂုဏ်သိက္ခာမှာ သူ၏လက်ထဲတွင် ပျက်စီးသွားခဲ့ရပြီဖြစ်သည်။ ထိုသို့ဆိုလျှင်မူ သူ မတွေးဘဲနေ၍ မရနိုင်တော့ချေ။

သို့ပေမည့် အိမ်တွင်လည်း မနည်းအခြေတကျဖြစ်အောင် စီစဉ်ထားရပြီး မင်းသမီးမြောင်ဟန်မှာလည်း ကိုယ်ဝန်ရင့်မာကာ မီးဖွားတော့မည့် အနေအထားဖြစ်နေသည်။ သူ၏ လူနေမှုဘဝကိုလည်း အလွန်အမင်း ယုတ်မာလွန်းလှသည်ဟု မဆိုနိုင်ပေ။ မည်သို့ပင်ဖြစ်စေ ကိုးနှစ်တာ မသင်မနေရ ပညာရေးကို ဖြတ်သန်းလာခဲ့သည့် အပြုသဘောဆောင်သော လူငယ်တစ်ဦး ဖြစ်သည်မဟုတ်ပါလား။

ဟိုတွေးသည်တွေးနှင့် ဖန်ကျန်းရီသည် အကျပ်အတည်းတစ်ခုထဲသို့ ကျရောက်သွားသကဲ့သို့ ခံစားလိုက်ရ၏။ မည်သို့ ရွေးချယ်စေကာမူ သူသည် စာရိတ္တပျက်ပြားသော ယောက်ျားတစ်ယောက်နှင့်သာ တူနေသည်။

ယခု လိုင်ကော်အာက အတိတ်ကိစ္စများကို ပြန်လည်အစဖော်လာသောအခါ မည်သို့ဖြေကြားရမည်ကို သူ မသိတော့ချေ။ လက်ထဲတွင်လည်း ဟင်းများကို ညှပ်ကိုင်ထားဆဲဖြစ်သည်။ မျှစ်တစ်ချောင်းကို လက်ညိုးနှင့် လက်မကြား ညှပ်၍ ပါးစပ်ထဲသို့ ထည့်လိုက်ပြီး ၄၅ ဒီဂရီ ထောင့်ချိုးဖြင့် ခေါင်မိုးကို မော့ကြည့်နေလိုက်၏။ ထို့နောက် လေးနက်စွာ သက်ပြင်းတစ်ချက် ချလိုက်သည်။

လိုင်ကော်အာက မေးလိုက်သည်။ "အစ်ကိုကြီး ... ဘာလုပ်နေတာလဲ။ ဆီတွေ ကျကုန်ပြီ။"

ဖန်ကျန်းရီက ပြောလိုက်၏။ "အစ်ကို မားဗီးယပ် စီးကရက်တစ်လိပ်လောက် သောက်ချင်လို့ပါ။"

လိုင်ကော်အာက ပြန်မေးလိုက်သည်။ "မားဗီးယပ်က ဘယ်သူလဲ။ အစ်ကိုကြီးကိုယ်စား ကျုပ် သွားတောင်း ပေးရမလား။”

ဖန်ကျန်းရီသည် ခေါင်းခါပြလိုက်ပြီး မျှစ်ချောင်းကို ပါးစပ်ထဲသို့ ပစ်ထည့်လိုက်ကာ အရက်တစ်ခွက် ငဲ့လျက် ပြောလိုက်၏။ "မင်းနဲ့ မဆိုင်ပါဘူး။ အရက်ပဲ သောက်ကြစို့။"

လိုင်ကော်အာက ထပ်မေးလိုက်သည်။ "ဒါဆို အစ်ကိုကြီး သူတို့ကို ဘယ်လိုယူဖို့ ပြင်ဆင်ထားလဲ။"

ဖန်ကျန်းရီသည် စားပွဲကို ရိုက်လျက် ပြောလိုက်၏။ "ရှီး ... မင်းက ဘာလို့ ဆက်မေးနေရတာလဲ။ ဒီကလေးက ဘာလို့ ဒီလောက်တောင် နားလည်မှုမရှိရတာလဲ။ ကျုပ်သာ ဘယ်လိုယူရမလဲဆိုတာ သိရင် ဒီမှာ ထိုင်ပြီး အရက်သောက်နေပါ့မလား။"

ဖန်ကျန်းရီက ဆက်ပြောလိုက်သည်။ "ဘာပဲပြောပြော အရင်ဆုံး သံယောဇဉ်လေးဘာလေးတော့ တည်ဆောက်ရအုံးမှာပေါ့။ ကျုပ်က လူတွေရဲ့ ရုပ်ရည်အဆင်းသဏ္ဌာန်ကို မက်မောတဲ့လူမျိုးနဲ့ တူနေလို့လား။"

ယူမည်ဟု ကြားလိုက်ရသည်နှင့် လိုင်ကော်အာသည် ပြုံးလိုက်၏။ "အစ်ကိုကြီး ... လောကကြီးမှာ ခင်ဗျား မလုပ်နိုင်တဲ့ကိစ္စ မရှိဘူးလို့ ကျုပ် ထင်ပါတယ်။"

လိုင်ကော်အာက ဆက်ပြောလိုက်သည်။ "အမှန်အတိုင်းပြောရရင် သခင်မ နဲ့ ဒုတိယ သခင်မလေးတို့က အမြဲတမ်း ကျုပ်အပေါ် တော်တော်လေး ကောင်းကြပါတယ်။ ပြီးတော့ ... ဒုတိယ သခင်မလေးက ခင်ဗျားအကြောင်း ခဏခဏ ပြောတတ်တယ်။ ကျုပ် ကြည့်ရသလောက်တော့ သူ ခင်ဗျားအပေါ် စိတ်ဝင်စားနေတာ သေချာတယ်။ သခင်မက ပုံမှန်ဆိုရင် ဘာခံစားချက်မှ မပြတတ်ပေမဲ့ အပြင်က ကောလာဟလတွေကိုလည်း သူတို့ ဝင်မရှင်းကြဘူးလေ။ ဒါကိုကြည့်ရင် ဒီကိစ္စကို တိတ်တဆိတ် လက်ခံထားတယ် ဆိုတာ ထင်ရှားနေတာပဲ။"

လိုင်ကော်အာက ဆက်ပြောလိုက်၏။ "ခင်ဗျားက သမက်တော်ပဲ။ ဘာကို ကြောက်နေရတာလဲ။ ပုံပြောဆရာတွေ ပြောတာကြားဖူးတယ်။ သမက်တော် တော်တော်များများက အပြင်မှာ မိန်းမလိုက်စားတတ်ကြတယ်တဲ့။"

ဖန်ကျန်းရီသည် နှုတ်ခမ်းကို တွန့်ရုံမျှ ပြုံးလိုက်ပြီး ခါးသက်နေသော အရက်ကို ထပ်မံသောက်လိုက်သည်။

မှန်ပေသည်။ အခြား သမက်တော်များသည် အပြင်ဘက်၌ မိန်းမရှုပ်ခွင့် ရှိချင်ရှိကြပေမည်။ သို့ပေမည့် သူကတော့ လုံးဝမရချေ။ သူသည် နန်းတွင်းရုံးတော်တွင် တာဝန်ထမ်းဆောင်နေပြီး လက်ထဲတွင်လည်း အာဏာရှိနေရာ ထိုသို့ပြုလုပ်ခြင်းက အခြားသူများအား မိမိကို အပြစ်တင်စရာ အကွက်ချပေးလိုက်သကဲ့သို့ ဖြစ်မနေပေဘူးလား။

သူ၏ ကျင်းယီဝေတပ်ဖွဲ့မှာ အသွင်ကူးပြောင်းမှု အောင်မြင်ခဲ့ပြီး ရုံးတော်မှ အရာရှိများနှင့် ဆက်ဆံရေးမှာလည်း ပြေလည်သည်ဟု ဆိုနိုင်သည်။ သို့သော်လည်း ၎င်းတို့အားလုံးမှာ အပေါ်ယံဟန်ဆောင်မှုများသာ ဖြစ်ပြီး ရုံးတော်အတွင်းရှိ အကျိုးစီးပွားများမှာ ရှုပ်ထွေးပွေလီလှသည်။

ထိုလူများက ပါးစပ်မှသာ ကုန်သွယ်ရေးကို အောက်တန်းကျသော အလုပ်အကိုင်ဟု ဆိုနေကြသော်လည်း မည်သူ၏ လက်ထဲတွင် စီးပွားရေးလုပ်ငန်းများ မရှိဘဲ နေမည်နည်း။ ၎င်းတို့အားလုံးမှာ ငွေရှာသည့် လမ်းကြောင်းများရှိပြီး မိသားစု၏ ထောက်တိုင်များပင် ဖြစ်ပေ၏။

အပြင်ပန်းအားဖြင့် မြေပိုင်ရှင်ကြီးများဖြစ်ကြသော်လည်း လယ်ယာစိုက်ပျိုးခြင်းဖြင့် ငွေမည်မျှများများ ရနိုင်မည်နည်း။ ထို့အပြင် စပါးများကိုလည်း သိုလှောင်ထားရသေးသည်။ ပုံမှန်အားဖြင့် ရုံးတော်ရှိ ဆွေမျိုးပေါက်ဖော် အရာရှိအားလုံးသည် မိမိတို့၏ ဩဇာအာဏာကို အသုံးပြုကာ ပုံမှန် စီးပွားရေးယှဉ်ပြိုင်မှုများကို ကျော်လွန်၍ သာမန်အရပ်သားများ၏ စီးပွားရေးလုပ်ငန်းများကို ဖိနှိပ်လေ့ရှိကြသည်။

ကျင်းယီဝေသည် အရပ်သားများဘက်မှ ရပ်တည်ကာ ၎င်းတို့ကို အဓိကထား ဆန့်ကျင်နေခြင်းဖြစ်သည်။ အကျိုးစီးပွား ထိခိုက်နစ်နာသွားသူ အများအပြားမှာ သူ့ကို ကြည့်မရဖြစ်နေသည်မှာ ကြာပြီဖြစ်သော်လည်း မည်သို့မျှ မတတ်နိုင်ကြချေ။ သူ၏ ရာထူးအဆင့်အတန်းက ဤနေရာတွင် ရှိနေသည် မဟုတ်ပါလား။

သူ့ကို ဆန့်ကျင်ခြင်းသည် ဘုရင်မင်းမြတ်ကို ဆန့်ကျင်ခြင်းနှင့် အတူတူပင်ဖြစ်ရာ အကျိုးစီးပွား ထိခိုက် နစ်နာသွားလျှင်တောင်မှ ကြိတ်မှိတ်သည်းခံနေကြရသည်။

ဖန်ကျန်းရီက ပြောလိုက်၏။ "ကော်အာ ... တချို့ကိစ္စတွေက မင်းထင်သလောက် မရိုးရှင်းဘူး။ သူတို့နှစ်ယောက် ကို နေရာချပေးနိုင်ဖို့ ငါ နည်းလမ်းရှာပါ့မယ်။ ဒါပေမဲ့ အချိန်တော့ နည်းနည်းလိုသေးတယ်။"

ဖန်ကျန်းရီက ဆက်ပြောလိုက်သည်။ "သူတို့အကြောင်းကို အရင်ဆုံး ထားလိုက်ပါတော့။ စစ်ရေးဝန်ကြီးဌာနက အရပ်ဘက်ကနေ သင်္ဘောသားတွေကို စတင်ခေါ်ယူနေပြီ။ ငါ့ဘက်ကလည်း ပင်လယ်ထွက်ဖို့ လိုအပ်တဲ့ ပစ္စည်းတချို့ကို ပြင်ဆင်နေတယ်။ နောက်ထပ် တစ်လတောင် မပြည့်ခင်မှာ ခရီးစထွက်ဖြစ်လောက်တယ်။ ဒီအတောအတွင်း မင်းလည်း စောစောစီးစီး ပြင်ဆင်ထားလိုက်ပါ။ ငွေလိုရင် ငါ့ကို အချိန်မရွေး ပြောလို့ရတယ်။"

လိုင်ကော်အာသည် တိတ်ဆိတ်စွာ ခေါင်းညိတ်လိုက်ပြီးနောက် မေးလိုက်၏။ "အစ်ကိုကြီး ... ခင်ဗျားဘက်က ဘာတွေ ပြင်ဆင်နေတာလဲ။ ရုံးတော်က ပြင်ဆင်ရမှာ မဟုတ်ဘူးလား။"

ဖန်ကျန်းရီက အနည်းငယ် ပြုံးလိုက်သည်။ "ငါ လုပ်နိုင်တဲ့ကိစ္စကို ရုံးတော်က မလုပ်နိုင်ဘူး။ မနက်ဖြန်ကျရင် ချူချင်ဟန်နဲ့ ချူယိုယီတို့ကိုပါ ခေါ်လိုက်။ မင်းတို့ ဒီကိုရောက်နေတာ အတော်ကြာပြီဆိုပေမဲ့ တောက်ယွမ်ခရိုင်ကို မရောက်ဖူးကြသေးဘူး မဟုတ်လား။ အတော်ပဲ ... တောက်ယွမ်ခရိုင်ရဲ့ အခြေခံအင်အားကို မင်းတို့ မြင်တွေ့ခွင့်ရအောင် လုပ်ပေးမယ်။"

လိုင်ကော်အာသည် ရုတ်တရက် စိတ်လှုပ်ရှားသွားသည့် မျက်နှာထားဖြင့် ပြောလိုက်၏။ "ရှင်းကျူက အရင်တုန်းက ကိစ္စတွေကို နောင်တရပြီး တောက်ယွမ်ခရိုင်ကို သွားကြည့်ချင်တယ်လို့ အမြဲတမ်း စိတ်ကူးယဉ်နေခဲ့တာ။ နှမြောစရာကောင်းတာက ဒီလောက်အချိန်အကြာကြီးမှာ သူ တစ်ခါမှ မရောက်ဖူးခဲ့ဘူး။"

လိုင်ကော်အာက ဆက်ပြောလိုက်သည်။ "အတော်ပဲ။ မနက်ဖြန်ကျရင် သူ့အတွက် ဒေသထွက်ကုန်လေးတွေ နည်းနည်းပါးပါး ဝယ်ပေးရမယ်။"

ဖန်ကျန်းရီသည် ဘာပြောရမှန်းမသိတော့ချေ။ "..."

နောက်တစ်နေ့တွင် ဖန်ကျန်းရီသည် မြင်းလှည်းများကို ပြင်ဆင်ပြီးနောက် ချူမိသားစု ညီအစ်မများကို သွားရောက်ကြိုဆို၏။

ဤကာလအတွင်း ချူချင်ဟန်သည် မြို့တော်အတွင်း၌ ဆိုင်ခန်းများကို အမြဲတမ်း ရှာဖွေနေခဲ့သော်လည်း သင့်တော်သည့် နေရာကို မတွေ့ခဲ့ရချေ။ ဖန်ကျန်းရီက ကူညီပေးချင်သော်လည်း သူမက ယဉ်ကျေးစွာ ငြင်းပယ်ခဲ့သည်။

ချူမိသားစု ညီအစ်မနှစ်ဦးနှင့် မတွေ့ရသည်မှာလည်း တစ်လနီးပါးခန့် ရှိနေပြီဖြစ်သည်။ မနေ့က လိုင်ကော်အာ ပြောလိုက်သည့် စကားများကြောင့် ဖန်ကျန်းရီမှာ အကြောင်းရင်းမရှိဘဲ အနည်းငယ် စိုးရိမ်ပူပန်နေမိ၏။

ချူချင်ဟန် ဝယ်ယူထားသော အိမ်သစ်သည် ဖန်အိမ်တော်နှင့် သိပ်မဝေးလှဘဲ နှစ်မိုင်၊ သုံးမိုင်ခန့်သာ ကွာဝေးသည်။ ဖန်ကျန်းရီက ချူအိမ်တော်၏ တံခါးကို ခေါက်လိုက်သောအခါ ရုပ်ရည်ချောမောလှပသော အစေခံမိန်းကလေးတစ်ဦးက တံခါးလာဖွင့်ပေးသည်။

ဖန်ကျန်းရီကို မြင်လိုက်ရသည်နှင့် သူမ၏ မျက်နှာပေါ်တွင် ထိတ်လန့်သွားသည့် အမူအရာများ ချက်ချင်း ပေါ်ထွက်လာ၏။ ယခင်က နှစ်ကြိမ်မျှ တွေ့ဖူးခဲ့ပြီး သူ၏ ရာထူးအဆင့်အတန်းကို သိထားသော်လည်း ယခုအချိန်တွင်မူ အနည်းငယ် ထိတ်လန့်နေဆဲဖြစ်၏။

အစေခံမိန်းကလေးက ပြောလိုက်သည်။ "သခင်လေးဖန်ကို ဂါရဝပြုပါတယ်။ သခင်မရော ၊ ဒုတိယ သခင်မလေးပါ အိမ်မှာ ရှိပါတယ်။ မြန်မြန် ကြွပါရှင်။"

ဘာလို့ ခိုးစားနေရတဲ့သူလို ဖြစ်နေရတာလဲ။

ဖန်ကျန်းရီသည် စိတ်ထဲမှ ညည်းတွားလိုက်ပြီးနောက် လိုင်ကော်အာကို ခေါ်ကာ အိမ်ဝင်းအတွင်းသို့ ဝင်ရောက်သွား၏။

All Chapters